***စွန့်ခွာခြင်း***
===============
ညနေရီ နေရောင်ခြည်သည် ပြည်သာယာ လမ်းကလေးပေါ်သို့ လင်းလက်ဖြာကျနေကာ
လမ်းနံဘေးတွင် ရှိသည့် ပိတောက်ပင်များ၊ ငုပန်းပင်များ၊ သရက်ပင်များနှင့်
အုန်းပင်အဖျားများတွင် တောက်ပ ဝင်းဝါ နေသည်ကို ကျွန်တော် ငေးမောနေမိပါသည်။
ပြည်သာယာ လမ်းကလေးသည် ပြေပြေကလေး တက်လာသော ကုန်းကလေး ဖြစ်သည်။
ထိုကုန်းကလေး၏ နံဘေးတွင် ကျွန်တော်တို့ အိမ်ကလေး ရှိသည်။
အားလပ်သည့် ညနေဆိုလျှင် ကျွန်တော်သည် အိမ်ကလေး၏ အရှေ့တံခါးဝတွင် ထိုင်ကာ
အခုလိုပင် ပြည်သာယာ လမ်းကလေးကို ငေးမောလေ့ ရှိပါသည်။ ကုန်းအဆင်းတွင်
ခပ်သွက်သွက် ပြေးဆင်းသွားလေ့ ရှိသော စက်ဘီးများ၊ ဆိုက်ကားများနှင့်
ကားများကို တွေ့ရပြီး ကုန်းအတက်တွင် ပင်ပန်းကြီးစွာ ကြိုးစား
အားထုတ်မှုဖြင့် နင်းတက် လာရသော ဆိုက်ကားများ၊ စက်ဘီးများကို တွေ့ရလေ့
ရှိသည်။ ကားများသည်ပင်လျှင် ကုန်းအတက်တွင် အင်ဂျင် စက်ကို အားကုန်ညှစ်ကာ
တအိအိ လေးလေးကြီး တက်လာရတတ်သည်။ အချို့ အသက်ကြီးသူများ နင်းသည့်
ဆိုက်ကားများသည် ဆက်မတက် နိုင်တော့သဖြင့် ဆင်းတွန်း ကြရသည်ကို
တွေ့ရတတ်သည်။ စီးသူများကတော့ ထိုင်လျက်ပင် ရှိသည်။ ထို
ပေါ့ပါးသွက်လက်ခြင်းနှင့် လေးပင်ရုန်းကန်ရခြင်း မြင်ကွင်းကို ကျွန်တော်
နေ့စဉ် ဝေငေးမောလေ့ရှိပါသည်။
လမ်းနံဘေး သစ်ရွက်များပေါ်မှ
နေရောင်ခြည်သည် ဝင်းဝါ လင်းလက်နေရာမှ အနီရောင် သမ်းလာလျှင် ပြည်သာယာ
လမ်းကလေး ပေါ်မှာ လူတွေ ပိုများလာတတ်သည်။ ရုံးအပြန် စာရေးမကလေးတွေ၊
ညနေဈေးပြန် မိန်းမကြီးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ကျွန်တော် မသိသည့်
နေရာမှ ပြန်လာပြီး ကျွန်တော် မသိသည့် နေရာများသို့ သွားနေကြသူတွေကို
ကျွန်တော် ငေးမောနေမိတတ်သည်။ အနီရိပ်သမ်းနေကြသော နေရောင်ခြည်ထဲတွင်
သူတို့မျက်နှာတွေက ညိုးနွမ်းကာ ပင်ပန်းခြင်း၊ ထုံမှိုင်းခြင်းတို့ကို
အထင်းသား မြင်ရသည်။ ညနေရီ လေညင်းကြောင့် ဝေါခနဲ ဆင်းချသွားသော
ကားအရှိန်ကြောင့် သူတို့ဆံပင်တွေ တဖျပ်ဖျပ် ဝဲလွင့်သွားတတ်ကြသော်လည်း
သူတို့က ဆံပင်တွေကို သပ်ရပ်အောင် ပြန်ပြီး မပြုပြင်နိုင်ကြတော့။ ညနေရီ၏
အလင်းရောင် ညိုရည်ရိပ်နှင့် သူတို့၏ လေးလံ ထိုင်းမှိုင်းနေသော
ပင်ပန်းမှုတို့၏ လိုက်ဖက်ညီမှုကို ကျွန်တော် သဘောကျစွာ ငေးမော တတ်ပါသည်။
အခုလည်း ပြည်သာယာ လမ်းမပေါ်မှာ လူတွေများစ ပြုလာသည်။ ဆိုက်ကား ဘဲလ်သံတွေ
ဆူညံလာတတ်သည်။ နေရောင်ခြည်က အနီရောင် ယဲ့ယဲ့ ဖြစ်လို့လာသည်ကို ကျွန်တော်
ငေးမောနေမိပါသည်။ ငေးမောနေရင်း ကျွန်တော့် ရင်ထဲကို အသိတစ်ခုက
ခုန်ဝင်လာသည်။ ကျွန်တော် ယောင်ယမ်းပြီး တံခါးအခင်းပိတ်ပေါင်ကို လက်ဖြင့်
ဖမ်းဆုပ်ကိုင်ထား မိလိုက်သည်။ ကျွန်တော့်ရင်သည် ချက်ချင်းလေးလံ
ထိုင်းမှိုင်းကာ ဝမ်းနည်းလာခဲ့သည်။ ကျွန်တော် နှစ်ခြိုက်သဘောကျသော
ဤမြင်ကွင်းကို ငေးမောခြင်းသည် ကျွန်တော့်အတွက် နောက်ဆုံးသာ ဖြစ်ပါသည်။
ကျွန်တော့် အမေက မွေးကတည်းက သည် အိမ်ကလေးမှာ နေခဲ့ခြင်းသာ ဖြစ်ပါသည်။
ကျွန်တော့်အသက် နှစ်ဆယ့်ရှစ်နှစ်အထိ ကျွန်တော် အဲဒီအိမ်လေးမှာ နေခဲ့သည်။
အခုတော့ ကျွန်တော်တို့ သည်အိမ်လေးကို စွန့်ခွာရတော့မည်တဲ့ ။ အခု
တစ်ညနေနှင့် တစ်ည ပြီးလျှင် ကျွန်တော်တို့ ဒီ အိမ်ကလေးမှ
ပြောင်းရွှေ့ရတော့မည်၊ ဟောဒီ ပြည်သာယာ လမ်းကလေးကို ကျွန်တော် အခုနေရာက
ထိုင်ငေးခွင့် မရှိတော့။ ယခု နေရောင်ခြည်၊ ယခုမျက်နှာများနှင့် အသံ၊
အရောင်၊ အရိပ်တို့ကို ကျွန်တော် ထားခဲ့ရတော့မည်။ ဝမ်းနည်းမှုသည် ကျွန်တော့်
ခန္ဓာကိုယ်ထဲ စိမ့်ပြန့်၍ လာသည်။ ကျွန်တော် ကားလမ်းမမှ မျက်နှာလွှဲလိုက်သည်။
ကျွန်တော့် ရင်ထဲမှာ လမ်းမကို ငေးမောချင်စိတ်သည် မရှိတော့။
ယောင်ယမ်းပြီး အိမ်ထဲကို လှည့်ကြည့်လိုက်မိတော့ ကျွန်တော့် အိမ်သည်
ကျွန်တော်အရင် မြင်နေကျ အိမ်ကလေး မဟုတ်တော့။ ကျွန်တော် အရင်က ထိတွေ့နေကျ
ဖွဲ့စည်းပုံ မဟုတ်တော့ချေ။ ဘုရားစင်က ရှင်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။
ဗီရိုများ၊ စားပွဲများနှင့် ကျွန်တော့် စာအုပ်စင်သည်လည်း မရှိတော့။
ဧည့်ခန်း မျက်နှာစာတွင် ချိတ်ထားသည့် ဓာတ်ပုံများလည်း မရှိတော့။ နံရံတွင်
ကပ်ထားသည့် နှင်းဆီပွင့်ပုံလည်း မရှိတော့။ (ထိုနေရာတွင် အဖြူရောင်
ကွက်လပ်ကြီး ဖြစ်နေသည်) အရင်ကလို ကြိုးတန်းပေါ်မှာ အင်္ကျီတွဲလောင်းများ
မရှိတော့။ ကြိုးတန်းပင် မရှိတော့သဖြင့် အိမ်နောက်ဖေးသို့ တန်းမြင်နေရသည်။
အိမ်နောက်ဖေးတွင်လည်း စားပွဲ၊ ပန်းကန်စင်၊ မီးဖို ဘာမှ မရှိကြတော့။
ကျွန်တော် မမြင်ရနိုင်သော ယခင် ထားရှိသည့် နေရာများမှ ပစ္စည်းများလည်း
ထိုနေရာမှာ မရှိကြတော့ ဆိုတာကို ကျွန်တော် သိနေသည်။
ပစ္စည်းများ
အားလုံးကို စုပုံထုပ်ပိုးကာ ကျွန်တော်တို့ သိမ်းဆည်း ပြီးသဖြင့်
ကျွန်တော်တို့ အိမ်ကလေးသည် ကွက်လပ်တို့ဖြင့် ပြည့်နှက်နေသော နေရာကြီးတစ်ခု
ဖြစ်လို့နေသည်။ ထိုကွက်လပ်များကို ကြည့်ရင်း ကျွန်တော့် ရင်ထဲမှာ
ကွက်လပ်အကြီးကြီး တစ်ခု ဖြစ်လာသဖြင့် ကျွန်တော် ထို ကွက်လပ်များထံမှ
မျက်နှာလွှဲလိုက်မိသည်။
ကျွန်တော် ယောင်ယမ်းပြီး ဆုပ်ကိုင်ထားမိသော
တံခါးပေါင် အပိတ်ကလေးကို ကျွန်တော် ငေးနေမိသည်။ ကျွန်တော်တို့ မိသားစု
ကြိမ်ဖန်များစွာ နင်းတက်ခဲ့သဖြင့် တံခါးပေါင် အပိတ်ကလေးမှာ အထိအတွေ့ဝကာ
ချောမွတ်နေသည်။ သစ်သားကွက်ကလေးများက ပေါ်လစ် တိုက်ထားသလို ဖြစ်နေသည်။
ဖယောင်းစက်ကလေးများ အစွန်းအထင်း များကိုလည်း တွေ့ရသည်။ သို့သော်
ထိုသစ်သားပေါင် အပိတ်ကလေးမှာ ကျွန်တော်နှင့် ရင်းနှီးနေသည်။ ကျွန်တော်နှင့်
နှစ်ဆယ့်ရှစ်နှစ်တိတိ ရင်းနှီးခဲ့သည်။ ကျွန်တော်၏ ကိုယ်ရိပ်ကိုယ်ငွေ့၊
ကျွန်တော့် မိသားစု၏ ကိုယ်ရိပ်ကိုယ်ငွေ့ကို ထိုနေရာကလေး တစ်ကွက်မှာပင်
ကျွန်တော် ရှာနိုင်သည်။ ကျွန်တော် ထိုနေရာကလေးကို ပွက်တိုက်ခဲ့သည်။
ထိုးဆိတ် ကုတ်ဖဲ့ခဲ့သည်။ ခြေချနင်း ဖြတ်သန်းခဲ့သည်။ ထိုနေရာကလေးကို
ကိုင်တွယ်ထိတွေ့ရသည်မှာ ကျွန်တော့် ခန္ဓာကိုယ် ခြေလက်တို့ကို ကိုယ်တွယ်
နေရသလိုပင် ဖြစ်နေသည်။
အရင်တစ်ပတ်က ကျွန်တော်တို့ ပြောင်းရွှေ့ရမည့်
အိမ်ကလေးကို ကျွန်တော်တို့ သွားရောက်တိုက်ချွတ်ဆေးကြော ကြသည်။ ထိုအိမ်ကို
ကျွန်တော် ဒုတိယအကြိမ် ရောက်ဖူးခြင်းသာ ဖြစ်ပါသည်။ ထိုအိမ်က
ကြမ်းပြင်များကို ကိုင်တွယ်ရသည်မှာ အခုလို မချောမွတ်၊ ကြမ်းတမ်း နေသည်ဟု
ကျွန်တော် ခံစားရသည်။ ထိတွေ့ရသည့် နေရာ နေရာတိုင်းသည် ကျွန်တော်နှင့်
သူစိမ်းဆန်နေသည်။ အရာ အရာတိုင်းသည် ကျွန်တော်နှင့် အကျွမ်းတဝင် မနေဘဲ
မရဲတရဲ ဖြစ်နေခဲ့သည်။ ထိုအိမ်ထဲမှာ လမ်းလျှောက် ရသည်ကပင် ထူးဆန်းနေ၍ နေသည်။
ကျွန်ကော်တို့အိမ် ထဲမှာ လမ်းလျှောက်ရသလို သတိလက်လွတ်ကာ လျှောက်၍မရ၊ ဘာကို
သတိထားနေသည်လဲ ဆိုတာကိုလည်း ကျွန်တော် မသိ။ ထိုအိမ် အတွင်းမှ
ဆင့်အဆင်းအတက်များမှာ ကျွန်တော့်အိမ်ကလို အကွာအဝေး မဟုတ်သဖြင့် ဆင်းတိုင်း
တက်တိုင်း စိတ်ထဲမှာ တစ်စုံတစ်ခုကို ဆောင်ရွက်နေရသလို ဖြစ်နေသည်။ ဒါ
ငါတို့ရဲ့အိမ် ဖြစ်လာမယ့် အိမ်ဟု ကျွန်တော့်စိတ်ထဲမှာ အကြိမ်ကြိမ်
သိနေခဲ့သည့်တိုင် ထိုအိမ်သည် ကျွန်တော်နှင့် ရင်းနှီးမလာခဲ့ချေ။
သူစိမ်းတရံဆံ ဖြစ်လို့နေပါသည်။
အိမ် ... အိမ် ... ဆိုသည့် စကားကို
ပြောခဲ့တိုင်း သို့မဟုတ် ကြားလိုက်ရတိုင်း ကျွန်တော်သည် ကျွန်တော့်
အိမ်ကလေးကိုသာ မြင်ခဲ့သည်။ စိတ်ထဲက သိရှိခဲ့သည်။ ယခုအိမ်ဆိုသည့် စကားကို
ပြောရ ကြားရသည့် အခါတွင် ကျွန်တော်သည် ယခင်ကအတိုင်းပင် ကျွန်တော့်
အိမ်ကလေးကိုသာ စိတ်ထဲက မြင်ချင်၊ သိချင်နေခဲ့သည်။ သို့သော် ဒီအိမ်လေးကို
ကျွန်တော် မပိုင်တော့ဟူသော အတွေးကြောင့် စိတ်ထဲမှ အိမ်ကလေးသည်
သုံးစွဲထိတွေ့ရတာ မဝံ့မရဲ ဖြစ်နေခဲ့သည်။ ကျွန်တော်တို့ ထပ်ရမည့်
အိမ်အသစ်ကိုကား ကျွန်တော် ဘယ်လိုမှ စိတ်ထဲမှာ သုံးစွဲခံစားဖို့ ထည့်ထား၍
မရ။ မသိစိတ်တွင်ရော၊ သိစိတ်တွင်ပါ ထိုအိမ်သည် ကျွန်တော်နှင့် တကယ့်သူစိမ်း
ဖြစ်၍နေသည်။
အိမ် ဆိုသည်မှာ လူတစ်ယောက်အတွက် ညအိပ်ရုံ ၊ နားနေ
ခိုလှုံနိုင်ရုံ၊ ရာသီဥတုဒါဏ်ကို အကာအကွယ်ပေးနိုင်ရုံ၊ လာရောက် ဆက်သွယ်
တွေ့ဆုံနိုင်ရုံနေရာ ဆိုသည့် သတ်မှတ်ချက်များ အပြင် စွဲလမ်းမှု၊ စိတ်ကျေနပ်
နှစ်သိမ့်နိုင်မှု၊ လွတ်လပ်ရင်းနှီးမှု၊ နွေးထွေးငြိမ်းချမ်းမှု ဆိုသည့်
တိတိပပ ဆုပ်ကိုင် မပြနိုင်သော စိတ်၏ ခံစားမှုများပါ, ပါဝင်နေသည်ကို ယခုမှသာ
ကျွန်တော် ခံစားလာနိုင်ခြင်း ဖြစ်သည်။ သိရှိနားလည်လာနိုင်ခြင်း ဖြစ်သည်။
ကျွန်တော် ဒီအိမ်ကလေးမှာပင် ပျော်ရွှင်ဝမ်းမြောက်မှုတွေကို ခံစားခဲ့သည်။
စိတ်ဆင်းရဲ ဝမ်းနည်းမှုတွေကို ခုခံခဲ့သည်။ ဒီအိမ်ရှေ့ခန်းမှာပင် ကျွန်တော်
စာတွေရေးခဲ့သည်။ ကျောင်းစာတွေ ကျက်ခဲ့သည်။ အိပ်ပျော်သွားစဉ် အိပ်မက်တွေ
မက်ခဲ့သည်။ ကျွန်တော့် အနာဂတ်ကို ကျွန်တော် များစွာ စဉ်းစားစိတ်ကူး
တည်ဆောက်ခဲ့သည်။ ကျွန်တော့် ချစ်သူနှင့် လက်ထပ်ရသည်။ ကလေးတွေလည်း ရမည်။
အမေနှင့် အဖေသည် ပျော်ရွှင်နေကြသည်။ ကျွန်တော်တို့ ထမင်းဝိုင်းမှာ ပျော်စရာ
ကောင်းသည်။ ဒါမှမဟုတ် ကျွန်တော့် ချစ်သူက မုန်းသွားသည်။ ကျွန်တော်
စိတ်ဆင်းရဲ မွန်းကျပ်နေရသည်။ ကျွန်တော် ဆင်းရဲမွဲတေ သွားသည်။ ကျွန်တော်
အသက်ရွယ်ကြီးကာ အိုမင်းလာသည် ။ မည်သို့ပင် ကျွန်တော့် စိတ်ကူးတွေ၊
စဉ်းစားမှုတွေ ပြောင်းလဲသွားသည် ဖြစ်စေ ကျွန်တော့် အိမ်ကလေးထဲတွင်သာ
ဖြစ်သည်။ ကျွန်တော့် အိမ်ကလေးနှင့် အတူသာ ဖြစ်သည်။ ထိုသို့ စိတ်ကူးစဉ်က
အိမ်ကလေး ဆိုသည်မှာ အတွေးထဲတွင် လုံးဝမပါ။ ထည့်တွေးစရာ မလိုသည့်အချက်
တစ်ခုသာ ဖြစ်သည်။ ကျွန်တော့် ပြောင်းလဲမှု တစ်ခုအတွက် အရေးမပါလှသော
နောက်ခံကင်းဗတ်(စ်)စ တစ်ခုသာ ဖြစ်သည်။
သို့သော် အခုတော့ ဒီလို
မဟုတ်တော့။ ကျွန်တော်၏ အနာဂတ်ကို နောင်ရလာမည့် နေ့ရက်တွေကို စဉ်းစားသည့်
အခါတွင် အိမ်အသစ်နှင့် ဆက်စပ်တွေး၍ မရ။ တွေးကြည့်လိုက်မိလျှင် စိတ်ထဲမှာ
လိုက်ဖက်အံကျခြင်း ဖြစ်မလာချေ။ ကျွန်တော့် အိမ်ကလေးနှင့်အတူ စိတ်ကူးယဉ်စဉ်က
ထိုအကြောင်းများသည် တကယ် ဖြစ်လာသလို ကျွန်တော့် စိတ်ထဲတွင် ဖျတ်ခနဲ
ဖျတ်ခနဲ ပေါ်လာကြသည်။ ထိုပေါ်လာသော စိတ်ကူးမြင်ကွင်းများကို ကျွန်တော်
ရင်းနှီးစွာ အသေးစိတ် မြင်နေခဲ့ရသည်။ အိမ်အသစ်နှင့် စိတ်ကူးလျှင်
ထိုအတွေးများမှာ တကယ့်စိတ်ကူး ဖြစ်နေကာ ကျွန်တော်နှင့် မပတ်သက်သလို
အခြားတစ်ခုခု ဖြစ်နေသလိုလိုပင်။ ထိုအချက်၏ ပြောင်းလဲမှုမှာ စိတ်ကူး
တွေးထင်ရာတွင် လုံးဝ ပါဝင်ခြင်း မရှိခဲ့သည့် အိမ်ကလေးကြောင့်ဟု
ကျွန်တော်အခု အသေအချာပင် သိခဲ့ရပါသည်။
ငါ့မွေးရပ် ငါ့အိမ်မှာပဲ
ခေါင်းပြန်ချမယ်ဆိုသည့် စကားမျိုးကို ကျွန်တော်တို့ များစွာကြားခဲ့ဖူးသည်။
ထိုစကား၏ ကြောက်မက်ဖွယ် စိတ်ဆန္ဒတစ်ခုကို အခုပင် ချက်ချင်း နှလုံးသားနှင့်
ပြည့်စုံစွာ နားလည် လာနိုင်သည်။ ကျွန်တော့် အဘွားသည် ဆေးရုံ တင်ထားရသည် ။
ဆရာဝန်များက လက်လျှော့လိုက်သည့် အခါတွင် ငါသေရတော့မှာ မဟုတ်လား၊ ဒါဆို
ငါ့ကို အိမ်ပြန်ပို့ပေးကြဟု တောင်းဆိုခဲ့ဖူးသည်။ ဆရာဝန်များ အဆိုအရ တစ်ရက်၊
နှစ်ရက်ပင် ခံမည်ဆိုသော အဘွားသည် အိမ်တွင် ဆယ့်ရှစ်ရက်တိတိ
အသက်ရှင်နေနိုင်ခဲ့သည်။ ဟုတ်ပါသည် ။ လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင်
ကိုယ်နှင့် မရင်းနှီးသော အမြင်၊ အတွေ့၊ အသံ၊ အရိပ်၊ အနေအထိုင်များ ကြားတွင်
တည်ရှိနေရသည်မှာ ဘယ်လောက် သူစိမ်းတစ်ရံဆံသည့် အားငယ်မှုမျိုးလဲ ဆိုတာကို
ကျွန်တော် သဘောပေါက် လာသည်။ သေခြင်းတရား ဆိုသည့် ရွံ့ကြောက်စရာ
စိတ်ခံစားမှုကြီးပေါ်တွင် ဒေသစိမ်း၊ နေရာစိမ်း၏ အနံ့အသက် တွေ့ထိ ခံစားမှုကြီးက
လေးပင် ထုံမှိုင်းစွာ အုပ်မိုးပိကျနေမှာ သေချာပါသည်။ ထိုမရင်းနှီးသည့်
နေရာကြီးသည် အသက်ရှင်ခွင့် ရသည့် နောက်ဆုံးအချိန်နှင့် သေခြင်းတရား၏
ညင်သာမှုအတွက် ကြီးစွာသော အနှောင့်အယှက်ဆိုးကြီး တစ်ခု ဆိုသည်မှာ
သေချာနေပါသည်။
ယခုအခါတွင် စီးပွားရေးတည်းဟူသော တစ်ခုတည်းသော
ရည်ရွယ်ချက်ဖြင့် လူပေါင်းများစွာသည် မိမိတို့ နှစ်ကာလ ရှည်ကြာစွာ
နေထိုင်လာခဲ့ကြသော မွေးရပ်အိမ်များကို စွန့်ခွာခဲ့ရသည်။ အစွန့်ခွာ
ခံလိုက်ရသူတွေလည်း ရှိသည်။ မွေးရပ်ဒေသများ၊ သူတို့ ရင်းနှီးကျွမ်းဝင်ခဲ့သော
ပတ်ဝန်းကျင်များ၊ သူတို့ အိမ်ကလေးများသည် သူတို့နှင့် ဘယ်တော့မှ
ပြန်လည်ဆုံတွေ့ခွင့် မရှိသော အဝေးတွင် တိတ်ဆိတ် ဝမ်းနည်းဖွယ် ကျန်ခဲ့ကြသည်။
ထိုပြောင်းလဲမှု၏ ခြိမ်းခြောက်ခြင်းသည် ဟိုမှသည်မှ ပေါ်လာကြသည်။
ကျွန်တော်တို့ အိမ်ရှေ့လမ်းမမှ အိမ်အသုံးအဆောင် ပစ္စည်းများကို တင်ထားသော
လော်ရီကားကြီးများ တဝေါဝေါ ဖြတ်မောင်းသွားသည်ကို ကျွန်တော်
ငေးမောခဲ့ဖူးသည်။ ထို့နောက် စွန့်ခွာမှုသည် ကျွန်တော်တို့ ပြည်သာယာ
လမ်းကလေးပေါ်သို့ ရောက်လာခဲ့သည်။ ကျွန်တော်တို့နှင့် ရင်းနှီးသူများ
ပြောင်းရွှေ့သွားကြသည်။ ထိုနေရာတွင် သံတံခါး ခိုင်ခိုင်ဖြင့် အဝါရောင်၊
အဖြူရောင် တိုက်အိမ်ကြီးမှ မီးရောင်တွေ ရောက်လာကြ သည်။ ညဆိုလျှင်
မှောင်မည်းတိတ်ဆိတ်ကာ ငြိမ်သက်နေတတ်သော ကျွန်တော်တို့ လမ်းမကလေးမှာ ထို
တိုက်အိမ်ကြီးများဖြင့် လင်းလက် လာသည်။ သုံးနှစ်အတွင်း ကျွန်တော်တို့
ပြည်သာယာ လမ်းကလေး နံဘေးမှာ အဖြူရောင်၊ အဝါရောင် မှိုပွင့်ကြီးတွေ ဘွားခနဲ
ပေါ်လာခဲ့ကြသည်။ ကားအဖြူလေးတွေ ရောက်လာခဲ့သည်။ စကတ်အတို၊ နေကာ မျက်မှန်နှင့်
ခပ်တင်းတင်း မျက်နှာတွေ ရောက်လာကြသည်။ ထိုနေရာမှ ပြောင်းရွှေ့သွားသည့်
ကျွန်တော်တို့ မိတ်ဆွေများကိုတော့ ပြန်မတွေ့ရတော့။ ထိုနေရာများမှာလည်း
အရင်လို သစ်သားအိမ်နှင့် ဒန့်သလွန်ပင်ရိပ်တို့ မဟုတ်ကြတော့။ ကျွန်တော်တို့
အိမ်ကလေးနှင့် အခြားသုံးလေးအိမ်သာ မှုန်ကုပ်ကုပ် မည်းမှောင်သည့်
သစ်သားအိမ်ကလေးများ အဖြစ် ကျန်ခဲ့ကြသည်။
အခုတော့
ထိုခြိမ်းခြောက်မှုသည် ကျွန်တော်တို့ အိမ်ကလေးထဲသို့ ရောက်လာကာ
အိမ်ကလေးထဲတွင် ကျွန်တော်တို့ တစ်မိသားစုလုံးကို မာန်ဖီဟိန်းဟောက် နေပေပြီ။
မွေးရပ်ဇာတိကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ချစ်ကြသည်။ ကျုပ်က
ဘယ်ဇာတိဗျဟု ဂုဏ်ယူစွာ၊ မြတ်နိုးစွာ ပြောတတ်ကြသည်။ စာရေးသည့်အခါ၊
စီးပွားရေး လုပ်သည့်အခါ၊ သီချင်း ဆိုသည့်အခါ မွေးရပ်ဇာတိကို ကလောင်နာမည်၊
ဆိုင်နာမည်၊ အဆိုတော်နာမည် ရှေ့တွင် ထည့်သွင်းကာ မိမိမွေးရပ်မြေကို
ဂုဏ်ပြုတတ်ကြသည်။ မိမိတို့ မွေးရပ်ဇာတိကို ချစ်ခြင်း ဆိုသည်မှာ
မိမိတို့အိမ်မှာ ချစ်ခြင်းမှ လာသည်မှာ သေချာလွန်းလှသည်။ ထိုမှတစ်ဆင့်
တိုင်းပြည်ကို ချစ်ခြင်းအထိ ကြီးမား ခိုင်မြဲသွားခြင်း ဖြစ်လာလေသည်။
မွေးရပ်ဇာတိကို ချစ်ခြင်းသည် ဂိုဏ်းဂဏ အဆင့်သို့ မရောက်မချင်း
နှစ်လိုဖွယ်ကောင်းသည့် မြတ်နိုးစရာ စိတ်စွဲလမ်းမှုပင် ဖြစ်ပါသည်။ ဂိုဏ်းဂဏ
အဆင့်သို့ ရောက်သွားလျှင်တော့ ထိုမြတ်နိုးနှစ်လိုဖွယ် ကောင်းမှုသည်
ပျက်စီးမှေးမှိန် သွားတတ်သည်။ သို့မဟုတ် ထိုသူ့ ရင်ထဲမှ ထွက်ပြေးပျောက်ကွယ်
သွားတတ်သည်။ ထိုစိတ်သည် သိမ်မွေ့လွန်းသဖြင့် ရင်ထဲမှာ ဝင်နေသည်၊ ရှိနေသည်
ဆိုခြင်းကို ရုတ်တရက် မသိမြင်နိုင်ကြချေ။
ယခုတော့ ထိုစိတ်သည်
ကျွန်တော့် ရင်ထဲမှာ တဖျပ်ဖျပ် ခုန်ထနေသည်။ ဘယ်နေရာမှန်း မသိတော့ သူ့ကို
ချည်နှောင်ထားသည့် ကြိုးတွေကို ရုန်းကန်နေခဲ့သည်။ အမှောင်သည်
ရောက်နေကျအတိုင်း ရောက်လာသည်။ ပရိဘောဂများ၊ ပစ္စည်းများကို
ပြောင်းရွှေ့ထားသဖြင့် ထွန်းနေကျ မီးချောင်းအရောင်သည် ကျွန်တော်တို့
အိမ်ကလေးထဲမှာ ပို၍ လင်းလက်ကာ နေသည်။ အရင်ကလို မြင်နေကျ အရိပ်တွေ
မဟုတ်တော့။
ကျွန်တော့် မိသားစု ထမင်းစားကြသည်။ တစ်ဦးတစ်ယောက်မျှ
စကားမှ မပြောဖြစ်ကြ။ စကားပြောရမှာ ဝန်လေးသလို ကြောက်ရွံ့နေသလို
ဖြစ်နေကြသည်။ တစ်ဦး၏ အတွေးကို တစ်ဦးက မသိနိုင်သော်လည်း ထိုအတွေးမှာ
ကျွန်တော့်လိုပင် အိမ်ကလေးနှင့် ပတ်သက်နေမည်မှာတော့ သေချာပါသည်။
ကျွန်တော်တို့ အိမ်ကလေးကို ပြောင်းလဲလာသော အခြေအနေများအရ ရောင်းဖို့
နောက်ဆုံး ဆုံးဖြတ်ရသည်။ ထိုအချိန်အထိ အိမ်ကလေးသည် ကျွန်တော့် ရင်ထဲတွင်
ရှိနေသည်ကို ကျွန်တော် မသိရသေး။
ထို့နောက် လူဝဝ၊ လူပိန်ပိန်တွေ၊
ကားအားဖြူ၊ ကားအနီတွေနှင့် လာကြည့်ကြသည်။ အမေက တစ်ဦးလာကြည့်လျှင် ဈေးတစ်ခါ
တက်တက်၍ ပြောသည်။ နောက် ထိုလူတွေ ပြန်မလာကြတော့။ နောက်ဆုံးတော့
ကားအဖြူလေးနှင့် အသားဖြူဖြူ၊ အသက်(၃၀) ပတ်ဝန်းကျင်လောက် အမျိုးသမီးနှင့်
ယောက်ျား သုံးလေးယောက် ရောက်လာသည်။ အမေပြောသည့် ဈေးက ကျွန်တော်တို့ တစ်ခါမှ
စိတ်ကူးမယဉ်ဖူးသည့်ဈေး။ ထိုမိန်းမက နေကာမျက်မှန်ကို ချွတ်သည်။ ပေါင်ပေါ်
တင်ထားသော လယ်သာအိတ်ကို ဘေးချသည်။ စကားသံဝဲဝဲနှင့် အမေ့ကို ရယ်မောကာ
စကားပြောသည်။ လိုအပ်သည်များကို တောင်း၍ ကြည့်သည်။ အိမ်ပေါ်က ဆင်းတော့
ကားအနားမှာ ရပ်ကာ အိမ်ကို ပတ်ဝန်းကျင် ဟိုဟိုဒီဒီကြည့်သည်။ လက်ညိုး
ဟိုထိုးဒီပြနှင့် လုပ်သည်။ လှလှကလေး ရယ်သည်။ မျက်မှန်ကို ပြန်တပ်သည်။
အိမ်ကလေးကို ပြန်ကြည့်သည်။
နောက်တစ်ကြိမ် လာတော့ လူတွေ ပိုများများ
ပါလာသည်။ သူတို့ မိသားစုဝင်များ ဖြစ်ပုံရသည်။ အိမ်ကလေးထဲ ဝင်ကြည့်ကြသည်။
ကျွန်တော်တို့ နားမလည်သည့် ဘာသာစကားဖြင့် အချင်းချင်း စကားပြောကြသည်။
နောက်တစ်ပတ်လောက် အကြာတွင် ဈေးတည့် သွားကြသည်။
ကျွန်တော့်ရှေ့တွင်
ပုံထားသည့် များပြားလှစွာသော ငွေတွေကို မြင်ရတော့ ပထမဆုံးအကြိမ်
ကျွန်တော်ပျော်ရွှင်ကာ စိတ်ပြောင်းလဲ သွားတာကို မှတ်မိပါသည်။ ထိုငွေတွေကို
ရေတွက်နေရင်း၊ ရေတွက် နေရင်းက ကျွန်တော့် အသိစိတ်က အိမ်ကလေးနှင့် ဝေး၍ ဝေး၍
သွားလေသည်။ သူတို့ ပြန်သွားကြသောအခါ ကျွန်တော့် အိမ်ကလေးကို ကျွန်တော်
ပထမဦးဆုံးအကြိမ် ပြောင်းလဲသွားသည့် ခံစားမှုနှင့် ကြည့်ခဲ့ရသည်။
ဒီအိမ်ကလေးသည် ကျွန်တော်တို့ အိမ်ကလေး မဟုတ်တော့ပြီ။
ကျွန်တော်
အိပ်၍မပျော်။ ဒီအိမ်ကလေးထဲမှာ ကျွန်တော် နေခွင့်သည် နာရီပိုင်းမျှသာ
ရှိတော့သည် မဟုတ်လား။ ခြင်ထောင်တွင် လမ်းဘေးမီးတိုင်မှ အလင်းနှင့်
သစ်ရွက်အရိပ်ကလေးများက ဟိုဟိုဒီဒီ ယိမ်းနွဲ့ နေကြသည်။ ညသည် တိတ်ဆိတ်နေပြီး
ကျွန်တော်တို့ အိမ်ကလေးက ငြိမ်နေသည်။ ထိုအိမ်ကို ကျွန်တော့်အမေက သစ်တွေ
လိုက်ဝယ်ကာ တစ်ဦးတည်း ဆောက်ခဲ့သည်။ ထိုစဉ်က အဖေနှင့် အမေ အိမ်ထောင်
မကျကြသေး။ အမေက တစ်ဦးတည်းသော သမီးမို့ အိမ်ကလေးအတွက် လိုအပ်သည်တို့ကို
တစ်ယောက်တည်း ဆောင်ရွက်ခဲ့ရသည်။ ပထမ ဤအိမ်ကလေးကို နှစ်ထပ်အိမ်ကလေး
ဆောက်ဖို့ စီစဉ်ခဲ့သည်။ နောင်မှ အဖေကြီးက နောက်မိန်းမကိုပါ ခေါ်ထားမည်ဟု
ပြောလာသဖြင့် အမေက စိတ်ဆိုးကာ တိုင်များကို ဖြတ်ပြီး တစ်ထပ်အိမ်ကလေး
ဆောက်ခဲ့သည်။ ထိုကိစ္စများမှာ အမေ ပြန်ပြောပြခဲ့သည့် အိမ်ကလေး ဖြစ်တည်ပုံအစ
ဖြစ်သည်။
ကျွန်တော့်ကို အမေက ဟောဒီအိမ်ကလေး၏ အတွင်းခန်းမှာပင်
လက်သည်နှင့် မွေးဖွားခဲ့သည်။ အမေ့ဝမ်းက ကျွတ်ခါစ ကျွန်တော် လောကနှင့်
ပထမဦးဆုံး ထိတွေ့ခဲ့သည့် ငိုသံတွေ ဟောဒီ အိမ်ကြမ်းပြင်များ၊ နံရံများ၊
အမိုးများ၊ တိုင်များတွင် ထိရိုက်မြုပ်ဝင် နေပေလိမ့်မည်။
ကျွန်တော့်ညီကိုတော့ အမေက ကာတိုလိပ်မှာ မွေးခဲ့သည်။ ကျွန်တော်ဟာ ဟောဒီ
အိမ်သားစစ်။ ကျွန်တော် ဆယ်တန်းရောက်သည့်အခါ ပတ်ဝန်းကျင် တစ်ခုလုံး
အိပ်နေချိန်မှာ ကျွန်တော်ထကာ စာကျက်ခဲ့သည်။ အိမ်ကလေးကငြိမ်ပြီး
ကျွန်တော့်ကို ငုံထွေးထားခဲ့သည်။ ကျွန်တော့် စာကျက်သံကို ကျွန်တော်
ပြန်ကြားအောင် လုပ်ပေးသည်။ ယခုထိ ဆယ်တန်းနှစ်မှ ခုံအမှတ်နှင့်
အချိန်ဇယားကို နံရံတွင် ကျွန်တော် ရေးဆွဲထားသည့် အတိုင်းပင် ရှိနေသေးသည်။
ကျွန်တော် အိပ်ရာထဲ မှ ထကာ အရင် အိပ်မပျော်သည့် ညများလိုပင်
အိမ်ရှေ့ခန်းကလေးထဲမှာ ထိုင်သည်။ ညသည် ငြိမ်၍ နေသည်။ အိမ်ကလေးကို
အမှောင်ထဲမှာ ကျွန်တော် လျှောက်ငေး နေမိသည်။ ကျွန်တော် ငေးမောမိသည့်
နေရာတိုင်းတွင် အိမ်ကလေး၏ ညိုးနွမ်း၍ အသနားခံသော မျက်ဝန်းများကို
ငြိမ်ဆိတ်စွာ တွေ့နေရသည်။
ကျွန်တော် ဒီနေရာတွင် ထိုင်ကာ ကဗျာတွေ
စပ်ခဲ့သည်။ ဝတ္ထုတွေ ရေးခဲ့သည်။ ကျွန်တော့်ကို မချစ်သော ချစ်သူကို
လွမ်းခဲ့သည်။ ကျွန်တော့်ဘဝကို ကျွန်တော် တွေးထင်ခဲ့သည်။ လရောင်တွေ
ကပ်ငြိနေသည့် ပြတင်းပေါက်ကလေးမှ လှမ်းမြင်နေရသော သစ်ရွက်ကလေးများကို
ငေးရင်း ရင်ထဲက ခုန်ထွက်လာကြသော စကားလုံးများကို ကျွန်တော်
ဖမ်းဆီးဖွဲ့သီခဲ့သည်။ ဟိုဘက် အုန်းပင်ကြီးနှစ်ပင် အကြားမှ လွတ်နေသော
ကောင်းကင်ပြင်ကြီးထဲက နီလိုက်၊ စိမ်းလိုက် ခုန်ပေါက်နေသော ကြယ်ကလေးကို
ညတိုင်း ငေးမောကာ “လမင်း၏အဝေးကြယ်” ဟူသော ကဗျာကလေးကို ကျွန်တော်ရေးခဲ့သည်။
အုန်းပင်ကြီးထဲသို့ လမင်း ဝင်လာသည့်အခါ အုန်းပင်၊ အုန်းလက်များက
လရောင်ဖြင့် လင်းလာကာ ပင့်ကူအိမ်ကြီးလို ဖြစ်သွားပြီး လမင်းက
ပင့်ကူအိမ်ကြီးတွင် ငြိသည့် ပိုးကောင်လေးလို ဖြစ်သွားသည်ကို ကျွန်တော
သဘောကျ ငေးမောခဲ့သည်။ အခုတော့ သစ်ရွက်ကလေးကိုရော၊ ခုန်နေသည့်
ကြယ်တစ်ပွင့်ကိုရော၊ လမင်း ပိုးကောင်ကလေးတွေကိုရော၊ ပင့်ကူအိမ်ကြီးနှင့်
အိမ်ကြီးကိုရော၊ ဒီနေရာ ပြတင်းပေါက်ကလေးကိုရော ကျွန်တော်
ထားရစ်ခဲ့ရတော့သည်။
နောက်တစ်နေ့ညများတွင် ကျွန်တော် ဒီမြင်ကွင်း၊
ဒီပန်းချီကားကို ကြည့်ခွင့် ရတော့မည် မဟုတ်။ ကျွန်တော့်ရင်သည်
စွဲလမ်းမှုကြောင့် နာကျင်ဝမ်းနည်း လာသည်။ ထိုစဉ်တွင် ကျိုက္ကဆံဘုရားမှ
သံစုံနာရီတီးသံသည် အောက်တိုဘာလ၏ နှင်းမှုန်ဖွဲဖွဲများ အကြားတွင် ဖြတ်သန်းကာ
ကျွန်တော့်ရင်ထဲ ရောက်လာသည်။ တိတ်ဆိတ်သည့် နှင်းစများနှင့် သံစုံနာရီ၏
ရောစပ်မှုသည် ကျွန်တော့် ရင်ထဲကို ဝင်ရောက်လာကာ အနည်အနှစ်များကို ထကြွစေသည်။
အရင်က သာယာစိတ်၊ အချိန် သိလိုစိတ်နှင့် နားထောင်ခဲ့ဖူးသော ထိုနာရီသံသည်
အခုတော့ ကျွန်တော့်ကို နှုတ်ဆက်ဖို့ ထအော်လိုက်သည့် အသံဝါကြီးလို
ဖြစ်နေခဲ့သည်။ ကျွန်တော် ထိုနာရီသံကြီးကိုလည်း သူတို့ကို ပေးခဲ့ရတော့မည်။
တစ်စတစ်စ ကျွန်တော်တို့ ဆုံးရှုံးမှုတွေက ပိုလို့ သိသာ လာနေသည်။
ကျွန်တော့်ရင်သည် ဝမ်းနည်းနှမြောခြင်းဖြင့် လေးလံနေသည်။ ကျွန်တော်
တံခါးဝကိုဖွင့်ကာ အိမ်အောက်ကို ဆင်းခဲ့သည်။ လမ်းမီးတိုင်များသည် ငြိမ်၍
လင်းနေကာ ကျွန်တော် မြင်နိုင်သမျှကို မြင်ခွင့်ရရန် ပြုလုပ်ပေးနေသည်။
အဝေးတွင် အမှောင်နောက်ခံ၌ နှင်းစဖြူဖြူတို့ ဝေ့ဆိုင်း နေကြသည်။ ကျွန်တော်
ပြည်သာယာ လမ်းကလေးကို ငေးမောနေမိသည်။
အိမ်ကလေးဘက်သို့ ပြန်ကြည့်
လိုက်သည့် အခါတွင် အိမ်ကလေးက မှောင်မည်းကာ တည်ငြိမ်နေပြီး စနစ်ကျနေသည်။
အိမ်အမိုးမှာ နှင်းဆွတ်သော လရောင်ဖြင့် လင်းလက်နေသည်။ ကျွန်တော် ထို
အိမ်ကလေးထဲမှာ အိပ်ပျော်ခဲ့သည့် ညတိုင်းညတိုင်း လရောင်သည် အိမ်အမိုးပေါ်မှာ
ယခုလို သာနေပေလိမ့်မည်။ အိမ်ကလေးက ကျွန်တော်တို့ မိသားစု လေးယောက်စလုံးကို
သူ့ရင်ခွင်ထဲ ထည့်ကာ ငြိမ်သက်စွာ နေခဲ့ပေလိမ့်မည်။ သူ့ကို သတိထား
ကြည့်ငေးမည့်သူ မရှိသည့်တိုင် အိမ်ကလေးသည် သူ့မာန၊ သူ့တာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်နေသူ တစ်ဦးလို ပြည်သာယာ လမ်းကလေးနံဘေးတွင် တည်ကြည်နေခဲ့
ပေလိမ့်မည်။
အခုတော့ ကျွန်တော် ငေးနေသော အိမ်ကလေးသည် သူ
ကျေပွန်ခဲ့သည့်တိုင်အောင် ကျွန်တော်တို့က သူ့ကို စွန့်ခွာသွားတော့ မှာလားဟု
ဝမ်းနည်းသော်လည်း ခွင့်လွှတ်နားလည်သည့် လေသံဖြင့် မေးနေသည်။ ကျွန်တော်တို့
စွန့်ခွာသွားသည့် နောက်ပိုင်းတွင် သူတို့က ဒီအိမ်ကလေးကို အိမ်အဟောင်း
ဝယ်သူထံ ရောင်းလိုက်ကြမည်။ ထိုလူများက အိမ်ကလေးကို နွားတစ်ကောင်
အမဲဖျက်သလို ခုတ်ထစ် ဖျက်ခြွေကာ ယူသွားကြလိမ့်မည်။
အိမ်ဖျက်သံ ကို
ကျွန်တော့် နားထဲမှာ ကြားလာသည်။ ထိုအသံများသည် အိမ်တစ်အိမ်ကို ဖျက်သည့်အခါ
ပေါ်ထွက်လာသည့် အသံများ မဟုတ်ဘဲ သက်ရှိ သတ္တဝါ တစ်ကောင်ကို အရှင်လတ်လတ်
ခုတ်ဖြတ်သည့်အခါ ထွက်လာသည့် ညည်းတွားအော်သံများဟု ကျွန်တော် ထင်လာသည်။
သွပ်အမိုးတွေကို တဒုန်းဒုန်း ထုရိုက်ကာ သူတို့ ဆွဲခွာကြမည်။ နံရံတွေ ဝေါခနဲ
ပြိုကျလာမည်။ တိုင်တွေ မြေပြင်ပေါ်ကို ကျကာ ငြိမ်သက်သွားကြမည်။
ကြမ်းပြင်များ ဂျွမ်းခနဲ ဂျွမ်းခနဲ ပွင့်ထွက် ကုန်ကြမည်။
ကျွန်တော်
အတွေးတွေကို ရပ်ပစ်လိုက်သည်။ ကျွန်တော့်ရင်သည် မခံမရပ်နိုင်အောင်
နာကျင်လာသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ကို ခွင့်လွှတ်ဖို့ အိမ်ကလေးကို
စိတ်ထဲမှပင် ပြောကြားလိုက်သည်။ ထို စကားများကို ကျွန်တော် အသံထွက်၍
မပြောရဲခဲ့ပါ။ နှင်းမှုန်စ နုနုကလေးများကြောင့် ကားလမ်းနံဘေး မြက်ပင်များ
အေးစက် စိုစွတ်လာသလို ကျွန်တော့် အတွေးနုနုများကြောင့် ကျွန်တော့်
မျက်ဝန်းများလည်း စိုစွတ်လာကြသည်။
ကျွန်တော် အိမ်ကလေးထဲသို့
ပြန်ဝင်လာခဲ့သည်။ အိမ်ရှေ့ ကြမ်းပြင်မှာပင် ပက်လက်လှန်ကာ
ကျွန်တော်နေလိုက်သည်။ ကျွန်တော့် ငြိမ်းချမ်း သာယာမှု အတွင်းတွင်
ဝုန်းဒိုင်းကျဲနေပြီး အိမ်ကလေး၏ တည်ငြိမ် ငြိမ်သက်မှုက တကယ့်ကို
နူးညံ့နေသည်။ နာရီခေါက်သံ၊ သံစုံ မြည်သံတွေကို ကျွန်တော့်သွေးထဲအထိ
ရောက်အောင် ငြိမ်စုပ်နေမိသည်။
ထိုည ထိုအချိန်၏ ဝမ်းနည်းကြေကွဲမှုသည်
ကျွန်တော့် အိမ်ကလေး၏ တန်ဖိုးသာ ဖြစ်ပါသည်။ မကြာမီ စတုဘုမ္မိက
ဘုန်းကြီးကျောင်းမှ နံနက်လေးနာရီ တုံးခေါက်သံသည် ဝမ်းနည်းကြေကွဲဖွယ်ရာ
ထွက်ပေါ်လာသည်။ တုံးခေါက်သံ ဆုံးသွားတော့ ကျွန်တော့်ရင်သည် ဟာသွားကာ
လေးပင်နေရာမှ၊ ညို့ထောက်နေမိရာမှ ပျော်ဆင်းသွားသည်။ မျက်ရည်သည် ကျွန်တော့်
မျက်ဝန်းထဲမှ အေးစက်နေသော ပါးပြင်ပေါ်ကို နွေးရှစွာ စီးဆင်းသွားခဲ့ပါသည်။
သူတို့က အိမ်ကလေးကို ကြည့်ကာ တန်ဖိုးဖြတ်ခဲ့ကြသည်။ သို့သော်
ကျွန်တော်တို့က ပေးခဲ့ရသည်မှ ထိုအိမ်ကလေးတင်မက ကျွန်တော်တို့၏
ချစ်ခင်ရင်းနှီးနေသော၊ ကျွမ်းဝင် အသားကျ နားလည်နေသော
မိတ်ဆွေသူငယ်ချင်းများ၊ ယခုကြားခဲ့ရပြီးသော စတုဘုမ္မိကကျောင်း၏
တုန်းခေါက်သံ၊ ဘတ်(စ်)ကားအိုကြီးများ အရုဏ်နုနုမှာ ကားစက်နှိုးသံ၊
ကြက်တွန်သံ၊ ကျိုက္ကဆံဘုရား၏ သံစုံနာရီသံ၊ ခုန်နေတဲ့ ကြယ်ပွင့်ကလေးတစ်ပွင့်၊
အုန်းပင်ပိုးအိမ်မှာ မိနေတဲ့ လမင်းတစ်ခု၊ ညနေရီ ပြည်သာယာ လမ်းကလေးရဲ့
နေရောင်၊ ကုန်းအဆင်း လမ်းကလေးရဲ့ ဆန့်ကျင်ဘက် မြင်ကွင်းများ၊
ညနေရီနွမ်းနှင့် လိုက်ဖက်ညီသည့် လူတွေရဲ့ မျက်နှာ၊ ညစဉ် ပြတင်းမှ
ကျွန်တော်မြင်နေကျ သစ်ရွက်များ၊ အရုဏ်နုနုမှာ သင်္ကန်းကျွန်းဈေးသို့
ဈေးသွားရောင်းကြမည့် ကုန်စိမ်းသည်များ၏ တီးတိုးစကားသံနှင့် အိပ်ချင်မူးတူး
ကြားရလေ့ရှိသော ပဲပြုတ်အော်သံ၊ ပြီးတော့ ကျွန်တော်တို့၏ လွတ်လပ်၍ အသားကျ
ငြိတွယ်နေသော စိတ်ခံစားမှု အားလုံးကို ကျွန်တော်တို့ ရောင်းခဲ့ရခြင်းသာ
ဖြစ်သည်။
ထိုအချက်များသည် စွန့်ခွာသူတိုင်း ထည့်မတွက်မိကြဘဲ
နောက်ဆုံးမှာ ခံစားလိုက်ရသည့် ဝမ်းနည်း ယူကျုံးမရ ဖြစ်မှုများပင် ဖြစ်ပါသည်။
အချိန်ကြာလာတော့လည်း နေသားကျသွားမှာပါပဲဟု စဉ်းစားတတ်ကြ၊
ပြောမိတတ်ကြသော်လည်း ထိုခံစားမှုကို စိတ်ထဲမှာ မရဲတရဲ ယုံကြည်ခြင်းသာ
ဖြစ်ပါသည်။ ထိုအသစ် ရလာသော ရင်းနှီးမှုသည် စွန့်ခွာပေးဆပ်ခဲ့ရသော
ဇာတိမွေးရပ်နေရာ အိမ်ကလေးကို ဘယ်တော့မှ ဖျောက်ဖျက်သွားအောင်
စွမ်းဆောင်နိုင်စွမ်း မရှိသည်မှာ သေချာပါသည်။ နံနက် မိုးလင်းသွားသည်။
ကျွန်တော်တို့ တစ်အိမ်လုံး မှုန်မှိုင်း လေးကန်စွာ နိုးထလာကြသည်။ ခဏကြာတော့
လော်ရီကားကြီး ရောက်လာသည်။ ကျွန်တော့် သူငယ်ချင်းများ ရောက်လာသည်။ ပြီးတော့
အိမ်ကလေးထဲမှာ ထုပ်ပိုးစီစဉ်ထားသည်တို့ကို ကားပေါ် စတင်ကြသည်။
အိမ်ကလေးထဲမှာ ကျွန်တော်တို့ အသုံးအဆောင် ပစ္စည်းများ တစ်ခုပြီး တစ်ခု
ကားပေါ် ရောက်သွားတိုင်း အိမ်ကလေးက ဖြူရော် ဖြူရော် လာသည်။ ကျွန်တော်ရော၊
အိမ်သားတွေရော သူငယ်ချင်းတွေပါ စကားမပြောကြ။ သယ်စရာ ရှိတာတွေကိုသာ သယ်ကြ
မကြသည်။ ပြောရသည့်အခါတွင်လည်း တိုးတိုးကလေး၊ လေသံသဲ့သဲ့ကလေးဖြင့်သာ
ပြောကြသည်။ လေသံကျယ်သွားလျှင် တစ်ခုခုကို ထိခိုက်တော့မည့် အတိုင်း၊ နစ်နာ
နာကျင်သွားတော့မည့် အတိုင်းပင် ဖြစ်သည်။ ထိုအရာမှာ အိမ်ကလေးပင် ဖြစ်သည်
ဆိုတာကို ကျွန်တော်တို့ အားလုံး သိနေကြပါသည်။ အဘွားဆုံးခါနီးက အဘွားနားမှာ
ဝိုင်းအုံနေသော လူများ၏ လှုပ်ရှားသံမျိုးနှင့် အတော်ကို တူနေပါသည်။
အိမ်နီးနားချင်း မိတ်ဆွေများကလည်း လာရောက် ဝိုင်းအုံကြည့်ကြသည်။
ကူညီသယ်ပိုး ပေးကြသည်။
နောက်ဆုံးတော့ ပစ္စည်းတွေ အားလုံး
ကားပေါ်တင်ပြီးသွား ကြသည်။ ကျွန်တော်တို့ မိသားစု တွေဝေကာ ကားနားတွင်
ရပ်နေကြသည်။ ဘာဆက်လုပ်ရမည် ဆိုတာကို တစ်ဦးမှ မတွေးတတ်တော့သည့်နှယ်
အိမ်ကလေးထဲ ဝင်ခဲ့ကြသည်။
အိမ်ကလေးထဲမှာ အမှိုက်၊ စက္ကူစုတ်စ၊
ပိုးမျှင်များအပြင် ဘာမှမရှိတော့။ ကျွန်တော့်ညီက လက်တန်းတစ်ခုပေါ်မှာ
ကျန်နေသည့် ဘာမှအသုံးမဝင်တော့သော ပုလင်းအလွတ်ကလေး တစ်လုံးကို ဆတ်ခနဲ
ကောက်ကာ လက်ထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ကျွန်တော်တို့ အရိပ်အရောင်
အသံများ ထို ပုလင်းကလေး ပေါ်တွင် ရှိနေသည် မဟုတ်လား။
အိမ်ကလေးသည်
ရင်ခွဲပြီးခါစ တိရိစ္ဆာန် တစ်ကောင်လို ဟာလာဟင်းလင်းကြီး ရှိနေသည်။ အရင်က
လင်းခွင့်မရသော နေရာများတွင်လည်း အလင်းရောင်များက ရောက်နေကာ
ကျွန်တော်တို့ကို နောက်ဆုံး ပြသနေကြသည်။
ကျွန်တော့်ကို
မွေးဖွားခဲ့သည် ဆိုသော အခန်းကလေးထဲတွင် ကျွန်တော် ရပ်နေမိသည်။ ဒီနေရာမှာ
ငါ့ကို မွေးဖွားခဲ့တာ၊ ကျွန်တော် အသေအချာ ငေးမောသည်။ ထိုစဉ် အမေ့ငိုသံကို
အားလုံး ကြားလိုက်ရသည်။ အဖေက အမေ့ကို ဖေးမကာ နှစ်သိမ့်သည်။
ကျွန်တော့်ညီက အိမ်ကလေးပေါ်မှ အရင် ဆင်းသွားသည်။ ကျွန်တော်လည်း
အိမ်ကလေးအနှံ့ လျှောက်ကြည့်နေမိသည်။ ထိုစဉ် ဘယ်အချိန်က ရောက်နေပြီ မသိသော
ကျွန်တော်တို့ အိမ်ကလေးကို ဝယ်သူ၏ဘက်မှ လူများက ပြတင်းတံခါးများကို
လိုက်ပိတ်နေကြသည်။ ကားစက်နှိုးသံကို ကျွန်တော်ကြားရသည်။
ထိုအချိန်သည် ကျွန်တော် ဝမ်းအနည်းဆုံး အချိန် ဖြစ်လိမ့်မည် ထင်ပါသည်။
ကျွန်တော် တံခါးက ထွက်လိုက်တော့ ခုနက ပြတင်းပေါက် ပိတ်သူများက အိမ်ကလေး၏
အိမ်ရှေ့တံခါးကို ပိတ်ကာ သော့ခလောက် အသစ်ကြီးကို ခတ်လိုက်ကြသည်။
ကျွန်တော်တို့ ကားပေါ် ရောက်သည့်အခါ အိမ်နီးချင်းများ၊ သူငယ်ချင်းများက
လက်ပြနှုတ်ဆက်ကြသည်။ အမေက သွားပြီဟေ့ဟု ငိုသံပါပါနှင့် နှုတ်ဆက်သည်။
ကားဘီး စလှိမ့်သည့် အချိန်တွင် ကျွန်တော် အိမ်ကလေးကျိ နောက်ဆုံးအကြိမ်
လှမ်းငေးနေသည့် အခါတွင် ကျွန်တော့် ရင်ထဲ၌ ကြေကွဲ ဝမ်းနည်းခြင်းနှင့်
ကျေနပ်နှစ်သိမ့်ခြင်းတို့ တစ်ပြိုင်နက် ခံစားလိုက်ရပါသည်။
ကြေကွဲဝမ်းနည်းခြင်းမှာ ကျွန်တော်တို့၏ စွန့်ခွာမှု အားလုံးအတွက် ဖြစ်ပြီး၊
ကျေနပ်နှစ်သိမ့်မှုမှာ အိမ်ကလေး ဝိညာဉ်ကင်းမဲ့ကာ သေဆုံးသွားသည်ကို အသေအချာ
သိလိုက်ရသောကြောင့် ဖြစ်သည်။ သူ့ကို ရက်ရက်စက်စက် ဖြိုဖျက် ခုတ်ထစ်ကြသည့်
အခါတွင် သူဝေဒနာ ပြင်းပြစွာ ခံစားရတော့မည် မဟုတ်သည့်အပြင်
ကျွန်တော်တို့နှင့် သေဆုံးသွားပြီ ဖြစ်သော အိမ်ကလေး၏ ဝိညာဉ်သည်
ကျွန်တော်နှင့်အတူ ကပ်ငြိကာ လိုက်ပါလာသည်ဟု ကျွန်တော်
ခံစားလိုက်ရသောကြောင့် ဖြစ်ပါသည်။
---------
နီကိုရဲ
No comments:
Post a Comment