***ကြံခက်လို့ပမ်း***
=========================
ဝေးမြေရပ်ခြားကို ရောက်ကတည်းက ညတိုင်းလိုလို ခမ်းနွဲ့မက်တဲ့ အိပ်မက်ဟာ
နှင်းမှုန်တွေကြားမှာ ဝိုးတဝါး လှမ်းမြင်နေရတဲ့ တောင်ကုန်းလေး တစ်ခုပေါ်က
ချစ်စရာ သနားစရာ စာသင်ကျောင်းလေးကိုပါပဲ။
“ထိုင်လေ ညီမလေးရဲ့ ထိုင်ပါ”
“ဟုတ်ကဲ့ အစ်မ”
“ညီမလေး နာမည်လေး ပြောပါဦး၊ အစ်မနာမည်ကတော့ “မြတ်” မမြတ်ပေါ့”
“ဟုတ်ကဲ့၊ ကျွန်မနာမည်က ခမ်းနွဲ့ပါ အစ်မ”
“ဟယ် ... နာမည်လေးက လှလိုက်တာ၊ ဟေး ... တကယ် ပြဇာတ် ကမှာနော်၊ အိုက်တင် လုပ်တတ်တယ် မဟုတ်လား”
“ဟာ ... မဟုတ်ဘူးနော် အစ်မ၊ ဟို ... အစ်မတို့က သင်ပေးပေါ့။ ခမ်းနွဲ့
ကြိုးစားမှာပေါ့။ ခမ်းနွဲ့တစ်ခါမှ ဒါမျိုးတွေ မလုပ်ဖူးပါဘူး အစ်မရယ်၊
မနေ့ကလေ ... ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းကို ရောက်တော့ ဆရာတော်က ပြောလို့၊
ဒီမှာ ရောက်နေတဲ့ မြန်မာတွေ အားလုံးစုပြီး ဘုံကထိန်ပွဲမှာ ပြဇာတ် ကရမယ်တဲ့၊
အဲဒါ သရုပ်ဆောင်မယ့်သူတွေ လိုတယ်။ သွားကူလိုက်လို့ ပြောတာနဲ့ ခမ်းနွဲ့လာတာ
ခမ်းနွဲ့ကို ကြိုက်တာခိုင်းပါ အစ်မ၊ ပြဇာတ်ထဲမှာ မပါရလည်း ကိစ္စမရှိပါဘူး၊
အခုဒီမှာ မြန်မာတွေ အများကြီး တွေ့ရတာနဲ့ကို ပျော်လှပြီ”
“အစ်မတို့လည်း ဒီလိုပါပဲကွယ်၊ ကိုယ့်အချင်းချင်း တွေ့ရတာနဲ့ကို
ပျော်နေကြတာပါပဲ၊ ပြဇာတ် ဆိုတာကလည်း အပျော်ပေါ့၊ ဘယ်သူမှ မလုပ်တတ်တဲ့လူ
မပါ,ပါဘူး၊ အိုကွာ ... နောက်ဆုံး ဘာမှမလုပ်တတ်တော့လဲ ဝေလေလေခန်းက တို့တွေ
ပါကြတာပေါ့၊ စင်ပေါ်မှာ ဖြတ်လျှောက်တဲ့ အခန်းတို့ ဘာတို့ ... ဟားဟား ...”
“အစ်မရယ် ... တကယ်ပြောတာ၊ ခမ်းနွဲ့ ဒီလိုစကားမပြောရတာ ကြာပြီ၊ ဒီလောက် မြန်မာအများကြီးနဲ့ မတွေ့ရတာလည်း ကြာပြီ”
“ဟုတ်လား၊ ခမ်းနွဲ့ ဒီရောက်တာ ဘယ်လောက်ကြာပြီ”
“ဆယ်နှစ်ရှိပြီ အစ်မရဲ့”
“မြန်မာပြည် ပြန်ရောက်သေးလား၊ ဘယ်နှခါ ပြန်ပြီးပြီလဲ”
“မပြန်နိုင်ပါဘူး၊ အစ်မရယ်၊ တစ်ခေါက်မှ မပြန်ရသေးပါဘူး၊ ခမ်းနွဲ့ပိုက်ဆံ
စုရတယ် အစ်မရဲ့၊ ရွာမှ အမေလည်း ရှိတယ်၊ ညီမလေးနဲ့ မောင်လေးလည်း ရှိသေးတယ်”
“သြော် ... သြော် ... ဟုတ်တာပေါ့ကွယ်၊ ခမ်းနွဲ့တို့က မောင်နှမသုံးယောက်လား”
“လေးယောက် အစ်မရဲ့၊ ခမ်းနွဲ့အထက် အကြီးဆုံး အစ်မရှိသေးတယ်၊ သူက မန္တလေးမှာ၊
သူငယ်ငယ်လေးတည်းက ခမ်းနွဲ့တို့ တောင်ပေါ်ရွာမှာ အားကြီးဆင်းရဲတော့ မန္တလေးက
သူဌေးအိမ်မှာ ကူဖော်လောက်ဖက် သွားထားရတာ၊ ခမ်းနွဲ့ကြီးတော့ သူဆီတစ်ခါ
သွားလည်ဖူးပါတယ်၊ သူတို့သူဌေးအိမ်မှာ မနေတတ်ပါဘူး အစ်မရယ်၊ အဲဒီတုန်းက
ခမ်းနွဲ့က တောင်ပေါ်ရွာသူ၊ ဘာသိမှာလဲ၊ လှည့်စားပွဲလည်း မသိ၊
ဖင်ထိုးအိမ်သာလည်း မသိ”
“ကဲ … ဟုတ်တော့နေပြီ၊ ခမ်းနွဲ့ရဲ့ စကားလုံး အသစ်အဆန်းတွေဟေ့”
“အဲဒါလေ အစ်မရဲ့၊ လှည့်စားပွဲမှာ ထမင်းထိုင်စားခိုင်းတော့ ဟိုဘက်က
ဟင်းစားချင်ပေမယ့် လှမ်းလို့လည်း မမီပါဘူး၊ ကိုကြည်ခိုင်ရေ ... ဟိုဟင်း
စားချင်တယ်လို့ ပြောမှ သူက လှည့်ပေးမှ သိတာ၊ အစ်မက ကြီးလာတော့ ယောက်ျားလျာ
ဖြစ်သွားတယ် အစ်မရဲ့၊ သူ့ကို ကိုကြည်ခိုင် ခေါ်မှ ကြိုက်တယ်။ ဗိုက်နာတယ်
ကိုကြည်ခိုင်ရေ၊ အိမ်သာဘယ်မှာလဲ ဆိုပြီး ပြေးတော့ အခန်းအကျယ်ကြီးထဲမှာ
ဖင်ထိုးအိမ်သာကို မထိုင်တတ်လို့ ကိုကြည်ခိုင်ရေ ဆိုပြီး အော်ငိုတော့တာ၊
အိုး ... ဆိုဖာကြီးတွေမှာ ထိုင်ခိုင်းတော့လည်း အမလေး ... အမေရေ ...
ငါ့ခါးကြီး မြုပ်သွားတာပဲလို့ ခမ်းနွဲ့ကတော့ အော်တာပဲ”
“အေးပေါ့ ခမ်းနွဲ့ရဲ့၊ ကိုယ်မှ မသိတာ၊ နေပါဦး၊ ဒီကိုတော့ ခမ်းနွဲ့ ဘယ်လိုလုပ် ရောက်လာလဲ”
“ခမ်းနွဲ့ ဒီကိုလာတော့ တစ်ယောက်တည်း မဟုတ်ဘူး အစ်မရဲ့၊ အမေတို့၊
မောင်လေးတို့၊ ညီမလေးတို့လည်း ပါတယ်၊ နယ်စပ်ကနေဝင်ပြီး အကြာကြီး
အလုပ်ရှာရတယ်၊ ဒုက္ခရောက်လိုက်တာမှ အစ်မရယ်၊ အိုး ... အခု ဒီမြို့ဆိုတာ
ဝေလာဝေး၊ အိပ်မက်တောင် မမက်ဖူးဘူး၊ ဘယ်နားနေမှန်းလည်း မသိပါဘူး၊
အဲဒီနားတစ်ဝိုက်မှာပဲ အလုပ်လိုက်ရှာနေပြီး နောက်တော့မှ သရက်ခြံတစ်ခြံမှာ
ခြံစောင့်တဲ့ အလုပ်ရတယ်။ အမေနဲ့ ညီမလေးက ခြံစောင့်၊ မောင်လေးက ခြံလုပ်ပေါ့၊
ခမ်းနွဲ့ကတော့ လမ်းပြင်တဲ့ဆီမှာ အလုပ်ရတယ်၊ လမ်းအလုပ်သမား လေ၊ တစ်နေ့ကို
ဘတ်ခုနှစ်ဆယ်ရတယ် အစ်မရဲ့၊ တစ်နေကုန် လုပ်ရတာပေါ့၊ ဒါပေမယ့် မမောဘူး အစ်မ
သိလား၊ အစ်မကြားဖူးတယ် မဟုတ်လား၊ မြင်းဆေး ဆိုတာလေ၊ စိတ်တွေ
လန်းဆန်းတက်ကြွပြီး မမောတဲ့ဆေးလေ၊ အဲဒီဆေးကို ခမ်းနွဲ့တို့သောက်တဲ့ ရေထဲမှာ
ထည့်ထားတယ်လို့ ပြောတာပဲ၊ ရေကတော့ ရေခဲတုံးကြီးတွေ စိမ်ပြီး ပလစ်စတစ်
ပုံးကြီးတွေနဲ့ ထည့်ထားတာ၊ အေးစိမ့်ပြီး သောက်လို့ကတော့ ကောင်းမှကောင်း၊
အလုပ်လုပ်လိုက်၊ ရေဆာရင် ရေသောက်လိုက်၊ အလုပ်ပြန်လုပ်လိုက်နဲ့၊ မမောသလိုပဲ၊
သူများတွေ ပြောတာကတော့ အဲဒီ ဆေးထည့်တာတို့ ဘာတို့က အလုပ်သမားခေါင်း
လုပ်တာတဲ့၊ ပိုင်ရှင်မသိဘူးတဲ့၊ ပြီးတော့ အစ်မရယ်၊ သူတို့ကလေ ပြောတယ်
သိလား၊ သူတို့လူမျိုးဖြစ်ချင်ရင် သူတို့ဆေးလိပ်သောက်ပါလား၊ သူတို့
အရက်သောက်ပါလားတဲ့၊ သူတို့ဆေးလိပ်တွေ အစ်မမြင်ဖူးလား၊ ကုန်းထစ် တို့၊
ဆိုင်ဖွန်တို့လေ၊ ကုန်းထစ်တို့က အနီရောင် ရိုးရိုးဆေးလိပ်၊ ဆိုင်ဖွန်ဆိုတာက
ဘူးအစိမ်းရောင်လေ၊ စပါယ်ရှယ် လုပ်ထားတာတဲ့၊ မာပိုလိုတွေ ဘာတွေလည်း ရှိတယ်။
အဲဒါ ဆေးလိပ်သောက် သင်တယ်။ အရက်သောက် သင်တယ် အစ်မရဲ့၊ အိုး ...
ဘယ်သောက်ရဲပါ့မလဲ အစ်မရယ်၊ နောက်တော့လေ အခု ဒီမြို့က သူနာပြုဆရာမကြီး
တစ်ယောက်က ကလေးထိန်း လာရှာတယ်။ တစ်လကို ဘတ်ထောင့်ငါးရာ ပေးမယ်တဲ့။ ကလေးက
သုံးယောက်ထိန်းရမယ်တဲ့၊ ၃-နှစ်ခွဲရယ်၊ ၂နှစ်ရယ်၊ ၇လရယ်တဲ့၊ အဲဒီတော့ အမေက
စဉ်းစားပေါ့တဲ့၊ လမ်းအလုပ်ထက်စာရင် ကလေးထိန်း အလုပ်က တော်ဦးမယ်တဲ့၊
မြို့ကြီးကိုလည်း ရောက်မယ်တဲ့”
“အေးပါ ... အေးပေါ့ ... ဟုတ်တာပေါ့”
“အဲဒီတော့ အစ်မရယ်၊ ခမ်းနွဲ့လည်း ကလေးထိန်းလုပ်မယ် ဆိုပြီး ဒီမြို့ကို
သူတို့က ငွေကြိုဘတ်ငါးထောင် ပေးတော့ အမေတို့လည်း ဒီငွေလေးနဲ့ မြန်မာပြည်ကို
ပြန်သွားရော၊ ခမ်းနွဲ့ ဒီကိုလာရတော့လေ အစ်မ၊ ပြောဦးမယ် သိလား၊ အဲဒီ
သူနာပြုဆရာမကြီးရဲ့ မောင်က ရဲအရာရှိဆိုတော့ သူ့ရဲ့ကားနဲ့ ခမ်းနွဲ့ကို
ရဲအဖမ်းခံရပြီလို့ ထင်ကြတာ”
“အို ... ခမ်းနွဲ့ဇာတ်လမ်းကမှ တကယ့်ပြဇာတ်ပဲ”
“ဟုတ်တယ် အစ်မ ... ဟုတ်တယ်၊ အဲဒါလေ အဲဒီအိမ်ရောက်တော့မှ အလုပ်ထွက်မယ့်
မိန်းကလေးနှစ်ယောက်ရဲ့ တွေ့တယ်၊ မြန်မာမတွေပဲ၊ သူတို့က ပြောတယ်၊ ကလေးတွေက
ဆိုးလွန်းလို့ ထွက်တာတဲ့၊ ပန်းရံပဲ ပြန်လုပ်တော့မယ်တဲ့၊ လခကလည်း
သူတို့ဘတ်နှစ်ထောင် ရတယ်တဲ့လေ၊ ဘယ်တတ်နိုင်မလဲ၊ ခမ်းနွဲ့က
ပိုက်ဆံယူပြီးပြီလေ၊ လုပ်ရတော့တာပေါ့၊ အစ်မရယ် ... တကယ်ကျတော့
လမ်းလုပ်ရတာထက်တောင် ပင်ပန်းပါသေးတယ်၊ ကလေးလည်း ထိန်းရတယ်၊
အိမ်မှုကိစ္စတွေလည်း အကုန်လုပ်ရတယ်၊ အစ်မ စဉ်းစားကြည့်လေ”
“ဟုတ်တယ် ... ဟုတ်တယ်၊ ဒီမှာတော့ အကုန်လုံးလိုလို အဲဒီလိုပါပဲလေ၊ အခုရော ခမ်းနွဲ့ အဲဒီအိမ်မှာပဲလား”
“ဟင့်အင်း … မဟုတ်တော့ဘူး အစ်မ၊ အဲဒီအလုပ် မလုပ်တော့ဘူး၊ ဈေးကြီးမှာလေ
ငါးရောင်းတယ်၊ အကူပေါ့ အစ်မရယ်၊ ငါးပေါင်းရောင်းတဲ့ သူဌေးမရဲ့ အကူပေါ့၊
မဆိုးပါဘူး၊ ဟိုအလုပ်ထက် စာရင်တော့ သက်သာပါတယ်၊ သူ့အိမ်မှာပဲ နေပေါ့၊
ထမင်းလည်း ကျွေးတယ်၊ ပိုက်ဆံလည်း ပေးပါတယ်၊ ဒီမှာလေ အစ်မ …
ခမ်းနွဲ့လည်ပင်းက ဒီဆွဲကြိုးလေးရယ်၊ ဟန်းချိန်းလေးရယ်က သူဌေးမက
လက်ဆောင်ဝယ်ပေးတာ၊ ဟိုတလောလေးက ဆုံးသွားတဲ့ သူ့အမေကြီးကို ခမ်းနွဲ့က
သေချာပြုစုပေးလို့တဲ့၊ ခမ်းနွဲ့က စေတနာနဲ့ပါ၊ အိမ်အလုပ်တွေ လုပ်လည်း
အဲဒီလိုပဲ၊ ခမ်းနွဲ့က ငါးပေါင်းလည်း ရောင်းရတယ်၊ အိမ်အလုပ်တွေလည်း
လုပ်ရတယ်၊ အိမ်ဖော်လည်း တစ်ပိုင်းပေါ့ အစ်မရယ်”
“ခမ်းနွဲ့က ပြဇာတ်မှာ ကောင်းကောင်း သရုပ်ဆောင်နိုင်မှာ သေချာတယ်၊ စကားသိပ်ပြောတတ်တာပဲ”
“ဟုတ်လား”
“ခမ်းနွဲ့ ကိုးတန်းထိ ကျောင်းနေခဲ့ဖူးတယ် အစ်မရဲ့၊ ခမ်းနွဲ့တို့ရွာမှာ
ဆယ်တန်းအောင်တဲ့လူလည်း အားကြီးရှားပါတယ်၊ ကျောင်းနေဖို့လည်း ခက်တယ်၊ ရွာက
ကိုယ်ထူကိုယ်ထ ကျောင်းကလေးမှာ ခမ်းနွဲ့က ဆရာမပေါ့”
“ငါးပေါင်းတွေ
ရမယ်၊ ငါးပေါင်းတွေ ... ငါးပေါင်းတွေ၊ အရသာ ရှိတယ်၊ လတ်ဆတ်တယ်၊ ကလေးတွေ
စားရင် ဉာဏ်ကောင်းမယ်၊ အားရှိတယ်၊ ထွားကျိုင်းမယ်၊ ငါးပေါင်းတွေ …
ငါးပေါင်းတွေ”
ဈေးဝယ်ရှုပ်တဲ့ ဒီလိုမနက်ခင်းမျိုးမှာ ဈေးကြီးရဲ့
ငါးပေါင်းဆိုင်တွေ ကြားကနေ ခမ်းနွဲ့ရဲ့ အသံကြည်ကြည် စူးစူးလေးဟာ
အမြဲထွက်ပေါ်လာတတ်တယ်၊ သူတို့ ဘာသာစကားနဲ့ပဲ ခမ်းနွဲ့က သွက်သွက်လက်လက်
အော်တဲ့အပြင် ဝယ်ချင်အောင်လည်း ပြောတတ်တာကို သူဌေးမက သဘောကျတယ်။
ခမ်းနွဲ့တစ်ခါ နှစ်ခါအော်လိုက်တာနဲ့ ဈေးဝယ်က ကျလာတာပဲ။ တချို့
ဈေးဝယ်မိခင်တွေက ဒီငါးကို စားရင် ကလေးတွေ ဉာဏ်ကောင်းမယ်ဆိုတာ ဘာဖြစ်လဲလို့
မေးရင်လည်း ခမ်းနွဲ့က သွက်သွက်လက်လက် ဖြေတတ်သေးတယ်၊ ဒီငါးမှာ
အိုင်အိုဒင်းဓာတ် ပါလို့တဲ့။ ပညာသိပ်မတတ်တဲ့ ခမ်းနွဲ့ရဲ့
ငါးပေါင်းသူဌေးမကတော့ ခေါင်းပဲ တညိတ်ညိတ် လိုက်လုပ်တတ်တယ်။ တကယ်လည်း တကယ်
ခမ်းနွဲ့တို့ ငါးပေါင်းဟာ စားလို့ကောင်းအောင် သေချာပေါင်းထားတာပေါ့။
ခမ်းနွဲ့ပဲ လုပ်ရတာပဲ။ သိတာပေါ့။ အခုဒီကနေ ဈေးရောင်းပြီးပြန်ရင်
အပြန်မှာငါးတွေ ဝင်ဝယ်မယ်။ ပြီးရင် အိမ်ကျ ခမ်းနွဲ့ကိုင်ရတယ်။ ကိုင်ပြီးရင်
သေချာ ဆား၊ နနွင်း၊ ငံပြာရည် (သူတို့က အချို့မှုန့် မသုံးတော့)
ဟင်းထဲထည့်တဲ့ သကြားမှုန့်နဲ့ နယ်ပြီး ချင်း၊ ကြက်သွန်ဖြူနဲ့
သေချာပေါင်းတာပါ။
ငါးပေါင်းအိုး တည်ထားတာကို သူဌေးမက တီဗီကြည့်ရင်း
ငိုက်မြည်းရင်းနဲ့ စောင့်ချိန်မှာ ခမ်းနွဲ့က တစ်အိမ်လုံးရဲ့ အဝတ်လျှော်၊
အိမ်သန့်ရှင်းရေးပေါ့။ ညနေစာ ချက်ပေါ့။ ဒီလိုနဲ့ပဲ တစ်နေ့တာအလုပ်က
လည်ပတ်သွားတာပါပဲ။ ဘုံကထိန်ပွဲအတွက် ပြဇာတ်တိုက်တဲ့ ကိစ္စကိုတော့
တစ်ပတ်နှစ်ရက် ငါးပေါင်းရောင်းပြီးတဲ့ အချိန်သွားပါရစေလို့
ခွင့်တောင်းပြီးသား။ သူဌေးမလို့၊ ဒါလေးတော့ ကျွန်မသွားလုပ်ပါရစေလို့၊
ဒီပြင်ရက်တွေမှာ အိမ်အလုပ်တွေ ပိုလုပ်ပေးပါ့မယ် ဆိုတော့ သူဌေးမကလည်း
“အေးအေး ... သွားပါ” တဲ့။ သူက နားမလည် ပါးမလည်နဲ့ ခမ်းနွဲ့ကို
အထင်တွေတောင်ကြီးလို့ ...။ “နင်က ပြဇာတ်မင်းသမီး လုပ်တတ်တယ်ပေါ့နော်” တဲ့။
“ခမ်း ... ငါးနှစ်ကောင်ပဲ ကျန်တော့တယ်၊ မြန်မြန်ပြန်ရအောင် အော်ပါဦး”
“ဟုတ်သားပဲ၊ ဒီနေ့ ခမ်းနွဲ့တို့ ကုန်တာမြန်တယ်၊ မြန်မြန်ကုန်တော့လည်း
မြန်မြန်ပြန်ရတာပေါ့၊ အိုး ... ဒီငါးလေး နှစ်ကောင်များ၊ ခမ်းနွဲ့ တစ်ခါအော်
မရှိပါဘူး”
“ငါးပေါင်းတွေ၊ ငါးပေါင်းတွေ၊ လာပါ ... လာပါ၊ အရသာရှိတယ်၊ လတ်ဆတ်တယ်”
ဟော ... အော်လို့တောင် မဆုံးသေးဘူး၊ ဆိုင်ရှေ့မှာ လူလာရပ်ပြီ။ “အာနိ၊
ထောက်လိုင်ခ” တဲ့။ ဒါဘယ်လောက်လဲတဲ့။ ဈေးဝယ်သူက ခမ်းနွဲ့ကို ကြည့်တယ်။
ခမ်းနွဲ့ဖြေဖို့ ဟန်ပြင်လိုက်ဆဲမှာပါပဲ ...
“ဆရာမ”
ရုတ်တရက် ပီပီသသ ထွက်လာတဲ့ မြန်မာစကားသံဟာ ခမ်းနွဲ့ကို တုန်လှုပ်သွားစေခဲ့ပါတယ်။
“ဆရာမ ... ဆရာမ ခမ်းနွဲ့ မဟုတ်လား၊ စိုင်းကျော်လေ ဆရာမ ဒီကောင်က စောနောင်”
“ဆရာမ ... ဟုတ်သားပဲ၊ ကျွန်တော် စောနောင်လေ ဆရာမ”
“စိုင်းကျော်နဲ့ စောနောင်”
အင်မတန် သွက်လက်တဲ့ ခမ်းနွဲ့ရဲ့ စကားသံဟာ ထစ်ငေါ့ တုန်ယင်လို့။
တစ်ချိန်တုန်းဆီက နှင်းတွေကြားက မှုန်ဝါးဝါး စာသင်ကျောင်းကလေး။ ပြီးတော့
အဆော့သန်တဲ့ မျောက်ကလေးနှစ်ကောင်၊ ခမ်းနွဲ့ရဲ့တပည့်နှစ်ကောင် ...။
“ဟယ် ... ဝမ်းသာလိုက်တာ စိုင်းကျော်ရယ်၊ စောနောင် ... ကြည့်စမ်း၊ လူကြီးတွေဖြစ်နေပြီ”
သူတို့လေး နှစ်ယောက်ရဲ့ လက်တွေကို ခမ်းနွဲ့အတင်း ဆုပ်ထားမိတယ်။ စကားတွေ
တတွတ်တွတ်ကိုလည်း ဘာတွေပြောမိမှန်း မသိ။ သူတို့ကလည်း အများကြီးပြောတယ်။
“စိုင်းကျော်က ဒီက တက္ကသိုလ်မှာ ကျောင်းလာတက်တာ ဆရာမ၊ သူက ဆယ်တန်းလည်း
အောင်တယ်၊ ရန်ကုန်မှာ တက္ကသိုလ်လည်း သွားတက်နိုင်တယ် ဆရာမရဲ့၊
ကျွန်တော်ကတော့ ဆရာမနဲ့ သိပ်မကွာပါဘူး၊ ကျောင်းက ထွက်ရတာပါပဲ၊ အခု ဒီမှာ
ကျပန်းအလုပ်ပေါ့ ဆရာမ”
ဆရာမ ... ဆရာမတဲ့။ ဘေးဘီက လူတွေ ဘယ်သူမှ
နားမလည်ချင်လည်း နေပါစေ။ ဆရာမ ခေါ်သံတွေနဲ့ ဒီအချိန်ပိုင်းလေး
ကုန်ဆုံးသွားမှာကို ခမ်းနွဲ့နှမြောလှပါဘိတော့ ...။ လက်ကျန်ငါးလေး
နှစ်ကောင်ကို သေချာလေးထုပ်ပြီး ပေးရသေးတယ်။ ပိုက်ဆံဘာလို့ ယူရမှာလဲ။
မင်းတို့ဆရာမ ဒါလောက်တော့ တတ်နိုင်ပါသေးတယ်ကွယ့်၊ မင်းတို့နဲ့တွေ့လို့
ငါးပေါင်းသည်မ ဘယ်လောက် ဝမ်းသာသွားတယ်ဆိုတော့ မင်းတို့သိရဲ့လား ကလေးတို့ရေ
...။
ခမ်းနွဲ့ရဲ့ သူဌေးမကတော့ မသိတာ သေချာတယ်။ မယုံနိုင်တာလည်း
အသေအချာပဲ။ ခမ်းနွဲ့ပြောသမျှကို မျက်လုံးကြီး ပြူးပြီး ခေါင်းကိုသာ
တွင်တွင်ရမ်းလို့။
“ဘာပြောတယ်၊ နင်က ဆရာမ၊ စာသင်တဲ့ ဆရာမ ဟုတ်လား” တဲ့။
ဒီတစ်ခါ မက်တဲ့ အိပ်မက်ထဲမှာတော့ နှင်းမှုန်တွေကြားက ဝိုးတစ်ဝါး
လှမ်းမြင်ရတတ်တဲ့ စာသင်ကျောင်းလေးထဲမှာ ခမ်းနွဲ့ရယ်လေ။ စာတွေကို အားရပါးရ
သင်လို့။ စိုင်းကျော်လည်း ရှိတယ်။ စောနောင်လည်း ရှိတယ်။ ညီမလေးနဲ့
မောင်လေးလည်း ပါတယ်။ စားပွဲပေါ်မှာတော့ ခမ်းနွဲ့ချစ်တဲ့
ကျောင်းတက်ခေါင်းလောင်းကလေး ...။
နားထဲမှာ ခေါင်းလောင်းသံတွေ
ဆူညံနေတဲ့ နိုးတစ်ဝက် အိပ်မက်ဟာ ခမ်းနွဲ့ကို နာကျင်ထိခိုက်စေပါတယ်။
နှင်းတွေကြားက ခမ်းနွဲ့ရဲ့ စာသင်ကျောင်းကလေးကို လွမ်းလှပါတယ်။
ပြန်ချင်လှပါတယ်။
အိုး ... ခမ်းနွဲ့က ဘယ်တော့ပြန်ရမှာလဲ။ ဘယ်တော့လဲ ...။
-----------------
နုနုရည် အင်းဝ
ကလျာ၊ ဇန်နဝါရီ၊ ၂၀၀၅။
No comments:
Post a Comment