ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာဆီသို့
==================================
(မြောက်ဦးရွှေမြို့တော်)
ဒီဇိုင်းမျိုးဆွေသန်း
စစ်တွေလေဆိပ်ကို ဆင်းမယ်လို့ ဆိုတာနဲ့ လေယာဉ်က ချက်ချင်းပဲ ခပ်ကြမ်းကြမ်းဆွဲခါရင်း ထိုးဆင်းတယ်။ ငုံ့ကြည့်လိုက်တော့ အဖြူရောင် ပင်လယ်လှိုင်းကြီးက ကျောက်တောင်ကြီးကို ဗျန်းခနဲ ဆောင့်တိုးလိုက်တယ်။ မြေကြီးကို နင်းမိပြီဆိုတော့ ခေါင်း မဖော်နိုင်တဲ့ကြားက ရမ်းခါလိုက်တဲ့ အုန်းပင်တန်းတွေ ယိမ်းနွဲ့တာ မြင်လိုက်ရပြီးတာနဲ့ ဖျန်းခနဲ မိုးစက်တွေက ဆောင့်တိုးတာ ခံလိုက်ရတာပါပဲ။ အဲဒါ စစ်တွေပါ။ ရခိုင်ပြည်နယ်ပါ။ ဈေးနားက ထမင်းဆိုင်မှာ ထမင်းစားပြီးတော့ ရွှေမြို့ တော် မြောက်ဦးကို ဘယ်လိုသွားရမယ်ဆိုတာ အနားမှာ ဆူညံနေအောင် အကြံပေး ကြတော့တယ်။ ဒါပေမဲ့ ရာသီဥတု ဆိုးနေလို့ ဘယ်သင်္ဘော၊
ဘယ် မော်တော်မှ မထွက်ပါ။ ဘယ်ကား ဘယ်ယာဉ်မှ မထွက်တာရက်များစွာ ရှိပါပြီဆိုလို့ ကားတစ်စင်း ခဲခဲယဉ်းယဉ်းနဲ့ ငှားရ ပါတော့တယ်။
မလာခင်ကတည်းက စိတ်မှာ စိုးမိုးလွန်းလှတဲ့ စကားလေး နှစ်လုံးတည်းနဲ့ အစီအစဉ်တွေကို ဦးထားတဲ့ မြောက်ဦးကိုထွက်ခဲ့ပါပြီ။ မြန်မာပြည်မှာ တံတားအများဆုံး လမ်းလို့လဲမှတ်တမ်းတင်ချင်ပါတယ်။ သိပ်လှပတဲ့ ကစ္ဆပနဒီမြစ်နဲ့ ကစ္ဆပနဒီတံတားကို မိုးတွေ သည်းထန်နေတဲ့ ကြားကနေ ဖြတ်သန်းပါတယ်။ ရာသီဥတု၊ ပတ်ဝန်းကျင် တောတောင် ရေမြေ အားလုံးဟာ အရာရာ ပြောင်းလဲသွားပါပြီ။ ပျာယာခတ်နေတဲ့ လူတွေကို မြင်နေရာကနေ အေးချမ်းငြိမ်သက်တဲ့ လူတွေကို မြင်တွေ့ရတော့ အေးစိမ့်နေတဲ့ မိုးစက်တွေအောက်မှာ ကျွန်တော်ပါ အရှိန်တွေကျ ငြိမ်သက်သွားပါပြီ။ တံတားအဝင် ချဉ်းကပ်လမ်းဘေးမှာ အေးအေးသာသာ နှီးချောနေတဲ့ လင်မယားကို မြင်ရမယ်။ တံတားဝင်ကြေးကို ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးသွားပေး နေတာကို မြင်ရမယ်။
တံတား အဝင်တန်းကို ချည်ထားတဲ့ကြိုးကို ကိုင်ရင်း အဝေးကို ငေးကာ ဆေးလိပ်ဖွာနေတာကို မြင်ရမယ်။ ကျယ်ပြန့်တဲ့ ဖက်ခမောက်ကြီးကို ဆောင်းပြီး မိုးရေထဲမှာ ခါးထောက်ရင်း ခင်ဗျားကို ငေးနေမယ်။ အဲဒါတွေကို မြင်နေရပြီ ဆိုမှတော့ ဘယ်အရာကို လျင်ရဦးမှာလဲ၊ ဘယ်ကိစ္စကို မြန်ရဦးမှာလည်း အေးအေး ဆေးဆေးပေါ့။
စိမ်းစိုနေရုံတင်မကပါဘူး၊ ရွှဲနေတဲ့ သစ်ပင်တွေကို ငေးရင်း တောင်စဉ်တောင်တန်းတွေက ဘေးတစ်ဖက်တစ်ချက်မှာ ညို့ မှိုင်းလို့၊ တောင် အလတ်စားလေးတွေကလည်း ဟိုနားတစ်ပုံ ဒီနားတစ်ပုံ သဘာဝလို့ထင်စရာမရှိ၊ တစ်ယောက်ယောက်ကများ လက်နဲ့ လာပုံထားသလားလို့ တွေးမိတယ်။ ရေတွေပြည့်နေတဲ့ လမ်းပေါ်မှာ ကားကလူးလှိမ့် နေတယ်။ ကိုးခွင်တိုင်းကလည်း အုံ့မှိုင်းရီတဲ့ ဇာတ်ကို ကနေတယ်။ မိုးစက်တွေကလည်း စက္ကန့်မလပ်ကျဆင်း နေတယ်။ သီချင်းလည်း နားမထောင်လေနဲ့၊ စကားလည်း မပြောလေနဲ့။ တွေးပဲ တွေးပြီး ငေးပဲ ငေးသွား ရတော့တယ်။
ပတ်ဝန်းကျင်က စွတ်စို ထိုင်းမှိုင်းနေတော့ အတွေးကလည်း အများကြီး ပြန့်ထွက်မသွားပါဘူး။ တစ်မျိုးတည်းပါပဲ။
မရောက် ဖူးသေးတဲ့ မြောက်ဦးကိုပဲ တွေးမိတာပါ။ လောင်းကြက်မြို့ဟောင်းကနေ ပြောင်းပြီး ၁၃၄ဝ-မှာ မင်းစောမွန်တည်တဲ့ မြောက်ဦး၊ ရခိုင်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ချန်ထားခဲ့တဲ့ မြောက်ဦး၊ ဘစောဖြူဘုရင်(၁၄၅၉-၁၄၈၅)မှာ အင်အားကောင်းလာပြီး ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက်မှာ ရွှေရောင်တောက်ခဲ့သော ဖြတ်ထုံးတွေ ချန်ခဲ့တဲ့ မြောက်ဦး ပညာရှိအမတ်ကြီး မဟာပညာကျော် ပေါ်ထွန်းခဲ့တဲ့ မြောက်ဦး။ အတွေးတိုင်းမှာ မြောက်ဦး ရေငွေ့တွေကပ်နေပါတော့တယ်။ ကားဆရာက ပြောတယ်။ ဟောဒါ ကျောက်တော်မုနိ ပြန်မှပို့ပေးမယ်။ ရှေ့တောင် တစ်တောင်လောက်ကျော်လိုက်ဦးမယ်။
ပြီးရင် ထမင်းစားမယ်တဲ့။
ထမင်းဆိုင်ကလည်း အေးအေးဆေးဆေးပဲ။ ဇွတ်ရော အတင်းရော မကြိုပါဘူး။ ဖော်ရွေလွန်းတယ်လို့တော့ ပြုံးပြနေတဲ့ သွားကြီးကြီးတွေက သက်သေခံနေတယ်။ ဘာမှမမှာလေနဲ့ ဒါပဲရှိတယ်။ တောဝက်သားနဲ့ ဟင်းရည်တစ်ခွက်။ ဘယ်အရာမဆို လောလော လောလော လုပ်တတ်တဲ့ ဓာတ်ပုံဝဏ္ဏခွါနီးတစ်ယောက် တစ်လမ်းလုံး ငြိမ်ကုပ်လို့ ရခိုင်မိုးရေတွေအောက်မှာ ပိပြားနေတယ်။ စကားမပြောနိုင်ဘူး။ စားရမယ့်ဟင်းကို မြင်တော့မှ မျက်လုံးကြီးပြူးလို့ ပြန်ပြီးလှုပ်ရှားသွားတယ်။ ကျွန်တော့်ကိုမေးတယ်။ အစ်ကို ဒါဘာဟင်းရည်လဲတဲ့။ငါသိတယ်။ အဲဒါသစ်တိုသီး။ ရန်ကုန်တက္ကသိုလ်ထဲမှာလည်းအဲဒီအသီးတွေ ရှိတယ်။ သူမခံစားနိုင်ဘူး။ လက်ကြီးဖြန့်ပြပြီး ကြက်ဥကြော်လေးများရမလားဆိုပြီး မှာစားလေရဲ့။
ကားပြန်ထွက်တော့ဝဏ္ဏခွေသွားပြီ။ ကျွန်တော်ကလမ်းဘေး ဝဲယာကရွာတွေမှာ သတ္တုရေအိုးတွေတွေ့လို့မေးတော့ ကားဆရာက ဖြေတယ်။ ဘင်္ဂလားနဲ့နီးလို့ ကုလားတွေသုံးတဲ့ ရေအိုးတွေသုံးတာတဲ့။
အတွေးထဲမှာတော့ အခုမှ ဘင်္ဂလားနဲ့ အဆက်အဆံရှိတာ မဟုတ်ပါ။ ခြောက်ရာစု၊ ခုနစ်ရာစု ရှစ်ရာစုတုန်းက ရေးထိုးခဲ့တဲ့ ရခိုင် ကျောက်စာတွေ အားလုံးကလည်း ရှေးဟောင်း အိန္ဒိယ 'ဂုပ္တ' လက်ရေးနဲ့ပဲ ရေးထိုးခဲ့ကြတာ။ ငွေကြေးအဖြစ် သုံးစွဲခဲ့ကြတဲ့ ဒင်္ဂါးတွေကလည်း အိန္ဒိယက ဆင်းသက်လာတာတွေ တွေးရင်းနဲ့ သမိုင်းပညာရှင်တွေ ဖော်ထုတ်ခဲ့ကြတဲ့ ရှေးဟောင်း
ရခိုင်ပညာရှင်ကြီးများရဲ့ ခြေရာတွေကို ပြန်မြင်ယောင်လာမိပါတယ်။
ရှေးရခိုင်မင်းတွေဟာ 'ယေ ဓမ္မာ ဟေတုပ္ပဘဝါ' ဂါထာ အကြောင်း အရာနဲ့ ကျောက်စာတွေ ချန်ထားရစ်ခဲ့တယ်။
ကိုယ့်အမည်နာမ ရေးထိုးပြီး နွားရုပ်၊ ခက်ရင်းပုံ၊ ခရုပုံ၊ သပြေခက် တွေနဲ့ ဒင်္ဂါးတွေ သွန်းလုပ် သုံးစွဲပြီး ချန်ထားခဲ့ကြတယ်။ ဘုရားပုထိုးတွေနဲ့ ယဉ်ကျေးမှု အနုလက်ရာတွေ ချန်ထားခဲ့ကြ တယ်။ နှောင်းလူတွေကို သူတို့ဟာ ဗုဒ္ဓသာသနာကို သက်ဝင် ယုံကြည်ချီးပင့်ကြောင်း၊ ပေးကမ်းစွန့်ကျဲ အလှူအတန်းမြဲ လို့ အစွန်းကုန် ရက်ရောခဲ့ကြကြောင်း တရားစောင့်ကြောင်း၊ ဘုန်းသမ္ဘာကြီးကြကြောင်း၊ ဥာဏ်ပညာ ထက်မြက်ကြောင်း၊ ရာဇပရိယာယ်အရာမှာ လိမ္မာကြကြောင်း၊
သတ္တဝါအပေါင်းရဲ့ ကျေးဇူးကို ဆောင်ကြောင်း၊ ကုသိုလ်တည်းဟူသော ရတနာပန်းကို သီကုံးပြီးနတ်ပြည်သို့ လားကြကြောင်း
များကို ကျောက်ထက် အက္ခရာတွေနဲ့ ကျွန်တော်တို့ကို ပြောကြားခဲ့ကြတယ်။
ရေတွေစီးနေတဲ့ ကျောက်လမ်းပေါ်မှာ ကားဆရာက ယိမ်းထိုးလို့ ကားကို မောင်းနေရင်းက ဆရာတို့ မြောက်ဦးရောက်ရင် ဘယ်မှာတည်းမှာလဲ မေးလာတယ်။ 'နဝရတ်မှာ တည်းမယ်သိလား၊ နောက်နေ့ကျရင် ဘုရားတွေကို ခင်ဗျား လိုက်ပို့နိုင်မလား။ ပြန်မေးတော့ သိတယ်။ ပို့ပေးမယ်။ 'စောမွန်ပြင်ပြုမင်းဗာတည်ကေ၊ ရွှေမြောက်ဦး' လို့ပြောကြတာပဲဗျာ ဆိုပြီး ကားဆရာကလည်း မြောက်ဦးသမိုင်းထဲကို ဝင်လာတယ်။ ဟုတ်ပါတယ်။ မလာခင်ဖတ်လာခဲ့တဲ့ စာအုပ် တချို့ထဲက မြောက်ဦးကလည်း စောမွန်ပဲ ပြင်ပြုပါတယ်။ မင်းဗာပဲ တည်ပါတယ်။ ၁၄၃ဝ-မှာ မင်းစောမွန်က စတင်ခဲ့၊ မြောက်ဦးမြို့တော်ဟာ ရှစ်သောင်းဘုရားကြီးကို တည်ခဲ့တဲ့ မင်းဗာကြီးရဲ့ လက်ထက်မှာ ကြီးကျယ်ခမ်းနားခဲ့တယ်။
၁၇၈၄-မဟာသမတရာဇာ လက်ထက်ထိ နှစ်ပေါင်း ၃၅၄-နှစ်တိုင် အောင် ရခိုင်ရာဇဝင်ထဲမှာ တင့်တယ်ခဲ့တဲ့ မြောက်ဦးရွှေမြို့တော် ကြီး ဖြစ်တယ်။ ၁၆၃ဝ-မှာ သီရိသုဓမ္မရာဇာ လက်ထက်မှာ ရောက်ခဲ့တဲ့ ပေါ်တူဂီလူမျိုး ဘုန်းကြီး မန်နရစ်က မြောက်ဦးရွှေနန်းတော်ကြီးနဲ့ ဘုရင် သီရိသုဓမ္မရဲ့ ရာဇဘိသေက အခမ်းအနားကို မှတ်တမ်းတင်ထားခဲ့သေးတယ်။
သူ့မှတ်တမ်းထဲက မြောက်ဦး ဆိပ်ကမ်းထဲမှာ ဘင်္ဂလား။ ပဲခူး၊ ယိုးဒယား ကမ္ဘောဒီးယား၊ ဂျာဗားက သင်္ဘောတွေ ဆိုက်ကပ်နေတာ၊ ကုန်သည်တွေ ကျိတ်ကျိတ်တိုး ရောင်းချနေတာ၊ အစိမ်းရောင်၊ ခရမ်းရောင်၊ ရွှေရောင် ပိုးဝတ်ရုံတွေနဲ့ ဘုရင့် မြင်းတပ်ကြီး ချီသွားတာ၊ ဘုရင့်ကိုယ်ရံတော် တပ်မှူးက အာရပ်မြင်းလှလှ တစ်စီးနဲ့ ရှေ့ဆုံးက စီးသွားတာ။ ရွှေပိန်းချထားတဲ့ မျက်နှာကြက်အောက်က စားသောက်ပွဲက ပျော်ရွှင်ဖွယ်ရာတွေကို တွေးရင်းနဲ့ ညနေ(၆)နာရီမှာ မိုးသားတိမ်လိပ်တွေအောက်က တောင်စဉ်တောင်တန်းတွေကြားမှာ မိုးငွေ့မြူငွေ့ တောင်ငွေ့တွေ အရစ်လိုက် ယှက်သန်းပြီး ဖုံးအုပ်ထားတဲ့ မြောက်ဦးကို ရောက်ပါတယ်။
အဲဒါ ရှစ်သောင်းဘုရားပဲလို့ ကားဆရာ လက်ညှိုးညွှန်ပြမှ မြင်ရတဲ့ ရှစ်သောင်းဘုရားက အင်္ဂတေ ဖြူဖြူတွေ မံထားတဲ့ ပြောင်ချောချောကြီး ဖြစ်နေလို့အံ့သြမှုတွေမဆုံးခင်မှာပဲ ကားဆရာက အထဲမှာ ရုပ်ကြွတွေက အများကြီးပဲဗျ၊ မိုးများလို့ ပျက်စီးမှာ စိုးလို့ဆိုမှပဲ ဘဝင်ကျတော့တယ်။ လမ်းတစ်လျှောက် မြင်ရတဲ့ စေတီမည်းမည်းကြီးတွေကို ကားဆရာက လက်ညှိုးထိုးပြီး မိတ်ဆက်ရင်း နဝရတ်ဟိုတယ် မန်နေဂျာက မနက်ကျမှပဲ သွားကြပါ။ ဂျစ်ကားတစ်စီး စီစဉ်ပေးထားတယ်။ ဓာတ်ပုံဆရာတွေ ဒီဇိုင်းဆရာတွေဆိုတော့ လိုက်ပြဖို့ ပန်းချီဆရာတစ်ယောက်က ကူညီမယ် ပြောထားပါတယ်လို့ ပြောပေမယ့် ဟိုတယ်ဝင်း အုတ်တံတိုင်းဘေးကနေ ချက်ချင်းချက်ချင်း မှောင်မှောင်ကျလာတဲ့ တောင်ကုန်းမြင့်မြင့် လေးတွေအပေါ်က အရိပ်မည်းမည်းနဲ့ စေတီတွေကို အေးစိမ့်နေတဲ့ ရာသီဥတုအောက်ကနေ ငေးကြည့်နေမိသေးတယ်။
နောက်နေ့ မနက်လင်းတော့လည်း မိုးစက်တွေက ကျဆင်းနေတာမရပ်ပါဘူး။ မန်နေဂျာက ရခိုင်ပန်းချီဆရာ ဦးရွှေမောင်သာနဲ့ မိတ်ဆက်ပေးတယ်။ အလွန်တရာ သဘောကောင်းတယ်။ အလွန်တရာ ဖော်ရွှေမယ်၊ အလွန်တရာ ကူညီမယ်ဆိုတာ လက်သွားတဲ့ အပြုံးတစ်ချက်မှာပဲ မြင်ရပါပြီ၊ ရခိုင် လူမျိုးများရဲ့ ဂုဏ်ယူဖွယ်ရာတွေအားလုံးကို ဒီပန်းချီဆရာ တစ်ယောက်တည်းနဲ့ပဲ ကိုယ်စားပြုနိုင်ပါပြီ။ အချိန်အနည်းငယ်နဲ့ ဘုရားတွေ အများကြီးရောက်အောင်၊ အဖိုးတန်တဲ့ လမ်းကြောင်းကို ဆွဲသွားပါပြီ။ မိုးတွေရွာတာ မရပ်ဘူးတဲ့။ ဆက်ပြီးတော့လည်း ရွာနေဦးမှာပဲတဲ့။
အရှေ့အနောက် တောင်မြောက် မမှတ်မိနိုင်ပါဘူး။ မျက်စိကလည်း လည်မှာပါပဲ၊ နေကလည်း မထွက်ဘူး။ ဘယ်ဘုရားမှာ မရောက်ခင် စိမ်းစိုပြီး အိနေတဲ့ ဓနိတောကြီးကို တွေ့တယ်။ မိုးစက်တွေကို အန်တုပြီး ထောင်နေတဲ့ အရွက်တွေက မာန်မချတာ ဒီသစ်ပင်ပဲရှိတယ်။ ကျွန်တော်နဲ့ ဝဏ္ဏ မနေနိုင်ဘူး။ ကားပေါ်က အတင်းဆင်းတယ်။ ခေါင်းမှာ ပဝါတွေ စီးလို့ မိုးကာအင်္ကျီတွေခြုံပြီး ထီးကတစ်ဖက် ကင်မရာကတစ်ဖက်၊ ကိုးရိုးကားယားဖြစ်နေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ပြီး ပန်းချီဆရာက ပြုံးတယ်။ ဓနိတောရှေ့က ရွှံ့ညွန်ကြီးထဲမှာ ဝဏ္ဏခွာနီး နစ်သွားတော့ ခြေထောက်ကို ဆွဲထုတ်တယ်။ ဖိနပ်တော့ ပြန်ပါမလာတော့ဘူး။ ပန်းချီဆရာ ခွက်ထိုးခွက်လန် ရယ်တော့တယ်။ အဲဒါ ဝဏ္ဏခွာနီး အစစ်ပဲဗျလို့ ပြောလိုက်တယ်။
ပထမဆုံး ရောက်တဲ့ ဘုရားက သကျမာရ်အောင်စေတီ၊ မည်းနက်တဲ့ မြေကြီးမာမာပေါ်မှာ မိုးရေတွေက ဟိုတစ်စ ဒီတစ်စ စီးဆင်းနေတယ်။ အရှေ့ကောင်းကင်ဆီမှာတော့ တိမ်စိုင်တိမ်လိပ်တွေ နောက်မှာ ပြာနေတဲ့ ကောင်းကင်ကြီးလည်းရှိတယ်။ အဲဒီနောက်ခံမှာ မိုးကောင်းကင်ထဲကို ဖောက်ထွက်တော့မယ့် လေးကိုင်းသဏ္ဌာန်နဲ့ စေတီကို အရံစေတီ တစ်ဆယ့်နှစ်ဆူက တံတိုင်းလေးဖက်မှာ ရံပြီးတော့ ၁၆၃ဝ-မှာ သီရိသုဓမ္မရာဇာ တည်ထားခဲ့တယ်လို့ အဆိုရှိတယ်။ အဲဒီမင်းရဲ့ လက်ထက်မှာ ပေါ်တူဂီ ဘုန်းကြီး မန်နရစ်ရောက်ခဲ့တာပေါ့။
ဝဏ္ဏက ဓာတ်ပုံရိုက်တယ်။ ကင်မရာထုတ်လိုက်တာနဲ့ ရေငွေ့တွေက ဖြန်းခနဲ မှန်ဘီလူးကိုလာကပ်တယ်။ ရိုက်လို့မရဘူးဆိုပြီး ကင်မရာကို ပြန်သိမ်းတယ်။ ကျွန်တော်က အင်္ကျီနဲ့ မှန်ဘီလူးကို အားပါးတရ ပွတ်ပြီးရိုက်တယ်။ ဘာမှ ပေါ်မှာ မဟုတ်ဘူးအစ်ကိုလို့ စိတ်ပျက်လက်ပျက်ပြောတယ်။ အေးမည်းမည်းကြီးပေါ်ရင် တော်ပြီဆိုပြီး ရိုက်တာပဲ၊ အခုတော့လည်း အဲဒီလို နားမလည်ဘဲ မရိုက်တတ်လည်းပဲ ပုံတွေက အရသာရှိတတ်လေသလားတော့ မပြောတတ်ပါ။ ဘုရားအဝင် မျက်နှာချင်းဆိုင် ကုန်းမြင့်မြင့်လေးပေါ်ကနေ တက်ပြီး တစ်ပုံထပ်ရိုက်တယ်။ ပြီးတော့ ပီစိဘုရား၊ အုတ်ကုန်းပေါ်တက်ကြတယ်။ နည်းနည်းမြင့်တဲ့နေရာမို့ မြောက်ဦးမြို့ပေါ်ကို မိုးတွေရွာနေတာ မြင်ရတယ်ပေါ့။ ခမောက်တွေ ဆောင်းပြီးတော့ ပန်းရံတွေအုတ်ဆင့်နေတာ တွေ့ရမယ်။ ပန်းချီဆရာနဲ့ ရခိုင်လိုတွေ နှုတ်ဆက်တာ ကြားရမယ်။
ကိုးသောင်းပုထိုးတော်ကြီးကတော့ သျှစ်သောင်းဘုရားတည်ခဲ့တဲ့ မင်းဗာကြီးရဲ့သား ဘုရင်မင်းတိက္ခာက တည်ခဲ့တယ်။
အဖေထက် သာအောင် ကိုးသောင်းတည်ထားမယ်ဆိုပြီး ဆက်ရှင်းနေတဲ့ ပန်းချီဆရာ စကားမဆုံးပါဘူး။ လှိုဏ်ပတ်လမ်းထဲကို ပြေးအဝင်မှာ 'ဗိုင်း'ခနဲ ခြေချော်ပြီး လဲတော့တာပဲ။
ချုံနွယ်တွေက ရေညှိတွေကြောင့် စိမ်းညို့နေတဲ့ နံရံတွေပေါ် တွဲကျနေတယ်။ ကပ်ပါးပင်တွေ ချုံနွယ်တွေရဲ့ အောက်မှာ တစ်ခြမ်းဖောင်း ရုပ်ပွားတော်က လေးထောင့်ကွက်လေးတွေထဲမှာ အစီအရီ၊ ရေညှိချုံနွယ် ကျောက်နံရံရှေ့မှာတော့ မည်းမှောင်စိမ်းညို့တဲ့ ကျောက်သား ရုပ်ပွားတော်ကြီးတွေက ထူထူထွေးထွေး၊ ရင်ဘတ်မောက်မောက်၊ နားကြီးကြီး၊ မျက်ခုံးမျက်လုံးနှာတံ ပေါ်ပေါ်နဲ့ ရခိုင်တို့ရဲ့ အားရှိလှတဲ့ ကျောက်ဆစ် လက်ရာတွေကို ဖော်ပြနေတယ်။
ကပ်ပါးပင်တွေ ပေါက်နေတဲ့ အလယ်လမ်းမှာတော့ လူသွား လမ်းလေး ရေးရေးရှိတယ်။ နှစ်လှမ်းကို ခြေတစ်ခါချော်မယ်၊ ကောင်းကင်က ဟင်းလင်းပွင့်။ မိုးစက်တွေက တိုက်ရိုက်ကျဆင်း နေတယ်။ မရိုက်တတ်တဲ့ ကျွန်တော်က ကင်မရာ ထုတ်ချိန်တော့ ရိုက်တတ်တဲ့ နားလည်တဲ့ ဓာတ်ပုံဆရာ ဝဏ္ဏကမေးတယ်။ အစ်ကို ရိုက်လို့မရဘူး။ အပါချာလည်းမကောင်းဘူး။ လိုက်တင်လည်းမရှိဘူး၊ အန်ဒါဖြစ်နေတယ်။ သူပြောလည်း မရတော့ပါ၊ ရုပ်ပွားတော်ကြီးတွေက သိပ်ဆွဲဆောင်တယ်။ ကင်မရာချိန်တဲ့အချိန်မှာပဲ ရုပ်ပွားတော်ကြီးတွေက ဒီပုံကို ရိုက်စေလို့ပဲ တန်ခိုးပြလိုက်လေသလား။ ရုတ်ခြည်း မိုးရွာနေတဲ့ တိမ်တိုက်တွေထဲက နေတစ်ချက်ပွင့်လာတယ်။ အဲဒီအချိန်မှာပဲ မှောင်နေတဲ့ လှိုဏ်ပတ်လမ်းထဲက အစိမ်းရောင်နံရံတွေရှေ့က အမည်းရောင် ရုပ်ပွားကြီးတွေ ပေါ်ကို ဖြာကျနေတဲ့ အဝါရောင်အလင်းလေးရလိုက်တယ်။ မြောက်ဦးရွှေမြို့တော်ကြီးနဲ့ ပတ်သက်လို့ တစ်သက်လုံး အမှတ်ရနေတော့မယ့်ဓာတ်ပုံလေး ဖြစ်ခဲ့တယ်။
ကိုဝဏ္ဏတစ်ယောက်လည်း ကံကောင်းတယ်ဟေ့ အော်ပြီး ကင်မရာနဲ့ အမြန်ရိုက်လိုက်နိုင်ပါတယ်။ လိုက်ပို့ပေးတဲ့ ပန်းချီဆရာကလည်း ကျေနပ်ပျော်ရွှင်နေတယ်။ ပြီးတော့မှရှေးဟောင်း သုတေသနရုံးက ထိန်းသိမ်းထားပြီဖြစ်တဲ့ အမိုးအကာအောက်က
ရုပ်ပွားကြီး တွေဆီ ခေါ်သွားတယ်။
မရောက်လို့မဖြစ်တဲ့ မြောက်ဦးပြတိုက်တော့ နန်းတော်ကုန်းရဲ့ ဘေးမှာရှိတယ်။ မြောက်ဦးနန်းတော်ကြီးရဲ့ ရတနာခန်းမဆောင်ရှိခဲ့တဲ့ နေရာမှာ ရှေးဟောင်း သုတေသန ပြတိုက်ကို ဆောက်ထားတယ်လို့ ဆိုကြတယ်။ ပေါ်တူဂီဘုန်းကြီး မန်နရိစ်ရဲ့ မှတ်တမ်းအရ ရတနာဆောင် နံရံတွေက ရွှေပြားတွေ၊ မျက်နှာကြက်တစ်ခုလုံးမှာ ရွှေဗူးနွယ်ပင်တစ်ပင်ကို ခန်းလုံးပြည့် ပြုလုပ်ထားတယ်။ ရွှေဗူးသီးကြီးများ တစ်ရာကျော်လည်း သီးထားတယ်။ အဖိုးတန်ကျောက်များ၊ ရတနာတွေ စီချယ်ထားတဲ့ လူရွယ်တမျှ ရွှေရုပ်တုကြီး ခုနစ်ရုပ်လည်း ရှိတယ်လို့ ဆိုပါတယ်။ အခုရော ရှေးဟောင်းပြတိုက်ကလည်း ရတနာခန်းမကြီးပဲမဟုတ်လား။ ရခိုင်ပြည်နယ်အတွင်းက ယဉ်ကျေးမှု အနုပညာလက်ရာတွေကို စုဆောင်းပြီး ပြသထားတယ်။
နန်းတော်ကုန်းပေါ်ကို တက်ပြီးတော့ သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ ဝန်းကျင်ကို ကြည့်တယ်။ အရင်တုန်းက ဒီနေရာမှာ နန်းတော်ရဲ့ အတွင်းခန်းတွေကို နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် သစ်သားတွေနဲ့ လုပ်ထားတယ်တဲ့။ အခုရော အဲဒီအမွှေးရနံ့တွေ ရတုန်းပဲလား။
ရှင်တေဇောသာရ ကိုယ်တော်မြတ်ကြီး ရခိုင်ကို ရောက်တုန်းက မြင်ခဲ့တဲ့ 'ချုပ်ညရီတွင်ဖြုတ်ချည်းမြင်သည်သျှင်သာရခိုင်တန်ဆောင်လော'
ဆိုတဲ့ ရခိုင်မင်းသမီးလေးကရော ဘယ်နားမှာ နေခဲ့တာလဲ။ အဲဒီလို ထီးကြီးဆောင်းပြီး တွေးနေတဲ့ ကျွန်တော့်ကို ဓာတ်ပုံဆရာက လှမ်းပြီး ဓာတ်ပုံရိုက်မှပဲအတွေးစက ပြတ်တော့တယ်။
လှေကားထစ်များစွာ တက်ရတဲ့ ဗန္ဒုလကျောင်းကို ရောက်တော့ အင်္ဂလိပ်လက်အောက်ရောက်တုန်းက အင်္ဂတေမံပြီး ဝှက်ထားခဲ့တဲ့ ကြေးဆင်းတုတော်ကြီး စန္ဒာမုနိကို အရင်ဖူးမြော်ရမယ်။ ဗန္ဓုလကျောင်းပ်ါရောက်လို့ ဆရာတော်ကို ဝတ်ချပြီးရင်တော့ သင်္ကန်းစုတ်တွေနဲ့ ဖုံထားတဲ့ သံမဏိဗီရိုကြီးထဲက ရခိုင် ကြေးသွန်းလက်ရာ စုံလင်စွာနဲ့ ကြေးရုပ်တွေကို ဓာတ်ပုံရိုက်ခွင့်ရပါတယ်။
ဘုရင်မင်းဗာကြီးရဲ့ သျှစ်သောင်း ပုထိုးတော်ကြီးကိုတော့ တရုတ်စကားပန်းတွေ ဖွေးဖွေးလှုပ်ပွင့်နေတဲ့ တန်ဆောင်းအတိုင်း တက်ခဲ့တယ်။ ပုထိုးတော်ကြီးထဲ မဝင်ခင်မှာ နာမည်ကြီးလှတဲ့ အာနန္ဒစန္ဒြ ကျောက်စာတိုင်ကို တွေ့ရမယ်ပေါ့။ အေဒီ ခြောက်ရာစုလောက်ကနေ လက်ရေးအမျိုးမျိုးနဲ့ ဆယ်ရာစုလောက်ထိ ဆင့်ဆင့်ပြီးထိုးခဲ့တဲ့ ဆင့်ထိုးကျောက်စာတိုင်မှာ အိန္ဒိယမြောက်ပိုင်းသုံး ရှေးကျတဲ့ အက္ခရာ တွေကို တွေ့ရယ်။ ရခိုင်မင်းဆက်စာရင်းကို တွေ့ရတယ်လို့ အဆိုရှိတယ်။ ရှစ်သောင်းပုထိုးတော်ကြီးကို အလှူငွေထည့်ပြီးရင်တော့ ဘုရားဂေါပက လူကြီးတစ်ဦးကဖန်ချောင်းတွေထွန်းပေးလိုက်တယ်။
မင်းဗာကြီးလက်ထက် ဗုဒ္ဓဂါယာက ပင့်လာတဲ့ ဓာတ်တော်ပေါင်း ရှစ်သောင်းကို ဌာပနာထားတယ်လို့ ဆိုပါတယ်။
အတွင်းဘက် လိုဏ်ပတ်လမ်းမှာ ကျောက်ဆစ်လက်ရာတွေနဲ့ ဘုရားဖြစ်တော်စဉ်များ ဆင်ခင်းသဘင်၊ မြင်းခင်းသဘင်၊ သိကြား၊ ဗြဟ္မာ၊ ဂုမ္ဘာန်၊ ယက္ခ၊ ဘီလူးရုပ်များနဲ့အတူ ဝသုန္ဒရီ၊ ဝသုန္ဒရာရုပ်များ ထုဆစ်ထားတယ်။ ပန်းချီဆရာက ဟောဒါ ဘုရင်းမင်းဗာကြီးနဲ့ မိဘုရားရုပ်တုလို့ လက်ညှိုးထိုးတယ်။ ရုပ်ထုတွေမှာ ဆေးရောင်စုံ ကြွေရည်သုတ်တို့ကစွန်းထင်း ကျန်ရစ်တုန်းပဲ ရှိသေးတယ်။ ပုထိုးတော်ကြီးအပြင်ဘက် ပရဝုဏ်မှာတော့ အရံစေတီ ၂၆-ဆူရဲ့ တစ်ဆူစီကြားမှာ ကျောက်ဆစ် ရုပ်တုတွေ ထည့်သွင်းထားတယ်။ ဒူးလေးကွေးပြီး ပြုံးနေတဲ့ ရခိုင်မင်းသားလေးရဲ့ ပုံကို ဓာတ်ပုံရိုက်ယူခဲ့တယ်။ သူကရော ဘယ်သူလဲ၊ ဒီပုထိုးတော်ကြီးကို တည်တဲ့ ပန်းရံဆရာတွေကို အမှူးပြုတဲ့ ရှင်ငယ်ဆရာ ဦးမြဝါဆိုသူများလားလို့ တွေးမိတယ်။
မြောက်ဘက်လို့ ထင်ရတဲ့ အရပ်က ထုက္ကန့်သိမ်ဆီကို လှမ်းငေးတော့ ဂေါပကလူကြီးက သွားမယ်ဆိုရင် ဒီကနေ ဖန်ချောင်းမီး လှမ်းထွန်းပေးလိုက်မယ်ဆိုလို့ ထုက္ကန့်သိမ်ဆီကို လာခဲ့တယ်။ လမ်းဘေး ရေအိုင်ထဲမှာ ဆော့ကစားနေကြတဲ့ ကလေးငယ်တွေက ရခိုင်လို လှမ်းပြီး နှုတ်ဆက်တယ်။ ဟေးလို့ပဲ ပြန်အော်နိုင်တာပေါ့။
ကျောက်သားခုံကြီးပေါ်မှာ ထူပါရုံစေတီကြီးက ရဟန်းတော်တွေ သုံးရတဲ့ ရေစစ်ခွက်ကို မှောက်ထားသလို တည်ထားတယ်လို့ ပဲ မြင်မိတယ်။ လိုဏ်ထဲမှာ လက်ယာရစ် ခရုပတ်ပုံ လိုင်ပတ်လမ်းနှစ်ခုရှိတယ်။ လမ်းအဆုံးမှာ ဂန္ဓကုဋီတိုက် မှောင်မှောင်
အခန်းတစ်ခု ရှိတယ်။ လှိုဏ်ပတ်လမ်း အဝင်က အစောင့်ရုပ်နှစ်ရုပ်ကို တစ်ခြမ်းဖောင်း ကျောက်ဆစ်ထားတယ်။
လိုဏ်ပတ်လမ်းနံ့ရံ တစ်လျှောက်မှာ ကျောက်ဆင်းတုတေတ်ာတွေ တည်ထားတာယ်။ ဆင်းတုတော်တွေကို ဘေးတစ်ဖက်
တစ်ချက်စီကနေပူဇော်နေတဲ့ ရခိုင်သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက တစ်ဆယ့်ခြောက်ရာစု မြောက်ဦးခေတ် ရခိုင်သူရခိုင်သားတို့ရဲ့ ဖက်ရှင်ပေါ့။ အဲဒီ ရခိုင်သူ ကျောက်ဆစ်ရုပ်တွေ့ရဲ့ ဆံထုံးတွေက တစ်မျိုးစီ၊ အဲဒီကပဲ ရခိုင်ဆံထုံးထုံးနည်း ၃၂-နည်းဆိုတာ ပေါက်ဖွားလာခဲ့တာပါ။ ဓာတ်ပုံရိုက်နေတဲ့ ဝဏ္ဏခွာနီးကို ဟေ့ ဆီမီးခွက်လေးတွေ ထွန်းပြီး ရခိုင် ဘုရားကန်တော့ သီချင်းတစ်ပုဒ်လောက် မရိုက်ချင်ဘူးလား လှမ်းမေးတော့ ရုပ်တုပုံတစ်ခုအတိုင်း ဝဏ္ဏက ကွေးကွေးကောက်ကောက်လုပ်ပြနေတယ်။
ပုထိုးတော်ကြီးအပြင်ကို ထွက်လိုက်တော့လည်း အထဲကို ပြန်ဝင်ချင်နေတယ်။ ဘယ်အရာက ဆွဲဆောင်တာလည်း။
ဘယ်အရာက ညှို့ယူတာလည်း။ ဘုရင်ကြီးရဲ့ မိသားစု တရားနာတယ်လို့ဆိုတဲ့ ခပ်မှောင်မှောင်ခန်းမဆောင်ကလား။
လုံခြုံမှု ပေးစွမ်းနိုင်တယ်လို့ ခံစားရတဲ့ ခရုခွေလှိုဏ်ပတ်လမ်းကလား။ ကြာပန်းတွေ ကိုင်ထားတဲ့ရခိုင်သူရုပ်တုတွေကလား၊ နောက်တစ်ခေါက်လာရင် ဒီကိုအရင်ဝင်မယ်လို့ အငြှိုးထားခဲ့တဲ့ ထုက္ကန့သိမ်ပုထိုးကြီးကတော့ မိုးသားခဲရောင် တိမ်လိပ်တွေရဲ့ အောက်မှာ ဣနြေ္ဒကြီးမားစွာကျန်ခဲ့တယ်။
မှောင်သောမည်းသော၊ ထူသောထွေးသော၊ စိမ်းသောညို့သော ပုထိုးတော်ကြီးတွေဟာ ခေတ်များစွာကို ဖြတ်သန်းရင်း
ဘယ်သူတွေ ဘယ်လိုလာလာ၊ ဘယ်သူတွေဘယ်လိုမှတ်တမ်းတင်တင် ဟောဒီလို ခဲသားတိမ်လိပ်တွေအောက်မှာ ဒီတိုင်းပဲ ဣနြေ္ဒကြီးမားစွာ ကျန်ရစ်ဦးမယ်။ ရုပ်ရှင်ပြကွက်တွေကို အမြန်ရစ်ကြည့်လိုက်ပါ။ အဲဒီခဲသားတိမ်လိပ်တွေ အမြန်ရွှေ့လျားနေတာရဲ့ အောက်မှာ ပုထိုးတော်ကြီးတွေကတော့ ငြိမ်သက်စွာနဲ့ပဲ ရှိနေသလိုပဲပေါ့။
ရာသီဥတုတွေသာ ပြောင်းသွားမယ်။ မြောက်ဦးရွှေမြို့တော် ကြီးရဲ့ သက်သေခံ ပုထိုးတော်ကြီးတွေကတော့ အရင်ကလည်း ဖြတ်ခဲ့ပြီ၊ အခုလည်း ဖြတ်နေပြီ၊ နောင်လည်းပဲ ခေတ်အဆက်ဆက်ကို ဖြတ်သန်းနေဦးမည်ပဲပေါ့။ အထူးသဖြင့်တော့ မိုးများတဲ့ အရပ်မို့ အဆက်မပြတ် ကျဆင်းတဲ့ မိုးရေစက်တွေရဲ့ဒဏ်ကို အန်တုရင်း ပေါ်လာသမျှ တီထွင်ထားကြသမျှ ခေတ်ပေါ်ပစ္စည်းတွေနဲ့ မှတ်တမ်းတင်တာတွေကို ခံယူရင်း ရွှေမြို့တော်မြောက်ဦးရဲ့ အကြောင်းကို တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဣနြေ္ဒရရ ပြောပြနေကြဦးမှာပါ။
စစ်တွေပြန်ရမှာမို့ ပျော်နေတဲ့ ကားဆရာရဲ့ ခေါ်ဆောင်ရာကို နောက်ခန်းကထိုင်နေတဲ့ ကိုဝဏ္ဏက လွမ်းဆွတ်ဝမ်းနည်းတဲ့
မျက်နှာနဲ့ ပန်းချီဆရာကို နှုတ်ဆက်တယ်။ နဝရတ်ဟိုတယ်ကို နှုတ်ဆက်တယ်၊ မြောက်ဦးရွှေမြို့တော်ကြီးကို နှုတ်ဆက်တယ်။ ကျွန်တော်တို့ နှစ်ယောက်သား ခေါင်းတွေက နောက်ကိုပဲ လည်လို့၊ စိတ်တွေက နောက်မှာပဲ ဝေ့ဝဲလို့၊ ဒီတစ်ခါတော့ နှစ်ယောက်စလုံး ကားနောက်ခန်းမှာ ခွေလို့လိုက်ပါလာကြတယ်။တောင်စဉ်တောင်တန်းတွေကို ဖြတ်သန်းမယ့် လမ်းမှာ တောဝက်သားနဲ့ ထမင်းစားမယ်။ သစ်တိုသီး ဟင်းရည်သောက်မယ်ပေါ့။
အပြန်ခရီးမှာမှ ကားဆရာသင်ပေးထားတဲ့အတိုင်း ရခိုင်အမျိုးသားကို တွေ့ရင် ကိုရှေရေ၊ ရခိုင်အမျိုးသမီးကို တွေ့ရင် မရှေရေလို့ ထထပြီး အော်ကြတယ်။ ဝဏ္ဏခွာနီးက တစ်ကြောင်းပိုသင်ထားတယ်။ သူ့အသံ ပြဲကြီးနဲ့
'အရှရိုက်မှာ အပရိုက်မရှိပါဘူးဗျို့ လို့ အော်လိုက်တဲ့ အသံက တောင်တန်းတွေထဲကို ပံျ့နှံ့စိမ့်ဝင်သွားတော့တယ်။
လမ်းဘေးက ကောက်စိုက်သမတွေက ခပ်လေးလေး ငေးကြည့်ကြတယ်၊ ကျွန်တော်တို့ကမိုးရေတွေထဲကို တိုးဝင်ခဲ့ကြတော့တယ်။ ။
ဒီဇိုင်းမျိုးဆွေသန်း
၁၊ဇန်နဝါရီ၊၂ဝဝ၅
No comments:
Post a Comment