Wednesday, 13 April 2016

ပန်းချီဆရာဦးဘကြည်ပြခဲ့တဲ့လမ်းကို အားလုံးတစ်ချက်လောက်ကြည့်ပါ

ပန်းချီဆရာဦးဘကြည်ပြခဲ့တဲ့လမ်းကို အားလုံးတစ်ချက်လောက်ကြည့်ပါ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကျွန်တော်လက်လှမ်းမီတဲ့ ပုဂ္ဂလိကစုဆောင်းသူတွေပိုင်ဆိုင်တဲ့ပန်းချီကားအချို့ကိုမျှဝေပြီးပြပေးပါ့မယ်၊
ဒီပန်းချီကားတွေကိုစုဆောင်းထိန်းသိမ်းထားတဲ့သူတွေက တန်ဖိုးကိုနားလည်ပြီး ဂုဏ်ယူမြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းခဲ့ကြတဲ့သူတွေဖြစ်တယ် အနုပညာရှင်သေဆုံးသွားပြီး အဲဒီအနုပညာရှင်ဖန်တီးခဲ့တဲ့ ပန်းချီကားတွေက
အနုပညာရှင် နာမည်ကြီးရင်ကြီးသလို ငွေကြေးအရ တန်ဖိုးတွေတက်ခဲ့ကြတာ အားလုံးသိတာပဲ၊ ဒါပေမယ့် ပန်းချီကားကောင်းတစ်ကားကို ဆုံးဖြတ်ဖိုကြတော့ ငွေကြေးရော၊ နာမည်ကြီးတာရောနဲ့ မဆိုင်တော့ပါဘူး၊ အဲဒီထဲမှာမှ အမျိုးသားရတနာစာရင်းမှာ ထည့်သွင်းဖို့ကြတော့ ရွေးချယ်ဖို့က ပိုလို့ခက်ခဲပါသေးတယ်၊ ရှေ့ကဆရာဦးဘကြည်က နိုင်ငံရဲ့ အမျိုးသားရတနာ လို့သတ်မှတ်ပြီး နိုင်င်ရဲ့အမျိုးသားပြတိုက်(National Museum Collection) အတွက် ရွေးချယ်ဝယ်ယူ စုဆောင်းပေးသွားတဲ့ ပန်းချီကားတွေကို အခုခင်ဗျားတို့ကျွန်တော်တို့ မြင်တွေ့ကြရတော့ ကျေနပ်၊ ဂုဏ်ယူပြီး ဘဝင်ကျ ကရတယ်မဟုတ်လား၊ အမျိုးသားပန်းချီဆရာဆိုတာ ဘယ်လိုအနုပညာရှင်မျိုးလည်း၊ National Treasure
ဆိုတဲ့ အမျိုးသားရတနာဆိုတာ ဘယ်လိုအနုပညာပစ္စည်းလဲလို့  နည်းနည်းတော့ ရိပ်မိကြမယ်လို့ထင်ပါတယ်။

ရှေးဟောင်းပန်းချီကားဆိုတာနဲ့ ပိုက်ဆံတော့ရပြီလို့ ထင်တာ၊ ပြောဆိုတာတွေက ဥာဏ်နည်းလွန်လှပါတယ်၊ အဲဒီတော့
ကျွန်တော့်မိတ်ဆွေများက အဲဒီအကြောင်းအရာတွေအတွက် အဲဒီလိုပြောဆိုချိန်ထိုးမှာ မဟုတ်တဲ့သူတွေလို့ပဲ ထင်ထားပါ့မယ်၊
ဒီတော့ ငွေကြေးတန်ဖိုးအတွက်မဟုတ်ပဲ အခြားများစွာသော တန်ဖိုးများစွာ အတွက်ဒီလို အနုပညာရှင်တွေရဲ့ အနုပညာ
လက်ရာတွေကို အန္တရာယ်ရောပြွမ်းလှတဲ့ ဒီခေတ်ဒီကမ္ဘာမှာ နေထိုင်ကြရခြင်း အစိတ်အပိုင်းထဲမှာ ကိုယ်နဲ့မကွာ ထိန်းသိမ်း
စောင့်ရှောက်ပြီး မပျောက်မပျက်ကျန်ရှိနေလို့ အခုမြင်တွေ့ ခွင့်ရတယ် ဆိုတဲ့ကျေးဇူးကို ဆင်ခြင်အောက်မေ့တာကလွဲလို့
ကျန်တာ ဆင်ခြင်အောက်မေ့တွေးတောရန်မရှိပါ။

ဒီလို အသက်ဝင်ပြီး ခေတ်အဆက်ဆက်ကိုဖြတ်သန်းသွားကာ ဒါ မြန်မာတွေပဲလို့ တွင်ကျန်ရစ်ခဲ့မယ့် အနုပညာပစ္စည်းတွေဟာ
ပုဂ္ဂလိကပိုင်ဆိုင်ဖို့ဆိုတာ အနုပညာတန်ဖိုးသက်သက်ကို ချင့်တွက်နိုင်တဲ့ ဥာဏ်ရည်ရှိပြီး နှစ်သက်မြတ်နိုးတတ်တဲ့ နှလုံးသား
လည်းပါတဲ့အပြင် ထိုက် မှလည်းရမယ်ဆိုတဲ့ နှလုံးသွင်းဆင်ခြင်မှုလည်း ရှိရပါမယ်လို့ပြောချင်ပါတယ်၊ ပြီးတော့ ကျွန်တော်ရဲ့
ဒီပြောဆိုမှုမှာ လူတတ်လိုစိတ်လုံးဝမဟုတ်ပါ ဆိုတာနဲ့ ကျွန်တော်ဖန်တီးတဲ့ အနုပညာလက်ရာကို ခင်ဗျားတို့ဆီက အသိအမှတ်
ပြုခြင်းကို ရတဲ့အခါမှသာ ဂုဏ်ယူမှာဖြစ်ပါလိမ့်မယ် ဆိုတဲ့အကြောင်းပါပဲ။

လိုအပ်ခဲ့ပြီထင်လို့ မျှဝေးပေးတဲ့ ရည်ရွယ်ချက်သက်သက်မျှသာဖြစ်ပါတယ်၊ ရှေ့ကရေးဆွဲသွားတဲ့ပန်းချီကားတွေကိုမမြင်ဖူး
ကြဖူးဆိုတာ ကျွန်တော်သိပြီးသားပါ၊ ပန်းချီကားနဲ့ပဲ ဥပမာဆောင်လိုက်ရခြင်းကိုလည်း နားလည်စေလိုပါတယ် ထိုနည်းနှင်နှင်
ပင် အခြားနယ်ပယ်များတွင်လည်း ထိုကဲ့သို့ရှိနိုင်ပေတယ်လို့ ဥာဏ်စေစားပြီး သိမြင်စေလိုတဲ့ စေတနာပါကြောင်းလည်းပြောရင်း စေစားနိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်၊ ရှေ့လူတွေဘာလုပ်၊ ဘယ်လိုနေထိုင်ဆိုတာကို မေ့လျော့ခဲ့ကြပြီဖြစ်တယ်၊အတိတ်က ဘာတွေ လုပ်ခဲ့ကြတယ်ဆိုတဲ့ မြေပုံညွှန်းကိုမသိ နားမလည်လို့ အနာဂတ်ကို ဘယ်လိုသွားရမှန်းမသိရုံတင်မက ဆင်ခြင်နိုင်ဖို့ဥာဏ်ပါ ကျွန်တော်တို့  တုံး သွားတာကိုပါ မြင်နေရပါတယ်။

ဥာဏ်က (၃) ခုလိုပါတယ်။
၁-အတိတ်ကလုပ်ရပ်ဖြစ်တဲ့သမိုင်းကို ပြန်ကြည့်ရမယ့်ဥာဏ် ပေါ်ဖို့ လိုပါတယ်၊
၂-အတိတ်ကလုပ်ရပ်တွေမှာ ဘယ်သူတွေဘာလုပ်ခဲ့တယ်၊ အဖြစ်အပျက်တွေကို ချိန်ထိုးဆင်ခြင်ပြီး
    ဘာလုပ်လို့ ဘာဖြစ်တယ်ဆိုတာကို     စောကြောတတ်ဖို့ ဥာဏ်လိုပါတယ်။
၃- အတိတ်ကဖြစ်ရပ်တွေကိုဆင်ခြင်ပြီးမှ အနာဂတ်ကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ ရွေးချယ်ပြင်ဆင်ရမှာဖြစ်ပါတယ်။
လျောက်လှမ်းကြဖို့ကတော့ ကိုယ်စမ်း၊ ဥာဏ်စွမ်းရှိသမျှပေါ့။

ကျွန်တော်တို့က အခြေခံဖြစ်တဲ့ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာကို မေ့လျော့ခဲ့ကြပြီး ကိုယ့်မှာရှိတဲ့ဇာတိပုည ဂုဏ်မာနကို
အပျောက်အပျက်ခံပြီး ကျောခိုင်းခဲ့တာ မြင်ရပါပြီ၊ ကိုယ့်မှာရှိတဲ့ နှစ်ထောင်ချီတဲ့ ယဉ်ကျေးမှုပုံစံတွေကို အထင်သေးစရာလို့
မြင်ခဲ့ကြတာ အဆိုးရွားဆုံးကိစ္စပါပဲ၊ အဲဒီကစပြီး တန်ဘိုးဆိုတာကို မချင့်တွက်တတ်တဲ့အထိ အ လိုက်ကြတာမှ တက်ညီလက်ညီ
လို့ပဲ ပြောပါရစေ၊ အဲဒီကစပြီး ရုပ်ဝတ္ထုနောက်ပဲ လိုက်တတ်တော့တာလည်း တက်ညီလက်ညီလို့ပဲပြောပါရစေ။

ဘာမှထုတ်ကုန်မရှိတဲ့ နိုင်ငံတစ်နိုင်ငံက သဘာဝရင်းမြစ်ဖြစ်တဲ့ သယံဇာတနဲ့ လူသားအရင်းအမြစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းနဲ့
အနုပညာလက်ရာကိုပဲ ရောင်းစားပြီး ခေတ်ကမ္ဘာထဲကို လိုက်လာတာမြန်မာပြည်ပါ၊ ခနနေရင်မဟုတ်ဘူး အားလုံးကုန်သွားပါပြီ၊ မကြာခင် ဒီဒဏ်တွေကို ခါးသီးစွာခံစားကြရပါလိမ်မယ်၊ နိုင်ငံကသေးလို့၊ ဆင်းရဲလို့  အထင်သေးခံရတာမဟုတ်ဘူး၊ ကိုယ့်တန်ဖိုးကို ကိုယ်မေ့လျော့ပြီး ကိုယ့်ပုံ ကိုယ့်ပန်းကို ဖျောက်ပစ်ခဲ့ကြလို့ပဲ။

ကိုယ့်ပုံကိုယ့်ပန်းကို ကျွန်တော့်အနေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်နဲ့ပဲ ဥပမာပေးလိုပါတယ်။
ဆရာဦးဘကြည်ဟာ နိုင်ငံတကာ ပန်းချီရေးနည်းကို ကောင်းစွာ လေ့လာသင်ယူတတ်မြောက်ပြီး ကိုယ်တိုင်ဖန်တီးတဲ့အခါ
မြန်မာတို့ ရဲ့ နှစ်ထောင်နဲ့ ချီတဲ့ယဉ်ကျေးမှုထဲကလာတဲ့ မြန်မာ့ဟန်၊ မြန်မာ့ရနံ့၊ မြန်မာ့အငွေ့အသက်တွေ နဲ့ပဲကိုယ်ပိုင် ဖန်တီး
သွားနိုင်ခဲ့ပါတယ် ဒါ့ကြောင့်လည်း ခေတ်ကမ္ဘာက ဒါမြန်မာပဲလို့ အသိမှတ်ပြုခဲ့ကြတာ ဦးဘကြည်ကိုပါပဲ။

ဆရာဦးဘကြည်ရဲ့ပန်ချီကား မဟုတ်ပဲ တစ်ခြားသောပန်းချီကားကို ဦးဘကြည်ပန်းချီကားလို့ထင်လို့ မှားယွင်း စုဆောင်းမိတယ်
ဆိုရင်လည်း အသိလည်းနည်း၊ ဥာဏ်လည်းနည်း၊ ပညာလည်းမွဲလွန်းလို့သာ ဖြစ်မယ်လို့ပြောချင်တာက ဦးဘကြည်ရရှိခဲ့တဲ့ ကိုယ်ပိုင်ဟန်က အကြောင်းမဲ့မဟုတ်ပဲ အသိ၊ ဥာဏ်ပညာ၊ တရားဓမ္မတို့ ပါဝင်ပြီး နှိုင်းဆဓမ္မကြီးစွာနဲ့ မြန်မာတစ်ယောက်က ကျော်ခဲ့တဲ့တောင်ကို နောက်တစ်ယောက်က ကျော်ဖို့ဆိုတာ တစ်ခြားလမ်းကြောင်းကပဲ ကျော်လို့ရလိမ့်မယ်ဆိုတာကို ပြောချင်တာပဲဖြစ်ပါတယ်။

အတူမရှိအတုမရှိဆိုတာထက် နိုင်ငံရဲ့ အမျိုးသားပန်းချီဆရာအဆင့်ဆိုတာ အကြောင်းများစွာရှိပါတယ် ဆရာဦးဘကြည်ကို
ဖယ်ထုတ်ကြည့်လိုက်ရင် ကျွန်တော်တို့ ငယ်ဘဝတွေဟာ ခြောက်ခန်းသွားနိုင်ပါတယ်၊ ခင်ဗျားငယ်ငယ်ကတည်းက စခဲ့တဲ့ ညတစ်ညလသာသာက ဦးဘကြည်ရေးဆွဲပေးခဲ့တာပဲ၊ မိုးပေါ်မှာကြယ်တစ်လုံး တိမ်ဖုံးပါလို့ လမသာပုံကလည်း ဦးဘကြည်
ကပဲရေးဆွဲပေးခဲ့တာပဲ၊ ပထဝီဝင်ရော၊သမိုင်းရော မြေပုံလေးတွေထိ ဦးဘကြည်ပဲရေးဆွဲပေးခဲ့တာပဲ၊ ရွှေသွေးစာစောင်
က စိတ်ဓါတ်ကျနေတဲ့နဂါးတို့၊ ပျော်နေတဲ့နွားတို့ က ဆရာဦးဘကြည်ရဲ့ နောက်မျိုးဆက် အပေါ်ထားတာတဲ့ စေတနာက
နေပေါက်ဖွားခဲ့လို့ သာ ကျွန်တော်တို့တတွေ ( တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန္ဒာ၊ ဝိ၊ ဝေ ) ဆိုတဲ့ ဇာတ်ကြီး(၁၀)ဘွဲ့ကို
တစ်သက်လုံး မှတ်မိနေခဲ့တာပဲ၊ အလုပ်လုပ်နေသည်ဆိုတဲ့ မော်တော်ကားလေးရဲ့ ဇာတ်လမ်းဆိုရင်ဝေါဒစ္စနေကထုတ်တဲ့ ကားလေးတွေရဲ့ ကာတွန်းထက် အနှစ်(၂၀)လောက်စောပြီး ကျွန်တော်တို့က ဆရာဦးဘကြည်ရဲ့ရွှေသွေးကနေ ဖတ်ဖူးပြီးသားပဲ။ နိုင်ငံ့တာဝန်လို အရေးပါတဲ့အခန်းကဏ္ဍမှာ တာဝန်ယူတော့လည်း အမျိုးသားပြတိုက်အတွက် အမျိုးသားပိုင်အဆင့်
အတန်းအတွက် ပန်းချီကားစုဆောင်းဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ရာမှာလည်း ခင်ဗျားတို့ကျွန်တော်တို့ ဂုဏ်ယူရမယ့် ပန်းချီကားတွေ
ပဲဖြစ်ခဲ့တာ၊ ဆရာဦးဘကြည်ရဲ့တာဝန်ယူတဲ့စိတ် တည့်တည့်နဲ့ ပညာဥာဏ်ကိုသုံးပြီး ရဲရဲဆုံးဖြတ်ခဲ့တာ မဟုတ်ရင် ၁၉၄၅ ကပင် သေဆုံးသွားခဲ့တဲ့ ဦးဘဥာဏ်ရဲ့ ပန်းချီကားတွေကိုမြင်ဖူးကြရမှာတောင်မဟုတ်ပဲ အနှိုင်းအဆ အဆုံးအဖြတ်တွေလွဲချော်နိုင်ပါတယ်။
ဆရာဦးဘကြည်လျောက်ခဲ့တဲ့လမ်းက နှစ်ပေါင်းထောင်ချီပြီးလာခဲ့တဲ့ မြန်မာတို့ရဲ့ယဉ်ကျေးမှုလမ်းကြောင်း အတိုင်းပဲဖြစ်ပြီး
နီုင်ငံတကာက နည်းပညာနဲ့ ပေါင်းစပ်ကာ ခေတ်ကမ္ဘာထဲကို ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ပုံ ကိုယ့်ပန်းနဲ့ ရဲရင့်စွာဝင်ရောက်သွားနိုင်
တဲ့ တစ်ဦးတည်းသောပထမဆုံးမြန်မာဖြစ်တယ်လို့ ပြောပါရစေ။

ကျွန်တော်တို့ သွားရမယ့်လမ်းကြောင်းနဲ့ နည်းနာယူကြရမှာက ဦးဘကြည်ပါ၊ ကမ္ဘာကလက်ခံမယ့် မြန်မာတို့ရဲ့ ပုံစံက
ဦးဘကြည်ရဲ့ ပုံစံပါ၊ ပန်းချီဆရာဆိုပေမယ့် နယ်ပယ်စုံ၊ အကြောင်းအရာစုံအတွက် နမူနာယူ ကြရမှပါ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ်အဆက်ဆက်က မြန်မာတို့ရဲ့ ယဉ်ကျေးမှုပုံစံကို ဆရာဦးဘကြည်က ဆင်ခြင်နိုင်ခဲ့တော့ ဆရာရေးဆွဲ
ခဲတဲ့ ဗုဒ္ဓဝင်ထဲက ဂေါတမဗုဒ္ဓရဲ့ ဟန်တွေက ဘုရားဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံပြီး သူ့စာမျက်နှာတွေထဲမှာကိုသူ့ဘုရားပုံလေးတွေက သီးသန့်ဖြစ်နေခဲ့ပြီး တစ်နိုင်ငံလုံးမှာ ဗုဒ္ဓဝင်ဆိုတာနဲ့ ဆရာဦးဘကြည်ရဲ့ လွှမ်းမိုးမှုကို ကျော်လို့ မရကြတော့ဖူး
မဟုတ်လား။

ကြည့်ကြည့်ရအောင်ပါ မျှားအစွမ်းပြနေတဲ့ သိဒ္ဒိတ္ထမင်းသားရဲ့နောက်က နန်းတော်ဆောင်များနဲ့ ဓါတ်တော် များဝေငှနေသော
ဒေါဏပုဏ္ဏားရဲ့  ဓါတ်တော်များထည့်ထားတဲ့  ဓါတ်တော်ကြူတ်တို့ကို ယွန်းပန်းချီတွင်ရေးဆွဲသော အရသာများပါဝင်အောင် ပုဂံခေတ်ကို ထိခိုက် ရေးဆွဲသွားသည်မှစပြီး ကုန်းဘောင်ခေတ်ရဲ့  နောက်ဆုံးမီးလျှံကြီးလို့ ခေါ်ဆိုထိုက်တဲ့ စလေရုပ်စုံကျောင်း
ထိ တိုင်အောင် ဆရာဦးဘကြည် ထိခိုက်ဖြတ်သန်းသွားပါတယ်၊

ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး စလေရုပ်စုံကျောင်း
ဇာတ်ရုပ်နံပါတ်စဉ် (၈) မှာရှိတဲ့ (၅၅၀) ပဏ္ဍာသ နိပါတ်က ဥမ္မာဒန္တီဇာတ်ကို စလေဆရာ ထုလုပ်ထားပုံက ကကြိုးတန်ဆာနဲ့ ဆင်ပေါ်မှာ သိဝိမင်းကြီးက ညာခြေပေါ်မှာ ညာလက်ထောက်၊ ဘယ်လက်က ပါးကိုထောက်ပြီး ဘေးကဆင်ဦးစီးကပါ ဆင်ဦးကင်းပေါ်မှာ လက်နှစ်ဘက်ကိုပူး ဆေးလိပ်ကိုညှပ်လျက်၊ ခန္ဓာကိုယ်ကို ကိုင်းချပြီး သူပါလိုက်မျောနေပုံနဲ့
ပို့ဆောင်ထားပါတယ်၊ အဲဒီလိုခန္တာကိုယ်တစ်ခုလုံးငေးနေတဲ့ ဆင်ထိန်းနဲ့ သိဝိမင်းတို့ရဲ့ မျက်နှာအကြည့်တွေကဒီပန်းပုရုပ်လုံးတွေ ကို ရပ်ကြည့်မယ့် လူတွေရဲ့နေရာလောက်မှာရှိတဲ့ ဥမ္မာဒန္တီဆီကို ပို့ထားတဲ့ ဒါရိုက်ရှင်တွေက အဲဒီဇာတ်ကွက်တွေကိုကြည့်နေတဲ့ ကိုယ်တိုင်ပါ ယောင်ယမ်းပြီး ကိုယ့်ဘေးမှာ ဥမ္မာဒန္တီများရှိနေရော့သလား ရှာကြည့်မိမှာအမှန်ပဲ၊

ဆင်ပေါ်မှာ မျက်နှာဖွင့်အမြင် အနေအထားမှာ ဘုရင်ရော၊ဆင်ဦးစီးရောပါမြင်ရအောင် ဖွဲ့ စည်းတည်ဆောက်ထုလုပ်ထားပုံက အချိုးအစားကျနလွန်းလှပြီး ဆင်ပေါ်ကလူနှစ်ယောက်ကို ရှေ့နောက်ထပ်ထားတာမဟုတ်ပဲ ယိမ်းပြီးထုလုပ်ထားတာဖြစ်တယ်၊ အံ့သြလို့ နောက်ကနေဝင်ပြီးကြည့်မှ ဆင်ပေါ်မှာ နောက်ထပ်ထီးမိုးတဲ့ သူငယ်တစ်ယောက်ပါနေသေးတယ်၊
ဆင်ထိမ်းတဲ့ကြိုးနဲ့ ခါးကိုသိုင်းထားပြီး ဆင်ရဲ့ တင်ပါးပေါ်က နောက်ဆုံးအပိုင်းမှာ ခပ်လျောလျောအနေအထားနဲ့ ဘုရင်ကို ထီးမိုးပေးထားတဲ့ ထီးတော်မိုးလေးဖြစ်တယ်။

ထီးတော်မိုး အပါအ၀င် လူ(၃)ယောက်ကို အချိုးအစားမျှတအောင်တင်ပြီး ထုလုပ်သွားပုံက
သစ်သားတုံးကိုကြည့်ပြီး စိတ်ကူးထဲကနေ ခံစားဆုံးဖြတ်ကာ အနှုတ်ဖြစ်တဲ့ သစ်သားပန်းပုထဲမှာ တင်ပြပုံ၊
အချိုးအစားကျနမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတို့မှာ ထိပ်တန်းလက်ရာဖြစ်ကြောင်း သက်သေခံနေပါတယ်၊
သိဝိမင်းကို ညာဖက် ခပ်ယိမ်းယိမ်း၊ ဆင်ဦးစီးကို ဘယ်ဖက်ခပ်ယိမ်းယိမ်းကနေ ထုလုပ်ပြီး ဥမ္မာဒန္တီကို အာရုံစိုက်မှုအတွက် ဦးတည်ထားချက်က အတူတူကျအောင် ထုလုပ်ထားခြင်းဖြစ်ပါတယ်။
ဆင်ရဲ့နောက်ပိုင်းက ဘုရင်ကိုထီးမိုးပေးနေတဲ့ ထီးတော်မိုးက ခန္ဓာကိုယ်ကို ခါးထိန်းကြိုးနဲ့ သိုင်းထားပြီး ကျောနောက်ကနေ ထီးတိုင်ရဲ့ဖင်ကို ညာလက်နှင့် ထိန်းထားလျက်က ခန္ဓာကိုယ်ရောစိတ်ကပါ မိုးနေတဲ့ ထီးဆီကို အာရုံပို့ထားပါတယ်၊

အမှန်တော့ ထီးတော်မိုးလေးကို အလွယ်မြင်နိုင်ပေမယ့် ကျော်သွားကြမှာကလည်း အသေအချာပါပဲ၊
ပန်းပုရုပ်ကို တတ်ဆင်ထားတဲ့ နေရာကိုပါတွက်ပြီး ထုလုပ်ထားတာ ထောင့်ကွေးလေးထဲကိုရောက်နေတဲ့ ဆင်ရဲ့အမြီးပိုင်းမှာပါ၊ ထီတော်မိုးကို ခါးကနေ ဆင်သိုင်းကြိုးနဲ့ သိုင်းထားပြီး ထီးရိုးကို ကျောရဲ့နောက်မှထားကာ ညာဖက်လက်က လက်နောက်ပြန် အနေအထားနဲ့ ထီးကိုထိမ်းထားပေးရင်း ဘယ်ဖက်လက်ကစလို့  ဒါရိုက်ရှင်ကို ထီးရိုးအတိုင်း ထီးရွက်ဆီသို့ အကြည့်ရော အာရုံပါပို့ဆောင် ထားပုံက သူ့တစ်ယောက်ထဲ ကြည့်မယ်ဆိုရင် ယောင်ယောင်ရမ်းရမ်းနဲ့ ညာလက်ကို ကျောနောက်ကိုပို့ပြီး ခန္တာကိုယ်ကို ယို့ကြိုးကာ ၄၅ဒီဂရီအစောင်းလောက်ဆီကို ကိုယ်တိုင် ဒါရိုက်ရှင်ရောက်သွားဦး
မှာမည်သူမျှမလွဲနိုင်ပါ၊

အဲဒါမြန်မာတို့ ရဲ့ ထင်ရှားပိုင်နိုင်လှတဲ့ ပန်းပုရုပ်တွေမှာ အကြည့်ဦးတည်ချက်ကို ဗဟိုဟန်ချက်ယူပြီး ဖန်တီးလေ့ရှိတဲ့ သဘာဝပဲဖြစ်ပါတယ်၊မြန်မာတို့ ရဲ့ နည်းဟန်နဲ့ စနစ်တွေဟာ သီးခြားကိုယ်ပိုင်ဟန်ရှိခဲ့ကြပါတယ်၊ ဥပမာ ဘုရားဆင်းတုရုပ်ပွားများအတွက် ပန်းပု၊ ပန်းတော့ဆိုင်ရာတွေမှာ မိသားစုအလိုက်၊ မျိုးနွယ်စုအလိုက်ထားခဲ့ကြတဲ့ စနစ်တွေ
ရှိရာမှာ ဆယ်ဆံချည်၊တစ်နှမ်းစေ့၊ ဆယ်နှမ်းစေ့ တစ်ရွေးစေ့လို့ဆိုတဲ့ အတိုင်းအတာကို ဒီအတိုင်းရွတ်ဖတ်နေလို့ရှိရင်
ခေတ်ကမ္ဘာက ရယ်နေမှာပေါ့လို့ ဆိုပါလိမ့်မယ်။အဲဒါတွေက တစ်ကယ်လက်တွေ့ မလုပ်ဖူးတဲ့သူတွေအတွက် ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တော့ပါ၊ လက်တွေ့လုပ်ကိုင်မှသာ အသက် ဝင်မယ့် စနစ်တွေဖြစ်နေလို့ပါပဲ။

လုပ်ကိုင်နေရင်းမှသာ အော် ဘယ်ဆယ်နှမ်းစေ့ဆိုတာသိပဟဲ့၊
ဘယ်အချိန်မှာ ဆယ်နှမ်းစေ့ပြည့်ပြီး ရွေးစေ့တစ်စေ့စာဖြစ်သွားတာပဲ လို့ ဆောက်ကိုကိုင်ရင်း ကိုယ့်သစ်သားတုံးထဲက သစ်သားစလေးလွင့်သွားတာ မြင်ရခိုက်မှာ အနှုတ်ရဲ့သဘောကိုဆင်ခြင်မိလိုက်တဲ့ သကာလမှာသော်လည်းကောင်း၊
သံလျက်ကလေးဆကာ ဆကာ ထုံး၊သဲ၊ ဥသျှစ်ဖျော်ထားတဲ့ မဆလာဖတ်လေးကို ဘတ်ကနဲကပ်ထည့်လိုက်ပြီး
ရုပ်ပွားတော်ရဲ့ ရင်ဘတ် မောက်တက်လာတာကိုမြင်ရခိုက် အပေါင်းရဲ့သဘောကို ဆင်ခြင်မိလိုက်တဲ့
သမယမှာ သော်လည်းကောင်း ဆယ်နှမ်းစေ့ ပမာဏဟာ ဘယ်လိုဆိုဒ်နဲ့ ဘယ်လိုရွေးစေ့ ပုံစံတစ်စေ့စာ ပြည့်ခဲ့ပြီလို့
နည်းပညာရော အတတ်ပညာကို၊အနုပညာနဲ့ပေါင်းပြီး တစ်ပြိုင်နက်ထဲ နှလုံးသားကိုပါအသိပေးခဲ့လို့
ပုဂံတစ်ခေတ်လုံးက ရုပ်ပွားတော်တွေရဲ့နှုတ်ခမ်း၊ မျက်ခုံး၊ လက်ဖျားလေးတွေ ကော့ညွှတ်ခဲ့ရပြီး
ပြည့်ဝတဲ့ကြာပန်းတွေက ငန့်လင့်စွာ ပွင့်ဖူးခဲ့ကြခြင်းဟာ နောက်ဆုံးမင်းနေပြည်တော်ရဲ့ ခေတ်ရောက်သည်ထိ
ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံခေတ်က ပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းတော်နဲ့ ရင်ဘတ်တော်ကိုဖိဟန်ရောက်ရုံလေး
တင်ထားတဲ့ လက်တော်အဘယမုဒြာနဲ့ အင်္ဂတေရုပ်ပွားတော်က အခုပဲသောကတွေငြှိမ်းပေးတော့မလို၊
သင်္ကန်းစလေး လေတိုးလို့ လှုပ်နေသယောင်လှိုင်းကလေးများနဲ့ ရပ်တော်မူစကျင်ကိုယ်တော်လေးက
အခုပဲ ကိုယ့်အပါး နှစ်လမ်း သုံးဖုဝါးနဲ့ ကြွမြန်းလာပြီး တရားရေအေးတိုက်ကျွေးတော့မယောင်၊
မင်းကွန်းမြသိန်းတန်စေတီက ရေလှိုင်းတွေက တကယ်ပဲ သီတာခုနစ်တန်စီးဆင်းနေသလိုပါပဲ တွေထိတိုင်ခဲ့တာဟာ
မြန်မာတို့ ရဲ့ ကိုယ်ပိုင်ဟန်နဲ့ လျောက်လှမ်းခဲ့ကြတဲ့ လမ်းပါ။

အဲဒီနောက်
- ၁၈၈၂ ခုနှစ်မှာစတင်တည်ဆောက်ပြီး ၁၈၈၅ ပါတော်မူပြီး ခေတ်ဆိုးခေတ်ပျက်ထဲမှာ ဆရာ၊ဒကာ၊ သာသနာ အတွဲက
တောင့်ခံကာ နောက် ရှစ်နှစ်အကြာမှာ ပန်းပုရုပ်လုံးတွေတတ်ဆင်နိုင်ခဲ့ပြီး ရေစက်ချနိုင်ခဲ့တဲ့ ရတနာပုံခေတ်ထွက်သက်ထဲက အလွန်တရာ ထွန်းလင်းတောက်ပပါသော နောက်ဆုံးမီးလျံကြီးလို့ တင်စားလိုတဲ့ စလေရုပ်စုံကျောင်း၊
စလေရုပ်စုံကျောင်းနောက် (၁၀) နှစ်အကြာ ပခုက္ကူရွှေဂူကြီးဘုရားတံကဲတော်ကြီး ထုလုပ်ခဲ့တဲ့ ဆရာကံကြီးနဲ့ မောင်တေတို့ သစ်သားတစ်တုံးထဲမှာ ပန်း(၈)ထပ်နဲ့ ထုလုပ်ခဲ့ကြတာအထိ ၁၂လက်မ ၁ပေနည်းနဲ့ သွားခဲ့ကြတာမဟုတ်ပဲ
မြန်မာ့နည်းမြန်မာ့ဟန်နဲ့ အစူအစဉ်အတိုင်းလျောက်လှမ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလိုလျောက်လှမ်းခဲ့ကြပြီး လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ဆိုတဲ့နည်းနဲ့ လာခဲ့ကြတဲ့ မြန်မာတွေရဲ့ ပုံစံထဲက
နောက်ဆုံးတောက်ခဲ့ တဲ့မီးလျံကြီးဖြစ်တဲ့ စလေရုပ်စုံကျောင်းဟာ
ပါတော်မူခြင်းဆိုတဲ့ ကာလမှာ စိတ်အခြေနေကောင်းစွာနဲ့ ဆယ်နှစ်ကြာတောင့်ခံပြီး တည်ဆောက်ခဲ့တဲ့အပြင်
မင်းတုန်းမင်းနဲ့ စိန်တုံးမိဘုရားတို့က ကျောင်းဆောက်လုပ်လှုဒါန်းခဲ့တဲ့ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်
တို့ နဲ့ ပြည့်စုံတဲ့ သုဓမ္မာဂိုဏ်းထောက် ဆရာတော်ဦးဂုဏကို အင်္ဂလိပ်မြို့ပြ အုပ်ချုပ်ရေးအစမှာ ဆရာတော်
တောရဆောက်တည်တဲ့ အနီးမှာဖြစ်ပွားတဲ့ မုဒိန်းမှုတစ်ခုမှာ သက်ဆိုင်ခြင်းအလျငိးမရှိပါပဲ သက်သေအဖြစ်
ဆင့်ခေါ်စစ်ခဲ့ရာ တစ်နယ်လုံး တုန်လှုပ်ခြောက်ချားခဲ့ရပြီး အမှုစစ်ဆေးပြီးတဲ့ညမှာပဲ ဆရာတော်ဦးဂုဏဟာ
တပည့်ဒကာများနဲ့ စလေတစ်နယ်လုံးအပါအဝင် လက်စမသတ်ရသေးတဲ့ကျောင်းတော်ကြီးကိုပါ စွန့်ခွာပြီး
ထွက်ခွာသွားပါတော့တယ်၊ ဒီကာလ၊ ဒေသ၊ ပယောဂနောက်ခံက ကျောင်းတော်ကြီးကို ရိုက်ခတ်ပါလိမ့်မယ်၊ဒါ့ကြောင့် နောက်ဆုံး လက်စသတ်ပြီး ပန်းပုရုပ်များကိုတတ်ဆင်တဲ့ ပန်းပုပညာရှင်ဟာ မနိုင်၍ခံရသော တစ်ပါးကျွန်လက်အောက်ဘဝမှာ စလေရုပ်စုံကျောင်းတော်ကြီးကို အပြီးသတ်ပန်းပုရုပ်များတတ်ဆင်ပြီး
ဒါမြန်မာပဲလို့  စလေဆရာ ထွန်းညှိလိုက်တဲ့ မီးတောက်မီးလျံကြီးလို့ပဲ ကျွန်တော်သတ်မှတ်ပါတယ်။
နည်းပညာရော၊ အနုပညာပါ လက်ကုန်ဖွင့်လို့ စိတ်အခြေအနေကို ကောင်းစွာဆောက်တည်ဆောက်ပြီး နှလုံးသားပါထည့်သွင်း
ပြီးထုလုပ်ခဲ့တယ်ဆိုတာ စလေရုပ်စုံကျောင်းတော်ကြီးကို မြင်ရတဲ့အခိုက်မှာ အားလုံးနားလည်ပါလိမ့်မယ်၊ အဲဒီရုပ်စုံတွေထဲက စောစောကပြောခဲ့တဲ့ ဥမ္မာဒန္တီ ဇာတ်ရုပ်က ထီးတော်မိုးလေးရဲ့ ထီးကိုင်ပုံဟန်ကို ခေတ်အဆက်ဆက်
မြန်မာမှုနယ်ပယ်မှာ ဘယ်မှာမှမတွေ့ဖူးပါ၊ အရုပ်တွေရဲ့ အကြည့်ဦးတည်ချက်နဲ့ ဟန်ချက်ကို ထိမ်းပြီး ထုလုပ်သွားတဲ့ စလေဆရာက ဟန်ချက်ဗဟိုကိုရှာပြီးမှ ထုလုပ်ရာမှာ ထိပ်တန်းပညာရှင်ပါ၊ ဆင်ရုပ်ရဲ့ ခန္တာကိုယ်ဟာ ဘယ်လိုနည်းနဲ့မှ လူ(၃)ယောက်ကိုတင်ပြီးထုလုပ်လို့ မဖြစ်နိုင်တဲ့ အနေအထားပါ၊ ဘုရင်၊ ဆင်ဦးစီး၊ ထီးတော်မိုးတို့ကို ကြိုက်တဲ့ ရှုထောင့်ကကြည့်ပါ ဆင်ပေါ်မှာ အချိုးညီမျှတစွာ ရှိနေတာကိုတွေ့ ရပါလိမ့်မယ်၊ ဒါပေမယ့် တစ်ဦးချင်းဆီဟာ ဆင်ရဲ့ခန္တာကိုယ်ပေါ်ကနေ ယိမ်းခွာပြီးထုလုပ်ထားခြင်း ဖြစ်နေပါတယ်၊ ထီးတော်မိုးရဲ့လက်ကို နောက်ပစ်ပြီး ထီးရိုးကိုကိုင်ထားတဲ့ဟန်က အဲဒီလိုဖွဲ့စည်းတည်ဆောက်ဖို့နေရာရှာ ဟန်ချက်ရှာ ရကနေ ပေါက်ဖွားရရှိလာတဲ့ စလေဆရာရဲ့ကိုယ်ပိုင်ဟန်ပဲ ဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိတော့ပါ၊ လွန်ကျူးစွာ အကဲဖြတ်ရပါမူ ရှေ့ကဖြစ်ပျက်နေတဲ့ ဥမ္မာဒန္တီနဲ့သိဝိမင်းကြီးသာမက၊ စလေရုပ်စုံအားလုံးသာမက၁၈၉၂ ပတ်ဝန်းကျင်အဖြစ် အပျက်အားလုံးကိုပါ မသက်ဆိုင် မသိမမြင်တော့ပဲ ထီးရွက် ဗဟိုချက်ဆီတစ်ခုကိုပဲ အာရုံပို့လွှတ်ထားတဲ့ စလေရုပ်စုံကျောင်းရဲ့ ပန်းပုဆရာကိုယ်တိုင် ပါပဲလို့ ပြောပါမယ်။

ဟုတ်ပါပြီ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်အဆက်ဆက်မှာ မတွေ့ ရှိခဲ့တဲ့ လက်ကိုနောက်ပစ်ပြီး ထီးရိုးကို
ကျောပေါ်ကနေကျော်ကာ ထီးမိုးတဲ့ဟန်ကို စလေဆရာက ကုန်းဘောင်နောက်ဆုံးအချိန်မှာ ထုလုပ်ခဲ့ပြီး နှစ်တစ်ရာကျော်ကြာ
တဲ့အခါ ရုပ်စုံကျောင်းထောင့်ကွေးက သိဝိမင်းဆင်တင်ပါး အောက်ကိုလျောကြကာစ နေရာလေးမှာ ခါးကိုကြိုးသိုင်းထားပြီး
ဘယ်သူ့ကိုမှမကြည့်တဲ့ ထီးတော်မိုးလေးကို ဆရာဦးဘကြည်တွေ့ သွားပါပြီ။
အဲဒါကျွန်တော်တို့ အတွက် ဆရာဦးဘကြည် ပြပေးခဲ့တဲ့ လမ်းပဲဖြစ်ပါတော့တယ်။

၁၉၅၁ခုနှစ်ရက်စွဲထိုးလို့ ဆရာရေးဆွဲခဲ့တဲ့ ဗုဒ္ဓဝင်ရောင်စုံစာအုပ်အတွက် ဆရာတော် ရှင်ဇနကာဘိဝံသရဲ့ စကားပြေကိုကြည့်ပါ၊

(ထိုအချိန်မှာ ဥယျာဉ်တစ်ခုလုံး၌ အင်ကြင်းပန်းတွေ ပွင့်နေသဖြင့် အလွန်သာယာပေသည်၊ မယ်တော်မာယာသည်
အင်ကြင်းကိုင်းကို လက်တော်ဖြင့် လှမ်းလိုက်တုံးမှာ ဝမ်းတော်လှုပ်လာသောကြောင့် အဝတ်အကာအရံကို ကာရံစေကာ မတ်တတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်စေလေသည်၊ ထိုအခါဗြမ္မာမင်းများက ရွှေဇာတဘက်ဖြင့်ခံယူ၍ မယ်တော်ရှေ့၌ပြကာ ဘုန်းတန်ခိုးရှိသော သားရတနာ ဖွားမြင်ပါပြီ ဟုပြောဆိုကြလေသည်။) တဲ့

ဆရာဦးဘကြည် ဖွားတော်မူခန်းအတွက် ရေးဆွဲပေးခဲ့တဲ့ပုံကိုကြည့်ပါ၊
ပေါ်ပေါက်ခဲ့သမျှသော ခေတ်အဆက်ဆက်၊ ဗုဒ္ဓဘာသာနိုင်ငံအဆက်ဆက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဆက်ဆက်
ဆရာဦးဘကြည်ရဲ့ ဖွားတော်မူခန်းကိုရေးဆွဲခဲ့သလိုမျိုး ခေတ်နဲ့ အညီမြင်တွေ့ကြရမှာမဟုတ်ပါဘူး
ဖွားတော်မူကာစ ဘေဘီဗုဒ္ဓကို ၁၉၅၁ ခုနှစ်သက္ကရာဇ်မှာ ပုဝါစလေးက အဲဒီနားကျမှကွေ့ဝိုက်သွားပြီး လက်ညှိုး
လေးထောင်နေတဲ့ သိဒ္ဒတ္ထအလောင်းအလျာလေးကို အင်ကြင်းပင်၊အင်ကြင်းကိုင်း၊ အင်ကြင်းရွက်၊ အင်ကြင်းပွင့်တို့က
ကိုင်းညွှတ်ခစားနေကြတဲ့ ပုံမှာ ထီးမိုးပေးထားတဲ့ ဗြမ္မာမင်းများက ရွှေရောင်တစ်ပါး၊ ငွေရောင်တစ်ပါး မှာ
ငွေရောင်ဗြမ္မာရဲ့ ထီးမိုးပုံကိုကြည့်ပါ၊ ပေါ့ပါးသွက်လက်တဲ့ ဆရာဦးဘကြည်ရဲ့ ကိုယ်ပိုင်လိုင်းတွေကို ခေတ်ကမ္ဘာက
လက်ခံတဲ့ အနောက်တိုင်းအကဲဒမစ်ရေးဆွဲနည်းဖြစ်တဲ့ နီးဝေးမြင်စနစ်ကို ထည့်သွင်းပြီး မြန်မာတို့ တစ်သက်လုံး နှလုံးသားဖြင့်လျောက်လှမ်းခဲ့သော၊ ဧရာဝတီမြစ်ကမ်းပါးကလာခဲ့သော၊ လမ်းရိုးဟောင်းကို ဆင့်ကာထွင်ပြီး
စလေရုပ်စုံကျောင်းမှာ နောက်ဆုံးတောက်ခဲ့တဲ့ ရတနာပုံခေတ်နိဂုံးက ထီးတော်မိုးလေးရဲ့ ဟန်ကို ထိခိုက်ပြီး မွေးဖွားစ ဗုဒ္ဓအလောင်းအလျာလေးကို ထီးမိုးပေးနေတဲ့ ငွေရောင်နတ်သားရဲ့လက်ထဲကို ထီးရိုးလေးထည့်ပေးပြီး ဆင့်ကာ
တက်လိုက်တဲ့ ဆရာဦးဘကြည်ဟာ Inspiration ဆိုတဲ့ ဖန်တီးမှုစွမ်းရည်ကို စေ့ဆော်ခံရတဲ့ အခြေအနေပေါ်
ပေါက်လာခဲ့တဲ့အခါ၊ Inspiration ကိုရပြီဆိုတော့ ကြီးမားလှတဲ့ အတွေ့အကြုံကအခြေခံလာတဲ့ Intuition ဆိုတဲ့
အလိုလို ထိုးထွင်းသိမြင်မှုအတွေးက ဖျတ်ကနဲလင်းလက်တောက်ပသွားခဲ့ပြီ ဆိုတော့ ဥာဏ်၊ ပညာ၊ တရားဓမ္မတို့နဲ့
တည်ဆောက်ထားတဲ့ မြန်မာပန်းချီကျော်ဆရာဦးဘကြည်ရဲ့နှလုံးသားကလည်း လှခဲ့သူဖြစ်ခဲ့ရကား  Creation ဆိုတဲ့
ကိုယ်တိုင် ဖန်ဆင်းခြင်းဆိုတဲ့ အနုပညာနဲ့ Artistic လို့ ခေါ်တဲ့  အနုပညာမြောက်တဲ့ ဖွားတော်မူခန်းပန်းချီကားနဲ့ အတူ ရောင်စုံဗုဒ္ဓဝင်ပန်းချီကားများ ရေးဆွဲချန်ထားရစ်ခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ ပုံသဏ္ဍာန်အတိုင်း ဗုဒ္ဓဝင်ဆိုင်ရာ အနုပညာလက်ရာများ ချန်ထားရစ်ခဲ့ကြလေရာ ကျွန်တော်တို့ ခေတ်အတွက် ဆရာဦးဘကြည်ကဖြည့်ဆီးပေးခဲ့ပါပြီ၊တစ်ဖက်ကလည်း မြန်မာရနံ့ပါသော မြန်မာတို့ ၏ကိုယ်ပိုင်ဟန်ကို ခေတ်ကမ္ဘာကလက်ခံမြင်တွေ့ကြရပြီြး မန်မာပန်းချီဆရာဟု ကိုယ်ပိုင်ပုံစံ နဲ့ ဦးဘကြည်ဟာ နယ်နိမိတ်စည်းများကို ကျော်လွန်ဖြတ်သန်းပြီး ကမ္ဘာ့စာမျက်နှာမှာ  မြန်မာဟု
ပထမဦးဆုံးနှင့် တစ်ဦးတည်းသာရှိသေးသော မြန်မာ့ဟန်ဖြင့် ရဲရင့်စွာဝင်ရောက်သွားခဲ့သူ ဖြစ်ခဲ့ပါပြီ။

ဆရာဦးဘကြည်ရဲ့ အနုပညာလက်ရာများကို ကျွန်တော့်အနေဖြင့် အကဲဖြတ်ရန်မသင့်သလို၊အကဲဖြတ်ရန်လည်းမဝံ့ပါ၊ သို့သော် ပြောရေးရှိအပ်ပြီ ထင်ပါသောကြောင့် ဆရာဦးဘကြည်ပြခဲ့သော လမ်းကို လမ်းပျောက်နေသော ကျွန်တော်တို့ 
အတွက် တတ်စွမ်းသမျှ ဝင်ရောက်ရှာဖွေပေးခြင်းမျှသာ။.             ။
ဆရာဦးဘကြည်ကို ကျွန်တော် တစ်ကြိမ်သာ ကျွန်တော့်ကို အင်တာဗျူးမေးသူအဖြစ် နဘူးတွေ့၊ ဒူးတွေ့ ကြုံဖူးပါတယ်၊ သို့သော်ဆရာဦးဘကြည်က ကျွန်တော်တို့ ငယ်ဘဝများကို ရွှေသွေးစာစောင် အပြင် ကျောင်းသင်္ခန်း စာများကို အလွယ်တကူ
စိတ်ဝင်စားဖို့ သရုပ်ဖော်ပေးခဲ့တယ်၊မြန်မာများဂုဏ်ယူစရာပန်းချီကားတွေကို အမျိုးသားရတနာစာရင်းအတွက် စုဆောင်းပေးခဲ့တယ် ၊နောက်မျိုးဆက်များစွာ ပန်းချီဆရာများမွေးထုတ်ပေးခဲ့တဲ့အပြင် တပည့်ဖြစ်သူ ဦးအောင်စိုးကို ရာဘင်ဒြာနတ်တဂိုးရဲ့ သျှန်တိနိကေတန်အနုပညာကျောင်းကို စေလွှတ်ပေးခဲ့ခြင်းဟာ နိုင်ငံ့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကိုဖြစ်ပေါ်စေခဲ့ပါတယ်၊ အဲဒီလိုများစွာ များ အနန္တပါလို့ လည်းပြောချင်ပါတယ်၊ကျွန်တော့်အတွက်တော့ ဆရာဦးဘကြည်ရဲ့ တပည့်ပန်းချီဆရာတစ်ဦးပြောတဲ့ ဆရာကတို့လို မဟုတ်ဖူး ငှက်ပျောသီးစားတာတောင်
တစ်ကိုက်စာခြင်းပဲ အခွံနွှာပြီးစားတာ ဒို့လို အဆုံးထိ ဗြန်းကနဲခွာချလိုက်တာ မဟုတ်ဖူးဆိုတာနဲ့ တင်လုံလောက်ပါပြီ။


ပန်းချီကားများကိုပြမှသာ အနှိုင်းအဆကို ချင့်တွက်နိုင်ကြမည်ဖြစ်သောကြောင့်
ထိမ်းသိမ်းစောင့်ရှောက်ရန်နှင့် တာဝန်ယူကြရန်အတွက်မှာ
အမျိုးသားပြတိုက်မှ ပန်းချီကားပုံများမှာ ဆရာဦဘကြည်က ဦးဆောင်ပြီး အမျိုးသားရတနာအဖြစ်ကျွန်တော်တို့ အတွက်
ရွေးချယ်ပေးခဲ့သော ပန်းချီကားတို့ ၏ ဓါတ်ပုံများဖြစ်ပါသဖြင့် ကိုယ်တိုင်မှစပြီး တန်ဖိုးထားပေးကြပါရန်နှင့်၊
ပုဂ္ဂလိကပိုင်များမှာလည်း ကျွန်တော့်ရည်ရွယ်ချက်ကို နားလည်၍သာ အသုံးပြုခွင့်ပေးခြင်းဖြစ်ပေသည် ဟုနားလည်ပါရန်နှင့် စုဆောင်းထားသူတို့ ၏ကျေးဇူးကြောင့်သာ ထိုင်ရာမထ မြင်ခွင့်ရကြပေသည်ဟု စုဆောင်းသူတို့ ၏ပညာဂုဏ်၊ သမာဓိဂုဏ်၊ သီလဂုဏ်တို့ ကို ဆင်ခြင်နှလုံးသွင်းပြီး သာဓုခေါ်ကြရန်သာ တိုက်တွန်းလိုပါကြောင်းနှင့်ဒီနေ့ ၊ ဒီအချိန် ၊ ဒီအခါတွင် အရေးတကြီး လိုအပ်နေပါသော မြန်မာတို့၏ပုံစံကို
ဆရာဦးဘကြည်ပြခဲ့သောလမ်းမှ အဖြေရပြီး ကောင်းစွာ ဆောက်တည် လျောက်လမ်းနိုင်ကြပြီး
နောက်မျိုးဆက် အတွက်ဖြည့်တင်းနိုင်သမျှ ဖြည့်တင်းနိုင်ကြပါစေဟု ဆုတောင်းလျက်။

( ဒီဇိုင်း- မျိုးဆွေသန်း )
အခုညနေ ၈း၅၀ တွင် စာပြီးသည်။

No comments:

Post a Comment