***မြစ်နဲ့ရေ***
ကျွန်မမှာ မြစ်တချို့မှ ကျောက်တုံးအမျိုးမျိုး ရှိသည်။
ကျောက်တုံးတို့သည် ပုံ သဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုးဖြင့် လှပကြ
သည်။ ကျောက်တုံးတွေကို စုဆောင်းခြင်း မှာ စိတ်ဝင်စားစရာ ကောင်း၏။
တစ်နေရာရာသို့ ရောက်တိုင်း အဲဒီနေရာက အမှတ်တရ အဖြစ် ကျောက်တုံးလေးတွေကို
ကောက်မိတာ ကျွန်မ၏၀ါသနာ ဖြစ်ပါသည်။
ကျောက်တုံးတို့ကို
ကျွန်မအခန်းထဲက ခုတင်အောက်မှာ သူ့အပုံနှင့်သူ ပုံထားဖြစ် သည်။
တစ်ချိန်ချိန် ကျွန်မမှာ အိမ်အပိုင်ရှိလာ ခဲ့လျှင် ထိုအိမ်မှာ
ကျောက်တုံးတွေအတွက် စင်လေးလုပ်ပါမည်။ စင်ပေါ်မှာ ကျောက်တုံးလေးတွေကို
အလှတင်ထားမည်။ အခုတော့ ခုတင်အောက်မှာပဲ နေကြဦးနော်။
ခဏခဏ
ကြည့်မိလွန်းလို့ ကျောက်တုံးတွေကို ကျွန်မ အလွတ်ရနေပါပြီ။ ဟောဒါ က မြစ်ဆုံက
ကျောက်တုံး၊ ဟောဒါက မလိခ မြစ်က ကျောက်တုံး၊ ဟောဒါက မဏိပူရမြစ် ဟု ခေါ်သော
ဘားရ်ချောင်းမှ ကောက်ခဲ့သည့်ကျောက်တုံး၊ ဟိုဟာက လေးမြို့မြစ် ကမ်း ဘေးက
ကောက်ခဲ့သည့် ကျောက်တုံး။ တစ်ယောက်ယောက်က ခလုပ်တိုက်သွားပြီး နေရာ
လွဲနေစေဦးတော့ ဒါက ဘယ်မြစ်က လာခဲ့တဲ့ ကျောက်တုံးလဲ ကျွန်မ မှတ်မိသည်။ ဥပမာ
မြစ်ဆုံကျောက်တုံးသုံးတုံးက အသား အနည်းငယ်ကြမ်းပြီး ပုံသဏ္ဌာန်က လုံး
ဝန်းချောနေ သည်။ ကြက်ဥလို ပုံစံကျောက်တုံးမှာက အလယ်တွင် ကန့်လန့်အမဲစင်းရာ
သေးသေး လေးပါဝင်သည်။ လေးမြို့မြစ် ကမ်းခြေက ကောက်ခဲ့သည့်
ကျောက်တုံးတွေကတော့ ညို ပြာပြာဖြင့် တောက်ပ ပြောင်လက်နေသည်။ မဏိပူရက
ကျောက်တုံးက ဒိုးပြားပစ်လို့ရ အောင် ပြားချပ်ချပ် ၀ိုင်းဝိုင်းလေး။
မူလာရှီးဒီချောင်းက ကျောက်တုံးတွေက ကြီးတာတွေ များနေလို့ သေးတာကို မနည်း
လိုက်ရှာခဲ့ရပါသည်။ ဒီကျောက်တုံးလေးတွေသည် မြစ် တွေဆီသို့
ကျွန်မ၏ခရီးတို့ကို အသံတိတ် ပြောပြနေသည့် သက်သေခံတို့ ဖြစ်ကြပါ သည်။
မြစ်တွေကိုရင်ခုန်သည့် ကျွန်မသည် ထိုမြစ်သို့ နောက်တစ်ကြိမ် ပြန်သွားဖြစ်မ
လား မသွားဖြစ်လား မသေချာသောကြောင့် သက်သေခံ အမှတ်တရ တစ်ခုခုကို သယ်ယူ
ခဲ့ချင်သည့်အခါ ရေနှင့်စာလျှင် ကျောက်တုံးက ပိုပြီး လက်တွေကျလို့
ဖြစ်ပါသည်။ ထို ကျောက်တုံးလေးတွေကို ခုတင်အောက်မှာထားပြီး ညအိပ်သည့်အခါ
မြစ်တို့၏ ရေစီးသံ ကို ပြန်လည်ကြားယောင်နိုင်သည်။
ကျောက်တုံးတွေကို မြစ်၏ အထိမ်းအမှတ်အဖြစ် ကျွန်မ ဘယ်တုန်းကစပြီး စု
ဆောင်းတတ်ခဲ့ပါလိမ့်။ သေချာသည်ကတော့ ငယ်ဘ၀တုန်းက အဲသည်အတွေး မရှိခဲ့ဖူးပါ။
မြစ်နှင့်ပတ်သက်သည့် မှတ်ဉာဏ်များသည် ငယ်ဘ၀မှာတော့ သီချင်းများအဖြစ် ရင်မှာ
ရိုက်ခတ်လို့ မဆုံးနိုင်အောင် ရှိခဲ့သည်။
‘ယမုန်သီတာ ရီပြာမှောင်လဲ့ လှိုင်းရေပြင်ကျယ် လူးလွန့်ကာ သွယ်သွယ် ဆည်း ဆာ နေညိုချမ်းဝယ်’
‘ပိုက်ကွန်ဖြန့်ပါလို့ သနားစရာ့ဘ၀၀ယ် ကိုတံငါတွေရယ် ရွာအ၀င်ကမ်းပါးထိပ်
ဝယ် ပြန်လမ်းကိုပဲ မှန်းလို့ ကြိုသူမယ် ဧရာမြစ်ပြင်ကျော့မယ် ရွှေလည်မော့ကာ
ကျော့မယ် တစ်ပါးရယ်။ ဘယ်ဝဋ်ကယ်တုံ့တင်လို့ရယ် ပူပင်လယ် လှိုင်းကကြွယ်ကြွယ်
သမုဒ္ဒရာဝမ်း တစ်ထွာအရေးရယ် လှေငယ်ရှင်တစ်စီးရယ်က ပိုက်ကြီးနဲ့ ရေဆင်းသံကသာ’
‘ကျောက်ဆောင်အငူဝယ် လေပြင်းထန် လှိုင်းမာန်ပြင်းတယ် ပြန်လမ်းမကြုံတဲ့
ယမုန်နာဦးဝယ် မျှော်တဲ့သူများ မျှော်ရှာရော့မယ် အိမ်သူမေ ထားသက်လှယ်
ပြန်လမ်းကိုပဲ မှန်းလို့ ကြိုနေမယ် ဧရာမြစ်ပြင်ကျော့မယ် ရွှေလည်မော့ကာ
ကျော့မယ်တစ်ပါးရယ်’
ကိုစောညိန်းရေးစပ်ပြီး
တွံတေးသိန်းတန်သီဆိုထားသည့် ရွှေလည်မော့မော့သီချင်း ကို သိတတ်စအရွယ်မှာ
မကြာခဏကြားရ ချိန်၌ ဧရာဝတီမြစ်ကို ကျွန်မ ဖြတ်ခဲ့ပြီး မြင်ခဲ့ပြီးပါပြီ။
ရေနံချောင်းမှ ကုန်းစောင်းသို့ ကျွန်မတို့ ပြောင်းရွှေ့လာတော့
ဧရာဝတီမြစ်ကို မော်တော်ဖြင့် ကူးဖြတ်ခဲ့ရသည်။ မြစ်ပြင်ကြီးက အကျယ်ကြီး
ဟိုဘက်ကမ်းကို လှမ်းမြင်ရ သော်လည်း ခပ်ရေးရေးမျှသာ။ ရေပေါ်တွင် မော်တော်လေး
တဒုတ်ဒုတ် ခုတ်မောင်းပြေး နေ ရတာ နှေးတိနှေးကွေး။ သင်္ဘောတစ်စင်းစင်းက
အနားကနေ ဖြတ်သွားလျှင် မော်တော် သည် သင်္ဘော၏လှိုင်းဒဏ်ဖြင့် ၀ုန်းခနဲ
ဝုန်းခနဲ မြင့်တက် နိမ့်ကျ လှုပ်ခပ်လေသည်။ ဧရာဝ တီမြစ်ပေါ်တွင် လှေလေးတွေကို
ခဏခဏတွေ့ရသည်။ လှေလေးတွေကိုမြင်ရသည့် မြင် ကွင်းကြောင့်
ကိုစောညိန်း၏သီချင်းသည် ပိုပြီး ပီပြင်စွာ ကျွန်မကို လွှမ်းမိုးလေသည်။ ငါး
ဖမ်းပြီး အသက်မွေးဝမ်းကျောင်းသော သီချင်းထဲက တံငါသည်တို့နှင့်
အိမ်သူဇနီးတွေ၏ ဘ၀ကို အာရုံထဲတွင် မြင်ယောင်လာသည့်အခါ အဲဒါ ကျွန်မသိခဲ့သော
ဧရာဝတီပါပဲ။
‘ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ် မျှော်တဲ့သူများ မျှော်ရှာရော့မယ်’ ဆိုသည့်
ကြေ ကွဲဖွယ်စကားလုံးမှာတော့ ကျွန်မ အာရုံက မဆုံးနိုင်အောင် ရှည်လျားသော
ကမ်းပါးစောက် ကြီးများအထက်မှ သေးကွေးသော လူပုံသဏ္ဌာန်တချို့ဆီ ရောက်သွား
သည်။ လေ အဟုန် ဖြင့် ၀တ်ထားသည့် ထမီအဖျား တလွင့်လွင့်လှုပ်နေသည့်
မိန်းမတစ်ယောက်ယောက်ကို ခဏခဏ မြင်ခဲ့ရဖူးပါသည်။ တစ်ခါ တစ်ခါ ထိုမိန်းမ၏
မျက်နှာမူရာသည် ကျွန်မတို့ မော် တော်ဆီသို့ မဟုတ်။ ဘယ်ဆီမှန်းလည်း
ကျွန်မမသိ။ အဲသည်တုန်းက သိခွင့် ရခဲ့သော ဧရာဝတီသည် နာကျင်စရာ၊
ထိုနာကျင်စရာကို ကြုံစေသော အဖြစ်အပျက်ကလည်း ကြောက်စရာ။ လှိုင်းတွေ လေတွေ
ပြင်းထန်လွန်းလို့ တံငါလှေကလေး နစ်မြုပ်ကာ တံငါ သည် သေဆုံးသွားရသည့် အဖြစ်။
သေသွားတာကို မသိနိုင်ဘဲ ဘယ်တော့များ ပြန်ရောက် လာမလဲဟု မြစ်ကမ်းပါး
ကျောက်ဆောင်အငူမှာ မတ်တပ်ရပ် လှမ်းမျှော်နေရှာသော အမျိုး သမီးဘ၀ကလည်း
သနားစရာ။ မသေချာမရေရာသော မျှော်လင့်ခြင်းနှင့် သေချာရေရာ သော
ဆုံးရှုံးခြင်း အဲဒီနှစ်ခုမှာ ဘယ်ဟာက ခံစားရသက်သာမလဲဟု တွေး မိခဲ့သည်။
အဲသည်တုန်းက ကျွန်မ မြစ်ကိုမချစ်တတ်။ မြစ်ကို ကြောက်ခဲ့သည်။ မြစ်သည် အန္တ
ရာယ်၊ မြစ်သည် ကြောက်စရာ။ ဧရာဝတီ၏ တစ်ဖက်ကမ်းရှိ ရေနံချောင်းသို့ ဖေဖေတို့
မေမေတို့ အကြောင်းရှိလို့သွားရလျှင် မြစ်ပြင်ကျယ်ကြီးကို မော်တော်ဖြင့်
ကူးဖြတ်ရမှာ မို့ ကြောက်တာလည်းပါ၊ အတူတကွလိုက်ချင်တာလည်းပါ၊ ကျွန်မ ခဏခဏ
ငိုကြွေးရတတ်သည်။
ငယ်ဘ၀တုန်းက မြစ်သည် သီချင်းထဲမှာသာ
အမှတ်တရဖြစ်ခဲ့သည်။ အထိမ်းအ မှတ်ကျောက်တုံးရယ်လို့ ကျွန်မမှာ မရှိပါ။
အခုအချိန်မှာ ဧရာဝတီကို နွေရာသီမှာ လှေဖြင့် ဖြတ်ကူးလျှင်
သောင်ခြေတစ်ခုနားအရောက်တွင် လှေကို ကြိုးဖြင့် ဆွဲယူရမည်။ ထို အချိန် မှာ
ရေအောက်ခြေသည် ကျွန်မ လက်ဖြင့်ထိလို့ရသည်အထိ တိမ်တိမ်လေး။ အဲသည်မြစ်
ကြမ်းခင်းမှာ ကျောက်ခဲ ကျောက် တုံးလေးတွေကို မြင်နေရမှာပါပဲ။ သို့သော်
ထိုကျောက် တုံးတို့သည် ကျွန်မ၏ငယ်ဘ၀ ဧရာဝတီ၏ကျောက်တုံးတို့ဖြင့် မ
ဟုတ်တော့ပေ။ ကျွန်မ လက်ဖြင့် ထိကိုင်မည့် ရေသည်လည်း ဟိုယခင် ဧရာဝတီ၏ရေ
မဟုတ်တော့ပေ။
‘ယမုန်နာ သီတာသောင်ခြေဦးမှာလ သနားဖွယ်
လူနှယ်ခေါ်သံ ထူးလို့လေး ကြည် နူးဖွယ့် မယ်တစ်ကိုယ် ရွှေဟင်္သာ
မောင်နှံငှက်ကယ်တို့ ကြင်ဖော်မှာ ကြင်ဖော်ဖက်ကယ် နှင့် တူပျော်ပျော်
ဘယ်ခါစက်ရပါ့ လည်ယှက်ကာ သူတို့လို အို ငါးကြင်းတွေဆန် ငါးဒန် တွေ
သောင်ခြေဦးမှာလ ကိုတံငါ လှေယာဉ်စီးပါလို့ ပိုက်ကြီးနဲ့ ရေချလာ’
တင်တင်မြ၏ ယမုန်နာပတ်ပျိုးကို နံနက်တိုင်း မိုးမလင်းခင်
ဓာတ်စက်ဖွင့်သည့် နေရာမှ လေဖြင့်ဝေ့ကာ ကျွန်မတို့ ကြားရတတ် သည်။
အဲသည်တုန်းကတော့ ကိုတံငါတွေ သည် ပိုက်ကွန်တွေဖြင့် တစ်နိုင်စီးပွားရေး
ငါးဖမ်းခြင်းကို ပြုလုပ်ကြပုံရသည်။ ဘယ်သီချင်း ပဲ နားထောင်လိုက်
နားထောင်လိုက် ကိုတံငါသည် လှေဖြင့်သာ ပိုက်ချနေမြဲ ဖြစ်လေ သည်။
ဟိုတုန်းကတော့ လျှပ်စစ်ဖြင့် ဘက်ထရီ ဖြင့် ရှော့တိုက်ပြီး ငါးဖမ်းတာတို့
ဒိုင်းနမိုက် ခွဲပြီး ငါးဖမ်းတာတို့ ဘယ်ရှိဦးမလဲ။ အခုတော့
နည်းမျိုးစုံသုံးကာ အရှည်သဖြင့် မကြည့်တာ့ ဘဲ မြန်ဆန်အောင် လွယ်ကူအောင်
လုပ်ကိုင်ကြတော့သည်။ လိုသည့်ငါးရော မလို သည့်ငါးရော ဒီနားကငါးရော
ဟိုနားကငါးရော၊ ငါးအပြင်တခြား အသေးအမွှားတွေရော သေကုန်ကြတော့သည်။
သက်ဆိုင်ရာကတော့ တားမြစ်ထားပါရဲ့။ သို့သော် ဥပဒေကို ခိုင် ခန့်အောင်
မလုပ်နိုင်ကြ။ ဒါကြောင့်လည်း သဘာဝငါးရယ်လို့ သိပ်မရှိတော့ဘဲ မွေးမြူရေး
ငါးတွေသာ များနေရသည်။
‘ဧရာဝတီ စမုန် ဒုဌ၀တီ ဇော်ဂျီပန်းလောင်’ ဒါကတော့ ရွှေအင်းဝသီချင်း ဖြစ်သည်။ ‘သံလျက်စွန်းပေါ်တွင်
အင်းလေးအင်းကို ဖို့၍ မြို့တည် သတိုးဘုရားရာဇာဘုရင် စိုးစံသည်
မကောင်းတဲ့ရန် ဝေးအောင် တိုးတက်နှိမ်နင်းမည် အော် ဥဇ္ဇနာမင်းယုတ် သုတ်
သင်ပြန်ပါသည် စောဥမ္မာ ခင်မဒီ ဒေ၀ီကောက်လို့ မြှောက်တင် စံစားသည်။
တို့တိုင်းဌာနီ ရွှေနန်းတော်ဆီ ပြသဒ်ဘုံမြင့်ဆီ မင်္ဂလာကျက်သရေ ဖြိုးဝေတင့်စွ
မြို့ရွှေအင်းဝ သာယာဝ ပြောစည်’
ဟိုတုန်းက
သာယာဝပြောသည်ဆိုသော အင်းဝကို မြို့ဟောင်းဖြစ်တော့ ကျွန်မ ရောက်အောင်
သွားကြည့်သည်။ အင်းဝသည် ယခုအခါ ခြောက်သွေ့လျက် ရှိသည်။ မြို့ တစ်မြို့၏
ကြန်အင်လက္ခဏာများတွင် မြစ်ချောင်းအင်းအိုင်လည်း ပါလိမ့်မည်။ စိုက်ပျိုးရေး
အတွက် သုံးဖို့ရေ၊ လူနေအိမ်ခြေအတွက် အိမ်သုံးရေ၊ သစ်ပင်များအတွက် ရေ၊
ကျေးငှက် တိရစ္ဆာန်များအတွက် ရေ။
မြစ်ကမ်းဘေး တဲလေးဆီတွင်
ရေသန့်ဘူးဟောင်းတစ်ခုဖြင့် ရေထည့်သောက်နေ သော ကလေးတစ်ယောက်ကို အခုထိ
မျက်စိထဲက မထွက်။ သူမက်မက်မောမောသောက် နေသော ရေကို ရေသန့်ဘူးမှာ
ထွင်းဖောက်မြင်နေရသလောက်ဖြင့် မြစ်ရေလိုပဲ ခပ် နောက်နောက်ပါပဲ။
ရေကြည်ရေသန့်ကို သောက်နိုင်သည့် ကလေးတွေက ကံကောင်းတာပေါ့။ အရှေ့
တောင်အာရှသည် ရေမသန့်လို့ ၀မ်းနှင့် ပတ်သက်သော ရောဂါဖြင့် အသေအပျောက်အ
များဆုံးဒေသ ဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ ၀မ်းလျှောရောဂါဖြင့် သေဆုံးရသူတို့၏
ထက် ၀က်လောက်သည် ကျွန်မတို့ အရှေ့တောင်အာရှမှာ ဖြစ်တာဆိုပဲ။ နောက်ပြီး
မြန်မာနိုင်ငံရှိ ငါးနှစ်အောက်ကလေး သေဆုံးမှုတွေထဲက တစ်ဝက်သည်
အဟာရချို့တဲ့မှုနှင့် သက်ဆိုင် နေသည်။ မြန်မာနိုင်ငံသည် ၁၉၉၀ တုန်းက
သန့်စင်သောရေကို သုံးစွဲနိုင်သည့် လူဦးရေ မှာ ၃၈ရာခိုင်နှုန်းပဲ ရှိခဲ့ရာက
၂၀၀၀ ပြည့်နှစ်ရောက်တော့ ၇၂ရာခိုင်နှုန်း ဖြစ်သွားသည်ဟု ဖတ်ရပါသည်။ ၂၀၁၅ မှာ
လျာထားသည့် ၆၆ရာနှုန်းထက်တောင် မြင့်နေသေးသည်တဲ့။ မြန်သားပဲဟု ကျွန်မ
အံ့သြမိသည်။ အဲသည် ၇၂ရာနှုန်းမှာ အားလုံးက စံချိန်မီ အန္တရာယ် ကင်းသည့်
သောက်ရေသန့်တွေ ဖြစ်ဖို့လိုသေးသည်တဲ့။ အင်းပေါ့။ ကျွန်မမြင်ရသည့် ကလေးသည်
အဲဒီ ၇၂ရာနှုန်းထဲက ဒေသမှ ကလေးဖြစ်မည်။ သို့သော် ကလေး သောက် သည့်ရေသည် အန
္တရာယ်ကင်းသည့် သန့်စင်ရေ မဟုတ်သေးပါ။
ရေသည် အရာအားလုံး
အခြေအနေအားလုံးနှင့် ဆက်စပ်နေ၏။ အာဟာရနှင့် တိုက်ရိုက်ပတ်သက်နေသည်။
ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ဆင်းရဲမွဲတေ မှုနှင့်၊
စီမံအုပ်ချုပ်မှုနှင့်၊ စီးပွားလုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်နေသည်။
ရေကြီးမှု ရေလျှံမှု သီးနှံအထွက်နည်းမှု ခြောက်သွေ့မိုးခေါင်ပြီး
သီးနှံတွေပျက်စီးမှု၊ ကန္တရဖြစ်ထွန်းမှု၊ တော် တော်များများပါပဲ။
သွယ်ဝိုက်ပတ်သက်တာ ကတော့ ပညာရေးဖြစ်မည်။ ကျွန်မတို့ မောင်နှ မတွေ
ပညာရေးမညံ့ခဲ့တာ ရေနံချောင်းနှင့် ကုန်းစောင်း၏ ရေခံမြေခံမဆိုးလို့
ဖြစ်နိုင်ပါ သည်။
မြစ်ဝကျွန်းပေါ်ဒေသက ရွာလေးတစ်ရွာမှ
ရေအခက်အခဲကို မကြာသေးခင်က ဓာတ်ပုံပြပွဲတစ်ခု လုပ်ခဲ့သည်။ အဲဒီ ကလေးတွေ
ရေတစ်ပုံးရဖို့အတွက် တစ်စက်ချင်းကျ သည့် ရေကို ခွက်လေးနှင့်
စိတ်ရှည်လက်ရှည် စောင့်ခပ်ယူနေရ တာကို တွေ့ရသည်။ အဲဒီ ကလေးတွေ စာသင်ချိန်
စာလေ့လာချိန် နည်းသွားမှာပေါ့။ လွတ်လပ်ပေါ့ပါးစိတ်ရော ရှိနိုင်ပါ့မလား။
လွယ်အိတ်လွယ်ရမည့် သူတို့ပခုံးသည် ရေပုံးထမ်းထမ်းဖို့တောင် အချိန်ကို
စောင့်နေရတာ မဟုတ်ဘူးလား။ ပိုဆိုးတာက ကျွန်မ သတိထားမိတာတစ်ခု။
ဒီနှစ်ဓာတ်ပုံ ထဲက ကလေးကို မနှစ်တုန်းက ရေထမ်းလျက်
လျှပ်တစ်ပြတ်ရိုက်ခဲ့စဉ်လည်း ဒီစပို့ရှတ် အင်္ကျီပဲ။ ဒီအပြာလေးပဲ။ ဒီနှစ်လည်း
ဒီအင်္ကျီလေးပဲ။ ဘောင်းဘီလေး ကတော့ ပြောင်း သွားသည်။ မြစ်နှင့်ရေသည်
လူတို့၏ဘ၀များစွာ ကို ပြောပြပေးနေသော ပုံပြောသူများ ဖြစ် ကြသည်။
မြစ်ကို စူးစမ်းလေ့လာလိုစိတ်ဖြင့် နေရာစိမ်းတစ်ခုရှိမြစ်သို့
ရောက်သည့်အခါတိုင်း မြစ်ကမ်းနဖူးမှာ ခဏရပ်ကြည့်ဖို့ ကျွန်မ ကြိုးစားသည်။
သို့သော် ယခုအခါ ကျွန်မအနီးက မြစ်တို့သည် ဟိုတုန်းကလောက် မလှတော့ပါလား။
မြစ်ကမ်းဘေးတွင် အမှိုက် သရိုက်တို့ ကို မြင်ရလျှင် ရင်ခုန်သံက အေးတိအေးစက်
လေးလံသွားတော့သည်။ ငယ်စဉ်က ဆရာ ကြီးဦးစိုးသိန်းတို့ မိသားစုနှင့် အတူ
ရေချိုးခဲ့ရသော စလင်းချောင်းသည် အောက်ကသဲပြင် ကို မြင်နေရအောင်
ကြည်လင်စိမ်းလန်းနေခဲ့သည်ကို မှတ်မိသည်။ ယခု ဆင်ဖြူကျွန်းသို့ အသွား
တွေ့ရသည့် စလင်းချောင်းသည် နုံးတွေပို့ သောင်တွေထွန်းလျက်။ မြစ်တွေ
ချောင်းတွေ ပြောင်းလဲ ကုန်ပြီရော။ ဒါက သဘာဝပဲလို့ ပြောနိုင်သော်လည်း သဘ၀ထက်
ပိုမြန်ဆန်စွာ ပြောင်းလဲတာကတော့ လူတွေ၏အပြုအမူကြောင့်ပေါ့။
ရေနံချောင်းက ပင်းချောင်းကလည်း နွေရာသီဆိုလျှင် သဲချောင်းကျယ်ကြီးထဲမှ ရေ စီးကြောင်း သေးသေးလေး။
ပင်းချောင်း၏ အမှတ်တရကတော့ ကျောက်တုံးဖြစ်စရာမလို။ ကြက်သွန် ဖြစ် သည်။
ကျွန်မအတွက်ကတော့ ကြက်သွန်သည် ပင်းချောင်း၏ အထိမ်းအမှတ် ဖြစ်သည်။
‘နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင် ခင်မင်မင်’
လက်ရေ တစ်ပြင်တည်း သီချင်းကို ညည်းမိတိုင်း ရေနံချောင်းမြို့ အထွက် ပင်း
ချောင်း သဲပြင်မှာ စိမ်းတောက်နေသော ကြက်သွန်စိုက်ခင်းတို့ကို သတိရမိပါသည်။
ပင်းချောင်းသည် ရေနံချောင်းမြို့၏အဓိက သောက်သုံးရေကို ပေးသည့် လေးစား
ထိုက်ဖွယ် ချောင်းကြီးဖြစ်သည်။ ပင်ချောင်း မှ ရေကို သံကန်ကုန်းမှ
သံကန်ကြီးထဲသို့ တင် ပြီး ဖြန့်ဝေကာ တစ်မြို့လုံး သုံးရသည်ဖြစ်၍ နွေမှာ
ရေမပြည့် လျှင် နေ့စဉ်ရေ မလာပါ။ ရေ နံချောင်းမှာပဲ တချို့နေရာတွေမှာ
ရေရှားပါးသည်ကို မျက်မြင်ကြုံတွေ့ခဲ့ရ၏။ မြို့သည် တောင်ကုန်း တောင်
ဆင်းတွေချည်းမို့ ရေခပ်သည့်အခါ အလွန်ပင်ပန်းကြရသည်။ ရေပုံး ထမ်းကို
ပခုံးမှာထမ်းပြီး ကုန်းအတက်ကို တမျှော်တခေါ်ကြီး တက်ရသူတွေလည်း ရှိသည်။
ရေပုံးထမ်းအလေးကြီး ၀န်ဖြင့် ချောက်ကမ်ပါးကို ခြေကုတ်မြဲမြဲ သတိဖြင့်
ဆင်းရသူတို့ လည်းရှိသည်။ ကျွန်မတို့အိမ်မှာ အရင်က စည်ပင်သာယာ ရေစက်ရှိသည်။
စီးပွားရေးကျ လို့ ရှိသမျှ အသုံးအဆောင်ကို ရောင်းချရသည့်အထဲတွင်
လျှပ်စစ်မီတာနှင့် ရေစက်ပါသွား သည်။ သို့သော် ပူစရာမလို။
အိမ်ခေါင်းရင်းကပ်လျက် မမနွဲ့တို့ အိမ်ရှေ့မှာ အများသုံး စည်ပင် သာယာ
ရေစက်ငုတ်တစ်ခု ရှိပြီး အိမ်ခြေရင်းကပ်လျက်မှာ စည်ပင်သာယာရေစက်
ငုတ်တစ်ခုရှိသည်။ ရေစက်နှစ်ခုကြားမှာ ရှိသဖြင့် ရေကို
နီးနီးနားနားခပ်နိုင်သည့်ပြင် ထို ရေကို လှောင်စရာ အုတ်ကန်သုံးခုလည်း
ရှိသဖြင့် အလွန်အဆင်ပြေပါသည်။ သူများတွေ နွေရာသီမှာ ရေရှားသည့်အခါ
ကျွန်မတို့အိမ်က အိမ်ရှေ့အုတ်ကန်ထဲမှ ရေကို ခပ်လှမ်း လှမ်း ရပ်ကွက်က
အဆင်မပြေသူတချို့ကို မျှဝေပေးခဲ့နိုင်သေး၏။ အမြော်အမြင်ဖြင့် အုတ်
ကန်သုံးလုံး ဆောက်ခဲ့သည့် ဖေဖေ့ကျေးဇူးပေါ့။
ရေသည်
မကုန်ဆုံးနိုင်သော သယံဇာတဆိုပေမဲ့ ထိုသယံဇာတသည် အခြေအနေ ပေါ်မှာ မူတည်ပြီး
အနည်းအများ ရှိသည်ဆို တာ ကျွန်မ ငယ်စဉ်ကတည်းက သိခွင့်ရခဲ့ပါ သည်။
သံကန်ကုန်း လက်မှတ်ကုန်းပတ်ဝန်းကျင် ကုန်းမြင့်ကလူတွေသည် နွေ ရေရှားချိန်
တွင် ကားကြုံအဆင်ပြေလျှင် ပင်းချောင်းသို့ အ၀တ်လျှော် ရေချိုး
ရေခပ်သွားကြသည်။ နွေရာသီရေရှားချိန် အိမ်ကရေကို သောက်သုံးရေအဖြစ်
အရန်ထားချိန်မှာ ကျွန်မတို့၏ အ ၀တ်လျှော်ရာနေရာက ဧရာဝတီမြစ်ဖြစ်သည်။
နွေဧရာဝတီသည် အဲသည်တုန်းက ရေနံ ချောင်းဈေးနှင့် နီးနီးလေး။ မြို့မတောင်ရပ်
ကနေ လမ်းလျှောက်သွားလျှင် ကလေးခြေလှမ်း ဖြင့် အ၀တ်ထုပ်တွေနှင့်
ဆယ့်ငါးမိနစ်အတွင်း ရောက်သည်။
အခုတော့ နွေဧရာဝတီသည်
မြို့ထဲနှင့် အဝေးကြီးဝေးခဲ့ပြီ။ သောင်ပြင်ကြီး ကြီးလာ သည်။
မြေနုကျွန်းတွေသည် မြေရင့်ကျွန်း ဖြစ်တော့မည် ထင်သည်။ ဘူးကျွန်းဆိုလျှင်
စိုက် ခင်းတွေမက သစ်ပင်ကြီးတွေပါ တည်မြဲကုန်ပြီ။ မြစ်ကြောင်းသည်
ရေနံချောင်းကမ်း နားနှင့် မမြင်နိုင်သည့် အဝေးကြီးမှာ။ ကမ္ဘာပေါ်တွင်
နုံးကျနှုန်းများလွန်းသဖြင့် မြစ်ကြောင်းပျောက် ကွယ်မည့်အန္တရာယ်ကို
ရင်ဆိုင်နေ ရသည့် မြစ်ကြီး ၈ စင်းထဲမှာ ကျွန်မတို့၏ ဧရာဝတီ ပါ ၀င်နေသည်ဟု
သိရတော့ ကျွန်မ မြစ်ဆုံက ကျောက်တုံးလေးတွေကို တယုတယ ထုတ်ယူ ကြည့်မိသည်။
၁၉၉၆ခုနှစ်က ကျောက်တုံးလေး၊ ၂၀၀၀ခုနှစ်က ကျောက်တုံးလေး။ ၂၀၀၀
ခုနှစ်နောက်ပိုင်းမှာ ကျွန်မ မရောက်ခဲ့တော့သဖြင့် ၂၀၁၀ မှာ လူကြုံဖြင့်
မှာယူပြီး သိမ်း ဆည်းထားသည့် ကျောက်တုံးလေး။ ကျောက်တုံးလေးသုံးလုံးသည်
သက်တမ်း မတူကြ။ ထို့ကြောင့် သူတို့သိခဲ့သည့် မြစ်၏ဝေဒနာတွေလည်း မတူနိုင်။
သူတို့၏ အတွင်းအနှစ် တန်ဖိုးတွေလည်း မတူနိုင်။
ကျောက်တုံးလေးများသည် သူတို့နယ်မြေမှ ဒေသခံတို့၏ ကျန်းမာရေးနှင့် ပညာ
ရေးကို ဆုံးဖြတ်ပေးမည့် မြစ်တို့၏ ကြမ်းခင်း အစိတ်အပိုင်းများ ဖြစ်သည်။
မြစ်၏ သုခဝေဒ နာ၊ ဒုက္ခဝေဒနာကို သူတို့အသိခဲ့ဆုံး ဖြစ်သည်။ မြစ်သည်
သဘာဝမြစ်ကမ်းခြေနှင့် ရှိနေ သေးရဲ့လား။ တမံလို ရေကာတာလို ကွန်ကရစ်ဖြင့်
အနားသတ်ခံလိုက်ရပြီလား။ မြစ်မှ ကျောက်စရစ်ခဲတွေ သဲတွေ နုံးတွေကို
စက်တွေဖြင့် ထိုးကော်ယူပြီး သတ္တုရှာဖွေခြင်းကို ခံနေရသလား။
သူတို့နယ်မြေမှလူတွေ ဒီနယ်မြေမှာပဲ မြစ်တွေနှင့် သူငယ်ချင်းဖြစ်ဆဲလား။
ဒီနယ်မြေမှာပဲ အသက်မွေးဝမ်းကျောင်းလို့ ရနေကြတုန်းလား။ သူတို့
အဆင်ပြေကြပါရဲ့ လား။ ရေမှ ကြည်သေးရဲ့လား။ မြက်မှ နုသေးရဲ့လား။ အခြားသော
ရေကြည်ရာမြက်နုရာ တွေဆီ ရွှေ့ပြောင်း ကြရပြီလား။ ကျွန်မ သူတို့ကို မြစ်ဆီကနေ
ခွဲယူခဲ့မိတာ သိပ်တော့မမျှ တဘူး ထင်ပါရဲ့။ သူတို့ကို ကျွန်မ
မပိုင်ဆိုင်ပေ။ ကျွန်မဆီမှာလည်း သူတို့ ပျော်နိုင်မည် မ ထင်ပေ။
သိဒ္ဓတ္ထ၀တ္ထုကို ကျောင်းသူဘ၀မှာ ဖတ်ပြီးကတည်းက မြစ်၏အသံကို ကျွန်မ ကြား
ယောင်တတ်သွားသည်။ မြစ်သည် သက်မဲ့ မဟုတ်။ သက်ရှိပါလား။ မြစ်သည် လူတွေကို
တွေးခေါ်တတ်အောင် သင်ကြားပေးသော သက်ရှိတစ်ဦး၊ ရင့်ကျက်အောင် လေ့ ကျင့်ပေး
သော သက်ရှိတစ်ဦးပါလား။
မြစ်တစ်စင်းမှာ ဖုံးကွယ်ထားသော လျှို့ဝှက်စကားတွေ ရှိသည်။ တိုးတိတ်သောရင် ခုန်သံတွေ ရှိသည် ဆိုတာ နော်မန် မက်ကလင်း၏ ‘မြစ်တစ်စင်း အဲဒီကို ဖြတ်စီးဆင်းသွား တယ်’ ၀တ္ထုမှစာသားတို့ဖြင့် ပိုပြီး သဘောပေါက်မိသွားသည်။ ‘နောက်ဆုံး
မှာတော့ အရာ အားလုံးဟာ တစ်ခုတည်း ပေါင်းစည်းသွားကြတယ်။ အဲဒီမှာ
မြစ်တစ်စင်း ဖြတ်စီးဆင်းသွား တယ်။ မြစ်ကို လောက ရဲ့ရေအလျှံက
ခွဲဖြတ်ပစ်လိုက်တယ်။ နောက်တော့ မြစ်က အချိန် ကာလရဲ့ အောက်ခြေက
ကျောက်တုံးတွေပေါ် စီဆင်းသွားတယ်။ တချို့ကျောက်တုံးတွေ ပေါ်မှာ
ကာလမဲ့မိုးစက်တွေ၊ ကျောက်တုံးရဲ့အောက်မှာတော့ စကားလုံးတွေ၊ နောက်ပြီး တ
ချို့စကားလုံးတွေက သူတို့ပြောတဲ့ စကားလုံးတွေ။ ရေက ကျွန်တော့်ကို
ခြောက်လှန့်နေ ပါတော့တယ်။’
သူ့မြစ်က
မွန်တာနားပြည်နယ်က ခြေမဲကြီးမြစ် (Big blackfoot river) ဖြစ်သည်။
သူ့မိသားစုသည် ထိုမြစ်ဘေးမှာ ရှင်သန်ခဲ့ကြ သည်။ တချို့နေရာတွေမှာ
ရေစီးကြမ်းတမ်း ဖြူဖွေးကြည်လင်သော ထိုမြစ်သည် Fly fishing ခေါ်
ငါးမျှားနည်းဖြင့် ငါးသလောက်တွေ ကို မျှားလို့ကောင်းသည့် မြစ်ဖြစ်သည်ဟု
အလွန်နာမည်ကြီးပါသည်။ မြစ်ဘေးရှိ အင်း ဆက်ကောင်လေးတွေကို
ငါးမျှားချိတ်မှာတပ်ပြီး ငါးမျှားခြင်းဖြစ်သည်။ မြစ်တိုင်း မြစ်တိုင်း မှာ
သူ့သင်္ကေတနှင့်၊ သူ့စရိုက်နှင့် သူ့တန်ဖိုးနှင့် ရှိတာပါပဲလေ။
ကျွန်မ၏ ကျောက်တုံးလေးတွေရော သူတို့အောက်ခြေမှ စကားလုံးတို့ကို ပြန် လည် ရှာဖွေနေလောက်ပြီလား။
မြစ်ဆုံကျောက်တုံးလေးများသည် သူတို့အပေါ် ဖြတ်စီးဆင်းခဲ့ဖူးသည့် တစ်ခါတုန်း က အေးမြကြည်လင်သောရေကို တမ်းတနေကြလေမလား။
ဂျူး
No comments:
Post a Comment