Wednesday 30 March 2016

ပွဲခင်းသာ

"ပွဲခင်းသာ"
အမှန်တရားဟာ
ချောင်ကျကျစားပွဲမှာ
ဦးထုပ်ငိုက်ငိုက်ဆောင်း ထိုင်နေရာက
ထ....... ရပ်.....
ဇာတ်ခုံပေါ်တက်လာနေပြီ၊
မီးထိန်ထိန်စည်းဝါးညီလို့
ဆိုင်းဝိုင်းထဲက
ပတ်မကြီးကို
(ဘယ်သူမှယောင်လို့)
ခလုတ်တိုက် မရအောင်
လူကလေးတစ်သိုက်
ဝန်းရံထိုင်လိုက်သပ
ပွဲစပါဗျိုး။ 


ကိုမင်းကိုနိုင်

Tuesday 29 March 2016

အချိန်မှားမျဉ်း

"အချိန်မှားမျဉ်း"
-----------------------------------------------
ခိုးဝှက်ပျံ့ လွင့်ရတဲ့ ပန်းပွင့်ငယ်တွေရဲ့ 
ဂုဏ်ရည်မြင့်မြင့် မွှေးရနံ့ တွေရှိတယ်
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

တစ်မြို့ မှာ ချစ်သူ
တစ်မြို့ မှာ မိခင်
တစ်မြို့ မှာ မျှော်လင့်ချက်
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ
မြို့ သုံးမြို့ ကို ဆက်သွယ်ရာ
မအောင်မြင်တဲ့ မောင်လူထွားကလေး ရှိခဲ့တယ်။

နှင်းသဲသဲည ပန်းရုံကလေးပေါ်
အိပ်မောကျခဲ့တာ
အချိန်မှားမျဉ်းရဲ့  နံဘေးမှာ။

ဝန်ဆောင်မြင်းတွေရဲ့  ဟီသံမှာ
ပဋိသန္ဓေရခဲ့တဲ့ နို့ ပျဉ်းတွဲလွဲ တိမ်တိုက်တွေ
ဒဏ်ရာရခဲ့တာ
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

မခူးဆွတ်ရသေးတဲ့ မနက်ခင်းလေး
လွမ်းဆွတ်ရင်ကွဲနာကျခဲ့တာ
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

သံထည်သတ္တုတွေနဲ့ 
ဘဝကိုဖက်စပ်ရာမှာ မအောင်မြင်တဲ့
ရင်မောပန်းခင်းတစ်ခင်း ရှိတယ်
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

မကြွေသေးတဲ့ နှင်းပွင့်တစ်ပွင့်
အပျိုဖော်ဝင်စ မြစ်ကမ်းခြေမှာ
ရေချိုးနေဆဲ ရှိခဲ့တယ်
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

ရွှံ့ စေးမြေ ပျော့ပြဲပြဲနဲ့  ကျောက်တုံးမာမာတွေ
လိုက်ဖက်တင့်မော ရောနှောနေတဲ့
မဆင်မခြင် လှရိပ်မြုံကလေး ရှိခဲ့တယ်
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

ကျောင်းပြေးလာတဲ့ မိုးပြေးကလေး
လွယ်အိတ်ပျောက်ဆုံးခဲ့တာ
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

အရက်မူးလွန်လာတဲ့လေ
ဆိတ်ဖလူးပန်းကလေးနဲ့  မှားယွင်းခဲ့တာ
အချိန်မှားမျဉ်းရဲ့  ဟိုဘက်မှာ။

အခုတော့
အချိန်မှားမျဉ်းဟာ
အဖိုးတန်ပန်းတွေ တပွေ့ တပိုက်နဲ့ 
အကျင့်စာဂလမ်းတွေ ကျန်းမာဖို့ တဲ့
အလေ့ကျပေါက်ပင်တစ်ပင် ဖြစ်ခဲ့ရရှာပါပြီ။ ။

မောင်ချောနွယ်
(ငှက်ဆိတ်တဲ့သစ်စည်း ကဗျာစာအုပ်မှ)

ရွှေရည်ပိတောက်ဝိုင်

" ရွှေရည်ပိတောက်ဝိုင်"
==================================
ဝမ်းနည်းမိတိုင်း
နတ်ဆိုးတွေကို ကျေးဇူးတင်မိ
ဝမ်းနည်းမိတိုင်း
ကမ္ဘာမြေကို ကျေးဇူးတင်မိ
ဝမ်းနည်းမိတိုင်း
သစ္စာတရားကို ကျေးဇူးတင်မိ
ဝမ်းနည်းမိတိုင်း
ဘယ်အရာကိုမှ မခူးဆွတ်မိတာ
သတိရ၊
တစ်ခဏတော့ ကိုယ့်ဘဝနဲ့ကိုယ်နဲ့
တွေ့ဆုံချင်မိ
ဘာကိုမှ မဖတ်ချင်မိ၊
သတိတရ၊
အဲဒီ အကြည့်တိုင်း အကြည့်တိုင်း
အရင်အတိုင်း၊ မြင်တွေ့
ဆိုးပစ်လိုက်မယ်
လမ်းကလေးတွေ့တိုင်း
မင်းလေးမသိဘူး
ရဲရဲတောက် ရင်မှာလှိုင်း
အချစ်ကြီးလို့
ရက်စက်သူလေး
ဒီကမ္ဘာမှာ မြေပြင်မရှိတော့ဘူး
အသဲလေးဆိုး
အသဲလေး အခိုးထ။
ဝမ်းနည်းမိတိုင်း
ကမ္ဘာ မြင်ရ
စီးဆင်းရက်စက်
စောင့်ဆိုင်းဆဲ။
ချစ်သူလာ အဝေးလမ်း
ရွှေရောင်လင်း
ဒိန်းမတ်သူလေး မာလိကာရေ
ဗမာပြည်မှာ ပိတောက်တွေပွင့်ပြီလေ။

မောင်ချောနွယ်

ရေစီးကြောင်း

"ရေစီးကြောင်း"
```````````````````````````````````````````
(၁)
မြစ်တွေရဲ့ အမှားကို မြိုချရင်း
ပင်လယ်ဟာ
ဒဏ်ရာတွေနဲ့ အုံကြွလာခဲ့။ ။
(၂)
နှစ်ချို့ ဒီရေတွေဆန်တက်လာချိန်ကျတော့
ရေငန်တစ်စက်ဝင်ရင်တောင်
မျက်နှာမဲ့တတ်သူ မြစ်ဖျားတွေပါ....အမေရယ်။ ။

မောင်ချောနွယ်

ညနေခင်းကဗျာ

"ညနေခင်းကဗျာ"
~~~~~~~~~~~~~~~~~~~~~~~~~~
အစာမကျွေးရဘူး
ရေမတိုက်ရဘူး
ကြက်တူရွေးတစ်ကောင်လို သဘောထားနိုင်ပါရဲ့
သူ စကားတော့ ပြောတတ်ခဲ့ပါတယ်
မဆာပေမယ့် ဆာလောင်ဟန်ဆောင်နေတတ်တယ်
လေလွင့်တဲ့လေကို အားကျရှာရဲ့
ပြီး...
ပလပ်မြေတစ်ခုလိုလည်း ဟန်ဆောင်တတ်ပေတယ်
သင်တို့အားလုံးရဲ့ ကော်ဖီတစ်ခွက်မှာ
သီချင်းတွေ ရှိခဲ့တယ်
ဒါကို ညနေခင်းကဗျာ သူသိခဲ့ပါတယ်
မိခင်မြေကြီးမှာ လေထန်တဲ့အခါ
ဘဝကို သူလွမ်းဆွတ်နေတတ်တယ်
နာကျင်ခြင်းကို တောင့်တခဲ့တယ်
မာကျောကျောရှာဖွေခြင်းတွေ
အသက်မွေးဝမ်းကျောင်းပြုခဲ့တယ်
စောင့်မျှော်ခြင်းသစ်ပင်တွေ
ပေါင်းသင် မြက်နုတ်ခဲ့တယ်
တိမ်တွေနဲ့ မိတ်ဆွေဖြစ်တဲ့အချိန်မှာ
အမှန်တရားကို သူလွမ်းလွမ်းနေတတ်တယ်
ညနေခင်းကဗျာ...
တစ်ခါတလေ မြေကြီးဆန်သီချင်းကို လေချွန်ပြီးနေတယ်
ညနေခင်းကဗျာ...
တစ်ခါတလေ အာရေဗျက ကော်ဖီ
သူမှာပြီး သောက်နေတတ်တယ်
ညနေခင်းကဗျာ...
တစ်ခါတရံမှာ သူ့အဆုတ်ကို ကုတ်ခြစ်နေတတ်တယ်
ညနေခင်းကဗျာ...
တစ်ခါတလေ သူ မူးဟန်ဆောင်တတ်တယ်
တစ်ခါတလေ
အပွင့်အဖူးဟန် ဆောင်တတ်တယ်
ညနေခင်းကဗျာ...
ကြယ်များကို နမ်းခဲ့ပြီ
ညနေခင်းကဗျာ...
မစားဖူးတဲ့ ပန်းသီးကို
အကြိမ်ကြိမ်စားဖို့ ကြိုးစားခဲ့
မစားဖူးတဲ့ပန်းသီးကိုပဲ လွမ်းဆွတ်
ညနေခင်းကဗျာ...
ဘယ်မှမသွားဘူး
ဘာမှမလုပ်ဘူး
သူ့လျှာကတော့ ကမ္ဘာကို ပတ်ခဲ့ပြီ။ ။ ။

မောင်ချောနွယ်

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

"ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်"
================================================
ဟိုး ခပ်ဝေးဝေး
ကြီးကောင်စဝင်စ အသံလေးမှာ
ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေဝေပုံကလည်း
အဖူးပေါ် အညွှန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ် ။
သားလေ
သူ့ကိုယ်ပိုင် အသီးတွေ
ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ် ။
အမေရယ်
လေတွေထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ ။
ဆုံးရှုံးမှု သစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့ ။
တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ ။
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလဒ်ကို သားရခဲ့ပါတယ် ။
အမေမသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့ ။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါး မုန်းတယ်အမေ ။
အမေရယ်
တခြားသူတွေ အတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ ။
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး ။
သားရဲ့ ' ဘီး ' ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ ။
အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာ တစ်ယောက်ပါ ။
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလည်းပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့
မျက်စေ့တစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘဝကို ဖြစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို....
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ် ။
ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်ဝဝ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ် ။
ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့ ။
ကျနော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။ ။

မောင်ချောနွယ်

နေ့ဟောင်းများ...

" နေ့ဟောင်းများ..."
-------------------------------------------------------
လွမ်းစရာ နေ့ရက်တွေချည်းပါလား
ထုထည်နဲ့ အတုံးအခဲတွေ
ပစ်ထည့်ခံရ။
ကိုယ့်ကိုဆယ်ခဲ့ရတာ နှစ်ပေါင်းသုံးဆယ်
တခက်တခဲကြီးပါ
ရာသီဆိုးသွမ်း လမ်းမကြီးပါလား
ရာသီသစ် ပန်းသစ်တဝေေ၀
ငါတို့တစ်တွေလမ်းမှာ
ဇလပ် ခတ္တာ
အင်ကြင်းဝါနီ
တော်ဝင်ပိတောက်
ပေါက်ပွင့်နီနီရဲရဲ
နွေကိုသောက်ကြပြီး
အသည်းအေးမြကြ
သူငယ်ချင်း ‘ဖော်ဝေး’ရေ
အိုခဲလှ နာခဲ့ကြ ဘုရားတိုင်အလွမ်းတွေနဲ့
ဘ၀ဟာ ပြေးလမ်းဖြစ်ပြီး
လောကကြီးဟာ
အမောပြေသောက်ဖို့ ရေတစ်ပေါက်လောက်ပါ
သန္တိသုခလေပြည်
နေမ၀င်ခဲ့ပါဘူး အမေ။
အမေရယ်
လောကကြီးက သားရဲ့တံခါးကို ဖွင့်မပေးခဲ့ဘူး
ရနံ့မွှေးပြီး
အပွင့်ဝေကြွေတဲ့ ခရေပင်မြစ်ကမ်းပါးလေးမှာ
ထိုင်ခဲ့ရတာလည်း နှစ်သုံးဆယ်ပါ
အမေရယ်
ကျနော့်ရဲ့ နှစ်သုံးဆယ်ဟာလည်း
အရှူံးတွေချည်းပါပဲ
ကျနော်ရောက်အောင် သွားခဲ့ပါတယ်အမေ
ဖြစ်ပြီးသား အပြစ်တွေ
ပျောက်ပျက်လွန်းခဲ့
အမှန်ကို ဖန်တီးခဲ့ပေမယ့်လည်း
ကမ္ဘာကြီးမှာ ဘာမှလည်း လွမ်းစရာမရှိတော့ပါဘူး
တကယ်တော့လည်း ဟုတ်ပါတယ်
ဘ၀ဆိုတာ လေထဲက ဖုန်မှုန့်လေးပါပဲ
အခုတော့ …
အခွံကဖီးမှာ
အမေ့သားဟာ
မိုက်လုံးကြီးကြီး သစ်သီးတွေ ဝေေ၀ဆာဆာ သီးလို့။


မောင်ချောနွယ်

အိမ်ငေးသူ

"အိမ်ငေးသူ"
----------------------------------------------------------------
ငါ အိမ်ကိုငေးခဲ့
ကွာဝေးလွန်းလှချည့်။

ညာဖက်မှာ မန္တလေးတောင်ရယ်
ငိုက်လို့သူငေး
ဘယ်ဖက်မှာ ရန်ကင်းတောင်ရယ်
ငိုက်လို့သူငေး
အလယ်မှာ

အိမ်ငေးသူငါ
မွန်းတည့်နေ တည့်တည့်ကြီးအောက်မှာ
ဘယ်လိုမှ အရိပ်ခိုဖို့တိမ်းစောင်းစရာရယ်မရှိ
နေထဲမှာ
ငါဟာ ငါ့အိမ်ကိုငေးခဲ့
မွန်းတည့်နေကလည်း
မိဘက သားသမီးကိုလိုက်စောင့်ရှောက်သလို
ငါ့ကို လိုက်စောင့်ရှောက်ခဲ့
ငါဟာ အိမ်ငေးသူပါ။

ဟိုး..အဝေး
မြေလတ်မြို့ကလေးဆီက
ယိုင်နဲ့နဲ့အိမ်ကလေးထဲ
အိမ်ငေးသူ ငါ ၀င်ရောက်သွား
ငါ့ဇနီး ငါ့အပေါ်အပြစ်ဖို့သံ ငါကြားမြင်ရ
လျှပ်စီးတဖျတ်ဖျတ်လက်သလိုမျိုးအသံ
ငါ မျက်စိစူးပေမဲ့ ငါချစ်ခဲ့မိပေါ့
မလောက်မင မ၀ရေစာထမင်းလုတ်တွေ
ငါ့မိသားစု တိုင်းပြည်လေးပေါ်
မ၀ရေစာထမင်းလုတ်တွေထဲ
ငါ့သမီးလေးတွေ အစီအရီပေါ်လာ
ဆန်ရွေးနေဆဲ သမီးကြီးရယ်
စာကျက်နေဆဲ ငါ့သမီးလတ်ကလေးရယ်
တစ်အိမ်လုံးမှာ
ဘာများစားစရာ လက်ကျန်ရှိမလဲလို့
မျက်လုံးဝင်းဝင်းတောက်တောက်ကလေးနဲ့
ကြောင်ကလေးလို
တစ်အိမ်လုံး လိုက်အနံ့ခံရှာဖွေနေတဲ့
ငါ့ သမီးငယ်ကလေးရယ်
ငါတွေ့မြင်လိုက်ရ
(တကယ်တော့
ဘာစားစရာမှ မရှိရှာပါဘူးကွယ်)
နောက်ထပ်
လျှပ်စီးရောင်တလက်လက်
ငါ ချစ်မိတဲ့အသံ
အဲဒီအသံကို ငါကြည့်မိ
ငါ ရုတ်တရက်အိုမင်း
ငါ့ အိုမင်းရုပ်မျက်နှာကို ငါပွတ်သပ်မိ
အိမ်ငေးသူ သူတို့အဖေငါ့ကို
သူတို့တတွေမမြင်ပေမဲ့
တောင့်တကြပေလိမ့်မယ်။

ငါ အိမ်ကိုငေးမိ
ကွာဝေးလွန်းလှချည့်။

ငါ အိမ်ကိုငေးစဉ်
လယ်သမားတစ်ဦးအသံ ရုတ်တရက်ကြားရ
"ဟောဟို ကောက်ပင်တွေ
စိမ်းစိုပိန်းပိတ်နေတာပဲ
အဲဒီလို ဖြစ်ရမယ်
ဒီဘက်လယ်ကွက်ကတော့ကွာ
ပုလဲလိုနေလို့
မြင်လား ၀ါရော်ရော်ကောက်ပင်တွေချည်းပဲ"
ဟုတ်လား
အိမ်ငေးသူငါဟာ
ပုလဲလိုနေတဲ့ လယ်ကွက်လား
ဒါမှမဟုတ်
ငါ့ခေါင်းပေါ်ကဖြူစဆံပင်တွေဟာ
ပုလဲလိုနေတဲ့ ကောက်ပင်တွေလား
ဒါမှမဟုတ်
ဒီမွန်းတည့်နေ တည့်တည့်ကြီးအောက်က
ငါ့ဘ၀တည့်တည့်ကြီးကကော
ပုလဲလို လယ်ကွက်လား။

ငါ့အိမ်ကို ငါငေးမလို့လုပ်တုန်းမှာ
ရေပြင်က ထွေးထုတ်လိုက်လေသလား
ဘဲအုပ်ကြီး
တသီတတန်း ကမ်းပေါ်တက်လာ
တောင်ဆီကို ကြည့်လိုက်တော့
အပြိုင်အဆိုင်ဆောက်နေတဲ့ တိုက်တွေလို
တိမ်တိုက်ဖြူဖြူတွေ
တောင်ပေါ်မှာမြို့
ရုတ်တရက် လေကလေးတိုးဝှေ့လာ
ငါ့ကိုယ်ခန္ဓာ
သီတဓာတ်ရသလိုလိုမို့
ငါ့ကိုယ်ငါ ပြန်ငေးဖို့အားရှိလာ
"ဟေ့ ဘယ်သူက အိမ်ငေးနေတာတဲ့တုန်း"
"ဟေ့ ဘယ်သူ အိမ်ငေးနေတာတဲ့တုန်း"
လောလောဆယ် လူအိုရုပ်ပေါက် ငါ့မျက်နှာလား
လူအိုလူမင်းလို ငါ့သားရေဖိနပ်လား
ငါ့ပူဆွေးမှုကို ငါကြည့်နေရတာလား
ငါ့ပူဆွေးမှုက ငါ့ကို ပြန်ကြည့်နေတာလား
ငါ့ခေါင်းပေါ်က
ပုလဲလို ငါ့ဆံပင်လယ်ကွက်လား
ငါ အိမ်ငေးရင်း ဝေး ဝေး လာ
ငါ အိမ်ငေးရင်း ဆွေးမြေ့ကွဲအက်လာ။

ငါဟာ အိမ်ငေးသူပါ
ငါဟာ တူရာသီဖွားတစ်ယောက်ပါ
ဘာကြောင့်များ
သမာသမတ်ရှိသူ တူရာသီဖွားဟာ
အိမ်ငေးပြီး
အထီးကျန်ပြိုကွဲဆွေးမြေ့နေရပါလိမ့်
လိုအပ်တာထက် ပိုမိုရိုးသားခဲ့လို့များလား
ငါဟာ တွားသွားသူ
သစ်သားဘတ်စ်ကားပေါ် တက်လိုက်တယ်
ဘတ်စ်ကားပေါ်ကသူတွေ
ငါ့ကို အိမ်ငေးသူလို့ မသိကြပေမဲ့
သစ်သားဘတ်စ်ကားကြီးက သိထင်ရဲ့
ပင်စင်စား ဖိုးကြီးအိုလို
တရွေ့ရွေ့ တွားလို့တွားလို့သာ။

ကြည်ကုန်း
မိုင်ကုန်း
ဝူးကုန်း
ဒုတိယမြို့တော် နန်းတော်ရှေ့
အိမ်ငေးသူ ငါ့ရှေ့မှာ
ငါ့အိမ်ကလေးမြေလတ်မြို့
အိမ်ငေးသူ ငါ့နောက်မှာ
နာမည်သုံးလုံးမြို့ကလေး
အဲဒီ နာမည်သုံးလုံးမြို့ကလေးထဲမှာတော

မြွေမျက်လုံးနဲ့ သွားတက်ကလေးရှိသူ
ထက်မြက်သူ လူငယ်ဟာ
သူ့ထက်မြက်မှုကို အရက်ပြုသောက်ပေလိမ့်
ပြီး..ဖျာတစ်ချပ်ပေါ်မှာ လဲလျောင်းနေပေလိမ့်
အိမ်ငေးသူ ငါဟာ
ဒုတိယမြို့တော်ကြီးကနေ
ပထမမြို့တော်ဖြတ်
ငါ့အိမ်ဆီ မဝေးဖို့
အိမ်ငေးသူဟာ
ငါ့မျက်နှာပေါ်က
လောလောဆယ် အမာရွတ်လား
ငါ ပွတ်သပ်လိုက်မိသေး
မဟုတ်ဘူး
ငါ့အိမ်ဆီ မဝေးဖို့
အိမ်ငေးသူ ငါဟာ
ဖိနပ်သစ်တစ်ရံ ၀ယ်လိုက်တယ်။

မောင်ချောနွယ်

Monday 28 March 2016

ရေစီးဆန်ပုစ္ဆာ

"ရေစီးဆန်ပုစ္ဆာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်သောကမ္ဘာကြီးရေ ...
အချစ်ပြီးအချစ် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ငွေပြီးငွေ ဖြစ်နေလို့ကလည်းမဖြစ်ဘူး
အရက်ပြီးအရက်ချည့် ဖြစ်နေလို့ကလည်းမဖြစ်ဘူး
ကိုယ့်ကိုယ်ကိုယ်ပုံချလိုက်လို့
ကလည်း မဖြစ်
သံသရာကြောင်းမှာ အထုပ်အပိုးပါလို့ကလည်းမဖြစ်
ခေတ်ကို ပုံချလိုက်လို့ကလည်းမဖြစ်
မဖြစ်တာတွေချည့်ပဲ ရင်ဆိုင်နေရ

ငါ့ကို စစ်ပြုနိုင်လွန်း ...
ငါ့ဘ၀အမော အလွမ်းတွေလည်း
တာတခိုကို မစိုပြည်စေတော့ပါ။

ညဥ့်တွေ သိပ်နက်လွန်းနေတယ်
လူတွေ စီးဆင်းလွန်းနေတယ်
အရာရာဟာ စီးဆင်းလွန်းနေတယ်
ငါချစ်ခဲ့တဲ့အရာတွေအားလုံး
ဆေးရုံခုတင်ပေါ် ရောက်ကုန်ကြပြီ။

ပညာရှိသုခမိန်ရယ်
သူရူးရယ်
ကလေးရယ်
အနုပညာရှင်ရယ်
ခေါ်ပေးကြပါ။

အသက်ရှင်သရွေ့ ငါ့ကို ချစ်ကြပါ
ငါဟာ
ကွေ့ကောက်တဲ့ လမ်းများကို
ဖြောင့်တန်းစွာ လျှောက်လှမ်းခဲ့သူတဦးပါ။ ။

မောင်ချောနွယ်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၀၃ ခုနှစ်)

အငွေ့ ပျံနေ့ ရက်များ

"အငွေ့ ပျံနေ့ ရက်များ"
~~~~~~~~~~~~~~~~~~~~~~~~~~
အာခိမိဒိသီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ် ။
ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့ ။
အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။
ချစ်လှစွာသော လောကဓံတရားရေ...
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ ချစ်နေရပါတယ်။
အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ်
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ်
ဆူးရှိ၊
အရသာချဉ်စူးစူး
အစေးလည်းထွက်
ကျီးပေါင်းတက်နေတဲ့ အိမ်မက်တစ်ခု
အသက်ရှူသံ ပန်းပွင့်ထဲမှာ ရှိနေလေရဲ့။
မောင်ချောနွယ်
( ရောင်ပြန် သြဂုတ် - ၂၀၀၁ )

ကဗျာပြပွဲ

"ကဗျာပြပွဲ "
``````````````````````````````````````````
ဘ၀ကို ပွဲတော်လို့တွေးခေါ်
ငါဟာ အနုပညာမှော်ဆရာရယ်လို့
သေခြင်းတရားကို ညှို့ငင်ထား
စိတ်ကို ကျောင်းထားခဲ့တာ
နှစ်ပေါင်းလေးဆယ်တောင်
ကြာခဲ့ပါပေါ့ …… ။

- မောင်ချောနွယ်

အချစ်လားဟေ့ ၀င်ခဲ့လေကွယ်

"အချစ်လားဟေ့ ၀င်ခဲ့လေကွယ်"
==========================================
သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။
သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။
သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
“မင်း”ရယ် “အမုန်းရယ်”
နှစ်ယောက်ပဲရှိတယ်။
ခု-
“အမုန်း” ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
“အချစ်လားဟေ့ ၀င်ခဲ့လေကွယ်”။ ။

ပန်းရောင်းသူများ

"ပန်းရောင်းသူများ"
***********************************
ဆိုရိုးစကားတစ်ခုရှိတယ်
လက်သမားတစ်ယောက်ရဲ့
အိမ်တခါးတွေဟာ
အပျက်တွေချည်းပဲတဲ့။
ပန်းရန်ဆရာတစ်ယောက်ရဲ့
ဝန်ခံချက်ကတော့
ဟော်တယ်မှာတစ်ခါမှ
မတည်းဖူးတဲ့အကြောင်း။
မိမိမှာ
စေ့စပ်လက်စွပ်မရှိပါလို့ 
ပန်းထိမ်ဆရာတစ်ယောက်က
ထွက်ဆိုဖူးတယ်။
လယ်သမားကြီးတစ်ယောက်ကတော့
ဒေါ်လာဆိုတာ
ဘယ်လိုဟာမျိုးလဲလို့ 
မေးနေရှာလေရဲ့။
ကိုယ့်ပုံတူကို
ကိုယ်ပြန်ဆွဲဖို့ 
တစ်သက်လုံးမေ့လျော့နေခဲ့တာ
ပန်းချီဆရာတစ်ယောက်ပေါ့။
ဘာပဲဖြစ်ဖြစ်
ဖဲ့ထုတ်ခံရတဲ့
သစ်သားစတွေမပါပဲနဲ့ တော့
ပန်းပုရုပ်တစ်ရုပ်
ဖြစ်မလာနိုင်ဘူးလေ။

မင်းလူ (ပန်းရောင်းသူများ)

အချစ်သည်

"အချစ်သည်"
***********************
သူငယ်ချင်းတွေနှင့် စကားပြောနေရာမှ
ကျွန်တော်၏ကိုယ်သည်
ရုပ်ရှင်ဇာတ်ကားများ၏ဇာတ်သိမ်းခန်းတွင်ပြလေ့ရှိသော
လှုပ်ရှားနေရာမှ ရုပ်သေဓာတ်ပုံအဖြစ် ဖျတ်ခနဲရပ်တန့် သွားသလို
မလှုပ်မယှက် ဖြစ်သွားပြီးလျှင်
ကျွန်တော်၏စိတ်သည်
ဘာမျှမရေးရသေးသော ကျောက်သင်ပုန်းတစ်ချပ်လို
ဟာလာဟင်းလင်းဖြစ်သွားလေသည်။
သူ့ ကိုငေးစိုက်၍ကြည့်နေမိ၏
လှုပ်ရှားနေသောအရာဟူ၍ နှလုံးသားတစ်ခုသာရှိတော့သည်။


မင်းလူ (အချစ်သည်)

တိုက်ဆိုင်မှု မရှိလျှင်

"တိုက်ဆိုင်မှု မရှိလျှင်"
======================
ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်စောင်
ကျွန်တော့်နှလုံးသား သင်္ကေတတွေ
ခင်ဗျားထံ
အမြန်ပို့လိုက်တယ်။
မခံစားတတ်ရင်
ကျွန်တော့်ရင်ခုန်သံတွေ
ပြန်ပို့ ပေးလိုက်ပါ။ ။


မင်းလူ

အမည်ပြောင်းခြင်း

"အမည်ပြောင်းခြင်း"
---------------------------
ခေါင်းငုံ့နေတာ
ဦးညွှတ်ချင်လို့မဟုတ်ပါ။
ငြိမ်နေတာ ကြောက်ရွံ့နေလို့
မဟုတ်ပါ။
အရှုံးပေးတာ
မနိုင်လို့ မဟုတ်ပါ။
သင်၏ အောက်သို့ကွေးညွှတ်၍
တရွရွလှုပ်နေသော
နှုတ်ခမ်းလေးကြောင့်လည်းကောင်း...
စိုးရိမ်နေသော
မျက်ဝန်းများကြောင့်လည်းကောင်း...
တစ်ကုဗစင်တီမီတာခန့်ရှိသော
မျက်ရည်တစ်စက်ကြောင့်လည်းကောင်း...
အရာရာတို့၌
ခံပြင်းစွာ
နာကျည်းစွာ
ဒေါသဖြစ်စွာ
အရှုံးပေးလိုက်ပါသည်
ထို့ကြောင့်
ကျွန်တော်မောင်မင်းလူ
(W/RGN 002587) အား
ယနေ့မှစ၍
နွားကြီးဟုခေါ်ပါရန်။
မင်းလူ

လူငယ်နှင့် ဦးဆောင်မှု




“ လူငယ်နှင့် ဦးဆောင်မှု ”
=====================================================
“ ဘယ်အလုပ်မှာမဆို ဦးဆောင်တာဝန်ခံတဲ့လူက အဲဒီအလုပ်အောင်မြင်ဖို့
အတွက် တခြားသူတွေထက် ပိုပြီးတော့ အချိန်တွေ၊ ဘ၀ရဲ့အစိတ်အပိုင်း
တွေကို ပေးရလိမ့်မယ် ”
‪#‎Q‬-အလုပ်တစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်တဲ့သူ
တစ်ယောက်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပြင် နောက်ထပ် ဘယ်လို
အရည်အချင်းတွေရှိဖို့လိုအပ်လဲ အစ်ကို။

‪#‎A‬- ဦးဆောင်တာဝန်ခံတဲ့သူဟာ အဲဒီအလုပ်အောင်မြင်ဖို့အတွက် သူ့ရဲ့
အချိန်ရယ်၊ ဘ၀ရဲ့အစိတ်အပိုင်းတွေရယ်ကို သုံးလိုက်ရတယ်။ ဘယ်
အလုပ်မှာမဆို ဦးဆောင်တာဝန်ခံတဲ့လူက အဲဒီအလုပ်အောင်မြင်ဖို့
အတွက် တခြားသူတွေထက် ပိုပြီးတော့ အချိန်တွေ ၊ ဘ၀ရဲ့အစိတ်
အပိုင်းတွေကို ပေးရလိမ့်မယ်။ ဒါပေမယ့် ပေးတိုင်းရလားဆိုတော့
မရဘူး။ ပေးတိုင်း အောင်မြင်လားဆိုတော့ မအောင်မြင်ဘူး။ အချိန်
တွေပေးမယ်၊ မိုးလင်မိုးချုပ် ငါလုပ်မယ်၊ အိမ်မပြန်ဘဲ လုပ်မယ်ဆိုတည်း
လည်း ရွေ့ချင်မှ ရွေ့တာကိုး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရည်အချင်းက
စကားပြောသေးတယ်။
နှစ်မျိုးရှိတယ်။ ဦးဆောင်နိုင်မှု အရည်အချင်းလည်းလိုတယ်။ အရည်
အချင်းရှိတဲ့လူလည်း ဖြစ်ရမယ်။ ပြီးရင် သူက တကယ်လည်းအဲဒီ
အလုပ်အတွက် ရင်းနှီးမြုပ်နှံရမယ်။ အရည်အချင်းတော့ ရှိတယ်။
တခြားလူတွေလောက်ပဲသူက အချိန်ပေးမယ်၊ သူ့ရဲ့ဘ၀အစိတ်
အပိုင်းကို တခြားလူတွေနည်းတူလောက်ပဲ ပေးမယ်ဆိုရင်လည်း
အောင်မြင်ဖို့မလွယ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နောက်က
လိုက်မယ့်လူတွေဟာ ရှေ့ကဦးဆောင်တဲ့လူကို အမြဲကြည့်
နေတာကိုး။ ကြည့်နေတဲ့အခါကျတော့ ငါတို့လောက်ပဲလုပ်တာ
ပါပဲကွာဆိုရင်လည်း မရဘူး။
သူများက ရှစ်နာရီပြည့်အောင် အလုပ်လုပ်ပြီး ပြန်သွားပေမယ့်
ဦးဆောင်တဲ့လူကအလုပ်မပြီးသေးရင် ကျန်ခဲ့တာပဲ။ ဘာကြောင့်
ကျန်ခဲ့တာလဲဆိုတော့ တာဝန်ခံစိတ်၊ အဲဒါအရေးကြီးတယ်။ အလုပ်
ပြီးတာတောင်မှ အသပ်ရပ်ဆုံး၊ အကောင်းဆုံးလက်ရာ ဖြစ်ရမယ်
ဆိုတာလည်းပါသေးတယ်။ ပြီးပြီးရောလုပ်လို့လည်း မရဘူး။
စိတ်စေတနာရယ်၊ အားထုတ်မှုရယ်ကအရေးကြီးတယ်။ စိတ်စေတနာ
အကောင်းဆုံးဖြစ်ရမယ်။ ဒါကြောင့် တချို့ဦးဆောင်သူတွေဟာ
အလုပ်ပြီးသွားပြီဆိုရင်တောင်မှ အဲဒါကို တစိမ့်စိမ့်ကြည့်တယ်။
၃၆၀ ဒီဂရီပြန်ကြည့်တယ်။ ဘယ်နားကို ဒီထက်ပိုကောင်းအောင်
လုပ်မလဲဆိုပြီးတော့ စဉ်းစားနေတယ်။ ဒါကြောင့် သူ့အချိန်တွေ
ကုန်ပြီးတော့ အိမ်မပြန်နိုင်ဖြစ်တာတွေများတယ်။သူက စိတ်စေတနာ
မှန်တယ်။ ၀ီရိယလည်း စိုက်တယ်။ အဲဒီအခါကျတော့ ဘာပဲဖြစ်ဖြစ်
ထွက်လာတဲ့ နောက်ပိုင်းလက်ရာတွေ၊ ရလဒ်တွေကို အများက အသိ
အမှတ်မပြုဘဲ မနေနိုင်တော့ဘူး။ အဲဒီအခါကျတော့ သူ့ရဲ့အဖွဲ့
အစည်းဟာ လုပ်ရကိုင်ရတာ အားရှိတယ်။ အားရှိလာတဲ့အတွက်ကြောင့်
ဒီလူရဲ့ဦးဆောင်မှု၊ ဒီလူရဲ့ တာဝန်ခံမှုနောက်မှာ စုပေါင်းပြီးတော့
လိုက်ပါလာလိမ့်မယ်။ဒါကျွန်တော်နယ်ပယ်အစုံကို ဖြန့်ပြီးတော့
ယေဘုယျ ပြောလိုက်တာပါ။
“ ကျွန်တော်တို့က မေးခွန်းထုတ်တဲ့ မျိုးဆက်ကို လိုချင်တာဆိုတဲ့
ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း ”
[ 2014 September လထုတ် Eternal Light Magazineမှကောက်နှုတ်ချက် ]

လူငယ်နှင့် ဦးဆောင်မှု


“ လူငယ်နှင့် ဦးဆောင်မှု ”
==============================================

“ ခေါင်းဆောင်ကောင်းဆိုတာ ဖြစ်လာတော့မှ ငါမပြောဘူးလားလို့
အပြစ်တင်တာမျိုး မဟုတ်ဘူး။ မဖြစ်ခင်ကတည်းက ကြိုတင်ပြီးတော့ ကာကွယ်ထားနိုင်ရမယ်... ”
‪#‎Q‬. လုပ်ငန်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တဲ့သူဟာ
အမြော်အမြင်ရှိဖို့ ဘယ်လောက်အရေးကြီးလဲ အစ်ကို။ ဥပမာ လုပ်ငန်းနဲ့
ပတ်သက်ပြီး ကိုယ့်ရဲ့ပြိုင်ဘက်တွေရှိမယ်။ ကိုယ်ကတော့ ရန်သူလို့
မသတ်မှတ်ပေမယ့် သူတို့က ကိုယ့်ကို ရန်သူလိုသဘောထားတာမျိုးတွေ
ရှိနိုင်တယ်။ အဲဒီတော့ ကိုယ်က ပြန်မညစ်ပေမယ့် သူတစ်ပါးရဲ့ညစ်လုံး
တွေကို သိထားတဲ့ အမြော်အမြင်မျိုးပေါ့။

‪#‎A‬. ဦးဆောင်တာဝန်ယူမယ့်သူဟာ ကိုယ်တိုင်ကတိုက်ခိုက်ဖို့ ရည်ရွယ်ချက်
မရှိရင်တောင် အားပြိုင်မှုတွေရဲ့ ဗျူဟာသဘောတွေကိုတော့ သိရလိမ့်မယ်။
အဲဒီဗျူဟာဆိုတဲ့နေရာမှာ အနည်းဆုံးနှစ်မျိုးရှိတယ်။ အစအဆုံး အားပြိုင်
မှုကြီး တစ်ခုလုံးမှာ ကျင့်သုံးရမယ့်၊ ပန်းတိုင်ထိရောက်အောင် ချထား
ရမယ့်ဟာကို Strategy (မဟာဗျူဟာ)ဆိုပြီး ခေါ်ကြတယ်။ နောက်တစ်ခု
ကတော့ တစ်ပွဲချင်း မှာ ရင်ဆိုင်ရမယ့်နည်းတွေကို နည်းဗျူဟာလို့ ခေါ်
ကြတယ်။ အရင်ကတော့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်လို့ ခေါ်ကြ
တယ်။ ဒါကို ဒီဘက်ခေတ်မှာတော့ မဟာဗျူဟာနဲ့ နည်းဗျူဟာလို့ခေါ်
ကြတယ်။ အဲဒီအတွက် နှစ်ခုစလုံးကို နှံ့စပ်ထားဖို့တော့ လိုတယ်။ နှစ်မျိုး
စလုံးကို ဟန်ချက်ညီအောင် ပေါင်းစပ်နိုင်ရမယ်။
ခေါင်းဆောင်ကောင်းဆိုတာ ဖြစ်လာတော့မှ ငါမပြောဘူးလားလို့ အပြစ်
တင်တာမျိုးမဟုတ်ဘူး။ မဖြစ်ခင်ကတည်းက ကြိုတင်ပြီးတော့ ကာကွယ်
ထားနိုင်ရ မယ်။ ပြောချင်တာက စိတ်စေတနာက ဘယ်လောက်ပဲမှန်မှန်
လေ၊ လောကကြီး တစ်ခုလုံးရဲ့သဘောက အင်မတန် အကောက်အကွေ့
တွေ၊ မာယာတွေ များတယ်ဆိုတဲ့အခါကျတော့ အကွေ့တွေမှာ ပေါ်လာ
နိုင်မယ့် စိန်ခေါ်မှုတွေကို ဦးဆောင်တဲ့သူက ကြိုတင်သုံးသပ်နိုင်ရမယ်။
ဘယ်လိုကောက်ကွေ့ မှုတွေ၊ ကောက်ကျစ်မှုတွေနဲ့ ကြုံရင် ငါတို့
ဘယ်လိုရင်ဆိုင်မယ်ဆိုတာမျိုး ရှိရမယ်။ ဒါက ဥာဏ်အမြော်အမြင်ပဲ။
ကုမ္ပဏီတစ်ခု ဖြစ်ရင်ဖြစ်မယ်။ အသင်းအဖွဲ့တစ်ခု ဖြစ်ရင်ဖြစ်မယ်။ လူ့အဖွဲ့
အစည်းတစ်ခုဖြစ်ရင် ဖြစ်မယ်။ အဲဒါကို တာဝန်ခံဦးဆောင်မယ့်သူတွေဟာ
ကွေ့ပေါင်းများစွာ ဖြတ်ရမယ်ဆိုတာကို သိရမယ်။ အဲဒီမှာ ဘွားခနဲ ထွက်
လာတတ်တာ ဘာတွေလဲဆိုတာ သူကြိုတင်ပြင်ဆင်ထားရမယ်။ အဲဒီ
အတွက် သူ့ မှာရှိတဲ့၊ သူ့ရဲ့အသင်းအဖွဲ့မှာရှိတဲ့ အင်အားတွေမှာ ဘယ်သူက
ဘယ်အားမျိုးမှာ သာတတ်တယ်ဆိုတာ သူသိရမယ်။ သဘောက အမြင့်ကို
အတက်ကျွမ်းတဲ့လူဟာ သူ့တန်ဖိုးနဲ့သူ ရှိလိမ့်မယ်။ ရေကူးမှဖြစ်မယ်
ဆိုတဲ့ နေရာမှာ ရေငုပ်ကောင်းတဲ့လူပါရမယ်။ အဲဒီလို ကိုယ့်အဖွဲ့ရဲ့
အားသာချက်တွေကို သူအကုန်လုံး သိနေပြီးတော့ အရေးအကြောင်း
ဆိုရင် ဒါဘယ်သူ့တာဝန်၊ ဘယ်သူက ရေငုပ်လိုက်၊ ဘယ်သူကတော့
ဒိုင်ဗင်ထိုးလိုက် ဆိုပြီးတော့ သူက စီမံခန့်ခွဲနိုင်ရမယ်။ ဒါ တာဝန်ခံရမယ့်လူ၊
ဦးဆောင်ရမယ့်လူရဲ့ အရည်အသွေးပဲပေါ့။
“ ကျွန်တော်တို့က မေးခွန်းထုတ်တဲ့ မျိုးဆက်ကို လိုချင်တာဆိုတဲ့
ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း ”
[ 2014 September လထုတ် Eternal Light Magazineမှကောက်နှုတ်ချက် ]

စပ်ကူး

“ စပ်ကူး ”
.............
ဆူးကြားကြီးသမို့
ဘူးခါးသီးဖြစ်ရတာ
ဘ၀မှာ
တခုရွေးရင် တခုစတေးရတာပဲမဟုတ်လား...

လက်ရေးလှဖို့ထက်
အက်ဆေးရဖို့ အရေးကြီးတယ်
စောင်းအိုးက ဒဏ်ရာကြောင့်
စောင်းကြိုးက အသံမာအောင်
အသားကုန်ပဲ တင်းထားရ
စကားကုန်လည်း ငြင်းပွားရ...
တခါထဲပါလို့ လျှော့မတွက်နဲ့
ကျည် အ,ဖူးတဲ့ သေနတ်ဟာ
တသက်လုံး သိက္ခာကျတာပဲ
အဲသလို အနာတရတွေထဲ
တွင်းနက်နေတုန်း
ဟိုမှာ
နွေဦးရဲ့တက်ကြွနေပုံက
ပွဲတော်ရက်ကြို
စုဗူးဖောက်တော့မယ့်ကလေးလို
ကိုယ့်ဆောင်းညတွေက ကဗျာမချိုသေး....။
- မင်းကိုနိုင်

ဒီနွေ..မှာတမ်း





“ ဒီနွေ..မှာတမ်း ”
~~~~~~~~~~~~~~.
တန်ခူးလေပြေရေ..
နံ့သာတခွက် သပြေခက်နဲ့
ရွှဲရွှဲစိုတဲ့လမ်းတွေကို
ဟိုနံရံတဖက်က
အထီးကျန်ခြောက်သွေ့ခြင်းတွေပေါ်
လောင်းခဲ့ပါ
.
တန်ခူးလေပြေရေ...
ဒီလမ်းထက်က
ဇမ္ဗူရဇ်ရွှေ ပုရပိုဒ်ရွှေလို
ငုနဲ့ပိတောက်တွေ တထိန်ထိန်ကို
ဟိုနံရံတဖက်မှာ
အလင်းရှာရင်း
နင်းရတဲ့အမှောင်ထဲ
ဦးခေါင်းတွေထက်
သရဖူလုပ်ဆောင်းခဲ့ပါ
.
နံရံတဖက်က
အမေ့အိမ်သီချင်းဟာ
လူစုံတဲ့ အမေ့အိမ်က
မုန့်လုံးရေပေါ်လိုတော့
ဘယ်ချိုပါ့မလဲ..
.
တန်ခူးလေပြေရေ...
ဒီလမ်းပေါ်က သစ္စာတေးနဲ့စာနာမှု
သံချပ်ထိုးသံ ဒိုးသံတွေကို
နံရံတဖက်မှာ
သံတိုင်ခိုင်လို့ အသဲမာရသူ
စိတ်ဓာတ်ကို မီးဖုတ်ထောင်းဖို့
ပန်းပဲထုသံလို ပို့လှည့်ပါ..
.
တလက်စတည်း
နံရံထူထက်၊ ယုံကြည်ချက်ကို
မြင့်တက်အောင်လွှင့်ထားတဲ့
သူတို့အလံတော်ကိုလည်း
(ကျွိုးနွံစွာ)...ဦးညွတ်ခဲ့....။ ။
.
‪#‎မင်းကိုနိုင်‬

အမှတ်တရားရဲ့ပထမဆုံးနေ့





ထိုနေ့က ကျနော့်အိမ်မှာ ဟင်းမကောင်း။ စိတ်ကောက်ပြီး ကျနော်ထမင်း
မစားဘဲနေပြတဲ့နေ့။ နေ့လယ် ဆယ့်နှစ်နာရီကျော်ပါပြီ။ မိုးရွာနေ၍ အိမ်
ခေါင်မိုးပေါက်မှ ရေယိုသည်ကိုကြမ်းပေါ်မှာ ခွက်များ၊ အိုးများဖြင့် ခံထားရာ
ဧည့်ခန်း၌ ကျနော် ကြမ်းပေါ် ၀မ်းလျားမှောက်ကာ ဗိုက်တဂွီဂွီဆာနေသည့်
ဒုက္ခနှင့် ဟင်းမကောင်း၍မကျေနပ်သောဒေါသနှစ်မျိုး၏ တက်နင်းမှုကို
လျှာထွက်အောင် ခံနေရချိန်ဖြစ်ပါသည်။
.
ခွက်များ၊ အိုးများပေါ်သို့ကျလာသော ရေပေါက်သံ “ တတုံတုံ...” က
ကျနော့်အားပို၍ လှောင်ပြောင်နေသလို ခံစားရ၍လည်း ကျွန်တော်ငြူစူ
စိတ်ဖြင့် လှည့်ကာ ဘုကြည့်ကြည့်မိသည်။ “ လောကကြီးကို စိတ်ပျက်
တယ် ” ဟု လူကြီးအချို့ ညည်းတွားသံကြားဖူးသလိုမျိုး ဖြစ်နေပြီဟု
ကိုယ့်ကိုကိုယ် ထင်နေချိန်ဖြစ်ပါသည်။
.
ထိုစဉ် အိမ်ဝသို့ ကလေးဆောင်းထီးလေးတစ်လက်ရောက်လာ၍
ကြည့်လိုက်ရာ ညီမလေးဖြစ်နေသည်ကိုတွေ့ရသည်။ ညီမလေး ထိုနေ့က
သူငယ်တန်းကျောင်းစတက်သည်ကို ကျွန်တော်ချက်ချင်း သတိဝင်
လာပြီး ခေါင်းထောင်ကြည့်မိရာ သူမတကိုယ်လုံး မိုးထဲရေထဲပြန်လာ၍
စိုရွှဲနေသည်ကို မြင်ပါသည်။သို့သော် သူမ ထီးကလေးဖြင့် သူမရင်ဘတ်
ထဲက တစုံတခုကို အသေအချာ ကာကွယ်လျှက်။ လူသာရေအရွှဲခံ၍
ရင်ဘတ်ထဲက မိုးရေအစိုမခံသော ထိုအရာ ဘာပါလိမ့်မယ်။ကျနော်
စပ်စုစဉ်ပင် ညီမလေးက သူမရင်ဘတ်ထဲကအရာကို ဆွဲထုတ်ပြကာ
အိမ်ပေါ်သို့ ခုန်တက်လာသည်။
“ ကိုကို....ဒီမှာကြည့်..ကြည့်လိုက် ”
ဝမ်းသာအယ်လဲ သူမမြှောက်ပြသည်မှာ ကျောက်သင်ပုန်းလေးတချပ်
ပါလား။ အရွယ်မညီဝလုံးများပြည့်နှက်အောင်ရေးထားသည်။ ၀လုံးများ
ပေါ်တွင်ကား ဆရာမက အမှတ်သင်္ကေတမြေဖြူဖြင့် အကြီးကြီးခြစ်ပေး
ထားသည်။
ဤမျှသာပင်
သို့သော် ညီမလေးအတွက် ပျော်မဆုံးဖြစ်နေပြီး ရေစိုနေသည့် သူမ
တကိုယ်လုံးလှုပ်ယမ်းကာ သင်ပုန်းလေးကို မြှောက်ပြရင်း က ပြနေပါ
သည်။
“ ဒီမှာလေ...အမှတ်လေး ” ဟုပြလျှက် သူမအပျော်ကို ကျနော့်ထံပေးသည်။
ကျနော့်ထံ ပျော်ရွှင်မှုချက်ခြင်းရောက်ပြီး ခုနကအလိုမကျမှုနှင့် ဆာလောင်
ခြင်းတို့အား တော်ရာအမှိုက်ပုံးသို့ ဂုတ်ဆွဲကာပို့လိုက်တော့သည်။ လေးလံ
ခဲ့သော ကျနော် ပေါ့ပါးသွားပြီး၊ ထိုင်းမှိုင်းရာမှ လန်းဆန်းသွားပါသည်။
ချက်ချင်းလူလဲထ၊ ရေခံထားသော ခွက်တွေကို ဆွဲယူမှောက်လိုက်သည်။
ခုနက ကျနော့်အားလှောင်ပြောင်သံပြုခဲ့သော နို့မှုန့်ဗူးခွံ၊ ဒန်အိုးစသည်
တို့မှာ ကျနော့်လက်စွမ်းပြ အသုံးတော်ခံဗုံများအဖြစ် ပျော်စရာတီလုံးအသံ
ထအော်ကြပါတော့သည်။
“ ဒီမှာလေ.xxx အမှတ်ကလေး ပြ၊ ပြ၊ ပြ ”
“ ပျော်ပါတယ်.xxxx ... ညီမလေး က၊ က၊ က ”
ညီမလေးမှာ ဆော့ကစားချင်နေသော ကြောင်ပေါက်လေးရှေ့ ပင်ပေါင်
ဘောလုံးလေးပစ်ချပေးလိုက်သလို ဖြစ်ပြီး ဧည့်ခန်းကိုပတ်ပြေးကာ ကနေ
ပါပြီ။ မိသားစုများထွက်လာကြပြီး အံသြ၀မ်းသာလက်ခုပ်တီးပေးကြသည်။
သွပ်မိုးသို့ကျသော မိုးစက်သံတဗျောင်းဗျောင်းကလည်း ပရိသတ်ကြီး
သြဘာပေးသည့်နှယ်။
“မီးမီး...ကိုယ်တိုင်ရေးခဲ့တယ်... ”
“ မီးမီး...အမှတ်ရခဲ့တယ်... ”
သူမ အမှန်စကားအတွက် အားလုံးကျေနပ်ကြည်နူးပီတိကိုယ်စီရကြ
ရသည်။ သူမ၀လုံးလေးများမှာပိန်တာပိန်၊ ဖောင်းတာဖောင်း၊ တွန့်တာ
တွန့်၊ ကြီးသေး ရွယ်စုံဖြစ်သော်လည်း ကလေးတစ်ယောက်၏ ပထမဆုံး
ကြိုးစားရသော ၀လုံးလေးများဖြစ်၍ ဆရာမက အမှန်ခြစ်ပေးခြင်းဟု
ကျနော်နားလည်ပါသည်။
ဘယ်သူပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ရိုးသားကြိုးစားမှုအပေါ် အမှန်ပေးလျှင်
ပျော်ကြပါလိမ့်မည်။ အသက်ကြီးလာ၍ အိနြေ္ဒရရှိနေသည့်တိုင် သူတို့
ရင်ထဲမှာ ဂါဝန်လေးတဖားဖားနှင့် သင်ပုန်းလေးမြှောက်ကာ ကနေသော
ကလေးမလေးတယောက် ပေါ်လာမှာ သေချာပါသည်။
ဒါကိုမြင်လျှင်...
လူတွေပျော်ကြမည်ဟု ကျနော်ယုံကြည်ပါသည် ခင်ဗျား.......။
.
- မင်းကိုနိုင်
( ၂၀၁၄ ခုနှစ်၊ အောက်တိုဘလထုတ် ချင်းတွင်းမဂ္ဂဇင်း )

တယောကိုကြိုးညှိခြင်း





အဖေ့အသက် ၈၉-နှစ်။ မနေ့က ကောက်ငင်ကာ ဖျားပါတယ်။
ကိုယ်အပူချိန် ၁၀၅ ။ အိပ်ရာပေါ်က မနိုင်မနင်း တွဲထူရ ၊ ဆရာဝန်
ပြေးပင့်ရ သောကတွေကြား ဆေးထိုးမှားဖူးတဲ့ အဖေက ဆေးထိုး
ဖို့ငြင်း။ ဆရာဝန်မလေးက ဖျောင်းဖျနေတုန်း ဒီမတိုင်ခင်တရက်
အဖေပြောတဲ့စကား ကျနော့်ရင်ကို အရှိန်နဲ့ ၀င်ဆောင့်ပါတယ်။
“ သားအထဲမှာတုန်းက ရေးခဲ့တဲ့ သီချင်း ရှိသေးလား”တဲ့။
ကျနော်ချက်ချင်း မှတ်မိပါရဲ့။
အဖိုးရယ်၊ အဖေရယ်၊ ကျနော်ရယ် သုံးယောက်အကြောင်းပါ။
အဖေဆေးကုခံနေတာကြည့်ရင်း .......
.
* * * * *
.
နေစောင်းရင် ရွှေမောင်းသံနဲ့အတူ ၀င်ဒါမီယာအသံလွှင့်ရုံက သတင်း
ကြေညာတဲ့ ခေတ်တုန်းကပါ။ ရန်ကုန်မှာ ကျနော့်အဖေက အပျော်တမ်း
တယောဆရာ။ တောမြို့လေးနေ ကျနော့်အဘိုးထံ ကြေးနန်းစာ ပို့ပါတယ်။
အကြောင်းအရာကတော့ သားမောင်တို့အဖွဲ့အသံလွှင့်ဖျော်ဖြေရန်ရှိတဲ့
အတွက် အဖေစောင့်နားထောင်ရန်ပါတဲ့။ ကြေးနန်းစာ(အဲဒီခေတ်အခေါ်
သံကြိုးစာ) ဖတ်ပြီးတာနဲ့ အဖိုးဟာ နေမစောင်းခင် ရွှေမောင်းသံနဲ့
သတင်းကြေညာသလို …အိမ်တကာကိုလှည့်ပြီးတော့ အသိပေးပါ
တော့တယ်။
.
အဲဒီအချိန်ကလည်း လူတွေအတွက် ဖျော်ဖြေရေးဆိုတာ ရေဒီယိုတမျိုးပဲ
ရှိတာမို့ ဒီကိစ္စဟာ အဖေတို့ တောမြို့လေးအတွက်တော့ သူတို့မြို့သား
တယောက်ရဲ့ အစွမ်းအစ ၊ သူတို့အတွက် ရင်ခုန်စရာလို့ မှတ်ယူလိုဟန်
ရှိပါတယ်။ အဲဒီတုန်းက အသံသွင်းထားပြီး လွှင့်ရတာမဟုတ်ပဲ တိုက်ရိုက်
ထုတ်လွှင့်ရတာဆိုတော့ မှားယွင်းအတိမ်းအစောင်းမခံ စွန့်စားခန်းလည်း
ဆန်တာပေါ့။ အဖိုးဟာ သူ့အိမ်က ရေဒီယိုဂရမ်ကြီးကို အကျအနပြင်သလို
ပရိတ်သတ်တွေအတွက် ၀၀လင်လင် ကျွေးချင်ပါသတဲ့။
.
ရေဒီယိုရှားတဲ့ ခေတ်မို့လား။ ဖိုးဖိုးကို အားနာကြလို့လား။ ဒါမှမဟုတ်
ကောက်ညှင်း ပေါင်းနဲ့ငါးကြော်နံ့ကပဲ မွှေးလို့လား။ တရပ်လုံးမှာရှိသမျှ
ဘုစုခရုမကျန် အရွယ်သုံးပါးလုံး ဖိုးဖိုးရဲ့အိမ် ရုံတော်မင်္ဂလာမှာ နေရာ
ဦးထားကြပါပြီ။
.
အသံလွှင့်ရုံထဲရောက်နေတဲ့ အဖေဟာ ရင်ထဲမှာ သူ့ရှေ့က ပတ်စာစမ်း
နေတဲ့ ဗုံတွေရဲ့ မျက်နှာပြင်လို့ တတုံတုံ ခုန်နေပါသတဲ့။ အဲဒီအချိန်မှာ
ဖိုးဖိုးဟာလည်း အရေးအကြောင်းဆို အသံဝင်လွယ်တဲ့ သူ့ရေဒီယိုဂရမ်ကြီး
လူစုံရှေ့ အရှက်မခွဲရအောင် တယုတယနဲ့ ဖုန်သုတ်ပေးနေပါသတဲ့။
( အမှန်က စက်ကိုစစ်ဆေးပြင်ဆင်ရမှာ သူခမျာ ပြင်မှ မပြင်တတ်တာ )
.
ဆန်းစသော်တာလေးက ထွက်ပြူစ…
အိမ်ပေါ်မှာ ဆက်ရက်အုပ် အိပ်တန်းတက်သလို ဆူနေတဲ့အသံတွေကို
ဖိုးဖိုးက ဟောသလို တားပါတယ်။
“ တိတ်ကြဟေ့…တိတ်ကြ…။ ကြေညာပြီ….ငါ့သားတို့ အသံလွှင့်တော့
မယ်ကွ။ ”
တခါမှ အသံမလွှင့်ဖူးတဲ့ အဖေ့လက်တွေဟာလည်း ရေဒီယိုလိုင်းညှိနေတဲ့
ဖိုးဖိုးလက်တွေလိုပဲ တုန်နေခဲ့တာပေါ့။ အဲဒီခေတ်ရဲ့ နည်းပညာ အားနည်းမှု ၊
ရေဒီယိုစတေရှင်တွေရဲ့ ခရီးဝေးထုတ်လွှင့်နိုင်စွမ်းချို့ငဲ့မှုတွေကြောင့်
အသံက တိုးတခါ၊ ကျယ်တလှည့်။
“ တိတ်ကြဟေ့ …လာပြီတဲ့။”
မြို့ကလေးရဲ့ ခေါင်းမိုးပေါ် တရွှေ့ရွှေ့ ကုတ်တွယ်တက်လာတဲ့ လ၀န်းနဲ့
အတူ အဖေ့တေးသံဟာ ရေဒီယိုဂရမ်ထဲက ထွက်လာပါပြီ။ ဖိုးဖိုးမျက်နှာ
မှာလည်း လရောင်တခြမ်းဟပ်လို့ ကြည်နူးချင်းကတ၀က်၊ အမှောင်တခြမ်း
ဘက်မျက်နှာမှာတော့ အသံပျောက်သွားမှာကို စိုးရိမ်ခြင်းကတဖက် ။
.
အဖွားကတော့ ဖိုးဖိုးကို “ ပိုရန်ကော”လို့ မေးငေါ့လျက်။
.
အားနာပါးနာစိတ်ဝင်စားရတဲ့ သောတရှင်အပေါင်းဟာ သီချင်းကို အမိဖမ်း
နေတုန်းမှာ အသံဟာ တိုးဝင်နိမ့်ကျသွားပါရော။ ဖိုးဖိုးခဗျာ ရေဒီယိုမျက်နှာ
စာကို သူ့နားရွက်ကပ်ခါ မျက်လုံးလေးမှေးလျက် မရမက မချင့်မရဲ
နားထောင်ရှာပါတယ်။ဖိုးဖိုးရဲ့ အဖြစ်သည်းပုံကို ဘေးကလူတွေ လက်ကုတ်ပြီး
သနားရမလို၊ လှောင်ရမလို ။
.
* * * * *
.
အဲဒီလို ဖိုးဖိုးတို့ သားအဖနှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့အကြောင်း လသာ
တညမှာ ကိုဇာဂနာကို ကျနော်ပြန်ပြောပြတဲ့အခါ သူလည်း သူ့အဖေ့ကို
သတိရ သက်ပြင်းချပါတယ်။ ကျနော်က အဲဒီအကြောင်းကို သီချင်းစပ်
ချင်တယ်။ ဘယ်လိုစပ်ရမှန်းလည်း မသိ။ ကိုဇာဂနာက ကျနော့်ကို
ငပိကြော်ဗူးကို တူရိယာလုပ်နည်း သင်ပေးပါရော။
.
ဘယ်နေရာမှာ အပေါက်ဖောက်၊ သရေကွင်း ရှစ်ကွင်းကို ဘယ်လိုတပ်၊ ကြိုး
ဘယ်လိုညှိ စသဖြင့်ပေါ့။ ပြီးတော့ ကျနော်စပ်တဲ့ သီးချင်းရဲ့နုတ်(Notes)
ဘယ်လိုရေးရမယ်ဆိုတာကိုပါ အခန်းနံရံတွေကျော်အော်ပြီးသင်ပြပေးတယ်။
ကျနော်က စကားလုံး သံစဉ်ရွေး။ ပြီးတော့ အင်္ဂတေကြမ်းပေါ် အုတ်ခဲကျိုးနဲ့
ချရေး ။ ဖြည်းဖြည်း ရုပ်လုံးပေါ်လာပါတယ်။ ပြီးတော့ နံရံမှာ ဆူးချွန်နဲ့ခြစ်ပြီး
တေးမှတ်ထားရတယ်။
.
* * * * *
.
ကိုဇာဂနာ အချိန်တန်လို့ အိမ်ပြန်ရတဲ့အခါ ကျနော့်သီချင်းလည်း အဖေ့လက်
ရောက်ပါတယ်။ ဒါပေမယ့် ကျနော် Note ရေးတာ Bar ခွဲတာမကျွမ်းတော့ အတီး
သမားတွေ အတော်အခက်တွေ့တယ်။ အဲဒီမှာအဖေက သူ့ညီ ကိုတင်အောင်သန်း
( မိုးယံမှသည် ချစ်သူဆီသို့ သီချင်းရေးသူ)ကို ခေါ်ပြီး မင့်တူလက်ရာကို မင်း
ကြည့်လုပ်ပါဦးဆိုပြီး အကူညီတောင်းရပါတယ်။ ဒီလိုနဲ့ ကျနော့်သီချင်းကို ကျနော်
မရှိချိန်အိမ်မှာ အခွေကြမ်းတော့ ဆိုဖြစ်ကြတာပေါ့။
.
လူမစုံတဲ့မိသားစုထမင်းပွဲအကြောင်းအပါအ၀င် ကျနော့်သီချင်းတွေအတွက်
အဖေဟာ နှစ်ပေါင်းများစွာ သံယောဇဉ်ဖြတ် စွန့်ပယ်ခဲ့ရတဲ့ တယောနဲ့ဘိုးတံကို
လက်တုန်တုန်နဲ့ လှမ်းဆွဲယူလိုက်ရပါသတဲ့။
.
* * * * *
.
ကိုဇာဂနာက ပြန်ပြောပြတယ် ။
ကျနော့်အိမ် သူသွားအားပေးတော့ အဖေဟာ လာသမျှဧည့်သည်တွေကို မုန့်ပဲ၊
သွားရေစာအစား ကျနော့်သီချင်းခွေဖွင့်ပြ ဧည့်ခံပါသတဲ့။
သူကိုယ်တိုင်အတွက်လည်း ကျနော့်သီချင်းဖွင့်ပြီးမှ အိပ်ရာဝင်တယ်တဲ့။
ကျနော်သီချင်းနဲ့ အဖေအိပ်ပျော်တယ်။
အိပ်မက်ထဲမှာ…
အဖေကြိုးညှိပြီ…..
ဘိုးတံတင်ထိုးရမယ့် တယောကြိုးလား….?
မဟုတ်ပါဘူး
ဖော်ကွာဝေး…လောကရဲ့ထောင့်ကွေးတနေရာက အဖော်မဲ့သားအတွက်
ဖခင်တစ်ယောက်ရဲ့ မေတ္တာတယောကြိုးညှိတာပေါ့။
.
- မင်းကိုနိုင်

ဂါရဝခဲကြမ်း






 " ဂါရဝခဲကြမ်း"
************************************************
တက္ကသိုလ်နယ်မြေ ဟိုအရင်ကျနော်တို့ မရောက်မီခေတ်များက
ဟောပြောပို့ချချက်ကောင်းသည့် ဆရာများအချိန်တွင်
သက်ဆိုင်ရာ အတန်းသားများသာမက အဓိက အထူးပြု ဘာသာ
ရပ်မတူ ကျောင်းသားများပါ စိတ်အားသန် လာနားထောင်လေ့
ရှိခဲ့ကြသည်။ ခန်းလုံးပြည့်သာမက အခန်းဘေးစင်္ကြန်များဆီပါ
ပြည့်နှက်လျှက် ထိုပို့ချသူ ဆရာများထဲတွင် ဆရာကြီး
ဦးခင်မောင်လတ်လည်း အပါအ၀င်။ သူ့ပို့ချချက်တွေက
ကျောင်းစာမေးပွဲအတွက်သာမက ဘ၀စာမေးပွဲအတွက်ပါ
အကြုံးဝင်သည်ကိုး ၊ တနှစ်စာမက တသက်စာတန်ဖိုးရှိသည်ကိုး ။
.
တက္ကသိုလ်မြေ “ပြည်-တကောင်း”ဆောင်၊ လိပ်ခုံးဆေးတက္ကသိုလ်
အနီး ဆရာကြီးနှင့် ဇနီးဒေါ်ခင်မျိုးချစ်တို့ နေခဲ့သည့် “အေးရိပ်သာ”သည်
တစ်ချိန်က ပညာရပ်ဝန်း၏ အမှတ်တရတစ်ခုဖြစ်ခဲ့သည်။
နောင်တချိန်တွင် ထင်ရှားသည့် စာရေးဆရာပညာရှင်အလောင်း
အလျာများ ဆုံစည်းရာလည်းဖြစ်သည်။ စာရေးဆရာထင်လင်း ၊
ဆရာမကြည်အေးတို့လည်း ထိုအေးရိပ်သာမှာ နားခိုခဲ့ကြဖူးသည်။
.
အေးရိပ်သာမှသည် ပြည်ရိပ်သာလမ်းအိမ် ရောက်သည်အထိ
ဆရာသော်တာဆွေ ၊ ဆရာနိုင်ဝင်းဆွေတို့လည်း ကွန်းခိုခဲ့ကြသည်။
ဆရာဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ အရိပ်မှ စာပေနယ်စင်မြင့်သို့
ရောက်လာကြသူများမှာ အယူဝါဒ မတူကြလျှင်တောင် အတူခိုလှုံဖူး
ကြသည့် သံယောဇဉ် ဇာတိစိတ်အခြေခံဖြင့် တစ်သက်တာဆက်ဆံရေး
မပျက်ခဲ့ကြ။ ဆရာဦးမိုးသူ အပါအ၀င် စာရေးဆရာများစွာက ပြောပြ
ခဲ့သည်။ ၁၉၈၈ အရေးတော်ပုံ နီးသည်အထိ ဆရာမ စမ်းစမ်းနွဲ့
(သာယာဝတီ)၊ ဆရာချစ်ဦးညို ၊ ရွှေကူမေနှင်းအပါအ၀င် ထိုအချိန်က
ခေတ်ပြိုင် စာရေးဆရာများ၏ စာပေနှင့် ခေတ်သမိုင်း ဆွေးနွေးဝိုင်း
များမှာ ဆရာကြီးတို့ဇနီးမောင်နှံ၏ ပြည်ရိပ်သာခြံဝန်းထဲပျက်ခဲ့သည်မရှိ ။
.
“အပျိုလို မနေမိလို့ “ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွဲဆောင်ခဲ့သည့်စာအုပ်
အပါအ၀င် ဆရာမကြီးဒေါ်ခင်မျိုးချစ်လက်ရာ အင်္ဂလိပ်-မြန်မာ စာအုပ်
များက စာချစ်သူတို့အတွက် မမေ့နိုင်စရာများပင် ။ Colourful Burma,
Flowers and Festivals(ရောင်စုံမြန်မာ ဆယ့်နှစ်လရာသီပန်းနှင့်
ပွဲတော်များ)စာအုပ် တို့မှာ မြန်မာဆိုတာ ဘာလဲဟု သိလိုသော
နိုင်ငံခြားသားများအတွက် ရည်ညွှန်းစာအုပ်ကောင်းများ ဖြစ်ခဲ့သည်။
ထိုစာအုပ်များမှ မြန်မာတို့၏ ရနံ့ အသံ အဆင်းများ သာမက စိတ်
ဝိဥာဉ်ကိုလည်း ဖမ်းယူရနိုင်ခဲ့ကြသည်။ စာပေစိစစ်ရေးတင်းကျပ်သော
မ.ဆ.လ လက်ထက်အထိ ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ
ခေါင်း စဉ်နှင့်အညီ ဆရာမကြီး ကလောင်က အဆက်မပြတ်ခဲ့၊ တာဝန်
ကျေခဲ့မြဲ ။ ယခုစာမှာ ဆရာကြီးနှင့်ဆရာမကြီးတို့၏ စာပေလက်ရာများ
အကြောင်းပြုစုသည်မဟုတ်၍ အကျယ်မချဲ့ တော့ပါ။
.
တော်လှန်ရေးကောင်စီလက်ထက်၌လည်း လုပ်သားပြည်သူ့နေ့စဉ်
အင်္ဂလိပ်သတင်းစာ အယ်ဒီတာချုပ်ဘ၀မှာ လွတ်လပ်စွာရေးခွင့်
ပိတ်ပင်ခံရပြီး သံအမတ်ရာထူးပေးရန်နှစ်သိမ့်ကမ်းလှမ်းသည့်အပေါ်
ရာထူးကို ငြင်းပယ် ၊ သူမြတ်နိုးသည့် ကျောင်းဆရာဘ၀ကိုသာ
ပြန်သွားခဲ့သည့် ဆရာကြီးဦးခင်မောင်လတ်၏ ရွေးချယ်မှု။
.
ဂျပန်ခေတ်မှာ အလွန်အန္တရာယ်ကြီးသော စစ်သတင်းနားထောင်၍
ပေးပို့ရသည့် လျို့ဝှက်အလုပ်ကို တော်လှန်ရေးခေါင်းဆောင်များ၏
တာဝန်ပေးချက်အရ ထမ်းဆောင်ခဲ့သည့် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏
စွန့်စားရဲရင့်မှု။
.
*....*.....*....*.....*
.
တစ်ခါက လှည်းတန်းတွင် မီးလောင်ခိုက် ဆရာကြီးတို့အိမ်သို့ လူတစ်အုပ်
ဒုန်းဆိုင်းဝင်လာပြီး အိမ်တွင်းရှိ အဖိုးတန်ပစ္စည်းများကို သယ်ယူပြေးသွား
ကြသည်။ အိမ်မှာ အခွံနှင့် ပရိဘောဂသာ ဟောင်းလောင်းကျန်ခဲ့သည်။
အဖိုးတန်ရတနာအားလုံးယူသွားကြပြီပေါ့ ။ ထိုရတနာအားလုံးကို
သယ်ပြေးကြသူများမှာ တစ်နေရာတွင် စုရပ်အဖြစ် ရောက်ရှိသွားသည်။
ထိုနေရာကား လှည်းတန်းအ၀ိုင်း (ထိုစဉ်က လှည်းတန်းလမ်းဆုံမှာ
မီးပွိုင့်ပင် မတပ်ဆင်သေး။အ၀ိုင်းသာ ရှိသေးသောခေတ်ဖြစ်ပါသည်။)
မီးလောင်ခိုက် အိမ်တွင်းသို့ ပြေးဝင်လာကြသူများမှာ ကျောင်းသားများ
ဖြစ်ပြီး သူတို့တန်ဖိုးထား သယ်ပြေးကြသည့် ရတနာများမှာ စာအုပ်များ
ဖြစ်ကြောင်း ကျနော် အထူးရှင်းရန်လိုမည် မထင်ပါ။
.
၁၉၈၈ အရေးတော်ပုံကာလ ဒေါက်တာမောင်မောင် သမ္မတဖြစ်ချိန် အစိုးရနှင့်
ပြည်သူကြား တင်းမာပေါက်ကွဲကြချိန်၊ တုန့်ပြန်ကြချိန်။ အလယ်တန်း
ကျောင်းသားကလေးများကအစ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုကြခြင်းကို
ဒေါက်တာမောင်မောင် ရင်ဆိုင်ရချိန်တွင် သမ္မတထံ ဆရာမကြီး၏ အိတ်ဖွင့်
ပေးစာတစ်စောင်ကို ကျနော်တို့ ဖတ်ခဲ့ရသည်။
.
ယာတောအလယ် ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦး ဟူသော
ဒေါ်ခင်မျိုးချစ်၏ အိတ်ဖွင့်ပေးစာတွင် ကိုမောင်မောင် ရေ …ဟု
တရင်းတနှီးခေါ်လျှက် အစချီသည်။ ပြည်သူ့ဖက်မှ ရပ်တည်သော
အရေးတော်ပုံ ဘက်တော်သားအဖြစ် ရေးသောစာ၊ ပညာတတ်တစ်ဦး၏
ဆင်ခြင် ဥာဏ်ရှေ့ရှုလျက်ရေးသောစာအဖြစ် ထိုကာလကို သိမီသူတိုင်း
မှတ်မိကြပါဦးမည်။ အချက်အလက်များက ခိုင်မာသလောက် ဥာဏ်
အမြော်အမြင် ဆင်ခြင်တုံတရား ပြည့်ဝသောစာအဖြစ် ကျနော်တို့
မမေ့နိုင်ခဲ့ကြပါ။ သာမန်လူတစ်ယောက်ချင်း ဝေဖန်ရေးသားစာများ
ကြားတွင် သမ္မတ၏ကျောင်းနေဖက် မိတ်ဆွေတဦးထံမှ အိတ်ဖွင့်
ပေးစာက ထူးခြားအားရှိစရာ အမှန်ဖြစ်ခဲ့ပါသည်။
.
*....*.....*....*.....*
.
ရပ်ကွက်တစ်ခု မီးလောင်သည်။
လူတွေအိမ်ထဲ ပြေးဝင်လာ အထုပ်များသယ်ယူကြသည် ၊ ပညာမြတ်နိုး
သူများဖြစ်သည့်အလျောက် သူတို့အရေးတကြီး မက်မက်မောမော
သယ်သောအထုပ်များမှာ စာအုပ်များသာဖြစ်သည်။
ပညာကိုတန်ဖိုးထားတတ်ရန် သင်ပေးခဲ့သော ဆရာတို့ ဇနီးမောင်နှံ၏
စေတနာ။ ထိုအပေါ် သူတို့ တပည့်များ၏ တုံ့ပြန်မှု။
အကြောင်းနှင့်အကျိုး။
လူဟာ စိတ်နဲ့ထိုက်တန်တဲ့ ဘ၀ကို ရကြတာပဲ…ကျနော်တွေးနေမိပါသည်။
.
- မင်းကိုနိုင်
[ ဆရာကြီးဦးခင်မောင်လတ် နှင့် ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံ
နှစ်တရာပြည့် အမှတ်တရ - ၉ - မေ- ၂၀၁၅ ]

မတူညီမှုတို့ ဆုံဆည်းရာ

“ မတူညီမှုတို့ ဆုံဆည်းရာ ”
▬▬▬▬▬▬▬▬▬▬
မေး - ၈၈အရေးအခင်းကာလက အမှတ်တရနဲ့ အဲဒီကရတဲ့
သင်ခန်းစာ ပြောပေးပါ။
.
‪#‎ဖြေ‬ - ဇွန်အရေးတော်ပုံ ဆင်နွှဲကြတဲ့ အချိန်တုန်းက ကျောင်း
ဝင်းထဲမှာ မတ်လမှာ အဖမ်းဆီးခံရတဲ့ ကျောင်းသားတေ
ွအတွက်ရော၊ ပြည့်သူ့ဘ၀ လွတ်မြောက်ရေးအတွက်ရော
ကြိုးစားကြပါတယ်။ အဲဒီအခါမှာ ဘာပြနေလဲ ဆိုတော့ အလုပ်
တာဝန်ခွဲဝေမှုဟာ အလိုလျောက် ဖြစ်သွားပြီးတော့ အရေးတော်ပုံ
တစ်ခုကို အောင်မြင်အောင် ဘယ်လို ဆင်နွဲမလဲဆိုတာမျိုး။
.
နံပါတ်တစ် စွန့်ဦးတရားတက်ဟောတဲ့သူ ရှိတယ်။ ဒီလူတွေကို
နားထောင်ရဲတဲ့သူ အင်မတန်ရှားတယ်။ ခဲယဉ်းတယ်။ အဲဒီခေတ်
ဓာတ်ပုံရိုက်ခံရရင် လူတွေ အကုန်လုံးက နောက်နေ့ဆိုရင်
အိမ်ပေါ်တက် ခေါ်သွားပြီဗျ။အဲဒီမှာ လူတွေ ဖြန့်ခွဲပြီး ကျောင်းခန်း
တွေထဲကို လိုက်ပြီး ကျောင်းခန်းတွေထဲကစာသင်ကြားခြင်းကို
သပိတ်မှောက်ပြီးတော့ ကျောင်းခန်းအပြင်ထွက်ဖို့ ဆော်သြတယ်။
ထွက်တဲ့သူက ထွက်တယ်။ နေခဲ့တဲ့သူ နေခဲ့တယ်။ တဖြည်းဖြည်းနဲ့
အဲဒီလူတွေ စုမိသွားတဲ့အခါမှာ ကျောင်းထဲမှာ တရားပွဲတွေ
ဖြစ်တယ်။ ဖြစ်တဲ့အခါမှာ တာဝန်ခွဲဝေမှုက အလိုလိုဖြစ်သွားတယ်ဗျ။
( ဒါဟာ နောက် ဘယ်ကိစ္စမရှိဒီနမူနာကို ယူသင့်တယ်လို့ ကျနော်
ထင်တယ်။ )
.
စကားပြောအနုပညာကို အတန်အသင့် နိုင်နင်းတယ်ဆိုတဲ့ လူက
စင်ပေါ်ကနေ ဟောတယ်။ ပုံကောင်းဆွဲတတ်တဲ့သူက သရုပ်ဖော်ပုံ
ဆွဲတယ်။ အဲဒီနှစ်ခုလုံး မတတ်တဲ့သူက ကိစ္စမရှိဘူး။ စာရွက်တွေ
လိုက်ရှာတယ်။ ဆေးတွေ ယူလာတယ်။ ကော်သုတ်ပြီး ကျောင်း
အပြင်မှာ ပိုစတာတွေ ထောင်တယ်။ နံရံတွေမှာ လိုက်ကပ်တယ်။
လုံခြုံရေးယူတဲ့သူက ယူတယ်။ တဖြည်းဖြည်းနဲ့ အသံချဲ့စက်
ငှားတယ်။ဘယ်သူ တစ်ဦးတစ်ယောက်ကမှ စနစ်တကျ ခိုင်းစေတာ
မဟုတ်ဘဲနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ်ရောက်လာကြတာဗျ။ အဲဒီအခါမှာ
အဖြူအစိမ်းကျောင်းသားတွေ၊ တခြား တက္ကသိုလ်တွေ၊ အရပ်ထဲက
ပြည်သူတွေက လာပြီး နားထောင်ကြတဲ့အချိန်မျိုးမှာဆိုရင်
ကျွန်တော်တို့ ကျောင်းသားတွေ တူညီတဲ့ကြွေးကြော်သံတစ်ခုကို
ရအောင် ညှိလိုက်ကြတယ်။ ညှိပြီးတော့ လက်ရေးတွေနဲ့ ရေးလိုက်
ကြတယ်ဗျ။(မျက်စိထဲမှာ မြင်အောင် ကြည့်လိုက်ပါ)
အဓိပတိလမ်းရဲ့ ၀ဲယာနှစ်ဖက်မှာ ကျောင်းသားတွေအပြည့်
ကိုယ့်ဗလာစာအုပ်ကိုထုတ်ပြီး ကိုယ့်လက်ရေးနဲ့ ကိုယ်ရေး
ကြတယ်။ ရေးကြတဲ့ လက်ရေးတွေကွဲတယ်။ မင်အရောင်တွေ
ကွဲတယ်။ ဒါပေမယ့် ကြွေးကြော်သံက တစ်ခုတည်းဗျ။
အဲဒါတွေ အကုန်လုံးကိုကျနော်တို့ ညနေစောင်းတဲ့အခါကျတော့
စက္ကူတွေ ဖြုတ်ပြီးတော့ ရပ်ကွက်တွေ၊ လမ်းတွေ၊ဈေးတွေထဲမှာ
ဝေကြတာဗျ။ ကျနော်ပြောချင်တာက မင်ရောင်တွေ ကွဲပါစေ၊
လက်ရေးတွေ ကွဲပါစေ၊ အလုပ်တာဝန်တွေကွဲပါစေ၊ အချိန်တန်ရင်
တသံတည်းထွက်လာတာမျိုး။ ဘာပဲလုပ်လုပ် ဒီဥပမာနဲ့ပဲ
သွားရင် အောင်မြင်မယ်လို့ယုံကြည်တယ်။
.
ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက်အတွက်
အပြောင်းအလဲတိုင်းအတွက်လည်းဒီလိုပဲ စုပေါင်းပြီး တာဝန်
ယူမယ် အထူးတလည် ပြောစရာမလိုဘဲနဲ့ ကိုယ့်ထောင့်ကနေ
တာဝန်ကျေသွားမယ်ဆိုရင် အောင်ပွဲကိုရောက်မယ်။
.
‪‎မင်းကိုနိုင်‬
[ကျော်ကျော်ဦး(ပြည့်သူအရေး)၏ “ အနာဂါတ်ကို ဖော်ဆောင်သူများနှင့်
တွေ့ဆုံခြင်း ” စာအုပ် ( စာ ၂၃-၂၄ )မှ ကောက်နှုတ်ဖော်ပြသည်။ ]

အမှန်တရားနှင့်အမှားတရံ


“ အမှန်တရားနှင့်အမှားတရံ ”
▬▬▬▬▬▬▬▬▬▬▬
အလှူပွဲခင်းမှာ
ဖိနပ်ချင်း မှားသွားလို့
သူတပါးဖိနပ်
ခပ်ကျပ်ကျပ်နဲ့ ခရီးဆက်ခဲ့
.
နောက်တပွဲလည်း
ဒီအမှားတရံပဲ
ထပ်ပျောက်လို့ လိုက်အရှာ
“ ဒီဖိနပ်လား၊ ဒါလား ” မေးတဲ့အခါ
ဒီပွဲမှာ
စီးခဲ့တဲ့ ဖိနပ်မှန်နေတော့
“ ဟုတ်တယ်၊ မှန်တယ်”လို့
ဖြေလိုက်ရ
.
သြော်...
မူလအစစ် ပြန်မတွေ့သေးသမျှ
အမှားတရံဟာ အမှန်တရားဖြစ်နေဦးမှာပ...။ ...။

မင်းကိုနိုင်

ယုံကြည်သော အနာဂါတ်



“ ယုံကြည်သော အနာဂါတ် ”
▬-▬-▬-▬-▬-▬-▬-▬
လူကြီးတရာ ဟောပြောတာထက်
ကလေးတယောက် ရှိုက်ငိုသံက
နာကျင် ပိုထိရောက်ပါတယ်
.
တခါတလေ
လူကြီးတွေ မစာနာပေမယ့်
ကလေးတွေ လွယ်လွယ် သနားတတ်တယ်
.
တခါတလေ
လူကြီးတွေ မမီချင်ယောင်ဆောင်တဲ့အရာ
ကလေးတွေ ရအောင်ယူနိုင်တယ်
.
ခေါင်းလောင်းသံချိုဟာ ဗုံးသံကြောင့်ဆွံ့အ
တောင်ယာခင်းစိမ်းဟာ မီးကျည်တွေကြောင့် ပြာကျ ၊
စစ်ဖိနပ်တွေက
ထမင်းဝိုင်းကို ခလုတ်တိုက်ချလိုက်တဲ့အခါ
.
အရွယ်ချင်းတူပေမယ့်
ဘ၀ချင်းခြား သူငယ်ချင်းများအတွက်
[ ကလေးတွေသံပြိုင် ]
ကောင်းကင်ကြီးပွင့်သွားအောင် တိုင်တည်လိုက်မယ်။
.
‪‎မင်းကိုနိုင်‬

ဝေးလွန်းတဲ့အခါ


“ ဝေးလွန်းတဲ့အခါ ”
~~~~~~~~~~~~~
လွမ်းစရာမရှိတဲ့ ဘ၀ဟာ
ဆားမပါတဲ့ဟင်းပဲ
အလွမ်းများတော့လည်း သွေးတိုးမယ်
.
ရာသီဖောက်ပြန်မှ
ဆောင်းညတွေ ချမ်းဖော်ရတဲ့ အရပ်မှာ
အအေးဓာတ်,နှင်းမှုန်ကို ..
လိုချင်ယုံ ဆုံချင်လျှက်
ဆုမတောင်းရက်ပါဘူး
.
လူတိုင်းဟာ
တစုံတရာ / တစုံတယောက်ကို
အသက်လို စောင့်ရှောက်ကြတာပဲ။
.
သီအိုရမ်သိသမျှ
သက်သေမပြနိုင်တာ ပိုခံစားရ
.
သြော်….
ဝေးလွန်းတဲ့အခါ
“ နေ” ဆိုတာကို…
ကြယ်တာရာလို့ …ထင်တတ်တယ်…။…..။

နေမ၀င် ဆည်းဆာ


“ နေမ၀င် ဆည်းဆာ ”
▬-▬-▬-▬-▬-▬
တခုထဲသော ကောင်းကင်က
လေထီးခုန်လာတဲ့ မိုးစက်တွေအဖြစ်
သားသမီးတွေ ပြန်လာတယ်
ကမ္ဘာမြေပြင် အမေ့ရင်ခွင်ဆီ
.
ဟုတ်ပါ့
ညတုန်းက ကြယ်လေးတွေပေါ့
ခုတော့ မိုးစက်တွေ
ကလေးတွေက မျက်လှည့်လည်းပြတတ်တယ်
အမေ့ကို
.
ချင်းတွင်းနဲ့ သံလွင်ဟာ အမေ့လက်မောင်း
စစ်တောင်းက အမေ့ပေါင်
ဧရာဝတီက အမေ့ရင်ခွင်
ဘယ်မှာခိုဝင် မှေးချင်လဲ
.
ရှမ်းကုန်းမြင့်မှာ ဒုဌာဝတီ
မြေပြန့်ဆီမှာ မြစ်ငယ်မြစ်
ဟိုအောက် ဧရာဝတီမှာ
တော်ကြာ င၀န်မြစ်
တော်ကြာ ပုသိမ်မြစ်
တော်ကြာ တိုးမြစ်
တော်ကြာ ရန်ကုန်မြစ်
ကလေးတွေက မျက်လှည့်ပြတယ် အမေ့ကို ...။
.
ညမှာ ကြယ်လိုလင်းပြီး
နွေရက်မျိုးမှာ ရွှေလက်ချိုးကာ ကဖို့
တချို့က ပိတောက်ပန်းယောင်ဆောင်ပြီး ပြန်လာတယ်
တချို့က မုန့်လုံးရေပေါ်ထဲ ပဟေဠိဖွက်ဖို့ ပြန်လာတယ်
တချို့က အစွယ် တင်းပုတ် နဲ့ အရုပ်တွေကို တောက်ချဖို့
မှင်စွန်းတဲ့ လက်သန်းတွေအဖြစ်
တောင်တန်းတွေပေါ်ကျော်.. ပြန်လာတယ်
.
လိုသူတွေအတွက် ပိုသူတွေက မျှဝေဖို့
တချို့က စာအုပ်ခဲတံလေးတွေအဖြစ် ပြန်လာတယ်
လဲသူကို တွဲထူဖို့ လက်ရုံးများအဖြစ် ပြန်လာတယ်
အမိမြေအနှံ့ ခြေဆန့်ပြီးတဲ့အခါ
တခုထဲသော ပင်လယ်မှာ ပန်းဝင်ဖို့ ပြန်လာတယ်
.
သူတို့ဟာ တခုထဲသော ကောင်းကင်က လာတာပဲ
ခရီးကြမ်းပေမယ့်
တခုထဲသော ပင်လယ်မှာ အတူပန်းဝင်ကြမယ်

ပန်းဝင်မှာ ဖြစ်တယ်
နေမ၀င်ပါ
နေမ၀င် ဆည်းဆာပေါ့...။......။
.
- ‪#‎မင်းကိုနိုင်‬
.
[ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ အနုပညာရှင်များ၏ နေမ၀င်
ဆည်းဆာတွင် ရွတ်ဆိုခဲ့သော ကဗျာ ၊ ၂၆/၃/၂၀၁၆ ]

Wednesday 9 March 2016

ချ စ် ေ သ ာ ေ တ ာ ပ န္ း က ေ လ း မ် ာ း
----------------------------------------------------
                                           ခု ေ န ခါ
                                          ငါ သြ ာ း ေ န တဲ့ ေ မြ လ မ်း ေ လ း နံ ေ ဘ း က
                                          ေ တ ာ ပ န္ း က ေ လ း ေ တြ
                                          မ င်း ကို လ က်ေ ဆာ င်ေ ပး ချ င် တ ယ်
                                          ဘာ အ လို ဆ န္ဒ မှ
                                          မ မ် ာ း ေ မြာ င် ရ ပါ ဘူး အ ချ စ် ရ ယ်
                                          မ င်း ကျ န်း မာ ရဲ့ လား
                                          မ င်း စိ တ် ချ မ်း သာ ရဲ့ လား
                                          ဒီ အ တို င်း သာ
                                         တ စ် က မ္ဘာ လုံး ရှိေ န ဖို့ ပဲ မ ဟု တ် လား.........

                                                                    (သု ခ မိ န် လှို င်
                                                                     ရု ပ် ရှ င် ေ တ း က ဗ် ာ
                                                                     ေ အ ာ က္ တို ဘ ာ ၊ ၂ ၀ ၀ ၂)