Showing posts with label ဧပရယ်နွေ. Show all posts
Showing posts with label ဧပရယ်နွေ. Show all posts

Wednesday, 30 August 2017

ချစ်ခြင်းတွေနဲ့ အိမ်

"ဘဝမှာ အိမ်ကလေး တစ်လုံးလောက်တော့ မဖြစ်မနေ ပိုင်ဆိုင်ချင်လိုက်တာ" ဆိုတဲ့ စိတ်အတွေးမျိုးတွေ ကျွန်တော့်ခေါင်းထဲ မကြာခဏ ဝင်လာခဲ့ဖူးပါတယ်။ ဒီအတွေးမျိုး ကျွန်တော့်ဦးနှောက်ထဲ ရောက်ရှိလာပြီ ဆိုတာနဲ့ လှမ်းလက်စ ခြေလှမ်းတွေက နှေးတုံ့လေးကန် သွားတတ်ပြီး လူကိုယ်တိုင်ကလည်း အတွေးတွေနောက်ကို ကောက်​ကောက်ပါအောင် လိုက်ပါသွားတတ် စမြဲပါပဲ။
ဦးခေါင်းကို ဘေးဘီ ဘယ်ညာလွှဲရင်း မြင်ကွင်းထဲ ဝင်လာသမျှ အိမ်ကလေးတွေ၊ တိုက်တာ၊ အဆောက်အဦ တွေကို တစ်လုံးစီ၊ တစ်လှည့်စီ ငေးရီစေ့ငုမိတဲ့အခါ အိမ်ကလေးတွေရဲ့ သပ်ရပ် ခံ့ညားမှု၊ အပြင်အဆင်၊ ဆောက်လုပ် ထားတဲ့ ဒီဇိုင်းလက်ရာ၊ အိမ်ပုံစံ၊ ကိုယ်ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ တိုင်းတာ၊ မှတ်ချက်တွေပေး စိတ်ကူးယဉ်၊ ဝေဖန်ရေး လုပ်မိရုံမျှမက အိမ်ကလေးတွေမှာ နေထိုင်တဲ့ လူတွေရဲ့ စိတ်တွေကို တစ်မျက်နှာခြင်း ဖတ်ရှုကြည့်နေ မိသလို ကျွန်တော် ခံစားရပါတယ်။
အိမ်တွေဟာ လူတွေရဲ့ စိတ်တွေကို ဘယ်လောက်အထိ လွှမ်းမိုး ချုပ်ကိုင်ထားနိုင် ခဲ့မလဲ။ လူတွေကရော သူတို့ နေထိုင်တဲ့ အိမ်ကလေးတွေ အပေါ် ဘယ်လောက်အထိ ဂရုတစိုက် ရှိကြသလဲ။ အိမ်ကလေးတွေဟာ လူတွေရဲ့ စိတ်နေ သဘောထားကို အလွယ်ကူဆုံး အကဲခတ် ကြည့်ရှုနိုင်တဲ့ စိတ်ရဲ့ ပြတင်းတံခါးတွေလည်း ဖြစ်နေနိုင်ပါတယ်။
တန်ဖိုး အနည်းအများက အဓိက မကျဘဲ သာမန် မြင်တွေ့နေကျ သစ်ပင်ပန်းမန်တွေကို စနစ်တကျ ဂရုတစိုက် စိုက်ပျိုးထားတဲ့ အနေအထားများကို မြင်တွေ့ရသလား။ ပန်းတွေနဲ့ ပနံရနေတဲ့ အိမ်ကလေးတွေရဲ့ စွမ်းဆောင်မှုမှာ ကျွန်တော့် အကြည့်တွေကို ဖယ်ခွာ မရအောင် စွဲဆောင်ထား နိုင်ခဲ့ဖူးတယ်။ မြင်ရသူတောင် ဒီလောက် စိတ်ကြည်နူးရရင် ဒီဝန်းနဲ့ ဒီခြံကလေးကို ပိုင်ဆိုင်ထားသူ ဆိုရင် သူ့ပိုင်ဆိုင်မှုအတွက် ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက် နေလိုက်မလဲလို့။ ဒီလို အိမ်ရှင်မျိုးဟာ စိတ်သဘောထားလည် နူးညံ့သိမ်မွေ့သူ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။
ခြံဝန်းရဲ့ တစ်နေရာမှာ ဒန်းကလေး တပ်​ဆင်ထားမယ် ဆိုရင် အိမ်ရှင်ဟာ မိသားစုကို အရေးတယူ ရှိတဲ့သူ ခုံတန်းလျားလေးကို အိမ်ရှေ့မှာ ရိုက်ထားတာ မြင်ရရင် ဒီအိမ်က တစ်ယောက်ယောက်ဟာ မိတ်ဆွေ သူငယ်ချင်းကို လွန်လွန်မင်းမင်း ခင်တွယ် တတ်တဲ့သူ။ ကြက်တောင်ကွင်း၊ ခြင်းကွင်း၊ သစ်ပင် တစ်ပင်မှာ ချိတ်ဆွဲထားမယ့် ရိမ်းဘားကွင်း၊ ပလက်ဘား၊ တစ်စုံတစ်ခုကို မြင်တွေ့ရမယ် ဆိုရင်တော့ ကိုယ်တိုင် အားကစား လိုက်စားချင် လိုက်စား၊ ဒါမှ မဟုတ် သားသမီးကို အားကစားနဲ့ ပတ်သက်ပြီး လိုက်စားစေချင်တဲ့ မိဘမျိုးပဲပေါ့။
အိမ်ဆိုတာ အမိုးအကာ ရှိပြီး နေထိုင်ဖို့ ဆိုတာထက် အိမ်ရှင်တွေရဲ့ စိတ်ကူး စိတ်သန်းတွေကိုပါ သူတို့ ဆောက်လုပ်ထားတဲ့ အိမ်ကလေးတွေနဲ့ အတူ ပူးတွဲမြင်တွေ့ရလေ့ ရှိပါတယ်။ အိမ်ကလေးတွေ ပြောပြချင်နေတဲ့ နောက်တစ်ချက်က အိမ်ပိုင်ရှင်တွေရဲ့ ဥစ္စာဓန ကြွယ်ဝမှုပေါ့။ လဲယိုင်ပြိုကျ မသွားဖို့ ကျားကန်ထောက်မ ထားရတဲ့ အိမ်ကလေးတွေ၊ ခြံစည်းရိုးတွေက တရွဲ့တစောင်း၊ ဝန်းခြံတံခါးက အားစိုက်တွန်းစရာ မလိုဘဲ ထိရုံနဲ့ ပြိုကျသွားနိုင်မယ့် အနေအထား၊ တစ်ခြံဝန်းလုံးကို ငဲ့စောင်း ကြည့်လိုက်တော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထလို့။ မကြာမီ အိမ်တစ်လုံးလုံးကို ဝါးမြိုဖျက်ဆီး ပစ်တော့မည့် အရိပ်လက္ခဏာတွေနဲ့ ပြတင်းတံခါးချပ်တွေက ပြုတ်လုပ်ကာ ယိုင်နဲ့လို့။ အိမ်အမိုး သွပ်တွေက လန်သည့်​ ​သွပ်က လန်၊ ဆွေးမြည့် ပြတ်ကျနေတဲ့ အိမ် အကာအရန်တွေနဲ့ စိတ်ပျက်ဖွယ် အခင်းအကျင်းမှာ ကျွန်တော့် စိတ်တွေလည်း နောက်ကျိလေးလံ သွားတတ်စမြဲ။
ဘာကြောင့်များ အပျက်အစီးတွေကို ပြုပြင် ထိန်းသိမ်းဖို့ မေ့လျော့နေခဲ့ ကြပါသလဲ။ တချို့တလေ အချိန် မပေးနိုင်လို့ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ငွေကြေးဥစ္စာကို ချိန်ဆနေကြ ရသူတွေလည်း ရှိနေကြမှာ မလွဲပါဘူး။ အိမ်ရှင်​တွေမှာ တခြား အကြောင်းပြချက်ပေါင်း များစွာ ရှိနေနိုင်ပေမယ့် ဒီဝန်းခြံကို ငါသာ ပိုင်ခဲ့ရင်ဆိုတဲ့ စိတ်အတွေးတွေနဲ့ စိတ်ကူးလည်း အသေးစား ပြင်ဆင်မှုတွေ၊ အကြီးစား ပြင်ဆင်မှုတွေ၊ ငွေကြေး၊ ကုန်ကျစရိတ်တွေနဲ့ ရှုပ်ယှက်ခတ် သွားတတ်စမြဲ။ ကြမ်းတစ်ချောင်း ကျိုးလျှင် ကြမ်းတစ်ချောင်း အစားထိုးနိုင်ရေး သွပ်တစ်ချပ် မလုံလျှင် သွပ်တစ်သွယ် အစားထိုးနိုင်ရေး၊ အဟောင်းဖြိုချ၊ အသစ်ပြင်ဆင် စိတ်ကူးရေအလျဉ်ကြော နစ်မျော နေမိတတ်စမြဲပင်။
သစ်လွင် တောက်ပတဲ့ ဝန်းနဲ့ ခြံနဲ့ အိမ်ကလေးတွေ ခမ်းနားထည်ဝါမှုနဲ့ ရင်သပ်ရှုမော အံ့ဩ ငေးမောချင်စရာ နန်းတော်ကြီးတွေလို ရဲတိုက်ကြီးတွေလို အဆောက်အဦတွေ ခေတ်မီမီ ဒီဇိုင်း အပြင်အဆင်တွေနဲ့ မြင်ရသူကို ညှို့ယူ ဖမ်းထားနိုင်တဲ့ လုံးချင်းလအိမ်ရာကလေးတွေ၊ ကြည့်ငေးအားကျ ကျွန်တော့်ဆီမှာ အိမ်နဲ့ ပတ်သက်တဲ့ အိပ်မက်တွေနဲ့သာ ပြည့်နှက်လို့။
ဒါတောင် လမ်းမတွေပေါ်ကသာ ကြည့်ငေးခဲ့ရတာမို့။ အိမ်ရဲ့ အတွင်းပိုင်း အပြင်အဆင်တွေက ဘယ်လောက်တောင် ဖိတ်ဖိတ်လက် နေမလဲလို့။ အခန်းတွေကို ဘယ်လို ဖွဲ့ထားမလဲ။ အလင်းနဲ့ အမှောင်၊ အရောင်တွေကို စိတ်ကြည်နူး ဆွတ်ပျံ့စေမယ့် ဗိသုကာ လက်ရာတွေနဲ့ ဘယ်လို ဖန်တီးထားမလဲ။ ရိုးရာဆန်တဲ့ ပရိဘောဂတွေလား။ မော်ဒန် ပရိဘောဂတွေလား။ ရိုးရာနဲ့ ​ခေတ်ပေါ်ကို ဘယ်လို တွဲစပ် အသုံးပြုထားမလဲ။ အဲဒီလို အိမ်တွေကို ကြည့်ငေးပြီး ကျွန်တော့် အတွေးတွေ ခရီးမဆုံးနိုင်ခဲ့ဘူး။
တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝမှာ "အိမ်" ဆိုတာ ဘယ်လောက် အရေးပါ အရာရောက်ခဲ့ ပါသလဲ။ ဘယ်လို အကြောင်းအရာမျိုး ဖြစ်ဖြစ် ကိုယ်တိုင် ခံစားရမှာသာ သိကြစမြဲလေ။
"အိမ်ပိုင်ရာပိုင် မရှိသူတွေမှ အိမ်ဒုက္ခကို ခံစားတတ်လိမ့်မယ်" လို့ ကျွန်တော် ထင်ပါတယ်။ အငှားအိမ်ကလေးတွေ မှာသာ ခြောက်လ၊ တစ်နှစ် အဆင်သင့်သလို ငှားရမ်း နေထိုင်ခဲ့သူပီပီ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အိမ်ရှင် အိမ်ငှား ပြဿနာ၊ မကြာခဏ အိမ်ပြောင်းရွှေ့ရသည့် ဒုက္ခ၊ မဖြစ်မနေ တိုင်ကြားရတဲ့ ဧည့်စာရင်း၊ ဝန်းကျင်အသစ်ကို တစ်ခါပြောင်းတိုင်း စူးစမ်း၊ စပ်စု၊ စုံစမ်း၊ စစ်ဆေး၊ စိမ်းမြ "စ" ငါးလုံးနှင့် ရင်ဆိုင်နေရတဲ့ ကျွန်တော့်ဘဝ ကျွန်တော်လည်း ခါးသီးလှပါပြီ။
"အိမ်မပိုင်ပေမယ့် ဂေါ်လီလုပ်လို့ ရတာ နည်းတဲ့ ကုသိုလ်လား" ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ဟာသကို ကျွန်တော် မရယ်မောနိုင်ခဲ့ပါ။ ဒါပေမဲ့ အိမ်မပိုင်လို့ လိမ့်လိမ့်နေရတဲ့ ဂေါ်လီလုံးလို ဘဝလေးကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်စေတဲ့ အတွက်တော့ ကျွန်တော် ပြုံးလိုက်မိပါရဲ့။
"အိမ်မပိုင်တော့ရော ဘာအရေးလဲ။ အိမ်ငှား နေမှာပေါ့။ အိမ်မငှား နိုင်တော့ရော ဘာပူစရာ လိုလို့လဲ။ ကျူးလိုက်ကြတာပေါ့" တဲ့။
ဘဝတူ အိမ်ပိုင်ရာပိုင် မရှိသော သူငယ်ချင်းတစ်ယောက် ရှေ့မှာ "အိမ်ကလေး တစ်လုံးလောက်တော့ ပိုင်ချင်တယ်ကွာ"လို့ သွားညည်းညူမိတော့ သူငယ်ချင်းက နောက်သလို ပြောင်သလို ရယ်မောပြောဆို ခဲ့ဖူးတယ်။ ကျူးကျော်တွေ ညံနေတာ၊ နေ့စဉ် သတင်းစာမှာ အပတ်စဉ် ဂျာနယ်တွေမှာ ရုပ်သံ ဖန်သားပြင်မှာ သူလည်း မြင်မှာ ကြားမှာ သတင်း ကြားမှာပါပဲ။ ဒါပေမဲ့ တစ်နေ့စာ တစ်နေ့တောင် အနိုင်နိုင် ရုန်းကန်ရှာဖွေ နေကြရတာ ဆိုတော့လည်း ဟန်တင်းပြီး ခံငြင်းကြည့်တဲ့ သဘောလို့ ကျွန်တော် နားလည်စာနာ ပေးနိုင်ခဲ့ပါရဲ့။
"လူမှန်ရင် အိမ်တစ်လုံးလောက်တော့ ပိုင်ဆိုင်သင့်တယ် ထင်တာပါပဲကွာ" လို့ ကျွန်တော်က အားခပ်လျော့လျော့ လေသံနဲ့ ညည်းတွားမိတယ် ဆိုရင်ပဲ ကျူးကျော် ရပ်ကွက်လေးမှာ နေထိုင်တဲ့ သူငယ်ချင်းက "ငါတို့ ညည်းဖို့လည်း ချန်ပါဦး သူငယ်ချင်းရာ။ နေ့ ရွှေ့ရမလား၊ ည ရွှေ့ရမလား၊ ရင်တထိတ်ထိတ် ညအိပ်နေရတဲ့ ငါတို့မိသားစုမှာ ကလေးတွေကလည်း တစ်ပြုံတစ်မကြီး၊ အလုပ်အကိုင်ကလည်း ကြုံရာကျပန်း၊ ငါတို့လို လူမျိုးတွေ အိမ်လိုချင်လို့ အသည်းအသန် တမ်းတနေတယ် ဆိုရင် အဓိပ္ပါယ် ရှိသေးတယ်။ မင်းလို တစ်ယောက်တည်းသမား တစ်အိမ်တည်း အိမ်နေရတယ်လို့ကွာ"
"အမယ်လေးနော် … သူများ အိမ်မက်ကို သွားဖျက်ဆီး နေပြန်ပြီ။ တစ်အိမ်တည်း မအိမ်လို့ မရတော့ဘူး တော်ရေ။ ရှင့်သူငယ်ချင်းကို သူတော်ရမယ့် ယောက္ခမကြီးက သူ့သမီးကို အိမ်တစ်ဆောင် မီးတစ်ပြောင် မထားနိုင်ရင် မပေးစားဘူး ဆိုတဲ့ သတင်း ရှင် မကြားဘူးလား"
"ဪ … မင်းက ကြားလာ လိုက်ပြီပေါ့"
"မကြား ရှိပါ့မလားတော်။ မနက်က ရပ်ကွက် ဈေးကလေးမှာ သူ့ယောက္ခမကြီး ကိုယ်တိုင် အော်ကျယ်အော်ကျယ် ပြောနေတာ တစ်ဈေးလုံး ကြါးတာပဲ" တဲ့။
ကာယကံရှင် ကျွန်တော်ပင် ဝင်ဖြေစရာ မလိုလောက်အောင် သတင်းဖြစ်ထွန်းမှု မြန်ဆန်တဲ့ ရပ်ကွက် ကလေးမှာ ကျွန်တော် နေထိုင်ပါတယ်။ ဒီနေ့ညနေ ချစ်သူ ချိန်းဆိုထားတာလည်း ဒီကိစ္စပဲ ဖြစ်မယ် ထင်ပါရဲ့။
သူငယ်ချင်း လင်မယားကို နှုတ်ဆက်ပြီး ချစ်သူနဲ့ ဆုံတွေ့ဖို့ ချိန်းထားတဲ့ ကဖေးဆိုင်ကလေး ရှိရာကို လျှောက်လာခဲ့တယ်။ ကျွန်တော့် ရင်ထဲမှာတော့ အိမ်နဲ့ ပတ်သက်တဲ့ အိပ်မက်တွေဟာလည်း တဖြည်းဖြည်း ကြီးထွား လာခဲ့ပါရဲ့။ မြင်နေကျ မြင်ကွင်းထဲမှာ အိမ်အသစ်စက်စက် ကလေးတွေ တိုးလာတဲ့အခါ ဆောက်လက်စ အဆောက်အဦ တချို့ ရုပ်လုံးပေါ် ပီပြင်လာတဲ့အခါ ကိုယ့်ဘဝကိုယ် အားငယ်သလိုလို၊ အားမရသလိုလို၊ ရင်ထဲမှာ ဝမ်းနည်းသလိုလို ကြေကွဲသလိုလို၊ နောက်ဆုံးတော့ မမြင်ရတဲ့ ကံကိုပဲ ပုံချနေခဲ့ရပေါ့။
မြင်နေကျ မြင်ကွင်းတွေကနေ သွေဖွယ်လွှဲရှောင်လို့ ကြားနေရတဲ့ သီချင်းတွေဘက် နားစွင့်လိုက်ပြန်တော့ မဝေးမလှမ်း အလှူခံမဏ္ဍပ်က လွင့်ပျံလာတဲ့ သီချင်းသံက ကျွန်တော့်ကို လှောင်ပြောင်နေ သလိုပါပဲ။
"အိမ်ဆိုရင် … အိမ်ဖြစ်ရမယ်၊ စိန်ဆိုရင် စိန်ဖြစ်ရမယ်" တဲ့။ အဆိုကောင်းတဲ့ ဆရာသုမောင်ရဲ့ သီချင်းက ကျွန်တော့်ကို ရည်ရွယ်ညွှန်းရော့ သလားတောင် ထင်မိရရဲ့။ ကျွန်တော်ဟာ အိမ်တစ်လုံးတစ်လေတောင် ဘဝမှာ ယောင်မှား ပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့ ကောင်ပါ။
ရန်ကုန်ရောက်စ ကျွန်တော့်ဝင်ငွေ တစ်လ နှစ်သောင်းနဲ့ သုံးသောင်း ဝန်းကျင်မှာ ရနေတဲ့ ကာလက ဆင်ခြေဖုံး မြို့သစ်ကလေးတွေက ပေလေးဆယ်၊ ပေခြောက်ဆယ် ခြံဝန်းတစ်ကွက်ရဲ့ တန်ဖိုးဟာ ဆယ်သိန်း ဆယ့်ငါးသိန်း ကြားမှာ လက်ထဲ ငွေတစ်သိန်း နှစ်သိန်း စုမိတော့ အားကျဝေရီ အိမ်အိပ်မက်က လက်လှမ်းလို့ မမီတမီ။ ဒီကနေ့ ကျွန်တော့်ဝင်ငွေ တစ်သိန်းခွဲ နှစ်သိန်းကြားမှာ ရရှိနေတဲ့ ဒီကာလမှာတော့ အိမ်ခြံမြေတွေက ဆင်ခြေဖုံးမှာတောင် သိန်းရာဂဏန်း၊ မြို့ထဲ လူစည်ကားရာ လမ်းမပေါ်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေ လုံးချင်းအိမ်ရာတွေ ဆိုတာ မိုးနဲ့ မြေလိုပဲ။ အိပ်မက်ထဲ ထည့်မက်ဖို့တောင် မရဲတရဲ။
တန်ဖိုးနည်းအိမ်ရာ ဆိုလို့ အပြေးအလွှား စုံစမ်းတော့ သိန်းတစ်ရာဆိုတဲ့ ကိန်းဂဏန်းက ကျွန်တော့်ကို သရော်​ကျီစယ် လှောင်ရယ် နေတယ်ပဲ မှတ်ထင်ခဲ့ရ။ ဘာဖြစ်လို့ တန်ဖိုးမနည်းဘဲ တန်ဖိုးနည်းအိမ်ရာလို့များ ရေးရဲ ကြပါလိမ့်။ အင်းပေါ့လေ။ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ကိုင်နိုင်တဲ့ လူတွေ အတွက်တော့ သိန်းတစ်ရာ ဆိုတာ တန်ဖိုးနည်းပဲပေါ့။ ဒီကြားထဲ ဗိုလ်သုက အဝေးကနေ လှမ်းလှမ်းပြီး အသံနဲ့ နှိပ်စက်သေးတယ်။ "အိမ်လိုချင် အိမ်ဖြစ်ရမယ်။ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်" တဲ့။
အသံတွေနဲ့ ဝေးရာကို ရှောင်ရှား နေနိုင်လောက်အောင် ကိုယ်ငှားရမ်း နေထိုင်ခဲ့မိတာ ဆိတ်ငြိမ်ရပ်ကွက် တစ်ခုမှ မဟုတ်ပဲလေ။ ဒီတော့လည်း ကိုယ်ကြားလိုသည် ဖြစ်စေ၊ မကြားလိုသည် ဖြစ်စေ ကိုယ်နေထိုင်မိတဲ့ ကမ္ဘာက အသံတွေနဲ့ကမ္ဘာမို့ အသံတွေကို ကြားနေရတာ တကယ်တော့ မဆန်းပါဘူး။ ချိန်းဆိုထားတဲ့ ထိုင်နေကျ ကဖေးဆိုင်ကလေးကို ရောက်တော့ စားပွဲထိုး ချာတိတ်က စာတစ်စောင် ကမ်းပေးရင်း "အစ်ကို့အတွက် အစ်မ ပေးသွားတာ" တဲ့။ ဘာများဖြစ်လို့ပါလိမ့်။ အရင်ဆို ကျွန်တော် မရောက်မချင်း သူ စောင့်နေကြပါ။
"ကိုရေ …
အချိန်မရလို့ နောက်မှပဲ တွေ့မယ်။ အိမ်က ကိုနဲ့ သိပ်ကြည်ပုံ မရဘူး။ ညည်းလူက အိမ်တစ်ဆောင် မီးတစ်ပြောင် ထားနိုင်လို့လားတဲ့။ ကို ကြိုးစားမှ ဖြစ်မယ်နော်။ ဒီကတော့ ကို့ကို ချစ်တာပဲ သိတယ်။ နောက်မှ တွေ့ကြရအောင် ကိုရယ်" တဲ့။
သက်ပြင်းဖွဖွကို ဖြည်းလေးစွာ ချရင်း ကိုယ်ကြားပြီးသား သတင်းပေမယ့် အခုမှ အတည်ပြုနိုင် လိုက်သလို စိတ်တွေက နောက်ကျိလေးလံ သွားရတယ်။
ဘဝမှာ အိမ်တွေဟာ လူတွေကို ဘယ်လောက်အထိ လွှမ်းမိုးထားနိုင်ခဲ့ ပါသလဲ။ ချစ်သူနှစ်ယောက် ကြားမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်ရယ်လို့ စကားလုံးတန်ဆာတွေ ဆင်ပြီး နှစ်ဖက် အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှု ဧည့်ခန်းဆောင်မှာ ခပ်တည်တည်နဲ့ မိန့်မိန့်ကြီး နေရာယူထားခဲ့တဲ့ ကာလအလျားဟာ ဘယ်လောက်တောင်များ ရှည်လျားခဲ့ ပါပြီလဲ။
ချစ်သူတွေရဲ့ နှစ်ယောက်တစ်ဘဝကို ဖမ်းစားထားနိုင်ခဲ့သော အိမ်။ မိသားစုရဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် ကို တနွေးတထွေး ချည်နှောင်ထားနိုင်ခဲ့သော အိမ်။ ကျွန်တော် အိမ်တွေထဲ စိတ်နစ်နေမိသဖြင့် လက်ဖက်ရည်ခွက်ကို ချာတိတ် ဘယ်အချိန် ချသွားမှန်း သတိမပြုမိလိုက်။
"အစ်ကို လက်ဖက်ရည် ပူတုန်း မွှေလိုက်ဦးလေ။ အေးကုန်ရင် မွှေလို့ အဆင်မပြေဘူး" တဲ့။ ကျွန်တော် ချာတိတ်ကို ခေါင်းဆတ်ပြပြီး လက်ဖက်ရည်ခွက်ကို မွှေနေမိတယ်။
လကမ္ဘာပေါ်မှာ လူသားတွေ နေထိုင်ဖို့ ဥရောပ အာကာသအေဂျင်စီက ဗိသုကာ ပညာရှင် နော်မန်ဖော်စတာနဲ့ အဖွဲ့ကို အလုပ်အပ်နှံ နေချိန်မှာ မြန်မာနိုင်ငံက မထင်မရှား ရပ်ကွက်လေး တစ်ခုမှာ မြန်မာလူငယ်လေး တစ်ယောက် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ အသည်းအသန် စဉ်းစား အားထုတ် နေပါတယ်။
"ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်း ထူးဆန်းတယ် …
မြက်ခင်းနဲ့ ခြံဝန်းနဲ့ အိမ်ကလေးကို တို့နှစ်ယောက် ပိုင်သတဲ့ …
ပိုက်ဆံလေးတွေ စုချင်သေးတယ်၊ လကုန်တိုင်း ဆုတောင်းခဲ့တယ်
တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်"
ဒီတစ်နေ့လုံးတော့ဖြင့် ကျွန်တော်ဟာ "အိမ်" တွေထဲက မလွတ်မြောက်နိုင်အောင် ပါပဲလား။ စားပွဲထိုး ချာတိတ်ကတော့ အသံသေတ္တာထဲက ထွက်ကျလာတဲ့ သီချင်းတေးသွားအတိုင်း လိုက်တောင် ဆိုလို့။ အရာအားလုံးက သူ့အကြောင်းအရာနဲ့သူ ပုံမှန်စီးဆင်းနေတယ်။ ပုံမှန်အတိုင်း ဖြစ်မနေတဲ့ ကျွန်တော်တစ်ယောက်က လွဲလို့ပေါ့။
မနက်က မိုးလင်းလင်းချင်း အိမ်ကထွက်တော့ အခန်းပိုင်ရှင် အန်တီကြီးနဲ့ တွေ့တယ်။
"လကုန်ရင် အခန်းက ပြည့်ပြီနော်။ ထပ်နေဖြစ်မယ် မဟုတ်လား"
"အင်း … လကုန်ခါနီးတော့ ကျွန်တော် အိမ်လာခဲ့မယ်လေ" လို့ မရေမရာ၊ အဖြေစကားကို ဆိုရင်း လတ်တလော ပစက္ခ အခြေအနေတွေကနေ ထွက်ပြေး လွတ်မြောက်ဖို့ တစ်ချိန်လုံး ကျွန်တော် ကြိုးစားနေခဲ့မိပါတယ်။ တကယ်ရော ကျွန်တော် လွတ်မြောက်နိုင်ခဲ့ပါရဲ့လား။
ကျွန်တော့် အတွေးတွေထဲကို ဘယ်အကြောင်းအရာ ကိုတော့ ဝင်လာစေပြီး ဘယ်အကြောင်းအရာ ကိုတော့ ဝင်မလာစေချင်သော တားဆီးကန့်သတ်၊ ချုပ်ကိုင်နိုင်စွမ်းတွေနဲ့ ရင့်ကျက်မှုမျိုး ကျွန်တော့်မှာ မရှိပါ။
"တစ်နေ့တော့ … တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ … ဖြစ်မလာတော့ဘူးလို့ အားမလျှော့ပါနဲ့
လိုက်လေဝေးလေ ပြေးနေဆဲ တို့ အိပ်မက်တွေ ဝိုးတဝါးရယ်
တို့ဘဝအတွက် အိမ်လိုချင်တယ်"
ဆောင်းဘောက်က လွင့်ပျံ့လာနေတဲ့ သီချင်းမှာ ကျွန်တော် လွင့်မျောခံစား နေမိတယ်။ တကယ်တော့ ဘယ်အနုပညာပဲ ဖြစ်ဖြစ် ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်မှု ရှိသွားခဲ့ရင် ပိုပြီးထိရှတဲ့ ရသတစ်မျိုးမျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ဘဝအတွက် အိမ်ကလေး တစ်လုံးတော့ မဖြစ်မနေ ပိုင်ဆိုင်ဖို့ ကျွန်တော် ကြိုးစားရပါမယ်။ အဲဒီအိမ်ကလေးမှာ ချစ်သူကို ချစ်တတ်သောစိတ်ဖြင့် လိုအပ်ချက် မှန်သမျှကို ဖြည့်စွမ်းပေး နိုင်ရမယ်။ မိသားစုဆိုတာ ရှိလာခဲ့ရင် နွေးထွေးကြင်နာတတ်တဲ့ အငွေ့အသက်တွေ ရောယှက်ပါဝင်နေမယ့် အိမ်ကလေးလည်း ဖြစ်ရပါမယ်။
အဝေးကပဲ ကြည့်ကြည့်၊ အနီးကပဲ လေ့လာ လေ့လာ ချစ်စရာကောင်းသော မိသားစုဘဝကလေးကို မြင်ရသူတိုင်း အားကျလိုချင် တပ်မက်သွားစေမယ့် ချစ်ခြင်း၊ အနုပညာ၊ အတတ်ပညာတို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော "ချစ်သူတို့အတွက် အိမ်၊ ချစ်သူတို့ရဲ့အိမ်" ကလေးမျိုးပဲ ဖြစ်ပါတယ်။
-------------
ဧပရယ်နွေ

Thursday, 4 August 2016

ချစ်ခြင်းတွေနဲ့အိမ်

“ချစ်ခြင်းတွေနဲ့အိမ်” (ဧပရယ်နွေ)
==========================
‘ဘ၀မှာ အိမ်ကလေး တစ်လုံးလောက်တော့ မဖြစ်မနေပိုင်ဆိုင်ချင်လိုက်တာ’ ဆိုတဲ့စိတ်အတွေးမျိုးတွေ ကျွန်တော့်ခေါင်းထဲ မကြာခဏ ၀င်လာခဲ့ဖူးပါတယ်။ ဒီအတွေးမျိုး ကျွန်တော့်ဦးနှောက်ထဲရောက်ရှိလာပြီဆိုတာနဲ့ လှမ်းလက်စခြေလှမ်းတွေက နှေးတုံ့လေးကန်သွားတတ်ပြီး လူကိုယ်တိုင်ကလည်း အတွေးတွေနောက်ကို ကောက် ကောက်ပါအောင် လိုက်ပါသွားတတ်စမြဲပါပဲ။
ဦးခေါင်းကို ဘေးဘီဘယ်ညာလွှဲရင်း မြင်ကွင်းထဲဝင်လာသမျှ အိမ်ကလေးတွေ၊ တိုက်တာ၊ အဆောက်အဦး တွေကို တစ်လုံးစီ၊ တစ်လှည့်စီ ငေးရီစေ့ငုမိတဲ့အခါ အိမ်ကလေးတွေရဲ့ သပ်ရပ်ခံ့ညားမှု၊ အပြင်အဆင်၊ ဆောက်လုပ် ထားတဲ့ ဒီဇိုင်းလက်ရာ၊ အိမ်ပုံစံ၊ ကိုယ်ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ တိုင်းတာ၊ မှတ်ချက်တွေပေး စိတ်ကူးယဉ်၊ ဝေဖန် ရေး လုပ်မိရုံမျှမက အိမ်ကလေးတွေမှာ နေထိုင်တဲ့လူတွေရဲ့ စိတ်တွေကို တစ်မျက်နှာခြင်း ဖတ်ရှုကြည့်နေမိသလို ကျွန်တော် ခံစားရပါတယ်။
အိမ်တွေဟာ လူတွေရဲ့စိတ်တွေကို ဘယ်လောက်အထိ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့မလဲ။ လူတွေကရော သူတို့နေထိုင်တဲ့ အိမ်ကလေးတွေအပေါ် ဘယ်လောက်အထိ ဂရုတစိုက်ရှိကြသလဲ။ အိမ်ကလေးတွေဟာ လူတွေရဲ့ စိတ်နေသဘောထားကို အလွယ်ကူဆုံး အကဲခတ်ကြည့်ရှုနိုင်တဲ့ စိတ်ရဲ့ပြတင်းတံခါးတွေလည်း ဖြစ်နေနိုင်ပါတယ်။
တန်ဖိုးအနည်းအများက အဓိကမကျဘဲ သာမန်မြင်တွေ့နေကျ သစ်ပင်ပန်းမန်တွေကို စနစ်တကျ ဂရုတစိုက် စိုက်ပျိုးထားတဲ့ အနေအထားများကို မြင်တွေ့ရသလား။ ပန်းတွေနဲ့ ပနံရနေတဲ့ အိမ်ကလေးတွေရဲ့ စွမ်းဆောင်မှုမှာ ကျွန်တော့်အကြည့်တွေကို ဖယ်ခွာမရအောင် စွဲဆောင်ထားနိုင်ခဲ့ဖူးတယ်။ မြင်ရသူတောင် ဒီလောက် စိတ်ကြည်နူးရရင် ဒီဝန်းနဲ့ဒီခြံကလေးကို ပိုင်ဆိုင်ထားသူဆိုရင် သူပိုင်ဆိုင်မှုအတွက် ဘယ်လောက် တောင် ဂုဏ်ယူဝမ်းမြောက်နေလိုက်မလဲလို့။ ဒီလိုအိမ်ရှင်မျိုးဟာ စိတ်သဘောထားလည် နူးညံ့သိမ်မွေ့သူ ဖြစ်လိမ့် မယ်လို့ကျွန်တော်ထင်တယ်။
ခြံဝန်းရဲ့တစ်နေရာမှာ ဒန်းကလေးတတ်ဆင်ထားမယ်ဆိုရင် အိမ်ရှင်ဟာ မိသားစုကို အရေးတယူရှိတဲ့သူ ခုံတန်းလျားလေးကို အိမ်ရှေ့မှာ ရိုက်ထားတာမြင်ရရင် ဒီအိမ်က တစ်ယောက်ယောက်ဟာ မိတ်ဆွေသူငယ်ချင်းကို လွန်လွန်မင်မင် ခင်တွယ်တတ်တဲ့သူ။ ကြက်တောင်ကွင်း၊ ခြင်းကွင်း၊ သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲထားမယ့် ရိမ်းဘား ကွင်း၊ ပလက်ဘား၊ တစ်စုံတစ်ခုကို မြင်တွေ့ရမယ်ဆိုရင်တော့ ကိုယ်တိုင်အားကစား လိုက်စားချင်လိုက်စား၊ ဒါမှ မဟုတ် သားသမီးကို အားကစားနဲ့ပတ်သက်ပြီး လိုက်စားစေချင်တဲ့ မိဘမျိုးပဲပေါ့။
အိမ်ဆိုတာ အမိုးအကာရှိပြီး နေထိုင်ဖို့ဆိုတာထက် အိမ်ရှင်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုပါ သူတို့ ဆောက်လုပ်ထားတဲ့ အိမ်ကလေးတွေနဲ့အတူ ပူးတွဲမြင်တွေ့ရလေ့ရှိပါတယ်။ အိမ်ကလေးတွေ ပြောပြချင်နေတဲ့ နောက်တစ်ချက်က အိမ်ပိုင်ရှင်တွေရဲ့ ဥစ္စာဓနကြွယ်ဝမှုပေါ့။ လဲယိုင်ပြိုကျမသွားဖို့ ကျားကန်ထောက်မထားရတဲ့ အိမ်ကလေးတွေ၊ ခြံစည်းရိုးတွေက တရွဲ့တစောင်း၊ ၀န်းခြံတံခါးက အားစိုက်တွန်းစရာမလိုဘဲ ထိရုံနဲ့ပြိုကျသွားနိုင် မယ့် အနေအထား၊ တစ်ခြံဝန်းလုံးကို ငဲ့စောင်းကြည့်လိုက်တော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထလို့။ မကြာမီ အိမ်တစ်လုံးလုံးကို ၀ါးမြိုဖျက်ဆီးပစ်တော့မည့် အရိပ်လက္ခဏာတွေနဲ့ ပြတင်းတံခါးချပ်တွေက ပြုတ်လုပ်ကာ ယိုင်နဲ့ လို့။ အိမ်အမိုးသွပ်တွေက လန်သည်သွပ်ကလန်၊ ဆွေးမြည့်ပြတ်ကျနေတဲ့ အိမ်အကာအရန်တွေနဲ့ စိတ်ပျက်ဖွယ် အခင်းအကျင်းမှာ ကျွန်တော့်စိတ်တွေလည်း နောက်ကျိလေးလံသွားတတ်စမြဲ။
ဘာကြောင့်များ အပျက်အစီးတွေကို ပြုပြင်ထိန်းသိမ်းဖို့ မေ့လျော့နေခဲ့ကြပါသလဲ။ တချို့တလေ အချိန် မပေးနိုင်လို့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငွေကြေးဥစ္စာကို ချိန်ဆနေကြရသူတွေလည်း ရှိနေကြမှာမလွဲပါဘူး။ အိမ်ရှင် တွေမှာ တခြားအကြောင်းပြချက်ပေါင်းများစွာ ရှိနေနိုင်ပေမယ့် ဒီဝန်းခြံကို ငါသာပိုင်ခဲ့ရင်ဆိုတဲ့ စိတ်အတွေးတွေနဲ့ စိတ်ကူးလည်း အသေးစားပြင်ဆင်မှုမတွေ၊ အကြီးစားပြင်ဆင်မှုတွေ၊ ငွေကြေး၊ ကုန်ကျစရိတ်တွေနဲ့ ရှုပ်ယှက်ခတ် သွားတတ်စမြဲ။ ကြမ်းတစ်ချောင်းကျိုးလျှင် ကြမ်းတစ်ချောင်းအစားထိုးနိုင်ရေး သွပ်တစ်ချပ်မလုံလျှင် သွပ်တစ်သွယ် အစားထိုးနိုင်ရေး အဟောင်းဖြိုချ၊ အသစ်ပြင်ဆင် စိတ်ကူးရေအလျဉ်ကြော နစ်မျောနေမိတတ်စမြဲပင်။
သစ်လွင်တောက်ပတဲ့ ၀န်းနဲ့ခြံနဲ့ အိမ်ကလေးတွေ ခမ်းနားထည်ဝါမှုနဲ့ ရင်သပ်ရှုမော အံ့သြငေးမောချင်စရာ နန်းတော်ကြီးတွေလို ရဲတိုက်ကြီးတွေလို အဆောက်အဦတွေ ခေတ်မီမီဒီဇိုင်းအပြင်အဆင်တွေနဲ့ မြင်ရသူကို ညှို့ယူ ဖမ်းထားနိုင်တဲ့ လုံးချင်းအိမ်ရာကလေးတွေ၊ ကြည့်ငေးအားကျ ကျွန်တော့်ဆီမှာ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်တွေနဲ့ သာ ပြည့်နှက်လို့။
ဒါတောင် လမ်းမတွေပေါ်ကသာ ကြည့်ငေးခဲ့ရတာမို့။ အိမ်ရဲ့အတွင်းပိုင်းအပြင်အဆင်တွေက ဘယ်လောက် တောင် ဖိတ်ဖိတ်လက်နေမလဲလို့။ အခန်းတွေကို ဘယ်လိုဖွဲ့ထားမလဲ။ အလင်းနဲ့အမှောင်၊ အရောင်တွေကို စိတ်ကြည်နူးဆွတ်ပျံ့စေမယ့် ဗိသုကာလက်ရာတွေနဲ့ ဘယ်လိုဖန်တီးထားမလဲ။ ရိုးရာဆန်တဲ့ ပရိဘောဂတွေလား။ မော်ဒန်ပရိဘောဂတွေလား။ ရိုးရာနဲ့ခေတ်ပေါ်ကို ဘယ်လိုတွဲစပ်အသုံးပြုထားမလဲ။ အဲဒီလိုအိမ်တွေကို ကြည့်ငေးပြီး ကျွန်တော့်အတွေးတွေ ခရီးမဆုံးနိုင်ခဲ့ဘူး။
တကယ်တော့ လူတစ်ယောက်ရဲ့ ဘ၀မှာ ‘အိမ်’ဆိုတာ ဘယ်လောက်အရေးပါ အရာရောက်ခဲ့ပါသလဲ။ ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ် ကိုယ်တိုင်ခံစားရမှာသာ သိကြစမြဲလေ။
‘အိမ်ပိုင်ရာပိုင် မရှိသူတွေမှ အိမ်ဒုက္ခကို ခံစားတတ်လိမ့်မယ်’ လို့ ကျွန်တော်ထင်ပါတယ်။ အငှားအိမ်ကလေး တွေမှာသာ ခြောက်လ၊ တစ်နှစ် အဆင်သင့်သလို ငှားရမ်းနေထိုင်ခဲ့သူပီပီ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အိမ်ရှင် အိမ်ငှားပြဿနာ၊ မကြာခဏ အိမ်ပြောင်းရွှေ့ရသည့်ဒုက္ခ၊ မဖြစ်မနေတိုင်ကြားရတဲ့ ဧည့်စာရင်း၊ ၀န်းကျင်အသစ်ကို တစ်ခါပြောင်းတိုင်း စူးစမ်း၊ စပ်စု၊ စုံစမ်း၊ စစ်ဆေး၊ စိမ်းမြ ‘စ’ ငါးလုံးနှင့် ရင်ဆိုင်နေရတဲ့ ကျွန်တော့်ဘ၀ ကျွန်တော် လည်း ခါးသီးလှပါပြီ။
‘အိမ်မပိုင်ပေမယ့် ဂေါ်လီလုပ်လို့ရတာ နည်းတဲ့ကုသိုလ်လား’ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ဟာသကို ကျွန်တော်မရယ်မောနိုင်ခဲ့ပါ။ ဒါပေမဲ့ အိမ်မပိုင်လို့ လိမ့်လိမ့်နေရတဲ့ ဂေါ်လီလုံးလိုဘ၀လေးကို မျက်လုံးထဲ ကွက် ကွက်ကွင်းကွင်း မြင်စေတဲ့အတွက်တော့ ကျွန်တော်ပြုံးလိုက်မိပါရဲ့။
‘အိမ်မပိုင်တော့ရော ဘာအရေးလဲ။ အိမ်ငှားနေမှာပေါ့။ အိမ်မငှားနိုင်တော့ရော ဘာပူစရာလိုလို့လဲ။ ကျူးလိုက်ကြတာပေါ့’ တဲ့။
ဘ၀တူ အိမ်ပိုင်ယာပိုင်မရှိသော သူငယ်ချင်းတစ်ယောက်ရှေ့မှာ ‘အိမ်ကလေးတစ်လုံးလောက်တော့ ပိုင်ချင် တယ်ကွာ’လို့ သွားညည်းညူမိတော့ သူငယ်ချင်းက နောက်သလို ပြောင်သလို ရယ်မောပြောဆိုခဲ့ဖူးတယ်။ ကျူးကျော်တွေညံနေတာ၊ နေ့စဉ်သတင်းစာမှာ အပတ်စဉ်ဂျာနယ်တွေမှာ ရုပ်သံဖန်သားပြင်မှာသူလည်းမြင်မှာ ကြားမှာ သတင်းကြားမှာပါပဲ။ ဒါပေမဲ့ တစ်နေ့စာတစ်နေ့တောင် အနိုင်နိုင်ရုန်းကန်ရှာဖွေနေကြရတာဆိုတော့လည်း ဟန်တင်းပြီး ခံငြင်းကြည့်တဲ့သဘောလို့ ကျွန်တော်နားလည်စာနာပေးနိုင်ခဲ့ပါရဲ့။
‘လူမှန်ရင် အိမ်တစ်လုံးလောက်တော့ ပိုင်ဆိုင်သင့်တယ် ထင်တာပါပဲကွာ’လို့ ကျွန်တော်က အားခပ်လျော့ လျော့လေသံနဲ့ ညည်းတွားမိတယ်ဆိုရင်ပဲ ကျူးကျော်ရပ်ကွက်လေးမှာ နေထိုင်တဲ့ သူငယ်ချင်းက ‘ငါတို့ညည်းဖို့ လည်း ချန်ပါဦး သူငယ်ချင်းရာ။ နေ့ရွှေ့ရမလား၊ ညရွှေ့ရမလား၊ ရင်တထိတ်ထိတ် ညအိပ်နေရတဲ့ ငါတို့မိသားစုမှာ ကလေးတွေကလည်း တစ်ပြုံတစ်မကြီး၊ အလုပ်အကိုင်ကလည်း ကြုံရာကျပန်း၊ ငါတို့လိုလူမျိုးတွေ အိမ်လိုချင်လို့ အသည်းအသန် တမ်းတနေတယ်ဆိုရင် အဓိပ္ပာယ်ရှိသေးတယ်။ မင်းလိုတစ်ယောက်တည်းသမား တစ်အိမ်တည်း အိမ်နေရတယ်လို့ကွာ’
‘အမယ်လေးနော်…သူများအိမ်မက်ကို သွားဖျက်ဆီးနေပြန်ပြီ။ တစ်အိမ်တည်း မအိမ်လို့ မရတော့ဘူးတော် ရေ။ ရှင့်သူငယ်ချင်းကို သူတော်ရမယ့် ယောက္ခမကြီးက သူ့သမီးကို အိမ်တစ်ဆောင် မီးတစ်ပြောင်မထားနိုင်ရင် မပေးစားဘူးဆိုတဲ့ သတင်းရှင်မကြားဘူးလား။
‘သြော်…မင်းက ကြားလာလိုက်ပြီပေါ့’
‘မကြားရှိပါ့မလားတော်။ မနက်က ရပ်ကွက်ဈေးကလေးမှာ သူ့ယောက္ခမကြီးကိုယ်တိုင် အော်ကျယ်အော် ကျယ်ပြောနေတာ တစ်ဈေးလုံးကြားတာပဲ’ တဲ့။
ကာယကံရှင် ကျွန်တော်ပင် ၀င်ဖြေစရာမလိုလောက်အောင် သတင်းဖြစ်ထွန်းမှု မြန်ဆန်တဲ့ ရပ်ကွက် ကလေးမှာ ကျွန်တော်နေထိုင်ပါတယ်။ ဒီနေ့ညနေ ချစ်သူချိန်းဆိုထားတာလည်း ဒီကိစ္စပဲဖြစ်မယ်ထင်ပါရဲ့။
သူငယ်ချင်းလင်မယားကို နှုတ်ဆက်ပြီး ချစ်သူနဲ့ဆုံတွေ့ဖို့ချိန်းထားတဲ့ ကဖေးဆိုင်ကလေးရှိရာကိုလျှောက် လာခဲ့တယ်။ ကျွန်တော့်ရင်ထဲမှာတော့ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်တွေဟာလည်း တဖြည်းဖြည်းကြီးထွားလာခဲ့ပါ ရဲ့။ မြင်နေကျ မြင်ကွင်းထဲမှာ အိမ်အသစ်စက်စက်ကလေးတွေ တိုးလာတဲ့အခါ ဆောက်လက်စအဆောက်အဦ တချို့ ရုပ်လုံးပေါ်ပီပြင်လာတဲ့အခါ ကိုယ့်ဘ၀ကိုယ် အားငယ်သလိုလို၊ အားမရသလိုလို၊ ရင်ထဲမှာ ၀မ်းနည်းသလိုလို ကြေကွဲသလိုလို၊ နောက်ဆုံးတော့ မမြင်ရတဲ့ ကံကိုပဲ ပုံချနေခဲ့ရပေါ။
မြင်နေကျမြင်ကွင်းတွေကနေ သွေဖွယ်လွှဲရှောင်လို့ ကြားနေရတဲ့သီချင်းတွေဘက် နားစွင့်လိုက်ပြန်တော့ မဝေးမလှမ်း အလှူခံမဏ္ဍပ်က လွင့်ပျံလာတဲ့ သီးချင်းသံက ကျွန်တော့်ကို လှောင်ပြောင်နေသလိုပါပဲ။
‘အိမ်ဆိုရင်…အိမ်ဖြစ်ရမယ်
စိန်ဆိုရင် စိန်ဖြစ်ရမယ်’ တဲ့။ အဆိုကောင်းတဲ့ ဆရာသုမောင်ရဲ့ သီချင်းက ကျွန်တော့်ကို ရည်ရွယ်ညွှန်းရော့ သလားတောင် ထင်မိရရဲ့။ ကျွန်တော်ဟာ အိမ်တစ်လုံးတစ်လေတောင် ဘ၀မှာ ယောင်မှားပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့ ကောင်ပါ။
ရန်ကုန်ရောက်စ ကျွန်တော့်ဝင်ငွေတစ်လနှစ်သောင်းနဲ့ သုံးသောင်းဝန်းကျင်မှာရနေတဲ့ကာလက ဆင်ခြေဖုံး မြို့သစ်ကလေးတွေက ပေလေးဆယ်၊ ပေခြောက်ဆယ် ခြံဝန်းတစ်ကွက်ရဲ့ တန်ဖိုးဟာ ဆယ်သိန်း ဆယ့်ငါးသိန်း ကြားမှာ လက်ထဲငွေတစ်သိန်းနှစ်သိန်း စုမိတော့ အားကျဝေရီ အိမ်အိပ်မက်က လက်လှမ်းလို့မမီတမီ။ ဒီကနေ့ ကျွန်တော့်ဝင်ငွေ တစ်သိန်းခွဲနှစ်သိန်းကြားမှာ ရရှိနေတဲ့ ဒီကာလမှာတော့ အိမ်ခြံမြေတွေက ဆင်ခြေဖုံးမှာတောင် သိန်းရာဂဏန်း၊ မြို့ထဲလူစည်ကား ရာလမ်းမပေါ်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေ လုံးချင်းအိမ်ရာတွေဆိုတာ မိုးနဲ့ မြေလိုပဲ။ အိပ်မက်ထဲ ထည့်မက်ဖို့တောင် မရဲတရဲ။
တန်ဖိုးနည်းအိမ်ရာဆိုလို့ အပြေးအလွှားစုံစမ်းတော့ သိန်းတစ်ရာဆိုတဲ့ကိန်းဂဏန်းက ကျွန်တော့်ကို သရောက်ကျီစယ်လှောင်ရယ်နေတယ်ပဲ မှတ်ထင်ခဲ့ရ။ ဘာဖြစ်လို့ တန်ဖိုးမနည်းဘဲ တန်ဖိုးနည်းအိမ်ရာလို့များ ရေးရဲ ကြပါလိမ့်။ အင်းပေါ့လေ။ သိန်းတစ်ထောင်ဂဏန်း၊ သောင်းဂဏန်းကိုင်နိုင်တဲ့လူတွေအတွက်တော့ သိန်းတစ်ရာ ဆိုတာ တန်ဖိုးနည်းပဲပေါ့။ ဒီကြားထဲ ဗိုလ်သုကအဝေးကနေ လှမ်းလှမ်းပြီး အသံနဲ့နှိပ်စက်သေးတယ်။ အိမ်လိုချင် အိမ်ဖြစ်ရမယ်။ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်’ တဲ့။
အသံတွေနဲ့ဝေးရာကို ရှောင်ရှားနေနိုင်လောက်အောင် ကိုယ်ငှားရမ်းနေထိုင်ခဲ့မိတာ ဆိတ်ငြိမ်ရပ်ကွက် တစ်ခုမှ မဟုတ်ပဲလေ။ ဒီတော့လည်း ကိုယ်ကြားလိုသည်ဖြစ်စေ၊ မကြားလိုသည်ဖြစ်စေ ကိုယ်နေထိုင်မိတဲ့ ကမ္ဘာက အသံတွေနဲ့ ကမ္ဘာမို့အသံတွေကို ကြားနေရတာ တကယ်တော့မဆန်းပါဘူး။ ချိန်းဆိုထားတဲ့ ထိုင်နေကျကဖေးဆိုင် ကလေးကိုရောက်တော့ စားပွဲထိုးချာတိတ်က စာတစ်စောင်ကမ်းပေးရင်း ‘အစ်ကို့အတွက် အစ်မပေးသွားတာ’တဲ့။ ဘာများဖြစ်လို့ပါလိမ့်။ အရင်ဆိုကျွန်တော် မရောက်မချင်း သူစောင့်နေကြပါ။
‘ကိုရေ…
အချိန်မရလို့ နောက်မှပဲတွေ့မယ်။ အိမ်က ကိုနဲ့သိပ်ကြည့်ပုံမရဘူး။ ညည်းလူကအိမ်တစ်ဆောင် မီးတစ် ပြောင်ထားနိုင်လို့လားတဲ့။ ကိုကြိုးစားမှဖြစ်မယ်နော်။ ဒီကတော့ ကို့ကို ချစ်တာပဲသိတယ်။ နောက်မှတွေ့ကြရအောင် ကိုရယ်’ တဲ့။
သက်ပြင်းဖွဖွကို ဖြေးလေးစွာချရင်း ကိုယ်ကြားပြီးသား သတင်းပေမယ့် အခုမှအတည်ပြုနိုင်လိုက်သလို စိတ်တွေက နောက်ကျိလေးလံသွားရတယ်။
ဘ၀မှာ အိမ်တွေဟာ လူတွေကို ဘယ်လောက်အထိ လွှမ်းမိုးထားနိုင်ခဲ့ပါသလဲ။ ချစ်သူနှစ်ယောက်ကြားမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်ရယ်လို့ စကားလုံးတန်ဆာတွေဆင်းပြီး နှစ်ဖက်အသိုင်းအ၀ိုင်းရဲ့ ယဉ်ကျေးမှု ဧည့်ခန်း ဆောင်မှာ ခပ်တည်တည်နဲ့ မိန့်မိန့်ကြီးနေရာယူထားခဲ့တဲ့ ကာလအလျားဟာ ဘယ်လောက်တောင်များ ရှည်လျားခဲ့ ပါပြီလဲ။
ချစ်သူတွေရဲ့ နှစ်ယောက်တစ်ဘ၀ကို ဖမ်းစားထားနိုင်ခဲ့သောအိမ်။ မိသားစုရဲ့ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် ကို တနွေးတထွေး ချည်နှောင်ထားနိုင်ခဲ့သော အိမ်။ ကျွန်တော်အိမ်တွေထဲ စိတ်နစ်နေမိသဖြင့် လက်ဖက်ရည်ခွက် ကို ချာတိတ်ဘယ်အချိန်ချသွားမှန်း သတိမပြုမိလိုက်။
‘အစ်ကို လက်ဖက်ရည်ပူတုန်း မွှေလိုက်ဦးလေ။ အေးကုန်ရင် မွှေလို့အဆင်မပြေဘူး’တဲ့။ ကျွန်တော် ချာတိတ်ကိုခေါင်းဆတ်ပြပြီး လက်ဖက်ရည်ခွက်ကို မွှေနေမိတယ်။
လကမ္ဘာပေါ်မှာ လူသားတွေနေထိုင်ဖို့ ဥရောပအာကာသအေဂျင်စီက ဗိသုကပညာရှင် နော်မန်ဖော်စတာနဲ့ အဖွဲ့ကို အလုပ်အပ်နှံနေချိန်မှာ မြန်မာနိုင်ငံက မထင်မရှားရပ်ကွက်လေးတစ်ခုမှာ မြန်မာလူငယ်လေးတစ်ယောက် အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အသည်းအသန်စဉ်းစား အားထုတ်နေပါတယ်။
‘ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်…
မြက်ခင်းနဲ့ ခြံဝန်းနဲ့အိမ်ကလေးကို တို့နှစ်ယောက်ပိုင်သတဲ့…
ပိုက်ဆံလေးတွေ စုချင်သေးတယ်၊ လကုန်တိုင်းဆုတောင်းခဲ့တယ်
တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်’
ဒီတစ်နေ့လုံးတော့ဖြင့် ကျွန်တော်ဟာ ‘အိမ်’တွေထဲက မလွတ်မြောက်နိုင်အောင်ပါပဲလား။ စားပွဲထိုးချာတိတ် ကတော့ အသံသေတ္တာထဲက ထွက်ကျလာတဲ့ သီချင်းတေးသွားအတိုင်း လိုက်တောင်ဆိုလို့။ အရာအားလုံးက သူ့အကြောင်းအရာနဲ့ သူပုံမှန်စီးဆင်းနေတယ်။ ပုံမှန်အတိုင်းဖြစ်မနေတဲ့ ကျွန်တော်တစ်ယောက်ကလွဲလို့ပေါ့။
မနက်က မိုးလင်းလင်းချင်း အိမ်ကထွက်တော့ အခန်းပိုင်ရှင် အန်တီကြီးနဲ့တွေ့တယ်။
‘လကုန်ရင် အခန်းကပြည့်ပြီနော်။ ထပ်နေဖြစ်မယ် မဟုတ်လား’
‘အင်း…လကုန်ခါနီးတော့ ကျွန်တော်အိမ်လာခဲ့မယ်လေ’လို့ မရေမရာ၊ အဖြေစကားကိုဆိုရင်း လတ်တလော ပစက္ခအခြေအနေတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့ တစ်ချိန်လုံးကျွန်တော်ကြိုးစားနေခဲ့မိပါတယ်။ တကယ်ရော ကျွန်တော်လွတ်မြောက်နိုင်ခဲ့ပါရဲ့လာ။
ကျွန်တော့်အတွေးတွေထဲကို ဘယ်အကြောင်းအရာကိုတော့ ၀င်လာစေပြီး ဘယ်အကြောင်းအရာကိုတော့ ၀င်မလာစေချင်သော တားဆီးကန့်သတ်၊ ချုပ်ကိုင်နိုင်စွမ်းတွေနဲ့ ရင့်ကျက်မှုမျိုး ကျွန်တော့်မှာမရှိပါ။
‘တစ်နေ့တော့…တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ…ဖြစ်မလာတော့ဘူးလို့ အားမလျှော့ပါနဲ့
လိုက်လေဝေးလေ ပြေးနေစဲတို့ အိပ်မက်တွေ ၀ိုးတ၀ါးရယ်
တို့ဘ၀အတွက် အိမ်လိုချင်တယ်’
ဆောင်းဘောက်က လွင့်ပျံ့လာနေတဲ့ သီချင်းမှာ ကျွန်တော် လွင့်မျောခံစားနေမိတယ်။ တကယ်တော့ ဘယ်အနုပညာပဲဖြစ်ဖြစ် ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်မှုရှိသွားခဲ့ရင် ပိုပြီးထိရှတဲ့ ရသတစ်မျိုးမျိုးကို ပေးစွမ်းနိုင်လိမ့် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဘ၀အတွက် အိမ်ကလေးတစ်လုံးတော့ မဖြစ်မနေပိုင်ဆိုင်ဖို့ ကျွန်တော်ကြိုးစားရပါမယ်။ အဲဒီအိမ်ကလေး မှာ ချစ်သူကို ချစ်တတ်သောစိတ်ဖြင့် လိုအပ်ချက်မှန်သမျှကို ဖြည့်စွမ်းပေးနိုင်ရမယ်။ မိသားစုဆိုတာရှိလာခဲ့ရင် နွေးထွေးကြင်နာတတ်တဲ့ အငွေ့အသက်တွေ ရောယှက်ပါဝင်နေမယ့် အိမ်ကလေးလည်းဖြစ်ရပါမယ်။
အဝေးကပဲကြည့်ကြည့်၊ အနီးကပဲလေ့လာလေ့လာ ချစ်စရာကောင်းသော မိသားစုဘ၀ကလေးကို မြင်ရသူ တိုင်း အားကျလိုချင်တပ်မက်သွားစေမယ့် ချစ်ခြင်း၊ အနုပညာ၊ အတတ်ပညာတို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော ‘ချစ်သူတို့အတွက် အိမ်၊ ချစ်သူတို့ရဲ့အိမ်’ ကလေးမျိုးပဲဖြစ်ပါတယ်။
ဧပရယ်နွေ