ရိုးပြာမြေဝယ်မြေ့စေတော့ (နုနုရည် အင်းဝ)
-------------------------------------------
စိမ်းမြသော သစ်ရွက်များကြားမှ မြို့ပတ်ရထား ဖြတ်သန်းသွားသည်ကို
လှမ်းမြင်ရ၏။ ရထားလမ်းဘေး တစ်ဖက်ရှိ ပေါက်ပင်များတွင် လိမ္မော်ရောင်
ပေါက်ပွင့်များ ပင်လုံးကျွတ်မျှ လှပစွာ ဖူးပွင့်နေကြသည်။
"အေ ... ဒီက ကန်စွန်းရွက်"
အဘလှိုင်၏ အော်သံသည် ကြည်လင်စွာ ထွက်ပေါ်လာ၏။ အော်သံ အဆုံးတွင် သံရှည်
ဆွဲသွားပုံက တစ်မူ ထူးခြားသည်။ ထူးခြားရပေမပေါ့။ သီချင်းပေါင်း
မြောက်မြားစွာကို အရှိုက်အဟဲ အမျိုးမျိုးဖြင့် သီဆိခဲ့သော ပါးစပ်ဆိုတော့
အကျင့်က ဖြစ်နေပြီ။ အဘလှိုင် အသံကို တစ်ချိန်က နားဝင်ချိုခဲ့ကြသော ပရိသတ်
တချို့တလေ ဆိုရင်ဖြင့် ရုပ်သေးမင်းသား စံပယ်လှိုင်၏ အသံဟု ချက်ချင်း
မှတ်မိကြ ပေလိမ့်မည်။ သို့သော် အကွက် မပေါ်တော့သော လုံချည်အနွမ်း၊
ချေးအထပ်ထပ်နှင့် အင်္ကျီကုတ်ပြဲကြီးကို ဝတ်ကာ ကန်စွန်းရွက် အထမ်းကြီးကို
ထမ်းထားသော မည်းညစ်ညစ် အဘိုးအိုကို ဟိုတစ်ချိန်တုန်းက ထာဝစဉ် ပြုံးနေတတ်သော
လူပုံ ချောနွဲ့နွဲ့ ရုပ်သေးမင်းသား စပယ်လှိုင်ပါဟု ပြောလျှင်တော့ မည်သူကမျှ
ယုံလိမ့်မည် မဟုတ်ပါ။ သာယာချိုမြသော အသံဖြင့် သီချင်းတစ်ပုဒ်ကို
ဆိုလိုက်ပြီလား ဆိုမှဖြင့် ပွဲခင်းတစ်ခင်းလုံး တုတ်တုတ်မလှုပ်
ငြိမ်ကျစေခဲ့သော စပယ်လှိုင်။
စပယ်လှိုင်မှ စပယ်လှိုင်၊ တစ်လှိုင်တည်း လှိုင်ခဲ့ကြသော ခေတ်တစ်ခေတ်သည် ဝေးစွာ ကျန်ရစ်ခဲ့လေပြီ။
အဘလှိုင်သည် မည်းညစ်ကြမ်းထော် နေသော လက်များဖြင့် ထမ်းပိုးကို တင်းကျပ်စွာ
ဆုပ်မိသည်။ နေပူမရှောင် မိုးရွာမရှောင် ကန်စွန်းရွက် ရောင်းရသည့်
ဒဏ်ကြောင့် အဘလှိုင် မျက်လုံးတွေက မှုန်လှပြီ။ အေးလေ၊ ရုပ်သေးခေတ် တစ်ခေတ်ကို
စောင့်ရင်း သမီးနှင့် သမက်တို့ သထာစေရန် တစ်ဖက်က ကန်စွန်းရွက်
ရောင်းခဲ့သည်မှာ ကြာပဲ ကြာလှပေါ့။
လိမ္မော်ရောင် ပေါက်ပွင့်များကို
မြင်ရတော့ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်က ရုပ်သေးစင်ပေါ်တွင် “တပို့တွဲ
ပေါက်လဲရယ်တဲ့ ငုံစီစီ၊ ဖူးတံကချီ” ဟူသော ရာသီဖွဲ့ကို အားပါးတရ
ဆိုခဲ့သည်ကို အဘလှိုင် အမှတ်ရ၏။
“ကိုယ်တော်ဘုရာ့” ဆိုသော လက်စွဲ၏
အသံကို ကြားယောင်၏။ နူးညံ့ ပျောင်းနွဲ့သော လက်နှစ်ဖက်ဖြင့်
မင်းသားရုပ်လေးကို ကျွမ်းကျင်လှပစွာ ကပြနေချိန်တွင် စံပယ်လှိုင်၏
ပန်းနုရောင် ခေါင်းပေါင်းသည် လေဝယ် တလွင့်လွင့်နှင့်။ လင်သည်၏ မျက်နှာကို
အထင်ကြီး အားကိုးစွာ ငေးမော ကြည့်နေတတ်သော ဇနီးသည် မယ်ရွှေမျှင်ကလည်း
ရေပူရေချမ်း ကမ်းလှမ်းရန် ဘေးနားတွင် အရန်သင့်။ မင်းသားအလှည့် မရောက်ခင်
မရွှေမျှင် တယုတယ ချုပ်ပေးထားသော လဲထိုင်ဖုံလေးမှာ ထိုင်၍ စောင့်သည်မှာလည်း
သက်သောင့်သက်သာ ရှိလှ၏။ ဪ ... လင့်ပါရမီကို အဖက်ဖက်မှ ဖြည့်ခဲ့သော
မရွှေမျှင် တစ်ယောက် ခုတော့ အိပ်ရာပေါ်မှာ နာတာရှည် ရောဂါသည် ဘဝနှင့်
လဲခဲ့ပြီ။
မွေးထားသော သားသမီး ခြောက်ယောက်ကလည်း တစ်ယောက်တလေမျှ
အနုပညာသွေး မပါခဲ့ကြ။ အဘခြေရာကို နင်းမည့်သူဆို၍ တစ် ယောက်မျှ မပါခဲ့ကြဘဲ
ပျံကျ အလုပ်များဖြင့် တစ်ကွဲတစ်ပြားစီ။ အဆိုးဆုံးက အဘပညာကို နည်းနည်းမှ
အထင်မကြီးခြင်းပင်တည်း။ ဪ ... သင်းတို့မှာ ပါ ရမီ မပါလို့ဘဲဟု အဘ
ဖြေသိမ့်ခဲ့ပေမဲ့ သားသမီးများ၏ “အဖေကလည်း ဇာတ်သံကြီးနဲ့ စကား
မပြောစမ်းပါနဲ့”၊ “အဖေ တစ်ခါက ရုပ်သေးကတယ် ဆိုတာ လျှောက်ပြောမနေနဲ့” ဟူသော
အသံများကို ကြားလျှင်တော့ အဘ ရင်နာရသည်။ သင်းတို့အမေ မယ်ရွှေမျှင်ကတော့
သူတို့ နှာခေါင်းရှုံ ̧သော “ဇာတ်သံ” ကို ယုယစွာ မွေးမြူပေးခဲ့သည်။
သင်းတို့ ငယ်ငယ်တွင် ရုပ်သေးခေတ် တိမ်ကောစ ပြုပြီမို့ အဘနှင့်
ဘွားရွှေမျှင်တို့ အလုပ်မျိုးစုံ လုပ်ကာ ရှာဖွေ ကျွေးမွေးခဲ့ရသည်။
ပင်ပန်းဆင်းရဲ ခဲ့ရသည်။ ခုထိလည်း သမီးနှင့် သမက်တို့၏ အငြိုငြင်ခံလျက်
ပင်ပန်း ဆင်းရဲစွာဖြင့် အဘ ရုန်းကန်ရတုန်း။ အထင်သေး စော်ကားသော စကားများကို
ကြားနေရတုန်းပင်။
အဘ သက်ပြင်း တစ်ချက်ကို ချရင်း ထမ်းပိုးကို
ပခုံးပြောင်းသည်။ ကန်စွန်း သုံးလေးစည်းက နွမ်းဖပ်ဖပ်နှင့် ကျန်နေပေသေးသည်။
အဘက သူ့သမီးများ ပြောလေ့ ရှိကြသော ဇာတ်သံနှင့် အော်ပြန်သည်။
“အေ ... ဒီက ကန်စွန်းရွက်”
* * *
နွေဦးသည် ပူလောင် အိုက်စပ်နေ၏။ ကြမ်းကျဲကျဲများ ကြားမှ ခြင်များ
အဆုပ်လိုက် ဝင်လာကြ၏။ အဘက ခြင်များကို ပုဆိုးစုတ် တစ်ထည်နှင့် ယမ်းရင်း
ဘွားရွှေမျှင်၏ ခြေသလုံး ပိန်ပိန်လေးများကို အသာ ဆုပ်ပေးနေ၏။ အင်း ...
အရင်ကဆိုရင် အဘ အလှည့် ကပြီးပြီ ဆိုမှဖြင့် “ကိုရင် ညောင်းနေမှာပေါ့”
ဟုဆိုကာ အိပ်မပျော်မချင်း နှိပ်နယ်ပေးတတ်သော မရွှေမျှင်။ ခုတော့ အဘ
အလှည့်ပေါ့။ သမီး ဖြစ်သူကတော့ ဗိုက်ကြီး တစ်ကားကားနှင် အိပ်ပေပြီ။
“ဟဲ့ ... ကောင်မ၊ သေနေပြီလား ဟေ့”
တဲရှေ့မှ သမက်လုပ်သူ၏ အသံကြောင့် အဘ မီးခွက်ကိုယူ၍ ကပျာကယာ ဆင်းခဲ့၏။
သူ့သမက် တစ်ယောက်တည်း မဟုတ်ချေ။ ဆိုက်ကားပေါ်တွင် လူစိမ်းတစ်ဦးက ထိုင်လျက်။
သမက်လုပ်သူက အရက်နံ့ တထောင်းထောင်းနှင့် အဘနား ကပ်လာ၏။
“ဒီမှာ အဘိုးကြီး ... ခင်ဗျား တယုတယ လုပ်လုပ်နေတဲ့ ဟို မင်းသားရုပ်ကို ယူခဲ့စမ်းပါ။ ဒီမယ် ... ဒီအစ်ကိုက ဝယ်မလို့တဲ့ သိလား”
“အလို ... ဘုရား”
အဘ ဘုရားတမိသွား၏။ ဘွားရွှေမျှင်၏ မှိန်းနေသော မျက်လုံးလေးများ ပွင့်လာကြ၏
“ကိုရင် မရောင်းနဲ့” ဟူသော အသံ တိုးတိုးလေးကို ကြားရ၏။ အဘ၏ ကိုယ်ပွား
မင်းသားရုပ်လေး စပယ်လှိုင်၊ သေသည်အထိ မခွဲမခွာယူမည် ဖြစ်သော အမြတ်နိုးဆုံး
ပစ္စည်းလေး။ အဘ အသေသာ ခံမည်။ ဘယ်တော့မှ မရောင်းနိုင်။
“ဘာကြောင်နေတာလဲဗျ၊ အသုံးမကျတဲ့ အရုပ်ကို ဝယ်မယ်ဆိုလို့ အံ့ဩနေသလား။ ငါးရာတောင် ပေးမယ်တဲ့ဗျ၊ ငါးရာ ... ငါးရာ”
သမက်က လက်ငါးချောင်း ထောင်ပြရင်း မူးမူးနှင့် အော်နေ၏။ ဆိုက်ကားပေါ်က
လူစိမ်းက '“ဟုတ်တယ် အဘ၊ ငါးရာ ပေးပါ့မယ်။ နိုင်ငံခြားသားတွေကို
ရောင်းဖို့” ဟု ဝင်ပြောပြန်သည်။ အဘ၏ နှလုံးသည်းပွတ်ကို ဆုပ်ချေခြင်း
ခံနေရပြီ၊ ဘွားရွှေမျှင် ဘေးနားမှ မင်းသားရုပ်လေး ထည့်ထားသော ထန်းခေါက်ဖာကို
အဘ ရင်မှာပွေ့ရင်း နာကြည်းစွာ ပြန်အော်၏။
“မရောင်းဘူး ... မရောင်းဘူး၊ ဘယ်လောက် ပေးပေး မရောင်းဘူး”
အဘ အော်သံကြောင့် သမီးဖြစ်သူက ပြူးတူးပြဲတဲနှင့် ထလာ၏။
“အဖေ ရူးနေသလားဟင်၊ ငွေ ငါးရာဆိုတာ နည်းလား၊ ဆိုက်ကား ပြင်လို့ ရတယ်။ အမေ့
ဆေးကုလို့လည်း ရတယ်၊ နားလည်လား ... ပေးလိုက်စမ်းပါ ဒီအရုပ်ကို”
လှမ်းလာသော သမီးဖြစ်သူ၏ လက်ကို အဘ ပုတ်ချပစ်လိုက်သည်။
“ကျုပ် ဆေးမကုချင်ဘူး၊ ဒီအရုပ်ကို မပေးနဲ့” ဟူသော ဘွားရွှေမျှင်၏
အသံတုန်တုန်လေးကို အဘ ဝမ်းနည်းပက်လက် ကြည့်ရင်း “သမီး နင့် အမေကို
မသနားဘူးလား၊ အဖေ့ကို သတ်ချင်သတ်သွား အရုပ်လေးကို မပေးပါရစေနဲ့” ဟု
တောင်းပန်သော အဘအသံက ရှိုက်သံပါလာသည်။
“ကဲပါဗျာ ... ဒီလောက်မှ မရောင်းချင်တာ၊ ဇွတ်လုပ်မနေပါနဲ့၊ တခြားမှာ သွားရှာမယ်”
လူစိမ်းက ဝင်ပြောသဖြင့် ရှေ့တိုးလာသည့် သမက်၏ ခြေလှမ်းများ တန့်သွားကြသည်။
ဘုရား ... ဘုရား ...၊ ဘုရား တန်ခိုးတော်ပေပဲ။ ကျေးဇူးကြီးလှပါတယ်၊
မောင်မင်းသားကြီးရယ်။ မြန်မြန်သွားပါတော့။
သမက်ဖြစ်သူက မကြားဝံ့
မနာသာ စကားလုံးများကို ရေရွတ်ရင်း လူစိမ်းနှင့် ထွက်ခွာသွားသည်။
သမီးဖြစ်သူ၏ ခြေသံက တဲပြိုမတတ် ပြင်းထန်နေပေသည်။ မျက်ရည်များ
ပြည့်လျှမ်းသော မျက်လုံးအစုံဖြင့် ဘွားရွှေမျှင်က အဘကို စိုးရိမ်တကြီး
ကြည့်နေသည်။ အဘ ရင်နင့်ရပြန်ပြီ။
“မယ်ရွှေမျှင် ရယ် ... ညည်း ခုထက်ထိ၊ ငါ့အပေါ်မှာ ပါရမီဖြည့်နိုင်တုန်း ပါပဲလား”
ထိုညက ထန်းခေါက်ဖာလေးကို ထထစမ်းရင်း အဘ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
* * *
မင်းသားရုပ်လေး စပယ်လှိုင်၏ မျက်နှာ ပြုံးပြုံးလေးမှာ အသက်ဝင်လှသည်။
မင်းသားချိတ်ပုဆိုး၊ အဝါရောင်မှာ အရောင်မှိန်စ ပြုနေသော်လည်း
မင်းသားရုပ်လေးနှင့် လိုက်ဖက်နေတုန်းပင်။ ခေါင်းပေါင်းမှ ရွှေချည်
ငွေချည်လေးများကား တလက်လက် တောက်ပနေသေးသည်။
မင်းသားရုပ်ကလေးကို
ငေးကြည့်နေကြသော အဘိုးအိုနှင့် အဘွားအိုတို့၏ မျက်လုံးများကား အနုပညာ
ချစ်သည့်စိတ်ဖြင့် နုပျိုရွှန်းလက် နေကြပေသည်။ ကြိုးလေးများကို အသာအယာ
ကိုင်တွယ်လိုက်ချိန်တွင် အနုပညာပိုးသည် ကြိုးလေးများမှတစ်ဆင့်
အဘလက်ဖျားဆီသို့ စီးဝင် လာပေပြီ။ အဘ၏ ကြမ်းတမ်းသော လက်များက ကျွမ်းကျင်စွာ
လှုပ်ရှားစ ပြုသည်။
“တူပြိုင် ဂူလှိုင်၊ စကားသစ္စာတိုင်၊
သံသာလေကမ်းတိုင် တူပြိုင်ကူးမယ်၊ ဆုထူးငယ် ပန်ရွယ်သွန်း ချစ်လို့ရယ်မကုန်၊
ဝသုန်ဤမြေ သိကြားစေ သက်သေညွှန်း”
အိပ်ရာပေါ်မှ ကြည့်နေသော
ဘွားရွှေမျှင်၏ မွဲသီသော မျက်လုံးလေးများ တောက်ပ လာကြသည်ကို အဘလှိုင် မြင်ရ၏။
ဪ အနုပညာကို ချစ်သည့် မရွှေမျှင်။ ခုထိလည်း သူ့မှာ မရိုးနိုင်ရှာသေးပါလား။
သမက်နှင့် သမီးတို့ မရှိသော အချိန်များတွင် အဘလှိုင်ကို ကပြခိုင်းမြဲ။
ကပြတိုင်းလည်း သည်လိုပင် ဘွားရွှေမျှင်၏ မျက်လုံးလေးများက ရွှင်လန်းတောက်ပ
လာစမြဲပင်။ ဒါပေမဲ့ ယဲ့ယဲ့လေးသာ ရှိတော့သော ဘွားရွှေမျှင်ကို ကြည့်၍
သည်အကြိမ်ဟာ ဘွားရွှေမျှင်ကို နောက်ဆုံး ကပြရခြင်းပေလားဟု တွေးကာ အဘလှိုင်
ရင်နင့်ရ၏။
ဪ ... သီချင်းတစ်ပုဒ်တောင် ဆုံးအောင် မဆိုတတ်ပေမဲ့
အနုပညာ ဝါသနာ ကြီးလှသည့် မရွှေမျှင်။ လွန်ခဲ့သည့် နှစ်ပေါင်း
သုံးဆယ်ကျော်ခန့်က ခေတ်စားခဲ့သည့် ရုပ်သေးပွဲ မှန်သမျှ ထီခနဲဆို
မရွှေမျှင်တို့ ရှေ့ကရောက်ခဲ့၏။ ညဦးက လှပစွာ ပန်ဆင်ထားသော
ပြောင်းဖူးပွင့်လှော် ပန်းကုံးကို တစ်ပွင့်စီ ဖြုတ်စားကာ ပတ်စာခွာ
ဖျာသိမ်းထိ ကြည့်ရင်း မင်းသားကြီး ဦးစပယ်ကြိုင် တည်ထောင်ထားသော
ရုပ်သေးအဖွဲ့မှ မင်းသားလေး စပယ်လှိုင်ကို စွဲလမ်းခဲ့၏။ ထို့နောက်တွင်ကား
အညာမြို့လေး၏ မျက်နှာဖုံး မရွှေမျှင်၏ မိဘများ အလှူဒါနပြုတိုင်း
စံပယ်လှိုင်တို့ ရုပ်သေးအဖွဲ့ ကခဲ့ရ၏။
အသံကောင်းရုံမက လူပုံချောသော
ကိုစပယ်လှိုင်နှင့် မေတ္တာမျှခဲ့ကြပြီး မရွှေမျှင်တို့၏ တစ်ခုသော အလှူပွဲတွင်
ကိုစပယ်လှိုင် နောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့၏။ အညာမှ
အောက်ပြည်အောက်ရွာသို့ ပြေးခဲ့ပြီး တခြား ရုပ်သေးဇာတ် တစ်ဇာတ်တွင်
ကိုစပယ်လှိုင်ကို ဝင်ကစေကာ မရွှေမျှင်က နောက်ပိုင်းမှ ပါရမီ ဖြည့်ခဲ့၏။
ရုပ်သေးခေတ် တိမ်ကောစ ပြုချိန်တွင်လည်း ရရာအလုပ်ကို လုပ်ရင်း
ကိုစပယ်လှိုင်ကို အားပေးကာ သားသမီးများနှင့် ရုန်းကန်ခဲ့ရသည်။
သားသမီးများ အရွယ်ရောက်စ ပြုချိန်တွင်တော့ သူဌေးသမီး မရွှေမျှင် တစ်ယောက်
ပင်ပန်းသည့် ဒဏ်ဖြင့် အိပ်ရာထက် လဲခဲ့သည်မှာ ယနေ့ထိပင်။ အဘသီချင်း
အဆုံးတွင် “ကိုရင့် အသံက ကောင်းသေးတာပဲ” ဟူသော ကပြပြီးတိုင်း
ပြောမြဲစကားကို အဘလှိုင် ကြားရ၏ အဘလက်ထဲမှ မင်းသားရုပ်ကလေး၏
ပုဆိုးဖျားလေးကို ဘွားရွှေမျှင်၏ ပိန်လှီသော လက်ချောင်းကလေးများက
အရင်ကလိုပင် တယုတယ ပွတ်သပ်ပေးနေရင်း
“ကိုရင်၊ ကျုပ် နည်းနည်း နေကောင်းရင် အညာကို ပြန်ကြမယ်နော်”
အဘက ခေါင်းကို တဆတ်ဆတ် ညိတ်ပြသည်။ ဘွားရွှေမျှင်က တိုးတိတ်သော အသံနှင့် ဆက်ပြောပြန်သည်။
“ကျုပ်လေ ဒီမှာ မသေချင်ဘူး၊ အညာမှာပဲ သေချင်တယ် ကိုရင်ရယ်၊ ကျုပ်သေရင်လေ အညာထုံးစံနဲ့ အသုဘချပါနော်”
အိပ်ရာထဲ လဲသည့်အချိန်မှ စ၍ ပြောသော စကားကို အဘ ရင်နာစွာ ကြားရပြန်ပြီ။
ဘွားရွှေမျှင် ပြောသော အညာထုံးစံမှာ အသုဘ ချသောအခါ လွမ်းဆွတ်ကြေကွဲဖွယ်
ကောင်းသော အသုဘရှု သီချင်းကို ဆိုကာ ဆိုင်းတီး၍ ချခြင်းပင်တည်း။
အသုဘရှုသီချင်း၊ အဆိုတော်၊ အသုဘ ချရာတွင် တီးသည့်ဆိုင်း ဟူ၍ သပ်သပ်ရှိ၏။
တတ်နိုင်သူများက ရှေ့ဆိုင်း နောက်ဆိုင်းနှင့် ချကြ၏။ အင်း အညာသူ အနုပညာ
ဝါသနာရှင်ကြီး ဘွားရွှေမျှင်က သူသေလျှင်တောင်မှ ဆိုင်းနှင့် ဝိုင်းနှင့်
သေချင်ရှာ၏။ ဒါပေမဲ့ အဘ အဘွားရွှေမျှင်ကို မသေစေချင်သေးပါ။ သူ
ပိုက်ဆံရှိလျှင် ဘွားရွှေမျှင်ကို နေကောင်းအောင် ဆေးကုပြီး နှစ်ယောက်အတူ
တွဲကာ ရုပ်သေးတစ်ခေတ်ကို ပြန်လည်ထူထောင်ချင် ပါသေးသည်။
ပြန်လည်ဆန်းသစ်လာမည့် ရုပ်သေးတစ်ခေတ်ကို အဘ မျှော်လင့်ချင်ပါသေးသည်။
* * *
အဘလှိုင် လက်ထဲမှ ဘွားရွှေမျှင်၏ လက်ပိန်ပိန်လေးများမှာ အေးစက်စ
ပြုလာကြပေပြီ။ ဘွားရွှေမျှင်သည် အသက်ကို ပင်ပန်းစွာ ရှူရင်း မှေးမှိန်သော
မျက်လုံးလေးများကို ကြိုးစားဖွင့်နေရှာသည်။ ဘုရား၊ ဘုရား မယ်ရွှေမျှင်ရဲ့
နောက်ဆုံးအချိန် ရောက်ပြီ ထင်ပါရဲ့။ အဘလှိုင် ဘာလုပ်ရမည်နည်း။ ဆရာဝန်
ပြေးခေါ်မှ ထင်ပါရဲ့။ မဖြစ်နိုင်ပါ။ အဘလှိုင် မျက်မှန်လုပ်ရန် စုထားသော
ကျပ်တန်ဆယ်ရွက်ကို တင်းကျပ်စွာ ဆုပ်ထားရင်း ခေါင်းကို ယမ်းမိသည်။ အဘလှိုင်
တတ်နိုင်သည့် အလုပ်ကိုပဲ လုပ်ရပေမည်။ အဘလှိုင်သည် ဘွားရွှေမျှင်၏
မျက်နှာအနီးတွင် ဘုရားစာကို ဖြည်းညင်းစွာ စရွတ်သည်။ ငြိမ်သက်စွာ
နားထောင်နေသော ဘွားရွှေမျှင်ကို ကြည့်ရင်း အဘလှိုင် မျက်ရည်ဝဲစ ပြုသည်။
ဘွားရွှေမျှင်က ပါးစပ်လေးကို မသိမသာ လှုပ်ရင်း စကားပြောရန် အားယူသည်။
“ကိုရင်၊ ကျုပ်သေရင် အညာလို အသုဘချပါနော်”
ဘွားရွှေမျှင် အသံတိုးတိုးလေးကြောင့် အဘလှိုင် ရင်နာရပြန်ပြီ။
“စိတ်ချပါ မယ်ရွှေမျှင်ရယ် စိတ်ချ”
အဘလှိုင်က အထပ်ထပ် ခေါင်းညိတ်တော့မှ စိတ်ချသွားလေဟန်နှင့် ဘွားရွှေမျှင်
မျက်လုံးကလေးများ ညင်သာစွာ မှိတ်သွားကြသည်။ ထာဝရ မှိတ်သွားခြင်းပေတည်း။
အဘလှိုင် သီချင်းဆိုနေစဉ် ရေခွက်ကလေးကို အသင့်ကိုင်ရင်း ပြုံးကြည့်နေတတ်သော
မရွှေမျှင်။ ဆောင်းရာသီ ပွဲညများတွင် အအေးမိပြီး အသံဝင်မည် စိုး၍ တစ်ညလုံး
ဂရုတစိုက် စောင်ခြုံပေးနေသော မရွှေမျှင်။ ဈေးတောင်း ခေါင်းရွက်ကာ
ချွေးသံရွဲ့ရွဲနှင့် ပင်ပန်းနေသော မရွှေမျှင်။ မရွှေမျှင်၏ ရုပ်ပုံလွှာ
အားလုံးကို မြင်ယောင်လာရင်း အဘလှိုင်၏ မျက်ရည်များက တပေါက်ပေါက်
ကျလာကြပေသည်။
“မယ်ရွှေမျှင်ရယ် ညည်းဟာ ရှာမှရှားတဲ့ မိန်းမ။ ညည်း
ငါ့ကို အမျိုးမျိုး ပါရမီ ဖြည့်ခဲ့တယ်။ ညည်း စိတ်ချမ်းသာအောင် ညည်းရဲ့
နောက်ဆုံး ဆန္ဒကို ကျုပ် ဘယ်လို ဖြည့်ရပါ့မလဲ”
အညာလို အသုဘ ချပါတဲ့။ အညာလို။ သည် ရန်ကုန်တွင် အညာလို ဘယ်လိုလုပ်ပြီး အသုဘ ချရပါ့။
ဘေးနားမှ အသံဗလံများနှင့် “အဖေ လုပ်စရာရှိတာ လုပ်ကြရအောင် လေ” ဟူသော သမီး၏
အသံကိုကြားမှ အဘလှိုင် ပတ်ဝန်းကျင်ကို သတိရ လာသည်။ သမက်လုပ်သူ၏
ဟောင်ဖွာဖွာနှင့် ပြောနေသံကို ကြားရ၏။ အရပ်ထဲမှ လူအနည်းငယ်နှင့်
အဘလှိုင်တို့ တဲလေး မသိမသာ လှုပ်ရှားစ ပြုလာပြီ။ အသုဘအိမ်ကိုး။ သို့သော်
အသုဘအိမ်တိုင်းတွင် ကြားရလေ့ရှိသော သေသူကို တမ်းတ ငိုကြွေးသံတို့ကား
ကင်းမဲ့နေ၏။ အေးလေ၊ သူတို့ အတွက်တော့ အသုံးမကျတဲ့ လူပိုတစ်ယောက်
လျော့သွားတာပေါ့။ အဘလှိုင်နှင့် မင်းသားရုပ်လေးတို့ အဖို့မှာတော့
ကြီးမားသည့် ဆုံးရှုံးမှုကြီး တစ်ရပ်ပင်။
သူ့နားသို့ ရောက်လာသော သမက်နှင့် လူကြီးများကို အဘလှိုင် အားကိုးစွာ ကြည့်လိုက်၏။
“ဒီမှာ ကျုပ် တစ်ခု ပြောပါရစေ။ မယ်ရွှေမျှင်ရဲ့ အသုဘ ချဖို့အတွက်
ဆိုင်းငှားပေးကြပါဗျာ။ ကျုပ်တို့ အညာလိုလေ။ သူမသေခင်က တဖွဖွ
မှာသွားရှာလို့ပါဗျာ နော် ... အဲဒါလေ”
“ဟာ ... အဘိုးကြီး၊ ဘာတွေ
လျှောက်ပြောနေတာလဲ၊ ဘာ အညာလိုလဲ။ ဘာဆိုင်းလဲ။ ဒီမှာက ကားတောင်
မတတ်နိုင်လို့ ဒီတိုင်း ထမ်းချမှာ၊ ဟင်း ကြံတောနဲ့ နီးတာပဲ ကံကောင်းတယ်
မှတ်ပါ”
သမက်လုပ်သူက ခါးခါးသီးသီး ငြင်းနေသည့် ကြားမှပင် အဘလှိုင် ဇွတ်တောင်းပန်ပြန်သည်။
“မဟုတ်ပါဘူးကွယ်၊ အဖေ သူ့ဆန္ဒလေး ဖြည့်ပေးချင်လို့ပါကွယ်၊ ဖြစ်နိုင်အောင် ကြိုးစား”
“တော်တော့ဗျာ၊ ခင်ဗျားရဲ့ ဇာတ်သံကြီးကို။ ဒါ ရန်ကုန်ဗျ၊ ထုံးစံ မရှိ ဘူး။
ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျာ။ ဘယ်လိုမှ မလုပ်နိုင်ဘူးဗျာ။ ကဲ၊ ရှင်းပြီလား”
သမက်လုပ်သူ စကားအဆုံးတွင်တော့ အဘတစ်ယောက် ခေါင်းငိုက်စိုက်နှင့် ဘာမျှ ပြန်မပြောနိုင်တော့ပါ။
* * *
“ကဲ ... ကဲ ... သွားကြရအောင်၊ ထမ်းမယ့်သူတွေ လာဟေ့”
လူကြီးတစ်ယောက်၏ ဆော်ဩသံနှင့်အတူ အသုဘရှု၊ ပရိသတ် အနည်းငယ်နှင့် ဘွားဘွား ရွှေမျှင်၏ အသုဘ ထမ်းစင်သည် ထွက်ခွာရန် အသင့် ဖြစ်နေပေပြီ။
“နေဦး ... နေဦး၊ ဦးလှိုင် မမြင်ဘူး၊ ဘယ်ရောက်နေလဲ”
“ဟာ ... အရေးထဲ အဖေကလည်း ဘယ်ရောက်သွားပါလိမ့်”
သမီးဖြစ်သူက စူစူဆောင့်ဆောင့်နှင့် ဟိုကြည့် သည်ကြည့် ကြည့်သည်။
“ဒီအဘိုးကြီးကို သိပ်ပြဿနာ ရှုပ်တာပဲ။ ကဲ သွားသာ သွားဗျာ၊ အချိန် မရှိဘူး”
ဟု သမက်က ပြောလိုက်သဖြင့် ဘွားရွှေမျှင် အသုဘ ထမ်းစင်သည် ဖြည်းညင်းစွာ
ထွက်ခွာစ ပြုသည်။ လူအနည်းငယ်က နောက်မှလိုက်လျက် ငိုသံရှိုက်သံ
ကင်းမဲ့စွာဖြင့် မဟာရန်ကုန်၏ အခြောက်သွေ့ဆုံး အသုဘ အခမ်းအနားပင်တည်း။
သည်အခိုက်မှာပင်
“နေကြပါဦး၊ နေကြပါဦး၊ ကျုပ်ကို စောင့်ကြပါဦး”
အမောတကော အော်ပြောလိုက်သော အသံကြောင့် လူအားလုံး လှည့်ကြည့်လိုက် ကြသည်။
လင်းကွင်းတစ်ချပ် ပူးချည်ထားသော ဗျိုင်းတောင်ကို လွယ်လျက် တစ်ဖက်က
တုတ်တိုလေးကို ကိုင်ကာ အသုဘ ထမ်းစင်နောက်သို့ အပြေး လိုက်လာနေသော အဘ။
ချွေးတွေ ရွှဲနစ်နေသော အဘသည် သူ့ကို အံ့ဩတကြီး ဝိုင်းကြည့်နေကြသော
သူ့သမက်နှင့် သမီးအပါအဝင် လူအားလုံးကို ဂရုမစိုက်ပါ။ သူက ဘွားရွှေမျှင်၏
အသုဘ ထမ်းစင်နောက်တွင် ကပ်ကာ ရပ်လိုက်သည်။ ထို့နောက်တွင်ကား
လွမ်းဆွတ်ကြေကွဲဖွယ် ကောင်းလှသော အညာဒေသ၏ အသုဘရှု၊ သီချင်းသံသည်
ရင်နင့်ဖွယ်ရာ ပျံ့လွင့်လာတော့သည်။
“ရွှေသုသာန်မြေကိုလေး မောင်မယ် တူမြန်းရတော့မယ်”
သံဃာတော်များရယ်က ... ကြည်ညိုသဒ္ဓါ ပွားပါလို့ ... တရားတော် ... တရားတော် နာစို့လေး”
အဘလှိုင်၏ လှိုက်လှဲကြေကွဲဖွယ် ဆွဲဆွဲငင်ငင် ဆိုလိုက်သော သီချင်းသံနှင့်အတူ
ဗျိုင်းတောင်နှင့် လင်းကွင်းတို့ကို အချက်ကျကျ တီးခတ်သံက လေးလေးမှန်မှန်
ထွက်ပေါ်နေပေသည်။
“မယ်ရွှေမျှင်ရေ ... ညည်းရဲ့ နောက်ဆုံးဆန္ဒကို ကျုပ် တတ်နိုင်သမျှ ဖြည့်စွမ်းနေပြီလေ။ ညည်း ကျေနပ်နိုင်ပါစေကွယ်”
ဗျိုင်းတောင်ကို တီးခတ်ရင်း အဘက တီးတိုး ရေရွတ်နေသည်။ အဘိုးအို၏
မျက်ရည်ပူများက အဆက်မပြတ် တီးခတ်နေသော တုတ်တိုလေးပေါ် သို့
ပိုးပိုးပေါက်ပေါက် ကျနေကြသည်။
လူများ၏ အံ့အားတသင့် အကြည့်များ၊
သမီးနှင့် သမက်၏ ဒေါသ အကြည့်များ၊ “ဟယ် ... အဘိုးကြီး ရူးသွားရှာပြီ ထင်ပါ
ရဲ့”၊ “သနားစရာ” ဟူသော တီးတိုးသံများ အားလုံးကို အဘ မမြင်ပါ။ မကြားပါ။
တုတ်တိုလေးက ဗျိုင်းတောင်ပေါ်တွင် တဆတ်ဆတ်ခုန်ကာ လှုပ်ရှားဆဲ၊ ရုပ်သေး
မင်းသားကြီး ဦးစပယ်လှိုင်၏ လှိုက်လှဲစွာ သီဆိုသံက ကြေကွဲဖွယ်
ထွက်ပေါ်နေမြဲပင်။
သံဃာတော်များရယ်က ... ကြည်ညိုသဒ္ဓါပွားပါလို့ ...
တရားတော် ... တရားတော် ... နာစို့လေး ...
--------------
နုနုရည် အင်းဝ
သဘင် မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၈၅။
No comments:
Post a Comment