“မဟော်သဓာ ခေါ်ခဲ့ပါ” (နုနုရည်အင်းဝ)
လာခဲလိုက်တဲ့ မိန်းမ။
စောင့်နေရတာ ဘယ်လောက်ကြာပြီလဲ။ ဒီအပေါက်မျိုးချိုးတာ ဒါပါနဲ့ဆို
နှစ်ခါရှိပြီ။ လေးနာရီဆို လေးနာရီပေါ့။ ကတိတည်တည် လာပါလား။ ခုတော့ ...
ကြည့်ဦး ..... သိမ်ကြီးဈေးတောင် ပိတ်ခါနီးပြီ။ သူ့အရိပ်အယောင် အခုထိ
မမြင်ရသေးဘူး။
ဒီကောင်မ ဒီလိုချည်းပဲ။ သင်းကတော့ တစ်မိနစ်
နှစ်မိနစ်မှာ ဆယ်ပြားရရ ၊ ငါးပြားရရ တောင်းနေမှာ မြင်ယောင်သေး။ အချိန်ရ
ရသလို လေး ငါး ဆယ်မိနစ်အတွင်းမှာ ပလက်ဖောင်းပေါ်ကနေ ပိန်လှီ ဖျော့တော့နေတဲ့
ကျွန်မကလေးကို ပြပြပြီး သနားသွားမယ့်သူတွေဆီက တစ်ကျပ် နှစ်ကျပ်ထပ်ရလည်း
နည်းသလားဆိုပြီး ချူနေမှာပေါ့။
သိမ်ကြီးဈေး အပြင်ဘက်တန်းက
အုတ်တိုင်ကြီးကိုမှီပြီး လဟာပြင်ဈေးပေါက်က ရှုပ်ယှက်ခတ်ထွက်လာတဲ့
လူတွေကြားထဲကို ကျွန်မ ကြည့်နေမိတယ်။ လူတွေ ဘယ်လောက်ရှုပ်ရှုပ်
ဒီမိန်းမပုံက အသိသာကြီးပါ။ တောက်တောက်ပပ ဝတ်စားဖြီးလိမ်းထားသူချင်းသာ
ရောချင် ရောနေမယ်။ နနွင်းတွေ တစ်ကိုယ်လုံး ပေကျံဝါထိန်နေတဲ့
စုတ်စုတ်ပြတ်ပြတ် မိန်းမတစ်ယောက်က ထဘီစုတ် အနှီးတစ်ထည်နဲ့ ပတ်ထားတဲ့
ကလေးတစ်ယောက်ကို ပွေ့ချီထားတဲ့ပုံစံဟာ ဘယ်သူနဲ့မှ ရောစရာကို မလိုဘူး။
ဒါပေမဲ့ လူအုပ်ကြားထဲမှာ သူ ပါမလာသေးတာက ခက်တယ်။
ကျွန်မအကျင့်အတိုင်း ဆီဝေးဖွာလွင့်နေတဲ့ ဆံပင်ဘုတ်သိုက်ထဲကို
လက်ငါးချောင်းထိုးဖွပြီး တဗျင်းဗျင်း ကုတ်လိုက်မိတယ်။ ကုတ်နေရင်းကနေ
ထုံးစံအတိုင်း လက်ထဲတိုးလာတဲ့ လုံးတုံးတုံး ဖုတုတု သန်းမတစ်ကောင်ကို
အသာဆွဲယူပြီး လက်မနှစ်ခုကြား တောက်ခနဲ ထည့်တုပ်ပစ်လိုက်တာပေါ့။
" ဟဲ့ ....ဒီဘက်ကိုများ သန်းတွေ ဘာတွေ လွင့်ပြုလာပါဦးမယ်။ ဒီနားလာ သန်းတုပ်ရတယ်လို့...... "
အုတ်တိုင်ကြီးဘေးက သရက်သီးသည်မိန်းမရဲ့ စွာကျယ်ကျယ်အသံကြောင့် သန်း ဆက်စမ်းမလို့လုပ်နေတဲ့ ကျွန်မလက်တွေ တွန့်သွားတယ်။
" မလွင့်ပါဘူးတော်.....အဝေးကြီး "
သရက်သီးသည်မကို ငေါ့တော့တော့ပြောပြီး ဈေးတောင်ဘက်ဆီကို ကျွန်မ
လျှောက်လာခဲ့တယ်။ အရေးထဲ သူကတစ်မျိုး။ သူလည်း မိန်းမပဲ။ သန်းမရှိမှာ ကျလို့
။ သူ့သရက်သီးတွေပေါ် လွင့်တော့ကော ဘာဖြစ်မှာမို့တုံး။ မသကာ အသုပ်စုံတို့
ရွှေရင်အေးတို့ဆို ထားပါဦးတော့။
" ဆနွင်းမကင်း ၊ ဘိတ် ဒူး၇င်းယို...၊ ပုသိမ် ဟာလဝါ အားလုံးရှိတယ်နော်။ ဘာယူမလဲ အစ်မ "
ဈေးဝယ်ခေါ်တဲ့ ကောင်မလေးအသံက ချိုသလို မုန့်တွေကလည်း ချိုမှာပဲ။ ဒါပေမဲ့
သူခေါ်တဲ့ ဈေးဝယ်ထဲမှာ ကျွန်မပါမှာ မဟုတ်သလို အဲဒီ မုန့်တွေ ချိုမချို
ကျွန်မ မသိတာလဲ ဘယ်လောက်တောင်ကြာပြီလဲ။ ဒီမုန့်ဆိုင်တန်းကို ကျွန်မ
ညနေတိုင်း ဖြတ်လျှောက်ရပြီဆိုမှဖြင့် တံတွေးကို အလိုလိုမျိုချရတာချည်းပဲ။
မုန့်ဆိုင်တန်းတစ်ခုလုံးကလည်း မုန့်တွေက အပြည့်အသိပ်။ ဒီကြားထဲ
အုတ်တိုင်တွေဘေးမှာ အသုပ်စုံသည်တွေ ၊ ရွှေရင်အေး ၊
မုန့်လက်ဆောင်းသည်တွေကလည်း တင်းကျမ်း ၊ ဒါပေမဲ့ ကျွန်မမှာ ပိုက်ဆံ
တစ်ပြားတောင်မှ မပါတာ။ ဘယ်လိုလုပ် စားမလဲ။ ပိုက်ဆံက ဟိုဟာမ လာမှ ရမှာ။
နေ့တွက် ဆယ့်ငါးကျပ်လေ။ ကလေးငှားခ။ အဲဒီပိုက်ဆံရလည်း ဒီမုန့်တွေ
ဝယ်မစားနိုင်ပါဘူး။ အိမ်က ဗိုက်ဟောင်းလောင်းနဲ့ ကလေး လေးယောက်ရယ် ၊
လမ်းတကာ အလုပ် လျှောက်လုပ် ညောင်းညာ ဆာလောင်ပြီးပြန်လာမယ့်
ယောက်ျားအတွက်ရယ်။ စားဖို့ သောက်ဖို့ ဆီ ဆန် ဟင်းရံ ဝယ်ရတာနဲ့ကို
လောက်ငတယ်မှ မရှိတာ။
ထမင်းဟင်းအရေးနဲ့ကို
ပိုက်ဆံမလောက်နိုင်လွန်းလို့ ဆနွင်းမကင်းအတု တစ်တုံးတစ်ကျပ်တောင်
ဝယ်မစားနိုင်တာ။ ဒီဆနွင်းမကင်းအစစ်တွေဆို အနားကပ်နိုင်ဖို့ ဝေးရောပေါ့။
တစ်ခါတလေတော့လည်း ကျွန်မ ကြံကြည့်တယ်။ တခြားမိန်းမတွေလုပ်သလို
မုန့်ဈေးမေးပြီး အမြည်းစားရရင် ကောင်းမှာပဲလို့။ မဝယ်လည်း ရတယ်လေ။
အမြည်းပေးတာမှ လက်သုံးလုံးလောက် အတုံးကြီးတွေ။
မရပါဘူးလေ။ အဲဒီအကြံနဲ့ တစ်ညနေက ကျွန်မ သူ့ဆိုင်ရှေ့မှာ သွားရပ်ဖူးသေးတယ်။
'' ဘာယူမလဲ။ လာ.....မြည်းပါဦး အစ်မ'' ဆိုတဲ့ အသံအစား
'' ဘာလို့ဆိုင်ရှေ့ လာပိတ်ရပ်နေတာလဲ .... သွား '' တဲ့။
အေးလေ ကျွန်မ မှားတာပါ။ ဈေးမေးရင် အမြည်းစားချင်တာချင်း တူပေမဲ့
ဟိုမိန်းမတွေနဲ့ ကျွန်မနဲ့မှ မတူတာလေ။ သူတို့က အဝတ်အစား တောက်တောက်ပပ ၊
ခြင်းနဲ့ ပိုက်ဆံအိတ်နဲ့ မိတ်ကပ်နဲ့။ ကျွန်မကျတော့ ... ကိုယ့်ကိုယ်ကို
ငုံ့ကြည့်မိတယ်။ အပွင့်မပေါ်တော့တဲ့ အရောင်လွင့်ထဘီ၊
ပါးရိုးနားရိုးတွေကျနေတဲ့ သနပ်ခါးဗလာ မျက်နှာပြောင်နဲ့။ ဘော်လီမပါပဲ
ဝတ်ထားတဲ့ လက်ပြတ်အင်္ကျီအစုတ်ပေါ်မှာ ယောက်ျားရဲ့ ရှပ်အင်္ကျီအနွမ်းတစ်ထည်
ထပ်ဝတ်ပြီး ဂွပ်ဂွပ်ဖိနပ် မြီးတိုစီးထားတော့ သူတို့တွေနဲ့ ကျွန်မပုံစံနဲ့က
ကွာတာလည်း မပြောနဲ့လေ။
သူတို့ ကျွန်မကို သူခိုးမလား ၊
သူတောင်းစားမလားလို့ ထင်နေပုံရတယ်။ ကျွန်မ သူခိုးမ မဟုတ်သေးပါဘူး။
သူတောင်းစားမလည်း မဟုတ်သေးပေမယ့် အခုတလော ထမင်းစားနေတာတော့
တောင်းလို့ရတဲ့ ပိုက်ဆံတွေနဲ့ပဲ။ အို......ဒါပေမဲ့ ဘာဆိုင်လဲ။
အဲဒီပိုက်ဆံတွေက ကျွန်မ တောင်းတာမှ မဟုတ်တာ။ ကျွန်မ ကလေးငှားတဲ့အတွက်
ရတဲ့ပိုက်ဆံပဲ။ ဒါ ကျွန်မနေ့တွက်လေ။
အလုပ်အကိုင်ကရှား စားစရာ
သောက်စရာက ရှားနဲ့ .. ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်လာတော့
ငါးယောက်မြောက်သမီးကလေးက အာဟာရချို့တဲ့ပြီး မကြီးလာပဲ
သေးကွေးပိန်လှီနေတာပဲ ကျေးဇူးတင်ရဦးမလိုလို။ သုံးလသမီးအရွယ်ပေမဲ့
မွေးစကလေး အရွယ်လောက်ပဲ ရှိနေလို့ မွေးစအရွယ် လိုချင်တဲ့ မိန်းမနဲ့
အဆင်ပြေတာကိုပဲ ၀မ်းသာရဦးတော့မလိုလို။ တစ်နေ့ဆယ့်ငါးကျပ်တဲ့လေ။ နေ့တွက်
ဆယ့်ငါးကျပ်ဟာ ကျွန်မတို့လို ပျံကျတွေမပြောနဲ့ ဘွဲ့ရတွေတောင်
ရဖို့မလွယ်ဘူး။
အင်း .....သမီးကို ငှားခါစက ခုချိန်ဆို ငါ့သမီးလေး
ဘယ်ပလက်ဖောင်းပေါ်မှာပါလိမ့်။ နေပူထဲမှာလား။ အနှီးနဲ့တော့
ထွေးထားကောင်းပါရဲ့။ နို့ဆာပြီး ငိုများနေမလား။ နို့ဆီအရည်ဖျော်တော့
နေ့လည်မှာ တိုက်တယ်ပြောတာပဲ။ တိုက်ရဲ့လားလည်း မသိပါဘူး။ လူတွေက မတော်တဆ
ခြေထောက်နဲ့များ နင်းမိသွားမလား။ အဖြစ်ဆိုးလိုက်တာသမီးရယ်လို့ တွေးတွေးပြီး
ငိုခဲ့ရတဲ့ မျက်ရည်တွေလည်း အခုတော့ ခန်းကုန်ပါပြီ။
အို...
အားလုံးပါပဲ။ အဖြစ်ဆိုးဆိုတာတွေ၊ အကျပ်အတည်းဆိုတာတွေ အငတ်အပြတ်ဆိုတာတွေ
များလွန်းတော့လည်း အရာရာဟာ ကျွန်မအတွက်တော့ ထုံသွားပါပြီ။ ကျွန်မတို့
ငတ်တော့ မသေချင်ဘူးလေ။ နေ့လယ် နေ့ခင်းမှာ ကလေးမရှိတဲ့အတွက်
အရပ်ထဲကအိမ်တွေမှာ တောက်တိုမယ်ရခိုင်းတာတွေ လျှောက်လုပ်ပေးလို့ရတယ်။
ကျွန်မလက်တွေနဲ့ သင့်မယ့်အလုပ်တွေပေါ့။ လက်ဆိုမှ ပြောပြရဦးမယ်။
ကျွန်မလက်တွေက အရင် အ၀တ်လျှော်စားတုန်းက ရေစိမ်ရလွန်းလို့လား ဘာလား
မသိပါဘူး။ အခုနောက်ပိုင်း လက်တွေက တအားတုန်ပြီး မမြဲတော့ဘူး။ အဝတ်သာ
ဆက်လျှော်နိုင်ခဲ့ရင် ကျွန်မလေ ကလေးကို ဒီလိုမလုပ်ပါဘူး။ အေးလေ ထားပါတော့ ။
သားသမီးသာ ချစ်တတ်ပြီး အရှာအဖွေကျ မဖြစ်ထွန်းတဲ့ ယောက်ျား ... သူ
မျက်နှာညို စိတ်မကောင်းဖြစ်တာကိုလည်း သနားပေမယ့် တခါတခါ ရှင်ဘာဖြစ်လို့
အလုပ်အကိုင် အတည်တကျ မရှိရတာလဲလို့ ငေါက်မိပြန်တယ်။
လမ်းဟိုဘက်ကများ ကူးလာမလားဆိုပြီး ဟိုဘက်လမ်း ကုန်တိုက်ကြီးအောက်ကို ကျွန်မ
လှမ်းမျှော်ကြည့်မိပြန်တယ်။ ဟင်း....မလာသေးပါဘူး။ ကျွန်မ
မျှော်ကောင်းတုန်း မိုးက ဝေါခနဲ ရွာချလာတယ်။ ဒုက္ခပါပဲ။ ဟိုမိန်းမ ထီးလေး
ဘာလေးတော့ ပါကောင်းပါရဲ့။ မပါလို့ မိုးမိပြီး ကလေးနေမကောင်းဖြစ်ရင်
ဘယ်လိုလုပ်ရမလဲ။
သူ ဆေးကုပေးမှာလား။ သူနဲ့ ကျွန်မ
သဘောတူထားတဲ့ထဲမှာ အဲဒါတော့ မပါဘူး။ တစ်နေ့ ဆယ့်ငါးကျပ်ပေးမယ်။
မနက်ခုနှစ်နာရီ အရောက် ဒီသိမ်ကြီးဈေး အပြင်ဘက်တန်း အုတ်တိုင်မှာ လာပို့။
ညနေ လေးနာရီ ဒီအုတ်တိုင်အောက်မှာပဲ လာစောင့်ခေါ်... ဒါပဲ။
အိုလေ.....ဖျားလို့ကတော့ ဘာဖြစ်ဖြစ် သူ့တာဝန်ပဲ။
မိုးက
ပိုသည်းလာတော့ သိမ်ကြီးဈေးကနေ အိမ်ဆီကို ကျွန်မစိတ်တွေ ရောက်သွားပြန်တယ်။
မြို့ဆင်ခြေဖုံး ၊ ချောင်အကျဆုံးနေရာက သူများအိမ်ရဲ့ အဖီက
ကျွန်မတို့ရဲ့တစ်ဖက်ရပ်တဲလေးထဲကို ခုချိန်ဆို မိုးရေတွေ ဒလဟော
သွန်ကျနေရောပေါ့။ မိုးမိပြီး ဖျားနေလို့ အလုပ်မဆင်းနိုင်တဲ့
ယောက်ျားကိုဟိုဒင်းလဲ ဘယ်လိုနေတယ်မသိ။ ကလေး လေးယောက်လည်း အူတွေ
တွန့်လိမ်နေပြီထင်ပါရဲ့။ မနက်က ဆန် နို့ဆီဗူးနှစ်လုံးချက်ကို
ပဲတစ်ဆယ်သားနဲ့ နယ်ပြီး သားအမိငါးယောက် ဝိုင်းစားလိုက်ရတော့ ဘယ်ဝပါ့မလဲ။
အမှန်က ယောက်ျားအပြင်သွားပြီး ရှာဖွေလာတာလေးနဲ့ဆို အရင်နေ့တွေက
ဒါလောက်တော့ အခြေအနေမဆိုးဘူး။ အေးလေ သူလည်း ထီးမပါ ဘာမပါနဲ့ သွားရပြန်တော့
ကြာတော့လည်း ဖျားရောပေါ့။ ပြီးတော့ သူ့အလုပ်ကလည်း ပွဲရုံတွေပေါတဲ့
လမ်းတွေမှာ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်ပြီး ပျံကျအလုပ်ဝင်ရတာ။
ဟိုဟာမ လာလို့ ဆယ့်ငါးကျပ်ရရင် ယောက်ျားအတွက် ကော်ဖီနဲ့မုန့် တစ်ခုတော့
ဖဲ့ကျွေးလိုက်ပါ့မယ်လေ။ ကျန်တဲ့ပိုက်ဆံနဲ့ ညမနက် စားရအောင်
ကြံရဖန်ရမှာပေါ့။ အင်း.....ပြောသာပြောရတာပါ။ ကျန်မယ့်ပိုက်ဆံကလည်း ဘယ်လောက်
ဝယ်လို့ရမှာလဲ။ ကော်ဖီ နဲ့မုန့် တစ်ခုကိုပဲ သုံးကျပ်ခွဲလောက် ထွက်မှာ။
အေးလေ....အရေးကြီးတာကတော့ ဆန်လုံလောက်အောင် ဝယ်နိုင်ရင်ပြီးတာပဲ။ ထမင်း
လောက်ငရင် ကျွန်မတို့အတွက် ဟင်းက ဘာအရေးလဲ။
မိုးတောင်
နည်းနည်းစဲသွားပြီ။ လာပါတော့ မယ်မင်းကြီးမရယ်။ ဒီကောင်မမယ် သိမ်ကြီးဈေး
သစ်သီးတန်းကို တောင်နဲ့မြောက် လျှောက်ရလွန်းလို့ ခြေထောက်တွေလည်း
ညောင်းလှပြီ။ ဈေးသည်မတွေကလည်း စူးစူးစမ်းစမ်း ကြည့်ကုန်ကြပြီ။
အစားအသောက် အနံ့အသက်တွေက နှိပ်စက်လွန်းလို့ ဗိုက်ထဲလည်း တဂွီဂွီ
တဂွမ်ဂွမ် အော်ကုန်ပြီ။ ခုနေများ မိုးအေးအေးမှာ ထမင်းပူပူလေးကို
ငါးပိရည်လေးနဲ့ နယ်စားလိုက်ရရင်.....။
ကဲ....မြောက်ဘက်တစ်ခါ
လျှောက်လိုက်ဦးမယ်။ တော်ကြာ အုတ်တိုင်ဘေး သူက အရင်ရာက်နေဦးမယ်။ အမြဲတမ်း
စောင့်ရမယ့်နေရာက မြောက်ဘက်က အုတ်တိုင်ကြီးနားမှာ။ လူတွေကြားထဲကနေ
တိုးဝှေ့ပြီး ကျွန်မ မြန်မြန်လျှောက်ခဲ့ပေမယ့် ဟင်း....အလကားပါပဲ။ ဟိုဟာမ
အရိပ်အယောင်တောင် မမြင်ရသေးဘူး။ ကျွန်မ အုတ်တိုင်အခြေမှာ
ဖင်ချထိုင်ပစ်လိုက်တော့တယ်။ ကြာလိုက်တဲ့ မိန်းမ။ မိုးလေအစဲမှာ
ပြန်လိုက်ချင်တာ။ အပြန် လိုင်းကားမှီမှ ဖြစ်မှာ။ ကျွန်မတို့ အရပ်တွေသွားတဲ့
ကြားကားတွေက တစ်ယောက်ကို ငါးကျပ်။ စီးဖို့ မပြောနဲ့။ စိတ်တောင်
မကူးဝံ့ဘူး။ ဒီဟာမကြောင့် လိုင်းကားမမှီခဲ့ရင်တော့ ကျွန်မ
ခြေကျင်ပြန်ရတော့မှာ။
''ယူပါ ညီမရယ်။ တစ်ဆယ်သားမှ လေးကျပ်ထဲပါ။ အစိတ်သားမှ တစ်ဆယ်တည်း။ သပျစ်သီးကြီးတွေ လှမှလှ ချိုမှချို ''
''ငါးဆယ်သား ထည့်လိုက်နော်။ အို...အို...သမီးကလည်းကွယ် ငြိမ်ငြိမ်နေစမ်းပါဦး။ ကဲ...မောင်ရေ မောင့်သမီးကတော့''
လမ်းမဘက်ဆီကို ငေးနေတဲ့ ကျွန်မခေါင်း လှည့်ကြည့်မိတယ်။
သပျစ်သီးသည်မိန်းမရှေ့မှာ စုံတွဲတစ်တွဲ ဈေးဝယ်နေတာ။ ဈေးဝယ်မိန်းမ
ပွေ့ထားတဲ့ ကလေးလေး ရုန်းကန်ပြီး သပျစ်သီးဆီလှမ်းနေတာကို လင်မယားနှစ်ယောက်
သဘောကျနေလိုက်ကြတာ။
''သမီးလေးက....ချစ်စရာကောင်းလိုက်တာနော်။ ဘာလဲ သမီးက သပျစ်သီးစားချင်တာလား....ဟုတ်လား၊ ဘယ်နှစ်လ ရသွားပြီလဲဟင်''
''သုံးလထဲမှာ''
''အို....ထွားလိုက်တာနော်။ ငါးလ ခြောက်လ ထင်ရတယ်''
ဟုတ်ပါရဲ့။ နည်းတဲ့ သုံးလသမီးကြီး မဟုတ်ဘူး။ တစ်ပွေ့တပိုက်ကြီးပဲ။
ကလေးဝတ်ထားတဲ့ ဂါဝန်လေးကလည်း လှလိုက်ဆန်းလိုက်တာ ဘယ်လိုဟာလေးပါလိမ့်။
တော်တော်ချစ်ဟန်တူတယ်။ သားဦးတွေ ဘာတွေ နေလိမ့်မယ်။ ဒီအရွယ်လေးနဲ့
ဆွဲကြိုးတွေ ဘာတွေ ဆင်ပေးထားတာ ကြည့်လေ။ စုံတွဲနဲ့ကလေးလေး ဈေးအရှေ့ဘက်က
ကားအပြာလေးပေါ် တက်သွားတဲ့ထိ ငေးကောင်းကောင်းနဲ့ ကျွန်မ ငေးကြည့်နေမိတယ်။
'' ကဲ.....သူများတွေတော့ သိမ်းပြီဟေ့။ ငါတို့ပဲ ကျန်တော့တယ်''
မိန်းမတစ်ယောက်ရဲ့ အသံကျယ်ကျယ်က ကျွန်မကို လန့်သွားစေတယ်။
ကြည့်စမ်း မုန့်ဆိုင်တွေတောင် ပိတ်ကုန်ကြပြီ။ ဒါဆို အချိန်ဘယ်သေးတော့မလဲ
.. ဒုက္ခပါပဲ။ ဟိုမိန်းမ ဘာဖြစ်နေပြီလဲ။ ကျွန်မဆီ မလာတော့ဘူးလား။
တစ်ခုခုများ ဖြစ်လို့လား။ ဒါမှမဟုတ် ကျွန်မကို သက်သက်လှည့်သွားပြီး
ကလေးကိုပါ ပြန်မပို့ပဲ နေတော့မလို့လား။
ကျွန်မ စိတ်ထဲ
နေလို့မရတော့ဘူး။ ဆောက်တည်ရာမရ ထရပ်လိုက်တော့ ဟော.....ဟိုမှာ ...
လမ်းဟိုဘက်မှာ နနွင်းဝါဝါနဲ့ မယ်မင်းကြီးမ။ အမလေး ... တော်ပါသေးရဲ့ ။
ငါ့မှာ မျှော်လိုက်ရတာ။ ကြည့်ဦး ... သူကတော့ဖြင့် ကလေးကိုပွေ့ရင်း
ဆေးလိပ်တောင် ခဲမပျက်ဘူး။ လွယ်အိတ်စုတ်ကြီး တယမ်းယမ်းနဲ့ ကားလမ်းကို
အေးဆေး ကူးနေလိုက်တာများ။
ကားလမ်းအလယ်ကောင်ကနေ ကျွန်မကို သူ
လှမ်းကြည့်တယ်။ ကဲ... လာပါတော့ မိန်းမရဲ့။ ဒီမယ် မိုးချုပ်လှပြီ။
အုတ်တိုင်ဘေးနား သူရောက်ရောက်ချင်းပဲ ကျွန်မ မနေနိုင်တော့ဘူး။
'' ကြာလိုက်တာ ၊ ရှင့်လေးနာရီကလည်း မနက်လေးနာရီလား အောက်မေ့ရတယ် "
သူက ကျွန်မလက်ထဲ ကလေးကို ထည့်လိုက်တယ်။ ထဘီ အနှီးထုပ် သေးသေးလေးထဲက
ကျွန်မသမီးက ကျွန်မရင်ခွင်ထဲရောက်တာနဲ့ လူးလွန့်ရုန်းကန်ပြီး
ကြောင်လေးအော်သလိုအသံမျိုးလေးနဲ့ အော်ငိုပြီး သူ့ပါးစပ်က ကျွန်မ
နို့ပိန်ကို အငမ်းမရ ရှာတော့တာပဲ။
'' သောက်ကမြင်းမလေးက အခုမှ
အသံထွက်တော့တယ်။ ဟို ပလက်ဖောင်းပေါ်တုန်းကတော့ တစ်ချိန်လုံး
အိပ်ချည်းနေတာပဲ။ ဘယ်လို ဆိတ်လို့ ဆွလို့မှ မရဘူး။ ကလေးငိုတာမြင်မှ လူတွေက
ပိုက်ဆံထည့်တာ''
ဟိုမိန်းမက မကျေမနပ်နဲ့ ကျွန်မသမီး နိုစို့တာကို ကြည့်ရင်း နနွင်းဝါနေတဲ့လက်တွေနဲ့ သူ့လွယ်အိတ်စုတ်ကြီးထဲကနေ ပိုက်ဆံ နှိုက်တယ်။
''ကဲ ... လုပ် .. မြန်မြန် ... မိုးချုပ်နေပြီ။ လိုင်းကားတောင် မှီပါ့မလား မသိဘူး။ မနက်ဖြန်တော့ ရှင် နောက်မကျနဲ့နော် ''
ကျပ်တန်အနွမ်းလေးတွေကို ဟိုမိန်းမက ရေပြီး....
'' ရော့....ဒီနေ့တော့ တစ်ဆယ်ပဲယူ''
''ဘာ''
ကျွန်မ ဖျဉ်းခနဲဖြစ်လာတဲ့ ဒေါသနဲ့ သူ့လက်ထဲက ကျပ်တန်တွေကို ဆွဲယူရေကြည့်တယ်။ ကျပ်တန်ဆယ်ရွက်တည်း။ ဘာလုပ်တာလဲ။
''ငါးကျပ် လိုသေးတယ်လေ''
''ဒီနေ့ တောင်းလို့ရမ်းလို့ သိပ်မကောင်းလို့ပါ အစ်မရယ်။ နောက်ကျနေတာပဲ ကြည့်တော့။ မိုးရွာတော့ လူပါးတယ်။ တစ်ဆယ်ပဲ ယူပါ ''
'' ဘယ်ဖြစ်မလဲ။ အစကတည်းက ရှင်ပြောထားတာပဲ။ ပေးပါ ... ငါးကျပ် ''
'' ရှင့်သမီးကို နေ့လည် နို့ဆီဖျော်တိုက်ရတာကိုက နှစ်ကျပ်ကုန်တယ်။ ပိုက်ဆံ အရနည်းလို့ပါဆိုမှ တစ်နေ့တလေတော့ သည်းခံမှပေါ့ ''
''ဘာလို့ သည်းခံရမှာလဲ''
ဗိုက်ဆာနေတဲ့ အရှိန်နဲ့ပေါင်းပြီး ဒေါသက ငယ်ထိပ်ရောက်သွားတယ်။ လှည့်ထွက်မလို့လုပ်နေတဲ့ ဟိုမိန်းမကို ကျွန်မ လှမ်းဆွဲလိုက်ပြီး....
" ပေး .... ကျွန်မ ပိုက်ဆံ ''
'' ဖယ် ... သွားမယ်.... မပေးဘူး ''
''ကဲ.... မပေးဦး''
ကျွန်မ သူ့ဆံပင်ကို မိနေအောင် ဆွဲထားရင်းက သမီးကို အုတ်တိုင်ဘေးမှာ
ချလိုက်တယ်။ ဒေါသကို ထိန်းမထားနိုင်တော့ဘူး။ ဟိုမိန်းမ ဆံပင်တွေကို
ကျွန်မ ယမ်းခါပြီး မြေကြီးပေါ် ဆွဲလှဲပစ်လိုက်တော့ သူကလည်း ကျွန်မလည်ပင်းကို
ညှစ်ပြီး ကျွန်မကို ပြန်လုံးတယ်။ မြေကြီးပေါ် သူရော ကျွန်မရော
လဲကျသွားကြပြီး လုံးသတ်ကြတယ်။ ကျွန်မတစ်ပြန် သူတစ်ပြန် တလိမ့်လိမ့်နဲ့
'' ဟဲ့ ... ဟဲ့ ... ဘယ်လိုဖြစ်တာလဲ။ ဘယ်က မိန်းမတွေလဲ ''
အနားက လမ်းသွားလမ်းလာတွေနဲ့ သစ်သီးသည်တွေ တရုံးရုံးဖြစ်ကုန်ကြပြီး မိန်းမကြီးနှစ်ယောက်က ကျွန်မတို့ကို လာဆွဲတယ်။
'' ညည်းတို့ တစ်ခါတည်း အချုပ်ထဲ ရောက်သွားမယ်။ ဘာမှတ်လဲ။ မြို့လည်ခေါင်မှာ
လာသတ်ရတယ်လို့။ ထ ... ထ ...သွားကြ။ ဟိုမှာလည်း ဘယ်သူ့ကလေးတုံး ''
ကျွန်မရော ဟိုမိန်းမရော ဟောဟဲလိုက် မောရင်းက တစ်ယောက်ဆံပင် တစ်ယောက်
ဆုပ်ဆွဲထားရင်းက တစ်ယောက်နဲ့တစ်ယောက် စောင်ကြည့်နေမိကြတုန်း
အုတ်တိုင်နားမှာ ကြောင်အော်သံလေးနဲ့ တစာစာ ငိုနေတဲ့ သမီးကို သတိရပြီး
ကျွန်မ ထရပ်လိုက်တယ်။ ဟိုမိန်းမကလည်း ကပျာကယာ လူးလဲထပြီး သုတ်ခနဲဆို
သူ့လွယ်အိတ်ဖိုသီဖပ်သီကြီး ကောက်ပြီး လမ်းဟိုဘက်ကို ကူးပြေးတယ်။
'' အလကား ကောင်မ ... သက်သက်လူပါးဝခံရတယ်။ သင်းကို မကျေဘူး''
ကျွန်မ ဒေါသတကြီး တတွတ်တွတ်ရွတ်ရုံပဲ တတ်နိုင်တော့တယ်။ သမီးကို
ပွေ့ချီပြီး ပြန်ထွက်မယ်လုပ်တော့မှ အုတ်တိုင်နားမှာ ပြန့်ကျဲနေတဲ့
ကျပ်တန်နွမ်းနွမ်းလေးတွေ ။ ကျွန်မ ကပျာကယာ တစ်ရွက်ချင်း
လိုက်ကောက်လိုက်တယ်။ ကျပ်တန်ဆယ်ရွက်ကို ဆုပ် ၊ သမီးကို ပွေ့ပြီး
ဝိုင်းနေတဲ့ လူအုပ်ကြားထဲကနေ ကျွန်မ တိုးထွက်လာခဲ့တယ်။
ကြည့်စမ်း
... လမ်းမီးတွေတောင် ပွင့်နေပြီပဲ။ အိမ်က ယောက်ျားနဲ့ ကလေးတွေကို ကျွန်မ
ဖျတ်ခနဲ သတိရလိုက်မိတယ်။ ကျွန်မ ဘယ်လိုပြန်ရပါ့။ ခြေလှမ်းကို
အားယူလှမ်းလိုက်တုန်းမှာပဲ ခေါင်းနဲ့မျက်နှာတွေ နာကျင်ကျိန်းစပ်နေပြီး
ဗိုက်က ဆာလာပြန်တယ်။ မအေ့နို့ပိန်ကို အငမ်းမရ ရှာဖွေရင်း ငိုကြွေးနေတဲ့
သမီးနဲ့ကျွန်မအပေါ်ကို မိုးစက် မိုးပေါက်တွေက တဝါဝေါနဲ့ သွန်ကျလာခဲ့ပြီ။
နုနုရည်အင်းဝ
(၁၉၈၇ ခုနှစ် ၊ စက်တင်ဘာလ ၊ချယ်ရီ)
No comments:
Post a Comment