Wednesday, 23 September 2015

ပြတင်းပေါက်မှ တိုးဝင်လာသော ဝိုးတဝါးအတွေးစများ

"ပြတင်းပေါက်"လို့ဆိုလိုက်ရင်  အိမ်တိုင်းမှာ မဖြစ်မနေ လိုအပ်တ၊ဲ့ ရှိနေသင့်တဲ့အရာတစ်ခုအဖြစ် အရင်ဆုံး ပြေးမြင်မိကြမှာပါ။ ပြတင်းပေါက်ကို သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ ပြတင်းပေါက်ဆိုတာ တကယ့်အဖိုးတန် ရတနာတစ်ပါးလို တန်ဖိုးကြီးလွန်းလှတယ်။

နံနက်ဦးစနေရောင်ခြည်လေး ပြတင်းပေါက်ကို ဖြတ်လို့ လာရောက်ကျီစယ်နှုတ်ဆက်တဲ့အချိန်မှာ ခံစားရတဲ့ နွေးထွေးမှုကို သိပ်ကြိုက်မိတယ်။ တန်းဖိုးရှိလှတဲ့ နေ့သစ်မှာ လူတွေကို နွေးထွေးစွာ 
ဆက်ဆံရင်း ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းပါလို့ သတိပေးနေသလို ခံစားမိတယ်။

ညနေခင်း ကျောင်းဆင်းချိန်တွေမှာ အိမ်ကလေးရဲ့ပြတင်းပေါက်ကနေ အဖြူအစိမ်းဝတ် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အိမ်ပြန်ချိန်ကို စောင့်ကြည့်ရတာကိုလည်း သိပ်သဘောကျမိတယ်။ 
အနည်းဆုံး ကိုယ်တွေငယ်ဘဝရဲ့ ကျောင်းတက်ချိန်တွေကို လွတ်လွတ်လပ်လပ် ပြန်ပြောင်း
အောက်မေ့ သတိရခွင့်ရှိတယ်လေ။လက်ရှိကိုယ့်အသက်အရွယ်နဲ့ တာဝန်ဝတ္တရားတွေကို
မေ့လို့ အပူအပင်ကင်းပြီး ငြိမ်းချမ်းလှတဲ့ ကလေးဘဝမှာ တဖန်ပြန်လည်မွေ့ပျော်ခွင့် 
ရတဲ့ အချိန်ပေါ့။

အထူးသဖြင့် နွေရာသီမှာ တစ်ချက်တစ်ချက် ပြတင်းပေါက်မှ ကျော်ဖြတ်ဝင်ရောက်လာတဲ့
လေပြေလေညင်းဟာ တန်းဖိုးဖြတ်မရတဲ့ အိုအေစစ်တစ်ခုပေါ့။ပြတင်းပေါက်ဘေးမှာ ထိုင်ရင်း 
သစ်ပင်ပန်းမန်တွေရဲ့ လေတိုးလို့ ယိမ်းနွဲ့လှုပ်ခတ်သံတွေ၊ ငှက်ကလေးတွေရဲ့ 
တေးဆိုသံတွေကို နားထောင်ခွင့်ရတဲ့ အခိုက်အတန့်ဟာ ငြိမ်းချမ်းလွန်းလှတယ်။

ပြတင်းပေါက်အပြင်ဘက်ကို ငေးမောရင်း ကိုယ်တွေးချင်တဲ့ အတွေး၊ ကိုယ့်ရဲ့ထိန်းချုပ်ထားတဲ့ 
စိတ်တွေကို လွင့်မျောခြင်းတိုင်း လွင့်မျောခွင့် ရှိသေးတယ်။ ပြတင်းပေါက်ဆိုတာ လူသားတွေရဲ့ 
တစ်နေ့တာ ရုန်းကန်လှုပ်ရှားမှုတွေကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ကြည့်ခွင့်ရှိတဲ့ 
နေရာတစ်ခုလည်း ဖြစ်နေပြန်သေးတယ်။ပြတင်းပေါက်လေးရဲ့အပြင်မှာ ဘဝအတွက် 
အဆင်မပြေစွာ ရုန်းကန်နေရသော်လည်း အားငယ်မှု၊ ဝမ်းနည်းမှုတွေကို လစ်လျူရှုလို့ 
ကိုယ့်တာဝန်ကို ကျေပွန်နေသူတွေကို တွေ့ရတော့ ကိုယ့်ဘဝရဲ့အဆင်မပြေမှုတွေ၊ 
အားငယ်မှုတွေ၊ သိမ်ငယ်မှုတွေ၊ အလိုမကျမှုတွေတောင် သူ့အလိုလို လျော့ကျလွင့်ပါးပြီး 
ဘဝအတွက် ရုန်ကန်းလှုပ်ရှားဖို့ ခွန်းအားတွေတောင် ရခဲ့ပေါ့။

ပြတင်းပေါက်ကနေ အပြင်ကမ္ဘာလောကကြီးကို ကြည့်ခွင့်ရတဲ့အချိန်မှာ ကိုယ်ဟာ ဘဝဇာတ်ခုံပေါ်
မှာပါဝင်ကပြ အသုံးတော်ခံနေတဲ့ အဓိကဇာတ်ဆောင်မဟုတ်တော့ဘဲ ဘဝဇာတ်ခုံပေါ်က
သူတွေကိုလေ့လာ၊ သုံးသပ်၊ အကဲဖြတ်ပြီး အမှတ်ပေးခွင့်ရှိတဲ့ ဒိုင်လူကြီး ဒါမှမဟုတ် ပရိသတ်
တစ်ယောက်ဖြစ်ခွင့်ရတဲ့ အခိုက်အတန့်လည်း ဖြစ်နေသေးတယ်။

ပြတင်းပေါက်လေးမှတဆင့် လူသားတွေရဲ့ဘဝကို သိမြင်နားလည်ပြီး စာနာ၊ နားလည်စွာ 
လူသားအချင်းချင်း ဖေးမ ကူညီ ရိုင်းပင်း နိုင်ကြပါစေ။

No comments:

Post a Comment