Friday, 9 September 2016

တောပွဲ

တောပွဲ (နုနုရည်​ (အင်းဝ))
-------------------------------
ဟဲ့ ဟဲ့ ဘီးဆံပတ်မတို့၊ အမယ်ကြီးအိုမတို့ ဘယ်ရောက်ကုန်ကြပလဲ၊ လာကြစမ်းပါဦးဟဲ့ ငါ့နားကို။ ငါ့ဘော်လီအင်္ကျီချိတ် တပ်ပေးစမ်း၊ ညည်းတို့မလည်း အံ့တာပဲ။ လင်တွေကိုယ်စီ ပါရက်သားနဲ့လည်း ကောင်လေးတွေနား သွားဟီလာ တိုက်နေတာပဲ၊ ညည်းတို့ဟာ တောသားလည်း မရှောင်၊ မြို့သားလည်း လာခဲ့၊ အဝီစိက ငရဲသားတောင် အလွတ်ပေးမယ့် မိန်းမလျာတွေ မဟုတ်ဘူး။
ဘော်လီချိတ်ကို အတွင်းချိတ် တပ်နော်၊ ဒါမှ ကျပ်ကျပ်ကလေးမှ ရှေ့ ဘော်လီခွက်ထဲကို ရေမြှုပ်ထိုးထည့်လို့ ကောင်းတာ၊ ဘယ်သူ ... ညည်းက ... ဘီးဆံပတ်မပဲ ငါတော့ လွယ်လွယ် ခေါ်လိုက်တော့တာပဲ။ အသက်ကြီးပဟဲ့၊ ခြောက်ဆယ်ကျော်၊ ဖောက်သည်မျှော်လို့ မရတော့တဲ့အရွယ်၊ သတိက မေ့တယ်၊ ညည်းတို့က ဒီတောပွဲကျမှ ချီကောက်ခေါ်ရတဲ့ မင်းသမီးတွေ၊ ငါ့တပည့်ရင်းတွေ နာမည်တွေတောင် အကုန်မှတ်မိတာ မဟုတ်ဘူး။
ဟဲ့- ဟိုဟာမ၊ အမယ်ကြီးအိုမ၊ သေတ္တာထဲက ထိုင်မသိမ်း အစိမ်းထုတ်၊ ညည်းမျက်နှာကလေ တကယ်ရှုံ့တွတွ၊ လုံးတုံးတုံးလေး၊ အမယ်ကြီးအိုမျက်နှာ အတိုင်းပဲ၊ ဟို ဘီးဆံပတ်မကတော့ ဆံပင်ရှည်ကို မိန်းမနဲ့တူအောင် ပတ်လိုက်ရတဲ့ ဘီးဆံပတ်။ အင်း ဝဋ်တွေဟဲ့၊ ဝဋ်တွေ၊ ဘုရားဆုပန် ယောက်ျားစင်စစ် ဧကန်ဖြစ်လျက်နဲ့ မိန်းမစိတ်တွေ ဝင်၊ မိန်းမပုံတွေ ဖမ်းပြီး မိန်းမယောင်တွေ ဆောင်နေကြတာ။ မိန်းမနဲ့ မတူတူအောင် ဝတ်၊ မတူတူအောင် နေ၊ အို ဘယ်လိုနေနေ၊ မိန်းမလျာဟာ မိန်းမလျာပဲ၊ မိန်းမအစစ်မှ မဟုတ်တာ။
ဪ- သူတို့တွေလည်း အပြစ်မပြောဘူး၊ ငယ်ရွယ်သူတွေကိုး။ ကိုယ် ငယ်ငယ်တုန်းကလည်း ဒီလိုပဲဥစ္စာ၊ သူ့ထက်ကဲ၊ ရွှေပြည်စိုးချင်တောင် စိုးဦးမယ်။ အသက် ဆယ့်ရှစ် ဆယ့်ကိုး နတ် စကတော့ ဒီလိုတောပွဲတွေ စ ကရတာပေါ့၊ လှည်းကြီးတွေနဲ့ တစ်ရွာဝင် တစ်ရွာထွက် လျှောက်ကရတာ၊ ဒီလို မော်တော်ကားတွေ ဘာတွေနဲ့ မဟုတ်သေးဘူး။ အို- လှည်းကြီးပေါ်မှာ မှန်ကြီးထောင်ပြီး မိတ်ကပ်တွေ လိမ်းတာ၊ လှည်းဘေးနားမှာ လူတွေက ဝိုင်းလို့၊ အဲဒါကို အဟုတ်ကြီး မှတ်လို့၊ အမယ်လေး ငါ့ကို ချောလို့ လှလို့ ဝိုင်းအုံကြည့်ကြတာပေါ့၊ မပြီးဘူး၊ မိတ်ကပ် လိမ်းနေတာ၊ မှန်ကြီးတစ်ချပ်နဲ့။ ခုပြန်တွေးကြည့်၊ ဘယ်လောက်များ ကြိမ်သုံး​ချောင်းပူး လောက်နဲ့ စရနယ်ဖို့ ကောင်းသလဲ။
ဟဲ့- ဘီးဆံပတ်မ၊ ခြေအိတ်သုံးရက် ကနားတွေ မဟုတ်ဘူး၊ တစ်ညနဲ့ တစ်ရက်ပဲ၊ ဒီလို အင်းပိတ်ချိန်ဆို နတ်ကမယ့် အိမ်တွေက ကိုယ့်အိမ်ရှေ့တွေမှာ ကနားတဲတွေ ကိုယ်စီ ထိုးထားကြ၊ ပြီးတော့ နတ်ကတော်ခေါ်၊ တစ်အိမ်ကစပြီး တစ်ည၊ တစ်ရက်၊ တစ်ည၊ တစ်ရက်၊ ဆက်တိုက် ပြောင်းကသွားရုံပဲ။ ဒီရွာ ကမယ့် အိမ်ကုန်တော့ နောက်တစ်ရွာပြောင်း၊ တစ်ပွဲကို ရှစ်ထောင်ပဲ၊ ဆိုင်းဖိုး၊ ဓာတ်ဆီဖိုး၊ တပည့်တပန်းပေး၊ ဘာညာ သုံးထောင်နုတ်၊ တစ်ပွဲ ငါးထောင်ကျန်၊ ပင်တော့ ပင်ပန်းတာပေါ့။ တောတွေ ရက်ဆက်လျှောက်သွား၊ ခုန်ပေါက်ကရနဲ့ မပင်ပန်းဘဲ ရှိမလား၊ ဒါပေမဲ့ အင်းပိတ်ချိန် ဒီ​နွေတစ်ရာသီဆို ပွဲခုနစ်ဆယ်လောက် ရတာ၊ ငါးပိ၊ ငါးခြောက်လည်း တစ်မိုးတွင်းစာ ဖူလုံရော့။
ငါးခြောက်က "ကျွဲဆွဲ" တဲ့ စုံတွဲတွေဆီက ရတာလေ။ ကနားတဲ အလယ်ကောင်မှာ ခေါင်ဖောက်ပြီး ကျွဲစင် လုပ်ထားပါကောလား၊ အဲဒီ ကျွဲစင်မှာ ငါးခြောက်ပြားလေးတွေ စီပြီး ချိတ်လို့၊ တကယ်တော့ နယ်ဆိုင်ရာပိုင်ရာ နံကရိုင်း မယ်တော်ကြီးနဲ့ သားတော် အဿကုမ္မာ မင်းသားတို့ကို ပူဇော်ပသထားတာပေါ့ (ပွဲပြီးရင်တော့ ဒီငါးခြောက်က နတ်ကတော် ပိုင်တာပေါ့) လေ။
"ကျွဲဆွဲ" တယ် ဆိုတာကလည်း ဆိုင်တဲ့ ယောက်ျားလေး၊ မိန်းကလေး အိမ်ထောင်ပြုပြီးရင် နယ်ဆိုင်ရာပိုင်ရာ နံကရိုင်း မယ်တော်ကြီးနဲ့ သားတော် အဿကုမ္မာ တို့ကို ဆွေတော်မျိုးတော် စာရင်းသွင်းဖို့ အပ်နှံတာ၊ ပြသတာပဲ။ လွမ်းတင်းပါ ဘုရား၊ နံကရိုင်း မယ်တော်ကြီးက ကျွဲမကြီးဆိုတော့ "ကျွဲဆွဲ" တယ်လို့ ခေါ်တာပေါ့။ အိမ်တွေမှာ မိန်းကလေး ရှိတဲ့အိမ်က အိမ်ထောင်ပြုရင် ကျွဲဆွဲရတယ်၊ ယောက်ျားလေး ရှိတဲ့ အိမ်ကတော့ ကျွဲမဆွဲရဘူး၊ ပျော်ပွဲပေးရုံပဲ။
မြို့ပွဲမှာ ကျွဲဆွဲရင်တော့ တခမ်းတနားတွေ ဘာတွေလုပ်ကြတာပေါ့၊ ကျွဲ ဆွဲမယ့် စုံတွဲအတွက် ပါရတဲ့ ခန်းဝင်ပစ္စည်း ထမင်းအိုး၊ ဟင်းအိုး၊ ပန်းကန်ခွက်ယောက် ပေါ့လေ (ဒါတွေကို မြေအိုးတို့၊ ပလတ်စတစ်တို့နဲ့ လုပ်လည်း ရပါတယ်)၊ အဲဒါတွေကို ခုခေတ်ပေါ်တဲ့ ဘာတဲ့၊ အမယ်မင်း ဆိုလား၊ မယ်လမင်း ဆိုလား ဈေးကြီးပြီး လှကလှနဲ့၊ ပေါ့ပေါ့လေးတွေ၊ ဖိုက်ဘာ ခွက်လေးတွေနဲ့ လုပ်ကြတယ်၊ ကနားတဲထဲမှာ "အခါတော်ပေးတာက ..." တွေ ဘာတွေနဲ့ နတ်ကတော်က လက်ထပ် ပေးရသေးတယ်။ နံကရိုင်း မယ်တော်ကြီးနဲ့ သားတော်ကို ပူဇော်ကန်တော့ ထားတာတွေကလည်း မုန့်ပုံးတို့၊ ကွင်းဖျော်ရည်တို့ပေါ့။
အို ... ဒီတောပွဲမှာတော့ ဘာ အမယ်မင်း ... မယ်လမင်းတွေ လုပ်မနေနဲ့၊ မြေအိုး ပဲ၊ မြေပန်းကန် ပဲ၊ ဆွဲမယ့် စုံတွဲကလည်း တစ်တွဲတည်းများ မမှတ်နဲ့၊ အစုလိုက် အပြုံလိုက်၊ တစ်နှစ်လုံး မင်္ဂလာဆောင်ထားသမျှ အတွဲတွေ အကုန်လုံး၊ အင်းပိတ်ချိန် နတ်ကန်တော့မှ စုပြီး ဆွဲကြတာ၊ ငါးခြောက်ပြားတွေ ကိုယ်စီနဲ့ လာကြစမ်း၊ ကန်တော့ကြေးက စုံတွဲတစ်တွဲ သုံးဆယ့်ခုနစ်ကျပ် (အဲဒါ တစ်ခုကတော့ ကိုက်တယ်၊ မဆိုးဘူး၊ တစ်ပွဲ လေးငါးရာ၊ ကနားကြေး ရှစ်ထောင်နဲ့ မဆိုင်ဘဲ ရတာ ) ပဲ။ အဲဒါတွေ အဲဒါတွေကို ညည်းတို့ နောက်တက်မယ့် ဟာတွေ သိစေချင်တာ၊ တတ်စေချင်တာဟဲ့။ ဪ ... ပြောရင်းဆိုရင်း အမယ်ကြီးအိုမ၊ နတ်ကတော် လုပ်စားမယ့် ကောင်မက ထိုင်မသိမ်း ချိတ်ထိုးတာတောင် သောက်ဖြစ်ရှိအောင် မထိုးနိုင်ပါလား၊ အံ့တာပဲ၊ ဟဲ့ ... ဘီးဆံပတ်မ၊ ရှေ့သွားကြည့်စမ်း၊ တစ်ရွာလုံးက နတ်ဝင်သည်တွေ မကုန်သေးဘူးလား၊ ဒီနယ်တွေလောက် နတ်ယဉ်တာများ တွေ့ဖူးပေါင်တော်၊ အဘိုးကြီး၊ အဘွားကြီး၊ အပျို၊ အအို၊ လူပျို၊ လူအို၊ ကလေးက စပြီး ယဉ်လိုက်တဲ့ နတ်၊ ဝင်လိုက်တဲ့နတ်၊ ကလိုက်တဲ့နတ်၊ အင်းပိတ်ချိန် ဒီနတ်ပွဲတွေဟာ သူတို့ရွာရဲ့ ဒန့်စ်ကတဲ့ ပါတီပွဲများကျလို့၊ နတ်ပုံတော်နဲ့ ဆိုင်း သူတို့လက် အပ်ပြီး နတ်ကတော် ထိုင်သာ နေလိုက်တော့။ နတ်ပေါင်းကလည်း စုံပါ့ ...၊ သေတဲ့ ဆွေမျိုးမှန်သမျှ နတ်ဖြစ်တဲ့ အရပ်လေ။ လူသေရင် သေတဲ့သူရဲ့ ပုဆိုး၊ ထဘီတွေ သိမ်းထားကြပြီး နတ်ပွဲကျရင် အဲဒီ ပုဆိုး၊ ထဘီတွေ အခေါက်လိုက်၊ အထပ်လိုက်ကြီးကို ပစ်ချ၊ နတ်ကတော်တွေက တွေ့ရာ ထဘီတွေ ဆွဲဝတ်ပြီး နတ်ဝင် ရတယ်။ သူတို့ ဆွေမျိုးတွေက မေးရင် ဘယ်သူဘယ်ဝါ ဆိုတာ မှန်အောင် ပြောနိုင်ရတယ်။ အဲဒီတော့ နတ်ကတော်မှာ ဘယ်လို လုပ်ရတယ် မှတ်လဲ။
အို- ပွဲမဝင်ခင် ပြင်ကကျင်းပေါ့၊ ရောက်တာနဲ့ ဒီအိမ်မှာ ဘယ်သူ သေဖူးတုံး၊ နာမည် ဘယ့်နှယ် ခေါ်တုံး၊ ဘယ်လို ထဘီအင်္ကျီ အဆင်မျိုး ကြိုက်တတ်တုံးပေါ့၊ ထောက်လှမ်းရေး အရင်ဝင်ထားရတာ ပေါ့လို့။ သောက်ရှက်တွေ ကွဲပြီးပြီလေ၊ ဒီနယ်အကြော နားမလည်တဲ့ မိန်းမလျာ တပည့်တစ်ယောက်ပေါ့၊ ဂျက်စီမ၊ နတ်ပွဲမှာ ထဘီထုပ်ကြီး ပစ်ချပေးတော့ တခြား နတ်ကတော် မိန်းမလျာမတွေက ထဘီတွေ ကောက်ဆွဲ ဝတ်တဲ့ပြီး နတ်ဝင်ကြတာပေါ့။
ကနားရှင်တွေက ဘယ်သူလဲဆို "မအေးစိန်တော့် မအေးစိန်" ပေါ့၊ "မလှရီတော့် မလှရီ" ပေါ့၊ အဲဒါကို ဂျက်စီမက နားမလည် ပါးမလည်နဲ့ ထတဲ့ပြီး ထဘီတစ်ထည် ဆွဲဝတ်ကတော့ မေးတာပေါ့ "ဘယ်သူလဲ" လို့ဆိုတော့ သူ မဖြေတတ်တော့ဘူး။ အဲဒီတင် ရှက်ရှက်နဲ့ ဖြေချလိုက်တယ်လေ၊ "မေဝင်းမောင်တော့် မေဝင်းမောင်" တဲ့၊ ကဲ- သောက်ရှက်က လှလှကြီး ကွဲတော့တာပေါ့။
ဟဲ့- ကဲ၊ ဘီးဆံပတ်မရေ၊ ဘယ့်နှယ်လဲ၊ နတ်တွေ မကုန်သေးဘူးလား၊ မဖြစ်ပါဘူး၊ ငါကိုယ်တိုင် ထွက်ဖြတ်မှ ပြတ်မှာ၊ ငါ့ဆိုင်းသမားတွေလည်း လက်အန် သေပြီး ဆိုင်းတီးရင်း နတ်ဖြစ်လိမ့်မယ်၊ ငါလည်း ပုပ္ပားရော၊ ပခန်းရော ဆင်းလိုက်ရမှာ မဟုတ်တော့ဘူး၊ အမယ်ကြီးအိုမ၊ ဒေါင်းတောင်တွေ၊ ပုပ္ပား စားတော်စာတွေ အဆင်သင့် လုပ်ထားဟေ့။
"ကဲ- ကဲ- နတ်အပေါင်းတို့ ပျော်ပါ၊ ပျော်ပါ၊ တစ်နှစ်တစ်ခါ ပျော်ရတာ ၊ ပျော်တာလည်းပျော်၊ ကျွဲစင်ကိုလည်း သိပ်မဆွဲနဲ့၊ ကျွဲစင်ကြီး ပြိုကျလာဦးမယ်၊ ဟော ဟော ဝင်လာပြန်ပြီ နှစ်ယောက်၊ ကဲ- ပြော ပြော ဘာနတ်လဲ၊ မပြောနိုင်ရင် နတ်စည်းဝိုင်းထဲ ဝင်မလာနဲ့"
"အိုင် လပ်ဖ်ယူ မိုးသန်း အိုင်ကဲန်ဆေး"
"ဟဲ့ ဘိုကတော် ဘိုမင်းဟဲ့၊ ဘိုကတော် ဘိုမင်းနတ်၊ ကာဖီရေ ဆက်၊ ကာဖီရေ ယူခဲ့ ယူခဲ့ ဘယ်မလဲ"
ကဲ- တီးလိုက်ပါဦး ရွာစားရေ၊ ဘိုသံလေး။ စုံတယ် နတ်တွေကတော့၊ ဟိုတုန်းက ချောင်းထဲမှာ သင်္ဘောနစ်သေတဲ့ ဘိုလင်မယားစုံတွဲ နတ်ဖြစ်တာတဲ့။ ဟော- တွေ့လား ဘိုနတ် ဝင်နေလိုက်တာ၊ ငါးဖမ်းစားတဲ့ နှစ်ယောက်က ဘိုက ကနေလိုက်တာများ အကျ၊ ဟဲ့- ဘီးဆံပတ်မ ကြည့်စမ်း၊ ဟိုမယ် အရပ်သူ အရပ်သားတွေ လိမ်နေတာ ဘယ်လောက် ပိရိတုန်း၊ ဘယ်လောက် သပ်ရပ်တုန်း၊ ညည်းတို့ လုပ်စားတဲ့ ဟာမတွေထက် အများကြီး သာတယ်။ အဲဒါကြောင့် ငါ "က" ရင်၊ ငါ "ပြ" ရင် သေချာကြည့်၊ သေချာမှတ် ဆိုတာ၊ ဟင်း- အသက်ကြီးသွားလို့နော်၊ ငါ လိမ်ပြလိုက်ချင်တယ်၊ ကိုယ့်ခေါင်းစွဲနတ် ဘယ်လောက်ထက်ထက်၊ မုသားမပါ လင်္ကာမချောဘူး ဟဲ့၊ ဒီလို ဗဟုသုတမရှိ၊ ဘာမရှိ၊ ရိုးရိုးအအ နယ်မျိုး၊ တစ်နယ်လောက်ကို လှည့်နေတတ်လို့ကတော့အေ၊ ညည်းတို့ တစ်သက်စားရော့ပဲဟဲ့ နားလည်လား။
"ကဲ ကဲ နတ်သစ်တွေ ရှိသေးလား၊ ရှိသေးရင် ထွက်၊ ထွက်၊ အေး၊ ဘယ်သူ ဘယ်ဝါဆိုတာ နာမည်ပြောနိုင်မှလည်း ထွက်၊ မဟုတ်လို့ကတော့ တုန်တောင် မလာနဲ့ဟေ့"
ဪ ဒါလောက် အော်ထားတာတောင်၊ "နဂါးသိုက်" ဆိုပြီး မိန်းမနှစ်ယောက် လှိမ့်ဝင်လာသေး၊ "မိန်းမတို့အကြိုက် နဂါးသိုက်" လို့တောင် အော်ရမလို ကျနေပြီ။ သိုက်ဆက်ရှိတဲ့ သူတိုင်း "နဂါးသိုက်" ဆိုပြီး အချိန်မရွေး ထဝင်လိုက်လို့ ရတာကိုး။ လက်နှစ်ဖက်ပူး၊ အပေါ်​မြှောက် တွန့်လိမ်ပြီး တစ်ကိုယ်လုံးသာ တွန့်လိုက်၊ လိမ်လိုက် နဂါးသိုက်၊ နဂါးသိုက်ပဲ၊ ဟိုမယ်ကြည့်လေ မိန်းမနှစ်ယောက်၊ အမယ်လေး အတတ် အတတ်၊ နဂါးအရှင်ထက်တောင် သူတို့က တွန့်လိမ်နေ သေးတယ်။ မြို့ပေါ်က ဆွေမျိုးနီးစပ် တူမတစ်ယောက်ဆို တွန့်လိမ်ရုံတင် မဟုတ်ဘူး ဖျာပေါ်မှာ တစ်ကိုယ်လုံး နှစ်ပတ် သုံးပတ် လှိမ့်နေလို့။
"ဪ ညည်းတို့မလည်း အံ့တာပဲ၊ အပျိုလေးတန်မဲ့နဲ့ အလူးတွေ အလှိမ့်တွေတောင် လုပ်တတ်၊ ဟုတ်လား" ဆိုတော့ "အို- မာမီကလည်း မာမီ နာမည်ကြီးအောင်လို့ လုပ်ပေးရတာ ဥစ္စာ" တဲ့လေ၊ ကဲ။
"ထထ မေမြို့ထ သို့မဟုတ် ပြင်ဦးလွင် ထထ မြူခိုးလေးများ အုံ့ဆိုင်းပါလို့ပင် ထထ ပန်းကမ္ဘာမျှော်စင် ထ"
ဟောတော် ဝင်ကြပြန်ပြီ၊ တရုတ်နတ်။ အမယ်လေး သူတို့က သီချင်းတွေတောင် ရနေပြီ။ ကိုယ်တောင် မပြောလိုက်ရဘူး၊ တုံချမ်းချမ်းနဲ့ မေမြို့ သို့မဟုတ် ပြင်ဦးလွင်ဟာ တရုတ် နတ်ချော့သီချင်း ဆိုတာ သင်းတို့က ကျွမ်းနေပါကောလား။ ကဲ- ဝင်ကြစမ်း ဝင်ကြစမ်း။
"ဟဲ့- ဘာလဲ၊ ထဘီကို မဆွဲနဲ့လေ၊ ဪ- ဘယ်သူလဲလို့၊ တော်ကိုး၊ ကျုပ်က အမူးသမား ကောင်လေးတွေ မှတ်လို့၊ ရယ်မနေနဲ့ မဟိုဒင်းကြီး၊ ပြော၊ ဒီနှစ် ဘာကိစ္စ တော်က နတ်မကရတာတုံး"
"မကနိုင်ဘူး၊ ပိုက်ဆံ မရှိဘူး"
"အမယ်လေး အင်းပိုင်၊ ကွင်းပိုင်တွေကများ၊ မညည်းနဲ့ နိမိတ် မရှိဘူး"
"အဟုတ်ပြောတာ ရှိလို့ကတော့ ကျုပ်အကြောင်း တော်သိသား၊ ငယ်တုန်းက နှစ်ပွဲဆက်တောင် ကခဲ့သေးတာ"
"ဒါဖြင့် နောက်နှစ်၊ နောက်နှစ် ကမှာလား ပြော"
"အဆင်ပြေရင်ပေါ့၊ အဆင်ပြေရင် ကမှာပေါ့"
"ပြောပြန်ပြီ၊ နိမိတ်မရှိ၊ နမာမရှိ၊ ပြော၊ ကမှာလား"
"အေးပါ ကပါ့မယ်၊ ကပါ့မယ် ကဲ"
"လာခဲ့ ရိုက်၊ လက်ဝါးချင်း"
သေချာသွားပြီ၊ နောက်နှစ်အတွက် တစ်ပွဲ၊ ဒီလိုတွေကလည်း လုပ်ရတယ်လေ၊ ပွဲများမှ ပိုက်ဆံရမှ၊ အိုစာမင်းစာလေး စုရ၊ ဆောင်းရမှာ။ အသက်ကြီးပြီ နောက်လေးငါးနှစ်ဆို ဒီတောပွဲတွေ ဘယ် လျှောက်လာနိုင်တော့မတုန်း။ ကိုယ်သေရင်လည်း ကုသိုလ် ရိက္ခာထုပ်ကလေးက ပါသွားဦးမှ။ ငရဲအိုးနှုတ်ခမ်း ပတ်ပြေးနေရတဲ့ နတ်ကတော် ဘဝ။ "သတ်စေ" အမိန့်ချခဲ့ရတဲ့ ကြက်တွေ၊ ငါးတွေလည်း နည်းရော့လား၊ ပြောချင်ရာတွေလည်း လျှောက်ပြော။ ညကျမှ ပုတီးကြီး တဂျောက်ဂျောက် လုပ်နေလို့ကလည်း တယ်မဟုတ်သေးဘူး။ ဇာတိရွာလေးမှာ ကျောင်းလေးတစ်ဆောင် ဆောက်လှူပြီး ဝိပဿနာနဲ့ အရိုးထုတ်ချင်တယ်။ တကယ် တကယ်၊ ဘုရားစူးရစေရဲ့၊ လင်စိတ်သားစိတ်လည်း ကုန်ပါပြီ။
အို- ဟဲ့ ဟဲ့၊ ဒီနတ်တွေက ဘာတုံး၊ အမူးသမားနတ်တွေ၊ ထွက် ထွက်၊ အကုန်ဆွဲထုတ်ဟေ့၊ ဖေကြီးကျော်တောင် မသောက်ရသေးဘူး၊ နင်တို့က မူးလို့ ဖြစ်မလား၊ ဟဲ့- အမယ်ကြီးအိုမ၊ စားတော်စာတွေ မြန်မြန်ပြင်၊ ဒေါင်းတောင် ယူခဲ့၊ သူတို့နတ်တွေ ကုန်အောင် စောင့်နေလို့ကတော့ ငါကို ကလိုက်ရမှာ မဟုတ်ဘူး။ ဒီမှာ ပုပ္ပားမယ်တော်က ယမုံနာနဲ့ ငါးဖမ်းပိုက် ကူဆွဲပေးရင်း အင်းသူကြီးဆီက တောင်ပြုံးတက် ပွဲစာ ပုဆိုးတစ်အုပ် ကြော်ရ လှော်ရဦးမယ်ဟဲ့။
------------------
နုနုရည် (အင်းဝ)
ရွှေအမြုတေ၊ ဇန်နဝါရီ၊ ၁၉၉၇။

No comments:

Post a Comment