Thursday 4 August 2016

ရင်ထဲက ဝေဒနာနှင့် စေတနာ

“ရင်ထဲက ဝေဒနာနှင့် စေတနာ”
============================
ကျော်သူရမောင် ဖားကန့်ကို ရောက်နေတာ ကြာပြီ။ အိမ်က ထွက်ပြေးပြီး မှော်ထဲကို တက်ပြီး စီးပွားရှာမယ်လို့ ဟစ်ကြွေးသွားတဲ့ ညီကို လိုက်ရှာဖို့ ရောက်နေတာ။
ပထမ မြစ်ကြီးနားကို သွားတယ်။ မြစ်ကြီးနားက သူငယ်ချင်းနဲ့ ဖားကန့်ကို သွားတယ် ဆိုတာနဲ့ ဖားကန့်ကို ခြေရာခံပြီး လိုက်ခဲ့ရတာ။ ဖားကန့်မှာလည်း မတွေ့ပါဘူး။ ဟိုစုံစမ်း ဒီစုံစမ်းနဲ့ သုံးလေးရက် ကြာသွားတယ်။ ကိုယ့်ရှေ့မှာ လူတွေ တရုန်းရုန်းနဲ့ ပြန်ဆင်း နေကြတာ တွေ့တယ်။ ကျော်သူရမောင်ကတော့ သတိ မထားမိဘူး။ ပျောက်နေတဲ့ညီကို ရှာဖို့ပဲ စဉ်းစားနေတာ။ နောက်ဆုံးတော့ တည်းနေတဲ့ အိမ်ရှင်က သတိပေးရတဲ့ အထိပဲ။
“သူရ မင်း မပြန်သေး ဘူးလား။ အကုန်လုံးလိုလို ပြန်ဆင်းကုန်ကြပြီနော်။ တော်ကြာ
ဆင်းမရဘဲ ဖြစ်နေမယ်”
“ငါ့ကောင်ကို မတွေ့ သေးဘူးကွာ”
“ဒီအတိုင်းဆိုရင် ကုမ္ပဏီ တစ်ခုခု ၀င်သွားတာ ဖြစ်မယ်။ အင်း...မင်းတို့ကတော့ ပြန်မယ်ဆို ပြန်လို့ရ တယ်။ ငါတို့ကတော့ အခြေ ချနေတဲ့ လူတွေမို့ ဖြစ်သမျှ အကြောင်း အကောင်းကြီး ပေါ့ကွာ”
ဒါနဲ့ ကျော်သူရမောင်လည်း ပြန်ဖို့ စီစဉ်ရတော့ တယ်။ ဗင်ကားငှားပြီး ပြန် ဆင်းမယ်လို့ စဉ်းစားတယ်။ ဗင်ကားက မိုးကောင်း အရောက် ခြောက်သောင်းတဲ့။ ကျော်သူရမောင် ပိုက်ဆံနည်း နည်းပဲ ကျန်တော့ပေမဲ့ မိုး ကောင်းရောက်ရင် မိတ်ဆွေ အိမ်မှာ ၀င်ယူလို့ရတယ်လို့ တွေးပြီး ကားလက်မှတ်ဝယ် လိုက်တယ်။ ရှေ့ခန်းတစ် ယောက်၊ နောက်ခန်းသုံး ယောက် ခရီးဖော်တွေနဲ့ ဆင်း ခဲ့တယ်။ မိုးကောင်းကို ချော ချောမောမော ရောက်မယ် အောက်မေ့နေတာ ဘယ်ဟုတ် လို့လဲ။ ပျားအုံကိုလည်း ရောက်ရော ကိုယ့်အရင် ရှေ့ က ဆင်းသွားတဲ့ ကားတွေ လှည့်ပြီး ပြန်တက်လာကြတာ တွေ့တယ်။ ရှေ့မှာ လမ်းတွေ ပိတ်နေပြီတဲ့။ ကျော်သူရ မောင်လည်း ဘာတတ်နိုင်မှာ လဲ။ ဖားကန့်ကိုပဲ ပြန်လာခဲ့ ရတော့တာပေါ့။ ဆင်းလို့ မရတော့ဘူး ဆိုမှ အရမ်းကို ဆင်းချင်နေတယ်။ ဘယ်လို ဆင်းရမလဲဆိုတာ နည်းလမ်း တွေ ရှာရတော့တာပေါ့။
“ဝေခါလမ်းကတော့ ဆိုင်ကယ်နဲ့ ဆင်းရမှာ။ အခြေအနေ စိတ်မချရဘူး။ အကောင်းဆုံး စဉ်းစားမိတာ ကတော့ ဆယ်ဇင်းကနေ ဥရု ချောင်းအတိုင်း စုန်ပြီး ချင်း တွင်းမြစ်ကြောင်းအတိုင်း မုံရွာကို သွားတဲ့လမ်းက ကောင်းမယ်ထင်တယ်”
ကျော်သူရမောင် ဘာ တတ်နိုင်မှာလဲ။ နယ်မြေ ကျွမ်းတဲ့သူ ညွှန်ကြားတဲ့ အတိုင်း ပြန်ရုံပေါ့။ အဲဒါနဲ့ ဖားကန့်ကနေ ဆယ်ဇင်းကို ဗင်နဲ့ ပြန်ဆင်းခဲ့တယ်။ ဆယ် ဇင်းရောက်တော့ အမြန်ယာဉ် စက်လှေ စုံစမ်းနေတုန်း ကိုယ်လိုသူလို ခရီးသည် တစ်ယောက်က ပြောတာနဲ့ ဘုန်း ကြီးကျောင်းကို ရောက်သွား တယ်။ ဘုန်းကြီးကျောင်းမှာ ပြန်ဆင်းမဲ့ ခရီးသည်တွေ သိန်းနဲ့ချီပြီး ရှိနေတာ တွေ့ရ တယ်။ လမ်းပေါ်မှာလည်း ကြိတ်ကြိတ်တိုး၊ ကျောင်းထဲမှာလည်း ပြည့်ကျပ်နေတာပဲ။ လမ်းပေါ်မှာ စားပွဲခုံတွေ ချပြီး ထမင်းထုပ်တွေ ဝေနေ တာ တွေ့ရတယ်။ အမျိုးသမီး တွေက တောင်းတွေနဲ့ထည့် ပြီး “ထမင်းထုပ်တွေ ယူကြ ပါ။ ကြိုက်သလောက် ယူပါ။ လမ်းမှာ ဆာရင် ဘာမှ မရှိ ဘူးနော်”လို့ ပြောကြတယ်။ နှစ်ထုပ်၊ သုံးထုပ် ကြိုက် သလောက် ယူလို့ရပါတယ်။ ကျော်သူရမောင်လည်း သုံး ထုပ်ယူခဲ့တယ်။ မုန့်ကြွပ် ထုပ်တွေလည်း ဝေတယ်။ ဘုရား ဘုရား ဒီလူတွေ အများကြီး ကြိုက်သလောက် ဝေနိုင်အောင် သူတို့ဘယ် လောက်များ အပင်ပန်းခံပြီး ချက်ထားကြရတာပါလိမ့်။
သုံးဆယ့်ငါးယောက် စီး စက်လှေနဲ့ ဆယ်ဇင်းက နေ ညနေ လေးနာရီလောက် မှာ ဥရုချောင်းအတိုင်း စပြီး စုန်ခဲ့တယ်။ ကျော်သူရမောင် ရင်တွေ တဒိတ်ဒိတ် ခုန်နေ တယ်။ မန္တလေးအပြန်ခရီးက တော့ စခဲ့ပြီ။ ခရီးသည်တွေ ဟာ မျက်နှာငယ်လေးတွေနဲ့ တစ်ခုခုကို ကြောက်ရွံ့နေကြ တဲ့ ပုံစံတွေနဲ့။ ဆယ်ဇင်းက နေ စက်လှေတွေ အုပ်စုလိုက် ထွက်ခွာလာကြတာ။ ဥရု ချောင်း အပြည့်အလျှံပဲ။ ကျော်သူရမောင်လည်း ငါ တစ်ယောက်တည်းမှ မဟုတ် ဘဲ။ အဖော်တွေမှ အများကြီး ပဲလို့ စိတ်တင်းလိုက်ရတယ်။ ဆောင်းလေကလည်း ရက်ရက်စက်စက် တိုက်နေတာ အကာအကွယ်မဲ့တဲ့ ချောင်း ထဲမှာမို့ အသားကို မြားချွန် တွေနဲ့ ထိုးခွဲနေသလိုပဲ။
“ချမ်းလိုက်တာ”
အနားက တိုးတိုးလေး ကြားလိုက်လို့ ကျော်သူရမောင် လှည့်ကြည့်လိုက်တယ်။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်နဲ့ ကျောပိုးအိတ် လွယ်ထားတဲ့ ကောင်မလေး တစ်ယောက်က ကျော်သူရမောင် နဲ့ နီးနီးလေး ကပ်ထိုင်ပြီး ဒူး နှစ်လုံးပေါ်မှာ ခေါင်းတင်ပြီး မှေးနေရင်း ညည်းလိုက်တာ။ ကုပ်ပေါ်ကို ၀ဲကျနေတဲ့ ဆံပင် ဖွာဖွာလေးတွေနဲ့ လျှာထိုးဦး ထုပ်ကလေး ဆောင်းထားတယ်။ ကိုယ်လို ယောက်ျား ရင့်မာကြီးတောင် ချမ်းသေး တာ။ မိန်းကလေး ချမ်းရှာမှာပေါ့။ သနပ်ခါးပေါင်ဒါ တစ်စက် မပါတဲ့ မျက်နှာ ပြောင်ပြောင်ကလေးနဲ့တောင် ကောင်မလေးက လှတပတ လေးမို့ ကျော်သူရမောင် ငေးကြည့်လိုက်မိတယ်။ အင် မှော်ထဲက ဆင်းလာတာ အဖော်လည်း မပါဘူး။ လှေတစ်စီးလုံးမှာမှ မိန်းကလေး တစ်ယောက်တည်း ဆိုတော့ ဘယ်ကလာလို့ ဘယ်သွား မှန်းလည်း မသိဘူး ဆိုပြီး မျက်နှာ လွှဲလိုက်ရတယ်။
တဖြည်းဖြည်းနဲ့ မှောင် စပျိုးလာပြီ။ ဒီပြည်နယ်ရဲ့ ဆောင်းညနေတွေက အမှောင် ပြန်တတ်တယ်။ ခရီးစလို့မှ ဘယ်လောက်မှ မကြာသေး ဘူး။ စက်လှေမောင်းတဲ့ သူက ကမ်းကပ်ဖို့ ဟန်ပြင် နေပြီ။ မှောင်လာတော့ လက် နှိပ်ဓာတ်မီးနဲ့ ထိုးပြီး မောင်း နေရတယ်။ ရွာခြေတစ်ခု ရောက်တော့ စက်လှေ ကမ်း ကပ်လိုက်တယ်။ အယ်လ်အီး ဒီ မီးအလင်းရောင်ကလေး တွေ စက်လှေဆီကို ပြေးလာ ကြတယ်။ အနားရောက်တော့ အဒေါ်အရွယ်၊ အစ်မအရွယ် အမျိုးသမီးတွေ ဖြစ်နေတယ်။ သူတို့မျက်နှာတွေက ၀င်းပ ပြီး စိတ်အားထက်သန်နေကြ တယ်။
“ခရီးသည်တွေ ထမင်း ၀ယ်မစားကြနဲ့နော်”
“ထမင်းဝယ်စားရင် လည်း ထမင်းဆိုင်က ခင်ဗျားတို့ အများကြီး ရောင်းနိုင်မှာ မဟုတ်ဘူး”
“ထမင်း ချက်နေတယ်။ ကြက်ဥလည်း ကြော်နေ တယ်။ ခဏလေး စောင့်ကြ ပါနော်”
“ချမ်းတဲ့လူတွေ မီးဖို ပေးထားတယ်။ လာလှုံကြ ပါ”
တစ်ယောက်တစ်ပေါက် ပြောကြတဲ့ စေတနာ စကားတွေက ဒုက္ခရောက် လာတဲ့ ကျော်သူရမောင်တို့ကို ရင်ထဲ အေးမြစေတယ်။ မီးဖို နားကို အမြန်အရောက် ပြေး ပြီး ၀ိုင်းထိုင်မီးလှုံကြတယ်။ ကျော်သူရမောင်က နေရာမရ တော့လို့ မတ်တတ်ရပ်ပြီး လက်တွေကို မီးကင်ရတယ်။
“အဲဒါ ကမ်းစပ်နားက ဈေးသည်တွေလေ”
လှည့်ကြည့်လိုက် တော့ စောစောက ကောင်မ လေး အနားက ရပ်ပြီး ပြော လိုက်တာ။ ကျော်သူရမောင် ငေးကြည့်နေတုန်း ကောင်မလေးက ပြုံးပြတယ်။ ပြီး တော့ ဘယ်ပြန်မှာလဲလို့ မေး တယ်။ ကျော်သူရမောင် အမှတ်တမဲ့ မန္တလေးလို့ ဖြေ လိုက်တယ်။ ကောင်မလေး လက်ထဲမှာလည်း ထမင်း ထုပ်နဲ့ ကျော်သူရမောင်မှာ လည်း ဆယ်ဇင်းက ပေး လိုက်တဲ့ ထမင်းထုပ်ပါသေး တယ်။ သူတို့စိတ်ထဲမှာ စိုး ရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းမှုပဲ ရှိတယ်။ ထမင်းမဆာကြ ဘူး။ အဲဒီလိုနေတုန်း လူတစ် စုက သောင်ပြင်မှာ အလုပ် များနေတယ်။
အမျိုးသားတွေ လာ ၀ိုင်းကူကြပါဦးဆိုတဲ့ အသံ တွေကြားနေရလို့ ကျော်သူရ မောင် အဲဒီနေရာကို သွားဖို့ ခြေလှမ်းပြင်တော့ ကောင် မလေးကလည်း ကပ်ပြီး လိုက်လာတယ်။ ကျွန်တော် နာမည် ညိုညိုလို့ မကြား တကြား ပြောတာနဲ့ ကျော်သူ ရမောင်ကလည်း လှည့်ကြည့် ပြီး “ငါ့နာမည် ကိုသူရ”လို့ ပြန်ပြောလိုက်ရတယ်။ ကောင်မလေးက ပြုံးပြ တယ်။ သောင်ပြင်ပေါ်မှာ လူ တွေအများကြီးနဲ့ မိုးကာတွေ ခင်းနေတယ်။ ခရီးသည်တွေ နားကြပါ။ အိမ်တွေမှာ လူ တွေတည်းဖို့ မလောက်လို့ ဆိုတဲ့ အသံတွေ ကြားရ တယ်။
“ဟာ သောင်ပြင်မှာ လေကတိုက်နဲ့ သေကုန်ကြ မှာပေါ့”
“လာမယ်လေ ကြည့်ပါ ဦး။ ဟိုမှာ ပေပါတွေ ယူ လာကြပြီ”
မိုးကာအခင်းတွေပေါ် ကို ပေပါတွေ ထောင်ကြ တယ်။ အပေါ်က မိုးကာကို အသားချောင်းတွေ ခံပြီး အုပ် ပေးတယ်။ ခဲနဲ့ဖိတယ်။
“ဟန်ကျတယ်ဗျာ။ နှင်း လည်း မကျတော့ဘူး။ ကျွန်တော်က အိပ်ချင်လှပြီ ၀င်မယ်ဗျာ”အနားက လူတော် တော်များများက မိုးကာ အခင်း အကာအောက်ကို လှိမ့်ဝင်သွားကြတယ်။ ကျော် သူရမောင်လည်း နားချင်လှ ပြီ။ ကောင်မလေးကို လှည့် ကြည့်မိတယ်။ ကောင်မလေးက ဘာမှ မမှုတဲ့ ပုံစံနဲ့ ငုံ့ဝင်သွားပြီး ကျောပိုးအိတ် ကလေး ခေါင်းအုံးပြီး လှဲအိပ်လိုက်တယ်။ ကျော်သူရ မောင်လည်း သက်ပြင်းတစ် ချက်ချပြီး ဘေးနားမှာ ၀င်လှဲအိပ်လိုက်ရတယ်။
အဲဒါနဲ့ ပြောရဦးမယ်။ ကျော်သူရမောင်တို့ စက်လှေပေါ်မှာက မြင်းခြံနယ်သား ဖက်စပ်ကုမ္ပဏီ လုပ်သားတွေ အုပ်စုလိုက် သုံးဆယ့်ငါး ယောက်ပါတယ်။ သူတို့က တစ်အုပ်စုဆိုပါတော့။ ကျန် တာက ခြောက်ယောက်မှာ ကျော်သူရမောင်က တစ် ယောက်တည်း။ ညိုညိုက လည်း တစ်ယောက်တည်း။ ကျန်တဲ့ လေးယောက်က တစ်အုပ်စု။ ဒါပေမဲ့ ဒီခြောက် ယောက်က တစ်အုပ်စုတည်း တွဲမိသွားကြတယ်။ လေး ယောက်အုပ်စု ခေါင်းဆောင် အသက် ၅၀ ကျော် အဘိုး ကြီးက ဟိုဘက်ခပ်လှမ်း လှမ်းက ထလာပြီး ညိုညို့ ဘေးနားမှာ ခပ်ဝေးဝေး လာ ထိုင်ရာက “ငါ့သမီး စိတ်ချ လက်ချအိပ်။ အဘတို့ စောင့်ပေးမယ်”လို့ ပြောပြီး အယ်လ် အီးဒီမီးလေး ထွန်းလိုက်တယ်။ ညိုညိုက “မီး ပိတ်လို့ ရပါတယ် အဘရယ်၊ တစ်လှေတည်းစီး တစ်ခရီး တည်း သွားရတဲ့ လူတွေပဲ ဥစ္စာ”လို့ ပြန်ပြောသံကို ကျော ခိုင်းပြီး ကွေးနေရင်းက ကျော်သူရမောင် ကြားလိုက် တယ်။ ပြီးတော့ ချမ်းချမ်းနဲ့ ကွေးရင် မှေးမှေးနဲ့ အိပ်ပျော် သွားတယ်။ တစ်ခဏလေး ပဲလို့ အောက်မေ့တဲ့အချိန်မှာ
“ကောက်ညှင်းပေါင်း စားကြပါရှင့်”
“ထမင်းထုပ်တွေ ယူ ကြပါရှင့်”
ဆိုတဲ့ အသံတွေကြောင့် ကျော်သူရမောင် နိုးလာ တယ်။ ကြည့်လိုက်တော့ ဥရု ချောင်းပေါ်မှာ ရောင်နီလာနေ ပြီ။ ညိုညိုကို ချောင်းဘက် က ပြန်တက်လာတာ တွေ့ရ တယ်။ မျက်နှာသစ်လာ တယ်နဲ့ တူတယ်။ နံနက်ဦးမှာ မျက်နှာလေး လန်းဆန်းနေ တာ တွေ့ရတယ်။ တောင်းထဲ က ကြွပ်ကြွပ်အိတ်နဲ့ ထုပ် ထားတဲ့ ကောက်ညှင်းပေါင်း နှစ်ထုပ် ဆွဲယူလိုက်ပြီး တစ် ထုပ်ကို ကျော်သူရမောင်ကို လှမ်းပေးတယ်။
“မျက်နှာ သွားသစ် လိုက်ဦး”ဆိုပြီး သောင်ပြင်ဘက် ဆက်ထွက်သွားတယ်။ လင်းရောင်နုလေး လာစပြု ပြီဆိုရင်ပဲ စက်လှေတွေ လူစုံ မစုံ အော်ခေါ်ကြပြီး တစ်စီးပြီး တစ်စီး ထွက်ခွာလာကြ တယ်။ ကျော်သူရမောင်တို့ စက်လှေထဲမှာ ထမင်းထုပ် တွေ အများကြီး ပါလာတယ်။ သုံးဆယ့်ငါးယောက် အုပ်စု ခေါင်းဆောင် ကိုကြံ တိုင်းအောင်က “ရွာလှ ကောင်းဆိုတဲ့ ရွာနာမည် အတိုင်း နှလုံးလှတဲ့ ရွာသူ ရွာသားတွေ တစ်ညလုံး မအိပ်ကြဘူးဗျ သိလား၊ အိုး ကြီး အိုးငယ်နဲ့ ချက်ပြုတ်နေ ကြတာ”လို့ ကျော်သူရမောင် ကို ကြည့်ပြီး ပြောတယ်။
“ကျွန်မလည်း သုံးနာရီ လောက်ကတည်းက နိုးနေတာနဲ့ အသာလေး ထသွား ပြီး သူတို့အုပ်စုနဲ့ ထမင်းကူ ချက်ပေးနေတာ။ ကျွန်မကို ကော်ဖီမစ်တောင် တိုက်သေးတယ်”လို့ ညိုညိုက ၀င်ပြော တယ်။
သုံးဆယ့်ငါးယောက် အုပ်စုထဲက တစ်ယောက်က ဆိုင်ကယ် ထိထားတာတဲ့။ သူ့ ခြေထောက်က ကွေးမရဘဲ တန်းတန်းကြီး ဖြစ်နေတယ်။ စက်လှေထွက်တော့ ကျပ် ပိတ်နေပြီး ခြေထောက်ထားစ ရာ မရှိဘဲ ဖြစ်နေတယ်။ ညို ညိုက “ခြေထောက်ဆင်းလိုက် အစ်ကို”ဆိုပြီး ထိုင်ရာက ထလို့ စက်လှေဘောင် ပေါ်မှာ သွားထိုင်တယ်။ ဟဲ့ ကောင်မလေး အရဲ မကိုးနဲ့နော်။ မြဲမြဲ ကိုင်ထားနော်။ လိမ့် ကျသွားဦးမယ်ဆိုတဲ့ စိုးရိမ်ပူ ပန်သံတွေ စက်လှေထဲ လေး ငါးခြောက်သံ ထွက်လာတယ်။ ညိုညိုက အေးဆေး ပါဆိုတဲ့ ပုံစံနဲ့ လက်ပြတယ်။ စိုးရိမ် ပူပန်သံတွေဟာ မိန်းကလေးမို့ ပူပင်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ကိုယ့်တူမ ကိုယ့် သမီး လိမ့်ကျသွားမှာစိုးလို့ ရိုးရိုးသားသား အော်လိုက်တဲ့ အသံတွေလို့ ကျော်သူရမောင် ယုံကြည်တယ်။ မယုံ ကြည်လို့ မရဘူးလေ။ယောက်ျားလေး လေးဆယ် လောက်ကြားထဲမှာ ညိုညိုကလည်း ယုံကြည်မှု အပြည့်နဲ့ သတ္တိရှိရှိ တစ်ည အိပ်ပြခဲ့ပြီး ပြီပဲ။ စက်လှေတစ်စီးလုံးက လူတွေဟာ အခုမှ သွေးသားရင်းတွေလို ခင်မင်မှု၊ ယုံ ကြည်မှုတွေ တိုးပွားလာနေ ကြတယ်။
မနက်အစောကြီးက ထွက်လာတဲ့စက်လှေက နန် တောကို ဆယ့်တစ်နာရီခွဲ လောက်မှာ ရောက်တယ်။ ဆိပ်ကမ်းမှာ စက်လှေတချို့ ရပ်ထားပြီး ကမ်းပေါ်မှာ လူ တွေ ဖွေးဖွေးလှုပ်လို့။ ထမင်း ထုပ်ဝေနေကြတာနဲ့ တူတယ်။
“ခင်ဗျားတို့ ထမင်းထုပ် ယူကြဦးမှာလား”
စက်လှေမောင်းတဲ့သူ က လှည့်မေးတယ်။
“မယူချင်ဘူး”
“မယူတော့ဘူး များနေ ပြီ”
“မနက်က ယူခဲ့တယ် လေ”
“စက်ဆရာ မောင်းသာ မောင်းတော့ဗျို့၊ ခရီးဖင့်လိမ့် မယ်”
“ဟုတ်ပြီ။ ဒါဆိုရင် တော့ နန်တောမှာ မရပ် တော့ဘူးနော်။ အားလုံး သဘောတူတယ်နော်”
“တူတယ်၊ တူတယ်”
ကျော်သူရမောင်တို့ စက်လှေဟာ အရှိန်မလျှော့ဘဲ စက်ကုန်ဖွင့်ပြီး နန်တောကို ဖြတ်တယ်။ ကမ်းပေါ်က လူတွေက ကမ်းနားထိ ပြေး လာပြီ စက်လှေရပ်ပါဦးလို့ အော်ကြတယ်။ လက်ပြပြီး ရပ်ခိုင်းကြတယ်။ စက်လှေ ပေါ်က လူတွေကလည်း မရပ်တော့ဘူးလို့ အော်သူက အော်၊ လက်တွေ ခါပြီး ပြကြ တယ်။ ကမ်းပေါ်က လူတွေ က မကျေနပ်ဘူး။ စက်လှေ တစ်စင်းပေါ်တက် စက်နှိုးပြီး ကျော်သူရမောင်တို့ စက်လှေ နောက်က လိုက်လာလို့ စက် လှေအရှိန်လျှော့လိုက်ရတယ်။
“ခင်ဗျားတို့ စက်လှေ ဘာလို့ မရပ်တာလဲ”
“ကျွန်တော်တို့ အမြန် သွားချင်လှပြီမို့ မရပ်တာ”
“မရပ်လို့ မရဘူး။ ရှေ့ မှာ ဒုက္ခရောက်လိမ့်မယ်။ ထမင်းထုပ်တွေ ယူသွားကြ ဦး။ ရောင်းတဲ့လူ ရှိမှာ မဟုတ်ဘူး”
သူတို့က စိတ်အား ထက်သန်နေတာမို့ ကျော်သူ ရမောင်တို့စက်လှေလည်း ကမ်းစပ်မှာ ထိုးကပ်ပေး လိုက်ရတယ်။ ဆိပ်ကမ်းနဲ့ နည်းနည်းလှမ်းလာပြီမို့ ထမင်းထုပ်တောင်းတွေ ကိုင် ထားတဲ့လူတွေဟာ စက်လှေ နောက်ကို ပြေးလိုက်လာကြ ရတယ်။ သြော် ကိုယ့်ကို ထမင်းထုပ်ပေးဖို့ ဒါလောက် ကြိုးစားပမ်းစား မောကြီးပန်း ကြီး ဖြစ်နေတာ တွေ့တော့ ကျော်သူရမောင်ဖြင့် အားနာ လိုက်တာ။
“နောက်ကျမှာစိုးရင် စက်လှေပေါ်က မဆင်းနဲ့ တော့ ဒီအတိုင်းသာ တင် သွားကြတော့”
အောက်ကနေ တင်ပေးတဲ့ ထမင်းထုပ်တွေကို လှေဦး မှာ စုတင်ထားပြီး ထမင်းထုပ် လှူတဲ့ လူတွေကို ကျေး ဇူးတင်ကြောင်း ၀ိုင်းပြောကြ တယ်။
“နေမကောင်းတဲ့ လူပါလား၊ ဖလူဇာ၊ ဒီကိုဂျင် ယူ ဦးမလား”
“အနာကျက်ဆေးပါ လား” ညိုညိုက လှမ်းမေး တယ်။
“ပါတယ်။ ဗင်နဒိုင်း”
“ပေးပါရှင်၊ ဂွမ်းနဲ့ ပတ်တီးပါရင်လည်း ပေး”
ခြင်းထဲက နှိုက်ပေးလိုက်တဲ့ ဆေးတွေကို ညိုညိုက လက်ဝါးဖြန့် လှမ်းယူတယ်။ ရေသန့်ဘူးတွေ လာ ပေးလို့ ကတ်လိုက် စက်လှေ ပေါ်တင်ကြပြီး စက်လှေ လည်း ထွက်ခဲ့တော့တယ်။ ညိုညိုက “ကဲ နည်းနည်း ဖယ်ကြမယ်”လို့ ပြောပြီး ဆိုင်ကယ်ထိတဲ့ လူနာနားမှာ ဒူး ထောက်ထိုင်လိုက်တယ်။
“ပြစမ်းပါဦး၊ ရှင့်အနာ ကြည့်ရအောင်”
လူနာက ပတ်တီးကို ပြ တယ်။ မည်းညစ်နေတဲ့ ပုဆိုး စုတ်ကို ကြည့်ပြီး ညိုညိုက နှာခေါင်းရှုံ့တယ်။ ပတ်တီး ကို ဖြေပြီး အနာကို ဆေး ၀ါရည်နဲ့ ဂွမ်းနဲ့ဆေး၊ ဆေးဝါ ရည်လောင်းချပြီး ပတ်တီးနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြန် စည်းပေးနေတာကို စက်လှေ တစ်လှေလုံးက လူတွေနဲ့ အတူ ကျော်သူရမောင်လည်း တအံ့တသြ ပါးစပ်ဟပြီး ငေး ကြည့်နေမိတယ်။
“ကျေးဇူးတင်လိုက် တာဗျာ။ တော်တော် သက် သာသွားတယ်”
“ရှင် ထမင်း စားပြီးပြီ လား၊ အစာရှိလား”
“စားပြီးပြီဗျ”
“ဒါဖြင့် ဖလူဇာ သောက်လိုက်။ အဲဒီဘက်က ရေသန့်ဘူး တစ်ဘူးလောက် လှမ်းလိုက်စမ်းပါ”
သုံးဆယ့်ငါးယောက် အုပ်စုခေါင်းဆောင် ကြံတိုင်းအောင်က “အဲ ညီမလေးက သူနာပြုဆရာမလား”လို့ မေးတာကို ညိုညိုက မကြား သလိုနဲ့ ပတ်တီးဟောင်းကြီး ကို ငုံ့ကောက်ပြီး စက်လှေ ဘောင်ပေါ် ပြန်သွားထိုင် တယ်။ ပတ်တီးကို ရေထဲ ပစ်ချလိုက်တယ်။
“ဟာ ဆရာမ ဘောင်ပေါ် မထိုင်နဲ့၊ နေပူနေပြီ”
ကျော်သူရမောင် လွှတ်ခနဲ ပြောမိပြီး ညိုညိုနဲ့ နေရာချင်း လဲလိုက်တယ်။ ညိုညို က ဘာမှ မပြောဘဲ အောက် ပြန်ဆင်းသွားတယ်။ ဆောင်းတွင်းပေမဲ့ မွန်းတည့်နေ့က ရက်ရက်စက်စက် ပူနေတာ။ ဥရုချောင်းလေကလည်း မြား တွေနဲ့ ပစ်သလိုပဲ ရက်ရက် စက်စက် တိုက်နေတယ်။ နောက်ထပ်ဘယ်နှညလောက် အိပ်ရဦးမလဲဆိုပြီး ကျော်သူရ မောင် တွေးရင်း စိတ်ညစ်နေ တယ်။ သတိရလို့ ညိုညိုကို ငုံ့ကြည့်လိုက်တော့ စက်လှေ နံရံကို မှီပြီး အိပ်ပျော်နေတာ တွေ့ရတယ်။ သြော် ဒီ ကောင်မလေးနှယ် အပူအပင် နည်းရန်ကောလို့ တွေးမိပြီး ကျော်သူရမောင် ကိုယ့်ဘာ သာကိုယ် ဒေါသဖြစ်သွား တယ်။
“ချောင်းဝကို ရောက်ပြီ ဟေ့”
ဘယ်သူက ၀မ်းသာ အားရ ကုန်းအော်လိုက်တယ် မသိဘူး။ စက်လှေတစ်စီးလုံး ငိုက်မြည်းနေရာက နိုးကြား ကုန်ကြတယ်။ ကျော်သူရ မောင်လည်း ပျော်လိုက်တာ။ စက်လှေကတော့ ဥရုချောင်း ၀ကနေ ချင်းတွင်းမြစ်ကို ကူး နေပြီ။ မကြာခင် ဥရုချောင်း ကို ထားပစ်ခဲ့ရတော့မယ်။ ချင်းတွင်းမြစ်အတိုင်း စုန်ရ တော့မယ်ဆိုတဲ့ အသိစိတ်က စက်လှေတစ်စီးလုံးက လူ တွေကို တက်ကြွနိုးကြားစေ တယ်။ အခုလို အပြေး အလွှား ကိုယ့်အိမ်ကိုယ်ပြန် ရတဲ့ ခရီးမှာ စိုးရိမ်ပူပန်စိတ် တွေ လူတိုင်းရင်ထဲမှာ ရှိကြ တယ်။ ဥရုချောင်းကို ကျော် လွန်ပြီး ချင်းတွင်းမြစ်ကို ရောက်ပြီဆိုတာ ခရီးတစ် ထောက် ကျော်လွန်ခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်ပဲ။ ကျော်သူရ မောင်ဆိုရင် အခုချက်ချင်း မန္တလေးကို ရောက်သွားသ လိုတောင် အောက်မေ့မိ တယ်။ ဒါပေမဲ့ ခရီးက အဝေးကြီး ကျန်ရှိသေးတယ် လေ။ ကြည့်ရင်းကြည့်ရင်း စက်လှေဟာ ချင်းတွင်းမြစ် ထဲကို ပီပီပြင်ပြင် ရောက်ခဲ့ ပြီ။ လူတွေအားလုံး နိုးထလို့ ချောင်းဟန့်ကြ၊ ရေကို ငုံ့ ကြည့်ကြ လှုပ်လှုပ်ရှားရှားနဲ့
သက်ဝင် လှုပ်ရှား နေကြ တယ်။
“ဗျို့ဆရာ၊ ဒီည ဘယ် မှာ အိပ်မှာလဲ”
“ရောက်သလောက် မောင်းမှာပဲဗျို့။ မင်းကင်း တော့ မရောက်လောက်ဘူး ထင်တာပဲ။ သောင်တစ်ခုခု ပေါ့ဗျာ”
“မုံရွာ ဝေးသေးတာ ပေါ့နော်”
“ကျွန်တော် တစ်ခု စဉ်းစားတယ်ဗျ။ ခင်ဗျားတို့ကို မုံရွာအထိ မပို့တော့ဘဲ ကလေးဝမှာ ချထားခဲ့မယ်”
“ဟာ ဘယ်ဖြစ်မှာလဲ။ ခင်ဗျားကို မုံရွာအထိ စက်လှေခ ပေးပြီးသားလေဗျာ”
“သြော် ဟုတ်ပါတယ်။ ကျွန်တော် ပြောတာက ကျဉ်း ကျဉ်းကျပ်ကျပ် စက်လှေ အစား ကလေးဝကျရင် ကား ပြောင်းတင်ပေးလိုက်မလို့ ပါပဲ”
စက်လှေသမားနဲ့ ကြံ တိုင်းအောင်တို့ အပြန်အလှန် ပြောနေကြတာကို တစ်စီး လုံး နားစိုက် ထောင်နေကြတယ်။ ရင်တွေ တထိတ် ထိတ် ခုန်လို့ပေါ့။ တချို့က လည်း မြစ်ထဲမှာ စက်လှေစီး ရတာ ငြီးငွေ့လှပြီမို့ ကလေး ၀ကျ ကားပြောင်းစီးရမယ် ဆိုတဲ့ အစီအစဉ်ကို သဘော ကျကြတယ်။ ညိုညိုကတော့ ဘာမှ မပြောဘူး။ ဒီကလေး မဟာ ဖြစ်လာတဲ့အခြေအနေ ကို အေးအေးဆေးဆေး လက်ခံလေ့ရှိတာ တွေ့နေရ တယ်။ ဘယ်တော့မှ ဆူဆူ ပူပူ မလုပ်ဘူး။ မငြီးငြူဘူး။ ကျော်သူရမောင်လည်း ဘာမှ ပြောလို့ရမှာမဟုတ်တဲ့ အတူတူ အားလုံးအစီအစဉ် ကိုပဲ လက်ခံရတော့တာပေါ့။ တဖြည်းဖြည်းနဲ့ မှောင်လာ တော့ စက်လှေက သောင် တစ်ခုရဲ့အခြေမှာ ဆိုက်သွား တယ်။ ယောက်ျားတွေက သောင်ပေါ်တက်ပြီး နေရာ ရှာကြတယ်။ တစ်ခေါ် လောက်မှာ ရွှေမျှောလာလုပ် တဲ့ လူတွေရဲ့ တဲအဟောင်း တစ်လုံးနဲ့ တဲအပျက်တွေ တွေ့ရတယ်။ တဲပျက်တွေကို ဖျက်ပြီးတော့ မီးဖိုကြတယ်။ အခုကျတော့မှ နန်တောက မလိုချင်ပါဘူးဆိုတာကို အတင်းထည့်ပေးလိုက်တဲ့ ထမင်းထုပ်တွေရဲ့ ကျေးဇူးကို သိရတော့တယ်။ သောင်ပေါ် မှာ ဘာမှမရှိဘဲ ပါလာတဲ့ ထမင်းထုပ်တွေသာ အားကိုး ရတော့တာပေါ့။
“ထမင်းက ရှမ်းဆန်စီး စီးလေးတွေမို့ ကောက်ညှင်း ပေါင်းလေးတွေ ကျနေတာပဲ နော်”
“ဟုတ်တယ် ညိုညိုရဲ့၊ ဟင်းတောင်မှ မသိုးဘဲ ကြာ ကြာခံတဲ့ ငါးပိကြော်ထုပ် ကလေးတွေနဲ့ ထည့်ပေး လိုက်တာက ထမင်းထုပ်တွေ မနက်က စားပြီး ကုန်သွားတော့ ညစာငတ်မဲ့ အပေါက်ပဲ”
“ဟုတ်ပါရဲ့ ကိုသူရ ရယ်။ သူတို့သာ မပေးလိုက်ရင် ဒုက္ခပဲနော်။ ကျွန်မတို့ ဘာလိုအပ်မယ်ဆိုတာကို ကြို တွေးပြီး အပြည့်အစုံ စီစဉ် ပေးလိုက်ကြတာနော်။ ကျေးဇူးတင်စရာ ကောင်းလိုက် တာ”
ဒီတစ်ညတော့ စက် လှေပေါ်မှာတချို့တစ်ဝက်၊ သောင်ပေါ်မှာ တချို့တစ် ၀က်နဲ့ အိပ်တစ်ဝက် ငိုက် တစ်ဝက် ဖြတ်သန်းရတော့ တယ်။ ညိုညိုက စက်လှေ ပေါ်မှာမို့ ကျော်သူရမောင်တို့ ခြောက်ယောက်အုပ်စုလည်း စက်လှေပေါ်မှာပဲ အိပ်လိုက် တယ်။ ကြံတိုင်းအောင်တို့ ယောက်ျားလေးတွေက သောင်ပေါ် ဆင်းအိပ်ကြတာ ပေါ့။ ညိုညိုက ညတစ်ခါ ဆိုင်ကယ် လူနာကို ပတ်တီး အသစ်လဲ၊ ဆေးထည့်၊ ဆေးတိုက် လုပ်နေတာ။ ကျော်သူရမောင်လည်း ပတ်တီး ဖြေပေးတာတို့၊ ရေသန့်ဘူး ယူ ပေးတာတို့ ကူညီရတာပေါ့။ ညိုညိုရဲ့လက်ကလေးတွေက ဆေးထည့်ပတ်တီးစီး ကျွမ်းကျင် လိမ္မာတာကို ကျော် သူရမောင် သတိပြုလက်ခံရ တော့တယ်။
နောက်တစ်နေ့ မနက် စောစောထပြီး စက်လှေ ထွက်လာခဲ့တယ်။ ကျော်သူ ရမောင်လည်း စက်လှေစီးရ တာ တကယ်ကို ငြီးငွေ့လာ ပြီမို့ ကလေးဝကို စက်လှေ ဆိုက်မဲ့အချိန်ကိုပဲ မျှော်နေ ရတော့တယ်။ နေ့လယ်တစ် နာခွဲလောက်မှာ စက်လှေက ကလေးဝဆိပ်ကမ်းကို ၀င် သွားတယ်။ ခရီးသည်တွေ အားလုံး လွတ်ပြီကျွတ်ပြီဟဲ့ ဆိုတဲ့ ပုံစံနဲ့ ကလေးဝမှာ ဆင်းကြတယ်။ စက်လှေ ဆရာက မည်းမည်း၀၀ မိန်း မတစ်ယောက်နဲ့ စကားပြော ပြီး ငွေတွေ ပေးနေတာကို မြင်ရတယ်။
“ဒီမယ် ဆရာတို့၊ ခင် ဗျားတို့ ဒီအဒေါ်ကြီးနောက် လိုက်သွား။ သူက ကျွန်တော် တို့ ချစ်ကြည်ရေးစက်လှေ အသင်းက တင်လာတဲ့ သူတွေကို ကားစီစဉ် ပေးမဲ့လူ။ ခင်ဗျားတို့ တစ်အုပ်စုလုံး တစ်စီးတည်း တင်ပေးလိမ့် မယ်”
ကျော်သူရမောင်တို့ လည်း ကလေးဝကမ်းပေါ် ကိုယ့်အထုပ်ကိုယ်ဆွဲပြီး တက်ခဲ့ကြတယ်။ သုံးဆယ့် ငါးယောက် အုပ်စုက လူတွေ က ကျော်သူရမောင်တို့လို လက်ဆွဲအိတ်မပါဘူး။ သူ တို့ရဲ့ အိပ်ရာအိပ်ခင်း၊ စောင်၊ ခြင်ထောင်တွေကို ပီနံအိတ် တွေနဲ့ထည့်ပြီး ထမ်းလာခဲ့ကြ တယ်။ သူတို့အိတ်တွေကိုက တစ်ပုံ တစ်ခေါင်းကြီးပဲ။ အဲဒီ ထဲက လူတစ်ယောက်က
“ဒေါ်ကြီး ကား ဒီကို လာမခေါ်ဘူးလား။ ပစ္စည်းတွေ များလို့”
အဒေါ်ကြီးက နောက် လှည့်ကြည့်တယ်။ မျက်နှာ ထားတင်းသွားပြီး “ကား ဂိတ်က နီးနီးလေးရယ်၊ ယောက်ျားတွေပဲတော် ကိုယ့် အထုပ်ကိုယ် နိုင်အောင်ထမ်း ပေါ့။ ကားက ဂိတ်မှာ မရှိ သေး။ သွားခေါ်ရဦးမှာ။ လေးနာရီမှ ထွက်မှာ”
“ဟန်ကျတာပဲ ညိုညို တို့ အေးဆေး ထမင်းစားလို့ ရတယ်”
ကားဂိတ်ကို ရောက် တော့ သုံးဆယ့်ငါးယောက် အုပ်စုက ဆူညံဆူညံနဲ့ ပစ္စည်း တွေ ပုံနေတုန်း ကျော်သူရ မောင်နဲ့ ညိုညိုတို့ ထမင်းဆိုင် ရှာပြီး ထမင်းစားကြတယ်။ ဒီခရီးမှာ ပထမဆုံးအကြိမ် အဖြစ် ကိုယ့်ငွေနဲ့ကိုယ် ၀ယ်စားရတယ်။ ဟိုဘက်မှာတုန်း ကတော့ ဒေသခံတွေရဲ့ထမင်း ကို အလိုမရှိ ပိုလျှံနေအောင် ကို စားခဲ့ရတာ။ ကျော်သူရ မောင်တော့ ထမင်းစားရ တယ် မထင်ဘူး။ သူတို့ရဲ့ စေတနာကို အတုံးလိုက် အခဲလိုက် စားခဲ့ရတယ်လို့ ထင် တယ်။ အဲဒီလိုနေတုန်း ညိုညို က ကျောပိုးအိတ်ထဲက ဘီစ ကစ် အထုပ်ကလေးကို ထုတ်ယူပြီး ထောင်ပြလိုက်တယ်။
“ဒီမယ် ကိုသူရ၊ ဆယ်ဇင်းကတည်းက ဝေတဲ့ မုန့် ထုပ်လေး ညိုညိုမစားဘဲ သိမ်းထားတာ။ အိမ်က လူ တွေကို ပြမလို့။ ညိုညိုတို့ကို ဘယ်လို ဂရုတစိုက် အစား အသောက်တွေ ဝေကြတယ် ဆိုတဲ့ သက်သေလေ”
“ဒီကလေးဝမှာ ကျတော့ ကိုယ်တို့ကို ထမင်း ထုပ်ဝေဖို့ နေနေသာသာ ကိုယ်တို့ဘယ်လို ပြေးခဲ့ရ တယ်ဆိုတာတောင် သိကြမှာ မဟုတ်ဘူးနော်။ ဂရုလည်း စိုက်ကြပုံ မပေါ်ဘူး”
ညိုညိုက “အဝေးကြီးကို”လို့ တစ်ခွန်းတည်း ပြောတယ်။ ဝေးပေမဲ့လည်း ဆိပ်ကမ်းကို အရင်လို အခြေအနေမျိုး မဟုတ်ဘဲ ထူးထူးခြား ခြား လူအပြည့်နဲ့ စက်လှေ တွေ တစ်စီးပြီးတစ်စီး ဆိုက် နေတာ သတိထားမိကြမှာ ပေါ့ ဆိုတဲ့ စကားတွေကို တော့ ကျော်သူရမောင် မျိုချ လိုက်ရတယ်။
ကားဂိတ်ကို ပြန်ရောက် တော့ ကားကဂိတ်ထိုးနေပြီ။ သုံးဆယ့်ငါးယောက် အုပ်စု ခေါင်းဆောင် ကြံတိုင်း အောင်ကို ဒေါကြီးမောကြီး စကားပြောနေတာ တွေ့ရလို့ ကျော်သူရမောင်တို့ ပြေး သွားတယ်။ သူတို့အုပ်စုထဲက အဘိုးကြီးတွေလည်း မျက်နှာ ပျက်ပျက်နဲ့ ကျော်သူရမောင် ကို လှမ်းပြီး
“လုပ်ပါဦး မောင်ရင် ရယ်၊ ပိုက်ဆံ ပိုတောင်းနေတယ်”
“ဟင် စက်လှေသမား က အကျေပေးသွားပြီးသား ဥစ္စာဆို”
ကြံတိုင်းအောင်နဲ့ မျက် နှာချင်းဆိုင်အော်နေတဲ့ အဒေါ် ကြီးက ကျော်သူရမောင်ကို လှည့်ကြည့်ပြီး
“စက်လှေသမားက တစ်ယောက် ငါးထောင်နှုန်း ရှင်းသွားတာ။ အခု ကားသမားက ခြောက်ထောင်နှုန်း တောင်းနေတယ်။ လူတွေ အသွားများလို့ ကားသမား တွေက ဈေးတက်တာ၊ ကျုပ် က ဘာတတ်နိုင်မှာတုံး။ ခြောက်ထောင်ပေးရင် လိုက်၊ မပေးရင် မလိုက်နဲ့။ ဒါပဲ ရှိ တယ်။ တစ်ယောက်တစ် ထောင် ထပ်ပေးရမှာတော့ တတ်နိုင်ကြမှာပါဟယ်”
ကြံတိုင်းအောင်က ခေါင်းကုတ်ပြီး
“ကိုသူရ ကျုပ်တို့က လည်း မပြန်မဖြစ် ပြန်ရမှာ ဆိုတော့ ဒုက္ခပဲဗျာ”
ညိုညိုက ၀င်ပြီး “ကဲ ပေးမှ ဖြစ်မယ်ဆိုလည်း ပေးလိုက်ကြစို့” ခေါင်းငုံ့ပြီး ကျောပိုးအိတ်ထဲက ပိုက်ဆံ ထုတ်ပြီး ပေးလိုက်ကြတယ်။ သူတို့အားလုံး ကားပေါ်တက် ကြစို့ဆိုတော့ မတက်ရသေးဘူးတဲ့။ အဲဒီအချိန်မှာ ကား ဂိတ်မှူးစားပွဲမှာ လက်မှတ် ၀ယ်တဲ့ လူတွေနဲ့ ရှုပ်နေ တယ်။ ခြောက်ယောက်အုပ်စု က အဘိုးကြီးက အနားကပ် လာပြီး
“မောင်သူရ ဒီကောင်တွေ ထိုင်ခုံတွေ ရောင်းနေတာ တစ်ဝက်လောက် ရှိနေပြီ။ ကျုပ် သေသေချာချာ ကြည့်နေတာ။ ကျုပ်တို့ ဘယ်နားက ထိုင်ရမလဲ မသိဘူး”
ကျော်သူရမောင် ဟင့် ခနဲ ဖြစ်သွားတယ်။ အဲဒီလို နေတုန်း ပီနံအိတ်တွေ ကား ခေါင်မိုးပေါ် အကုန်တင်ပြီး ပြီမို့ စပယ်ယာက သုံးဆယ့် ငါးယောက် အုပ်စုကို ကြည့် ပြီး
“အစ်ကိုတို့ထဲက လူ တစ်ဝက်လောက် ကားခေါင် မိုးပေါ်က စီးရမယ်နော်။ ယောက်ျားလေးတွေပဲဗျာ နော်”
ဟိုလူတွေကလည်း ဘာမှ မပြောပါဘူး။ လူနှစ် ဆယ်လောက် ကားခေါင်မိုး ပေါ် သွားစီးကြတယ်။ ကျော် သူရမောင်တို့ ခြောက်ယောက် အဖွဲ့ရယ်၊ ဆိုင်ကယ်လူနာ ရယ်၊ ကြံတိုင်းအောင်တို့ အုပ် စုက ဆယ်ယောက်လောက် ရယ် ကားထဲကို ၀င်တော့ အကုန်လုံး ထိုင်ခုံမရကြဘူး။ ခုံတွေမှာ ကားဂိတ်က လက် မှတ်ရောင်းထားတဲ့ မြို့ခံခရီး သွားတွေက လက်မှတ်ရပြီး ထိုင်နေကြတယ်။ ရပ်တဲ့လူ ရပ်၊ ကားကြမ်းပြင်မှာ ထိုင်တဲ့လူထိုင်နဲ့ ညိုညိုလည်း မျက်နှာ ပျက်နေတယ်။
“ဟိတ်ကောင် ကြံတိုင်းအောင် ငါတို့ ခုံမရဘူးလား ကွ”
“ရပ်ပြီး တစ်ညလုံး လိုက်ရမှာလားကွ”
ဆိုတဲ့ အသံတွေ ဆူညံ ဆူညံ ထွက်လာတယ်။
ကြံတိုင်းအောင်လည်း မျက်နှာတွေ ပျက်လို့ပေါ့။ စပယ်ယာက ကားပေါ်တက် ကြပါ၊ ကားပေါ် တက်ကြပါ ကားထွက်တော့မယ်လို့ အော်နေတုန်း ညိုညိုက “ကိုသူရ ဟိုမှာကြည့်စမ်းပါဦး”လို့ ကမန်းကတန်း ပြောတာနဲ့ အကုန်လုံး လှမ်းကြည့်ကြတော့ ကားပေါ်တင်ပေးတဲ့ မည်းမည်း၀၀ အဒေါ်ကြီးကို တွေ့ရတယ်။ အဒေါ်ကြီး လက်ထဲမှာ ပိုက်ဆံတစ် ထောင်တန်တွေ ယပ်တောင် ဖြန့်သလို ကိုင်ထားပြီး ကိုယ့် ကိုယ်ကိုယ် ယပ်ခတ်သလို အမူအရာ လုပ်ပြနေတယ်။ ကားဂိတ် ဈေးသည်တွေကလည်း အဒေါ်ကြီးကို ၀ိုင်းပြီး ရယ်မောလို့။
“တွေ့တယ် မဟုတ် လား။ ဆယ်တန်းအောင်ဖို့ မလိုပါဘူး။ ပိုက်ဆံရှာတတ် ရင် ရတယ်။ တတ်ဖို့ မလို ဘူး၊ နပ်ဖို့ပဲ လိုတယ်။ ကြည့်စမ်း ငါ ကြံဖန်လုပ်လိုက်တာ တစ်ထိုင်တည်း လေးသောင်း ကျော်ရတာပဲ”
ညိုညိုရဲ့ ဟယ် ယုတ်မာလိုက်တာ ဆိုတဲ့ အသံနဲ့ အဘိုးကြီးရဲ့ တောက်ခေါက်သံ တစ်ပြိုင်တည်း ထွက်လာတယ်။ ကျော်သူရမောင်ကို ဆွဲဖယ်ပြီး ကြံတိုင်းအောင်က ဒေါသတကြီး ကားပေါ်က ဆင်းမယ် အလုပ်မှာ ကားကြီး ကလည်း ဘီးလိမ့်ပြီး စတင် ထွက်ခွာလာခဲ့တော့တယ်။
“အား ကျပ်လိုက်တာ၊ စက်လှေပေါ်တုန်းကမှ ချောင်သေးတယ်”
“ကျွန်တော့် ခြေထောက် ညှပ်နေပြီ ဖယ်ပေးကြပါဦး”
အသံတွေ ထွက်လာလို့ ကြည့်လိုက်တော့ ဆိုင်ကယ် ထိထားတဲ့လူနာက ကြမ်းပြင် ပေါ်မှာ ထိုင်နေရပြီး ခရီးသည်တွေ ခြေထောက်တွေက ခိုက်မိလို့ အော်တာနဲ့ တူတယ် လို့ ကျော်သူရမောင် တွေးနေ တုန်း ရှိသေးတယ်။ ထိုင်ခုံ ပေါ်မှာ မိန်းကလေးမို့ နေရာ ပေးထားတဲ့ ညိုညိုက ဖျတ်ခ နဲထပြီး “လာ လူနာအစ်ကို ဒီမှာ လာထိုင်”ဆိုပြီး နေရာ ဖယ်ပေးလိုက်တယ်။ လူနာ က အားယူထပြီး ထိုင်ခုံပေါ် ရောက်သွားတော့ ညိုညိုက ကားကြမ်းပြင်ပေါ်မှာ ထိုင် လိုက်တယ်။ ကျော်သူရမောင် က ညိုညိုကို မျက်မှောင် ကုတ်ကြည့်မိတယ်။ တစ် ယောက်တည်း အဖော်မပါ ယောက်ျားတွေကြား ရဲရဲ တင်းတင်းလိုက်လာလို့ ဘာ ကောင်မလေးပါလိမ့်လို့ ထင် ခဲ့မိတယ်။ အခုလို တွေ့ရ တော့ ပိုပြီး ဘာကောင်မလေး ပါလိမ့်လို့ စဉ်းစားစရာ ဖြစ် လာတယ်။ အဲဒီလိုနေတုန်း အဘိုးကြီးက
“ဟေ့ကောင် ကြံတိုင်းအောင် မင်းအုပ်စုထဲက ကောင်တွေက ဘာတွေတုံးကွ၊ ဒီ လူနာနဲ့ မင်းတို့ တစ်ဖွဲ့တည်း မဟုတ်လား။ တကယ်ဆို ထိုင်ခုံရတဲ့ ကောင်တွေ တစ်ယောက်ယောက် ဖယ်ပေးရမှာ ပေါ့။ အခုတော့ မိန်းကလေးက ဖယ်ပေးရတယ်လို့ကွာ”
အဘိုးကြီး ဘယ်လို ပြောပြော နေရာရတဲ့ လူတွေက တုတ်တုတ်မှ မလှုပ်ဘူး။ ကြံတိုင်းအောင်လည်း ဟိုလူ မျက်နှာကြည့်၊ ဒီလူမျက်နှာကြည့်နဲ့ ဘယ်သူ့ ဖယ်ခိုင်းရ မှန်း မသိဘူး။ အချိန်တစ် အောင့်လောက် ကြာသွားတယ်။ ခုံပေါ်က လူတွေက မသိချင်ယောင် ဆောင်နေကြတယ်။ တချို့က မျက်စိမှိတ် ပြီး အိပ်နေတယ်။ ညိုညိုက တခစ်ခစ် ရယ်ပြီး “အားလုံး ပင်ပန်းနေကြတာ ကိုကြံတိုင်းအောင်ရယ်။ ညိုညိုက ဒီ အောက်မှာ အိပ်ငိုက်ရတာ ပိုတောင် ကောင်းသေးတယ်။ ခင်ဗျားတို့ ကားက ပြတင်း ပေါက်တံခါး မရှိတော့ အေးကအေးနဲ့ အောက်မှာ ထိုင်ရတာ ပိုနွေးတယ်”လို့ ပြော တယ်။
အဲဒီလိုနေတုန်း ကား ခေါင်မိုးပေါ်တက်သွားတဲ့ လူ တွေဆီက မအေနှမဆဲသံ တွေရယ်၊ ငါတို့ကို ပိုက်ဆံ ညာယူပြီး ကားထဲ မလိုက်ရဘူး။ အေးလိုက်တာ၊ လေတဟူးဟူးနဲ့ ဆိုတဲ့ အသံတွေ ဆူညံနေအောင် ကြားရ တယ်။ ဒါပေမဲ့ ကားကြီးကတော့ ဘာကိုမှ ပမာမပြုဘဲ တောင်ဆင်းတောင်တက် လမ်းတွေကို တအိအိနဲ့ မုံရွာ ဘက်ကို ရှေ့ရှုမောင်းနှင်နေ ပါတော့တယ်။
ကျော်သူရမောင်လည်း ဆတ်ခနဲ ငိုက်သွားလိုက်တာ တစ်ရေးနိုးလာတော့ ကားက မြေပြန့်ကို ရောက်နေပြီ။ ပင်ပင်ပန်းပန်းနဲ့ အကြာကြီး အိပ်ပျော်သွားပုံရတယ်။ နာရီကို ကြည့်လိုက်တော့ နှစ်နာရီကို ကျော်နေပြီ။ နိုးနှင့်နေတဲ့ ညို ညိုက မုံရွာရောက်တော့မယ် လို့ လှမ်းပြောတာနဲ့ ၀မ်းသာ အားရ ဖြစ်ရသေးတယ်။ မကြာခင်အချိန်မှာပဲ မုံရွာ ကားကြီးဝင်းကို ကားဝင် တော့တယ်။ တ၀ုန်းဝုန်းနဲ့ ကားပေါ်က ဆင်းကြတယ်။ ကားခေါင်မိုးပေါ်မှာ လိုက် လာခဲ့တဲ့လူတွေတော့ သွေးခဲ မတတ်အေးကြရှာမှာပဲ။ အသံဝင်ပြီး ချောင်းတဟွတ် ဟွတ်ဆိုးနေတဲ့ မှော်ပြန်တစ် ယောက်က အောက်ရောက်မှ ကားဘော်ဒီကို မကျေမနပ်နဲ့ ၀ုန်းဆို ခြေထောက်နဲ့ ကန် လိုက်သေးတယ်။
“ဟေ့ ဒီနေ့ မသေဘူးဟေ့။ ငါတို့နောက် ဘယ်တော့မှ သေမှာ မဟုတ်ဘူး” လို့ တစ်ယောက်က အကျယ် ကြီးပြောတာကို ဒရိုင်ဘာက မကြားချင်ယောင် ဆောင်ပြီး လှည့်ထွက်သွားတယ်။ ကြံ တိုင်းအောင်ရယ်၊ ကျော်သူရ မောင်ရယ်၊ မန္တလေးသွားဖို့ ကားစုံစမ်းနေတုန်း ကျန်တဲ့ လူတွေက အပေါ့အပါးသွား တဲ့လူသွား၊ အခုမှ မီးမွှေးစ ဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ကို ပြေးကြတယ်။ အိပ်မှုန်စုံမွှား နိုးလာတဲ့ ဂိတ်မှူးက ဖုန်းဆက်ခေါ် ပေးလို့ မှန်လုံတစ် စီး ၀င်လာတယ်။
“ဟာ မှန်လုံကွ၊ ကား အစုတ် မဟုတ်ဘူး”
“ကားဆရာ အားလုံး ဆံ့ ပါတယ်နော်”
“ခေါင်မိုးပေါ်ကတော့ မလိုက်ဘူးဗျ”
ခဲမှန်ဖူးတဲ့ စာသူငယ် လေးတွေလို တစ်ယောက်တစ် ပေါက် ပြောကြတယ်။ ကား ဆရာက “ဆံ့ပါတယ်၊ ဆံ့ပါ တယ်”ဆိုတော့ ကလေးတွေ လိုပဲ တပျော်တပါး အော် လိုက်ကြတာ။
ကြံတိုင်းအောင်တို့ အုပ် စုပါလာတဲ့ ပီနံအိတ် အိပ်ရာ လိပ်တွေကို စပယ်ယာက ခေါင်မိုးပေါ်တင်ရင်း ဒရိုင် ဘာကို တစ်ခုခုလှမ်းပြော လိုက်တယ်။ ဒရိုင်ဘာက ကျော်သူရမောင်ကို လှမ်းပြီး “ဗျို့ဆရာ ကျွန်တော်တို့ကား က ခရီးသည် သီးသန့်ပဲဗျ၊ လူတစ်ကိုယ် လက်ဆွဲအိတ် တစ်အိတ်ပဲ ယူရတာ၊ ခင်ဗျား တို့က တန်ပိုနေပြီ၊ တန်ပိုခ ပေးရမယ်နော်”
“ဗျာ”ကျော်သူရမောင် အံ့သြသွားတုန်း ကြံတိုင်း အောင်က ပြေးလာတယ်။
“အစ်ကိုရယ် ကျွန်တော်တို့က တောသားပါ။ လက်ဆွဲ အိတ်မရှိလို့ နှစ်ယောက်သုံး ယောက်စုပြီး ပီနံအိတ်နဲ့ ထည့်ရတာပါ။ လူသုံးဆယ့် ငါးယောက်မှာ အိတ်နှစ်ဆယ်တောင် မရှိပါဘူး။ ဒုက္ခ ရောက်လို့ ပြန်လာ ရတဲ့လူတွေ ပါဗျာ။ လူခတစ်ယောက်ကို ၁၂၀၀ စီ ပေးပြီးပြီဗျာ။ အထုပ်ခလေးတော့ လျှော့ပါ အစ်ကိုရယ်”
“မရဘူးဗျာ၊ မလျှော့နိုင် ဘူး။ တန်ပိုခ ၁၅၀၀၀ ပေး ရင်ပေး။ မပေးရင် ကားမထွက်ဘူး”
“မထွက်ချင်ရင် နေ ပေါ့။ အံမာ ကြီးကျယ်လို့” ဆိုပြီး ကျော်သူရမောင် ပါးစပ်က ထွက်တော့မလို့ရှိသေး နောက်က ရောက်လာတဲ့ ညိုညိုက “ရှင်တို့ မတရား သဖြင့် လွန်နေပြီ။ ပစ္စည်း မတင်ခင်က ပြောပါလား။ အခုမှ ပြောတယ်။ မထွက် ချင်နေပေါ့၊ မလိုက်ဘူး အကုန်ပြန်ချပေး”
မျက်နှာလေးနီရဲအောင် ညိုညို စိတ်ဆိုးနေတယ်။ မျက်နှာပျက်နေတဲ့ ကြံတိုင်း အောင်က ၀မ်းနည်းပက် လက်နဲ့
“ပြောမနေပါနဲ့တော့ ညို ညို။ ဒုက္ခရောက်လာတဲ့ လူတွေမှန်း သိရက်နဲ့ သူတို့ လည် ပင်းညှစ်ချင်ညှစ်ကြပါစေ။ နေပါစေတော့။ ဒီမယ် ကားဆရာ ယာလှကောင်းက လူ တွေ နန်တော၊ နောင်ပိုင် အောင်၊ ဖောင်းပြင်၊ ချင်းတွင်း၊ ဥရုချောင်း တစ်လျှောက်လုံးက လူတွေ ကျုပ်တို့ ငတ်မှာစိုးလို့၊ မယူတာတောင် ထမင်းထုပ်တွေ လိုက်ခေါ် ပေးခဲ့တယ်။ ကျုပ်တို့ ထမင်းထုပ် ရအောင် သူတို့ ညလုံးပေါက် ချက်ကြရတာ။ သူတို့ စေတနာကြောင့် ထမင်းဖိုး မကုန်ခဲ့ဘူး။ အဲဒီ ထမင်းဖိုးလေးတွေ စုပြီး ခင်ဗျားကို ပေးပါမယ်။ ခဏစောင့်ပါဗျာ”
“ကြံတိုင်းအောင် မင်း ဘယ်လိုခေါင်းဆောင်လဲ၊ ဒီကောင် မတရား လုပ်မှန်း သိ ရက်နဲ့ ဘာလို့ပေးရတာလဲ”
“ချကွာ မထူးပါဘူး၊ ဟိုဘက်က လူတွေနဲ့တော့ ကွာပါ့”
“မလုပ်ပါနဲ့တော့ ယူပါ စေ”
“အားလုံး ပြန်ချင်ကြတာလေ။ ကြာနေမှာ စိုးလို့ ကိုကြံတိုင်းအောင်က ပေးလိုက် တာပါ”
“မတရားသဖြင့်ဗျာ”
ဝေဒနာတွေ ပြည့်လျှံ နေတဲ့ အားလုံးအသံတွေကို ဥပေက္ခာပြုပြီး ကြံတိုင်း အောင်က ကားနောက်ဆုံးမှာ သွားထိုင်နေတယ်။ မှန်လုံစီး ရတာ သက်သောင့်သက်သာ ရှိတယ်။ အချမ်းလည်း လုံ တယ်။ ညိုညိုတောင် ခွေခေါက်ပြီး အိပ်ပျော်နေတယ်။ စစ်ကိုင်း တံတားကြီးကို ဖြတ် တော့ မန္တလေး ရောက်တော့ မှာပါလားဆိုတဲ့ အသိစိတ်နဲ့ ကျော်သူရမောင် ရင်ထဲမှာ တလှပ်လှပ် ဖြစ်ရတယ်။ အမှတ် ၈ ကားဂိတ်ရောက်တော့ ကြံတိုင်းအောင်တို့ အုပ်စု ဆူဆူညံညံနဲ့ ဆင်းကြ တယ်။ သူတို့က ခရီးဆက် သွားကြရဦးမှာလေ။
ဒုက္ခ အတူခံပြီး လွတ် မြောက်လာရာက ခွဲခွာရတော့ အားလုံး အော်ဟစ်ပြီး နှုတ် ဆက်လိုက်ကြတာ။ ညိုညို ဆိုတာ လက်ပြလို့ကို မပြီး တော့ဘူး။ သုံးဆယ့်ခြောက် လမ်းထိပ်ရောက်တော့ အိမ်နဲ့ နီးနေပြီမို့ ကျော်သူရမောင် ကားပေါ်က ဆင်းတယ်။ ညိုညိုလည်း နောက်က ကုပ်ကုပ်လေး ပါလာလို့ အံ့သြ သွားတယ်။
“ညိုညိုကလည်း ဒီမှာ ဆင်းတာလား”
“ကိုသူရ ညိုညိုအိမ်က လာကြိုတဲ့အထိ ခဏစောင့် ပေးပါဦး။ ခဏလေးနော် ဖုန်းဆက်လိုက်ဦးမယ်”
ဆိုပြီး ညိုညိုက ပီစီအို ဖုန်းဆိုင်ကို ပြေးသွားတယ်။ ကျော်သူရမောင် တစ်မျိုးကြီး ဖြစ်သွားတယ်။ မန္တလေး ရောက်ပြီပဲ ကိုယ့်လမ်းကိုယ် သွားပေါ့။ ဘာအမျှင်တန်းနေ ရတာလဲ။ ဒါပေမဲ့ မကောင်း ပါဘူးလေဆိုပြီး ခဏစောင့် ပေးနေတုန်း ညိုညိုက “ဟယ် ဟိုမှာ အိမ်က လာ နေပြီ”ဆိုတာနဲ့ ကြည့်လိုက် တော့ ကျော်သူရမောင် အရမ်း အံ့သြသွားတယ်။ သူတို့အနားမှာ လာရပ်တဲ့ ဆိုင်ကယ်နှစ်စီးပေါ်မှာ ကျော် သူရမောင်အစ်ကို ဇော်သုတနဲ့ သူ့သူငယ်ချင်း ကိုကျော်စွာက တစ်ယောက်စီ စီးလာကြ တာ။ ကိုကျော်စွာက ပြုံးစိစိနဲ့
“ဟဲ့ကောင် သူရ၊ ငါ့ တူမ သပြေညိုညိုကို ဒီရောက်အောင် မင်း စောင့် ရှောက်ခေါ်လာပေးတဲ့ အတွက် သူ့အစ်မ နှင်းဆီနီနီက ဖုန်း ဆက် ထားပါတယ်ကွာ။ ဘယ်နေ့ရောက်လာမလဲလို့ ငါတို့ မျှော်နေကြတာ”
ကျော်သူရမောင် ညိုညို ကို လှည့်ကြည့်တော့ ညိုညို က ရယ်နေတယ်။
“ဒါ သပြေညိုညို ဟုတ်လား။ နင် လမ်းမှာ ကတည်းက ကျွန်မ ကိုသူရ သူငယ်ချင်း နှင်းဆီရဲ့ ညီမ ပါလို့ ပြောလိုက်ရင် ပြီးနေ တာ”
“ဘယ်သိမလဲ၊ ညိုညို ကို ကိုသူရ မှတ်မိမယ်ထင် တာပေါ့။ မမနှင်းဆီက တာ မခံမှာ တိုက်နယ် ဆရာဝန် လေ။ ညိုညိုလည်း ဟောက် (စ်)ပြီးပြီးချင်း အဖော် လိုက်သွားတာ။ မမက ဆယ်ဇင်း မှာ ခရီးသွားတွေ အတွက် အရေးပေါ်တာဝန်ကျတာနဲ့ ပြန်မရဘူး။ ညိုညိုက ပြန် ချင်လိုက်တာ။ နေ့တိုင်း ကမ်း နားဆင်းပြီး လူကြုံရှာတာ။ ကိုသူရကို မြင်မြင်ချင်း အော်ခေါ်တာ မကြားဘဲ စက်လှေ ပေါ်တက်သွားတာနဲ့ ဘာဖြစ် ဖြစ်ဆိုပြီး ညိုညို တက်လိုက် လာခဲ့တာ။ ရယ်ချင်လိုက်တာ။ ကိုသူရကြီးက မှတ်လည်း မမှတ်မိဘူး။ ညိုညို လည်း မပြောချင်တာနဲ့ ငြိမ်နေလိုက်တာ ဟီး ဟီး ဟီး”
“မှတ်မိမလား။ ငါ နှင်းဆီနဲ့ စာကျက်တုန်းက နင်က ဖန်ခုန်တုန်း ရှိသေးတာ ဥစ္စာ၊ ပြီးတော့ နင်က နင့်အဖေ အလုပ်ပြောင်းတော့ ပါသွား တာလေ”
ကျော်သူရမောင် စကားကို အကုန်လုံးက ရယ်ကြ တယ်။ ဇော်သုတက ဆိုင်ကယ်ပေါ်က ဆင်းပြီး ကို ကျော်စွာ ဆိုင်ကယ်နောက်ခုံ ပေါ်ကို တက်တယ်။
“ကဲ မင်းတို့နှစ်ယောက် တစ်စီးယူသွား။ ငါတို့တစ်နေ ရာ ၀င်စရာ ရှိသေးတယ်”ဆို ပြီး မောင်းထွက်သွားကြ တယ်။
“နင့်ကို ငါက လိုက်ပို့ ရမှာလား”
“ဒါပေါ့”ဆိုပြီး ညိုညို က နောက်ခုံမှာ ၀င်ထိုင်တယ်။
“အမယ်လေး မန္တလေး မြို့ကြီးက လှပနေလိုက်တာ နော်။ အိမ်ကို ရောက်အောင် ပြန်လာခဲ့ရတဲ့ခရီးက သည်း ထိတ်ရင်ဖိုပဲ။ ဒီခရီးမှာ လူ တွေကြောင့် စေတနာတွေကို ခံစားရသလို လူတွေကြောင့် ပဲ ဝေဒနာတွေ ဖြစ်တယ်နော် ကိုသူရ။ လူချင်းတူပေမဲ့ ဒုက္ခ ရောက်တဲ့လူတွေကို ဆက်ဆံ ပုံက ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတာနော်။ လူဆိုတာ တစ်ချိန်တည်းမှာ ချစ်စရာ ကောင်းသလို ကြောက်စရာ လည်း ကောင်းလိုက်ကြတာ နော်”
“ညိုညို ငါ ဆိုင်ကယ် ဆက်စီးလို့ မရတော့ဘူး။ ခဏရပ်မယ်၊ နင့်ကို မေးချင်လို့”
ညိုညိုက နားမလည် သလို ဆိုင်ကယ်ပေါ်က ဆင်း တယ်။
“ပြောစမ်း။ နင် သပြေ ညိုညိုပါလို့ ငါ့ကို ဘာလို့ ဖွင့်မပြောတာလဲ။ အကြောင်းရင်းကို ပြော”
မေးရင်း ကျော်သူရ မောင် ရင်တွေ တုန်နေတယ်။ ဘုရား ဘုရား ကိုယ်နှမသား ချင်းလို ကောင်မလေး ကိုယ့် ဘေးမှာ ကွေးအိပ် ခဲ့တဲ့လူ။ တကယ်လို့များ ကိုယ်မရိုး မသား လုပ်ခဲ့မိရင် ဘယ် လောက်မျက်နှာပူစရာ ကောင်း လိုက်မလဲ။ ကျော်သူရမောင် ဝေဒနာတွေ ဖြစ်နေတယ်။ ညိုညိုက သူ့ကိုကြည့်တယ်။
“ညိုညိုမှန်းသိရင် ကိုသူရ တကယ်ကို စောင့်ရှောက်မှာလေ။ ညိုညို သိ တယ်။ ဒါပေမဲ့ ကိုသူရကို ညိုညိုက ညိုညိုပါလို့ အစ ဖော်ပေးတဲ့အထိ မသိတော့ ညိုညို ရယ်လည်းရယ်ချင် တယ်။ အကြံတစ်ခုလည်း ၀င်လာတယ်။ ကိုသူရကြီးက ဒီလိုခရီးကြမ်းကြီးမှာ ညိုညို လို ကောင်မလေးကို သူစိမ်း ဆိုရင် ဘယ်လိုဆက်ဆံမလဲ လို့ သိချင်တယ်”
“ငါက နင့်ကို အထင် သေးနေတာ။ တစ်ယောက်တည်း ဘယ်ကလာတဲ့ ကောင်မလေးမှန်း မသိ။ ငါက အရောဝင်စရာလား”
“ဒါပေါ့၊ အခု ညိုညို သိပြီလေ”
“ဟင် ဘာသိရပြန်တာ တုံး”
“သြော် ကိုသူရ သိက္ခာ ရှိတဲ့အကြောင်းပါ။ ကဲ ကဲ ပြန်ရအောင်၊ ညိုညို ရေချိုး ချင်လှပြီ”
ကျော်သူရမောင် မကျေ မလည်နဲ့ ဆိုင်ကယ်ပေါ် တက်လိုက်ရတယ်။ ကိုယ့်ကို သိက္ခာရှိတယ်လို့ ညိုညို မြင် တာတော်သေးတယ်။ သိက္ခာ သာ မရှိခဲ့ရင် ဒီအချိန်မှာ ပြဿနာပေါ့။ သပြေညိုညို မှန်း သိပြီးလို့ ဆက်ဆံရေး တွေ ပြောင်းရရင် ညိုညိုက သူ့ကို အထင်သေးမှာလား မသိ။ ရင်ထဲမှာ မင်းအပေါ် တစ်လမ်းလုံး မသိစိတ်က ထားခဲ့မိတဲ့ စေတနာတွေကို တစ်နေ့နေ့ကျမှ လိပ်ပတ် လည်အောင် ပြောပြရဦး မယ်။
တွေးနေတုန်း ဆိုင် ကယ်က လေးလေးပြီး ထိုး ရပ်သွားတယ်။ ညိုညိုရဲ့ အထိတ်တလန့် အော်သံ ပေါ် လာတယ်။
“ဟောတော့် ဆိုင်ကယ် ဘီးပေါက်သွားပြီ”
ဝန်ခံချက်
(ကျော်နန္ဒသူ၏ အပြန် ခရီးတစ်လျှောက် တွေ့ကြုံခံစားရမှုကို ခံစားရေးဖွဲ့ပါသည်။)
ယဉ်ယဉ်နု၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

ချစ်ခြင်းတွေနဲ့အိမ်

“ချစ်ခြင်းတွေနဲ့အိမ်” (ဧပရယ်နွေ)
==========================
‘ဘ၀မှာ အိမ်ကလေး တစ်လုံးလောက်တော့ မဖြစ်မနေပိုင်ဆိုင်ချင်လိုက်တာ’ ဆိုတဲ့စိတ်အတွေးမျိုးတွေ ကျွန်တော့်ခေါင်းထဲ မကြာခဏ ၀င်လာခဲ့ဖူးပါတယ်။ ဒီအတွေးမျိုး ကျွန်တော့်ဦးနှောက်ထဲရောက်ရှိလာပြီဆိုတာနဲ့ လှမ်းလက်စခြေလှမ်းတွေက နှေးတုံ့လေးကန်သွားတတ်ပြီး လူကိုယ်တိုင်ကလည်း အတွေးတွေနောက်ကို ကောက် ကောက်ပါအောင် လိုက်ပါသွားတတ်စမြဲပါပဲ။
ဦးခေါင်းကို ဘေးဘီဘယ်ညာလွှဲရင်း မြင်ကွင်းထဲဝင်လာသမျှ အိမ်ကလေးတွေ၊ တိုက်တာ၊ အဆောက်အဦး တွေကို တစ်လုံးစီ၊ တစ်လှည့်စီ ငေးရီစေ့ငုမိတဲ့အခါ အိမ်ကလေးတွေရဲ့ သပ်ရပ်ခံ့ညားမှု၊ အပြင်အဆင်၊ ဆောက်လုပ် ထားတဲ့ ဒီဇိုင်းလက်ရာ၊ အိမ်ပုံစံ၊ ကိုယ်ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ တိုင်းတာ၊ မှတ်ချက်တွေပေး စိတ်ကူးယဉ်၊ ဝေဖန် ရေး လုပ်မိရုံမျှမက အိမ်ကလေးတွေမှာ နေထိုင်တဲ့လူတွေရဲ့ စိတ်တွေကို တစ်မျက်နှာခြင်း ဖတ်ရှုကြည့်နေမိသလို ကျွန်တော် ခံစားရပါတယ်။
အိမ်တွေဟာ လူတွေရဲ့စိတ်တွေကို ဘယ်လောက်အထိ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့မလဲ။ လူတွေကရော သူတို့နေထိုင်တဲ့ အိမ်ကလေးတွေအပေါ် ဘယ်လောက်အထိ ဂရုတစိုက်ရှိကြသလဲ။ အိမ်ကလေးတွေဟာ လူတွေရဲ့ စိတ်နေသဘောထားကို အလွယ်ကူဆုံး အကဲခတ်ကြည့်ရှုနိုင်တဲ့ စိတ်ရဲ့ပြတင်းတံခါးတွေလည်း ဖြစ်နေနိုင်ပါတယ်။
တန်ဖိုးအနည်းအများက အဓိကမကျဘဲ သာမန်မြင်တွေ့နေကျ သစ်ပင်ပန်းမန်တွေကို စနစ်တကျ ဂရုတစိုက် စိုက်ပျိုးထားတဲ့ အနေအထားများကို မြင်တွေ့ရသလား။ ပန်းတွေနဲ့ ပနံရနေတဲ့ အိမ်ကလေးတွေရဲ့ စွမ်းဆောင်မှုမှာ ကျွန်တော့်အကြည့်တွေကို ဖယ်ခွာမရအောင် စွဲဆောင်ထားနိုင်ခဲ့ဖူးတယ်။ မြင်ရသူတောင် ဒီလောက် စိတ်ကြည်နူးရရင် ဒီဝန်းနဲ့ဒီခြံကလေးကို ပိုင်ဆိုင်ထားသူဆိုရင် သူပိုင်ဆိုင်မှုအတွက် ဘယ်လောက် တောင် ဂုဏ်ယူဝမ်းမြောက်နေလိုက်မလဲလို့။ ဒီလိုအိမ်ရှင်မျိုးဟာ စိတ်သဘောထားလည် နူးညံ့သိမ်မွေ့သူ ဖြစ်လိမ့် မယ်လို့ကျွန်တော်ထင်တယ်။
ခြံဝန်းရဲ့တစ်နေရာမှာ ဒန်းကလေးတတ်ဆင်ထားမယ်ဆိုရင် အိမ်ရှင်ဟာ မိသားစုကို အရေးတယူရှိတဲ့သူ ခုံတန်းလျားလေးကို အိမ်ရှေ့မှာ ရိုက်ထားတာမြင်ရရင် ဒီအိမ်က တစ်ယောက်ယောက်ဟာ မိတ်ဆွေသူငယ်ချင်းကို လွန်လွန်မင်မင် ခင်တွယ်တတ်တဲ့သူ။ ကြက်တောင်ကွင်း၊ ခြင်းကွင်း၊ သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲထားမယ့် ရိမ်းဘား ကွင်း၊ ပလက်ဘား၊ တစ်စုံတစ်ခုကို မြင်တွေ့ရမယ်ဆိုရင်တော့ ကိုယ်တိုင်အားကစား လိုက်စားချင်လိုက်စား၊ ဒါမှ မဟုတ် သားသမီးကို အားကစားနဲ့ပတ်သက်ပြီး လိုက်စားစေချင်တဲ့ မိဘမျိုးပဲပေါ့။
အိမ်ဆိုတာ အမိုးအကာရှိပြီး နေထိုင်ဖို့ဆိုတာထက် အိမ်ရှင်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုပါ သူတို့ ဆောက်လုပ်ထားတဲ့ အိမ်ကလေးတွေနဲ့အတူ ပူးတွဲမြင်တွေ့ရလေ့ရှိပါတယ်။ အိမ်ကလေးတွေ ပြောပြချင်နေတဲ့ နောက်တစ်ချက်က အိမ်ပိုင်ရှင်တွေရဲ့ ဥစ္စာဓနကြွယ်ဝမှုပေါ့။ လဲယိုင်ပြိုကျမသွားဖို့ ကျားကန်ထောက်မထားရတဲ့ အိမ်ကလေးတွေ၊ ခြံစည်းရိုးတွေက တရွဲ့တစောင်း၊ ၀န်းခြံတံခါးက အားစိုက်တွန်းစရာမလိုဘဲ ထိရုံနဲ့ပြိုကျသွားနိုင် မယ့် အနေအထား၊ တစ်ခြံဝန်းလုံးကို ငဲ့စောင်းကြည့်လိုက်တော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထလို့။ မကြာမီ အိမ်တစ်လုံးလုံးကို ၀ါးမြိုဖျက်ဆီးပစ်တော့မည့် အရိပ်လက္ခဏာတွေနဲ့ ပြတင်းတံခါးချပ်တွေက ပြုတ်လုပ်ကာ ယိုင်နဲ့ လို့။ အိမ်အမိုးသွပ်တွေက လန်သည်သွပ်ကလန်၊ ဆွေးမြည့်ပြတ်ကျနေတဲ့ အိမ်အကာအရန်တွေနဲ့ စိတ်ပျက်ဖွယ် အခင်းအကျင်းမှာ ကျွန်တော့်စိတ်တွေလည်း နောက်ကျိလေးလံသွားတတ်စမြဲ။
ဘာကြောင့်များ အပျက်အစီးတွေကို ပြုပြင်ထိန်းသိမ်းဖို့ မေ့လျော့နေခဲ့ကြပါသလဲ။ တချို့တလေ အချိန် မပေးနိုင်လို့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငွေကြေးဥစ္စာကို ချိန်ဆနေကြရသူတွေလည်း ရှိနေကြမှာမလွဲပါဘူး။ အိမ်ရှင် တွေမှာ တခြားအကြောင်းပြချက်ပေါင်းများစွာ ရှိနေနိုင်ပေမယ့် ဒီဝန်းခြံကို ငါသာပိုင်ခဲ့ရင်ဆိုတဲ့ စိတ်အတွေးတွေနဲ့ စိတ်ကူးလည်း အသေးစားပြင်ဆင်မှုမတွေ၊ အကြီးစားပြင်ဆင်မှုတွေ၊ ငွေကြေး၊ ကုန်ကျစရိတ်တွေနဲ့ ရှုပ်ယှက်ခတ် သွားတတ်စမြဲ။ ကြမ်းတစ်ချောင်းကျိုးလျှင် ကြမ်းတစ်ချောင်းအစားထိုးနိုင်ရေး သွပ်တစ်ချပ်မလုံလျှင် သွပ်တစ်သွယ် အစားထိုးနိုင်ရေး အဟောင်းဖြိုချ၊ အသစ်ပြင်ဆင် စိတ်ကူးရေအလျဉ်ကြော နစ်မျောနေမိတတ်စမြဲပင်။
သစ်လွင်တောက်ပတဲ့ ၀န်းနဲ့ခြံနဲ့ အိမ်ကလေးတွေ ခမ်းနားထည်ဝါမှုနဲ့ ရင်သပ်ရှုမော အံ့သြငေးမောချင်စရာ နန်းတော်ကြီးတွေလို ရဲတိုက်ကြီးတွေလို အဆောက်အဦတွေ ခေတ်မီမီဒီဇိုင်းအပြင်အဆင်တွေနဲ့ မြင်ရသူကို ညှို့ယူ ဖမ်းထားနိုင်တဲ့ လုံးချင်းအိမ်ရာကလေးတွေ၊ ကြည့်ငေးအားကျ ကျွန်တော့်ဆီမှာ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်တွေနဲ့ သာ ပြည့်နှက်လို့။
ဒါတောင် လမ်းမတွေပေါ်ကသာ ကြည့်ငေးခဲ့ရတာမို့။ အိမ်ရဲ့အတွင်းပိုင်းအပြင်အဆင်တွေက ဘယ်လောက် တောင် ဖိတ်ဖိတ်လက်နေမလဲလို့။ အခန်းတွေကို ဘယ်လိုဖွဲ့ထားမလဲ။ အလင်းနဲ့အမှောင်၊ အရောင်တွေကို စိတ်ကြည်နူးဆွတ်ပျံ့စေမယ့် ဗိသုကာလက်ရာတွေနဲ့ ဘယ်လိုဖန်တီးထားမလဲ။ ရိုးရာဆန်တဲ့ ပရိဘောဂတွေလား။ မော်ဒန်ပရိဘောဂတွေလား။ ရိုးရာနဲ့ခေတ်ပေါ်ကို ဘယ်လိုတွဲစပ်အသုံးပြုထားမလဲ။ အဲဒီလိုအိမ်တွေကို ကြည့်ငေးပြီး ကျွန်တော့်အတွေးတွေ ခရီးမဆုံးနိုင်ခဲ့ဘူး။
တကယ်တော့ လူတစ်ယောက်ရဲ့ ဘ၀မှာ ‘အိမ်’ဆိုတာ ဘယ်လောက်အရေးပါ အရာရောက်ခဲ့ပါသလဲ။ ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ် ကိုယ်တိုင်ခံစားရမှာသာ သိကြစမြဲလေ။
‘အိမ်ပိုင်ရာပိုင် မရှိသူတွေမှ အိမ်ဒုက္ခကို ခံစားတတ်လိမ့်မယ်’ လို့ ကျွန်တော်ထင်ပါတယ်။ အငှားအိမ်ကလေး တွေမှာသာ ခြောက်လ၊ တစ်နှစ် အဆင်သင့်သလို ငှားရမ်းနေထိုင်ခဲ့သူပီပီ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အိမ်ရှင် အိမ်ငှားပြဿနာ၊ မကြာခဏ အိမ်ပြောင်းရွှေ့ရသည့်ဒုက္ခ၊ မဖြစ်မနေတိုင်ကြားရတဲ့ ဧည့်စာရင်း၊ ၀န်းကျင်အသစ်ကို တစ်ခါပြောင်းတိုင်း စူးစမ်း၊ စပ်စု၊ စုံစမ်း၊ စစ်ဆေး၊ စိမ်းမြ ‘စ’ ငါးလုံးနှင့် ရင်ဆိုင်နေရတဲ့ ကျွန်တော့်ဘ၀ ကျွန်တော် လည်း ခါးသီးလှပါပြီ။
‘အိမ်မပိုင်ပေမယ့် ဂေါ်လီလုပ်လို့ရတာ နည်းတဲ့ကုသိုလ်လား’ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ဟာသကို ကျွန်တော်မရယ်မောနိုင်ခဲ့ပါ။ ဒါပေမဲ့ အိမ်မပိုင်လို့ လိမ့်လိမ့်နေရတဲ့ ဂေါ်လီလုံးလိုဘ၀လေးကို မျက်လုံးထဲ ကွက် ကွက်ကွင်းကွင်း မြင်စေတဲ့အတွက်တော့ ကျွန်တော်ပြုံးလိုက်မိပါရဲ့။
‘အိမ်မပိုင်တော့ရော ဘာအရေးလဲ။ အိမ်ငှားနေမှာပေါ့။ အိမ်မငှားနိုင်တော့ရော ဘာပူစရာလိုလို့လဲ။ ကျူးလိုက်ကြတာပေါ့’ တဲ့။
ဘ၀တူ အိမ်ပိုင်ယာပိုင်မရှိသော သူငယ်ချင်းတစ်ယောက်ရှေ့မှာ ‘အိမ်ကလေးတစ်လုံးလောက်တော့ ပိုင်ချင် တယ်ကွာ’လို့ သွားညည်းညူမိတော့ သူငယ်ချင်းက နောက်သလို ပြောင်သလို ရယ်မောပြောဆိုခဲ့ဖူးတယ်။ ကျူးကျော်တွေညံနေတာ၊ နေ့စဉ်သတင်းစာမှာ အပတ်စဉ်ဂျာနယ်တွေမှာ ရုပ်သံဖန်သားပြင်မှာသူလည်းမြင်မှာ ကြားမှာ သတင်းကြားမှာပါပဲ။ ဒါပေမဲ့ တစ်နေ့စာတစ်နေ့တောင် အနိုင်နိုင်ရုန်းကန်ရှာဖွေနေကြရတာဆိုတော့လည်း ဟန်တင်းပြီး ခံငြင်းကြည့်တဲ့သဘောလို့ ကျွန်တော်နားလည်စာနာပေးနိုင်ခဲ့ပါရဲ့။
‘လူမှန်ရင် အိမ်တစ်လုံးလောက်တော့ ပိုင်ဆိုင်သင့်တယ် ထင်တာပါပဲကွာ’လို့ ကျွန်တော်က အားခပ်လျော့ လျော့လေသံနဲ့ ညည်းတွားမိတယ်ဆိုရင်ပဲ ကျူးကျော်ရပ်ကွက်လေးမှာ နေထိုင်တဲ့ သူငယ်ချင်းက ‘ငါတို့ညည်းဖို့ လည်း ချန်ပါဦး သူငယ်ချင်းရာ။ နေ့ရွှေ့ရမလား၊ ညရွှေ့ရမလား၊ ရင်တထိတ်ထိတ် ညအိပ်နေရတဲ့ ငါတို့မိသားစုမှာ ကလေးတွေကလည်း တစ်ပြုံတစ်မကြီး၊ အလုပ်အကိုင်ကလည်း ကြုံရာကျပန်း၊ ငါတို့လိုလူမျိုးတွေ အိမ်လိုချင်လို့ အသည်းအသန် တမ်းတနေတယ်ဆိုရင် အဓိပ္ပာယ်ရှိသေးတယ်။ မင်းလိုတစ်ယောက်တည်းသမား တစ်အိမ်တည်း အိမ်နေရတယ်လို့ကွာ’
‘အမယ်လေးနော်…သူများအိမ်မက်ကို သွားဖျက်ဆီးနေပြန်ပြီ။ တစ်အိမ်တည်း မအိမ်လို့ မရတော့ဘူးတော် ရေ။ ရှင့်သူငယ်ချင်းကို သူတော်ရမယ့် ယောက္ခမကြီးက သူ့သမီးကို အိမ်တစ်ဆောင် မီးတစ်ပြောင်မထားနိုင်ရင် မပေးစားဘူးဆိုတဲ့ သတင်းရှင်မကြားဘူးလား။
‘သြော်…မင်းက ကြားလာလိုက်ပြီပေါ့’
‘မကြားရှိပါ့မလားတော်။ မနက်က ရပ်ကွက်ဈေးကလေးမှာ သူ့ယောက္ခမကြီးကိုယ်တိုင် အော်ကျယ်အော် ကျယ်ပြောနေတာ တစ်ဈေးလုံးကြားတာပဲ’ တဲ့။
ကာယကံရှင် ကျွန်တော်ပင် ၀င်ဖြေစရာမလိုလောက်အောင် သတင်းဖြစ်ထွန်းမှု မြန်ဆန်တဲ့ ရပ်ကွက် ကလေးမှာ ကျွန်တော်နေထိုင်ပါတယ်။ ဒီနေ့ညနေ ချစ်သူချိန်းဆိုထားတာလည်း ဒီကိစ္စပဲဖြစ်မယ်ထင်ပါရဲ့။
သူငယ်ချင်းလင်မယားကို နှုတ်ဆက်ပြီး ချစ်သူနဲ့ဆုံတွေ့ဖို့ချိန်းထားတဲ့ ကဖေးဆိုင်ကလေးရှိရာကိုလျှောက် လာခဲ့တယ်။ ကျွန်တော့်ရင်ထဲမှာတော့ အိမ်နဲ့ပတ်သက်တဲ့ အိပ်မက်တွေဟာလည်း တဖြည်းဖြည်းကြီးထွားလာခဲ့ပါ ရဲ့။ မြင်နေကျ မြင်ကွင်းထဲမှာ အိမ်အသစ်စက်စက်ကလေးတွေ တိုးလာတဲ့အခါ ဆောက်လက်စအဆောက်အဦ တချို့ ရုပ်လုံးပေါ်ပီပြင်လာတဲ့အခါ ကိုယ့်ဘ၀ကိုယ် အားငယ်သလိုလို၊ အားမရသလိုလို၊ ရင်ထဲမှာ ၀မ်းနည်းသလိုလို ကြေကွဲသလိုလို၊ နောက်ဆုံးတော့ မမြင်ရတဲ့ ကံကိုပဲ ပုံချနေခဲ့ရပေါ။
မြင်နေကျမြင်ကွင်းတွေကနေ သွေဖွယ်လွှဲရှောင်လို့ ကြားနေရတဲ့သီချင်းတွေဘက် နားစွင့်လိုက်ပြန်တော့ မဝေးမလှမ်း အလှူခံမဏ္ဍပ်က လွင့်ပျံလာတဲ့ သီးချင်းသံက ကျွန်တော့်ကို လှောင်ပြောင်နေသလိုပါပဲ။
‘အိမ်ဆိုရင်…အိမ်ဖြစ်ရမယ်
စိန်ဆိုရင် စိန်ဖြစ်ရမယ်’ တဲ့။ အဆိုကောင်းတဲ့ ဆရာသုမောင်ရဲ့ သီချင်းက ကျွန်တော့်ကို ရည်ရွယ်ညွှန်းရော့ သလားတောင် ထင်မိရရဲ့။ ကျွန်တော်ဟာ အိမ်တစ်လုံးတစ်လေတောင် ဘ၀မှာ ယောင်မှားပိုင်ဆိုင်ခွင့် မရှိခဲ့တဲ့ ကောင်ပါ။
ရန်ကုန်ရောက်စ ကျွန်တော့်ဝင်ငွေတစ်လနှစ်သောင်းနဲ့ သုံးသောင်းဝန်းကျင်မှာရနေတဲ့ကာလက ဆင်ခြေဖုံး မြို့သစ်ကလေးတွေက ပေလေးဆယ်၊ ပေခြောက်ဆယ် ခြံဝန်းတစ်ကွက်ရဲ့ တန်ဖိုးဟာ ဆယ်သိန်း ဆယ့်ငါးသိန်း ကြားမှာ လက်ထဲငွေတစ်သိန်းနှစ်သိန်း စုမိတော့ အားကျဝေရီ အိမ်အိပ်မက်က လက်လှမ်းလို့မမီတမီ။ ဒီကနေ့ ကျွန်တော့်ဝင်ငွေ တစ်သိန်းခွဲနှစ်သိန်းကြားမှာ ရရှိနေတဲ့ ဒီကာလမှာတော့ အိမ်ခြံမြေတွေက ဆင်ခြေဖုံးမှာတောင် သိန်းရာဂဏန်း၊ မြို့ထဲလူစည်ကား ရာလမ်းမပေါ်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေ လုံးချင်းအိမ်ရာတွေဆိုတာ မိုးနဲ့ မြေလိုပဲ။ အိပ်မက်ထဲ ထည့်မက်ဖို့တောင် မရဲတရဲ။
တန်ဖိုးနည်းအိမ်ရာဆိုလို့ အပြေးအလွှားစုံစမ်းတော့ သိန်းတစ်ရာဆိုတဲ့ကိန်းဂဏန်းက ကျွန်တော့်ကို သရောက်ကျီစယ်လှောင်ရယ်နေတယ်ပဲ မှတ်ထင်ခဲ့ရ။ ဘာဖြစ်လို့ တန်ဖိုးမနည်းဘဲ တန်ဖိုးနည်းအိမ်ရာလို့များ ရေးရဲ ကြပါလိမ့်။ အင်းပေါ့လေ။ သိန်းတစ်ထောင်ဂဏန်း၊ သောင်းဂဏန်းကိုင်နိုင်တဲ့လူတွေအတွက်တော့ သိန်းတစ်ရာ ဆိုတာ တန်ဖိုးနည်းပဲပေါ့။ ဒီကြားထဲ ဗိုလ်သုကအဝေးကနေ လှမ်းလှမ်းပြီး အသံနဲ့နှိပ်စက်သေးတယ်။ အိမ်လိုချင် အိမ်ဖြစ်ရမယ်။ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်’ တဲ့။
အသံတွေနဲ့ဝေးရာကို ရှောင်ရှားနေနိုင်လောက်အောင် ကိုယ်ငှားရမ်းနေထိုင်ခဲ့မိတာ ဆိတ်ငြိမ်ရပ်ကွက် တစ်ခုမှ မဟုတ်ပဲလေ။ ဒီတော့လည်း ကိုယ်ကြားလိုသည်ဖြစ်စေ၊ မကြားလိုသည်ဖြစ်စေ ကိုယ်နေထိုင်မိတဲ့ ကမ္ဘာက အသံတွေနဲ့ ကမ္ဘာမို့အသံတွေကို ကြားနေရတာ တကယ်တော့မဆန်းပါဘူး။ ချိန်းဆိုထားတဲ့ ထိုင်နေကျကဖေးဆိုင် ကလေးကိုရောက်တော့ စားပွဲထိုးချာတိတ်က စာတစ်စောင်ကမ်းပေးရင်း ‘အစ်ကို့အတွက် အစ်မပေးသွားတာ’တဲ့။ ဘာများဖြစ်လို့ပါလိမ့်။ အရင်ဆိုကျွန်တော် မရောက်မချင်း သူစောင့်နေကြပါ။
‘ကိုရေ…
အချိန်မရလို့ နောက်မှပဲတွေ့မယ်။ အိမ်က ကိုနဲ့သိပ်ကြည့်ပုံမရဘူး။ ညည်းလူကအိမ်တစ်ဆောင် မီးတစ် ပြောင်ထားနိုင်လို့လားတဲ့။ ကိုကြိုးစားမှဖြစ်မယ်နော်။ ဒီကတော့ ကို့ကို ချစ်တာပဲသိတယ်။ နောက်မှတွေ့ကြရအောင် ကိုရယ်’ တဲ့။
သက်ပြင်းဖွဖွကို ဖြေးလေးစွာချရင်း ကိုယ်ကြားပြီးသား သတင်းပေမယ့် အခုမှအတည်ပြုနိုင်လိုက်သလို စိတ်တွေက နောက်ကျိလေးလံသွားရတယ်။
ဘ၀မှာ အိမ်တွေဟာ လူတွေကို ဘယ်လောက်အထိ လွှမ်းမိုးထားနိုင်ခဲ့ပါသလဲ။ ချစ်သူနှစ်ယောက်ကြားမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်ရယ်လို့ စကားလုံးတန်ဆာတွေဆင်းပြီး နှစ်ဖက်အသိုင်းအ၀ိုင်းရဲ့ ယဉ်ကျေးမှု ဧည့်ခန်း ဆောင်မှာ ခပ်တည်တည်နဲ့ မိန့်မိန့်ကြီးနေရာယူထားခဲ့တဲ့ ကာလအလျားဟာ ဘယ်လောက်တောင်များ ရှည်လျားခဲ့ ပါပြီလဲ။
ချစ်သူတွေရဲ့ နှစ်ယောက်တစ်ဘ၀ကို ဖမ်းစားထားနိုင်ခဲ့သောအိမ်။ မိသားစုရဲ့ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် ကို တနွေးတထွေး ချည်နှောင်ထားနိုင်ခဲ့သော အိမ်။ ကျွန်တော်အိမ်တွေထဲ စိတ်နစ်နေမိသဖြင့် လက်ဖက်ရည်ခွက် ကို ချာတိတ်ဘယ်အချိန်ချသွားမှန်း သတိမပြုမိလိုက်။
‘အစ်ကို လက်ဖက်ရည်ပူတုန်း မွှေလိုက်ဦးလေ။ အေးကုန်ရင် မွှေလို့အဆင်မပြေဘူး’တဲ့။ ကျွန်တော် ချာတိတ်ကိုခေါင်းဆတ်ပြပြီး လက်ဖက်ရည်ခွက်ကို မွှေနေမိတယ်။
လကမ္ဘာပေါ်မှာ လူသားတွေနေထိုင်ဖို့ ဥရောပအာကာသအေဂျင်စီက ဗိသုကပညာရှင် နော်မန်ဖော်စတာနဲ့ အဖွဲ့ကို အလုပ်အပ်နှံနေချိန်မှာ မြန်မာနိုင်ငံက မထင်မရှားရပ်ကွက်လေးတစ်ခုမှာ မြန်မာလူငယ်လေးတစ်ယောက် အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အသည်းအသန်စဉ်းစား အားထုတ်နေပါတယ်။
‘ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်…
မြက်ခင်းနဲ့ ခြံဝန်းနဲ့အိမ်ကလေးကို တို့နှစ်ယောက်ပိုင်သတဲ့…
ပိုက်ဆံလေးတွေ စုချင်သေးတယ်၊ လကုန်တိုင်းဆုတောင်းခဲ့တယ်
တို့နှစ်ယောက်အတွက် အိမ်လိုချင်တယ်’
ဒီတစ်နေ့လုံးတော့ဖြင့် ကျွန်တော်ဟာ ‘အိမ်’တွေထဲက မလွတ်မြောက်နိုင်အောင်ပါပဲလား။ စားပွဲထိုးချာတိတ် ကတော့ အသံသေတ္တာထဲက ထွက်ကျလာတဲ့ သီချင်းတေးသွားအတိုင်း လိုက်တောင်ဆိုလို့။ အရာအားလုံးက သူ့အကြောင်းအရာနဲ့ သူပုံမှန်စီးဆင်းနေတယ်။ ပုံမှန်အတိုင်းဖြစ်မနေတဲ့ ကျွန်တော်တစ်ယောက်ကလွဲလို့ပေါ့။
မနက်က မိုးလင်းလင်းချင်း အိမ်ကထွက်တော့ အခန်းပိုင်ရှင် အန်တီကြီးနဲ့တွေ့တယ်။
‘လကုန်ရင် အခန်းကပြည့်ပြီနော်။ ထပ်နေဖြစ်မယ် မဟုတ်လား’
‘အင်း…လကုန်ခါနီးတော့ ကျွန်တော်အိမ်လာခဲ့မယ်လေ’လို့ မရေမရာ၊ အဖြေစကားကိုဆိုရင်း လတ်တလော ပစက္ခအခြေအနေတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့ တစ်ချိန်လုံးကျွန်တော်ကြိုးစားနေခဲ့မိပါတယ်။ တကယ်ရော ကျွန်တော်လွတ်မြောက်နိုင်ခဲ့ပါရဲ့လာ။
ကျွန်တော့်အတွေးတွေထဲကို ဘယ်အကြောင်းအရာကိုတော့ ၀င်လာစေပြီး ဘယ်အကြောင်းအရာကိုတော့ ၀င်မလာစေချင်သော တားဆီးကန့်သတ်၊ ချုပ်ကိုင်နိုင်စွမ်းတွေနဲ့ ရင့်ကျက်မှုမျိုး ကျွန်တော့်မှာမရှိပါ။
‘တစ်နေ့တော့…တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်
ဘယ်တော့မှ…ဖြစ်မလာတော့ဘူးလို့ အားမလျှော့ပါနဲ့
လိုက်လေဝေးလေ ပြေးနေစဲတို့ အိပ်မက်တွေ ၀ိုးတ၀ါးရယ်
တို့ဘ၀အတွက် အိမ်လိုချင်တယ်’
ဆောင်းဘောက်က လွင့်ပျံ့လာနေတဲ့ သီချင်းမှာ ကျွန်တော် လွင့်မျောခံစားနေမိတယ်။ တကယ်တော့ ဘယ်အနုပညာပဲဖြစ်ဖြစ် ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်မှုရှိသွားခဲ့ရင် ပိုပြီးထိရှတဲ့ ရသတစ်မျိုးမျိုးကို ပေးစွမ်းနိုင်လိမ့် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဘ၀အတွက် အိမ်ကလေးတစ်လုံးတော့ မဖြစ်မနေပိုင်ဆိုင်ဖို့ ကျွန်တော်ကြိုးစားရပါမယ်။ အဲဒီအိမ်ကလေး မှာ ချစ်သူကို ချစ်တတ်သောစိတ်ဖြင့် လိုအပ်ချက်မှန်သမျှကို ဖြည့်စွမ်းပေးနိုင်ရမယ်။ မိသားစုဆိုတာရှိလာခဲ့ရင် နွေးထွေးကြင်နာတတ်တဲ့ အငွေ့အသက်တွေ ရောယှက်ပါဝင်နေမယ့် အိမ်ကလေးလည်းဖြစ်ရပါမယ်။
အဝေးကပဲကြည့်ကြည့်၊ အနီးကပဲလေ့လာလေ့လာ ချစ်စရာကောင်းသော မိသားစုဘ၀ကလေးကို မြင်ရသူ တိုင်း အားကျလိုချင်တပ်မက်သွားစေမယ့် ချစ်ခြင်း၊ အနုပညာ၊ အတတ်ပညာတို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော ‘ချစ်သူတို့အတွက် အိမ်၊ ချစ်သူတို့ရဲ့အိမ်’ ကလေးမျိုးပဲဖြစ်ပါတယ်။
ဧပရယ်နွေ

“နေရာသစ်ဆီသို့"

“နေရာသစ်ဆီသို့” (ညလင်းဖြူ )
==========================
သူ့ရှေ့က အောက်ခံကျောက်စရစ်ခဲသေးသေးလေးတွေ ပေါ်နေတဲ့ လမ်းမပေါ်မှာ ခပ်ခြောက်ခြောက် ရွက်ရော်လေးတွေ အဓိပ္ပါယ်မဲ့ လေလွင့်နေကြလေရဲ့။ ရှေ့ခပ်လှမ်းလှမ်းမှာတော့ “မစားဖူးရင် ဝါးကြည့်၊ မချစ်ဖူးရင် ချစ်ကြည့်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကြွားကြွားကြီး ထောင်ပြီး ချိတ်ဆွဲထားတဲ့ အချဉ်ပေါင်းထည့်လှည်းလေးဘေးမှာ မောင်မောင်သယ်လေးတစ်ယောက် ခပ်ငေါင်ငေါင်နဲ့ ထိုင်နေတယ်။ စားသုံးသူ ဘုစုခရုမလေးတွေကို မျှော်နေတာလည်း ဖြစ်နိုင်တယ်။ သူ စိတ်ညစ်ညစ်နဲ့ ကျောက်ခဲလေးတစ်လုံးကို ကောက်ပြီး အဝေးတစ်နေရာကို ပစ်ထည့်လိုက်တယ်။
အခု သူရွာပြန်မလား ဒီမှာဆက်နေပြီး အလုပ်ဆက်ရှာရမလား? အတွေးချာချာလည်နေပြီ။ သူက သူ့ခံစားချက်နဲ့ဝါသနာကို ဦးစားပေးတတ်သူလေ။ ဒါကြောင့် သူ့စိတ်နဲ့မတွေ့လို့ကတော့ ယောက်ျားတန်မဲ့ ရရာအလုပ်လုပ်မယ့်သူမဟုတ်ဘူး။
သူဝါသနာပါတဲ့အလုပ်ကတော့ အခုလေးတင်ပဲ ပြုတ်ခဲ့ရပြီ။ နောင်ကို ဒီအလုပ်ကို ပြန်ရဖို့က လွယ်မှာမဟုတ်။ ရွာပြန်ရင်ကော ရှိတဲ့အလုပ်ကို သူလုပ်မလား? သူတို့အိမ်က ဘိုးဘွားတွေပိုင်ခဲ့တဲ့ လယ်မြေတွေက အခု အလုပ်မဖြစ်တော့လို့ ဗိုက်နာတဲ့ဈေးနဲ့ ရောင်းပစ်လိုက်ပြီလေ။ အဖေက ဒေါ်လှကြည်နှစ်စီးပြန်ဝယ်ထားပြီး ရွာကနေ ၇မိုင်ကျော် ဝေးတဲ့ ပုပ္ပါားမြို့က ကားဂိတ်နဲ့ ရွာကို ခေါက်တုံ့ခေါက်ပြန်ဆွဲပေးတဲ့အလုပ် လုပ်စားနေရတော့ သူပြန်ရင် ဒေါ်လှကြည်ပဲ မောင်းပေးရမှာ သေချာတယ်။ ဒါမျိုးနဲ့ သူနဲ့တန်ပါ့မလား။ သူက မြို့သွား တက္ကသိုလ်တက် ကျောင်းပြီးထားတဲ့ ဘွဲ့ရပညာတတ် တစ်ယောက်ဥစ္စာကို။
သူဆယ်တန်းအောင်တုန်းက အိမ်က နည်းနည်းချောင်သေးတော့ နီးနီးနားနား ပခုက္ကူတက္ကသိုလ်မတက်ခဲ့ဘဲ ချော်တော့ငေါ့ပြီး မန္တလေး ရတနာပုံတက္ကသိုလ်ကို သွားတက်ခဲ့တဲ့အကောင်။ အမေကတော့ အခုချွတ်ခြုံကျမှ တဖျစ်တောက်တောက်နဲ့ သူတို့တတွေ စီးပွားရေးမပြေလည်ရတာဟာ သူ အခုလို မြို့ကြီးပြကြီးမှာ ကျောင်းသွားတက်ခဲ့တာလည်း ပါသလိုလို တရားခံကို ကြံဖန်ရှာပြီး ပြော ပြောနေလေရဲ့။ သူသာပြန်သွားရင် ဒီဓာတ်ပြားအဟောင်းကြီးကိုပဲ ပြန်ဖွင့်နေအုံးမှာ။ ဘွဲ့ရတာ ဘာမှ အားမကိုးရဘူးတို့ ၊ နင်တို့ဘွဲ့က ငါ့ဒေါ်လှကြည်လောက်တောင် အသုံးမကျဘူးတို့၊ ဒါ-ဒါ ချင်းအတူတူ မြို့ကြီးပြကြီးသွား ကျောင်းတက်တော့ ပိုကုန်ခဲ့ရတယ်တို့ လာပါလိမ့်မယ်..... ပြီးမှာကို မဟုတ်ဘူး။
“ဟူး.........”
သူ သက်ပြင်းရှည်ကြီးကို ချပြီး လောလောဆယ် သူရွာကို ချက်ချင်းမပြန်သေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့လက်ထဲမှာ အလုပ်ထုတ်ခံရလို့ နစ်နာကြေးအဖြစ်ပေးတဲ့ လစာ နှစ်လစာကျန်သေးတယ်လေ။ ဒါလေးကို ခြစ်ကုပ်ပြီးသုံးရင် နောက်ထပ်တစ်လလောက်တော့ သူ ဒီမှာဆက်နေလို့ရသေးတယ်။
+++++++++++++++++++++
သူ အလုပ်ပြုတ်မယ့်သာ ပြုတ်တာပါ။ ဒီနှစ်ပိုင်းတွေအတွင်း သူရထားတဲ့အလုပ်လေးဟာ သူ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တာမို့ တက်ကြွပြီး ရင်းနှီးခဲ့ရတာတွေကို သူကိုယ်တိုင်ပဲသိတယ်လေ။ သူစာတွေပိုဖတ်ခဲ့တယ်။ လိုတဲ့စာအုပ်တွေဝယ်ပြီး စာဝမ်းစာကို ပိုဖြည့်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ----- တွေးရင်း ဝမ်းနည်းလာရတယ်။ ဘာမှ ဆက်လုပ်စရာမရှိတာနဲ့ အခုလို လမ်းဘေးမှာ လာထိုင်နေတာ။ အလုပ်ဖြုတ်ခံလိုက်ရပေမယ့် သူ့အရည်အချင်းကို သူဘယ်တော့မှ သံသယမဖြစ်ပါဘူး။ ဒီမှာနေနိုင်သေးတဲ့ တစ်လအတွင်း နောက်အလုပ်သစ်တစ်ခုရဖို့အတွက် သူထပ်ကြိုးစားရမှာပေါ့။
“ဟာ - ဟေ့ကောင် မင်း မင်း သပြေနုက ဇင်လင်းမဟုတ်လား? ငါက မင်းတို့ရွာနဲ့ကပ်ရက် ကျောက်ထုံးကြီးက ထင်ရှားလေကွာ မှတ်မိလား?”
စိတ်ညစ်ညစ်နဲ့ ဦးတည်ရာမဲ့ ငေးကောင်းနေတုန်း ဆွေမျိုးလာစပ်တဲ့သူနဲ့ တွေ့နေပြန်ပြီလေ။ သူ အသံလာရာကို ကြည့်လိုက်တော့မှ သူတို့က အပုန်းကောင်လို့ နောက်ပြီး နာမည်ဝှက်ခေါ်ခဲ့ဖူးတဲ့ ရှိုးခပ်များများနဲ့ ထင်ရှားဆိုတဲ့အကောင်မှန်း သူတန်းမှတ်မိလိုက်တယ်။ ဖုန်ထဲ နေပူထဲနေရတဲ့ သူတို့လိုနယ်ဖက်တွေနဲ့ မလိုက်အောင် ရှိုးများပြီး သပ်သပ်ရပ်ရပ်နေလွန်းလို့ သူ့ကိုယောက်ျားမပီသဘူး ဆိုပြီး အမြင်ကပ်ကပ်နဲ့ အပုန်းကောင်လို့ ကင်ပွန်းတပ်ထားကြတာလေ။
“သြော် ထင်ရှား၊ မင်းကလည်း အချင်းချင်းပဲ မှတ်မိပါတယ်ကွာ၊ ဒီကိုဘာလာလုပ်တာလဲ?”
သူမေးလိုက်ကာမှ သူ့ထက်ပြင်းတဲ့ သက်ပြင်းရှည်ကြီးကိုချရင်း ဘေးကလွတ်နေတဲ့ နေရာမှာ ဝင်ထိုင်လိုက်တယ်လေ။
“ဟူး.........အလုပ်တွေ လုပ်လိုက်ရတာကွာ၊ အချိန်ပိုဆိုလည်း ဆင်းရ၊ ဟိုသွားဆိုလည်း သွားခဲ့၊ စိတ်လျှော့ဆိုလည်း လျှော့ရ၊ အူကြောင်ကြောင်စကားလုံးတွေနဲ့ ဟန်လုပ်နှုတ်ဆက်ဆိုလည်း နှုတ်ဆက်ရ၊ ပြုံးရ၊ မတော်တရော် အသားအရည်နဲ့ အကျင်္ီ အရောင်အသွေးနဲ့ မလိုက်ဖက်လည်း သိပ်ကြည့်ကောင်းတာပဲ ဘာညာနဲ့ မုသားတွေလည်း သုံးလို သုံးရနဲ့။ အဲဒီအတွက် ရလာဒ်ကတော့ ငါအခု အလုပ်ပြုတ်ခဲ့ပြီလေကွာ။ ဟေ့ကောင်- ငါ့ကို အဲလိုကြီး ကြည့်မနေနဲ့ ငါ့အပြစ်မဟုတ်ဘူးကွ။ သူဌေးက လုပ်ငန်းဆက်လည်ပတ်ဖို့ အတွက် ငွေဘယ်လိုမှ မလည်ပတ်နိုင်တော့လို့ ဆိုပြီး ဝိတ်လျှော့ချင်တာလေ။ ငါတို့ ယောင်္ကျားလေးသုံးယောက်ကို အရင် လျှပ်တပြက် စာမေးပွဲစစ်မတဲ့ကွာ။ အဲဒါခေါ်စစ်ပြီး မအောင်ရင်တော့ အလုပ်က အနားပေးရမတဲ့။ ငါတို့ကို အလုပ်ဖြုတ်လိုက်ကြောင်း ပြောရင်း သူ့ကိုအပြစ်မမြင်စေလိုကြောင်း ငွေကြေးအခက်အခဲကြောင့် ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောတာကွ။ ငါတို့ကတောင် သူ့ကို ပိုက်ဆံ ချေးပေးရမယ့်ပုံနဲ့ဆိုတော့ ဘာမှ မတတ်နိုင်ဘူးလေကွာ။ ဟာ----စိတ်ပျက်ပါတယ်ကွာ။”
ထင်ရှားစကားကို သူ နားမလည်လို့ မျက်ခုံးတွန့်လိုက်ရင်းက
“ဟ- မင်းဟာက အဆန်းပါလား။ အလုပ်ဖြုတ်ချင်လို့စစ်တဲ့ လျှပ်တပြက်စာမေးပွဲတဲ့။ တစ်ခါမျှမကြားဖူးပါဘူး။ ဟားဟား ပြောစမ်းပါအုံးကွာ။ ဘာတွေစစ်တာလဲ?”
မေးလိုက်ရင်းက သူ ခုနက စိတ်ပျက်လက်ပျက် ဖြစ်နေတာတွေ နည်းနည်းလျှော့သွားပြီး အပျင်းဖြေစရာတစ်ခု ဖြစ်လာရတယ်လေ။ ထင်ရှားက ဂိုက်ဆိုက်မိမိ ထောင်ပြီးသားဆံပင်ကို လက်နဲ့ထိုးဖွလိုက်ပြီး သူ့ကို ရှင်းပြဖို့ ဟန်ပြင်လိုက်တယ်။ ဒီကောင် အဲဒီလိုအိုက်တင်များလို့ အပုန်းကောင်လို့ သူတို့က အမြင်ကပ်ကပ်နဲ့ နာမည်ပေးလိုက်ကြတာလေ။ ဒါပေမယ့် သူ အခုလို ရှိုးများတတ် နေတတ်ထိုင်တတ်လို့လည်း မန္တလေးမြို့ကြီးက နိုင်ငံခြားနာမည်ကြီးတံဆိပ် ဖက်ရှင်ဆိုင်တစ်ခုမှာ အရောင်းစာရေးအဖြစ် အလုပ်ရခဲ့တာပေါ့။ ကျောင်းပြီးပြီးချင်း သူတို့ထက်အရင် အလုပ်ရခဲ့တဲ့ ထင်ရှားက အလုပ်လုပ်နေရလို့ သူတို့ကို သတိမထားမိပေမယ့် ဖိုသီဖတ်သီနဲ့ အလုပ်ရှာနေတဲ့ သူတို့တတွေကတော့ ဒီကောင့်ကို အားကျခဲ့ရတာပေါ့။ လုပ်ရတာကလည်း နာမည်ကြီး ရှော့ပင်းမောကြီး တစ်ခုထဲက အဲယားကွန်းတပ် အခန်းထဲမှာ။ တစ်ခါတလေဆို အဲဒီကုမ္ပဏီက သူ့ဝန်ထမ်းတွေကို အလကားပေးတဲ့ အပြန်စား အင်္ကျီ ဘောင်းဘီတွေကို ကျော့ကျော့လေး ဝတ်လို့ပေါ့။ အရိပ်ထဲမှာလုပ်ရလို့လည်း ဒီကောင့်ကြည့်ရတာ အသားတောင် ပိုဖြူလာသလိုလို။
နောက်တော့ သူလည်း အလုပ်ရသွားတာနဲ့ ဒီကောင်ကို မေ့တေ့တေ့ဖြစ်နေတာ။ အခု ဒီကောင်လည်း သူနဲ့ ဘဝတူဖြစ်နေရှာလေရဲ့။
“ပြောရရင်တော့ သူတို့စစ်တဲ့စာမေးပွဲက ဘာမှ ပညာမပါပါဘူးကွာ။ ဟားဟား အဲဒီ ပညာမပါတဲ့ မေးခွန်းကို ငါကလည်း မဖြေနိုင်ခဲ့တာကွ။ ဖြေနိုင်လည်း အနှေးနဲ့အမြန်တော့ အဖြုတ်ခံရမှာပါကွာ။ သူဌေးက တခြားလုပ်ငန်းတွေကိုပဲ တိုးချဲ့လုပ်တော့မှာတဲ့။ ဒီ ဖက်ရှင် အင်္ကျီအရောင်းအဝယ်လုပ်ငန်းက ဒီနှစ်ပိုင်းတွေမှာ အရောင်းထိုင်းလာတော့ သူ့လုပ်ငန်းတွေထဲက အရှုံးပေါ်ဆုံး လုပ်ငန်းကို ရွေးဖြုတ်ဖို့လုပ်တာ ငါတို့လုပ်နေတဲ့ဟာ ဖြစ်နေတာကွ။ ကံဆိုးပါတယ်ကွာ”
“ဟ- မင်းတို့က သူ့မှာရှိတဲ့ တခြားလုပ်ငန်းတစ်ခုခုမှာ ပြန်ခန့်ပေးဖို့ ပြောပေါ့ကွ”
“ငါတို့လည်း အဲလို တောင်းဆိုတာပေါ့ကွာ။ ဘယ်နေလိမ့်မလဲ။ ခက်တာက တခြား သူပိုင်တဲ့ လုပ်ငန်းတွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကွ။ ဒီအပိုင်းကိုကျ ငါတို့ဝင်လုပ်လို့လည်း မဖြစ်ဘူးလေ။ အုတ်ကျိုးလောက်ပဲ သယ်တတ်မှာကိုးကွ။ ဒါမျိုးတော့လည်း မလုပ်ချင်ဘူးကွာ။ အဲဒီလုပ်ငန်းတွေမှာလည်း ဒို့သူဌေးက အရှုံးပေါ်နေတာပဲတဲ့ကွ”
“ဟူး---- မလွယ်ပါလားနော်။ မင်းတို့ကို နစ်နာကြေးပေးသလား? နေပါအုံး မင်းပြောတဲ့ အလုပ်ဖြုတ်မေးခွန်းဆိုတာက ဘာတွေမေးတာလဲကွ”
“ရော---သူ့မှာ ပိုက်ဆံမရှိတော့လို့ လုပ်ငန်းမလည်ပတ်နိုင်လို့ပါ ဆိုမှ နစ်နာကြေးဆိုတာ ပေးပါလိမ့်မယ်။ အခုလအတွက်ကိုပဲ လမကုန်သေးပေမယ့် အပြည့်ပေးလိုက်တာကွ။ ၁၆ရက်စာလောက်တော့ ပိုပေးလိုက်တဲ့သဘောပေါ့ကွာ။ ငါတို့က အဲလို တောင်းဆိုဖို့ နေနေသာသာ သူ့တောင် ပြန်နှစ်သိမ့်ရမယ့်ပုံပဲကွ။ အလုပ်လုပ်တုန်းကလည်း သူက တခြားသူဌေးတွေလို ငါတို့ကို မောက်မောက် မာမာ အထက်စီးနင်းနဲ့ ဆက်ဆံတာမျိုးမဟုတ်ခဲ့တော့ အခုလို တောင်းတောင်းပန်ပန်နဲ့ပြောလာတော့ ငါတို့ကတောင် သူ့ပြန်သနားနေကြတာကွ။”
ဒီကောင့်ကို အပုန်းကြီးလို့ ခေါ်ခဲ့ပေမယ့် အခုလို စကားပြောကြည့်တော့လည်း ယောင်္ကျားပီသသား။ သူ နောက်ထပ်သိချင်နေတဲ့ မေးခွန်းကို ဒီကောင် အခုထိမဖြေရသေးလို့ စကားထောက်ပေးလိုက်တယ်။
“ဟေ့ကောင် မင်း ငါမေးတာ မဖြေရသေးဘူးလေကွာ။ အလုပ်ဖြုတ်မေးခွန်းအကြောင်း”
သူလည်း ပျင်းပျင်းရှိတာနဲ့ လေကြောရှည်အောင် ထောက်ပေးနေတုန်း အလိုက်ကမ်းဆိုးမသိတဲ့ ဂျာနယ်ရောင်းတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး
“အစ်ကိုတို့ အားပေးပါအုံးဗျာ။ ဒါ ဒီမနက်ထွက်တဲ့ အင်အား။ ဘောလုံးအကြောင်း အကုန်ရော အစင်ရော ပါတယ်။ အာကြီးတွေရဲ့ ကတ္တီပါလမ်းခွဲအကြောင်း၊ ပရီးမီးယား အမှတ်ပေးဇယားအသေးစိတ်၊ ရွန်နေးရဲ့ အချစ်သစ်။ ဟဲဟဲ လုပ်ပါအုံးဗျာ ကျနော် ဈေးဦးမပေါက်သေးလို့ပါ”
“အရေးထဲကွာ။ ဒီမှာ အလုပ်ဖြုတ်ခံရလို့ ပြတ်နေပါတယ်ဆိုမှ။ ခါတိုင်းတော့ ငါ ဒီဂျာနယ်ကို တစ်ပတ်တစ်စောင်တော့ ယူတယ်ကွ။ အခုတော့ ငါလည်း ဝိတ်လျှော့ရတော့မယ်ကွာ။”
ထင်ရှားက သူ့ကို ဒီလိုပြောရင်း
“ဒီမှာ ငါ့ညီရေ အစ်ကိုတောင် မင်းဆီက ပိုက်ဆံချေးရမယ့်ပုံ ပေါက်နေလို့။ မဝယ်နိုင်ပါဘူးကွာ။ အာကြီးတွေ ပရီးမီးယားတွေလည်း စိတ်မဝင်စားအားတော့ပါဘူး။ သွားပါအုံးကွာ။”
ကောင်လေး စိတ်ပျက်လက်ပျက်နဲ့ ဂျာနယ်တွေ တပွေ့ကြီး ပိုက်ပြီး ထွက်သွားတယ်။
“အလုပ်ဖြုတ်မေးခွန်းက ငါ ညံ့တာပါကွာ။ ပြောရရင် ရှက်စရာကြီးပေမယ့် ငါ့လိုပဲ ဟိုနှစ်ကောင်လည်း မဖြေနိုင်ကြဘူးကွ။ ဘာမေးတာလဲ ဆိုတော့ ငါယူထားတဲ့ ဘွဲ့အရှည်ကောက်နဲ့ မေဂျာရဲ့ စာလုံးပေါင်းကို ပထမမေးတာကွ။ အဟီး ဟို ငါ ငါလည်း ကျောင်းပြီးကတည်းက အလုပ်တန်းဝင်တာရော ပညာရေးနဲ့ အဆက်အသွယ်ပြတ်နေတာရောကြောင့် ယောင်ဝါးဝါးဖြစ်သွားတယ်ကွာ။ မသိတော့ဘူး.”
သူ ထင်ရှားအပြောကြောင့် အံ့သြတကြီးဖြစ်သွားပြီး
“ဟာ- မင်း အဲဒါတော့ ညံ့တာပေါ့ကွာ။ နေပါအုံး မင်းက ဘာနဲ့ဘွဲ့ရထားတာလဲ”
“ငါက ဟို ဇူးကွာ ဇူး ဇူး။ Zoo ဇူး ဒါပဲ သိတာကွ။ အဟီး အပြည့်တောင် မပေါင်းတတ်တော့ဘူး။ နောက်ပြီး ဘီအက်စီရဲ့ အရှည်ကောက်၊ ဒါလည်း ဝိုးတဝါးပေါ့ကွာ။ ချက်ချင်းမဖြေနိုင်ဘူး။ ဒါပေမယ့် အဲဒါကိုတော့ ငါအဆောင်ပြန်ရောက်မှ ပြန်သတိရတာကွ။ ဘတ်ချလားအော့ ဆိုင်းရင့်လေ။ ဟုတ်တယ်မဟုတ်လား? ဒါလေးနဲ့ ငါခံလာရတာကွာ”
သူ မိုးပေါ်ကို ခေါင်းလှန်မော့ပြီး ရယ်ရင်း
“ဟား ဟား ---- နည်းသေးတယ်ကွာ။ ဒီ့ထက်ပိုပြီး အပြစ်ပေးသင့်တာ။ နေပါအုံး ကျန်တဲ့နှစ်ယောက်ကရောကွာ။ ဘာတွေမေးလို့ မင်းနဲ့တန်းတူ ဖြစ်သွားရတာလဲ”
“သူတို့ကိုလည်း ငါ့လိုပဲ မေးတာကွ။ ခက်တာက ငါတို့အားလုံးက ဘာမေးမယ်ဆိုတာ ကြိုမသိထားကြတာလည်း ပါပါတယ်ကွာ။ ဒါကြောင့် ကြောင်သွားကြတာလည်း ဖြစ်မှာပါ။ ငါဆို အဆောင်ရောက်တာနဲ့ ပြန်သတိရသားပဲကွ။ ကွက်ရှင် ကြို မအောက်ထားလို့ပါ။ ဟဲဟဲ။ ဟိုနှစ်ကောင်က ပိုဆိုးတယ်ကွ။ သူတို့ယူထားတာ တစ်ယောက်က ဘိုင်အိုတက်ဆိုလား။ နောက်တစ်ယောက်က ဘစ်ဇစ်နက် အက်မစ်နစ် စတေးရှင်းဆိုလား ငါ့ဟာထက်တောင် ခက်သေးလေ။ ဒါတွေကို စာလုံးပေါင်းခိုင်းတော့ ဒီကောင်တွေလည်း ဘယ်ရမလဲကွာ။ သူဌေးက ငါတို့ကို မမေးခင် အခွင့်အရေးပေးပါတယ်။ ဖြေနိုင်ရင် တခြားလုပ်ငန်းတစ်ခုခုမှာ မလိုလည်း ကြည့်ထည့်ပေးမယ်ပေါ့ကွာ။ ငါတို့ကိုကလည်း မဖြေနိုင်တာပါ။”
“မင်းတို့ကတော့ ဖြစ်ရမယ်။ ဘာပဲပြောပြော ဒါလောက်လေးတော့ ပေါင်းတတ်ရမှာပေါ့ကွာ။
Bachelor of Science , Bachelor of Arts, Business Administration, Bio Technology, Zoology ကဲ ဒီလောက်လေးပဲဟာကို”
သူတို့တတွေ မပေါင်းနိုင်တဲ့ဟာကို သူ သမားဂုဏ်ပြ အကောင်လုပ်ပြီး ပေါင်းပြလိုက်တယ်။ အမယ် တောသားက မလျှော့ဘူးဗျာ။
“ဟာ ငါလည်းသိပါတယ်ကွ။ ရုတ်ရက်မို့ပါ။ ဟိုကောင်တွေလည်း အဲလိုပါပဲ။ မင်းကလည်း။ နေပါအုံး မင်းက ငါ့ချည်းမေးနေ။ မင်းလည်း အလုပ်လုပ်နေတာမဟုတ်လား။ အခု ဒီကန်တော်ကြီးထဲမှာ အလုပ်ချိန်ကြီး တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ?”
သူများ သွားကောနေရာက မြှားဦးက သူ့ဖက်ကို လှည့်လာပြီလေ။ ဒါပေမယ့် သူအလုပ်ပြုတ်တာက သူတို့တွေလိုမဟုတ်တော့ ပြောပြရဲပါတယ်။ သူညံ့လို့မှ မဟုတ်ဘဲကိုး။
“အင်း ငါလည်းပြောရရင် မင်းလို အလုပ်ပြုတ်လာတာကွာ။ ဒါပေမယ့် ငါညံ့လို့တော့ မဟုတ်ဘူးကွ။ အများနဲ့ ခံရတာ။ ငါလုပ်တဲ့ ပရိုက်ဗိတ်အင်တာနေရှင်နယ်စကူးကလည်း ဘော့စ်က သိပ်မကိုက်လို့ ဝိတ်လျှော့ချင်တာ။ အဲဒါ ခန့်ထားတဲ့ ဝန်ထမ်းတွေ များနေလို့ လျှော့မယ်လုပ်တော့ ယောင်္ကျားနဲ့ မိန်းမမှာ ဆရာမတွေကိုပဲ ထားပြီး ဆရာတွေကို လျှော့တာဆိုတော့ ငါက အဲဒီအထဲ ပါသွားရတာပေါ့ကွာ။ ဒါပေမယ့် မင်းတို့လိုတော့ မဟုတ်ဘူးကွ။ ငါတို့ကို နစ်နာကြေးနှစ်လစာ ပိုပေးတယ်လေ။ ဒါပေမယ့်ကွာ ကြိုမပြောဘူးဆိုတော့ ခံစားရတာပေါ့။ ဘာပြောရမှန်းလည်း မသိဘူး။ ငါနဲ့အတူ ဆရာ၆ယောက်ကို တပြိုင်တည်းနစ်နာကြေးပေးပြီး ဖြုတ်လိုက်တာလေ။ ပြောပြတဲ့ အကျိုးအကြောင်းလေးကတော့ မင်းပြောသလိုပါပဲ။ သူတို့ကိုတောင် ပြန်သနားရမယ့်ပုံ။ ဒါပေမယ့် ငါတို့ဘော့စ်ကတော့ မင်းတို့ဘော့စ်လို ကိုယ်တိုင်မလာဘူးကွ။ မန်နေဂျာကတဆင့် ခေါ်ပြောတာ။ သူက ဘယ်နေမှန်းတောင်မသိဘူး။ ငါလည်း စာသင်တဲ့အလုပ်ပဲ လုပ်တတ်တာဆိုတော့ ခက်တယ်ကွာ။ ခုန ပီစီအိုကနေ ကျောင်းက ကျောင်းသူလေးတစ်ယောက် ဂိုက်လိုတယ်ဆိုလို့ ရလိုရငြား ဆက်ကြည့်တာ ယောင်္ကျားလေးဖြစ်နေလို့ အမျိုးသမီးဆရာမပဲ လိုက်ရှာနေပါတယ်တဲ့ကွာ။ အခုမှ ငါလည်း ယောင်္ကျားဖြစ်ရတာကို မကျေမနပ်ဖြစ်လာမိတယ်။ အမေက ငါ့ကို ဘာလို့ ယောင်္ကျားလေးအဖြစ် မွေးပေးရတာလဲလို့ပေါ့ ဟား ဟား”
သူသိပါတယ်။ စကားတွေ တရစပ်ပြောချပြီး မဆီမဆိုင် စိတ်ထဲကမပါဘဲ ရယ်ချလိုက်တာကိုပေါ့။ ဟိုကောင် လိုက်မရယ်နိုင်ဘဲ သူ့ကို စာနာနားလည်တဲ့ မျက်နှာပေးနဲ့ ပြန်ကြည့်နေတယ်လေ။ ထင်ရှားက သူ့ကို လေးနက်တဲ့ မေးခွန်းတစ်ခု မေးလာတယ်။
“မင်း ဘာဆက်လုပ်မှာလဲ။ သပြေနု ပြန်မှာလား? မင်းတို့က တော်ပါသေးတယ်ကွာ။ ပြန်လည်း လယ်ပိုင် ယာပိုင်တွေ ဆိုတော့။ ငါတို့မိသားစုကတော့ အစကတည်းက သူရင်းငှါးပဲ လုပ်နိုင်ကြတာဆိုတော့ ပြန်လည်း ပင်ပင်ပန်းပန်းလုပ်မှ အဆင်ပြေမှာကွ။ ဒါမျိုးလည်း ငါမလုပ်နိုင်တော့ဘူးကွာ။ ငါမော်ဒယ်လ်လျှောက်တာမျိုးတော့ ဝါသနာပါတယ်ကွ။ ဒါပေမယ့် အဲဒီလိုင်းကလည်း ပိုက်ဆံတတ်နိုင်တဲ့ သူဌေးသားတွေက ငွေထုပ်ပိုက်ပြီးတော့ကို အလကားမတ်တင်း လုပ်ပေးနေတဲ့သူတွေ ရှိနေတော့ ဝမ်းရေးအတွက် ရပ်တည်ဖို့ကလည်း မလွယ်ပါဘူးကွာ။ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး ဟူး........”
အင်း သူ့ဟာသူ ရွာပြန်ရင် ဒေါ်လှကြည်(ထော်လာဂျီ) မောင်းပေးရမှာမို့ စိတ်ပျက်လက်ပျက် ဖြစ်နေတာ။ ဒီကောင်က သူ့ထက်ပိုဆိုးနေလို့ သူ့ကိုတောင် အလုပ်ပြန်ရှာပေးရမယ့်ပုံ။
“မင်းထင်သလို ငါတို့အိမ်ကလည်း လယ်ယာတွေ မရှိတော့ဘူးကွ။ ရောင်းလိုက်ရပြီ။ အခု ဒေါ်လှကြည် ဆွဲပေးနေတယ်လေ။ ငါလည်း အဲဒါကြီးတော့ မမောင်းချင်ဘူးကွာ။ အိမ်ကတော့ ပြန်လာခဲ့ အိမ်အလုပ်ကူလုပ်လို့တော့ ပြောပါတယ်။ မင်းအဲဒါမောင်းတတ်လား ငါ အိမ်ကို ပြောပေးမယ်လေ။ မင်းလုပ်ချင်ရင်ပေါ့ကွာ။ ”
“ဟာ- ငါဘယ်မောင်းတတ်မလဲ။ မောင်းတတ်လည်း မင်းလိုပဲ မမောင်းချင်ပါဘူးကွာ။ နောက် တသက်လုံး ကားဆရာကြီးတော့ မလုပ်ချင်ပါဘူး။ ကားဆရာတောင် ကောင်းကောင်းကန်းကန်း ဂျပန်ကားဆရာမဟုတ်ဘူး။ ဒေါ်လှကြည်ကြီး။ အရိပ်ထဲမှာပဲ မပင်ပန်းတဲ့ အလုပ်ကို ရချင်လို့ လုပ်ချင်လို့ပါကွာ။ ငါအခုလုပ်တဲ့အလုပ်ကလည်း သိပ်မပင်ပန်းဘူးလေကွာ။ ဒါကြောင့်ပါ။”
သူ ဒီကောင့်စကားကို နည်းနည်းတော့ အချဉ်ပေါက်သွားပေမယ့် ဒီကောင်လည်း သူ့လိုပဲနေမှာပါလေလို့ ကိုယ်ချင်းစာပေးလိုက်တယ်။ ပြောသာပြောတာပါ။ သူလည်း ဘာဆက်လုပ်ရမှန်းမသိဘူး။
“ငါတော့ မင်းလိုလည်း သုံးလစာတွေ ဘာတွေမရခဲ့တော့ ဒီမှာဆက်နေဖို့ ခက်တယ်လေကွာ။ လမကုန်သေးခင် လခကြိုရထားတယ် ဆိုပေမယ့် ဒီမှာဆက်နေရင် ဒီလောက်က နောက်ထပ် နှစ်ပတ်စာလောက်ပဲရှိတာဆိုတော့ မနက်ဖြန်ပဲ ရွာကိုပြန်လစ်ရတော့မယ်ကွာ။ အိမ်ရောက်ရင် ဒီငွေလေးပေးပြီး မျက်နှာက လုပ်ရအုံးမှာကွ။ ပြီးမှမီးစင်ကြည့် ကမလားလို့- မင်းရော ဘယ်လိုလုပ်မလဲ?”
“ငါတော့ ဒီမှာတစ်လလောက်ဆက်နေပြီး အလုပ်ရှာကြည့်ဦးမယ်ကွာ။ ချက်ချင်းမပြန်ချင်သေးဘူး။ ငါ့အိမ်က အစကတည်းက ဒီမှာကျောင်းလာတက်တာကို ကြည်တာမဟုတ်ဘူး။ ဒီကြားထဲ အလုပ်လေးရတော့လည်း ငါ အိမ်ကို ငွေမပေးမိဘူး။ ငါ့ဟာငါတောင် အနိုင်နိုင်ရယ်။ အိမ်ကတော့ ဘာမှမမျှော်ပါဘူး။ အခုအလုပ်ပြုတ်မှ ဘာမှမပါဘဲ ပြန်ရမှာကို ငါရှက်တယ်ကွာ။ ဟေ့ကောင် ငါတွေးမိတာ တစ်ခုတော့ရှိတယ်ကွ။ လောလောဆယ် ငါတို့ မပြန်ရမယ့် နည်းလမ်းလေ”
“ပြောစမ်းပါအုံး။ ဘာများလဲလို့”
ထင်ရှားက စိတ်ဝင်စားသွားဟန်တူတယ်။ သူ ပြောသင့် မပြောသင့် ချိန်ဆနေတော့ သူ့ကို စိတ်မရှည်သလိုနဲ့ အမြန်ပြောဖို့ တောင်းဆိုနေတယ်လေ။
သူ အဲဒီအလုပ်ကို ကြားထားတာ ကြာပါပြီ။ သူနဲ့အဆောင်အတူနေတဲ့ ကျောင်းနေဖက်လည်းဖြစ်ခဲ့ဖူးတဲ့ နေမျိုးဆိုတဲ့ကောင်ဆီက သိရတာပါ။ စကြားကြားချင်းတော့ သူကိုယ်တိုင်က သူ့ဝါသနာနဲ့ တစ်ထပ်တည်းဖြစ်တဲ့ ပညာရေးနဲ့ဆိုင်တဲ့ အလုပ်ကလည်း ရှိထား လစာလေးကလည်း မဆိုးဆိုတော့ ယောင်္ကျားဖြစ်ပြီး အဲဒီအလုပ်လုပ်စားတဲ့သူတွေကို သူ ကဲ့ရဲ့ရှုတ်ချခဲ့မိတယ်။ ပြောပြနေတဲ့ နေမျိုးကိုတောင် သူအတော်လေး အထင်သေးခဲ့တယ်လေ။ နေမျိုးကတော့ သူ့ကိုဒီသတင်းပေးပြီးတာနဲ့ သူ့လက်ရှိအလုပ် ဆေးမန်း အဖြစ်ကထွက် အဆောင်က သူ့အခန်းကို ပြန်အပ်ပြီး ရန်ကုန်တက်သွားတယ်။ ဒီကောင် အဲဒီအလုပ်ကို သွားလုပ်တာလေ။ နောက် သုံးလလောက်နေတော့ သူတို့နေတဲ့အဆောင်ကို နောက်ဆုံးပေါ်ကားအကောင်းစားကြီးနဲ့ နေမျိုးပြန်ပေါ်လာတယ်။ ဒီကောင်က ကားတောင်ကိုယ်တိုင် မမောင်းဘူး။ ဘေးက အခန့်သားကြီးထိုင်လို့။ မောင်းတဲ့သူက အသက်၃၀ကျော် အမကြီးတစ်ယောက်။ သူတို့သူငယ်ချင်းတသိုက်ကို ဝင်နှုတ်ဆက်ရင်း စားဖို့သောက်ဖို့တွေကို လာစွန့်ကြဲသွားတယ်လေ။ ပြီးတော့ သူ့အလုပ်ကို စိတ်ဝင်စားရင် ဆက်သွယ်လိုက်ဖို့ လိပ်စာကဒ်တွေ ဘာတွေတောင် ပေးသွားသေးတယ်။
တခြားငွေမက်တဲ့ကောင်တွေက နေမျိုးကို အားကျနေကြပေမယ့် သူကတော့ အဲဒီအချိန်အထိ ဒီကောင့်အလုပ်ကို အော်ဂလီဆန်နေဆဲပါ။ ဒါပေမယ့် ဝင်ငွေဖြောင့်တာတော့ အသေအချာပဲဆိုတာက သိသာတယ်လေ။ နေမျိုးပြောတာက ဒီအလုပ်က လူတိုင်းလုပ်ချင်လို့မရဘူး။ စံသတ်မှတ်ချက်ရှိသတဲ့လေ။
အရပ်က ၆ပေနဲ့အထက်၊ ကိုယ်ခန္ဓာအချိုးအစားက ဘယ်လိုဖြစ်ရမယ်၊ အသက်က ၂၈နှစ်ထက်မကျော်ရဘူး။ အလေးချိန်ကအနည်းဆုံ ပေါင်ဘယ်လောက်ရှိရမယ် ဘာညာပေါ့။ ရုပ်လှတာထက် ဆွဲဆောင်မှုရှိရမယ့် သဘောပေါ့လေ။ ဒါကြောင့် ဒီကောင်က ဒီအလုပ်အတွက် လူတိုင်းကိုမပြောဘူး။ သူတို့လို ဒေါင်ကောင်းကောင်း ပေမှီဒေါင့်မှီ ထောင်ထောင်မောင်းမောင်းတွေကိုပဲ ရွေးပြောခဲ့တာ။ နေမျိုးကိုယ်တိုင်ကလည်း အဲဒီအချိုးအစားနဲ့က ကွက်တိလေ။ ဒါကြောင့် အခုလိုလပိုင်းလေးအတွင်းမှာ ဒီကောင် ဒီလောက်အလုပ်ဖြစ်တာ နေမှာ။
သူတို့လောကက အဲဒီအလုပ်လုပ်တဲ့သူတွေကိုခေါ်တာ “ယိုးဒယားကိုကို” တဲ့။
ရိုင်းရိုင်းပြောရရင် လိင်ရောင်းစားတဲ့သူတွေပေါ့။ ဝယ်ယူစားသုံးသူတွေက ရန်ကုန်ပိုက်ဆံရှိအသိုင်းအဝိုင်းက ဒီကိစ္စဝါသနာပါတဲ့ အမျိုးသမီးတွေတဲ့။ တချို့အိမ်ထောင်ရှိပေမယ့် ယောင်္ကျားက နိုင်ငံခြားမှာ နှစ်ရှည်လများအလုပ်သွားလုပ်နေသူတွေ၊ အိမ်ထောင်ကွဲနေသူတွေ၊ အိမ်ထောင်ဦးစီးက ဖောက်ပြန်သွားလို့ ကျန်ရစ်ခဲ့တဲ့ မမတွေ၊ ရည်းစားစွန့်ပစ်ခံထားရတဲ့ ဘုစုခရုမလေးတွေ၊ အသွင်ပြောင်းမယ်တွေ စသူ စသူတွေပေါ့။
ကိုကိုတွေအတွက်ကို အေဂျင်စီက နေစရာလည်းပေးတယ်၊ စားသောက်စားရိတ်လည်းပေးတဲ့အပြင် ကံကောင်းရင်တော့ ကိုယ့်ဖောက်သည်ဆီကပဲ ဘောက်ဆူးခပ်များများလည်း ရတတ်တယ်တဲ့။ အဲဒီလိုရရင်တော့ အေဂျင်စီကို ကော်မရှင်နည်းနည်းပြန်ပေးရတာပေါ့။ နေမျိုးသူတို့ကိုဆွယ်တာက အိမ်ထောင်မရှိသေးတဲ့ကောင်တွေ ဒီအတိုင်းတောင်မှ ပိုက်ဆံပေးဝယ်စားနေရသေးတာ။ အခုဟာက အဲဒီစိတ်လည်းဖြေရ ပိုက်ဆံလည်းရသေးသတဲ့လေ။ အဲဒီတုန်းကတော့ ဒီကောင်ယောင်္ကျားတစ်ယောက်ထားရမယ့် မာနဘယ်ရောက်သွားပြီလဲဆိုပြီး အံ့သြနေတာ။ အခုလိုကြံရာမရဖြစ်ချိန်မှာတော့ ပိုက်ဆံစုမိရုံလောက် လုပ်ကြည့်ရင်ကောင်းမလားလို့ အတွေးကဝင်လာတော့တယ်။ ဒီအတွေးကိုလည်း ထင်ရှားကိုပြောပြလိုက်မိတယ်။ သူနဲ့လောလောဆယ် ဘဝတူဆိုတော့လေ။ ပြီးတော့ ဒီကောင်ကလည်း နေမျိုးပြောတဲ့ ပေမှီဒေါက်မှီဆိုဒ်လေ။ သူ့ထက်သာတာက ဒီကောင်က ရူပါဖြောင့်တာ။
သူ့စကားအဆုံးမှာတော့ ထင်ရှားက သူ့ကိုအကြာကြီးစိုက်ကြည့်နေတယ်။ သူတောင်မနေတတ်တာနဲ့ ရေကန်ဘက်ကို အကြည့်လွှဲလိုက်ရတယ်။ ဒီကောင် အတွေးနက်နက်တွေးတာလည်းဖြစ်နိုင်တယ်။ ခဏနေတော့ သူထင်မှတ်မထားတဲ့ တုံ့ပြန်မှုကို ထင်ရှားကလုပ်လိုက်တော့တယ်။ အဲဒါကတော့
“ဟီး ဟီး ဟီး ဟာကွာ ---- ကဲကွာ ကဲကွာ ကဲကွာ ---- ဒုန်း ဒုန်း ဒုန်း”
ထင်ရှားက ယောင်္ကျားတန်မဲ့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးနှစ်ဖက်နဲ့ သူတို့ထိုင်နေတဲ့ ထိုင်ခုံနောက်မှီတန်းကြီးကို လှုပ်ခါနေအောင် တဒုန်းဒုန်းနဲ့ထုတာလေ။ သူလည်းထင်ရှားကို မဆွဲတော့ဘူး။ သူကိုယ်တိုင်လည်း ထင်ရှားလို လုပ်ချင်စိတ်ပေါက်လာလို့ သူ့လက်သီးနှစ်ဖက်ကို တဒုန်းဒုန်းနဲ့ ထုနှက်ပစ်လိုက်တာ သူ့လက်သီးဆုပ်မှာ သွေးတွေထွက် လာတဲ့အထိပေါ့။
++++++++++++++++++++++
တစ်ပတ်ခန့်ကြာပြီးတဲ့နောက် ....
သူနဲ့ထင်ရှားနှစ်ယောက်သား မန္တလေးကျွဲဆည်ကန် ကားကြီးဝင်းအတွင်းမှာ အိတ်ကိုယ်စီလွယ်ပြီး စီးရမယ့်ကားဂိတ်ကို ရှာနေကြတယ်။ လူတွေ ကားတွေ အဝင်အထွက်များလှတာကို တွေ့နေရတယ်။ သူတို့စီးမယ့်ကားက သူတို့ဇာတိရွာတွေဆီကိုရောက်မယ့် ပုဂံညောင်ဦးဖက်ကို ဦးတည်မှာတော့မဟုတ်ဘူး။ ရန်ကုန်မြို့တော်ကြီးဆီကိုလေ .....။
ညလင်းဖြူ
ရွှေအမြုတေမဂ္ဂဇင်း

ပိုက်ဆံကြဲပါဗျို့

“ပိုက်ဆံကြဲပါဗျို့”
နုနုရည်(အင်းဝ)
ဝါဆိုဝါခေါင် အညာလေကြမ်းက ကားလမ်းမပေါ်မှာ တ၀ုန်းဝုန်း တိုက်ခတ်နေခဲ့တယ်။
လေသံကြားမှာ တောင်ပြုံးသွား ကားရောင်စုံရဲ့ စက်သံ လူသံတွေကလည်း ဆူညံလို့ ….။
“…ပိ်ုက်ဆံကြဲပါဗျို့…”
လက်နှစ်ဖက်ကို ပါးစပ်မှာကာပြီး ဖိုးချိုက အော်လိုက်တယ်။ဖိုးချိုအော်တာနဲ့ ရဲအောင်အသံလည်း ပေါ်လာတယ်။
“ပိုက်ဆံကြဲပါဗျို့….”
ရဲအောင်ရဲ့ အသံလေးလေးကြီးနဲ့အတူ လမ်းဘေးဝဲယာက ဖိုးချိုတို့အုပ်စုရဲ့ သံပြိုင်အော်သံက တစ်ခဲနက်ထွက်ပေါ်လာတော့တယ်။
“ပိုက်ဆံကြဲပါဗျို့…”
“ပက်ကြံ ကျဲဘာဂျို့….”
ဒါက သူများတွေနောက်မှာ အမြဲထွက်လာတတ်တဲ့ ချောစုရဲ့ မပီကလာ ပီကလာအသံ…။
“ဟိုအန်တီကြီး…ပိုက်ဆံကြဲပါဗျို့...”
ဒီအသံက သူများတွေထက် ထူးပြီး အော်တတ်တဲ့ နကား ကျော်မင်းရဲ့အသံ…။
“ကြဲပြီဟေ့…ကြဲပြီ…”
ခရီးသည်တင် ဘတ်စ်ကားကြီးတစ်စင်းပေါ်က ဆယ်တန်လေးတွေ လမ်းဘေးကို ၀ဲပျံလာတယ်။အဆင်သင့်စောင့်ဆိုင်းနေတဲ့ ဖိုးချိုတို့ကလေးအုပ်ကြီးရဲ့ တဟုန်ထိုး အလုခံလိုက်ရတဲ့ ဆယ်တန် အနွှမ်းလေးတွေခမျာ မည်းညစ်ကြွေမွသွားခဲ့ပြီ။
နကားကျော်မင်းရဲ့ အပြိုင်လုလိုက်ရတဲ့ ရဲအောင် တစ်ကိုယ်လုံး ဖုန်မှုန်တွေ မြေကြီးတွေ ပေကုန်တယ်။ဆူးကိုင်းနား ပိုက်ဆံက ကျသွားတော့ ရဲအောင် လက်ဖမိုးမှာ ဆူးခြစ်ရာကနှစ်ခု။ဘာထူးလဲ ရဲအောင်တင်မှ မဟုတ်ပါဘူး။ဖိုးချိုရော ၊ကျော်မင်းရော ၊ချစ်စုရော ၊လမ်းဘေးဝဲယာတစ်လျှောက်က ကလေးတွေ အကုန်လုံး ဖုန်တွေ ၊မြေကြီးတွေနဲ့ မည်းညစ်ပေကျံနေကြတာချည်းပဲ။ဆူးခြစ်ရာတွေလည်းကိုယ်ဆီရှိပါတယ်။
“ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…”
သူများလို တစ်ခွန်းချင်း မအော်ဘဲ အဆက်မပြတ် အော်တတ်တဲ့ ဇော်ထူးဆိုတဲ့ကောင် ပွဲတော်ရက်သုံးရက်ရှိသေး၊အသံဝင်နေပြီ။ဘယ်လိုကောင်လဲ မသိဘူး၊မနားတမ်းအော်နေတာပဲ…။
“ချောစု နင်ရလား”
ချောစုခေါင်းခါတယ် ၊ဒီကောင်မလေးကတော့ ဒါမျိုးတွေချည်းပါပဲ၊သူများတွေနဲ့ ပြိုင်ပြီးလုမှမလုရဲတာချည်း…၊ကြောက်ချေးလေး…ကားတွေကို ကြောက်လို့တဲ့…လမ်းပေါ်မတက်ရဲဘူး။လမ်းဘေးသူရပ်နေတဲ့နား ပိုက်ဆံကျလာမှကောက်တယ်၊ဘယ်လိုလုပ် ပိုက်ဆံရတော့မှာလဲ…။ပိုက်ဆံက ကျလာရင် လုနိုင် ၊ယက်နိုင် ၊တွန်းနိုင် ၊ထိုးနိုင်မှ ကိုယ်ရတာ၊ဒီကောင်မလေး ဒီနေ့လည်း သူ့အမေ ရိုက်ခံရမှာပဲ။သနားလည်း သနားပါတယ်။ပွဲတော်စတဲ့နေ့ ဖိုးချိုတို့နဲ့ လိုက်လာခါစနေ့တုန်းကများ ကားအကြီးကြီးတစ်စင်းလာတာကို ကြောက်ပြီး လမ်းဘေးချိုင့်ထဲ ဆင်းဝပ်တာ ပြားနေတာပဲ၊ ရယ်လည်းရယ်ရတယ်။
“ပက်ကြံ ကျဲဘာဂျို့…”
ဒါပဲ၊ချောစု ဒါပဲ တစ်ခွန်းချင်းအော်နေမယ်၊ပြီးရင် ချောင်းကအဆက်မပြတ်ဆိုးရဦးမယ်။ချောင်းဆိုးရလွန်းလို့သူ့မျက်လုံးထဲမှာ သွေးခြယ်တွေ ဥနေတယ်။
“ပိုက်ဆံကြဲပါဗျို့…”
ခပ်လှမ်းလှမ်းက လာနေတဲ့ ကားအကောင်းစား လှလှလေးတစ်စင်းကို မြင်တာနဲ့ ဖိုးချိုတို့အုပ်စုရဲ့ အားတက်သရော အော်သံတွေ ထွက်လာတယ်။ဒီလိုကားမျိုးတွေပေါ်ကမှ တစ်ရာတန် ၊နှစ်ရာတန်တွေ ကျလာတတ်တာ…။
ဟော…ဟော…မပြောဘူးလား၊ ကားမှန်မည်းမည်းလေး ပွင့်သွားပြီး ၀တုတ်ဖြူဖွေးနေတဲ့ ချစ်စုတို့အရွယ် ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာလေးထွက်လာပြီ။
“ဟေး...ရာတန်တွေကွ…”
ကားလေးဘေးမှာ ဖိုးချိုရယ်၊ ရဲအောင်ရယ် ၊နကားကျော်မင်းရယ် ၊ဇော်ထူးရယ် ရောထွေးသွားကြတယ်။ပိုက်ဆံကြဲချတဲ့ ကောင်မလေးက မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ပိတ်သွားအောင် သဘောကျရင်း ပါသွားတယ်။
“ဟေ့…ကောင်လေးတွေ”
ရာတန်တစ်ရွက်ကို သဲကြီးမဲကြီး ပြိုင်လုဆွဲနေတဲ့ ဖိုးချိုနဲ့ ကျော်မင်းနားမှာ ကားဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင်ကို ကြားလိုက်ရတာနဲ့ လမ်းဘေးကို လှိမ့်ချပြီးသားဖြစ်နေပြီ။
“သေမယ် ၊သေမယ် ၊မင်းတို့တွေ သောက်မှတ်လည်း မရှိကြဘူး ၊ပိုက်ဆံပဲမဲနေ ၊မင်းတို့အဖေလာတာလည်း ကြည့်ဦးမှပေါ့ကွ”
ကားဒရိုင်ဘာရဲ့ ဒေါသတကြီးရေရွတ်သံနဲ့ ခရီးသည်တွေရဲ့ တစ်ယောက်တစ်ပေါက် ပြောသံတွေကို ထုံးစံအတိုင်း ဖိုးချိုတို့က မကြားသလို လုပ်နေလိုက်ကြတယ်။ဒါမျိုးတွေက ရိုးနေပါပြီ။
“ကားပေါ်က ပိုက်ဆံကြဲချတဲ့ အကျင့်ကြီးကိုက မကောင်းဘူး ၊စေတနာရှိလို့ ပေးချင်ရင် ရပ်ပြီးပေါ့”
“အဲ့ဒါ…မန္တလေးမြို့ရဲ့ ပိုက်ဆံထားစရာ မရှိတဲ့သူတွေလေ၊ သူတို့စတာပေါ့ဗျာ…တောက်…”
မလုပ်ပါနဲ့ဗျာ၊ မပြောပါနဲ့။သူတို့က ကျုပ်တို့ကျေးဇူးရှင်တွေဗျ။ကားပေါ်မှာ ဒေါသကြီးသွားတဲ့ ခရီးသည်ကြီးကို ဖိုးချိုစိတ်ထဲက ပြောလိုက်တယ်။ သူတို့ကမှ ရာတန်ကြဲတာ ဦးကြီးရေ ၊ ဦးကြီးတို့က ငါးကျပ်တန်တောင် လေးငါးရွက်အနိုင်နိုင် သိရဲ့လား။
“ဟေ့ကောင် မင်း တအားလုတာနဲ့ ပိုက်ဆံက ပြဲသွားပြီ” ကျော်မင်းက ပြတ်လုလုရာတန်လေးကို ကြည့်ပြီး နှမြောတသနေတယ်။
“ငါ့လက်ထဲရောက်ပြီးသားကို မင်းကဘာလို့ လာလုသေးလဲ”
ခြေမြန်လက်မြန်ဖိုးချိုက ကျော်မင်းရဲ့ နားရွက်ကားတစ်ဖက်ကို လှမ်းဆွဲလိမ်ပစ်လိုက်တော့ ကျော်မင်းက ဟေ့ကောင်နော်ဆိုပြီး ရုန်းထွက်သွားတယ်။အလကား နကား ၊ဥာဏ်နီဥာဏ်နက်သာ ထုတ်တတ်သာ၊ သတ္တိကတော့ တစ်စက်မှမရှိပါဘူး။
“မင်းတို့…မင်းတို့ကောင်တွေ သေသေတော့ မလို့၊ကား…ကားက ဘရိတ်အုပ်လိုက်လို့ ၊အောင်မြင့် အောင်မြင့်လို ဖြစ်တော့မလို့”
ရဲအောင်က သူ့အသံလေးလေး ထစ်အ ထစ်အနဲ့ ၀င်ပြောတော့ ဖိုးချိုနဲ့ ကျော်မင်းက မျက်နှာလေးတွေ ငယ်သွားကြတယ်။မနှစ်က ပွဲတော်စည်ရက်တစ်ရက်မှာ ပိုက်ဆံလုရင်း ကားကြိတ်ခံသွားရတဲ့ အောင်မြင့် မျက်နှာကို သတိရသွားကြတယ်။
“ဘာဆိုင်လို့လဲကွ၊ အောင်မြင့်က နောက်က မောင်းလာတဲ့ ကားက တအားမောင်းလာလို့ သေတာပဲ။ဖြည်းဖြည်းမောင်းရင် ဘာမှမဖြစ်ဘူးကွ၊ ဘရိတ် အုပ်လိုက်ရတာပဲ…”
“အောင်…အောင်မြင့်က နတ်…နတ်ဖြစ်နေပြီတဲ့ကွ…”
“ဟင်…ဟုတ်လား…”
နတ်ကို ရိုသေကြောက်ရွံ့တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရတဲ့ ဖိုးချိုတို့တတွေ ခဏငြိမ်သွားကြတယ်၊ ခဏပါပဲ။ကားတစ်စင်းပေါ်က ပိုက်ဆံလေးတွေ ၀ဲကျလာတဲ့အခါမှာတော့ ၀ုန်းခနဲပြေးလိုက်ကြရင်း “ပိုက်ဆံကြဲပါဗျို့”ကိုလည်း တာဝန်တစ်ရပ်လို သံပြိုင်အော်လိုက်ကြပြန်တယ်။
“ဗိုက်ဆာတယ်၊ ထမင်းသွားစားမယ်ဟေ့ ချောစု…လာ…”
လမ်းဘေးချိုင့်ထဲ ဖိုးချိုဆင်းပြေးတဲ့နောက်ကို ချောစုက ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြေးလိုက်လာတယ်။ရဲအောင်လည်း ပြေးလိုက်လာတယ်။ကျော်မြင့်နဲ့ဇော်ထူးကတော့ လမ်းအရှေ့ဘက်က သူတို့တဲစုလေးတွေဆီပြေးပြီ။ဒီကောင်တွေက ဟိုဘက်အနိမ့်ပိုင်းရွာတွေက …။ဒီအချိန်ဆို ရေကြီးပြီး သူတို့အိမ်တွေမြှပ်ကုန်တော့ ကားလမ်းဘေးခဏလာနေရတယ်။ရေမြှပ်လို့ အလုပ်အကိုင်မရှိ ပိုက်ဆံမရှိတာနဲ့၊ ပိုက်ဆံကြဲတာနဲ့ အံကျနေလို့ တော်သေးတာပေါ့ ။
“အမေ …ဘာဟင်းလဲဗျ…”
“ပုစွန်လုံးနဲ့ မန်ကျည်းသီးစိမ်းချက်…”
ထမင်းထုပ် ဒန်အိုးကို ဖိုးခ်ျိုက အငမ်းမရဖွင့်တော့ အမေ့လက်ခေါက်က ဖိုးချိုခေါင်းပေါ် ‘ဒေါက်’ခနဲ ရောက်လာတယ်။
“ကောင်လေးဟာ ဒီလိုချည်းပဲ။စားရမယ့်ဟာကို ငန်းငန်းတက်နေတာပဲ။ပြစမ်း ပိုက်ဆံဘယ်လောက်ရလဲ…”
ဖိုးခ်ျို မျက်နှာ ရှုံမဲ့သွားပြီး အိတ်ထောင်ဖတ်လေးထဲက ငါးကျပ်တန် ဆယ်တန် အလုံးလေးတွေနဲ့ ဘောင်းဘီအိတ်ထဲက ရာတန်အလုံးလေးတွေကို ထုတ်ပေးလိုက်တယ်။
“အမယ် ရာတန်တွေပါလား”
ပိုက်ဆံလုံးလေးတွေကို ဖြန့်ရင်း အမေ့မျက်နှာက ပြုံးသွားတယ်။
“ဟဲ့ နင့်ဘယ်သူက လုစားမှာမို့လဲ၊ကောင်လေးဟာ ဖြည်းဖြည်းစားစမ်း…”
အမေ့လက်ခေါက်ကိုရှောင်ရှားရင်း လည်ချောင်းထဲက ထမင်းလုတ်ကို ဖိုးချို မျိုချလိုက်တယ်။
“အမေ …အောင်မြင့်က နတ်ဖြစ်နေပြီဆို …ဟုတ်လား”
“အို…ပေါက်ပေါက်ရှာရှာ အလကားတောင်ပြုံးမှာ နတ်တစ်ပါးတိုးမလားလို့ သူ့အမေ နတ်ကတော် ထွင်နေတာ ။ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ကြားရင် စိတ်ဆိုးဦးမယ်…”
ဖိုးချိုဝမ်းသာသွားသည်။ အောင်မြင့် နတ်ဖြစ်လာပြီး ကိုယ့်ကိုလာပြီး နတ်ကိုင်မှာကို ဖိုးချိုကြောက်တယ်။ဖိုးချိုတို့ရွာတွေမှာ နတ်ကိုင်ခံရလို့ ဖျားနာတဲ့သူတွေ ပါးစပ်ကြီးရွဲ့သွားတဲ့သူတွေ၊ လမ်းမလျှောက်နိုင်တော့တဲ့သူတွေ အများကြီးရှိတယ်။
“အမေ ငါးဆယ်လောက် ပြန်ပေး။မုန့်ဝယ်စားချင်တယ်။”
“ဟဲ့…နင်ဟာက မလွန်ဘူးလား ၊ခုပဲ ထမင်းတွေ တစ်ဇလုံကြီး ၊ငတ်ကြီးက ကျကျနိုင် ရော့ ရော့…”
အမေ ပစ်ချလိုက်တဲ့ ပိုက်ဆံကြေငါးဆယ်ကို အမြန်ကောက်ပြီး ၀မ်းသာအားရ လမ်းမဆီကို ဖိုးချိုပြန်ပေးခဲ့တယ်။ငရုတ်သီးစပ်နေတုန်း ရေခဲချောင်းချိုချိုကို စုပ်လိုက်ရတဲ့ အရသာကို ဖိုးချိုအလွန်ကြိုက်ပေါ့…။
“ပိုက်ဆံ ကြဲပါဗျို့…”
နကားကျော်မင်းတို့ ဇော်ထူးတို့ အလုပ်ပြန်စနေပြီ။ခဏနေဦးမယ် ရေခဲချောင်းလေးကို အရသာခံပြီး စုပ်လိုက်ဦးမယ်။
“ဟေး…နှစ်ရာတန်တွေကွ…ဟေး…”
မေးစေ့ပေါ် စီးကျလာတဲ့ ရေခဲချောင်းအချိုရည်ကို လျှာနဲ့လိမ်းသတ်နေတဲ့ ဖိုးချို တုန်ခနဲ ဖြစ်သွားတယ်။ဟာ…ကားတန်းကြီးက အရှည်ကြီးပဲဟ၊ မဖြစ်တော့ဘူး။
“ဟဲ့ …ကောင်မလေး…ရော့…”
လက်ကျန်ရေခဲချောင်း ငုတ်စိလေးကို စောစောကတည်းက ပါးစပ်တပြင်ပြင်နဲ့ မျှော်နေတဲ့ ချောစုလတ်ထဲ ထိုးထည့်ပေးခဲ့ပြီး ကျော်မင်းတို့အုပ်စုထဲကို အရှိန်အဟုန်နဲ့ ဖိုးချိုတိုးဝင်လိုက်တယ်။နကားနဲ့ ဇော်ထူးကြားဝင်ပြီး လက်နှစ်ဖက်နဲ့ နှစ်ကောင်လုံးကို ဆောင့်တွန်းလိုက်ပေမယ့် ဟိုနှစ်ကောင်က ငါးဆယ်တန်နှစ်ရွက်ကို ကောက်ပြီးသားဖြစ်နေပြီ။
“ဟား…ဟား…ဖိုးချိုရာ…သနားတယ်…သနားတယ်…”
ဒေါသဖြစ်သွားတဲ့ ဖိုးချိုပါးစပ်က ကလေးနဲ့မလိုက်တဲ့ လူကြီးအဆဲတစ်ခု တစ်တစ်ခွခွထွက်လာတယ်။နကားကျော်မင်းက ပြန်ဆဲဖို့ အရှိန်ယူပေမယ့် ကားတန်းဆီက ၀ဲပျံထွက်လာတဲ့ ပိုက်ဆံလေးတွေကြောင့် ပါးစပ်ပိတ်ပြီးပြေးတယ်။ဖိုးချိုနဲ့ ရာတန်တစ်ရွက်ကို အကြိတ်အနယ်လုလိုက်ရတယ်။ဖိုးချိုဆိုတဲ့ကောင် သူရသွားတော့ မျက်နှာကပြုံးဖြဲဖြဲ ၊ခွေးသူတောင်းစား။နကားကျော်မင်းက မျက်နှာကိုစူပုတ်ထားတယ်။
ကားတန်းက နည်းနည်းကျဲသွားပြန်ပြီ။တစ်ချို့ကားတွေက ကားရှင်းရင် တအားသာ မောင်းသွားတာ။ပိုက်ဆံလေးတစ်ရွက်တောင် ကျဲဖော်ရတာမဟုတ်ဘူး။ပြောတုန်းရှိသေး ၊ကားတစ်စင်းက အပြင်းမောင်းရင်း ပိုက်ဆံလေးတစ်ရွက်က ဖြန်းခနဲ လေအရှိန်နဲ့ပါလာပြီး ဘယ်သူမှ မလုလိုက်နိုင်ခင်မှာ ဖိုးချိုရဲ့ ရေခဲချောင်း ငုတ်စိကို မက်မက်မောမောစုပ်နေတဲ့ ချောစုရဲ့ ခြေထောက်နား ဖတ်ခနဲကျတယ်။
“ဟာ…ငါးရာတန်…”
ဖိုးချိုတို့ အားလုံးဆီက အံ့သြတကြီး အော်လိုက်သံတွေနဲ့အတူ ချောစုက ဖျတ်ဆိုအလျင်အမြန်ကောက်လိုက်တယ်။ပြီးတော့ ၀မ်းသာလို့လားမသိ။ချောင်းက အဆက်မပြတ်ဆိုးပါလေရော။ကောင်မလေးကိုကြည့်ပြီး ဖိုးချိုတို့တစ်သိုက်က ၀ိုင်းရယ်ကြတယ်။
“ငါ…ငါ…တစ်ခါ…တစ်ခါမှ…ငါး…ငါးရာတန်မရဖူးဘူး”
“အေးကွာ…”
ရဲအောင်စကားကို ဇော်ထူးက ထောက်ခံရင်း နောက်လာတဲ့ ကားတွေကို “ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…”တဲ့။ဇော်ထူးလိုပဲ ဖိုးချိုစိတ်ထဲမှာ “ငါလည်းလိုချင်လိုက်တာကွာ”လို့ ပြောမိတယ်။
“ဟော …လာပြီဟေ့…ကားတွေ…၊ပိုက်ဆံကြဲပါဗျို့…”
ဟာ…ကားအကောင်းစားတွေပဲ ပိုက်ဆံရွက်တွေကျလာပြီ။ငါးဆယ်တန် ၊ရာတန်။ဟာ…ဟိုမှာ …ငါးရာတန်တွေကွ…။လေအဟုန်လို ဖိုးချိုတအားပြေးလိုက်တယ်။
“ဟေ့ကောင်လေး၊ ဟေး…”
“ဖိုးချို…ဟေ့ကောင်”
အော်သံတွေနဲ့ ကားဘရိတ်အုပ်သံကအကျယ်ကြီးကိုတော့ ဖိုးချိုကြားပါသေးတယ်။ဒါပေမယ့် ငါးရာတန်တွေဆီမရောက်ခင်မှာဘဲ ဖိုးချိုတစ်ကိုယ်လုံး လေထဲမှာ မြောက်တက်သွားခဲ့ပြီ။အမေလုပ်ပါဦး။အောင်မြင့်ကိုမြင်ရတယ်။ဟေ့ကောင် အောင်မြင့် ငါ့ကို လာမခြောက်နဲ့။မင်း…မင်း…ငါ့ကိုလည်း ခေါ်လို့မရပါဘူး။သွား…သွား…ငါဘာမှမဖြစ်ဘူး။ကြည့်…ငါအော်ပြမယ်၊ ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…။ပိုက်…ဆံ…ကြဲ…ပါ…ဗျို့…။
နုနုရည်(အင်းဝ)
ရွက်နုဝေ၊(နိုဝင်ဘာ ၊၂၀၀၆)

ငါးဖန်ခွက်နဲ့ပက်တဲ့ရေ

“ငါးဖန်ခွက်နဲ့ပက်တဲ့ရေ” (မိချမ်းဝေ)
==============================
နေခြည်စူးရှနေသော်လည်း မြောက်ပြန်လေအဝှေ့မှာတော့ ဆောင်းရနံ့တို့ သင်းပျံ့ပျော်မွေ့ဆဲ။ တခါတရံ ခပ်လှမ်းလှမ်းဆီမှ ကျွန်းရိပ်ညိုများကိုပင် မမြင်ရအောင် နှင်းဇာပါးက ပိတ်ဆီးကာရံတတ်သေးရာ သည်လိုရက်မျိုး ဆိုရင်တော့ ကျွန်းခိုနေသည့် သူတို့ လှေကလေးသည် နှင်းကွဲကို စောင့်ပြီးမှ ပင်လယ်ထွက်လေ့ရှိသည်။ ကုန်တင်စက်လှေကြီးများနှင့် ငါးဖမ်းလှေများက နှင်းဇာပါးကို မြူမှုန်ခြယ်သော နံနက်များမှာ သူတို့လို ခူဖမ်း လှေကလေးတွေအတွက် အန္တရာယ်ဆိုးတွေပင် ဖြစ်သည်။
သည်နေ့တော့ ရွှေရည်သောက်တဲ့ နေခြည်ပြောက်ကလေးများက နှင်းမှုံငွေစက်တွေကို ယူငင် သိမ်းဆည်း သွားသည့်အတွက် ၀န်းကျင်တခွင်လုံး ထင်လင်းဝါရွှေလို့နေသည်။ နေခြည်ဆမ်းပက်ထားသည့် ပြာလဲ့လဲ့ ပင်လယ်ရေပင်လျှင် ၀ါတလီ စိမ်းတလှည့်ဖြင့် သဘာဝတရားကြီးရဲ့ လှည့်စားခြင်းကို ခံစားနေရသည်။
သူလည်း ဘာထူးသေးလဲ။ ပဉ္စလက်မှော်ဆရာရဲ့ ကြိမ်ရိုက်ခြေဆောင့်ခြင်းကို ခံနေရသည်ပဲ။ သွားစမ်းပါ။ နေပူပူ နှင်းကျကျ သူ့အဖို့ကတော့ ဘာမှမဆန်း။ သည်ခရီး သည်လမ်း သည်လုပ်ငန်းတွေ ပင်လယ်နှင့် မကင်းသရွေ့ ပင်လယ်အတွင်း ပျော်မွေ့နေရမည်က မသေမချင်းပေါ့။ သေခြင်းကလည်း သူ့လိုလူအတွက် မေ့လျော့နေသည်ထင်ပါရဲ့။ နုနယ်ငယ်ရွယ်လွန်းသူ သူ့ညီမလေးကိုမှ ရွေးချယ်ခေါ်ငင်သွားခဲ့သည်။
မျက်စိများကိုဖွင့်၍ အိပ်စက်ခြင်းကို ယူဆောင်တတ်သော ငါးတို့သည် တိမ်ညိုရိပ်မဲတွေရဲ့အောက်မှာ ငြိမ်သက်နေကြသည်။ ရွေ့လျားစီးမျောမှုတွေကြား ရပ်တန့်ငြိမ်သက်သက်ခြင်းတွေ ဘာကြောင့် ရှင်သန်ပျော်ဝင် နေပါလိမ့်။ ပင်လယ်ပြင်တွင် ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်၍ဟု တခါက အော်ဟစ်ခဲ့ဖူးသူများကို သူ့အနေဖြင့် တဆိတ်လောက် လက်တို့လိုက်ချင်သည်။ တိမ်စိုင်ရိပ်မဲတို့ရဲ့အောက်မှာ ငြိမ်သက်စွာ အိပ်စက်နေသည့်ငါးများ၊ ဒီမှာလေ ငြိမ်သက်ခြင်းတွေ။
ငါး၏ ဦးခေါင်းနှင့် အမူအကျင့်ချင်း တူလှစွာသော သူ၏ လှေဦးသည် ရေဆန်ကို ထိုးခွဲဆန်တက် နေသည်။ စူးရှရှနေခြည်အောက်မှာ တိမ်ရိပ်ခို ငြိမ်သက်နေသည့် ငါးအုပ်ကို ကွင်းရှောင်ခုတ်မောင်းပေမယ့် စက်ရှိန်ကြောင့် လှိုင်းယက်ထမှုမျိုးကိုတော့ သူ့အနေဖြင့် တားဆီးပိုင်ခွင့် မရှိပါ။ မျှားချိတ် သို့မဟုတ် ပိုက်တန်းကိုသာ ရန်သူထင် စိုးရွံ့တတ်သော ငါးများအဖို့ စက်ရှိန်ကြောင့် လှုပ်ရှားလာသော လှိုင်းယက်လောက် ကိုတော့ အိပ်ပျက်ခံ၍ ထကြည့်မည် မဟုတ်ပေ။
ထိုးခွဲဖိတ်စင်လာသည့် ရေစက်ရေပန်းကလေးတွေ သူ့မျက်နှာကို ကလူကျီစယ်ချိန်၌ ရေစီးအတိုင်း မျောပါလာသော သတ္တ၀ါကောင်လေးတွေကို ခပ်ခွက်နှင့် ဆီးခပ်ဆယ်ယူလိုက်သည်။ ပါလာသည်က ငါးလည်းမဟုတ်၊ ပုဇွန်လဲမဟုတ်၊ ခမောက်ပုံသဏ္ဍာန် လုံးဝန်းသည့်ခန္ဓာကိုယ်နှင့် ရေထဲမှာ လှုပ်ရှားသွားလာ နေသည့် ပင်လယ်ခူကောင်များ။ ငါးတွေက ဆူးတောင်၊ ရေယက်နှင့် အမြီးတို့ကို အသုံးပြုပြီး ရေမှာ လူးလာခေါက်ပြန် ကူးနိုင်ပေမယ့် ပင်လယ်ခူကောင်များကတော့ ငါးတွေလို ကူးခတ်နိုင်စွမ်းမရှိဘဲ ပင်လယ်ရေစီး ကြောင်းတလျှောက် ရေတက်ရေကျအလိုက် အလိုက်သင့် မျောပါနေခြင်းဖြစ်သည်။ ယခုလို လဆန်း၊ လဆုတ် (၆)ရက်မှ (၁၂)ရက်အထိ ရေသေမျိုးဆိုလျှင် ခူပေါ်သည့် ရက်များဖြစ်သည်။
ညီမလေးရေ..... မင်းရဲ့အသွေးအသား အဆီအခဲတွေဟာ ပင်လယ်ပြင်ကြီးထဲမှာ ကျေပျက်ပျော်ဝင် ကုန်ပြီလားကွာ။ အခုလောက်ဆို ညီမလေးရဲ့ အရိုးတွေ ပင်လယ်ကြမ်းပြင်အောက်မှာ အမှုန်အနယ်အဖြစ် ကျဆင်းသက်ရောက်ကုန်ရောပေါ့။ ငါ့ညီမလေးရဲ့ အသက်ဝိညာဉ်ဟာ ဒီပင်လယ်ပြင်ကြီးထဲမှာ ကျင်လည် ကျက်စားနေမယ်ဆိုရင်တော့ မင်းအစ်ကိုရဲ့ သောကကို မြင်နေရမှာပါ။
'အေ့'
ညက စိတ်ညစ်ညစ်နှင့် တောချက်မီးတောက် အရက်ပြင်းတွေ နင်းကန်သောက်ပြီး လေချဉ်တက် လာသည့် သူသည် ပဲကုတ်ကြီး မမြင်အောင် လှေနံမှာထောင်ထားသည့် အရက်ပုလင်းကို ဆွဲယူ၍ ခပ်သွက်သွက် မော့ချလိုက်သည်။ အဟား ခုမှ နေသာ ထိုင်သာရှိသွားတော့တယ်။ မြို့သားတွေ အတွက်တော့ ဒါဟာ မောနင်းပက်ပေါ့။
ရင်ထဲမှာ ရှင်းသွားသော်လည်း ခေါင်းထဲမှာတော့ နောက်ကျိရီဝေမှုများ လှည့်ပတ်ဆူဝေလို့ နေသည်။ ကြိမ်ကွင်းတွင် နိုင်လွန်ပိုက်အိတ် တပ်ဆင်ပြီး သစ်သားရိုးတံ တပ်ထားသည့် ခူခပ်ခွက်သည် သူ့လက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနေသည်။ လက်ကိုင်ရိုးတံ၏ ထိပ်ဖျားမှာ ဖော့လုံးများကို အစီအရီ တပ်ဆင်ထားသည်။ ရေခူခပ်နေစဉ် မတော်တဆ ရေထဲ လွတ်ကျသွားလျှင် ရေပေါ်မှာ ပေါ်နေပြီး ခွက်မဆုံးစေရန် ဖြစ်သည်။
ခူခပ်ခွက်မှာ ဖော့လုံးတပ်ထားတာ ဘယ်သူရဲ့ စိတ်ကူးပါလိမ့်။ ကောင်းလိုက်တဲ့စိတ်ကူး။ ငါ့ညီမလေး ကိုယ်မှာလည်း ဒီဖော့လုံးတွေ တပ်ဆင်ထားရင် ကောင်းမယ်။ ဒါမှ ရေမနစ်အောင်....၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ညီမလေးဟာ ရေနစ်သေဆုံးတာ မဟုတ်ဘူး။ သေပြီးမှ ရေနစ်တာပါ။
သူ့ပါးစပ်က ရွတ်ချင်တာတွေ ရွတ်နေသော်လည်း သူ့လက်များက ခူခပ်မပျက်။ ရေစီးကြောင်းအတိုင်း မျောပါလာသည့် လုံးလုံးလိမ့်လိမ့် ခူလုံးတွေကတော့ ခပ်ခွက်ထဲ ၀င်လာမစဲ တသဲသဲ။ လာစမ်း လာကြစမ်း အပြာရောင်ရေခူ၊ အ၀ါရောင်ရေခူ၊ အစိမ်းရောင်ရေခူ၊ ပန်းရောင်ရေခူ၊ အညိုရောင်ရေခူ။ ရေခူခြောက်ပြုလုပ်ဖို့ အကောင်းဆုံးကတော့ ပထမတန်းစား ပန်းရောင်ရေခူများ။
ရေခူတွေရဲ့ သဘာဝကလည်း ဆန်းကြယ်လှသည်။ အဖြူရောင်ပင်လယ်ရေခူ လေးမြှောင့်တုံးဆိုလျှင် အလျား (၁) ပေ၊ အနံ (၁၀) လက်မလောက် ရှိမည်။ ပုံသဏ္ဍာန်ကိုက အဖြူရောင်လေးမြှောင့်တုံး သဏ္ဍာန်ကြီး။ ဒီကောင်မျိုးက ပင်လယ်ရေအကျ ကမ်းစပ်မှာ တင်ကျန်သည့်အခါ နေပူရှိန်ထိမိသည်နှင့် တကိုယ်လုံး အရည်ပျော်သွားသော ရေခဲတုံးကြီးလို ဖြစ်သွားတော့သည်။
ဟို ရေခူနှပ်ဆိုသည့် အမျိုးအစားကရော၊ လူတွေရဲ့ နှာခေါင်းကထွက်သည့် နှပ်လို ချွဲပျစ်ပျစ်နှင့် ရွံ့ရှာဖွယ်တောင် ကောင်းသေး။ ပင်လယ်ရေခူ ထမင်းပြုတ်ဆိုတာလည်း ရှိသေးသည်။ ထမင်းပြုတ်လို ပျစ်ချွဲချွဲ ပျော့အိအိနှင့် ကိုင်၍မရလောက်အောင် ချောကျိပျော့အိနေသည့်အတွက် ရေခူထမင်းပြုတ်၊ တချို့က ရေခူဆန်ပြုတ်ဟု ခေါ်ကြသည်။
ထွီ သူ နှလုံးမသာယာစွာနှင့် ပင်လယ်ထဲ သလိပ်ချွဲများ ခပ်ထုတ်ထွေးချပြီး အလစ်ချောင်းကာ ခွက်ပုန်းမော့လိုက်ပြန်ရာ ပူလောင်ခါးရှသည့်ရသက လည်ချောင်းတလျှောက် စီးဆင်းသွားကြပြန်သည်။ ညီမလေးရေ ဆန်ပြုတ်ဆိုလို့ ငါ့ညီမလေးကို ဆေးတခွက် ဆန်ပြုတ်တဇွန်း မတိုက်လိုက်ရဘဲ လက်လွှတ်ဆုံးရှုံး လိုက်ရတာ ရင်နာလွန်းလို့ပါကွာ။ ခပ်ငယ်ငယ်ကတည်းက မိဘတွေ သေဆုံးကုန်လို့ ဒီမောင်နှမနှစ်ယောက်ပဲ ဖက်တွယ်ကြီးပြင်းလာကြရာက ပိုပြီးလုံခြုံစိတ်ချရတဲ့ မြို့က ဦးလေးတို့မိသားစုဆီ ပို့ထားခဲ့မိတာ အကို့အမှား ပါကွာ။ အစ်ကို ပိုက်ဆံတွေ အများကြီးရတဲ့အခါ တို့မောင်နှမနှစ်ယောက် အတူပြန်နေကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပင်လယ်မှာ ကြုံရာကျပန်းအလုပ်တွေ မမောတမ်း လုပ်ခဲ့တာလည်း ငါ့ညီမလေးအသိ။
'အစ်ကိုရေ... ငါ့ကို ပစ်မထားနဲ့နော်။ ငါဒီအလုပ်တွေ မလုပ်နိုင်တော့ဘူး။ ပထက်ကမ်းက အအေးခန်း ထဲမှာ ပုဇွန်ခေါင်းဖြတ်တဲ့ အလုပ်က ပိုက်ဆံရပေမယ့် သိပ်ပင်ပန်းတယ်။ တနေ့လုံး မတ်တပ်ရပ်နေရတော့ ခြေသလုံးတွေ တောင့်တဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ လက်ချောင်းတွေကလည်း အေးစက်နေတဲ့ ပုဇွန်အသေ ကောင်တွေကို ကိုင်ရလွန်းလို့ ထုံကျင်ကျင် ဖြစ်နေပြီ။ ပြီးတော့ အခုတလော အသက်ရှူရတာ မကောင်းဘူး။ ညနေစောင်းလို့ 'လဟာ' လာရင် ငါကြောက်တယ်အကို။ ပထက်ကမ်း အအေးခန်းဟာ မြို့နဲ့မျက်နှာချင်းဆိုင်မှာမို့ ခရီးမဝေးလှပေမယ့် မွန်းလွဲတာနဲ့ လေတွေ တ၀ှီးဝှီးအော်ပြီး လဟာဆိုတဲ့ လှိုင်းကြက်ခွပ်တွေ ပေါ်လာရင် ငါ့ရင်တွေ တအားတုန်တာပဲ။ အချိန်တန်တော့လည်း လေအော်လှိုင်းထနေတဲ့ ရေပြင်ကို ဖြတ်ပြီး ပြန်ရတာ ညနေတိုင်းဆိုတော့ အိမ်ရောက်ရင် ကြောက်လွန်းလို့ ညဘက်ဆို အိပ်မပျော်ပြန်ဘူး။ ဒီတခါ ပင်လယ်က ပြန်လာရင် ငါ့အနားမှာပဲ နေပါတော့ဟယ်။ တခြားကုန်းပေါ်က အလုပ်တွေ ရှာလုပ်ပြီး အစ်ကို မိန်းမယူချင် ယူပေါ့။ ငါက မီးဖိုထဲမှာ ထမင်းချက်ပေးမယ်လေ။ ပုဇွန်ပါကင်တော့ မထုတ်ချင်တော့ဘူး အစ်ကိုရယ်'
ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့၍ အစ်ကိုကို နင် ငါနှင့် ပြောတတ်သည့် ညီမလေးရဲ့ အသုံးအနှုန်းများ သည် မယဉ်ကျေးပေမယ့် သူ့နားထဲမှာ နားဝင်ချိုနေခဲ့သည်။ သူ ကော့သောင်ဘက် အလုပ်သွားလုပ်၍ ပြန်လာသည့်အခါ သူ့ညီမလေးအတွက် ပါတိတ်ထမီတို့၊ မိတ်ကပ်ဘူးတို့ ပါလာနေကျ။ အလှအပပစ္စည်းကလေး တွေနှင့် ညီမလေးကို နှစ်သိမ့်ပြီး အိမ်တဆောင်နှင့် ကိုယ်တို့မောင်နှမ နှစ်ယောက်နေဖို့ မဖြစ်သေးဘူး ညီမလေးရေလို့ ပြောမထွက်ခဲ့ပါ။
မြို့မှာသာ ထားခဲ့ရသည်၊ ညီမလေးကို သူ သိပ်စိတ်ချသည်တော့မဟုတ်။ လှိုင်းတံပိုးများ အကြား ညီမလေးကို သူအနစ်အမွန်း မခံနိုင်။ သူ ငါးလှေနောက် လိုက်သွားပြီး လုပ်ငန်းသိမ်းတော့ ပါလာသည့် ငွေစကလေးများ ပွါးလာလေမလား မျှော်လင့်ချက်နှင့် သူ မိုက်တွင်းနက်မိပြန်သည်။ အနီထောင်ကစားဝိုင်းတွင် ပြုတ်ပြုတ်ပြုန်းသွားတော့ သူ့ငွေစကလေးတွေကို မျက်စိထဲ ပြန်မြင်ရင်း လှေနံကို ခေါင်းနှင့်ဆောင့်မိသည်မှာ အခါခါ။ နောင်တများကို ထမ်းပိုး၍ ခူဖမ်းရာသီရောက်တော့ သူ ပင်လယ်ထဲ ရောက်ခဲ့ပြန်သည်။
ကမ္ဘာ့ဟင်းလျာဈေးကွက်မှာ ပထမတန်းဟင်းလျာအဖြစ် နေရာယူသည့်၊ ပင်လယ်ခူတို့သည် ပင်လယ်မှာ တော့ ဆန်းကြယ်သည့် သတ္တ၀ါတမျိုးပါ။ ဟောဒီမှာ ကြည့်၊ ရေခူတကောင်လုံးကို ဦးခေါင်းပိုင်းနှင့် ခြေထောက်ပိုင်း ဆိုပြီး ခွဲခြားထားရာမှာ ဦးခေါင်းပိုင်းကိုသာယူပြီး ခြေထောက်ပိုင်းကို ရေထဲသို့ ဖြတ်တောက်ပစ်ချလေ့ရှိသည်။ ထိုခြေထောက်ပိုင်းသည် ရေထဲရောက်ပြီးနောက် ခြောက်နာရီအတွင်းမှာ ခူကောင်အဖြစ် ပြန်လည်ပေါက်ဖွားလေ့ ရှိတယ်လို့ ၀ါရင့်ရေလုပ်သားကြီးတွေ ပြောသံ ကြားဖူးသည်။
သည်ထက်ပိုပြီး အံ့သြဖို့ကောင်းသည်က ခူကောင်ရဲ့ ဦးခေါင်းပိုင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်း သည့် ထူးခြားချက်တခု ရှိသည်။ အဲဒါက ဘာလဲဆိုတော့ မိုးလေ၀သအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ခြင်းပါဘဲ။ ခူကောင်ရဲ့ နားနောက်မှာ ရှိသည့် အကြောအမျှင် စွမ်းအင်သတ္တိတွေက မုန်တိုင်းမကျမီ တဆယ့်နှစ်နာရီအကွာမှာ မုန်တိုင်းကျတော့မှာကို ကြိုတင်သိနေခြင်းပင် ဖြစ်သည်။
ထိုအသိညာဏ်ကြောင့်ပင်လျှင် ရေခူတို့သည် ယခုလို ဆောင်းအလယ် နွေဦးခါမှာ ပင်လယ်ရေတိမ်ပိုင်း ၌ စုပြုံကျက်စားကြခြင်းဖြစ်သည်။ မိုးသက်မုန်တိုင်း ကျတော့မည်ဆိုလျှင် ရေခူကောင်တို့သည် ရေနက်ထဲသို့ ငုံ့လျှိုးပျောက်ကွယ်သွားလေ့ရှိသည်။ သူတို့ ရေခူဖမ်းသမားတွေဟာလည်း ရေခူရဲ့ နားနောက်မှာရှိတဲ့ အသံလှိုင်းရိုက်ခတ်မှု သဘောသဘာဝတွေကို အကဲခတ်ပြီး ပင်လယ်ပြင်သို့ ထွက်ရလေ့ရှိသည်။
မုန်တိုင်းနှင့်ပင်လယ်ဆိုသည်ကလည်း မကြာခဏ ဒွန်တွဲတတ်သည်မို့ ရေကြောင်းကို အားပြုနေရသည့် ရေလုပ်သား၊ လှေလုပ်သားအားလုံး အလေးအနက် သတိထားအပ်သည့် အရာပေပဲ။ ဒါပေမယ့် ပင်လယ်ပြင် ကျယ်ကြီးထဲမှာသာ လှေတစင်းနစ်မြုပ်သည့်အခါ အသက်ဆုံးချင်ဆုံးမည်၊ ကော့သောင်းရေကြောင်းခရီးစဉ် ကတော့ လှေနစ်မြုပ်သည့်တိုင်အောင် လူတွေ ဖိတ်စင်ခဲသည်။ ကျွန်းငယ်ကလေးတွေ ပေါများတာရယ်၊ လမ်းတ လျှောက်လုံး ငါးဖမ်းလှေတွေ မပြတ်သွားလာနေတတ်တာကြောင့်ရယ် ကယ်ဆယ်မယ့်သူ ပေါ်ပြီး လှေနစ်ပေမယ့် လူမသေနိုင်ပါ။
ဒါပေမယ့် ညီမလေးရေ... အစ်ကိုရှိရာ ကော့သောင်းကို ဆင်းလိုက်လာတဲ့ညီမလေးရဲ့ တဇွတ်ထိုး စိတ်ကလေးက တဲတဲလေးကျန်တော့သည့် ကျန်းမာရေးကို ဆောင့်ဆွဲလိုက်သလို ဖြစ်သွားပါရောလား။ မိုးကြီးလေကြီးထဲ ရုတ်တရက် စက်ချို့ယွင်းပြီး လှေနစ်တော့ ညီမလေးဟာ အခြားခရီးသည်တွေနဲ့အတူ ဖောင်တခုပေါ် ရောက်သွားသတဲ့။ အဲဒီဖောင်ကိုတော့ လူရှစ်ယောက်လောက် ဖက်တွယ်ထားတယ်။ ဖောင်ဆိုတာ လှေလိုလှော်ရတဲ့ အရာမဟုတ်တော့ ရေထဲမှာ အလှည့်ကျ ဆင်းယက်ရတာပေါ့။ နဂိုက လူမသိဘဲဖြစ်နေတဲ့ နှလုံးရောဂါအခံကြောင့် အလန့်ကြီးလန့်ပြီး အခြေအနေမမှန်တော့တဲ့ ညီမလေးကို အားလုံးက ငဲ့ညှာပြီး ရေထဲဆင်းပြီး ဘယ်သူမှ မယက်စေပါဘူးတဲ့။
ညမှောင်မှောင် မိုးသက်တွေကြား ဖောင်ပေါ် သက်တောင့်သက်သာ ထိုင်လိုက်လာရတာတောင် ညီမလေးခမျာ အသက်မရှင်ရှာခဲ့ဘူး။ မိုးစင်စင်လင်းတော့ အသက်မဲ့နေတဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်ကို မြို့ထိသယ်ဆောင်ခွင့်မရှိဘဲ ရေမှာချခဲ့ရတာ ရင်နာစရာကောင်းလိုက်တာ။ ရေနစ်လို့မသေဘဲ သေမှ ရေနစ်ရတဲ့ညီမလေးရေ၊ အခုလောက်ဆို ငါ့ညီမလေးရဲ့ အသားတွေကို ငါးကြီးတွေစားလို့ အရိုးတွေကတော့ အမှုန်အနယ်အဖြစ် ရေအောက်ကြမ်းပြင်ဆီ ရောက်ရောပေါ့။ တော်တော်မတရားတဲ့ လောကကြီး။ လှေတစင်းလုံးနစ်တာ၊ ငါ့ညီမလေးတယောက်တည်း သေရတယ်လို့။
နေရှိန်မြင့်တက်လာလို့လား၊ သောက်ထားသည့် မီးတောက်အရက်ရဲ့ အရှိန်ကြောင့်လား။ ရီဝေယိုင်ထိုး နေသည့် သူ့ခန္ဓာကိုယ်သည် ခူခပ်ခွက်ကို ရေမှာချစဉ် အရှိန်လွန်ပြီး ရေထဲသို့ လူပါထိုးကျသွားလေတော့သည်။ ခူခပ်ခွက် လက်တံထိပ်ဖျားက ဖော့လုံးမှာ ချည်ထားသည့်ကြိုး၏ တဖက်စသည် လှေနံရံနှင့်ပါ တွဲချည်ထားခြင်း ကြောင့် ခပ်ခွက်ကို လက်မှာမြဲနေသော သူသည် ရေထဲသို့ကျသွားသော်လည်း နစ်မြုပ်သွားခြင်းမရှိပေ။
လှေပေါ်မှာ ပါလာသည့် ပဲ့ကုတ်နှင့် သူလို ဘ၀တူ ခူခပ်သမားတယောက်ရဲ့ ကျေးဇူးကြောင့် သူအသက်မသေဘဲ လှေပေါ်ပြန်ရောက်လာပေမယ့် သူ့တကိုယ်လုံး ပူလောင်ယားယံပြီး မီးလောင်ဖုလို အနာတွေ ထွက်လာသည်။ သံပူမီးနှင့် အထိခံရသလို အရေပြားတွေ ကွာကျလာတော့မတတ် ပြင်းထန်သည့် ဝေဒနာကို ခံစားနေရသည်။
'ပင်လယ်ခူမီး ထိပြီဟေ့'
မျက်လုံးမဖွင့်နိုင်အောင် ခံစားနေရသည့်အထဲ ပဲ့ကုတ်၏ အသံကြောင့် သူ ကြက်သီးမွေးညင်း ထလောက်အောင် အကြောက်ကြီးသွားမိသည်။ ပင်လယ်ပြင်တွင် ရေခူ (၁၂) မျိုးခန့် ရှိသည့်အနက် စားသုံး၍ရသည့် ခူများရှိသလို စားသုံးရန်မပြောနှင့် လူကို အန္တရာယ်ပြုသည့် ရေခူအမျိုးပေါင်းများစွာ ရှိသည်။ သူတို့တွင် လူ၏အရေပြားကို ပူလောင်စေတတ်သော စွမ်းအင်ရှိသည့် အဆိပ်ရည်များရှိသည်။ သူတို့ကို ထိမိသည်နှင့် ထိုအဆိပ်ရည်ဖြင့် ပြန်ပက်တတ်သည်။ ထိမိလျှင် တကိုယ်လုံး ယားယံစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူယား။ ထိမိလျှင် တကိုယ်လုံး ကိုက်ခဲ တောင့်တင်းစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူထောင်း၊ နီဝါရောင်ရှိ မှိုနှင့်တူသဖြင့် ပင်လယ်မှိုမီးဟုလည်းခေါ် ငါးဖန်ခွက်ဟုလည်းခေါ်သော ကြောက်စရာ ပင်လယ်ခူမီး။ ခူပင်လယ်ကြီးထဲကျမှတော့ ခူမီးထိပြီပေါ့။ သူသေတော့မှာ ထင်ပါရဲ့ ညီမလေးရေ။
'ဟေ့ကောင် မူးမူးရူးရူးနဲ့ ပေါက်ကရတွေ အော်မနေနဲ့။ ပင်လယ်ခူထိလို့ သေတဲ့မသာ မရှိဘူးကွ'
ပဲကုတ်က ဒေါသတကြီးအော်ဟစ်ပြီး မီးဖိုချောင်သုံး ရှလကာရည်တွေနဲ့ ခူမီးထိသည့်နေရာတွေကို လောင်းချပေးနေသည်။ ရုတ်တရက် ရေခူထိသည့်အခါ လျှပ်တပျက် ကုသချက်ထင်ပါရဲ့။ သေတာကနောက်၊ ပူလောင်နာကျင်တာက အရင်။ မခံစားချင်ဘူး။ လက်ရှိဘ၀နဲ့ ဝေဒနာတွေကို မေ့ထားနိုင်ဖို့ ပေးစမ်းပါ။ ပူလောင်ခါးရှတဲ့ မီးတောက်အရက်ပြင်းပြင်းတခွက်လောက်။ ။
မိချမ်းဝေ
စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ

အရိပ်ပျောက် ရှာသူ

“အရိပ်ပျောက် ရှာသူ” (စံပယ်ဖြူနု)
============================
အိမ်ကို လွမ်းတတ်သူချင်း ဆုံမိကြပြီဆိုလျှင် မိခင် ဘွဲ့လွမ်းချင်း၊ အိမ်လွမ်းချင်းများစွာ ကြားဖူးလှပြီ ဖြစ်သော်လည်း သူတစ်ယောက် ကတော့ဖြင့် ထူးကို ထူးလှသည်ဟု ကျွန်မ မြင်ပါသည်။
အမေ့ အကြောင်းများ ပြောရတော့မည် ဆိုလျှင် သူ့အပြုံးများက ဘယ်တုန်းကနှင့်မျှ မတူအောင် လင်းလက် တောက်ပမြဲ။ မျက်လုံးများမှာပင် အပြုံးရိပ်ကို တွေ့ရမြဲ ဖြစ်သည်။ ပြီးတော့လည်း သူ့စကားသံနှင့် လေယူ လေသိမ်းမှာ လူတစ်ဖက်သား နားဝင်အောင်လည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်ရသည်။ ဒါနှင့်ပင် မိန်းကလေး အဆောင်မှာ သူ့ကို အမေ ချစ်သူဟု တင်စား တတ်ခဲ့ကြတာ အဆန်းတကြယ်တော့ မဟုတ်ပါပေ။ သည်အဆောင်ကို ပြောင်းလာခါစ အစဦး ရက်များကတော့ သူ့ကို များစွာ သတိမပြုမိသေး။ သူ့ကိုမှ မဟုတ်ဘဲ ဘယ်သူနှင့် မှလည်း ပြုံးပြ နှုတ်ဆက်ရုံ အပြင် ပိုပြီး မပတ်သက်မိ သေးပေ။ အဆောင်သူ အသစ်တို့ ထုံးစံအတိုင်း ကိုယ့်အခန်းမှာသာ နေတတ်ခဲ့တာ ဖြစ်လေသည်။
သို့သော်လည်း ရက်တချို့ ကြာမြင့်လာသည့် အခါမှာတော့ ကျွန်မသည် စိတ်သဘော နှစ်လိုဖွယ်ရှိသူ တချို့နှင့် ခင်မင်တတ်ခဲ့ပြီ။ သင့်ရာသင့်ရာ ၀ိုင်းဖွဲ့တတ်သော စကားဝိုင်းများမှာ ပါဝင်ခဲ့မိပြီ။ သည်မှာပင် သူ့ကို စတွေ့ရသည် ဆိုပါစို့။ တွေ့စမှာတော့ များစွာ ထူးခြားသည် မထင်မိသေးသော်လည်း အမေကို တသသ ဖွဲ့နွဲ့တတ်သော သူ့စကားများစွာကို ကြားရပြီးသည့် နောက်တွင်တော့ သူသည် ကျွန်မ အဖို့ စိတ်ဝင်စားဖွယ် မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့တော့သည်။ တကယ်တော့ ကျွန်မ ကိုယ်တိုင် ကလည်း သူ့လိုပင် အမေချစ်သူ တစ်ယောက် မဟုတ်လား။ သို့သော် ဖွဲ့နွဲ့ပြောနိုင်သည့် အရာ မှာတော့ သူက သာပါပေသည်။ သူ ပြောသမျှ စကားတို့သည် တစ်ကြိမ်နှင့် တစ်ကြိမ် မထပ် သည်သာ များပြီး စကားလုံး တိုင်းတွင်လည်း အမေကို ချစ်စိတ်က အရိပ် လိုပါလျက် ရှိနေသည်။ အမေကလေဟု သူစကား စလိုက်လျှင် ကျွန်မမှာ ဘာများ ပြောတော့မှာပါလိမ့်ဟု နားစွင့်မြဲဖြစ် ရသည်။
“ကျောင်းစနေတော့ မြက ငါးနှစ် သမီးလေ။ အို ငိုလိုက်တာဆိုတာများ ကျောင်းရှေ့မှာ ကျွက်ကျွက် ညံနေတာပဲ။ အမေကလည်း မျက်ရည် လေးတစမ်းစမ်းနဲ့ပေါ့ဟယ်”
သူသည် ခုပင် မျက်ရည် ကျဦးတော့မလို မျက်လုံးများက အရည်တလဲ့လဲ့ ဖြစ်၍လာသည်။
“တစ်ရက်လည်း မဟုတ်ဘူး သိလား။ နေ့တိုင်း ငိုတာပဲ။ တစ်တန်းတက်တော့ မငိုတတ် တော့ပါဘူး။ ဒါပေမယ့် အမေကတော့ လိုက်ပို့ တာပဲ”
အင်း အားကျစရာ ကောင်းလိုက်တာ။ ကျွန်မမှာတော့ သူ့လိုဖွဲ့နွဲ့ ပြောပြစရာ ကလေးဘ၀ မျိုးမရှိပါ။ ကျောင်းတက်ကတည်းက ရွာကို ခွဲခွာ လာရသည်မှာ အမေကို လွမ်းရင် ငိုရမယ်ဟုပင် များစွာ နားမလည်တတ်သေး။ ကျောင်းတက် ရတော့လည်း ပျော်နေခဲ့တာသာ မှတ်မိသည်။ ငိုနေ လို့ကလည်း ချော့မည့် အမေက အနားမှာ မရှိခဲ့တာ ကလေးပေမယ့် နားလည် နေခဲ့သလား မသိ။ သူ့မှာတော့ အမေက ကျောင်းလိုက်ပို့ခဲ့သတဲ့။ ရန်ကုန်လို မြို့ပြမျိုးမှာသာ အမေကကျောင်း လိုက်ပို့ကြတာ မြင်ခဲ့ဖူးသော ကျွန်မမှာ သူ့ကို အားကျရတာ ဆန်းတော့ မဆန်းလှဘူး ထင်ပါရဲ့။
“ကျောင်းလိုက်ပို့တာများ မြရှစ်တန်း အထိ လိုက်ပို့နေသေးတာ။ နောက်တော့မှ အမေရယ် သမီးဘာသာပဲ သွားပါရစေလို့ ပြောယူရတယ်။ အဲဒီလောက် အမေက မြကိုချစ်တာ”
စကားဝိုင်းကို လက်ခံထားသည့် အခန်း ရှင်က တည်ခင်းသော လက်ဖက် ပန်းကန်မှာ ကျွန်မ ငုံ့ကြည့်လိုက်လျှင် ပြောင်တလင်း ခါနေပြီ။ သူ့စကားကို နားထောင်နေမိသည့် အခိုက် လက်မနှေးတတ်သော သူငယ်ချင်းတို့က စားသောက် နှင့်ကြပြီ။ သူကတော့ လက်ဖက်ကိုလည်း စိတ်မ၀င်စား၊ သူ့စကားကို နားထောင်မည့် သူတစ်ယောက်လောက် ရှိလို့ကတော့ မမောတမ်း ပြောနိုင်မည့် သူမျိုး ဖြစ်မည် ထင်ပါသည်။
“မြဖြင့်လေ ကျောင်းရှေ့မှာ အမေ့ကို လက်ပြပြီး ကျန်ရစ်ခဲ့ရတဲ့ ခံစားမှုကို ဘယ်တော့မှ မမေ့ဘူး။ အင်းလေ တက္ကသိုလ် တက်တော့လည်း ဒီလိုပဲ ခွဲရတာပါပဲ။ ကားပေါ်မှာတော့ မြက ငို သေးတာပေါ့”ဟုလည်း သူက မှတ်မှတ်ရရ ပြောသေးသည်။ သူသည် စကားပြောလျှင် မြဟု သူ့ကိုယ်သူ သုံးနှုန်းမြဲ ဖြစ်သော်လည်း တကယ့်နာမည် ရင်းတွင် မြဆိုတာ တစ်လုံးမျှ မပါပေ။ သူ့အမေက မှည့်ခေါ်သော နာမည်လေးမို့ အမြတ်တနိုး သုံးတာဟု ဆိုလေသည်။ အားလုံးကတော့ သူ သုံးသလိုပဲ မြဟုခေါ်ကြရပြန်သည်။
“အမေက အသက်ဘယ်လောက် ရှိပြီလဲ ဟင်။ မြနဲ့တူရင်တော့ ဖြူဖြူသွယ်သွယ်ပဲ နေ မှာပေါ့”ဟု တစ်ခါက ကျွန်မသူ့ကို ဘာရယ် မဟုတ်မေးမိသည်။
သူက ဖြေမည့် ဟန်ပြင်လိုက်သော်လည်း ချက်ချင်းတော့ မဖြေ။ တစ်ချက်မျှ ပြုံးလိုက်သေး တယ်ထင်သည်။
“မြလိုတော့ မပိန်ပါဘူး။ အမေက ၀တာပေါ့။ ဒါပေမယ့် သိပ်မ၀ဘူးနော်။ ပြည့်ရုံပြည့် တာ။ အမေက လှတယ် ဖြူဖြူရဲ့။ ဖြူဖြူကရော အမေတူ သမီးလား”
“အမေက ကျွန်မနဲ့ တူတယ်မြရဲ့။ ဒါပေမယ့် ကျွန်မထက် ပိုလှတယ်လို့ အရပ်ထဲက ပြောကြ တာပဲ”
ရယ်လိုက်သော အခါ သူ့မျက်နှာမှာ များစွာ နုပျိုသွားပေသည်။ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် မျက်နှာ တည်နေမည် ဆိုလျှင်တော့ အသက်ထက် ရင့်ရော်ချင်သော ရုပ်ရည်မျိုးဟု ဆိုချင်သည်။ တွေးစရာ ပိုသော ဘ၀မှာ ကြီးပြင်းလာ သူတို့၏ အသွင်က သူ့မျက်နှာမှာအရိပ် ထင်နေသည်ဟု ဆိုရမလားမသိ။ အထူးသဖြင့် မျက်ဝန်းများက တစ်ခါတစ်ခါ မှိုင်းညို့ချင်သည်။ သို့သော်လည်း မျက်နှာပြင်မှာတော့ တောက်ပသော အပြုံးကို တင်ထားမြဲဖြစ်တာ တွေ့ရလေသည်။ အဆောင်ရောက်တာ ရက်တချို့ ကြာမြင့်ပြီး နောက်တွင်တော့ သူသည် ကျွန်မနှင့် နှစ်ကိုယ့် တစ်စိတ် မဟုတ်သော်လည်း ပေါင်းသင်း၍ဖြစ်သော မိတ်ဆွေတစ်ယောက် ဖြစ်လာခဲ့ပါသည်။
အထူးသဖြင့်တော့ မနက်ခင်းပိုင်း ရုံးသွား ချိန်က ၈ နာရီဝန်းကျင် ဖြစ်လေရော နှစ်ယောက်သား အဆောင်က အတူပင်ထွက်ဖြစ်ကြသည်။ ရုံးကကင်တင်းမှာ ထမင်းစားဖြစ်သော ကျွန်မက ထမင်းဘူးအတွက် တကူးတက အလုပ်မရှုပ် သော်လည်း သူကတော့ ထမင်းဘူးယူနိုင်ဖို့ အိပ်ရာက ခပ်စောစောထရ တတ်သည်။ သူ့အခန်းမှာ ကျွန်မအခန်းနှင့် မျက်နှာချင်း ဆိုင်ဖြစ်သည့်အတွက် မနက်ခင်းတိုင်း သူ အလုပ် ရှုပ်နေသည်ကို မြင်ရ ကြားရ ပါသည်။ အခန်းထဲက ပလပ်ပေါက်မှာ ထမင်းအိုး တည်ပြီးတာနှင့် အဆောင် အနောက်ဘက်မှာ ရှိသော မီးဖိုခန်းကို ပြေးကာ ဟင်းချက်ရသေးသည်။ ဖိနပ်သံတရှပ် ရှပ်နှင့် အပြေးအလွှား ချက်ပြုတ်နေသော သူ့ကို မြင်ရသည်မှာ ဘေးလူပင် မောသလို ခံစားရ တတ်သည်။ သူကတော့ အပြုံးပျက်သည် မရှိ။
“အိမ်မှာတော့ ဘယ်လုပ်ရပါ့မလဲကွယ်။ အမေက ချက်ပြုတ်ပေးသမျှ စားနေတာ အဟုတ်ပဲ။ တစ်ယောက်တည်း နေမှ ပင်ပန်းလိုက်တာ ဆိုတာ..”
ကားမှတ်တိုင်ဆီ လမ်းလျှောက်ကြစဉ် သူက မှတ်မှတ်ရရ ပြောပြတတ်သေးသည်။ ဘယ်အချက်လေးပဲ ပြောလိုက်ပြောလိုက် အမေနှင့် မလွတ်သော သူ့စကားများကို ခုတော့ နားယဉ်လှပြီဖြစ်၍ ကျွန်မမှာ သဘောတကျ ပြုံးမိရပါသည်။ “တကယ်ပါ ဖြူဖြူရဲ့။ မလုပ်လို့ဖြစ်ရင် မလုပ်ချင်ပါဘူး။ ဒါပေမယ့် မြက လစာမှ ကိုးသောင်းလောက် ရတာ။ ကားခနဲ့ဘာနဲ့ ၀ယ် စားရရင်လည်း အဆင်မပြေဘူးလေ”
သူ့မျက်နှာကို ငေးကြည့်တော့လည်း ရန်ကုန်မှာ ရုံးကန်နေကြသော မိန်းကလေးများ စွာတို့၏ မျက်နှာကို မြင်ရသလို ခံစားရပါသည်။ လူနေမှုစရိတ် ကြီးမြင့်လှသော မြို့ပြမှာ နယ်က တက်လာပြီး အလုပ်တစ်ခု ကြိုးစားရင်း အဆောင် များမှာ ကျဉ်းကျပ်သော်လည်း ဖြစ်အောင် နေကြ ရသူများ၊ မိဘကို အဆင်ပြေပါတယ် တစ်ခွန်းက လွဲပြီး ဘာမျှ မပြောလိုကြသူများ၊ တောက်တောက်ကြွားကြွား ၀တ်စားချင်သည့် မိန်း ကလေးတို့၏ ပင်ကိုစိတ်ကို ဘ၀အသိနှင့်ယှဉ်ကာ ထိန်းချုပ် နေကြသူများ။ များပြားလှသော ဘ၀ ပုံရိပ်များကို ကျွန်မတို့ ၀န်းကျင်မှာ တွေ့မြင်ရမြဲ ဖြစ်သည်။ အဲသည် အထဲမှာ သူကလည်း တစ်ဦး အပါအ၀င်ပါပဲ။
“အိမ်ကိုရော ငွေပို့ဖြစ်လားဟင်..”
“မြက ပို့ချင်ပါတယ်လေ။ အမေကတော့ မပို့စေချင်ဘူး ဖြူဖြူရဲ့။ မြ အနေအစား ဆင်းရဲမှာ စိုးတယ်တဲ့။ မြဘာသာ အဆင်ပြေအောင် နေတဲ့။ အမေ့မှာကလည်း သူ့စီးပွားရေးနဲ့သူ ရှိသေးတာ ပဲဆိုတော့ မြက သိပ်ပြီးတော့လည်း စိတ်မပူရ ပါဘူး။ မြတို့ သားအမိက သိပ်မချမ်းသာပါဘူး ဖြူဖြူရယ်။ ဒါပေမယ့် အဆင်ပြေပြေတော့ နေနိုင် တာပေါ့လေ”
“အင်းလေ အိမ်ကို စိတ်ပူမနေရတာကပဲ ကံကောင်းတာပေါ့”
အဆောင်မှ ကားမှတ်တိုင်ဆီ လမ်းလျှောက် ဖြစ်ကြသော မနက်ခင်းများစွာ ကြာမြင့်သည့် နောက်မှာတော့ ကျွန်မနှင့် သူသည် စကားလုံး ပေါင်းများစွာမှ တစ်ဆင့် အရင့်အရင်ကထက် နီးကပ်လာခဲ့လေသည်။ သူ့ကိုလည်း ယခင်က အမေချစ်သူဟု စိတ်ဝင်စားရုံ သက်သက်ကနေ မိတ်ဆွေကောင်း တစ်ယောက်ဟု ကျွန်မမြင်တတ် လာခဲ့ပါသည်။
သုံးစွဲစားသောက်မှုမှာ ဖြစ်စေ၊ ၀တ်ဆင်နိုင်မှု မှာဖြစ်စေ ပြိုင်ချင်စိတ်လေး နည်းနည်းတော့ရှိ တတ်သော အဆောင်သူမျိုးတွင် သူရောကျွန်မပါ မပါဝင်ခဲ့သည်ကလည်း ပို၍ပေါင်းသင်းဖြစ်ကြဖို့ ဖန်လာတာပဲ။ ရသည့်လစာနှင့် လောက်ငစေအောင် နေထိုင်ရသော ဘ၀ တူချင်းမို့လည်း ပို၍ နားလည်နိုင်ကြဖို့ ဖြစ်လာတာပါပဲ။ သူကလည်း မိခင်ထံက ပြန်ပြီး လက်မဖြန့်တတ်သူတဲ့။ ကျွန်မ ကတော့ အိမ်ကို တစ်ပြန်တစ်လှည့် ကြည့်ရှုဖို့ ကြိုးစားနေရသည့်သူပဲ ဖြစ်ပါသည်။
ရှားရှားပါးပါး အနားရသော တနင်္ဂနွေရုံး အားရက်တွေမှာတော့ သူက ကျွန်မ၏ အခန်းဆီ ရောက်လာတတ်သည်။ ကော်ဖီသောက်ရင်း၊ မုန့် စားရင်း စကားစမြည် ပြောဖြစ်တတ်ကြသည်။ သူသည် ကျွန်မ အခန်းထဲ ရောက်လျှင် စာကြည့်စားပွဲပေါ်မှာ ရှိသည့် မိသားစု ဓာတ်ပုံကို စိတ်ဝင်တစား ငေးမောမြဲပင်။ လွန်ခဲ့သော ၁၅ နှစ် လောက်က ပုံရိပ်များ ဖြစ်လေတော့ သူကပုံ ဟောင်းလေးပဲနော်ဟု တစ်ရက်မှာ ပြောဖူးသေးသည်။ မောင်အငယ်ဆုံးလေး ဆုံးပြီးသည့်နောက် ဘယ်သောအခါမျှ မိသားစု ဓာတ်ပုံ မရိုက်ဖြစ်ကြ တော့ဘူးဟု ကျွန်မ ပြန်ပြောပြသည့် အခါ သူ့မျက် နှာညှိုးလျချင်လေသည်။
“လူတွေဟာ ဒီလိုပါပဲကွယ်။ သေကွဲ ကွဲရင်ကွဲ၊ မဟုတ်ရင် ရှင်ကွဲကွဲရတာပဲ။ ခုနေ ချစ်ခင်နေ ကြလည်းပဲ တစ်ချိန်တော့ ခွဲရတာပဲ။ မြတော့ ဒီလို ပဲနားလည် ထားလိုက်တော့တယ်။ နို့မိုဆို ၀မ်းနည်း ပူပန်ရတာနဲ့ ဘ၀က ဘယ်နေပျော်မလဲနော်”
သည်လို ပြောဆိုနေပြန်တော့လည်း သူ သည်အသက်ထက် ပိုရင့်ရော်ကာ ဗြုန်းခနဲ လူကြီး တစ်ယောက်ဖြစ်သွားသလို ထင်ရလေသည်။
“မြ ပထမဆုံး သေခြင်းတရားကို ကြုံဖူး တော့ အဘိုးဆုံးတုန်းက... သေတာတို့ဘာတို့ ဘယ်နားလည်ပါ့မလဲ ဖြူဖြူရယ်။ လူတွေက အဘိုးကို ခေါင်းထဲထည့်ကြတော့ အဘွားရယ် လုပ်ပါဦး အဘိုးကို ပြန်ကယ်ရအောင်ဆိုတော့ အဘွားဆိုတာ ငိုလိုက်တာလေ”
သူက သက်ပြင်းတစ်ရှိုက်နှင့် စကားကို ဆက်ပါသည်။
“နောက်တစ်ကြိမ်တော့ အဖေဆုံးတာ။ ဒါလည်း ငယ်သေးတော့ သိပ်မမှတ်မိလှဘူး။ နောက်တော့ အဘွား။ ဒီလိုပဲ တစ်ယောက်ပြီး တစ်ယောက်ခွဲသွားတော့ သေခြင်းတရား ဆိုတာကို ရွံ ကြောက်ကြီးတောင် ကြောက်ခဲ့ဖူးတယ်”
သူ့လိုပင် သေမင်း ဆိုတာကို ရန်လုပ်ချင်ခဲ့ ဖူးသော ဆယ်ကျော်သက် ဘ၀က ကာလများကို မှတ်မိပါသေးသည်။ အဲသည်တုန်းကတော့ ဘ၀ ၏နိဂုံးကို တစ်နေ့ဒီလိုပဲ အားလုံး ဖြတ်သန်းရမယ် ဆိုတာ နားမလည်တတ်သေး။ ခုတော့လည်း ကိုယ့်လက်ဖ၀ါးကိုယ်ငုံ့ကြည့်ကာ ငါ့အသက် လမ်းကြောင်းက တိုတိုလေးသိလားဟု ရယ်ပွဲဖွဲ့ ပြောတတ်လာပြန်သည်။ အချိန်ကာလ ပြောင်းလဲမှုမှာ စိတ်နှလုံးက လိုက်ပါပြောင်းလဲခဲ့ပြီ။ သို့ သော်လည်း စိတ်တွင်အခါများစွာ ကြောက်မိသည်မှာ အဖေနှင့် အမေကို ဆုံးရှုံးရဦးမည့် အချိန် ရောက်လာမှာ ဖြစ်လေသည်။
အဝေးမှာ ရှင်သန်ရသည့် အခိုက် ကျွန်မတို့ အားလုံး၏ ရင်မှာ ရှိတတ်သော အတွေးမျိုးပဲ ဆိုပါ စို့။ ဘာပဲဖြစ်ဖြစ် တမ်းတစရာ မိဘရှိနေသေး တာကပဲ ခွန်အား မဟုတ်လား။ အဆောင်မှာတော့ မိစုံဖစုံ ရှိသူဟာ ထက်ဝက်လောက်ပဲ ရှိမည် ထင်ပါသည်။ တချို့က အမေပဲ ရှိသည့်သူ၊ တချို့က အဖေသာ ရှိသည့်သူ၊ သည်အထဲကမှ မိဘ နှစ်ပါးလုံး ဆုံးပါး သွားကြသည့် သူတွေလည်း ရှိပါသေးရဲ့။ တစ်ယောက်တည်း ဘ၀ကို ရင်ဆိုင်ရသော သူတို့၏ဘ၀ကို ၀င်၍ စာနာကြည့်မိသည့် အခါတိုင်း မိဘများကို တသခွင့် ရနေသေးသော ဘ၀ အတွက် ကံကြမ္မာကို ကျေးဇူးတင်ရလေသည်။
“အဝေးမှာနေရတယ် ဆိုပေမယ့် မိဘရဲ့အရိပ် က ဘာနဲ့မှ မတူအောင် အားရှိစေတယ် ဖြူဖြူရဲ့။ မြမှာတော့ အဖေ မရှိတော့ပေမယ့် အမေ့ရဲ့အရိပ် ရှိနေသေးတာပဲ ဖြေသာစရာ ဖြစ်ရတာ”ဟု တစ်ရက်မှာ သူက ပြောသေးသည်။
ကျွန်မ ရယ်မောကာ ဟုတ်ပါ့ဟု ထောက်ခံ ရသည်။ သူသုံးနှုန်းလိုက်သော အရိပ်ဆိုသည့် စကားလုံးကို နှစ်သက်ရလေသည်။သူ့စကား အလိုအရတော့ သူ့မှာ အမေအရိပ် ရှိနေသေးတာ ပေါ့။ မိန်းကလေးတို့၏ နားခိုရာ အဆောင်မှာတော့ သူက အမေချစ်သူရယ်လို့ ကျော်ကြားမြဲ။ သူ့ အမေ ဘွဲ့အလှတရားတို့ကို အသစ်အသစ်ရောက် လာသူတို့သာမက လူဟောင်းများပါ ကြုံကြိုက်တိုင်း နားဆင်ရမြဲပင်။
တစ်ခါကလည်း သူပြောပြသော အချစ် ဇာတ်လမ်းလေးတွင် အမေက အဓိက ဇာတ်ပို့ဖြစ် လေသည်။ ရန်ကုန်မြို့မှာ အလုပ် လုပ်နေရင်းက ရွေးချယ် ခင်တွယ် လိုက်လေသော ချစ်သူကို အမေက မလိုလားသောကြောင့် ချစ်လျက်နှင့် လမ်းခွဲ လိုက်ရသော ဇာတ်လမ်းလေးကို နားထောင်ရ တော့ သူ့အပေါ် တိုးလို့ စာနာရမလိုပင်။ ပြန်ပြောပြ သော သူ့မှာ မျက်ရည်တို့ ဝေ့၀ဲချင်တာ တွေ့ရသည်။
တကယ်ချစ်ရင် သတ္တိ ရှိရမှာပေါ့ဟု နားထောင်နေသူများထဲက ဆယ်ကျော်သက်မလေး တစ်ယောက်က အားမလို အားမရပြောသေး သည်။ သည်တော့လည်း သူကပြုံးမြမြပင် ပြောပြန်သည်မှာ အမေ့ကို ပိုချစ်တာကိုးတဲ့။ အင်း အမေကို ချစ်လည်း ချစ်နိုင်လှပါပေ ရဲ့။ တခြားသူ တစ်ယောက်သာ ဆိုရင်တော့ သည် လိုမှ ဆုံးဖြတ်နိုင်ပါ့မလား။ ဆုံးဖြတ်ဖို့ ခက်ခဲရင် ခက်ခဲကြမှာပေါ့။ တစ်ဖက်မှာက ချစ်သူ၊ တစ်ဖက်မှာက ချစ်ရသော မိခင်။ သူကတော့ ပြတ်သားလှစွာ အမေ့ဘက်ကို ရွေးချယ် ဦးစားပေးခဲ့သည်တဲ့။ ကျွန်မမှာသူ့ကိုသာ အားကျ ချစ်ခင်စိတ် ၀င်ရသည်။ သူ့ဘ၀ကို နားလည်စိတ် ၀င်ရပါသည်။
ကျွန်မသည် သူနှင့် ခင်မင်လှပြီဖြစ်သော်လည်း သူနေထိုင်ရာ အခန်းထဲတော့ မှတ်မှတ်ရရ တစ်ကြိမ်နှစ်ကြိမ်သာ ရောက်ခဲ့ဖူးသည် ထင်သည်။
သူ့အခန်းမှာ တစ်ယောက်ခန်း ဖြစ်သည်။ တစ်ယောက်တည်း အေးအေးဆေးဆေး နေလို သူတို့ နှစ်လိုမည့် အခန်းငယ်လေး ဖြစ်သည်။ အခန်းမှာ ရှင်းလင်း သပ်ရပ်နေပေသည်။ အ၀တ်များ အမြင် ရှုပ်အောင် ချိတ်ဆွဲထားတာလည်း ရှိမနေ။ ပစ္စည်းပစ္စယများကိုလည်း သူ့နေရာနှင့်သူ ထားသိုထားပြီး ရှင်းသန့်ကာ နေလေသည်။
စာကြည့်စားပွဲပေါ်မှာတော့ စာအုပ်များက စီရရီ။ ပန်းအိုးလေးမှာပင် နှင်းဆီပွင့်တို့က ရဲရင့် တောက်ပနေသေးသည်။ အလှအပကိုလည်း ရသည့်အချိန်ကြားက နှစ်လို ဂရုစိုက်သူဟု ဆိုရ မည်။ စာကြည့်စားပွဲမှာ သူ့အမေပုံကို မှန်ပေါင် သွင်းပြီး ထောင်ထားတာလည်း တွေ့ရပါသည်။ ဓာတ်ပုံက ဟောင်းနေပြီ။ ပြီးတော့ ဆေးသား ကလည်း အဖြူအမည်းနှင့်။ ရောင်စုံ မဟုတ်သေး။
“အခုနောက်ပိုင်း ရိုက်ထားတဲ့ ပုံမရှိဘူးလားဟင်။ သားအမိနှစ်ယောက် တွဲရိုက်ထားတာလေး ရှိရင် တင်ထားပါလား မြရဲ့”
အဲသည်လို ပြောလိုက်မိတုန်းက သူက ခပ် ဖျော့ဖျော့ပြုံးကာ နောက်ပိုင်း မရိုက်ဖြစ်ပါဘူးလို့ တီးတိုးဆိုသည်။ ကျွန်မသည် သူမ ပြောလိုသည့် အကြောင်းအရာများ ရှိလေမလားဟု ယူဆသည့် အတွက် ရှည်ရှည်ဝေးဝေး မစူးစမ်းမိတော့ပါပေ။ သို့သော်လည်း သူက စကားကို ဆက်ပြန်သည်။
“အဖေဆုံးပြီးတဲ့နောက်တော့ ဓာတ်ပုံမရိုက် ချင်တော့ဘူး ထင်ပါရဲ့။ အမေက ပြောလို့ကို မရပါဘူး။ ဒါကြောင့်ပဲ အရင်ကပုံဟောင်းလေးပဲ ကြည့်နေရတာ”ဟုဆိုတော့ ”သြော်”ဟုသာ ရေရွတ်မိခဲ့လေသည်။
အဆောင်မှာတော့ ပြောင်းရွှေ့သွားသူများက ပြောင်းရွှေ့သွားကြဆဲ။ လူသစ်များကလည်း တဖွဲဖွဲ ရောက်လာဆဲပင်။
ပညာရေးပြည့်စုံသူများက အလုပ်ရှာဖို့ ကြိုးစားဖို့ အဆောင်ကို ရောက်လာကြသည်။ တချို့ကျတော့လည်း နိုင်ငံရပ်ခြားကို အိပ်မက်တွေ အတွက် ထွက်ခွာလိုသူများ။
အပြီး ပြောင်းရွှေ့သူများကို နှုတ်ဆက်ရသလို အသစ် ရောက်လာသူများကို ပတ်သက်ကြရပြန် သည်။ အိမ်မဟုတ်သည့်အတွက် ပတ်ဝန်းကျင် နှင့် ကင်းကွာချင်၍ မရပြန်။ တစ်ခဏမှာ ဆုံရသူ ချင်း သင့်တင့်အောင် နေကြရသည်။ သည်အထဲ မှာမှ ရှားရှားပါးပါး စိတ်တူကိုယ်တူ ဆိုရမလို အဆင်ပြေပြေ ဖြစ်နေသူများကို နှုတ်ဆက်ရတော့မည် ဆိုလျှင် ၀မ်းနည်းကြေကွဲ ရမြဲပင်။
တစ်ခုသောညနေခင်းမှာ အဆောင်ကနေ ပြောင်းရွှေ့တော့မည်ဟု သူ အသိပေးသည့် အခါ ကျွန်မမှာ တအံ့တသြဖြစ်ရသည်။ သည်ကြားထဲ ဘာသံ လည်းမကြား၊ ဘာမှလည်း ကြိုပြောမထား။ ဘာကြောင့်များ ရုတ်တရက် ဆုံးဖြတ်လိုက်ပါလိမ့်။ နေထိုင်ခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း သံယောဇဉ်များအတွက် စိတ်မကောင်းဖြစ်ရသော်လည်း လူဆိုတာကတော့ ကိုယ်နှင့် ပိုပြီးသင့်လျော် ရာဝန်းကျင်မှာသာ ကျင်လည်လိုကြသည့် သဘောရှိ၍ နားလည်ရပြန်ပါသည်။ သူ့မှာလည်း သည်မှာထက် အဆင်ပြေသော နေရာ ရှိနေလို့ဖြစ်မှာပေါ့။ ကျွန်မ သည်သူ့ကို ထူးထူးခြားခြားမေးမနေ။
ဘာပဲဖြစ်ဖြစ် သူ့အခန်းကို နောက်ဆုံး အကြိမ် ရောက်ရလေသည်။ သူနှင့် အတူ ပစ္စည်းများ ထုပ်ပိုးပြင်ဆင်ရာမှာ ကူညီရပါသည်။
“ကျေးဇူးတင်ပါတယ် ဖြူဖြူရယ်။ မင်းကို ဘယ်တော့မှ မေ့မှာ မဟုတ် ပါဘူး သိလား”
“ငါလည်း မမေ့ပါဘူး မြရယ်။ အဆောင်လည်း လာလည်လှည့်ဦးနော်။ မြပြောင်းတဲ့နေရာတော့ မသိလို့ လာမလည်နိုင်ရင် မတွေ့ဖြစ်ကြဘဲ နေဦးမယ်”
“လမ်းညွှန်ဖို့တော့ မြလည်း ပြောမပြတတ်ဘူး။ တစ်ရက်မှ လာခေါ် မယ်လေ”
သည်ခဏမှာပင် အခန်းဝတွင် အရိပ်တစ်ခုထင်လာသည်ကို တွေ့ရ သည်။ ကျွန်မ မသိသေးသော အဆောင်သူ မိန်းကလေးတစ်ယောက်သာ ဖြစ်ပါသည်။ ပြောင်းလာတာ နှစ်ရက်၊ သုံးရက်ရှိတာတော့ သိသည်။ သို့ သော် စကားပြောဆိုဖူးခြင်းမရှိသေး။ မိန်းကလေးကအပြုံးနှင့် အခန်းဝမှာ ရပ်နေလေသည်။
“မမမြက ပြောင်းတော့မလို့ဆို။ ဆုကို လိပ်စာပေးခဲ့ပါဦး”
“လိပ်စာတော့ မပြောတတ်သေးဘူး ဆုရေ။ မမလာပါ့မယ်။ နောက် တွေ့တာပေါ့”
မိန်းကလေးက အခန်းထဲ မ၀င်ဘဲ တံခါးကို မှီကာရပ်လျက်ရှိသည်။ ကျွန်မသည် မြကိုငေးကာ အသိမိတ်ဆွေဟောင်း ထင်ပါရဲ့ဟု တွေးနေလေ သည်။ မြကတော့ အထူးတလည် ဧည့်ခံလိုပုံမရပေ။ စကားရော ဖောရောပင် ပြောမနေဘဲ ပစ္စည်းများကို ဆက်တိုက်သိမ်းကာနေသည်။
ကျွန်မသည် မိန်းကလေးကို အားနာပါးနာ ဖြစ်လာကာ ပြုံးပြလိုက်မိ သည်။ အသက်ကတော့ ငယ်ငယ်ပါပဲ။ သူ့ထက်တော့ သုံးလေးနှစ်လောက် ငယ်မယ်ထင်ပါရဲ့။ မျက်နှာသွင်ပြင်ကတော့ ရိုးသားပုံပါ။ ဒါပေမယ့် မြက ဘာလို့များ စကားပြောလိုပုံမရတာပါလိမ့်။
တစ်ခဏမျှကြာတော့ မိန်းကလေးက သွားပြီနော်ဟု နှုတ်ဆက်ကာ ထွက်သွားသည်။ မြသည် ဘာကြောင့်ရယ်မသိ ပင့်သက်တစ်ချက် ရှိုက်လိုက်သေး သည်။ သူ့မျက်နှာသည် တစ်ဒင်္ဂတွင် နွမ်းလျနေပေသည်။
သို့သော် တကယ်ကို တစ်ဒင်္ဂမျှသာပါပဲ။ မိနစ်ပိုင်းမျှပင် မကြာသော အချိန်တွင် ပြုံးပြုံးရွှင်ရွှင် ဖြစ်လာပြန်သည်။ စကားပြောဆို နှုတ်သွက်စပြုလာ ကာ မျက်နှာမှာ ဆင်ထားမြဲအပြုံးကို မြင်ရပြန်သည်။ ကျွန်မသည် အဲသည်နေ့က သူ၏ သိုဝှက်သော မျက်နှာသွင်ပြင်ကို ခွဲခွာပြီး နောက်ပိုင်းရက်များစွာတိုင် သတိတရ ရှိနေခဲ့လေသည်။ တစ်ခုခုကို ရင်ထဲ သိမ်းထားရသော မျက်နှာ။ ဘာရယ်လို့ သိလိုလှသော်လည်း မိတ်ဆွေကောင်းတို့၏ တာဝန်အရ မပြောချင်ဘူးဟု ယူဆရသော အရာ တို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မစူးစမ်း ဖြစ်ခဲ့။ ဒါနှင့်ပင် သူ့ကို နှုတ်ဆက်ခဲ့ရသည်။
သူ မရှိတော့လည်း သူ ပြောတတ်သော အမေဘွဲ့တရားတို့ မကြားကြရတော့ပေ။ အဆောင်မှာ တချို့တချို့သောသူတို့ကတော့ သူ့ကို စကားကြုံတိုင်း သတိတရပြောကြသေးသည်။ ကြာတော့လည်း ကိုယ့်ဘ၀နှင့်ကိုယ်သာ ကျင် လည်ရသည်ဖြစ်၍ မေ့မေ့ပျောက်ပျောက် ဖြစ်စပြု ခဲ့ပေပြီ။
တစ်ရက်မှာတော့ မြကို လာနှုတ်ဆက်ခဲ့ဖူး သည့်၊ ခုအချိန်မှာတော့ ကျွန်မနှင့်လည်း မေးထူး ခေါ်ပြောဖြစ်စပြုလာသည့် မိန်းကလေးနှင့် မြ အကြောင်း စကားဆိုဖြစ်ကြဖို့ စကားဖန်လာခဲ့ပါ သည်။ အဲသည့်မိန်းကလေးက မြအကြောင်းကို တခုတ်တရ စကားစပ်လာခဲ့တာပဲ ဆိုပါစို့။
“မမနဲ့ မမမြက တော်တော်ခင်တာလား ဟင်”
“ခင်ပါတယ် ဆုရဲ့”
“ဆုတို့နဲ့တော့ တစ်မြို့တည်းမမရဲ့။ ဆုဖြင့် မမမြကို ဒီမှာတွေ့တော့ ၀မ်းသာလိုက်တာ။ ပြောင်းသွားတော့လည်း စိတ်မကောင်းဘူး။ ဆုက ဖြင့် အားကိုးရပြီဟဲ့လို့ တွေးထားတာ”
နှစ်ဆယ်ကျော်တို့၏ ဟန်အပြည့်နှင့် မိန်း ကလေးက ရွှင်လန်း တက်ကြွကာနေသည်။ ကျွန်မသည်သူ့ကို ပြုံးကြည့်နေရင်းက ဘာရယ် မဟုတ် မေးခွန်းတစ်ခု ဗြုန်းခနဲ မေးလိုက်မိသည်။
“မြက အမေကို သိပ်ချစ်တာပဲနော်။ အဆောင်မှာ အမေအကြောင်း သိပ်ပြောတာပဲ။ မြအမေက မြအပြောနဲ့တော့ သိပ်ချစ်ဖို့ကောင်းတဲ့ အမေမျိုး ထင်ပါရဲ့နော်။ ဆုနဲ့ရော သိလားဟင်”
မိန်းကလေးသည် ကျွန်မ မျက်နှာကို တအံ့ တသြ ငေးကြည့်နေသည်။ ကျွန်မမှာ စကားအပြန်ကို စောင့်နေရင်းက အဲသည်အံ့သြနေသော မျက်နှာကိုပင် တစ်ပြန်တစ်လှည့် ထူးဆန်းကာ နေမိသည်။ သူ့စကားများစွာတို့ကို နားဆင်ခဲ့ ဖူးသည့်အတွက် မိခင်ကို စိတ်ဝင်စားစိတ်ဖြင့် မေး ဖြစ်သော မေးခွန်းသည် သူ့ဘ၀၏ ကန့်လန့်ကာ တစ်ချပ်ကို လှန်မိသလို ဖြစ်ရဦးမည်ဟုတော့ အဲသည် ခဏမှာ မသိတတ်သေး။
“အမေ”
“ဟုတ်တယ်လေ။ မြရဲ့ အမေကို ပြောတာ”
“မမမြမှာ အမေမှ မရှိဘဲ။ ဦးလေး၊ အဒေါ် တွေ လက်ပေါ်မှာ ကြီးလာတာလေ။ ငယ်ငယ် ကတည်းကပဲ အမေဆုံးသွားတာ။ အဖေဆုံးပြီး နှစ်နှစ်လောက် နေတော့ အမေ ဆုံးတာပဲ ထင်ပါရဲ့။ မမမြက ၁၃ နှစ်လောက်ပဲ ရှိဦးမလား မသိဘူး”
ကျွန်မသည် ရုတ်တရက် ဘာစကားဆိုရ မှန်းမသိဘဲ မှင်တက်နေမိသည်။
“သူက အမေ ရှိသေးတယ်လို့ ပြောထားတာ လားဟင်။ အဲဒါကြောင့်များ ဆုကိုတွေ့တော့ စကား မပြောချင်တာ များလားနော်။ ပြီးတော့ ဘာ လို့များ ပြောင်းသွားသလဲ မသိဘူး။ ဘယ်ကိုများ ပြောင်းသွားလဲမသိဘူး”
မိန်းကလေးက စကားများစွာ ဆက်ပြော နေသေးသည်။ ကျွန်မသည် စကားပြန်လိုစိတ် လည်း မရှိသည့် အတွက် ငြိမ်၍သာ နေမိသည်။ မျက်ဝန်းထဲမှာတော့ သူ့မျက်နှာကိုသာ တရေးရေး ပြေးမြင်ယောင်နေဆဲ။ မိဘကို အရိပ်ဟု တင်စားခဲ့သည့်သူ။ အဖေ မရှိတော့သော်လည်း အမေ အရိပ်ရှိနေသေးလို့ နေ ပျော်သည်ဟု ပြောခဲ့သည့်သူ။ တကယ်တော့ ဘယ်အရိပ်မှ မရှိလေသည့် ဘ၀မှာ သူ ဘယ်လိုများ ရင်ဆိုင်နေခဲ့သည် မသိ။ ပွင့်လင်းစွာလည်း သိခွင့် မရခဲ့သည်ဖြစ်၍ ရံဖန်ရံခါ သူ့ကို စိတ် အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်စေခဲ့မည်ဖြစ်သော စကားတချို့အတွက် ဝေးကွာကြမှပင် စိတ် မကောင်းဖြစ်ရပါသည်။
ဘ၀နောက်ကွယ်ပုံရိပ်များကို မသိရခင်က တော့ သူ တစ်နေ့ရောက်လာဦးမလို မျှော်မိ သေးသည်။ ခုတော့ မမျှော်ချင်တော့ပြီ။ သူဘယ် တော့မှ သည်ဝန်းကျင်ကို ရောက်လာမှာမဟုတ် ဘူးဟု ကျွန်မ တွေးတတ်ခဲ့ပြီ။ အသစ် ရောက်ရှိကျင်လည် နေသော ၀န်းကျင်မှာလည်း သူသည် နားထောင်မည့်သူ ရှိလျှင် မိခင် အကြောင်းကို တသသ ပြောနေဦးမည့်သူဟု ကျွန်မ ယုံကြည်ပါသည်။
စံပယ်ဖြူနု
Teen (ဖူးငုံဆယ်ကျော်သက်)မဂ္ဂဇင်း