ချင်းတွင်းမြစ်ကမ်းပေါ်က မြို့မုံရွာ
==============================
ချင်းတွင်းမြစ်ကမ်းပေါ်က မုံရွာဆိုတဲ့မြို့ဟာ ပူနွေးတဲ့နေရောင်ခြည်တွေ
ဖြာကျနေတဲ့မြို့၊ ချင်းတွင်း မြစ်ကို အမိအရပိုင်ဆိုင်ထားတဲ့မြို့၊
မြန်မာနိုင်ငံရဲ့ သမိုင်း ပုံအဆက်ဆက်နဲ့ ယဉ်ကျေးမှုအနုပညာတွေကို ငုံထား
တဲ့မြို့၊ မြန်မာနိုင်ငံရဲ့ နယ်နိ မိတ်အစွန်အဖျားတချို့ရဲ့ စီးပွားရေးကို
လက်မှာဆုပ်ကိုင်ထားတဲ့မြို့၊ လွတ်လပ်ပွင့် လင်းပြီး ခြေခင်းလက်ခင်းတွေ
အမြဲသာနေတဲ့မြို့လို့ပဲ ပြောရတော့မယ်။ရှေးဟောင်းမှတ်တမ်းတွေ၊ နိုင်ငံတကာရှေးဟောင်း ပထ၀ီကျမ်းတွေမှာပဲ မြင် တွေ့နေရတဲ့ မုံရွာမြို့ဟာ (၄)ရာစုလောက်က ရေးခဲ့ပြီး ကမ္ဘာ့ပညာရှင်တွေက ပါရဂူ မြောက်တဲ့ကျမ်း ဖြစ်ပေတယ်လို့ မှတ်ချက်ပေးခဲ့ကြတဲ့ ပေလီယိုရဲ့ကျမ်းထဲမှာ မိနော့ မြစ်လို့ခေါ်ခဲ့တဲ့ ချင်းတွင်းမြစ်ကမ်း မုံရွာက ဒီနေရာကို သစ်တပ်ရှိတဲ့မြို့လို့ မှတ်တမ်း တင်ထားတာကို တွေ့နေရပါပြီ။ အဲဒီလို သမိုင်းပုံအဆက်ဆက်ဖြတ်သန်းခဲ့တဲ့ မုံရွာမြို့ ဟာ ယဉ်ကျေးမှု အားကောင်းခဲ့ပြီး သူ့ပုံ သူ့ပန်းနဲ့ လှပနေတာကို ဒီနေ့မြင်တွေ့နေရ ပါပြီ။
ပထ၀ီပုံစံအရ မုံရွာဟာ ရခိုင်ရိုးမအရိပ်ကြောင့် မိုးပါးပေမယ့် ရွာခွင့်ရသလောက် မိုးတွေက မုံရွာကို တော့ ရွာချပေးတယ်။ ချင်းတွင်းမြစ်ကမ်းပေါ်ကမြို့ဆိုတော့ ရေဓာတ် ကအပြည့်ရှိနေတယ်။ ဒီတော့လည်း သမ မျှတတဲ့ ရာသီဥတုလေးတွေက အလုပ်နား ချိန်ရောက်တဲ့ ခြေခင်းလက်ခင်းသာတဲ့ ညနေခင်းလေးတွေနဲ့ မုံရွာမြို့ ဟာ စည်ကား လှပနေခဲ့တာ အမြဲတမ်းလို့ပဲဆိုပါတော့။
မနက်ခင်းတိုင်းဟာ ဖြာကျနေတဲ့ နေရာင်ခြည်တွေနဲ့ပေါ့။ မုံရွာမြို့သူမြို့သား တွေဟာ နေ့ခင်းမှာ အခြား မြို့တွေထက် နည်းနည်းလေးပိုပြီးပူပေမယ့်၊ နံနက်ခင်း အနိုး အထမှာ အခြားမြို့တွေထွက် ပိုတောက်ပပြီး ပိုလှပ တဲ့နေရောင်ခြည်ကိုတော့ ပိုနှစ် သက်ပြီး ပိုမြတ်တယ်လို့ ယူဆထားကြပါတယ်။ အဲဒီတော့လည်း ချင်းတွင်းမြစ်ကမ်းပါး ပေါ်ကို ရောက်လာကြမယ့် ရောင်းဝယ်ဖောက်ကား ခရီးသွားကြမယ့် လူမှုပုံစံများစွာနဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့ မနက်ခင်းတိုင်းမှာ မုံရွာမြို့က သနပ်ခါးလိမ်းပြီး ပြုံးလျက် အမြဲတွေ့မှာ အသေအချာပါပဲ။
မနက်ခင်းတွေအတွက် မုန့်တီသော မြီးရှည်သော လက်ဖက်ရည်သော အစား အသောက်တွေဟာ မုံရွာ မြို့နဲ့ပဲ သက်ဆိုင်တဲ့အရာတွေပဲလို့တောင် ယုံမှတ်လို့ရပါပြီ။ သက်တမ်းကြာမြင့်လှပြီဖြစ်တဲ့ ဒေါ်ပြုံး၊ ဦးအောင် ညွန့်၊ ဦးလှဦး၊ ဦးကြင်နိန်ဆိုတဲ့ မုန့်တီ၊ မြီးရှည်၊ ခေါက်ဆွဲဆိုင်တွေရဲ့ နာမည်ကိုကြည့်ရင်ပဲ ဘယ်လိုဖွဲ့စည်းပုံဆိုတာ သိလို့ရပါ ပြီ။ အရသာနဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းမယ်ဆိုတာ လူနာမည်တွေနဲ့ ဆိုင်ကိုမှတ် ထားကြပြီး တွင် ကျန်ရစ်နေတဲ့ ဒီဆိုင်တွေက အာမခံချက်ရှိတာသေချာနေပါပြီ။ မုန့်တီ၊ မြီးရှည်နဲ့ ခေါက်ဆွဲစားပြီးရင်တော့ လက် ဖက်ရည်သောက်လိုက်ပါ။ ဒါပေမယ့် ဒီမုန့်ဆိုင် မှာ တစ်မျိုးတည်းပဲတာဝန်ယူပါတယ်ဆိုတော့လည်း ဦးဘထွန်းသော၊ ပင်လုံသော၊ စ ပယ်နိုင်သော၊ အရိပ်စစ်သော၊ တောတန်းအိုင်သော၊ လက်ဖက်ရည်ဆိုင်တွေဆီကို ကိုယ့် မြေပုံအညွှန်းနဲ့ကိုယ် ချီတက်သွားကြရပါပြီ။
မုံရွာမြို့မှာပဲ မြင်တွေ့ရမယ့် တန်းလျားခုံကြီးတွေခင်းထားတဲ့ စားပွဲဝိုင်း၊ ကုတင် ကြီးပေါ်မှာ သင်ဖြူးဖျာ ပေါ်က ထမင်းစား စားပွဲဝိုင်းကြီးတွေနဲ့ လက်ဖက်ရည်ဆိုင်တွေ ကို အခြားမြို့ကြီးတွေက ဧည့်သည်တွေကလည်း အံ့အားသင့်ဆဲပါပဲ။ ဒါပေမယ့်လည်း အဲဒီတန်းလျားကြီးတွေကပဲ ဆိုင်တွေရဲ့မိသားစုဆန်မှုနဲ့ စားသုံးသူတွေနဲ့ တစ်သား တည်းကျမှုတွေကို မြင်နေရပါပြီ။ နွေးထွေးမှု၊ ဧည့်ဝတ်ကျေပွန်မှုဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်တွေက မုံရွာမြို့မှာ သေးငယ်နိမ့်ကျနေတာအမှန်ပါပဲ။ အဲဒီထက်ကျော်လွန်နေ တာကို အလွယ်တကူသိနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဒီဆိုင်မှာမွေးကတည်းက လက် ဖက်ရည်သောက်လာတာပါဆိုတဲ့စိတ်နဲ့ ၀င်သွားလိုက်မှသာ အံဝင်ခွင့်ကျမှုရှိပါလိမ့်မယ်။ ဖြစ်နိုင်ရင် ပုဆိုးလေး “မ” ပြီး စားပွဲမထိုင်ခင်မှာပဲ ငါ့ချိုဆိမ့်ကွာ၊ နယားနီဆေးလိပ်ကွာ၊ စမူစာကွာအော်ပြီး စားပွဲပေါ် ကားသော့၊ ဆိုင်ကယ်သော့၊ စက်ဘီးသော့ တစ်ခုခုကို ဂွပ် ဆိုပြစ်တင်လိုက်ပြီးမှ ထိုင်ချလိုက်၊ အဲ့ဒါတစ်နေကုန် လက်ဖက်ရည်တစ်ခွက်သောက်ပြီး ထိုင်နေလို့လည်းရသွားပြီ၊ တောတန်းအိုင်က ကိုသန်းထွန်းကြီးကော ရှိသေးလားဟဆို ရင်၊ ဟာသူ့ဆိုင်က လက်ဖက်ရည်သမားတွေပဲ ထိုင်တာဟ၊ ပြင်းလွန်းတယ်လို့ ပြော လိမ့်မယ်။ သူ့လူနဲ့သူ့ဆိုင်တွေကို ခွဲထားပြီးသား။ ဘူးနို့ဆီနဲ့ပဲဖျော်တဲ့ မုံရွာတစ်မြို့လုံးက လက်ဖက်ရည်ဆိုင်တွေမှာ ချင်းတွင်းမြစ်သင်္ဘောဆိပ်က ပျံကျအလုပ်သမားကနေ အ ချမ်းသာဆုံးပွဲစားကြီးအထိ တစ်သားတည်းမြင်တွေ့ရလိမ့်မယ်။ တစ်ကယ်တော့လည်း အဲဒီလက်ဖက်ရည်ဆိုင်တွေက မုံရွာမြို့ရဲ့လူမှုရေးပုံစံ၊ စီးပွားရေးပုံစံတွေပါပဲ။ သီးနှံဈေး တွေက အဲဒီလက်ဖက်ရည်ဆိုင်တွေမှာပဲ ဈေးသတ်မှတ်ပြီးသွားပြီ။ နောက်ဆုံးမင်္ဂလာ ဆောင်မယ့် သတို့သားကတောင် သူ့မင်္ဂလာဆောင်အတွက် ဓာတ်ပုံဗီဒီယိုရိုက်ကူးပေးဖို့ အဲဒီလက်ဖက်ရည်ဆိုင်မှာပဲ ရွှေဇင်ယော်ဓာတ်ပုံဗီဒီယိုရိုက်ကူးရေးက သန်းလင်းကို အပ် ပြီးခဲ့ပြီပေါ့။
ချင်းတွင်းမြစ်ကို အမိအရဆုပ်ကိုင်ထားတဲ့ မုံရွာ၊ ချင်းတွင်းကို သူပဲပိုင်ဆိုင်သွားပြီ ဆိုတဲ့မုံရွာလို့ပြောကြရတာက မုံရွာကိုက ချင်းတွင်းကို အလိုလိုရသွားတော့တာ။ အ ထက်ချင်းတွင်း ဥရုချောင်းဖျား၊ ခန္တီး၊ ကလေးဝ၊ ဟုမ္မလင်း၊ မော်လိုက်ကနေ ကုန်ပစ္စည်း တွေက မုံရွာဆီကိုလာကြတာ။ အိန္ဒိယက ကွမ်းစားတဲ့ဆေးမွှေးထိပါတယ်။ အိန္ဒိယအ တွက် တံခါးပေါက်လို့တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ခြုံပြီး ပြောလို့ရတယ်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးကလည်း မနက်လင်းတာနဲ့မုံ ရွာသွားဖို့ပဲပြင်ကြရတယ်။ မုံရွာတစ်ဖက်ကမ်း ဆားလင်းကြီးမြို့က ညောင်ပင်ကြီးကုတို့ ဆိပ်ကနေ ဆားလင်းကြီး၊ ရေစကြို၊ ပခုက္ကူ၊ မြိုင်၊ ပေါက်မြို့တွေ ၀င်လာကြတယ်။ ပုလဲ၊ ယင်းမာပင်ဘက်ကနေ ပုံတောင်ပုံညာ၊ ယောဆော၊ ဂန့်ဂေါ၊ ထီးလင်းထီးချိုင့်မြို့တွေဝင် လာကြမယ်။ မုံရွာမြောက်ဘက်က တံတားသစ်ကြီး ချင်းတွင်းတံတားကနေ ကနီ၊ က လေး၊ ကလေးဝ၊ တမူးမြို့တွေ ၀င်လာကြမယ်။ မြောက်ဘက်ဆီကနေ တန့်ဆည်၊ ရေ ဦး၊ ဘုတလင်မြို့တွေ ၀င်လာကြမယ်။ အရှေ့ဘက် အရာတော်မြို့ကနေ ထန်းလျက် တွေ၊ သနပ်ခါးတွေ ၀င်လာကြမယ်။ အဲ့ဒါတွေဟာ မုံရွာရဲ့ နိစ္စဓူဝတွေဖြစ်ပြီး ကုန်စည် ဒိုင်တွေ၊ ရာနဲ့ချီနေတဲ့ ပွဲရုံတွေနဲ့ ဈေးကြီးနှစ်ဈေးကနေ အိန္ဒိယကဆေးမွှေးနဲ့ ဘုတလင် က ကွမ်းရွက်တွေ ပေါင်းကြသလို ပေါင်းကြမယ်။ ပြီးတော့ ချင်းတွင်းသား၊ အောင်ကမ္ဘာ၊ အောင်စင်္ကြာ၊ ဒီနေ့ ရွှေစင်စင်္ကြာအထိ မန္တလေးမြို့သို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆိုင်ရာနေရာအသီးသီး၊ မြို့အသီးသီးတွေဆီကို ဖြာကျနေတဲ့ နေရောင်ခြည်တွေလို စီး ဆင်းစေခဲ့ပြီဆိုတော့ ချင်းတွင်းကို မုံရွာက ပိုင်သွားပြီပေါ့။
အဲဒီလို လူမှုပုံစံ၊ စီးပွားရေးပုံစံနဲ့ တည်ဆောက်ထားတဲ့ မုံရွာမြို့က မြန်မာနိုင်ငံရဲ့ သမိုင်း ပုံနဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာတွေကိုလည်း ပါးစပ်ထဲမှာ အပြည့်ငုံထားတာ ကို အံ့သြဖွယ်ရာတွေ့ကြရဦးမှာဖြစ်ပါတယ်။ မုံရွာမြောက်ဘက် မိုင်(၃၀)ကျော်က ဘုတ လင်မြို့နယ်ထဲမှာရှိတဲ့ တွင်းတောင်အပါအ၀င် မီးတောင်ဟောင်းတွင်းဝ (၅)တွင်းဟာ ချင်းတွင်းမြစ်ကို စီတန်းလျှက်ဖြတ်သန်းသွားပါတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာ တွင်းနှစ်တွင်းကျရောက်ပါတယ်။ နံပါတ်(၂)တွင်းဝက စိမ်းပြာရေညှိထွက်တဲ့ တွင်း တောင်ဖြစ်ပြီး နံပါတ်(၁)တွင်းဝရဲ့နှုတ်ခမ်းမှာတော့ မြန်မာနိုင်ငံရဲ့သမိုင်းပုံအတွက် အ ရေးကြီးလှတဲ့ ညောင်ကန်ရွာကိုအစွဲပြုထားတဲ့ ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှု သချုင်္ိင်းကို ရှေးဟောင်းသုတေသနက ၁၉၉၈ ခုနှစ်မှာ ရှာဖွေတွေ့ရှိထားခဲ့ပါတယ်။ နောင်တမလွန်အတွက် ထည့်သွင်းမြှုပ်နှံပေးလိုက်တဲ့ အိုးပေါင်းများစွာနဲ့ အရိုးစုသင်္ချိုင်း ထဲက မြန်မာပြည်ရဲ့အစောဆုံးရေမြေမှာ ကျောက်ခေတ်ကနေကြေးခေတ်ကိုကူးပြောင်း လိုက်တဲ့ ကြေးပုဆိန်လက်နက်တွေကို တူးဖော်တွေ့ရှိပြီး တမလွန်အတွက် တည့်သွင်း မြှုပ်နှံပေးလိုက်တဲ့ စားကြွင်းစားကျန်တချို့က နမူနာ(Sample)လုပ်လို့ရတဲ့အတွက် နာ ဆာ(NASA)အာကာသသိပ္ပံကိုပို့ပြီး ရေဒီယိုကာဗွန်နည်း သက်တမ်းစစ်ကြည့်တဲ့အခါ BC ၇၀၀ မှ ၃၀၀ လို့သက်တမ်းရရှိတဲ့အတွက် မြန်မာ့ရေမြေမှာ ရှေးဦးလူသားတွေဟာ မုံရွာ၊ ချင်းတွင်းမြစ်ဝှမ်းမှာ နေထိုင်သွားကြတယ်ဆိုတာကို တွေ့ရှိကြရပြီဖြစ်ပါတယ်။
ချင်းတွင်းမြစ်တစ်ဖက်ကမ်းကိုကူးပြီး အလောင်းတော်ကဿပသဘာဝဥယျာဉ်ကို သွား လို့ရသလို မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးကနေ မိုင်(၂၀)လောက်မှာရှိတဲ့ ဖိုးဝင်း တောင်ကလည်း သဘာဝကျောက်ဂူတွေကို ထွင်းထုထားပြီး အထဲမှာအင်းဝခေတ်ရဲ့အ ကောင်းစားလက်ရာနဲ့ နံရံပန်းချီတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်လှပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးထဲက “ချောင်းဦးဆယ်ရွာ၊ အလုံမုံရွာတစ် လျှောက်ဆီက”လို့ စာချိုးထဲကအတိုင်း မုံရွာတောင်ဘက် ချောင်းဦးမြို့မရောက်ခင်ကြား ထဲက ခင်မွန်ရွာက မဟာအောင်မြေဘုရားနဲ့ ရုပ်စုံဘုရားတို့ထဲက ကုန်းဘောင်ခေတ်ဦး နံရံပန်းချီတွေကလည်း အကောင်းတိုင်းကျန်ရှိနေသလို မုံရွေးကြေးမုံရွာက ပထမမုံရွေး ဇေတ၀န် ဆရာတော်ဘုရားကြီးရဲ့ကျောင်းကလည်း လေ့လာဖွယ်ရာများစွာနဲ့ပါပဲ။ မုံရွာ မြောက်ဖက်ကပ်ရက် အလုံက မုံရွာလေယာဉ်ကွင်းတည်ရှိသလို မြန်မာပြည်ရဲ့ ရာသီအ လိုက်ပွဲစာရင်းမှာပါရှိတဲ့ အလုံဘိုးဘိုးကြီးရဲ့နတ်ကွန်းကလည်း ချင်းတွင်းမြစ်ကမ်းပါးမှာ ရှိပြန်ပါသည်ပေါ့။
မုံရွာ၊ မုံရွာလို့ ဆိုပြန်တော့လည်း မုံရွာမြို့ရဲ့ ဂုဏ်ယူစရာ လယ်တီဆရာတော်ဘုရားကြီး က ပါလာပြန်ပါတယ်။ အင်္ဂလိပ်အစိုးရခေတ်မှာ ပထမဆုံးပါရဂူ(Ph-D)ဘွဲ့ကို လယ်တီ ဆရာတော်ဘုရားကြီးကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီး အုတ်မြစ်ချတဲ့နေ့ မှာ Doctor of Licture (D-lit) ဘွဲ့ကို ဆက်ကပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လယ်တီ ဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကို D-lit ပါရဂူဘွဲ့က ကျော်နိုင်ပုံမရပါ။ မြန်မာနိုင်ငံရဲ့နှစ် ဆယ်ရာစုပထမပိုင်းကို လယ်တီဆရာတော်ဘုရားကြီးက လွှမ်းမိုးထားနိုင်ခဲ့ပြီး ဗုဒ္ဓသာ သနာတော်ကြီး တည်တံ့ပြန်ပွားရေးအတွက် ကျမ်းပေါင်းများစွာ ပြုစုခဲ့ပြီး ကမ္ဘာကသိလို တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ခဲရာခဲဆစ်များကို ဖြေရှင်းပေးနေခဲ့တဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူး ပညာရှင်ကြီးဖြစ်ပါတယ်။ ဒီတော့လည်း မုံရွာသူ မုံရွာသားတွေက လယ်တီ ရပ်ကွက်က မဟာလယ်တီကျောက်စာတိုက်ကြီးကို လက်ညှိုးထိုးပြီး ငါတို့က လယ်တီ ထွက်နော်လို့ လုပ်ပြန်ပါရော။
ရန်ကုန်က အကြွား၊ မော်လမြိုင်က အစား၊ မန္တလေးက စကား၊ ရွှေဘိုက စပါး၊ စစ်ကိုင်း က ဘုရား၊ မုံရွာက တရားလို့လည်း လုပ်ပြန်သေးတယ်။ အဲဒီလိုပြောနိုင်ပြန်တာလည်း ဗုဒ္ဓ၀ါဒကျမ်းပြု လယ်တီဆရာတော်၊ မိုးညှင်းသမ္ဗုဒ္ဓေက မိုးညှင်းဆရာတော်ကြီးရဲ့ မေတ္တာ ကမ္မဋ္ဌာန်း၊ မဟာဇောတိကာရာမ ပါဠိတက္ကသိုလ်ခေါ်တဲ့အကြီးဆုံးသော ပရိ ယတ္တိစာသင်တိုက်၊ ဗိသုကာအရာမှာ အံ့မခန်းတဲ့ မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကြီး၊ ဗော ဓိတထောင်ရပ်တော်မူ၊ လျောင်းတော်မူ၊ လယ်တီကျောင်းက ကောက်စာတိုက်တွေက လည်း အထင်အရှားမြင်တွေ့နေရပြီဆိုတော့လည်း မုံရွာက တရားလို့ပြောနိုင်ပြန်ပါပြီ။ အသိဥာဏ်ပညာတရားဓမ္မတို့အတွက် ရှေ့ဆောင်သူတွေကြည့်ပြန်တော့လည်း မုံရွေး ဆရာတော်၊ ညောင်ကန်ဆရာတော်ဦးဗုစ်၊ လက်ဝဲနော်ရထာတွင်းသင်းတိုက်ဝန်မဟာ စည်သူ၊ စိန္တကျော်သူဦးသြ၊ မုံရွာသီရိမာလာမေးပြီး မုံရွေးဆရာတော်ဖြေတဲ့ သမန္တစက္ခုဒီ ပနီကျမ်းနှစ်တွဲက အမေးဆရာ မုံရွာသီရိမာလာခေါ်တဲ့ လှေသင်းအတွင်းဝန်မင်းကြီး ဦးချိန်၊ ကင်းဝန်မင်းကြီးဦးကောင်း၊ လယ်တီဆရာတော်၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ မောင်းထောင်းသံချိုဆရာဦးကျော်လှ၊ သိန်းဖေမြင့်၊ ဦးညိုမြ၊ စိန်ခင်မောင်ရီ၊ ဘုတလင် ချစ်လေး၊ လင်းယုန်မောင်မောင်၊ ဓမ္မာစရိယဦးဌေးလှိုင်၊ ဓမ္မကထိက ဦးလှသိန်း၊ သတ္တမ လယ်တီဦးဝိလာသတို့ ပေါ်ထွန်းခဲ့တာလည်း မုံရွာဖြစ်ပြန်ပါသည်ပေါ့။
တေးဂီတမှာလည်း ဆရာကြီးဦးဂုမ္ဘာန်၊ စောင်းဆရာကြီးဆရာဇုံ၊ မုံရွာဦးလေးခန့်၊ ဦးအေးမောင်၊ ရွာစားကြီး ဦးဟန့်၊ စိန်ကြာပေါ်၊ စိန်မြဆင်၊ စိန်မြရှင်၊ စိန်ဘထွန်း၊ စိန်ဘညို၊ စိန်ဒေါင်းမြိုင်မှသည် မြို့တော်သိန်းအောင်၊ မိုးပုလဲဦးဌေးမောင်အထိ မုံရွာဂုဏ်ကိုဆောင်ခဲ့ကြပြီ။ ပုန်းပုဆရာ မြနဲ့ တပည့်ရှုမ၀ဦးသန်း၊ ပန်းချီဦးဘမိုး၊၊ ဦးလူတင်နဲ့ ချင်းတွင်းရေကြည်ဦးအောင်မောင်း တို့ကလည်း ကျော်ကြားလှပါပြီ။ စစ်ပြီးခေတ်ပညာရေးကို ဆရာကြီးဦးသာဒင်၊ ဦးမောင် မောင်စိုးတင့်တို့က ပန္နက်ချပေးလိုက်ပြီးချိန်မှာတော့ ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်ဖို့ မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာနည်းပညာတက္ကသိုလ်၊ မုံရွာကွန်ပျူ တာတက္ကသိုလ်၊ မုံရွာပညာရေးကောလိပ်တို့နဲ့ မုံရွာကအသင့်ဖြစ်နေခဲ့ပါပြီ။
လွန်ခဲ့သောနှစ်သန်း(၄၀)က ရှေ့ပြေးလူပရိုင်းမိတ်(Primates) ဖြစ်ခေါ်ခဲ့တဲ့ မုံရွာအ နောက်ဘက် ပုံတောင်ပုံညာ၊ လွန်ခဲ့တဲ့နှစ်တစ်သန်းက အစောဆုံးမတ်တပ်ရပ်လူကို ရှာ ဖွေတွေ့ရှိခဲ့တဲ့ မုံရွာအရှေ့ဘက်က နွယ်ခွေကျောက္ကာတောင်တန်း၊ လွန်ခဲ့တဲ့နှစ်တစ် သောင်းက ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်လူသား တွေရဲ့ ကျောက်လက်နက်မြောက်များစွာတွေ့ရှိခဲ့တဲ့ မုံရွာအနောက်ဘက်ကမ်း ဆား လင်းကြီးက မုံကြိုးပြင်ကျောက်သင်္ချိုင်း၊ လွန်ခဲ့တဲ့နှစ်သုံးထောင်က မုံရွာမြောက်ဘက် ညောင်ကန်ရွာက တူးဖော်တွေ့ရှိခဲ့တဲ့ ကြေးခေတ်လက်နက်များနဲ့ ညောင်ကန်ကြေး
သင်္ချိုင်းတို့ကို ကျားကန်နေခဲ့တဲ့ မုံရွာဟာ ကမ္ဘာဦးလူသားတို့ အဆက်မပြတ်အခြေစိုက် လှုပ်ရှားခဲ့တဲ့ ဘူမိနက်သန်မင်္ဂလာအောင်မြေလို့ပဲ ပြောရတော့မယ်။ ဒီအောင်မြေကပဲ တိုင်းပြည်ကို ချစ်ခဲ့ကြတဲ့စစ်သူကြီးမဟာဗန္ဓုလ၊ မင်းလက်ဝါးကြီး၊ မင်းလောင်းမောင် သန့်၊ ဗန္ဒကရသေ့၊ ဂဠုန်ဆရာစံ၊ မောင်းထောင်နွယ်ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာတော်ဦးဝိစာရ၊ သခင်လေးမောင်တို့လို တိုင်းချစ်ပြည်ချစ်တွေကလည်း တာဝန် ကြေခဲ့ကြပြန်တယ်။
ဒီလိုကြီးကျယ်တဲ့မုံရွာဟာ အခုတိုင်လည်း အဖက်ဖက်ကအစဉ်တိုးတက်နေတဲ့ မြို့ကြီး တစ်မြို့ဖြစ်တယ်။ သမိုင်းမထင်ရှားလို့ ဒန္တာရီနဲ့ စရမယ့်မြို့မျိုးမဟုတ်ဘူး၊ သမိုင်းအထင် အရှားနဲ့ အစဉ်အလာရှိတယ်။ ဗြိတိသျှအုပ်ချုပ်ရေးခေတ်က အရေးပိုင်နဲ့ ကြေးတိုင်မင်း ကြီးဟာဒီမန်(Hardiman)က ၁၉၂၁ မှာ “မုံရွာသည် ဒီစကြိတ်မြို့ကြီးဖြစ်လာပြီးသည့် နောက် အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံကြား ကုန်သွယ်ရေးမဟာဗျူဟာကျ သည့်မြို့ဖြစ်လာသည်။ ချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီ ပေါင်းစုံသည့် မြစ်ဆုံအရပ်မှ မိုင်(၅၀)အကွာတွင်တည်ရှိ၏။ အထက်ချင်းတွင်းသို့သွား ကြလာကြသည့် မီးသင်္ဘောများ၊ ကုန်တင်လှေကြီးများ ဆိုက်ကပ်ရန် အလွန်ကောင်းမွန် သည့် ဆိပ်ကမ်းမြို့ဖြစ်သည်။ ထို့ကြောင့် ကူးသန်းရောင်းဝယ်ရေးအလွန်ဖွံ့ဖြိုးတိုးတက် သည်လို့ အစီရင်ခံစာတွေရပါတယ်။
ဒီလိုတိုင်းပြည်ကံကြမ္မာညှိုးတဲ့ အင်္ဂလိပ်ဗြိတိသျှလက်ထက်မှာကိုပဲ စီးပွားရေးဦးမော့ခဲ့ တဲ့ မုံရွာဟာ ရေဘေး၊ မီးဘေး၊ စစ်ဘေး၊ စတဲ့ အန္တရာယ်တွေအလီလီကြုံရလည်း မုံရွာ သားတွေဟာ မြို့ချစ်တွေဖြစ်ကြလို့ နေ့ချင်းညချင်း မုံရွာကို ပြန်လည်တည်ဆောက်ကြ မြဲပဲ။ ဒါကြောင့်လည်း အန်ဒါးဆင်းပုံပြင်တွေနဲ့ ဘာသာပြန်ဆုရခဲ့တဲ့ မုံရွာမြို့က ကဗျာ ဆရာကြီးဦးအံ့မောင်က “မီးတွင်းဆင်းသက်၊ လှသစ်တက်သည့်၊ နတ်ငှက်ပမာ၊ မြို့မုံ ရွာ”လို့ တင်စားဖွဲ့ဆိုခဲ့တာပေါ့။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့ ပညာရေး၊ စာပေ ယဉ်ကျေးမှုအနုပညာ၊ ဘာသာသာသနာရေးတို့ကလည်း ကျွဲကူးရေပါ ဖူးပွင့်ဝေဖြာနေ တဲ့ မုံရွာမြို့ဟာ ဒီနေ့တိုင်လည်း ချင်းတွင်းမြစ်ကမ်းပေါ်မှာ နတ်ငှက်ပမာ မြို့မုံရွာ အဖြစ် ကျော့မော့လျက်သာ မြင်တွေ့ကြရမှာဖြစ်ပါတော့တယ်။ ။
မုံရွာနှင့် ပထ၀ီအခြေအနေ
မြောက်လတ္တီကျု ၂၁ ဒီဂရီ ၅၅ မိနစ်နှင့် ၂၁ ဒီဂရီ ၁၈ မိနစ်ကြား အရှေ့လောင်ဂျီကျု ၉၅ ဒီဂရီ ၄ မိနစ်နှင့် ၉၅ ဒီဂရီ ၂၃ မိနစ်အကြား
အကျယ်အ၀န်း ၂၆ စတုရန်းမိုင်။
လူဦးရေ ၁၈၉၁ ခုနှစ် - ၆၃၁၆
၁၉၃၁ ခုနှစ် - ၁၀၈၀၀
၁၉၅၃ ခုနှစ် - ၂၆၁၈၂
၁၉၆၃ ခုနှစ် - ၅၀၈၉၁
ရပ်ကွက် - ၁၈၉၁ မှာ မုံရွာရပ်ကွက်၊ လှေကူးရပ်ကွက်နှစ်ခုသာရှိ
၁၉၉၅ - ၁၉ ရပ်ကွက်
၂၀၀၅ - ၂၄ ရပ်ကွက်
ပင်လယ်ရေမျက်နှာပင်အထက် - ၂၆၇ ပေ။
နှစ်စဉ်ပျမ်းမျှအပူချိန် - ၈၀ ဒီဂရီဖာရင်ဟိုက်။
ပျမ်းမျှမိုးရေချိန် - ၃၀ လက်မမှ ၄၅ လက်မအတွင်းရှိ (၁၉၈၀)မြို့နယ်မှတ်တမ်း။
မုန်ပင်များပေါက်ရောက်ရာအရပ်ဖြစ်သောကြောင့် မုံပင်ကိုအစွဲပြု၍ မုံရွာဟု ခေါ်ဆို သည်ကို လက်ခံနိုင်ဖွယ်ရှိ၊
မုံရွာနှင့် သမိုင်းဖြစ်စဉ်
- မုံရွာခရိုင် ချင်းတွင်းမြစ်အနောက်ဘက် ပုလဲမြို့နယ်အတွင်းရှိ ပုံတောင်ဒေသတွင် လူ၏ မူလအစ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့။ ၁၉၂၃ တွင် ဒေါက်တာဗာနမ်ဘရောင်း(Banum Brown) မှ မိုးကောင်းရွာမှ ရှေ့အံသွားနှစ်ချောင်းပါသည့် အောက်မေးရိုး(Mandible) အစတစ်ခုတွေ့။
- အမ်ပီဖေးသီးရပ်ကပ်စ်၊ မိုးကောင်းဂျန်စစ်(Amphi-Pithecus Mogaungenesis) အမည် ပေး။ ၁၉၂၇ တွင် ဒေါက်တာ ဂျီဒီပီကောက်တာ(G.D.P Cotter) မှ အလားတူကျောက် ဖြစ်ရုပ်ကြွင်းတွေ့။ ပုံတောင်ဂျီယကောက်တာရီ(Pondaungia Cotter) အမည်ပေး။
၁၉၇၈ တွင် ဘူမိဗေဒပညာရှင် ဦးဘမော်က အဆင့်မြင့်ပရိုင်းမိတ်(Higher Primate) တစ်ကောင်၏ ဒုတိယနှင့် တတိယအံသွားနှစ်ချောင်း ကပ်လျက်အောက်မေးရိုးအစတစ် စကိုတွေ့။ ပုံတောင်လူ(Pondaung Mans) ဟု အမည်ပေး။ ၁၉၉၇ တွင် ပုံတောင် ဒေသမှ အများအပြားတွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းမှာ အမ်ပီပီသေကပ်စ်ဖြစ်ပြီး နောင်တွင်လူဖြစ်လာမည့် ပရိုင်းမိတ်များအနက် ရှေ့အကျဆုံးပရိုင်းမိတ်ဖြစ်၍ ယခင်နှစ် သန်း(၄၀) (Before Present B.P) က နေထိုင်သွားသော သတ္တ၀ါဖြစ်သည်ဟု အခိုင်အ မာသတ်မှတ်(သန်းထွန်း၊ ၂၀၀၄၊ ၇-၁၆)
အစောဆုံးလူသားမျိုးနွယ်အစ မုံရွာခရိုင်၊ ပုံတောင်ဒေသမှဟု ဆိုနိုင်။
- မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေရွာ အနောက်မြောက်ဘက် မုံရွာအရှေ့ ဘက် ရွှေမြင်တင်တောင်ဘက်စွန်း၊ ဒင်္ဂါးကုန်းမှ ၁၉၇၈ တွင် ပါမောက္ခဦးဘမော် ကပင် ဘယ်အံသွားနှစ်နှင့် မေးရိုးအစိတ်အပိုင်း ကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့ သဖြင့် အကြိုသမိုင်းတွင် လူသိများသည့် ပီကင်းလူ(Peaking Man) ဂျာဗားလူ (Java Man) တို့နှင့် ခေတ်ပြိုင်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ။ မတ်ရပ်လူ(Homo-Erecuts)ဟုခေါ်သဖြင့် နွယ်ခွေလူဟု သတ်မှတ်။ ထို့ကြောင့် မုံရွာနယ်တစ်ဝိုက် တွင် ဆင့်ကဲဖြစ်စဉ် (Evolutionfoman) အတိုင်း ရှေးလူများနေထိုင်သွားကြ။
- ကျောက်ခေတ်မုံရွာ
၁၉၃၇ တွင် အမေရိကန် ဟားဗက်တက္ကသိုလ်မှ ပါမောက္ခဒေါက်တာမိုးဗီးယပ် (Dr. Movius) နှင့်အဖွဲ့ မြန်မာနိုင်ငံလာပြီး ကျောက်ခေတ်လေ့လာ အထက်အ ညာဒေသတွင် ကျောက်ခေတ်လက်နက်များစွာ တွေ့ရသဖြင့် “အညာသား” ယဉ် ကျေးမှုဟုသတ်မှတ်၊ မုံရွာဒေသမှလည်း အညာသားဓလေ့ (Anyarthiam Culture) တွေ့ရှိ။
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှ ကောင်းခေတ်ဟောင်း၊ ကျောင်း ခေတ်လယ်၊ ကျောက်ခေတ်သစ်၊ ကျောက်လက်နက်များကို တစ်စုတစ်ဝေး တည်းတွေ့ရှိ။
ဆားလင်းကြီးမြို့နယ် ဆားထုံးရွာ၊ ပိုင်းတောင်ကြီးရွာအနီး ထောက်မကုန်းမှ ကျောက်ခေတ်သစ်လက်နက်များ၊ ရှေးဟောင်းသုတေသနမှ တူးဖော်တွေ့ရှိ။
- ကြေးခေတ်မုံရွာ
၁၉၉၈ တွင် မုံရွာမြောက်ဘက် ဘုတလင်မြို့နယ် ညောင်ကန်ရွာအနောက် တောင်ဘက်မှ ကြေးလက်နက်နှင့် အရိုးစုများစွာတွေ့ရှိ၊ ခေါင်းပွပုဆိန်၊ လှံသွား များမှာကြေးဖြင့် ပုံလောင်းပြီး၊ ယောက်ျား၊ မိန်းမ၊ ကလေးအရိုးစုများ ပကတိ အတိုင်းတွေ့၊ အိုးအရွယ်အစားမျိုးစုံကို အိုးထိန်းစက်များဖြင့် မာကျောပြောင်ချော စွာ ပြုလုပ်ထား၊ ယခင်နှစ် ၃၀၀၀ က အဆင့်မြင့်သော ကြေးခေတ်ဓလေ့ဖြစ်။
- ပျူခေတ်မုံရွာ
အေဒီ ၁၀၆၀ တွင် ရေးသားပြုစုခဲ့တဲ့ တရုတ်တန်းမင်းဆက်ရာဇ၀င်သစ် (New History of T’aung Pynasty) မှ ပျူ (၃၂)မြို့အနက် ပုဝုတို(Pu-Wu-To)သမုတ် တဲ့မြို့မှာ အလုံမုံရွာတစ်ဝိုက်တွင်ရှိ။ အလီဆီ (သို့) အာလီကိုမှာ အလ္လကပ္ပ(မုံရွာ မြို့နယ်မှ ရွာ)ဖြစ်။ သရေခေတ္တရာပျူအင်ပါယာ၏ မြောက်ဘက်အကျဆုံးသော ဒေသများဖြစ်။
- ပုဂံခေတ်မုံရွာ
၁၂၅၆ ခုနှစ် ထိုးရှင်မဟာကဿပဘုရားကျောက်စာတွင် မုန်ရွာမြစ်စည်ဟုတွေ့။
မုံရွာဝန်းကျင်တွင်ရှိသော ကျောက္ကာ၊ ခင်မွန်၊ ချောင်းဦး၊ သာစည်၊ အနိမ့်၊ အမြင့် စသည်တို့တွင် ပုဂံခေတ်ထိုးကျောက်စာများ တွေ့ရှိရသော်လည်း မုံရွာတွင်မူ ပုဂံ ခေတ်ထိုးကျောက်စာများ ယခုထိမတွေ့ရှိရ။
- အင်းဝခေတ်မုံရွာ
ခရစ်နှစ် ၁၃၃၄ ရေးထိုးသော ရွှေကျောင်းကျောက်စာတွင် အမြင့်၊ ကုခန်၊ အဖ နိမ့်၊ လေသောင်၊ ပင်ကီဆဲတိုက်၊ ငဖေါင်၊ ငလက်ပံကောင်၊ ကံနီလေကူ၊ ပတုံမ် ဟု မုံရွာမှ ရပ်ကွက်လှေကူးနှင့်ကပ်လျက် ဗနံ(အလုံ)ကို တွေ့ရ၊
သာလွန်မင်း(၁၆၂၉-၄၈) လက်ထက် ၁၆၃၇ ခုနှစ်တွင် ကောက်ယူသည့်စစ်တမ်း တွင် “၉၉၉ ခု မုန်ရွာစစ်တမ်း” ဟု တွေ့ရ။
(၁၇၃၃-၁၇၅၂) ဟံသာဝတီရောက်မင်း ဓမ္မရာဇာဓိပတိလက်ထက် မုံရွာတောင် ဘက် မကျည်းကုန်းရွာစေတီကျောင်းရှိ ခေါင်းလောင်းစာတွင် မုံရွာကျောင်းတကာ၊ ကျောင်းတကာမ ကောင်းမှုဟု တွေ့ရှိ။
ပုဂံခေတ်မှ အင်းဝခေတ်လယ်အထိ မုန်ရွာဟု ရေးခဲ့ရာမှ ၁၈ ရာစုနှစ်ဝက်တွင် မုန်ရွာမှ မုံရွာဟု ပြောင်းလဲရေးထိုးလာသည်ဟု တွေ့ရ။
- ၂၀ သြဂုတ်၊ ၁၇၅၁ တွင် စိန္တကျော်သူဦးသြ၏ က၀ိလက္ခဏသတ်ပုံကျမ်းတွင် သလ္လာမြစ်စုံ၊ မြို့ဗဒုံ၊ မုံရွာနှင့် မဝေး(က၀ိ၊ မျက်၊ ၄) ဟုတွေ့ရ။
- ၁၇၅၈ နိုဝင်ဘာလ (၁)ရက်နေ့တွင် ဦးအောင်ဇေယျ မဏိပူရကသည်းသို့ စစ်ချီ ရာတွင် တပ်စခန်းချသည့်နေရာများတွင် မုံရွာကိုတွေ့ရ။
- ဘိုးတော်ဘုရားခေါ် ဗဒုံမင်းသည် မင်းသားဘ၀တွင် မုံရွာမြောက်ဘက် ယခုမုံရွာ လေယာဉ်ကွင်းရှိသည် အလုံခေါ် ဗဒုံမြို့ကိုစားရ။ ဘုရင်ဖြစ်၍ ကိုယ်ရံတော်တပ် ဖွဲ့ရာတွင် တောင် (၁၅၀)အမှုထမ်းစု ရွေးရာတွင် မုံရွာတွေ့ရ။
- မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် မုံရွာ၌ကျောက်စိမ်းခွန်ကောက်ရန် မုံရွာတွင် ကင်းစခန်းဖွင့်လှစ်ကြောင်းတွေ့ရ။
- မင်းတုန်းမင်းလက်ထက် (၁၈၆၈) လွှတ်တော်ကထုတ်ပြန်သော နေမင်းများစာ တွင် မုံရွာသူကြီးငအိုဟု တွေ့ရ။
- အင်္ဂလိပ်သိမ်းပြီး မုံရွာ
မုံရွာနယ်မှ ဗိုလ်လှဦးခေါင်းဆောင် မျိုးချစ်တော်လှန်ရေးပေါ်ပေါက်၊ ၂၀ ဇန်န၀ါရီ ၁၈၈၆ တွင် ဗြိတိသျှအစိုးရမှ ချင်းတွင်းမြစ်ရိုးတစ်လျှောက် သူပုန်များနှိမ်နှင်းရန် ဟု ဗိုလ်ချုပ်ကြီးပရင်ဒါဂတ်ကို(General Prendergast) ကို အမိန့်ပေး။
ကပ္ပတိန်ရေကာ(Captain F.D Raiker) ကို အလုံမြို့၌ ဒုတိယကော်မရှင်နာ မင်း ကြီးခန့်အပ်ပြီး အောက်ချင်းတွင်းစီရင်စုကို ကိုလိုနီအုပ်ချုပ်ရေးယန္တရား ၁၈၈၆ ခုနှစ် ဇူလိုင်တွင် စတင်၊ မုံရွာမှ ဗိုလ်လှဦးနှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှ ရွှေဂျိုးဖြူမင်းသားနှင့် နဂါးဗိုလ်မင်းသားတို့ကို နှိမ်နင်း။ ၁၈၈၇ တွင် ဗိုလ်လှဦး အရာတော်ဝါးတော်ရာ၌ကျဆုံး။
၁၈၈၈ တွင် နဂါးဗိုလ်မင်းသားအား မုံရွာထောင်၌ ကြိုးပေး၍သတ်။ ၁၈၈၇ တွင် ရွှေဂျိုးဖြူမင်းသား ချင်ပစ်ရွာ၌ ကျဆုံး။ ဗြိတိသျှဘက်မှအမြင့်ဆုံးကပ္ပတိန်ဂျေဂျေ ကနေဒီနှင့် မေဂျာဝေါလ်တာဘီဘီတို့ ရွှေချိုးဖြူတပ်မှ ချင်ပင်ရွာသားဗိုလ်သာ ကြည် ဓါးချက်ဖြင့် ကျဆုံး။
၁၈၈၈ ဧပြီ ၂၅ တွင် မြူနီစပယ်အက်ဥပဒေအရ မုံရွာ မြူနီစပယ်အဖွဲ့ဖွဲ့ပြီး အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာမြို့သို့ ရွှေ့ပြောင်း။
မုံရွာမှာ ဒီစတြိတ်မြို့ကြီးတစ်မြို့အဖြစ် တရားဝင်ရပ်တည်။
၁၈၉၁ မှ ၁၈၉၄ အတွင်း စစ် ဆေးရုံ၊ စာတိုက်၊ ကြေးနန်းအကျဉ်းထောင်၊ မြေတိုင်းရုံး၊ အင်ဂျင်နီယာရုံး၊ ရဲဌာန တို့ တိုးချဲ့ဆောက်၊ ၁၈၉၂ တွင် ခရစ်ယာန်သာသနာပြု ၀က်စလီယန်ကျောင်းအ လယ်တန်းထိဖွင့်။
၁၉၀၈ တွင် အထက်တန်းကျောင်သို့ တိုးမြှင့်ဖွင့်။
၁၈၈၂ တွင် ဧရာဝတီလာဖလော်တီလာကုမ္ပဏီမှ အထက်ချင်းတွင်းအထိ မီးသင်္ဘောစတင်ခုတ်မောင်း။
၁၈၉၈ တွင် မြန်မာ့မီးရထားလမ်းကုမ္ပဏီက မုံရွာမှ အလုံအထိ၊
၁၉၂၃ တွင် အလုံမှ ရေဦးအထိ၊ မီးရထားလမ်းတိုးချဲ့ဖောက်လုပ် ပြေးဆွဲ။
၁၈၉၇ တွင် ချင်းတွင်းမြစ်ကမ်းတာရိုးတည်ဆောက်။
၁၉၀၀ တွင် စစ်ကိုင်း၊ မုံရွာ၊ အလုံ မီးရထားလမ်းဖွင့်လှစ်။
ဝက်စလီယန်ကျောင်း (၁၈၉၂)
ဗုဒ္ဓဘာသာကျောင်း (၁၉၁၈)
နေရှင်နယ်ကျောင်း (၁၉၂၀)
လယ်တီစာသင်တိုက် (၁၉၂၄)
မိုးညှင်းသမ္ဗုဒ္ဓေစေတီ (၁၉၃၉)
တာရိုးကျိုး၊ မြို့ရေလွှမ်း (၁၉၃၉)
တစ်မြို့လုံးပြာကျ (၁၉၄၂-၄၅)
ဗိုလ်ချုပ်ဆောင်ဆန်း လူထုတရားပွဲလာကျင်းပ (၂၁ မတ်၊ ၁၉၄၇)
လေယာဉ်ကွင်းဖွင့် (၁၉၅၁)
တစ်မြို့လုံးမီးလောင် (မေ ၆၊ ၁၉၅၇)
ဒေသကောလိပ်ဖွင့် (၁၉၇၇)
အထူးကုဆေးရုံ (၁၉၇၈)
ကျွန်းချောင်းမှ လျှပ်စစ်ရ (၁၉၈၂)
နာရီစင်ဖွင့် (၁၉၈၅)
အော်တိုတယ်လီဖုန်းနှင့် စက်မှုလက်မှုသိပ္ပံကျောင်းဖွင့် (၁၉၈၆)
ဗိုလ်ချုပ်ကြေးရုပ်ကို ဂျာမနီပြန် ပန်းပုအကျော်အမော် ဦးစိုးတင့်၏လက်ရာဖြင့် ဖွင့်လှစ် (၁၉၈၈)
၁၉၈၈ စစ်တမ်းတွင် လူဦးရေ (၁၁၄၆၀၈)
အိမ်ခြေ (၂၃၆၉၈)၊ ရပ်ကွက် (၁၈)၊ ဈေး (၆)၊ ဘုရား (၂)၊
ရွှေစည်းခုံ၊ ဆုတောင်းပြည့်၊ ဘုန်းကြီးကျောင်း (၁၁၁)၊
သံဃာ (၄၀၂၄)၊ သီလရှင် (၃၄၉)၊
ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဆစ်၊ တရုတ်ဗုဒ္ဓဘာသာဝင်များလည်းရှိ။
No comments:
Post a Comment