Tuesday, 27 October 2015

မြို့ကလေးနဲ့ခရီးသည်


ရေကြည်ရာမြက်နုဆိုတဲ့
စကားတစ်ခွန်း အသုံးချလို့
မြို့ကလေးနဲ့ဝေးရာဆီမှာ
ပြန်မရတော့မယ့် ငယ်ရွယ်နုပျိုချိန်တွေ
ငွေကြေးနဲ့ မိုက်မဲစွာ လဲလှယ်ခဲ့ပေါ့။

ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေ ဦးစားပေးရင်း
တဖြည်းဖြည်းချင်း
မြို့ကလေးနဲ့ အလှမ်းဝေးခဲ့ပေါ့။

အချိန်ကဝါးမြိုလို့
ငယ်ရွယ်မှုတွေ မရှိချိန်မှ
မြို့ကလေးကိုပြန်သင့်ပြီလို့
အထိတ်တလန့် အသိဝင်ခဲ့မိပေါ့။

မြို့ကလေးကတော့
မေတ္တာမပျက် အကြင်နာတရားနဲ့
မောပန်းလာသူကို ငြိမ်းချမ်းစွာကြိုမြဲ။

မြို့ကလေးရေ
သစ္စာပျက်သူကို ခွင့်လွှတ်စွာ
အရိပ်ပေးလို့ အေးမြစေတဲ့
မင်းရင်ခွင်မှာ ခိုနားဖို့အတွက်
မောပန်းနေတဲ့ ဘဝခရီးသည် ပြန်လာခဲ့ပြီ။

အရိပ်ပေးလှည့်ပါတော့...

Thursday, 22 October 2015

မျှော်လင့်ချက်



မျှော်လင့်ချက်
ပျောက်ဆုံးသွားတဲ့လမ်းတွေ
ပြန်လည်ရှာတွေ့နိုင်ဖို့အတွက်
အကောင်းဆုံးဆုံးသော လမ်းပြကြယ်။

မျှော်လင့်ချက်
ဆုံးရှုံးသွားတဲ့အရာတွေ
ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်
အကောင်းဆုံးသော စိတ်ခွန်အား။

မျှော်လင့်ချက်
မှေးမှိန်သွားတဲ့အိပ်မက်တွေ
ပြန်လည်တောက်ပလာဖို့အတွက်
အကောင်းဆုံးသော အလင်းရောင်။

မျှော်လင့်ချက်
နောင်တတွေနဲ့အတိတ်တွေ
ပြန်လည်ပြင်ဆင်ဖို့အတွက်
အကောင်းဆုံးသော အနာဂတ်။

လမ်းတစ်ဝက်မှာ လမ်းပျောက်ခဲ့သလား။
ဖြစ်ချင်တဲ့အရာတွေ မဖြစ်ခင် ဆုံးရှုံးခဲ့သလား။
မက်ချင်တဲ့အိပ်မက်တွေ မပြီးခဲ့သလား။
နောင်တတွေပဲ ရနေခဲ့သလား။

မျှော်လင့်ချက်အသစ်တွေ ထွေးပွေ့လို့
မယိုင်လဲမယ့်ခြေလှမ်းအသစ်တွေ လှမ်းလို့
ပန်းတိုင်အသစ်သို့ လှောက်လှမ်းကြပါစို့။

Tuesday, 29 September 2015

သူမ

သူမ
ခေါင်းဆောင်တစ်ယောက်
ရှိသင့်ရှိထိုက် အရည်အချင်းတွေထက်
သာလွန်ပြည့်စုံ၊ ကောင်းမွန်လွန်းသူ။
သူမ
ရောက်ရာနေရာ
ပညာဥာဏ်စွမ်း၊ ရဲသတ္တိနဲ့ခိုင်မာစိတ်ဓာတ်
သူမသတင်း အစဉ်မွှေးလို့
အဆင်းရောင်ဝါ နေမင်းပမာ
ထွန်းလင်းနေသူ။
သူမ
ဘဝတစ်လျှောက်
ပြည်သူ့အရေး အစဉ်တွေးလို့
ဆင်းရဲဒုက္ခကြံ့ကြံ့ခံကာ၊ ရင်ဆိုင်အံတု
ပင်ပန်းသော်လည်း ပန်းတွေပန်လို့
အပြုံးမပျက်လေသူ။

Wednesday, 23 September 2015

အပြန်လမ်းဝေး



အိမ်အပြန်လမ်းလေး
ကိုယ်၏ရှေ့နား
မပီဝိုးတဝါး။

မျှော်လင့်ချက်လေး
တိုးသည့်အလား
အားသွန်ကြိုးစား
လျှောက်လှမ်းမိသော်
မရောက်သည့်အပြင်
သာ၍ဝေး၏။

ပြတင်းပေါက်မှ တိုးဝင်လာသော ဝိုးတဝါးအတွေးစများ

"ပြတင်းပေါက်"လို့ဆိုလိုက်ရင်  အိမ်တိုင်းမှာ မဖြစ်မနေ လိုအပ်တ၊ဲ့ ရှိနေသင့်တဲ့အရာတစ်ခုအဖြစ် အရင်ဆုံး ပြေးမြင်မိကြမှာပါ။ ပြတင်းပေါက်ကို သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ ပြတင်းပေါက်ဆိုတာ တကယ့်အဖိုးတန် ရတနာတစ်ပါးလို တန်ဖိုးကြီးလွန်းလှတယ်။

နံနက်ဦးစနေရောင်ခြည်လေး ပြတင်းပေါက်ကို ဖြတ်လို့ လာရောက်ကျီစယ်နှုတ်ဆက်တဲ့အချိန်မှာ ခံစားရတဲ့ နွေးထွေးမှုကို သိပ်ကြိုက်မိတယ်။ တန်းဖိုးရှိလှတဲ့ နေ့သစ်မှာ လူတွေကို နွေးထွေးစွာ 
ဆက်ဆံရင်း ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းပါလို့ သတိပေးနေသလို ခံစားမိတယ်။

ညနေခင်း ကျောင်းဆင်းချိန်တွေမှာ အိမ်ကလေးရဲ့ပြတင်းပေါက်ကနေ အဖြူအစိမ်းဝတ် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အိမ်ပြန်ချိန်ကို စောင့်ကြည့်ရတာကိုလည်း သိပ်သဘောကျမိတယ်။ 
အနည်းဆုံး ကိုယ်တွေငယ်ဘဝရဲ့ ကျောင်းတက်ချိန်တွေကို လွတ်လွတ်လပ်လပ် ပြန်ပြောင်း
အောက်မေ့ သတိရခွင့်ရှိတယ်လေ။လက်ရှိကိုယ့်အသက်အရွယ်နဲ့ တာဝန်ဝတ္တရားတွေကို
မေ့လို့ အပူအပင်ကင်းပြီး ငြိမ်းချမ်းလှတဲ့ ကလေးဘဝမှာ တဖန်ပြန်လည်မွေ့ပျော်ခွင့် 
ရတဲ့ အချိန်ပေါ့။

အထူးသဖြင့် နွေရာသီမှာ တစ်ချက်တစ်ချက် ပြတင်းပေါက်မှ ကျော်ဖြတ်ဝင်ရောက်လာတဲ့
လေပြေလေညင်းဟာ တန်းဖိုးဖြတ်မရတဲ့ အိုအေစစ်တစ်ခုပေါ့။ပြတင်းပေါက်ဘေးမှာ ထိုင်ရင်း 
သစ်ပင်ပန်းမန်တွေရဲ့ လေတိုးလို့ ယိမ်းနွဲ့လှုပ်ခတ်သံတွေ၊ ငှက်ကလေးတွေရဲ့ 
တေးဆိုသံတွေကို နားထောင်ခွင့်ရတဲ့ အခိုက်အတန့်ဟာ ငြိမ်းချမ်းလွန်းလှတယ်။

ပြတင်းပေါက်အပြင်ဘက်ကို ငေးမောရင်း ကိုယ်တွေးချင်တဲ့ အတွေး၊ ကိုယ့်ရဲ့ထိန်းချုပ်ထားတဲ့ 
စိတ်တွေကို လွင့်မျောခြင်းတိုင်း လွင့်မျောခွင့် ရှိသေးတယ်။ ပြတင်းပေါက်ဆိုတာ လူသားတွေရဲ့ 
တစ်နေ့တာ ရုန်းကန်လှုပ်ရှားမှုတွေကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ကြည့်ခွင့်ရှိတဲ့ 
နေရာတစ်ခုလည်း ဖြစ်နေပြန်သေးတယ်။ပြတင်းပေါက်လေးရဲ့အပြင်မှာ ဘဝအတွက် 
အဆင်မပြေစွာ ရုန်းကန်နေရသော်လည်း အားငယ်မှု၊ ဝမ်းနည်းမှုတွေကို လစ်လျူရှုလို့ 
ကိုယ့်တာဝန်ကို ကျေပွန်နေသူတွေကို တွေ့ရတော့ ကိုယ့်ဘဝရဲ့အဆင်မပြေမှုတွေ၊ 
အားငယ်မှုတွေ၊ သိမ်ငယ်မှုတွေ၊ အလိုမကျမှုတွေတောင် သူ့အလိုလို လျော့ကျလွင့်ပါးပြီး 
ဘဝအတွက် ရုန်ကန်းလှုပ်ရှားဖို့ ခွန်းအားတွေတောင် ရခဲ့ပေါ့။

ပြတင်းပေါက်ကနေ အပြင်ကမ္ဘာလောကကြီးကို ကြည့်ခွင့်ရတဲ့အချိန်မှာ ကိုယ်ဟာ ဘဝဇာတ်ခုံပေါ်
မှာပါဝင်ကပြ အသုံးတော်ခံနေတဲ့ အဓိကဇာတ်ဆောင်မဟုတ်တော့ဘဲ ဘဝဇာတ်ခုံပေါ်က
သူတွေကိုလေ့လာ၊ သုံးသပ်၊ အကဲဖြတ်ပြီး အမှတ်ပေးခွင့်ရှိတဲ့ ဒိုင်လူကြီး ဒါမှမဟုတ် ပရိသတ်
တစ်ယောက်ဖြစ်ခွင့်ရတဲ့ အခိုက်အတန့်လည်း ဖြစ်နေသေးတယ်။

ပြတင်းပေါက်လေးမှတဆင့် လူသားတွေရဲ့ဘဝကို သိမြင်နားလည်ပြီး စာနာ၊ နားလည်စွာ 
လူသားအချင်းချင်း ဖေးမ ကူညီ ရိုင်းပင်း နိုင်ကြပါစေ။

The Gift

Love is the Gift, it is the Key
The door to Illumination, for you and me.
With heart opens wide, our bodies will heal
Abundance of Energy, the Healing Light we feel.

I am the Universe, the Universe is me
Endless creativity is what we can see.
I am the Universe, the Universe is me
Unconditional Love which will set us all free.

Compassionate Hearts, Reborn and Restored
The Abundant Light strikes inside us a chord.
Opulent blessings, Endless and True
That is what Master's Healing can do.

Master has known a path to Peace, Love and Light
Let your sorrows release, let your fears now take flight.
Put your faith in the Master, trust his teachings Divine
God Light shines down upon us, on your soul and mine.

Our path is to Enlightenment, to powerful love
Compassion as a way of life, Divine power from above.
Abundantly it's given to you and to me
May we receive it humbly, this Gift, the Key.
(By Patricia Elahee)

ချစ်သူ သိစေ

ပန်းပွင့်ရှိမှ၊ ရနံ့ ရတာ

မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊

ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊

ရရှိခိုက်မှ၊ ထာဝရတည်၊

ကာလရှည်လျား၊ နှလုံးသားမှာ၊

စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊

ပျံ့ ဆွတ်စေ၏၊ ချစ်သူသိလေ ...


မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊

မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊

ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊

အကြည့်မှာမြင်၊ သူပဲထင်တယ်၊

ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊

တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...



အသံကြားမှ၊ နားမှာဆတ်ဆတ်၊

ကြားလာတတ်တာ၊ မဟုတ်ပါလေ၊

စမ်းရေသံကြား၊ သူ့စကားရှိ၊

ငှက်၏တေးမှာ၊ သူ့သံသာတွေ၊

နှုတ်ချွေစကား၊ နားမှာတီးတိုး၊

ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊

ကြားနေရ၏၊ ချစ်သူသိလေ ...



ချစ်သူသိလေ ...

သတိရလျှင်၊ ဒေသအကွာ၊

နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊

ဘယ်လောက်ကွာမလဲ၊

ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊

ထာဝရထင်သော၊

ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊

အိပ်မက်တိုင်းမှာရှိနေသူ ....

(မောင်စိန်ဝင်း - ပုတီးကုန်း )

မြစ်လယ်မှာ ချစ်လှယ်တုန်းက

မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နှင့်မောင်
ပန်းခူးရအောင်။

လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။

လေအေးကခုန်ပြန်
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တစ်ကြောမှာ
စိုးတဲ့အသံ။

လှပသည့် ကာရန် ၊ ပန်းမန်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။

တတ်ရေးဆန်းကြယ်
ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချို နှလုံးရယ်
ပြုံးတထေ့ထေ့။

ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်လာ
ယက်ပန်းကဖွာ ။

ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ရှက်တင် ပုံတော်သစ်ရအောင်
ချစ်သက်သေထား ။ ။

(ကြည်အေး)

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။ ။
(မောင်စိန်ဝင်း - ပုတီးကုန်း )

သုည

ဝါးသည် ကြံ့ခိုင်သန်မာ၏။
သို့သော်... ပျော့ပျောင်း၏။
အလိုရှိသည့်ပုံစံအတိုင်း ကွေးညွတ်၍ ရသလို
ပြန်လွှတ်လိုက်ရင်လည်း
နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ဆက်လက်သန်မာ ဖွံ့ဖြိုးမြဲ
ဖွံ့ဖြိုးနေသည်သာ ဖြစ်၏။
လူဆိုသည်မှာ
ရံဖန်ရံခါ ဝါးပင်နှင့်တူဖို့ လိုအပ်ပါသည်။
(မင်းခိုက်စိုးစံ)

ပြိုင်တူလေ ကူးမယ်

လှေကလေးနှင့်၊ ရွက်ဖွင့်ထွက်မည်
မပီဝိုးဝါး၊ တေးသွားတစ်ပိုဒ်
စည်းလိုက်ပေဦး၊ လှိုင်းလူးမူးရိပ်
ဒိတ် . . . ဒိတ်ရင်ထဲ၊ အဖော်ကွဲမလား။
(တူပြိုင်လေကူးမယ် မအိ)