မေတ္တာမဏ္ဍိုင် (သော်တာဆွေ)
-------------------------------
“အဖေ၊ ကျွန်တော့် သက်ပြင်းကြီးတော့ သွားရှာပြီ”
ငိုသံပါကြီးနှင့် အခန်းထဲ ဝင်လာ၍ ပြောလိုက်သော ၁၂ နှစ်ရွယ် သားငယ်၏
အသံကြောင့် အဖေသည် စာရေးနေရာမှ ဖောင်တိန်ကို ချလိုက်ပြီး ဝမ်းနည်းတကြီး
ရှိုက်ငိုနေသော သားငယ်အား ပခုံးကို လှမ်းဖက်၍ …
“ဟုတ်လား၊ အဖေတော့ ဒီကောင် ဒီလောက်တောင် ဖြစ်လိမ့်မယ်လို့ မထင်မိဘူး သားရယ်”
ဤတွင် သားက သူ့ပခုံးပေါ် တင်ထားသော အဖေ၏ လက်ကို ဒေါသနှင့် ရုတ်တရက် ပုတ်ချလိုက်ပြီး ဖခင်အား မျက်ရည်စက်လက်နှင့် စူးစိုက်ကြည့်လျက် …
“ဒါကြောင့် အစကတည်းက ဆေးရုံ ခေါ်သွားပါ ကျွန်တော်ပြောတယ် မှုတ်လား၊ အဖေတို့က ကျွန်တော့်ဆို ဘယ်တော့မှ အကောင်း မထင်ကြဘူး”
ဒေါသသံနှင့် စူးရှသော အသံငယ်ဖြင့် အော်၍ ပြောရင်းက ချာခနဲ လှည့်ထွက်၍
“သတ်မယ်၊ သတ်မယ် သူရဲပေါကြောင်တဲ့ တိမ်တစ်လုံးကို အခုသွားသတ်မယ်” ဟု
ပြောရင်း ပြေးထွက်မည် ပြုသည်ကို ဖခင်က ဖတ်ခနဲ လှမ်းဖမ်းဆွဲလိုက်ပြီး …
“ဟဲ့ … ဟဲ့ … နေပါဦးကွ လူကလေးရ၊ အဖေ့ကို ပြောပဲ ပြောစမ်းပါဦး၊ သက်ပြင်း သေတာနဲ့ တိမ်တစ်လုံးနဲ့ ဘာဆိုင်လို့တုန်း”
သားက ကျောခိုင်းနေရာမှ လှည့်မကြည့်ဘဲ “ဆိုင်တယ် ဆိုင်တယ်၊ သက်ပြင်း သေတာဟာ
တိမ်တစ်လုံး တစ်နံပါတ် တရားခံ ဖြစ်တယ်ဆိုတာကို သိချင်ရင် အဖေ အခုလိုက်ခဲ့၊
ကျွန်တော်ပြမယ်၊ ဟစ် … ဟီး” ဟု ချုပ်တည်းထားရာမှ ပေါက်ကွဲထွက်လာသော
ငိုသံဖြင့် ပြေးထွက်သွားလေ တော့သည်။
အဖေလည်း သားနောက်
ကောက်ကောက်ပါအောင် လိုက်သွားရလေရာ နောက်ဖေး မီးဖိုဆောင် မီးသွေးအိတ်ဘေး
ဂုံနီခင်းပေါ်၌ လက်ကလေးနှစ်ဖက် ယှက်ကာ ခွေခွေကလေး အသက်ပျောက်နေရှာပြီ
ဖြစ်သည့် သက်ပြင်း၏ ဖားလျားကျနေသော နားရွက်ရှည်ကြီး တစ်ဖက်ကို သားဖြစ်သူက
လက်နှင့် အသာအယာ မလိုက်သည် ရှိသော် နားသယ်အောက် နားပေါက်နှင့် ကပ်လျက်
မမြင်ဝံ့အောင် လောက်တဖွားဖွား ရှိနေသော အနာကြီး ဘွားကနဲ ပေါ်လာလေရာ အဖေမှာ
စုတ်သပ်လျက် …
“အင်း … ဟုတ်ပါရဲ့ကွာ သက်ပြင်း သေရတာဟာ တိမ်တစ်လုံးက
တရားခံ နံပါတ်တစ် ဆိုရင် နှစ်တရားခံက သက်ပြင်းရဲ့ ရှည်လျားတဲ့
နားရွက်ကြီးတွေပဲကွ”
“တရားခံ နံပါတ် ၃ ကတော့ ဆေးရုံပို့ပါ ဆိုလျက်နဲ့
မပို့တဲ့ အဖေပဲ ခင်ဗျာ့” ဟု သူ့အဖေကို စွဲချက်တင်ပြီးနောက် “ဒါဟာ သူ့ညီကို
သူချစ်လွန်းလို့ ရတဲ့ ဒဏ်ရာ၊ သူဟာ သူ့ညီကြောင့် ကျသမျှဒဏ် ငဝက်ခံရပေါင်း
များလှပြီ။ ဒီတစ်ခါတော့ မောင်သက်ပြင်းကြီး သက်မပြင်းနိုင် ရှာတော့ဘူး၊
သွားပြီ … ” ဟု ပြောရင်း ဝမ်းနည်းရာမှ ဒေါသပါ ထွက်လာပြန်ပြီး အနီး၌
ကရုဏာသက်စွာ ရပ်ကြည့်နေသော အိမ်ဖော် မောင်ဘိုအား မော်ကြည့်ရင်း …
“လာဗျာ … ကိုဘို၊ ဟိုဂြိုလ်ကောင်ကို လိုက်ရှာပြီး သတ်ချေရအောင်၊ ခင်ဗျား
မလိုက်လဲနေ၊ ကျွန်တော့်ဟာ ကျွန်တော် တွေ့အောင် ရှာသတ်မှာပဲ” ဟု ပြောပြီး
နေရာမှ ဆောင့်ဆောင့်နှင့် ထွက်ခွာသွားလေ၏။
***
သက်ပြင်းနှင့် တိမ်တစ်လုံး
တစ်အူတုံဆင်း ညီအစ်ကို အရင်းပေမယ့် ပေါက်ပန်းဈေး ခွေးမတို့ ဓမ္မတာ ဖခင်
တစ်ယောက်တည်းနှင့် ပေါက်ဖွားသည် မဟုတ်သောကြောင့် သူတို့၏သွင်ပြင် ရုပ်ရည်
အမူအကျင့် ဝသီဓလေ့တို့မှာ လုံးဝခြားနားလေသည်။ သက်ပြင်က အကောင်ကြီးမား
ခံ့ထည်၍ ဇော်ရောင်တွင် အဖြူကွက်နှင့် မေးရိုးအောက် တစ်လက်မလောက်
တွဲကျနေအောင် ရှည်လျားလှသော နားရွက်ရှိသည်။ မျက်လုံးမှာ မျက်ခုံးသုံးထောင့်
မေးစေ့တိုတိုနှင့် ဗိုလ်ခွေးကောင်းမျိုးနှင့် စပ်ကျဟန်တူသည်။
တိမ်တစ်လုံးကား ဖြူတူတူ မွဲခြောက်ခြောက်၊ ထုံးခြောက်ရောင်မှ အဝါမွေးကလေး
အချို့နှင့် နားရွက်တိုတိုထောင်ထောင်၊ မျက်လုံးက ပြူးပြူးပြဲပြဲ၊ ဘယ်အခါမှ
ဂဏာမငြိမ် ကျီးကန်းတောင်းမှောက် တောင်ကြည့် မြောက်ကြည့်နှင့် လစ်လျှင်
လစ်သလို ဘာမျှ ချမ်းသာမပေးတမ်း အုပ်တတ်၏။ ခိုးတတ်၏။ အထူးသဖြင့်
သူကျွမ်းကျင်သည်မှာကား ကြက်ကိုက်ခြင်းတည်း။ လျင်လိုက်သည်မှာလည်း
ပြောစရာမရှိ၊ တိမ်တစ်လုံး ပါးစပ်ထဲ ရောက်ပဟေ့ ဆိုလျှင်ဖြင့်
ဘာလိုအရာမျိုးမဆို ပြန်ရဖို့ ခဲယဉ်းလှပေတော့သည်။
အလျဉ်းသင့်၍
ပြောရဦးမည်။ တစ်ခါက အိမ်တွင် ချစ်စနိုးမွေးထားသော ‘ပေါ်လီ’ အမည်ပေးထားသည့်
ကတ္တဝါအထီးနှင့် ‘အစ်ဇဘယ်လ်’ ခေါ် ကတ္တဝါအမ တစ်စုံ ရှိသည်။ ပေါ်လီသည်
အိမ်သို့လာသမျှ လူများအား အင်မတန် ရှိုးပြလေ့ရှိသည်။ နှုတ်မှ သူတတ်သမျှ
ရွတ်ဆိုသည်။ တန်းပေါ်မှာ တွဲလွဲမှောက်ခုံ ပက်လက်နှင့် ကျွမ်းအမျိုးမျိုး
ထိုးပြတတ်သည်။ ‘အစ်ဇဘယ်လ်’ ကိုလည်း အင်မတန်နိုင်စားသည်။ နေ့လယ်နေ့ခင်း
သူပျင်းပြီဆိုလျှင် လှောင်အိမ်ထဲ၌ ဆင်ထားသော ဒန်းပေါ်သို့ သူတက်စီး၍
အစ်ဇဘယ်လ်က နှုတ်သီးဖြင့် ဒန်းလွှဲပေးရသည်။ ကတ္တဝါမက ညောင်းညာ၍ ခဏတဖြုတ်တော့
သူ မကျေနပ်ခင် မရပ်နားလိုက်ပါနှင့်။ တစ်ခါတည်း ဒန်းပေါ်မှ ဆင်းလာပြီး
ဆွဲဆိတ်တော့သည်။ ဤသို့ ဒေါသတကြီး ဆွဲဆိတ်မှုကြောင့် ကတ္တဝါမ အစ်ဇဘယ်လ်မှာ
မျက်လုံးတစ်ဖက် ကန်းနေရှာသည်။
အစ်ဇဘယ်လ်က ခပ်အေးအေး နေတတ်၍ လင်ကို ကြောက်ရသော မယားနှင့်တူပြီး ပေါ်လီမှာ မယားကို ညှင်းဆဲသော လင်မိုက်နှင့် တူချေသည်။
ပေါ်လီ၏ မူလကြီးပြင်းခဲ့ရာမှာ ဘုန်းကြီးကျောင်းတွင် ဖြစ်သည်။ ပေါ်လီ
စကားတတ်စ ပြုသည်၌ ဆရာတော်ဘုရားက “ဟား … သံယောဇဉ်တော့ ဖြစ်တော့မှာပဲ” ဟု
စွန့်ကြဲလိုက်၍ အဖေ ရလာခဲ့ခြင်း ဖြစ်သည်။ အစ်ဇဘယ်လ်ကား သူ့အတွက်
အဖော်ရအောင် ဝယ်ပေးထားခြင်း ဖြစ်သည်။
ပေါ်လီသည် သူအစာ ဆာပြီဆိုလျှင်
ဘုန်းကြီးကျောင်းသားပီပီ “ထမင်းဖြူနဲ့ ငှက်ပျောသီးနဲ့ စားချင်တယ် ဝေ့ …
ဩကာသ ဩကာသ” ဟူ၍ မနားတမ်း အော်တော့သည်။ အစာပေးလိုက်မှ အအော်ရပ်၏။
အစာဝပြီဆိုလျှင် ဒန်းစီး၏။ ဒန်းမစီးချင်သေးဘူးဆိုလျှင် …
“ဒေဗီး … အောင်းအောင်း၊ ဒေဗီ … အောင်းအောင်း” ဟု ပါးစပ်မညောင်းမချင်း အော်နေတော့၏။
ဒေဗီမှာ အိမ်က မာလီကုလား ဖြစ်သည်။ ‘ဒေဗီအောင်းအောင်း’ ဟု အမေက မကြာခဏ
လက်တိုလက်တောင်း ခိုင်းစရာရှိတိုင်း ခေါ်သည်ကို သူမှတ်ထား၍
တတ်နေခြင်းဖြစ်သည်။
မည်သို့ သင်ကြားစေကာမူ ကတ္တဝါတိုင်း၊
ကြက်တူရွေးတိုင်း စကားတတ်သည် မဟုတ်လေရာ အစ်ဇဘယ်လ်ခမျာ မတတ်ရှာပါ။
ရိုးရိုးအေးအေးပဲ နေတတ်၍ ပေါ်လီကို အလုပ်အကျွေး ပြုနေရသည်နှင့်ပင် တူချေသည်။
ပေါ်လီကား အိမ်ကို ဧည့်သည်လာလျှင်လည်းကောင်း၊ လမ်းတွင် မိန်းကလေး
လှလှလေးများ မြင်လျှင်လည်းကောင်း လေတရွှီးရွှီးချွန်ကာ ဂျွမ်းအမျိုးမျိုး
ထိုးပြတတ်သဖြင့် အချို့ငေးကြည့်မိကြသည်။ ဤသို့ကြည့်လေ ဖိုးပေါ်လီက
ကဲလေဖြစ်သည်။ ယင်း၌ ပေါ်လီသည် ယောက်ျားတို့ထက် မိန်းမလှလှကို ပို၍
အစွမ်းပြတတ်ခြင်းမှာ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား ဖိုသတ္တဝါတို့၏ စရိုက်ပင်
ဖြစ်ချေသည်။
တစ်နေ့သောအခါ၌ ပေါ်လီသည် လမ်းလျှောက်သွားသော ဂါဝန်ဝတ်မ
လှလှကလေး တစ်ယောက်ကို လေတရွှီးရွှီးချွန်၍ ကျွမ်းဘားအမျိုးမျိုး ထိုးပြနေစဉ်
ခြေလွတ်ပြီး တန်းပေါ်ကအကျ သူ့လှောင်အိမ် တံခါးကို ဂျက်ကျအောင်
ပိတ်မထားမိသည်နှင့် ကြုံလေရာ လှောင်အိမ်ထဲမှ ထွက်ပြီးအကျမှာ
လှောင်အိမ်အောက်၌ လျောင်းစက်နေသော တိမ်တစ်လုံးနှင့် တွေ့သွားလေသဖြင့် ပေါ်လီ
အလန့်တကြား အော်သံတစ်ချက် ကြား၍ အမေ ထွက်ကြည့်လိုက်တော့ တိမ်တစ်လုံး
ရှေ့မှာ အမွေးအနည်းငယ်မျှသာ မြင်ရတော့သည်။
တိမ်တစ်လုံးကား ဤမျှ
လျင်၍ ဤမျှ အစားသရဲ ကျနေသော အကောင် ဖြစ်ပါ၏။ သူ့ကို မည်မျှပင် အစားဝအောင်
ကျွေးစေကာမူ ကြက်ငှက်ကို စားလိုသည်ကား သူ့စရိုက်ပင် ဖြစ်ချေသည်။
သက်ပြင်းကတော့ တိမ်တစ်လုံးနှင့် ဆန့်ကျင်ဘက် ခြားနားရုံမက ခွေးနှင့်မတူသော
ခွေး ဟူ၍ပင် ဆိုရပါမည်။ သူ့အား အစာကျွေးပြီဆိုလျှင် သည့်ပြင်ခွေးများလို
အငမ်းမရ တအားဟပ်၍ စားသည်မရှိဘဲ ပထမ သူ့စားခွက် ဇလုံထဲ၌ ထည့်ထားသော အစာကို
နမ်း၍ နှုတ်သီးနှင့် ကောက်ကြည့်သည်။ ပြီးလျှင် ဘေးဘီ၌ တိမ်တစ်လုံး
ရှိလေမလားဟု မျှော်ကြည့်သည်။
တိမ်တစ်လုံးသည် ရှိ၏။ သူ့စားခွက်သူ
စားနေ၏။ သို့မဟုတ် သူ့စားခွက်ထဲ၌ ပါသော အရိုးအရင်း ဟင်းတုံးကို အငမ်းမရ
တဇတ်ဇတ်နှင့် ကုန်အောင် စားပစ်ပြီး ထမင်းချည်း ချန်ထား၍ သက်ပြင်းခွက်ကို
လှမ်းမျှော်နေသည် ဆိုပါတော့ အံ့ဩချီးမွမ်းဖွယ် ကောင်းသော သက်ပြင်းသည်
သူ့စားခွက် အနီးမှ နောက်သို့ အသာ ဆုတ်ပေးလိုက်သည်။ ဒီတော့ သည်အခွင့်ကို
စောင့်နေသော တိမ်တစ်လုံးသည် သက်ပြင်းခွက်က အရိုးအရင်းကို လာတုတ်လေတော့၏။
စင်စစ် တစ်မိပေါက်ချင်း ဖြစ်သော်လည်း ဖအေချင်း ခြားနား၍ သက်ပြင်းမှာ
ကြီးမားလှပလျက် တိမ်တစ်လုံးမှာ ထုံးခြောက်ရောင် အဝါပျောက် အစက်ကလေး
အနည်းငယ်နှင့် သာမန်ခွေးဝင်စားမျိုး ပုံသဏ္ဌာန်ရှိရာ သက်ပြင်းကို ကြောက်ရ၍
တော်တော့သည်။ နိုင်များနိုင်လျှင် သူ့အစားသရဲပုံ စရိုက်ဆိုးပုံနှင့်
သက်ပြင်းကို တော်တော် ညှင်းဆဲမည့်အကောင် ဖြစ်၏။
သက်ပြင်းကား အင်အား
ကြီးမားသော်လည်း တိမ်တစ်လုံးကို ဘယ်တော့မျှ ကိုက်ခဲခြင်း မပြု၊
အထက်ဖော်ပြပါအတိုင်း သူ့စားခွက်ထဲက အရိုးအရင်းကို စားရန်ပင် ကျေနပ်အောင်
စားပြီးမှ အကျန်ကို သက်ပြင်းက စား၏။ သူစားပုံမှာလည်း သိမ်မွေ့လှသည်။
ပထမဦးဆုံး ဇလုံနှုတ်ခမ်းမှစ၍ သေသေသပ်သပ် စားသည်။ ကုန်ပြီ ဆိုသောအခါ၌
လူဆေးသကဲ့သို့ ပြောင်နေအောင်လျက်ပြီးမှ ဇလုံကို နှုတ်သီးနှင့်ထိုး၍
မှောက်ထားလိုက်၏။ အစာစားပြီးသော အခါဝယ် ဤစားခွက် အနီးမှာပင် ဝပ်လျားမှောက်၍
လက်ပေါ် မေးတင်ကာ မှိန်းနေတော့သည်။
အစာစားပြီးလျှင် ပြီးချင်း
အနီးအပါးကို အနှံ့အပြား နှုတ်သီးတရမ်းရမ်း အမြီးတထောင်ထောင်နှင့်
ပြေးနေတတ်သည်ကတော့ တိမ်တစ်လုံး။ သူသည် မညစ်မကျယ် အခြားခွေးများကိုလည်း
ရန်စတတ်သည်ဖြစ်ရာ သူအကိုက်ခံရ၍ အော်သံကြားပြီ ဆိုပါက အိမ်တွင်
ဝပ်လျားမှောက်၍ အေးအေးမှိန်းနေသော သက်ပြင်းမှာ မနေသာ။ ကပျာကရာ ထသွားပြီး
သူ့ညီတော်မောင်ကို ကူ၍ ကိုက်ပေးပြန်ပါသည်။ သို့သော် တိမ်တစ်လုံးကား
သက်ပြင်း ရောက်လာ၍ အခြားခွေးများနှင့် ဝင်ကိုက်နေပြီ ဆိုပါက
သူကဘာမျှမဖြစ်သလို ခပ်အေးအေးပဲ ပြန်၍ လစ်ခဲ့တော့၏။ သက်ပြင်း အခြေအနေ
ဘယ်သို့ပဲနေနေ သူနောက်ပိုင်း ပြန်မကြည့်တော့။ အမှန်က သူ့ကြောင့်
ဖြစ်ရသောအမှု။
သီတင်းကျွတ်လ တစ်ခုသော နံနက်စောစော၌ အမေအိပ်ရာမှထ၍
ရေနွေးအိုး တည်နေစဉ် မီးဖိုဆောင် တံခါးကို အပြင်ဘက်မှ ကုတ်ခြစ်သံ ကြားရသည်။
ထိုအခါတွင် အိမ်၌ ခွေးမရှိ၊ကြောင်မရှိ ဖြစ်၍ မည်သည့်အကောင် ဖြစ်မည်နည်းဟု
အမေက တံခါးဖွင့်လိုက်သော် ခွေညိုမ ဝဝတစ်ကောင် ဆောင့်ဆောင့် ထိုင်နေသည်ကို
တွေ့ရသဖြင့် အမေက မောင်းထုတ်သည်။ သို့သော် ခွေးက မသွား။ ရှမ်းပြည်နယ်
တောင်ကြီးမြို့ ဖြစ်၍ နံနက်ခင်း နှင်းတွေ တဖြောက်ဖြောက်နှင့်
ချမ်းအေးလှရကား အိမ်ထဲဝင်ရန်သာ ခွေးမက ကြိုးစားသည်။ အမေသည် တိရစ္ဆာန်ကို
ရိုက်တတ် ပုတ်တတ်ခြင်းလည်း မရှိ၍ ခွေးမက မောင်းမရ၊ အတင်း ပေကပ်နေခြင်းဖြင့်
နောက်ဆုံးမှာ အမေက ကရုဏာသက်ပြီး မီးဖိုတွင်း လက်ခံကာ ညက ထမင်းဟင်းကျန်ကို
ကျွေးလိုက်သည်မှ စ၍ ဤဂေဟာတွင် ‘ကောက်ရမ’ မည်သော ခွေးဝင်စားမ တစ်ကောင်
စားရင်းဝင်လာခြင်း ဖြစ်ပေတော့၏။
အဖေကတော့ အစကတည်းက ကောက်ရမကို မနှစ်သက်ပေ။ ဒီခွေးဝင်စားမကို ကျွေးမွေးထားရ ကောင်းလားဟု အမေ့ကိုလည်း အဆင်သင့်တိုင်း ဆူလေ့ရှိသည်။
“ဟေ့ … မရီ၊ ခွေးလေဆိုတာ ခွေးမျိုးသန့်လို တစ်ခါမွေး နှစ်ကောင် သုံးကောင်
မဟုတ်ဘူးကွ၊ ဒါဇင်နဲ့ချီ မွေးတတ်တာ၊ အဲဒီတော့ ခက်မယ်၊ အင်း … ခု
ခွေးမဗိုက်က တစ်နေ့တခြား ကြီးလာတာ ၁၀ ကောင်ထက် နည်းမယ် မထင်ဘူးနော်”
စင်စစ် ဤခွေးမ ဝ,ဝ ရှိနေသည် ဆိုကတည်းက ဇီးနှင့် ဖြစ်ပေသည်။ အမေကတော့ သူ့ပင်ကိုအတိုင်း ခပ်အေးအေးပင်။
“အို … တော်ကလည်း ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါ့မလဲ။ မောင်းထုတ်လို့လည်း မရတာကြီးကို”
“ဟ … မင်းက စားကောင်းသောက်ကောင်း၊ ပသထားတော့ ဘယ်ပြန်ကြွတော့မလဲကွ။ အရောက်
နောက်ကျတယ်တောင် အောက်မေ့နေဦးမယ်။ နာနာကျည်းကျည်း မှတ်လောက်သားလောက်
ရိုက်ထုတ်မှပေါ့ကွ”
“အိုး … သူ့ခမျာ ကိုယ်လေးလက်ဝန်ကြီးနဲ့ မရိုက်ရက်ပေါင်တော်”
“ကိုင်း … ကောင်းသဟေ့၊ ဒါဖြင့် မိရွှေရီ ခုကတည်းက ပြောထားလိုက်ပါရဲ့။
နင့်ခွေးမ အချိန်တန်လို့ အိမ်မှာ တစ်ထုပ်တစ်ပိုးကြီး ပေါက်ဖွားလာရင်ဖြင့်
နင့်ပါအတူ နင့်ခွေးအုပ်နဲ့ မောင်းထုတ်ပြီမှတ်ပေရော့”
အဖေသည်
ဤခွေးမကိစ္စနှင့်ပတ်သက်၍ နောက်ထပ်ဘာမျှ မပြောတော့ချေ။ အမေ့မှာမူ ဒီခွေးမ
မမွေးရအောင်တော့ တားရမည် မဟုတ်။ သည်တော့ ကလေး နည်းနည်းကလေး မွေးပါစေဟု
ဆုတောင်းရ၏။
သို့သော် တန်ဆောင်မုန်းလ တစ်ရက်၌ သားငယ်သည် အမေ့ဆီ
သုတ်သုတ် သုတ်သုတ်နှင့် ပြေးလာ၍ “အမေ … အမေ … ကောက်ရမကြီး အိမ်အောက်မှာ
ကျင်းယက်ပြီး ကလေးတွေ မွေးထားလိုက်တာ အောတိုက်နေတာပဲ။
ဘယ်နှစ်ကောင်လည်းတောင် ရေလို့ မရဘူး။ ရွစိရွစိ နေတာပဲ”
ဤတွင်
အမေ့မှာ ဟိုက်ခနဲ ဖြစ်သွားပြီး ထိုနေ့မှစ၍ ထမင်းကို ပိုချက်ကာ အဖေ မသိစေဘဲ
ခွေးမကြီးအား ကောင်းမွန်စွာ ကျွေးရတော့၏။ ခွေးသားအုပ်မ အစာကောင်းစွာ မဝ၍
နို့ကောင်းစွာ မထွက်သဖြင့် ခွေးကလေး နို့မဝသည့် အော်သံမြည်ပါက အဖေကြီး
သိသွားမည် စိုးသောကြောင့်တည်း။
သို့သော် တာရှည်စွာဖုံး၍
မဖြစ်နိုင်သော ကိစ္စပါ။ တစ်နေ့သောနံနက် အဖေအိမ်ပေါ်မှ ဆင်းပြီး ခြံထဲ
လမ်းလျှောက်သည်တွင် ခြေထောက် လိုက်နမ်းကြသော ရွစိရွစိ ကောင်ကလေးတွေ တွေ့၍
ငုံ့ကြည့်လိုက်တော့ လမ်းလျှောက်တတ်ခါစ ခွေးကလေး (၉)ကောင်တောင်။
ယင်း၌ အဖေသည် အမေရှိရာ မီးဖိုချောင်သို့ တဟုန်ထိုးသွား၍ “ဟေ့ … မရီ၊
မင်းမှာ သားတွေ သမီးတွေ တော်တော်ပွားစည် နေပြီပေါ့။ ကိုင်း … ဒီလိုဆို
ကျုပ်ကလည်း ဟောဒီလို စီမံရလိမ့်မယ်။ ဟေ့ … မောင်ဘို … မောင်ဘို … လာစမ်း”
အသက်အစိတ်မျှ ရှိမည်ဖြစ်သော မောင်ဘိုသည် ရိုသေကျိုးနွံစွာ ရောက်လာသည်၌
“ဟေ့ … မောင်ဘို၊ ငါ ကျောင်းက ညနေ ပြန်လာတဲ့ အခါမှာ ဒီအိမ်က ခွေးမကြီးနဲ့
ခွေးကလေးတွေ တစ်ကောင်မှ ငါ မမြင်ချင်ဘူး။ နားလည်လား၊ ဒါပဲ”
မောင်ဘို
ဆိုသည်မှာ မိတ္ထီလာ၊ မြင်းခြံဘက်မှ လူဆိုးလူတေ တစ်ယောက် ဖြစ်သည်။
သူ့ရပ်ရွာမှ သူ့ကိုဝိုင်းကြဉ်ကြ၍ သူ လွင့်ထွက်လာခဲ့ကာ ခိုကိုးရာမဲ့
ဖြစ်နေသည်ကို အဖေကခေါ်ယူ ကျွေးမွေးထားခြင်း ဖြစ်သည်။ စင်းစစ်တော့
မောင်ဘိုသည် လူဖြောင့်စိတ်တို တစ်ယောက်၊ မဟုတ်မခံတတ်၊ ဇက်ရဲ လက်ရဲ၊ သတ်ရဲ
ဖြတ်ရဲသူ ဖြစ်သည်။ အဖေသည် ကျောင်းအုပ်ဆရာကြီး တစ်ယောက်ဖြစ်လျက် အများက
မကောင်းဟု ယူဆကြသော လူဆိုးလူတေများကို ကြည့်ရှုမစထားတတ်သည်။ ဤလူစားမျိုးမှာ
အများအားဖြင့် လူကောင်းသူကောင်းဟု ဆိုကြသူများထက် မိမိကျေးဇူးရှင်အား
ချစ်ခင်၍ သစ္စာရှိတတ်ကြောင်း အဖေသည် သူ့ဘဝ ကိုယ်တွေ့များဖြင့်
သိကျွမ်းသူဖြစ်သည်။ ဤလူဆိုးတွေကိုလည်း ကယ်တင် ပြုပြင်လိုသည်။
မောင်ဘို၏ ဗီဇမှာ သွေးအေးအေးနှင့်ပင် သတ်ရဲဖြတ်ရဲ သတ်ချင်ဖြတ်ချင်စိတ်ရှိသူ
ဖြစ်လေရာ၊ အဖေပေးခဲ့သော အမိန့်ကို သူဆောင်ရွက်ရန် (သူ့အမြင်အားဖြင့်
သူ့အရှင်ကို ကျေးဇူးဆပ်ရန် ဖြစ်၍) ဝမ်းသာဟန် တူပေသည်။
အမေမူကား
သူ့ယောက်ျား ဆန္ဒကို မည်သို့မျှ တားဝံ့သူ မဟုတ်၊ ခွေးများကိုလည်း သနားသည်
ဖြစ်သော်လည်း မောင်ဘိုကို မကန့်ကွက်နိုင်ပေ။ ‘ငါမမြင်ရ၊
မကြားရအောင်သာလုပ်ပါ ငဘိုရာ’ လောက်သာ ပြောနိုင်သဖြင့် ကိုဘိုသည် အမေမမြင်ရ၊
မကြားရအောင်ပင် လုပ်လေသည်။
ခြံဝင်းထဲတွင် ပန်းများကို ရေလောင်းရန်
ရေကန်ငယ်တစ်ခု ရှိလေရာ ခွေးကလေးတွေကို တစ်ကောင်ပြီးတစ်ကောင် ယူကာ
စိမ်ပြေနပြေ ရေနှစ်သတ်သည်။ သည်တော့ ဘာအသံမှ မကြားရဘူးပေါ့။ ခွေးမကြီးကိုကား
ရေနှစ်သတ် မဖြစ်၍ နောက်မှ တစ်မျိုး တစ်ဖုံ စီမံမည်ဟု သူ ကြံထားဟန် ရှိသည်။
ကိုဘိုသည် အိမ်အောက်မှ ခွေးမကြီး၏ ဝပ်ကျင်းမှ ကလေးများကို မအေ့ရင်ခွင်မှ
တစ်ကောင်ပြီး တစ်ကောင် ယူသတ်သည် ဖြစ်လေရာ ၃ ကောင်မြောက်၌ မိခင်သည်
မသင်္ကာဖြစ်၍ လိုက်ကြည့်သည်။ သိသွားလေပြီ။ ကိုဘို တစ်ကောင်ယူပြီး သတ်လိုက်
သူ့ခမျာလိုက်ပြီး ကြည့်လိုက်၊ ကျန်သော သားငယ်များဆီ ပြေးလိုက်နှင့်
အသံအမျိုးမျိုး မြည်ကာ ယောက်ယက်ခတ်နေ ရှာသည်။ အဋ္ဌမမြောက် ခွေးကလေးကို ယူရန်
သွားသည်၌ ခွေးမကြီးရော ခွေးငယ် နှစ်ကောင်ပါ ရှာမတွေ့တော့ချေ။
ထိုမှ
တစ်လကျော်မျှ အကြာ ပြာသိုလ ရောက်၍ မိုးဥတု ကုန်ဆုံးခဲ့ပြီးနောက်
ဆောင်းတွင်းရောက်သော် မြက်ပင်၊ ပေါင်းပင်များ ကျဆင်းသွားချိန်၌ သားငယ်များ
ခြံထဲ ကစားစဉ် စံပါယ်ရုံကြီး အတွင်းမှ ခွေးငယ်တို့ အော်သံ ကြားရ၍
စံပါယ်ရုံကြီး ဖြဲကြည့်ရာ ဘာမျှမတွေ့ရ၊ နောက်မှ တွင်းဝတစ်ခု တွေ့သဖြင့်
နှိုက်ကြည့်တော့ ပျော့စိစိ ခွေးငယ်တို့၏ ကိုယ်ကို ကိုင်မိသည်။ သို့သော်
နှိုက်ထုတ်၍ မရချေ။ ခွေးငယ်များ ကိုယ်တိုင်လည်း အပေါ်သို့ မတက်နိုင်၊
ရေအိုးသဏ္ဌာန် အဝကျဉ်း၍ အတွင်းလှိုက်နေသဖြင့် သူတို့မိခင်သာ
ဝင်နိုင်ထွက်နိုင် ချေသည်။
စင်စစ် ခွေးမကြီးနှင့် ခွေးကလေး ၂ ကောင်
ပျောက်ကွယ်သွားပြီဟု အိမ်သားများ ထင်နေကြသော်လည်း ထိုအထဲမှာ အမေတစ်ယောက်
အပါအဝင် မဟုတ်ချေ။ ပါးနပ်သော ‘ကောက်ရမ’ သည် အခြားသူများ အလစ်ကြည့်၍ အမေ့ထံ
အစာလာယူလေ့ ရှိသဖြင့် အမေမှ တိတ်တဆိတ် ကျွေးမွေးနေသူ ဖြစ်သည်။ ယခု သားငယ်က
ကျင်းကိုဖြဲ၍ ခွေးကလေးနှစ်ကောင်ကို ထုတ်ယူလာသည်၌ အဖေနှင့် အမေ
ထမင်းစားနေစဉ် ဖြစ်သည်။ အမေက ရိပ်စားမိပါပြီ။ အဖေကတော့ မသိရှာ။
“ဟဲ့ … ဘယ်ကခွေးကလေးတွေ ယူလာပြန်တာတုန်း”
“တခြား မဟုတ်ပါဘူး၊ ကျွန်တော်တို့ စံပါယ်ခြုံကြီး အလယ်က တွင်းထဲကပါ။ ဒါဟာ
ကိုဘို သတ်နေရင်း ပျောက်သွားတဲ့ ကောက်ရမရဲ့ ကလေးတွေ ဖြစ်ရမယ် အဖေရဲ့။
အထီးကလေးတွေချည်းပဲ။ သူတို့တော့ မွေးထားလိုက်ပါတော့ အဖေရယ်” ဟု ဆိုကာ
ခွေးကလေးများကို မျက်ခွက်ရော ဝမ်းဗိုက်ရော တရှုံ့ရှုံ့ နမ်းလေသည်၌ အမေက …
“ဟဲ့ … ဘယ့်နှယ် ခွေးကို ဒီလောက်တောင် နမ်းနေရတာလဲ၊ မရွံဘူးလား သွားသွား၊
သူ့နေရာသူ ပြန်ထားချေ။ မွေးချင်လည်း မွေးပေါ့။ ဖြစ်လာမှတော့
ဘာတတ်နိုင်တော့မှာလဲ”
အဖေက အမေ့ လက်သုံးစကားကို မကျေနပ်ဟန်နှင့်
စောင်းငဲ့ ကြည့်လိုက်သည်။ သားငယ်က ခွေးကလေးများကို နမ်းလျက်ပင် “သူတို့
အနံ့ကလေးတွေက ညှီတီတီနဲ့ မွှေးတယ် အဖေရဲ့၊ ရော့ နမ်းကြည့်စမ်းပါ” ဟု
ရှေ့တစ်လှမ်း တိုးလာသည်၌ အဖေ၏ မကျေနပ်သော အေးစက်စက် မျက်လုံး အကြည့်ဒဏ်ကို
ခံရ၍ အသာကျုံ့ကာ အိမ်အောက်ဘက် လျှိုဝင်သွားပြီး ဂုံနီအိတ်စုတ်များဖြင့်
ထွေးနွေးစွာ သိပ်ထားလိုက်လေ၏။
ဤခွေးကလေး နှစ်ကောင်အနက် ဖြူရော်ရော်
ထုံးခြောက်ရောင် အကောင်ကလေးမှာ ငယ်စဉ်က သူ့မျက်လုံး တစ်စုံတစ်ခုနှင့်
ခိုက်မိ၍ တိမ်ဖြစ်နေသောကြောင့် ‘တိမ်တစ်လုံး’ ၊ ဇော်ရောင် အဖြူကွက်နှင့်
အကောင်ထွားကြီးမှာ နားရွက်ဖားဖားကြီးနှင့် လှပဝဖြိုးသည်။ သတ်ရန်
ဖြစ်သော်လည်း လွတ်မြောက်သွား၍ ‘သက်ပြင်း’ ။
***
ဆိုးသော တိမ်တစ်လုံး
နောက်ဖေးဘက်မှ စီစီညံညံ အသံများကြောင့် အဖေသည် စာဖတ်နေရာက အာရုံပျက်သွား၍
စာအုပ်ကို ဖုတ်ခနဲ ပစ်ချပြီး မျက်မှန်ကို နဖူးပေါ် ပင့်တင်ရင်း
မီးဖိုချောင်ဘက်မှ အိမ်ရှေ့သို့ ခပ်သုတ်သုတ် ဝင်လာနေသော အမေ့ကို လှမ်း၍ …
“ဘယ့်နှယ် မရီ … ဟိုအကောင် စားရင်းရှုပ်ပြန်ပြီ မဟုတ်လား။ တောက် … ဒုက္ခတော့ တစ်မျိုးပြီး တစ်မျိုးဟေ့ … ”
အမေက အဖေ့ကို ပြန်မကြည့်အားသေးဘဲ အိပ်ခန်းထဲ လှမ်းဝင်၍ ချိုးချိုးချောက်ချောက်နှင့် သေတ္တာထဲမှ ပိုက်ဆံတွေကို မွှေနှောက်ရင်း …
“ဒီတစ်ခါတော့ ကြက်မကြီးမို့ သုံးမတ်က မလျှော့ဘူးတဲ့ အဖေကြီးရေ့
တစ်ကောင်တော့ ကျွန်မတို့ ရမှာပေါ့လေ၊ သူတို့က မူစလင်ဆိုတော့ လည်လှီးသား
မဟုတ်လို့ မစားနိုင်ဘူးတဲ့၊ ကျွန်မတို့က တိမ်တစ်လုံး ပါးစပ်ထဲက ကျန်သမျှ
စားရမှာပေါ့၊ သူတို့ ကြက်မကြီးက တစ်ပိဿာ ကျော်တယ် ဆိုတော့ ကိုယ်က
မနာလှပါဘူး”
အမေက စိတ်ရှည်စွာ ပြောနေသော်လည်း အဖေက စိတ်တိုလှစွာ …
“ကောင်းကွာ မင်းတို့ သားအမိနှစ်ယောက် ကောင်းမှု ဒီခွေးနှစ်ကောင်က
ကောင်းကျိုးပေးလှတယ်။ အငယ်ကောင်က ကြက်လျော်ရ၊ ဘဲလျော်ရ၊ ဆိတ်လျော်ရ၊
တွေ့သမျှ တိရစ္ဆာန် ကိုက်၊ အကြီးကောင် ကျတော့လည်း လူကိုက်တတ်လို့
ဆရာကြီးခွေး၊ ဆရာကြီးခွေးနဲ့ ငါလည်း ရစရာကို မရှိတော့ဘူး”
အမေက သူ၏ လက်သုံးစကားအတိုင်း “အိုတော် … ဖြစ်လာမှတော့ ဘယ်တတ်နိုင်မတုန်း”
“နင့်အမေ … ဖြစ်လာမှတော့”
အဖေသည် စိတ်ဆိုးမာန်ဆိုးနှင့် အိမ်ပေါ်မှ ဆင်းသွားပြီး မကြာမီ၌ အိမ်အောက်မှ
ကျယ်လောင်သော အသံဖြင့် “အိမ်ပေါ်က တစ်ယောက် တိုင်မှာ ချိတ်ထားတဲ့
ထားဝယ်ကြိမ်လုံး ယူခဲ့စမ်းဟေ့”
အဖေ ဒေါသထွက်နေပြီ ဆိုလျှင်
တစ်အိမ်လုံးက ကြောက်ကြရသည်။ သူခိုင်းရာကို မြန်မြန် လုပ်ပေးရသည်။ အဖေသည်
တိုင်တွင် သံကြိုးနှင့် ချည်ထားသော တိမ်တစ်လုံးအား သူကိုက်သတ်ထားသော
ကြက်သေကောင်ကို နှာသီးရှေ့ ထိုးထိုးပြ၍ ထားဝယ်ကြိမ်နှင့် ရိုက်လေသည်။
“နင် … နောက် ကိုက်ဦးဟဲ့၊ နင် - နောက်ကိုက်ဦးဟဲ့” တိမ်တစ်လုံးသည်
ငယ်သံပါအောင် အော်လျက် ပတပ်ရပ်ရပ်ပြီး လက်ကလေးနှစ်ချောင်း ယှက်၍
ရှိခိုးသည့်ဟန် ပြုလေရာ မည်သူကမျှ မသင်ရပါဘဲ မိမိအသား နာလှ၍ သူ့ဟာသူ
တတ်နေသည်ကို သားအမိတစ်တွေ သနားကြသည်။ သို့သော် အဖေ့ကို မည်သူကမျှ
တော်ပါတော့ဟု မပြောဝံ့ကြ။ ယင်းအခိုက် အဖေ့ကို တားရဲသူ ပေါ်လာချေသည်။
သက်ပြင်း …။
တိမ်တစ်လုံး နာကျည်းစွာ အော်သည့်အသံ ကျယ်သည်ထက်
ကျယ်လာတော့ သက်ပြင်းသည် အိမ်ပေါ်မှ ဝမ်းခေါင်းသံကြီးနှင့် ဟိန်း၍ အောက်သို့
ပြေးဆင်းလာခဲ့ပြီး တိမ်တစ်လုံးနှင့် ရိုက်နေသော အဖေ့အကြားထဲ
သူ့ကိုယ်လုံးကြီးကို ကန့်လန့်ဝင်ခံ လိုက်သည်၌ နောက်ထပ်ရိုက်ရန်
လက်မြှောက်ရွယ်နေသော အဖေ့ကြိမ်လုံးသည် လက်ထဲမှ ဖုတ်ခနဲ မြေပေါ်သို့
ကျသွားလေ၏။
ဤနေရာ၌ သားအမိတို့ စိတ်ထဲတွင် သက်ပြင်းအား ‘ဟီးရိုး’ ဟူ၍ ချီးကျူးမိကြလေ၏။
***
ဟီးရိုး၏ တိုက်ပွဲ
တော်သလင်းလ၏ တစ်နေ့ခင်း လူကြီးတွေ ကျောခင်း အညောင်းဆန့် နေကြချိန်၌
ခွေးချင်းကိုက်သံတွေ တစီစီ ကြားနေရစဉ်တွင် အိမ်ဝင်းထဲ တဖုတ်ဖုတ်နှင့်
ပြေးဝင်လာသော ခြေသံနှင့်အတူ သားငယ်သည် မောကြီးပန်းကြီးဖြင့် …
“ကိုဘို … ကိုဘို ထစမ်းပါဦးဗျ မြန်မြန်၊ ဟိုမှာ တိမ်တစ်လုံး သွားစခဲ့တာနဲ့
သက်ပြင်းကြီး အလူးအလှိမ့် ခံနေရပြီ၊ သူတစ်ကောင်ထဲ၊ ဟိုက ဆယ်ကောင်လောက်ဗျ၊
ဝိုင်းခဲနေကြတာ ကျွန်တော် ဝင်ဖျဉ်တာလည်း မရဘူး၊ ကြည့်စမ်း သေချင်းဆိုး
တိမ်တစ်လုံး သူကတော့ ပြန်လာပြီး ဟောဒီမှာ အေးအေးဆေးဆေး” ဟု ဆိုပြီး
တိုင်ရင်း၌ အမွေးအလှေး လျက်နေသော တိမ်တစ်လုံးအား ခြေနှင့်တစ်ချက်
ကန်လိုက်သေးသည်။
ဤကား တိမ်တစ်လုံး၏ အကျင့်ပင်။ သူက စကိုက်၊
သူ့အော်သံ ကြား၍ သက်ပြင်းက ကူရအောင်သွား၊ သူ့ရန်သူဘက်တွေနှင့်
ကိုက်ကျန်ရစ်ခဲ့သည်၌ သူကတော့ အေးဆေးစွာ ပြန်ခဲ့သည်သာ၊ ဘယ်တော့မှ
သက်ပြင်းနှင့် နှစ်ကောင်တွဲ၍ ကူမကိုက်တတ်ချေ။ သူ့စိတ်ထဲမှာ သက်ပြင်းလာလျှင်
သူ့အလုပ် မဟုတ်တော့၊ ‘ငါ့အသား အနာမခံနိုင်’ ဟု ယူဆဟန်တူသည်။
သက်ပြင်းသည် ဗလကောင်းသူ၊ သတ္တိကောင်းသူဖြစ်၍ တော်ရုံတန်ရုံ ခွေး ၃-၎
ကောင်လောက်ကို သူမဖြုံပါ။ ယခုတော့ ဆယ်ကောင်လောက်နှင့် ဆော်ရသည်ဆိုတော့
သူအရေး မသာပါ။ အိမ်က လူကြီးများပါ ကိုဘို့တို့လူသိုက် တလကြမ်းဝင်ရိုက်၍
သက်ပြင်းကို ကယ်ထုတ်ခဲ့ရသည်။ သက်ပြင်း နာလာ၏။ သို့သော် သူဘယ်တော့မှ
အမြီးမကုပ်ချေ။ အားကုန်၍ ယိုင်တိုင်တိုင်နှင့် အိမ်သို့ ပြန်လာခဲ့သည်။
တိမ်တစ်လုံးမှာမူ သူဘာမျှ မသိသလို သူ့ကိုယ်သူ လျှာဖြင့်လျက်ရင်း
အေးအေးဆေးဆေး အမူအရာ မပျက်ပင်။ အမေနှင့် သားငယ်သည် သက်ပြင်းကိုယ်မှ
ဒဏ်ရာရှာ၍ ဆေးထည့်ပေးသည်။
ဤမှ ၄-၅ ရက်ကြာသည်၌ “အစ်မ … အစ်မ သက်ပြင်း
အနားလာရင် သိပ်နံတာပဲ အစ်မရယ် ပုပ်ဟောင်ဟောင်ကြီး” ဟု မောင်ဘိုက အမေ့ကို
ပြောသည်၌ “ဟဲ့ မဟုတ်တာဘဲ၊ ငါတမြန်နေ့ကပဲ သူ့ကို သန်းချဆေးတွေ လူးပေးသေးတာ
ဘာအနာမှ မတွေ့ပါဘူး။ ဟိုနေ့က ကိုက်ရာလေးတွေလည်း ကျက်နေပြီ၊ အစာလည်း
စားသားပဲ”
“သူ သိပ်မစားဘူးနော် အစ်မ၊ သူ့ဇလုံထဲ ကုန်နေတာကတော့ တိမ်တစ်လုံး ဝင်အုပ်ပစ်လို့”
ဤတွင် အနီး၌ ပြောင်းဖူးဖုတ်စားနေသော သားငယ်ကလည်း “ဟုတ်တယ် အမေ၊
သက်ပြင်းမျက်ခွက်ကို ဒီတစ်လော ကျွန်တော်နမ်းတာ ခါတိုင်းလို ညှီစို့စို့လေး
မမွှေးဘူး။ တစ်မျိုးပဲ နံနေတယ်။ သူ့ကို ဆေးရုံခေါ်သွား ပြပါလားဟင်၊ ဒီနေ့
ကျွန်တော် နွားမြီးစွတ်ပြုတ် တိုက်တာ ကုန်အောင် မသောက်ဘူး။ နည်းနည်း
လျက်ရုံလေး လျက်တယ်၊ ဟုတ်တယ် တိရစ္ဆာန် ဆရာဝန်ကို ပြပါ အမေရယ်”
ခပ်လှမ်းလှမ်းမှ ပက်လက်ကုလားထိုင်တွင် ထိုင်နေသော အဖေက “ဟဲ့ … လူကြီးတွေ
မအားရတဲ့ ကြားထဲ နင့်ခွေးကို အလုပ်ကြီး လုပ်လို့ ဘယ်ဆေးရုံ
ပို့နေနိုင်မှာလဲ၊ ဒီလိုပေါ့ သူတို့လည်း မအီမသာ ရှိတဲ့အခါ ဘယ်စားချင်
သောက်ချင်စိတ် ပေါ်မလဲ။ ထန်းလျက် ဝယ်ကျွေးလိုက် ပျောက်သွားလိမ့်မယ်၊
တကတည်းဗျာ အစထဲက ဒီခွေးတွေ မမွေးပါနဲ့ဆိုတာ ဘယ်က အလေနတောမျိုးတွေလည်း မသိ …
”
“သက်ပြင်းက အလေနတောမျိုး မဟုတ်ပါဘူး အဖေရဲ့၊ လမ်းထိပ်က
ရဲဝန်ထောက် မစ္စတာရှောအိမ်က တိုက်ဂါးကြီးရဲ့ သားဆိုတာ ကျွန်တော် ပြောရဲတယ်။
အမွေးရောင်ရော နားရွက်ဖားပုံရော သိပ်တူတာပဲ”
သို့သော် သက်ပြင်းသည်
နောက်ထပ်ဆက်၍ အသက်မပြင်းတော့ချေ။ ဤမှ ၃ ရက်မြောက်၌ သေဆုံးလေသည်။ အစက
ဖေါ်ပြခဲ့သည့်အတိုင်း သူ့ဒဏ်ရာမှာ သေမှ သားငယ် ရှာတွေ့လေ၍ အဖေက
လိုက်ကြည့်ပြီး …
“ဟုတ်ပါရဲ့ကွာ … သက်ပြင်းသေတာမှာ တိမ်တစ်လုံးက
တစ်တရားခံ ဆိုရင် နံပါတ် ၂ တရားခံက သူ့နားရွက် ဖားဖားကြီးပဲကွ။ ကြည့်လေ …
သူ့နားရွက်ကြီးတွေကြောင့် သူ့ဒဏ်ရာကို တို့ ရှာမတွေ့တာ၊ သူ့ခမျာ မသေသင့်ဘဲ
သေရတယ်။ ဒါပေမယ့် သူ့ကို ငါတစ်ခု ချီးမွမ်းတာက သေသည့်အထိ အနာဒဏ်ကြောင့်
တစ်ခွန်းကလေးမှ ညည်းမသွားရှာဘူး၊ တကယ် သတ္တိကောင်းတဲ့ အကောင်”
ဤတွင်
သားငယ်က အချက်ရ၍ … “ကဲ ဒါဟာ ခွေးမျိုးကောင်း ဆိုတာကို အဖေ
ငြင်းနိုင်ဦးမလား၊ အမျိုးယုတ် အမျိုးစုတ်ကတော့ တိမ်တစ်လုံး ခင်ဗျာ့ …
တိမ်တစ်လုံး၊ သင်းကို ခုသတ်ပစ်ရမယ် …”
ထိုနေ့တစ်နေ့ခင်းလုံး
မောင်ဘိုနှင့် သားငယ် အိမ်မှ ပျောက်နေကြရာ ညနေစောင်းမှ နှစ်ယောက်သား
မောပန်း နွမ်းဟိုက်သော သဏ္ဌာန်နှင့် ပြန်ရောက်လာကြသည်။ အမေက
တိမ်တစ်လုံးကိုလည်း တစ်နေ့လုံး မမြင်သဖြင့် … “ဟဲ့ ဟိုနှစ်ယောက် ဘယ်က
ပြန်လာကြတာလဲ … ဒီလောက်တောင် လည်ကြရသလား”
ဤတွင် သားငယ်က ခါးပန်းပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး “လည်တာ မဟုတ်ဘူး အမေ၊ တိမ်တစ်လုံးကို နတ်ပြည် သွားပို့တာ”
“ဟဲ့ တစ်တစ်လုံးကို ဘာသွား လုပ်ကြတာတုန်း။ အခု တိမ်တစ်လုံး ဘယ်မှာလဲ”
“အမေ့ တိမ်တစ်လုံး အခုဆိုရင် သေခြင်းမြစ်ရဲ့ တစ်ဖက်ကမ်းကို ကူးတို့နဲ့ ကူးနေပြီ”
“ဟဲ့ … ဟုတ်မှလည်း လုပ်ကြပါကွယ်ရို့”
“ဟုတ်လိုက်သမှ ကျွန်တော်နဲ့ ကိုဘိုနဲ့ သက်ပြင်းကိုယ်စား လက်စားချေပစ်
လိုက်တာပဲ” ဟု ပြောဆိုပြီး သူ့စိတ်ထဲ တစ်မျိုး ဖြစ်လာဟန် တူသည်။ ထိုင်ရာမှ
ထသွားကာ သက်ပြင်းနှင့် တိမ်တစ်လုံးတို့ ဟိုတုန်းက အတူတကွ အိပ်စားသွားကြသော
နေရာမှ ဇလုံခွက်ကလေးတွေကို ခါးကော့ပြီး ရပ်ကြည့်နေလေ၏။ သို့သော်
သူပြန်လှည့်လာသော အခါ၌ သူ့မျက်လုံးအစုံမှာ မျက်ရည်များ ရွှဲနေကြောင်း အမေ
သတိထားလိုက်မိ လေသည်။
***
သေရွာပြန်
နောက်တစ်နေ့
နံနက် အဖေသည် အိပ်ရာမှ စောစောထလျက် နောက်ဖေး ဝင်းတံခါးကို ဖွင့်လိုက်လျှင်
အပြင်၌ ဘွားကနဲ မြင်လိုက်ရသော သဏ္ဌာန်တစ်ခုကြောင့် ရုတ်တရက်
တုန်လှုပ်အံ့ဩသွားပြီးနောက် တံခါးကို ပြန်စေ့လိုက်ကာ မီးဖိုဆောင်၌
မီးမွှေးနေသော အမေ့ကို အော်ခေါ်သည်။
“ဟေ့ … မရီ မရီ၊ မင်း မနေ့ ညနေက မောင်ဘိုနဲ့ မင်းသား တိမ်တစ်လုံးကို သွားသတ်တယ်လို့ ငါ့ကို ပြောတယ်မှုတ်လား …”
“ဟုတ်တယ်လေ၊ သူတို့ပြောကြတာပဲ”
“ဒါဖြင့် အဲဒီနှစ်ကောင် သွားနှိုးပြီး မြန်မြန် ခေါ်ခဲ့စမ်း”
ခဏကြာလျှင် အမေနှင့်အတူ မောင်ဘိုနှင့် သားငယ် အိမ်မှုန်စုံမွှားနှင့်
ရောက်လာကြသော် အဖေက “ဟေ့ကောင်တွေ၊ မင်းတို့မနေ့က တိမ်တစ်လုံးကို
သွားသတ်ကြတယ်ဆို ဟုတ်လား …”
မောင်ဘိုမှာ အဖေစိတ်ဆိုးမှာ
စိုးရွံ့စွာနှင့် “သွားတာကတော့ ကျွန်တော်တို့ ၂ ယောက်ပဲ ဆရာ၊ ဒါပေမယ့်
သားငယ်က တိမ်တစ်လုံးကို လက်စားချေရာမှာ သက်ပြင်းအတွက် သူ့လက်နဲ့သာ
လက်စားချေချင်တယ်။ ကိုဘို အသာပဲ ထိုင်ကြည့်နေပါ ဆိုတာနဲ့ ကျွန်တော် ဘာမှ
မလုပ်ပါဘူး” ဟု သူ့အပြစ် လွတ်အောင် ဖြေ၏။
ကိုယ်လုပ်ရင် မှန်တာ
ပြောရဲရမည်ဟု သင်ကြားထားသော သားငယ်ကမူ တည်ကြည်စွာဖြင့် “ဟုတ်ပါတယ် အဖေ၊
ကျွန်တော် တစ်ယောက်တည်းပဲ တိမ်တစ်လုံးကို သတ်ပစ်တာပဲ” ဆိုပြီး သူ့အသံမှာ
တိမ်သွားပြီး မျက်ရည် စို့လာသဖြင့် အမေက “ဟ ကောင်ရ၊ မင်းက ကိုယ့်ဟာကိုယ်
သတ်ပစ်ပြီး ခုမှ နှမြောနေပြန်ပလား”
“ကျွန်တော် သနား … သနား”
သူ့စကားမဆုံးမီ အဖေက သူကိုင်ထားသော တံခါးကို ဆွဲဖွင့်လိုက်ရာ
သပိတ်လုံးလောက်နီးနီး ရောင်၍ ကြီးနေပြီး အက်ကွဲနေသော သလဲသီးမှည့်သဏ္ဌာန်
ဦးခေါင်းဖြင့် ဆောင့်ကြောင့်ထိုင်နေသော ခွေးတစ်ကောင်ကို တွေ့ရရာ ၂
ယောက်သား အလွန် အံ့အားသင့်သွားကြ၍ ဟိုက်ခနဲ မြည်ကာ မောင်ဘိုက …
“ဟင်
မနေ့က ကျွန်တော်တို့ သေပြီလို့ ထားခဲ့တာ သေသေချာချာ ကိုင်ကြည့်ခဲ့သေးတယ်။
လှုပ်လည်း မလှုပ်တော့ဘူး၊ အသက်လည်း မရှူတော့ဘူး။ တကယ်လို့ မသေတောင်
ဒီဒဏ်ရာတွေနဲ့ အိမ်ကို ပြန်လာနိုင်ဖို့ ခဲယဉ်းတယ်။ ဟင်း ဒါ တိမ်တစ်လုံးမှ
ဟုတ်ရဲ့လား” ဟု ဇဝေဇဝါ လုပ်သည်၌ အဖေက မောင်ဘို့ နားသယ်ကို ရိုက်ဟန်ရွယ်၍
“ခွေးကောင်၊ ဒါကို မင်းက ခွေးတစ္ဆေလို့များ ဆိုချင်သေးလား”
ထိုအချိန်၌ တိမ်တစ်လုံးမှာ သခင်တွေကို ကြည့်ကာ ကြိုးစား၍ အမြီးလှုပ်ရှားသည်။
ဤတွင် အံ့ဩခြင်း၊ ဝမ်းနည်းခြင်းဖြင့် တိမ်တစ်လုံးကိုသာ စူးစိုက်ကြည့်နေသော
သားငယ်၏ ကျောကုန်းမှာ ဖားဖိုသဏ္ဌာန် ရှုံ့ချည် ပွချည် ဖြစ်လာကာ ဟင်းခနဲ
မချိမဆန့် သက်ပြင်းကြီးကို ချလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလျက်
တိမ်တစ်လုံးဆီ တစ်လှမ်းချင်းသွား၍ တိမ်တစ်လုံး၏ ရောင်ကိုင်းနေသော
မျက်နှာကြီးကို လက်နှစ်ဖက်ဖြင့် အသာရွရွလေး ကိုင်ရင်း
သူ့နှာခေါင်းဖျားနှင့် တိမ်တစ်လုံး၏ နှာသီးဖျားကို ထိလျက် ပါးစပ်မှ
တတွတ်တွတ် ပြောနေသည်ကို သတိထား နားထောင်မည် ဆိုလျှင် …
“တိမ်ကြီး …
ကိုကို့ဆီကို ပြန်လာတယ် ဟုတ်လား။ မင်း ကိုကို့ကို စိတ်မနာဘူးပေါ့။
နောက်တစ်သက်လုံး ကိုကိုက မင်းကို လက်ဖျားနဲ့ မတို့တော့ပါဘူးကွယ်။ မာန်လည်း
မမာန်တော့ပါဘူးကွယ်နော်။ ကိုကို ကတိပေးပါတယ်။ သက်ပြင်းကြီးကိုယ်စား
ငါ့မင့်ကို ပုံချစ်ပါတော့မယ်နော်၊ ကြားလား တိမ်ကြီး”
တိမ်တစ်လုံးမှာ နားလည်ဟန်ဖြင့် အမြီးလှုပ်ရှာသည်။ သားငယ်၏ မျက်ရည်တို့သည် မျက်နှာမှာ စီးကျ၍ တိမ်တစ်လုံး၏ နှာရိုးပေါ်သို့ ကျရောက်သည်။
အဖေကတော့ သူ့သားငယ်နှင့် ခွေး၏ဖြစ်ပုံကိုကြည့်ကာ ရင်တွင်း၌
မဖော်ပြနိုင်သော ဝေဒနာတစ်ခုကို ခံစားလျက် “အင်း … လူလူချင်းသာ ဒါလောက်
နာကျည်းအောင် လုပ်ထားရင်ဖြင့် ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ခုတော့
တိရစ္ဆာန်ဖြစ်လို့ သူ့စရိုက်ကြောင့် မိုက်သာ မိုက်တယ်၊ ငါ့အရှင်
ငါ့သခင်ဆိုတဲ့ မေတ္တာတရားကတော့ ရှိရှာပေတယ်ကွယ် … ” ဟု မှတ်ချက်ချ၏။
နောက်ပိုင်း၌ကား တိမ်တစ်လုံးမှာ ဒဏ်ရာတွေ ပျောက်သွားသော်လည်း
ခေါင်းတစ်ခြမ်းစောင်း၍ နားလေးသွားရှာသည်။ သူ့ကို ခပ်ကျယ်ကျယ်ခေါ်မှ ပြောမှ
ကြားတော့၏။ မူလ စိတ်လည်း ပြောင်းသွား၏။ ကြက်ကိုက်ခြင်း၊
ဘဲကိုက်ခြင်းများလည်း မပြုတော့။ ဟိုတုန်းကလို လမ်းမ လျှောက်ပြီး တစီစီ
ခွေးချင်း ကိုက်ခြင်းလည်း မပြုတော့။ အိမ်မှာပဲ ကောင်းကောင်းမွန်မွန်
စားသောက်လျက် အေးချမ်းစွာ နေလေသည်။
ဤနေရာ၌ လင်ဆိုးမယားလို
ဖြစ်ခဲ့ရှာသော ကတ္တဝါမ အစ်ဇဘယ်လ် အကြောင်းကို အနည်းငယ် ထည့်ရဦးမည်။ သူလည်း
မခေပေ၊ ပေါ်လီ မရှိသည့်နောက် သူ့ကိုပဲ လူတွေက ခေါ်ကြပြောကြ စသည်ဖြင့် သူ
စကားအနည်းငယ် ပြောတတ်လာသည်။ အထူးသဖြင့် နားလေးနေသော တိမ်တစ်လုံးကို လူတွေက
ခပ်ကျယ်ကျယ် ခေါ်ရလေရာ အစ်ဇဘယ်လ်သည် “တိမ်လုံး တိမ်လုံး” ဟု ကျယ်လောင်စွာ
အော်မြည်တတ်လာလေ၏။
ယင်း၌ တိမ်တစ်လုံးက မပြတ်ကြားနေရသည်ဖြစ်ရာ သူ့ကို
အစ်ဇဘယ်လ်က ခေါ်သော လှောင်အိမ်အောက် သွားထိုင်လျက် တစ်ဖက်သော ကြည်လင်သည့်
မျက်လုံးဖြင့် မော်ကြည့်ကာ အမြီးလှုပ်နေပုံကို ထောက်ချင့်ခြင်းအားဖြင့်
ကျေနပ်နှစ်သိမ့်ဟန် ရှိသည်။ အစ်ဇဘယ်လ် လှောင်အိမ်ထဲမှ အောက်ကျလာသည့်တိုင်
ပေါ်လီတုန်းကလို ကိုက်မသတ်ဟု ယူဆရသည်။
ယင်းရှုခင်းကို ကြည့်၍ အဖေကလည်း
ကျေနပ်သည်။ သားငယ်ကလည်း ဝမ်းသာသည်။ မောင်ဘိုလည်း ရွှင်ပြသည်။ ပီတိ
အဖြစ်ဆုံးမှာ ဤခွေးဇာတ်ကြောင်းကို စတင်ခဲ့သည့် မိခင်ကြီးပေတည်း။
အမေလှိုက်လှိုက်လှဲလှဲ မျက်ရည်ဝဲလောက်အောင် ကြည်နူးနှစ်သိမ့် လိုက်သည်ကတော့
အဖေသည် ဈေးမှ လှပသော သားရေလည်ပတ်ကို ဝယ်လာခဲ့၍ တိမ်တစ်လုံး၏ လည်ပင်းမှာ
တပ်ဆင်ပေးတုန်းကပေတည်း။
-------------
သော်တာဆွေ
(သတ္တဝါတို့၏ သံသရာ)
No comments:
Post a Comment