စိတ်ဈေး
========
ရူးတယ်ဆိုတာ တကယ်တော့ နာမည်သာဆိုးတာ ဘယ်လောက် အနေအထိုင် လွတ်လပ်တယ်
မှတ်သလဲ။ တကယ်တော့ ခုချိန်မှာ ရူးနေတာ အကောင်းဆုံးပဲ။ ရူးရတဲ့ဘဝလောက်
ပျော်စရာကောင်းတာ ရှိဦးမလား။
လောကမှာ အဓိကကျတာက အမြဲတမ်း စိတ်ချမ်းသာပြီး ပျော်ရွှင်နေဖို့ပဲ မဟုတ်လား။
ဒီတော့ ရူးတယ် အပြောခံရတာ နာစရာမှ မဟုတ်ဘဲ။ ငါ့ဘဝကြီး လွတ်လပ်တော့မယ်၊
ပျော်ပျော်ရွှင်ရွှင် နေရတော့မယ် ဆိုတဲ့ နိမိတ်လက္ခဏာ ပဲလို့ သဘောထားလိုက်
ပါတယ်။ ဒါပေမယ့် တစ်ခု စိတ်မကောင်းစရာ ကောင်းတာက ကျွန်မ အမှန်တကယ်
မရူးသေးတဲ့ အဖြစ်ပါပဲ။
ကိုယ်ရည်သွေး တီးလုံးတွေ ကြားမှာ
ကိုယ်ပိုင်သံစဉ် ရှာနေခဲ့တာ ဒီဆိုင်ကို စရောက်ကတည်းက ဆိုပါတော့။ မိသားစုရဲ့
ရုတ်ခြည်း ပြောင်းလဲသွားတဲ့ မွန်းကြပ်မှုတွေကြောင့် တစ်ထောင့် တစ်နေရာက
လိုအပ်တဲ့ ကွက်လပ်ကို ဖြည့်ဆည်းဖို့ ဈေးထဲမှာ သည်ဆိုင်ကလေးကို စဖွင့်မိတဲ့
နေ့ကစလို့ စိတ်အကျဉ်း ကျခဲ့ရတာ ပါပဲ။
ဖေဖေ ရုတ်တရက် ကျန်းမာရေး
ချို့ယွင်းလာလို့ စီးပွားရေး ကျပ်တည်းတဲ့ မိသားစုကို ဖေ့ဖေ့အစ်မ
သုံးလေးဝမ်းကွဲ တော်တဲ့ ဒေါ်လေးရီက ဈေးထဲက သူ့ရဲ့သုံးခန်းတွဲ ဆိုင်ကြီးရဲ့
ထောင့်တစ်နေရာမှာ ဈေးလာရောင်းဖို့ ခေါ်တုန်းက မျက်ရည်လည်အောင်
တုန်ယင်လှိုက်လှဲစွာ ဝမ်းသာခဲ့ရပါတယ်။ မိတ်ဟောင်း ဆွေဟောင်း တချို့နဲ့
ရပ်ဆွေရပ်မျိုးတွေ ကတော့ ငယ်စဉ်က ဖေဖေတို့ မိသားစုရဲ့ ဆပ်မကုန်တဲ့
ကျေးဇူးတွေ ရှိတဲ့ ဒေါ်လေးရီ တစ်ယောက် သည့်ထက်မက ကူညီသင့်တယ်လို့ ဝေဖန်
ပြောဆိုကြပေမယ့် ကျွန်မတို့ မိသားစု အတွက်ကတော့ ဒေါ်လေးရီဟာ ရှာမှ ရှားတဲ့
မဟာ ကယ်တင်ရှင်ကြီးလို့ မှတ်ယူပြီး ကျေးဇူး အထပ်ထပ် တင်နေမိတာ အမှန် ….။
အထိအတွေ့ နည်းပါးလွန်းသဖြင့် စိမ်းနေသော အဒေါ် လုပ်သူ၏ ပထမဆုံး ဈေးနေ့က နှုတ်ဆက်စကားကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။
"နို့ ... နေပါဦး၊ ညည်းက ကဗျာဆိုလား ဝတ္တုဆိုလား ရေးသေးဆို"
"ဟုတ်ကဲ့ ... ဝါသနာပါလို့ နည်းနည်းပါးပါး ရေးစမ်း ကြည့်တာပါ"
"ပိုက်ဆံကော ရရဲ့လား"
"နောက်တော့ နည်းနည်းပါးပါး ရမယ် ထင်တာပါပဲ"
"ညည်းဟာကလဲ နည်းနည်းပါးပါးချည်း ပါလား။ အေးလေ ညည်းအဖေကြောင့် ငါက ညည်းတို့
သားအမိတွေ သနားလို့ ဈေး ပေးရောင်းထားတာ၊ ဈေးသည်နဲ့ တူအောင်တော့ နေပေါ့အေ၊
ရုံးစာရေးမ လိုလို၊ စာရေးဆရာမ လိုလို၊ ကောလိပ်ကျောင်းသူ လိုလို ဟန်ကြီး
တစ်ခွဲသားနဲ့ သူများ အမြင်ကတ်အောင်တော့ လုပ်မနေနဲ့ပေါ့၊ နောက်ပြီး
အဲဒီစာတွေ၊ ကဗျာတွေကိုလည်း စိတ်ကူးယဉ်ပြီး ရူးနေရမယ့် အချိန် မဟုတ်တော့ဘူး။
ငါ့ မျက်စိနောက် နေရင်တော့ ငါ့စည်းကမ်းအတိုင်း နေရမှာနော်။ ညည်းအမေ
ကြည့်ရတာလဲ သားသမီးတွေကို နိုင်နင်းမယ့်ပုံ မပေါ်ပါဘူး"
မြတ်စွာဘုရား မြင်မြင်ချင်း ဆောက်နဲ့ ထွင်းသလို ဆွေမျိုးသားချင်း တစ်ယောက်ရဲ့ ကြိုဆိုမှုက နွေးထွေး လှချည်လား။
* * *
ဈေးမှာ အနေကြာလာတော့ သူများ အမြင်ကတ်အောင် မနေနဲ့ဟု ကျွန်မကို ဆုံးမခဲ့သော
ဒေါ်လေးရီမှာ ဆိုင်ပတ်ဝန်းကျင်တွင် မည်သူနှင့်မျှ မသင့်မြတ်ကြောင်း
သိထားရခြင်းအတွက် ကျွန်မ ထူးပြီး အံ့ဩ မနေတော့ပါ။
အများအမြင်တွင်
ကြွားလုံး ကြီးတတ်သူ၊ ကိုယ်ရည်သွေးလွန်းသူ ဖြစ်နေသော ဒေါ်လေးရီနှင့် အနီးကပ်
နေရသော ကျွန်မသည်ပင် အနေကြာလာမှ ဆိုင်နီးချင်းများ၏ ပကတိ ခင်မင်မှုကို
ရရှိကာ ဘဝတူ ဈေးသည်များနှင့် ထိတွေ့ခွင့် ရပါတော့သည်။
"မဝေက
ကျွန်မတို့ ဈေးမှာ မိသားစုလို ဖြစ်နေပြီ ဆိုတော့ ဈေးသူ ဈေးသားတွေ
စုပေါင်းပြီး လုပ်တဲ့ ဘုံကထိန်မှာ အမာခံ အလှူရှင် ဝင်လိုက်ပါလားဟင်"
တစ်နေ့ ဆိုင်နီးချင်း အချို့နှင့်အတူ မျက်နှာစိမ်း သုံးလေးယောက် ကျွန်မဆိုင်သို့ လာ၍ စည်းရုံးကြခြင်း ဖြစ်သည်။
"အမာခံ အလှူရှင် ဝင်တော့ ဘယ်လို လှူရမလဲ"
"ဒီလိုပါ … ကျွန်မတို့ ဈေးမှာ အမာခံ အလှူရှင်အဖြစ် ရပ်တည်နေကြတဲ့
ဈေးသူဈေးသား ငါးရာကျော် ရှိပါတယ်၊ တချို့ကလဲ ကထိန်ရာသီ ရောက်မှ သင်္ကန်း၊
ထီး၊ ဖိနပ် စသည်ဖြင့် တတ်နိုင်သလောက် လှူကြပါတယ်။ အမာခံတွေကတော့ နေ့စဉ်
ချွေးနည်းစာထဲက တစ်နေ့ကို တစ်ကျပ် တစ်ကျပ် လှူပြီး တစ်နှစ်ပြည့်တော့ အဲဒီ
ငွေတွေနဲ့ မတည်ပြီး အလှူခံမဏ္ဍပ်က ထပ်ပြီး ကောက်ခံရရှိတဲ့ ငွေတွေနဲ့
စုပေါင်းပြီး မြို့နယ်ထဲက စာသင်သံဃာ အများဆုံးရှိတဲ့ ကျောင်းမှာ စုပေါင်း
ဘုံကထိန် ခင်းကြတာပါ"
"အလှူငွေတွေ အများကြီး ရမှာပဲနော်"
"နှစ်စဉ်
တစ်သိန်း ပတ်ဝန်းကျင်လောက်ကို လှူရပါတယ်၊ အမာခံ အလှူရှင်တွေ အားလုံးဆီက
နေ့စဉ် တစ်ကျပ် တစ်ကျပ်ကို ဆိုင်တိုင်ရာရောက် လိုက်ကောက်ခံပေးတဲ့ လုပ်အား
ကုသိုလ်ရှင်လဲ ရှိပါတယ်၊ ဒီငွေတွေကို ဘဏ္ဍာရေးမှူးက စနစ်တကျ ဘဏ်မှာ
အပ်နှံပြီး ထိန်းသိမ်းပေးပါတယ်၊ ဒါကြောင့် မဝေလဲ ပါဝင်ပါလို့
မေတ္တာရပ်ခံတာပါ"
"အို … ပါရမှာပေါ့ရှင်၊ ဒါ ဝန်လေးတဲ့ ကိစ္စမှ မဟုတ်ဘဲ ... ကျွန်မကတောင် ကျေးဇူး တင်ရဦးမှာပါ"
အမှန်တကယ်လည်း ကျွန်မ ကျေးဇူး တင်မိပါသည်။ တစ်ချိန်တည်း တစ်ပြိုင်တည်း
အလုံးအရင်းနှင့် လှူနိုင်ရန် ခက်ခဲသော ကျွန်မအတွက် ဤကုသိုလ်သည်
ရတောင့်ရခဲပင်။ "မလှူတတ်ရင် ဈေးရောင်း" ဆိုသကဲ့သို့ပင် ဆိုင်ခုံပေါ်မှ
တစ်ကျပ်တစ်ပြား လက်လှမ်း လိုက်ရုံမျှဖြင့် ကထိန်ဒါယိကာမ အမည်ခံရ ပေတော့မည်။
သို့ဖြင့် ကျွန်မ၏ အမည်နှင့် နေရပ် လိပ်စာများကို ရေးယူနေစဉ် အသက်
လေးဆယ်ကျော်ခန့် မျက်နှာစိမ်း တစ်ဦးဖြစ်သော
"ဟေ့ ... ညည်းက မြရွက်ဝေ ဆိုပြီး စာရေးနေတာ မဟုတ်လား"
"ရှင် …"
ကျွန်မ အံ့အားသင့်သွားသည်။ အလွန် ကျဲပါးလွန်းသော ကျွန်မ၏ ကလောင် အမည်ကို ပြောနိုင်သောသူက ပြုံး၍ ...
"ဟုတ်ပါတယ် ညည်း မြရွက်ဝေပါ၊ ကျုပ်တို့ မြို့နယ်က ထုတ်တဲ့ အောင်မြေ
မဂ္ဂဇင်းထဲမှာ `အမေ´ ဆိုတဲ့ ဝတ္တုလေးကို ညည်းရေးခဲ့တာ မဟုတ်လား၊
မြမြဝေဆိုတဲ့ ညည်းနာမည် အရင်းရယ်၊ နေရပ်လိပ်စာ ရယ်ကြောင့် ကျုပ်
သိလိုက်တာပေါ့၊ အဲဒီ မဂ္ဂဇင်းက ကျုပ်တို့ အပေါင်းအသင်း မြို့ခံလူတွေ
လုပ်ကြတာလေ၊ ဒါကြောင့် ကျုပ်မှတ်မိ နေတာပေါ့၊ ကျုပ်က စာမရေးတတ်ပေမယ့်
စာဖတ်ပါတယ်၊ စာရေးဆရာတွေကိုလည်း လေးစားပါတယ်၊ အတော်ပဲ ညည်းလဲ
ကျုပ်တို့ဈေးမှာ စာပေသမား တစ်ယောက်၊ လူမှုရေးကိစ္စ၊ ဘာသာရေးကိစ္စ တွေမှာ
တတ်နိုင်သလောက် ဝိုင်းကူဖို့ တိုက်တွန်းရမှာပဲ"
ထိုအချိန်မှ စ၍
စိတ်ရင်း ကောင်းသလောက် စည်းရုံးရေး ထက်မြက်သော ကထိန် အတွင်းရေးမှူး
ဦးမြတ်ငြိမ်းတို့ မိသားစုသည် နောက်သောအခါ ကျွန်မနှင့် စိတ်တူကိုယ်တူ လေးစား
အားထားဖွယ် လူမှုရေး လုပ်ဖော်ကိုင်ဖက် တစ်ယောက်အဖြစ် ရင်းနှီးကျွမ်းဝင်
လာခဲ့ပါတော့သည်။
လက်ရှိ ရောင်းနေသော ဆိုင်လေးအား ပေါက်ဈေးဖြင့်
ဝယ်ယူလိုက်နိုင်သော နောက်ပိုင်းတွင် ဒေါ်လေးရီ၏ လောင်းရိပ်အောက်မှ
လွတ်မြောက်ခဲ့သော်လည်း သူ၏ မြင်ကွင်းစိမ်းထဲတွင်တော့ ကျွန်မမှာ
အများနှင့်အတူ ရောနှော စီးမျောဆဲ …။
"အခုမှ ဘုန်းကြီးရူးနဲ့ လှေလူး
တွေ့နေကြတာလေ၊ ငါတို့ သားသမီးများတော့ ပညာကြိုးစား၊ ကိုယ့်တက်လမ်း
ကိုယ်ရှာ၊ ပြီးတော့ အဆင့်မြင့်မြင့်နေ၊ ကိုယ့်ထမင်း ကိုယ်စားပြီး
ကြီးတော်နွား ကျောင်းတဲ့ ဝါသနာမျိုး ပါလာလို့ကတော့ ရိုက်သတ်ပစ်မယ် မှတ်"
"ခုဆို သားအလတ် အင်ဂျင်နီယာက ဆောက်လုပ်ရေးမှာ အလုပ်ဝင်နေပြီလေ"
"သမီး ဆရာဝန်က ကချင်ပြည်နယ်ဘက် သွားရမှာမို့ မနေ့တုန်းက အနွေးထည်ချည်းပဲ
ဗိုလ်ချုပ်အောင်ဆန်း ဈေးက ရှစ်ထည် ဝယ်ခဲ့ရတယ်၊ ဒါတောင် အများကြီး
သယ်မသွားနိုင်လို့"
"အငယ်ဆုံးကောင်က ဒီနှစ် ကောလိပ်တက်ရမှာ ဆိုပြီး
ဟမ်း(န်)ချိန်း ပူဆာလို့ သွားဝယ်ပေးပါတယ်၊ မြို့ထဲ ရောက်တော့ နာရီကိုပါ
နောက်ဆုံးပေါ်နဲ့ လဲပေးမှ ပြန်မယ်ဆိုလို့ ဝင်လဲပေးလိုက်ရ ပါရောလား"
"အံမယ်လေး … ပြော … မပြောချင်ဘူး၊ နေ့ခင်း နေ့လယ် ဈေးကွဲတုန်းများ
တစ်ရေးတစ်မောလောက် မှေးရမလား မှတ်တယ်၊ ဝိုင်းကြီးဝိုင်းငယ် ဖွဲ့ပြီး
ဟီလာတိုက်နေ လိုက်ကြတာ တန်း ပုလိပ် ရိုက်တာ ကျနေတာပဲ၊ ဆူညံနေတာပဲ၊ ဟင်း
အပျိုမတွေမို့သာပဲ"
ဆိုသည့် ဒေါ်လေးရီ၏ ပီယဝါစာများကတော့ ပတ်ဝန်းကျင်တစ်ဝိုက် ပျံ့လွင့်ရိုက်ခတ်ပြီ …။
* * *
"လူကြည့်တော့ စိန်နားကပ်နဲ့၊ ဈေးဝယ်တော့ စီးစီးပိုးပိုး
သူပိုင်းခိုင်းလို့လဲ ပိုင်းရသေးတယ်၊ အခု ရှင်ယူမလား၊ မယူဘူးလား
ချက်ချင်းပြော"
"ယူမှာပေါ့၊ နှစ်ယောက်တည်း စားတာ ဆယ့်ငါးကျပ်သားဆို တော်ပြီ၊ ဒီလောက်ကြီးတော့ မယူနိုင်ဘူး"
"ဟင် … နှစ်ဆယ်သားတည်း ရှိတာ၊ ဒါကို ထပ်ပိုင်းတော့ အတုံးအတစ်ကလေးတွေ ဖြစ်ပြီး ဘယ်သူက ဝယ်တော့မှာလဲ …"
"ဒါတော့ မသိဘူး၊ နှစ်ဆယ်သားတောင် မကုန်နိုင်၊ မခမ်းနိုင်ကြီးတော့ မဝယ်နိုင်ဘူး"
"မကုန်ရင် နေ့ဖို့ ညစာ ထားပေါ့၊ ငါးကျပ်သားလေး ပိုရမှာများ၊ ကပ်စေးနှဲလိုက်တာ၊ နှမ်းစေ့လောက် စားမှာလား၊ နားဖာကလော်နဲ့ စားမှာလား"
"အဲဒါ ညည်းအပူ မပါဘူး၊ ပိုက်ဆံပေး ဝယ်တာ၊ ငါ ဝယ်ချင်သလောက် ဝယ်မယ်၊ အဲဒီ
အတုံးကို ထပ်မပိုင်းနိုင်ရင် ဟော့ဟိုထဲက အသေးလေးတစ်တုံး ပိုင်းလိုက်"
"အံမယ် - အံမယ် … သဘောကျ … ကျသေးတော့၊ လက်ညှိုးလေး တထိုးထိုးနဲ့
ဟိုဟာပိုင်းလိုက် ဒီဟာပိုင်းလိုက်နဲ့၊ ပြီးရင် ကကျီကကြောင် လုပ်ဦးမယ်၊
ဟိုဟာတော့ မရဘူး၊ ဒါပဲရမယ်"
နံနက်ပိုင်း ဈေးစည်ချိန် ခြံစည်းရိုး သံဆန်ခါ တစ်ချပ်သာ ခြားသော ကျောကပ်လျက် ငါးတန်းမှ ဆူဆူညံညံ အသံကြောင့် လှမ်းအကြည့် -
"ဟာ"
မျက်နှာကို ကပျာကယာ ပြန်လွှဲလိုက်ရသည်။ မိတုတ်တို့ကတော့ လုပ်ပြီ။ မိတုတ်
ဆိုတာက ဈေးထဲမှာ နာမည်တစ်လုံးနဲ့ နေတာ၊ ဗြန်းဗြန်းကွဲ မိတုတ်တဲ့။ မိတုတ်
စကားသုံးခွန်း ပြောရင် တစ်ခွန်းက သူ့ကိုယ်တွင်းကိုယ်ပ ကြေညာစာတမ်း တစ်ခု
ပါတတ်စမြဲ။ လူချင်း ယှဉ်ပြီဆို ထဘီကို အလျင် ဆွဲလှန်ပြီး ပါးစပ်ထဲ တွေ့သမျှ
ဖရုဿဝါစာတွေ တန်းစီ ရွတ်တော့သည်။
သည်လို မိန်းမမျိုးတွေကြောင့်
ဈေးသည်ကို လူအထင်သေးပြီး ဈေးသည်အစ … ဇာတ်သမအလယ်၊ …သည် အဆုံးဆိုတဲ့
အသုံးအနှုန်းမျိုးတွေ ပေါ်ပေါက်လာတာ ဖြစ်မှာ။ အခုနောက်ပိုင်း ဈေးမိဈေးဖများက
ဆုံးမထား၍ မိတုတ် နည်းနည်း ငြိမ်နေရာမှ ယခု တစ်စခန်း ထလာပြန်ပြီ။
"ဟင် - မိုက်ရိုင်းလိုက်တာ၊ မရောင်းနိုင်ရင် ကောင်းကောင်း ပြောပါလား"
"ကောင်းကောင်း ပြောလို့ မတန်တဲ့ ဟာမျိုးကို ဒီလိုပဲ ပြောရတယ်ဟေ့၊ ကဲ -
ညည်းလို ကောင်မမျိုးကို မရောင်းဘူး၊ မရောင်းဘူး၊ ကဲ - မှတ်ပြီလား"
"မရောင်း နေပေါ့၊ ပိုက်ဆံပေး ဝယ်တာ၊ ဘယ်မှာ ဝယ်ဝယ်၊ ပါးရိုက်ဝယ်လို့ ရတယ်၊ နင့် တစ်ဆိုင်တည်း ရှိတာ မဟုတ်ဘူး"
"ဟုတ်လား၊ ဘယ်မှာရလဲ ပြောစမ်းပါ၊ ငါလိုက်ပြီး ရိုက်ဝယ်ချင်လို့၊ ငါတို့
ဈေးမှာတော့ ဘယ်ဆိုင်မှ ဒါမျိုးမရဘူး၊ နင့်လို ကောင်မမျိုး
နင်းပြီးတော့တောင် ဆွဲဖြဲပစ်လိုက်ဦးမယ်"
"စကားပြောတာ တရားမလွန်နဲ့နော်၊ ငြိမ်နေလို့ အကောင်းမမှတ်နဲ့"
"မခံလို့ ညည်းက ဘာလုပ်ချင်တုန်း၊ ကဲ - လာခဲ့လေ"
မိတုတ်က ဆိုင်ပေါ်က ခုန်ဆင်းဟန် ပြင်တော့၊ ဘေးချင်း ကပ်လျက်က ကန်စွန်းရွက်သည် မိစိန်က လှမ်းဆွဲထားလိုက်ပြီး -
"ဟာ တော်ကြပါတော့၊ အစ်မတို့ ရန်ဖြစ်နေတာနဲ့ သူများတွေပါ အရောင်းအဝယ်
ပျက်တယ်၊ ဟိုအစ်မကြီး ကလဲ မဝယ်နိုင်လဲ ပြန်ပါတော့၊ တောင်းပန်ပါတယ်၊
အစ်မတို့ ဖြစ်တာ ကျွန်မဗန်းရှေ့ လူတွေ အုံနေတော့ ကျွန်မလဲ မရောင်းရတော့ဘူး၊
စိတ်ညစ်ပါတယ်"
"မဝယ်နိုင်တာ မဟုတ်ဘူးဟေ့၊ မဝယ်ချင်တာ၊ ဈေးထဲ လာရတာလဲ
ငါးစိမ်းသည် ကြောက်ရ၊ ကန်စွန်းရွက်သည် ကြောက်ရနဲ့၊ ကန်စွန်းရွက်ကလေး
ဝယ်မလား မှတ်ပါတယ်၊ တော်ပြီ၊ ဒီနားက ပစ္စည်းတော့ မစားချင်တော့ပါဘူး၊
တကတည်းတော်၊ အသီးအရွက်တို့ သားငါးတို့ ရောင်းကြပေလို့ပဲ၊ စိန်ရွှေများ
ရောင်းနိုင်ရင် ဘယ်လို နေကြမလဲ မသိဘူး"
ဝယ်သူ မိန်းမက မကျေမနပ်နှင့် စူပွစူပွ လုပ်ရင်း ထွက်သွားတော့၊ နောက်မှ ကန်စွန်းရွက်သည် မိစိန်က လှမ်းအော်သည်။
"အေးဟေ့ - ငါတို့က ကန်စွန်းရွက် ရောင်းပေမယ့် ကြက်သား စားနိုင်တယ်၊ နင်တို့လို စိန်နားကပ် ပန်ပြီး ကန်စွန်းရွက် စားတာ မဟုတ်ဘူးဟေ့"
ရှုပ်ကုန်ပြီ။ စကားတွေ တောင်ရောက် မြောက်ရောက်နှင့် ပြောချင်ရာတွေ စွတ်ပြောကုန်ကြသည်။ ထိုမိန်းမက ခပ်လှမ်းလှမ်း ရောက်မှ -
"အဲဒါကြောင့် စုတ်ပြတ်သတ် နေကြတာပေါ့"
ဟု ပြန်ပြောသွားတာ သူတို့ ကြားလိုက်ဟန် မတူ။ ပြီးတော့ ဆက်ပြောသွားလေသည် -
"ဈေးသည်ပီပီ အရှက်ကို မရှိကြဘူး" တဲ့။
သည်လို သိမ်းကြုံး အပြောခံလိုက် ရတော့။ ကျွန်မရင်ထဲ ကျဉ်သွားသည်။
သည်စကားလေး တစ်ခွန်းကို ခင်နှောင်း တစ်ယောက်များ ကြားလိုက်ရရင်
ငိုချလိုက်မည် ထင်သည်။
"အရှက်ကြီးတဲ့ ဈေးသည်မျိုး ရှင် မမြင်ဖူးသေးလို့ပါ"
ဟု ရင်ထဲက ပြန်ပြောရင်း၊ တစ်နေ့က ခင်နှောင်း ဖြစ်ပုံကို ပြန်မြင်ယောင် လာသည်။
သူ့ညီမလေး မိခက် အပြင်ထွက်သွားလို့ ခင်နှောင်း တစ်ယောက်တည်း ဆိုင်မှာ ရှိနေတဲ့အချိန် ကောင်လေး တစ်ယောက် ဈေးလာဝယ်သည်။
"ပုဇွန်ခြောက် ဘယ်ဈေးလဲ"
လို့ ကောင်လေးက မေးတော့ ခင်နှောင်းက -
"နှစ်ဆယ်ပါ"
လို့ ပြန်ဖြေတယ်။
ကောင်လေးက ပုဇွန်ခြောက်တစ်ကောင်ကို မြည်းကြည့်ရင်း …
"တစ်ပိဿာ ပေးပါ"
ဆိုတော့ ခင်နှောင်းက တစ်ပိဿာ ကောက်ချိန်တာပေါ့။ ချိန်နေတုန်းမှာ
ကောင်လေးက သူ့အိတ်ထဲက ဆယ်တန် နှစ်ရွက်ကို ထုတ်ပြီး ကိုင်ထားတယ်။
သည်ပိုက်ဆံဟာ သူ့ကိုပေးဖို့ ဆိုတာ သိလိုက်တော့ ခင်နှောင်း အကြီးအကျယ်
တုန်လှုပ်သွားတယ်။
သူပြောတဲ့ နှစ်ဆယ်ဆိုတာက တစ်ဆယ်သား ဈေးကို ပြောတာ။
ကောင်လေးက တစ်ပိဿာ ဈေးနဲ့ မှားပြီး ဝယ်နေပြီ ဆိုတာ သူသိလိုက်တယ်။
သည်မှာတင် သူမရဲ့ မပြတ်သားတဲ့ အပြောအဆို မှားယွင်းမှုအတွက် သူမ
အားနာရှက်ရွံ့ နေပြီ။ တစ်ချိန်တည်းမှာပဲ ဝယ်သူကောင်လေး ရှက်သွားမှာကိုလဲ
အားနာတဲ့အတွက် ပြန်ပြင်ပြီး ပြောမထွက်ဘဲ လက်ထဲက ပုဇွန်ခြောက်ထုပ်ကြီး ကိုပဲ
ကြိုးနဲ့ အထပ်ထပ် ရစ်ပတ်နေပြီး ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေတုန်း
သူ့ညီမလေး ပြန်ရောက်လာတယ်။
လိုတာထက် ပိုပြီး ကြိုးတွေ ရစ်ပတ်နေတဲ့
အစ်မ လက်ထဲက တစ်ပိဿာ ထုပ်ကြီးရယ်၊ ဝယ်သူ လှမ်းပေးနေတဲ့ ငွေနှစ်ဆယ်ရယ်ကို
အကဲခတ်မိတော့ မိခက်က …
"အစ်ကို နားကြားလွဲပြီနဲ့ တူတယ်၊ တစ်ဆယ်သားကို နှစ်ဆယ်၊ တစ်ပိဿာကို နှစ်ရာပါ" ဆိုတော့ ကောင်လေးက …
"ဟာ ... ဒုက္ခပါပဲဗျာ၊ ကျွန်တော် ဈေးဝယ်ကျင့် မရှိလို့ပါ၊
တောင်းပန်ပါတယ်နော် အားလဲ နာပါတယ်၊ ဒါဆို အစိတ်သားလောက်ပဲ ယူပါရစေနော်၊
ပိုက်ဆံ မလောက်တော့လို့ပါ"
လို့ ပျာပျာသလဲ တောင်းပန်တော့ ...
"ရပါတယ်အစ်ကိုရယ်၊ ကြိုက်သလောက် ယူပါ၊ ကျွန်မ ပြန်ပြင် ထုပ်ပေးပါ့မယ်၊ မမနှောင်း ပေး ဒီကို"
ဆိုပြီး မိခက်က ပေါ့ပေါ့ပါးပါးလေးပဲ အိတ်ကိုသွန်ပြီး အစိတ်သား
ပြန်ချိန်ပေးလိုက်တယ်။ အဲသည် အချိန်မှာ ခင်နှောင်းက အားနာပြီး ဆိုင်ခုံထဲ
ဝင်သွားတာ ပြန်ထွက်မလာတော့ဘူး။ လူရှင်းမှ မိခက်က အထဲကို ငုံ့ကြည့်တော့
မျက်ရည်တွေ ဝိုင်းပြီး တုန်တုန်ယင်ယင်နဲ့ …
"ရှက်လိုက်တာ ရှက်လိုက်တာ"
လို့ နှုတ်ခမ်း လှုပ်ရုံလေး အသံမထွက်ဘဲ ရေရွတ်နေတာ တွေ့ရတယ်။ အဲသည်တော့ ညီမလုပ်သူက …
"ရှက်ရမှာက မမနှောင်း မဟုတ်ဘူး သူ"
လို့ ဆိုတော့ …
"သူ ရှက်သွားရင်လဲ ငါ့အပြစ်ပဲပေါ့၊ သိပ်အားနာစရာ ကောင်းတာပဲ၊ သူနောက်နေ့
ဈေးလာဝယ်ရင် အဲဒီ မျက်နှာကို ငါကြည့်ရဲတော့မှာ မဟုတ်ဘူး၊ နင်ပဲ ရောင်းနော်"
ကဲ … ခင်နှောင်းက အဲသည်လောက်ကို ရှက်တတ်၊ အားနာတတ်တာ၊ သူ့အမေကို သူပြောပြောနေတဲ့ စကားတစ်ခွန်း ရှိတယ်။
"အမေရယ်၊ မိနှောင်းလေ အလကား နေရင်း ရှက်နေတာပဲ၊ဘာမှန်းလဲ မသိဘူး၊ လူတိုင်းကို ရှက်တယ်၊ စကားလဲ မပြောရဲဘူး" တဲ့။
အဲဒါ သူ့အမေက ကျွန်မကို ပြန်ပြောပြတာ။
ပြီးတော့ …
"သမီး ညီမလေးက သိပ် အရှက်အကြောက် ကြီးလွန်းတော့ လူရာလဲ မဝင်ဘူးပေါ့ကွယ်၊
ဈေးရောင်းတာတောင် မိရိုးဖလာ လုပ်ငန်းမို့ အိမ်မှာလဲ (သူ)တို့ညီအစ်မ
နှစ်ယောက်တည်းမို့ အဒေါ့်ကိုလဲ ရောဂါသည်မို့ မအေကိုညှာပြီး လာရောင်းကြတာ၊
သမီးတို့က ပျော်တတ်ပါးတတ်၊ ဗဟုသုတ ကလဲ စုံတော့ ခင်နှောင်းကို
လူမကြောက်အောင်၊ လူတောထဲ ဝင်အောင်၊ ပြောရဲဆိုရဲ ရှိအောင် သွန်သင် ကြစမ်းပါ၊
စီးပွါးရေး လုပ်နေတာ ဒီလောက်ရှက်တတ် ကြောက်တတ်နေလို့ ဘယ်ဖြစ်ပါ့မလဲကွယ်"
တဲ့။ အဲသည်လို ကျွန်မကို ခင်နှောင်းအမေက လိုလိုချင်ချင် တိုင်ပင်
အပ်နှံတော့ ကျွန်မကလဲ ခင်နှောင်းကို ရင်းနှီးအောင်ပေါင်းပြီး တတ်သမျှ
မှတ်သမျှလေးတွေနဲ့ သွန်သင်ရတာပေါ့။ ဒါကို ဒေါ်လေးရီက ဘာပြောတယ် မှတ်သလဲ …
"နောက်မှပေါ်တဲ့ ရွှေကြာပင်ကလဲ လူကြီးရောဂါ ထနေပြန်ပြီ၊ ဒါလဲ အရူးတစ်မျိုးပဲ"
တဲ့။ ဟုတ်ပါတယ် ကျွန်မ ရူးနေတယ်ပဲ ထားပါ။ အရူး စိတ်ချမ်းသာတော့ ကမ္ဘာလောကကြီး ငြိမ်းချမ်းတာပေါ့။
* * *
အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြူးပြူး၊ ဆံရှည်ဖားလျား၊
နားဆွဲလှလှနှင့် ဆိုင်ရှေ့မှာ ရပ်ပြီး ဈေးဝယ်နေတဲ့ ခေတ်ရှေ့ ပြေးနေတဲ့
ကောင်မလေး တစ်ယောက်နဲ့ မျက်နှာချင်းဆိုင်၊ ထိုင်ခုံပေါ်က ညိုသော်လည်း
ဝါဝင်းနေသော အသားအရေ၊ မျက်ခုံး ထူထူစိမ်းစိမ်း၊ မျက်ဝန်းတောက်တောက်၊
နှာတံစင်းစင်းနှင့် ဆံပင် နောက်တွဲလေး ထုံးထားသော ခင်နှောင်းတို့
နှစ်ယောက်ကို ဘေးတိုက် မြင်နေရတဲ့ မြင်ကွင်းက လက်ရာမြောက်သည့် ပန်းချီကား
တစ်ချပ်ကို ကြည့်နေရသည့်နှယ်။ သည်လိုတော့လဲ ခင်နှောင်း မျက်နှာလေးက
ပြုံးလို့၊ တည်ငြိမ် ရင့်ကျက်တဲ့ မြန်မာမိန်းကလေး
နှစ်(တစ်?)ယောက်ရဲ့ကျက်သရေအပြည့် …
ဒါပေမယ့် တကယ်လို့များ သူ့ကို တစ်ယောက်က စေ့စေ့စပ်စပ် ကြည့်နေမှန်း သိရင် ရှက်နေဦးမှာ အသေအချာ။
ခဏကြာတော့ ဆွဲခြင်းတစ်ဖက်၊ ကြွပ်ကြွပ်အိတ်တစ်ဖက် ပိုက်ဆံအိတ်ကလေး
ချိုင်းကြားညှပ်ပြီး ဒေါက်မြင့်ဖိနပ်နဲ့ မော်ဒန်ကောင်မလေး မနိုင်မနင်းနဲ့
ပေါက်ဆတ် ပေါက်ဆတ် ထွက်လာတာကို ခင်နှောင်းငေးပြီး ကျန်ရစ်ခဲ့တယ်။ သူနဲ့
မျက်စောင်းထိုးလောက်က သရက်သီးမှည့်ဆိုင် ရှေ့ရောက်တော့ ကောင်မလေး
ချိုင်းကြားက ပိုက်ဆံအိတ် လျှောပြီး ကျရစ်ခဲ့တာကို အော်မပြောရဲတာနဲ့
သူတစ်ယောက်တည်း ဟိုကြည့်သည်ကြည့် ဖြစ်နေတုန်း သရက်သီးမှည့်ဆိုင်က
ဆယ်နှစ်သားလောက်ပဲ ရှိဦးမယ့် ဖိုးချိုက ဆတ်ခနဲဆို ပြေးကောက်ပြီး သူ့အမေ
မချောမြကို လှမ်းပေးတော့ မအေလုပ်သူက ဖျတ်ခနဲ သရက်သီး ဗန်းအောက်ထဲ
ထိုးထည့်ထားလိုက်ပါရော။
အဲဒါကို အစအဆုံး မြင်လိုက်ရတဲ့ ခင်နှောင်းတင် မဟုတ်၊ ကျွန်မပါ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ တွေဝေနေတုန်း -
"ဟေ့ … မိန်းကလေး၊ မင်း ပိုက်ဆံအိတ် ကျန်တာ သိရဲ့လား"
ဆိုင်ရှေ့က ဦးလေးထွန်းက လှမ်းပြောလိုက်လို့ ကောင်မလေး ထိတ်ထိတ်ပျာပျာ
ဟိုရှာသည်ရှာ လုပ်မှ သည်အဖြစ်အပျက်ကို ခင်နှောင်းနဲ့ ကျွန်မအပြင်
ဦးလေးထွန်းပါ မြင်လိုက်ပါလားလို့ သိလိုက်လို့ နည်းနည်း စိတ်သက်သာရာ
ရသွားတယ်။
"ဟေ့ … ဖိုးချို၊ လာဦးကွ"
ဦးလေးထွန်းက
သရက်သီးမှည့်ဆိုင်က ကောင်လေးကို လှမ်းခေါ်တော့ ရွံ့တွန့်တွန့်နဲ့
ရောက်လာတယ်။ ဦးလေးထွန်း ဆိုင်ရှေ့က ပစ္စည်းရှင် ကောင်မလေးကို လှမ်းမြင်တော့
သားအမိ နှစ်ယောက်လုံး မျက်နှာ ပျက်နေကြပြီ။
"ဖိုးချို၊ စောစောက
မင်းတို့ သိမ်းပေးထားတဲ့ ပိုက်ဆံအိတ်က ဒီမမရဲ့ အိတ်ကွ၊ မင်းအမေ ချောမြကို
ပြောလိုက် ဒီမမရဲ့ ပိုက်ဆံအိတ် ဖြစ်ကြောင်း၊ ဘဘကြီး အာမခံတယ်လို့၊
သူကျခဲ့တာလဲ အစအဆုံး မြင်လိုက်တယ်လို့ ဟုတ်လား၊ ကဲ … လိုက်သွား ကလေးမ၊
ကိုယ့်ပစ္စည်းကိုယ် ဂရုစိုက်မှပေါ့ကွယ်၊ သူတို့သားအမိ
ထိန်းထားပေးလို့သာပေါ့"
ကဲ … ဦလေးထွန်း ကိုင်တွယ်
ဖြေရှင်းပေးလိုက်ပုံက ဘယ်လောက် ပညာသား ပါလိုက်သလဲ။ ကောင်မလေးက
ကျေးဇူးတင်ပြီး ကလေးကို မုန့်ဖိုးပေးတော့ ချောမြက အတင်း ငြင်းနေတာနဲ့
ကလေးအိတ်ထဲ အတင်းထိုးထည့် ပေးခဲ့ရတာ မြင်တော့ ကျွန်မ ရယ်ချင်လိုက်တာ။
အကြောင်းသိ ဓာတ်သိတွေက ပြောကြတော့ ချောမြမှာ မွေးကတည်းက စောရနက္ခတ်
ပါလာတယ်တဲ့။ ကျွမ်းကျင်ရာ လိမ္မာပဲ၊ သံပုရာသီး တစ်လုံးလောက်ကို
လူမမြင်အောင် လက်ဖမိုးအောက်မှာ ကွယ်ပြီး ယူသွား တတ်တာတို့၊ ခပ်ပွပွ
ဝတ်ထားတဲ့ ထဘီ အထက်ဆင် ကြားထဲ အချိုမှုန့်ထုပ်ကို အသာလေး ထိုးသွင်းပြီး
လိမ်ထားလိုက်တာ မျိုးတို့၊ နေ့ခင်းနေ့လယ် ခေါင်းခုစုတ်ကလေး
ချိုင်းကြားညှပ်ပြီး လျှောက်လည်နေရာက တွေ့တဲ့ပစ္စည်း တိုလီမုတ်စ ကလေးတွေက
စပြီး အဖိုးတန်ပစ္စည်းအထိ မှင်သေသေနဲ့ ကောက်ပြီး ခေါင်းခုစုတ်နဲ့ ရစ်ပတ်ပြီး
ယူလာတာမျိုးတို့ကို သေသေချာချာ လိုက်ကြည့်မှ မြင်ရတတ်တာ။
တော်ရုံတန်ရုံပဲ လူတွေက ကိုယ်နဲ့ မဆိုင်တော့ အချင်းချင်း
လက်တို့တာကလွဲလို့ အမုန်းခံပြီးတော့ ဘယ်သူမှ ထိပ်တိုက် မပြောကြဘူး။
ဒါပေမယ့် လင်စာသားစာအတွက် မဖွယ်မရာရှာပြီး တစ်ယောက်တည်း
ခါးစည်းခံသွားရှာမယ့် သူ့ကိုတော့ အားလုံးက သနားနေကြတာ အမှန်။ ခုကိစ္စမှာလဲ
ဦးလေးထွန်းကို သူကြိတ်ပြီး ကျိန်ဆဲနေဦးမှာ သေချာတယ်။
* * *
ငယ်ငယ်တုန်းက ငါ့ဆရာဘုန်းကြီးက ဆုံးမဖူးတယ်၊ အခါအခွင့်ကြုံလို့
လူတစ်ဖက်သားကို ကိုယ်က ကူညီလိုက်ရတဲ့ အခါမျိုးမှာ ပြီးတာနဲ့ အဲဒီကိစ္စကို
ချက်ချင်း မေ့ပစ်လိုက်တဲ့။ အဲ … သူများက ကိုယ့်ကို နှုတ်၏ စောင်မခြင်းနဲ့
တစ်ကြိမ်တစ်ခါ ကျေးဇူးပြုခဲ့ဖူးရင် အဲဒီ ကျေးဇူးကို တစ်သက်လုံး တသသ
သတိရနေပြီး အခွင့်သာတာနဲ့ ကျေးဇူးပြန်ဆပ်ဖို့ မမေ့ပါနဲ့တဲ့။
အဲဒါ
ဦးလေးထွန်း နှုတ်က အမြဲရွတ်နေကျ ဖြစ်တဲ့ သူ့ရဲ့ အရိုးစွဲနေတဲ့
ယုံကြည်ချက်ဘဲ။ ဦးလေးထွန်းလို လူမျိုးနဲ့ အနီးကပ် နေရတော့မှ လောကမှာ
အမှန်ကန်ဆုံး လူသားကို ရှာဖွေတွေ့ရှိခဲ့ရသည်။ လောကမှာ တရားမျှတပြီး
သစ္စာရှိသော ရိုးသား၍ သိက္ခာရှိသည် ဆိုသော လူကြီးလူကောင်းတွေကို ဘယ်ပေတံနှင့်
စံထားပြီး တိုင်းတာကြသည်မှန်း ကျွန်မ မခန့်မှန်းတတ်သော်လည်း ဦးလေးထွန်းကို
ကျတော့ ကျွန်မ တိုင်းတာနားလည် နိုင်ခဲ့သည်။
အဲသည် စံပေတံကတော့ အလွန်ရိုးစင်းလှသော ဗုဒ္ဓဘာသာ တစ်ယောက်၏ သက်ဝင်ယုံကြည်မှုပါပဲ။
ဦးလေးထွန်း ဆိုတဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်က ငရဲ သိပ်ကြောက်တယ်၊ ပြီးတော့
ကိုယ်ချင်းစာစိတ် ရှိတယ်။ ငရဲကြောက်တဲ့ လူဟာ နည်းနည်းမှ အမှားမခံဘူး။
ကိုယ့်ကိုယ်ကိုလည်း မလှည့်စားဘူး၊ အမြဲတမ်း လိပ်ပြာ သန့်နေရမယ်လို့
ဦးလေးထွန်းက ဆိုတယ်။ ငရဲကြောက်တဲ့ လူဟာ မရိုးသားတာ ဘာမှ မလုပ်ရဲဘူး ဆိုတာ
ဦးလေးထွန်းက သက်သေခံနေတယ်။
ငရဲဆိုတာ ကျွန်မ ငယ်စဉ်ကတည်းက
နားယဉ်နေတဲ့ စကားတစ်လုံး ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ အရာရာမှာ ရှေ့တန်းတင်ပြီး
လေးနက်နေတဲ့ ဦးလေးထွန်းရဲ့ ရိုးသားမှုမျိုးကိုတော့ ကျွန်မ
မတွေ့မိခဲ့ဖူးသေးတာ အမှန်။ ဒါဟာ မြန်မာတစ်ယောက် အနေနဲ့ အတုယူစရာပါပဲ။
အဲသည် ဦးလေးထွန်းနဲ့ ပတ်သက်ပြီး တစ်ခါတလေ စိတ်ညစ်ရတတ်တာတော့ ရှိတယ်။ အဲဒါ
အရောင်းအဝယ် ကိစ္စပါ။ ဦးလေးထွန်းဆိုင်က ကုန်ခြောက်ဆိုင်။ ကုန်ပစ္စည်း
အရောင်းအဝယ် ဆိုတာ ဈေး အနိမ့်အမြင့် အတက်အကျ ရှိစမြဲပဲ။ သည်အပေါ်မှာ
တည်မှီပြီး အရှုံးအမြတ်ဆိုတာ ဖြစ်လာကြတာ မဟုတ်လား။ ဈေးသည်ရဲ့
ဘဝရပ်တည်မှုဟာလည်း အဲသည် အပေါ်မှာပဲ တည်နေတာကလား။ သည်နေရာမှာ ဦးလေးထွန်းက
တရားသဖြင့် အမြတ်အစွန်းကိုပဲ ယူမှာဆိုပြီး သတ်မှတ်ထားတဲ့ ရာနှုန်းထက်ပိုပြီး
ဘယ်တော့မှ ဈေးမမြင့်ဘူး။
အဲဒါတော့ ထားပါတော့။ တစ်ခါတလေ
ကုန်စည်စီးဆင်းမှု ရပ်တန့်နေ၍ ပစ္စည်းတွေ ဈေးတက်ပြီလားဆို လက်ကျန်ကုန်တွေကို
အဲသည်ဈေးနဲ့အညီ အားလုံးညှိပြီး လိုက်မြှင့်ကြရတယ်။ အဲသည်အချိန်မှာ
လက်ကျန်ပစ္စည်းတွေဟာ ကိုယ့်အတွက် အမြတ်များသွားတာပေါ့။ အဲသည်လို အချိန်ကျရင်
ဦးလေးထွန်းက အညှိမခံဘူး။
"အဲဒါ အလျင်ဈေးနဲ့ ဝယ်ထားတာပဲ၊ တကယ်မှ ဈေးကြီး မမိဘဲကွ၊ မမြှင့်နိုင်ပါဘူး။ နောက် ဝယ်တာတော့ နောက်ဈေးပေါ့"
ဆိုပြီး နဂိုအတိုင်းပဲ ဆက်ရောင်းတော့၊ ကျန်တဲ့လူတွေ ကသိကအောက်
ဖြစ်ကြရတာပေါ့။ "ဘုရားဖြစ်မယ့် အုတ်နီခဲကြီး" လို့ ထောပနာ ပြုကြရုံကလွဲလို့
ဘာများ တတ်နိုင်ဦးမှာလဲ။
အဲဒါမျိုးကျတော့း ဦးလေးထွန်းရဲ့ လေးနက်တဲ့ ရိုးသားမှုဟာ ကောင်းလဲ ကောင်းပြီး၊ မကောင်းလဲ မကောင်းဘူးပေါ့။
* * *
"တတိယ ကမ္ဘာစစ်ဟာ မင်းနဲ့ ငါက စ, ဖြစ်လိမ့်မယ် ထင်တယ်"
အဲသည်လို မတန်တရာ စကားတွေနဲ့ အစချီပြီး ရန်ဖြစ်တတ်ကြတဲ့ လင်မယား
နှစ်ယောက်ကလဲ ဈေးထဲမှာ တစ်နေ့တစ်မျိုး မရိုးရအောင် တစ်ခန်းရပ် ပြဇာတ်တွေ
တင်ဆက်နေတဲ့အတိုင်း -
"ရှင့်ကိုလဲ ကျွန်မက ဖြစ်ချင်လွန်းလို့
အကြောင်းရှာနေတယ်များ မှတ်သလား၊ မလွှဲသာလွန်းလို့ ပြောရတာ။ တော်တော် အကြင်နာ
ကင်းမဲ့တဲ့ ယောက်ျား၊ ရုံးကအပြန် ဈေးတန်းဆင်းပြီး ကုန်လေး ကြိုခဲ့ပေးပါ
ဆိုတာ ဒီအတိုင်း ပြန်လာတယ်၊ ဘာလဲ ကျုပ်ကို တွက်ကတ်တာလား"
"မဟုတ်ပါဘူးကွာ၊ ဒီအချိန် ကားကျပ်တယ်၊ ခရမ်းချဉ်သီး သေတ္တာတွေ တင်လို့မရဘူး"
"ဘာကျပ်ရမှာလဲ၊ နည်းနည်းလေး စောပြီး ထွက်လိုက်ရင် ကားတွေမှ ချောင်လွန်းလို့ ဆင်နှစ်ကောင် ဖင်ထောင်အောင် ကလို့ရတယ်"
"မင်းမှားနေပြီ ရွှေမိရဲ့၊ အိမ်မြှောင်နှစ်ကောင် ဖြစ်ပါလိမ့်မယ်"
"ကိုစံအေး"
စိတ်ဆိုးမာန်ဆိုး အော်လိုက်တဲ့ သူ့မိန်းမ ရွှေမိရဲ့ အသံဟာ ဈေးတန်းထဲ
ဟိန်းထွက်လာတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ရှိနေကြတဲ့ လူတွေရဲ့ အာရုံဟာ
သူတို့လင်မယားဆီ မတိုင်ပင်ဘဲ ပြိုင်တူလာမိကြတယ်။
"ဟေ လကွာ"
"ရှင် ဘာ အူကြောင်ကြောင် လုပ်နေတာလဲ၊ ရုပ်ကိုက အရှက်မရှိတဲ့ရုပ်၊ မိန်းမထဘီနား ခိုစားချင်တဲ့ရုပ်"
"ဘာကွ၊ မင်းနော် … ငါ အေးအေးနေလို့ စော်ကား မလာနဲ့၊ မိန်းမထဘီနား ခိုစားရအောင် ငါက သောက်လုပ် မရှိတဲ့ ကောင်မို့လား"
"ဟင် … ရှင့်လုပ်စာ တစ်ပဲခြောက်ပြားကိုများ စကားထဲ ထည့်ပြောတာ အံ့ပါရဲ့။
ရှင့်ဘက်က အစွယ်အပွားတွေ တသွတ်သွတ် လာစားနေကြတာလဲ ပြောပါဦး"
"မင်းက
တစ်ဆိတ်ရှိ ဒါပဲ၊ အစကတည်းက ငါ့မှာ မောင်နှမများမှန်း မင်းမသိလို့လား၊
ဒါတောင် တစ်ယောက်မှ မင်းအိမ်ပေါ် ခေါ်တင် မထားသေးဘူး၊ တင်များ ကျွေးထားရရင်
မင်းခက်မယ်"
"ခုတော့ ဘာထူးလို့လည်း၊ တစ်ခါတစ်ခါ လာရင် အဖေ့ဆေးဖိုး၊ အမေ့မျက်မှန် အတွက်နဲ့ ရှင် ကျိတ်ကျိတ် ပေးနေတာ မသိဘူးများ မှတ်နေလား"
"မင်းလခထဲက ဘယ်နှစ်ပြား လျော့လို့လဲ"
"လာပြန်ပြီ ဒီလခ၊ ဒီလခပဲ ရှင့် စကားထဲ ထည့်ပြောနေတာပဲ၊ ဘယ်လျော့မလဲ၊ ကျုပ်ဆိုင်ခွက်ထဲက ခိုးပေးနေတာကိုး …"
စကားအဆုံးမှာ အသားကုန် အော်လိုက်တော့ ကိုစံအေး မလုံမလဲနှင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး …
"ဟာ … ဒီမိန်းမ"
"ဘာ ဒီမိန်းမလဲ၊ မိန်းမက ဈေးထဲမှာ နေကုန်နေခန်း နေပူမရှောင်
မိုးရွာမရှောင် လုပ်ကိုင်ရတာ လူရုပ်တောင် မပေါက်တော့ဘူး။ ဈေးလေး
ကြိုပါဆိုတာ ကားကျပ်သလေး ဘာလေးနဲ့ ရှိုးပျက်မှာ ကြောက် ကြောက်တယ်ပေါ့။
တော့်ကလေး တစ်ပြုံတစ်မကြီးနဲ့ ကုန်းရုန်း ရှာနေတဲ့ ဒီကောင်မကိုလဲ
သနားပါဦးတော့"
"သနားလို့ပဲ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေ ထပ်ရှာရအောင်
ပွဲစားလေး ဘာလေး လိုက်လုပ်တော့လဲ မင်းပဲ ဟိုလူနဲ့ သဝန်တိုလိုက်၊ ဒီလူနဲ့
ပေးစားလိုက်နဲ့"
"ဟုတ်တယ်၊ သဝန်တိုရအောင် ရှင်က ချောသကိုး၊ တော်တော် ချောရှာတယ်၊ ခြင် ချော်လဲ၊ ကြမ်းပိုး ပက်လက်လန်"
"နို့ … မဟုတ်လို့လား၊ မင်းပဲ ရှင့်မျက်လုံးက ဘယ်သူ့ဆီမှာ၊ ဘယ်သူကဖြင့်
ပြည်တီတီနဲ့ ရှင့်ကို ဆိုပြီး မဟုတ်က ဟုတ်ကတွေ လျှောက်ပြောနေတာကော"
ဒီနေရာရောက်တော့ ဆိုင်နီးချင်းတွေ အကဲခတ်နေမှန်း သိလို့ မရွှေမိ ရှက်သွားပုံရသည်။
"တော် … တော်၊ ရှင့်ပါးစပ်ပိတ်"
"အရပ်ထဲလဲ အရပ်ထဲမို့၊ ဈေးထဲလဲ ဈေးထဲမို့"
"တော်တော့ဆို"
"ကိုယ့်ဆိုင်မှာ ဈေးလာဝယ်တဲ့ သူနဲ့လဲ"
"ဟင် … ပြောလေ ကဲလေပါလား၊ ကဲဟာ … ကဲဟာ"
"ဟေ့ … ခရမ်းချဉ်သီး ပုပ်ကြီးနဲ့ဟာ၊ အင်္ကျီတွေ ပစ်ရကုန်ပြီ၊ မလုပ်ပါနဲ့ဟ၊ ဟေ့ … ရွှေမိ"
အဲဒါမျိုးက တစ်နေ့မဟုတ်၊ တစ်ကြိမ်မဟုတ်၊ တစ်နေ့ကို ခေါင်းစဉ်တစ်မျိုးနဲ့
ဆိုတော့ သူတို့မိသားစုရဲ့ စရိုက်တွေက ဘယ်သူမှ လိုက်မစစ်ရဘဲနဲ့ ဟိုးလေး
တကျော်ကျော်။
* * *
သီတင်းကျွတ် လဆန်းကတည်းက ကထိန်
အလုပ်အမှုဆောင် အဖွဲ့မှ လူကြီးတွေ ဆိုင်မကပ်နိုင်ကြတော့။ တန်ဆောင်းမုန်းလ
ထဲတွင် ကျင်းပမည့် စုပေါင်း မဟာဘုံကထိန် အတွက် အားကုန် သွန်နေကြရပြီး
သည်လူကြီးတွေ ကြားထဲ ကျွန်မပါ ကန့်လန့်ကန့်လန့်နှင့် ဖိတ်စာဝိုင်းရေး၊
သွားရိုက်၊ ကထိန်အတွက် သင်္ကန်းလိုက်ကြ၊ အလှူခံ အဖွဲ့တွေ ဖွဲ့ကြ၊ ပဒေသာပင်
ခေါင်းဆောင်တွေ ကြိုတင် ပြင်ဆင်ကြ၊ မဏ္ဍပ်အသံချဲ့စက်၊ အကျွေးအမွေးအတွက်
ပြေးကြလွှားကြ၊ ဝယ်ကြခြမ်းကြ၊ ငြင်းကြခုံကြ၊ အော်ကြဟစ်ကြ။
"အများနဲ့
လုပ်တဲ့အခါ အနည်းအပါးတော့ ချွတ်ယွင်းမှုတွေ၊ လွဲမှားမှုတွေ ရှိကောင်း
ရှိလာနိုင်တယ်။ အဲဒီအခါ အချင်းချင်း သည်းခံပြီး တတ်နိုင်သမျှ
ခွင့်လွှတ်ကြပါ။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက အများပိုင် ငွေကြေးကို
အလွဲသုံးစား မလုပ်မိဖို့ရယ်၊ လူမှုရေး ဖောက်ပြန်မှုတွေကို
ရှောင်ကြဉ်ကြဖို့ရယ်ဆိုတဲ့ အဓိက နှစ်ချက်ကို လိုက်နာနိုင်ရင် ဘယ်တော့မှ
မျက်နှာပျက်စရာ အမှားမျိုး မလာနိုင်ဘူး။ အဲ … စောစောက ပြောတဲ့ အမှားတွေကို
ကျူးလွန်လို့ကတော့ ဘယ်လိုလူမျိုး ဖြစ်ဖြစ် ခွင့်မလွှတ်နိုင်ဘူး။ ဘာသာရေးကို
လိပ်ပြာသန့်သန့်နဲ့ လုပ်ကြစေချင်တယ်"
ဆိုတဲ့ ကထိန်ခေါင်းဆောင်တွေရဲ့ အဆုံးအမအောက်မှာ အားလုံးဟာ ရဲရင့်ဖျတ်လတ် နေကြတယ်။
ပတ်မနဲ့ ဗျောသံ
မိုးထံသို့ ဖောက်
ဝတ်စုံညီ ဆင်တူနဲ့
ပဒေသာပင် စည်ဝေပွားတယ်
လုပ်အားအမောက် …။
ဈေးရုံ ပတ်ပတ်လည်မှာ အရောင်စုံ၊ အသွေးစုံ၊ အဆင်စုံနဲ့ ပဒေသာ အဖွဲ့တွေ ဟိုတစ်စု သည်တစ်စု။
မိတုတ်တို့ မိစိန်တို့ အပြင်တန်းအုပ်စု ပဒေသာပင် အဖွဲ့က ခရမ်းရောင်
မှန်ဇာနဲ့ ချိတ်ထဘီ၊ ခရမ်းဝမ်းဆက်နှင့် သူတို့ ပဒေသာပင် အနားမှာ
တပြုံးပြုံး။
ကုမ္မာရီ အလှလေးတွေကလည်း လိပ်ပြာတောင်ပံ ခတ်သလို တဖျတ်ဖျတ် တလတ်လတ်။
ကွမ်းတောင်ကိုင် အုပ်စုထဲမှာ ရှင်(ခင်?)နှောင်းလေးတောင် ပါနေပါရောလား၊ မျက်လွှာလေး ချလို့ ရှက်နေပြန်ပြီ ထင်ပါရဲ့။
ချောမြနဲ့ ရွှေမိက ကွမ်းတောင် ပန်းတောင်ကိုင် မိန်းကလေးတွေကို မမောမပန်း၊
မအိုက် မလှောင်ရအောင် ယပ်တောင်ကလေးတွေ တဖျတ်ဖျတ်ခတ်ပြီး ဘေးကနေ လိုလေသေး
မရှိအောင် စောင့်ရှောက်ပြုစု နေကြလေရဲ့။ သူတို့မျက်နှာလည်း ကာလာရောင်စုံ
ပြေးလို့၊ အမယ် … ကိုယ်ပေါ်မှာလည်း ဘူးပါတိတ် ဝမ်းဆက်တွေ ဆင်တူနဲ့ပါလား။
ဟိုနား သည်နား မလှမ်မကမ်းမှာ ဒိုးဝိုင်းတွေကလည်း တစ်ဝိုင်းနှင့်တစ်ဝိုင်း
အပြိုင်အဆိုင် တီးမှုတ် ကခုန်လျက်။
"ရှာပုံတော်" သီချင်းနဲ့ ကနေတဲ့ ဆင်ကြီး ဘေးမှာလည်း ဖိုးချိုတို့အရွယ် ကလေးတွေ ကြိတ်ကြိတ်တိုးလို့။
အပျိုတွေကလည်း သူ့ထက်ငါ အလှချင်းပြိုင်၊ အစ်ကို ကာလသားတွေကလည်း ပျားပိတုန်းတွေလို တရစ်ဝဲဝဲ။
ကိုတင်ဝင်း၊ ကိုမျိုးသိမ်း၊ ကိုစံအေး ခေါင်းဆောင်တဲ့ ပဒေသာပင် ကြီးကြပ်ရေး အဖွဲ့ကလဲ တာဝန်ကျေကျေ။
ဘယ်သူ့ကိုမှ အကောင်း မမြင်စတမ်း၊ မျက်မှန်စိမ်း ပိုင်ရှင် ဒေါ်လေးရီက
သည်တစ်ခါတော့ ပဝါ စွယ်စုံချလို့။ ငွေဖလားကြီး တပိုက်ပိုက်နဲ့၊ ရွှေမိုး
ငွေမိုးရွာဖို့ ဟန်တပြင်ပြင်။
ဦးဘိုဘို၊ ဦးအေးထွန်း၊ အဘ ဦးတင်ညွှန့်၊
ဦးမြတ်ကျော်၊ ဦးတင်အောင် စတဲ့ လူကြီးပိုင်းတွေက ကထိန်ညှပ်သင်္ကန်းကြီး
တင်ထားတဲ့ ကားပေါ်မှာ ခေါင်းပေါင်းစ တလူလူနဲ့။
အတွင်းရေးမှူးကတော့ လွယ်အိတ်တစ်လုံးနဲ့ လူးလားခေါက်လို့။
ရှေ့ဆုံးက ပွိုင့်ကားပေါ်မှာ တာဝန်ကျသူက ကျွန်မ။
ရှိရှိသမျှ ဈေးသူ ဈေးသားတွေရဲ့ ချွေးနှဲစာနဲ့ သိန်းချီပြီးလှူရတဲ့ သည်ကထိန် အလှူမင်္ဂလာပွဲဟာ သည်ဈေးရဲ့ ဘာသာရေး အသက်သွေးကြောပါပဲ။
သည်အချိန် ရောက်ရင် အားလုံးဟာ ပျော်ရွှင်ချမ်းမြေ့ပြီး ရှိခဲ့ဖူးတဲ့
အာဃာတတွေ၊ အမုန်းတရားတွေ၊ အငြိုးအတေးတွေလည်း ကျေပြီး၊ သည်အလှူပွဲ
အထမြောက်အောင် နွှဲကြဖို့သာ၊ ဝီရိယထားပြီး အားသွန်ကြတာ ကျွန်မတို့ ဈေးရဲ့
ချစ်စရာ အကောင်းဆုံး လှုပ်ရှားမှုပါပဲ။
* * *
ဈေးကနေ
ကျောင်းအရောက် လမ်းတစ်လျှောက် လှည့်လည်ပြီး၊ ပဒေသာပင်တွေ ကျောင်းဝင်းထဲ
နေသားတကျ ထားပြီးတော့မှ ဈေးသူ ဈေးသားတွေလည်း မောပြီး ပြန်ကုန်ကြပြီ။
မနက်ဖြန် ဧည့်ခံကျွေးမွေးမယ့် အလှူရက်မှာ ထပ်နွှဲကြဦးမှာမို့ အိမ်ပြန်
အနားယူပြီလေ။
အနားမယူနိုင်ဘဲ ဘုန်းကြီးကျောင်းမှာပင် နောက်တစ်နေ့ ကူးကြရမှာက ကျွန်မတို့အုပ်စု။
"ဆာလိုက်တာ ဟယ်၊ ထမင်းလေး ဘာလေး လုပ်ကြစမ်းပါဦး၊ ခုထိ မနက်စာ မစားရသေးဘူး"
တစ်ယောက်က စ, လိုက်သည်။ တစ်နေကုန် ပီတိနှင့် ဝ, နေသော ကျွန်မတို့ အဖွဲ့က
ယခုမှ ဆာလောင် လာကြသည်။ မနက်ဖြန်မှာ အလှူဆိုတော့၊ ယခုညစာ ဟင်းမရှိ။
တိုက်အုပ် ကိုယ်တော်က ဘုန်းကြီးကျောင်းသားလေးနှင့် ဟင်းတစ်အိုး လာပို့သည်။
"ဟင်းလေး" ဟု ဆိုသည်။ ထမင်းတစ်အိုး အမြန်ချက်ပြီး၊ ဟင်းလေးအိုးကို
မီးဖိုပေါ် တင်နွှေးပြီး မွှေလိုက်စဉ် ထွက်ပေါ်လာသော ဟင်းနံ့က ပါးစောင်များပင်
ကျဉ်သွားပြီး၊ သွားရည် ကျချင်လာသည်။ သို့နှင့် မနေနိုင်တော့ဘဲ
ဟင်းရည်နည်းနည်း ခပ်မြည်းကြည့်လိုက်မိသည်။
"အား … ကောင်းလိုက်တာ"
ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။ အရသာရှိလိုက်သည့် ဖြစ်ခြင်း။ ထမင်းပင် ပိုဆာလာတော့သည်။
"ဟင်းလေးဆိုတာ သပိတ်ထဲ ပါလာသမျှ ဟင်းခွက်တွေ အားလုံးကို ရောစပ်ပြီး
ကျိုထားတာပေါ့၊ ဟင်းပေါင်းလို့လည်း ခေါ်တယ်။ ဝက်သားရော၊ ကြက်သားရော၊ ငါးရော၊
ပဲပင်ပေါက်ရော၊ ကန်စွန်းရွက်ရော၊ ပဲပြုတ်ရော၊ အစုံအစုံ ဘယ်ဟင်းကိုဖြင့်
ထည့်မပေါင်းရဘူး ဆိုတာ မရှိဘူး။ အားလုံးပေါင်းပြီး မွှေပစ်လိုက်တာပဲ။ ဒီတော့
အရသာတွေ မျှပြီး ကောင်းသွားတာပေါ့"
တိုက်အုပ်ဘုန်းကြီး
ပြောပြသည်ကို နားထောင်ရင်း ဟင်းအိုး မွှေလိုက်တိုင်း လည်လည်ပြီး တက်လာသည့်
မျှစ်ဖတ်ကလေးတွေ၊ ပဲပင်ပေါက်မျှင်ကလေးတွေ၊ ကန်စွန်းရိုးကလေးတွေကို
စားကြည့်နေရင်း စိတ်ကူးထဲမှာ -
ဈေးထဲက ဒေါ်လေးရီတို့၊
ဦးလေးထွန်းတို့၊ ဦးမြတ်ငြိမ်းတို့၊ မိတုတ်တို့၊ ရှင်(ခင်?)နှောင်းတို့၊
ချောမြတို့၊ ကိုစံအေးတို့၊ မရွှေမိတို့တွေရဲ့ စိတ်ဓာတ်ကလေးတွေ
အားလုံးကိုစုပြီး ဟင်းပေါင်းအိုးကြီးလို မွှေပစ်လိုက်လို့ရရင် ဘယ်လောက်များ
ပျော်စရာကောင်းလိုက်မလဲလို့ တွေးနေမိတာကို ဒေါ်လေးရီများ သိသွားရင်
ရူးတယ်လို့ ထင်ဦးမှာလားဟင် …။
-----------
သန်းမြင့်အောင်
ရင်ခုန်ပွင့်၊ အမှတ် ၈၃၊ ၁၉၉၃။
No comments:
Post a Comment