Monday, 28 March 2016

တယောကိုကြိုးညှိခြင်း





အဖေ့အသက် ၈၉-နှစ်။ မနေ့က ကောက်ငင်ကာ ဖျားပါတယ်။
ကိုယ်အပူချိန် ၁၀၅ ။ အိပ်ရာပေါ်က မနိုင်မနင်း တွဲထူရ ၊ ဆရာဝန်
ပြေးပင့်ရ သောကတွေကြား ဆေးထိုးမှားဖူးတဲ့ အဖေက ဆေးထိုး
ဖို့ငြင်း။ ဆရာဝန်မလေးက ဖျောင်းဖျနေတုန်း ဒီမတိုင်ခင်တရက်
အဖေပြောတဲ့စကား ကျနော့်ရင်ကို အရှိန်နဲ့ ၀င်ဆောင့်ပါတယ်။
“ သားအထဲမှာတုန်းက ရေးခဲ့တဲ့ သီချင်း ရှိသေးလား”တဲ့။
ကျနော်ချက်ချင်း မှတ်မိပါရဲ့။
အဖိုးရယ်၊ အဖေရယ်၊ ကျနော်ရယ် သုံးယောက်အကြောင်းပါ။
အဖေဆေးကုခံနေတာကြည့်ရင်း .......
.
* * * * *
.
နေစောင်းရင် ရွှေမောင်းသံနဲ့အတူ ၀င်ဒါမီယာအသံလွှင့်ရုံက သတင်း
ကြေညာတဲ့ ခေတ်တုန်းကပါ။ ရန်ကုန်မှာ ကျနော့်အဖေက အပျော်တမ်း
တယောဆရာ။ တောမြို့လေးနေ ကျနော့်အဘိုးထံ ကြေးနန်းစာ ပို့ပါတယ်။
အကြောင်းအရာကတော့ သားမောင်တို့အဖွဲ့အသံလွှင့်ဖျော်ဖြေရန်ရှိတဲ့
အတွက် အဖေစောင့်နားထောင်ရန်ပါတဲ့။ ကြေးနန်းစာ(အဲဒီခေတ်အခေါ်
သံကြိုးစာ) ဖတ်ပြီးတာနဲ့ အဖိုးဟာ နေမစောင်းခင် ရွှေမောင်းသံနဲ့
သတင်းကြေညာသလို …အိမ်တကာကိုလှည့်ပြီးတော့ အသိပေးပါ
တော့တယ်။
.
အဲဒီအချိန်ကလည်း လူတွေအတွက် ဖျော်ဖြေရေးဆိုတာ ရေဒီယိုတမျိုးပဲ
ရှိတာမို့ ဒီကိစ္စဟာ အဖေတို့ တောမြို့လေးအတွက်တော့ သူတို့မြို့သား
တယောက်ရဲ့ အစွမ်းအစ ၊ သူတို့အတွက် ရင်ခုန်စရာလို့ မှတ်ယူလိုဟန်
ရှိပါတယ်။ အဲဒီတုန်းက အသံသွင်းထားပြီး လွှင့်ရတာမဟုတ်ပဲ တိုက်ရိုက်
ထုတ်လွှင့်ရတာဆိုတော့ မှားယွင်းအတိမ်းအစောင်းမခံ စွန့်စားခန်းလည်း
ဆန်တာပေါ့။ အဖိုးဟာ သူ့အိမ်က ရေဒီယိုဂရမ်ကြီးကို အကျအနပြင်သလို
ပရိတ်သတ်တွေအတွက် ၀၀လင်လင် ကျွေးချင်ပါသတဲ့။
.
ရေဒီယိုရှားတဲ့ ခေတ်မို့လား။ ဖိုးဖိုးကို အားနာကြလို့လား။ ဒါမှမဟုတ်
ကောက်ညှင်း ပေါင်းနဲ့ငါးကြော်နံ့ကပဲ မွှေးလို့လား။ တရပ်လုံးမှာရှိသမျှ
ဘုစုခရုမကျန် အရွယ်သုံးပါးလုံး ဖိုးဖိုးရဲ့အိမ် ရုံတော်မင်္ဂလာမှာ နေရာ
ဦးထားကြပါပြီ။
.
အသံလွှင့်ရုံထဲရောက်နေတဲ့ အဖေဟာ ရင်ထဲမှာ သူ့ရှေ့က ပတ်စာစမ်း
နေတဲ့ ဗုံတွေရဲ့ မျက်နှာပြင်လို့ တတုံတုံ ခုန်နေပါသတဲ့။ အဲဒီအချိန်မှာ
ဖိုးဖိုးဟာလည်း အရေးအကြောင်းဆို အသံဝင်လွယ်တဲ့ သူ့ရေဒီယိုဂရမ်ကြီး
လူစုံရှေ့ အရှက်မခွဲရအောင် တယုတယနဲ့ ဖုန်သုတ်ပေးနေပါသတဲ့။
( အမှန်က စက်ကိုစစ်ဆေးပြင်ဆင်ရမှာ သူခမျာ ပြင်မှ မပြင်တတ်တာ )
.
ဆန်းစသော်တာလေးက ထွက်ပြူစ…
အိမ်ပေါ်မှာ ဆက်ရက်အုပ် အိပ်တန်းတက်သလို ဆူနေတဲ့အသံတွေကို
ဖိုးဖိုးက ဟောသလို တားပါတယ်။
“ တိတ်ကြဟေ့…တိတ်ကြ…။ ကြေညာပြီ….ငါ့သားတို့ အသံလွှင့်တော့
မယ်ကွ။ ”
တခါမှ အသံမလွှင့်ဖူးတဲ့ အဖေ့လက်တွေဟာလည်း ရေဒီယိုလိုင်းညှိနေတဲ့
ဖိုးဖိုးလက်တွေလိုပဲ တုန်နေခဲ့တာပေါ့။ အဲဒီခေတ်ရဲ့ နည်းပညာ အားနည်းမှု ၊
ရေဒီယိုစတေရှင်တွေရဲ့ ခရီးဝေးထုတ်လွှင့်နိုင်စွမ်းချို့ငဲ့မှုတွေကြောင့်
အသံက တိုးတခါ၊ ကျယ်တလှည့်။
“ တိတ်ကြဟေ့ …လာပြီတဲ့။”
မြို့ကလေးရဲ့ ခေါင်းမိုးပေါ် တရွှေ့ရွှေ့ ကုတ်တွယ်တက်လာတဲ့ လ၀န်းနဲ့
အတူ အဖေ့တေးသံဟာ ရေဒီယိုဂရမ်ထဲက ထွက်လာပါပြီ။ ဖိုးဖိုးမျက်နှာ
မှာလည်း လရောင်တခြမ်းဟပ်လို့ ကြည်နူးချင်းကတ၀က်၊ အမှောင်တခြမ်း
ဘက်မျက်နှာမှာတော့ အသံပျောက်သွားမှာကို စိုးရိမ်ခြင်းကတဖက် ။
.
အဖွားကတော့ ဖိုးဖိုးကို “ ပိုရန်ကော”လို့ မေးငေါ့လျက်။
.
အားနာပါးနာစိတ်ဝင်စားရတဲ့ သောတရှင်အပေါင်းဟာ သီချင်းကို အမိဖမ်း
နေတုန်းမှာ အသံဟာ တိုးဝင်နိမ့်ကျသွားပါရော။ ဖိုးဖိုးခဗျာ ရေဒီယိုမျက်နှာ
စာကို သူ့နားရွက်ကပ်ခါ မျက်လုံးလေးမှေးလျက် မရမက မချင့်မရဲ
နားထောင်ရှာပါတယ်။ဖိုးဖိုးရဲ့ အဖြစ်သည်းပုံကို ဘေးကလူတွေ လက်ကုတ်ပြီး
သနားရမလို၊ လှောင်ရမလို ။
.
* * * * *
.
အဲဒီလို ဖိုးဖိုးတို့ သားအဖနှစ်ယောက်ရဲ့ ချစ်ခြင်းဖွဲ့အကြောင်း လသာ
တညမှာ ကိုဇာဂနာကို ကျနော်ပြန်ပြောပြတဲ့အခါ သူလည်း သူ့အဖေ့ကို
သတိရ သက်ပြင်းချပါတယ်။ ကျနော်က အဲဒီအကြောင်းကို သီချင်းစပ်
ချင်တယ်။ ဘယ်လိုစပ်ရမှန်းလည်း မသိ။ ကိုဇာဂနာက ကျနော့်ကို
ငပိကြော်ဗူးကို တူရိယာလုပ်နည်း သင်ပေးပါရော။
.
ဘယ်နေရာမှာ အပေါက်ဖောက်၊ သရေကွင်း ရှစ်ကွင်းကို ဘယ်လိုတပ်၊ ကြိုး
ဘယ်လိုညှိ စသဖြင့်ပေါ့။ ပြီးတော့ ကျနော်စပ်တဲ့ သီးချင်းရဲ့နုတ်(Notes)
ဘယ်လိုရေးရမယ်ဆိုတာကိုပါ အခန်းနံရံတွေကျော်အော်ပြီးသင်ပြပေးတယ်။
ကျနော်က စကားလုံး သံစဉ်ရွေး။ ပြီးတော့ အင်္ဂတေကြမ်းပေါ် အုတ်ခဲကျိုးနဲ့
ချရေး ။ ဖြည်းဖြည်း ရုပ်လုံးပေါ်လာပါတယ်။ ပြီးတော့ နံရံမှာ ဆူးချွန်နဲ့ခြစ်ပြီး
တေးမှတ်ထားရတယ်။
.
* * * * *
.
ကိုဇာဂနာ အချိန်တန်လို့ အိမ်ပြန်ရတဲ့အခါ ကျနော့်သီချင်းလည်း အဖေ့လက်
ရောက်ပါတယ်။ ဒါပေမယ့် ကျနော် Note ရေးတာ Bar ခွဲတာမကျွမ်းတော့ အတီး
သမားတွေ အတော်အခက်တွေ့တယ်။ အဲဒီမှာအဖေက သူ့ညီ ကိုတင်အောင်သန်း
( မိုးယံမှသည် ချစ်သူဆီသို့ သီချင်းရေးသူ)ကို ခေါ်ပြီး မင့်တူလက်ရာကို မင်း
ကြည့်လုပ်ပါဦးဆိုပြီး အကူညီတောင်းရပါတယ်။ ဒီလိုနဲ့ ကျနော့်သီချင်းကို ကျနော်
မရှိချိန်အိမ်မှာ အခွေကြမ်းတော့ ဆိုဖြစ်ကြတာပေါ့။
.
လူမစုံတဲ့မိသားစုထမင်းပွဲအကြောင်းအပါအ၀င် ကျနော့်သီချင်းတွေအတွက်
အဖေဟာ နှစ်ပေါင်းများစွာ သံယောဇဉ်ဖြတ် စွန့်ပယ်ခဲ့ရတဲ့ တယောနဲ့ဘိုးတံကို
လက်တုန်တုန်နဲ့ လှမ်းဆွဲယူလိုက်ရပါသတဲ့။
.
* * * * *
.
ကိုဇာဂနာက ပြန်ပြောပြတယ် ။
ကျနော့်အိမ် သူသွားအားပေးတော့ အဖေဟာ လာသမျှဧည့်သည်တွေကို မုန့်ပဲ၊
သွားရေစာအစား ကျနော့်သီချင်းခွေဖွင့်ပြ ဧည့်ခံပါသတဲ့။
သူကိုယ်တိုင်အတွက်လည်း ကျနော့်သီချင်းဖွင့်ပြီးမှ အိပ်ရာဝင်တယ်တဲ့။
ကျနော်သီချင်းနဲ့ အဖေအိပ်ပျော်တယ်။
အိပ်မက်ထဲမှာ…
အဖေကြိုးညှိပြီ…..
ဘိုးတံတင်ထိုးရမယ့် တယောကြိုးလား….?
မဟုတ်ပါဘူး
ဖော်ကွာဝေး…လောကရဲ့ထောင့်ကွေးတနေရာက အဖော်မဲ့သားအတွက်
ဖခင်တစ်ယောက်ရဲ့ မေတ္တာတယောကြိုးညှိတာပေါ့။
.
- မင်းကိုနိုင်

No comments:

Post a Comment