Friday, 8 April 2016

ငယ်ရွယ်စဉ် ရှာဖွေ စွန့်ခဲ့ပြီ

***ငယ်ရွယ်စဉ် ရှာဖွေ စွန့်ခဲ့ပြီ***
အခုဆို ကျွန်မတို့ အိမ်မှာ ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းကလို ကျောင်းသူ၊ ကျောင်းသား မွေးစားသားသမီးတွေ တရုန်းရုန်းနဲ့ မနေတော့ပါဘူး။ တစ်ခါတလေ သူတို့ကလေးတွေကို သတိတရနဲ့ ကျွန်မတို့နှစ်ယောက် ပြောမိကြရင်း လွမ်းလာရင်တော့ ခုချိန်ထိ ကျွန်မတို့ အိမ်ပေါ်က မဆင်းသေးတဲ့ ဟိုကောင်ကြီးတွေ လေးကောင် (အရိုင်း၊ ဖိုးဖြူ၊ ကင်းနဲ့ ငှက်ပျောကြော်)ရဲ့ နှိပ်စက်နေကျ တီဗွီကြော်ငြာတွေကို အလွမ်းပြေကြည့်ရတယ်။ ခုချိန်မှာတော့ ဒီကောင်ကြီးတွေတုန်းကလို ရုန်းရုန်း၊ ရုန်းရုန်းနဲ့ မနေတော့ဘူး ဆိုတာတောင်မှ ကျွန်မတို့ဘေးနားမှာ သားလက်ကျန် နှစ်ယောက်လောက်ကဖြင့် ရှိနေပါသေးတယ်။
ကျွန်မတို့ရဲ့ သားလက်ကျန်နှစ်ယောက် အရပ်ကြီးတွေက ခြောက်ပေနီး ပါး၊ အသားကြီးတွေက မဲမှောင်နဲ့မို့ ရာဇဝင်လာ ဘီလူးညီနောင်ကို အစွဲပြုပြီး ကျွန်မတို့က ချစ်စနိုးနဲ့ “ဘောသောနဲ့ ဘောကျော်” တို့ခေါ်ကြတယ်။ သူတို့မိဘများက နယ်မှာ ရွှေပန်းထိမ်၊ ရွှေဆိုင်အလုပ်ကို လုပ်ကြလေတော့ သူတို့ အသားမှောင်မှောင်ပေါ်မှာ ရွှေတွေ၊ စိန်တွေကတော့ဖြင့် ဝင်းဝင်း၊ ဝင်းဝင်းနဲ့အသားအရေကို ကာကွယ်ထားတဲ့ သနပ်ခါးကလည်း အမြဲအဖွေးသားနဲ့ ဘောသော၊ ဘောကျော် ညီအစ်ကိုဟာ ကျောင်းက ကောင်မလေးအုပ်စုတွေနဲ့ စချင်၊ နောက်ချင်စရာ ပစ်မှတ်နှစ်ခုပေါ့။
ဒီကောင်နှစ်ကောင်က အသက်ကလည်း တစ်နှစ်ကြီး၊ တစ်နှစ်ငယ်(နှစ်ဆယ့်နှစ်နဲ့နှစ်ဆယ့်သုံး) အကြီးဆုံးအစ်မနဲ့ အငယ်ဆုံးနှမ ကြားမှာ နှစ်ဦးတည်းသော ညီအကိုလည်း ဖြစ်တော့ အမြဲတတွဲတွဲနဲ့ ချစ်လည်း ချစ်ကြသလို မတူခြားနားတာတွေလည်း အများကြီးပဲ။
အကြီးကောင်ကြီးက ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်တယ်။ ဘဝကို ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်ချင်တယ်။ ပညာသင်စဉ် အချိန်မှာ ဘဝအတွက် အလေးအနက် မတွေးချင်သေးဘူး။ အနာဂတ်အတွက် ကြိုတင်စီစဉ်ရေးဆွဲခြင်းကို မကြိုက်တဲ့သူ။ အငယ်ကောင်က အလွန်တရာ စေ့စပ်သေချာပြီး အရာရာကိုအလေးအနက် ချည်းပဲ တွေးတတ်၊ စိုးရိမ်တတ်၊ ပူပန်နေတတ်တဲ့သူ၊ ဘာလေးပဲ လုပ်လုပ် အစီအစဉ်ကို ကြိုတင်ရေးဆွဲတတ်သူ၊ ယူထားတဲ့ မေဂျာကလည်း အကြီးက ဥပဒေ၊ အငယ်ကောင်က သင်္ချာ။
ကျွန်မတို့ အိမ်မှာ ညီအစ်ကိုနှစ်ယောက် ညအိပ်ကြပြီးဆိုရင် ဘယ်လောက်ပဲ အိပ်ရာဝင်နောက်ကျ၊ နောက်ကျ အငယ်ကောင်က အိမ်ရှေ့ဧည့်ခန်းမှာ အိပ်ရာကို ပြန့်ပြူးညီညာနေအောင် ကျကျနနခင်းသေးတာ၊ ညဝတ်ပုဆိုး၊ အင်္ကျီဟောင်းကိုလဲသေးတာ၊ ပြီးမှ ဘုရားတွေ ဘာတွေသေချာရှိခိုးပြီးမှ အိပ်တာ။ ဟိုကောင်ကြီးကတော့ သူအိပ်ချင်လာပြီးဆိုလို့ကတော့ ထိုးအိပ်ပစ်လိုက်တာပဲ။ မနက်မိုးလင်းလို့ အိပ်ရာထကြရင်လည်း အငယ်ကောင်က အိပ်ရာ၊ အိပ်ခင်းတွေကို ညီညာသပ်ရပ် နေအောင်ခေါက်၊ ဧည့်ခန်းမှာ တံမြက်စည်းလှဲ၊ ကိုယ့်ကိုကိုယ်လည်း ရေမိုးချိုး၊ ကျော့နေအောင်ဝတ်၊ သနပ်ခါးအမွှေးနံ့သာတွေ လိမ်းခြယ်ပြီးမှ သူ့အစ်ကိုကို နှိုးတာ။ ဟိုကောင်ကြီးကတော့ ဝုန်းဝုန်းဆို အိပ်ရာထ၊ ရေမိုးချိုး၊ မျက်နှာသစ်၊ အင်္ကျီလဲ၊ သနပ်ခါးတွေ ရှဲရှဲနဲ့သွေးလိမ်း၊ ပြီးပြီ၊ ခဏပဲ၊ အလွန်မြန်တယ်။ ဟိုအငယ်ကောင်က အချိန်ကတော့ ကြာသလား၊ ယူသလားမမေးနဲ့ ရေချိုးရင်လည်း တစ်နာရီလောက်တော့ အနည်းလေး။ လူသန့်ရှင်းရေးရော၊ ရေချိုးခန်းသန့်ရှင်းရေးရော သူလုပ်နေတာလေ၊ ထမင်းစားရင်လည်း အငယ်ကောင်က အလွန်နှေးကွေးတယ်။ ဖြည်းဖြည်းချင်းစားနေတာ မပြီးတော့ဘူး။ စကားပြောတော့လည်း တကယ့်ကို လူကြီးတစ်ယောက်လို၊ ချိန်ဆပြီး လေးလေး၊လေးလေးနဲ့။ အကြီးကောင်ကြီးကျတော သွက်သွက်၊ သွက်သွက်နဲ့ စကားပြောရင် ရယ်ပြီးသားလာတာ။ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ အချက်က အလှအပကြိုက်တာနဲ့ အစားကောင်း အသောက်ကောင်း ကြိုက်တာရှိမယ်။ နောက် တူညီတဲ့ အချက်က ဒီနေ့ခေတ် လူငယ်တော်တော်များများလိုပဲ နိုင်ငံခြားကို စိတ်ဝင်စားတာကျ ညီအစ်ကိုနှစ်ယောက် တူပြန်တယ်။ ဒါပေမဲ့ တူတယ်လို့ ကျွန်မကထင်ခဲ့တာ၊ တကယ်ကျတော့ စိတ်ဝင်စားတာချင်း တူပေမယ့် စိတ်ဝင်စားပုံချင်းကျ လုံးဝမှ မတူကြပြန်ဘူး။ ဒီနှစ်ကောင်ဟာ တစ်ကယ့်ကို အံ့ဩစရာပါပဲ။
“နိုင်ငံခြား” ဆိုတာနဲ့ ပတ်သက်ပြီး ဒီနှစ်ကောင် စတင်မြင်ဖူးထိတွေ့ ရတာကတော့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ပဲ။ နိုင်တီအိပ် (98)မှာကျွန်မ အင်္ဂလန် သွားခါနီး ပတ်စ်ပို့ ရလာတော့ ဒီနှစ်ကောင် ဝိုင်းကြည့်ကြတယ်။
“ဟေ့ ... ဒီမှာ ... မင်းတို့ ဆရာမကို စိတ်ဒဏ်ရာ ရအောင် လုပ်ခဲ့တဲ့ အရာလေ”
ကျွန်မ ခင်ပွန်းက ရွှေရောင် တပြောင်ပြောင် ဝင်းလက်နေတဲ့ အင်္ဂလန် ဗီဇာကို ဒီကောင်တွေကို ပြတော့ ဒီနှစ်ကောင်မှာ ရင်သပ်ရှုမော၊ ပတ်စ်ပို့ စာအုပ် တစ်နေရာက ဗီဇာကို လက်နဲ့အသာအယာ တို့ထိကြည့်ကြရင်း အကြီးကောင်က “သူတို့ တံဆိပ်ကြီးက လှလိုက်တာ ဆရာမရယ်၊ ရွှေအရောင်ကို ဝင်းနေတာပဲ” တဲ့။ အငယ်ကောင်ဟာ စကားမပြောဘဲ၊ ခေါင်းကိုပဲ တညိတ်ညိတ်လုပ်လို့။ ပတ်စ်ပို့ စာအုပ်ကို မလွှတ်တမ်းဆုပ်ကိုင်လို့။ အဲဒီအချိန်ကစပြီး ပတ်စ်ပို့မျက်နှာဖုံးကစပြီး တစ်ရွက်ချင်းလှန်လို့၊ ရေးထားသမျှတွေကို (ဒါ ... ဘာလဲ ဆရာမ) ပေါင်းများစွာနဲ့သူ နားမလည်မချင်း မေးတော့တာပါပဲ။ ဘယ်လောက်များ မေးတဲ့ကောင်လဲဆို၊ ကျွန်မထွက်သွားပြီး ဘန်ကောက်ဒွန်မောင်းလေဆိပ်ကနေ ဟိုဘက်ဗြိတိသျှ အဲယားဝေး လေယာဉ်ပေါ်တက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်း အိမ်ကိုဖုန်း ဆက်တော့ ဒီကောင်တွေနဲ့ပါ ဖုန်းပြောရတယ်။ အကြီးကောင်ကြီးက “ဆရာမ အားလုံးအဆင်ပြေတယ် မဟုတ်လား၊ ဆရာ့အတွက် စိတ်မပူနဲ့ဆရာမ၊ ကျွန်တော်တို့ နေ့တိုင်းလာမှာနော်” တဲ့။ ဒါပဲ။ ဟိုကောင်ငယ် မောင်ဘောကျော်ကတော့ ဆရာမ ... ဘန်ကောက်လေဆိပ် ဆိုတာကြီး ဘယ်လိုကြီးလဲဟင်” ဆိုတာက စလိုက်တာ၊ လေဆိပ်တည်နေရာ၊ အကျယ်အဝန်း၊ အနေအထား၊ ဟိုဘက် လေယာဉ်ကို ဘယ်လိုပြောင်းစီးရမလဲ၊ တခြားမြန်မာတွေရော တွေ့လား အစရှိသဖြင့် မေးလိုက်တာ၊ ဘတ်နှစ်ရာ့ငါးဆယ်တန် ဖုန်းကတ်ကုန်တဲ့အထိပဲ။
ကျွန်မ ပြန်လာတော့လည်း ရောက်တဲ့နေ့ကစပြီး ကြုံတိုင်း မဆုံးနိုင်အောင် မေးသူဟာ အငယ်ကောင်ပဲ၊ အကြီးကောင်ကတော့ ကျွန်မပြောတဲ့ အချိန်မျိုးမှာ စိတ်ဝင်တစား နားထောင်တယ်၊ “ကောင်းတယ်နော် ဆရာမ”၊ သူ့မှတ်ချက်က ဒါပဲ၊ မေးစရာရှိရင် နည်းနည်းပါးပါး မေးတယ်၊ အဲဒီအချိန်က စပြီ နေ့ရှိသရွေ့ အငယ်ကောင်ပြောတဲ့ စကားဟာ “ကျွန်တော် နိုင်ငံခြားသွားမယ်” ဆိုတာပဲ။ အကြီးကောင်ကတော့ ရယ်မောရင်း “သွားပေါ့ကွာ၊ ဘာခက်တာ လိုက်လို့၊ ငါဆို ခဏ၊ ခဏ ရောက်တယ်။ အိမ်မက်ထဲမှာ” လို့ လုပ်တတ်တယ်။ အငယ်ကောင်ဟာ လိုက်လို့တောင် မရယ်မောပဲ “ငါတကယ် သွားမှာကွ” လို့ လေးလေးနက်နက်ကြီး ပြန်ဖြေရုံတင်မက နောက်ခြောက်လလောက်ကြာတဲ့ အချိန်မှာတော့ သူ့ပတ်စ်ပို့ကို ကျွန်မတို့ရှေ့မှာ ခပ်တည်တည်နဲ့ ထုတ်ပြလိုက်ပါတော့တယ်။ “ကျွန်တော်ဘာသာကျွန်တော် သွားတင်ထားလိုက်တာ၊ အခုကျလာပြီး” တဲ့ သူ့အစ်ကိုက အေးပါ ... ကျတာကတော့ ဟုတ်ပါပြီ၊ မင်းက ဘယ်ပိုက်ဆံနဲ့ ဘယ်နိုင်ငံကို သွားမှာလဲ” တဲ့။ ကျွန်မ စိတ်ဝင်တစား ကြည့်နေမိတဲ့ အချိန်မှာပဲ အငယ်ကောင်က ယုံကြည်မှု အပြည့်ရှိတဲ့ အသံနဲ့ ချိန်ချိန်ဆဆ၊ လေးလေးကြီးနဲ့ ဖြေတယ်။
“အကုန်အဆင်ပြေသွားစေရမယ်၊ စောင့်တော့ စောင့်ရဦးမှာပေါ့။ ဒါပေမယ့် စိတ်ချ၊ မကြာစေရဘူး”
အကြီးကောင်က သူ့ထုံးစံအတိုင်း ရယ်မောလိုက်ပေမယ့် တကယ်ပါပဲ နောက်နှစ်နှစ်ကျော် ကြာပြီးတဲ့ တစ်ခုသော နံနက်ခင်းမှာတော့ ညီအစ်ကိုနှစ်ယောက် ရောက်လာကြတယ်။ အားလုံးစီစဉ် ပြီးပြီ၊ ထွက်တော့မယ်တဲ့။
ထွက်တော့မယ်ဆိုတဲ့ ကျွန်မရှေ့က ဘောသော၊ ဘောကျော် နှစ်ကောင်ကို ကျွန်မသေချာ ကြည့်နေမိတယ်။ အငယ်ကောင်ဟာ အလွန်တရာ တက်ကြွလန်းဆန်း လို့။
“ဟေ့ကောင်တွေ၊ တကယ်သွားကြတော့မလို့လား။ ဘယ်ကိုလဲ”
“ကိုရီးယားကိုဆရာမ ...”
“ကိုရီးယား ... ဟုတ်လား”
“ဟုတ်တယ် ဆရာမ၊ ကိုရီးယားက အလုပ်ပို အဆင်ပြေတယ်။ လခလည်းကောင်းတယ်။ စစချင်း တစ်လကို ယူအက်စ်ခြောက်ရာ ရမယ်တဲ့။ ပြီးတော့ ဂျပန်ကို အဲဒီကတစ်ဆင့်ကူးရင် ပိုလွယ်တယ်လို့ပြောတယ်။ အခု...ဆရာမရယ်၊ အားလုံးပေါင်း ဆယ့်ငါးလောက်ကျတယ်။ ကျွန်တော့်ကို ဖေကြီးတို့၊ မေကြီးတို့က ဒီမှာ ဆယ့်ငါးသိန်းထုတ်ပေးလို့ ကျွန်တော် ဘာသွားလုပ်စားမလဲ။ ဆယ်ငါးသိန်းရင်းလို့ တစ်လ လေးငါးသိန်း ဘယ်လိုမှ မမြတ်ဘူး ဆရာမ။ အခု ... ကျွန်တော်တို့အိမ်က ရွှေပန်းထိမ်အလုပ်တို့၊ အထည်ဆိုင် အလုပ်တို့ဆိုတာကလည်းရရစားစားပဲ၊ အလုပ်က ကြာလေးပါးလိုက်လာလေပဲ။ ကျွန်တော် အလုပ်လုပ်ချင်တယ်။ ပိုက်ဆံရှာချင်တယ်။ ဆရာမ ကျွန်တော်အသက်ပဲ ကြည့်ပါဦး၊ နှစ်ဆယ့်လေးထဲ ရောက်နေပြီ၊ အခုမှကျောင်းက ဒုတိယနှစ်ရှိသေးတယ်၊ ဘယ်လိုလုပ်မလဲ”
အငယ်ကောင်က သူ့ထုံးစံအတိုင်း လူကြီးသူမလေသံနဲ့ အရှည်ကြီးလျှောက် ပြောသွားတာ ကျွန်မမေးတဲ့ မေးခွန်းတွေကို သူသိနေသလိုပဲ။ မျိုးဆက်သစ် လူငယ်တွေ နိုင်ငံခြားသွားမယ်ဆိုရင် ပညာသင်ဖို့ပဲ သွားစေချင်တဲ့၊ ပညာသင်ပြီးရင်လည်း ကိုယ့်တိုင်းပြည်အတွက် ပြန်လာစေချင်တဲ့ ကျွန်မတစ်ယောက် သက်ပြင်း ချရုံကလွဲလို့ ဘာများ တတ်နိုင်မှာတဲ့လဲ။
“အဲဒါ ... ဆရာမသားကို ကြည့်ပြောအုန်း၊ ဒီကောင်က မလိုက်ဘူးတဲ့”
“ဟင် ... ဟုတ်လား”
ကျွန်မ အံ့ဩစွာနဲ့ အကြီးကောင်ကြီးကို ကြည့်လိုက်မိပါတယ်။ သူ့မျက်နှာဟာ မလေးနက်၊ မတည်ကြည်စဖူး၊ လေးနက်တည်ကြည်လို့။
“ကျွန်တော် မသွားဘူး၊ ဆရာမ ကျွန်တော် မလိုက်ချင်ဘူး”
“မင်းက...ဘာဖြစ်လို့လဲ ပြောပါဦး”
“ကျွန်တော်....ကျောင်းတက်ချင်တယ် ဆရာမ”
ကျွန်မ မမျှော်လင့်တဲ့ဒီကလေးရဲ့ အဖြေဟာ ကျွန်မကို အံ့အားသင့် ထိခိုက်စေပါတယ်။
“ကျွန်တော့် ညီပြောသလို ကျွန်တော်တို့ဟာ ခုမှ ဒုတိယနှစ်ပဲရှိသေးတာ ဟုတ်ပါတယ်။ ဒါပေမယ့် အသက်ဘယ်လောက်ပဲ ဖြစ်ဖြစ်ပေါ့၊ တက္ကသိုလ်ကျောင်းသားဘဝကို ကျွန်တော် ခံစားချင်တယ်၊ ဆရာမ။ ဆရာတို့၊ ဆရာမတို့ ပြောတာလေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ လေးနှစ်သက်တမ်း၊ ငါးနှစ် သက်တမ်းဟာ ကျောင်းပညာတင် မဟုတ်ပဲ လူမှုပေါင်းသင်း ဆက်ဆံရေးတို့၊ ကိုယ်ချင်းစာ ရိုင်းပင်းကူညီတတ်မှုတို့ကိုပါ ဘဝကို ရင်ဆိုင်တတ်အောင်လို့ သင်ပေးလိုက်တာဆို ဆရာမ၊ ကျွန်တော် ကျောင်းပဲတက်ချင်တယ်၊ ပြီးမှ အလုပ်လုပ်မယ်”
ကျွန်မ ဘာပြောရမလဲ၊ ဒီကလေး နှစ်ယောက်ရဲ့ မတူညီတဲ့ သဘောထား နှစ်ခုဟာ ကျွန်မနှုတ်ကို ဆွံအစေပါတယ်။
“ဘောကျော်၊ မင်းဘယ်နေ့ထွက်မှာလဲ”
မဆိုင်တဲ့ မေးခွန်းကိုသာ ကျွန်မ မေးဖြစ်ပါတယ်။
“သုံးရက်ပဲလိုတော့တယ် ဆရာမ၊ ကျွန်တော်ကို လိုက်ပို့မှာမဟုတ်လား ဆရာမ”
ဒီလိုဆိုတော့လည်း ပီဘိကလေးငယ်လို ဖြစ်သွားပြန်တဲ့ ဘောကျော်လေးရဲ့ မျက်နှာနုနုလေးကို ကြည့်ပြီး ကျွန်မ သတိရလာတဲ့ ဘန်ကောက်လေဆိပ်က မလေးရှားပြန် မျက်နှာနုနုလေးတွေအကြောင်းကို ကျွန်မမပြောရက်တော့ပါဘူး။ ကျွန်မရဲ့ အပြန်ခရီးမှာ ဘန်ကောက်လေဆိပ်ထဲ ဝဲလည် ဝဲလည် လုပ်ရင် ရန်ကုန်ထွက်မယ့် လေယာဉ်ကို စောင့်ဆိုင်းနေတဲ့ မြင်လိုက်တာနဲ့ မြန်မာလေးတွေ မှန်းသိသာတဲ့ ဘောကျော်တို့ အရွယ် လူငယ်လေးတစ်စုနဲ့ပဲ ကျွန်မနဲ့ တွေ့ကြတယ်။ တိုင်းပြည်အပြင်ဘက်မှာ မြန်မာအချင်းချင်း တွေ့ကြရင် ပြောစရာမလိုဘဲ သွေးအသိ၊ မျက်လုံးအကြည့်နဲ့တင် မြန်မာမှန်းသိပြီး နှုတ်ဆက်မေးမြန်း ဝမ်းသာတတ်ကြတဲ့ ထုံးစံအတိုင်း တွေ့ကြတာပေါ့။
မလေးရှားမှာ အလုပ်သွားလုပ်ပြီး အဆင်မပြေလို့ ပြန်လာကြတဲ့ ကလေးတွေ၊ မျက်နှာလေးတွေက နုနုလေးတွေ့ပေမယ့် အလုပ်ကြမ်း ဘဝကြမ်းထဲ ဖြတ်ခဲ့ရလို့ အသွင်အပြင်လေးတွေက ကြမ်းတမ်းနေပြီ။ လေဆိပ်ထဲကို မနက်ထဲက ရောက်နေတာ ဆရာမရဲ့၊ ကျွန်တော်တို့မှာ ပိုက်ဆံ မရှိတော့လို့ ခုထိ ဘာမှ မစားရသေးဘူး။ မုန့်နည်းနည်းလောက် ဝယ်ကျွေးပါလာ ဆရာမ ဆိုတဲ့ စကားသံလေးကို ကျွန်မရက်ပေါင်းများစွာ မမေ့နိုင်ခဲ့ပါဘူး။ ဖြစ်မှဖြစ်ရလေ ကလေးတို့ရယ်လို့ ရင်နာနာနဲ့ ရေရွတ်ရုံကလွဲလို့ ကျွန်မဘာများ ပြောနိုင်ပါ့မလဲ။ ခုလည်း ကျွန်မ ဘောကျော်လေးကို ဘာများပြောရပါ့မလဲ။
“အရေးအကြီးဆုံးကတော့ ကျန်းမာရေး ဂရုစိုက်ပေါ့ကွာ၊ ပြီးတော့ ကိုယ်ကျင့်တရားကို စောင့်ထိန်း၊ ဘာသာတရားကို မမေ့နဲ့ နောင်တစ်ချက် ဖြစ်စေချင်တာကကွာ၊ အလုပ်လုပ်ရင်းနဲ့ အားတဲ့အချိန်လေးတွေမှာ ပညာတစ်ခုခု သင်စေချင်တယ်။ များသောအားဖြင့် နိုင်ငံခြားကို ထွက်ကြပြီဆိုရင် ပညာသင်ဖို့ဆိုပြီး ထွက်တဲ့ကလေးတွေတောင်မှ သူတို့ဆီက ပညာသင်စရိတ်တွေက ကြီးလန့်လို့ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် လုပ်ကြရတယ်။ အလုပ်လုပ်ရင်းနဲ့ ပိုက်ဆံက လွယ်လွယ်နဲ့ (ကိုယ့်ဆီမှာထက်စာရင်) များများရတော့ တချို့ ကျောင်းလုံးဝမတက်တော့ဘူး။ အလုပ်မှာ ပျော်သွားကြရော။ ငယ်တုန်းမှာတော့ ကိုယ့်အလုပ်ဟာ ဂုဏ်ငယ်ရကောင်းမှန်းလည်း မသိဘူးပေါ့ကွာ၊ အဲဒီလို အလုပ်တွေနဲ့ ပျော်ပိုက်ရင်း အိမ်ထောင်တွေကျ၊ သားသမီးတွေ ရလာတော့မှ သိတော့တာ။ အဲဒီအချိန်မှာ နောက်ကျသွားပြီပေါ့။ ဟုတ်တယ်မဟုတ်လား။ မင်းနားလည်ပါတယ်ကွာ၊ အဲဒီတော့ အလုပ်လည်း လုပ်ပါ။ စရိတ်စက ကြီးပြီး အချိန်တွေအများကြီးပေးရမယ့် ပညာရေးမျိုး မဟုတ်တဲ့ အချိန်ပိုင်းသင်တန်းလေးဖြစ်ဖြစ်ပေါ့။ အင်္ဂလိပ်စာသင်တန်းပဲဖြစ်ဖြစ်၊ ကိုးရီးယားစာ သင်တန်းပဲဖြစ်ဖြစ်ကွာ တက်စေချင်တယ်။”
“ဟုတ်ကဲ့ပါ ဆရာမ”
ကျွန်မကိုထိခြင်းငါးပါးနဲ့သေချာထိုင်ရှိခိုးကန်တော့နေတဲ့ ကလေးကိုကြည့်ပြီး ကျွန်မမေးချင်တဲ့ “မင်ဘယ်တော့ပြန်လာမလဲ” ဆိုတဲ့ မေးခွန်းကို ကျွန်မရင်ထဲ ပြန်မျိုချလိုက်ပါပြီး။ ဒီအရွယ်ကလေးတွေကို ဆွဲဆောင်ဖမ်းစားတတ်တဲ့ ပျော်ရွှင် လွတ်လပ်မှု၊ သာယာမှု အသစ်အဆန်းတွေကြားမှာ မပြန်ဖြစ်ကြတော့တဲ့ ကလေးတွေများစွာကို နိုင်ငံရပ်ခြားမှာ ကျွန်မမြင်ခဲ့၊ တွေ့ခဲ့ဖူးတယ်လေ။
ဘောကျော်လေး ထွက်သွားပြီး သုံးလလောက်ဟာ တစ်ယောက်တည်း ကွဲကျန်ခဲ့ရှာတဲ့ အကြီးကောင်ကြီးတစ်ယောက် မားမား၊ မားမားနဲ့ ကျွန်မတို့အိမ်ကို ညနေကျောင်းပြန်တိုင်း ဝင်လာတတ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ သူ့မိဘများက လှမ်းမှာလို့ဆိုပြီး အိမ်ပြန်သွားတာ ဆယ်ရက်ကျော်ကျမှ ပြန်ချလာတယ်။ ကျွန်မကြိုက်တတ်တဲ့ ငရံ့ခြောက်တွဲ လက်ဆောင်လေးကို ဆွဲလို့ အိမ်ထဲကို ဝင်လာတဲ့ ဘောသောကြီးရဲ့ မျက်နာဟာ အရင်လိုမရွှင်ဘူး။ မပြောမဆိုနဲ့ လွယ်အိတ်ထဲက စာအိတ်နှစ်အိပ်သုံးအိပ်ကို ဆွဲထုတ်ပြီး ကျွန်မရှေ့မှာ ချတယ်။
“ဆရာမ... အငယ်ကောင်ရဲ့ စာတွေလေ၊ အမေက ရတနာတွေလို ပွေ့ပိုက်ထားလို့ ဆရာမ ဆတ်ဖို့ဆိုပြီး မနည်းတောင်လာရတာ”
စာအိတ်တွေကို ကျွန်မမကောက်မိဘဲ တစ်မျိုးဖြစ်ပြီး မျက်စိမျက်နှာပျက်နေတဲ့ အကြီးကောင်ကိုသာ ကျွန်မကြည့်မိတယ်။
“ဟေ့ကောင် ... မင်းဘာဖြစ်တာလည်း ပြောစမ်း”
ကျွန်မကို ရုတ်တရက် ဘာမှ ပြန်မပြောသေးဘဲ ဒီကောင်ကြီးက မချစဘူး သက်ပြင်းတွေ ဘာတွေများ ချလို့။
“အိမ်က ကျွန်တော်ကို အငယ်ကောင်နောက် လိုက်ခိုင်းတယ် ဆရာမ၊ဖေကြီးကရာ၊အမေကရော၊ ညီမတွေကရော၊ ရည်းစားတွေကရော တစ်ဆွေလုံးတစ်မျိုးလုံးက လိုက်ခိုင်းတာ။ ကျွန်တော်ဒီမှာ နေနေတာ အလာကားပဲတဲ့။ လိုက်သွားရမယ်တဲ့ ဆရာမ။ ကျွန်တော်ဘာလုပ်ရမလဲ။”
ဒီတစ်ခါ စကားမပြောနိုင်သူက ကျွန်မပါ။
“ကဲပါ ... ဆရာမရယ်၊ ဆရာမသာ စာတွေကို ဖတ်ကြည့်ပါဦး၊ ကျွန်တော်လည်း သူ့ဆီကို စာပြန်ရေးရမယ်။ လောလောဆယ်တော့ ကျွန်တော် သီချင်းဆိုဦးမယ် ဆရာမရယ်၊ စိတ်ညစ်တယ်”
ရုတ်တရက်ထပြီး ကာရာအိုကေစက်ကို ပြင်ဆင်ရာကနေ လွယ်အိတ်ကို လှမ်းဆွဲပြန်တယ်။
“ခုမှ သတိရတယ် ဆရာမ၊ ကျွန်တော် ဆရာတို့၊ ဆရာမတို့အတွက် ကိုင်းဥလည်းဝယ်လာတယ်၊ မစားဖူးဘူးဆိုလို့ အဆီအနှစ်တွေနဲ့ သိပ်ဆိမ့်တာ ဆရာမ၊ သူတို့က ကိုင်းပင်တွေမှာဥတာ၊ ကျွန်တော် သွားကင်လိုက်ဦးမယ်။
အငြိမ်မနေ လှုပ်ခတ်နေရှာတဲ့ ဒီကလေးကို ကျွန်မ ဘယ့်နှယ့်လုပ်ရပါ။ ဘောကျော်ကလေးရဲ့ စာအိတ်လေးတွေကိုပဲ ကျွန်မ ဖွင့်ရတော့တယ်။ ကြည့်ပါဦး။ သူ့ထုံးစံအတိုင်း စိတ်ရှည်လက်ရှည်၊ ဖြည်းဖြည်းလေးတစ်လုံးချင်း ရေးတတ်တဲ့ ဘောကျော်လေးရဲ့ လှဝိုင်းစက်တဲ့ လက်ရေးကလေးတွေ။ “အဖေကြီးနှင့်အမေ”တဲ့။
“သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။ သားအခု ဂွမ်းကျူးမြို့နယ်မှာရှိတဲ့ ပလပ်စတစ်စက်ရုံမှာ အလုပ်ဝင်နေပါတယ်။ အလုပ်က သက်သာပါတယ်။ ကိုးရီးယားနိုင်ငံက တောင်တန်းတွေ ပတ်လည်ဝိုင်းနေပြီး အရမ်းအေးတယ်။ နှင်းခဲတွေကလည်း သစ်ပင်တွေပေါ်မှာ ဖွေးနေတာပဲ၊ လမ်းဘေးတစ်လျှောက်မှာလည်း ရေတွေခဲလို့ပေါ့။ မြို့တစ်မြို့နဲ့တစ်မြို့က သိပ်မဝေးပါဘူး။ အင်္ဂလိပ်စာနဲ့ လမ်းညွှန်ဆိုင်းဘုတ် တွေရှိတော့ လျှောက်လည်လို့ရတယ်။ ရထားစီးရင် မြေအောက်အနက်ပေတစ်ရာ လောက်ကနေ ရထားစီးရတာ။ ရထားတွေက အရမ်းမြန်တာပဲ၊ ရထားလမ်းကို မြစ်ရဲ့အောက်ခြေကတောင် ဖောက်ထားတယ်။ အခု သားသူငယ်ချင်းအသစ်တွေလည်း တိုးပါတယ်။ လစာကတော့ မြန်မာငွေနဲ့ ဆိုရင် သုံးသိန်းခွဲလောက်ရပါတယ်။ စရိတ်စကကြီးတဲ့ နိုင်ငံဆိုတော့ စားစရိတ်တင် မြန်မာငွေ ခြောက်သောင်း၊ ခုနှစ်သောင်းလောက်ကုန်တယ်။ ဆန်တစ်တင်းအိတ်ကို မြန်မာငွေ နှစ်သောင်းခွဲလောက်ကျတယ်။ သားဒီထက်လစာကောင်းတဲ့ စက်ရုံတွေ စုံစမ်းထားတယ်။ ကိုကို Korea ကို လိုက်လာစေချင်တယ်။ နှစ်ယောက်အားဆိုရင် ဝုန်းဒိုင်းဆိုပြီး ထိုးတက်သွားမှာပဲ၊ အဲဒါမှ ဘဝဟာဖြောင့်ဖြူးသာယာပြီး မုန့်ဖိုးလက်ဖြန့်တောင်းနေရတဲ့ အခြေအနေကနေ ပြောင်းလဲသွားမှာ၊ ကျောင်းဆိုတာ အချိန်မရွေး တက်လို့ရတယ်၊ နိုင်ငံခြားသွားတယ်ဆိုတာ...
ဘောကျော်လေးရဲ့ စာကို ကျွန်မခဏရပ်ထားမိတယ်။
“ဘဝစေရာ တာဝန် ... ကျေပြွန် ဆောင်ရွက်ခဲ့သူတို့ ...ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီး”
အကြီးကောင် ဘောသောကြီး မျက်စိမှိတ်အော်နေတဲ့ သီချင်းဟာ ဟိုအငယ်ကောင် ဆိုနေကျသီချင်းပဲ၊ “ဆယ်လမွန်ငါးတို့အပြန်” ကို ကျွန်မလည်း ကြိုက်တယ်။ အလွန်လှတဲ့ လိမ္မော်ရောင်အဆင်းရှိတဲ့ ဆယ်လမွန်ငါး ကိုဝေးမြေရပ်ခြားမှာ ကျွန်မ စားခဲ့ဖူးတယ်။
‘မိုးဦးရေဆန်…. မိုးဦးရေဆန်…’
အင်မတန်လှတဲ့စကားလုံးလေးပဲ၊ ဘောကျော်လေးရဲ့ နောက်စာတစ်စောင်ကို ကျွန်မ ဖွင့်မိပြန်တယ်။
‘သား…..အခုဆေးထိုးအပ်တွေ ထုတ်လုပ်တဲ့ စက်ရုံကို ပြောင်းသွားပါပြီ။ မြန်မာပြည်မှာလည်း အဲဒီစက်ရုံကို တည်ထောင်ထားပါတယ်။ တီဗီမှာလည်း အမြဲကြော်ငြာပါတယ်။ အခုအလုပ်ကို အရမ်းကြိုက်ပါတယ်။ လုပ်ရတာလည်း သက်သာပါတယ်။ စက်ထဲက ကျလာတဲ့ ဆေးထိုးပိုက်တွေကို အကောင်း အဆိုး ရွေးပေးရတဲ့ အလုပ်ပါ။ အလုပ်ချိန်က တစ်နေ့ကို ဆယ်နာရီခွဲရှိပါတယ်။ နေ့တစ်ပတ်၊ ညတစ်ပတ် အလုပ်ဝင်ပေးရပါတယ်။ သားမကြာခင် အိမ်ကိုပိုက်ဆံပို့နိုင်တော့မှာပါ။ ကိုကို့ကို အမြန်ဆုံးလွှတ်ဖို့ ကြိုးစားပါ။ နှစ်ယောက်ဆိုရင် အားလည်း ပိုရှိသလို တိုင်ပင်ဖော်လည်းရတယ်။ နှစ်နှစ်စာကို လည်းတစ်နှစ်တည်းနဲ့ ရှာလို့ရတယ်။ သားတို့ညီအစ်ကို နှစ်ယောက်ရဲ့ ကြိုးစားမှုကြောင့် မိဘတွေ ကိုယ်ပိုင်ကားစီးပြီး အဲယားကွန်းခန်းထဲမှာ နေနိုင်တဲ့ ဘဝမျိုးဖြစ်အောင် မိဘကျေးဇူးကို ဆပ်ချင်တယ်။ သားအတွက် မွေးနေ့မှာ သင်္ကန်းကပ်၊ မုန့်ဟင်းခါးကျွေးတယ်ဆိုတော့ သားဒီကနေ သာဓုခေါ်ပါတယ်။ သား ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘ၊ အမြဲဦးချပြီးမှ အိပ်ပါတယ်။ ကိုးနဝင်းပုတီးလည်း စိပ်ပါတယ်။ သားမိသားစုကို အရမ်းသတိရပေမယ့် ဝေးတစ်မြေမှာ နေနိုင်သရွေ့တော့ နေရဦးမှာပါ။ မမရေ….မမဘွဲ့ယူပြီးပြီဆိုလို့ ဝမ်းသာပါတယ်။ မောင်လေးကတော့…..’
‘ပြန်ချိန်လည်း…….ဆုံးဖြတ်ခိုင်မာစေ……ရာသီလည်း တွက်ချက်မှန်ကန်စေ’
ဘောကျော်လေးရဲ့ နောက်ထပ်စာတစ်စောင်ကို ကျွန်မ ဖွင့်ဖောက်မိပြန်ပါတယ်။
‘သားအခု handphone စက်ရုံမှာပါ။ အလုပ်အဆင်ပြေပါတယ်။ ဆေးထိုးအပ်စက်ရုံက အလုပ်ပါးလို့ ပြောင်းလာတာပါ။ သားပို့လိုက်တဲ့ ပိုက်ဆံရတယ်ဆိုတဲ့ အကြောင်းနဲ့ မိသားစုဓါတ်ပုံလေးကိုရတာ ဝမ်းသာလိုက်တာ။ ကိုကိုရေ မိသားစုဘဝတိုးတက်ဖို့ ကိုရီးယားကို မလာနိုင်ဘူးလား။ Koreaမှာ မိမိဘဝ၊ မိသားစုဘဝအတွက် ကြိုးစားနေကြတဲ့ မြန်မာများစွာကို မြင်စေချင်တယ်။ ဒီကိုရောက်တာနဲ့ အမြင်တွေ၊ အတွေးအခေါ်တွေအားလုံး ပြောင်းလဲသွားလိမ့်မယ်။ လက်ရှိအနေအထားကို တင်းတိမ်ရောင့်ရဲမနေပါနဲ့၊ အမြန်ဆုံးသာလာခဲ့ပါ။ ကိုကိုရာ၊ သုံးလေးနှစ်ပဲ မိသားစုနဲ့ ခွဲနေရမှာပါ။ တက္ကသိုလ်ကျောင်းကိုတော့ နိုင်ငံခြားပြန်ဘဝနဲ့ ကိုယ်ပိုင်ကားစီးပြီး စတိုင်နဲ့ ပြန်တက်ကြတာပေါ့။ အမြန်ဆုံးလာခဲ့ပါ။
‘စိတ်တူရာခိုဝင်….. ပြည့်စုံချိန် ပြန်ခဲ့မယ်တဲ့ ငယ်ရွယ်စဉ်…ရှာဖွေစွန့်ခဲ့ပြီ’
ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့၊ ကျွန်မ တိုးတိုးလေး လိုက်ရေရွတ်မိတဲ့ ဒီစကားလုံးတွေဟာ ဘာကြောင့်များ ကျွန်မရင်ကို ပြင်းပြင်းထန်ထန် ထိမှန်ခဲ့ပါသလဲ၊ ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီတဲ့။ ကိုခင်ဝမ်းကတော့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာက ဆောင်းခိုသူ၊ ဆယ်လမွန်ငါးမောင်နှံ အကြောင်းကို ခံစားစပ်ဆိုဟန်တူပါရဲ့၊ ကျွန်မကတော့ လွမ်းစရာကောင်းတဲ့ ဒီသံစဉ်နဲ့ ဒီစကားလုံးတွေကြားထဲမှာ ဝေးမြေရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူငယ်လေးတွေကို ဘာလို့လဲမသိ မြင်ယောင်းရင်း ငိုချင်အောင် ထိထိ ခိုက်ခိုက်ရှိလှပါတယ်။
‘ဆရာမ….’
ဘောသောကြီးဟာ မိုက်ကလေးကိုဘေးမှချလို့၊ မျက်နှာလေးငယ်လို့။
‘ကျွန်တော် မသွားချင်ဘူး ဆရာမ၊ ကျွန်တော် ကျောင်းပဲတက်ချင်တယ်။ ကျွန်တော်မလိုက်လို့ မရဘူးလား။ ဖေကြီးတို့ အမေတို့ကို ကူပြောပေးပါဦးဆရာမရယ်၊ ကျွန်တော်ဘာလုပ်မလဲဆရာမ’
‘…………..’
‘ဒီမှာ ကျွန်တော် အငယ်ကောင့်ဆီ ရေးထားတဲ့စာ၊ ဘာရေးရမှန်းလည်း မသိပါဘူး ဆရာမရာ၊ နည်းနည်းလေး ပြီးသေးတယ်။ ဆရာမ ဖတ်ကြည့်ပါဦး’
ကျွန်မကို လှမ်းပေးနေတဲ့သူ့စာခေါက်လေးကို ကျွန်မဖွင့်လိုက်တယ်။ အကြီးကောင်ထုံးစံအတိုင်း လက်ရေးကခပ်စောင်းစောင်း၊ ခပ်သော့သော့။ စာလေးကလည်း သုံးလေးကြောင်းထဲ။
‘ညီလေးရေ ... ငါမင်းကို လွမ်းတယ်။ တို့ငယ်ငယ်တုန်းက မြစ်ထဲက ကိုင်းပင်တွေကြားမှာ ကိုင်းဥသွားခူးကြတာ မှတ်မိသေးလား၊ ကိုင်းဥက စားလို့ သိပ်ကောင်းပေမယ့် ကိုင်းပင်တွေ ကြားထဲမှာ ငါတို့လိုပဲ ကိုင်းဥကြိုက်တဲ့ မြွေပွေးကြီးတွေ ခွေနေကြတယ်ကွ၊ မင်းသိရဲ့လား။’
စာရွက်လေးက လက်ထဲမှာ တလွင့်လွင့်၊ ကျွန်မတစ်ယောက်မှာတော့ နှုတ်ဆွံ့ ငေးငိုင်စွာ ...။
------------
နုနုရည် အင်းဝ
ရွှေအမြုတေ၊ ၂၀၀၂။

No comments:

Post a Comment