Monday, 4 April 2016

လုလင် လုံမ ဘာ ရွေးကြမယ်




“ လုလင် လုံမ ဘာ ရွေးကြမယ် ”
▬▬▬▬▬▬▬▬▬▬▬▬
ကျွန်တော်တို့ ငယ်အခါ သူတစ်ပါးအိမ် ဧည့်သည်
လုပ် ထမင်းစားစဉ်က အထူးအဆန်းအဖြစ် ဟင်း
တစ်မည် ပါလာသည်။ စည်သွပ်ဘူးကို ဖွင့်ကတည်းက
ကျွန်တော်တို့ ကလေးတွေ စိတ်ဝင်စားနေပြီ ဘူး
ထဲမှာ တစ်ခါမှ မမြင်စဖူး၊ ငါးကလေးတွေ အထပ်
လိုက်စီလို့ ချက်ပြီးသားတဲ့။ ခရမ်းချဉ်သီး ထည့်ပြီး
ပြန်နွှေးလို့ အနံ့ရရုံ ကျွန်တော်တို့မှာ သဘောကျမဆုံး။
သွားရေတွေ ကမ်းပြိုနေပြီ။ စားပြီးတော့လည်း
အရသာတွေ့၊ နောက်နေ့တွေ တမ်းတလို့မဆုံး။
စားမြုံ့ပြန်လို့ မ၀နိုင်။
.
အမေက ကျွန်တော်တို့ကို ကြည့်ကာ သနားသည်တဲ့။
ငါးသေတ္တာဆိုတာ ဈေးမသွားဖြစ်တဲ့နေ့ လမ်းထိပ်
ကွမ်းယာဆိုင်က အလွယ် ၀ယ်ချက်စားလိုက်ကြတာ။
သူများက ဒီနေ့ ဘာချက်လဲ မေးရင် ဒီလိုပါပဲ။ ငါး
သေတ္တာနဲ့ပဲ ပြီးစလွယ် စားလိုက်တယ်လို့ ဖြေပြ
ရတာ အားမရှိလှဘူး တဲ့။ မစားချင်မှအဆုံးဆိုပဲ။
ကျွန်တော်တို့ ကလေးဘ၀မှာ ဒါကို နားထောင်ပြီး
အားကျမဆုံး၊ ကိုယ့်ကိုယ်ကိုယ်လည်း အတော်
သနားစရာကောင်းတာ ရိပ်မိ။ ပေါများတဲ့ ခေတ်
ဆိုတာကို တမ်းတရုံ။
.
တကယ်လည်း ကျွန်တော်တို့ ခေတ်သည် အစား
အသောက်၊ အ၀တ်အထည် ရှားပါးခဲ့သည်ဟု
ကျွန်တော် ခံစားရသည်။ ခေတ်လူငယ်တွေနဲ့
စကားစပ်တိုင်း ပေါများခြင်း၊ ရှားပါးခြင်း အကြောင်း
ရောက်သွားလျှင် ကျွန်တော် ပြောပြတာတွေ
သူတို့ တအံ့တသြ။
.
တို့ခေတ်က ဂျင်းဘောင်းဘီ တစ်ထည်ကို သူငယ်ချင်း
တွေ၊ ညီအစ်ကိုတွေ အလှည့်ကျ ၀တ်ရတာကွဟု
စကား စလျှင် သူတို့က ဟုတ်လားဆိုကာ ပြုံးစစ
ဖြစ်ကုန်ကြစမြဲ။ ဂျင်းဂျာကင် ဂျင်းကုတ်လောက်
ဝတ်နိုင်ရင် ဆရာကြီး ဖြစ်ပြီဟု ပြောသော် သူတို့
ရယ်ကြ၏။ ရှပ်အင်္ကျီဆိုရင်ကွာ ဘင်္ဂလားဒေ့ရှ် လေ
ဘေးအတွက် တစ်ကမ္ဘာလုံးက ၀ိုင်းလှူတဲ့ အထည်
ဟောင်း (ဘေထုပ်)တွေ ဆူးလေမှာ ပုံရောင်းတာ
အလုအယက် ၀ယ်ကြရတယ်။ အဲဒီ အဟောင်း
ထည်တွေ ကိုပဲ ဖောရိမ်းရှပ် (Foreign Shirt) ဆိုပြီး
ဂုဏ်မောက် ခဲ့ကြရတာဟု ၀န်ခံသည့်အခါ သူတို့
လက်ခုပ်လက်ဝါးတီး လှောင်ရယ်ကြပါသည်။
.
သို့သော် ယိုးဒယားသကြားလုံးခေတ် ရောက်လာ
သည့်အခါ စားပြီးသည့် သကြားလုံး စက္ကူအခွံလေး
တွေကို တယုတယ စာအုပ်ကြားထဲညှပ် စုဆောင်း
ကြကြောင်း ဇာတ်နာသည့်အပိုင်း ရောက်လာတော့
သူတို့ မလှောင် ရက်တော့။ ကျွန်တော်တို့ မျိုးဆက်အား
သနားစဖွယ် ငတ်ခဲ့ကြသော မျိုးဆက်ဟောင်းများ
အဖြစ် စုတ်တသပ်သပ် ကရုဏာသက်ကုန်ကြပါသည်။
.
ကျွန်တော်တို့တွေ အဘိုးအဘွားခေတ်က အသား
ဟင်း တွေကို မြေအိုးဖြင့်ချက် နောက်ရက်တွေ
မှာလည်း ပြန်ပြန် နွှေးစားကြသည့်အကြောင်း ပြော
သည့်အခါမျိုး သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်းက
ပဲပြုတ်နဲ့ နံပြားကို တမ်းတခဲ့ကြောင်း ပြောပြသည့်
အခါ ခေတ်ကာလ သားသမီးများက သူတို့ ဘိုးဘွား
တွေကို သရော်သလိုဖြင့် သနားပါတယ်။ ပီဇာ
မုန့်တောင် မစားဖူးရှာဘူး၊ KFC ကြက်ကြော်လေး
တောင် မမြည်းဖူးကြရှာဘူးဟု ခနိုးခနဲ့ဆိုလျှင်
ကျွန်တော် သူတို့အား ခုလို ပြန်လက်စားချေရသည်။
.
“မင်းတို့ခေတ်မှာ ပုစွန်ထုပ် တစ်ခါစားပြီးရင်၊
တစ်လလောက် ကြွားမဆုံးဘူး မဟုတ်လား၊
တို့ငယ်ငယ်က အမေဈေးက ပြန်လာရင် ခြင်း
တောင်း သွန်ချ၊ ပုစွန်ထုပ်တွေ ကောက်ဆွဲပြီး၊
မီးကင်စားပစ်လိုက်တာ မွှေးချိုနေတာပဲ”
သူတို့ မျက်လုံးဝိုင်းသွားကြသည်။ အမေက မဆူ
ဘူးလား ဟု မယုံသလို မေးကြသေး၏။
“မဆူတဲ့အပြင် ဘေးက မျှော်နေတဲ့ ခွေးတွေ
ကြောင်တွေအတွက် နောက်ထပ်တောင် ပေး
လိုက်သေး၊ အဲဒီလောက် ပေါများတဲ့ ခေတ်ကွ”
သူတို့ ခေါင်းပုသွားကြသည်။
.
ကျွန်တော်တို့ခေတ်က စူပါသရုပ်ဆောင် တစ်
ယောက်က ရိုက်ကွင်းမှာ မောလျှင် ရေခဲသေတ္တာ
ထဲက ပန်းသီးစိတ်ကို ကျွေးမှ ရိုက်ကွင်းကို
ဆက်၍ရကြောင်း ခေတ်လူငယ်တွေ ကြားသည့်
အခါ နားမလည်ကြ။ စူပါစတားရဲ့ တောင်းဆိုချက်
ကလည်း ဈေးပေါလှချည်လားဟု ဇဝေဇ၀ါ ဖြစ်ကုန်
ကြသည်။
.
ထိုခေတ်က ပန်းသီးဆိုတာ လူမမာ ဓာတ်စာ၊ လူကြီး
ကန်တော့ရာသာ ပါရသည့် မျက်နှာကြီးမျိုးဆိုတာ
ယခု ပန်းသီးကို လမ်းဘေး ပုံရောင်းနေသည့် ခေတ်
လူငယ်တွေ မယုံနိုင်။
.
တချို့ အိမ်တွေမှာ ရေခဲသေတ္တာဆိုတာ ဧည့်ခန်းမှာ
Show Case တစ်ခုလို ထားခဲ့သည့် ခေတ်ရှိခဲ့တယ်
ဆိုတာ။ တချို့များ စတီးထည် စတီးချိုင့်တွေတောင်
မှန်ဗီရိုထဲထည့် ဧည့်ခန်းမှာ ထားခဲ့ကြတယ်ဆိုတာ
အိမ်တိုင်းမှာ ရေခဲ သေတ္တာရှိတာ မဆန်းသည့်ခေတ်
လူငယ်တွေ လှောင်ရယ် ကြပါလိမ့်မည်။
.
ကျွန်တော်တို့ ခေတ်ရဲ့ ရှားပါးမှုတွေကို ဟားတိုက်
ခံရတိုင်း ကျွန်တော်က မင်းတို့ခေတ်မှာ ငါးသလောက်
ဆိုရင် ဆေးဖော်ချင်လို့တောင် ရှာမရဘူး။ တို့ခေတ်က
မစားချင်မှအဆုံး စသဖြင့် ချေပရပြန်ပါသည်။
ကျွန်တော် တကယ် ပြောချင်တာက အစားအသောက်
အ၀တ်အထည်တွေအကြောင်း မဟုတ်ပါ။ ရှားပါးခြင်း
နှင့် ခေါင်းပါးခြင်း အကြောင်းသာ ဖြစ်ပါသည်။
.
ကျွန်တော် ငယ်စဉ်က အိမ်မှ မကြိုက်သော ပိုက်ဆံကြေး
ဂေါ်လီ ရိုက်တာ၊ အိမ်နှင့် ဝေးရာမှာ လုပ်ပါလျက်
အိမ်က ဘယ်လို သိသိနေမှန်း စဉ်းစားမရ။ နောက်
တစ်နေ့ ကစားဝိုင်းထဲ ကျွန်တော့်ကို ဆူငေါက်သံ
ကြား၍ လှည့်ကြည့်ရာ လမ်းထဲ နေ့စဉ်လာ ကောက်
ညှင်းပေါင်းရောင်းသည့် အဒေါ်ကြီး ဖြစ်နေသည်။
အိမ်ကို သွားသွား တိုင်နေတာ သူပါပဲတဲ့။
.
အိမ်က လူကြီးတွေ မသိအောင် သစ်ပင် ခိုးတက်၊
ရေခိုးကူးတိုင်း လမ်းထဲ အရပ်ထဲက လူကြီးတွေက
ဖမ်းပြီး အိမ်ကို ပို့သည်။ ကျွန်တော်တို့မှာ ငယ်စဉ်က
ထိုဖြစ်ရပ်မျိုးကို စိတ်ကုန်လှသော်လည်း ခုမှ
မေတ်္တာဖြင့် စောင့်ရှောက်ကြ ခြင်းကို နားလည်သည်။
ခုခေတ်လို ကန်ထရိုက်တိုက်တွေ ပြွတ်ကျပ်၊ ဟိုဘက်
ခန်း ဒီဘက်ခန်း ဘယ်သူမှန်း မသိ၊ မယုံကြလို့
လှေကားတောင် သော့ခတ်ထားရသည့် ခေတ်
မဟုတ်။
▬▬▬▬+▬▬▬▬▬▬▬▬+▬▬▬▬
‪#‎အစားအသောက်‬ အ၀တ်အထည် ရှားပါးပေမယ့်
မေတ္တာတရား၊ အပြန်အလှန် စောင့်ရှောက်မှု
ခေါင်းပါးသည့် ခေတ်မဟုတ်ဆိုတာ ဂုဏ်ယူချင်
ပါသည်။
▬▬▬▬+▬▬▬▬▬▬▬▬+▬▬▬▬
သမိုင်းဆိုင်ရာ ၀ါဒရေးရာဆိုင်ရာ စာအုပ်များ
အင်မတန် ရှာဖွေရခက်သော တစ်ခေတ် ရှိခဲ့ပါသည်။
အထူးသဖြင့် ဒီမိုကရေစီအကြောင်း၊ ဒီမိုကရေစီ
ခေတ်က ထုတ်ခဲ့သော စာအုပ်များကို ခိုးကြောင်
ခိုးဝှက် ရောင်း ၀ယ် ငှား ဖတ်ခဲ့ကြ ရသည်။
“လူအခွင့်အရေး ကြေညာစာတမ်း” လက်ဝယ်
ကိုင်ဆောင်မှုဖြင့် အဖမ်းခံရသည့် အမှုမျိုး ခေတ်မျိုး
တကယ် ရှိခဲ့ပါသည်။ သတင်းစာဆရာကြီး ဟံသာဝတီ
ဦးဝင်းတင်အား ဖမ်းဆီးသည့်အခါက လူတင်မက
စာအုပ်တွေကိုပါ ဖမ်းဆီး ခံခဲ့ရသည်။ ပြီးတော့
ထိုစာအုပ်တွေပင် တရားမ၀င်သလိုလို ထိုစာအုပ်တွေ
လက်ဝယ်ထားရှိခြင်းကပင် အပြစ်ရှိသလိုလို၊ သတင်း
စာရှင်းလင်းပွဲတွင် ဓာတ်ပုံနှင့်တကွ ဦးဝင်းတင် နေအိမ်မှ
သိမ်းဆည်းရမိသော စာအုပ်များဟု ဖော်ပြသည်။
ထိုအထဲတွင် ကမ္ဘာကျော် တော်စတွိုင်း၏ စစ်နှင့်
ငြိမ်းချမ်းရေး စာအုပ်ပါ ပါဝင်ခဲ့ပါသည်။
.
ခေတ်လူငယ်တွေကို ကျွန်တော် ပြောချင်တာက
ကျွန်တော်တို့ ခေတ်တွင် စာအုပ်စာပေ အပါအ၀င်
ပညာ လေ့လာလိုသူတိုင်းအတွက် ရင်းမြစ်များ
ရှားပါးခဲ့ပါသည်။
ခုခေတ်တော့ အင်တာနက်တွင် ကလစ်တစ်ချက်
ခေါက်ရုံဖြင့် လေ့လာလိုသမျှ ဘာသာရပ်ဆိုင်ရာ
ရင်းမြစ်တွေ ဝေါခနဲ ထွက်ကျလာပါပြီ။ ပေါများ
ပါပေ့။
ပေါများလှသော အရာတွေထဲက ခေတ်လူငယ်တွေ
ဘာတွေကိုများ ရွေးကြမှာပါလိမ့်။
.
‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၈၊ ဆောင်းပါး ]

No comments:

Post a Comment