Sunday 5 June 2016

မှောင်ကာမည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ

မှောင်ကာမည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ (မသီတာ(စမ်းချောင်း))
------------------------------
"ဟေ့ ပလာတာကို ငါယူမှာနော်" သူ့ကိုယ်သူ ဘောလုံးဘုရင်ဟု ယူဆထားသော 'လီပီ'က ဦးဦးဖျားဖျား ကြေညာလိုက်သည်။
"ဒါဆို ငါက 'အဘိုးကြီး' ယူမယ်"
တစ်ဖက် အသင်းခေါင်းဆောင် 'စိန်တံဆိပ်' ကလည်း အပြိုင် ကြေညာလိုက် ပြန်သည်။
"ငါတော့ လီပီဘက် သွားမယ်ဟေ့"
'မြဦး (ခေါ်) မျောက်' ကတော့ လီပီ၏ ဘောလုံးပညာကို ရိုသေရင်းစွဲမို့ ကိုယ့်ဘာသာကိုယ် အသင်းရွေးလိုက်သည်။
"ဟေ့ကောင် ... မျောက် ... မင်းဘာလို့ စိန်တံဆိပ်ဘက် မသွားလဲ၊ ငါတော့ စိန်တံဆိပ် ဘက်ကပဲ နေမယ်။ မင်းလဲ သည်ဘက် လာဟာ"
'စာကလေး' ကတော့ အငြင်းသန်တာချင်း တူသည့် စိန်တံဆိပ် ဘက်ကပင် နေလိုသည်။ သူ နေလိုသည်တင်မက မျောက်ကိုပါ မြူဆွယ်လိုက်သည်။
"အံ့မယ် ... မလာပါဘူး၊ စိန်တံဆိပ်က ညစ်တယ်"
"တော်ကွာ ... ငြင်းနေတာနဲ့ပဲ မှောင်တော့မယ် ... ကဲ ... ကဲ ငါ့ဆီမှာ ပလာတာရယ်၊ မျောက်ရယ်၊ ဖိုးမန်းချူးရယ် ... ဟုတ်လား"
လီပီက အသက် အကြီးဆုံးပီပီ ဖြန်ဖြေလိုက်သည်။
"နာကကော ဘယ်ဒူ့ဘက် တွားရမှာလဲ"
'အပလို့' က အူကြောင်ကြောင် ဝင်မေးလိုက်သည်။
"ဟ ... အပလို့ဂျိရ၊ နင်က ငါတို့ဘက်ကပေါ့"
အဘိုးကြီးက အပလို့ကို နောက်လိုက်ပြန်သည်။ အပလို့ကတော့ "နင်နော် ... နင်" ဟုဆိုကာ လက်သီးထောင်ပြသည်။
ကဲ ... ဘောလုံးပွဲ စပြီ။ ဘောလုံးပွဲ ကျင်းပရာ ကွင်းပြင်။ အဲ ... ကွင်းပြင်ဟု ဆိုလျှင် မုသား ပါရော့မည်၊ ကတ္တရာလမ်း။ တစ်နည်းအားဖြင့် စမ်းချောင်း တောင်ရပ်ကွက် ဆီဆုံလမ်း၏ အလယ်ပိုင်း။
အဘိုးကြီးတို့ အိမ်က အိမ်ရှေ့ရှိ မြေကပြင်ကို အင်္ဂတေ ကိုင်ထားသဖြင့် ဘောလုံးပွဲ ကျင်းပဖို့ မြေအခြေအနေ ကောင်းသွား လေသည်။ ထားတော့။ ဘောလုံးပွဲတွင် ဒိုင်လူကြီး မရှိ။ ဘာစည်း ညာမျဉ်း မရေးထား။ ဂိုးတိုင်ကိုကား အမျိုးအစား မတူသော ဖိနပ် လေးရံစီဖြင့် သတ်မှတ်ထားသည်။
"ဟေ့ ဖိုးမန်းချူးနော် ... ဂိုးမခိုးနဲ့ သိလား"
"ဘယ်မှာ ခိုးလို့လဲကွာ၊ ခုနက ကားဖြတ်သွားလို့ တိုက်မိတဲ့ ဖိနပ်ကို ပြန်စုထားတာပဲကွ"
"အေး ... အဲဒီမှာ ဂိုးကို နည်းနည်း ကျဉ်းလိုက်တယ် မဟုတ်လား၊ ငါ့မှာလဲ မျက်စိ ပါပါတယ်ကွ"
"မင်းမှာ မျက်စိပါမှန်း ငါသိသားပဲ"
"အံမယ် ... မင်း ညစ်ပတ်ထားလည်း ငါသိတယ်ကွ"
ဖိုးမန်းချူး၏ ဖြူဖြူဖွေးဖွေး မျက်နှာသည် တဖြည်းဖြည်း နီသည်ထက် နီလာ၏။ ပလာတာကလည်း ခါးတောင်းကြိုက် လိုက်သည်။ ဗလာကျင်းနေသော ကိုယ်ကို ခန့်ခန့်ကြီး လုပ်ပြီး လက်ခမောင်း ခတ်ရင်း သမန်းကျား အိုက်တင် ဖမ်းလိုက်သည်။
"ဟေ့ ... ဟုတ်တယ်ကွ၊ ဖိုးမန်းချူး ငပုတ်ကြီး"
အပလို့ကပါ ဝင်ထောင်သည်။
"ဟေ့ ... ကိုယ့်လူကို ကိုယ်ကြည့်ပြောဦးကွ၊ ကိုယ့်ဘက်က မှန်မှ သူများကိုပြော၊ မဆိုင်ရင် လာမကိုင်နဲ့၊ သိသွားမယ်"
မျောက်လည်း သွေးကြွလာ၏။
"တော်ကြစမ်းပါကွာ၊ ငါမြင်ပါတယ်၊ ဖိုးမန်းချူး မှန်ပါတယ်ကွ၊ သူ့ဘာသာသူ ဖိနပ်ကို သေချာ ပြန်ထားသားပဲ၊ မခိုးပါဘူး"
လီပီ ငြိမ်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ သည်ကောင်တွေ ခက်ကိုခက်သည်။ ကစားတောင် မကစားရသေးဘူး။ ပြဿနာက စပြီ။
"ကဲ ...ကဲ ... စမယ်နော်"
စိန်တံဆိပ်က ပြောပြောဆိုဆိုနှင့် ဘောလုံးကို အဘိုးကြီးထံ လှမ်းပေးသည်။ အဘိုးကြီးက စာကလေးထံ လှမ်းအပေးတွင် ပလာတာက ဖြတ်ယူလိုက်သည်။
"ဟုတ်ပြီကွ၊ ပလာတာကွ၊ ရိုက်ထားကွ၊ ပလာတာ ပူပူလေးနော်။ ပဲပလာတာ ကြွပ်ကြွပ် ရွရွလေး"
ဖိုးမန်းချူးက ဂိုးနားတွင် ခုန်ဆွခုန်ဆွ လုပ်ရင်း လှမ်းအော်သည်။ ပလာတာ အားတက် သွားသည်။ အဘိုးကြီး လည်သွားအောင် လှည့်ပစ်လိုက်သည်။ ဘောလုံးသည် အဘိုးကြီး၏ ဘယ်ခြေနား ရောက်လိုက်၊ ညာခြေထောက် ဘေးမှ ပွတ်သွားလျက်။ ခြေနှစ်ချောင်း ကြားမှ ထွက်လာလိုက်နှင့် ပလာတာ၏ ညာခြေထောက်တွင် လှလှပပ လှုပ်ရှား ဆော့ကစားနေသည်။ "သည်ကောင် သည်လို ရှုပ်ရှုပ်ခတ်ခတ် လုပ်လွန်းလို့ ပလာတာ အခေါ်ခံရတာတောင် မမှတ်ဘူး" ဟု လီပီက တွေးနေမိသည်။
"ပလာတာ၊ နင် ပလာတာ ရိုက်တာ ကြာပြီနော်။ မြန်မြန်ပေးကွာ။ ဟေ့ကောင် ပလာတာ ငါ့ဘက်ကို ပေးကွာ။ ပေးစမ်းပါ ဟ၊ ဒီမှာ အချောင်ကြီးကွ၊ အလွတ်ကြီးမှ အလွတ်ကြီးရယ်"
မျောက်က စာကလေးကို အသေကပ်ထားရင်း လှမ်းအော်လိုက်သည်။
ဘောလုံးက အဘိုးကြီး ခြေထဲ ပြန်ရောက်သွားသည်။
"တွေ့လား၊ အလကား အချိန်ဆွဲတာ၊ မင်းသာ ပေးလိုက်ကြည့်၊ ငါ ဒီဘက်ထောင့်ကနေ ကစ်လိုက်ရင် အသာလေး တစ်ဂိုးကွာ"
မျောက် အခဲမကြေ ဖြစ်လာပြီ။
အဘိုးကြီးထံမှ ဘောလုံးသည် စိန်တံဆိပ်ထံ ရောက်သွား၏။ စိန်တံဆိပ်ကလည်း ရွှံ့ဗွက်ထဲ ဖင်ထိုင်လျက် လဲသွား၍သာ စိန်တံဆိပ် ထောပတ်ဟု အမည်တွင်နေ သော်လည်း ဘောလုံးကိုတော့ ကောင်းကောင်း ထိန်းနိုင်၏။ သည်ဘက် ကွင်းဝက်မှ ဟိုဘက် ကွင်းဝက်တိုင် ဆွဲလာနိုင်သည်။ လီပီ ကြည့်မနေနိုင်တော့။ လျှပ်တစ်ပြက် ဝင်ဖျက်သည်။ ဘောလုံးက တစ်ဖက်သို့ ဦးတည်သွားသည်။ စိန်တံဆိပ်က ရှေ့သို့ ငိုက်သွားပြီး နောက် ဘောလုံးမပါဘဲ ရှေ့ကို ဆက်ပြေးနေသေးသည် အတော်ကြာမှ လီပီနောက် ပြေးလိုက်သည်။
"အဘိုးကြီး၊ ကပ်ထားကွ၊ ကပ်ထား"
ပါးစပ်မှလည်း အဘိုးကြီးကို သတိပေးသည်။ လီပီကလည်း ကမ္ဘာ့ ဘောလုံးဘုရင် ပီလီကို ကြိုက်လွန်း၊ ပီလီ့အကြောင်း ပြောလွန်း၍ လီပီဟူသော ဤအမည်ကို ရခဲ့သူ ဖြစ်သည်မို့ မခေလှ။ မခေဆို ဤရှစ်ယောက် အဖွဲ့တွင် လီပီ အတော်ဆုံး၊ အသက် အကြီးဆုံး၊ အရပ် အရှည်ဆုံး၊ နောက် စိတ်အရှည်ဆုံး။
အဘိုးကြီးလည်း ကျိုးနေသော သွားများပေါ်အောင် ပါးစပ်ဟရင်း အပြေး လိုက်ဖျက်သည်။ မရ။ လီပီ ဆက်ဆွဲသွားသည်။ နောက်က လိုက်လာသော စိန်တံဆိပ်ကလည်း ခြေဝင်ထိုးသည်။ လီပီ အသာ ခုန်ရှောင်ရင်းမှ ဘောလုံးကို ဂိုးတိုင်ဆီသို့ လေးဆယ့်ငါး ဒီဂရီ ထောင့်ချိုးမှ ခပ်ပြင်းပြင်း ကန်သွင်းသည်။
"ဂိုး ..."
"လီပီကွ၊ ပီလီ့ဆရာ လီပီကွ"
"ဟေ့ ကလေး၊ ဘေးကို ... ဘေးကို၊ ကလင် ... ကလင်"
ဂိုးဝင်သွားသည်။ မျောက်၊ ပလာတာနှင့် ဖိုးမန်းချူးတို့ ဝိုင်းအော်လိုက်ကြသည်။ မျောက်နှင့် ဖိုးမန်းချူး လက်ဆွဲနှုတ်ဆက်သည်။ လက်မောင်းကို တစ်လှည့်စီ ထိုးလိုက်ကြသည်။ ဖိုးမန်းချူး အနား ရောက်လာသော ဆိုက်ကားဆရာက ပါးစပ်ရော လက်ပါ တစ်ပြိုင်နက် အလုပ် လုပ်လိုက်ရသည်။ ဖိုးမန်းချူးက ခါးကိုတွန့်ရင်း လမ်းဘေး ပြေးကပ်သည်။ တစ်ဖက် ဂိုးတိုင်နားမှ ပြန်ပြေးလာသော လီပီနှင့် တိုက်မိမလို ဖြစ်သွားသည်။ ကြုံတုန်းဆုံတုန်း လက်ဆွဲနှုတ်ဆက် လိုက်သည်။ မြောင်းထဲမှ ဘောလုံးကို လိုက်ကောက်နေရာမှ ပလာတာက "ဂုဏ်ယူပါတယ် ရဲဘော်လီပီ" ဟု လှမ်းအော်သည်။
"လူမချနဲ့ကွ"
အပလို့ တစ်စခန်း ထသည်။
"ဘယ်သူ လူချလို့လဲကွ"
ဖိုးမန်းချူးက ဝင်ငေါက်သည်။ 'သည်ကောင် ဟုတ်ကို မဟုတ်ဘူး၊ ရှာကြံပြီး ပြဿနာ ဖန်တီးဦးမည်။ အလကား။ သည်ကောင်တွေ ဘက်က တစ်ဂိုးမှ မရသေးလို့ သက်သက်ညစ်တာ' ဟု ဖိုးမန်းချူး စိတ်ထဲ အတင်းပြော လိုက်သည်။
"လီပီ ပေါ့ကွ၊ စိန်တံဆိပ် ခြေထောက်ကို တက်နင်းတာ"
"အံမာ၊ ငါ့ကို စိန်တံဆိပ်က ခြေရိုက်လို့ ရှောင်လိုက်တာ။ သူ့ဘာသာသူ ခြေချင်းတိုက်မိတာ ဖြစ်မှာပေါ့"
လီပီ စိတ်ညစ်သွားသည်။ ငါးဖယ်က ပြောင်းပြန်။ သူတို့ဘက်ကလည်း ညစ်သေး။ ကိုယ့်ကိုလည်း ပြဿနာ ရှာသေး။
"ဟေ့ကောင် လီပီ၊ မင်းမညစ်နဲ့နော်။ မင်း မှန်တာကို ဝန်မခံဘူးလား။ ငကြောက် ခွေးကြောက်"
စိန်တံဆိပ်တို့ ဇာတိပြလာပြီ။ မနိုင်လျှင် အညှာကိုင်ကြေး။
"ဟေ့ကောင် စိန်တံဆိပ်၊ မင်းလို အချောက်များ မှတ်နေသလား။ သတ္တိရှိရင် လာခဲ့။ တစ်ယောက်ချင်းပဲ။ လက်နက်မဲ့"
"လုပ်လိုက်လေ ကြာသလားလို့"
"အကြော် ကုန်ပြီဗျို့"
အပလို့က ဝင်နောက်သည်။
"မင်းတို့ကလဲကွာ၊ အချင်းချင်းတွေဟာကို ရန်မဖြစ်ချင်စမ်းပါနဲ့။ အချင်းချင်း ရန်ဖြစ်တဲ့လူကမှ တကယ့်ကို သတ္တိမရှိတဲ့ ကောင်ကွ"
အဘိုးကြီးက ငြိမ်းချမ်းရေးစကား ဆိုသည်။
"ဟေး ... မှန်တယ်ကွ၊ မဟာသုထမိန် အဘိုးကြီးကွ"
မျောက်က လက်ခုပ်လက်ဝါး တီးကာ ဩဘာပေးသည်။ အားလုံး ဝိုင်းရယ်သော်လည်း အဘိုးကြီး မရယ်။ ပြုံးဖြီးဖြီးနှင့် မနည်းကြီး ထိန်းချုပ်ထားသည်။ လီပီလည်း ဒေါသ လျော့သွားသည်။ ဘာပဲပြောပြော၊ သည်လို မှောင်လာသည့် အချိန်မှာတော့ အဘိုးကြီးစကား နားထောင်လိုက်လျှင် ကောင်းမည်။ အိမ်ထဲ ပြန်ဝင်ခါနီးမှ အကွဲအပြဲ မဖြစ်ချင်။ နောက် ကိုယ်ကလည်း အကြီးဆုံး မဟုတ်လား။ သည်သို့ပင် လီပီ တွေးလိုက်သည်။
"ကဲ၊ ဒီနေ့တော့ တော်ပြီ။ ငါ ပြန်တော့မယ်"
လီပီက မသိမသာနှင့် ပြေအေးရေးစကား ဆို၏။
"ဟေ့ကောင် ငကြောက်၊ အလကားကွာ၊ အဘိုးကြီး ပြောတာများ ဂရုစိုက်လို့။ ငကြောက်၊ လီပီ ငကြောက်"
စိန်တံဆိပ်က မကျေမနပ် ပြောပြီး ဂိုးတိုင်နားသွားကာ ဖိနပ်ပုံထဲမှ ကိုယ့်ဖိနပ်ကို ကိုယ်ယူစီးရင်း ကျန်ဖိနပ်များကို ကန်ထည့်လိုက်သည်။ သွားလေရော့။
ဘောလုံးပွဲကား ပြီးသွားသည်။ လီပီတို့ ဘက်က တစ်ဂိုး ဂိုးမရှိနှင့် နိုင်သည်။ သို့သော် ပျော်စရာမကောင်း။
* * *
"ဟေ့၊ ငါတို့နေရာမှာ ဘယ်ကောင်တွေ လာရှုပ်နေတာလဲ"
ဒီနေ့ ဘောလုံးကန်ရန် လူစုပြီးသည်နှင့် ကစားနေကျ ဆီဆုံလမ်း အလယ်ဘက် အဘိုးကြီး အိမ်ရှေ့သို့ လာခဲ့ကြသည်။ ဒီမှာတင် ဟိုကောင်တွေ အုပ်စုကို တွေ့ရ၏။ စုစုပေါင်း ရှစ်ယောက်။ ခြောက်ယောက်က မျက်နှာစိမ်း။
ကျန်နှစ်ယောက်က လမ်းထိပ် မုန့်ဆိုင်နားက ကောင်တွေ။ ဘောလုံးကွင်းကို အပိုင်စီးထား၏။ ဒါမျိုးတော့ မရ။ ကတ္တရာလမ်းပေမယ့် အဘိုးကြီးတို့ ပိုင်သည်။ အဘိုးကြီးနှင့် အဖွဲ့ ပိုင်သည်။ ဒါက ရပ်ကွက်လမ်းနှင့် လမ်းကြားမြေနေရာ ဆိုင်ရာ ကလေးတို့၏ ဥပဒေသ။
"ဟေ့၊ ဒါ ငါတို့နေရာကွ၊ ခါတိုင်း ငါတို့ ကစားနေကျ"
မျောက်က စတင်၍ စိန်ခေါ်သံ ပြုသည်။ ဒီဘက် ဂိုးတိုင်နားက ဖက်တီးလေးက မိုက်ကြည့် ပြန်ကြည့်သည်။ မျောက် စိတ်ထဲတွင် ဒီကောင့်ကို နာမည်လှလှ ပေးလိုက်သည်။ ရွက်ဝါ၊ ရွာဝက်။
ရွက်ဝါက "ဒါ ပြည်သူပိုင်မြေ" ဟု ပြန်ပြောသည်။
"ဘယ်သူပိုင်ပိုင်၊ ငါတို့ ကစားနေကျ နေရာဟာ ငါတို့လာရင် ဖယ်ပေးရမှာပဲ"
ပလာတာက ထုံးတမ်းစဉ်လာ အကြောင်း ပြောသည်။ "ဘာဖြစ်တာလဲ" ဟု တစ်ယောက် တစ်ပေါက် မေးကြသည်။
"တခြားသွားကန်ကြကွာ" ဟု အဘိုးကြီးက ရွက်ဝါအစား ဝင်ဖြေသည်။
"ဘယ်ရမလဲ"
သူတို့ထဲမှ အရပ်ပုပုနှင့် ကောင်က မိုက်ကန်းကန်း ပြန်ပြောသည်။ မျောက်နာမည် ပေးလိုက်ပြန်သည်။ ခွေးပစ်တဲ့တုတ်။
"ဒီမှာ ... မင်းတို့ ဘယ်ကလဲ"
"မင်းလမ်းက၊ ဘာလုပ်မလို့လဲ"
"မင်းတို့လမ်းမှာ ဘောလုံးကန်ဖို့ နေရာ ရှားလို့လား"
စိန်တံဆိပ်က လမ်းကိုပါ စော်ကားလိုက်သည်။
"ဘာ ..."
ခွေးပစ်တဲ့တုတ်က လှမ်းအော်သည်။
"နေကြပါဦးကွာ ပြေပြေလည်လည်ပေါ့"
လီပီက ဝင်ဟန့်၏။ လီပီ၏ ရှည်သောအရပ်၊ တုတ်ခိုင်သော ကိုယ်ခန္ဓာနှင့် တည်ပြီး တင်းမာသော မျက်နှာထားတို့ကြောင့် အားလုံး ငြိမ်သွားသည်။ သို့သော် အမူအရာတွေက 'ဘာလဲ၊ အချောင်တော့ မကြောနဲ့' ဟု ပြောနေကြသည်။
"ဒီလို လုပ်ရအောင်၊ ငါတို့ရော မင်းတို့ရော ကစားရအောင်။ တစ်ဖက်စီ လူခွဲကန်မယ်။ ရှုံးသူ ဆက်မကစားကြေး၊ တစ်ဖက် လေးယောက်၊ ဘယ့်နှယ်ရှိစ"
"အေး၊ အဲဒါ ကောင်းတယ်"
"စိန်လိုက်လေ ..."
ခေါင်းပြောင်ပြောင်နှင့် ကောင်ကတော့ တော်တော်သဘောကျ နေပုံရသည်။ မျောက်၏ စိတ်ထဲက အမည်သည် အုန်းမောင်။
"ဒါဆို မင်းတို့ထဲက ကြိုက်တဲ့လူ လေးယောက် ရွေး"
လီပီ့ စကား ဆုံးသည်နှင့် ဟိုကောင်တွေက တစ်ဖက်ဂိုးနား သွားပြီး အခြေအတင် ငြင်းခုန်ကာ လူရွေးသည်။ သည်ဘက်ကကော။
"ကဲ၊ ငါတို့ ဘယ်သူတွေ ကန်မလဲ"
ဒီတစ်ခါ အားလုံး တိတ်နေသည်။ အားလုံးကန်ချင်၊ ကစားချင်နေမှန်း လီပီ သိသည်။ သို့သော် ဝင်ကန်၍ မနိုင်လျှင် ဟူသော အတွေးကိုယ်စီနှင့် ငြိမ်နေကြခြင်းသာ ဖြစ်သည်။
"ကဲ ... ဒါဖြင့် ငါရယ်၊ စိန်တံဆိပ်ရယ်၊ အဘိုးကြီးရယ်၊ ဖိုးမန်းချူးရယ်၊ ဟုတ်ပြီလား"
နည်းနည်းတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ငါလဲ ကန်ချင်တာပေါ့ကွ၊ ငါ့ကို အရပ်ပုလို့ ချန်ထားကြတာလား"
စာကလေးက ပွင့်လင်းစွာ ပြောလေသည်။
"ဒါဆိုလဲ ကစားလေ။ ငါလဲ ခြေထောက် နည်းနည်း နာနေတာပဲ"
ဖိုးမန်းချူးက အတန်ငယ် စဉ်းစားပြီးမှ ပြောသည်။
"ဟာ ... မင်းမပါလို့ ဘယ်ဖြစ်မလဲ။ ဂိုးဖမ်းရင် မင်းက ပိုကောင်းတယ်ကွ"
ပလာတာက ဝင်ကန့်ကွက်၏။
"စာကလေးရာ၊ လီပီပြောတာ မှန်သားပဲ။ လာပါကွာ၊ ငါတို့ အဘိုးကြီးတို့ ကားဂိုဒေါင်ရှေ့မှာ ထိုင်ကြည့်မယ်။ နောက်ပြီး ဝိုင်းလှောင်တာပေါ့"
မျောက်က ဖြေသိမ့်စကား ပြော၏။ လီပီစိတ်ထဲမှာ 'ခုမှ စည်းလုံး နေလိုက်တာ၊ ညှာနေလိုက်တာ' ဟု အော်နေသည်။
"အဆင်သင့်ပဲဟေ့"
ဟိုဘက်က လှမ်းအော်သည်။
"မင်းနာမည် တူးတူးလား"
မျောက်တို့ စ,လောင်ပြီ။
"မျောက် ... မင်း ငြိမ်ငြိမ်နေကွာ"
လီပီက ဝင်ထိန်းရသည်။
ဘောလုံးပွဲ စပြီ။ ဟိုဘက်က ရွက်ဝါ၊ ခွေးပစ်တဲ့တုတ်၊ အုန်းမောင်နှင့် နောက်တစ်ယောက်။ နောက်တစ်ယောက်က ပိန်ပိန်ရှည်ရှည် ပုဆိုး ပတ်လည်စင်းကြီးနှင့်မို့ ဒိန်းဒေါင်ဟု မျောက်က နာမည် ကြိတ်ပေးသည်။
သည်နေ့ပွဲ တော်တော်သွက်သည်။ လီပီလည်း ခြေတွေ့သည် ထင်သည်။ ဘောလုံးကို သူ့ခြေထဲတွင်ချည်း။ ဂိုးသွင်းခွင့်ကလည်း အကြိမ်ကြိမ် အခါခါ။ ရွက်ဝါတို့ တော်လို့သာပေါ့။ စိန်တံဆိပ်ကလည်း သည်နေ့ အတော် သဘောကောင်း နေသည်။ ခါတိုင်းလို လီပီ့ကို အနိုင်ယူလို စိတ်နှင့် မညစ်တော့။ လီပီနှင့် စိန်တံဆိပ်တို့ အတွဲက ကြည့်၍ အကောင်းဆုံး ဖြစ်သည်။ ဒိန်းဒေါင်နှင့် ခွေးပစ်တဲ့တုတ်ကလည်း အပေးအယူ ကောင်းသည်။
အားပေးသည့် ပရိသတ်ကလည်း အားအင်တွေ အပြည့်။
"လီပီကွ၊ ပီလီ့ဆရာ လီပီ"
"စိန်တံဆိပ်ရေ၊ လုပ်ထားကွ၊ တွစ်(စ်)ကလေး။ တွစ်(စ်)ကလေး။ ခုနလို လုပ်ပါဦးဟေ့"
"လှမင်းကွ၊ လှမင်း"
ခုမှ သိရသည်။ ဒိန်းဒေါင် နာမည်က လှမင်းတဲ့။ ရှုပ်တယ်၊ ဒိန်းဒေါင်ဟာ ဒိန်းဒေါင်ပဲ။
"ဆီဆုံလမ်းကွ၊ လာမကြောနဲ့၊ မောသွားမယ်"
"မင်းလမ်းကွဟေ့၊ မပိုင်ရင် နယ်မကျော်ဘူးကွ"
"နယ်ကျော်ပြီး ကျယ်လို့ ရမယ်ကော ထင်လို့လားကွ၊ ဆီဆုံသားတွေ သွေးစည်းပြီးသား"
"ဟ ငါတို့တောင် မချရသေးဘူး သွေးထွက်ပြီလားကွ"
"ဟေ့၊ သဒတ်မတာ စတ်မတာတွေ ငြိမ်ငြိမ်နေစမ်း"
"ဟော ... ဟော အဘိုးကြီးကွ၊ ဟုတ်ပြီ ... ဟုတ်ပြီ"
"ဟေ့ ...မျိုးမင်း၊ လိုက်ထားကွ ... လိုက်ထား"
ခွေးပစ်တဲ့တုတ်သည် မျိုးမင်း မည်၏။
"ဂိုး ... ဟာ"
"ဖိုးမန်ချူးကွ၊ ကမ္ဘာကျော်မယ့် ဂိုးကီပါကွ၊ မစမ်းနဲ့၊ မစမ်းနဲ့"
ဒိန်းဒေါင်ကြောင့် ဂိုးမလို ဖြစ်သွားသည်။ ဖိုးမန်ချူး ကယ်ပေလို့ပေါ့။
"ဟေ့ ...ဟေ့၊ မညစ်ကြေးနော်၊ ခြေခုတ်တဲ့ကောင် ငကြောက်ဟေ့။ ဟိုက ရွက်ဝါ ဂိုးမခိုးနဲ့"
"ဘာ ... ဘာပြောတယ်"
ရွက်ဝါက သူ့နာမည်သစ်ကို မသိ၍ အူကြောင်ကြောင် ဖြစ်သွားသည်။
"ရွက်ဝါ ...ရွက်ဝါ၊ မင်းနာမည် ရွက်ဝါ မဟုတ်လား"
မျောက်က ပြန်အော်သည်။
"နိုင်လင်းကွ၊ နိုင်လင်း"
ရွက်ဝါ ပြန်အော်သည်။
"ရွက်ဝါ ပါကွာ၊ ရွက်ဝါ ... ရွက်ဝါ"
မျောက်အော်သံ ဆုံးတော့ ကျန်လူများ အားလုံး ရယ်လိုက်ကြသည်။ သူတို့ဘက်က ကောင်တွေပင် မနေနိုင်တော့။ ရွက်ဝါ စိတ်တိုသွးသည်။
"ဘာပြောတယ်၊ ပွဲပြီးလို့ကတော့ နိုင်လင်းအကြောင်း ပြရမှာပေါ့ကွာ" ဟု ပြန်အော်သည်။
ထိုစဉ်မှာပင် လီပီက အုန်းမောင်ကို ခေါက်ပြီး ဆွဲလာသည်။ နောက် အနီးကပ် ဂိုးသွင်းလိုက်သည်။ ရွက်ဝါ စိတ်တိုနေသည်မို့ ဘောလုံးက ဖိနပ်ပုံ ဂိုးတွင်းသို့ တလိမ့်လိမ့် ဝင်သွားသည်။
"ဂိုး"
"ဟေး"
"တောက်ကွာ"
လီပီတို့ဘက်က ကောင်တွေ တစ်အား ကြုံးအော်သည်။ မျောက်က ရွက်ဝါကို လျှာထုတ်ပြသည်။ ရွက်ဝါက စိတ်တိုတိုနှင့် ဖိနပ်ပုံကို ကြုံးကန်လိုက်သည်။ နောက်မှ မျောက်ဆီ ပြေးလာသည်။ မျောက်လည်း အသင့်ကြိုနှင့်သည်။
"ဟေ့ ... ဟေ့၊ ရန်မဖြစ်ကြနဲ့လေ"
လီပီနှင့် အုန်းမောင်က လှမ်းတားသည်။ သို့သော် မမီတော့။ ရွက်ဝါ လက်သီးက မြန်သည်။ မျောက်လည်း မြန်သည်။ ရွက်ဝါ လက်သီးက လေကိုသာ ထိသော်လည်း မျောက်ခေါင်းကတော့ ရွက်ဝါရင်ဘတ်ကို သွားဆောင့်သည်။ ဝိုင်းဆွဲလိုက်ကြ၍ မည်သူမျှ ထပ်မနာတော့။
အခြေနေ မဟန်မှန်း သိသည်နှင့် လမ်းထိပ်က နှစ်ယောက်က ပြေရာပြေကြောင်း ပြောပြီး သူတို့လူတွေ စုကာ ပြန်မည်ဟန် ပြင်သည်။ ချွတ်ပုံထားသော အင်္ကျီ၊ ပုဆိုးတို့ကို အသီးသီး ပြန်ယူကြသည်။
"လာမကြောနဲ့၊ မောသွားမယ်"
စာကလေးက မတိုးမကျယ်နှင့် တစ်စခန်း ထသည်။ နောက်ဆုံးတော့ လီပီတို့လည်း ဆက်မကစားဖြစ်ချေ။ မျောက်အမေ ရောက်လာပြီး သူ့အိမ် ပြန်ခေါ်သွား၍ ဖြစ်သည်။ မျောက် ပြန်သွားပြီးမှ အပလို့က "ဘာပဲပြောပြော နာတော့ ပျော်တယ်ကွာ၊ မျောက် လှောင်တာတွေ တကယ် ထိတယ်နော်" ဟု ပြောသည်။
ဟုတ်တော့လည်း ဟုတ်သည်။ သည်နေ့ လီပီတို့တွေ နည်းနည်းတော့ ကျေနပ်ကြသည်။ "ငါတို့သွေးကို ဟိုကောင်တွေ မြည်းဖူးပြီပေါ့။ နောင် နယ်ကျော်ရဲမှာ မဟုတ်ဘူး" ဆိုပြီး တွေးတိုင်း ကြည်နူးသည်။
လီပီက "နင်တို့တွေ ဒီနေ့လောက် ညီညာနေတာ ဒီနေ့ပဲ ရှိတယ်။ နောက်လဲ ဒီနေ့လို ညီညွတ်ရင် ကစားရတာ ပိုပျော်မှာပဲကွာ" ဟု ပြောသည်။ အဘိုးကြီးက ခေါင်းညိတ်ရင်းဖြင့် ထောက်ခံသည်။ ကျန်လူတွေက ဆိတ်ဆိတ်နေကြ၏။
* * *
"ဟေ့ ... ဘာကြေးလဲ"
"ကြံရည်ကြေးဟာ"
"ပိုက်ဆံ မရှိဘူးကွ၊ ဒိုက်ထိုးကြေးကွာ"
"အေး ...ပြီးရော၊ တစ်ဂိုး ဒိုက်ငါးခါကြေး ဟုတ်လား"
"ကဲပါ၊ လူခွဲမယ်"
"ခါတိုင်းလိုပဲ လီပီရယ်၊ ငါရယ်၊ မျောက်ရယ်၊ ဖိုးမန်းချူးရယ်"
"ပလာတာ မင်း သိပ်လူလည် ကျတာပဲ။ မင်းတို့က အမြဲတမ်း လူကောင်းတွေချည်း ယူထားတယ်။ ဒါကြောင့် အမြဲနိုင်တာပေါ့။ မရဘူး။ ဒီတစ်ခါ လူပြောင်းမယ်"
စာကလေးက ကန့်ကွက်လိုက်သည်။
"အေး ... ဟုတ်တယ်၊ ငါ ဖိုးမန်းချူး ယူမယ်၊ အပလို့က အလကားပဲ"
စိန်တံဆိပ်က ဝင်ထောက်ခံသည်။
"အံမာ ... နာ ကောင်းကောင်း ဖမ်းပါတယ်နော်"
"အလကားပါ၊ နင် လုပ်တာနဲ့ပဲ ငါတို့ ရှုံးရှုံးနေတာ"
စာကလေးက ထပ်ကွန့်သည်။
"ဒါဆိုလဲ ပြီးရော၊ နာ မပါတော့ဘူး၊ နင်တို့ချည်းပဲ ကစား၊ နာ တွားတော့မယ်"
အပလို့ စိတ်ကောက်သွားသည်။ လူခုနစ်ယောက်နှင့် ကစား၍ မဖြစ်ချေ။
"ဟေ့ ... အပလို့ လာပါကွာ"
မျောက်က မကစားရမှာ စိုး၍ အပလို့ကို လှမ်းခေါ်သည်။ အပလို့က စိတ်ကောက် မပြေဟန်ဖြင့် ဘာမှပြန်မပြောဘဲ ထွက်သွားသည်။
"မူလကျီ လုပ်တာကွ"
စာကလေးက ကုန်းအော်သည်။ အပလို့ ခြေလှမ်း တုံ့သွားသော်လည်း ပြန်လှည့်မလာတော့။
"တော်တော့ကွာ၊ လူမှ မစုံတာ ... ငါလဲ သွားတော့မယ်"
"ငါလဲထွက်မယ်"
မျောက်နှင့် ဖိုးမန်းချူးကပါ ထွက်ကြသည်။
"ငါလဲ သွားတော့မယ်ဟေ့"
ပလာတာပါ ထွက်သွားပြန်သည်။
"ကဲ ... ဘယ်လိုလဲ၊ ဒီလောက် လူလေးနဲ့ ဘယ်လို ကန်ရမှာလဲ၊ ရှုပ်တယ်၊ ငါလဲ အိမ်ပြန် အိပ်တော့မယ်"
စာကလေးပါ ထွက်သွားလေသည်။
"ဟူး ..."
စိန်တံဆိပ် သက်ပြင်း မှုတ်ထုတ်ပြီး နီးရာတွင် ထိုင်ချလိုက်သည်။
"ကွာ ... ဒီကောင်တွေကလဲ သူများတကာနဲ့ ကန်တုန်းကတော့ ညီညီညွတ်ညွတ်နဲ့ ဘာပြဿနာမှ မဖြစ်ဘဲ ခုလို အချင်းချင်း ကန်မှ ပြဿနာ ရှာကြတယ်ကွာ"
အဘိုးကြီးက မကစားရတော့၍ စိတ်ညစ်သလို ပြောလိုက်သည်။ လီပီလည်း ခါးတစ်ချက် ချိုးကာ "အေးကွာ ... သူတို့ ညီညွတ်ဖို့ပဲ သူများတွေက ခဏခဏလာပြီး နယ်ကျော်ကြ၊ ချိန်းကန်ကြ လုပ်ပေးရမလို ဖြစ်နေပြီ" ဟု ပြောပြီး လမ်းထိပ်ဘက် ထွက်သွားသည်။
ကတ္တရာလမ်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ နေဝင်စပြုလာပြီ။
------------
မသီတာ(စမ်းချောင်း)
သဘင် မဂ္ဂဇင်း၊ မတ်လ၊ ၁၉၈၆။

တက်နေခြည်ဝန်း

တက်နေခြည်ဝန်း (ယဉ်ယဉ်နု (မန္တလေး))
-----------------------------------------------
ကိုရီရဲ့ တိရစ္ဆာန် ဆေးကုခန်းကလေးဟာ ၃၃ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ ရှိပါတယ်။ မြို့တော်ရဲ့ အသည်းနှလုံးနေရာ မဟုတ်တောင် အဆုတ်လောက်တော့ ရှိတယ်။ အင်း ... ကံမကောင်း အကြောင်းမလှစွာ မန်းမြို့တော် ကဖီးတို့၊ ဝင်းလိုက် ရုပ်ရှင်ရုံတို့နဲ့ နီးတယ်။ ကိုရီကလည်း မိတ်ဆွေ ပေါပေါဆိုတော့ ဝင်းလိုက် ရုပ်ရှင်ရုံ ရုပ်ရှင် လာကြည့်တဲ့ မိတ်ဆွေတွေ ကိုရီ့ဆီကို အသွားအပြန် ဝင်ဝင်လာကြပြီး ...
“ကိုရီ လုပ်ဗျာ။ မန်းမြို့တော် ပေါက်စီနဲ့ လက်ဖက်ရည်” ဆိုရင် ကိုရီ အဲဒီနေ့ ဘတ်ဂျက် ထိခိုက်ပြီပေါ့။ လက်ဖက်ရည် သောက်ရင်းနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လူမှုရေးရာတွေ ရင်ဖွင့်ကြသေးတယ်။ ဒီနေ့ဆိုရင် အံတကြိတ်ကြိတ်၊ လက်သီးတဆုပ်ဆုပ်နဲ့ ကြိတ်မနိုင် ခဲမရ ဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်က ...
“ကိုရီ စဉ်းစားကြည့်ပါဗျာ။ ကိုရီလည်း တစ်သက်လုံး သိခဲ့ပါတယ်။ အဲဒီကောင် လေးငါးဆယ်တန်း ကတည်းက ကျွန်တော်တို့ အိမ်က ပေးကျွေး လာခဲ့တာပါ။ မိန်းမ ယူတော့လည်း ပိုက်ဆံချေးရ သေးတယ်။ အခုဗျာ ကျွန်တော်နဲ့အတူ မလေးရှား သွားဖို့ လုပ်နေတာ။ ဒီကောင် ကျွန်တော့်ကို မပြောဘဲ ခြေပုန်းခုတ်ပြီး ထွက်သွားပြီလေ။ အတူသွားမယ် ဆိုတဲ့ စိတ်ဓာတ် မထားနိုင်ဘူး သိလား” ဆိုတာကို တစ်နေကုန် ဖျောင်းဖျ နေခဲ့ရတယ်။ ကိုရီရဲ့ လူနာစင် ပေါ်က (အဲ ... အဲ) တိရစ္ဆာန်နာစင် ပေါ်က ခွေးလေး၊ ကြောင်လေးတွေက ငေးလို့ပေါ့။ အဲဒီလိုနဲ့ ညနေစောင်း သွားပြန်တော့ အစ်မဝမ်းကွဲ တစ်ယောက်က ငိုကာ ရယ်ကာနှင့် ရောက်လာပြန်ပါ လေရော။
“မောင်လေးရယ် ... မင်း စဉ်းစားကြည့်။ မေသီတာ ဆိုတာ တူမ အရင်းလေးလို စောင့်ရှောက် လာရတာ ။ အခု ဆေးခန်း သွားချင်လို့ ဆိုင်ကယ် သွားငှားတာ၊ တရုတ်ဆိုင်ကယ်ပဲ ယူသွားပါတဲ့။ ဂျပန်ဆိုင်ကယ်က ရေဆေးထားလို့ ချမစီးချင်ဘူးတဲ့။ အစ်မကို ပြောင်ပြောင်ကြီး ပြောလွှတ်လိုက်တယ်။ ငါတို့ ကျွေးထားတဲ့ ထမင်းတွေ၊ ငါတို့ ဆင်ထားတဲ့ အဝတ်အစားတွေ ... ဟီး ... ဟီး” ဆိုပြီး ငိုပြန်ပါလေရော။
ကိုရီ ခေါင်းကုတ်ပြီး ချော့ရပြန်ပါ တော့တယ်။ သူတို့က အတုံ့အပြန် လိုချင်လို့ ပြောတာ မဟုတ်ပါဘူးလို့ ဘယ်လိုပဲ ပြောပြော သူတို့ စကားတွေထဲမှာ အတုံ့အပြန် လိုချင်တာတွေက အထင်းသား ပေါ်နေလို့ ကိုရီ သက်ပြင်း ချရပါတယ်။ အကုန်လုံး ရှင်းသွားကြပြီး ည ခုနှစ်နာရီထိုးလောက် ကျတော့ ဝတ္ထုတစ်ပုဒ် ထိုင်ဖတ်နေမိတယ်။ ကိုရီက ဝတ္ထုဖတ်ရင် ဈာန်ဝင်တတ်တယ်။ တစ်အောင့်လောက်ပဲ ကြာတယ်လို့ ထင်တဲ့အချိန်၊ ဖျတ်ခနဲ နာရီ လှမ်းကြည့်မိတဲ့ အချိန်မှာ ကိုးနာရီ ခွဲပြီးနေပြီ။
အမယ် ... အချိန် မနည်းတော့ပါလား။ ဆေးခန်း ပိတ်တော့မှပဲလို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာ ဖျတ်ခနဲ တစ္ဆေတစ်ကောင်လို ကလေးလေး တစ်ယောက် ဆေးခန်းထဲသို့ ဝင်လာပါတယ်။
ဝင်လာပုံက တိတ်တိတ်ဆိတ်ဆိတ်မို့ ကိုရီ ကြောင်သွားပါတယ်။ သူကလည်း ကိုရီ့နားမှာ ဘာမှမပြောဘဲ ရပ်နေတယ်။ အသက် ၁၃ နှစ်လောက် မည်းမည်းပိန်ပိန် ညှဉ်းဆိုးဆိုးနဲ့ ဂျင်းဘောင်းဘီ ဒူးပြတ်ကလေး ဝတ်ထားတဲ့ ကလေးဟာ ပြူးကြောင်ကြောင် ကလေးနဲ့ ကိုရီ့ကို ကြည့်နေတယ်။ ကိုရီက သူ့ခေါင်းပေါ်က မဖြီးမသင်ဘဲ ထားတာ ကြာပုံပေါက်နေတဲ့ ဆံပင်ရှည်ရှည် အရောင်မွဲမွဲတွေကို စိုက်ကြည့်ရင်း ....
“ဘာတုန်းကွ” လို့ မေးလိုက်မိတယ်။
သူက “ဟိုသင်းဗျ။ ကျွန်တော့် ခွေးမကြီး မမွေးနိုင်လို့ ဆရာ လိုက်ကြည့်ပေးပါ” လို့ ပြောတယ်။ ဘုရားရေ ... အခုပဲ ကိုးနာရီ ခွဲနေပြီ။ ဒီကောင်လေး ပုံစံနဲ့ သေချာတယ်။ အယ်လ်ဇေးရှင်းတော့ ဟုတ်မှာ မဟုတ်ဘူး။ ကိုရီ ပျင်းရိပျင်းတွဲ ထပြီး အညောင်းဆန့် လိုက်တယ်။
“ဆရာ မွန်းလွဲ နှစ်နာရီက တစ်ကောင် မွေးထားတာတဲ့။ အခုထိ နောက်ထပ် မမွေးတော့ဘဲ ဗိုက်ကြီးပူပြီး ညည်းနေတာ။ မြန်မြန်လုပ်ပါ ဆရာ၊ ခွေးမကြီး သေတော့မှာ ထင်တယ်”
မွန်းလွဲ နှစ်နာရီက တစ်ကောင် မွေးထားတာ ဆိုတဲ့ စကားက ကိုရီ့ကို ဒိန်းခနဲ ဖြစ်သွားစေတယ်။ ဆတ်ခနဲ ဆေးအိတ်ကို ဆွဲယူလိုက်ပြီး တံခါးကို မြန်မြန် ဆွဲပိတ်လိုက်တယ်။ အပြင်ဘက်ကို ရောက်တော့မှ ဆေးခန်းထဲကို မဝင်ဘဲ မှောင်ရိပ်မှာ ထိုင်နေကြတဲ့ ကလေးသုံးယောက်ကို မည်းမည်း မည်းမည်းနဲ့ ထပ်တွေ့ရတယ်။ ကလေးတွေက ပြိုင်တူ ထရပ်လိုက်ကြတယ်။
မလင်းတလင်း လမ်းဓာတ်မီးတိုင် အောက်မှာ အကုန်လုံးဟာ ညစ်တီးညစ်ပတ် ပေစုတ်စုတ်ကလေးတွေပဲလို့ ကိုရီ သတိထားလိုက်မိတယ်။ တစ်ယောက်က ရသလားလို့ မေးတယ်။ ဆေးခန်းထဲ ဝင်လာတဲ့ကောင်က အေးလို့ ပြန်ဖြေတယ်။ တဝုန်းဝုန်းနဲ့ ပြေးသွားကြပြီး ၈၄ လမ်းကို ကူးပြေးပြီး အနောက်ထဲ ဆင်းပြေးကြတယ်။
ဆိုင်ကယ် ဆွဲထုတ်ပြီး ကိုရီ မောင်းထွက်လာတော့ စောစောက ကောင်က နောက်ခုံပေါ်မှာ ပါလာတယ်။
“စောစော လာခေါ်ရောပေါ့ကွာ” လို့ ကိုရီ ပြောမိတော့ “ကျွန်တော် ပြန်လာတော့ ရှစ်နာရီ ထိုးနေပြီ။ အဲဒီတော့မှ ပေတူးတို့က ပြောပြတာ၊ ထမင်းမစားဘဲ ဆရာ့ကို လာခေါ်တာ။ ကျွန်တော် ဘူတာကြီးကို သွားရင် ၃၃ လမ်းက ဖြတ်နေကျလေ။ ဆရာ့ဆေးခန်းကို တွေ့တွေ့နေလို့” ကိုရီ ဘာမျှ ပြန်မပြောနိုင်တော့ဘူး။
ကိုရီသည် ၃၃ လမ်းအတိုင်း အနောက်ကို ဆင်းလိုက်တော့ ဒုန်းပြေးနေကြတဲ့ ကလေးအုပ်စုကို ကျော်လာတယ်။ ကလေးတွေက မစောင့်နဲ့ မစောင့်နဲ့လို့ အော်ကြတယ်။ နောက်ကကောင်ရဲ့ လမ်းညွှန်မှုအတိုင်း ဟိုချိုး၊ ဒီကွေ့ မောင်းလာခဲ့တာ နောက်ဆုံး လမ်းတောင် မရှိတော့ဘဲ အိမ်ကြားတွေထဲ ရောက်လာတော့မှ ဆိုင်ကယ်ကို ရပ်လိုက်ရတယ်။
တကယ်ကို ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ရပ်ကွက်ဗျာ။ အိမ်တွေက ဖင်ချင်း ခေါင်းချင်း ဆက်နေတာပဲ။ ကပြင်ကလေးရှိတဲ့ အိမ်ကလေးရှေ့မှာ ခွေးမကြီး တစ်ကောင်၊ ကပြင်ကလေးပေါ် မေးတင်ပြီး တုံးလုံးလေး လှဲနေတယ်။ ခွေးမကြီးက ဗမာခွေးပါ။ လူတွေကလည်း အုံခဲနေတာပဲ။ အဲဒီထဲမှာ မိန်းမတစ်ယောက်က ဟောင်ဖွာ ဟောင်ဖွာနဲ့ အော်နေတယ်။
“ငါတို့က တစ်နေကုန် ထမင်းဆိုင်မှာ ရှိနေလို့ ညည်းတို့ လူပါးဝတာ။ ညည်းတို့ ခွေးကို ညည်းတို့ အိမ်တွေထဲ မွေးခိုင်းပါလား။ လူမရှိတဲ့ အိမ်ပေါ်လာပြီး ပစ်ထားတာ၊ ဒီခွေးလေ ခွေးလွင့်ကလည်း ငါတို့ အိမ်ပေါ်မှာမှ သောင်တင်နေတယ်။ ဒုက္ခပါပဲ”
သူ့အော်သံကြောင့် ကိုရီ အလုံးစုံကို နားလည်လိုက်ပါတယ်။ ဆိုင်ကယ်ပေါ် ပါလာတဲ့ ဖိုးသားဆိုတဲ့ ကောင်လေးက ...
“ဟာ.. အမေကလည်း တိတ်တိတ်နေပါ၊ ဒီမှာ ဆရာဝန် ပါလာပြီ” လို့ ပြောတော့ “အမယ်လေး ... လျှာရှည်လိုက်တဲ့ မိကျောင်းသား၊ ဆရာဝန် သွားခေါ်ရတယ်တဲ့ အံ့ရော၊ သူတို့က ပိုက်ဆံ ဘယ်လောက်များ ပေါနေလို့ပါလိမ့်” ဆိုပြီး ခြေဆောင့် အိမ်ထဲဝင်သွားတယ်။ တံခါးလည်း ဝုန်းခနဲ ပိတ်သွားတယ်။
ကိုရီလည်း ဝတုတ်တုတ် ခန္ဓာကိုယ် မသက်မသာကြီးနဲ့ ကပြင်လေးပေါ်မှာ ဆောင့်ကြောင့် ထိုင်ပြီး ခွေးမကြီးကို စမ်းသပ်ကြည့်ရတော့တာပါ။ ည ၁၀ နာရီကျော် မှောင်မည်းနေတဲ့ အချိန်မို့ ကလေးတွေက ဖယောင်းတိုင်လေးတွေ ကိုင်ပေးထားကြတယ်။
ခွေးမကြီးခမျာမှာတော့ ညှပ်ရိုးက သိပ်ကျဉ်းနေတာ တွေ့ရတယ်။ ပထမဆုံး တစ်ကောင် မွေးတာတောင် သိပ်အံ့ဩဖို့ ကောင်းပါတယ်။ ခွေးမကြီးကို ကလေးတွေက ဝိုင်းကိုင် ပေးထားကြတယ်။ အစာမစားရဘဲ ကလေးကို ကြိုးစားညှစ်မွေးနေရလို့ သိပ်တောင် မလှုပ်ရှားနိုင်ပါဘူး။ ပြင်ဆင်စရာ ရှိတာလေးတွေကို ပြင်ဆင်၊ ခွဲစိတ်ရင် သုံးမယ့် ပစ္စည်းတွေ ချ၊ ခွဲဓား၊ ချုပ်အပ်၊ Catgut ၊ ကတ်ကြေး စတာတွေ အဆင်သင့် လုပ်ရပါတယ်။ ကပြင်လေးပေါ်မှာပဲ ထမင်းစား စားပွဲခုံလေးချပြီး ခွေးမကြီးကို တင်ပြီး မေ့ဆေးပေးရတယ်။ မေ့ဆေးထိုးပြီး ငါးမိနစ်အကြာမှာ ခွေးမကြီး မေ့သွားပါပြီ။ ခွေးမကြီး ခွဲမွေးမလို့ ဆိုတဲ့ သတင်းက သူတို့ တစ်ရပ်ကွက်လုံး ပျံ့သွားတော့ လူတွေကလည်း ဝိုင်းဝိုင်းလည်လို့ပါပဲ။ ကိုရီလည်း ချွေးတရွှဲရွှဲနဲ့ပေါ့။
ည တစ်နာရီထိုးပြီးမှ ခွဲစိတ်မှု အောင်မြင် ပြီးမြောက်ပါတယ်။ ဗိုက်ထဲက ခွေးကလေး ခြောက်ကောင် ထပ်ရပါတယ်။ အားလုံး ကျန်းကျန်းမာမာနဲ့ မွေးနိုင်ခဲ့ပါတယ်။ ဗိုက်ထဲက ထွက်လာတဲ့ ခွေးကလေးတွေကို သူက တစ်ကောင်ယူမယ်၊ ငါက တစ်ကောင် ယူမယ်နဲ့ ချက်ချင်းပဲ မွေးစားမယ့်သူတွေ ခွဲတမ်းပြည့်သွားပါတယ်။ ခွေးလေးတွေ ထုတ်ပေးရ၊ သုတ်ပေးရနဲ့ ကိုရီ အလုပ်တွေရှုပ်ပြီး ဗိုက်ပြန်ချုပ်နေတဲ့ အချိန် အနီးကပ်ဆုံးမှာ ဖယောင်းတိုင် ကိုင်ပေးနေတဲ့ ဖိုးသား လှစ်ခနဲ ပျောက်သွားတယ်။ ခဏနေတော့ သူ့အမေအသံ စွာလောင်လောင်နဲ့ ...
“ဟဲ့ကောင်လေး၊ ဒါ မနက်ဖြန် သုံးဖို့”
“ဟာ ... အမေကလည်း ဗျာ။ ပေးစမ်းပါ”
အားလုံး ခွဲစိတ်၊ ချုပ်လုပ်ပြီးသွားတော့ ခွေးမကြီးကို လိုအပ်တဲ့ ဆေးတွေ ထိုးပေး၊ အားဆေးတွေ ထိုးပေး၊ ပြီးတော့ လက်ဆေး၊ ပစ္စည်းကိရိယာတွေ ဆေးရပါတယ်။ ကိုရီ ဟင်းချပြီး သူတို့အိမ်ရှေ့ ခုံတန်းလျားလေးပေါ် ပစ်လှဲမတတ် မောသွားတော့ အိမ်တံခါးလေးပွင့်ပြီး ဖိုးသားတို့ အမေ ထွက်ပါလာတယ်။ သူ့လက်ထဲမှာ ရေနွေးကြမ်း လင်ပန်းလေးနဲ့ ဖန်ခွက်ကလေးတွေက တိုက်ချွတ်ထားလို့ စင်ကြယ်နေသလို သူ့မျက်နှာကလည်း အပြုံးနဲ့ စင်ကြယ်နေတယ်။ စောစောက အော်ဟစ်နေတဲ့ မျက်နှာ မဟုတ်တော့ဘူး။ အဲဒီလိုနေတုန်း ဖိုးသားက ကိုရီ့ရှေ့ကို နှစ်ရာတန်လေး တစ်ရွက်စပြီး ချပေးလိုက်တယ်။
တစ်ယောက်ပြီး တစ်ယောက် လက်သေးသေး ကလေးတွေ၊ လက်ညစ်ပတ် ကလေးတွေ၊ တစ်ရွက်ပြီး တစ်ရွက် ယူလာကြတာ ငါးဆယ်တန် နွမ်းနွမ်းကလေးတွေ၊ ဆယ်တန်၊ နှစ်ဆယ်တန် အကြွေလေးတွေချည်းပါပဲ။ အားလုံးကို ဖိုးသားက စီထပ်ပြီး ရေပေးတာ ခြောက်ရာ့ငါးဆယ် ရှိပါတယ်။ လက်ကလေး နှစ်ဖက်နဲ့ ကိုင်ပြီး ကိုရီ့ကို ရိုရိုသေသေ ပေးရှာတော့ ကိုရီလည်း ယူပြီး အိတ်ထောင်ထဲ ထည့်လိုက်မိပါတယ်။
“ဆရာကြီး ... ခွေး ဒီလို ခွဲမွေးရင် ဘယ်လောက် ယူပါသလဲ” လို့ အမျိုးသမီး တစ်ယောက်က မေးတာကို ကိုရီ ပြုံးပြီး ခေါင်းခါပြလိုက်ပါတယ်။
“ကျွန်တော် ခွဲမွေးရင် တစ်သောင်း ယူပါတယ်ဗျာ” လို့ ကိုရီ သူတို့ကို အသိခံမှာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်း ပေတိုးတို့၊ ဖိုးသားတို့ သိအောင် ပြောဖြစ်မှာ မဟုတ်ပါဘူး။
လောလောဆယ်ကို နှစ်နာရီ ခွဲပြီးလို့ သုံးနာရီ ထိုးတော့မှာမို့ ကိုရီ အိမ်ကိုပဲ ဒုန်းစိုင်း ပြန်လာဖြစ်တယ်။ မောမောနဲ့ အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းလင်းချင်း ခေါင်းထဲ ဝင်လာတဲ့ အတွေးက ကလေးတွေရဲ့ ပိုက်ဆံ ခြောက်ရာ့ငါးဆယ်ကို ဘုရားကြီးကို သွားပြီး တစ်ခုခု လှူလိုက်ဖို့ပဲ။ ဒါပေမယ့် ဒီပိုက်ဆံလေးတွေထဲမှာကို ဇီဝိတဒါနက ပါပြီးသားလေ။ ဒါမှ အမြော်အမြင် အတုံ့အပြန် လိုချင်ခြင်း ကင်းမဲ့တဲ့ ဒါန။ ကိုရီ ချက်ချင်းပဲ ဆိုင်ကယ်လေးကို ဆွဲပြီး ထွက်လာတာတော့ ဘုရားကြီးဘက်ကိုပဲ ထွက်ခဲ့တယ်။ မှန်ပေါင်ဆိုင် တစ်ဆိုင်ကို ဝင်ပြီး ကလေးတွေရဲ့ ပိုက်ဆံကို ကတ်ထူပြားပေါ်မှာ ပေါင်သွင်းထားခဲ့တယ်။ ကိုရီရဲ့ ဆေးခန်းထဲမှာ အဲဒီ ပိုက်ဆံပေါင်ကို ထောင့်လေး တစ်နေရာ စားပွဲခုံပေါ်မှာ တင်ထားခဲ့တယ်။
“ဟာ ခင်ဗျားဆေးခန်းက ပိုက်ဆံလာဘ်ခေါ်တွေ ဘာတွေနဲ့ ပါလားဗျာ။ ဒါပေမယ့် ခက်တယ်ဗျာ။ နှစ်ဆယ်တန်လေးတွေ၊ ငါးဆယ်တန်တွေ၊ အနုပ်အစုတ် ကလေးတွေပါလား။ တစ်ထောင်တန်တွေ၊ ဒေါ်လာတွေ မပါဘူးလားဗျာ”
အထူးအဆန်း ကလိတိတိ၊ ရိတိတိ မေးလာတဲ့ မိတ်ဆွေတွေကို ကိုရီက တခမ်းတနား ဇာတ်ကြောင်းပြောပြပြီး ကလေးတွေရဲ့ လင်းလက်တဲ့ ဒါနကလေးကို အမွှမ်းတင်တတ်တယ်။ အဲဒီအခါ တချို့ စိတ်ဝင်တစား ခေါင်းတညိတ်ညိတ်နဲ့ နားထောင်တယ်။ တချို့ကလည်း အင်း ... အင်းပေါ့။ တချို့ကလည်း ဝတ်ကျေတန်းကျေ နားထောင်ပြီး ...
“ဒီနေ့ည အင်္ဂလန် ဘယ်နှဂိုးလောက် ရှူးမလဲ မသိဘူးနော်” ဆိုပြီး ထသွားတတ်တာမျိုး။
အဲဒီ လိုနဲ့ တစ်ညနေမှာ ကိုရီရဲ့ သူငယ်ချင်းတစ်ယောက် ထုံးစံအတိုင်း ရင်ဖွင့်ဖို့ ကိုရီ့ဆီကို ရောက်လာပြန်ပါလေရော။
“မမကြီးကွာ ကိုရီရာ၊ အပျိုကလည်း အပျိုကြီး၊ စားမယ့် သောက်မယ့်သူလည်း မရှိ။ ငါ့ကို စောင့်ရှောက်မယ့်သူ မရှိဘူးဟဲ့ ဆိုပြီး အမေ့ရဲ့ အတွင်းပစ္စည်းတွေကို အကုန်ယူတာ ကိုလည်း ငါတို့က လက်ခံပါတယ်။ ၈၄ လမ်းတိုက် ပေးဟဲ့ဆိုလည်း ပေးလိုက်တာပဲ။ အခုဟာက ဒေးဝန်းထဲက ပြပေါက် ဆီစက်ဝင်းကြီးကိုတော့ အမွေဆိုင် ခွဲရအောင်ပါ ဆိုတော့ ကဲကဲဆတ် ငြင်းတော့တာပဲ။ ဘယ်လို လုပ်မလဲ။ ငါတို့ကလည်း သားသမီးတွေနဲ့ ဆိုတော့ ပြဿနာ တက်ကြတော့တာကွာ”
“အေးလေကွာ၊ သိန်းထောင်ချီ ရထားပြီပဲ၊ တော်ပြီပေါ့။ အပျိုးကြီးဆိုတော့ လောဘကြီးမှာ ပေါ့ကွာ”
သူငယ်ချင်းက တဟားဟား ရယ်ပြီး ထသွားလို့ ဘာမျှ မကြာပါဘူးဗျာ။ လွန်ရော၊ ကျွံရော တစ်နာရီလောက် ရှိသေး။ သူငယ်ချင်းရဲ့ အစ်မ အပျိုကြီး ဒေါင်းတင်၊ မောင်းတင်နဲ့ ပေါက်ချလာပါလေရော။ ငယ်ငယ်ကတည်းက အစ်မလို ဖြစ်နေတဲ့သူ ဆိုတော့ ကိုရီလည်း လန့်တာပေါ့။
“အမယ်လေး ... မောင်ရီ၊ တတ်လည်း တတ်နိုင်ပါပေ့တော်။ မောင်နှမတွေ ကြားကို နင်ပဲ ရှုပ်ရှုပ်ယှက်ယှက်၊ ငါ့ကိုများ လောဘကြီးသလေး။ ဘာလေးနဲ့ နင်က ဘာဆိုင်လို့ ဝင်ပါရတာလဲ။ နင် ဘာသိလို့လဲ။ သူတို့မှာ ကုမ္ပဏီတွေနဲ့၊ ၂၆ ဘီ လမ်းပေါ်မှာ တိုက်နဲ့၊ သားနဲ့ မယားနဲ့၊ စောင့်ရှောက်မယ့် လူတွေနဲ့၊ ငါ့မှာသာ အားကိုးရာမဲ့”
တစ်နာရီလောက် ငိုလည်း ငို၊ ဆူလည်း ဆူ၊ ငေါက်လည်း ငေါက်။ ကိုရီလည်း ရစရာ မရှိအောင် စိတ်ညစ်ပြီး အထုအထောင်း၊ အကြိမ်းအမောင်း ခံလိုက်ရတာ ။ မောင်နှမကြား ဝင်မိတာ မှားပါတယ်။ လောဘ၊ မောဟ၊ ဒေါသတွေနဲ့ အုပ်ဆိုင်း၊ မှုန်မှိုင်းပြီး အပျိုကြီး ပြန်သွားတော့ ကိုရီဟာ အမှောင်ထုထဲမှာ နစ်မြုပ်ပြီး ကျန်နေခဲ့တယ်။ ပတ်ဝန်းကျင်မှာလည်း နေဝင်ဖျိုးဖျ အမှောင်ထုက ရစ်သန်းလာနေပြီ။ သဘာဝ အမှောင်နဲ့ လောဘ အမှောင်ကြားမှာ ခေါင်းတဆစ်ဆစ် ကိုက်နေပြီး ကိုရီ အင်အားမရှိဘူး ဖြစ်နေတယ်။
အဲဒီ အချိန်မှာ အမှောင်ထုထဲကို မည်းခနဲ တစ္ဆေတစ်ကောင်လို မည်းမည်း အရိပ်ကလေး တစ်ရိပ် ကိုရီ့နား ဖျတ်ခနဲ ရောက်လာတယ်။ ကိုရီက “ဘာတုန်းကွ” လို့ မေးလိုက်တော့ ...
“ကျွန်တော် ဖိုးသားပါ ဆရာ” လို့ သူက ပြောတယ်။ ကိုရီ လည်ပြန် တစ်ချက်လှည့်ပြီး မှောင်ထဲက သူတို့ရဲ့ ပိုက်ဆံ မှန်ပေါင်ကလေးကို ဖျတ်ခနဲ လှမ်းကြည့်မိတယ်။ မှောင်ထဲမှာမို့ မမြင်ရဘူး။
“ကျွန်တော် တစ်ခု မေးချင်လို့ပါ ဆရာ၊ ဟို ... ဟို ခွေးမကြီး နောက်တစ်ခါ မွေးရင်ကော ဒီလိုပဲ ခွဲရဦးမှာလား”
ဟောဗျာ ... မှောင်ထဲမှာ ဘာတွေ လာမေးနေပါလိမ့်၊ တစ်ရေးနိုးမှ ပေါက်ပေါက်ရှာရှာ ဆိုပြီး ကိုရီ မျက်လုံးဖြဲပြီး ဖိုးသားကို ကြည့်တယ်။ မှောင်ထဲမှာ ကျင့်သားရလာလို့ ဖိုးသားကို ဝါးတားတား မြင်ရတယ်။ သူ့လက်ထဲမှာ ပိုက်ထားတဲ့ တစ်ထွာလောက် ပစ္စည်းက ဘာပါလိမ့်။ စပ်စု ကြည့်ရင်း ...
“အေးပေါ့ကွ၊ ညှပ်ရိုးကိုက ကျဉ်းနေတယ်ဆိုတော့ နောက်တစ်ခါ မွေးရင်လည်း ခွဲရဦးမှာပဲ”
ပစ္စည်းလေးကို ရင်မှာ ပိုက်ထားတဲ့ ဖိုးသားက တစ်စုံတစ်ခု မပွင့်တပွင့် ပြောရင်း ဆေးခန်းထဲက ပြန်ထွက်သွားတယ်။ “ဟင်” ဆိုပြီး ကိုရီ ဖျတ်ခနဲ ထရပ်လိုက်မိတယ်။ အံ့ဩစရာပါလား၊ ဘုရား ... ဘုရား၊ ဖိုးသားရဲ့ အဖြေက ကိုရီ့နားထဲမှာ အသံလှိုင်းခတ်ပြီး သူတို့ရဲ့ ပိုက်ဆံ မှန်ပေါင်လေးဆီကတစ်ဆင့် တလက်လက် ဖြာနေတဲ့ အလင်းတန်းတွေ ကိုရီ့ရဲ့ ဆေးခန်းလေးထဲသို့ စီးဝင်လာသလိုပဲ။ ဟုတ်တယ်။ အမှောင်ခွင်း အလင်းဆောင်တဲ့ တက်သစ်စ နေခြည်နုရဲ့ အလင်းရောင်တွေလိုပေါ့။ အခု အမှောင်ထဲမှာ မဟုတ်ဘဲ တက်နေခြည်နဲ့ နွေးထွေးတဲ့ အင်အားသစ်တွေထဲမှာ စီးမျောနေတဲ့ ကိုရီ့နားမှာ တဝဲလည်လည် နေခဲ့တုန်း။ ဖိုးသားက ပြောသွားတယ်။
“ကျွန်တော်တို့လည်း ဒီလိုပဲ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး တိုင်ပင်ပြီး ဒီနေ့ကစ ပိုက်ဆံစုကြမယ်လို့၊ ဒီမှာ စုဘူး ဝယ်လာတယ်လေ။ နောင်နှစ်ကျရင် ဆရာ့ကို ခွဲစိတ်ခ ကောင်းကောင်း ပေးနိုင်အောင်လို့ပါ” တဲ့။
(ဇာတ်လမ်း ပြောပြသော ဒေါက်တာ ခင်မောင်ရီ B.V.S သို့ အမှတ်တရ ...)
------
ယဉ်ယဉ်နု (မန္တလေး)
ရွှေအမြုတေ၊ စက်တင်ဘာလ၊ ၂၀၀၆။

ဂိတ်စ-ဂိတ်ဆုံး

ဂိတ်စ-ဂိတ်ဆုံး (မင်းလူ)
-------------------------
ဗျိုင်းတို့သည် ဟိုယခင်အခါဆီက လည်ပင်းမရှည်ကြသေးချေ။ ကြည့်ကောင်းရုံ အနေတော်လောက်သာ ဖြစ်၏။
မိကျောင်းတွေ ဘာကြောင့် လျှာမပါတာလဲ၊ ပျံလွှားငှက် ဘာကြောင့် အမြီးနှစ်ခွ ဖြစ်နေတာလဲ၊ စသော ကိစ္စတွေလို သူတို့မှာလည်း နောက်ကြောင်းရာဇဝင် ရှိ၏။ ဗျိုင်းတွေ လည်ပင်းရှည်လာကြခြင်းမှာ ဘတ်စ်ကား စောင့်ရခြင်းကြောင့် ဖြစ်လေ၏။
ကားမှတ်တိုင်မှာ ခရီးသည်တစ်အုပ် ဘတ်စ်ကား စောင့်နေကြသည်။ သူတို့သည် ကားလာမည့်ဘက်သို့ လည်တစ်ဆန့်ဆန့် မျှော်နေကြ၏။ ကျောင်းချိန်၊ အလုပ်ချိန် ဖြစ်သောကြောင့် ခရီးသည်တွေ စုပုံနေသည်။
အလွှာ ပေါင်းစုံ၊ အတန်းအစား ပေါင်းစုံ ပါဝင်သည်။ မော်ဒယ်လ်လို ပိန်ပိန်သွယ်သွယ် လှပသော ဗျိုင်းမလေးမှာ ကျောင်းသူ ဖြစ်ပုံရ၏။ သားရေတု ပခုံးသိုင်း အိတ်ကလေးကို လွယ်ထားသည်။ ခြေကျင်းဝတ်မှာတော့ ရွှေဖုဒ်ချိန်း မျှင်မျှင်လေး ဝတ်ဆင်ထား၏။ ဘတ်စ်ကားစီးသူ တစ်ယောက်အတွက် ဆွဲကြိုးတို့၊ ဟန်းချိန်းတို့ထက် စာလျှင် ဖုဒ်ချိန်းက ပိုပြီး အန္တရာယ် ကင်းသည်ဟု ဆိုရမည်။ ခါးပိုက်နှိုက်များ၊ အလစ်သုတ်သမားများ အနေဖြင့် လူတွေ ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ်မှာ အောက်ကိုကုန်းပြီး ခြေထောက်က ဖုဒ်ချိန်းကို ဖြုတ်ယူဖို့ မလွယ်ဘူး မဟုတ်လား။
ဘဲငန်းကြီး တစ်ကောင်သည် ဗျိုင်းမလေးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေ၏။ တောကျီးကန်းကြီး တစ်ကောင်ကတော့ လက်ဆွဲအိတ် တစ်လုံးကို ဆွဲပြီး ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ပုံပန်းအရ ရှေ့နေဖြစ်ဟန် တူ၏။ ကြက်တူရွေး တစ်ကောင်ကတော့ ကွမ်းတံတွေး တစ်ပျစ်ပျစ် ထွေးနေသည်။ သူ့အာခေါင်မှာ နီရဲနေ၏။ မှတ်တိုင်မှာ ခရီးသည်တွေ များနေသော်လည်း သိပ်ဆူဆူညံညံ မရှိ။ ဘတ်စ်ကားကိုသာ မျှော်နေကြသဖြင့် စကား သိပ်မပြောဖြစ်ကြ။ ပျင်းစရာတောင် ကောင်းနေသည်။
သာလိကာမလေး တစ်သိုက် ရောက်လာတော့မှပင် စိုစိုပြည်ပြည် ဖြစ်သွား၏။ သူတို့သည် စက်ရုံ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီ သွားမည့် အလုပ်သမကလေးများ ဖြစ်ပုံရသည်။ ဗီဒီယို ဇာတ်ကားတွေ အကြောင်း၊ ရုပ်မြင်သံကြားမှ လာသော တရုတ် ဇာတ်လမ်းတွဲတွေ အကြောင်း၊ ဂျာနယ်ထဲမှာ ပါသော မင်းသား မင်းသမီးတွေ အကြောင်း၊ သူတို့၏ အလုပ်သမားခေါင်း ဖြစ်သော သိမ်းငှက်ကြီး မျက်စိ အလွန်စူးရှတဲ့ အကြောင်းတွေ တစ်ယောက်တစ်ပေါက် ပြောနေကြသည်။
ဘတ်စ်ကားက မလာသေး။ “ကြာလိုက်တာ” ဟု ခိုတစ်ကောင်က ညည်းလိုက်၏။ ကြက်ဖကြီးက လက်မှနာရီကို ကြည့်ပြီး “အစည်းအဝေးက နောက်ကျလို့ မဖြစ်ဘူး” ဟု တစ်ကိုယ်တည်း ရေရွတ်နေသည်။
ကိုယ်ပိုင်ကားတွေ ကတော့ တဝီဝီ ဖြတ်သန်းသွားလာ နေကြသည်။ ဝက်ဝံ မည်းမည်းကြီး တစ်ကောင်သည် ပါဂျဲရိုးကားကို ကိုယ်တိုင်မောင်းရင်း လက်ကိုင်ဖုန်းနှင့် စကားပြောနေသည်။ ဘေးမှာတော့ ပန်ဒါဝက်ဝံမ လှလှလေး ပါလာ၏။
“အဲဒီလိုကားမျိုးနဲ့ အလုပ်သွားရရင် သိပ်ကောင်းမှာပဲ” ဟု သာလိကာမလေး တစ်ကောင်က ပြောသည်။ နောက်တစ်ကောင်က “နင်က အဲဒီဝက်ဝံကြီးကို မကြောက်ဘူးလား” ဟု မေးသည်။
“ကိုယ်ပိုင်ကား စီးရမယ် ဆိုလို့ကတော့ ဝက်ဝံကြီး မပြောနဲ့၊ ရေမြင်းကြီးတောင် မကြောက်ပေါင်”
တခစ်ခစ် ရယ်သံတွေ ထွက်ပေါ်လာသည်။
ကြက်ဖကြီးသည် နာရီကိုကြည့်ပြီး..
“နောက်ကျရင် အဟောက်ခံရဦးမယ်၊ ဒီက ဘယ်လို လာရသလဲ ဆိုတာ ထည့်တွက်မှာ မဟုတ်ဘူး”
ဟု ရေရွတ်ပြန်သည်။
“ဟော.. လာပြီ”
ဆိုသော အသံကို ကြားရသည်။
ဘတ်စ်ကား တစ်စင်းသည် လေဖြတ်ထားသူ တစ်ယောက်လို စောင်းစောင်းကြီး မောင်းလာနေသည်။
“အင်္ဂဝိဇ္ဇာ သဘောနဲ့ ပြောရရင် ကားပေါ်မှာ အပြည့်ပါလာတာပဲ”
စာကလေး တစ်ကောင်က အရေးထဲ ဗေဒင်ဟောနေသည်။ သူ မဟောလည်း ဒီအချိန် ကားကျပ်မယ်ဆိုတာ အားလုံး.သိပြီးသား။
ဘတ်စ်ကား မရပ်ခင်မှာပင် စပယ်ယာက ခုန်ဆင်းလိုက်သည်။ ဒီလို စပယ်ယာ အလုပ်ကို မျောက်လွှဲကျော်တွေသာ လုပ်နိုင်သည်။ ရှေ့ပေါက်က ခုန်ဆင်းလိုက်၊ နောက်ပေါက်က ပြန်တက်လိုက်၊ အရှိန်နှင့် ထွက်သွားသော ကားကို လွှားခနဲ လှမ်းဆွဲခိုလိုက် လုပ်နိုင်ဖို့က သူတို့လို လျင်မြန် ဖျတ်လတ်ပြီး လက်မြဲမှသာ ဖြစ်မယ် မဟုတ်လား။
ဘတ်စ်ကား အိခနဲ ရပ်လိုက်တာနဲ့ ခရီးသည်တွေ အတင်း တိုးဝှေ့ တက်ကြသည်။
“ဆင်းတဲ့သူတွေကို စောင့်ပါ၊ နောက်ပေါက်ကလည်း မျှတက်ကြဦး၊ အတွယ် မတင်ဘူးနော်၊ တောင်းနဲ့အစ်မကြီး ... မရဘူး”
စပယ်ယာက တရစပ် ပြောနေ၏။ တောင်းကြီး တစ်လုံးကို ရွက်ထားသော ဘဲမကြီးက ...
“တောင်းဖိုးပေးမယ်လေ”
“ဟာ.. ဒီလောက် လူကျပ်နေတာ ခင်ဗျားတောင်းကြီး ဘယ်နားသွားထားမလဲ”
“ရွက်ထားမှာပေါ့တော့”
“ဟာ ... မရဘူး၊ မရဘူး၊ ဆွဲ ဆရာရေ”
ဘတ်စ်ကား ထွက်သွားသည်။
“ဟင်း ... ကျုပ်ကျတော့ မရဘူးတဲ့၊ ဟို ကြက်မတန်းမလေး ကျတော့ ညီမလေး ... လာ လာ ဆိုပြီး ခါးကိုတောင် ဆွဲတင်ပေးလိုက်သေးတယ်”
ဘဲမကြီးသည် မကျေမနပ် ရေရွတ်ရင်း ကျန်ခဲ့သည်။ ရွက်ထားသော တောင်းထဲမှာတော့ ဒီမနက်ကမှ လောလောလတ်လတ် ဥထားသော ဘဲဥတွေ။
* * *
ဘတ်စ်ကားသည် နဂိုကပင် ကျပ်ပြီးသား ဖြစ်၏။ နောက်ထပ် ခရီးသည်တွေ တက်လိုက်သောအခါ ပိုကျပ်သွားသည်။ ထိုင်ခုံတွေမှာ ဂိတ်စကတည်းက နေရာဦးလာခဲ့သော ငါးသေတ္တာ ငါးတွေ အစီအရီ ထိုင်နေကြသည်။ နောက်ဆုံးတန်း ထောင့်ခုံမှာတော့ ဇီးကွက်ကြီး တစ်ကောင် အိပ်ငိုက်နေသည်။ ညအလုပ်ဆင်းရာမှ ပြန်လာခြင်း ဖြစ်ဟန်တူ၏။ ဇီးကွက်တို့သည် ညစောင့် အလုပ်ကို မျိုးနှင့်ရိုးနှင့် လုပ်ကြသူများ ဖြစ်၏။
“ကဲ ... ကားခလေးတွေ ပေးမယ်နော်၊ ငါးရာတန်တွေ ပေးရင်တော့ ပြန်မအမ်း နိုင်သေးဘူး၊ အမေ့ခံထား လိုက်မှာပဲ၊ ကဲ ကဲ ... ကားခလေးတွေ ထုတ်ထားမယ်၊ လက်တို့တော့မှ ရှက်လို့ မဖြစ်ဘူးနော်”
စပယ်ယာက တစာစာ အော်တောင်းသည်။ မလှမ်းမကမ်းမှာ ရှိသော ငါးရှဥ့် တစ်ကောင်သည် ခရီးသည်တွေ ကြားထဲ လျှောခနဲ တိုးဝင်ပြီး နောက်နား ကျကျမှာ ခပ်ကွယ်ကွယ် ရပ်နေလိုက်သည်။ ခရီးသည်တွေက ကားခပေးကြသည်။ ယုန်တစ်ကောင်ကတော့ ကူပွန်စာရွက်ကို မရဲတရဲ ပေးလိုက်သည်။ စပယ်ယာက လှမ်းယူရင်း ...
“အကြွေတော့ ပြန်မအမ်းနိုင်ဘူးနော်”
ဟု ပြုံးစစ ပြောသည်။ ယုန်ကလေး၏ ထောင်နေသော နားရွက်မှာ ဖျတ်ခနဲ ကုပ်ကျသွားသယောင် ထင်ရ၏။
ကားအတွင်းဘက်က အခြေအတင် ပြောသံဆိုသံတွေ ထွက်ပေါ်လာသည်။ သမင်တစ်ကောင်၏ ဦးချိုက ဘေးမှ ခရီးသည်တွေကို လျှောက်တိုက်နေသောကြောင့် ဖြစ်၏။
“အို ... ဘယ်နှယ့်လဲ၊ ရှင့်ချိုကြီးက ဟိုတိုး ဒီတိုးနဲ့”
ဝက်မကြီးက ပြဿနာရှာသည်။
“ခင်ဗျားအမြီးကလည်း ကျုပ်ကို တဖတ်ဖတ် လာရိုက်နေတာပဲ”
ဟု သမင်က ပြန်ပြော၏။ သစ်တောက်ငှက် တစ်ကောင်ကလည်း ဝါသနာကို မဖျောက်နိုင်ဘဲ မှန်ကို တဒေါက်ဒေါက် ခေါက်နေသဖြင့် ...
“ဟေ့ ... နှုတ်သီးမဆော့ပါနဲ့ဗျ”
ဟု စပယ်ယာက တားရသည်။ အရေးထဲ မှတ်တိုင် တစ်ခုမှာ ဖြူတစ်ကောင်က ကားပေါ်တက်မည် လုပ်နေသဖြင့် ...
“ဟာ ... ခင်ဗျားကိုယ်က ဆူးတွေနဲ့၊ အလိုလိုကမှ ဒီမှာ ပြဿနာ တက်နေရတဲ့ ကြားထဲ၊ မရဘူး”
“ဟာဗျာ ... မွေးကတည်းက ဆူးတွေ ပါလာတဲ့ဟာပဲ၊ ဒါ အပြစ်လားဗျ”
“ချောင်တဲ့ကားကျမှ စီးဗျာ” ဆိုပြီး ထားခဲ့ရသည်။
“ဟေ့ကောင်.. အတွယ်တွေ အထဲ ဝင်ခိုင်းစမ်း၊ ရှေ့မှာ ဆပ်ပလိုင်းချက်စ် ရှိတယ်”
ဒရိုင်ဘာ မြင်းနက်ကြီးက လှမ်းသတိပေးသည်။ ရှေ့နားက သစ်ပင်ရိပ် အောက်မှာ ချောင်းနေသော ပိုလာဝက်ဝံ နှစ်ကောင်ကို လှမ်းမြင် လိုက်ရသောကြောင့် ဖြစ်၏။ သူတို့ရှေ့က အဖြတ်တွင် ကားအရှိန် လျှော့လိုက်ပြီး လွန်လာတော့မှ ပြန်တင်သည်။
“ဟင် ... နံလိုက်တာ၊ ဘာနံ့ကြီးလဲ”
“ဟုတ်ပါ့ ... ဒီလောက် ကားကျပ်တဲ့ ကြားထဲမှာ ... တော်တော်ယုတ်တယ်”
နောက်နားဆီက အသံတွေ ထွက်လာ၏။
“ငါးပြေမတွေ ကားကျပ်လို့ ငါးပိ ဖြစ်ကုန်ပြီ ထင်တယ်”
ဆိတ်တစ်ကောင်က နောက်လိုက်သည်။
လမ်းဆုံ မှတ်တိုင်မှာ ခရီးသည် တော်တော်များများ ဆင်းသည်။ ထို့အတူ အတော်များများ ကလည်း ကားပေါ်တက်ဖို့ တာစူနေသည်။ အောက်က တိုးဝှေ့ တက်လာတော့မှ ...
“နေပါဦး ... ဒီမှာ ဆင်းတောင် မဆင်းရသေးဘူး”
လိပ်တစ်ကောင်သည် ခရီးသည်တွေကြားက ခေါင်းပြူထွက်ရင်း လှမ်းပြောသည်။ စပယ်ယာက ...
“ခက်တာပဲ၊ ခင်ဗျားတို့ လိပ်တွေဟာ နေရာတကာ တုံ့နှေးတုံ့နှေးနဲ့၊ စောစောကတည်းက တိုးထွက်ထားပါလား”
“တိုးတာပဲ ... နို့ပုံးကြီးက ကန့်လန့်ခံနေလို့”
“အလိုတော် ... ဘယ့်နှယ် ကျုပ်နို့ပုံးကို ရမယ်ရှာရတာလဲ”
ဟု နွားမကြီးက ပြန်လည်ချေပသည်။
ခရီးသည်တွေ တက်လာပြီးနောက် ကားဆက်ထွက်သည်။
“ကဲ ... အတွင်းထဲကို တိုးပါ၊ ဘေးစောင်းတိုးလေ၊ အထဲမှာ အချောင်ကြီး၊ ကမ္ဘာ့ဖလား ဘောလုံးပွဲတောင် ကန်လို့ရတယ်”
စပယ်ယာက အော်တော့ စပါးကြီးမြွေ တစ်ကောင်က ...
“မင်းက အချောင်ကြီးပြောနေ၊ ဒီမှာ မြွေစင်စစ်က ကြိုး ဖြစ်တော့မယ်ကွ”
ထိုစဉ်မှာ ဒရိုင်ဘာက ဘရိတ်ကို ဆောင့်နင်းလိုက်သဖြင့် အလဲလဲအပြိုပြို ဖြစ်ကုန်သည်။ မြင်းကျား တစ်ကောင်က ရုတ်တရက် လမ်းဖြတ်ကူးသောကြောင့် အရှိန်သတ်လိုက်ရခြင်း ဖြစ်၏။
“တောက် ... သူ့ကိုယ်သူ မြင်းကျားဆိုပြီး တော်တော် အခွင့်အရေး ယူချင်တယ်”
ဒရိုင်ဘာက မကျေမနပ် ရေရွတ်ပြီးမှ ကားကို ဆောင့်ကြီးအောင့်ကြီး ပြန်မောင်းထွက်သည်။
“မှတ်တိုင်ပါတယ်”
ပင်ဂွင်းငှက် တစ်ကောင်က အော်လိုက်သည်။ စပယ်ယာက
“မှတ်တိုင် ပါသေးတယ်တဲ့ ဆရာရေ၊ လိုက်မယ့်သူ မရှိရင် မှေးထားပေးလိုက်”
ပင်ဂွင်းသည် စီးဆားဗစ်ရင့်နေသူ ဖြစ်သောကြောင့် ကောင်းကောင်း သဘောပေါက်သည်။ ကားက လေးဘီးစလုံး ရပ်ပေးမှာ မဟုတ်။ အရှိန် လျှော့ပေးလိမ့်မည်။ ထို့ကြောင့် အပေါက်ဝနားမှာ ရပ်ပြီး အသင့်ပြင်ထား လိုက်သည်။ ကားအရှိန် အလျော့ဆုံး အချိန်ကို မှန်းဆပြီး ခုန်ဆင်းလိုက်၏။ အကျငြင်သာအောင် တောင်ပံကို တဖျပ်ဖျပ် ခတ်သည်။ သို့ရာတွင် ပင်ဂွင်းတို့၏ တောင်ပံက လေမှာ ပျံနိုင်လောက်သော အင်အား မရှိသဖြင့် ဘာမှ အရာမရောက်ဘဲ ပလက်ဖောင်းပေါ် ဟပ်ထိုးကျသွား၏။
နောက်တစ်မှတ်တိုင် အရောက်တွင် ...
“ဟာ ... ပြဿနာကောင်တွေတော့ လာပြီ”
ဟု စပယ်ယာက ရေရွတ်သည်။
တစ်တီတူးတစ်အုပ် တက်လာသောကြောင့် ဖြစ်၏။ ဒီအကောင်တွေက အများတကာနဲ့ မတူဘဲ လက်ကိုင်တန်းကို ဇောက်ထိုး တွဲလွဲခိုပြီး လိုက်တတ်တာကိုး။ ထင်တဲ့အတိုင်းပဲ မှတ်တိုင်ကထွက်လာပြီး မကြာခင်မှာပင် ...
“ဘယ်လိုဖြစ်နေတာလဲ”
“ဟဲ့ ... တင်ပါးကို ဆိတ်တယ်ဟဲ့”
“ဒီကောင်တွေ တက်လာရင် အဲဒီအတိုင်းပဲ”
“ပိုက်ဆံအိတ်ကလေးတွေ သတိထားကြနော်”
စသော အသံတွေ ထွက်လာ၏။
ဒီလိုနဲ့ပဲ တိုးရင်းဝှေ့ရင်း၊ ပြောရင်းဆိုရင်း၊ ငြင်းရင်းခုန်ရင်း၊ နောက်ရင်းပြောင်ရင်း ဂိတ်ဆုံး ရောက်လာသည်။ ခရီးသည်တွေ ကားပေါ်က ဆင်းကြသည်။ သင်းခွေချပ် တစ်ကောင်သည် ရောက်လို့ရောက်မှန်း မသိဘဲ ထောင့်တစ်ထောင့်မှာ ခွေခွေလေး အိပ်ပျော်နေသည်။ စပယ်ယာက သွားနှိုးတော့မှ လူးလဲထပြီး ...
“ဟင်.. ဘရာဇီး နိုင်သွားလား၊ ဘယ်နှစ်ဂိုးလဲ”
ဟု ယောင်ယောင်ကန်းကန်း ပြောလိုက်၏။
* * *
ဗျိုင်းမလေးသည် ဖွာလန်ကြဲသွားသော အမွှေးအတောင်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်နေသည်။ ကားပေါ်မှာတုန်းက တစ်ချိန်လုံး သူ့နားကပ်နေသော ဘဲငန်းကြီးကို မျက်စောင်းတစ်ချက် ထိုးပြီးမှ ထွက်သွားသည်။ သမင်က ချိုဖျားလေး တစ်ချောင်း ကျိုးသွား၏။ ဝက်မကြီးသည် သမင်ချိုနှင့် ထိုးမိသောကြောင့် ဘေးကြော အောင့်သွားသည်။ အောက်ချင်းငှက်ကတော့ တစ်ချိန်လုံး ဇက်ကို ပုထားခဲ့ရသဖြင့် လည်ပင်းတွေ ညောင်းနေ၏။ မြင်းမလေးသည် ပိုနီတေး ပုံသွင်းထားသော အမြီး အလှပျက်သွားသဖြင့် စိတ်ညစ်နေ၏။ သားပိုက်ကောင်ကတော့ ကိုယ်ကပ် ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက် ဓားနှင့်ခွဲတာ ခံလိုက်ရသဖြင့် တဖျစ်တောက်တောက် ညည်းညူနေသည်။ ဖားဂုံညင်း တစ်ကောင်သည် ကားပေါ်မှ ဆင်းလာခါစတွင် တစ်ကိုယ်လုံး ပြားကပ်နေသည်။ ပလက်ဖောင်းပေါ် ရောက်တော့ “ခုမှပဲ အသက်ဝဝ ရှူရတော့တယ်” ဟု ပြောရင်း လေကို အားပါးတရ ရှူရှိုက်လိုက်ရာ သူ့ကိုယ်လုံးက ပြန်လည် ပြည့်တင်းဖောင်းကားလာလေသည်။
---------
မင်းလူ
ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၂၀၀၂။

သမီးလည်း ကူညီပါရစေ

“ သမီးလည်း ကူညီပါရစေ ”
~~~~~~~~~~~~~~~~~~
တခုသောဆေးရုံရဲ့ အရေးပေါ် ဌာနမှာ ဖြစ်ပါတယ်။ ထိခိုက်
ဒဏ်ရာရတဲ့ ကလေးတွေ လာကုနေ တဲ့အထဲ ၁၆-နှစ်သား
တယောက်ရဲ့ မိခင် နဲ့ အစ်မများက အသည်းလှုပ်ဆုံးပါ။
ကမ္ဘာပျက်သလို ဆောက်တည်ရာ မရဖြစ်နေပုံကြောင့် သူတို့
သားထက်ငယ်သူ ဆယ်နှစ်ပတ်လည်ကလေးတွေရဲ့ မိဘ
များက ဖျောင်းဖျ နေကြပါတယ်။
.
ဆယ်နှစ်သမီး ခြေထောက်ကျိုးတာ လာပြတဲ့ ဖခင်က
တည်ငြိမ်စွာ နှစ်သိမ့်ပါတယ်။ ကလေးတိုင်းဟာ ဆော့
ကစားရင်း ဒီလိုပဲ ကြုံရစမြဲပါတဲ့။ ပြန်ကုစားလို့ရတဲ့ အနေ
အထားမို့ တုန်လှုပ်နေရင် ကာယကံရှင် ကလေး ကိုယ်တိုင်
ခြောက်ခြားသွားမှာ မလိုလားပါဘူးတဲ့။ သူ့သမီးဟာဆိုရင်
ဆယ်နှစ်ပြည့်မွေးနေ့ လက်ဆောင် ခွေးကလေးဝယ်ပေးတာ
အိမ်ရောက်တဲ့နေ့မှာပဲ ပြိုင်တူပြေးဆော့ကြရင်း အခန့်
မသင့်လို့ ခုလိုခြေကျိုးတာပါ။ အယူအစွဲကြီး သူတွေကတော့
ဒီခွေးကိုက အကျိုးပေးမကောင်းဘူး ၊ နိမိတ်မကောင်းဘူး
ပြန်စွန့်လိုက် ဆိုတဲ့အထိ ဖိအားပေးကြပါတယ်။
.
မိဘများက လက်မခံပါ။ သမီးကို ဘာမှမစိုးရိမ်ဖို့ အားပေးပြီး
ဆေးရုံခေါ်လာတော့ တည်တည် ငြိမ်ငြိမ်ပါပဲ။ ခွေးကိုလည်း
မငြိုငြင်ဖို့ သမီးကို ရှင်းပြပါတယ်တဲ့။ ၁၆နှစ်သား လက်ကျိုးသူရဲ့
မိခင်ကတော့ ဘယ်လိုမှ လက်မခံပါ။ ကျမသားက ဒီနှစ် ၁၀
တန်းရှင့်။ အရေးကြီးတယ်။ ဒီဘောလုံးကို မကန်ပါနဲ့ ဆိုထားတာ
တားထားရဲ့သားနဲ့ဆိုပြီး ငေါက်ငန်းမဆုံးသလို ပြေးလွှား ကစား
ခုန်ကစား ဘာမှ မလုပ်ဖို့ မောင်းမဲနေပါတော့တယ်။ သားဖြစ်သူ
ခမျာလည်း ဘယ်တော့မှ ပြင်မရတဲ့ အပြစ်ကြီး ကျူးလွန်မိ
သူလိုနေစရာ မရှိတုန်လှုပ်နေပါတော့တယ်။
.
ခြေကျိုးသူ ၁၀ နှစ်သမီးရဲ့ ဖခင် ကတော့ ကလေးတွေကို
ထိခိုက်မှာ စိုးလို့ မကစားရဘူး ဆိုတာတော့ နည်းလမ်းမ
ကျကြောင်း၊ အန္တရာယ် ကင်းအောင်သာ ဂရုစိုက်ဖို့ တိုက်တွန်း
သင့်ကြောင်း ဆွေးနွေးဖို့ ကြိုးစားပါသေးတယ်။
.
၁၆-နှစ်သားရဲ့ မိခင်က ဘယ်လိုမှ လက်မခံပါ။ ကျမတို့က
သားသမီးကို ရွေလို ဥထားတာ၊ ပိုးမွေးသလို မွေးထား
တာရှင့်။ ပေါက်လွှတ်ပဲစားတွေလို ……။ စသဖြင့် စကားတွေ
ထိခိုက်တော့မယ့်အထိ အငြင်းပွား ကုန်ကြ တော့တာပါပဲ။
.
ခြေကျိုးသူ သမီးရှင် ဖခင်က ဆေးကုသပေးတဲ့ ဆရာဝန်
တွေရဲ့“ မပူပါနဲ့ ဒီလိုပါပဲ ” ဆိုတဲ့စကားကို လက်ခံပါတယ်။
ဟုတ်ကဲ့… ကျနော်လည်း ဒါပထမဆုံးအကြိမ်ဖြစ်ပေမယ့်
နောက်ဆုံးအကြိမ်ပဲလို့ မထင် ၀ံ့ပါဘူး။ အန္တရာယ်ကင်း
အောင်တော့ စွမ်းသမျှ ဂရုပိုစိုက်မှာပါ။ ဒီအရွယ်က မျောက်
အရွယ်ဆိုတော့ သူတို့ရဲ့ ဆော့ကစားခွင့်ကို မပိတ်ပင်ပါဘူး။
နံဘေးက ထိန်းကျောင်းနိုင်သ၍ ထိန်းကျောင်း၊ ကိုယ်
မအားတဲ့ အချိန်တွေ အတွက်လဲ စနစ်တကျ မှားကြားထားဖို့
ရည်ရွယ်ပြီးသားပါတဲ့။
▬*▬*▬
ကျနော်တို့နိုင်ငံမှာ စကိတ်အားကစားနည်းဟာ အရင်ထက်
တွင်ကျယ်လာတာ သတိပြုမိပါတယ်။ အခပေး ကစားကွင်း
တွေလည်း ပေါ်လာသလို လမ်းပေါ် အရပ်ထဲလည်း ခြေခြင်း
လိမ်နေတာ မြင်နေရတာပါပဲ။ အမေအို တယောက်ကတော့
မှင်စာတွေ ခြေရှုပ်တာ ကျနေတာပဲလို့ မြည်တွန်ရတဲ့အထိပါပဲ။
.
နိုင်ငံတကာပျံ့နှံ့လာတဲ့ ဒီကစားနည်းကို ကျနော်တို့ဆီက
အတုယူအားကျတာတော့ အငြင်းပွား စရာမရှိပါ။ ဒါပေမယ့်
သူတို့ဆီမှာက အန္တရာယ်လုံခြုံအောင် ဂရုစိုက်တဲ့ ဓလေ့ကို
မွေးကတည်းက ကျင့်ပေး ထားပါတယ်။ ကိုယ့်ခြံဝင်းထဲ
စကူတာ(Scooter/Scooter) စီးတာတောင် ခေါင်းဆောင်း
(Helmet) ဆောင်းပါတယ်။ စကူတာနဲ့ အတူခေါင်းဆောင်း
(Helmet)က တပါတည်းတွဲလျက်ကိုင်ပြီးသားပါ။ ကားပေါ်
တက်ထိုင်တာနဲ့ ခါးပတ်ကိုလက်က အလိုအလျောက်ရောက်
ပြီးသား။ ဆွဲယူတပ်ပြီးသား အလေ့ကောင်း ရနေသလိုပေါ့။
▬*▬*▬
တခုသောဆေးရုံရဲ့ အရေးပေါ်ဌာနကို ကိတ်မုန့်တလုံးရောက်
လာပါတယ်။ကြည့်လိုက်ကတည်းက မုန့်တိုက်ကမဟုတ်ပဲ
အိမ်လက်ရာဆိုတာ သိလွယ်တဲ့ ပုံပန်းမကျ ကိတ်တလုံးပါ။
.
မုန့်ဖုတ်သူကလည်း ၁၁ နှစ်သမီးတဲ့။ ဒီလောက်တော့ရှိမှာ
ပေါ့ဆိုပြီး စားမယ်ပြင်တော့ စာ တစောင်လည်း တွဲလျက်ပါတာ
တွေ့ကြပါတယ်။ ကလေးရဲ့စာမှာရေးထားတာက ဒီဆေးရုံ
ဝန်ထမ်းတွေရဲ့ လုပ်အားနဲ့ တန်ဖိုးကို အသိအမှတ်ပြုထား
တာပါ။
.
ဒီလူတွေမရှိရင် သူမတို့မြို့လေးကတော့ စိုးရိမ်စရာပဲလို့
အစချီပြီး ပင်ပန်းကြသလောက် ပြန်ကော ရကြရဲ့လားလို့
တွေးမိပါတယ်တဲ့။ဒါနဲ့ ကိတ်မုန့်ဖုတ်ပြီး အားပေးလိုက်တယ်
ဆိုပဲ။
သူ ငွေကြေး မတတ်နိုင်ပေမယ့် နေ့လည်လဘက်ရည်ပွဲ
အတွက်တော့ ၀င်ကူနိုင်တယ်လို့ သူ့ဘာသာ သိလိုက်တယ်တဲ့။
.
ဒီအထိ မဆန်းလှသေးပေမယ့် ဒုတိယအပိုဒ်ကတော့ ကျနော့်ကို
အငိုက်မိသွားစေပါတယ်။
ကိတ်မုန့်မှာပါဝင်တဲ့ ပစ္စည်းတွေကို တခုခြင်း ရေးပြထားတာပါ။
တချို့ဓာတ်မတည့်မှု ဖြစ်မှာစိုးလို့ ဖတ်ကြည့်ပြီးမှ စားကြပါတဲ့။
( ဒီအပိုဒ်ကို ဖတ်ပြီး ဒီကလေးရဲ့ အသေးစိတ် စဉ်းစားတတ်ပုံကို
မအံ့သြပဲ မနေ၀ံ့ပါဘူး။ ) ကိတ်မုန့်လေးတလုံး ဖုတ်တာတောင်
ဖြစ်လာမည့် အကျိုးဆက်တွေ တွက်တတ်တာ၊ တာဝန်ခံ
တာဝန် ယူမှုကို နားလည်နေတာပါလားလို့ ကျနော်ရေရွတ်မိ
ပါတယ်။
သူ့ပတ်ဝန်းကျင်၊ သူသင်ခဲ့တဲ့ ပညာရေးက သူ့ကိုေ လ့ကျင့်ပေး
ခဲ့တာပဲလို့ ကျနော် နားလည်လိုက်ပါတယ်။
.
ဆက်ရေးထားတာတွေကတော့ သူ့အိမ်မှာပဲ ကိုယ်တိုင် ဖုတ်တယ်
ဆိုတာရယ်၊ သူ့နာမည်ရယ်၊ အသက် ၁၁-နှစ်ရယ်ဆိုတာရယ် ၊
လူတွေကို ကူညီချင်လို့ သူ့ကို ဖုန်းဆက်အကူညီတောင်းပါ တဲ့။
( နံပါတ်လည်း ရေးပေး ထားပါတယ်။ )
နှစ်ခါမခေါ်စေရပါဘူးတဲ့ဗျား…မှတ်ချက်တောင် ရေးပေးလိုက်သေး။
.
သူ့ရဲ့ စာအဆုံးသတ်ပုံကိုလည်း ကြည့်ပါဦး။
သမီးဟာ အရွယ်ငယ် ချင်ငယ်ပါလိမ့်မယ်တဲ့။ ဒါပေမယ့်
ကြီးမြတ်တဲ့ အရာကိုတော့ လိုချင်ပါတယ်။
ဒါကြောင့်.... “ ကူညီပါရစေ”...တဲ့။
.
ကျနော့်မှတ်ချက် မလိုအပ်တော့ဘူး ထင်ပါတယ်။

[ ပြည်သူ့အရေးဂျာနယ် အပတ်စဉ်ဆောင်းပါးမှ ]

ဝါးတားဂိတ်များကို ဖြတ်ကျော်ခြင်း

“ ၀ါးတားဂိတ်များကို ဖြတ်ကျော်ခြင်း ”
။။------------------။။--------------။။



ဒေါနတောင်တန်းဆိုသည်နှင့် နားထဲသေနတ်သံကြားလာ ၊
မျက်စိထဲ ယမ်းငွေ့တွေမြင်လာစမြဲ၊ တကယ်လည်း မဝေး
ခဲ့သည့် အတိတ်မှာ အစိတ်စိတ်အမွှာမွှာကျကွဲခဲ့သော
ကြွေထည်တစ်ချပ်လို ထိုဒေသ။
.
တခါကဆို ဒီလမ်း(မြ၀တီလမ်း)ဆိုတာက မျက်နှာချင်းဆိုင်
သွားမရ၊ အဆင်းတစ်ရက် အတက်တစ်နေ့သာ။နယ်စပ်
ကုန်သွယ်ရေး၏ အချက်အချာလမ်းဆိုသည့်တိုင် စစ်ရေး
အရလည်း မဟာ ဗျုဟာကျဆိုပြန်တော့ ဤလမ်းခမျာ
ငြိမ်းချမ်းစွာဖြောင့်တန်းရကောင်းမလား၊ ကောက်ကွေ့
အန္တရာယ်များ ရကောင်းမလား၊ အတော် ဇဝေဇ၀ါနိုင်စရာ
ကောင်းလှပါသည်။
.
KNU ၏ တပ်မဟာများ စိုးမိုးရာရှိသလို တစ်ချို့နေရာ
တွေမှာက BGF ခေါ် နယ်ခြားစောင့်တပ်ဖွဲ့၊ ဟိုတောင်
ကြောကြည့်ပြန်တော့DKBA၊ ပြီးတော့အစိုးရတပ်စိုးမိုး
နေတဲ့နယ်မြေ။ ဒီမြေတကြော ပေါလိုက်ပါတဲ့ နတ်ရုပ်တွေ၊
နတ်ရုပ်မြင်သမျှ ချီလိုက်ရတဲ့လက်အုပ်တွေ ဟု တစ်ခါက
ကျနော် စာစပ် ဆိုဖူးသည်။
.
အဆင်းတစ်ရက် အတက်တစ်နေ့ကာလများက ဒီမိုကရေစီ
အရေးတော်ပုံ ဘက်သား တစ်ယောက်မှာ အဖမ်းမခံ
အလွတ်ပြေးရန် အတက်နေ့ကို စောင့်ချိန်မရ၍ အဆင်း
နေ့မှာပင် ဆိုင်ကယ်ဖြင့် ဇွတ်ဆန်တက်ခဲ့ရသည့် ဇာတ်ဝင်
ခန်းကိုပြခဲ့ရပါသည်။ ထိုအချိန်က လမ်းကလည်းကြမ်း၊
ရွှံ့တွေထဲရုန်းရင်း အတက်ကားတွေ၏ ကြိမ်းမောင်းသံ
ကိုလည်း နားထောင် ခေါင်းချင်းဆိုင်တိုက်မည့် အရေး
ကိုလည်းရှောင်ရင်း လွတ်ရာပြေးခဲ့ရကြောင်း၊ တကယ်လည်း
လက်နက်ကိုင်တော်လှန်ရေး လက်နက်မဲ့ ခုခံရေးသင်တန်း
များပေးရာ အသွားအပြန် လမ်းကြောင်းလည်းဖြစ်ခဲ့သေး
သည်ကိုး။
လမ်းတစ်လျှောက် လုံခြုံရေးဂိတ်တွေကလည်း ဟောတဂိတ်
ဟောတဂိတ်။
တစ်ခါသားမှာဖြင့် ထိုင်းဘက်သွား၍ လှုပ်ရှားရန် ရုပ်ဖျက်
ထွက်ခဲ့သူတစ်ယောက် တစ်ခုသော အချိုးအကွေ့ကို ညွှန်ပြရင်း
ဇာတ်ကြောင်းပြန်သည်။ “အဲဒီနားမှာပေါ့ဗျာ ကျနော်က ဆံပင်
အတု တပ်၊ မျက်မှန် တပ်ပြီးရုပ်ဖျက်လာပါတယ်။ စစ်ဆေးရေး
ဂိတ် ဖြတ်တော့ ပြီးခါနီးမှ တစ်ယောက်က“အကို..အကို
မျက်မှန်ကြီးက မှန်ပြုတ်နေတယ်”လို့ လက်ညှိုးထိုးပြလိုက်တာ
လူကို ဇောချွေးတွေပြန်သွားတာပဲ ” ။
▬*▬*▬
မြ၀တီကိုရောက်တာဒီနှစ်ထဲ သုံးခေါက်ရှိပြီ။ ရောက်တိုင်းလည်း
ကျနော့်အတွက် သဘာဝတရား၏ ရက်ရော သောအလှူကို
ယူတတ်သမျှယူချင်စိတ်ဖြစ်ရမြဲ၊ ဒီနယ်တကြောမှာက ကျောက်
ကလပ်တောင်တွေ ပေါသလို၊ စိမ်းစိုသောအလှကို ထိမ်းထား
နိုင်သေးသည်။ ဘားအံဆိုလျှင် မြစ်ကမ်းနားတလျှောက်
မြင်ကွင်းက ရှု့မဆုံးမျှော်မဆုံး၊ ရေပြင်နှင့်တောင်တန်းတွေ
မြူခင်းတွေက ပုလဲတကန့် ရွဲတကန့် ခင်းထားသလို။
ဒါပေမယ့် ဒီအလှတွေကြားကပင် စိတ်ကိုစနိုးစနောင့်ဖြစ်
စရာတွေ ကြုံရပါလိမ့်မည်။ မနိုင်ဝန်ထမ်းလာသော
ကုန်ကားကြီး များကြောင့် လမ်းအပြည့်ပိတ်နေပြီး ကျော်မရ
တက်မရ ခရီးမတွင်ရသည့်သောက၊ ၀န်ပိုကားများကြောင့်
လမ်းပျက်သည်ဟု သတိပေးထားသည့်ကြားက ခါးကျိုး
မတတ်သယ်လာသည့် ကုန်ကားများကို မျက်မြင်နှင့်ပင်
မသက်မသာမြင်နေရသည်။
.
တောင်နံရံတွေကို ကိတ်မုန့်လို လှီးဖဲ့ပြီး အသစ်ဖေါက်ထား
သည့်လမ်းတလျှောက် မြေထိမ်းနံရံ လမ်းသားတွေကို
ကြည့်ပြီး အားရမဆုံးရှိသူတွေအတွက် ဒေသခံတစ်ဦးက
ဒါ ထိုင်းလက်ရာပဲရှိသေးတာ၊ ဂျပန်ကလှူတဲ့လမ်းတွေ စိတ်
မထင်လို့ မသင်္ကာရင် လမ်းကို မြေလှန်ပြီးပြန်စစ်တာဟု
သတင်းပေးသည်။
.
ယခင်တခေတ်လုံး ဒီလမ်းတစ်လျှောက် စိတ်အနှောက်
အယှက်အဖြစ်ရဆုံးက ၀ါးတားဂိတ် တွေပင်။ ၀ါးတားဂိတ်
တွေဆိုလို့ အမေရိကန်နိုင်ငံရေးသမိုင်းမှာ ဟိုးလေး
တကျော်ဖြစ်ခဲ့ပြီး သမ္မတနစ်ဆင် နှုတ်ထွက်ခဲ့ရသည့်
ဝါးတားဂိတ်အရေးခင်းမျိုးတော့ မဟုတ်ပါ။ ၀ါးလုံးတချောင်း
ဖြင့်တားကာ လမ်းကြေး ပိုက်ဆံတောင်းသည့် ဂိတ်ကို
ဆိုလိုပါသည်။
.
မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ၀ါးလုံးတစ်ချောင်း အသုံးချ
ကြီးပွားနည်းဟု တက်ကျမ်း တစ်စောင်ရေးရမည်လို
ဝါးတားဂိတ်ဓလေ့မှာ ကျယ်ပြန့်ခဲ့ပါသည်။ ၁၂ လက်မ
တစ်ပေ ၃ ပေ တစ်ကိုက် အစား ၃ ပေ တစ်ဂိတ်ဟု
သရော်ရသည်အထိ ၀ါးတားဂိတ်တွေစိပ်ခဲ့သည်။
ယခုကော ရှိသေးလားဆိုတော့ ၀ါးတား ဂိတ်တော့
မရှိတော့ဘူး ၊ တခြားတားဂိတ်တော့ ရှိသေးတယ်ဟု
မချိုမချဉ် ဖြေယုံသာ ။
▬*▬*▬
မယ်တော်ဆေးခန်းဆိုလျှင် ထိုင်းနိုင်ငံမဲဆောက်မြို့ကဆိုတာ
လူသိများပြီးသား (၈၈) အရေး တော်ပုံနှင့်အတူ ပေါ်လာသော
ဆေးခန်း ( ဆေးခန်းသာခေါ်ရသည်။ ဆေးရုံကြီး တခုလောက်
နီးနီး) ဆေးဝန်ထမ်းအင်အား ခုနှစ်ရာဖြင့်လည်ပတ်နေရသည်။
လွန်ခဲ့သည့် ၂၈ နှစ်က လယ်မြေတွေပေါ် ရွှံ့ထဲ နွံတောထဲ
ဝါးတဲ၊သစ်အိမ်လေးများဖြင့် စခဲ့သည်။ တောခိုကျောင်းသား
အများစုအတွက် ကျန်းမာရေး အားထားရာ ရွှေ့ပြောင်းလုပ်သား
အများစုအတွက် ဆေးကုသစောင့်ရှောက်မှု ခံယူရာဖြစ်လာ
ခဲ့သည်။
.
ဆရာမဒေါက်တာစင်သီယာမောင်ကို ကမ္ဘာကသိစေ လေးစား
စေသည့်အချက်မှာ ခြေဖ၀ါး လက်ဖ၀ါးသာရှိသည့် ဘ၀က
စခဲ့ပြီး ယခု သိန်းချီနေသည့် ရွှေ့ပြောင်းလုပ်သားများ ကျန်းမာရေး
အတွက် အားပြုရာ ဆေးရုံဆေးခန်းတည်ထောင် စောင့်ရှောက်
သူဆိုသော အချက်ပင်။ ရွှေ့ပြောင်းလုပ်သားများ သာမက
ရန်ကုန်လို မြို့ကြီးအပါအ၀င် ပြည်တွင်းမှာ လူနာများလည်း
အားကိုးတစ်ကြီး လာနေကြသည်။
.
ဘယ်လောက်ရှိ သလဲဆိုတော့ ဆေးရုံလူနာ၏ ငါးဆယ်
ရာခိုင်နှုန်းမှာပြည်တွင်းကတဲ့၊ ထမင်းသုံးနပ်တောင် အလကား
ကျွေးနိုင်တဲ့ စေတနာနှင့်အင်အားကလည်း မယ်တော်ဆေးခန်း
အပေါ် အားကိုးလိုစိတ်တွေ ဖြစ်လာစေပါသည်။
.
မဲဆောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသား တည်းခိုခန်းပိုင်ရှင်
တစ်ဦးက အခုလိုပြောပြပါ၏။ “ကျနော့် တည်းခိုခန်းမှာ လာတည်း
သမျှ ခရီးသည်အားလုံးနီးပါးဟာ မယ်တော်ဆေးခန်းနဲ့ ပတ်သက်တဲ့
သူတွေချည်းပဲ။ တာဝန်လာထမ်းဆောင်ကြတဲ့ နိုင်ငံတကာက
ဆရာဝန်တွေ ပြီးတော့ လေ့လာသူတွေ သုတေသနလာလုပ်
သူတွေ အများဆုံးပဲ၊ ကျနော်လည်း မယ်တော်ဆေးခန်းနှင့်
ဆရာမအကြောင်း နယ်ခံတစ်ယောက်အနေနဲ့ လာသမျှတွေကို
ဒိုင်ခံရှင်းပြလမ်းညွှန်နေရတာ မောရမှန်းတောင်မသိပေါင်ဗျာ
ဂုဏ်ယူနေတာကို ဗျာ့” တဲ့ ။
.
ဆေးခန်းသစ်ဖွင့်ပွဲက ခမ်းနားသည်ဆိုတာထက် စိတ်လှုပ်ရှား
စရာကောင်းလှသည်။ မြန်မာနိုင်ငံမှ ကရင်လူမျိုး အများစု
အပါအ၀င် တိုင်းရင်းသားပေါင်းစုံက ရိုးရာအ၀တ်အစားတွေ နှင့်
တေးသီချင်း အကတွေ နှင့်။ ဒီမျှနှင့် ကရိုးလား။ ဟိုးအထက်
မြန်မာပြည်မှ ဆင်အက အဖွဲ့များ၊ မန္တလေးမှ ကလျာဏမိတ္တလို
လူမှုရေးအသင်းအဖွဲ့ များစွာကလည်း တစ်ခဲနက်ဝန်းရံလျက်။
ပြည်တွင်းမှ နာရေး ကူညီမှုအသင်း(ရန်ကုနု) နှင့် ချိတ်ဆက်
သွားမည့် အစီအစဉ်များ၊ ထိုင်းနိုင်ငံ မှ ဒေသန္တရအုပ်ချုပ်ရေး
အပါအ၀င် ဆရာဝန်ကြီးများကလည်း အားပေးထောက်ခံမှု
အပြည့်၊ မယ်တော်ဆေးခန်း ဒီထက်ပို အားကောင်းဖို့အရေး
ဥပဒေအရဘောင်ဝင်အောင် ဆောင်ရွက်တာက အစ ကူညီ
ဖေးမပေးကြသည်။
▬*▬*▬
နွံတော ရွှံ့တောထဲ
တဗိုင်းဗိုင်းလဲခဲ့သမျှ
တခါလဲရင် နှစ်ခါပြန်ထတဲ့စိတ်ဓါတ်နဲ့ မယ်တော်ဆေးခန်း
တည်နေရာက သောင်ရင်းမြစ်တစ်ဖက်ကမ်း ။
.
ထိုင်းနိုင်ငံဘက်အခြမ်း သောင်ရင်းမြစ်ဆိုတာက အပိုင်းခြား
နယ်နိမိတ် ဒီမြစ်ကိုကူးခဲ့လို့ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှုနဲ့
အရေးယူခံရသူတွေ ဒုနဲ့ဒေး ပုဒ်မ(၁၃)နဲ့ ထောင်ဒဏ်သုံးနှစ်
ကျခဲ့သူတွေ လူဝင်မှုအက် ဥပဒေတဲ့၊ ကုန်သွယ်ရေး နိုင်ငံရေး
အရေးမျိုးစုံအတွက် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ဗီဇာလိုပါသတဲ့၊
ကျနော် မြန်မာပြည်ဘက်အခြမ်းကိုလှမ်းမျှော်ကြည့်သည်။
.
ဟိုမှာဒီမှာ ညို့အားပြင်းအလှများနှင့် တောစိမ်းတောင်ယာ
ဒေါနတောင်တန်းက နတ်ပန်းချီလိုဆွဲချလိုက်သမျှ ရစ်ခွေစီး
ပြတဲ့ သံလွင်ရဲ့အကွေ့အ၀ိုက်ရေစီးထဲကြားလိုက်ရတဲ့ ဂီတ ၊
ဒီနယ်တစ်ကြောဟာဖြင့် ဟိုနေရာက ဟိုအဖွဲ့အစည်းပိုင်၊
ဒီနယ်က ဒီအဖွဲ့အစည်းပိုင် အပိုင်စားများနှင့် သူတို့၏
နယ်ခြားဂိတ်များ….။
▬*▬*▬
မယ်တော်ဆေးခန်းဘက် ကျနော်ပြန်လှည့်ကြည့်သည်
“ မေတ္တာတရားနှင့် လူသားချင်းစာနာမှုအတွက်တော့ ပတ်စ်ပို့
ဗီဇာမလို ဘယ်နေရာ မဆို ဖြတ်ကျော် ရောက်နိုင်သည် ”
မဟုတ်ပါလား...................။

[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၈၆]