Friday, 9 September 2016

ကြက်ခြေခတ်ကလေးများ

ကြက်ခြေခတ်ကလေးများ
===================
“အေးလွင်ရေ …”
ငိုသံပါ အသံဆိုးကြီးနဲ့ အိမ်ရှေ့က ရုတ်တရက် အော်လိုက်သံ ကြားရတော့ စာဖတ်နေတဲ့ ကျွန်မ အရမ်းလန့်မိတယ်။ ထင်တဲ့ အတိုင်းပါပဲ၊ မျက်လုံး နီနီ၊ မျက်နှာ ဖောသွပ်သွပ်၊ ဒယီးဒယိုင် ခန္ဓာကိုယ်နဲ့ ပုဆိုးမနိုင်၊ ပဝါမနိုင်၊ လူပျိုပေါက် တစ်ယောက်ဟာ တစ်ဖက်က ကြာဆံကြော်၊ ခေါက်ဆွဲကြော်ထုပ်ကလေး ကိုင်၊ တစ်ဖက်က ကျွန်မတို့ အိမ်ဝင်းထရံကို အားပြုမှီပြီး မနည်း ကိုယ့်ကိုယ်ကို ထိန်းရပ်နေရတဲ့ အဖြစ်ကို တွေ့လိုက်ရတယ်။ သေချာတာပေါ့။ ကျွန်မတို့နဲ့ တစ်အိမ်ကျော်က အေးလွင် ဆိုတဲ့သူနဲ့ အသက်တူ၊ အရွယ်တူ ကောင်လေး တစ်ယောက်။ သူငယ်ချင်းနေမှာ၊ အေးလွင်ဆီ လာတာ နေမှာလို့ ကျွန်မ ချက်ချင်း သိလိုက်တယ်။ အင်း …
“ကလေး ... ဒီအိမ်က အေးလွင်အိမ် မဟုတ်ဘူးကွဲ့၊ အေးလွင်အိမ်က တစ်အိမ်ကျော်မှာ”
ကျွန်မ အသံ ကြားရတော့ ဝင်းထရံတိုင်ကို အားပြု ကိုင်ထားရာက ကျိုးနေတဲ့ ဇက်ကို မနည်းမော့ပြီး ကျွန်မကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တယ်။ အို … ဒီကလေးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ရွှဲလို့ပါလား။
“ဆရာမ … ဟီး … ဆရာမ၊ ကျွန်တော် အေးလွင်အိမ်ကို မသိတော့ဘူး၊ မသွားတတ်တော့ဘူး ဆရာမ … ဟီး”
ပြောပြောဆိုဆို ငိုချလိုက်တဲ့ ကောင်လေးကို ကြည့်ပြီး ဪ ... ဒုက္ခပါပဲလို့ စိတ်ထဲက ညည်းမိတယ်။ သူ့ကိုယ်သူ လဲကျ မသွားအောင် ဝင်းထရံတိုင်ကို ခြေကန် ဆွဲထားရတာ စိတ်ပျက်လက်ပျက် ကြည့်ပြီး …
“အေးလွင်တို့ အိမ်က တစ်ယောက်ယောက် ဒီမှာ လာခေါ်ပါဦးဟေ့၊ မလာနိုင်လို့တဲ့ … ငိုနေတယ်” လို့ အသံမြှင့်ပြီး အော်ခေါ်လိုက်တော့မှ အေးလွင် အမေက ပြေးထွက်လာပြီး ကောင်လေးကို တွဲခေါ်သွားတယ်။
ကောင်လေးက ခေါင်းတရမ်းရမ်းနဲ့ လိုက်သွားရင်း “ဟောဒီမှာ အေးလွင်ဖို့ ဝယ်လာတယ်၊ ခါတိုင်း ဒီအချိန်ဆို ကျွန်တော်နဲ့ နှစ်ယောက်အတူ ကြာဆံကြော် စားနေကျဗျ ဟီး” ဆိုပြီး တငိုငို တရယ်ရယ် ပါသွား ပါလေရော။
ကျွန်မလည်း သူ ထွက်သွားတော့မှ ရင်တုန်ပန်းတုန် ဖြစ်လာပြီး ကုလားထိုင် တစ်လုံးပေါ်ကို ဖြည်းဖြည်းလေး ထိုင်ချလိုက်ရတယ်။ သူ့သူငယ်ချင်း အေးလွင်ဆီက လွန်ခဲ့တဲ့ နာရီဝက် လောက်ကမှ ကျွန်မ လူမမာမေး ပြန်ရောက်လာတာ။ သေချာတယ်။ သူ ဝယ်လာတဲ့ ကြာဆံကြော်ကို ထစားနိုင်တဲ့ အခြေအနေ ဘယ်နည်းနဲ့မှ အေးလွင်မှာ မရှိတော့ဘူး။ ကျွန်မ သွားတော့ကို ချွဲတွေ တဂီးဂီး ဆို့ပြီး ဖုတ်လှိုက် ဖုတ်လှိုက်ကို အသက်ရှူ နေရတာလေး ကြည့်ရင်း ကြည့်ရင်း စိတ်မကောင်း ဖြစ်လာလို့ လှည့်ထွက်လာတော့ အိမ်နီးချင်း တစ်ယောက်က “ညနေ စောင်းမယ် မထင်တော့ဘူး” လို့ ပြောရင်း နောက်က လိုက်ထွက် လာခဲ့ကြတာ။ လူတွေ၊ အမျိုးတွေ ဝိုင်းအုံနေတဲ့ ကြားက အေးလွင်ကို ကြည့်ပြီး ရင်ထဲမှာ မကောင်းလိုက်တာ။ ပြန်တွေးရင် အသားဖြူဖြူ၊ မျက်နှာချိုချို၊ ကိုယ်လုံး ပြည့်ပြည့်နဲ့ အမြဲတမ်း ပြုံးနေပြီး ဖိနပ်မပါဘဲ လမ်းလျှောက် နေတတ်တဲ့ ကျန်းမာတုန်းက အေးလွင်ကို ပြန်မြင်ယောင် နေမိတယ်။
“ဆရာမ၊ အမေနု နှိပ်မလားဟင်၊ ကျွန်တော် နှိပ်ပေးမယ်”
ကျွန်မ လေဖြတ်ပြီး နေကောင်းစ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်တဲ့အချိန် အိမ်တံခါးဝ အေးလွင် ပေါ်လာတယ်။ ကျွန်မကို ဆရာမလို့လည်း ခေါ်တယ်၊ တစ်ခါတလေ အမေနု တဲ့။ အိမ်ထောင်မရှိတဲ့ ကြုံရာကျပန်း လုပ်စားနေတဲ့ ရိုးရိုးသားသား လူငယ်လေး၊ ကင်းစောင့် ရမလား၊ ချုံရှင်း ရမလား ရတယ်၊ အမှိုက်ကျုံး ရမလား ရတယ်။ သစ်ပင် ခုတ်ရဦးမလား၊ အားကောင်း မောင်းသန် အေးလွင်တို့က မမှုဘူး။ အိမ်ကလည်း တစ်အိမ်ကျော်၊ သူ့မိဘများနဲ့လည်း ရင်းနှီးနေတော့ တူသား အရင်းလို ဖြစ်နေပြီ။
ဒီရပ်ကွက်ကလေးက ကလေးမတွေကလည်း ကျွန်မ နေမကောင်းနေတာ သိတော့ တစ်ယောက်တစ်လက် ကြုံရာ ကောက်လုပ် သွားကြတာပဲ။ အခုပဲ အေးလွင်လည်း သူတတ်ထားတဲ့ လက်နှိပ်ပညာနဲ့ ကျွန်မကို ကူညီနေတာ ခြေတွေ၊ လက်တွေ၊ ခါးတွေ စိတ်ရှည်လက်ရှည် အကြောဖြေပြီးတော့ ကျွန်မက ဘယ်လောက် ပေးရမလဲလို့ မေးရင် အေးလွင်က “သုံးဆယ်” လို့ ထုံးစံအတိုင်း ဖြေတယ်။ ပိုပေးလည်း မယူဘူး၊ ကျွန်မဆီက သုံးဆယ် ရပြီးတာနဲ့ တန်းပြီး ပုဂံကို သွားတော့တာပဲ။ သူက တစ်ခါသောက်ရင် သုံးဆယ်ဖိုးပဲ သောက်တာ။ ဘယ်နှခါ သောက်လဲလို့ မေးကြည့်၊ မရေတွက်နိုင်အောင် တစ်နေကုန် သောက်နေတာတဲ့။ ကောင်းကြရော။
ရပ်ကွက်ထဲမှာ အအေး အပူ အဖျော်ယမကာဆိုင် လေး ငါးဆိုင်ရှိတဲ့ အထဲက ဒီပုဂံဆိုတဲ့ ဆိုင်ကလေးက နည်းနည်း ထူးခြားတယ်။ ချောင်ကျကျ ရပ်ကွက် အရှေ့ဖျား၊ ကန်စွန်းပင်တွေ ဝိုင်းနေတဲ့ နေရာမှာ သီးသီးသန့်သန့် ရှိနေပြီး တိတ်ဆိတ် အေးချမ်းနေတယ်။ ဆိုင်ရှင် ကိုဝင်းညွန့်ကလည်း သဘောကောင်းတယ်။ သီချင်းဖွင့်တာကိုတောင်မှ အေးအေးငြိမ့်ငြိမ့် သီချင်းလေးတွေ ရွေးဖွင့်တာ ။ အခါကြီး ရက်ကြီးတွေမှာ သူ့ဆိုင်က ဖောက်သည်တွေကို အပျော် ကံစမ်းမဲ ဖောက်တာတို့၊ ဘုရားဖူး လိုက်ပို့တာတို့ လုပ်တတ်သေးတယ်။
ဆိုင်နံရံမှာ ချိတ်ဆွဲထားတဲ့ ပိတ်ချင်းမြောင်တို့၊ ပေါ်တော်မူတို့၊ သမ္ဗုဒ္ဓေတို့ သွားတုန်းက အုပ်စုလိုက် တပျော်တပါး ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာ အေးလွင်တို့ ဟန်ပေး၊ ဂိုက်ပေး ကြမ်းနေကြတာတွေ တွေ့နေရတာပေါ့။ အချင်းချင်းလည်း အရမ်းခင်ကြတော့ အခုလို သေငယ်ဇော မြောနေတဲ့အချိန်မှာ သူငယ်ချင်းတွေ ခံစားကြရရှာမှာပဲ။
ခဏလေး ကြာတော့ အေးလွင်တို့ အိမ်ဘက်က စီခနဲ ငိုသံတွေ ဆူဆူညံညံ ကြားရတယ်။ သွားရှာပြီပေါ့လို့ ကျွန်မ စိတ်မကောင်း ဖြစ်နေတဲ့အချိန် ပုဆိုးမနိုင် ပဝါမနိုင် တဟီးဟီးငိုပြီး ထွက်လာတဲ့ ကောင်လေး တစ်ယောက်က “ငါက ခါတိုင်း သောက်နေကျ အချိန်ပဲကွာ၊ သောက်ဦးဆိုပြီး ပါးစပ်ထဲကို အရက်တွေ လောင်းထည့်လိုက်တာကွ၊ ဒီတော့မှ ဒီကောင် ကျေနပ်ပြီး ထွက်သွားတော့တာ” လို့ ဗလုံးဗထွေး ပြောနေတာနဲ့ ကျွန်မမှာ ပြုံးရမလို၊ မဲ့ရမလို ဖြစ်ရသေးတယ်။ အသက်ငင်နေတဲ့ လူမမာရဲ့ ပါးစပ်ထဲကို အရက်တွေ လောင်းထည့်သတဲ့၊ သီးပြီး သွားရှာတာ နေမှာလို့ တိတ်တိတ်ကလေး တွေးမိတယ်။ အင်း …။
အသုဘပို့တဲ့ အချိန်ကျတော့လည်း မျက်လုံးတွေ နီရဲပြီး မျက်နှာတွေ ထူအမ်း၊ အနံ့ တထောင်းထောင်း ထွက်နေတဲ့ လူတွေက “အေးလွင်အတွက် ကုသိုလ်ပါ ခင်ဗျာ” ဆိုပြီး ခေါင်းလျှော်ရည်ထုပ်တွေ၊ ဆပ်ပြာမှုန့်တွေ ကမ်းကြတယ်။ အဲဒီ နောက်ပိုင်း ညညမှာ ခွေးတွေ တဝုန်းဝုန်း ဆူရင်တောင် ရပ်ကွက်ထဲက ဒီအချိန် အေးလွင် ကင်းလှည့်တဲ့ အချိန်ပဲလို့ ပြောစမှတ် ပြုကြတယ်။ ဒါပေမယ့် သေပြီးတဲ့သူလေ။ ကြာတော့လည်း မေ့သလောက် ဖြစ်လာတာပေါ့။ ကိုယ့်လူမှုရေးနဲ့ကိုယ် မဟုတ်လား။
“ဆရာမ ပိတောက်ပင်က ကိုင်းတွေ ခြောက်နေပြီ၊ ကျွန်တော်တို့ ထင်းကလေး လိုလို့ ချိုင်ချင်လို့ပါ”
အိမ်ပေါ် တက်လာပြီး ပိတောက်ကိုင်းခြောက် တောင်းနေတဲ့လူက ဟိုတစ်ခါက အေးလွင် သူငယ်ချင်းလေးလေ။ ကျွန်မလည်း ခြံထဲဆင်းပြီး ပိတောက်ပင် အောက်မှာ သူတို့ လေး၊ ငါးယောက် ချိုင်တာကြည့်ရင်း ဘာလုပ်ဖို့လဲလို့ စပ်စုကြည့်မိတယ်။
“ဆရာမ မသိသေးဘူးလား၊ ကျွန်တော်တို့ ပုဂံက အပေါင်းအသင်း အုပ်စုတွေက အခုမနက်တိုင်း ဘုံဆွမ်း လောင်းနေကြတယ်လေ။ ကျွန်တော်တို့၊ အောင်မိုးထူးတို့ အိမ်မှာ ချက်နေတယ်။ ကိုဦးတို့၊ ကိုသန်းထွန်းတို့က ဆန်၊ ကိုနောင်နောင်က ဆန်နဲ့ဆီ၊ ရန်နိုင်ဦးတို့၊ ဝင်းနိုင်တို့က ထင်း၊ ကိုနိုင်ဝင်းက ခရမ်းချဉ်သီး၊ ကိုခင်ဝင်းတို့၊ ထိန်လင်းအောင်တို့၊ စိန်သံမဏိ၊ သေးတာ၊ ကိုတိုး၊ ဦးခင်အောင် သူတို့လည်း တတ်နိုင်တဲ့ငွေ ထည့်ကြတယ်။ မနက်တိုင်း ကိုဦးနဲ့ ညီထွေးတို့ ညီအစ်ကိုက နိဗ္ဗာန်ဆော် တာဝန်ယူပြီး တစ်အိမ်တက်ဆင်း နှိုးလို့ လူအေးတို့နဲ့ စုပြီး ချက်ကြတယ်။ ဆရာမရယ် သံဃာတော်တွေကို ရွှေတချောင်း မြောင်းထောင့်မှာ စုပေါင်း လောင်းကြတယ်” လို့ အားရပါးရ ရှင်းပြပါလေရော။
ကျွန်မနားကို ကျွန်မ မယုံမိဘူး။ တအံ့တဩနဲ့ ပြောနေတဲ့ ကိုဦးကို ငေးကြည့်နေမိတယ်။
“အဲဒါ ဆွမ်းချက်ဖို့ ထင်းလိုလို့ ဆရာမ ပိတောက်ပင်ကို တောင်းနေတာပါ ဆရာမရယ်။ ကျွန်တော်တို့ ဆွမ်းလောင်းခါစက အရက်သမားတွေ သေမှာကြောက်လို့ သွေးရူးသွေးတန်းနဲ့ လုပ်နေတာပါကွာ၊ တစ်ရက်နှစ်ရက်နဲ့ ပြီးသွားမှာပါလို့ ကဲ့ရဲ့ကြတယ်။ ကျွန်တော်တို့က တကယ် လောင်းကြတော့ အခုဆို ထင်းပေါင်းတဲ့လူနဲ့ ဆန်ပေါင်းတဲ့လူနဲ့ ရပ်ကွက်ပါ ဝင်လာတယ်”
“ညနေစောင်းဆို ဆရာမ မြင်စေချင်တယ်။ ကျွန်တော်တို့ ပုဂံကို သွားကြရင်လေ ဆီပုလင်းလေး ဆွဲတဲ့သူနဲ့၊ ဆန်ထုပ်ကလေး ဆွဲတဲ့သူနဲ့ နောက်ပြီး ဆိုင်ရောက်ရင်လည်း အရင်က နှစ်ရာဖိုး ပါရင် နှစ်ရာဖိုးလုံး သောက်ဖြစ်ကြတာ။ အခု တစ်ရာလောက်တော့ ဆွမ်းလောင်းဖို့ထဲ ထည့်တော့ ကျွန်တော်တို့ လျှော့သောက်ဖြစ်တယ် ဆရာမ”
ကျွန်မ သူတို့ပြောတဲ့ စကားတွေကို တအံ့တဩ နားထောင်ရင်းက အလုပ်မရှိတဲ့ လူငယ်လေးတွေလည်း မဟုတ်။ လေလွင့် နေကြတာလည်း မဟုတ်။ နေ့လယ်မှာ အလုပ်ကိုယ်စီ လုပ်လို့ တတ်နိုင်သမျှ စီးပွားရှာလို့။ ပြီးတော့ ကုသိုလ်ရေး၊ လူမှုရေးလည်း ဝါသနာ ပါကြတဲ့အပြင် ကိုယ်တိုင်လည်း လက်တွေ့ လုပ်နေကြတဲ့ ကလေးတွေ ဘာဖြစ်လို့များ ဒီယမကာကို စွဲလမ်း တပ်မက်ပြီး မဖြတ်နိုင်၊ မပြတ်နိုင်အောင် ဘ၀ရဲ့ ဘယ်လို စိန်ခေါ်မှုတွေကိုများ သူတို့ မလွန်ဆန်နိုင် ဖြစ်နေကြပါလိမ့်။
“ဆရာမ ဒီမှာ ကြည့်ပါဦး၊ ကျွန်တော်တို့ သူငယ်ချင်းတွေလေ၊ သိပ်ခင်ကြတာ၊ ဒါက ပိတ်ချင်းမြောင်မှာ ရိုက်ထားတာ။ ဒါက သမ္ဗုဒ္ဓေမှာ ရိုက်ထားတာ၊ တွေ့တယ် မဟုတ်လား ဆရာမ၊ ပိတ်ချင်းမြောင်မှာ ရေထဲမှာချည်းပဲ”
တစ်ယောက်က ဓာတ်ပုံကလေးတွေ ထုတ်ပြလို့ ကျွန်မ ယူကြည့်လိုက်ရတယ်။ ကိုးရိုးကားရား မတ်တတ်ရပ်ကြ၊ လက်တွေ မြှောက်ကြ၊ ခေါင်းတွေ စောင်းကြနဲ့ ရိုက်ထားတဲ့ ပျော်မြူးနေကြတဲ့ လူငယ်လူတက် အားကောင်းမောင်းသန် အရွယ်ကလေးတွေထဲက ထူးခြားမှု တစ်ခုကို တွေ့လို့ ကျွန်မ မျက်မှောင်ကုတ် သွားမိတယ်။
“ဟင် … ဒီထဲက တချို့ သုံးလေးယောက်ကို ဘာလို့ မျက်နှာလေးတွေ ကြက်ခြေခတ်ထား ရတာလဲ၊ သူတို့က ဘယ်သူတွေလဲ”
အပ်ကျသံ ကြားရမတတ် အားလုံး တိတ်ဆိတ် နှုတ်ပိတ်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် အပြန်အလှန် ကြည့်နေကြတဲ့ သူတို့ဟာ ငိုတော့မလို၊ ပြိုတော့မလို ပုံစံလေးတွေ ချက်ချင်း ဖြစ်သွားလိုက်ကြတာ။ ပြီးမှ တစ်ယောက်က တိုးတိုးလေး အသံမပွင့်တပွင့်နဲ့ …
“အဲဒါတွေက ကျွန်တော်တို့ထဲက ဆုံးသွားကြတဲ့ သူတွေပါ ဆရာမ။ သူတို့ မရှိကြတော့ပါဘူး”
“အို”
ကျွန်မရင်ထဲမှာ ဆို့နစ်ပြီး ဘာစကားမျှ မပြောနိုင်တော့ဘူး။ ပတ်ဝန်းကျင် တစ်ခုလုံးက ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားတယ်။ သူတို့လည်း ဘာစကားမျှ ဆက်မပြောနိုင်တော့ဘဲ ထင်းတွေကို သယ်ပြီး သွားကြဖို့ ခြေလှမ်းပြင်ကြတယ်။ ကျွန်မ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေရာက အပြောချင်ဆုံး စကားတစ်ခွန်းကို သူတို့ နာခံလိုသည် ဖြစ်စေ၊ မနာခံလိုသည် ဖြစ်စေ ဇွတ်မှိတ်ပြီး ပြောချလိုက်တယ်။
“ဒီမယ် တစ်ခုတော့ မှာပါရစေကွယ်၊ လျှော့ဖြစ်အောင် လျှော့ကြပါဦး”
သူတို့အားလုံး တညီတညာတည်း တွေတွေဝေဝေ မျက်နှာထားတွေနဲ့ ကျွန်မကို စိုက်ကြည့်ကြပြီး ခေါင်းညိတ် အဖြေပေးလို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်ခွာသွားကြတယ်။ ကျွန်မကတော့ ဓာတ်ပုံထဲက အေးလွင်တို့လို ကြက်ခြေခတ်ကလေးတွေ ကိုသာ ရင်တနင့်နင့်နဲ့ သတိရရင်း၊ သူတို့ နောက်ကျောကို ငေးကြည့်ရင်း ပိတောက်ပင်ရိပ် အောက်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရ ပါတော့တယ်။
“ဪ … လျှော့ရင်း လျှော့ရင်း လျော့ကုန်ကြမှဖြင့်”
------------------------
ယဉ်ယဉ်နု (မန္တလေး)
စရဏ မဂ္ဂဇင်း၊ မတ်လ၊ ၂၀၀၆။

No comments:

Post a Comment