Thursday, 7 April 2016

နှလုံးသားသယံဇာတ

***နှလုံးသားသယံဇာတ***
==========================
ဆရာ ဦးပြည်ကျော်ရဲ့ အိမ်ကို ရောက်တော့ ဆရာက “မောင်ရင် ရောက်လာတာနဲ့ အတော်ပဲ” တဲ့။ သူ့ တိုက်ပုံအင်္ကျီ လက်ကို အသာ မတဲ့ပြီး နာရီ ကြည့်ရင်း “အချိန် ရှိသေးတယ်၊ မောင်ရင် အိမ်ပြန်ပြီး အဝတ်လဲချေ၊ မြန်မြန်လုပ် သပ်သပ်ရပ်ရပ်လေး ဝတ်ခဲ့နော်” တဲ့။
ဆရာ့ကို ဘာကိစ္စ အဝတ်အစား လဲရမှာတုံး၊ ဘယ်သွားမှာ မို့လို့လဲလို့ ကျွန်တော် မမေးရဲဘူး။ ဆရာ့ကို ကြောက်တယ်။ လေးစားတယ်။ ဆရာ့ ဩဇာက အလွန် ကြီးတယ်လေ။ ဆရာ ဦးပြည်ကျော်က ပညာသည်ချင်း တောင်မှ လေးစားရတဲ့ ပုဂ္ဂိုလ် တယောက် မဟုတ်လား။ ဆရာက အဝတ်လဲချေ ဆိုလည်း သွားလဲ ရတာပေါ့။
အဲဒီတုန်းက ဆရာက တာဖလာ တိုက်ပုံ အဝါနုလေးနဲ့ ခဲသားရင့်ရောင် အင်းလေး လုံချည်လေးလား ပိုးကြူလား မမှတ်မိဘူး ဝတ်ထားတယ်။ ပေါ်ပလင် စတစ်အင်္ကျီ ကတော့ ကော်လာက မာတောင့်ပြီး ကြွေရောင် တောက်လို့ပေါ့။
အရေးထဲကျမှ ကျွန်တော် အမြတ်တနိုး ဝယ်ထားတဲ့ ကနုကမာ လက်ကြယ်သီးက အလွယ် ရှာမရဘူး။ ဖိနပ် သေတ္တာထဲက ဆင်ခေါင်း ကတ္တီပါ ဖိနပ်ကို ထုတ် ဘရွတ်နဲ့ တိုက်။ လက်ကိုင်ပဝါ ရှာ။ အင်္ကျီချိတ်မှာ ချိတ်ထားတဲ့ တိုက်ပုံကလေး ကောက်လျှိုပြီး ဆရာ့ဆီ အမြန် သွားရတာပေါ့။
ဆရာ ဦးပြည်ကျော် အိမ်ရှေ့မှာ အင်္ဂလန်လုပ် မေဖလားဝါး ကားလေး ရပ်ထားတာ တွေ့တော့ ဆရာ ဦးရိုးရာလည်း ရောက်နေပြီ ဆိုတာ သိလိုက်တယ်။ ဆရာ့ အိမ်ပေါ် ရောက်တော့ ဆရာ ဦးရိုးရာ အပြင် တောင်ပြင်က ဆရာ ဦးကင်းဝန်ပါ ရောက်နေတာ တွေ့ရတယ်။ ဆရာ သုံးယောက်စလုံး အဝတ်အစားသစ် ကိုယ်စီနဲ့။ ဦးကင်းဝန်က သူ့ထုံးစံ အတိုင်း ဘိုဆံတောက်ကို ကော့စမစ်တစ် ခပ်များများနဲ့ ပြောင်ပြီး ပိနေအောင် ဖြီးလာတယ်။
“သွားစို့ဟေ့ ဒီအချိန်လောက်သွားမှ အတော်ပဲ” တဲ့ ဆရာ ဦးရိုးရာက။
ဒီတော့မှ ဆရာတွေ ကျွန်တော့်ကို စောင့်နေကြတာ ပါကလားလို့ သတိထား မိပြီး အားနာ လိုက်ရတဲ့ ဖြစ်ခြင်း။
ဆရာ ဦးပြည်ကျော်က ကားရှေ့ခန်းက ထိုင်တယ်။ ဆရာ ဦးရိုးရာက ကားကို မောင်းတယ်။ ဆရာ ဦးကင်းဝန်နဲ့ ကျွန်တော်က နောက်ခန်းက ထိုင်ကြတယ်။ လမ်းမှာ ဆရာတွေ ပြောကြဆိုကြတဲ့ စကားတွေကို အသာငြိမ်ပြီး နားထောင်ရင်း လိုက်လာခဲ့တယ်။ ဆရာတို့က မာရီလင်မွန်ရိုးလ်ရဲ့ အနုပညာ အကြောင်း၊ ဒီလ ရှုမဝ မဂ္ဂဇင်း ထဲက ဆရာ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုအကြောင်း၊ လူထုသတင်းစာ ထဲက ဆရာကြီး ရွှေဥဒေါင်းရဲ့ ခေါင်းကြီးပိုင်း အကြောင်းတွေရယ်၊ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေကို ပြက်လုံး ထုတ်ပြီး လာကြတယ်။ အခုဘယ်ကို သွားတယ်၊ ဘယ်သူ့ဆီ သွားတယ် ဆိုတဲ့ အကြောင်းတော့ တခွန်းမှ မပြောကြဘူး။
နောက်တော့ ဦးကင်းဝန်က တခွန်းပြောတယ် “ကိုရိုးရာရေ ကားကို သွက်သွက်လေး မောင်းဗျို့၊ စုံထောက်တို့ ပုလိပ်တို့ ဆိုတဲ့ကောင်တွေက ပန်းချီကားကို ခံစား တတ်ကြတဲ့ အကောင်တွေ မဟုတ်ဘူး ဟင်းရွက် ကန်စွန်းလို ပုံရင် ပုံထားကြမှာ” တဲ့။
ဆရာ ဦးရိုးရာရဲ့ ကားလေးက မြို့ရဲ့ အရှေ့ထိပ်က ဟိုတယ်ကို ရောက်လို့ ကားပေါ်က ဆင်းကြတော့မှ ဩော် ဒီဟိုတယ်ကို လာကြတာ ပါကလားလို့ သိရတော့တယ်။ ဟိုတယ် ရှေ့က မြက်ခင်းကလည်း စိမ်းလို့ ရေဖျန်း ထားတာကလည်း ကြာသေးပုံ မပေါ်ဘူး။ မြက်တွေကိုလည်း ညီနေအောင် စက်နဲ့ ဖြတ်ထား လိုက်တာ ဆေးစိမ်း သုတ်ထားတဲ့ စားပွဲတလုံးနဲ့ တူနေတယ်။ ဝတ်စုံဖြူနဲ့ ဘွိုင်ကုလား တွေက ကုလားထိုင်တွေ စားပွဲတွေ ခင်းကြတုန်း။
ကားပေါ်က ဆင်းပြီး မြက်ခင်းပြင်မှာ ပြထားနှင့်တဲ့ ပန်းချီကားတွေဆီ ခပ်သွက်သွက် လျှောက်သွားတော့ ကျွန်တော်လည်း ဆရာတို့ နောက်က ထပ်ချပ် လိုက်ရတာပေါ့။ မျှော်လင့်ထား သလိုပဲ။ ပန်းချီကားတွေကို ချိတ်ထား ထောင်ထားပုံက ပန်းချီပြပွဲလေး တခုနဲ့ မတူဘူး။ ဒိုဘီ ကုလားမတွေ အဝတ် လှမ်းထားတာနဲ့ တူနေတယ်။
မောင်ရင် ဒီပန်းချီကား တွေကို ကြည့်ပျော်ရှုပျော် ရှိအောင် ပြင်ချိတ် ထားလိုက်ပါကွာတဲ့။ ပန်းချီကားတွေကို တတ်သမျှ မှတ်သမျှ ပညာနဲ့ အထားအသို အကောင်းဆုံး ဖြစ်အောင် ရွှေ့ချိတ် လိုက်တယ်။
အပူကား အအေးကားတွေ သူ့အစုနဲ့သူ။ သဘာဝ အမြင်ကို ဖန်တီးမှုနဲ့ ပေါင်းပြီး ရေးထားတဲ့ ကားတွေရယ်၊ စိတ်ခံစားမှုကို ဦးစားပေးပြီး အရောင်အသွေး လွတ်လွတ်လပ်လပ် ရွေးချယ်ရေး ထားတဲ့ ကားတွေကိုလည်း လိုက်လျောညီထွေ ရှိအောင် စီစဉ်လိုက်တယ်။
ဆရာ ဦးရိုးရာ ဆီမှာ ဂိုးလ်ဖလိတ် ငါးဆယ်ဝင်ဗူး ပါလေတော့ ဆရာတို့လည်း စီးကရက် ကိုယ်စီ လက်ကြားညှပ်လို့ ကျွန်တော် လုပ်ပုံကိုင်ပုံ တွေကို အကဲခတ် နေကြတယ်။
ပန်းချီကားတွေ ချိတ်ပြီးတော့ ဆရာက ဒီဘက်က အရုပ်ကလေးတွေပါ ကြည့်ကောင်းအောင် နေရာ ချပေးလိုက်ဦး ဆိုတာနဲ့ စားပွဲပေါ်က ပန်းပုရုပ်တွေ ရွှေ့ပြီး ပြင်ဆင် နေရာချထား ပေးရတယ်။ ဘွိုင်ကုလား တယောက်ကို ခေါ်ပြီး သူတို့ ခင်းထားတဲ့ စားပွဲခင်း အစိမ်းအစား အဖြူနှစ်ထည် ယူခဲ့ဖို့ ခိုင်းရတယ်။ မြက်ခင်း စိမ်းစိမ်းနဲ့ စားပွဲခင်း အစိမ်းနဲ့ ဒီပန်းပုရုပ် ပလာစတာရုပ် တွေနဲ့ ဘယ်ကြည့်လို့ ပနံ ရပါ့မလဲ။
အရုပ်တွေလည်း ကျကျနန ထားပြီးရော ဆရာ ဦးရိုးရာနဲ့ ဆရာ ဦးကင်းဝန်က ကျွန်တော့်ကို ချီးကျူးကြတယ်။ မောင်ရင် ကြည့်တတ် မြင်တတ်တယ် တဲ့။ ကျွန်တော့်ကို ချီးကျူးတော့ ဆရာ ဦးပြည်ကျော်ကို ကျွန်တော် လှမ်းပြီး ကြည့်မိတယ်။ ဆရာလည်း ပီတိတွေ ပြည့်နေတဲ့ မျက်နှာနဲ့ပေါ့။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ချွေးစေးတွေ ထွက်လို့။
စကားပြော နေကြတုန်းမှာ ဂျစ်ကားတစီး ထိုးစိုက်လာတယ်။ ကားပေါ်က ဆင်းလာကြတဲ့ ဒေါ်မြမြမောင်းတို့ ဦးဝေဘာတို့ ဆရာ ဦးစိန်သီးတို့ကို မြင်တော့ ဒီပွဲကို ဂီတဘက်က ဆရာ ဆရာမကြီး တွေပါ ဖိတ်ထား ပါလားလို့ သိရတော့ တာပေါ့။ ဒေါ်မြမြမောင်းက အဖြူခံပေါ်မှာ ပန်းနုရောင် အချိတ်ထမီနဲ့ အဝါနုရောင် ပဝါကို ခြုံထားတယ်။ ကတ္တီပါခင်း ကတ္တီပါသည်းကြိုး အနက်ရောင် ဖိနပ်က ဆရာမရဲ့ ဖြူတဲ့ အသားနဲ့ အလွန်လိုက်ပြီး ကျက်သရေ ရှိလှတယ်။
ပန်းပုတွေ ပန်းချီကားတွေကို အခုမှ ရောက်လာတဲ့ ဆရာတွေလည်း လာကြည့်ကြတယ်။ ပန်းချီတွေ ပန်းပုတွေ ရှေ့မှာတင် ကျွန်တော့် ဆရာတွေနဲ့ ဦးဝေဘာတို့ တဦးနဲ့တဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် စကားစမြည် ပြောဆို နေကြတာ ကြည့်ပြီး ကျွန်တော် နံဘေးကနေ ကြက်သီးတွေထ အားကျနေ မိတယ်။ ပညာရှင်တွေ တဦးကိုတဦး လေးစားသမှု ရှိကြတာကို ကြည့်ပြီး ကြည်နူး မိတာပေါ့။
အချိန်တောင် တော်တော် နီးနေပြီ ဆိုတဲ့ စကားကို ဆရာ ဦးစိန်သီးက ပြောတော့ ဒေါ်မြမြမောင်းက နာရီကို ကြည့်ရင်း ဟုတ်ပါရဲ့တဲ့။ ခဏနေတော့ လိပ်ခုံးကား အဖြူကလေးတစင်း ဟိုတယ်ထဲ မောင်းဝင်လာတာ တွေ့ရတယ်။ ဆရာတို့ ဆရာမတို့ မျှော်နေတဲ့ ပုဂ္ဂိုလ်များလားလို့ ကြည့်လိုက်တော့ တခြားလူတွေ ဟုတ်ပါရိုးလား ပန်းပုဆရာ ဦးနန်းနွယ်နဲ့ ဦးခိုင်သစ်တို့ ဖြစ်နေကြတယ်။
ဆရာတို့ရဲ့ စကားဝိုင်းက ပိုပြီး စိုပြည် လာတာပေါ့။ ကျွန်တော်သာ ဘာပြောလို့ ဘာဆိုရမှန်း မသိဘဲ လူကြီးတွေ ကြားထဲမှာ လူပိုလို ဖြစ်နေတယ်လေ။
လင့်ရိုဘာ ကားတစင်းတော့ မြင်းလန့်တဲ့ မြင်းလှည်း တစင်းလို ဟိုတယ်ထဲ ဒုန်းမောင်း ချလာတယ်။ ဘယ်သူတွေများ ပါလိမ့်။ ပထမ ဆင်းသူရဲ့ မျက်နှာက ချိုတယ်။ ဒါပေမယ့် သူနဲ့ ပါတဲ့ သူတွေကို အသံအုပ်အုပ်နဲ့ ခိုင်းနေ ညွှန်ကြားနေတယ်။
ဆရာတို့က စကားပြော မပျက်ကြဘူး။ ငေးချင်ရာ ငေးနေမိတာ ဆရာ ဦးပြည်ကျော်ရဲ့ ခေါ်သံတောင် မကြားမိဘူး။ တတိယ အခွန်းလောက်မှ ကြားမိတယ် မှတ်တာပဲ။ ဘာများ ခိုင်းချင်လို့လဲလို့ နားစွင့်ရင်း ဆရာ့အနား ကပ်သွားတော့ ကြွလာကြတဲ့ အနုပညာရှင် တွေနဲ့ ကျွန်တော်နဲ့ မိတ်ဆက် ပေးတာကိုး။ ဒီလို မိတ်ဆက်ပေး ခံရတာ ဂုဏ်ယူလို့ မဆုံးဘူး။ အဲဒီနေ့က ကျွန်တော်ဖြင့် မြေကြီး ခြေမကျဘူး ထင်တာပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ကို မိတ်ဆက်ပေးပုံက ဟောဒါ ကျွန်တော့် တပည့် မောင်ဇော်ထက်ပဲ၊ တချိန်ကျ ဆရာထက် လက်စောင်းထက်မယ့် ပန်းချီသမားလေးတဲ့။ ဆရာ ဦးပြည်ကျော်လို ပုဂ္ဂိုလ်က ကျွန်တော်လို လူငယ် တယောက်ကို ဒီလို ပြောလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ လေထဲကို မြောက်တက် မသွားတာ ကံကောင်းတာပဲ။ ဝမ်းအသာဆုံး ကတော့ ဟောဒါ ကျွန်တော့် တပည့်လို့ ပြောလိုက်တဲ့ စကားလုံး ခြောက်လုံး ပါပဲ။
ခဏနေတော့ မာစီဒီး နှစ်စင်း ရောက်ချ လာတယ်။ နှစ်စင်းစလုံး အနက်ရောင်တွေ။ ဘီအက်စ်အေ ဆိုက်ဘားနဲ့ လူက သတင်းထောက် ထင်တာပဲ။ လင့်ရိုဘာနဲ့ လာတဲ့ ပုဂ္ဂိုလ်တွေက တိုင်းမင်းကြီးတို့ အရေးပိုင်တို့ ဆိုတာ နောက်မှ သိရတယ်။ ဆိုင်ရာ တာဝန်ရှိ အကြီးအကဲ ပုဂ္ဂိုလ်က အသက် သိပ်ကြီးသေးပုံ မရဘူး။ ကိုယ်က ခပ်မတ်မတ်။ အဝါနဲ့ အပြာ ကန့်လန့် အစင်းလေး ဝတ်ထားတယ်။ ပိုးကြူ ထင်တာပဲ။ ပညာရှင်တွေ အားလုံးကို သူ နည်းနည်း နောက်ကျသွားတဲ့ အတွက် ခွင့်လွှတ်ကြဖို့ တောင်းပန် စကား ဆိုတယ်။
အဲဒီ အချိန်မှာ ကျွန်တော်ဟာ ထူးဆန်းတဲ့ တိုင်းပြည်ကို ရောက်သွားတဲ့ “အဲလစ်” ကလေး ပဲပေါ့။
တိုင်းမင်းကြီးက ကြွရောက် လာကြတဲ့ အနုပညာရှင် တဦးစီနဲ့ အကြီးအကဲနဲ့ မိတ်ဆက် ပေးတယ်။ လူကြီးက အရင် လက်ဆွဲ နှုတ်ဆက်ပြီးတော့ အတွင်းဝန်က လက်ဆွဲ နှုတ်ဆက်တယ်။ ကျွန်တော်က ဖိတ်တဲ့ စာရင်းမှာ မပါတဲ့ လူပို။ ကိုယ့်ဆရာက ခေါ်လို့သာ လိုက်ခဲ့ရတာ အခုထိ ဘာလုပ် နေကြမှန်း မသိဘူး။ တိုင်းမင်းကြီးရဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်က ကျွန်တော်နဲ့ တဖြည်းဖြည်း နီးလာနေပြီ။ ကျွန်တော့်ကိုရော အကြီးအကဲ လူကြီးနဲ့ မိတ်ဆက်ပေး မှာလား။ ဘယ်လို မိတ်ဆက်ပေး မှာလဲ။ တိုင်းမင်းကြီးကရော အရေးပိုင်ကပါ ကျွန်တော့်ကို သိမှ မသိကြဘဲ။ လူပိုဖြစ်တဲ့ ကျွန်တော့်ကြောင့် ဆရာတို့ မျက်နှာမပျက် စေချင်ဘူး။ ထုံးစံအတိုင်း ကျွန်တော် လက်ကိုင်ပဝါ ကိုထုတ် ချွေးစေးတွေကို သုတ်နေမိတယ်။
အကြီးအကဲရဲ့ လက်ဖဝါးက ကျွန်တော့် လက်ဖဝါးထက် တောင်မှ အေးစက်လို့ ပါလား။
တိုင်းမင်းကြီးနဲ့ အရေးပိုင်ကမိတ်ဆက် မပေးပေမယ့် လူကြီးက ကျွန်တော့်ကို လက်ဆွဲ နှုတ်ဆက်ရင်း သူက ဘယ်သူတုံးတဲ့။ ကျွန်တော် ဘာဖြေရမှန်း မသိဘူး။ အဲဒီပုဂ္ဂိုလ်ရဲ့ လက်ထဲတင် ကျွန်တော်ဟာ တဖြည်းဖြည်းချင်း သေးကွေးကျုံ့ဝင် သွားနေတယ်။
“မောင်ဇော်ထက်တဲ့ ကျွန်တော့်တပည့် ပန်းချီဆရာလေးပါ” ဆရာ ဦးပြည်ကျော်ရဲ့အသံက အေးအေးဆေးဆေးပဲ၊ ဌာနဆိုင်ရာ အကြီးအကဲ လူကြီး တယောက်ကို ပြောနေတဲ့ လေသံနဲ့ မတူဘူး။ မိတ်ဆွေ တယောက်ကို ပြောနေသလိုပဲ။ ဆရာ့စကားကြောင့် သေးကွေး သွားနေရာက ပုံမှန် ချက်ချင်း ပြန်ဖြစ်သွားတယ်။
ဘွိုင်ကုလားတွေ စီစဉ်တဲ့ လက်ဖက်ရည်တွေ ကော်ဖီတွေကလည်း အဆင်သင့် ဖြစ်နေပြီ။ နှပ်ပြီးသားတွေ။ ကိုယ့်ဘာသာ စိတ်ကြိုက် ဖျော်သောက်ရတဲ့ ပုံစံ။ ကျွန်တော်ကတော့ ဘာလုပ်ရမှန်း မသိလို့ ဆရာ ဦးရိုးရာ လုပ်သလို လိုက်လုပ်မိတယ်။ နို့က နို့စိမ်းဘူးကို ဖောက်ထည့် ပေးထားတာ ထင်တာပဲ။ လူကြီးလည်း သူ့စိတ်ကြိုက် ဘာသာ ဖျော်သောက်တယ်။ တိုင်းမင်းကြီးတို့က တစားပွဲ။ အဲဒီတုန်းက ဆိတ်သားပဖ်တွေ ကိတ်မုန့်တွေကလည်း စားလို့ တော်တော် အရသာ ရှိသေးတဲ့ခေတ်။ ဆိတ်သား စစ်စစ်နဲ့ လုပ်ကြတာ။
လက်ဖက်ရည် သောက်ရင်း အကြီးအကဲ လူကြီးက စကား နည်းနည်း ပြောတယ်။ အားလုံးပဲ လူကြီး ပြောတာကို ဂရုစိုက်ပြီး နားထောင် ကြတယ်။ ဆိုလိုရင်းက ပန်းချီပန်းပု အဆိုအက အနုပညာကျောင်း တကျောင်းလောက်များ ဖွင့်ရရင် ဆိုတဲ့ သဘောကို အကြမ်းဖျင်း ပြောတာပါ။
စိတ်ထဲမှာတော့ အဲဒီ လူကြီး ပြောတဲ့အတိုင်း အကောင်အထည် ဖော်နိုင်ရင် သိပ်ကောင်းမှာပဲ။ ဒီလို အနုပညာကျောင်းတွေက အမှန်တကယ် လိုအပ်နေတာ မဟုတ်လားလို့ တွေးနေမိတယ်။
စားလို့သောက်လို့ ပြီးတော့ အကြီးအကဲ လူကြီးနဲ့ အဖွဲ့က ပန်းချီ ပန်းပုတွေ ခင်းကျင်းထားတဲ့ဆီ လျှောက်သွားကြတယ်။ ပရိသတ်အားလုံး သူနဲ့အတူ လိုက်သွားကြတာပေါ့။
လူကြီးက ပန်းချီကားတွေကို အရင်ကြည့်တယ်။ တကယ့်ကို စိတ်ဝင်တစား ကြည့်နေသလား ဆိုတာ အကဲခတ်လို့ မရဘူး။ ကျွန်တော်က လူကြီးရဲ့ ကျောဘက် ရောက်နေတာကိုး။
“ဒီပန်းချီကားက ဦးရိုးရာ ရေးတဲ့ ပန်းချီကားလား” တဲ့။ ဆရာ ဦးရိုးရာကလည်း အားအပြည့် အင်အပြည့်နဲ့ “ဟုတ်တယ် လူကြီးမင်း” တဲ့။ ဆရာရဲ့ အသံကြောင့် ကျွန်တော်လည်း အားအင် ပြည့်လာ သလိုပဲ။
“ဒီပန်းချီကား ကတော့ ဦးပြည်ကျော် ရေးတဲ့ ပန်းချီကား ထင်တယ်”
ဆရာကလည်း “ဟုတ်ပါတယ်” တဲ့။ ပန်းချီကား ထောင့်မှာ လက်မှတ်တွေ အသေအချာ ထိုးထားပါလျက်နဲ့ ဘာလို့ မေးနေမှန်း မစဉ်းစားတတ်ဘူး။
ဆရာတို့ဘက် လှည့်ပြီး ဦးပြည်ကျော်က ဘာပုံတွေ ရေးထားတာလဲလို့ လူကြီးဆီက မထင်မှတ်တဲ့ မေးခွန်း ထွက်လာတယ်။ ကြည့်ရတာ စိတ်အိုက် နေပုံပဲ။ ကျွန်တော် နားတွေ အူသွားတယ်။ ဆရာ ဘယ်လိုများ ဖြေမှာပါလိမ့်လို့ ဆရာ့ကိုယ်စား ရင်ခုန် နေမိတယ်။ ကျွန်တော် အသက်ရော ရှူမိသလား မသိဘူး။ ဆရာက သူ့ထုံးစံအတိုင်း လေအေးအေးလေးနဲ့။ “သာမန်လူတွေ အသိရ ခက်တဲ့ ပန်းချီကားတွေပါ ခင်ဗျာ” တဲ့လေ။
ကျွန်တော်ဖြင့် ဆရာဦးပြည်ကျော်ရဲ့ စကားကို အံ့ဩလို့ မဆုံးဘူး။ ပန်းချီဆရာ တယောက်က အကြီးအကဲ တယောက်ကို ပြောရမယ့် စကားမှ ဟုတ်ရဲ့လား။ ဆရာ့ စိတ်ထဲမှာ ရှိတဲ့အတိုင်း မှန်တယ် ထင်တဲ့အတိုင်း ပြောလိုက်တာပါ။ ဒီလိုပြောလို့ ရသလား။ ကျွန်တော် နားမလည်ဘူး။ အခုဆိုရင် ဆရာဆုံးတာ (၉) နှစ် ကျော်ခဲ့ပြီ။ ဆရာ ဦးပြည်ကျော်ရဲ့အကြောင်းက ပြောရင် မယုံစရာဘဲ။
ဒီ အဖြစ်အပျက် ကလေးဟာ လွမ်းစရာ အောက်မေ့စရာ ကလေးပါ။ အနုပညာကျောင်းသာ ဖွင့်ဖြစ်ခဲ့ရင် အခု ဖိတ်ကြားထားတဲ့ ဆရာ ဆရာမတွေကို ရှေ့အဆောင် မခိုင်းလို့ ဖြစ်ကို မဖြစ်ဘူး။ အနုပညာနဲ့ ပတ်သက်လာရင် ဒီမြို့မှာတော့ ဒီဆရာ ဆရာမတွေက အထင်ကရ အဓိကရ ပညာရှင်တွေပါ။ ဆရာ ဦးပြည်ကျော် ကတော့ သူဖြေလိုက်တဲ့ အဖြေအတွက် ဘယ်လိုမှ ခံစားရပုံ မပေါ်ဘူး။ ဆရာ ဦးရိုးရာတို့ ဦးကင်းဝန် တို့ကို လှမ်းကြည့် လိုက်တော့လည်း ဘယ့်နှယ်မှ မနေကြဘူး။
လူကြီးကတော့ မျက်နှာ နည်းနည်း ပျက်သွားတယ် ထင်တယ်။ တိုင်းမင်းကြီးနဲ့ အရေးပိုင်တို့က လူကြီးလောက် ဟန်ဆောင် မကောင်းကြဘူး။ လူကြီးကတော့ စဉ်းစားနေပုံပဲ။ ပြီးမှ “အသိရ ခက်တယ် ဆိုရင်လဲ ဘာလုပ်ဖို့ ရေးနေသေးလဲဗျာ၊ ဒီလို ကားမျိုး ရေးတဲ့ ပန်းချီဆရာ တွေကို ခင်ဗျားတို့ ဖွင့်စေချင်တဲ့ ကျောင်းမျိုးမှာ ခန့်ထားရင်ကော ဖွင့်ရကျိုး နပ်ပါ့မလား”။ ဒီစကားတွေက ဝန်ကြီးရဲ့ ရင်ထဲကလာတဲ့ စကားတွေမှန်း ကျွန်တော် ရိပ်မိတယ်။ ဆရာတို့ ဆိုရင် ပိုသိမှာပေါ့။
ဆရာ ဦးကင်းဝန်က စီးကရက် အသောက် မပျက်ဘူး။ ဆရာ ဦးရိုးရာက ဖြေမယ်လို့ စကားစလိုက်ခါ ရှိသေးတယ်။ ဆရာ ဦးပြည်ကျော် ကပဲ ပြန်ဖြေတယ်။
“ပန်းချီ အနုပညာဆိုတာ တွေးခေါ် မြော်မြင်မှု ဉာဏ်ရည်နဲ့ နှလုံးသားရဲ့ ခံစားမှုကို တိုးတက် ဖွံ့ဖြိုးအောင် လုပ်တဲ့ အလုပ်ပါ လူကြီးမင်း။ ဒါကြောင့်မို့ အနှစ် သုံးလေးဆယ် ကြာမှ ထူးချွန်တဲ့ ပန်းချီပညာရှင် တယောက် ပေါ်ထွက် လာဦးတော့ ဒီလို ကျောင်းမျိုး ဖွင့်ရကျိုး နပ်ပါတယ်” တဲ့။ ခုနက ဆရာ ဦးရိုးရာ ဖြေမှာလည်း ဒီအဖြေပဲ နေမှာပဲ။ ဆရာ ဦးကင်းဝန် ဖြေလည်း ဒီအတိုင်းပဲ ဖြစ်လိမ့်မယ်။
ဆရာ ဦးပြည်ကျော်ရဲ့ စကား အကြီးအကဲရဲ့ ရင်ထဲ ရောက်သွားတယ်။ ကျွန်တော့် ရင်ထဲတော့ သံမှို စွဲသလို စွဲနေတယ်။ အဲဒီ ပုဂ္ဂိုလ်ရဲ့ ရင်ထဲက တဆင့် အစိုးရ တဖွဲ့လုံးရဲ့ အသွေးအသားထဲ စိမ့်ဝင်ပျံ့နှံ့ သွားလေရဲ့။
မကြာခင်မှာပဲ အနုပညာကျောင်း ဖွင့်ဖြစ် သွားတယ်။
* * *
တနေ့က သတင်းစာ အဟောင်းတွေ ထုတ်ရောင်းမလို့ ကျွန်တော် သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ သတင်းစာ တစောင်မှာ ၂၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲမှာ ကျောက်မျက် ရတနာတွေ အမေရိကန် ဒေါ်လာ ကိုးသန်း နှစ်သိန်း ရှစ်သောင်း လေးထောင် သုံးရာ ကိုးဆယ့်ရှစ် ဒေါ်လာဖိုး ရောင်းရတဲ့ သတင်းကို ဖတ်လိုက် မိတယ်။
နောက် တစောင်မှာတော့ ဒပ်ခ်ျပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးရဲ့ “အိုင်းရစ်ပန်းများ” ဆိုတဲ့ ပန်းချီကား တချပ်ကို ဒေါ်လာ ၅၃ ဒဿမ ၉သန်းနဲ့ ရောင်းရတဲ့ သတင်းကို ဖတ်လိုက်ရ ပြန်တယ်။
ကျွန်တော် ဆရာ ဦးပြည်ကျော်ကို လွမ်းမိတယ်။
--------------
ညီပုလေး
မဟေသီမဂ္ဂဇင်း၊ ၁၉၈၈၊ ဩဂုတ်။


No comments:

Post a Comment