***အဝေးကို လှမ်းမြင်ရတဲ့ ဝတ်မှုန်***
=============================
မိုးရိပ်မိုးငွေ့များ ကြားမှပင် ညဉ့်နက်ခြင်းကို ညစဉ်လိုလို
သူပျော်မွေ့နေတတ်သည်။ သည်ညလည်း အိမ်ပြန်ရောက်တော့ ညဉ့် (၁၁) နာရီပင်
ထိုးပြီးခဲ့လေပြီ။ လွယ်အိတ်ထဲမှ သော့တွဲကို ခပ်ဖွဖွစမ်း၍ အိမ်ခန်းတံခါးကို
သူ ဖွင့်သည်။ ခပ်လှမ်းလှမ်း လမ်းဒေါင့် လျှပ်စစ်မီးတိုင်ကား ဝိညာဉ်
ကင်းမဲ့စွာဖြင့် အမှောင်ကို ပံ့ပိုးနေဆဲပင်။ အိမ်ရှေ့
သစ်ပင်ရိပ်တို့ကြောင့် သိပ်သည်းဆဲ အမှောင်ထဲတွင် လွဲချော်နေသော သော့တံနှင့်
သော့ပေါက်အတွက် အသံထွက်အောင် တက်တစ်ချက်ပင် သူ ခေါက်လိုက်ချင်သေးသည်။
သို့သော် သူ့ရင်ထဲမှ သိုသိပ်လိုစိတ်က အလှတရားဘက်သို့ သူ့ကို
တွန်းပို့လိုက်သည် ထင်ပါသည်။ ဒေါသကို သူ မြိုချနိုင်ခဲ့သည်။
ခဏမျှ
အကြာတွင် တံခါး ပွင့်သွားသည်။ ခပ်ဖွဖွ နင်းလျှက် မီးခလုတ်များ ရှိရာ
အိမ်တိုင်ဆီသို့ လက်ကို မှန်းဆလိုက်သည်။ ခလုတ် ဖွင့်သည်။ မီးမလင်း။
အင်္ကျီအိတ်ထဲမှ မီးခြစ်ကို နှိုက်ယူရ ပြန်သည်။ ပြီးတော့ သူထားနေကျ နေရာမှ
ဖယောင်းတိုင် တစ်တိုင်ကို ဆွဲယူလိုက်သည်။ ခဏမျှပါပဲ။ ဆင်ခြေဖုံး ရပ်ကွက်ငယ်
တစ်ခုအတွင်း ဖြစ်တည်နေဆဲ သူ့အိမ်ခန်းကျဉ်းကလေးမှာ အလင်းရောင်
ဝါကျင့်ကျင့်တို့ ဖြာထွက်လာခဲ့ရသည်။
“သမီးလေးရေ သမီးလေး”
သူ့သမီးလေးကို သူ တိုးတိုး ခေါ်လိုက်သည်။ သူ့အသံကို ကြားမှ ကြောက်စိတ်တွေ
လွင့်ပါးကာ၊ သနားဖွယ်ရာ ပြေးထွက်လာသော သမီးလေးကို သူဆီးကြို၍ ပွေ့လိုက်သည်။
တကယ့် သနားဖွယ်ရာ သမီးလေး အစစ်ပါပဲ။ သမီးလေးကို ပွေ့ပိုက်ရင်း သမီးလေး၏
ခန္ဓာကိုယ်ပေါ်မှ အမွေးအမြှင် နုနုများကို သူ ပွတ်သပ် ချစ်ခင်ယုယ နေမိသည်။
ဆာရှာပေရောပေါ့။ ခွင့်လွှတ်ပါ သမီးလေးရေ။ မီးဖိုချောင် ဘက်သို့ သမီးလေးကို
ပွေ့ကာ သူခေါ်လာခဲ့သည်။ လက်တစ်ဖက်က ဖယောင်းတိုင် ကိုင်ထားရသေးသည်။
သမီးလေးကို ကြမ်းပြင်မှ ညင်သာစွာ ချထားသည်။ ဖယောင်းတိုင်ကို
လျှပ်စစ်မီးဖိုနံဘေး အုတ်နီခဲပေါ်တွင် တည့်မတ်အောင် ထွန်းထားရသည်။
ကြောင်အိမ်ပေါ်မှ ပုစွန်ခြောက် ပုလင်းကိုဖွင့်၊ ပုစွန်ခြောက်ကို
ကြေညက်အောင်ဝါး၊ မနက်က ချက်ထားခဲ့သော ထမင်းအိုးကိုဖွင့်၊ တော်ပါသေးရဲ့
မဆိုးသေးဘူး။ ယောက်မနှင့် အနည်းငယ်မျှ ကော်ခပ်ကာ ဇလုံ အဝါရောင်လေး
ထဲမှာထည့်။ ဝါးထားသည့် ပုစွန်ခြောက်နှင့် နှံ့ရုံမျှ ရောနယ်ကာ သမီးလေးကို
ချကြွေးတော့ ဆာဆာနှင့် စားနေလိုက်ထာလေ။ သောက်ရေခွက်ကလေး ထဲသို့လည်း သောက်ရေ
လဲလှယ် ထည့်ပေးရသည်။
သူကတော့ ပန်းကန်တစ်ချပ် ထဲသို့ ထမင်းကို
ခူးခပ်ထည့်ကာ သည်နေ့ည နောက်ဆုံး ထိုင်ခဲ့ရသည့် သေရည်ဆိုင် တစ်ဆိုင်မှ
အမြည်းရောင်းသည့် မိန်းမနှင့် နှမျောတသစွာ ဖြစ်ကတတ်ဆန်း
ထုပ်ပိုးရောင်းချလိုက်သည့် မြင်းခွာရွက်သုပ် ငွေ တစ်ဆယ်ဖိုးနှင့် ရောနယ်ကာ
ဝတ်ကျေတန်းကျေ ဝါးစားရင်း လည်ပင်း နင်လာလျှင် သောက်ရေနှင့် မျှောချ နေရသည်။
ပန်းကန် ခွက်ယောက်များ အားလုံး ဆေးကျောပြီး နောက်ဖေး တံခါးကို
ပိတ်၍ အိမ်ရှေ့ ပက်လက် ကုလားထိုင်မှာ ဆေးလိပ်ဖွာရင်း ထိုင်နေတော့
မှောင်ရိပ်ထဲက ခြင်တွေက လာနှုတ်ဆက်ကြသည်။ ဒါကတော့ ရိုးနေပါပြီလေ။ ထိုင်ရာမှ
ထ၍ ဖြာခင်း၊ ခေါင်းအုံး၊ စောင်နေရာချ ခြင်ထောင်ကို အဆင်သင့် ထောင်ထားလိုက်
ရသည်။ ပက်လက် ကုလားထိုင်မှာ ပြန်ထိုင်တော့ သမီးလေးက သူ့ဆီ ပြေးလာကာ
ပေါင်ပေါ်မှာ လှဲခွေ အိပ်ချ လိုက်သည်။ အိမ်ရှေ့ ရေတိုင်ကီ နံဘေးမှ
မြေကြွက်ကြီးတွေ၏ တိုးဝှေ့ တွားသွားနေသံကြောင့် သမီးလေး နားရွက်တွေ
လှုပ်ခတ်ကာ ခေါင်းထောင်ကြည့်သည်။
“ကြည့်မနေပါနဲ့ သမီးလေးရယ်၊ သမီးလေးက ကြွက်မခုတ်တတ်တဲ့ ကြောင်မလေး”
သူ သည်လိုပဲ ပြောချင်သည်။ တစ်နေ့တစ်နေ့ လူတွေထက်တောင်မှ အကုသိုလ် ကင်းတဲ့
တိရစ္ဆာန်မကလေး။ သမီးလေးနှင့် သူ စတင် ဆုံစည်းခဲ့ရတာလည်း ညတစ်ည မြေနီလမ်းဘေး
မြက်ရိုင်းတောထဲမှာ မိခင်ပျောက်ကို ရှာရင်း အော်နေတဲ့ သမီးလေးရဲ့
အသံကြောင့်ပေါ့။
အဲသည့်တုန်းက သမီးလေးဟာ တကယ့် ကြောင်ပေါက်စလေး
မျှသာ။ “ကဲပါ သမီးလေးရယ် အိမ်ကို လိုက်ခဲ့တော့ မင်းမေမေမှ မတွေ့ရတာ
လာပါကွာ” ဟုဆိုကာ ဂျာကင်အင်္ကျီ အိတ်ထဲ ထည့်လာ၍ ရသော အရွယ် ပေါက်စကလေး။
အဲသည့်တုန်းကလည်း အိမ်ရောက်တော့ ရှိသည့် ပုစွန်ခြောက်နှင့် ထမင်းကို
ဝါးကြွေးလိုက်တော့ စား၍သာ တော်ပါသေးတယ်။ သည်လိုနှင့် သူအခု
ငှားရမ်းနေထိုင်သော အိမ်ခန်းကျဉ်းကလေး ထဲမှာ သူ့အတွက် သံယောဇဉ် တစ်မြှင်
တိုးလာခဲ့တော့သည်။ သားစိမ်း ငါးစိမ်း ချထားတာတောင်မှ ကိုက်ချီ မစားတတ်တဲ့
သမီးလေး။ သူ့ရှေ့က ကြွက်တစ်ကောင် ဖြတ်ပြေး သွားတာတောင်မှ ပြေးခုန်ကာ
ခုတ်ရဖဲ့ရ ကိုက်ဝါး စားမျိုရမှန်း မသိတဲ့ သမီးလေး။ တစ်ပိုတစ်ပါး
သွားတာတောင်မှ အိမ်နောက်ဘက် ကင်းမုန်ခြုံနွယ်တွေ အောက်မှာမှ
ဆင်းသွားတတ်အောင် သန့်လွန်းတဲ့ သမီးလေး။ ပြီးတော့ လူရိပ် လူရောင် မြင်လျှင်
ကြောက်ပြီး တစ်နေရာမှာ ပုန်းနေတတ် ပြန်သည်။ ဆာလောင်လျှင်လည်း
တညောင်ညောင်နှင့်အော်မြည် မနေတတ်။ မနက်စောစော အိမ်မှ သူမထွက်မီ ထမင်းတစ်ခါ
ကျွေးခဲ့ရသည်။ ညဘက် ခုလို သူပြန်လာတော့ တစ်ခါ ကျွေးရသည်။ သည်ကြားထဲ
နေ့လည်နေ့ခင်းမှာလည်း ဆာလောင်ရှာမှာပါပဲ။ ဒါပေမယ့် သူက အိမ်မှာ
နေ့လယ်နေ့ခင်းရှိဖို့ ခဲယဉ်းသော လူတစ်ယောက် မဟုတ်လား။
ဦးနှောက်ကို အလုပ် အပေးရဆုံး ကာလများကတော့ ဗွီဒီယို ရိုက်ဖို့ ကိစ္စနှင့် နယ်သို့ ခေတ္တ ထွက်ရတတ်သော ကာလများပါပဲ။
သည်လို အခါမျိုးမှာတော့၊ ငှက်ကလေးတွေ ယုန်ကလေးတွေကို ယုယစွာ
စောင့်ရှောက်တတ်သော ဦးပဉ္စင်း ဦးပညာသိဒ္ဓိက ကူညီတတ်၍သာ သူ့မှာ စိတ်သက်သာရာ
ရတော့သည်။ ဦးပဉ္စင်းတို့ သာသနာ့ပါလကျောင်းက သူ ယခု ခေတ္တ နေထိုင်သည့်
ဆင်ခြေဖုံး ရပ်ကွက်ငယ်၏ မြောက်ဘက် ကွင်းစပ်တွင် ရှိသည်။ သူ့မွေးနေ့ တုန်းက
ရည်စူး၍ ဦးပဉ္စင်းတို့ ကျောင်းသို့ ဆွမ်းချိုင့်ပို့ရင်း ရှင်ပညာသိဒ္ဓိနှင့်
ရင်းနှီးသိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် အလုပ်ကိစ္စနှင့်
နယ်ထွက်ဖို့ ကြုံလာပြီ ဆိုလျှင်၊ ဦးပဉ္ဇင်းထံသို့ သူ့ကြောင်လေးကို ခေတ္တ
ပို့ထားရတတ်မြဲပင် ဖြစ်သည်။ ဦးပဉ္ဇင်းကလည်း နယ်မှ သူပြန်ရောက်ချိန်အထိ
လိုလေသေး မရှိအောင် စောင့်ရှောက်ကျွေးမွေး ပေးထားတတ်သည်။
“ဒကာကြီးရဲ့ ကြောင်ကလေးက သိပ်လိမ္မာတယ်၊ လှောင်အိမ်ထဲက ငှက်ကလေးတွေ၊
ယုန်ကလေးတွေကို ဖမ်းဆီးကိုက်ခဲရမှန်း မသိရှာဘူး။ မနက်တစ်ခါ
အစာကျွေးပြီးရင်၊ ဦးပဉ္စင်း ခုတင်အောက်က စာအုပ်ထည့်တဲ့ ကြိမ်ခြင်းထဲ
ဝင်ခွေပြီး ပုံ့ပုံ့လေး အိပ်နေတာပဲ၊ အဲ တစ်ခါ တစ်ခါတော့ မနက်စောစော ဟောဟို
ပြတင်းပေါက် ဘောင်ပေါ်မှာ တက်ပြီး နေပူစာ လှုံနေတတ်တယ်၊ ညကျတော့လဲ ဟောဟို
မှန်ဘီရိုအောက်က သတင်းစာတွေ ထပ်ထားတဲ့ သတင်းစာပုံ ပေါ်မှာ တက်အိပ်ရှာတယ်၊
ဒါကြောင့်လဲ ဦးပဉ္စင်း တာဝန်ယူပြီး စောင့်ရှောက်လို့ ဖြစ်တာပါ" ဟု
မိန့်ဖူးသည်။ အိမ်မှာတော့ သမီးလေးက ညစဉ် ညစဉ် သူနှင့်အတူ အိပ်မြဲပါပဲ။
“အင်း နင့် ဝတ္တရားကလည်း မသေးပါလား၊ နယ်ထွက်တဲ့အခါ ဘာလို့ နင့်ကြောင်လေးကို
နင်ငှားနေတဲ့ နံဘေးခန်းက အိမ်ရှင်တွေ လက်ထဲ ခဏ အပ်မပစ်ခဲ့တာလဲ၊
နီးနီးကပ်ကပ် သူတို့ကိုပဲ အပ်ခဲ့ရောပေါ့” ဟု တစ်နေ့က ဆွေခင်နှင့် သမီးလေး
အကြောင်း စကားစပ်မိခိုက် ဆွေခင် ပြောလိုက်သည့် စကားကြောင့် ဆွေခင်
မသိသေးသော သူ့ပတ်ဝန်းကျင် စရိုက်များ အကြောင်းကို ပြောပြရသေးသည်။ သူပြောတာ
နားထောင်ရင်း ...
“အို ဒါဆို နင့် ပတ်ဝန်းကျင်က လူတွေဟာ
စိတ်ဝင်စားစရာလဲ ကောင်းတယ်၊ တချို့လဲ ကြောက်စရာ ကောင်းတယ်” ဟု ဆိုရှာလေသည်။
ဆွေခင်ကတော့ ပကတိ နားလည်မှု အားနည်းလွန်းသူလေးပင် ဖြစ်လေသည်။ ရန်ကုန်နှင့်
မိုင်ပေါင်း (၄၀၀) ကျော် ဝေးသော လှပသည့် မြို့ကလေး တစ်မြို့မှာ ငယ်ပေါင်းဘဝ
အတူတကွ တစ်မြေထဲနေ တစ်ရေထဲသောက် တစ်ကျောင်းထဲ တက်ခဲ့ရစဉ်ကပင် ဆွေခင့် ဘဝက
သီးခြား ဆန်လွန်းခဲ့လှ၏ ။ ဆွေခင်တို့ ဖေဖေ မေမေတွေက အရာရှိကြီးတွေ
ဖြစ်နေခဲ့ကြဖူးသည်။ စက်ဘီးကိုယ်စီ စီး၍ ကျောင်းတက်ကြရသော မြို့ကလေးတွင်
ဆွေခင်တစ်ယောက် အိမ်က ကားနှင့် ကျောင်းပို့ကျောင်းကြို လုပ်နေရတာ
မြင်ရကတည်းက သူပြုံးမိခဲ့သေးတော့သည်။ သူ့ဖေဖေကတော့ သာမန် သစ်တောဝန်ထမ်း
တစ်ဦးမျှသာ။ ထိုစဉ်ကလည်း ဖေဖေနှင့် သူသာလျှင် ဝန်ထမ်းအိမ်ယာကလေး
တစ်လုံးတွင် နေထိုင်ခဲ့ရသည်။ ထိုစဉ်ကတည်းက ဖေဖေကို ကူ၍ ဈေးဝယ်ပေးတတ်
ခဲ့သည်။ ချက်တတ်ပြုတ်တတ် ခဲ့သည်။
“သား သင်္ချာဘာသာမှာ ညံ့တာ ဖေဖေနဲ့
တူလို့” ဟု ဖေဖေက မှတ်ချက် ချဖူးသည်။ ငယ်သူငယ်ချင်းတွေ ထဲမှာတော့ ဆွေခင်က
သင်္ချာ ထူးချွန်သည်။ ထို့ကြောင့် တစ်ပါတ်တစ်ခါ ကျောင်းအားရက်မှာ ဆွေခင့်ထံ
သွား၍ အချိန်ပို သင်္ချာ သင်ယူရသည်။
“နင်က စာအသင်အပြ မဆိုးဘူးဟ၊
နောင်နှစ်တွေ အများကြီး ကြာတဲ့အခါ နင်က ကျောင်းဆရာမကြီး ဖြစ်မှာ သေချာတယ်”
ဟုပင် သူ ပြောခဲ့ဖူးသေးသည်။ ပြီးတော့ ဆွေခင်က ကြက်တောင်ရိုက် ကစားရာမှာလည်း
ထူးချွန်သည်။ အမျိုးသားနေ့ စာစီစာကုံး ပြိုင်ပွဲ၊ ပြည်ထောင်စုနေ့ ၊
ကြက်ခြေနီနေ့ အထိန်းအမှတ် ဆောင်းပါး ကဗျာ ပြိုင်ပွဲတွေမှာလဲ ဆုတွေ ခဏခဏ
ရသည်။ ထို့ကြောင့် ကျောင်းနံရံကပ် စာစောင် ကိစ္စမှာလည်း ဆွေခင် မပါလျှင်
မဖြစ်။ ကျောင်းကပွဲမှာလဲ ဆွေခင်က မင်းသမီးလေးပေါ့။ ဆွေခင်၏
ထူးခြားချက်များကို ပြန်တွေးလျှင် တစ်ဘက်သတ် အမွှန်းတင်ရာတော့ဖြင့် ရောက်မည်
မထင်ပေ။ အမှန်အတိုင်းပင် ပြန်လည်ကာ စိတ်အာရုံမှာ မြင်နေမိခြင်းကြောင့်ပင်
ဖြစ်လေသည်။ မှတ်မှတ်ရရ၊ ကျောင်းကပွဲ တစ်ခုအတွက် စင်တင်ပြဇာတ် တစ်ပုဒ်
တင်ဆက်ကြရာ ကျောင်းအုပ် ဆရာကြီးနှင့်တကွ ဆရာ ဆရာမများ၊ ကျောင်းသား
မိဘများနှင့်တကွ ကျောင်းသူ ကျောင်းသားများပါ အံ့အားသင့်ရလောက်အောင် ဆွေခင်၏
စွမ်း ဆောင်နိုင်မှု ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးသည်။ ဆွေခင်သည် သူ့ပင်ကိုယ်
အတွေးဖြင့် ရေးထားသည့် ဇာတ်လမ်း တစ်ပုဒ်ကို၊ သူမကိုယ်တိုင် ဇာတ်ညွှန်းခွဲ
သူမကိုယ်တိုင် ဒါရိုက်တာ လုပ်ကာ သူမကိုယ်တိုင် ပါဝင် သရုပ်ဆောင်ခဲ့ခြင်းပင်
ဖြစ်လေသည်။
“ဘာ နင်က အံ့ဩနေတယ် ဟုတ်လား၊ ငါ့ဘဝက အားရင်
အိမ်ထဲမှာပဲ ဘကြီးတွေ အဒေါ်တွေ ဦးလေးတွေ အဖေ အမေတွေ စုဆောင်းထားတဲ့ ဗဟုသုတ
ရစရာ နိုင်ငံခြား စာအုပ်တွေက အစ ဖတ်နေရတာကိုး ဒီတော့ စာအုပ်တွေက ငါ့ကို
ဗဟုသုတ ပေးတယ်လေ၊ ဒါတွေကို လက်တွေ့နဲ့ ပေါင်းစပ် လိုက်ရတာပဲပေါ့၊ ဒါပေမယ့်
အနုပညာ ဆိုတာ ပင်ကိုယ် မွေးရာပါ ပါရမီလဲ ရှိဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်”
“ဒါဆို ငါ့မှာတော့ အဲဒီ ပါရမီ ပါလာလား”
ဆွေခင့်ကို
သူမေးတော့ ဆွေခင်က လှပစွာ ခေါင်းကလေး ညိတ်ပြပြီး “ပါတာပေါ့ လူကြမ်းလို
သရုပ်ဆောင်နိုင်တဲ့ ပါရမီလေ၊ ကျောင်းပြဇာတ်မှာ နင်သရုပ်ဆောင်တာ လူမုန်းစရာ
သိပ်ကောင်းတာပဲ၊ လူမုန်းစရာ အော့နှလုံး နာစရာ လုပ်တယ်ဆိုတာ ရုပ်ဆိုးမှ
ရုပ်က ကြမ်းနေမှ မဟုတ်ဘူးလို့ ပြဇာတ် စတိုက်ကတည်းက နင့်ကို ငါ ပြောခဲ့တာ
မှတ်မိသေးလား၊ လူတွေကို ရယ်အောင်ပြုံးအောင် လုပ်ရတဲ့ လူရွှင်တော် ပညာလဲ
ခက်တာပဲ၊ ပြဇာတ်ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲ ဖြစ်ဖြစ်၊ မင်းသား မင်းသမီးချည်း
ပါနေလို့ ဘယ်ဖြစ်မလဲ၊ လူရွှင်တော် ဝင်လုပ်တဲ့လူ၊ လူကြမ်း ဝင်လုပ်တဲ့လူလဲ
ပါမှ ပြည့်စုံတာပေါ့၊ ဒါကြောင့် ငါတို့ကျောင်း ပြဇာတ်မှာ ငါက ငါနဲ့ခင်တဲ့
သူငယ်ချင်းတွေကို ငါသင်ပေးသလို သရုပ်ဆောင် နိုင်မယ်လို့ ယုံကြည်ပြီး
လူရွေးခဲ့တာပေါ့” ဟုဆိုလေသည်။
“နင်ကလဲဟယ် နောက်တစ်ခါ ပြဇာတ်ကရင် ငါ့ကို မင်းသား နေရာကတော့ တစ်ခါလောက် ထားပါဦး”
သူ့ကို ပြုံး၍ပြောတော့ ခေါင်းကလေး ခါရင်း မရဘူး မရဘူး ငါ့မျက်စိထဲမှာ
နင်ဟာ လူကြမ်းပဲဟု ဆိုပြန်လေသည်။ ထိုစဉ်က ငယ်နုစဉ် သမယမို့ သူလည်း
ပေါ့ပေါ့တန်တန်ပဲ သဘောထားကာ ရယ်နေမိလေသည်။ ထိုစဉ်က သူ့စိတ် အာရုံထဲတွင်
တစ်နေ့ကျ ဆွေခင်က မင်းသမီး၊ ရဲမြင့်က မင်းသား၊ ထွန်းကြည်က လူရွှင်တော်
ထားပါတော့လေ ငါကလူကြမ်း၊ ဘာဖြစ်သေးလဲ သူငယ်ချင်းတွေ စုပြီး ရုပ်ရှင်
တစ်ကားလောက်တော့ ဟု စိတ်ကူးခဲ့မိ သေးသည်။
နှစ်တွေ ကြာလာတော့မှ
အနုပညာနှင့် ပတ်သက်၍ သူတို့တတွေဟာ ရေတက်ငါးစင်ရိုင်း ဆိုတာ သူသိလာရသည်။
သူတို့တတွေ ဆိုတာက ဆွေခင်၊ ရဲမြင့်၊ ထွန်းကြည်နှင့် အခြား
သူငယ်ချင်းများကို ပြောခြင်း ဖြစ်သည်။
မိဘများ အလုပ်ကိစ္စ အရ၊ ပထမ
မန္တလေးမှ ပုသိမ်၊ ပုသိမ်မှ ရန်ကုန်သို့ ပြောင်းသွားရရှာသော ဆွေခင်ကား၊
တက္ကသိုလ်လောက် အနုပညာ အသင်းတွေ ဝေဆာသော နေရာ ရောက်ပါမှ၊ ဘာမျှ
ဝင်မလုပ်တော့ဘဲ၊ ကျောင်းစာအုပ်တွေထဲ သူ့ မျက်နှာကလေး အပ်ထားကာ ဘွဲ့
တစ်ခုတော့ဖြင့် ရသွားပါလေတော့သည်။ ပြီးတော့ ဌာနတစ်ခုတွင် စာရေးမကလေး
ဝင်လုပ်၏။
ရဲမြင့်လည်း သည်လိုပါပဲ၊ သူလည်း ကျောင်းတွေ ဘာတွေ
ပြီးတော့ မီးရထား ဌာနမှာ ဝန်ထမ်း ဖြစ်သွားရှာသည်။ ထွန်းကြည် ကျတော့လည်း
စက္ကူစက်မှာ အင်ဂျင်နီယာ။
သူတစ်ယောက်သာ ဘဝမှာ အရောင်စုံခဲ့သည်။ ဖေဖေ
မဆုံးမီ ဆယ်တန်း အောင်သည်။ ဖေဖေ ဆုံးတော့၊ ဖေဖေ့ ပင်စင်ကိစ္စတွေ ဘာတွေနှင့်
ရန်ကုန် ဆင်းလာပြီး၊ အဲဒီ ကိစ္စတွေ ပြီးတော့ မြို့ကလေးသို့
ပြန်မသွားချင်တော့ဘဲ၊ မွန်ပြည်နယ် သိမ်ဇရပ်က၊ ဦးလေး တစ်ယောက်၏
ပရဆေးဆိုင်တွင် အကူ ဝင်ရောင်းပေးသည်။ ထို့နောက် မော်လမြိုင် ဒေါင်းဇရပ်က
သူငယ်ချင်း တစ်ယောက်နှင့် အရောင်းအဝယ် ဝင်လုပ်လိုက် သေးသည်။ ရရစားစား
ဘဝပါပဲ။ သည်ကာလ ကြားထဲမှာတော့ ဆွေခင်တို့နှင့် အဆက်အသွယ် မပြတ်ခဲ့။ စာချင်း
ဆက်သွယ်နေမိ တတ်သည်။သိမ်ဇရပ်က ဦးလေးက ခေါ်၍ ပြန်ရောက်သွားရ ပြန်သည်။
သိမ်ဇရပ် ပြန်ရောက်ပြီး (၂) နှစ်နီးပါး အကြာမှာ ဆွေခင့်ဆီက အံ့ဩစရာ
စာတစ်စောင် ရောက်လာသည်။ ခင်မောင်တည့် ကိစ္စ။ စာထဲတွင် ဆွေခင် ကိုယ်တိုင်လည်း
အံ့ဩနေကြောင်း ပါသည်။
နင် စဉ်းစားကြည့်၊ နင်တို့ ငါတို့
ကျောင်းမှာတုန်းက ခင်မောင်တည် ဆိုတဲ့ ကောင်က ဘာကိစ္စမှာမှ ဝင်ပါတဲ့ကောင်
မဟုတ်ဘူး။ ခပ်အေးအေး နေတဲ့ကောင်၊ ခု ဒီကောင်က ရန်ကုန် ဆင်းလာပြီး ဘာ
စိတ်ကူးပေါက်တယ် မသိဘူး၊ ရန်ကုန်က သူ့အစ်မ ဝမ်းကွဲနဲ့အတူ ဗွီဒီယို ကုမ္ပဏီ
ထောင်တယ်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာလဲ လုပ်မယ်တဲ့၊ နင်နဲ့ငါနဲ့ အဆက်အသွယ်
ရှိမရှိ မေးတော့၊ ရှိတယ် ဆိုတာနဲ့၊ နင့်ကို ရန်ကုန် ဆင်းလာခဲ့ဖို့
ပြောပေးပါတဲ့၊ နင်နဲ့ တိုင်ပင် ချင်တာတွေ ရှိတယ်တဲ့၊ အကျိုးအကြောင်း
သိရအောင် လာခဲ့ပါလား
ထိုစာကလေးကြောင့်ပင် သူရန်ကုန် ရောက်လာခဲ့ရ
ပြန်လေသည်။ ခင်မောင်တည်နှင့် တွေ့ရသည်။ ဆွေခင့် စာထဲကအတိုင်းပင်၊
ခင်မောင်တည် ကတော့ ဗွီဒီယိုကိစ္စ လုံးပန်းနေချိန် ဖြစ်သည်။
“အခုလုပ်မယ့် ကားမှာ ငါ့ညီ အငယ်ဆုံးကောင်က မင်းသားပေါ့ကွာ၊ မင်းသမီး ကတော့
နာမည်ရပြီးသား ထဲကပေါ့။ ဒီကားမှာ အဓိ ဇာတ်ပို့ တစ်ယောက်က လိုလာတယ်၊
ဆွေခင်နဲ့ တိုင်ပင်တော့ သူလဲ ငါ့လိုပဲ မင်းကို မြင်လာတယ်၊ သတိရတယ် ပေါ့ကွာ
ငါတို့ ဆယ်တန်းတုန်းက မင်းတို့ကတဲ့ ပြဇာတ်မှာကျတော့၊ မင်းက အမွေ ရချင်လို့
ဦးလေးနဲ့ သူ့သား အရင်းကြားက မနာလိုစိတ်နဲ့ ချောက်တွန်းတဲ့ နေရာက လုပ်ရတာ
မဟုတ်လား”
“အင်း ပြောပါဦး”
“အခု ငါတို့လုပ်မယ့်
ကားမှာကျတော့၊ သာမန် မဟုတ်တော့ဘူး၊ ဇာတ်အရ ဆိုရင် အမျိုးသမီး နှစ်ယောက်ရယ်
လူတစ်ယောက်ရယ် ဟိုနှစ်ယောက်က ညီအစ်မကွာ ဒီလူကို လုပ်ငန်းတစ်ခု အရ ဟို
ညီအစ်မက ပထမ ခင်မင်တယ်၊ နောက် လေးစား ယုံကြည်တယ်၊ ဪ ပြောရဦးမယ်၊ ညီအမ
နှစ်ယောက်မှာ အစ်မက အိမ်ထောင် ရှိတယ်၊ သူ့အိမ်ထောင်ဘက်က ခဏခဏ
ခရီးထွက်နေရတယ်၊ သားသမီး နှစ်ယောက်လဲ ရှိတယ်၊ ညီမကတော့ အိမ်ထောင်ပြုဖို့
စေ့စပ်ထားတာ ရှိတယ်။ သူတို့နဲ့ ဒီလူနဲ့က လုပ်ငန်းအရ ခင်မင်လာကြတယ်၊
ဒီလူ့အပေါ်မှာလဲ ကူညီမှုပေးတာတွေ ရှိတယ်၊ ဒါပေမယ့် ဒီလူ့စိတ်က ရိုးသားမှု
မရှိဘူး၊ တစ်ဖြည်းဖြည်းယုတ်မာလာတယ်၊ ဖောက်ပြန်လာတယ်၊ ပက်စက်လာတယ်၊
တစ်နေ့မှာ ညီအစ်မ နှစ်ယောက်ထဲက အစ်မ ဖြစ်သူပေါ်မှာ စိတ်ယုတ်မာ မွေးပြီး
ငါးပါးသီလထဲက တတိယ သီလကို ဖောက်ဖျက် ကျူးလွန်ချင်စိတ်တွေ ပေါ်လာတယ်
ငါဆိုလိုချင်တာက ဒီသရုပ်ဆောင်မှုမှာ သူ့အမူအယာ၊ သူ့မျက်နှာ၊ သူ့မျက်လုံးတွေက
သူ့ရင်ထဲက စိတ်ပြောင်းလဲမှုကို တဆင့်ပြီး တဆင့် ပေါ်လွင်စေလာချင်တဲ့ သဘောပဲ၊
နောက်တစ်ချက် ငါ့အယူအဆက၊ ရုပ်ရှင် ဖြစ်ဖြစ်၊ ဗွီဒီယို ဖြစ်ဖြစ်၊ ကျွန်တော်
လူကြမ်းပါ ဆိုတာ လူမသိ သိအောင် ရုပ်ဆိုးကြီးတွေနဲ့ ကုတ်အင်္ကျီ
ဘောင်းဘီတွေဝတ်၊ စားပွဲမှာ အရက်ပုလင်းထောင်၊ စားပွဲပေါ်မှာ ဖဲချပ်တွေ
တင်ထားတာ မျိုးထက်စာရင်သာမန် ပုံသဏ္ဌာန်နဲ့ လူတွေထဲက လူတစ်ယောက်ရဲ့
ဖောက်ပြန်၊ ကောက်ကျစ်၊ ယုတ်မာလာမှုကို တဖြေးဖြေး သရုပ်ဆောင် သွားတာမျိုး
ဖြစ်စေချင်တယ်၊ မင်း လုပ်ပေး နိုင်မလား၊ လုပ်ချင်လား၊ လုပ်ပေးချင်စိတ်ကော
ရှိရဲ့လား”
ခင်မောင်တည်၏ အမေးစကားကို နားထောင်ရင်း လက်ခနဲ သူ ပြုံးမိခဲ့ဖူးသည်။
“မင်းရိုက်မယ့် ကားမှာ အဲဒီ ဇာတ်ရုပ် နေရာက သရုပ်ဆောင်ပေး
ကောင်းပေးနိုင်မယ့် လူဟာ ငါပဲလို့ ဆွေခင်က မင်းကို အကြံဉာဏ်ကော
ပေးဖူးသေးလား ခင်မောင်တည်” ဟု သူမေးလိုက်မိသည်။ ခင်မောင်တည် ခေါင်းညိတ်သည်။
ဆေးလိပ်ဖွာရင်း သူအကြာကြီး စဉ်းစားနေခဲ့မိသည်။ ရယ်စရာတော့ အကောင်းသား၊
တစ်ချိန်က မြို့ကလေး တစ်မြို့ရဲ့ အမှတ်တရ ကျောင်းကပွဲ မှာတုန်းကလည်း၊ “နင်
သရုပ် ဆောင်တာ ဝါသနာပါလား၊ လုပ်နိုင်ပါ့မလား” ဟူသော မေးခွန်းမျိုး ဆွေခင်က
သူ့ကို မေးခဲ့ဖူးသည်။. အမှန်တော့ အဲသည့်တုန်းက ကျောင်းသားဘဝ သရုပ်ဆောင်
အနုပညာကို ဝါသနာ ပါသည်လည်း မဟုတ်။ မပါဘူး ဟုလည်း မဆိုသာ။ ပျော်၍သာ
ဝင်လုပ်လိုက်ခြင်း ဟုလည်း ဆိုနိုင်၏။ ထို့ပြင် ဆွေခင်က လူ နှစ်ယောက်
ကြားမှာ အထင်အမြင် လွဲမှားအောင် ချောက်တွန်းတဲ့ နေရာက နင်လုပ်နိုင်ပါ့မလား
ဆိုသည့် စကားကို သူ စိတ်ဝင်စားခြင်း ကြောင့်ပင် ဖြစ်သည်။
ထိုစဉ်က၊ ဆွေခင့်ကို သူ စကားတစ်ခွန်း ပြောခဲ့ဖူးသည်။
“ဒီမှာ ဆွေခင် နွေရာသီ ကျောင်းပိတ်ရက် ငါ ကိုရင် ဝတ်ခဲ့တုန်းက
ရှင်လူထွက်တဲ့နေ့ ဆရာတော် ရှေ့မှာ ထိုင်ပြီး သိက္ခာချတော့ ဘာရွတ်ဆိုခဲ့ရသလဲ
သိလား တပည့်တော်အား မြင့်မြတ်သော ရဟန်းဘဝမှ ယုတ်ညံ့သော လူ့ဘဝသို့
သက်ဆင်းခွင့် ပြုပါဘုရားလို့ လျှောက်ထား ရွတ်ဆိုခဲ့ရတယ်၊အခု ပြဇာတ်မှာ
ငါဝင်ကရမယ့် အခန်းက ယုတ်ညံ့တယ်ပဲ ထားပါတော့၊ .. လူတွေ အများကြီးထဲက လူတွေ
ဖြစ်လေ့ဖြစ်ထ လုပ်လေ့လုပ်ထ ရှိတဲ့ ကိစ္စကို ဝင်လုပ်ရမှာလဲ ငါလုပ်နိုင်ပါတယ်"
ဟု ပြောခဲ့ဖူးသည်။ ခုလည်းကြည့် ထိုစဉ်တုန်းက ဝါသနာ ပါလှပါသည် ဆိုသော
ငယ်ပေါင်းတွေက အနုပညာကို တစ်ခွန်းတစ်စမှ ဝင်ရောက် မပတ်သက်ကြတော့ဘဲ
အထူးသဖြင့် ဆွေခင် ပေါ့လေ။ သူမက သူ့ကိုမှ သတိရ ရွေး၍ ခင်မောင်တည် စီစဉ်
ရိုက်ကူးမည့် ဗွီဒီယိုဇာတ်ကားတွင် သူတစ်ပါး သားမယားအား ကြာခိုရသော
လူယုတ်မာနေရာမှ ဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းပါဟု အကြံဉာဏ် ခင်မောင်တည်ကို
ပေးခဲ့မှတော့ တစ်ချိန်က ပြောခဲ့ဖူးသည့် “လူတွေထဲက လူကိစ္စ၊ လူ့စကား” မျိုးပဲ
ဆွေခင့်ကို ပြန်ပြောရတော့မည် ထင်၏။ ထင်ပါ၏။
“အေးကွာ ဆွေခင်နဲ့
တွေ့ရင်ပြောလိုက်ပါ ငါလဲ သူနဲ့ တွေ့ဦးမှာပါ သူ့ရုံးဖြစ်ဖြစ် ဖုန်းဆက်
ပြောလိုက်ကွာ မင်းရိုက်မယ့် ကားမှာ ငါဝင်လုပ် ဖြစ်တယ် ဆိုတဲ့ အကြောင်း”
ထိုနေ့က ခင်မောင်တည်၏ မျက်နှာမှာ ပီတိဖြာ သွားခဲ့တာ သူသတိထားမိသည်။ သူကတော့
ဆုံးဖြတ်ပြီးပေပြီ။ သိမ်ဇရပ်သို့ ခေတ္တပြန်ကာ ဦးလေးနှင့် မိသားစုအား
အကျိုးအကြောင်း ပြောပြီး၊ ရန်ကုန် ပြန်ရောက်လာ ခဲ့သည်။ ပထမတော့ ငယ်ငယ်က
နေခဲ့သည့် မြို့ကလေးနှင့် ပတ်သက်သော မြို့နယ်အသင်းမှ ဖန်တီးထားသော
တည်းခိုခန်းတွင် နေထိုင်သည်။ နောက်မှ မိတ်ဆွေ တစ်ယောက် ရှာဖွေ
ငှားရမ်းပေးသည့် ယခု အိမ်ခန်းကလေးကို သူ လာနေဖြစ်ခြင်း ဖြစ်သည်။ ဆွေခင်
အလုပ် လုပ်နေသော ရုံးသို့လည်း မကြာခဏ ရောက်ဖြစ်သည်။ စကားပြော ဖြစ်သည်။
ခင်မောင်တည်က၊ သူ့ပထမ ကားမှာ သူ့ညီ အငယ်ဆုံးကို မင်းသားတင်မည့် ကိစ္စနှင့်
ပတ်သက်၍လည်း ဆွေခင်၊ ခင်မောင်တည်နှင့် သူသုံးယောက်သား ညင်းကြခုန်ကြ
ဝေဖန်ဆွေးနွေး ကြရသည်။
“ရိုက်ကွင်းကို မရောက်သေးသော မင်းညီရဲ့
အနေအထား ဘယ်လိုရှိလဲ ဆိုတာ ငါမသိသေးဘူး၊ ငါဆိုလိုတာက နယ်ပရိသတ်က အစ
ခေါင်းဆောင်မင်းသား ဘယ်သူလဲ ဆိုတာ အရင်ကြည့်ကြတာ သဘောကတော့ကွာ သူတို့
လက်ခံပြီးသား မင်းသားသာ ခေါင်းဆောင်မင်းသား ဖြစ်သင့်တယ်၊ မင်းကားမှာ
ပြောတာပါ၊ မင်းညီကို ဒုတိယ ခေါင်းဆောင်မင်းသား နေရာကနေ အဲဒီလို နာမည်ကြီး
မင်းသားတွေနဲ့ ၂ ကား ၃ ကားလောက် တွဲပြီး တင်ပေးရင်းက ပရိသတ် တော်တော်လေး
မျက်မှန်း တန်းမိလာပြီ ဆိုတော့မှ သူနဲ့ အဟပ်မိဆုံး ဇာတ်တစ်ဇာတ်နဲ့ သူ့ကို
ခေါင်းဆောင်တင် ရိုက်ကြည့်စေချင်တယ်။ သူမတော်လို့ သူမတတ်လို့ သူ့ ရုပ်က
မင်းသားဖြစ်နိုင်တဲ့ ရုပ် မဟုတ်လို့ ငါပြောနေတာ မဟုတ်ဘူးနော် ခင်မောင်တည်
ငါလုပ်ရမယ့် နေရာမျိုးကျတော့ ငါ့အခန်းတွေ ငါပီပြင်အောင် လုပ်သွားနိုင်ရင်
ဖြစ်တယ်၊ မင်းသမီး တွေကလဲ သူတို့ကဏ္ဍ သူတို့ လုပ်သွားကြမှာပဲ၊ ဈေးကွက်ကို
မင်း ထည့်တွက်ဖို့ ပြောတာပါ နယ်မှာ ငါက အခွေတွေ အမြဲလိုလို ကြည့်နေတော့
ပရိသတ် ဘာလဲဆိုတာ သိနေတယ်”
“ဟုတ်တယ် ဆွေခင်လဲ အဲလိုမျိုး ဖြစ်စေချင်တယ်”
“ခက်တယ်ကွာ မင်းတို့ ပြောတာ ငါ သဘောပေါက် ပါတယ်၊ ဒါပေမယ့် ငါ့ အဖေနဲ့ အမေက
ဒီအရင်းအနှီး ငွေတွေ အများကြီး ငါတို့ ညီအစ်ကို နှစ်ယောက်ကို ထုတ်ပေး
လိုက်တာက ငါလုပ်ချင်တာလဲ လုပ်နိုင်အောင် ပြီးတော့ အဓိက ကတော့ ငါ့ညီက
မင်းသား သိပ်ဖြစ်ချင်တယ်၊ အဲဒါ ဖြည့်ဆီးပေးတဲ့ သဘောပဲ”
“မင်းညီကို
မဖြစ်ရဘူးလို့ ပြောနေတာမှ မဟုတ်ပဲ ဖြစ်ရမယ်ကွာ၊ ဒါပေမယ့် ချက်ချင်း
ဟုန်းခနဲ ထဖြစ်ဖို့ ဆိုတာထက် ခုန ပြောသလို သူ့အချိန်အခါ ရောက်လာရင် ဖြစ်ကို
ဖြစ်သွားမယ် ဆိုတာက ပိုသဘာဝ မကျဘူးလား။ အချိန်ကို မစောင့်နိုင်ဘဲ
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုထဲ ကြည့်လို့ သင့်မသင့် မင်းတို့
အသိုင်းအဝိုင်းမှာ မင်း ပြန်ညှိကြည့်ဖို့ ငါပြောနေတာပါ။ သဘောကတော့ကွာ
မင်းတို့ ညီအစ်ကို နှစ်ယောက် လုပ်တဲ့ကိစ္စကို လူတွေ အများကြီးက အာရုံလဲ
စိုက်မယ်။ ထိုက်သင့်တဲ့ ငွေကြေးလဲ ပြန်ရမယ် ဆိုရင် မင်းတို့ လုပ်ချင်တဲ့
အလုပ်က ပိုပြီး မရှင်သန်နိုင်ဘူးလား။ ဒါကို ပြောတာပါ”
“အေးပါကွာ ငါစဉ်းစားပြီး သူတို့နဲ့ ညှိကြည့်ပါဦးမယ်”
နောက်ဆုံးတော့ အချိန် အကြာကြီး ဝိုင်းဝန်း ပြောဆိုကြပြီးမှ ထိုကားကို
ခင်မောင်တည်သည် ပရိသတ် လက်ခံထားဆဲ နာမည်ရ မင်းသား တစ်လက်ကို
ခေါင်းဆောင်အဖြစ် တင်ကာ ရိုက်ဖြစ်သွားခဲ့၏။ ထိုကားတွင် အစွန်းထွက်
အောင်မြင်ခဲ့သူကား ... သူ။ ဇာတ်ကားထဲမှ သရုပ်ဆောင်ချက် တွေက သူ့အတွက်
မထင်မှတ်ဘဲ အခက်အခဲမရှိ ကွက်တိ ဖြစ်ခဲ့ရသည်။ အခွေဖြန့်တော့လဲ ပရိသတ်ထဲမှာ
သူ့သရုပ်ဆောင်ချက်တွေက တော်တော်လေး တိုးဝင်စီးမျောသွားခဲ့သည်။
ယခု ရပ်ကွက်ကလေးမှာ ညစဉ် ညဥ့်နက်မှ သူပြန်လာရသည် အထိ သူ့ဘက်က အမြတ်ထွက်ခဲ့သည်။
လူမြင်သူမြင် ပြန်လာပါက လမ်းထိပ်၊ အသုပ်ဆိုင်မှာ ထိုင်နေကြသည့်
မိန်းကလေးများ၊ လမ်းဒေါင့် အုတ်ခုံတွင် ဂစ်တာ တီးနေကြသည့် လူရွယ်ကလေးများက
အစ မကြားတကြား လှောင်ကြ ပြောင်ကြသည်။
“လူယုတ်မာ၊ ကြာကူရီ သမားကြီး”
တဲ့။ မြို့ထဲမှာကျတော့လည်း တခြား လက်ဖက်ရည်ဆိုင် များမှာ သွားမထိုင်ရဲပေ။
ဟိုက လှမ်းထေ့၊ ဒီက လှမ်းကြည့်နှင့် ဗွီဒီယို လောကသား များသာ ရှိသော
ပန်းဆိုးတန်း တစ်ဝိုက်နှင့် ၃၅လမ်း ထိပ်မှာသာ ထိုင်ရဲသည်။ သည် လောကကလည်း
သူ့ကို လက်ခံလာသည်။ သည်လိုအခန်းမျိုး ပါသည့် ကားများအတွက် သူ့ကို ကမ်းလှမ်း
ငှားရမ်း လာကြသည်။
သမီးလေးရေ သမီးလေးရဲ့ ပုစွန်ခြောက်ဖိုး၊ ထမင်းဖိုးနဲ့ ဖေဖေ့ ထမင်းဖိုးတော့ မပူရတော့ဘူးကွဲ့။
ပေါင်ပေါ်မှာ ထိုင်နေသည့် သူ့သမီးလေး၏ နားရွက်ပုတုလေးများ၊
လက်သည်းချွန်မြလေးများ၊ နှာခေါင်းအေးစက်စက်၊ အမွှေးနုညက်ညက်၊
အမြီးကောက်ကွေးကွေး လေးတွေကို ယုယစွာ ပွတ်သပ် ဆုပ်ကိုင်ရင်း သူခံစားနေရသည်။
ဟော လမ်းဓာတ်မီးတွေတောင် ပြန်လင်း လာပါပေါ့လား။ မိုးကလည်း
တဖျောက်ဖျောက် ဖြစ်လာပြန်သည်။ လူတွေအားလုံး အိပ်မောကျနေချိန်မို့ ထင်ပါရဲ့။
ဆင်ခြေဖုံး ရပ်ကွက်ငယ်၏ လမ်းဓာတ်မီးသည် ခဏမျှ အကြာတွင် ပြန်ငြိမ်းသွား၏။
“လာဟေ့ သမီးလေး ခြင်တွေ သိပ်ကိုက်တယ် အိပ်ရာထဲ ဝင်ကြစို့”
ဖွာလက်စ ဆေးလိပ်ကို ဆေးလိပ်ပြာခွက်ထဲ ထည့်ကာ အိမ်ရှေ့တံခါး လုံခြုံမှု
ရှိမရှိ သူစမ်းသပ် ကြည့်ပြီး၊ သမီးလေးကို ပွေ့ကာ ခြင်ထောင်ထဲသို့
ဝင်ခဲ့သည်။ သမီးလေးက သူ့ရင်ခွင်ကြားမှာ အိပ်နေကျ။ သူကတော့ အိပ်မပျော်သေး။
မနက်ကျ သမီးလေးကို ခေတ္တ ခွဲခွာရမည်။ နယ်သို့ သူ ကားရိုက် ထွက်ရမည်။ သည်တော့
ထုံးစံအတိုင်း သမီးလေးကို တိရစ္ဆာန်များအား သနားကြင်နာ တတ်သည့် ဦးဇင်း
ရှင်ပညာသိဒ္ဓိ ကျောင်းသို့ ခေတ္တ ပို့ထားရဦးမည်ပေါ့။
မနက်ဖြန်
မနက်အတွက် ဘာမှ ကြိုတင် မသိရှာသေးသော သမီးလေးကတော့ ရင်ခွင်ထဲမှာ။
တစ်နေ့လုံး စကား တတွက်တွက် ပြောတတ်၊ စပ်စုတတ်ပြီး အစစ အရာရာ ဘာတစ်ခုမှ
ယုံကြည်စိတ်ချရဖွယ် မရှိသော အိမ်ရှင်မိန်းမကတော့ အိပ်မောကျနေ ပေရော့မည်။
ထိုမိန်းမက အသားမည်းမည်း၊ ခါးလျားရှည်ရှည်၊ ခန္ဓာကိုယ် အောက်ပိုင်း
အဆစ်ခပ်တိုတို၊ မျက်နှာပေါက်က စုတ်ချွန်းချွန်း၊ သမီးနှစ်ယောက်နှင့်
သူ့အမေက လွန်ခဲ့သည့် (၅) နှစ်က၊ သူ့အဖေက လွန်ခဲ့သည့် (၇) နှစ်က အသီးသီး
ကွယ်လွန်ခဲ့ကြပြီဟု သိရပြီဟု သိရသည်။ ထိုမိန်းမ၏ နေ့စဉ် အလုပ်က ပုဂ္ဂလိက
လုပ်ငန်းရှင် တစ်ဦးထံမှ နေ့စဉ်ယူ၍ အိမ်မှာ လုပ်ရသော (အမျိုးသမီးများ
ခေါင်းစီးပိတ်စ အပျော့ကလေးများကို ရှုံ့ကြိုး သွင်းရသည့်) အလုပ်။ မနက် (၅)
နာရီ လောက်ဆို အော်ငိုပြီး သူငယ်တန်းပင် ရောက်နေပြီ အိမ်လည် သွားတတ်နေသော
ပိန်ခြောက်ခြောက် ဆတ်တောက် ဆတ်တောက် အငယ်မလေး။ ကလေးသာ ဆိုတယ် အသံက
လူမမြင်ရလျှင် အနည်းဆုံး ဆယ်နှစ် ဆယ့်ငါးနှစ် သမီးလောက် ထင်ရမည်။
သူနှင့်တော့ ဘာမျှ မပတ်သက်။ သို့သော် ကလေးအရွယ်သည် ကလေးအရွယ်၊ ကလေးဆန်
လွန်းသော မျက်နှာ၊ ကလေးဆန် လွန်းသော ချစ်ဖွယ် အသံမျိုးသာ ဖြစ်စေချင်သည်။
ခုတော့ နောက်ဖေးတံခါး ဖွင့်ထားလျှင် လှစ်ခနဲဝင် လာတတ်သည်။ အိမ်ရှေ့တံခါး
ဖွင့်ထားလျှင် စွေ့ခနဲ ဝင်ထိုင်တတ်သည်။ ဟိုကြည့် သည်ကြည့် ဟိုဟာဆွဲကိုင်၊
ဒီဟာဆွဲကိုင်။ မင်ကုန်သွားပြီ ဖြစ်သော တစ်ခါသုံး ဘောလ်ပင်လေး တစ်ချောင်းပင်
ဖြစ်ပစေ။ ကြမ်းကြားက ကျသွားပါက အိမ်အောက်သို့ ပြေးဝင်ကောက် တတ်ပြီး
လှစ်ခနဲ သူတို့ အခန်းဘက် ပြေးတက်ခါ အသံကို တိုးနှိမ့်၍ “မေမေ ရော့” ဟု
ပေးပြီး ငြိမ်သွား တတ်ကြသေးသည်။ ဘက်ထရီအိုး၊ အသံချဲ့စက် ၊ ကက်ဆက်ပါ တင်၍
လမ်းကျဉ်းကလေး ထဲသို့ တွန်းဝင် လာတတ်သော ထီရောင်းသမား၏ စက်ဘီးမှ သီချင်းသံ
ကြားလျင်လည်း သံယောင်လိုက်ပြီး လိုက်ဆိုတတ် သေးသည်။ မနက်မနက် အိပ်ယာထ
အော်ငိုတာကတော့ အဆိုးဆုံးပါပဲ။ ရေသောက်ချင်လို့ ဆီးသွားချင်လို့ အိုက်လို့၊
ခြင်ကိုက်လို့၊ ချမ်းလို့ အကြောင်းအရာ တစ်နေ့တစ်မျိုး မထပ်စေရ၊ ပြီးရင်
မျက်နှာမသစ်ဘဲ အိမ်ထဲမှာ အော်ငိုကာ တဒုန်းဒုန်း မြည်အောင် ပြေးနေတတ်သည်။
သူ့အထက် ကောင်မလေးကလည်း မနက်မိုးလင်းတာနဲ့ လမ်းပေါ်မှာ။ တစ်ခါက ဒီဘက်ခန်းက
နောက်ဖေး ရေကပြင်မှာ ထားသည့် အိမ်သာစီး ရာဘာဖိနပ်ကို ဖြတ်ခနဲ ထိုကောင်မလေး
ယူစီးသည်။ ခြံထဲ ဆင်းဆော့သည်။ ပြန်မထား။ ပြန်မပေး။ ပြန်တောင်းတော့မှ ဪ
မေ့လို့ မေ့လို့ ဆိုပြီး ပြန်ထားသည်။ ဟို မိန်းမကတော့ မနက်လင်းပြီ
ဆိုကတည်းက ပြောလိုက်သည့် စကား ဒီကလေး (၂) ယောက်ထဲနဲ့ ဒိုင်ခံ ပြောနေတာ။
ပါးစပ်မညောင်းတဲ့ အတိုင်း၊ မေမေ ငယ်ငယ်တုန်းက ဘယ်လို ချောတာ၊ ဘယ်လို လှတာ၊
မေမေ့ သူငယ်ချင်းတွေက အခု ဘယ်ရုံးမှာ ဘယ်ဌာနမှာ ဟိုဘက်လမ်းက အန်တီအေး သိတယ်
မဟုတ်လား ခု သူ့ယောက်ျား နိုင်ငံခြား သွားပြီ။ ပြန်လာရင် မေမေ့အတွက်
ဘာပေးမလဲ မသိ၊ ပဲခူးက အလှူ သွားတုန်း သမီးတို့နဲ့ မေမေတို့ စုပြီး
ဓာတ်ပုံရိုက်ကြတာ ... ကဲ ... သမီးကြီးကို ဆေးရုံသွားပြ ဆေးထိုးရမယ်၊
ဘွားဘွား ဒေါ်လေးမြိုင်တို့ အိမ်မှာ ထီးခဏ ငှားပါလို့။ ဒါတွေ ပြောပြီး
အိမ်ပေါ်ကဆင်း အိမ်ရှေ့ ရေစည်မှာ ဆန်ဆေးရင်း၊ ခြေရင်းအိမ်က သားအမိကို
လှမ်းစကားပြော။ အန်တီတို့ ဈေးမသွားသေး ဘူးလား။ ဘာချက်မလဲ။ အဲသည့်
သားအမိကလည်း အဲဒီခြေရင်း အိမ်ကြီးမှာ အဖေ အမေ သမီး မိသားစု သုံးယောက်ထဲ
လာငှားနေကြတာ။ ခပ်အေးအေးတွေ၊ မနက်ဖက် ဒီက လှမ်းအော်ပြောနေတော့
သူတို့တောင်မှ ပြူတင်းပေါက်မှာ အညောင်းပြေ အညာပြေ လာမရပ်ရဲကြတော့သလို
အိမ်ရှင်မိန်းမ ခပ်ပေါ့ သေးသေးတော့ မဟုတ်။
“အဒေါ်တို့ တနေ့ညက မခင်သိန်းတို့ အိမ်မှာ ဗွီဒီယို သွားကြည့်ကြတယ် ဆို”
“အေး ညည်းတို့အိမ် ငှားနေတဲ့ လူတောင် အဲဒီကားထဲ ပါသေးတယ်”
“ဘာလဲ ကြာကူရီလား ဟဲဟဲ”
ခါတိုင်း မနက်စောစော သူအိမ်က ထွက်သွားနေကျ သွားပြီ ထင်ပြီး ဒီမိန်းမ
လှမ်းအော် ပြောနေဆဲ သူ့ ယောက်ျားက အိပ်ရာထဲမှ လှမ်းဟန့်တော့ ငြိမ်သွားသည်။
“ဟဲ့ မတူး ဘာတွေ လျှောက်ပြောနေလဲ ကိုယ့်ကိစ္စကိုယ် လုပ်စမ်းပါ။
နင်ဟာလေ စကားတော်တော် များတယ်။ စကားတစ်ခွန်း ပြောတိုင်း ငွေတစ်ကျပ်သာ
ပေးရမယ် ဆိုရင် ဂုံနီအိတ်နဲ့ ထားတာတောင် ရမှာ မဟုတ်ဘူး” သူပြုံးမိသည်။
သူကလည်း အဲဒီနေ့က ကောင်းကောင်း နေမကောင်း၍ မြို့ထဲ မထွက်ဘဲ အိမ်ထဲမှာ
လှဲနေသည့်အချိန် တစ်ရက်တစ်လေ အိမ်မှာနေမှ ဒီမိန်းမ အကြောင်း သူ့ကလေးတွေ
အကြောင်း သိရသည်။ သူ့ကလေးတွေက ဒီဘက်က ကြောင်မလေး နောက်ဖေးမှာ ခဏ နေပူစာ
ထွက်လှုံ နေတာကို ရေနွေးနှင့် လှမ်းပက်တော့ ကြောင်ကလေး ပြန်ပြေးလာရသည်။
ဒီမိန်းမကတော့ မနက် ၁၀ နာရီလောက်ကြီး ဘုရားစဉ်က “၆၀” ဝပ်အား
မီးလုံးကိုဖွင့် ဩကာသ ဩကာသဆို ဘုရားရှစ်ခိုး နေရင်းက လမ်းပေါ်က ဖြတ်သွား
ဖြတ်လာတွေကို လှမ်းကြည့်ရင်း အလျဉ်းသင့်သူကို လှမ်းတွေ့ပါလိမ့်မယ်။
“မတင်စန်း ခဏခဏ” တဲ့ ဟိုကလည်း တက်လာတာပဲ။ ပြောကြပြီ။ ဘာမှ မရေရာတဲ့
ဟိုကိစ္စ ဒီကိစ္စတွေ မတင်စန်း ပြန်သွားတော့ နောက်တစ်ယောက် တက်လာ။ ပြောကြပြန်။
နောက်ဆုံး ပြောစရာ မရှိတော့ အိမ်ရှေ့ ရေတိုင်ကီကို ရေလာ ထည့်သည့် လူကို
လှမ်းစကားပြော။ ညနေ (၄) နာရီလောက် ကျတော့ “ဟဲ့ သမီး သွား ဆီနှစ်ကျပ်ခွဲသား”
အဲဒါ ရောက်လာတာနဲ့ လုပ်ပြီ အညှော် ဆီ ပြည့်ပြည့်စုံစုံ ရှိမှ ကြော်ပါလား။
ခုတော့ ရေကျန်ဆီကျန် ချက်ရမယ့် ကိစ္စမျိုးကို ဇွတ်ကြီး အိုးဂျစ်ဂျစ်
မြည်အောင် တွန်းကြော်နေတော့ မညှော်ပဲ နေမလား။ “အမ ရေဖိုး ၃ ကျပ်” ရေပိုက်
ထည့်သည့်လူက ရောက်လာ မှတ်ထားလိုက်နော် နောက်နေ့မှ ပေါင်းယူတဲ့။ ချက်ရင်း
ပြုတ်ရင်းလည်း ပါးစပ်က အနားမနေ။ ကလေး (၂) ယောက်က လမ်းပေါ် တက်ဆော့နေချိန်
ဆိုတော့ တစ်ယောက်တည်း သီချင်း ဆိုပြီပေါ့။ စာသားတွေက မမှန် မာမာအေး၊
ချိုပြုံး အားလုံး သူမရတာ မရှိ။စားသောက်ပြီးတော့ ကလေး (၂) ယောက် လက်ဆွဲပြီး
ဆင်း၊ အိမ်မျက်စောင်းထိုး အိမ်ရှေ့ ကုက္ကိုလ်ပင်ရိပ်က ခုံတန်းမှာထိုင်
အဲဒီ့အိမ်က မိန်းမတွေနဲ့ စကားပြော။
ဒီလို ထိုင်နေတုန်းများ သူကလဲ
အိမ်ပြန်ချိန် စောလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကွမ်းယာဆိုင်ဘက် ခဏထွက်ပြီး
ဆေးလိပ်ကလေး ဘာလေး ဝယ်လို့ပဲ ဖြစ်ဖြစ် မတိုက်ဆိုင်လိုက် လေနဲ့။ ကြားရပြီ။
ဗွီဒီယို အကြောင်း။ ခပ်တိုးတိုးက ကြာကူရီ တဲ့။ ပြီးတော့ ရယ်လိုက်ကြသေး။ ညကျ
တံတားသစ် ဆောက်လုပ်ရေးမှာ နေ့စားဝင်လုပ်နေသည့် သူ့ ယောက်ျား ပြန်လာတော့
ဆက်စကားတွေ ပြောကြပြန်။ သမီးလေးရေ မနက် ခရီးထွက်ရင် သမီးလေးကို
ဒီလိုလူမျိုးတွေ လက်ထဲ အပ်မထားခဲ့ဘူးကွယ့်။ ရှင်ပညာသိဒ္ဓိကို
အပ်ထားခဲ့မယ်ကွဲ့။ ပထမတော့ ဒီအိမ်ခန်းလေးကို ပြန်အပ်ပြီး၊ စဘော်ပြန်ယူ သူ
တစ်နေရာ ရွှေ့ဖို့ပါပဲ။ ဒါပေမယ့် ဘာစိတ်ဓာတ် ကျစရာ ရှိလဲ။
လောကမှာ ထာဝရ ဘုရားသခင်က လူတစ်ယောက် မွေးဖွားလာကတည်းက ကံစီမံရာ နာခံရမယ်လို့ ဆိုထားပြီးသား မဟုတ်လား။
ငယ်ငယ်လေးကတည်းက မိဘအရိပ်အဝန်းမှာ ရွှေပေါ်မြတင် နေလာခဲ့တဲ့ ဆွေခင်
တစ်ယောက်သာ ဒါတွေကြားတော့ အံ့အားသင့်ပြီး နင့်ပတ်ဝန်းကျင်ကလဲ
ကြောက်စရာကြီးပါလား ဟုဆိုရှာသည်။
သူကတော့ ဆွေခင် ဘာပြောပြော
ပြုံးကြည့်နေမိ တတ်ခဲ့တာ ကြာပြီ။ ဟိုဝေးဝေး မိုင် ၄၀၀ ကျော်က မြို့ကလေး
တစ်မြို့မှာ ဆွေခင်နှင့်အတူ ကျောင်းတက်ခဲ့ကြရစဉ်တုန်းကလည်း
ဆွေခင့်ကိုကြည့်ကာ ပြုံး၍သာ နေမိခဲ့သည်။ ဂါဝန်လှလှလေး ဝတ်ခဲ့သော ဆွေခင်။
ပန်းပွင့်ရောင်စုံ လှလှလေးများနှင့် လိပ်ပြာ ရောင်စုံလေးတွေကို
ချစ်မက်တတ်ခဲ့သော ဆွေခင်။ ကျောင်းစိမ်း ထဘီ လေးကို အသာမကာ ကားနောက်ခန်းမှ
ခြေတစ်ဘက်ချပြီး ဆင်းလာတတ်သော ဆွေခင်။
သူ့မျက်လုံးအိမ်ထဲတွင်
ကျောင်းရှေ့မှ စိန်ပန်းပွင့် နီနီရဲရဲ တွေကို မြင်လာသည်။ ကျောင်းနောက်ဘက်က
ခရေပင်တန်းကို မြင်လာသည်။ ကျောင်းမုန့်ဈေးတန်းမှ ဆွေခင် စားနေကျ
ရှောက်သီးသုပ်နှင့် ကြာဆံဟင်းခါး ဆိုင်လေးကို မြင်လာသည်။ ဆွေခင်နှင့်
စိတ်ကောက်ဖူးသော ဥမ္မာညွန့်ကို မြင်လာသည်။ ဆွေခင်နှင့် မတူတူအောင်
ကျစ်ဆံမြီး ဖားဖားကြီး လိုက်ထိုးတတ်သည့် ဝင်းဝင်းသန့်ကို မြင်လာသည်။
သူ့ခဲတန်လေးကို ဂရုတစိုက် ချွန်ပေးတတ်သည့် ဆွေခင်။ သူ့ကို ရေခဲမုန့်
ဝယ်ကျွေးတတ်သော ဆွေခင်။ သူ့ကို သင်္ချာ သင်ပေးဖူးသော ဆွေခင်။ ပြီးတော့။
သမီးကလေး အိပ်ပျော်သွားပါပေါ့လား။ စောင်ပါးလေး တစ်ထည်ကို ခေါက်ကာ သမီးလေးပေါ်မှာ တင်ပေးလိုက်သည်။
“ဟဲ့ သမီး အိမ်ထဲကို ကြောင်မဝင်စေနဲ့ ပန်းနာရောဂါ ဖြစ်တတ်တယ်”
“မဝင်ပါဘူး မေမေရဲ့ ဘယ်တုန်းက သမီးတို့အခန်းထဲ ဒီကြောင် ဝင်ဖူးလို့လဲ သူ့ဟာသူ ဟိုခြုံတွေ အောက်ခုံဆင်းသွားတာပါ”
“မေမေကလဲ ဟိုဘက်ခန်းက ဦးကြီးဆို ဒီကြောင်လေးနဲ့ ဖက်ဖက် အိပ်နေတာ တစ်ခါတစ်ခါ ပွေ့ထားတာ သမီးတွေ့တယ်”
“စကားမရှည်နဲ့ မောင်းထုတ်လိုက်”
“ပန်းနာရောဂါ ဆိုတာ ဘာလဲ မေမေ”
“ချောင်းတဟွတ်ဟွတ် ဆိုးတာ”
“ချောင်းဆိုးတာနဲ့ ကြောင်နဲ့ ဘာဆိုင်လို့လဲ မေမေ”
“ဪ ခက်လိုက်တာ မေမေ ဆရာဝန် မဟုတ်ဘူး”
“ဒါဖြင့် မေမေက ဘာလို့ သိနေလဲ”
တစ်ဘက်ခန်းမှ မိန်းမနှင့် သမီးနှစ်ယောက်၏ တစ်ခါက စကားသံလေးတွေကို ပြန်လည်
ကြားယောင်နေမိသည်။ သူပြုံးနေမိသည်။ ဟုတ်လား။ တကယ်ပဲလား။ သမီးလေးက လူတွေကို
တကယ်ပဲ ပေးတတ်လား။ အမှန်တရားပဲလား။ ပြင်ပမှ မိုးခြိမ်းသံများ ကြားရသည်။ လေ
ကြမ်းကြမ်း တိုက်လာသည်။ မိုး တအားကြီး ရွာချပေဦးတော့မည်။ ဒီအချိန် ဆိုရင်
ဆွေခင်လည်း သူတို့ အိမ် အကြီးကြီးထဲမှာ အိပ်မောကျနေ ရှာရောပေါ့။
မိုးတွင်းဆိုတော့ သူ့ အိပ်ခန်းက လေအေးစက်ကို ဆွေခင် ပိတ်ထားမှာပါပဲ။
“ရုံးကို မလာနဲ့တော့နော် အကြောင်းရှိရင် ဖုန်းဆက်လိုက်”
“ဘာဖြစ်လို့လဲ ဆွေခင်ရဲ့”
“ရုံးက စီစီမြင့်ဆိုတဲ့ စာရေးမ သိလား၊ စာရင်းစစ် စားပွဲကလေ”
“ဘယ်သိမှာတုန်း၊ ဆွေခင့်ဆီ လာလည်ရင် ဆွေခင့် စားပွဲမှာပဲ ထိုင်တဲ့ဥစ္စာ ပြောပါဦး စီစီမြင့် အဲဒါ ဘာဖြစ်လို့လဲ”
“သူက နင့်ကို သိပ်မုန်းတာပဲတဲ့”
“ဟင် ဘယ်နှယ်ကြောင့်၊ ဘာဆိုင်လို့”
“ဗွီဒီယိုတွေ ထဲမှာ နင့်ကို မုန်းတာ ပြောတာ”
“ဩော် ဟုတ်လား။ သူမုန်းတာပဲ၊ ဆွေခင် မုန်းတာမှ မဟုတ်တာ”
“ပြီးတော့ သူကလဲ ငါနဲ့ နင့်ကို စိတ်မချဘူးတဲ့”
ဆွေခင် ထုတ်ပြသည့် ဓာတ်ပုံလေး တစ်ပုံက ရုပ်ရှင်မင်းသား လိုလို ဘာလိုလို။
“ဘယ်မှာ ရိုက်ထားတာလဲ”
“မလေးရှားမှာလေ”
“သူက ဘယ်သူ”
“နောက်မှာ ဖတ်ကြည့်လေ”
ဓာတ်ပုံနောက်ကို ကြည့်လိုက်တော့၊ မင်အပြာရောင်နှင့် ရေးထားသည်။
“ဆွေခင်ရယ် မောင်အရမ်း လွမ်းတယ်ကွာ” တဲ့။
ဟား ဟား ဟား ဟား ဟား ဟား
သူ့ရင်ထဲမှာ ပေါက်ကွဲကာ ရယ်မောနေမိတော့သည်။
“ပြောပါဦး ဒီလူ့နာမည်”
“ဝင်းကျော်ထွေး သူပြန်လာရင် ငါအလုပ် ထွက်မယ်၊ သူနဲ့ လက်ထပ်ရမယ်”
“ဪ”
ပန်းနာရောဂါ ဖြစ်ချင် ဖြစ်ပါစေ အိပ်ပျော်နေသော သမီးလေးကို သူ ငုံ့နမ်းလိုက်သည်။ သမီးလေးရယ် လူတွေဟာ ဒီလိုပဲကွယ်။
မိုးတွေက သည်းသည်းလှုပ် ရွာချလာသည်။ သံတိုင်ကီထဲသို့ ရေတံလျှောက်မှ
ရေကျသံကို ကြားရသည်။ သို့သော် ရေကျသံ မမှန်။ လွဲနေပုံ ရသည်။ ရေတံလျှောက် ထ၍
ထည့်ရန်၊ သမီးလေးနားမှ ခပ်ဖွဖွ ခွာ၍ ခြင်ထောင် အပြင်သို့ ထွက်ခဲ့သည်။
တံခါးဖွင့်သည်။ ရေတံလျှောက် အနေအထားကို ပြုပြင်သည်။ ဖရောင်းတိုင် ထွန်း၍
စားပွဲတင် နာရီကို ကြည့်သည်။ ဟင် ည ၁ နာရီတောင် ထိုးပြီ
အိပ်ပျော်ချင်လိုက်တာ။ မနက် ခရီးထွက်ရမှာ။ မျက်လုံးတွေကကြောင်လို့။
ဖရောင်းတိုင်ကို ကိုင်၍ မီးဖိုခန်းလေး ရှိရာသို့ ထွက်ခဲ့သည်။ ကြောင်အိမ်ကို
ဖွင့်သည်။ ပုလင်းပြားကလေး။ ဖန်ခွက်လေး တစ်ခွက်၊ သောက်ရေအိုးမှ ရေတစ်ခွက်
လှမ်းခပ်လိုက်သည်။ ခဏကြာတော့ ရင်ထဲမှာ ပျော်သွားသည်။ တစ်ကိုယ်လုံး
လန်းဆန်းလာသည်။ နောက်တခဏကြာတော့ အိပ်ချင်စိတ်များပါ ယိုဖိတ်လာသည်။
ဟိုပစ္စည်းတွေ ပြန်သိမ်း။ ဖရောင်းတိုင် မီးငြိမ်း။ ခြင်ထောင်ထဲ ပြန်ဝင်။
မိုးရေ ဆက်ရွာ နေပေဦးတော့ကွာ။ ဒီကမ္ဘာမှာ လူတစ် ယောက်ရဲ့ ဇာတိ။ မိဖ။ နာမည်။
အလုပ်အကိုင်။ ဘာဆိုဘာမှ မသိဘဲ အဲသည့် လူတစ်ယောက်ရဲ့ ကြင်နာ ယုယတတ်မှုနဲ့
(အိပ်ခြင်းရယ် ရေ သောက်ခြင်းရယ် တပိုတပါး သွားခြင်းရယ် မိမိကိုယ်မိမိ
သန်းရှာခြင်းရယ် စားနေကျ ပုဇွန်ခြောက်နဲ့ ထမင်းကို စားခြင်းရယ် ပြီးတော့
သူ့တို့ ဘာသာဘာဝ ကိစ္စလေးတွေကို အချိန်အခါအလိုက် တိကျစွာ ပြုမူ
ဆောင်ရွက်ခြင်းရယ်) အဲဒါတွေကိုပဲ ဖြူစင်ရိုးသားစွာ သိနေမယ့် သမီးလေး။
သမီးလေးကို ငုံ့ကြည့်ရင်း သူ ရုတ်တရက် မျက်ရည်တွေ ရစ်ဝဲလာသည်။ မနက်ဖြန်ခရီး ခဏထွက်ပြီး မကြာခင်မှာ ပြန်လာခဲ့မှာပါ သမီးလေးရယ်။
ခဏဝေးနေရတဲ့ အချိန်တွေမှာ အဲဒီ့ အဝေးကြီးကို သမီးလေးသာ လှမ်းကြည့်တတ်လို့
မြင်စွမ်းနိုင်ခဲ့မယ် ဆိုရင် သမီးလေး မြင်ရမယ့် လူတစ်ယောက်ရဲ့ ရင်ထဲက အရာဟာ
သမီးလေးအတွက် ထာဝရ ထပ်ဆင့် ထာဝရ။ ဆွေခင်ကတော့ သူ့ကို ငယ်စဉ်ကတည်းကပင်
အနိုင်ယူခဲ့သည်။ ခုလည်း နိုင်သွားပြန်ပြီ။ ဆွေခင့်ကိုတော့ ချောက်ကမ်းပါး
အောက်သို့ သူ့ကို တွန်းချလိုက်သူလေး အဖြစ် သူမမြင်မိ။ ပုထုဇဉ် တစ်ယောက်
အနေနှင့် ဝဋ်ဟုပင် သူ ထင်မြင်ယူဆ နေမိလေသည်။
------------------------
ဆောင်းဝင်းလတ်
နှင်းဆီ ရုပ်ရှင်မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ၊ ၁၉၉၄။
No comments:
Post a Comment