“ပိုက်ဆံကြဲပါဗျို့”
နုနုရည်(အင်းဝ)
ဝါဆိုဝါခေါင် အညာလေကြမ်းက ကားလမ်းမပေါ်မှာ တ၀ုန်းဝုန်း တိုက်ခတ်နေခဲ့တယ်။
လေသံကြားမှာ တောင်ပြုံးသွား ကားရောင်စုံရဲ့ စက်သံ လူသံတွေကလည်း ဆူညံလို့ ….။
“…ပိ်ုက်ဆံကြဲပါဗျို့…”
လက်နှစ်ဖက်ကို ပါးစပ်မှာကာပြီး ဖိုးချိုက အော်လိုက်တယ်။ဖိုးချိုအော်တာနဲ့ ရဲအောင်အသံလည်း ပေါ်လာတယ်။
“ပိုက်ဆံကြဲပါဗျို့….”
ရဲအောင်ရဲ့ အသံလေးလေးကြီးနဲ့အတူ လမ်းဘေးဝဲယာက ဖိုးချိုတို့အုပ်စုရဲ့ သံပြိုင်အော်သံက တစ်ခဲနက်ထွက်ပေါ်လာတော့တယ်။
“ပိုက်ဆံကြဲပါဗျို့…”
“ပက်ကြံ ကျဲဘာဂျို့….”
ဒါက သူများတွေနောက်မှာ အမြဲထွက်လာတတ်တဲ့ ချောစုရဲ့ မပီကလာ ပီကလာအသံ…။
“ဟိုအန်တီကြီး…ပိုက်ဆံကြဲပါဗျို့...”
ဒီအသံက သူများတွေထက် ထူးပြီး အော်တတ်တဲ့ နကား ကျော်မင်းရဲ့အသံ…။
“ကြဲပြီဟေ့…ကြဲပြီ…”
ခရီးသည်တင် ဘတ်စ်ကားကြီးတစ်စင်းပေါ်က ဆယ်တန်လေးတွေ လမ်းဘေးကို
ဝဲပျံလာတယ်။အဆင်သင့်စောင့်ဆိုင်းနေတဲ့ ဖိုးချိုတို့ကလေးအုပ်ကြီးရဲ့
တဟုန်ထိုး အလုခံလိုက်ရတဲ့ ဆယ်တန် အနွှမ်းလေးတွေခမျာ
မည်းညစ်ကြွေမွသွားခဲ့ပြီ။
နကားကျော်မင်းရဲ့
အပြိုင်လုလိုက်ရတဲ့ ရဲအောင် တစ်ကိုယ်လုံး ဖုန်မှုန်တွေ မြေကြီးတွေ
ပေကုန်တယ်။ဆူးကိုင်းနား ပိုက်ဆံက ကျသွားတော့ ရဲအောင် လက်ဖမိုးမှာ
ဆူးခြစ်ရာကနှစ်ခု။ဘာထူးလဲ ရဲအောင်တင်မှ မဟုတ်ပါဘူး။ဖိုးချိုရော
၊ကျော်မင်းရော ၊ချစ်စုရော ၊လမ်းဘေးဝဲယာတစ်လျှောက်က ကလေးတွေ အကုန်လုံး
ဖုန်တွေ ၊မြေကြီးတွေနဲ့
မည်းညစ်ပေကျံနေကြတာချည်းပဲ။ဆူးခြစ်ရာတွေလည်းကိုယ်ဆီရှိပါတယ်။
“ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…”
သူများလို တစ်ခွန်းချင်း မအော်ဘဲ အဆက်မပြတ် အော်တတ်တဲ့
ဇော်ထူးဆိုတဲ့ကောင် ပွဲတော်ရက်သုံးရက်ရှိသေး၊အသံဝင်နေပြီ။ဘယ်လိုကောင်လဲ
မသိဘူး၊မနားတမ်းအော်နေတာပဲ…။
“ချောစု နင်ရလား”
ချောစုခေါင်းခါတယ် ၊ဒီကောင်မလေးကတော့ ဒါမျိုးတွေချည်းပါပဲ၊သူများတွေနဲ့
ပြိုင်ပြီးလုမှမလုရဲတာချည်း…၊ကြောက်ချေးလေး…ကားတွေကို
ကြောက်လို့တဲ့…လမ်းပေါ်မတက်ရဲဘူး။လမ်းဘေးသူရပ်နေတဲ့နား
ပိုက်ဆံကျလာမှကောက်တယ်၊ဘယ်လိုလုပ် ပိုက်ဆံရတော့မှာလဲ…။ပိုက်ဆံက ကျလာရင်
လုနိုင် ၊ယက်နိုင် ၊တွန်းနိုင် ၊ထိုးနိုင်မှ ကိုယ်ရတာ၊ဒီကောင်မလေး
ဒီနေ့လည်း သူ့အမေ ရိုက်ခံရမှာပဲ။သနားလည်း သနားပါတယ်။ပွဲတော်စတဲ့နေ့
ဖိုးချိုတို့နဲ့ လိုက်လာခါစနေ့တုန်းကများ ကားအကြီးကြီးတစ်စင်းလာတာကို
ကြောက်ပြီး လမ်းဘေးချိုင့်ထဲ ဆင်းဝပ်တာ ပြားနေတာပဲ၊ ရယ်လည်းရယ်ရတယ်။
“ပက်ကြံ ကျဲဘာဂျို့…”
ဒါပဲ၊ချောစု ဒါပဲ တစ်ခွန်းချင်းအော်နေမယ်၊ပြီးရင်
ချောင်းကအဆက်မပြတ်ဆိုးရဦးမယ်။ချောင်းဆိုးရလွန်းလို့သူ့မျက်လုံးထဲမှာ
သွေးခြယ်တွေ ဥနေတယ်။
“ပိုက်ဆံကြဲပါဗျို့…”
ခပ်လှမ်းလှမ်းက လာနေတဲ့ ကားအကောင်းစား လှလှလေးတစ်စင်းကို မြင်တာနဲ့
ဖိုးချိုတို့အုပ်စုရဲ့ အားတက်သရော အော်သံတွေ
ထွက်လာတယ်။ဒီလိုကားမျိုးတွေပေါ်ကမှ တစ်ရာတန် ၊နှစ်ရာတန်တွေ ကျလာတတ်တာ…။
ဟော…ဟော…မပြောဘူးလား၊ ကားမှန်မည်းမည်းလေး ပွင့်သွားပြီး
ဝတုတ်ဖြူဖွေးနေတဲ့ ချစ်စုတို့အရွယ် ကောင်မလေးတစ်ယောက်ရဲ့
မျက်နှာလေးထွက်လာပြီ။
“ဟေး...ရာတန်တွေကွ…”
ကားလေးဘေးမှာ ဖိုးချိုရယ်၊ ရဲအောင်ရယ် ၊နကားကျော်မင်းရယ်
၊ဇော်ထူးရယ် ရောထွေးသွားကြတယ်။ပိုက်ဆံကြဲချတဲ့ ကောင်မလေးက
မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ပိတ်သွားအောင် သဘောကျရင်း ပါသွားတယ်။
“ဟေ့…ကောင်လေးတွေ”
ရာတန်တစ်ရွက်ကို သဲကြီးမဲကြီး ပြိုင်လုဆွဲနေတဲ့ ဖိုးချိုနဲ့
ကျော်မင်းနားမှာ ကားဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင်ကို ကြားလိုက်ရတာနဲ့
လမ်းဘေးကို လှိမ့်ချပြီးသားဖြစ်နေပြီ။
“သေမယ် ၊သေမယ် ၊မင်းတို့တွေ သောက်မှတ်လည်း မရှိကြဘူး ၊ပိုက်ဆံပဲမဲနေ ၊မင်းတို့အဖေလာတာလည်း ကြည့်ဦးမှပေါ့ကွ”
ကားဒရိုင်ဘာရဲ့ ဒေါသတကြီးရေရွတ်သံနဲ့ ခရီးသည်တွေရဲ့
တစ်ယောက်တစ်ပေါက် ပြောသံတွေကို ထုံးစံအတိုင်း ဖိုးချိုတို့က မကြားသလို
လုပ်နေလိုက်ကြတယ်။ဒါမျိုးတွေက ရိုးနေပါပြီ။
“ကားပေါ်က ပိုက်ဆံကြဲချတဲ့ အကျင့်ကြီးကိုက မကောင်းဘူး ၊စေတနာရှိလို့ ပေးချင်ရင် ရပ်ပြီးပေါ့”
“အဲ့ဒါ…မန္တလေးမြို့ရဲ့ ပိုက်ဆံထားစရာ မရှိတဲ့သူတွေလေ၊ သူတို့စတာပေါ့ဗျာ…တောက်…”
မလုပ်ပါနဲ့ဗျာ၊ မပြောပါနဲ့။သူတို့က
ကျုပ်တို့ကျေးဇူးရှင်တွေဗျ။ကားပေါ်မှာ ဒေါသကြီးသွားတဲ့ ခရီးသည်ကြီးကို
ဖိုးချိုစိတ်ထဲက ပြောလိုက်တယ်။ သူတို့ကမှ ရာတန်ကြဲတာ ဦးကြီးရေ ၊
ဦးကြီးတို့က ငါးကျပ်တန်တောင် လေးငါးရွက်အနိုင်နိုင် သိရဲ့လား။
“ဟေ့ကောင် မင်း တအားလုတာနဲ့ ပိုက်ဆံက ပြဲသွားပြီ” ကျော်မင်းက ပြတ်လုလုရာတန်လေးကို ကြည့်ပြီး နှမြောတသနေတယ်။
“ငါ့လက်ထဲရောက်ပြီးသားကို မင်းကဘာလို့ လာလုသေးလဲ”
ခြေမြန်လက်မြန်ဖိုးချိုက ကျော်မင်းရဲ့ နားရွက်ကားတစ်ဖက်ကို
လှမ်းဆွဲလိမ်ပစ်လိုက်တော့ ကျော်မင်းက ဟေ့ကောင်နော်ဆိုပြီး
ရုန်းထွက်သွားတယ်။အလကား နကား ၊ဥာဏ်နီဥာဏ်နက်သာ ထုတ်တတ်သာ၊ သတ္တိကတော့
တစ်စက်မှမရှိပါဘူး။
“မင်းတို့…မင်းတို့ကောင်တွေ
သေသေတော့ မလို့၊ကား…ကားက ဘရိတ်အုပ်လိုက်လို့ ၊အောင်မြင့် အောင်မြင့်လို
ဖြစ်တော့မလို့”
ရဲအောင်က သူ့အသံလေးလေး ထစ်အ ထစ်အနဲ့
ဝင်ပြောတော့ ဖိုးချိုနဲ့ ကျော်မင်းက မျက်နှာလေးတွေ ငယ်သွားကြတယ်။မနှစ်က
ပွဲတော်စည်ရက်တစ်ရက်မှာ ပိုက်ဆံလုရင်း ကားကြိတ်ခံသွားရတဲ့ အောင်မြင့်
မျက်နှာကို သတိရသွားကြတယ်။
“ဘာဆိုင်လို့လဲကွ၊ အောင်မြင့်က
နောက်က မောင်းလာတဲ့ ကားက တအားမောင်းလာလို့ သေတာပဲ။ဖြည်းဖြည်းမောင်းရင်
ဘာမှမဖြစ်ဘူးကွ၊ ဘရိတ် အုပ်လိုက်ရတာပဲ…”
“အောင်…အောင်မြင့်က နတ်…နတ်ဖြစ်နေပြီတဲ့ကွ…”
“ဟင်…ဟုတ်လား…”
နတ်ကို ရိုသေကြောက်ရွံ့တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရတဲ့
ဖိုးချိုတို့တတွေ ခဏငြိမ်သွားကြတယ်၊ ခဏပါပဲ။ကားတစ်စင်းပေါ်က ပိုက်ဆံလေးတွေ
ဝဲကျလာတဲ့အခါမှာတော့ ၀ုန်းခနဲပြေးလိုက်ကြရင်း “ပိုက်ဆံကြဲပါဗျို့”ကိုလည်း
တာဝန်တစ်ရပ်လို သံပြိုင်အော်လိုက်ကြပြန်တယ်။
“ဗိုက်ဆာတယ်၊ ထမင်းသွားစားမယ်ဟေ့ ချောစု…လာ…”
လမ်းဘေးချိုင့်ထဲ ဖိုးချိုဆင်းပြေးတဲ့နောက်ကို ချောစုက
ချောင်းတဟွတ်ဟွတ်ဆိုးရင်း ပြေးလိုက်လာတယ်။ရဲအောင်လည်း
ပြေးလိုက်လာတယ်။ကျော်မြင့်နဲ့ဇော်ထူးကတော့ လမ်းအရှေ့ဘက်က
သူတို့တဲစုလေးတွေဆီပြေးပြီ။ဒီကောင်တွေက ဟိုဘက်အနိမ့်ပိုင်းရွာတွေက
…။ဒီအချိန်ဆို ရေကြီးပြီး သူတို့အိမ်တွေမြှပ်ကုန်တော့
ကားလမ်းဘေးခဏလာနေရတယ်။ရေမြှပ်လို့ အလုပ်အကိုင်မရှိ ပိုက်ဆံမရှိတာနဲ့၊
ပိုက်ဆံကြဲတာနဲ့ အံကျနေလို့ တော်သေးတာပေါ့ ။
“အမေ …ဘာဟင်းလဲဗျ…”
“ပုစွန်လုံးနဲ့ မန်ကျည်းသီးစိမ်းချက်…”
ထမင်းထုပ် ဒန်အိုးကို ဖိုးခ်ျိုက အငမ်းမရဖွင့်တော့ အမေ့လက်ခေါက်က ဖိုးချိုခေါင်းပေါ် ‘ဒေါက်’ခနဲ ရောက်လာတယ်။
“ကောင်လေးဟာ ဒီလိုချည်းပဲ။စားရမယ့်ဟာကို ငန်းငန်းတက်နေတာပဲ။ပြစမ်း ပိုက်ဆံဘယ်လောက်ရလဲ…”
ဖိုးခ်ျို မျက်နှာ ရှုံမဲ့သွားပြီး အိတ်ထောင်ဖတ်လေးထဲက ငါးကျပ်တန် ဆယ်တန်
အလုံးလေးတွေနဲ့ ဘောင်းဘီအိတ်ထဲက ရာတန်အလုံးလေးတွေကို ထုတ်ပေးလိုက်တယ်။
“အမယ် ရာတန်တွေပါလား”
ပိုက်ဆံလုံးလေးတွေကို ဖြန့်ရင်း အမေ့မျက်နှာက ပြုံးသွားတယ်။
“ဟဲ့ နင့်ဘယ်သူက လုစားမှာမို့လဲ၊ကောင်လေးဟာ ဖြည်းဖြည်းစားစမ်း…”
အမေ့လက်ခေါက်ကိုရှောင်ရှားရင်း လည်ချောင်းထဲက ထမင်းလုတ်ကို ဖိုးချို မျိုချလိုက်တယ်။
“အမေ …အောင်မြင့်က နတ်ဖြစ်နေပြီဆို …ဟုတ်လား”
“အို…ပေါက်ပေါက်ရှာရှာ အလကားတောင်ပြုံးမှာ နတ်တစ်ပါးတိုးမလားလို့ သူ့အမေ
နတ်ကတော် ထွင်နေတာ ။ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ကြားရင်
စိတ်ဆိုးဦးမယ်…”
ဖိုးချိုဝမ်းသာသွားသည်။ အောင်မြင့် နတ်ဖြစ်လာပြီး
ကိုယ့်ကိုလာပြီး နတ်ကိုင်မှာကို ဖိုးချိုကြောက်တယ်။ဖိုးချိုတို့ရွာတွေမှာ
နတ်ကိုင်ခံရလို့ ဖျားနာတဲ့သူတွေ ပါးစပ်ကြီးရွဲ့သွားတဲ့သူတွေ၊
လမ်းမလျှောက်နိုင်တော့တဲ့သူတွေ အများကြီးရှိတယ်။
“အမေ ငါးဆယ်လောက် ပြန်ပေး။မုန့်ဝယ်စားချင်တယ်။”
“ဟဲ့…နင်ဟာက မလွန်ဘူးလား ၊ခုပဲ ထမင်းတွေ တစ်ဇလုံကြီး ၊ငတ်ကြီးက ကျကျနိုင် ရော့ ရော့…”
အမေ ပစ်ချလိုက်တဲ့ ပိုက်ဆံကြေငါးဆယ်ကို အမြန်ကောက်ပြီး ၀မ်းသာအားရ
လမ်းမဆီကို ဖိုးချိုပြန်ပေးခဲ့တယ်။ငရုတ်သီးစပ်နေတုန်း
ရေခဲချောင်းချိုချိုကို စုပ်လိုက်ရတဲ့ အရသာကို ဖိုးချိုအလွန်ကြိုက်ပေါ့…။
“ပိုက်ဆံ ကြဲပါဗျို့…”
နကားကျော်မင်းတို့ ဇော်ထူးတို့ အလုပ်ပြန်စနေပြီ။ခဏနေဦးမယ် ရေခဲချောင်းလေးကို အရသာခံပြီး စုပ်လိုက်ဦးမယ်။
“ဟေး…နှစ်ရာတန်တွေကွ…ဟေး…”
မေးစေ့ပေါ် စီးကျလာတဲ့ ရေခဲချောင်းအချိုရည်ကို လျှာနဲ့လိမ်းသတ်နေတဲ့
ဖိုးချို တုန်ခနဲ ဖြစ်သွားတယ်။ဟာ…ကားတန်းကြီးက အရှည်ကြီးပဲဟ၊ မဖြစ်တော့ဘူး။
“ဟဲ့ …ကောင်မလေး…ရော့…”
လက်ကျန်ရေခဲချောင်း ငုတ်စိလေးကို စောစောကတည်းက ပါးစပ်တပြင်ပြင်နဲ့
မျှော်နေတဲ့ ချောစုလတ်ထဲ ထိုးထည့်ပေးခဲ့ပြီး ကျော်မင်းတို့အုပ်စုထဲကို
အရှိန်အဟုန်နဲ့ ဖိုးချိုတိုးဝင်လိုက်တယ်။နကားနဲ့ ဇော်ထူးကြားဝင်ပြီး
လက်နှစ်ဖက်နဲ့ နှစ်ကောင်လုံးကို ဆောင့်တွန်းလိုက်ပေမယ့် ဟိုနှစ်ကောင်က
ငါးဆယ်တန်နှစ်ရွက်ကို ကောက်ပြီးသားဖြစ်နေပြီ။
“ဟား…ဟား…ဖိုးချိုရာ…သနားတယ်…သနားတယ်…”
ဒေါသဖြစ်သွားတဲ့ ဖိုးချိုပါးစပ်က ကလေးနဲ့မလိုက်တဲ့ လူကြီးအဆဲတစ်ခု
တစ်တစ်ခွခွထွက်လာတယ်။နကားကျော်မင်းက ပြန်ဆဲဖို့ အရှိန်ယူပေမယ့် ကားတန်းဆီက
ဝဲပျံထွက်လာတဲ့ ပိုက်ဆံလေးတွေကြောင့် ပါးစပ်ပိတ်ပြီးပြေးတယ်။ဖိုးချိုနဲ့
ရာတန်တစ်ရွက်ကို အကြိတ်အနယ်လုလိုက်ရတယ်။ဖိုးချိုဆိုတဲ့ကောင် သူရသွားတော့
မျက်နှာကပြုံးဖြဲဖြဲ ၊ခွေးသူတောင်းစား။နကားကျော်မင်းက
မျက်နှာကိုစူပုတ်ထားတယ်။
ကားတန်းက
နည်းနည်းကျဲသွားပြန်ပြီ။တစ်ချို့ကားတွေက ကားရှင်းရင် တအားသာ
မောင်းသွားတာ။ပိုက်ဆံလေးတစ်ရွက်တောင် ကျဲဖော်ရတာမဟုတ်ဘူး။ပြောတုန်းရှိသေး
၊ကားတစ်စင်းက အပြင်းမောင်းရင်း ပိုက်ဆံလေးတစ်ရွက်က ဖြန်းခနဲ
လေအရှိန်နဲ့ပါလာပြီး ဘယ်သူမှ မလုလိုက်နိုင်ခင်မှာ ဖိုးချိုရဲ့ ရေခဲချောင်း
ငုတ်စိကို မက်မက်မောမောစုပ်နေတဲ့ ချောစုရဲ့ ခြေထောက်နား ဖတ်ခနဲကျတယ်။
“ဟာ…ငါးရာတန်…”
ဖိုးချိုတို့ အားလုံးဆီက အံ့သြတကြီး အော်လိုက်သံတွေနဲ့အတူ ချောစုက
ဖျတ်ဆိုအလျင်အမြန်ကောက်လိုက်တယ်။ပြီးတော့ ၀မ်းသာလို့လားမသိ။ချောင်းက
အဆက်မပြတ်ဆိုးပါလေရော။ကောင်မလေးကိုကြည့်ပြီး ဖိုးချိုတို့တစ်သိုက်က
ဝိုင်းရယ်ကြတယ်။
“ငါ…ငါ…တစ်ခါ…တစ်ခါမှ…ငါး…ငါးရာတန်မရဖူးဘူး”
“အေးကွာ…”
ရဲအောင်စကားကို ဇော်ထူးက ထောက်ခံရင်း နောက်လာတဲ့ ကားတွေကို
“ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…”တဲ့။ဇော်ထူးလိုပဲ
ဖိုးချိုစိတ်ထဲမှာ “ငါလည်းလိုချင်လိုက်တာကွာ”လို့ ပြောမိတယ်။
“ဟော …လာပြီဟေ့…ကားတွေ…၊ပိုက်ဆံကြဲပါဗျို့…”
ဟာ…ကားအကောင်းစားတွေပဲ ပိုက်ဆံရွက်တွေကျလာပြီ။ငါးဆယ်တန် ၊ရာတန်။ဟာ…ဟိုမှာ …ငါးရာတန်တွေကွ…။လေအဟုန်လို ဖိုးချိုတအားပြေးလိုက်တယ်။
“ဟေ့ကောင်လေး၊ ဟေး…”
“ဖိုးချို…ဟေ့ကောင်”
အော်သံတွေနဲ့ ကားဘရိတ်အုပ်သံကအကျယ်ကြီးကိုတော့
ဖိုးချိုကြားပါသေးတယ်။ဒါပေမယ့် ငါးရာတန်တွေဆီမရောက်ခင်မှာဘဲ
ဖိုးချိုတစ်ကိုယ်လုံး လေထဲမှာ မြောက်တက်သွားခဲ့ပြီ။အမေလုပ်ပါဦး။အေ
ာင်မြင့်ကိုမြင်ရတယ်။ဟေ့ကောင် အောင်မြင့် ငါ့ကို
လာမခြောက်နဲ့။မင်း…မင်း…ငါ့ကိုလည်း
ခေါ်လို့မရပါဘူး။သွား…သွား…ငါဘာမှမဖြစ်ဘူး။ကြည့်…ငါအော်ပြမယ်၊
ပိုက်ဆံကြဲပါဗျို့…ပိုက်ဆံကြဲပါဗျို့…။ပိုက်…ဆံ…ကြဲ…ပါ…ဗျို့…။
နုနုရည်(အင်းဝ)
ရွက်နုဝေ၊(နိုဝင်ဘာ ၊၂၀၀၆)
No comments:
Post a Comment