***အိုးလှည်းတွန်းသူများ***
တစ်ခါတုန်းက အိုးလှည်းတွန်းတဲ့ လူသုံးယောက် ရှိသတဲ့။ တစ်နေ့တော့ သူတို့
သုံယောက်ဟာ မြေအိုးမြေခွက်တွေ အပြည့် တင်ထားတဲ့ သစ်သားလှည်း သုံးစီးကို
တစ်ယောက်တစ်စီး တာဝန်ယူ တွန်းရင်းက တောင်ပေါ်ကို တက်ကြတာပေါ့။ အဲသည်တောင်က
တော်တော်မြင့်တဲ့ အပြင် မတ်စောက်ကြီးဆိုတော့ တော်တော့်ကို ခဲရာခဲဆစ်
တွန်းတင်ကြရတာပေါ့လေ။ ပြီးတော့ အဲသည်တောင်က တစ်ဖက်မှာ မတ်စောက်မြင့်မားတဲ့
တောင်ကမ်းပါးရံကြီး ရှိပြီး တစ်ဖက်ကတော့ အင်မတန် နက်တဲ့ ချောက်ကမ်းပါးကြီး
ရှိတော့ ရှိတဲ့ လမ်းကလေးကိုပဲ သုံးပြီး သတိကြီးစွာနဲ့ တွန်းတက်နေကြရတာပါပဲ။
လမ်းကလေးကလည်း လမ်းဆိုမှ လမ်းပါပဲ။ တောင်ထိပ်တွေ သုံးတဲ့
မညီမညာလမ်းဆိုတော့ တွန်းရတာ တကယ့်ကို ခဲယဉ်းတာလည်း အမှန်ပါပဲ။
ဒါကြောင့်ပဲ ဆိုပါတော့။ တွန်းလို့မှ ခရီးမစရသေးဘူး။ ပထမလူရဲ့ လှည်းက
တိမ်းမှောက်သွားပြီး လှည်းပေါ်က မြေအိုးမြေခွက် အားလုံးဟာ ကျကွဲကုန်ရော။
ကွဲသမှ အားလုံးလိုလိုကို ကွဲတာပါ။ တစ်လုံးမှကို အကောင်းမရလိုက်ပါဘူး။
ဒုတိယလူကတော့ သူ့ထက်စာလျှင် နည်းနည်းကံကောင်းတယ် ဆိုရမယ်။ တောင်ပေါ်
မရောက်ခင် လမ်းတစ်ဝက်လောက်ထိ တွန်းတင်နိုင်ခဲ့သေးတယ်။ ဒါပေမဲ့ လမ်းခရီး
တစ်ဝက်လောက်မှာပဲ သူ့လှည်းက ကျောက်ဆောင်ကြီး တစ်ခုနဲ့ ဝင်တိုက်လိုက်တာ
လှည်းပေါ်က မြေအိုးမြေခွက်တွေ အားလုံး ပြုတ်ကျကုန်ရော။ ပြုတ်ကျပြီဆိုမှတော့
ဘာရမလဲ၊ ကွဲပေါ့။ အားလုံးကွဲပေါ့လေ။ တစ်စတစ်ဖဲ့မှ အကောင်းမရလိုက်ဘူး။
တတိယငနဲကတော့ မဆိုးဘူး။ ဇွဲနဲ့ တွန်းတင်တာ တောင်ပေါ်ရောက်သွားတယ်။
တောင်ထိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်တာပါ။ လှည်းလည်း တောင်ထိပ်ပေါ်
ရောက်ရော တတိယငနဲက ထအော်တယ်။
"အောင်ပြီ--အောင်ပြီ--ငါကွ"
ဒါပေမဲ့ပေါ့လေ အဲသလို လက်သီးလက်မောင်းတန်းပြီး ကျုံးလည်း
ကျုံးဝါးလိုက်ရော-- သူ့လက်က လွတ်သွားတဲ့ အိုးလှည်းဟာ အထိန်းမရှိတော့ဘဲ
လည်ပြီး စောင်းသွားလိုက်တာ အိုးတွေ အားလုံး ကျကွဲကုန်တော့တာပါပဲ။
တစ်လုံးတလေများ ကောင်းလိုကောင်းငြား လိုက်ကြည့်ပေမဲ့ တစ်လုံးမှကို
အကောင်းမရလိုက်ဘူး ဆိုပါတော့။
ဘာပဲဖြစ်ဖြစ် လှည်းသုံးစီးစလုံးဟာ
အိုးတွေ ကွဲကုန်ပြီ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းက ခေါင်းညိတ်တဲ့လူက
ညိတ်၊ ပြုံးတဲ့လူက ပြုံးပေါ့လေ။ သည်တော့ သူတို့ ဖြစ်ခဲ့ ပျက်ခဲ့တဲ့
အကြောင်းတရားပေါ်မှာ ပြန်လှန်သုံးသပ်ဖို့ လိုတယ်လို့ သူတို့ ယူဆကြတယ်။
အောင်မြင်ခဲ့သလောက် သူတို့ရဲ့ အားထုတ်မှုပေါ်မှာ တစ်စုံတစ်ရာ အကဲဖြတ်ဖို့
လိုတယ်လို့ သူတို့ တွက်တယ်။ သည်တော့ တောင်ထိပ်မှာပဲ သုံးယောက်လုံး
ထိုင်တယ်။ ဆွေးနွေးပွဲ စတယ်။
"သေချာပါတယ်ဗျာ-- ကျုပ်ကတော့
အဆိုးရွားဆုံး တောင်တက် အတွန်းသမားပါပဲ---။ ဒါပေမဲ့ ကျုပ်က အဆင်ပြေသွားတာက
စစချင်း အိုးတွေကွဲကုန်တော့ အားမကုန်တော့ဘဲ တောင်ပေါ် ရောက်ခွင့်ရတာပဲဗျ--
ခင်ဗျားတို့ထက် ကျုပ်က ပိုပြီး လန်းဆန်းနေတာ တွေ့လား--"
လို့ ပထမလူက စဆွေးနွေးတယ်။
အဲဒါကိုကြားတော့ ဒုတိယလူက-
"ဟာ---- သည်လိုပြောလျှင် ကျုပ်မှာလည်း ဘာပြောစရာ အပြစ်တင်စရာ ရှိမှာလဲ။
ကျုပ်အားထုတ်မှုက ခရီးတစ်ဝက်တောင် ရောက်ခဲ့တာ နည်း မှတ်လို့။ ခရီးတစ်ဝက်ကို
ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ စွမ်းရည်က ကျုပ်ရဲ့ အောင်မြင်မှုကို
ပြတာပဲ--- ကျုပ် မရှုံးဘူး"
လို့ ပြန်ချေပတယ်။ သည်တော့ တတိယလူက-
"အဲသလို ပြောကြေးဆိုလျှင်တော့ ကျုပ်က တစ်ဦးတည်းသော တောင်ပေါ်ရောက်အောင်
တွန်းနိုင်သူပဲဗျ--။ ဒါဟာ ကျုပ်ရဲ့ ဂုဏ်ရောင်ထွန်းပြောင်မှုပဲ-- ကိုင်း"
နောက်ဆုံးတော့ သူတို့ရဲ့ ဆွေးနွေးပွဲကို အဆုံးသတ်တယ်။ ဆွေးနွေးပွဲက
နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက် တစ်ရပ်ကိုလည်း တညီတညွတ်တည်း ချမှတ်ကြတယ်။
"ကိုယ့်ညံ့ဖျင်းမှုနှင့် ကိုယ် မြေအိုး မြေခွက် အားလုံး ကွဲသော်ငြားလည်း
ကျွန်ုပ်တို့ အားလုံးတွင် ဂုဏ်ရောင်ထွန်းပြောင်သော အရည်အသွေးကောင်းများ
ကိုယ်စီရှိသည်ဟု ဤဆွေးနွေးပွဲမှ သုံးဦးသဘောတူ အတည်ပြုသည်။"
ဘာရမလဲ။ ဆွေးနွေးပွဲ ပြီးတာနဲ့ သုံးယောက်သား လှည်းအခွံတွေ ကိုယ်စီတွန်းရင်း တောင်အောက်ကို ဆင်းလာကြတော့တာပေါ့။
ပျော်ပျော်ပါးပါးပါပဲ။
* * *
တရုတ်စာရေးဆရာ ဖန်ကျူးဖန် (Feng Xuefeng) ရဲ့ "The Three men who smashed
their earthenware" ကို ဘာသာပြန်တာပါ။ တရုတ်စာပေ မဂ္ဂဇင်းကပါ။
----------------
နေဝင်းမြင့်
သင့်ဘဝ၊ ဇန်နဝါရီ၊ ၁၉၉၅။
No comments:
Post a Comment