Thursday, 7 April 2016

ငါးမျှားခြင်း






***ငါးမျှားခြင်း***
================================================

ငါးမျှားခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ငါးရဖို့ မဟုတ်ပါ။ ဤနေရာသည် တစ်မြို့လုံးတွင် အေးဆေးတိတ်ဆိတ်သော နေရာဖြစ်သည် ။ ထို့အပြင် သစ်ရိပ် ၀ါးရိပ်ဖြင့် အုပ်ဆိုင်းထူထပ်သော နေရာလည်း ဖြစ်သည်။ မြို့၏ အစွန်အဖျားရှိသော တောအုပ်ဘေးတွင် နက်ရှိုင်းသော ရေကန်တစ်ခု ရှိနေသည်မှာ သူ့အတွက် အားတက်စရာပင် ဖြစ်သည်။ ထိုရေကန်တွင် ငါးများရှိနေသည်မှာလည်း သူ့အတွက် ကံကောင်းခြင်းပင်ဖြစ်သည်။ သူသည် နှစ်တော်တော်များများပင် ငါးမျှားခြင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
ပထမဆုံးအကြိမ် ဒီနေရာသို့ ငါးလာမျှားစဉ်က သူ့အသက် ၄၈နှစ်သာရှိသေး၏။ ယခု သူ့အသက် ငါးဆယ့်လေးနှစ်ရှိပြီ။ သူသည် ဖြောင့်မတ်ရိုးသားသော အထက်တန်းစာရေးကြီးဖြစ်၏။ ကောက်ကွေ့မူ၊ လှည့်ပတ်မူကို မုန်းတီးသူ၊ လိုက်လျောညီထွေနေခြင်းနှင့်လည်း မရင်းနှီးသူ၊ မှန်ကန်စွာ ပြုမူဆောင်ရွက်တတ်သူ ဖြစ်၏။

သူ့အိမ်သည်  ဤရေကန်နှင့်မိုင်ဝက်လောက် ဝေးသော နေရာတွင် ရှိသည်။ှ ရုံးဆင်းသည်နှင့်တပြိုင်တည်း အိမ်ပြန်ရောက် ၊ လက်ဆွဲအိတ်ချကာ ငါးမျှားတံနှင့် ကိရိယာတန်ဆာပလာများ ယူဆောင်လျက်        ဤနေရာသို့ထွက်လာနေကျဖြစ်၏။
လမ်းတစ်လျှောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလှော်ဆိုင်များကို ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နွားနို့ညှီနံ့များ၊ လက်ဖက်ခြောက်နံ့များ၊ ဆီကြော်ညှော်နံ့များကို သူနည်းနည်းမျှ စိတ်မ၀င်စားပါ။ သူစိတ်ဝင်စားသည်က အုပ်ဆိုင်းသော တောအုပ်နှင့် ရေကန်ကြီးသာ ဖြစ်သည်။ ပူအိုက်သော နွေရာသီများတွင် အ၀တ်အစားတွေကို သစ်ပင်အောက်မှာ ပုံထားပြီး ရေဆင်းချိုးနိုင်သေး၏။ အေးစိမ့်ချမ်းမြေ့သော ဆောင်းရာသီများတွင် သစ်ရွက်ခြောက်များကို မီးရှို့ပြီး မီးလှုံနိုင်သေး၏။ မိထားသောငါးများကို ကင်၍ စားနိုင်သေး၏။ ဤလောက် သူ့အတွက် နားခိုစရာကောင်းသော နေရာ ဘယ်မှ မရှိပါ။

သူ့တွင် သူ့သြဇာမတည်သော သားနှစ်ယောက်ရှိသည်။ အ၀တ်အစား အသစ်အဆန်းမှန်သမျှ မက်မောသော သမီးတစ်ယောက် ရှိသည်။ သူလုပ်ကိုင်သမျှကို အပြစ်ရှာအပြစ်မြင် တဖျစ်တောက်တောက် ညည်းညူဆူပူတတ်သော ဇနီးတစ်ယောက်ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြွသော လူငယ်တစ်ယောက် ဖြစ်ခဲ့သည်။ အောက်တန်းစာရေး ရာထူးမှ အထက်တန်းစာရေးရာထူး တက်ခွင့်ရရန် အလွန်မျှော်လင့် ပျော်ရွှင်ခဲ့သည်။ လက်ထပ်ခြင်း၊ အိမ်ထောင်သားမွေးပြုခြင်းသည် လူ့လောက၀တ္တရား၊ မဖြစ်မနေ ဆောင်ရွက်ရမည့် အရာများဟု ယူဆကာ ထိုအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို ရိုးရိုးရှင်းရှင်းသာ တွေးတတ်သည်။ ကလေးတစ်ယောက်ပြီးတစ်ယောက် မွေးတော့လည်း ပျော်ရွှင်ခဲ့၏။
တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူလိုလူမျိုးအတွက် မဖန်တီး မပြုလုပ်သင့်သော အရာတစ်ခုသာ ဖြစ်ကြောင်း နှစ်ပေါင်းများစွာ နောက်ကျပြီးမှ သူသိခဲ့သည်။ အိမ်ထောင်ပြုခြင်း၏ နောက်တွင် မလိုချင်သော ဗီဇစရိုက်များ ပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူ ယခုမှ သိသည်။ ထိုသားသမီးများ လိမ္မာရေးခြားရှိဖို့ ၊ ပညာတတ်ကျွမ်းဖို့ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ဖို့ကို သူ ဘယ်လိုမှ မတတ်နိုင်ဘဲရှိနေသည်။

သမီးကြီးသည် ရုပ်ရည် သင့်တင်၏။ အလှအပကို အလွန်အကျွံမက်မော၏။ ငယ်ရွယ်စဉ်ကတည်းက ပညာထက် အလှပြင် ပစ္စည်းကိရိယာများကို ပိုပြီး တန်ဖိုးထားတတ်၏။ အတန်းထဲတွင်စာမေးခံရပြီး မဖြေနိုင်ခြင်းထက် ဆံပင်တွင် ကလစ်ရောင်စို မဆိုးနိုင်ခြင်းကို ပိုပြီး ရှက်၏။ ဆယ်တန်းကျပြီး ရပ်ကွက်ဈေးကလေးတွင် ကုန်စိမ်းရောင်းသော အလုပ်ကို သမီးလုပ်သောအခါ သူမအံ့သြသော်လည်း ဖခင်ကို ခြေရာတိုင်းလာသောအခါ သူအံ့သြမိသည်။ ဖအေရှေ့မရှောင်၊ မအေရှေ့မရှောင် တစိမ်းယောက်ျားကလေးများနှင့် ရင်းရင်းနှီးနှီး ပုတ်လိုက်ခတ်လိုက် နေတာကို သူအံ့သြမိသည်။ ဆုံးမပြုပြင်ဖို့ ကြိုးစားတိုင်း လူမှုဆက်ဆံရေးကို အဖေနားမလည်ပါဘူးဟုပြောခံရသောအခါ သူရှက်လာ၏။ ဗိုင်းကောင်းကျောက်ဖိ ရှက်ကြောက်တတ်သော သမီးမိန်းကလေးကို လိုချင်သော   ဖခင်သည် ရဲတင်းကလက်သော သမီးကိုသာ ရခဲ့၏။

ဝပ်ရှော့တွင် အလုပ်လုပ်သည့် သားကတော့ တစ်မျိုး၊ ရုပ်ရည်ကလေး သင့်တင့်တာကို အခွင့်ကောင်းယူလျက် မိန်းကလေးများနှင့် ရှုပ်ယှက်ခတ်နေ၏။ ထိုသားကြောင့် သူ မကြာခဏ ရပ်ကွက်လူကြီးအိမ် ရောက်ရ၏။ သမီးရှင်များ၏ လက်ညိုးထိုး မာန်မဲမှုကို မကြာခဏ ခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူ ဟူသော နာမည်ပျက်ရနေသည့် သားကို လမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့ သူကြိုးစားဖူးသည်။ " အဖေကလဲ ဘာမှ မသိဘဲနဲ့ ၊ ဒါကျွန်တော့်အပြစ်ချည်းမဟုတ်ဘူးဗျ ၊ သူတို့ကကို အလိုတူအလိုပါတွေ " ဟု ပြန်ပြောတာကို နားထောင်လျက်က ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရသည် ။ ကိုယ်ကျင့်တရားအကြောင်းဆွေးနွေးဖို့ ကြိုးစားတိုင်း သူအရှုံးပေးခဲ့ရသည်။ သားသမီးမကောင်း မိဘခေါင်းဟု စကားပုံရှိသော်လည်း သူ့ဇနီးကြောင့် စကားပုံအသစ်ဖြစ်၏ ။ သားသမီးမကောင်း ဖခင်ခေါင်း ဟူသော ပုံစံမျိုး ဖြစ်နေအောင် သူ့ခေါင်းပေါ် ပုံကျနေခဲ့သည် ။ ဤကိစ္စအားလုံးမှာ သူ့တာဝန်သာ ဖြစ်သည် ….. တဲ့။ သူ ခေါင်းတယမ်းယမ်း နေရုံကလွဲ၍ ဘာမျှမတတ်နိုင်ပါ ။ သူ့ဇနီးမှာ ပုံပျက်လုနီးပါး ၀နေသော မိန်းမကြီးတစ်ယောက်ဖြစ်သည် ။ ထိုမိန်းမကြီးသည် ညအိပ်လျှင် အသံကျယ်လောင်စွာ ဟောက်တတ်၏ ။ သွားကြိတ်တတ်၏ ။ အိမ်နေရင်းဝတ်သည့် ထဘီတစ်ထည်ကို မလျှော်ဖွပ်ဘဲ တစ်ပတ်လောက် ဆက်တိုက် ၀တ်တတ်သေး၏ ။

လက်သည်းမှန်မှန်မညှပ်ဘဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်း ချက်တတ်သူ ၊ ထမင်းစားတတ်သူဖြစ်၏ ။  ထမင်းစားလျှင် လက်ခုံအထိ ဟင်းထမင်း ပေကျံအောင် အားရပါးရ နယ်ဖတ်စားတတ်သူ ဖြစ်၏ ။ အိမ်က ယောက်ျား အသုံးမကျသည့်အကြောင်းကို ရှေ့ခုနစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ်အတင်းပြောတတ်သူ ဖြစ်၏ ။ ဟင်းကိုနည်းနည်းနှင့် ကောင်းအောင် မချက်တတ်ဘဲ ဗုံးပေါလအော ချက်ပြီး သွန်ပစ်တတ်သူဖြစ်၏ ။ တစ်ခွက်ပင် ဖြစ်စေ အရသာရှိရှိ ချက်ဖို့ သူပြောလျှင်တော့ မဖြစ်စလောက် လစာကလေး. . . ဟူသောစကားဖြင့် ရန်တွေ့တတ်သူ ဖြစ်၏ ။ လခထုတ်ရတိုင်း လခရင်းကို တစ်ပြားမကျန် သူအပ်သည့်အခါ စိတ်မပါ့တပါ၊ မယူချင်ယူချင်ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။ "ဟိုဘက်အိမ်က လူကတော့ မိန်းမကို တစ်လ သုံးလေးထောင် အပ်တာ" ဟု အောက်ကလိအာသံဖြင့် သူ့ဒေါသကို ဆွပေးတတ်သေး၏ ။ ဟိုဘက်အိမ်က လူက သူ့လိုပင်အထက်တန်းစာရေး ။ စာရေးချင်း အတူတူ သူ့ထက် ဘာကြောင့် ငွေပိုရသနည်း ။ တွေးကြည့်လျှင် တစ်နည်းသာရှိ၏ ။ " မလုပ်ကောင်းတဲ့ အလုပ်တွေ လုပ်နေလို့ ဖြစ်မှာပေါ့ကွာ" ဟု အေးအေးဆေးဆေးဖြေရှင်းတော့ သူ့မိန်းမက မျက်လုံးပြူး ကြည့်၏ ။ " ဒီခေတ်မှာမလုပ်ကောင်းတဲ့အလုပ်ဆိုတာ မရှိဘူးတော့ အားလုံး လုပ်နေကြတာပဲ " ဟု ရန်တွေ့သည်။ "ဒါဖြင့်လဲ မင်းသွားလုပ်ပေါ့ကွာ" ဟု သူပြီးရာပြီးကြောင်း တစ်ခွန်းသာ ပြောမိသည် ။ သူမက ဗြုန်းခနဲ ခြေဆောင့်နင်းကာ ထွက်သွား၏ ။

ညနေတိုင်း အရက်မူးကာ မျက်တောင့်နီကြီးဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သူကတော့ အိမ်မှာ လူပိုသက်သက်ဖြစ်သည်။ ဘာအလုပ်မျှလည်း မရှိ၊ အလုပ်လည်းမမြဲ ။ မပင်ပန်းဘဲ အသက်ရှင်ချင်သည့် အပြင် အရက်သေစာ သောက်စားဖို့အတွက်ပါ အိမ်မှ ပိုက်ဆံကို သုံးဖြုန်းသေး၏။ မှန်မှန်ပေးနေသော ညီထံမှ တစ်ခါတလေ မရလျှင် ညီအစ်ကိုချင်း ထိုးကြိတ်သည်အထိ ရန်ဖြစ်တတ်သေး၏။ ဖအေ ၊ မအေကိုလည်း ငဲ့ညှာရကောင်းမှန်းမသိချေ ။
တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိသည်၊ သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ ဟူသော စကားပုံကို ယခုမှပင် အခြေခံကျကျ နားလည်ခွင့်ရသွား၏ ။ လက်စသတ်တော့ သားသမီးဆိုးဆိုတာ မွေးပြီးရင် ပစ်လို့မှ မရတော့ဘဲကိုးဟုယခုမှပင် သူသဘောပေါက်ရသည် ။ သို့သော် သူ့အတွက် အားလုံး လွန်ခဲ့ပြီ ။

သူ့ဘ၀တွင် အတွယ်တာဆုံးအရာမှာ ငါးမျှားတံဖြစ်၏ ။
တွန့်လိမ်နေသော တီကောင်ကလေးကို ငါးမျှားချိတ်တွင် ဖောက်ခနဲ ထိုးချိတ်လိုက်ရစဉ် သူအပိုင်ဆုံးအရာမှာ ငါးမျှားခြင်းသာ ဖြစ်ကြောင်း သူ ၀မ်းပမ်းတနည်း သိရသည် ။ နိုင်လွန်ကြိုးကို လက်ဖြင့်ဖွဖွ ထိသပ်နေစဉ် ဤကြိုး၏ ထိတွေ့မှုသည် သူ့အတွက် ကျေနပ်စရာ ဖြစ်၏ ။ ကြိမ်တံ၏ လက်ကိုင်ကို လျော့ရဲစွာ။ သို့သော် သတိရှိစွာ ထိန်းကိုင်ရင်း ရေပေါ်မှာ ငြိမ်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သူအောင်နိုင်နေသည် ။
လောကတွင် သူအောင်နိုင်သော သတ္တ၀ါမှာ ငါးသာဖြစ်၏ ။ ဤ ကန်ထဲတွင် ငါးမျိုးစုံရှိသည် ။ သူ့ငါးမျှားချိတ်တွင် ငါးမျိုးစုံ သူမိဖူးသည် ။ ယောက်ျားလက်ဖျံ လောက်တုတ်သော ငါးကြင်းကြီးများမှအစ လက်ညှိုးလုံးလောက်သေးသော ငါးစင်းလုံးကလေးများအထိ သူရသည် ။ ငါးမျှားသက် နှစ်ပေါင်းကြာလာသောအခါ သူ့လက်မှာ ကိုင်ထားသော ငါးမျှားတံအဖျားရှိ လှုပ်ရှားမှုကို မှန်ကန်စွာ ကောက်ချချတတ်သွား၏ ။ ကြိုးကလေး၊ ဖော့တုံးကလေး ငြိမ့်ခနဲ့ လှုပ်ရှားသွားသည်က အစ သူကျွမ်းကျင်စွာ အကဲဖြတ်တတ်သွားပြီး လျှင်မြန်စွာ ၊ မှန်ကန်စွာ ဆွဲတင်နိုင်သည် ။ ငါးစာကို လာဟပ်သော ငါးမှာ သူ့လက်မှလွတ်ရသည်ဟုမရှိအောင် ဤလုပ်ငန်းကို ကျွမ်းကျင်လာ၏ ။

ရေထဲ စိုက်ထားသော ငါးမျှားကြိုးကို စူစိုက်စွာ ကြည့်ရင်း စိမ်းမှောင်သော ရေပြင်တွင် အတိတ်က အရိပ်များစွာ ထင်ဟတ်လာတတ်သည် ။ တစ်ခါတရံတွင် နုပျိုသော လူငယ်တစ်ယောက်၏ မျက်နှာ( ထိုမျက်နှာပိုင်ရှင်သည် သူဖြစ်၏ ) တစ်ခါတရံ မိန်းမငယ်တစ်ဦး၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ့ချစ်သူဖြစ်၏)။
ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာ ဖြစ်သော်လည်း ရင်ခုန်စရာ ကောင်းသည် ။ လွန်ခဲ့သော နှစ်ပေါင်း ၃၀က သူ့ချစ်သူသည် တစ်ပတ်လျှို ဆံထုံးကလေးနှင့် ခရေပန်းကုံးများ ဝေနေအောင် ပန်တတ်သည့် မိန်းကလေးဖြစ်၏။ လက်မောင်းလက်ဖျံများ တောင့်တင်းပြီး ဖျတ်လတ်သော၊ကျန်းမာသန်စွမ်းသော မိန်းကလေးဖြစ်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျ လေးထပ်ဘုန်းကြီးကျောင်းထောင့်က ခရေပင်ကြီးကို သူမြင်ယောင်လာသောအခါ သူ စိတ်မှတ်မထင် ပြုံးမိလေသည်။

သနပ်ခါးနံ့သင်သင်းကလေးကို မွှေးကြူရင်း ခရေနံ့ကလေးကိုပါ ရှူရှိုက်မိသော တစ်နံနက်ခင်းက သူ့ရင်တွေ တဖျတ်ဖျတ် ခုန်ခဲ့ရကာ၊ ဘယ်လိုမှ မခွဲနိုင်အောင် ချစ်မြတ်နိုးစိတ်ဖြင့် မချင့်မရဲဖြစ်ခဲ့ရသည် ။ ဆောင်းရာသီနံနက်ခင်းတိုင်း၊ မိုးရာသီညနေခင်းတိုင်း ခရေပန်းများက တဖြုတ်ဖြုတ် ကြွေလွင့်နေသည် ။ ခရေပွင့်ကလေးများကို အလောတကြီး ကောက်နေသော ကိုယ်လုံးကျစ်ကျစ်ခဲခဲကလေးမှာ ငေးကြည့်၍မ၀နိုင်အောင် လှပနေခဲ့၏ ။ နှီးကြိုးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန်ဖြစ်သည်။ သူသည် လက်ကိုင်ပ၀ါထဲက ပန်းများကို စိတ်ရှည်လက်ရှည် သီပေးခဲ့ဖူးလေသည် ။ သီပြီးသွားသော ပန်းကုံးများကို မိန်းကလေး၏ ဆံထုံးမှာ စိုက်၍ ပန်ပေးရသည့် အရသာမှာ တမ်းတလွမ်းဆွတ်ဖွယ်ရာ ဖြစ်သည် ။
သူသည် ခရေပင်ကြီးဆီသို့ မရောက်ဖြစ်တာ ကြာလှပြီ ။ ခရေပင်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ပင် မရောက်တာ ကြာလှပြီ ။ တစ်နေ့နေ့မှာ သွားမည်ဟု ကြံရွယ်လျက် ဘယ်တော့မျှ မရောက်ဖြစ်ခဲ့ပါ ။ တစ်ခါတရံ ဥပုသ်ယူသော သူ့မိန်းမနှင့်အတူ လေးထပ်ဘုန်းကြီးကျောင်းသို့ လိုက်သွားရန်ကြိုးစားဖူးသည် ။ သို့သော် ဘုန်းကြီးထံ သီလမယူမီ ၀ိုင်းဖွဲ့စကားပြောကြသည့် အုပ်စုများတွင် သူမပါဝင်ချင်ပါ ။ အဖိုးတန်ပါတိတ် အထက်အောက် ဆင်တူဖြင့် ရွှေကြိုးများ ၊ ကြယ်သီးများဖြင့် ဥပုသ်လာစောင့်သော မိန်းမကြီးငယ်များ၏ ကဲ့ရဲ့စကားတင်းဆိုဟန်များကို သူရှောင်ချင်သည် ။ "ရှင် အကုသိုလ်တွေချည်း နေ့တိုင်းလုပ်နေတာ တစ်ခါလောက် ကျွန်မနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူပါလား" ဟူသည့် မိန်းမ၏ တိုက်တွန်းချက်ကို ကြားရသည့်အခါမှာတော့ ကုသိုလ် ယူချင်စိတ်ကလေး လုံးဝ ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
သည်လိုနှင့်ပင် အကုသိုလ်ကို ဆက်လုပ်ဖြစ်နေသည် ။

သူသည် ငါးမျှားနေရင်းမှ လူအမျိုးမျိုး၏ပုံကို ဖော်ကာ အနိုင်ယူလို့ရသည် ။ ဥပမာ သမ္မာအာဇီဝကို နည်းနည်းမျှစိတ်မ၀င်စားသည့် အရာရှိတစ်ဦး၏ ခပ်ထူထူ ခပ်လန်လန် နှုတ်ခမ်းများကို သူရွံမုန်းစွာ တွေးတောရင်း သူ ငါးကို စိတ်ပါလက်ပါမျှားသည် ။ ရရှိလာသောငါး၏ ဟစိဟစိပါးစပ်ကို သေသေချာချာကြည့်တော့ ထိုအရာရှိ၏ ပါးစပ်ကိုပင်မြင်တွေ့လိုက်လေသည်။ သူသည် ငါူမျှားချိတ်မှ ငါးကို ပျော်ရွှင်စွာ ဆွဲဖြုတ်ပြီး မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချလိုက်ဖူးသည် ။တစ်ခါတရံ သူ့မိန်းမ၏ ပွစိပွစိ နှုတ်ခမ်းတို့ကို စိတ်ထဲမှာ မြင်ယောင်လျက် ဒေါသတကြီး ငါးကိုမျှားသည် ။ မိလာသော ငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူ့မိန်းမ၏ ပါးစပ်ဖြစ်နေတတ်သည် ။ သူ ရွှီးခနဲ လေချွန်လျက် ထိုပါးစပ်ကို အရသာခံကြည့်နေတော့သည် ။ ငါးကလေးက ဖတ်လပ်ဖတ်လပ်နှင့် အစွမ်းကုန် ရုန်းကန်နေသည့်အခါမှာတော့ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းတစ်ချက် ချကာ ငါးမျှားချိတ်မှ ငါးကို ညင်ညင်သာသာကလေး ဆွဲဖြုတ်သည် ။ ထို့နောက် ရွရွကလေးကိုင်ကာ သူနှင့် အဝေးဆုံး နေရာမှာ ချထားလိုက်ဖူးသည် ။ ငါးမျှားခြင်းဖြင့် သူ ဤနေရာမှာ ကြာကြာထိုင်၍ ငိုင်နေခြင်းအပေါ် မည်သူကမျှ သံသယမ၀င်အောင် ဖြေရှင်းပြီးသားဖြစ်၏ ။ သူသည် ငါးမျှားချင်ယောင်ဆောင်လျက် ရေထဲသို့ ငါးမျှားချိတ်နှစ်ချကာ နာရီဝတ် တစ်နာရီလည်း မလှုပ်မယုက် ထိုင်နေလို့ရသည် ။ မိန်းမကို မပြောဖြစ်သည့် စကားများကိုလည်း ခပ်တိုးတိုး ရေရွတ်နေလို့ရသည် ။ တစ်ခါတစ်ခါ ကံဆိုးစွာ အဆော့သန်သော ကလေးများ ၊ စပ်စုတတ်သော လူကြီးများရောက်လာလျှင် " ရူး…….တိုးတိုး ၊ ငါးလန့်သွားမယ် " ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင် ၊ မနှောင့်ယှက်အောင် တားဆီးနိုင်ခွင့်ရှိသည် ။ သူ့ကို ကောင်းကောင်းနှောင့်ယှက်တတ်သူမှာ ကန်စောင်းတွင် နေထိုင်သော အဘိုးကြီးတစ်ယောက်ဖြစ်သည် ။

အဘိုးကြီးကတော့ ငါးမျှားခြင်းကို အကုသိုလ်အလုပ်ဟု ယူဆကာ သူ့ကို ကဲ့ရဲ့ရှုတ်ချတတ်၏ ။ အဘိုးကြီးက ရေကန်ကမ်းစပ်ရှိ ကြာဖူးများကို ခဏခဏလာခူးသည် ။ ' ဘာလုပ်ဖို့လဲ '  ဟုသူမေးတော့ ချက်စားဖို့ဟု ပြော၏ ။ ကြာဖူးကို ချက်စားရသည်ဟု တစ်ခါမျှ မကြားဖူးပါ ။  ' ဦးလေး ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဗျ ' ဟု သူက စိတ်လိုလက်ရ ပေးဖူးသည် ။
သူသည် ဤငါးများကို စားသောက်ရန် ၊ ရောင်းချရန် မျှားခြင်းမဟုတ်ပါ ။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏ ပါးဟတ်များကို ဖောက်လျက် လျှော်ကြိုးဖြင့် သီကာတန်းလန်းဆွဲပြီး အိမ်သို့ ပြန်ရသည်မှာ ပျော်စရာ ။ နောက်ပိုင်းတော့ ထိုငါးများကြောင့်ပင် ဇနီးဖြစ်သူ၏ အပြစ်ရှာခြင်းကို ခံခဲ့ရသည် ။ ' ဒီ ငါးမျိုးဖြင့်တော်….. တစ်နေကုန်အောင် သွားမျှားနေစရာမလိုပါဘူး ၊ ဈေးထဲမှာ တစ်ဆယ်သား နှစ်ကျပ်ရယ် ၊ ဗိုက်ရိုက်ပြီး စားပါလေ့ ' ဟူ၍တစ်မျိုး ၊ ' ရှင့်ငါးတွေက အင်းစော်နံလှချည်လား ၊ ဘယ့်နှယ့်လုပ် စားမှာတုံး ' ၊ ' ဒီငါးမျိုးကို မှတ်ထား ၊ ငါးမောင်းမလို့ ခေါ်တယ် ၊ ငါးထဲမှာ အရသာမရှိဆုံး ငါးပဲ ' ဟူ၍တစ်မျိုး ၊ ' ငါးခုံးမလို ငါးများ အချိန်ကုန်ခံပြီး မျှားနေသေးလားတော် ၊ အဲဒီ ကုန်တဲ့အချိန်မှာ ရေလေးဘာလေး ဆွဲတာကမှ အသုံးကျဦးမယ် ' ဟူ၍တစ်မျိုး ၊ အမျိုးမျိုး ရှုတ်ချသောအခါ ငါးမျှားကို အိမ်သို့ အလေးခံ၍ သယ်မသွားတော့ပေ ။ နည်းနည်း နွမ်းပါးသည့် ထင်ရသော အသိမိတ်ဆွေများ၏ အိမ်များကို အလှည့်ကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် ဇနီးဖြစ်သူနှင့်လည်း စကားပြောရ သက်သာသွားပြီး ကျေးဇူးလည်း တင်ခံရသည် ။

အဘိုးကြီးကတော့ ငါးများကို မယူပါ ။ " ငါက ပံ့သကူသားပဲ စားတာကွ၊ မြင်သား၊ ကြားသား မစားဘူး" ဟူ၏ ။
သူဒေါသ ထောင်းခနဲ ထသွားသေးသည်။ ခင်ဗျားတို့အတွက် ဖမ်းသတ်ပေးတဲ့လူတွေ ရောင်းတဲ့သူတွေ ရှိနေလို့ပေါ့ဗျာ၊ မရှိရင် မြင်သားကြားသားတင် မကဘူး ၊ ကိုယ်တိုင်တောင် သတ်ပြီးစားမှာ မဟုတ်လား ။ သို့သော် အသက်ကြီးသော လူတစ်ယောက်နှင့် ယှဉ်ပြိုင်ပြီး ရန်ဖြစ်ရတာ မကောင်းပါ ။ နောက်ပိုင်းတော့ အဘိုးကြီး ကြာဖူးခူးချိန်နှင့် သူ ငါးမျှားချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။ ကြာဖူးသာမက ကြာပွင့်များကိုပါ ခူးတာမြင်တော့ သူအံ့သြသွား၏ ။ " ကြာပွင့်ကရော ချက်စားရသလား" သူမေးတော့ အဘိုးကြီးက လျှို့ဝှက်စွာ ပြုံး၏ ။ မဖြေချင်သလိုလို တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာ သူ့အမေးကို ဖြေလိုက်သည် ။

"ချက်မစားပါဘူး ၊ ဆွဲကြိုးလုပ်ဖို့"
"ဟာ . . . ဆွဲကြိုး၊ ဘာလုပ်ဖို့လဲ"
အဘိုးကြီးတွင် ဇနီး၊ သားသမီး မရှိ၊ ၊ မြေးမရှိ ၊ တစ်ယောက်တည်းသာ ဖြစ်သည် ။ အဘိုးကြီးက သူ့ရှေ့ပင် ကြာပွင့်တစ်ခိုင်ကို ယူလျက် ကြာရိုးဆွဲကြိုး လုပ်နေ၏ ။ ကြာရိုးဆွဲကြိုး လုပ်ရတာ အလွယ်ကလေးဖြစ်သည် ။ ငါးမျှားသလို မခက်ပါ ။ ကြာရိုးကို လက်တစ်ဆစ်နီးပါး အဆစ်ကလေးများလုပ်၍ တစ်ဆစ်ချင်း ချိုးသွားရုံသာ ဖြစ်သည် ။ ကြာရိုး ကျိုးသွားပြီး အမျှင်စေးများကြောင့် ထိုချိုးပြီးသား အဆစ်ကလေးက တွဲလွဲဖြစ်နေသည် ။ နောက်ထပ် တစ်ဆစ်ထပ်ချိုး ၊ အမျှင်ကို ဟိုဘက်သည်ဘက် တစ်လှည့်စီ တန်းနေအောင် တစ်ဖတ်စီ ချိုးချသွားရုံသာ ဖြစ်သည် ။ ထိပ်ဆုံးမှာတော့ ကြာပွင့် လောကတ်သီးကလေး . . . ။
"ဟိုတုန်းကတော့ ငါ့မိန်းမကို အဲဒီလို ကြာလည်ဆွဲလုပ်ပေးနေကျကွ ၊ ငါ့မိန်းမခမျာ သေသာသွားရော သူ့ဘ၀မှာ ပုလဲပုတီးကလေး တစ်ကုံးတောင် ဆွဲမသွားရရှာဘူးကွာ ၊ ကြာလည်ဆွဲကိုပဲ မညည်းမညူ ဆွဲသွားရရှာတယ် ၊ သူ့အသက်အငယ်ကလေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ"

ထိုစကားကို ပြောပြီးနောက် သူ့အဖြေ ပြည့်စုံသွားသလိုပင် အဘိုးကြီးက သူ့ကိုနှုတ်မဆက်ဘဲ ထွက်ခွာသွားသည် ။ လက်မှာတန်းလန်းဆွဲထားသော အနီရောင်ကြာပွင့်နှင့် ဆွဲကြိုးကလေးမှာ လေအဝေ့တွင် လှုပ်လျက် ပါသွားသည်ကို သူ ငေးမောကြည့်နေခဲ့၏ ။

အေးမြသော ဆောင်းဥတု နံနက်ခင်း ဝေလီဝေလင်းအချိန်တစ်ခုတွင် သူသည် ထူးဆန်းစွာပင် နှင်းမှုန်ကြားထဲမှာ လမ်းလျှောက်နေတော့သည် ။ သူ့ခြေထောက်များက သူမသိလိုက်မီမှာပင် မြို့၏ ဟိုဘက်အစွန်းက လေးထပ်ဘုန်းကြီးကျောင်းရှိရာသို့ လျှောက်သွားနေကြသည်။  ငါးဆယ့်လေးနှစ်အရွယ်သည် ဘုန်းကြီးကျောင်းဆီသို့ နံနက်လင်းအားကြီး လမ်းလျှောက်သွားလျှင် အသင့်တော်ဆုံး အရွယ်ဖြစ်သည် ။ လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းရွက်စည်းများဖြင့် ဈေးသို့ သွားကြသော ရွာသူရွာသားများကို   မျက်နှာချင်းဆိုင်တွေရသည် ။ မိန်းမများသည် ပုဆိုးများထဲတွင် ဟင်းရွက်စည်းများထည့်၍ ထုပ်ပိုးပြီး ခေါင်းပေါ်ရွက်ထား၏ ။ ယောက်ျားများကတော့ တောင်းများဖြင့် ထည့်ကာ ထမ်းပိုးဖြင့်သယ်ဆောင်လာသည် ။ နေထွက်စအချိန်တွင် နှင်းများ ပိုမိုသိပ်သည်းလာ၏ ။ လမ်းဘေးဝဲယာ သစ်ပင်များကိုသာ စိမ်းစိုစွာ မြင်ရပြီး ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကွဲစွာ မမြင်ရပေ ။ ဤလမ်းတွင် အိမ်ခြေကျဲပါးသည် ။ မြို့နှင့်မတူပဲ ရွာနှင့်တူသော ရပ်ကွက်ဖြစ်သည် ။ တစ်ချိန်တုန်းက သူ့ချစ်သူသည် ဤရပ်ကွက်တွင်နေထိုင်ခဲ့ဖူးသည် ။ အုတ်တံတိုင်း ကာရန်ထားသော ဘုန်းကြီးကျောင်းသည် ဆောင်နှင်းမှုံများအောက်တွင်အိုမင်းရင့်ရော်စွာ ရပ်တည်နေ၏ ။ သူ တစ်ခဏမျှ ငေးကြည့်နေပြီး ကျောင်း၏ ထောင့်တစ်ဖက်က ခရေပင်အုပ်ရှိရာသို့ လျှောက်သွားလိုက်သည် ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရေပင်များမှာ ယခုအခါ ပိုမို မြင့်မားလျှက် ရှိသည် ။ သစ်ပင်တွေ အနှစ်၃၀ အသက်ရှင်နေတာ အံ့သြစရာ မဟုတ်သော်လည်း သူတို့ကောက်ခဲ့သော ခရေပန်းများလိုပင် ယခုအချိန်ထိ ခရေပန်းများ ခြွေချပေးနေသည်မှာ အံ့သြစရာ။ သူဖြည်းညင်းစွာ လျှောက်သွား၏။ ပန်းများတဖြုတ်ဖြုတ် လွင့်ကျနေသည် ။

ဤခရေပင်ကြီးအောက်တွင် ငယ်ရွယ်သော သူ့ချစ်သူနှင့်အတူ သူထိုင်ခဲ့ဖူးသည် ။
သူသည် အပင်အောက် တည့်တည့်တွင် ရပ်၍ ဖြူဖွေးသောခရေပွင့် ကားကားကလေးများ၊  ညိုဝါသော ခရေပွင့်ခြောက်ကလေးများကို ငေးမောကြည့်နေသည် ။ ခရေပန်းများနှင့် လှပခဲ့သော သူ့ချစ်သူကို သတိရစိတ်ဖြင့် ရင်ထဲမှာ နာကျင်လာ၏ ။ သူထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို ရွေး၍ ကောက်နေမိတော့သည် ။ ဟိုတုန်းကတော့ သူ့ချစ်သူကို သူအမြတ်တနိုး ချစ်ခဲ့သည် ။ သူ့ချစ်သူကလည်း သူ့ကို အားကိုးတကြီး  ချစ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်သည် ။ သူသည်လည်း မိန်းကလေး၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်သည်။သူတို့နှစ်ယောက်လက်ထပ်သောအခါ လောကတစ်ခုလုံး လှပသာယာလျက်ရှိခဲ့ပါသည်။
ချစ်ခြင်းမေတ္တာဆိုသည်မှာ လှည့်စားတတ်သော ကံကြမ္မာအောက်တွင် အရှုံးပေးရတတ်သလား ။ သူသည် ဖြစ်ပျက်နေသမျှ အရာရာကို နားမလည်နိုင်အောင် ရှိတော့သည် ။ သူ ၀မ်းနည်းနေသည် ။ နှစ်ပေါင်း၃၀သည် လူအားလုံး၏ ဘ၀ကို ပြောင်းလဲစေနိုင်သည်သာမက အချစ်ကိုလည်း ပြောင်းလဲစေနိုင်သည် ။ တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် ခြေသံဖွဖွကလေးကို ကြားလိုက်ရသည် ။

သူ ငယ်စဉ်က စောင့်နေကျ နေရာတွင် သူငယ်စဉ်က ကြားနေကျခြေသံမျိုး (ဖိနပ်မပါ ဗလာခြေထောက်အစုံ၏ ခြေသံမျိုး) ကို ကြားလိုက်ရသောအခါ လက်ရှိဘ၀နှင့် ငယ်စဉ်ဘ၀ ရောထွေးကာ ရင်တလှပ်လှပ် ခုန်လျက် နောက်ဘက်သို့ ဗြုန်းခနဲ လှည့်ကြည့်လိုက်သည် ။
ခပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက် . . . ။ ဆံပင်ကုပ်ဝဲကလေးနှင့် အပြာရောင် ၀တ်စုံပွပွကလေးများသည် နံနက်ခင်း လေအောက်မှာ လွင့်လှုပ်နေသည် ။ အေးချမ်းသော ၊ နုငယ်သော မိန်းကလေးတစ်ဦး . . . ။ သူမက သူ့ကို တစ်ချက်သာ အကဲခတ်ကြည့်လျက် ခရေပွင့်ကလေးများကို စတင်ကောက်လေသည် ။ သူသည်နာကျင်သော ရင်ဖြင့် မိန်းကလေးကို ငေးမောကြည့်နေမိခဲ့သည် ။ ထို့နောက် ဟာလာဟင်းလင်းရင်ဖြင့် ဗြုန်းခနဲ လှည့်ပြန်လာခဲ့တော့သည် ။
ရုံးသွားရန်ပြင်စင်နေစဉ် သူ့ဇနီးက အခန်းထဲ ၀င်လာသည် ။ဝဖြိုးသော ခန္ဓာကိုယ်ကို သူ့မျက်စိက ခဏကြည့်မိပြီးနောက် မျက်နှာလွဲလိုက်ရ၏ ။ ဘယ်လိုမှ မယုံနိင်စရာကောင်းသော အဖြစ်များပါလား ။ သူနည်းနည်း ရှက်ရွံ့စွာ စကားစလိုက်၏ ။

" ငါမနက်အစောကြီး လမ်းလျှောက်ရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွ ၊ ခရေပင်ကြီးက အခုအချိန်အထိ ပွင့်နေကြတုန်းပဲ ၊ ခရေပန်းတွေကလဲကွာ ဖွေးနေတာပဲ ၊ ဟိုတုန်းကထက်တောင် များသေး"
သူ့မိန်းမ မျက်နှာ နူးညံ့မသွားပါ ။
"ငါ နည်းနည်းတောင် ကောက်လာခဲ့သေးတယ် ၊ စားပွဲပေါ်မှာ"
ထိုစကားကြောင့် သူ့မျက်နှာ နည်းနည်းနွေးသွားသော်လည်း သူ့ဇနီးကတော့ စိတ်ဝင်စားဟန်မရှိပါ ။
"ခရေပန်း ဘာလုပ်ရမှာလဲ။ ဈေးထဲသွားဝယ်ရင် တစ်ကျပ်ဖိုးဆို သုံးလေးကုံး ရတာ"
သူ့ဇနီးကို သူငေးကြည့်နေမိသည် ။
"ဟိုတစ်နေ့က လာပြောသွားတဲ့ ကိစ္စကို ရှင် ငြင်းမယ်မကြံနဲ့နော် ၊ ဒါသူများပစ္စည်း ခိုးတာ မဟုတ်ဘူး"
သူ့ဇနီး၏ မျက်နှာမှာ လောဘ၏ အရေးအကြောင်းများသာ ရှိနေပါသည် ။ ထိုကိစ္စကို သူ ခေါင်းထဲကထုတ်ပစ်ထားသည်မှာ လာပြောချိန်ကတည်းက ဖြစ်သည် ။သူ့ဘ၀တွင် ကိုယ်ကျင့်သိက္ခာကို တစ်ချိန်လုံး ထိန်းခဲ့သည် ။ သေသည်အထိ ထိန်းသွားမည် ။ သို့သော် စကားရှည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏ ။
နောက်ရက်များတွင်လည်း ထုံးစံအတိုင်း ငါးမျှားသည့်အလုပ်ကို သူစိတ်ပါဝင်စားစွာ မပျက်မကွက် လုပ်မြဲဖြစ်လေသည် ။ ။

မြားနတ်မောင် မဂ္ဂဇင်း
၁၉၉၂ ၊ ဇွန်လ


No comments:

Post a Comment