တက်နေခြည်ဝန်း (ယဉ်ယဉ်နု (မန္တလေး))
-----------------------------------------------
ကိုရီရဲ့ တိရစ္ဆာန် ဆေးကုခန်းကလေးဟာ ၃၃ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ ရှိပါတယ်။
မြို့တော်ရဲ့ အသည်းနှလုံးနေရာ မဟုတ်တောင် အဆုတ်လောက်တော့ ရှိတယ်။ အင်း ...
ကံမကောင်း အကြောင်းမလှစွာ မန်းမြို့တော် ကဖီးတို့၊ ဝင်းလိုက်
ရုပ်ရှင်ရုံတို့နဲ့ နီးတယ်။ ကိုရီကလည်း မိတ်ဆွေ ပေါပေါဆိုတော့ ဝင်းလိုက်
ရုပ်ရှင်ရုံ ရုပ်ရှင် လာကြည့်တဲ့ မိတ်ဆွေတွေ ကိုရီ့ဆီကို အသွားအပြန်
ဝင်ဝင်လာကြပြီး ...
“ကိုရီ လုပ်ဗျာ။ မန်းမြို့တော် ပေါက်စီနဲ့
လက်ဖက်ရည်” ဆိုရင် ကိုရီ အဲဒီနေ့ ဘတ်ဂျက် ထိခိုက်ပြီပေါ့။ လက်ဖက်ရည်
သောက်ရင်းနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လူမှုရေးရာတွေ ရင်ဖွင့်ကြသေးတယ်။
ဒီနေ့ဆိုရင် အံတကြိတ်ကြိတ်၊ လက်သီးတဆုပ်ဆုပ်နဲ့ ကြိတ်မနိုင် ခဲမရ ဖြစ်နေတဲ့
သူငယ်ချင်း တစ်ယောက်က ...
“ကိုရီ စဉ်းစားကြည့်ပါဗျာ။ ကိုရီလည်း
တစ်သက်လုံး သိခဲ့ပါတယ်။ အဲဒီကောင် လေးငါးဆယ်တန်း ကတည်းက ကျွန်တော်တို့
အိမ်က ပေးကျွေး လာခဲ့တာပါ။ မိန်းမ ယူတော့လည်း ပိုက်ဆံချေးရ သေးတယ်။ အခုဗျာ
ကျွန်တော်နဲ့အတူ မလေးရှား သွားဖို့ လုပ်နေတာ။ ဒီကောင် ကျွန်တော့်ကို
မပြောဘဲ ခြေပုန်းခုတ်ပြီး ထွက်သွားပြီလေ။ အတူသွားမယ် ဆိုတဲ့ စိတ်ဓာတ်
မထားနိုင်ဘူး သိလား” ဆိုတာကို တစ်နေကုန် ဖျောင်းဖျ နေခဲ့ရတယ်။ ကိုရီရဲ့
လူနာစင် ပေါ်က (အဲ ... အဲ) တိရစ္ဆာန်နာစင် ပေါ်က ခွေးလေး၊ ကြောင်လေးတွေက
ငေးလို့ပေါ့။ အဲဒီလိုနဲ့ ညနေစောင်း သွားပြန်တော့ အစ်မဝမ်းကွဲ တစ်ယောက်က
ငိုကာ ရယ်ကာနှင့် ရောက်လာပြန်ပါ လေရော။
“မောင်လေးရယ် ... မင်း
စဉ်းစားကြည့်။ မေသီတာ ဆိုတာ တူမ အရင်းလေးလို စောင့်ရှောက် လာရတာ ။ အခု
ဆေးခန်း သွားချင်လို့ ဆိုင်ကယ် သွားငှားတာ၊ တရုတ်ဆိုင်ကယ်ပဲ ယူသွားပါတဲ့။
ဂျပန်ဆိုင်ကယ်က ရေဆေးထားလို့ ချမစီးချင်ဘူးတဲ့။ အစ်မကို ပြောင်ပြောင်ကြီး
ပြောလွှတ်လိုက်တယ်။ ငါတို့ ကျွေးထားတဲ့ ထမင်းတွေ၊ ငါတို့ ဆင်ထားတဲ့
အဝတ်အစားတွေ ... ဟီး ... ဟီး” ဆိုပြီး ငိုပြန်ပါလေရော။
ကိုရီ
ခေါင်းကုတ်ပြီး ချော့ရပြန်ပါ တော့တယ်။ သူတို့က အတုံ့အပြန် လိုချင်လို့
ပြောတာ မဟုတ်ပါဘူးလို့ ဘယ်လိုပဲ ပြောပြော သူတို့ စကားတွေထဲမှာ အတုံ့အပြန်
လိုချင်တာတွေက အထင်းသား ပေါ်နေလို့ ကိုရီ သက်ပြင်း ချရပါတယ်။ အကုန်လုံး
ရှင်းသွားကြပြီး ည ခုနှစ်နာရီထိုးလောက် ကျတော့ ဝတ္ထုတစ်ပုဒ်
ထိုင်ဖတ်နေမိတယ်။ ကိုရီက ဝတ္ထုဖတ်ရင် ဈာန်ဝင်တတ်တယ်။ တစ်အောင့်လောက်ပဲ
ကြာတယ်လို့ ထင်တဲ့အချိန်၊ ဖျတ်ခနဲ နာရီ လှမ်းကြည့်မိတဲ့ အချိန်မှာ ကိုးနာရီ
ခွဲပြီးနေပြီ။
အမယ် ... အချိန် မနည်းတော့ပါလား။ ဆေးခန်း
ပိတ်တော့မှပဲလို့ စဉ်းစားလိုက်မိတဲ့ အချိန်မှာ ဖျတ်ခနဲ တစ္ဆေတစ်ကောင်လို
ကလေးလေး တစ်ယောက် ဆေးခန်းထဲသို့ ဝင်လာပါတယ်။
ဝင်လာပုံက
တိတ်တိတ်ဆိတ်ဆိတ်မို့ ကိုရီ ကြောင်သွားပါတယ်။ သူကလည်း ကိုရီ့နားမှာ
ဘာမှမပြောဘဲ ရပ်နေတယ်။ အသက် ၁၃ နှစ်လောက် မည်းမည်းပိန်ပိန်
ညှဉ်းဆိုးဆိုးနဲ့ ဂျင်းဘောင်းဘီ ဒူးပြတ်ကလေး ဝတ်ထားတဲ့ ကလေးဟာ
ပြူးကြောင်ကြောင် ကလေးနဲ့ ကိုရီ့ကို ကြည့်နေတယ်။ ကိုရီက သူ့ခေါင်းပေါ်က
မဖြီးမသင်ဘဲ ထားတာ ကြာပုံပေါက်နေတဲ့ ဆံပင်ရှည်ရှည် အရောင်မွဲမွဲတွေကို
စိုက်ကြည့်ရင်း ....
“ဘာတုန်းကွ” လို့ မေးလိုက်မိတယ်။
သူက
“ဟိုသင်းဗျ။ ကျွန်တော့် ခွေးမကြီး မမွေးနိုင်လို့ ဆရာ လိုက်ကြည့်ပေးပါ”
လို့ ပြောတယ်။ ဘုရားရေ ... အခုပဲ ကိုးနာရီ ခွဲနေပြီ။ ဒီကောင်လေး ပုံစံနဲ့
သေချာတယ်။ အယ်လ်ဇေးရှင်းတော့ ဟုတ်မှာ မဟုတ်ဘူး။ ကိုရီ ပျင်းရိပျင်းတွဲ
ထပြီး အညောင်းဆန့် လိုက်တယ်။
“ဆရာ မွန်းလွဲ နှစ်နာရီက တစ်ကောင်
မွေးထားတာတဲ့။ အခုထိ နောက်ထပ် မမွေးတော့ဘဲ ဗိုက်ကြီးပူပြီး ညည်းနေတာ။
မြန်မြန်လုပ်ပါ ဆရာ၊ ခွေးမကြီး သေတော့မှာ ထင်တယ်”
မွန်းလွဲ
နှစ်နာရီက တစ်ကောင် မွေးထားတာ ဆိုတဲ့ စကားက ကိုရီ့ကို ဒိန်းခနဲ
ဖြစ်သွားစေတယ်။ ဆတ်ခနဲ ဆေးအိတ်ကို ဆွဲယူလိုက်ပြီး တံခါးကို မြန်မြန်
ဆွဲပိတ်လိုက်တယ်။ အပြင်ဘက်ကို ရောက်တော့မှ ဆေးခန်းထဲကို မဝင်ဘဲ
မှောင်ရိပ်မှာ ထိုင်နေကြတဲ့ ကလေးသုံးယောက်ကို မည်းမည်း မည်းမည်းနဲ့
ထပ်တွေ့ရတယ်။ ကလေးတွေက ပြိုင်တူ ထရပ်လိုက်ကြတယ်။
မလင်းတလင်း
လမ်းဓာတ်မီးတိုင် အောက်မှာ အကုန်လုံးဟာ ညစ်တီးညစ်ပတ်
ပေစုတ်စုတ်ကလေးတွေပဲလို့ ကိုရီ သတိထားလိုက်မိတယ်။ တစ်ယောက်က ရသလားလို့
မေးတယ်။ ဆေးခန်းထဲ ဝင်လာတဲ့ကောင်က အေးလို့ ပြန်ဖြေတယ်။ တဝုန်းဝုန်းနဲ့
ပြေးသွားကြပြီး ၈၄ လမ်းကို ကူးပြေးပြီး အနောက်ထဲ ဆင်းပြေးကြတယ်။
ဆိုင်ကယ် ဆွဲထုတ်ပြီး ကိုရီ မောင်းထွက်လာတော့ စောစောက ကောင်က နောက်ခုံပေါ်မှာ ပါလာတယ်။
“စောစော လာခေါ်ရောပေါ့ကွာ” လို့ ကိုရီ ပြောမိတော့ “ကျွန်တော် ပြန်လာတော့
ရှစ်နာရီ ထိုးနေပြီ။ အဲဒီတော့မှ ပေတူးတို့က ပြောပြတာ၊ ထမင်းမစားဘဲ ဆရာ့ကို
လာခေါ်တာ။ ကျွန်တော် ဘူတာကြီးကို သွားရင် ၃၃ လမ်းက ဖြတ်နေကျလေ။
ဆရာ့ဆေးခန်းကို တွေ့တွေ့နေလို့” ကိုရီ ဘာမျှ ပြန်မပြောနိုင်တော့ဘူး။
ကိုရီသည် ၃၃ လမ်းအတိုင်း အနောက်ကို ဆင်းလိုက်တော့ ဒုန်းပြေးနေကြတဲ့
ကလေးအုပ်စုကို ကျော်လာတယ်။ ကလေးတွေက မစောင့်နဲ့ မစောင့်နဲ့လို့ အော်ကြတယ်။
နောက်ကကောင်ရဲ့ လမ်းညွှန်မှုအတိုင်း ဟိုချိုး၊ ဒီကွေ့ မောင်းလာခဲ့တာ
နောက်ဆုံး လမ်းတောင် မရှိတော့ဘဲ အိမ်ကြားတွေထဲ ရောက်လာတော့မှ ဆိုင်ကယ်ကို
ရပ်လိုက်ရတယ်။
တကယ်ကို ပြွတ်သိပ် ကျပ်ညပ်နေတဲ့ ရပ်ကွက်ဗျာ။ အိမ်တွေက
ဖင်ချင်း ခေါင်းချင်း ဆက်နေတာပဲ။ ကပြင်ကလေးရှိတဲ့ အိမ်ကလေးရှေ့မှာ
ခွေးမကြီး တစ်ကောင်၊ ကပြင်ကလေးပေါ် မေးတင်ပြီး တုံးလုံးလေး လှဲနေတယ်။
ခွေးမကြီးက ဗမာခွေးပါ။ လူတွေကလည်း အုံခဲနေတာပဲ။ အဲဒီထဲမှာ မိန်းမတစ်ယောက်က
ဟောင်ဖွာ ဟောင်ဖွာနဲ့ အော်နေတယ်။
“ငါတို့က တစ်နေကုန် ထမင်းဆိုင်မှာ
ရှိနေလို့ ညည်းတို့ လူပါးဝတာ။ ညည်းတို့ ခွေးကို ညည်းတို့ အိမ်တွေထဲ
မွေးခိုင်းပါလား။ လူမရှိတဲ့ အိမ်ပေါ်လာပြီး ပစ်ထားတာ၊ ဒီခွေးလေ
ခွေးလွင့်ကလည်း ငါတို့ အိမ်ပေါ်မှာမှ သောင်တင်နေတယ်။ ဒုက္ခပါပဲ”
သူ့အော်သံကြောင့် ကိုရီ အလုံးစုံကို နားလည်လိုက်ပါတယ်။ ဆိုင်ကယ်ပေါ် ပါလာတဲ့ ဖိုးသားဆိုတဲ့ ကောင်လေးက ...
“ဟာ.. အမေကလည်း တိတ်တိတ်နေပါ၊ ဒီမှာ ဆရာဝန် ပါလာပြီ” လို့ ပြောတော့
“အမယ်လေး ... လျှာရှည်လိုက်တဲ့ မိကျောင်းသား၊ ဆရာဝန် သွားခေါ်ရတယ်တဲ့
အံ့ရော၊ သူတို့က ပိုက်ဆံ ဘယ်လောက်များ ပေါနေလို့ပါလိမ့်” ဆိုပြီး ခြေဆောင့်
အိမ်ထဲဝင်သွားတယ်။ တံခါးလည်း ဝုန်းခနဲ ပိတ်သွားတယ်။
ကိုရီလည်း
ဝတုတ်တုတ် ခန္ဓာကိုယ် မသက်မသာကြီးနဲ့ ကပြင်လေးပေါ်မှာ ဆောင့်ကြောင့်
ထိုင်ပြီး ခွေးမကြီးကို စမ်းသပ်ကြည့်ရတော့တာပါ။ ည ၁၀ နာရီကျော်
မှောင်မည်းနေတဲ့ အချိန်မို့ ကလေးတွေက ဖယောင်းတိုင်လေးတွေ ကိုင်ပေးထားကြတယ်။
ခွေးမကြီးခမျာမှာတော့ ညှပ်ရိုးက သိပ်ကျဉ်းနေတာ တွေ့ရတယ်။ ပထမဆုံး တစ်ကောင်
မွေးတာတောင် သိပ်အံ့ဩဖို့ ကောင်းပါတယ်။ ခွေးမကြီးကို ကလေးတွေက ဝိုင်းကိုင်
ပေးထားကြတယ်။ အစာမစားရဘဲ ကလေးကို ကြိုးစားညှစ်မွေးနေရလို့ သိပ်တောင်
မလှုပ်ရှားနိုင်ပါဘူး။ ပြင်ဆင်စရာ ရှိတာလေးတွေကို ပြင်ဆင်၊ ခွဲစိတ်ရင်
သုံးမယ့် ပစ္စည်းတွေ ချ၊ ခွဲဓား၊ ချုပ်အပ်၊ Catgut ၊ ကတ်ကြေး စတာတွေ
အဆင်သင့် လုပ်ရပါတယ်။ ကပြင်လေးပေါ်မှာပဲ ထမင်းစား စားပွဲခုံလေးချပြီး
ခွေးမကြီးကို တင်ပြီး မေ့ဆေးပေးရတယ်။ မေ့ဆေးထိုးပြီး ငါးမိနစ်အကြာမှာ
ခွေးမကြီး မေ့သွားပါပြီ။ ခွေးမကြီး ခွဲမွေးမလို့ ဆိုတဲ့ သတင်းက သူတို့
တစ်ရပ်ကွက်လုံး ပျံ့သွားတော့ လူတွေကလည်း ဝိုင်းဝိုင်းလည်လို့ပါပဲ။
ကိုရီလည်း ချွေးတရွှဲရွှဲနဲ့ပေါ့။
ည တစ်နာရီထိုးပြီးမှ ခွဲစိတ်မှု
အောင်မြင် ပြီးမြောက်ပါတယ်။ ဗိုက်ထဲက ခွေးကလေး ခြောက်ကောင် ထပ်ရပါတယ်။
အားလုံး ကျန်းကျန်းမာမာနဲ့ မွေးနိုင်ခဲ့ပါတယ်။ ဗိုက်ထဲက ထွက်လာတဲ့
ခွေးကလေးတွေကို သူက တစ်ကောင်ယူမယ်၊ ငါက တစ်ကောင် ယူမယ်နဲ့ ချက်ချင်းပဲ
မွေးစားမယ့်သူတွေ ခွဲတမ်းပြည့်သွားပါတယ်။ ခွေးလေးတွေ ထုတ်ပေးရ၊ သုတ်ပေးရနဲ့
ကိုရီ အလုပ်တွေရှုပ်ပြီး ဗိုက်ပြန်ချုပ်နေတဲ့ အချိန် အနီးကပ်ဆုံးမှာ
ဖယောင်းတိုင် ကိုင်ပေးနေတဲ့ ဖိုးသား လှစ်ခနဲ ပျောက်သွားတယ်။ ခဏနေတော့
သူ့အမေအသံ စွာလောင်လောင်နဲ့ ...
“ဟဲ့ကောင်လေး၊ ဒါ မနက်ဖြန် သုံးဖို့”
“ဟာ ... အမေကလည်း ဗျာ။ ပေးစမ်းပါ”
အားလုံး ခွဲစိတ်၊ ချုပ်လုပ်ပြီးသွားတော့ ခွေးမကြီးကို လိုအပ်တဲ့ ဆေးတွေ
ထိုးပေး၊ အားဆေးတွေ ထိုးပေး၊ ပြီးတော့ လက်ဆေး၊ ပစ္စည်းကိရိယာတွေ ဆေးရပါတယ်။
ကိုရီ ဟင်းချပြီး သူတို့အိမ်ရှေ့ ခုံတန်းလျားလေးပေါ် ပစ်လှဲမတတ် မောသွားတော့
အိမ်တံခါးလေးပွင့်ပြီး ဖိုးသားတို့ အမေ ထွက်ပါလာတယ်။ သူ့လက်ထဲမှာ
ရေနွေးကြမ်း လင်ပန်းလေးနဲ့ ဖန်ခွက်ကလေးတွေက တိုက်ချွတ်ထားလို့
စင်ကြယ်နေသလို သူ့မျက်နှာကလည်း အပြုံးနဲ့ စင်ကြယ်နေတယ်။ စောစောက
အော်ဟစ်နေတဲ့ မျက်နှာ မဟုတ်တော့ဘူး။ အဲဒီလိုနေတုန်း ဖိုးသားက ကိုရီ့ရှေ့ကို
နှစ်ရာတန်လေး တစ်ရွက်စပြီး ချပေးလိုက်တယ်။
တစ်ယောက်ပြီး တစ်ယောက်
လက်သေးသေး ကလေးတွေ၊ လက်ညစ်ပတ် ကလေးတွေ၊ တစ်ရွက်ပြီး တစ်ရွက် ယူလာကြတာ
ငါးဆယ်တန် နွမ်းနွမ်းကလေးတွေ၊ ဆယ်တန်၊ နှစ်ဆယ်တန် အကြွေလေးတွေချည်းပါပဲ။
အားလုံးကို ဖိုးသားက စီထပ်ပြီး ရေပေးတာ ခြောက်ရာ့ငါးဆယ် ရှိပါတယ်။ လက်ကလေး
နှစ်ဖက်နဲ့ ကိုင်ပြီး ကိုရီ့ကို ရိုရိုသေသေ ပေးရှာတော့ ကိုရီလည်း ယူပြီး
အိတ်ထောင်ထဲ ထည့်လိုက်မိပါတယ်။
“ဆရာကြီး ... ခွေး ဒီလို ခွဲမွေးရင် ဘယ်လောက် ယူပါသလဲ” လို့ အမျိုးသမီး တစ်ယောက်က မေးတာကို ကိုရီ ပြုံးပြီး ခေါင်းခါပြလိုက်ပါတယ်။
“ကျွန်တော် ခွဲမွေးရင် တစ်သောင်း ယူပါတယ်ဗျာ” လို့ ကိုရီ သူတို့ကို
အသိခံမှာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်း ပေတိုးတို့၊ ဖိုးသားတို့ သိအောင်
ပြောဖြစ်မှာ မဟုတ်ပါဘူး။
လောလောဆယ်ကို နှစ်နာရီ ခွဲပြီးလို့
သုံးနာရီ ထိုးတော့မှာမို့ ကိုရီ အိမ်ကိုပဲ ဒုန်းစိုင်း ပြန်လာဖြစ်တယ်။
မောမောနဲ့ အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းလင်းချင်း ခေါင်းထဲ ဝင်လာတဲ့
အတွေးက ကလေးတွေရဲ့ ပိုက်ဆံ ခြောက်ရာ့ငါးဆယ်ကို ဘုရားကြီးကို သွားပြီး
တစ်ခုခု လှူလိုက်ဖို့ပဲ။ ဒါပေမယ့် ဒီပိုက်ဆံလေးတွေထဲမှာကို ဇီဝိတဒါနက
ပါပြီးသားလေ။ ဒါမှ အမြော်အမြင် အတုံ့အပြန် လိုချင်ခြင်း ကင်းမဲ့တဲ့ ဒါန။
ကိုရီ ချက်ချင်းပဲ ဆိုင်ကယ်လေးကို ဆွဲပြီး ထွက်လာတာတော့ ဘုရားကြီးဘက်ကိုပဲ
ထွက်ခဲ့တယ်။ မှန်ပေါင်ဆိုင် တစ်ဆိုင်ကို ဝင်ပြီး ကလေးတွေရဲ့ ပိုက်ဆံကို
ကတ်ထူပြားပေါ်မှာ ပေါင်သွင်းထားခဲ့တယ်။ ကိုရီရဲ့ ဆေးခန်းထဲမှာ အဲဒီ
ပိုက်ဆံပေါင်ကို ထောင့်လေး တစ်နေရာ စားပွဲခုံပေါ်မှာ တင်ထားခဲ့တယ်။
“ဟာ ခင်ဗျားဆေးခန်းက ပိုက်ဆံလာဘ်ခေါ်တွေ ဘာတွေနဲ့ ပါလားဗျာ။ ဒါပေမယ့်
ခက်တယ်ဗျာ။ နှစ်ဆယ်တန်လေးတွေ၊ ငါးဆယ်တန်တွေ၊ အနုပ်အစုတ် ကလေးတွေပါလား။
တစ်ထောင်တန်တွေ၊ ဒေါ်လာတွေ မပါဘူးလားဗျာ”
အထူးအဆန်း ကလိတိတိ၊ ရိတိတိ
မေးလာတဲ့ မိတ်ဆွေတွေကို ကိုရီက တခမ်းတနား ဇာတ်ကြောင်းပြောပြပြီး ကလေးတွေရဲ့
လင်းလက်တဲ့ ဒါနကလေးကို အမွှမ်းတင်တတ်တယ်။ အဲဒီအခါ တချို့ စိတ်ဝင်တစား
ခေါင်းတညိတ်ညိတ်နဲ့ နားထောင်တယ်။ တချို့ကလည်း အင်း ... အင်းပေါ့။
တချို့ကလည်း ဝတ်ကျေတန်းကျေ နားထောင်ပြီး ...
“ဒီနေ့ည အင်္ဂလန် ဘယ်နှဂိုးလောက် ရှူးမလဲ မသိဘူးနော်” ဆိုပြီး ထသွားတတ်တာမျိုး။
အဲဒီ လိုနဲ့ တစ်ညနေမှာ ကိုရီရဲ့ သူငယ်ချင်းတစ်ယောက် ထုံးစံအတိုင်း ရင်ဖွင့်ဖို့ ကိုရီ့ဆီကို ရောက်လာပြန်ပါလေရော။
“မမကြီးကွာ ကိုရီရာ၊ အပျိုကလည်း အပျိုကြီး၊ စားမယ့် သောက်မယ့်သူလည်း မရှိ။
ငါ့ကို စောင့်ရှောက်မယ့်သူ မရှိဘူးဟဲ့ ဆိုပြီး အမေ့ရဲ့ အတွင်းပစ္စည်းတွေကို
အကုန်ယူတာ ကိုလည်း ငါတို့က လက်ခံပါတယ်။ ၈၄ လမ်းတိုက် ပေးဟဲ့ဆိုလည်း
ပေးလိုက်တာပဲ။ အခုဟာက ဒေးဝန်းထဲက ပြပေါက် ဆီစက်ဝင်းကြီးကိုတော့ အမွေဆိုင်
ခွဲရအောင်ပါ ဆိုတော့ ကဲကဲဆတ် ငြင်းတော့တာပဲ။ ဘယ်လို လုပ်မလဲ။ ငါတို့ကလည်း
သားသမီးတွေနဲ့ ဆိုတော့ ပြဿနာ တက်ကြတော့တာကွာ”
“အေးလေကွာ၊ သိန်းထောင်ချီ ရထားပြီပဲ၊ တော်ပြီပေါ့။ အပျိုးကြီးဆိုတော့ လောဘကြီးမှာ ပေါ့ကွာ”
သူငယ်ချင်းက တဟားဟား ရယ်ပြီး ထသွားလို့ ဘာမျှ မကြာပါဘူးဗျာ။ လွန်ရော၊
ကျွံရော တစ်နာရီလောက် ရှိသေး။ သူငယ်ချင်းရဲ့ အစ်မ အပျိုကြီး ဒေါင်းတင်၊
မောင်းတင်နဲ့ ပေါက်ချလာပါလေရော။ ငယ်ငယ်ကတည်းက အစ်မလို ဖြစ်နေတဲ့သူ ဆိုတော့
ကိုရီလည်း လန့်တာပေါ့။
“အမယ်လေး ... မောင်ရီ၊ တတ်လည်း
တတ်နိုင်ပါပေ့တော်။ မောင်နှမတွေ ကြားကို နင်ပဲ ရှုပ်ရှုပ်ယှက်ယှက်၊
ငါ့ကိုများ လောဘကြီးသလေး။ ဘာလေးနဲ့ နင်က ဘာဆိုင်လို့ ဝင်ပါရတာလဲ။ နင်
ဘာသိလို့လဲ။ သူတို့မှာ ကုမ္ပဏီတွေနဲ့၊ ၂၆ ဘီ လမ်းပေါ်မှာ တိုက်နဲ့၊ သားနဲ့
မယားနဲ့၊ စောင့်ရှောက်မယ့် လူတွေနဲ့၊ ငါ့မှာသာ အားကိုးရာမဲ့”
တစ်နာရီလောက် ငိုလည်း ငို၊ ဆူလည်း ဆူ၊ ငေါက်လည်း ငေါက်။ ကိုရီလည်း ရစရာ
မရှိအောင် စိတ်ညစ်ပြီး အထုအထောင်း၊ အကြိမ်းအမောင်း ခံလိုက်ရတာ ။
မောင်နှမကြား ဝင်မိတာ မှားပါတယ်။ လောဘ၊ မောဟ၊ ဒေါသတွေနဲ့ အုပ်ဆိုင်း၊
မှုန်မှိုင်းပြီး အပျိုကြီး ပြန်သွားတော့ ကိုရီဟာ အမှောင်ထုထဲမှာ
နစ်မြုပ်ပြီး ကျန်နေခဲ့တယ်။ ပတ်ဝန်းကျင်မှာလည်း နေဝင်ဖျိုးဖျ အမှောင်ထုက
ရစ်သန်းလာနေပြီ။ သဘာဝ အမှောင်နဲ့ လောဘ အမှောင်ကြားမှာ ခေါင်းတဆစ်ဆစ်
ကိုက်နေပြီး ကိုရီ အင်အားမရှိဘူး ဖြစ်နေတယ်။
အဲဒီ အချိန်မှာ
အမှောင်ထုထဲကို မည်းခနဲ တစ္ဆေတစ်ကောင်လို မည်းမည်း အရိပ်ကလေး တစ်ရိပ်
ကိုရီ့နား ဖျတ်ခနဲ ရောက်လာတယ်။ ကိုရီက “ဘာတုန်းကွ” လို့ မေးလိုက်တော့ ...
“ကျွန်တော် ဖိုးသားပါ ဆရာ” လို့ သူက ပြောတယ်။ ကိုရီ လည်ပြန်
တစ်ချက်လှည့်ပြီး မှောင်ထဲက သူတို့ရဲ့ ပိုက်ဆံ မှန်ပေါင်ကလေးကို ဖျတ်ခနဲ
လှမ်းကြည့်မိတယ်။ မှောင်ထဲမှာမို့ မမြင်ရဘူး။
“ကျွန်တော် တစ်ခု မေးချင်လို့ပါ ဆရာ၊ ဟို ... ဟို ခွေးမကြီး နောက်တစ်ခါ မွေးရင်ကော ဒီလိုပဲ ခွဲရဦးမှာလား”
ဟောဗျာ ... မှောင်ထဲမှာ ဘာတွေ လာမေးနေပါလိမ့်၊ တစ်ရေးနိုးမှ
ပေါက်ပေါက်ရှာရှာ ဆိုပြီး ကိုရီ မျက်လုံးဖြဲပြီး ဖိုးသားကို ကြည့်တယ်။
မှောင်ထဲမှာ ကျင့်သားရလာလို့ ဖိုးသားကို ဝါးတားတား မြင်ရတယ်။ သူ့လက်ထဲမှာ
ပိုက်ထားတဲ့ တစ်ထွာလောက် ပစ္စည်းက ဘာပါလိမ့်။ စပ်စု ကြည့်ရင်း ...
“အေးပေါ့ကွ၊ ညှပ်ရိုးကိုက ကျဉ်းနေတယ်ဆိုတော့ နောက်တစ်ခါ မွေးရင်လည်း ခွဲရဦးမှာပဲ”
ပစ္စည်းလေးကို ရင်မှာ ပိုက်ထားတဲ့ ဖိုးသားက တစ်စုံတစ်ခု မပွင့်တပွင့်
ပြောရင်း ဆေးခန်းထဲက ပြန်ထွက်သွားတယ်။ “ဟင်” ဆိုပြီး ကိုရီ ဖျတ်ခနဲ
ထရပ်လိုက်မိတယ်။ အံ့ဩစရာပါလား၊ ဘုရား ... ဘုရား၊ ဖိုးသားရဲ့ အဖြေက
ကိုရီ့နားထဲမှာ အသံလှိုင်းခတ်ပြီး သူတို့ရဲ့ ပိုက်ဆံ မှန်ပေါင်လေးဆီကတစ်ဆင့်
တလက်လက် ဖြာနေတဲ့ အလင်းတန်းတွေ ကိုရီ့ရဲ့ ဆေးခန်းလေးထဲသို့
စီးဝင်လာသလိုပဲ။ ဟုတ်တယ်။ အမှောင်ခွင်း အလင်းဆောင်တဲ့ တက်သစ်စ နေခြည်နုရဲ့
အလင်းရောင်တွေလိုပေါ့။ အခု အမှောင်ထဲမှာ မဟုတ်ဘဲ တက်နေခြည်နဲ့ နွေးထွေးတဲ့
အင်အားသစ်တွေထဲမှာ စီးမျောနေတဲ့ ကိုရီ့နားမှာ တဝဲလည်လည် နေခဲ့တုန်း။
ဖိုးသားက ပြောသွားတယ်။
“ကျွန်တော်တို့လည်း ဒီလိုပဲ ထင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အားလုံး တိုင်ပင်ပြီး ဒီနေ့ကစ ပိုက်ဆံစုကြမယ်လို့၊
ဒီမှာ စုဘူး ဝယ်လာတယ်လေ။ နောင်နှစ်ကျရင် ဆရာ့ကို ခွဲစိတ်ခ ကောင်းကောင်း
ပေးနိုင်အောင်လို့ပါ” တဲ့။
(ဇာတ်လမ်း ပြောပြသော ဒေါက်တာ ခင်မောင်ရီ B.V.S သို့ အမှတ်တရ ...)
------
ယဉ်ယဉ်နု (မန္တလေး)
ရွှေအမြုတေ၊ စက်တင်ဘာလ၊ ၂၀၀၆။
No comments:
Post a Comment