“မမ မြစန်းကြည်၊ အုပ်ကြီးက သူ့အိမ် ခဏလာခဲ့ပါဦးတဲ့ဗျို့”
ကလေး
တစ်ယောက်က အပျိုကြီး မြစန်းကြည် အပ်ချုပ်ဆိုင် နှစ်ထပ်အိမ်
မည်းမည်းကြီးရှေ့မှ ပြေးပြေးအော်အော် အော်သွားသည်။ ဆွမ်းခံကိုယ်တော်
ကြွနေသဖြင့် ဆွမ်းလောင်းနေသော မြစန်းကြည်က ဆွမ်းလောင်းရင်း တန်းလန်းမို့
အေးအေးလို့သာ ပြန်ပြောပြီး ဆွမ်းဆက်လောင်းနေသည်။ ဆယ့်ငါးမိနစ်၊ မိနစ်
နှစ်ဆယ်လောက်ပဲ ကြာမည်ထင်သည်။ မြစန်းကြည် ဆီမှာ စက်ချုပ်လာသင်နေသော
နီနီထွန်း ခြင်းတောင်းလေးဆွဲ၍ အိမ်ထဲ ဝင်လာရင်း -
“မမမြစန်းကြည်၊ ဦးကြံတိုင်းအောင်က မှာလိုက်တယ်။ သူ့အိမ် ခဏလာခဲ့ဦးတဲ့”
“သွားလိုက်ပါ သမီးရယ်။ ဆွမ်းခံကိုယ်တော်တွေ ကျန်တာ အမေ ဆက်လောင်း
ထားလိုက်ပါ့မယ်။ စောစောကတည်းက ခေါ်နေတာ၊ လူကြီးဆိုတော့ မကောင်းဘူး။
အားနာစရာ၊ သမီးကိုလည်း ဆူနေဦးမယ်”
“ဆူရဲ ဆူကြည့်ပါလား၊ သမီးက ဆူစရာ ဘာလုပ်လို့တုံး”
“ဟဲ့ သမီး၊ ဒီလို မပြောရဘူး။ သူက ရပ်ကွက်လူကြီး၊ သာရေး နာရေး အသင်းမှာ
ဥက္ကဌ လုပ်လာတာဖြင့် နှစ်ရှည်လှပြီ။ တစ်ရပ်ကွက်လုံးရဲ့ ဦးလေးသားချင်းလို
ဖြစ်နေတာ။ ဆူလည်း ပြန်မပြောနဲ့၊ ခံလာခဲ့”
မြစန်းကြည် အမေ့ကိုတော့
ဘာမျှ မပြောခဲ့ပါ။ စိတ်ထဲကတော့ ပွစိ၊ ပွစိ။ ဆူရဲဆူကြည့် ဆိုပြီး ပေါက်ဆတ်
ပေါက်ဆတ် လျှောက်လာခဲ့သည်။။ ရပ်ကွက် အလယ်ကောင်က ဥက္ကဌကြီး ဦးကြံတိုင်းအောင်၏
နှစ်ထပ်တိုက်ကို ရောက်တော့ ဥက္ကဌကြီးကို ကြိမ် ပက်လက် ကုလားထိုင်ကြီး
ပေါ်တွင် အဆင်သင့် တွေ့လိုက်ရသည်။ ထုံးစံအတိုင်း ဝဖြိုးစူထွက်နေသော
ခန္ဓာကိုယ်ပေါ်တွင် ဟာဝေယံရှပ်နှင့် ကုလားပုဆိုး အပြာ အကွက်ကျဲကြီးနင့်။
ခေါင်းလေးငုံ့၍ ဝင်လာသော မြစန်းကြည်ကို တွေ့တော့ လာဟေ့ဟု လှမ်းခေါ်ပြီး
နောက်ဖေးဘက် လှည့်၍ ကော်ဖီ "ယူလာခဲ့ဟေ့" ဟု လှမ်းအော်လိုက်သည်။ မြစန်းကြည်က
ခုံတန်းလျားမှာ ဝင်ထိုင်လိုက်သည်။
“အုပ်ကြီး ဘာပြောမလို့လဲ။ အစောကြီး ရှိသေးတယ်။ ဒီနေ့ အဖိတ်နေ့လည်း မဟုတ်ပါဘူး”
မြစန်းကြည် စကားကို မဖြေသေးဘဲ အုပ်ကြီးကတော် ဒေါမြတင်လာချသည့်
ကော်ဖီခွက်ကို လက်ညှိုးထိုးပြီး “သောက်လိုက်ဦး၊ ငါ့တူမ” ဟု ပြောသည်။
မြစန်းကြည် ကော်ဖီ ငုံ့သောက်နေစဉ် အိမ်ထဲကို လူတစ်ယောက် ပျာယာပျာယာ
ဝင်လာသည်။ ဝင်လာသူက ဥက္ကဌကြီး၏ သမက် ကိုဝင်းမောင် ဖြစ်သည်။
“အဖေ ဒီနေ့ မီတာခ ဆောင်ရမှာလေ”
“အေး၊ စာရွက်ပြစမ်း”
“ဒီလ များတယ် အဖေ။ နှစ်သောင်းခွဲ ကျော်လိမ့်မယ်”
“ဟကောင်ရ များလှချည့်လားဟ၊ မြတင်ရေ နှစ်သောင်းခွဲတောင်တဲ့”
“အမယ်လေးတော်၊ ဒုက္ခပါပဲ၊ များလှချည့်လား”
မြစန်းကြည် လည်ချောင်းထဲမှ ကော်ဖီက မျိုမကျတော့ဘဲ သီးတော့မလို ဖြစ်သွား၍
မနည်း သတိထား လိုက်ရသည်။ လွန်ခဲ့သော နှစ်နှစ်လောက် ကတည်းက သီးပင် စားပင်၊
စိုက်ပင် ပျိုးပင်တွေနှင့် အိမ်ဆက် ကျဲလှသော စံပယ်ခြံ ရပ်ကွက်သို့ မြို့ထဲက
မြေတွေရောင်းပြီး ပြောင်းလာသော လူတွေ များလာပြီး စံပယ်ခြံသားတွေက
မြေကွက်တွေ ခွဲခွဲပြီး ရောင်းကြသည်။ အိမ်တွေသာ တိုးလာပြီး လျှောက်ထားရ
ခက်ခဲသော မီတာက မတိုးပေ။ ဒီတော့ အကွက်မြင်သည့် အုပ်ကြီးက သူ့လက်သူ့ခြေ
ဖြစ်နေသည့် ဓမ္မာရုံမှ ရှေးအင်္ဂလိပ်ခေတ် ခေတ်ဟောင်း မီတာကြီးကို
သူ့နှစ်ထပ်တိုက်သို့ ရွှေ့လိုက်သည်။ ထိုနောက် မြို့ထဲက ပြောင်းလာကြသူတွေ
အိမ်တွေကို တရားမဝင် မီးကြိုးသွယ်ပြီး ပေးနေတာ ကြာလှပါပကော။ မီးရတဲ့
သူတွေကလည်း အုပ်ကြီးကို ကျေးဇူးလည်း တင်ရ၊ ဝမ်းလည်း သာကြသည်။
“မင်းတို့နော်၊ ဒါက ဓမ္မရုံ ရန်ပုံငွေ သိလား။ တစ်အိမ်တစ်လ ငါးထောင်နဲ့ မီတာ
မသွယ်ဘဲ ရတာ ကျေးဇူးတင်ဦး။ ဒီငွေငါးထောင်က မင်းတို့ ကုသိုလ်၊ ငါ
စားတယ်လို့များ နည်းနည်းလေးမှ မထင်လိုက်လေနဲ့၊ ဓမ္မာရုံ ရန်ပုံငွေ သိလား”
ဒီလို ဥက္ကဌကြီး တစ်ရပ်ကွက်လုံး သိအောင် ပြတ်ပြတ်သားသား ပြောထားတော့
ရပ်ကွက်သားတွေ ကလည်း သဘောကျ ကြည်ညိုကြသည်။ ဦးကြံတိုင်းအောင်က ဥပဓိကလည်းခံ့၊
အပြောအဆိုကလည်း အမိန့်သံပါပါ ပြောတတ်တော့ အားလုံးက လေးစားကြောက်ရွံ့
ကြသည်လေ။ ဥက္ကဌကြီး မိသားစုက ဓမ္မာရုံမှာ ပန်းညှိုးတိုင်း လဲတော့
မြစန်းကြည်တို့ ကိုယ်တိုင်ပင် မီတာခနှင့် ပန်းဖိုး မျှသည် ထင်ခဲ့တာပါ။
ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တစ်လကုန်တဲ့ မီတာခကို သိလိုက်ရသည်။
“ဦးသိန်းဝင်းတို့ ခြံထဲက လေးငါးအိမ်၊ ဦးကျော်ခြံက အကွက်ရိုက်
ရောင်းတာဆိုတော့ ဆယ်အိမ်၊ လမ်းမတန်းက အိမ်နှစ်ဆယ်လောက် ရှိတယ်။ စုစုပေါင်း
သုံးဆယ်ပဲ။ လျှော့လျှော့ပေါ့ပေါ့ တွက်ပါဦး။ တစ်သိန်းခွဲ။ မီတာခက
နှစ်သောင်းကျော်ကို များတယ် ပြောနေတော့ အရင်တုန်းက တစ်သောင်းကျော်ပဲ
ကျတာနေမှာ။ အဲဒါဆို တစ်လ တစ်သိန်းကျော် ငွေတွေ ရနေတာပါလား၊ တစ်လလုံး
ပန်းဖိုးက တစ်သောင်း ထားပါဦး၊ အမယ်လေးလေး”
“ဟဲ့ … မြစန်းကြည်”
“ရှင် … ဗုဒ္ဓေါ”
အုပ်ကြီးက ငေါက်ခေါ်လိုက်၍ စိတ်ထဲမှာ စာရင်း တွက်နေသော မြစန်းကြည်
လန့်ဖျပ်သွားလေသည်။ အုပ်ကြီးကို ကြောက်ကြောက်လန့်လန့် ကြည့်မိနေစဉ် ရပ်ကွက်
သာရေးနာရေး အသင်း ငွေထိန်းကလည်း ကိုဝင်းမောင်ပဲလေ။ အဲဒီတော့ စိတ်ကြိုက်
လုပ်နိုင်တာပေါ့တော်၊ လုပ်ကြပေါ့တော်လို့ တဒင်္ဂလေးအတွင်း တွေးမိအောင်
တွေးလိုက်မိသေးသည်။
“ရှင် … ဘဘ ဘာပြောမလို့လဲ”
“ညနေ နင် အားလား”
“ကျွန်မ အမြဲတမ်း မအားဘူး။ အပ်ထည်တွေ ရှိနေတာ”
“ညနေတော့ အားပါဟယ်။ ညည်းအဒေါ်က မကျန်းမမာ ဖြစ်နေလို့ ပရိတ်လေး
ရွတ်ချင်တာတဲ့။ ညည်းက ရပ်ကွက် ဓမ္မစကြာအသင်း ခေါင်းဆောင် မဟုတ်လား။ အဲဒါ
ကြက်သား ကြာဆံကြော် ကျွေးမယ်အေ။ အအေးတိုက်မယ်အေ။ အသင်းသူတွေ
လိုက်ဖိတ်ပေးပါဦး”
“ဘဘရယ်၊ အဖိတ်နေ့ကလည်း နှစ်ရက် လိုတော့တာ။ ရပ်ကွက်သူတွေ ကလည်း အားကြတာ မဟုတ်ဘူး။ အဖိတ်နေ့မှ ရွတ်ပါလား”
“အဖိတ်နေ့ ကတော့ ပုံမှန်ပွဲပေါ့အေ။ ဒါက ကြားဖြတ်ပေါ့။ ငါတို့
အိမ်အပေါ်ထပ်မှာ ရွတ်ရမှာပါအေ။ ရွတ်တဲ့လူတွေ ညည်းအဒေါ်က မှန်မိတ်ကပ် တစ်ဘူးစီ
ပေးဦးမှတဲ့။ ဝယ်ထားတယ်”
မြစန်းကြည် ဟင်ခနဲ ဖြစ်သွားပြီး
စဉ်းစားသည်။ မှန်မိတ်ကပ် ဆိုသည့် ကရင်ပတ်ဖ်က အနည်းဆုံး တစ်ဘူး
ငါးရာကျော်သည်။ ဒီလောက် ငွေကုန်ခံ ရွတ်မယ့်ပွဲ။ ဘာလုပ်ဖို့လဲ ဆိုသည့်
အတွေးက ခေါင်းထဲ ဝင်လာသည်။ သိချင်လျှင်တော့ ရွတ်မှဖြစ်မည်။
“ရပ်ကွက်သူတွေ လိုက်ပြောကြည့် လိုက်ဦးမယ်”
လို့ မယုတ်မလွန် ပြောပြီး ဦးကြံတိုင်းအောင် အိမ်မှ ပြန်လာသည်။ အမေ့ကို
အသင်းသူတွေ လိုက်ဖိတ်ဦးမယ် ပြောခဲ့ပြီး ရပ်ကွက်ထဲ ထွက်ခဲ့ရာ ပထမဆုံး
ဝင်သည့် တင်တင်မာတို့ အကြော်ဆိုင်မှာပင် အကြောင်းစုံလောက် နီးနီး
သိလိုက်ရလေသည်။
“မြစန်းကြည်က အိမ်ထဲမှာ တကုပ်ကုပ် အင်္ကျီချုပ်နေလို့ မသိတာ။ ငါတို့က လူစုံတယ်လေ။ တစ်ယောက်ပြော၊ တစ်ယောက်ပြောနဲ့”
“ကဲပါအေ၊ သိတာလေးပဲ ပြောစမ်းပါဦး”
“ဒီလိုလေ ကောင်မရဲ့။ ဘုရား ရန်ပုံငွေတွေကို အုပ်ကြီးသမက် ကိုဝင်းမောင်က
ဖဲရှုံးပစ်လိုက် ကြတယ်လေ။ အဲဒီတော့ ကိုဝင်းမောင်မိန်းမ မရီလေးက သူ့ဆုကြေးကို
အုပ်ကြီးတို့နဲ့ မျက်နှာချင်းဆိုင် အိမ်က အုပ်ကြီးတူ ကိုညွန့်ဝင်းကို
ရောင်းတယ်။ ကိုညွန့်ဝင်း ကလည်း ရပ်ကွက်ငွေမို့ အရှက်ကွဲ နေပါမယ်လေ ဆိုပြီး
ဝယ်ပေးလိုက်တယ်။ ပြေလည်သွားတယ် ဆိုပါတော့။ ဒါပေမဲ့ ဆုကြေးပေါက်တဲ့
ရက်ရောက်တော့ မရီလေးက မပေးတော့ဘဲ ဆုကြေးခေါင်းဆီက မရသေးသလိုနဲ့ ဟိုလိုလို
ဒီလိုလို လုပ်နေလို့ ကိုညွန့်ဝင်းမိန်းမ မညိုနဲ့ မရီလေးနဲ့ ရန်ဖြစ်ကြတယ် ”
“အမယ်လေးတော် အများပိုင် ငွေတွေကို …”
“အခုရက်ပိုင်း ဖိနပ်ထောင် နှစ်ယောက် ကိုညွန့်ဝင်းနဲ့ ကိုစန်းလွင်
ပေါင်းပြီး ဥပုသ်နေ့တိုင်း ဘုံဆွမ်းလောင်းမယ်လို့ သဒ္ဓါပေါက်တာနဲ့ လောင်းတာ
နှစ်ပတ်ရှိပြီ။ ဒီဆွမ်းတန်းက တစ်ရပ်ကွက်လုံး တတ်နိုင်သမျှ ထွက်လောင်းကြတာ
မဟုတ်လား။ ဒီတော့ သူတို့ နှစ်ယောက်က လမ်းမတန်းက အိမ်တွေကို
ပိုက်ဆံစုကောက်ပြီး ကိုညွန့်ဝင်းတို့ ဖိနပ်ရုံမှာ စုချက်ပြီး လောင်းမယ်။
ဆွမ်းလောင်း အသင်းလေး ဖွဲ့မယ်လို့ စဉ်းစားကြတယ်။ အဲဒီ အသံကလည်း ကြားရော
အုပ်ကြီးက ဒေါသူပုန် ထတော့တာပဲ”
“ဟောတော့် … ဘာဖြစ်လို့တုံး၊ ကောင်းတာကို”
“အဓိကကတော့ ဆွမ်းလောင်း အသင်းမှာ သူ့ကို ဥက္ကဌ မတင်လို့”
“ဟော့တော့်”
“ရပ်ကွက်ထဲမှာ မိန်းဖြစ်တဲ့ သာရေးနာရေး အသင်း ရှိတယ်။ ဘာအသင်း ထပ်ဖွဲ့ဖွဲ့
ဒီအသင်း လက်အောက်က ဖြစ်ရမယ်။ သူပဲ ဥက္ကဌ ဖြစ်ရမယ်။ ရတဲ့ငွေတွေ သူ့လက်
အပ်ရမယ် သူ့စီမံခန့်ခွဲမှု …”
“နေပါဦးအေ၊ နေပါဦးအေ။ တစ်မိုးလုံးဖျောက်ဆိတ် ဖြစ်ချင်တာပေါ့ ဟုတ်လား”
“ဟုတ်တယ်၊ ဒါပေမဲ့ အဓိကက ငွေ၊ ငွေကိုင်ချင်တာ”
“အဲဒါ မြစန်းကြည်ရယ်။ ဒီညနေ ခြောက်နာရီ ကိုဝင်းညွန့်တို့က
ဆွမ်းလောင်းအသင်း ဖွဲ့ကြမယ်။ ကိုညွန့်ဝင်းကို အုပ်ကြီးက မျက်နှာချင်းဆိုင်
တိုက်ပေါ်ကနေ လော်စပီကာကြီးနဲ့ မြစန်းကြည်တို့ကို ပရိတ်တွေ ရွတ်ခိုင်းပြီး
အသံနဲ့ နှောင့်ယှက်မှာ ကောင်မရေ၊ ကြည့်သာ လုပ်ပေတော့။ ငါတော့ မလာဘူး”
“ဘာ”
မြစန်းကြည် တစ်ချီတည်း ငိုင်သွားလေသည်။ ဒုက္ခပါပဲ။ ဒါဆိုရင် တင်တင်မာနဲ့
တစ်တန်းတည်းအရွယ် သူငယ်ချင်း ရပ်ကွက်သူတွေ ဘယ်သူ့မှ ခေါ်ရမည် မထင်။ ဘာမှ
မသိသေးသည့် ဆယ်ကျော်သက် ကောင်မလေးတွေ။ ဇာဇာတို့၊ သီတာတို့၊ မိုးမိုးတို့၊
အေးအေးတို့ကိုသာ ရအောင် ခေါ်ရတော့မှာပဲဟု တွေးရင်း လေးကန်စွာ ထိုင်ရာက
ထလိုက်ရသည်။ အဲဒီ ညနေ ခြောက်နာရီမှာ ပရိတ်ရွတ်ပြီး ဘယ်လို နှောင့်ယှက်၊
နှောင့်ယှက် ကိုညွန့်ဝင်း ဥက္ကဌအဖြစ် တာဝန်ယူသည့် ဥပုသ်ဆွမ်းလောင်း အသင်းက
အောင်မြင်စွာ ဖွဲ့စည်းလိုက် လေသည်။
“ဘယ့်နှယ်ဗျာ ၊ အဓိပ္ပါယ်မှ
မရှိတာ။ ရပ်ကွက်ထဲမှာ ဘာလုပ်လုပ် သူချည်း ငွေကိုင်ချင်လို့ ဖြစ်ပါ့မလား။
ဆွမ်းချက်နေတုန်း ထင်းတစ်ချောင်း လာထိုးတာ မဟုတ်ဘူး။ သူ့သမီး၊
သူ့မိန်းမကလည်း ကြက်သွန်တစ်ဥ လာမှ မသင်တာ၊ နေရာတကာဗျာ”
မြစန်းကြည်
ဆွမ်းလောင်းအသင်း အတွက် ဆန်ရွေးနေရင်းက ဥက္ကဌ ကိုညွန့်ဝင်းကို
လှမ်းကြည့်မိသည်။ လူလတ်ပိုင်းအရွယ် ဥက္ကဌ ကိုညွန့်ဝင်းက တက်ကြွသည်။
ကိုယ်တိုင် ရပ်ကွက်အတွင်း လှည့်အလှူခံ၊ ကိုယ်တိုင် အပင်ပန်းခံချက်၊
ကိုယ်တိုင်လောင်းလှူ ဆိုတော့ အရပ်က အရိပ်အကဲ ကြည့်ပြီး ချီးမွမ်းကြသည်။
တကယ်လုပ်တော့ ရပ်ကွက်ကလည်း တကယ် ပါဝင် ကူညီကြသည့်မို့ ပုံမှန် လည်ပတ်လျက်
ရှိသည်။
“ဟောဒီမှာ ဒါက ဆွမ်းလောင်းပြီး ဒီအပတ် ပိုတဲ့ငွေ တစ်သောင်း
ရှစ်ထောင်၊ ရက်စွဲရေးပြီး သားရေကွင်းလေးနဲ့ ပတ်လို့ ဒီမုန့်ပုံးထဲ
ထည့်ထားလိုက်ပြီ။ ကျွန်တော့် ဗီရိုထဲမှာ အမြဲရှိတယ်နော်။
ခင်ဗျားတို့အားလုံး ကြိုက်တဲ့ အချိန် စစ်နိုင်တယ်”
အဲ့သလို ဥက္ကဌ
ကိုညွန့်ဝင်းက အပြတ် ပြောထားသည်ကို ရပ်ကွက်သားတိုင်း ဘဝင်ကျကြသည်။ ဒါမှ
ငါတို့ အုပ်ကြီးကွ၊ ဒါမှ ငါတို့ ဥက္ကဌကွဟု တပြုံးပြုံး ရှိကြသည်။
လက်ဖက်ရည်ဆိုင်တွင် ကိုညွန့်ဝင်း၊ ကိုစန်းလွင်၊ စိုးကြီး၊ မိုးခိုင်တို့
တတွဲတွဲ၊ တဝါးဝါး၊ တဟားဟား ရှိသည့်အခါ ဦးကြံတိုင်းအောင်က
မျက်နှာကြီးမဲ့ပြီး ထသွားလေ့ ရှိသည်ကို ရပ်ကွက်သူတွေအတွက် ပြောစရာသတင်း
ဖြစ်နေလေသည်။ သည်လိုနှင့် နွေ၊ မိုး၊ ဆောင်း လည်ပတ်ပြီး တစ်ရက် မြစန်းကြည်
စိတ်အေးလက်အေး အင်္ကျီညှပ်နေစဉ် အိမ်ပေါ်သို့ လူတစ်ယောက်က သုတ်ခနဲ တက်လာ၍
လှမ်းကြည့်မိလိုက်သည်။
“လာ … တင်တင်မာ၊ ဘယ်က လှည့်လာတုံး”
“ကိုညွန့်ဝင်းမိန်းမ မညို လာတယ်ဆို”
“လာတယ်လေအေ။ သူ့သမီးလေးအတွက် စကပ် လာအပ်တာ။ ပြန်သွားပြီလေ။ ဆီပုံးကြီးနဲ့ အသင်းအတွက် ဆီသွားဝယ်မယ် ဆိုလားပဲ”
တင်တင်မာက သက်ပြင်းတစ်ချက် ချပြီး ခုံတန်းရှည်တွင် ဝင်ထိုင်သည်။
“ဒုက္ခပါပဲအေ။ ဒီမှာ အကြော်ကြော်ဖို့ အရေးကြီးနေတာ”
“ငွေဆွဲမလို့လား၊ မညို နေ့ပြန်တိုး ပေးတယ်လို့လည်း မကြားမိပါဘူး”
တင်တင်မာက ဟိုဟိုဒီဒီ ကြည့်ပြီး အသံကို နှိမ့်၍ -
“နေ့ပြန်တိုး မဟုတ်ဘူး ဟဲ့ ကောင်မရဲ့။ နေ့ပြန်ဆို နှစ်ဆယ်တိုး ပေးရမှာ။
အခုဟာက မုန့်ပုံးထဲ ထည့်ထားတဲ့ ဆွမ်လောင်းအသင်း ပိုတဲ့ ပိုက်ဆံတွေလေ။ နင်
သိတယ် မဟုတ်လား”
“အေး … သိတယ်”
“အဲဒါတွေ များသထက် များလာတော့
ကိုညွန့်ဝင်းက မတုန်မလှုပ် နေနိုင်ပေမယ့် မညိုက အကွက်မြင်တဲ့သူ ဆိုတော့
အူယား လာတာပေါ့။ အဲဒါနဲ့ စိတ်ချရတဲ့ လူတွေကို တိုးတိုးတိတ်တိတ်
တစ်ဆယ်တိုးနဲ့ ချေးတာ။ တိုးတိုးတိတ်တိတ် ဆိုပေမယ့် တစ်ရပ်လုံးပါပဲအေ”
“ဟင် … ဒုက္ခပါပဲ၊ အဲဒါ ကိုညွန့်ဝင်းလည်း မသိဘူးလား”
“သိချင်လည်း သိမှာပေါ့။ မသိချင်လည်း မသိဘူးပေါ့။ မသိချင်ယောင် ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
တင်တင်မာ့ ပြောစကားက ရှင်းလှပါသည်။ မြစန်းကြည်မှာ အင်္ကျီ ဆက်ညှပ်နေလျှင်
မှားကုန်တော့မှာမို့ ကတ်ကြေး ပြန်ချလိုက်ရသည်။ ခဏနေမှ သတိရလာပြီး
ကမန်းကတန်း မေးမိသည်။
“ဟဲ့ … တင်တင်မာရဲ့၊ အတိုးတွေကကော မုန့်ပုံးထဲ ပြန်ထည့်လား”
တင်တင်မာက အ, ရန်ကော ဆိုသည့် အကြည့်နှင့် ကြည့်ရင်း -
“နင့်နှယ်ဟယ်၊ ပိုက်ဆံတွေ ချေးဖို့ မုန်ပုံးထဲမှာ တစ်ပြားမှတောင်
မရှိတော့ဘူး။ အတိုးဆိုတော့ ဝေးရောပေါ့။ သဘောပေါက်။ ကဲ ငါလည်း မညိုကို
လိုက်ရှာလိုက်ဦးမယ်။ အကြော် ကြော်ရမှာတောင် နောက်ကျနေပြီ”
အိမ်ပေါ်မှ
တင်တင်မာ ဆင်းသွားပြီးနောက်မှ မြစန်းကြည် ခေါင်းတွေ မူးလာ၍ ပက်လက်
ကုလားထိုင်ပေါ် ခဏလှဲနေ လိုက်ရသည်။ အမေက တလှုပ်လှုပ် အိမ်ခန်းထဲက ထွက်လာပြီး
“သမီး ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား၊ အိပ်ပျော် နေတာလား။ ရပ်ကွက်ထဲမှာ ဆူညံနေတာပဲ။ ဘာဖြစ်နေတာလဲ”
စက်ချုပ်သင်သည့် နီနီထွန်းက ဝင်၍ -
“မမ မြစန်းကြည် အိပ်ပျော်နေတာ။ အခုမှတော့ ထွက်ကြည့် မနေနဲ့တော့၊ ရန်ပွဲက
ပြီးသွားပြီ။ ရန်ဖြစ်တာ မဟုတ်ဘူး။ ဦးကြံတိုင်းအောင်က ဝရန်တာကနေ စိန်ခေါ်ပြီး
ဆဲနေတာ။ ငါ့ကို ဥက္ကဌ မတင်ချင်တဲ့ ရပ်ကွက် ဘာထင်တယ်၊ ညာထင်တယ်၊ ကောင်းတယ်၊
ဆွမ်းလောင်းဖို့ ဆိုပြီး ငွေတိုး ချေးစားတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်း
သိတယ်လို့ အော်နေတာ မမရဲ့၊ ခုနကမှ ငြိမ်သွားတာ။ ကောင်းတယ် ကိုညွန့်ဝင်းတို့
၊ မညိုတို့ လှုပ်တောင် မလှုပ်ရဲဘူး။ အသံမထွက်ရဲဘူး”
“ဟင်… နီနီထွန်း နင်ကော သိလား”
“အို … မမ မြစန်းကြည် ကလည်း တစ်ရပ်ကွက်လုံးလိုလို သိနေတာ ဥစ္စာ။
မမမြစန်းကြည်က ဘယ်သွား အိပ်ပျော် နေတာတုံး။ ဪ … ဆွမ်းလောင်းအသင်း ဖွဲ့တဲ့ညက
ဆူညံနေအောင် ပရိတ်ရွတ်တဲ့ အထဲမှာ မမက ခေါင်းဆောင်မို့ ကိုညွန့်ဝင်းတို့
အုပ်စုက ကွယ်ရာမှာ မမကို အုပ်ကြီး ဦးကြံတိုင်းအောင်လူလို့ ပြောနေကြတာ။
ဒါကြောင့် အပျိုတွေက မမကို အတွင်းရေး မတိုင်ပင်တော့ဘဲ လက်ရှောင် နေကြတာ
ထင်တယ်”
“ဘာ … နီနီထွန်း ပြန်ပြောစမ်း။ ငါက ဦးကြံတိုင်းအောင်ရဲ့လူ
ဟုတ်လား။ အမယ်လေး … ဝေးသေးတယ်။ ငါက အရပ်ထဲမှာ မဖွချင်လို့။
ဦးကြံတိုင်းအောင် အကြောင်း ငါတစ်ယောက်တည်း သိထားတာ အများကြီး”
မြစန်းကြည် ဆွေ့ဆွေ့ခုန်မတတ် ဖြစ်သွားပြီး နီနီထွန်းကို မျက်လုံးပြူး
ကြည့်၍ ကုန်းအော်တော့သည်။ အမေက “ဟဲ့ … သမီး ဘာဖြစ်နေတာလဲ” ဟု
ပူပင်သောကနှင့် မေးပြီး နီနီထွန်းကတော့ မျက်လုံးများ အရောင်တလက်လက်
တောက်ပအောင် စိတ်ဝင်စားမှု အပြည့်နှင့် အနားသို့ တိုးဝင်လာသည်။
“ဟုတ်လား မမ၊ ပြောစမ်းပါ အုပ်ကြီး အကြောင်း”
“ဟယ် … နင်ကလည်း၊ ငါ မပြောချင်ပါဘူး ဆိုမှ”
“အဲဒါကြောင့် မမကို အုပ်ကြီးလူလို့ ပြောကြတာပေါ့၊ ဆန်းသလား”
နီနီထွန်းက နှုတ်ခမ်းစူပြီး ပြောသဖြင့် မြစန်းကြည် ဆဲမိတော့မလို စိတ်ဆိုးသွားစဉ် အမေက လေအေးလေးနဲ့ ဝင်ပြီး -
“ကွယ်၊ လူဆိုတာ ဘယ်သူ ပြည့်ဝတာကျလို့၊ အကုန်လုံး ချို့ယွင်းချက်
ရှိကြတာပဲ။ သူ့အပြစ် ကိုယ်ပြော၊ ကိုယ့်အပြစ် သူပြော လုပ်နေကြရင်
တစ်ရပ်ကွက်တည်းသားတွေ ညီညွတ်မှု ပြိုကွဲတာကလွဲလို့ ဘာရှိမှာလဲ။ ပြောမနေပါနဲ့
သမီးရယ်။ နီနီထွန်းကလည်း နားထောင်ချင် မနေနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်၊
သွား … သွား”
နီနီထွန်းက ခေါင်းငုံ့ပြီး စက်ခုံဆီကို ထွက်သွားတော့မှ
မြစန်းကြည် အားအင်ကုန်ခန်းစွာ ပက်လက် ကုလားထိုင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
ရင်တွေ တဒိန်းဒိန်းတုန်ပြီး ဒေါသကတော့ ဖြစ်နေဆဲ။ ဘယ့်နှယ်တော်၊
ရပ်ကွက်ကလေး ဆီမီးခွက်လောက်ထဲမှာ ဥက္ကဌက နှစ်ယောက်။ လက်သစ် တစ်ယောက်၊
လက်ဟောင်း တစ်ယောက်။ ကိုယ်က ရပ်ကွက် ဓမ္မာစကြာအသင်း ခေါင်းဆောင်မို့
သူခေါ်လို့ သွားရွတ်ရတာနဲ့ သူ့လူ ဖြစ်ရတော့မှာလား။ တစ်ရပ်ကွက်လုံး
ရွတ်ပေးပါဦး မြစန်းကြည်ရယ် ဆိုရင် ရွတ်ပေးနေရတာ။ ဒါဖြင့် ငါက
တစ်ရပ်ကွက်လုံးက လူတွေရဲ့ သူ့လူ၊ ကိုယ့်လူ အပြောခံ နေရတာပေါ့။
တွေးရင်း တွေးရင်း မြစန်းကြည် ဒေါသတွေက ထိန်းချုပ်မရ ဖြစ်လာသည်။ ပက်လက်
ကုလားထိုင်ပေါ်က ဝုန်းခနဲထပြီး အိမ်ထဲက ဖျတ်ခနဲ ထွက်ခဲ့သည်။ “ဘယ်တုံးဟဲ့” ဟု
အမေက အော်တာတောင် ပြန်မပြောခဲ့။ ဒေါသနှင့် လျှောက်လာလို့ ကိုညွန့်ဝင်းတို့
အိမ်ရှေ့ ဘယ်လိုရောက်မှန်း မသိ ရောက်လာသည်။ အိမ်ထဲကို လှမ်းဝင်လိုက်တော့
ဧည့်ခန်း ဆက်တီမှာ ထိုင်နေသည့် ကိုညွန့်ဝင်းတို့ လင်မယားအပြင်
ကိုစန်းလွင်ကိုပါ တွေ့လိုက်ရသည်။ မြစန်းကြည်က တုံဆိုင်းမနေဘဲ
ကိုညွန့်ဝင်းနား တိုးကပ်သွားပြီး -
“ဒီမယ် ကိုညွန့်ဝင်း၊ ရှင်တို့
ဥက္ကဌချင်း အာဏာ လုကြတာနဲ့ ကျွန်မကို မဆိုင်ဘဲ ဆွဲမထည့်ပါနဲ့။ ရှင်တို့
ပရိတ်ခေါ်ရွတ်ခိုင်းလည်း ကျွန်မက ရွတ်ရမှာပဲ။ အုပ်ကြီး ရွတ်ခိုင်းလည်း
ရွတ်ရမှာပဲ။ ကျွန်မက ဒီရပ်ကွက်မှာ ဓမ္မာစကြာအသင်း ခေါင်းဆောင်၊ ဘယ်သူခေါ်ခေါ်
ရွတ်ပေးရမှာပဲ”
“နေစမ်းပါဦး၊ မြစန်းကြည်ရဲ့ ထိုင်ပါဦး၊ ဘာဖြစ်လာတာလဲ”
“မထိုင်ပါဘူး။ ရှင်းမလို့ လာတာ။ ရှင်တို့ ဆွမ်းလောင်းအသင်း ဖွဲ့တဲ့ ညက
အုပ်ကြီးအိမ်မှာ ပရိတ်ရွတ်တာနဲ့ ကျွန်မက အုပ်ကြီးလူ ဖြစ်ရရောလား။ စကားကို
ဆင်ခြင်ပြော၊ ကျွန်မ ကိုယ့်ထမင်း ကိုယ်စားတာ။ ကျွန်မ ဘယ်သူ့လူမှ မဟုတ်ဘူး။
ဒါ လာပြောတာ။ သွားမယ်”
မြစန်းကြည် ပြောလိုက်ရမှ ရင်ချောင်သွားပြီး
စိတ်အေးလက်အေး အိမ်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ အေးအေးဆေးဆေး အိမ်ထဲကို
ဝင်လိုက်တော့ အိမ်ဝမှာ အမေက ပျာပျာသလဲ ဆီးကြိုပြီး “လာ လာ … မောင်စန်းလွင်”
ဆို၍ လှည့်ကြည့်လိုက်တော့ နောက်မှာ ရပ်နေသည့် ကိုစန်းလွင်ကို တအံ့တဩ
တွေ့လိုက်ရသည်။ ကြည့်ရတာ မြစန်းကြည် နောက်က ကပ်လိုက်လာပုံ ရသည်။ အစွမ်းကုန်
ပြုံးနေသည့် စန်းလွင်က ထိုင်ထိုင်ချင်း -
“ကောင်းတယ်ဗျာ၊
သိပ်ကောင်းတယ်။ ဒီရပ်ကွက်မှာ မြစန်းကြည်တို့လို ပွင့်ပွင့်လင်းလင်း
ဒိုးဒိုးဒေါက်ဒေါက် ပြောတတ်တဲ့လူတွေ လိုအပ်တယ်။ မြစန်းကြည်က ဖြောင့်လည်း
ဖြောင့်မတ်တယ်။ ထက်လည်း ထက်မြက်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ
သိပ်လိုတယ်။ အားလုံးက မြုံစိစိ မလှုပ်တလှုပ် တေမိတွေချည်းပဲ”
“ဟုတ်တယ်ရှင်၊ ကျွန်မလည်း ပြောခံရတော့ မကျေနပ်လို့”
“ဒါပေါ့၊ ကျုပ်တို့ ဆွမ်းလောင်းသင်း ဥက္ကဌကလည်း နာမည် ပျက်နေပြီ။ အင်း …
ဘယ်သူမှ မကောင်းကြပါဘူးဗျာ။ လူငယ်တွေက မကျေနပ် ကြတော့ဘူး။ အဲဒါ ကျွန်တော်က
ဆွမ်းလောင်းအသင်း လက်လွှဲ ယူရမလို ဖြစ်နေတယ် မြစန်းကြည်ရဲ့”
မြစန်းကြည် တစ်ချီတည်း ငြိမ်သွားသည်။ ပါးစပ်ကို နာနာ ပိတ်ထားရသည်။ မဖြစ်၊
မဖြစ်။ သူတို့က ကြောက်ရသည်။ မတော်တဆ အင်းလိုက်မိရင် သူ့လူ ဖြစ်သွားဦးမယ်၊
ဒုက္ခ။ အမေက မျက်လုံးပြူးနေပြီး နီနီထွန်းက စိတ်ဝင်စားစွာ အနားရောက်လာသည်။
“အဲဒါ လာမယ့် ဥပုသ်ပတ်က စပြီး ကျွန်တော် လွှဲယူတော့မယ်။ ကျွန်တော့်
ဖိနပ်ရုံက ဆွမ်းချက်ဖို့လည်း ကျယ်တယ်။ သားသမီး၊ တူ၊ တူမ ၊
တပည့်လက်သားများတော့ ဝိုင်းလုပ်ဝိုင်းစား အများကြီး ရှိတယ်။ အရေးကြီးတာက
ငွေကောက်ခံမယ့် နေရာမှာ ထက်ထက်မြက်မြက်၊ တက်တက်ကြွကြွ၊ ဖြောင့်မတ်
မှန်ကန်မှုရှိတဲ့ မြစန်းကြည်တို့လို လူမျိုး ဦးဆောင်ဖို့ လိုတယ်။
ကျွန်တော့်အသင်းကို မြစန်းကြည် ကူညီစေချင်တယ်”
“ရှင်”
“လုပ်ပါ
မြစန်းကြည်ရယ်။ လူတွေက ဘယ်သူမှ မယုံရလို့ပါ။ မြစန်းကြည်ရဲ့
အသင်းသူတွေကိုလည်း စည်းရုံးပေးပါဦး။ အလှူခံထွက်ရင် ဦးထုပ်၊ ရင်ထိုးတံဆိပ်၊
လုံချည်၊ အင်္ကျီ၊ ဂျာကင်၊ တီရှပ် အားလုံး ဆင်တူ ဝတ်ရအောင် စီစဉ်မှာ။ စနစ်တကျ
ဖွဲ့စည်းရမှာ။ သူများ အပြောအဆို မခံရအောင် အထင်မသေးအောင်လေ”
သည်လိုနှင့် ရပ်ကွက်သူ နာမည်ကြီးပေမို့ မြစန်းကြည်လည်း မရှောင်နိုင်
မလွှဲနိုင်ဖြင့် ဘဏ္ဍာငွေရှာကြံရေး အဖွဲ့ဝင် ဖြစ်ရပြန်လေသည်။ ကိုစန်းလွင်က
သူ့ပြောသည့်အတိုင်း အတိအကျ စီစဉ်ညွှန်ကြားပြီး သူတို့၏ အဖွဲ့သူ၊
အဖွဲ့သားများကို မျက်နှာမငယ်ရန် ဆောင်ရွက်ပေးသည်။ အုပ်စုဖွဲ့များဖြင့်
စုပေါင်းပြီး ကောင်းမြတ်သော အကျိုးဖြစ်အောင် ဆောင်ရွက်ရသည်ကို မြစန်းကြည်
တဖြည်းဖြည်း ပျော်လာသည်။ ပိုက်ဆံ အလှူခံထွက်သည့် နေ့တွင် ဟစ်မခေါ်ရဘဲ ကာလသား၊
ကာလသမီး လူစုံတက်စုံ ဖလား ပိုက်သူက ပိုက်၊ ဆန်တောင်း ထမ်းသူက ထမ်းဖြင့်
ရပ်ကွက်တကာ လှည့်ပြီး အလှူခံ ထွက်ကြသည်။ ဖလားထဲမှာ ငွေတွေ ဖွေးနေအောင်
မြင်ရလျှင် အသင်းသူ၊ အသင်းသားတွေ ပျော်ကြသည်။
ဆွမ်းလောင်း
အကြိုရက်တွင် ဆန်ရွေးကြ၊ ကြက်သွန်လှီးကြဖြင့် မိန်းမတွေက စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ် အလုပ် လုပ်ကြရာသို့ အမေ ကိုယ်တိုင်ပင် အိမ်က ကြက်သွန်လှီး
ဓားကိုင်ပြီး တက်တက်ကြွကြွ လှုပ်ရှားနေတာ မြင်ရလို့ မြစန်းကြည် အလွန်ပင်
စိတ်ချမ်းသာ ရလေသည်။ ဒီလိုနေ့မျိုးတွင် နီနီထွန်းကိုလည်း အနားပေး
ထားရလေ့ရှိသည်။ နောက်တစ်နေ့ နံနက် ဆွမ်းလောင်းချိန်တွင် သံဃာတော်အပါး
ငါးရာခန့် သပိတ်ပိုက် ကြွလာကြသည်ကို ဝေလီဝေလင်းမှ စ၍ အမေတို့ကဲ့သို့
သက်ကြီးရွယ်အိုများကို ခေါ်ကာ ဆွမ်းလောင်းစေပြီး ကိုစန်းလွင်တို့က
နောက်ဆုတ်နေလေ့ ရှိသည်။
“ကျွန်တော်တို့က ငွေခံတဲ့ နေရာ၊
ချက်တဲ့ပြုတ်တဲ့ နေရာ ခန္ဓာကိုယ်နဲ့ ရင်းပြီး ကုသိုလ်ရပြီးပြီ မဟုတ်လား
မြစန်းကြည်ရဲ့။ ဆွမ်းလောင်းတဲ့ နေရာမှာတော့ သက်ကြီးရွယ်အိုတွေ ကုသိုလ်
ယူကြပါစေဗျာ။ လောင်းလှူတဲ့ နေရာမှာ လှူရင်း ပီတိပွားရင် အရှိန်အဟုန်
သိပ်ကြီးတာလေဗျာ”
မြစန်းကြည် ကိုယ်တိုင် ကိုစန်းလွင်စကားကို
ကြည်ညိုစွာ နားထောင်မိရင်း ကိုညွန့်ဝင်းနှင့် ကွာလေစွဟု စဉ်းစားမိလေသည်။
အမေတို့ လူကြီးပိုင်းကလည်း ချီးမွမ်းသံတွေ လျှံနေသည်။ သာရေး၊ နာရေး
ဆိုလျှင်လည်း တူညီဝတ်စုံတွေနှင့် အသင်းသား၊ အသင်းသူတွေက အိုးခွက်ပန်းကန်
ဆေးသည့် နေရာ၊ ဧည့်ခံသည့် နေရာ၊ ကျွေးမွေးသည့် နေရာတွေကို
ဝင်ရောက်တာဝန်ယူကြတော့ အုပ်ကြီး ဦးကြံတိုင်းအောင်၏ သာရေးနာရေး အသင်းက လုံးဝ
ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်ကို ဦးကြံတိုင်းအောင်က မကျေနပ်တာ
တစ်ရပ်ကွက်လုံး သိကြသည်။
“မကျေနပ်လည်း မတတ်နိုင်ဘူး။ မြစန်းကြည်ရယ်။
ရိုသေလေးစား ခံရမှုဆိုတာ အလုပ်လုပ်တဲ့ လူပေါ်မှာ မူတည်တာ။ ကိုစန်းလွင်က
အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တယ်။ လူ လေးစားအောင် နေတယ်။ အသင်းသားတွေကို
အထင်မသေးအောင် ဝတ်စုံကစပြီး စဉ်းစား စိစဉ်ပေးတယ်။ ကဲ … ဘာလိုသေးလဲ”
“ဟုတ်တယ် တင်တင်မာရဲ့။ ညည်းတို့ပဲ စဉ်းစားကြည့်အေ၊ ချက်တဲ့ ပြုတ်တဲ့နေ့
ဆိုရင် လက်ဖက်ရည် ဆိုတာ မသောက်ချင်မှ အဆုံး။ ပိုလျှံတောင် နေတယ်။
ညအိပ်ချက်တဲ့ လူတွေကို ဘယ်နှယောက် ချက်ချက် ညလယ်စာ ကျွေးသေးတယ်”
“သူလို အုပ်ကြီးမျိုးတော့ ရှားပါတယ်အေ။ သူ တစ်ယောက်ရှိမယ် ထင်ပါရဲ့”
မြစန်းကြည်နှင့် တင်တင်မာတို့ စကားကောင်း နေကြသည်ကို အကြော်ဝယ် လာသည့်
မိန်းမတွေက တပြုံးပြုံးဖြင့် နားထောင် နေကြသည်။ တဖြည်းဖြည်းနှင့်
ဥပုသ်ဆွမ်းလောင်း အသင်း နာမည် ရလာသလို အုပ်ကြီး ကိုစန်းလွင်လည်း
ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်များတွင် လူရိုသေ၊ ရှင်ရိုသေ နာမည်ကြီးသည်ထက်
ကြီးလာသည်။
“ကျွန်တော်က ဘယ်တော့မှ နောက်မတွန့်တဲ့ တိဟိတ်သမားဗျ။
ပရဟိတ အကျိုးနဲ့ အတ္တဟိတ အကျိုး ယှဉ်လာရင် ပရဟိတကိုပဲ ဦးစားပေးမယ့် သူပါ။
ကြည့်ဦး။ ဆွမ်းလောင်း အသင်းကို ဦးစားပေးပြီး လုပ်နေရတာ
စိတ်ကြည်နူးလွန်းလို့ ကျွန်တော်ရဲ့ ပင်ကိုလုပ်ငန်း ဖြစ်တဲ့ ဖိနပ်ရုံတောင်
လှည့်မကြည့်နိုင်တာ ကြာပေါ့။ ကျွန်တော့်မိန်းမကလည်း ပါရမီဖြည့်ဖက်ကောင်းဗျ။
ကိုစန်းလွင် လုပ်သာလုပ်၊ ရှင်ရော ကျွန်မရော ကုသိုလ်ရေး လုပ်ဖို့သာ အဓိက၊
ဖိနပ်ရုံ ပိတ်ရတော့ကော ဘာဖြစ်လဲ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးက
ကျွေးလိမ့်လို့ ပြောတာဗျ”
လူကြီးစုံရာ ရပ်ကွက်ပိုင်းတွေမှာ
ကိုစန်းလွင်က အဲဒီလိုပြောရင် အားလုံးက ခေါင်းတညိတ်ညိတ်နှင့် သာဓုခေါ်ကြ
ရလေသည်။ ဆွမ်းလောင်းအသင်း အလှူခံသည့် အချိန်နှင့် အလှူခံသည့် ရက်ကို
တိုးမြှင့်ပြီး မြို့ထဲ ရပ်ကွက်တွေအထိ လှည့်လည်အလှူခံ ကြသလို ဆွမ်းချက်သည့်
ဆန်၊ ဝက်သားပိဿတွေ တိုးမြှင့်လာပြီး သံဃာတော်တွေပါ တိုးလောင်းကြရတော့
ရပ်ကွက်သားတွေ ပိုပြီး ပီတီဖြာကြ ရလေတယ်။
“မမ မြစန်းကြည်၊ တယ်လီဖုန်း လာတယ်”
ရပ်ကွက်ထိပ်က ပီစီအိုဆိုင်က လာပြော၍ မြစန်းကြည် အပြေးအလွှား
သွားနားထောင်ပြီး ချက်ချင်း ဆိုသလို အိမ်ဘက်ကို ပြန်ပြေးလာသည်။
အကြော်ဆိုင်က တင်တင်မာက မြစန်းကြည် သုတ်သီးသုတ်ပျာ ဖြစ်နေတာကို မြင်တော့
နောက်က လိုက်လာသည်။
“အမေ ရွာမှာ အဘွား နေမကောင်းလို့တဲ့၊ အမေ
အမြန်သွားမှ ဖြစ်မှာ၊ အို … အမေ တစ်ယောက်တည်းလည်း သွားလို့ဖြစ်မှာ
မဟုတ်ပါဘူး။ ကျွန်မပါ လိုက်ခဲ့မှာ ဖြစ်မှာပါ”
“သွားသာသွား မမ၊ အပ်ထည်တွေ ကျွန်မ တာဝန်ထား၊ အိမ်လည်း စောင့်ပေးမယ်”
ဟု နီနီထွန်းက ဝင်ပြောသည်။
“မြစန်းကြည်ရယ်၊ နင်ပြေးသွားလို့ ဘာများ အရေးကြီးလို့လဲလို့ နောက်က
လိုက်လာတာ။ မသွားမှ မဖြစ်ဘဲ သွားပေါ့လို့အေ။ ဒီလိုပေါ့။ ငါတော့ အားလျော့
ပါသေးတယ်အေ။ အခုအပတ်မှ စပြီး အုပ်ကြီးက ဈေးချို တစ်ရက်၊ ကိုင်းတန်းဈေး
တစ်ရက် အလှူခံ တိုးထွက်ရမယ်လို့ ပြောနေတာ။ ညည်းမပါတော့ ပျင်းပါသေးတယ်အေ”
ဘယ်လောက်ပဲ ပရဟိတ လုပ်ချင်လုပ်ချင် ကိုယ့်အဘွား ကျန်းမာရေး ဆိုတော့ အကုန်
ပစ်ထားခဲ့ရသည်။ မြစန်းကြည်နှင့် အမေတို့ အဝေးပြေးကားဖြင့် ရွာသို့
ပြန်လာခဲ့ရသည်။ ဟိုရောက်တော့ အဘွားကို စိတ်ရောကိုယ်ပါ ပြုစုပေမယ့် ရောဂါက
မသက်သာဘဲ တိုးလာ၍ မြို့နယ် ဆေးရုံသို့ တင်လိုက်ရသည်။ ရွာက သားသမီးတွေက
လယ်လုပ်၊ ပဲနှမ်းတောင်သူ အလုပ်တွေနဲ့မို့ မြစန်းကြည်တို့ သားအမိပဲ ဒိုင်ခံ
ဆေးရုံစောင့်ရသည်။ ဆေးရုံက ဆင်းပြန်တော့ နာလန်ထစ အဘွားကို အသက်ကြီးပြီမို့
ကလေးလို ပြန်ပြီး ပြုစုတတ်တာ ငါ့တူမ မြစန်းကြည်ပဲ ရှိတာအေ၊ မြို့သံယောဇဉ်
တွယ်မနေပါနဲ့တော့၊ ရွာသာ ရွှေ့ခဲ့ပါတော့။ ညည်းတို့ သားအမိ နှစ်ယောက်တည်းများ
ငါတို့ ကျွေးထားနိုင်ပါတယ်အေ ဆိုသည့် ဆွေမျိုးတစ်စုက ဝိုင်းတား
ကြတာကြောင့် မြစန်းကြည်တို့ ပြန်ရက် နှောင့်နှေးရပြန်သည်။
“အမေရေ၊
အပြီး ရွာမှာ နေလို့တော့ မဖြစ်ဘူးတော့။ တစ်ခေါက် တစ်ကျင်းတော့
ပြန်ချေရဦးမယ်။ ကျွန်မ စက်ဆိုင်လည်း ဘယ်အခြေအနေ ဆိုက်နေလဲ မသိဘူး။
ဖောက်သည်တွေနဲ့ နီနီထွန်းကော အဆင်ပြေပါ့မလား မသိ”
တစ်ရက် မြစန်းကြည်
အမေ့ကို ပွင့်ပွင့်လင်းလင်း ပြောပြမိသည်။ ဘယ့်နှယ် နှစ်လကျော် သုံးလထဲ
ရောက်နေပြီ။ မြစန်းကြည် မြို့ကို ပြန်ချင်နေသည်။ အမေကတော့ ရွာကအမျိုးတွေ
ဝိုင်းဝိုင်းလည်နှင့် နေရတာ ပျော်နေသလား မသိ၊ မလှုပ်တလှုပ်သာ ရှိပြီး
ပြန်မည်လို့ စကားတစ်ခွန်း မဟပေ၊ အမေ့ကို မြစန်းကြည် စိတ်တိုလာသည်။
“ကဲ ... အမေ အမျိုးတွေနဲ့ ပျော်နေရင် မလိုက်ချင်ရင် နေခဲ့ဦး။ ကျွန်မကတော့
အခုလို သီတင်းကျွတ်၊ တန်ဆောင်မုန်းဆို အပ်ထည်တွေ မတရား ချုပ်ရတာ ၊
ရပ်ကွက်ထဲမှာ စက်ဆိုင်တွေ အပြိုင် ဆိုတာလည်း အမေ အသိ၊ တော်ကြာ
ကိုယ့်ဖောက်သည်တွေ သူများလက် ပါဦးမယ်။ ကျွန်မကို ကားလက်မှတ်သာ ဖြတ်ပေးတော့၊
ကိုယ့်ဟာကိုယ် ပြန်မယ်”
“ညည်း တစ်ယောက်တည်း ပြန်လို့တော့ ဖြစ်ပါ့မလားအေ”
“အမေက မပြန်ချင်သေးဘူး မဟုတ်လား။ နေခဲ့ပေါ့”
“ဟုတ်တယ်။ ကြီးကြီးက ရွာမှာနေခဲ့၊ မမ မြစန်းကြည်ကို သား လိုက်ပို့လိုက်မယ်။ သားလည်း မြို့ကို အလည်ရောက်ရော”
“ဟဲ့ … အောင်မင်းစိန်၊ နင် တကယ် ပြောတာလား”
“တကယ်ပေါ့ဗျ”
မြစန်းကြည်ဖြင့် အမေနှင့်သူ မပြေမလည်ကြားထဲမှာ ဝင်ပြောလိုက်သည့် ဦးလေး၏သား
အောင်မင်းစိန်ကို ကျေးဇူးတင်လိုက်တာ၊ အောင်မင်းစိန်ကလည်း အဝေးသင်နှင့်
ဘွဲ့ယူပြီး လယ်ထဲချောင်းထဲ မဆင်းရသေးမီ မြစန်းကြည်နှင့် မြို့ကို
လိုက်လည်ရမည် ဖြစ်၍ အရမ်း ပျော်နေသည်။ မြစန်းကြည်ကလည်း လောက်လောက်လေးလေး
တစ်ဝမ်းကွဲ မောင်တစ်ယောက် လိုက်ပို့ မည် ဖြစ်၍ စိတ်ချလက်ချ အမေ့ကို
ထားခဲ့ပြီး မောင်နှမ နှစ်ယောက် အဝေးပြေးကားနှင့် မြို့သို့ ပြန်လာခဲ့ကြသည်။
အထုပ်တွေကို ထမ်းပြီး အရပ်ထဲ အဝင် -
“မမတို့ အရပ်က အပျံစားပါလား။ RC တိုက်တွေချည်းပဲ တယ်ဟုတ်ပါလား။ အိမ်မှ တစ်အိမ် နှစ်အိမ် ရှိတာ။ ဟင်း … ဟင်း … မမအိမ်က အိမ်မည်းကြီး”
စကားတွေ တဖောင်ဖောင် ပြောနေသည့် မောင်ကို ပြန်မပြောနိုင်ဘူး။ အိမ်ထဲကိုသာ
မြန်မြန်ဝင်မိသည်။ အိမ်ထဲမှာ နီနီထွန်းက စက်ချုပ်နေပြီး တင်တင်မာကို
ထူးထူးဆန်းဆန်း နီနီထွန်းနားမှာ ထိုင်နေတာ တွေ့ရလို့ မြစန်းကြည်
အံ့ဩသွားသည်။
“ဟော … မမ ပြန်လာပြီ”
ဟု နီနီထွန်းက အော်သည်။
“ဟဲ့ … ထူးထူးဆန်းဆန်း တင်တင်မာက အင်္ကျီ အပ်နေတာလား။ အတော်ပဲ ၊ အတော်ပဲ၊
ရွာက ထန်းလျက်တွေ၊ ပေါက်ပေါက်ဆုပ်တွေ၊ ပဲလှော်ကြော်တွေ ပါလာတယ်။ ဟဲ့ …
အောင်မင်းစိန်၊ တောင်းထဲက အထုပ်တွေ ဖြေစမ်း၊ လက်ဆောင်တွေ ပေးရအောင်။
အုပ်ကြီး ကိုစန်းလွင်တို့ဖို့လည်း ပါတယ်။ ငါ အများကြီး ထည့်ခဲ့တာ။ ဒါနဲ့
နေစမ်းပါဦး။ ဒီနေ့ အဝေးဖိတ် မဟုတ်လား။ ညည်းတို့က ဆွမ်းဆန်ခံ မထွက်ဘဲ ဘာလုပ်
နေကြတာတုံး”
မြစန်းကြည် အမေးကို ဘယ်သူမှ မဖြေကြပေ။ လက်ဆောင်တောင်း နားကို ဝိုင်းအုံ လာကြပြီး အထုပ်တွေကို နှိုက်ကြသည်။
“ရော့ … ဒါက တင်တင်မာဖို့၊ နီနီထွန်းက ဒါယူ၊ အထုပ်ကြီးကတော့ အုပ်ကြီးတို့
အိမ်ဖို့အေ။ သူကတော့ ကိုယ့်အုပ်ကြီးလည်းဖြစ် ကုသိုလ် လုပ်နေတဲ့သူ ဆိုတော့
ကြီးကြီးပေးရမှာပေါ့။ တင်တင်မာ၊ နင်ပြန်ရင် အဲဒီ လက်ဆောင်ထုပ် အုပ်ကြီး
ဝင်ပေးလိုက်အေ”
“နင့်ဘာသာ နင်သာ သွားပေးလိုက်စမ်းပါ၊ ငါ မသွားချင်ဘူး”
“ဟဲ့”
တင်တင်မာက ဆတ်ခနဲ ငြင်းလိုက်လို့ မြစန်းကြည် ဟဲ့ခနဲ အော်လိုက်မိသည်။
ပျက်တက်တက် ဖြစ်နေသော မျက်နှာတွေကို စူးစူးစမ်းစမ်း စပ်စုကြည့်မိရင်းက
တစ်စုံတစ်ခုကို သဘောပေါက်သလို ဖြစ်လာပြီး လက်ထဲက အထုပ်တွေကို
လွှတ်ချလိုက်ရင်း -
“ဟဲ့ … ငါ သွားနေတုန်း နင်တို့ …”
“အေး လာ … ခရီးရောက်မဆိုက်ဘဲ နင့်ကို ပြောရဦးမယ်”
ဆိုပြီး တင်တင်မာက ခုံတန်းလျားပေါ် သွားထိုင်လိုက်သဖြင့် မြစန်းကြည် အူကြောင်ကြောင်နှင့် ထိုင်လိုက်ရသည်။
“အစကတော့ ငါတို့အုပ်ကြီး အရမ်းတော်တာ၊ တကယ်ကောင်းတဲ့ လူတစ်ယောက်
ငါတို့ရပ်ကွက်က ရလိုက်ပြီလို့ ငါတို့လည်း အောက်မေ့ ခဲ့ကြတာ။ ကိုစန်းလွင်က
သူပြောတဲ့အတိုင်း တကယ် လုပ်တဲ့လူဟ”
“ဟင် … ဟင် … နင် ဘာပြောတာလဲ”
မြစန်းကြည် နားမျက်စိ လည်သွားသည်။
“သူပြောတဲ့အတိုင်း လုပ်တာဆိုရင် အပြောနဲ့ အလုပ်နဲ့ ညီတဲ့လူပေါ့။ ဒါဆိုရင် ဘာဖြစ်ကြတာလဲ”
တင်တင်မာက တခစ်ခစ် ရယ်နေသည်။
“နင်လည်း မှတ်မိမှာပါ၊ ကိုစန်းလွင်က လူထူထူဆိုရင် ခဏခဏ ပြောတယ်လေ၊
သူ့ကိုယ့်ကျိုးစီးပွား မလုပ်တော့ဘူး။ ဖိနပ်ရုံ လှည့်မကြည့်တော့ဘူး။ ဘုရား၊
တရား၊ သံဃာ ရတနာသုံးပါးက သူ့ကို ကျွေးလိမ့်မယ် ဆိုတာလေ”
“ဟင် … အဲ့ဒါ ဘာဖြစ်လို့တုံး”
“အဲ့ဒါပေါ့ဟ၊ သူတို့မိသားစုတွေနဲ့ ဖိနပ်ရုံ အလုပ်သမား ဆယ်ယောက်လောက်က
ဘာအလုပ်မှ မလုပ်တော့ဘဲ ရတနာသုံးပါး ကျွေးတာ စားနေကြတာလေ။ တစ်ပတ်ကို ငါးရက်
အလှူခံတယ်။ တစ်ရက်က ဆွမ်းချက်တယ်၊ ဥပုသ်နေ့ ဆွမ်းလောင်းတယ်၊ ငါတို့လည်း
ပထမတော့ သတိမထား မိသေးဘူး။ ငါးရက်ကြီး ဆိုတော့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက
ကိုယ့်အလုပ်နဲ့ကိုယ် အလှူခံ မလိုက်နိုင်ကြဘူး။ အုပ်ကြီးက ရပါတယ်၊ ရပါတယ်၊
ရပ်ကွက်က မလိုက်နိုင်ရင်လည်း ကျွန်တော့်လူနဲ့ ကျွန်တော် ရအောင် လုပ်ပါ့မယ်
ဆိုပြီး လုပ်တာ။ တဖြည်းဖြည်းနဲ့ ရပ်ကွက် ဆွမ်းလောင်းသင်းက သူ့ကိုယ်ပိုင်
ဆွမ်းလောင်းအသင်း ဖြစ်သွားရောဟ။ အလှူခံ ရတာတွေနဲ့ လူနှစ်ဆယ်လောက် နေ့တိုင်း
စားတယ်။ သုံးတယ်။ ရွှေတွေ ငွေတွေ ပိုတယ်၊ ရပ်ကွက်က မြင်နေရတာပဲ။ ဒါပေမဲ့ သူက
နပ်တယ်။ ဆွမ်းကို ဆွမ်းဟင်းခွက်တွေ တိုးလောင်းတယ်။ ကိုယ့်စီးပွားရေး
ကိုယ်တောင် မလုပ်နိုင်ဘူး။ ဖိနပ်ရုံ ပိတ်ရမလောက် ဖြစ်တဲ့အထိ
ကိုယ်ကျိုးစွန့်ပြီး လုပ်ရတာ ။ မပူပါဘူး၊ မပူပါဘူး၊ ရတနာသုံးပါးက
ကျွေးပါလိမ့်မယ်လို့ နာနာပြောတော့ လူကြီးတွေလည်း ဆွမ်းလောင်းအသင်း မပျက်ရင်
ပြီးတာပါပဲလေ ဆိုပြီး နှာစေးနေကြတာ နေမှာပေါ့ဟာ။ ငါတို့လည်း
မသွားကြတော့ဘူး။ သူတို့ကလည်း အဝင်မခံတော့ဘူး။ သူ့လူနဲ့သူ ပြည့်နေတာပါပဲဟာ”
မြစန်းကြည် ခုံတန်းလျားကို ကျောမှီချလိုက်ရင်း စိတ်ပျက်လက်ပျက်
ဖြစ်သွားရလေသည်။ ငါတို့ရပ်ကွက်မှာ အများအကျိုးကို မှန်မှန်ကန်ကန်
ဆောင်ရွက်ချင်သည့်သူ မရှိတော့ဘူးလား။ ငွေနှင့်ထိလိုက်လျှင် လူတိုင်းက ဒီလို
ဖြစ်သွားကြတာပဲလေ ဆိုသည့် အတွေးနှင့် ငေးနေမိသည်။ တင်တင်မာ ပြန်သွားတော့
ခုံတန်းလျားလေးပေါ်မှာလှဲ၍ တစ်မှေး မှေးမိသည်။ မိုးကြီး သည်းထန်စွာ
ရွာချသည်ကိုပင် မသိတော့။ ဘယ်လောက် အိပ်ပျော်သွားသည် မသိ။ မြစန်းကြည်
နိုးလာတော့ မိုးလည်း စဲသွားပြီ။ ရေပါသော မိုးကြောင့် မြောင်းတွေပိတ်၍
ရပ်ကွက်လည်း ရေလျှံနေပြီ။ ဒီရှုခင်းကို ခါးထောက် ကြည့်နေသော အောင်မင်းစိန်က -
“မမ မြစန်းကြည် ပေါက်တူးရှိလား၊ ပေးစမ်းပါ၊ ဘယ်သူမှလည်း ထွက်မလုပ်ကြဘူး။
ရွာမှာ ရေလျှံရင် အခင်းထဲ ကတွတ်ပေါက် ဖောက်ပေးမှ ရေကုန်တာ။ အဲဒီလို
လုပ်ပေးလိုက်ဦးမယ်”
မြစန်းကြည် သူ့မောင်ကို ချီးမွမ်းအံ့ဩရင်း
ပေါက်တူး ထုတ်ပေးလိုက်သည်။ အောင်မင်းစိန်က မိုးတဖွဲဖွဲထဲ ထွက်သွားပြီး
မြောင်းဖုံးတွေ လိုက်လှန်သည်။ မြောင်းထဲမှာ ပိတ်နေသည့် နွံတွေ၊ သဲတွေ၊
ခဲတွေ၊ ပလတ်စတစ် အမှိုက်တွေကို မြောင်းပေါင်ပေါ် တင်ပြီး ရေစီးရေလာ
ကောင်းအောင် လုပ်နေတော့ ဟိုအိမ် ဒီအိမ်က ယောက်ျားသားတွေ၊ လူငယ်တွေ
ထွက်လာပြီး ဝိုင်းလုပ်နေကြတာ မြစန်းကြည် တွေ့ရသည်။ ခါတိုင်း မိုးရွာလျှင်
တစ်ရက်လောက် ရေဝပ်နေသည့် ရပ်ကွက်က နာရီပိုင်းနှင့် ရေကျသွား၍ အားလုံး
ပျော်နေကြသည်။ အောင်မင်းစိန်တို့ စည်းရုံးရေး ကောင်းလိုက်ပုံက
ညနေစောင်းတွင် အရပ်ထဲက လူငယ်တွေက အောင်မင်းစိန်ကို လက်ဖက်ရည်ဆိုင်
သွားမယ်လို့ လာခေါ်ကြသည်။
“တယ်ဟုတ်ပါလားဟေ့၊ မမကလည်း အပ်ထည်တွေ
ပုံနေလို့ ခေါင်းမဖော်တမ်း ချုပ်နေရတာနဲ့ အောင်မင်းစိန် ပျင်းနေမယ်
ထင်နေတာ၊ အခုတော့ မင်းက အဖော်တွေ ရလို့”
“မမတို့ အရပ်ထဲက လူငယ်တွေက ကျွန်တော့်ကို သိပ်ခင်ကြတာဗျ။ သဘောလည်း ကောင်းကြတယ်”
သုံးလေးရက် မြစန်းကြည် သူ့မောင်ကို လှည့်မကြည့်နိင်။ အပ်ထည်တွေကိုသာ
ပွဲတော်အမီ ပေးဖို့ အတင်း ချုပ်နေရသည်။ အောင်မင်းစိန်ကိုလည်း
မိုးလင်းသည်နှင့် လူငယ်တွေ လာခေါ်သွားကြသည်။
“မမ မြစန်းကြည် တစ်ထောင်ထည့်ပါ။ တစ်အိမ်တစ်ထောင် ငွေကောက်ရမှာမို့၊ ကျွန်တော်တို့ ရန်ပုံငွေ …”
“ဟင် ... ဘာလုပ်မလို့လဲ”
“ဟာ ... မမတို့ ရပ်ကွက်က ရေဆိုးထဲ ဝပ်နေတယ်။ အမှိုက်တွေလည်း ပွလို့၊
ကိုင်းတောတွေက ရှိသေး။ ဒါတွေကို ရှင်းဖို့၊ လင်းဖို့ ရပ်ကွက်
သန့်ရှင်းရေးအသင်း ဖွဲ့လိုက်တယ်လေ။ ကျွန်တော်လည်း ရွာကို တော်တော်နဲ့
ပြန်ဖြစ်မှာ မဟုတ်လို့ အကြံပေးလိုက်တာနဲ့ ဖွဲ့လိုက်ကြတာ၊ အဖွဲ့ဆိုတော့
ရန်ပုံငွေ လိုတယ်လေ”
မြစန်းကြည် သူ့မောင်ကို မျက်လုံးပြူး ကြည့်မိသည်။
“နင်က အဲဒီ အဖွဲ့မှာ …”
“ဟုတ်တယ်။ ကျွန်တော်က ဥက္ကဌလေ၊ အခုဆိုရင် လူငယ်တွေက ကျွန်တော့်ကို အုပ်လေးလို့ ခေါ်နေကြပြီ မမရဲ့။ နာမည် မခေါ်ကြတော့ဘူးဗျ”
မြစန်းကြည် တုန်တုန်ယင်ယင် ထုတ်ပေးလိုက်သည့် တစ်ထောင်တန်ကို ယူပြီး
အောင်မင်းစိန်က လေလေး တချွန်ချွန်နဲ့ ထွက်သွားလေသည်။ အိတ်ကပ်ထဲက
တစ်ထောင်တန် အထပ်လိုက်ကို ကြည့်ရင်း -
“ဪ ... ဒီရပ်ကွက် သေးသေးလေးလေး ထဲမှာ ဥက္ကဌ တစ်ယောက် တိုးလာပြန်ပါပေါ့လား”
ဟု မြစန်းကြည် တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။
-----------------------
ယဉ်ယဉ်နု (မန္တလေး)
ရွှေအမြုတေ၊ အောက်တိုဘာ၊၂၀၁၃။
Wednesday, 30 August 2017
ဒါကတော့ ဒါပါပဲ
တချို့ပြကွက်တွေကို မကြည့်ရဲသဖြင့် မသိမသာ မျက်လွှာချထား လိုက်သည်။
မျက်နှာလွှဲ နေလို့တော့ မဖြစ်။ သူငယ်ချင်းတွေက ဝိုင်းဟား ကြလိမ့်မည်။ သူသည်
ကတုန်ကယင်ကြီး ဖြစ်နေသည်။ ဒါမျိုး သူတစ်ခါမျှ မကြည့်ဖူးသေးချေ။
သူသည် အတွေ့အကြုံ လုံးဝမရှိသူ အရိုင်းသက်သက်လေးတော့ မဟုတ်။ လူပျိုပေါက်ကလေးလည်း မဟုတ်။ အိမ်ထောင်သက် သုံးနှစ်ရှိ၍ သားတစ်ယောက်၏ အဖေပင် ဖြစ်နေခဲ့သူ။ သို့ရာတွင် ခုလို ကြည့်နေရတာမျိုးတွေတော့ တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါ။
ခိုးကြောင်ခိုးဝှက် ကြည့်ကြရခြင်း ဖြစ်သဖြင့် အခန်းတံခါးရော၊ ပြတင်းပေါက်တွေပါ ပိတ်ထားရသည်။ ထို့ကြောင့် အခန်းထဲမှာ လှောင်အိုက်နေသည်။ ဆေးလိပ်မီးခိုးတွေကြောင့်လည်း အသက်ရှူရတာ မွန်းကျပ်နေ၏။ ချွေးတွေပြန်ပြီး ငြီးစီစီကြီး ဖြစ်နေသည်။
အပြင်ထွက်နေချင်သည့် စိတ်ပင် ဖြစ်လာသည်။ ထွက်တော့ မထွက်ဖြစ်။ တစ္ဆေအခြောက် ခံရသူလိုပင် ကြည့်လည်း မကြည့်ရဲ၊ မကြည့်ဘဲလည်း မနေနိုင်ချေ။ ကြည့်မိပြန်တော့လည်း ရင်တွေပူပြီး ဖျပ်ခနဲ မျက်လွှာချမိ၏။
ကျန်သူငယ်ချင်းတွေကတော့ မင်းသား မင်းသမီး နှစ်ပါးသွား အကကို ကြည့်နေရသလို ခပ်အေးအေးပင်။ စီးကရက် ဖွာသူ ဖွာ၊ စကား ပြောသူ ပြော။ တချို့ ပြကွက်များကို ကြည့်ရင်း အချင်းချင်း နောက်ပြောင်သူက ပြောင်နှင့် မထူးခြားသလို ရှိနေကြသည်။
ဗီဒီယိုတိပ်ခွေ ရုပ်ရှင်က ပြီးဆုံးသွားသည်။ မျိုးမင်းမြင့်က ...
“သိပ် မကောင်းလှ ပါဘူးကွာ၊ ငါက ထူးထူးဆန်းဆန်း ကလေးများ ကြည့်ရမလားလို့”
ဟု ပြောရာ တင်အောင်လင်းက ...
“မင်းကိုယ်တိုင် မင်းသားလုပ်ပြီး ရိုက်တဲ့အခါကျမှ အထူးဆန်းဆုံး လုပ်ပြပေတော့”
တစ်ယောက်တစ်ပေါက် ပြောဆို နောက်ပြောင် နေကြသည်။ ဘာမျှ ထူးခြားမှု ရှိကြဟန် မတူ။ သူတစ်ယောက်သာ ခုထိ ရင်ထဲမှာ တစ်မျိုးကြီးဖြစ်ပြီး ကြောင်တောင်တောင် ဖြစ်နေသည်။
“ဟေ့ကောင် ဖိုးအောင်၊ ဘာဖြစ်နေတာလဲ၊ ကြောင်တောင်တောင်နဲ့”
မျိုးမင်းမြင့်က သူ့ကိုမေးသည်။
“ဟင့်အင်း ... ဘာမှ မဖြစ်ပါဘူး”
“ဒီကောင်က တစ်ခါမှ မကြည့်ဖူးဘူးလို့ ပြောတယ်ကွ၊ ခုအတိုင်း ဆိုရင်တော့ ဟုတ်ပုံ ရပါတယ်၊ ဒီကောင် ဖြစ်နေပုံ ကြည့်ပါလား”
“ဟာကွာ”
“ဖိုးအောင်ရာ၊ ရန်ကုန်မှာ နေပြီး ဒီလောက် တုံးရသလားဟ”
“ကဲပါကွာ ... သွားကြရအောင်”
“ဘယ်သွားကြဦးမလို့လဲ”
ဖိုးအောင်က မေးလိုက်သည်။ အေးညွန့်ဦးက ...
“မျက်စိ ညောင်းပြီ၊ လူလည်း ညောင်းပြီ၊ တစ်ခုခု သွားစားကြမယ်”
“အစားချည်းပဲလား”
မျိုးမင်းမြင့်က ဝင်မေးရာ ...
“မင်း ရောက်နေမှတော့ အရည် မပါရင် ဘယ်ဖြစ်မလဲ၊ ထမင်းတွေ နင်ကုန်မှာပေါ့”
* * *
တက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်း အတူတူ နေခဲ့ကြသော သူငယ်ချင်းတွေ ပြန်ဆုံကြခြင်း ဖြစ်သည်။ အဆောင်မှာ မျိုးမင်းမြင့်နှင့် အေးညွန့်ဦးတို့က တစ်ခန်း၊ ဖိုးအောင်နှင့် တင်မောင်လင်းတို့က တစ်ခန်း နေခဲ့ကြသည်။ အခန်းချင်းက ကပ်လျက်ဖြစ်သဖြင့် သူတို့လေးယောက် တွဲမိခဲ့ကြသည်။
တွဲမိကြသည် ဆိုသော်လည်း စရိုက်ချင်း လုံးဝ တူကြသည်တော့ မဟုတ်။ ဖိုးအောင်က လူအေး။ ကျောင်းမှန်မှန်တက်၊ စာမှန်မှန် ကြည့်တတ်သူ။ စာမေးပွဲနီးလျှင် သူ့မှတ်စုတွေကိုပင် အားလုံးက အားကိုးကြရသည်။
ကျန်သုံးယောက်ကတော့ လူပျော်လူနောက်တွေချည်း ဖြစ်သည်။ တင်မောင်လင်းက နည်းနည်း သောက်ပြီးလျှင် အူမြူး လာတတ်သည်။ သီချင်းအော်ဆိုပြီး ကတတ်သည်။ အေးညွန့်ဦးက လည်လည်ပတ်ပတ် ရှိသည်။ သူငယ်ချင်းတွေ ငွေပြတ်နေပြီ ဆိုလျှင် အခန်းတကာ လှည့်ချေးတာတို့၊ ပေါင်တာနှံတာ၊ ရောင်းတာဝယ်တာတို့ ကျွမ်းကျင်သည်။ တစ်ခါတလေ ပိုက်ဆံ တစ်ပြားမျှ မရှိဘဲ ဖဲဝိုင်းမှာ ဝင်ထိုင်ချင် ထိုင်တတ်သည်။ လက်ပတ်နာရီကို ရှေ့မှာချပြီး တန်ဖိုးဖြတ်၍ ကစားသည်။ သူက ဖဲလိမ်နည်းတွေ တတ်သဖြင့် ဘယ်တော့မှ မရှုံး။ ဤနည်းဖြင့် သူငယ်ချင်းတွေ သုံးစွဲဖို့ ရှာကြံပေးတတ်၏။
မျိုးမင်းမြင့်ကတော့ ဟိုစပ်စပ် ဒီစပ်စပ်သမား။ နေရာတကာမှာ ဝင်ပါတတ်သည်။ လောင်းတာစားတာလည်း ဝါသနာပါသည်။ ဘောလုံးလည်း ကန်သည်။ ပန်းချီသင်တန်းလည်း တက်သည်။ ရည်းစားလည်း များသည်။
ဖိုးအောင်သည် ရိုးရိုးအေးအေး ဖြစ်သော်လည်း အားနာတတ်သူဖြစ်၍ သူငယ်ချင်းတွေ ခေါ်လျှင် ကန့်လန့်ကန့်လန့်နှင့် ပါသွားတတ်သည်။ တင်မောင်လင်းက ပေါက်ကရ သီချင်းတွေဆိုပြီး မိန်းကလေး အဆောင်ရှေ့မှာ သွားကလျှင်လည်း ရှက်ရှက်နှင့်ပင် လိုက်ရသည်။ မျိုးမင်းမြင့်က သူ့ရည်းစား တစ်ယောက်ယောက်ကို သွားစောင့်ဖို့ အဖော်ခေါ်လျှင်လည်း ပါသွားတတ်သည်။
တစ်ခါကလည်း အေးညွန့်ဦးက တခြားအဆောင် တစ်ဆောင်မှာ ဝိုင်းရှိသည်ဆိုပြီး အဖော်ခေါ်သဖြင့် လိုက်သွားသည်။ ဝိုင်းကောင်းနေတုန်း ဆရာတွေက သတင်းရသဖြင့် ဝင်ဖမ်းရာ တစ်ပြုံလုံးမိသည်။ ဖိုးအောင်လည်း မဆီမဆိုင် ပါသွားသည်။ ဆရာကြီးကို ခြေသလုံး ဖက်မတတ် ဝိုင်းတောင်းပန်သဖြင့် ကျောင်းထုတ် မခံရဘဲ အပြင်းအထန် သတိပေးခံလိုက်ရသည်။
ဘွဲ့ရပြီးသောအခါ အသီးသီး လုပ်ငန်းခွင် ဝင်ကြရသည်။ မျိုးမင်းမြင့်က သူ့မြို့ကို ပြန်သွားသည်။ ကျန်သုံးယောက်က ရန်ကုန်မှာပင် ကုပ်ကပ်နေပြီး အလုပ်ရှာကြသည်။
သူတို့ထဲမှာ အအေးဆုံး၊ အရိုးဆုံးဆိုသော ဖိုးအောင်က အရင်ဆုံး မိန်းမ ရသွားသည်။ တင်မောင်လင်းကလည်း လွန်ခဲ့သောနှစ်က လက်ထပ်လိုက်သည်။ အေးညွန့်ဦးနှင့် မျိုးမင်းမြင့်တို့ကတော့ အိမ်ထောင် မပြုကြသေး။
ရန်ကုန်မှာ ကျန်ခဲ့သော သုံးယောက်သည် ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကြသဖြင့် ကျောင်းမှာတုန်းကလို မတွဲဖြစ်ကြတော့။ တစ်ခါတစ်ရံမှသာ ဆုံဖြစ်တော့သည်။
ထိုအချိန်မျိုးတွင် မျိုးမင်းမြင့် ရန်ကုန်ကို လာလည်သည်။ သူငယ်ချင်းတွေ ပြန်ဆုံကြသည်။ မျိုးမင်းမြင့်က ...
“ငါ ရန်ကုန်ရောက်တုန်း ပျော်စရာလေးတွေ ရှာရအောင်”
ဟု ဆိုသည်။
တင်မောင်လင်းနှင့် အေးညွန့်ဦးတို့က သဘောတူသည်။ ဖိုးအောင်ကလည်း ထုံးစံအတိုင်း အားနာပါးနာနှင့် ပါလာသည်။
ပထမဆုံး ဗီဒီယို ကြည့်ကြသည်။ အေးညွန့်ဦးက မျိုးမင်းမြင့် ကြည့်ချင်နေသော တိပ်ခွေကို မရရအောင် လိုက်ရှာပြီး ပြရသည်။
ပြီးတော့မှ စားကြ သောက်ကြဖို့ ထွက်လာခဲ့ကြလေသည်။
* * *
စားသောက်ဆိုင် တစ်ခုမှာ ထိုင်သည်။ စားကြ သောက်ကြသည်။ နှစ်နှင့်ချီအောင် ကွဲနေကြသော သူငယ်ချင်းများ ပြန်ဆုံခြင်း ဖြစ်သဖြင့် တော်တော် ပျော်ကြသည်။
စကားတွေလည်း အများကြီး ပြောကြသည်။ အေးအေးဆေးဆေးသမား ဖိုးအောင်တောင် တော်တော် သောက်ဖြစ်သွားသည်။ သူသည် တစ်ခါတလေမှသာ သောက်လေ့ရှိသူ ဖြစ်သည်။ သောက်လျှင်လည်း သူငယ်ချင်းတွေ ကျေနပ်အောင် စတိသဘော၊ တစ်ခွက်ထက် မပိုချေ။ ဒီနေ့တော့ သူလည်း နည်းနည်း နှုတ်သွက်အာသွက် ဖြစ်လာသည်။
“ကျောင်းမှာတုန်းက အဆောင်ရှေ့မှာ သီချင်းသွားဆိုတာကို သတိရတယ်ကွာ”
ဟု တင်မောင်လင်းက ပြောသည်။ မျိုးမင်းမြင့်က ...
“ဟေ့ကောင် ... ဒီအရွယ်ကြီး ရောက်မှတော့ လမ်းလယ်ကောင်မှာ သီချင်းဆိုပြီး ကမနေနဲ့ဦးနော်”
“ငါ ဒီလောက် မပေါတော့ပါဘူးကွ”
“အေး ... ဒီကောင်က ခုမူးရင် မကတော့ဘူး၊ သူ့ယောက္ခမ သူ့ကို အထင်သေးတဲ့ အကြောင်း ပြောပြောပြီး ငိုလိမ့်မယ်”
“ဟာ ... တစ်ခါလေး လုပ်မိပါတယ်၊ ပြောလို့မဆုံးတော့ဘူး”
* * *
စားသောက်ဆိုင်ထဲက ထွက်လာတော့ အားလုံး မှန်နေကြပြီ။ ဖိုးအောင်သည် အရမ်းမူးနေတာ မဟုတ်သည့်တိုင် ပုံမှန်အတိုင်း မဟုတ်တာတော့ သေချာသည်။ ခေါင်းထဲက ရီတီတီနှင့် အူမြူးသလိုလို ဘာလိုလို ဖြစ်နေသည်။
“ကဲ ... ဘယ်နှစ်နာရီ ထိုးပြီလဲ”
“ရှစ်နာရီ”
“ဟင် ... အစောကြီး ရှိသေးတယ်”
“ကမ်းနားမှာ သွားထိုင်ပြီး စကားပြောကြမလား”
“တစ်ချိန်လုံး စကားတွေ ပြောခဲ့ကြပြီးပြီပဲ၊ ခု လက်တွေ့ လုပ်ရမယ့်အချိန် ရောက်လာပြီ”
“မင်းဘာလုပ်ချင်လို့လဲ”
မျိုးမင်းမြင့်က လက်ဟန်ခြေဟန်ဖြင့် လုပ်ပြသည်။
“ဟာကွာ ... ဒါတော့ မလုပ်ပါနဲ့၊ မကောင်းပါဘူး”
ဟု ဖိုးအောင်က ကန့်ကွက်သည်။
“အံမာ ... မင်းက မိန်းမရှိတဲ့ကောင် ဆိုတော့ ဒီစကား ပြောမှာပေါ့၊ ငါ့မှာ ရန်ကုန် လာတုန်းလေး အားရအောင် ပျော်ရတာ၊ နယ်မှာဆိုရင် ဘာမှရှိတာ မဟုတ်ဘူး”
ကျန်နှစ်ယောက်က မျိုးမင်းမြင့် အကြံကို လက်ခံသည်။ ဖိုးအောင်လည်း ထပ်မငြင်းတော့ဘဲ သဘောတူလိုက်၏။
* * *
ပန်းခြံဘက်သို့ လျှောက်လာကြသည်။ ပန်းခြံထဲမှာ အပန်းဖြေ နေကြသူတွေ၊ လမ်းလျှောက် နေကြသူတွေ၊ ထိုင်စကားပြော နေကြသူတွေ၊ တချို့လည်း ဟန်ရေးပြပြီး လမ်းသလား နေကြသည်။ အေးညွန့်ဦးက တစ်ယောက်ကို ညွှန်ပြသည်။
“ဘယ်လို သဘောရသလဲ”
“မဆိုးပါဘူး ... မေးကြည့်လေ”
အေးညွန့်ဦးက ဘေးချင်း ယှဉ်မိအောင် လိုက်လျှောက်သွားပြီး မေးသည်။
“ဘယ်လိုလဲ”
“ဒီလိုပဲ”
သူတို့ တိုးတိုး တိုးတိုး ပြောကြသည်။ ခဏကြာတော့ အေးညွန့်ဦး ပြန်လာသည်။
“အလကားပါကွာ၊ ငါတို့ကို အချဉ်တွေ မှတ်လို့ ဈေးကို နင်းကန် အော်နေတယ်၊ နေကြဦး ... နည်းနည်း ထပ်ကြိုးစား လိုက်ဦးမယ်”
အေးညွန့်ဦး ထွက်သွားပြန်သည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး ...
“အနားကပ် ကြည့်တော့မှ မစွံပါဘူးကွာ”
ထိုစဉ်မှာ ဖိုးအောင်က တစ်စုံတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဗာဒံပင်အောက်မှာ ရပ်နေသော တစ်ယောက်။ ခပ်လှမ်းလှမ်း ဓာတ်တိုင်မှ မာကျူရီ မီးရောင်က သစ်ပင်ရိပ်ကို ကွက်တိကွက်ကျား တိုးဝင်နေသဖြင့် သူ့ကို မြင်သာရုံလောက် ရှိသည်။
သူ့ကိုယ်နေဟန်က ပြေပြစ် တောင့်တင်းသည်။ အရပ်အမောင်း ကောင်းသည်။ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း ဆွဲဆောင်မှုရှိမှာ သေချာသည်။
ဖိုးအောင် ငေးကြည့်နေမိသည်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။
“ဟေ့ကောင်တွေ ... ဟိုမှာကွ”
ဟု ပြောလိုက်သည်။ ပြီးတော့မှ သူ ဘာဖြစ်လို့ ညွှန်ပြလိုက်မိပါလိမ့်ဟု တွေးမိပြန်သည်။ စိတ်ပါသလိုလို ဖြစ်လာသည့် အတွက်လည်း သူ့ကိုယ်သူ အံ့ဩနေသည်။
မျိုးမင်းမြင့်ဆီက လေချွန်သံတစ်ချက် ထွက်ပေါ်လာသည်။
“ဟာ ... သားနားတယ်ဟေ့”
“ငါသွားမယ်”
ဟု ဖိုးအောင်က အလိုလို ပြောမိသည်။
“ဟာ ... မင်း ဘယ်လို ဖြစ်တာလဲ”
တင်မောင်လင်းက ပြောနေတုန်း ဖိုးအောင် ထွက်လာခဲ့သည်။ ဗာဒံပင် အောက်က မိန်းကလေးက ဖိုးအောင် လာနေသည်ကို မြင်သဖြင့် ကိုယ်နေကိုယ်ဟန်ကို ပို၍ ကြည့်ကောင်းအောင် လုပ်လိုက်ပြီးမှ မမြင်ချင်ယောင် ဆောင်နေလိုက်သည်။
ဖိုးအောင် အနားမှာ သွားကပ်ပြီး ...
“ဘယ်လိုလဲ”
“ဒီလိုပဲ”
“ဘယ်သွားမလို့လဲ”
“ဟိုနား ဒီနားပေါ့”
“လမ်းကြုံတယ် လိုက်မလား”
“ဘယ်ကိုလဲ”
“တစ်နေရာရာပေါ့”
အမျိုးသမီးက စဉ်းစားသလို လုပ်နေသည်။ အနီးကပ် ကြည့်တော့မှ သူ့ရုပ်ရည်သည် ထင်ထားသည်ထက် ပို၍ စွဲမက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဖိုးအောင် ရင်တွေ ခုန်လာ၏။ အမျိုးသမီးကို စိုက်ကြည့်နေမိသည်။
“အို ... လူကို ဘယ်လို ကြည့်နေတာလဲ”
ဖိုးအောင် ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားသည်။ ချက်ချင်း သတိရလိုက်သည်။ ဘာမျှ ထပ်မပြောတော့ဘဲ ချာခနဲ လှည့်ထွက်လာခဲ့သည်။
“ဘယ်လိုလဲကွ ... မင်း တကယ်ရဲပါလား၊ မင်း ဒီလောက် လာလိမ့်မယ်လို့ ထင်တောင် မထင်ဘူး”
ဟု သူငယ်ချင်းတွေက ဝိုင်းပြောကြသည်။ သူလည်း သူ့ကိုယ်သူ အံ့ဩမိသည်။ သူက ခေါင်းခါပြီး ...
“ပြန်ကြရအောင်ကွာ၊ ဘာမှ ဆက်လုပ် မနေပါနဲ့တော့”
“ဟာကွာ ... ဘယ်လို ဖြစ်တာလဲ”
“မင်းတို့ နေချင်နေခဲ့ကွာ၊ ငါပြန်တော့မယ်”
ဟု ပြောပြီး လှည့်ထွက် လာခဲ့သည်။ သူငယ်ချင်းတွေက ...
“ဟာ ... ဟေ့ကောင်၊ ဘာဖြစ်တာလဲ”
ပြောတာကိုတောင် လှည့်မကြည့်တော့။
* * *
အိမ်ကို ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ တင်းကျပ်နေသည်။ ခုလို တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။ အရက်သောက်တာ များသွားလို့များလား။ တစ်ချက်တစ်ချက်တွင် ဗာဒံပင်အောက်က အမျိုးသမီး၏ ကိုယ်နေဟန်ကို ဖျတ်ခနဲ မြင်ယောင်မိသေးသည်။ သူသည် အတင်းကြိုးစား၍ မြင်ကွင်းထဲက မောင်းထုတ်ပစ်လိုက်သည်။
အိမ်ပြန်ရောက်သည် အထိ ကတုန်ကယင်ကြီး ဖြစ်နေရတုန်းပင်။ ရီဝေဝေ ဖြစ်နေတာလည်း မပျောက်တော့။ သူ့စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး ဆိုတာ သူ့ကိုယ်သူ သိသည်။
အိမ်ပေါက်ဝမှာ ခဏရပ်သည်။ စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီးမှ တံခါး ခေါက်လိုက်သည်။ တံခါးဖွင့်သည်။ တံခါးပေါက်ဝတွင် သူ့မိန်းမ ရပ်နေသည်။ အိမ်ရှေ့မီးမှိန်မှိန်တွင် သူ့မိန်းမ၏ မျက်နှာကို ခပ်မှုန်မှုန် မြင်နေရသည်။ သူသည် မိန်းမကို အကြာကြီး စိုက်ကြည့်နေမိသည်။ သူ့ရင်တွေ ပြင်းထန်စွာ ခုန်လာသည်။
သူ့မိန်းမက ...
“ဘာဖြစ်နေသလဲ”
ဟု မေးသည်။
“ဘာဖြစ်လို့လဲ”
ဟု သူက ပြန်မေးသည်။ သူ့အသံတွေက မမှန်။
“မောင့်မျက်လုံးတွေက တစ်မျိုးကြီးပဲ”
သူက ဘာမျှ ပြန်မပြောဘဲ သူ့မိန်းမ၏ လက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
---------
မင်းလူ
ချယ်ရီ၊ ဇန်နဝါရီ၊ ၁၉၈၇။

ရှက်သူ
ဟိုတုန်းကလောက်တော့ မရှက်တတ်တော့ပါဘူး။
စောက ပြောလျှင် သူငယ်ချင်း မာမာဝေက ရယ်လေသည်။
စောတစ်ယောက် ဘယ်လောက် အရှက်အကြောက် ကြီးကြောင်း သူတို့ အသိဆုံးပဲ မဟုတ်လား။ စော အရှက်လွန်ပြီး စောချစ်ခဲ့သော ကိုတင်စိုးနှင့် လွဲခဲ့ရတာလည်း ဝေ အသိပင်။
စော စိတ်ထဲမှာ ကိုတင်စိုးကို ကျိတ်ပြီး ချစ်နေလိမ့်မည်လို့ သူငယ်ချင်း အားလုံးက ယူဆပြီး သူတို့ နှစ်ယောက်စလုံးကို ရှေ့မှာထားကာ စောမျက်နှာ မထားရဲအောင် နောက်ပြောင်ခဲ့ကြတာကြောင့် အရှက်သည်းသော စော ကိုတင်စိုးကို ဘယ်လိုမှ လက်မခံနိုင်ဟု ဆိုခဲ့တာ ဝေ ခုထိမမေ့သေး။
ခုတော့ စောသည် ကိုတင်စိုးနှင့် လွဲခဲ့ပြီးနောက် ဘယ်လို ဖူးစာ ဆုံသွားသည်ဟု သူငယ်ချင်းများပင် တိတိပပ မသိလိုက်ရဘဲ အိမ်ထောင်ကျကာ သမီး တစ်ယောက်ပင် ရနေလေပြီ။ စော၏ ရှက်သွေးလွှမ်းသော ပါးမို့ရဲရဲများကို မဝေက အောက်မေ့ရင်း …
“မိစောရယ်၊ နင် မရှက်တတ်တော့တာ ငါသိပါတယ်”
“အိုး”
မဝေ သည်လို ပြောလိုက်မှ စောက ရှက်သွားရပြန်သည်။ စော မျက်လုံးကလေးများတွင် ငယ်မူငယ်သွေး အရိပ်တွေ ထင်လာပြီး …
“ကိုတင်စိုးကြီး တစ်ယောက်လည်း မိန်းမ ရသွားပြီတဲ့ ခင်ဗျာ”
မဝေက ဆက်လို့ စပြန်လျှင် စောသည် နှုတ်ခမ်း စူလိုက်ပြီး …
“သူ့ဘာသာသူ ရတာ ငါနဲ့ ဘာဆိုင်လဲ”
“ဆိုင်မဆိုင်တော့ မသိဘူးကွယ်၊ တို့ပစ်ကနစ်မှာ ရိုက်တဲ့ ပုံတွေတော့ ကိုတင်စိုးဆီမှာ တွေ့ခဲ့တာပဲ၊ နင်နဲ့ သူနဲ့ အနီးဆုံးလေ။ အဲဒီတုန်းကတောင် မိန်းမက ငါးရှဥ့်ပြုံး ပြုံးနေတာပဲ”
စောသည် မခံချင်စိတ်ဖြင့် ပြောလိုက်သော်လည်း ကိုတင်စိုးတစ်ယောက် ဘယ်လို မိန်းမမျိုးနှင့် ဖူးစာ ဆုံသွားရသည် ဆိုတာကို သိတော့ သိချင်သားပင်။ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်မှာ သူငယ်ချင်းတွေကြား၊ ပြန်ဆုံခဲ့ကြသော နေ့ကလေးကို ပြန်သတိရသည်။ ဘယ်ရောက် နေတာလဲ၊ ဘာလဲထက် ပိုလို့ မပြောဖြစ်ခဲ့ကြ။ သည်တုန်းက စောလည်း အိမ်ထောင်မကျသေး။ စောခင်ပွန်း ဖြစ်လာမည့် ကိုနှင်းအောင်နှင့်တောင် ဆုံစပဲ ရှိသေးတယ်။
သည်တုန်းက ဘာပဲဖြစ်ဖြစ် စော ဝမ်းနည်းမိသည်။
သူငယ်ချင်းတွေက အရင်လို မစမနောက် ကြတော့ပါ။ ဣနြေ္ဒတွေ ကိုယ်စီနှင့် အလုပ် အကြောင်းတွေပဲ ပြောနေကြသည်။ သူနှင့် ကိုတင်စိုး နှစ်ယောက်စလုံး သူငယ်ချင်းကောင်း အဖြစ်၊ မိတ်ဆွေအဖြစ်ပါ ဆုံးရှုံးရသည်လို့ သူက ထင်သည်။ ချစ်သူလည်း ဖြစ်မလာ မိတ်ဆွေလည်း မဖြစ်နိုင်ကြပြီ။ သာမန် အသိအကျွမ်း ဘဝနှင့် လမ်းခွဲကြရုံပဲလား၊ တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ အခွင့်အရေးတွေ ဆုံးပါးသွားတာက စော အရှက်တရားကြောင့်ပင်။
ကိုတင်စိုးက စောကို ရင်ဖွင့်ပါ၏။ စောပန်ဖူးသည့် ကံ့ကော်ပန်းခြောက် ကလေးကို ( သူ ဘယ်လို ရမှန်းမသိ ) သိမ်းဆည်းထားခဲ့တာ။ စောနောက်ကို အရိပ်လိုလိုက်တိုင်း စောဒေါသဖြင့် တုံ့ပြန်ခြင်း ခံခဲ့ရတာ။ သူငယ်ချင်းတွေက ရှက်လို့ မူနေတာပါလို့ အပြောခံရမှာကြောက်တိုင်း ပိုမို အရှက်သည်းစွာဖြင့် သူ့အပေါ် ခွင့်မလွှတ် နိုင်တတ်ခဲ့တာတွေ။ ခုမှ ဒါတွေကို ပြန်သတိရနေမိ ပြန်သည်။
လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတော့ စောလက်ဖျား ခြေဖျားလေးတွေ အေးစက်လို့ နေသည်။ စောက သူ့ကို တည့်တည့် မကြည့်ရဲ။ စောက မျက်လုံးချင်း ရင်မဆိုင်ရဲသေးပေမယ့် ကိုတင်စိုးက ပကတိ သန့်စင်သော အကြည့်ဖြင့် ကြည့်နိုင်လေပြီ။ သည်အကြည့်ကို စောနားလည်မိတော့ တစ်စုံတစ်ရာ ဆုံးရှုံးသွားသလို ခံစားခဲ့ရသည်။
“ခုတော့ သူ မိန်းမတောင် ရသွားလေပြီ”
ဘယ်လို မိန်းမမျိုးပါလိမ့်။
မဝေက စပ်စပ်စုစု ဘယ်အချိန် သူ့အိမ် ရောက်သွားပါလိမ့်။ မဝေကတော့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း။ သူတကာကို ကသိကအောက် ဖြစ်အောင် လုပ်ရမှ ကျေနပ်လေ့ ရှိသူ။ ယောက်ျားလေး သူငယ်ချင်းတွေနဲ့လည်း စောလို မဟုတ်ဘဲ ရင်းနှီးပွင့်လင်းသည်။ တစ်ခါတလေ သည်ကောင်တွေနှင့် နောက်ပြောင်ပြီး သားပြောမယားပြော ပြောနေကြလျှင် နားထောင်ရသည့် စောတောင် နားရှက်ခဲ့ရသည်။
ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကတည်းက သူ့အိမ်ကို မနေနိုင် မထိုင်နိုင် ရောက်လာပြီး သတင်းပို့လေ့ ရှိသည့် မဝေကလွဲလို့ ဘယ်သူနှင့်မှ မဆုံဖြစ်။ စောသည် ယောက္ခမအိမ်မှာ နေရသူဖြစ်ရာ မဝေက အော်ကျယ်ဟစ်ကျယ် နောက်တိုင်း အနားမှာ မယောင်မလည် လုပ်လေ့ရှိသည့် ယောက်မလေးတွေကို တွေ့ပြီး မျက်နှာမှာ ပူရှိန်းသွားတတ်မြဲ။ မဝေကတော့ သူပြောချင်ရာ ပြောပြီးလျှင် “ဘာရှက်စရာ ရှိလဲ၊ သဘာဝတရားတွေချည်းပဲဟာ” ဟု ပြောတတ်ပြန်သည်။
ရုံးပိတ်ရက်များမှာ သမီးနှင့် နေရသော စောသည် အိမ်မှုကိစ္စ တစ်ဖက်နှင့် လူရောစိတ်ပါ ပင်ပန်းတတ်မြဲ။ သည်လို အခါမျိုးမှာတော့ သူငယ်ချင်း မဝေကြောင့်ပင် စိတ်အနည်းငယ် ပေါ့ပါးသွားရတတ်သည်။
သမီးသည် စာကျက်နေသော ယောက်မများအနား သွားရှုပ်မှာ၊ ချက်ပြုတ်နေသော ယောက္ခမနား သွားရှုပ်မှာစိုး၍ အမြဲတဟဲ့ဟဲ့ လုပ်နေရမြဲ။ အိုးခွဲ ချက်ပြုတ်သဖြင့် ထမင်းဟင်းချက်သည့် အလုပ်ကို ကိုနှင်းအောင်သာ မကူညီလျှင် ပြီးနိုင်မှာ မဟုတ်ပေ။ လူပျိုဘဝက အမေ့မီးဖိုချောင်ကို ထမင်းစားဖို့ပင် မနည်းခေါ်မှ ရောက်လာတတ်သော သားအတွက် ခုမှ အချိုးပြေနေပုံကိုကြည့်ကာ အမေက မျက်နှာ ညိုချင်သည်။ ကိုနှင်းအောင် မရှိသည့် အခါမျိုးတွင် အိမ်ခန်းကျဉ်းကလေး ထဲမှာ စောသည် သမီးကို တံခါးပိတ် ထားရတတ်မြဲ။ သမီးက အပြင်ထွက်ချင်၍ “ဘွားရေ … ဘွားကြီးရေ …” နှင့် တတငိုတိုင်း စော စိတ်မောရမြဲ။ မဝေကတော့ သည်အပူတွေကို သိပ်မသိပေ။
ဘာပဲဖြစ်ဖြစ် စိတ်ရှည်၍ သည်းခံတတ်သော ကိုနှင်းအောင် တစ်ယောက်သာ သူ့အတွက်အဖော် ဖြစ်ကြောင်း စော နားလည်ပါ၏။ သူစိမ်းတစ်ရံဆံ ဆန်လွန်းသော ယောက္ခမနှင့် ယောက်မတို့ အလယ်တွင် ကိုနှင်းအောင်သည်သာ သူ၏ ကန္တာရ ရေကြည်အိုင်ကလေးပင်။ ကိုနှင်းအောင် ခရီးထွက်ရသော နေ့ရက်များသည် စောအတွက် ခြောက်သွေ့လျက်။ အိမ်ခွဲဖို့လည်း မတတ်နိုင်သေးရာ သူ စိတ်ကျဉ်းကျပ်သော သည်အိမ်မှာပင် တစ်မိုးပြီး တစ်မိုးခိုလျက် သမီးပင် သုံးနှစ်ကျော်လို့ မူကြို ရောက်ခဲ့ပြီ။
ကလေးကို သူတို့ စိတ်ဖျော်ဖြေမှု အတွက်သာ ခဏပန်း ချစ်ပြတတ်သော သည်မိသားစု အလယ်တွင် စော၏ သမီးငယ်သည် လူဆိုးစာရင်း ဝင်ခဲ့သည်။ သမီးလေး၏ ကလေးဆန်ဆန် တီတီတာတာ ဆိုးနွဲ့ဟန်ကလေးများ ကိုပင် သည်းမခံချင်ကြ။ နားငြီးသည် ဆိုကာ ပုံကြီးချဲ့ ဆူကြပြန်တော့ စောနှင့် မကျေမလည် ဖြစ်ရပြန်သည်။ ဧည့်ခန်းမှ ပစ္စည်းတွေ သမီးကြောင့် အနေအထား မတော်တဆ ပျက်သွားရ ပြန်လျှင်လည်း မြည်တွန်တောက်တီး၍ မဆုံး။ စောသည် မဝေနှင့် တစ်လတစ်ခါ ဈေးဝယ်လိုက်လျှင် ထိုအကြောင်းတွေကို မဝေအား ရင်ဖွင့်မိသည်။
“ကိုနှင်းအောင်ကို ဘာဖြစ်လို့ ယူခဲ့တာလဲ”
မဝေက အပြစ်တင်သလို ပြောစမြဲ။ တစ်ရုံးတည်းသားချင်း ဖြစ်ပြီး ဌာနခွဲချင်း မတူသော ကိုနှင်းအောင်က သူ့ကို စိတ်ဝင်စားခဲ့တာတွေ ပြန်လည် မြင်ယောင်လာ၏။ စောအတွက် အမှတ်တရ ရှိခဲ့တာတွေ၊ စောကို အလိုလိုက်ခဲ့တာတွေ၊ ထားပါတော့။ သည်တုန်းက စော ဘာလို့ သည်အသိုင်းအဝိုင်းထဲ ဝင်ရမှာ မကြောက်ခဲ့ပါလိမ့်။ ကိုတင်စိုးကို ဆုံးရှုံးခဲ့လို့ပဲ ကိုနှင်းအောင် အချစ်ကို လက်ခံမိခဲ့ လေသလား။ မဟုတ်။ အစားထိုးသည့် သဘောမျိုး မဟုတ်။ တကယ် လှိုက်လှဲစွာ ချစ်လာခဲ့တာ ဖြစ်ပြီး ဆုံးရှုံးရမှာ ကြောက်သည့် အချစ်မျိုးလည်း ဖြစ်သည်။
စော၏ ဘဝကို မဝေက စာနာနိုင်ပါ၏။ သို့သော် သူ့စိတ်ထဲမှာ သိပ်ကြီးတော့ လေးလေးနက်နက် မရှိလှ။ ဘာကြောင့်လည်း ဆိုတော့ ဒါတွေ အားလုံးသည် စော၏ ရွေးချယ်မှုပဲ မဟုတ်လား။ မဝေက စော၏ မျက်နှာစာပိုင်းကိုသာ နားလည်နိုင်လေသည်။
အိမ်ကလေး တစ်ဆောင်နှင့် ကိုယ့်မိသားစုလေး အေးအေးချမ်းချမ်း နေချင်သော စောသည် ငယ်ငယ်ကလို အရှက်မသည်းတော့သလို ပိုပြီး သွက်သွက်လက်လက် ဖြစ်လာသည့် ဘဝတစ်ပိုင်းကိုတော့ မဝေ မမြင်နိုင်။
စောသည် မြင်တတ်လာ၏။ လောဘ ရှိလာ၏။ သူများအိတ် ဖောင်းလျှင် ကိုယ့်အိတ်ထဲလည်း ဝင်လာရမည် ဆိုသော သူ့အပေါင်းအသင်းများ၏ ဩဝါဒကို ခံယူသူ ဖြစ်လို့နေ၏။ ထိုအခါမျိုးတွင် ရှက်သော စောသည် မရှက်တော့ပြန်။ သူ့အတွက် ဝေစုမရသဖြင့် ဒေါသကြီးတတ်သော စော၊ နယ်မှ ရောက်လာသူတွေဆီက ဘာလက်ဆောင် ရမလဲ မျှော်လင့်တတ်သော စော ဖြစ်လာပြီ။ စော လိပ်ပြာက စောကို ရှက်စေသည့် အခါမျိုး။ ဒါကလည်း စိတ်ငြိမ်ရာ ညချမ်းမျိုး (ဖြစ်တောင့်ဖြစ်ခဲ) သည်အချိန်မျိုးက လွဲလို့ စောသည် ဝိညာဉ်သစ် လိပ်ပြာသစ်နှင့်စော ဖြစ်လို့နေ၏။
စောသည် မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိဘဲနှင့်ဆိုလျှင် လက်ကလေး တစ်ချောင်းပင် မလှုပ်တတ်သူ ဖြစ်လို့လာသည်။ ကူညီမှုသည် နားလည်မှု အတိုင်းအတာနှင့် ညီမျှ၏ ဆိုသည့် ဂါထာကို စော မကြာမကြာ စိတ်ထဲ ရွတ်တတ်လာ၏။ လာဘ်ရွှင်စေသည် ဆိုသော ဆုတောင်းစာများကိုလည်း စော စားပွဲမှာ ကပ်ထားတတ်လာပြီ။
မိုးခါးရည်ကိုချိုဆဲ စောသည် ပါးမို့မို့တွင် ရှက်သွေးရှက်ရိပ် သန်းအောင် အရှက်သည်းသည့် မိန်းမငယ်လေး မဟုတ်တော့။ ကိုတင်စိုးပင် အလုပ်ကိစ္စဖြင့် စောထံ ရောက်လာလျှင် ရိုးသားစွာပင် တစ်စုံတစ်ရာ မမျှော်လင့်ဘဲ စော ကူညီဖြစ်ပါ့မလား မသိ။
စော၏ အရောင် တလက်လက် လက်စွပ်များကို ယောက်မလေး နှစ်ယောက်က အားကျစွာ ငဲ့စောင်းကြည့်သည်ကို စော ဂုဏ်ယူတတ်ခဲ့ပြီ။ ကန္တာရအလယ် ရောက်သွားလို့ပဲ စောလည်း ဆူးရိုင်းပင် တစ်ပင် ဖြစ်လာခဲ့ လေသလားတော့ မသိပေ။ စော၏ အပင်မှ ဆူးများသည် စောနှလုံးတိုင် ထိုးဖောက် နစ်စူးခဲ့ပြီကို စော မသိ။
ကိုနှင်းအောင်ကတော့ အရာအားလုံးကို ရေလိုက်၊ ငါးလိုက်ပင်။ စောသည် တောရိုင်းသစ်ပင် ဖြစ်လို့သွားပြီလား၊ သူ ရေရာစွာ နားမလည်နိုင်။ စော၏ လက်စွပ်များ၊ စော၏ လက်ကောက်များကို သူဖန်တီး မပေးရဘဲ ရတာကိုပဲ ကျေနပ်နှစ်သိမ့်လို့ နေ၏။
တစ်ခါက စောတို့ မိသားစုသည် ကိုတင်စိုးတို့နှင့် ဘတ်စ်ကား မှတ်တိုင်မှာ ဆုံဖြစ်လိုက် ကြသေး၏။ ကားမှတ်တိုင်မှာ ဆိုပေမယ့် စောတို့က အငှားကားတစ်စီး ငှားဖို့ စောင့်နေခိုက် ကိုတင်စိုးတို့က မြောက်ဥက္ကလာပကို ပြန်ဖို့ ကားမှတ်တိုင်ဆီ အလာမှာ ဆုံဖြစ်ကြခြင်းပင်။ စော အလွန် တွေ့ဖူးချင်သော ကိုတင်စိုး၏ ဇနီးသည်ကိုလည်း မြင်ဖူးလိုက်ရလေသည်။ နှစ်နှစ်သားအရွယ် ကလေးငယ်ကို ပွေ့ချီထားသော ပိန်ပိန်သွယ်သွယ် အသားဖြူဖြူ တရုတ်ပိတ်ဝမ်းဆက် တစ်ပတ်ရစ်နှင့် မိန်းမတစ်ယောက်၊ လှတော့ လှသားပင်။ ပါးရိုးနားရိုး ကျနေပုံနှင့် မျက်ဝန်းအိမ်မှ အရိပ်များက အိမ်ထောင်မှု ဒုက္ခတွေ ခံစားနေရပုံကို ဖော်ပြနေသည်။ သူ့ဘေးမှာ ရှပ်အင်္ကျီ ဖြူဝါဝါ၊ ပုဆိုးနွမ်းနွမ်းနှင့် ကိုတင်စိုး။
ခပ်လှမ်းလှမ်းမှ လှမ်းတွေ့လိုက်ရစဉ် ရုတ်တရက် စောစိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားရသေးသည်။ သားသားနားနား သပ်သပ်ရပ်ရပ် ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကိုနှင်းအောင်၊ ဂျင်းစကတ်၊ ဂျင်းဂျက်ကက်နှင့် သမီးငယ်၊ ခန့်ထည်သော ပိုက်ဆံအိတ်နှင့် တောက်ပသော အရောင်အသွေးများနှင့် စော။ စောက အရင်ဦးစွာပင် ကိုတင်စိုးကို ပြုံးပြလိုက်ဖြစ်သည်။
“ဟာ … စောတို့ပါလား”
သိမ်ငယ်ရှက်ရွံ့ခြင်း ကင်းစွာ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်သံနှင့်အတူ မိသားစုချင်း မိတ်ဆက်ပေးနေသည့် ကိုတင်စိုးကို စောက ပြုံးကြည့်နေသည်။
စောတစ်ယောက် ယောက်ျားရ ကံကောင်းတယ်လို့ တွေးနေဆဲ စောမျက်လုံးတို့၏ တောက်တောက်ပပ ဂုဏ်ယူပြုံးကို တွေ့လိုက်ရသော ကိုတင်စိုးမှာ ဘာရယ်မသိ တစ်ခါက စော၏ ရှက်ရွံ့ရွံ့ မျက်လုံးများကို ဖျက်ခနဲ သတိရမိသည်။
--------
ခင်မြဇင်
ကလျာ မဂ္ဂဇင်း၊ ၁၉၉၄။

နတ်ပန်းတစ်ငုံ ငရဲပန်းတစ်ပွင့်
“ကဲ … ကမ္ဘာအေး ဘုရားက စသွားကြမယ်ဗျို့”
ကျွန်တော်က ဒါရိုက်တာ အဖြစ်နှင့် ဘကြီးမဲ၊ ကိုဘိုးကဲတို့ကို ခေါင်းဆောင်ကာ ၆ မိုင် မာလကာခြံ စွပ်ကျယ်စက်လမ်းရှိ ကျွန်တော်၏ နေအိမ်မှ ထွက်ခဲ့ကြပြီး ပြည်လမ်းမကြီးသို့ ရောက်လျှင် ရန်ကုန်မှ လာသော နံပါတ် ၉ ကားကို စီးခဲ့ကြသည်။ ၈ မိုင် မရမ်းကုန်း ရောက်သော် သမိုင်းမှ လာသော အမှတ် ၅ ကားကို စီးခဲ့ကြပြန်သည်။
“ကဲ … ရောက်ပါပြီဗျား … ဟောဟိုဟာ ကမ္ဘာအေး စေတီတော်ပါပဲ။ လိုဏ်ဂူတော်ကြီး ဆိုတာက အဲ့ ဟိုဒင်း …"
ရေကူးဈေးထိပ် မှတ်တိုင်မှ ဆင်း၍ ကျွန်တော်က ညွှန်ပြပြောဆိုပြီး …
“ကဲ … လိုဏ်ဂူတော်ကြီးက စသွားကြစို့ …”
ဂိတ်ဝ အဝင်၌ ဘကြီးမဲက ဖိနပ်ကုန်းချွတ်၍ ကျွန်တော်က …
“ဖိနပ် မချွတ်ရသေး ပါဘူးဗျ၊ ခင်ဗျားတို့ဆီက တောဘုရားတွေလို မဟုတ်ပါဘူး”
ဘကြီးမဲမှာ အံ့အားသင့်လျက် …
“ဟေ … ဟုတ်ရဲ့လားကွ … ၊ မင့် ဘယ်သူကပြောတုန်း”
“ပြောနေရဦးမှာလားဗျ၊ ‘ဖိနပ်ချွတ်’ လို့ စာမှ ရေးမထားတာ၊ ချွတ်ရတဲ့ နေရာကျ ချွတ်လို့ ရေးထားသဗျ။ ကျွန်တော်တို့ မြို့မှာက …"
“ဟာ … မင်းတို့ မြို့သားတွေက စာရေးပြောမှ သိကြတော့တာလားကွာ တို့တောမှာဆို ရေးပြစရာ မလိုပါဘူး။ ဘုရားပရဝုဏ်တွင်း ဝင်ရင် ဖိနပ်မစီးရဘူး ဆိုတာ ကလေးကအစ သိတယ်ကွ၊ ငါတော့ စိတ်မရဲပါဘူးကွာ။ ချွတ်တာ အန္တရာယ် ကင်းပါတယ်” ဆိုပြီး ရန်ကုန် လာခါနီးမှ ဝယ်ခဲ့ဟန်တူသော သူ့လွှာဖိနပ် အသစ်စက်စက်ကြီးကို ချွတ်ကိုင်သဖြင့် ကျွန်တော်နှင့် ကိုဘိုးကဲမှာ ခပ်ပြုံးပြုံးနှင့် လျှောက်ခဲ့ကြရသည်။
လိုဏ်ဂူတော်ကြီးနား နီးလေ ဘကြီးမဲမှာ အံ့ဩလေ ဖြစ်လျက် …
“ဟေ့ … ဒါ နဂိုမူရင်းက ကျောက်တော်ကြီးကို ဖောက်ထွင်း ထားတာလားကွ” ဟု မေးသဖြင့် ကျွန်တော်က လိုဏ်ဂူတော်ကြီး တည်ဆောက်ပုံကို ရှင်းပြရသည်။ သို့ပြောရင်း “တောင်ကိုမဖောက်၊ မြေမှာဆောက်သည်၊ ဘုန်းတောက်သမှု၊ ကိုကြီးနု” ဟူ၍ ကျွန်တော့် စိတ်ထဲမှ ရေရွတ်ခဲ့သေး၏။
အတွင်းသို့ ရောက်သော် ဘကြီးမဲသည် ထက်အောက် ပတ်ဝန်းကျင်ကို တအံ့တဩ ငေးမော ကြည့်ရှုပြီးနောက် ဘာမပြော၊ ညာမပြော ထိုင်၍ ရှိခိုးဦးချကာ သူ ဘုန်းကြီးကျောင်းမှာ နေစဉ်တုန်း ကတည်းက သူရလာခဲ့သော ဘုရားရှိခိုးရှည်ကြီးကို ရွတ်ဆိုပါလေတော့၏။
ပြီးသကာလ ထိုင်ရာမှထပြီး ဟိုနားသည်နား လျှောက်ကြည့်ရင်း ဓာတ်မီး ပူဇော်ရန်၊ ရွှေသင်္ကန်း ကပ်လှူရန်၊ ပိဋကတ်တော် ပြန့်ပွားရေး စသော အလှူခံသေတ္တာ မှန်သမျှ သူ့အိတ်ထဲက ပိုက်ဆံများကို တဂျောက်ဂျောက် ထည့်လေသည်။
လိုဏ်ဂူတော် အပေါက်ဝ ရောက်လျှင် ကျွန်တော်နှင့် ကိုဘိုးကဲက ဘိနပ်များကို ဖျောက်ကနဲ ချ၍ စီးကြသော်လည်း ဘကြီးမဲကား မစီးချေ။
ကမ္ဘာအေး စေတီထဲ ရောက်လျှင် ဘကြီးမဲသည် ပထမဦးဆုံး တွေ့သော ဆင်းတုတော်ရှေ့မှာ ဦးချပြီး ဘုရားရှိခိုးရှည်ကြီးကို ရွတ်ဖတ် ပြန်လေသည်။ ထို့နောက်၌ စေတီ ပတ်ပတ်လည်လျှောက်ပြီး အလှူခံသေတ္တာ မှန်သမျှ ပိုက်ဆံများ ထည့်ပြန်လေသည်။
ကျွန်တော်ကပင် …
“ဘကြီးမဲ သိပ်မလုပ်နဲ့ဦးနော်။ နောက်ဘုရားတွေ အများကြီး ကျန်သေးတယ်။ ဘုရားမှန်သမျှ အလှူခံသေတ္တာတွေ ရှိတာချည်းပဲ။ တော်ကြာ ဟိုဘုရားတော့ လှူတယ်၊ ဒီဘုရားတော့ မလှူဘူးလို့ နတ်တွေက ပြောနေကြဦးမယ် …" ဟု နောက်မိသေး၏။
ကျွန်တော့်မှာ သူတို့ကို ဘုရားစုံ ပို့ရမည်။ ယခု ကမ္ဘာအေးမှ ရွှေတိဂုံ၊ ရွှေတိဂုံမှ ဗိုလ်တထောင်၊ ဗိုလ်တထောင်မှ ဆူးလေ၊ ထိုမှ အချိန်ရှိသေးပါက ကိုးထပ်ကြီး၊ ခြောက်ထပ်ကြီး။
ကျေးရွာဒေသမှ ဆင်းရဲသူ၊ ဆင်းရဲသားတို့သည် ရန်ကုန်မြို့သို့ အင်မတန်မှ ရောက်ခဲလှ၏။ ရောက်တောင့်ရောက်ခဲ ရောက်လာသူတို့လည်း သူတို့အဖို့ အခြား အရေးအခင်းထက် ဘုရားဖူးဖို့က လွန်စွာ အရေးကြီးလှသည်။ ယခု ကျွန်တော် ခေါ်ဆောင်လာသူ နှစ်ဦးအနက် ကိုဘိုးကဲမှာ ငွေကြေး အသင့်အတင့်ရှိသူ ဖြစ်၍ ရန်ကုန်သို့ မကြာခဏ ရောက်ဖူးသည်။ ဘကြီးမဲမူ ခု အသက် ၆၀ ကျော်မှ ကံပေါ်၍ မရောက်စဖူး အရောက်ထူး ရောက်လာသူ ဖြစ်ပေ၏။
သူ ရောက်လာပုံကား …
လွန်ခဲ့သော မတ်လ နွေရာသီက ဖြစ်ပါသည်။ ကျွန်တော်တို့အိမ်သို့ တိုက်ကြက်ဖ ၃ ကောင်နှင့် ကြက်သမား ၆ ယောက် ရောက်လာကြသည်။ ဤ ၆ ယောက်အနက် ကိုဘိုးကဲ တစ်ယောက်သာ ကျွန်တော့် ဝမ်းကွဲဆွေမျိုး ဖြစ်၍ ကျန်လူများကို ကျွန်တော် ယခင်က မသိခဲ့ပါ။ သူတို့သည် နတ်တလင်းနှင့် ပေါင်းတည်က ဖြစ်ကုန်၏။
ဤမြို့တို့တွင် ရှေးယခင်က ဆိုလျှင် လွန်စွာ ကြက်ဝိုင်း ကောင်းခဲ့၏။ ချိန်းဝိုင်းကြီး ဆိုလျှင် ရေနံချောင်း၊ တောင်တွင်းကြီး၊ ပြည်၊ ဆင်မြီးဆွဲ၊ မှော်ဇာတို့မှ လာရောက်ကြ၍ လွန်စွာ စည်ကား၏။ လက်ရင်း ငါးထောင့်ငါးရာ၊ သောင်းတစ်ထောင်ကြေး အထိ တိုက်ကြ၏။ သက်ဆိုင်ရာတို့ကိုလည်း ‘ခွံ့’ ထား၍ စိတ်ချရ၏။ သို့သော် ဗိုလ်ချုပ်ကြီး အစိုးရ လက်ထက်က စ၍ ‘ခွံ့’ မရဘဲ ကြက်ပွဲ သယောင်းခဲ့ရာ ဝိုင်းကောင်းကောင်း မဖြစ်တော့သဖြင့် ကြေးမြက်မြက် တိုက်လိုသူတို့ ယခု ရန်ကုန်မြို့သို့ ရောက်လာကြခြင်း ဖြစ်ပေသည်။
ရန်ကုန် ရွှေမြို့တော်ကြီးကား ပေါက်ရောက်သူတို့ လိမ်မာပါးနပ်စွာ ပြုလျှင် မည်သည့် အမှုမဆို ဖြစ်နိုင်ရကား၊ ကြေးကောင်းသော ကြက်ပွဲ ကြိတ်ဝိုင်းကြီးများ ရှိ၏။ ဒါကိုသိသော ကျွန်တော့် နောင်တော်က လူ ၆ ယောက်နှင့် ကြက် ၃ ဖ, လာလိုကြောင်း၊ ကျွန်တော့်အိမ် ပတ်ဝန်းကျင်မှာ ကြက် ၃ ဖ ကျင်းနိုင်လောက်အောင် နေရာကွက်လပ် ရှိပါလား … ပထမ စာရေး မေးလိုက်သည်။
အခြား လောင်းကစားမှုနှင့် မတူ။ ကြက်သမားတို့ သူတို့ ကြက်ဖများနှင့် တည်ခိုဖို့နေရာ အလွန်လို၏။ တိုက်ကြက်များသည် တိုက်တော့မည် ပြင်ဆင်ထားသော အခါ၌ ခြံလှောင် ကြိုးချည်၍ မဖြစ်တော့။ လွတ်လွတ်လပ်လပ် ရွှင်မြူး ခုန်ပျံနိုင်ဖို့ နေရာ ပေးထားရ၏။
ကျွန်တော် ကိုယ်တိုင် ကြက်သမား ဖြစ်လေရာ ကိုယ်ပိုင်အိုးအိမ် တည်ထောင်သည်မှ စ၍ ဟိုဘက်အိမ် သည်ဘက်အိမ် နံရံသာ ခြားသော မြို့တွင်း ဒေသမှာ မနေတော့ဘဲ တစ်လ အစိတ်တန် အိမ်ကလေးပဲ ဖြစ်ဖြစ် ခြံဝင်းကျယ်ကျယ် ပြန့်ပြန့်နှင့် ကြက်ဘဲ မွေးမြူနိုင်သော မြို့ပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
ယခု ၆ မိုင်က ကျွန်တော့် နေအိမ်မှာ ပေ ၅၀ x ၇၀ ခြံဝင်းကျယ်သည့်ပြင် နောက်ဖေးမှာလည်း ကျွန်တော့်မိတ်ဆွေ ကြက်ဝါသနာအိုးများ နေထိုင်သော ကင်ပွန်းချဉ် ဆူးပုပ်ပင် ခြံကျယ်ကြီး ရှိနေသောကြောင့် ကြက် ၃ ဖမျှမက ၁၀ ဖ ပင် လာနိုင်ကြောင်း စာပြန်လိုက်သဖြင့် သူတို့ ရောက်လာကြခြင်း ဖြစ်ပေသည်။
ကျွန်တော့်အိမ်နှင့် ပတ်ဝန်းကျင် အနေအထားကို ကြည့်ကာ သူတို့ အလွန် သဘောကျကြ၏။
“ဟေ့ … တို့တောလိုပါပဲလားကွ …"
“ကျွန်တော်တောသား တောလိုပဲ နေချင်တော့တယ်ဗျာ … မြို့ထဲမှာ မြို့သားလို ၁၅ နှစ်ကျော် မြို့နေ နေခဲ့ဖူးပြီ”
သူတို့ ကြက်ဖ ၃ ကောင်အနက် တစ်ကောင်ကို ကျွန်တော့် ခြံဝင်းထဲမှာ ကျင်းသည်။ နှစ်ကောင်ကို နောက်ဖေး ခြံရှည်ကြီးထဲမှာ အလယ်က လူစောင့်၍ ဟိုဘက်တစ်ကောင် ဒီဘက်တစ်ကောင် ထားသည်။ ကျွန်တော့်အိမ်က ကြက်ဖကိုမူ သုံးပွဲတိုက်ရာ နောက်ဆုံးပွဲ ရှုံး၍ ဒီနှစ် မတိုက်တော့ပြီ ဖြစ်သဖြင့် အိမ်ပေါ်တင် ကြိုးချည်ထားလိုက်သည်။ လိုက်နေသော ဥလက်စ ကြက်မများကိုကား ‘လစ်လျှင်’ သူတို့ ကြက်ဖတွေနှင့် လိုက်ပစေလေ … မျိုး ရတာပေါ့။ သူတို့ကို ဖိတ်ခေါ်ခြင်း၌ ကျွန်တော့်မှာ ဤရည်ရွယ်ချက် တစ်ခုလည်းပါ၏။ ကြက်သမားတို့ မည်သည် မိမိတို့ ကြက်မျိုးကို အခြားသူတို့ တော်ရုံတန်ရုံ ခင်မင်မှုဖြင့် မပေးတတ်ချေ။ ပေးပြန်လျှင်လည်း မျိုးပွားမည် စိုး၍ ကြက်ဖကိုမပေး၊ ပုံသဏ္ဌာန်အားဖြင့် သူတို့ သိပ်မကြိုက်သော ကြက်ဖကလေးများကိုသာ ပေးတတ်၏။ ကြက်မတစ်ကောင် သားဖောက် ပေးဖို့ကား လွန်စွာ ခဲယဉ်းလှဘိတောင်း။
ကျွန်တော် အထက်တွင် ‘လစ်လျှင်’ ဟူ၍ ရေးခဲ့၏။ ဤသို့ ပြောရခြင်းမှာ ဖော်ပြပါ လူ ၆ ယောက်အနက် ၃ ယောက်မှာ ငွေကြေးလောင်းမည့် ကြက်ပိုင်ရှင်များ ဖြစ်၍ ကျန် ၃ ယောက်မှာ ကြက်စွဲ ကြက်ထိန်းများ ဖြစ်လျက် လူတစ်ယောက်လျှင် ကြက်တစ်ကောင်စီ မျက်ခြည်မပြတ် ထိန်းသိမ်း စောင့်ရှောက် နေကြရသည်။
ဤမျှ ဂရုစိုက်ရသည်မှာ ငွေထောင်သောင်း ချီ၍ စီးပွားဖြစ် ကစားမည့် ကြက်များ ဖြစ်ရကား တစ်ဖက်ရန်သူက အလစ် ဆေးပစ်ကျွေးမှာ ကြောက်ရသည်။ တိုက်ခါနီး အခြားကြက်နှင့် ခွပ်မှာလည်း စိုးရသည်။ ကြက်မနှင့် မလိုက်အောင်လည်း တားမြစ်ရသည်။ ဒါကြောင့် ‘အလစ်’ လို့ ကျွန်တော်က ဆိုသဗျ။
ကြက်သမားများ သူတို့ကြက်ကို ပြုစု ဂရုစိုက်ပုံ ဖော်ပြတော့ မိတ်ဆွေ အံ့ဩလိမ့်မည်။
ကြက်ရှင် ၃ ယောက်သည် ခြင်ထောင် ၃ လုံး ပါလာလျက် ညတွင် ကြက်တစ်ကောင် လူတစ်ယောက်၊ ခြင်ထောင် တစ်လုံးစီနှင့် အိပ်ကြသည်။ ကြက်ကို ခြင်ကိုက် အိပ်ပျက်မှာ အလွန် စိုးရိမ်ရသည်။
ကဲ … ကြက်နှင့်လူ ခြင်ထောင်ထဲ မည်သို့ အိပ်ကြသနည်း။
သူတို့မှာ ကြက်အိပ်တန်းများ ပါခဲ့သည်။ ကြက်အိပ်တန်းမှာ အပေါ် တစ်ဖက်သာ ပွင့်သော ထင်းရှူးသေတ္တာကို သစ်သားနှစ်ဘက် ညှပ်ရိုက်၍ အပေါ်က တန်းတင်ထားသည်။ ထိုတန်းပေါ် ကြက်အိပ်သော အခါ ကြက်ချေးသည် သေတ္တာထဲမှာသာ ကျ၏။
နံနက် မိုးသောက်သော အခါ သူတို့သည် ထင်းရှူးသေတ္တာ တစ်ဖက် ကြက်ကို တစ်ဖက် ပိုက်၍ အိပ်ရာမှ ထကြသည်။
မနက်စောစောတွင် အားကစားသမားများ ရေအဝ သောက်သကဲ့သို့ ကြက်ကို ရေတစ်ဝ ခွံ့ကြရသည်။ ထိုရေမှာ (ရေပြောင်း မြေပြောင်း တစ်ရပ်တစ်ကျေးမို့ ဝမ်းစိမ်းတွေ သွားမည်စိုး၍) ညဥ့်ဦးကတည်းက ကြိုချက်ထားသော ရေကျက်အေး ဖြစ်ရ၏။
ရေခွံ့ ပြီးသောအခါ ကြက်ထိန်းတို့သည် ကိုယ့်ကြက်ကိုယ် ပိုက်ကာ ကိုယ့်နေရာသို့ သွားပြီး ကြက်ကိုလွှတ်၍ ထိန်းကျောင်းကြ၏။
ကြက်တို့သည် တစ်ကျော်ကျော် တွန်၍ တစ်တွတ်တွတ် မြည်လျက် မြေကြီးကို ယက်ဆွဲခြင်း၊ ပြေးလွှား ခုန်တက်ခြင်းဖြင့် မြူးတူးနေကြ၍ တစ်နာရီလောက် အကြာ အိပ်ရာထက ခွံ့လိုက်သော ရေများ စလုတ်ထဲက ကျလောက်သော အခါ၌ သူတို့ဆီမှ အသင့် ယူလာခဲ့သော ထိုကြက်စားနေကျ ဆန်းလုံးတီးကို ကျွေးကြလေသည်။
အတိုင်းအဆနှင့် ကြက်ဝလောက်သော အခါ ရေကိုင်ကြလေသည်။ ရေကိုင်သည် ဆိုသည်မှာ (မိတ်ဆွေ မသိသေးဆိုလျှင်) ကြက်၏ ပေါင်၊ ရင်အုပ်၊ လည်ပင်းတို့ကို ရေဆွတ်၍ လက်ဖြင့် စိစိ စိစိနေအောင် ဖြစ်ညှစ်ခြင်း ဖြစ်၏။ တစ်ရေခြောက်ရင်း တစ်ခါဆွတ်ရင်းဖြင့် ယင်းသို့ ကြာကြာ လုပ်နိုင်လေ ကြက်မာလေပဲ ဖြစ်၏။
သူတို့သည် ကြက်တစ်ကောင်ကို တစ်ခါကိုင်လျှင် နာရီဝက်မျှ၊ တစ်နေ့လျှင် သုံးလေးကြိမ်ထက် မနည်း ဤသို့ လုပ်ပေးကြသည်။ နေ့လယ်ပိုင်း အလွန် ပူပြင်းသော အခါမှာ ကြက်ကို ရေစိမ်ကြသည်။
သူတို့တွင် ရေအင်တုံ တစ်လုံးလည်း ပါကြသည်။ ထိုအင်တုံထဲ ကြက်ကို မတ်တတ် ရပ်စေလျှင် ရင်ဘတ် ထိလောက်သော ရေကို ထည့်၍ ကြက်ကို နှစ်ထားလေသည်။ သူတို့ ကြက်များမှာ စိမ်နေကျ ဖြစ်နေသဖြင့် လူက ကိုင်ထားစရာပင် မလို၊ ထည့်ထားလိုက်လျှင် လူက ချမပေးမချင်း သူ့ဟာသူ နေတော့သည်။
ကြက်သည် ရေအလွန် ကြိုက်သော သတ္တဝါ ဖြစ်၏။ ဤကဲ့သို့ ရေနိုင်အောင် ကိုင်ထားသော ကြက်သည် မည်မျှပင် ပင်ပန်းအောင် ခွပ်ရသည် ဖြစ်စေ၊ ကောက်ကိုင်၍ ရေနှင့် တွေ့ထိလိုက်ရလျှင် ခဏအတွင်း အမောပြေ လေတော့သည်။
သူတို့သည် ကြက်ကို အိပ်တန်း တင်ခါနီး၌ စလုတ်ပြည့် တစ်ကြိမ် ကျွေး၏။ နေ့လယ်ခင်းတွင်မူ ရေအင်တုံထဲ နာရီဝက်မျှ စိန်အပြီး၌ ဆန် အနည်းငယ်နှင့် ငှက်ပျောသီးမှည့်ကို ကျွေးသည်။ ကြက်သည် ငှက်ပျောသီး ကြိုက်၏။ ငှက်ပျောသီးသည် ကြက်ကို အင်အား ဖြစ်စေ၍ သက်လုံ ကောင်းစေ၏။ ကြက်ကို တိုက်တော့မည် ဆိုလျှင် စလုတ်ထဲ၌ အစာ မများစေရ။ သင့်လျော်ရုံမျှ ကျွေးထားရလေရာ တစ်ခါတစ်ရံ ၄ ၅ နာရီကြာ ခွပ်ရသော ပွဲများတွင် စားထားသော အစာကုန်၍ ဝမ်းဗိုက် ဟာသော အခါတွင် ငှက်ပျောသီး ကျွေးနေကျ ဖြစ်ပါက ငှက်ပျောသီး လက်တစ်ဆစ်မျှ ခွံ့လိုက်ခြင်းဖြင့် အားအင်ပြည့်ဖြိုး လာတတ်ပေသည်။ ငှက်ပျောသီး စားလေ့ မရှိသော ကြက်ဖြစ်မူ ထမင်းကို ဝါး၍ ခွံ့ရ၏။
အောင်မာ … ကြက်တစ်ပွဲ ၄ ၅ နာရီကြာအောင် ခွပ်တယ်ဆိုတော့ အံ့ဩသွားသလား မိတ်ဆွေ။ အချို့ တကယ့်ထိပ်သီး ကြက်ကြီးချင်း တွေ့ကြသောအခါ တစ်ခါတစ်ရံ မနက် ဆယ်နာရီလောက် လွှတ်လိုက်တာ ထိုနေ့နှင့် မပြီး ညမှောင်တွင် ကောက်ထားကာ နောက်တစ်နေ့ မနက်မှာ ဆက်တိုက်ရသော ဝိုင်းမျိုးလည်း ရှိတတ်သေး၏။
တိရစ္ဆာန် အမျိုးတွင် တိုက်ကြက်သည် ဇွဲသတ္တိ အကောင်းဆုံး ဖြစ်၏။ တကယ့် မျိုးမှန်သော တိုက်ကြက်သည် မိမိက မခွပ်နိုင်တော့ပြီ။ ရှုံးနေမှန်း သိပါလျက် ထွက်မပြေး ခေါင်းမရှောင် ညှောက်မထိုးဘဲ တစ်ကောင်ကြက်က တစ်ဖက်သတ် ခွပ်နေသည်ကို ဗုန်းဗုန်း လဲသေသည်အထိ ငုတ်တုတ် ခံနေသော သတ္တိရှိ၏။ ထို့ကြောင့် ရာဇောဝါဒကျမ်း၌ ဘုရင်တို့အား စစ်တိုက်ရာတွင် ကြက်ကဲ့သို့ ရဲရင့်သတ္တိ ရှိရမည်ဟု ကြက်ကို စံတင်ရ၏။
လူတို့သည် မြင်းစီး၊ ဓားခုတ်၊ လှံထိုး စသည့် တိုက်ခိုက်မှု ပညာကို ဆရာသမားထံ သင်ကြား၍ ယူရ၏။ ကြက်မှာ ခွပ်နည်း ခွပ်လမ်းကို မျိုးရိုးဗီဇက လာခဲ့၏။ တိုက်ကြက်မျိုးနှင့် တိုက်ကြက်မျိုး မဟုတ်သော (ခွပ်နည်းပညာ ပါသော၊ မပါသော ကြက်နှစ်ကောင် ခွပ်လျှင် သိုင်းပညာ တတ်သူနှင့် မတတ်သူ သတ်ပုတ် နေသည်နှင့် တူလေသည်။)
တိုက်ကြက် အမျိုးတို့တွင် ခွပ်လမ်းပညာ အမျိုးမျိုး ရှိ၏။ ကြက်နင်း၊ ကြက်ထိုး၊ ကြက်စောင့်၊ ကြက်ထိုင်၊ ကြက်ပစ်၊ ကြက်တတ်၊ ကြက်ဖျက်၊ ကြက်ရှုပ်၊ ကြက်ဆုတ်ခွပ်ပစ်။ အဲဒါ စကားကြီး ဆယ်ခွန်းမှာတောင် ပါတယ် မဟုတ်လား။ ကြက်ခွပ်လမ်းတွေကား များပြားလှ၏။ ကျွန်တော် သိသမျှ ရေးပြလျှင် စာဖတ်သူများ (ကြက်သမား မဟုတ်လျှင်) နားလည်လိမ့်မည် မဟုတ်။ ထို့ကြောင့် လိုရင်းစာ ချုပ်ရသော် ယခု ကျွန်တော်တို့အိမ် ရောက်နေသော ထောင်သောင်းချီ၍ တိုက်မည့် ကြက်များကား၊ ခွပ်လမ်း မျိုးစုံတတ်အောင် ကြက်မျိုးစံနှင့် သေသေချာချာ ရွေးချယ် စီစဉ်ထားသော ကြက်များတည်း။ အချို့သာမန် ကြက်သမားတို့သည် ကြက်ကို တစ်လမ်းကောင်းနှင့် ကိုင်ကြ၏။ ဤတစ်လမ်းကောင်း ကြက်သည် သူကခွပ်ပေါက် ရလျှင်ရ၊ မရလျှင် တစ်နည်း မခွပ်တတ်တော့ပြီ။ ဆေးတစ်လက်ကိုင် ဆရာသို့နှယ်တည်း။
ပညာစုံတတ်သော ကြက်ခွပ်ပုံကား အလွန် ကြည့်ကောင်းသည်။ တစ်ဖက်ကြက် ဘယ်လောက် တတ်သည်ကို သူ နည်းအမျိုးမျိုး စမ်းကြည့်သည်။ အဲ … ဟိုဖက်ကြက်၏ ပျော့ကွက်ကို တွေ့သောအခါ သူသည် ဤအကွက်ကို ရအောင် ခွပ်လေတော့သည်။ သူ့ကိုယ်မှာ သွေးတစ်ပေါက် မစွန်းဘဲနှင့် အနိုင်ရအောင် ခွပ်နိုင်၏။ ကဲ … အခု ကျွန်တော့်အိမ် ရောက်နေသော ကြက်များသည် မျိုးရိုးလည်းကောင်း၊ ပညာလည်း စုံပါပြီ။ လူအပြုအစုလည်း ဆိုစရာ မရှိတော့ပြီ။ သို့သော် ကြက်တိုက်ရာမှာ ဘာတစ်ခု လိုနေပါသေး သလဲတဲ့၊ ကြက်ပွဲမှာ အရေးအကြီးဆုံးသည် ကြက်စွဲ။
ကြက်စွဲသည် မိမိကြက် ဒဏ်ရာရလျှင် သက်သာအောင် ကုနိုင်ရမည်။ အကြောထိသွားလျှင် ပြေအောင် ဖြေနိုင်ရမည်။ မိမိကြက်ကို အားပေးနိုင်ရမည်။ ထို့ပြင် ကိုယ့်ကြက်၏ အခြေအနေကို သိတတ်ရမည်။ ပူးသင့်လျှင် ပူးပေး၊ ခွာမှကောင်းလျှင် ခွာအောင်လုပ်။
လူတို့ လက်ဝှေ့ ထိုးရာတွင် တစ်ချီ ဘယ်လောက်ကြာဟု အချိန်နှင့်၊ ကြက်မှာ အချိန်မရှိ။ အချင်း ၁၀ တောင် (သို့မဟုတ်) ၁၂ တောင် စည်းဝိုင်းထားသည်။ အလယ်တည့်တည့်မှ နှစ်ကောင်သား လွှတ်၍ ခွပ်လိုက်ကြရာ တစ်ကောင်ကောင် စည်းအမြီးထောက်၊ (သို့မဟုတ်) အပြင်ရောက်သွားလျှင် ကောက်ကု အမောဖြေနိုင်၏။
ယင်းကြက်စွဲသည် မိမိကြက် အခြေအနေကို သိရမည်။ ငါ့ကြက်သည် ဝိုင်းထဲမှာ ကြာကြာခွပ်နေရလျှင် ကောင်းသလား။ သို့မဟုတ် ခဏခဏ ကောက်ပြီး အမောဖြေ ကုပေးရလျှင် ကောင်းမည်လား။ ဝိုင်းထဲကြာမှ ကောင်းလျှင် နှစ်ကောင် စည်းမရောက်အောင် လုပ်ရမည်။ ကောက်ကုမှ ကောင်းလျှင် မြန်မြန် စည်းပြင်ရောက်အောင် ထုတ်နိုင်ရမည်။
ဤပညာသည် အလွန်ခက်၏။ ဝိုင်းထဲ ကြက်နှစ်ကောင် ခွပ်နေစဉ် ကြက်စွဲသည် မိမိကြက်ကို မထိရ။ လေမှုတ် ပေးနိုင်သည်။ ရေပက် ပေးနိုင်သည်။ သို့သော် ထိုရေ - ထိုလေသည် တစ်ဖက်ကြက်ကို မထိစေရ။ ထို့ကြောင့် ရေပေးရင်၊ လေပေးရင် မိမိကြက် နံဘေးမှ လည်းကောင်း၊ နောက်မှ လည်းကောင်း ဖားကဲ့သို့ ဝပ်ကာ လေးဘက်တွားလျက် ကိုယ့်ကြက် လိုရာသို့ ရောက်အောင် ကိုယ်ဟန် လက်ဟန်ဖြင့် ပို့ပေးရသည်။ ကြက်စွဲကောင်းတို့ မည်သည် အာဝဇ္ဇန်းလည်း ရွှင်လှ၏။ သူသည် သူ့ကြက်ကို စကား တတွတ်တွတ် ပြောလျက်ရှိလေသည်။
ဥပမာ မိမိကြက်က ခံလိုက်ရသည် ဆိုဦးတော့ …
“အောင်မယ်လေး … သား မှားသွားသကိုး။ သည်လို မမိုက်နဲ့ အဲ … အဲ … ဟုတ်ပြီ ဆုတ် … ဆုတ် အဲလို သတ်ချလိုက်၊ အောင်မလေးဟဲ့ … လူမမြင်ဘူးနော်။ လာခဲ့ … လိုက်ခဲ့၊ လိုက်လေ ကြိုက်လေ၊ လိုက်လေ ကြိုက်လေ၊ ဖြုတ်စမ်း ဖြုတ်စမ်းဟာ … ငါ့သားနှယ်၊ သူများက ဦးသွားပဟေ့၊ ကဲ … ဒါလောက်တော့ ခံနိုင်ပါတယ်ကွာ … ကျားဘသားပဲ” စသည်ဖြင့် မိမိကြက်က အရေးမလှလည်း အားပေးလျက် ကိုယ့်ကြက်က သာလျှင်မူကား အထူး ပြောဖွယ်မရှိ။
“ငါ့သားက လုပ်လိုက်ရင် ဒီလိုချည်းပဲကွ။ ကြည့်လေ - ကြည့်လေ ဟဲ … ဟဲ ဖြေးဖြေး လုပ်ပါကွယ့်။ ရွှေပွဲလာများ ကြာကြာ ကြည့်ရအောင် အောင်မယ်၊ ဒါမျိုးတော့ ကြိုက်ပေါက်ပေါ့။ အောင်မယ်လေး ဒီလို ကြိုက်ပေါက်မျိုး ခွပ်လိုက်ရရင်နော် …၊ (တစ်ဖက်ကြက်စွဲသို့ လှမ်း၍) ကိုယ့်လူ မျိုးလိုချင် ကောက်ထားနော်၊ တော်ကြာ ခေါင်းပြုတ်သွားလို့ ဟင်းတစ်ဖတ် လျော့နေဦးမယ်”
ဤတွင် ဟိုဘက် ကြက်စွဲကလည်း …
“ကိုယ့်ဆရာ မထင်နဲ့နော် … ဟော ဒီကြက်မျိုး ဓားမရေကျမျိုး၊ နို့ပြီး ဓားမရေပေါ် ပေါ်တတ်တယ်။ ဒီလိုနဲ့ အောက်ကြေးက စားတာ များလှပြီ။ တော်ကြာ နိုင်ရာက ရှုံးတော့မှ အောင်မလေး တစ်သက်တော့ ကြက်နဲ့ ပြတ်ပါပြီဗျ ဖြစ်သွားမယ်နှော …"
ကြက်စွဲ နှစ်ယောက်စလုံး အာဝဇ္ဇန်း ရွှင်လျင် ထိုကြက်ပွဲသည် အလွန် ကြည့်ကောင်း၏။ ရှုံးသည်တိုင်အောင် ပျော်ပျော်ရှုံးရ၏။
အချို့က လောင်းကစားခြင်းတွင် ရှုံးတာ၊ နိုင်တာ ပဓာနမဟုတ် (Thrill) စိတ်လှုပ်ရှားမှု ခံစားလို၍ဟု ဆိုကြ၏။ ဤအရသာ ခံစားလိုမှု လူ့ပြည်၌ ကြက်ပွဲသည် အကောင်းဆုံး ဖြစ်၏။ ကြက်ပွဲသည် နာရီပေါင်း များစွာလည်း ကြာတတ်၏။ ဤအတွင်း ကြွေတစ်လက် ကြက်တစ်ခုန် ဆိုသည့်အတိုင်း တစ်ပြန်စီ ခွပ်နေပုံမှာ လောင်းကစားသူ အမှန်ပင် စိတ်လှုပ်ရှားပါ၏။ ကြက်စွဲ နှစ်ယောက်စလုံး အာဝဇ္ဇန်း ရွှင်ဘိမူ၊ သူတို့နှစ်ယောက် အောက်ကျမခံ အချီအချ ပြောနေသည်ကို နားထောင်ရင်း သင်သည် စိတ်လှုပ်ရှားလျက် ရယ်မော နေရပေမည်။
ထို့ပြင် ကြက်စွဲတို့မည်သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းလည်း ရှိရ၏။ ပရိယာယ်လည်း ကြွယ်ရ၏။ ဥပမာ မိမိကြက်က အရေးနိမ့်နေသဖြင့် ကုတာ ကြာနေ၍ တစ်ဖက်က ခေါ်နေအံ့၊ အချိန်ကြာစွာ ရအောင် နည်းပရိယာယ် သုံးတတ်ရမည်။ ဟိုဘက်က အပေါ်စီး ပြောသည်ကို သည်းခံရမည်။
ကြက်ပွဲတွင် ကြက်စွဲက အရေးကြီးလှ၏။ ကြက်အကောင်ချင်း တူလျှင် ကြက်စွဲ သာသည့်ဘက်က နိုင်တတ်၏။
ယခု ကျွန်တော့်အိမ် ရောက်နေသော ကြက်သမားတို့ ကြက်စွဲကောင်း အဖြစ်နှင့် ခေါ်လာခဲ့သူကား ဤဇာတ်လမ်း အစ၌ ကျွန်တော် ဘုရားဖူး လိုက်ပို့နေသော အသက် ၆၀ ကျော် ဘကြီးမဲ ပေတည်း။
* * *
ကျွန်တော့် နောင်တော်များသည် ယခင်ကပင် ရန်ကုန်က ကြက်သမားများနှင့် အဆက်အသွယ် ရှိသည်ဖြစ်၍ ကျွန်တော့်အိမ် ရောက်ပြီး နောက်တစ်နေ့မှာပင် ကြက်သမားများ လာရောက်ကြကာ ကြက်များကို ကြည့်ကြသည်။ တိုက်လိုသည့် ကြေးကိုမေး၍ ရွယ်တူ ကြက်များကို ရန်ကုန် ပတ်လည်ရှိ ကြက်သမားတို့ ထံတွင် ရှာကြလေသည်။ ရန်ကုန် ပတ်လည်ရှိ ကြက်သမား ရွာများမှာ တံတားလေး၊ ကျောက်ဝိုင်း၊ သိမ်ကျောင်း၊ ကျောက်ချောင်းတို့ ဖြစ်၏။
၃ ရက်မြောက် နေ့၌ ကြက်ဒိုင် လုပ်သူသည် နံနက်စောစီး မော်တော်ကား လွှတ်၍ ခေါ်သည်။ ကျွန်တော် အပါအဝင် လူ ၃ ယောက် ကြက်သုံးကောင်နှင့် လိုက်သွားကြလေသည်။
အရေးကြုံသော် ဝိုင်းထဲ ငွေမမိအောင် ငွေများကို ကြက်ဒိုင်အိမ်မှာ ထားခဲ့ပြီး ကြက်ဝိုင်းလုပ်မည့် နေရာသို့ သွားကြသည်။ ကျွန်တော်တို့သည် (၈) နာရီလောက် ရောက်နေကြ၍ တစ်ဖက် လူများက မလာကြသေး၊ ခပ်ဝေးဝေးမှ ဖြစ်သည်။ သည်းခံ စောင့်ကြပါရန်။
ကိစ္စမရှိ၊ ကြက်သမားတို့ မည်သည် ကြက်ဝိုင်း ဖြစ်မည်ဆိုလျှင် ကိုလူပျို ရည်းစား စောင့်သကဲ့သို့ စောင့်မည်တည်း။
၁၀ နာရီလောက်မှ ဟိုဘက်လူများ၊ ဂျစ်ကား ၃ စီး၊ ကြက်ဖ ၃ ကောင်နှင့် ရောက်လာကြ၏။ ရောက်တယ်ဆို သိပ်မဆိုင်း နိုင်ကြပါ။ ကြက်သုံးကောင်ချင်း ချဆွယ်လိုက်သည်။ နှစ်ကောင်ချင်း တစ်ဘက်နှင့် တစ်ဘက် မငြင်းနိုင်လောက်အောင် အံကိုက်ဖြစ်နေ ပေတော့သည်။
ကြက်သမားများသည် ကြက်တိုက်ရာ၌ လွန်စွာ လွန်စွာ တရားမျှတ၏။ အလုံးချင်း၊ ဒေါက်ချင်း၊ အလျားချင်းသာမက၊ အသက်၊ အတက် အတိုအရှည်၊ ခွပ်သား အနုအရင့်၊ လည်ကိုင်း အနိမ့်အမြင့်ပါ တိုင်းကြသည်။ အချို့ အံကိုက် မရလျှင် တစ်ခုနှင့် တစ်ခု ထေရ၏။ ဥပမာ - ဒီကြက်က ဒေါက်စား၏၊ သို့သော် ဟိုကြက်က အလုံးနည်းနည်း ပိုကြီးသည်။
ကျွန်တော်တို့ ကြက်သုံးဖ၏ နာမည်မှာ မင်းသားကြီး၊ ကျား၊ ရွှေဝါ ဖြစ်ရာ မင်းသားကြီးနှင့် ဟိုဘက်က ပြာနီ (နာမည်မဟုတ် အမွေးရောင်) နှင့် လည်းကောင်း၊ ကျားနှင့် ဖောင်းစိမ်း တစ်ကောင်နှင့် လည်းကောင်း တိုက်ရန် သဘောတူကြပြီ။
ကဲ … ဘယ်အတွဲ စလွှတ်မည်နည်း။
“ကျုပ်တို့ ပေါင်းတည် ဘက်ကတော့ ဘယ်ကြက်ပဲ လွှတ်ရ၊ လွှတ်ရဗျို့။ ခင်ဗျားတို့ ဘက်ကသာ ဆိုပါ”
သူတို့သည် တီးတိုး တီးတိုးနှင့် တိုင်ပင်ကြပြီးနောက် …
“ဖောင်းစိမ်းကို လွှတ်မယ်ဗျို့ …"
ထို့ကြောင့် ဘကြီးမဲသည် အင်္ကျီကိုချွတ်၍ ခါးတောင်းမြောင်အောင် ကျိုက်ကာ ကျားကို ကိုင်လေပြီ။
“ဆယ်တောင်စည်းလား၊ ဆယ့်နှစ်တောင်စည်းလား” ကြက်ဒိုင်က မေး၏။
“ဒီနှစ်ကြက်လား ကလေးတွေပဲဗျာ၊ ၁၀ တောင်စည်းပေါ့”
မင်းသားကြီးနှင့် ရွှေဝါမှာ မနှစ်က ကြက်များဖြစ်၍ နှစ်ခါလည်သား၊ ကျားမှာ ဒီနှစ်မှကြက် တစ်နှစ်သား။ ဒါကြောင့် သူတို့ကို ခဏနှင့်ကောက် အမော ဖြေနိုင်ရန် စည်းကျဉ်းရ၏။
“ကဲ … ကြေး ဘယ်လောက်တုန်း”
ဒိုင်ကမေး၍ ကျွန်တော်တို့ ပေါင်းတည်သားက “ခင်ဗျားတို့ဘက်က ရသလောက် စုလိုက်” ဟု ဝံ့ကြွားစွာ ပြောလိုက်၏။
သူတို့သည် စာရင်းအင်းနှင့် လူနှစ်ဆယ် အစိတ်လောက် စုထည့် လိုက်ကြပြီး။
“၃၂၂၃ ကျပ်”
ဒီ ငွေအရေအတွက်ကို အံ့ဩသလား မိတ်ဆွေ၊ ကြက်လောင်းကြေး ထုံးစံ ငွေတစ်ရာကို တစ်ဆယ် ကောက်သဖြင့် လောင်းသူသည် ၁၁၀ ကျပ်၊ ၅၅ ကျပ်၊ ၁၁ ကျပ်၊ ၅ ကျပ်ခွဲ စသည်ဖြင့် ထည့်ရ၏။
ဤငွေ ၃၂၂၃ ကျပ်မှ အကောက်က ၂၉၃ ကျပ်၊ ကြက်ဒိုင်တို့ မည်သည် နှစ်ဘက် ကောက်ယူခြင်း ဖြစ်၍ ဤပွဲမှ ဒိုင်လုပ်သူ ၅၈၆ ကျပ် ရချေမည်။
သူတို့ဘက်က လောင်းကြေး ပြောလိုက်တော့ ကျွန်တော်တို့ဘက်က -
“ဟာ၊ နည်းလိုက်တာဗျာ - ၅၅၀၀ ကျပ်မှ မပြည့်ဘဲ”
သူတို့ကလည်း အောက်ကျမခံ။
“ဒါလက်ရင်း ရှိပါသေးတယ်ဗျာ လက်ဖျား စောင့်ကြည့်ပါဦး”
နောက်ထပ် လောင်းတာကို လက်ဖျားဟု ခေါ်သည်။ လက်ဖျား လောင်းကြေး မှတ်ရန် ကြက်ဒိုင်၏ စာရေးက စားပွဲတစ်လုံး၊ စာတစ်အုပ်နှင့်။
မကြာမီအတွင်း၌ ကြက်ဝိုင်း စည်းကမ်းများကို ပြောပြီးနောက် နဂါးလှည့်၊ နတ်နေ၊ လာဘ်နေ ရွေးကြပြီး ကြက်နှစ်ကောင် လွှတ်ကြလေပြီ။
ဘကြီးမဲမှာ နာမည်နှင့် လိုက်အောင် အသားကမဲမဲ၊ အင်္ကျီဗလာ၊ ခါးတောင်းကျိုက် ကျားကျား၊ ထိုးကွင်းများနှင့် ဖြစ်ပြီး ကြက်နောက်က ဖားထိုင်, ထိုင်ရလေတော့ တကယ့် ဖားကြီးနှင့် တူလှပေတော့သည်။
ဟိုဘက်က ကြက်စွဲမှာလည်း အဘိုးကြီး၊ ဘကြီးမဲထက် မငယ်ချေ။ ကြက်စွဲတို့မည်သည် အသက်ကြီးလေ … သဘာရင့်လေ … ကောင်းလေတည်း။
လွှတ်လိုက်၍ သုံးလေးခုန် ခုန်ပြီးလျှင်ပင် ကျွန်တော်တို့ဘက်မှ လက်ဖျား ခေါ်တော့၏။
“ပေါင်းတည်ကြက်က လက်ဖျား ရှိသတဲ့ဗျို့ …"
ကြက်ဒိုင် စာရေးက ကြွေးကြော်လိုက်၏။
ငွေတစ်ရာ ရောက်လာသည်။ စာရေးအပြင် ကျွန်တော်ကပါ လက်ခံကြောင်း စာတစ်ရွက်ဖြင့် မှတ်ရ၏။ ကြက်ဝိုင်းနား ထိုင်နေသော ကျွန်တော်တို့ လူက သူလက်ညှိုး ထောင်ထားသမျှ လာသမျှ ကြေးလက်ခံ။
သို့သော် လက်ဖျားတစ်ရာ အပြင် နောက်ထပ် မလာတော့ပြီ။ လွှတ်ကတည်းက ပေါင်းတည်ကြက်က ခွပ်လမ်း သာနေ၏။
သူတို့ကြက်မှာ တစ်လမ်းကောင်း ကြက်ထိုးကြက်တက်၊ ကျွန်တော်တို့ ကျားက သူ့ အထိုးအတက်ကို အားလုံး ဖျက်နိုင်ရုံမက ဆီးဆီးပြီး ဆိုင်လိုက်၊ ရောလိုက်၊ ရှောင်လိုက်ဖြင့် သူတို့ကြက်သာ နာလေတော့သည်။
ဆိုင်သည်၊ ရောသည် ဆိုသည်မှာ တစ်ဖက်ကြက်က ခုန်တက် လာသောအခါ သူ့နည်းတူ ရောထွေး ခုန်လိုက်ပြီး ခြေထောက်နှင့် တွန်းကန် ညှပ်ခုတ် ပစ်လိုက်ခြင်းကို ခေါ်သ်ည။
ရှော်သည် ဆိုသည်ကား တစ်ဖက်ကြက် ပျံတက်အလာကို ဆီး၍ တွန်းလှန်ပစ်ခြင်း ဖြစ်သည်။
ဤသို့လျှင် တစ်ဖက် ကြက်အတက်ကို ကျားက ဆီးရောလိုက်၊ ဖမ်းရှောင်လိုက် လုပ်ခြင်းဖြင့် ဟိုကြက်ခမျာ မသက်သာတော့ပြီ။ ရင်ဘတ်နှင့် ကျလိုက်၊ ဖင်ထိုင်အဆီဗူးနှင့် ကျလိုက် ဖြစ်နေတော့၏။
သူတို့ကြက်သည် တက်၍ မရမှန်းသိလျှင် ခွပ်လမ်း ပြောင်းပါတော့လား၊ မပြောင်းချေ။ ထို့ကြောင့် ဒီကြက်ကို ကျွန်တော်က တစ်လမ်းကောင်းကြက်ဟု ပြောခြင်းဖြစ်သည်။ သူ့တစ်လမ်းကောင်း သူ့ခွပ်ပေါက် ရလျှင်လည်း ခဏလေးနှင့် နိုင်အောင် ခွပ်မည့် ကြက်တည်း။
သို့သော် ပေါင်းတည်ကျားက ပညာစုံလှပါ၏။ ယခုအချိန်အထိ ၁၅ မိနစ်မျှ အကြာ စည်းဝိုင်းရောက်၍ တစ်ရေ ကောက်ပြီးသည့်တိုင် ကျားသည် သူ့ကြိုက်ပေါက် တစ်ချက်မျှ မခွပ်ရသေးချေ။ ဟိုက အတက်ကို ဆီး၍ ဆီး၍ ဖျက်နေတုန်း ဖြစ်၏။
ကျားသည် ကြက်ပစ်ကောင်းသူ ဖြစ်၏။
ဟော … ပစ်လိုက်ရပါပြီ။
ဒုတိယအချီ လွှတ်၍ ငါးမိနစ်မျှ အကြာ ဟိုကြက်က တက်အလာ၊ ဆီးရောလိုက်သဖြင့် ဖင်ထိုင်ကျ၍ ပြန်အထ ခြေမပြင်ရမီ အတောင်ကားကားနှင့် တစ်စောင်းကလေး နေတုန်း ခြေစုံထိုးပစ်လိုက်ရာ အတောင်ခွကြား မှန်လေ၏။ ဟိုကြက်ခမျာ အတောင်သွင်သွင် ကျိုးရှာလေပြီ။
ကြက်ဝိုင်းထုံးစံ အတောင်ကျိုး၊ ပေါင်ကျိုး၊ စုံလုံးကန်း၊ ခွပ်ဘက်မရ အရှုံးပေးရသည် ဖြစ်သောကြောင့် ဤမျှနှင့် ကြက်ဝိုင်း ပြီးပါလေသတည်း။
သူတို့ဘက်က လူများမှာ စုတ်တသပ်သပ်နှင့် “ငါ့သားရယ် ဖြစ်မှဖြစ်ရလေ … ဖြစ်မှဖြစ်ရလေ …" ဟု ညည်းညူကြ၏။ သူတို့ကြက်သည် ယခင်က ငါးပွဲတောင် နိုင်ထားပြီးသားတဲ့။ တစ်ပွဲ တစ်ပွဲ ခဏလေးပဲ ခွပ်သတဲ့။ ယခု ကျားက သူ့အား မိနစ် ၂၀ မျှနှင့် အဆုံးသတ်ပစ် လိုက်လေသည်။
သူတို့ဘက်က သူများသည် ခြေကုန်လက်ပန်း ကျ၍ သက်ပြင်းကြီးများ ရှူကြကုန်၏။
ဤတွင် ဒိုင်က “ကဲ … နောက်တစ်ပွဲ လွှတ်ကြဖို့ လုပ် …”
သို့သော် … သူတို့မှာ ငွေ သိပ်မရှိတော့ပြီ။ ဟိုတစ်စု၊ သည်တစ်စု ရုတ်ရုတ် ရုတ်ရုတ်နှင့် တွတ်ထိုးကြပြီးနောက် ၃၃၀ ကျပ်လောက်ပဲ တိုက်နိုင်တော့မည်ဟု ဆို၏။ ဒီတော့ ကျုပ်တို့ပေါင်းတည်၊ နတ်တလင်းသားများက “ငွေလေး ၃၀၀ ကျပ်လောက်နဲ့ ကြက် အပင်ပန်းခံလို့ဗျာ …"
ဤပွဲတွင် ကျွန်တော်သည် ကြက်အကောင်းကို တွေ့လိုက် ရပါသော်လည်း ကြက်စွဲ၏ ပညာကို မမြင်လိုက်ရပါချေ။ ဘကြီးမဲမှာ ဘာမျှ မလုပ်လိုက်ရ၊ ဘာအာဝဇ္ဇန်းမှလည်း မရွှင်လိုက်ရ၊ ဟိုကြက်ကို ကျားက ဆီးဆိုင်လိုက်၊ ရောလိုက် လုပ်သောအခါ၌ “အဲ … ဟုတ်တယ် သား၊ ဟုတ်ပြီ သား” လောက်နှင့်ပင် ကိစ္စပြီးရလေသည်။
ဘကြီးမဲသည် ကြက်ဝိုင်း အပြီး၌ ခါးတောင်းကျိုက် ဖြုတ်ရင်း …
“လခွီးတဲ့ အားနာဖို့ ကောင်းရော …"
* * *
နောက်တစ်နေ့ နံနက်၌ ဘကြီးမဲသည် ငါ့ဘုရားလိုက်ပို့တော့ဟု ဆိုလေသည်။ ကျွန်တော့်နောင်တော် ကိုဘိုးကဲမှာ ဘုရားတွေ ရောက်ဖူးသည်ဟု ဆိုသော်လည်း ရေရေလည်လည် သွားတတ်သည် မဟုတ်သောကြောင့် ကျွန်တော်က ခေါင်းဆောင်ခေါ်ငင်ခဲ့ရာ ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်တို့ ကမ္ဘာအေး စေတီတော်သို့ ရောက်နေကြပေပြီ။
ထိုမှ ကျွန်တော်တို့သည် ဘတ်စ်ကားဖြင့် ရွှေတိဂုံ စေတီတော်သို့ လာခဲ့ကြသည်။ ဗဟန်းစောင်းတန်းမှ တက်ကြရာ အလယ်ပစ္စယံ ရောက်သည်၌ ကျွန်တော်က …
“ဘကြီးမဲ မမောဘူးလား နားဦးလေ …"
“အောင်မယ် … မင်းတို့ နွားပျိုသန်လှ နွားအို ပေါင်ကျိုးပါကွာ” ဆိုပြီး ဆက်တက်သွားသဖြင့် ကျွန်တော်တို့မှာ သူ့နောက်က လိုက်ကြရလေသည်။ စင်စစ် မောသူကတော့ ကျွန်တော်ပါ။ အရှေ့မုခ် ရောက်သည်၌ ကျွန်တော်မှာ ဝတ်မျှ မဖြည့်နိုင်ဘဲ ပစ်ထိုင်လိုက်ပြီး ဦးထုပ်နှင့် ယပ်ခတ်နေရသည်။
ဘကြီးမဲကမူ ဣနြေ္ဒမပျက် သူ့ ဘုရားရှိခိုးရှည်ကြီးကို ရွတ်ဆိုလေသည်။ ထို့နောက် အနီးရှိ အလှူခံ သေတ္တာများထဲသို့ ကျပ်တန်၊ ငါးကျပ်တန်များပင် ထည့်လေသည်။
ကျွန်တော် အံ့ဩမိကာ …
“ဘကြီးမဲက တော်တော် ချမ်းသာသလားဗျ …"
ကျွန်တော့် နောင်တော်ကို တီးတိုးမေးမိရာ …
“ဘယ်က ရှိရမှာလဲကွာ … ဒီပိုက်ဆံကလေး တောင်မှ တို့က သူ့ကို ကြက်စွဲခ ပေးလို့”
“ဟုတ်လား …"
ဘကြီးမဲ စေတနာကား အထွတ်အထိပ်သို့ ရောက်နေပေပြီ။
ယင်းအခိုက် ကျွန်တော့်အိမ် နံဘေးက အဒေါ်ကြီးသည် သူ့အဖော် တစ်သိုက်နှင့် ရောက်လာကာ ကျွန်တော့် မြင်လျှင် …
“အော … ကိုသော်တာလည်း ဘုရားဖူးလာသကိုး” ဟု ပြောရင်း ကိုဘိုးကဲနှင့် ဘကြီးမဲတို့ကို တွေ့သွားသည်နှင့် “အော … တောက ကြက်သမားတွေ ဘုရား လိုက်ပို့တာကိုးကွယ့် … သာဓုကွယ် သာဓု ဒီလိုလည်း ငရဲလူတွေ ကယ်ဦးမှပေါ့ကွယ့်”
အဒေါ်ကြီးက တောသားတွေ ရယ်လို့ ဘာမျှ ဂရုမစိုက်ဘဲ သူပြောချင်ရာ ပြောပြီး ကျော်လွန်သွားသည်၌ ဘကြီးမဲမှာ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ကျွန်တော့် နောင်တော်အား …
“ဘိုးကဲရာ ငါ ရှက်လိုက်တာကွာ … ငါ့မျက်နှာသာ ဓားနဲ့လှီးပစ် ချင်တော့တယ်ဟေ့ …"
ကျွန်တော်ပင် ဘကြီးမဲကို အားနာမိလျက် …
“ဟုတ်ပါ့ဗျာ … ဒီမိန်းမကြီးနှယ် အပြောအဆို ပက်စက်ပါပေ့”
သို့သော် ဘကြီးမဲမှာ …
“သူ့ကို အပြစ်မတင်နဲ့ သူငယ်၊ ငါ့ အသက်အရွယ်ကြီးနဲ့ ဒီလို မိုက်နေတာကို ပြောမယ်ဆိုလည်း ပြောစရာပဲ။ ဒါကြောင့် ငါ ဒီကြက်တိုက်တဲ့ အလုပ်ကို ဖြတ်ခဲ့တာ ကြာပြီကွ။ ဂျပန်ခေတ် ကတည်းကပဲ၊ ၁၅ နှစ် ကျော်ပါပြီ။ ခုမှ မင့်အစ်ကိုတော်များ လှုံ့ဆော်လို့ …"
“ဟင် … ဟုတ်လား”
“သင်းတို့ ငါ့ကို ရန်ကုန် ဘုရားဖူးရအောင် လိုက်မလား၊ ကြက်စွဲ လုပ်ပေးရင် စရိတ်ခံ ခေါ်မယ်။ နို့ပြီး နိုင်ရင်လည်း ငွေတစ်ရာ ပေးမယ်ဆိုလို့ ငါလည်း ဘုရားဖူးချင်လွန်းလို့ လိုက်ခဲ့ရတာဟေ့ … ဘကြီးမှာ ဒီအသက်အရွယ် အထိ ရန်ကုန်ကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး သူငယ်ရဲ့။ လေးဆူဓာတ်ပုံ ရွှေတိဂုံဆိုတာ ငါ ဓာတ်ပုံထဲမှာပဲ မြင်ဖူးခဲ့တယ်။ အခုမှ ကိုယ်တိုင် ဖူးရတာကွယ့်၊ ဒါကြောင့် သူတို့ပေးလို့ ရတဲ့ငွေကို ငါအိမ်အတွက် မယူပါဘူး။ ဒီမကောင်းမှုတွေ ကျေပျက်အောင် ဘုရားတွေမှာချည်း ကုန်အောင် လျှောက်လှူပစ် လိုက်မှာပဲကွယ့်။ ငါ အာသီသထားခဲ့တဲ့ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီးလည်း ဖူးရပါပြီ။ ဒီကြက်တိုက်တဲ့ အလုပ်ကိုလည်း နောက် ဘယ်နည်းနဲ့မှ မလုပ်တော့ပါဘူးလို့ အခုငါ ဘုရားရှိခိုးတိုင်း သစ္စာအဓိဋ္ဌာန် ပြုလိုက်တာပဲကွယ့် …"
ကျွန်တော်သည် ဘကြီးမဲစကားကို ငေးမော နားထောင်ရင်း ဘကြီးမဲ၏ ငရဲပန်းမှ ဖူးငုံလာသော နတ်ပန်းကလေး ပွင့်ပါစေ၊ ပွင့်ပြီးသား ငရဲပန်းသည် ညှိုးနွမ်း၍ ခြောက်သွေ့ သွားပါစေ ဟူ၍ စိတ်ထဲမှ ဆုတောင်း ပတ္တနာ ပြုလိုက်ပါ၏။
---------------
သော်တာဆွေ
(သတ္တဝါတို့၏သံသရာ)

မင်းသမီးထဘီပေါက် တုတ်ကောက်ကြီးနဲ့ချိတ်ကာဆွဲတော့ ပွဲလုံးဆူလို့ ... ပွဲလုံးညံလို
(၁)
မြစမ်းကြည် ပေးစမ်း ဆေးလိပ်မီးတစ်တို့ ဆေးလိပ်တွေလဲ အရင်လို သောက်မကောင်းပါဘူးဟယ် ... လျှာတွေ ကွဲလိုက်တာလဲ မပြောပါနဲ့တော့ သည်ကြားထဲ ဆေးလိပ်ခေါင်းတွေချည်း ရေဆွတ်ထားသယ်လေ ... ဘယ်သူရှိမှာတုံး ... မသာကောင်ပေါ့ စိန်နဘော်ဆိုတဲ့ ကောင်ပေါ့ ... မနေ့ကလည်း အမေ အိပ် ... ကျုပ် နင်းပေးမယ်တဲ့ အဟုတ်မှတ်လို့သာ နေပါတော် ဆိုကာရှိသေး ပါးနမ်းပြေးလို့ အနားက ခုံဖိနပ်နဲ့ လှမ်းပေါက်လိုက်သယ် မကောင်းဘူး ငါ့များ နောက်စရာကို ဖြစ်လို့ ... ဟဲ့ ... အသက် ခုနစ်ဆယ် ကျော်ပြီဟဲ့ ... ဒို့ဗုဒ္ဓဘာသာလူမျိုး ဗမာအိုတော့ ကျောင်းကြိုကျောင်းကြားတဲ့ ... ဥပုသ်လေး စောင့်လို့ သတင်းလေး စောင့်လို့ နေရမှာ ငါ သိသား ... ပိုးကမှ မနေနိုင်သာ ... ဇာတ်နားတဲ့ရက်ဆို ငါ့မယ် နေလို့ ထိုင်လို့ကို မရတာ ရည်းစားထားကာစ အပျိုလိုကို ရွနေသာ ... ထပဲ ကရတော့မလိုလို အိမ်သာပဲ တက်ရတော့ မလိုလိုကိုး ... ခုတော့ ဇာတ်ထဲ ပျင်းလို့သာ မနေတတ်လို့သာ လိုက်နေရသာ ငါ့တာဝန်က ဘာမှရှိသာ မဟုတ်တော့ တစ်ခါတစ်ခါတော့လည်း ညကြေး ယူရသာ အားနာသယ် ... ဒါ တကယ်ပြောသာ ကိုယ်မှ မလုပ်နိုင်တာ မယူချင်ဘူး ... ဒါပေမယ့် ပြောပါပကော ကိုယ်ကလဲ မနေနိုင်တာလဲ ပါရဲ့ ... စိန်မောင်က “ခင်ဗျား မပါလို့ ဘယ်ရမလဲ လိုက်ပါ ခင်ဗျား ညကြေး ပေးလို့ ဘယ်သူက ဘာပြောရမှာတုံး” ဆိုလို့ လိုက်လာသာ ကျေးဇူးလဲ တင်ပါသယ် တကယ် တကယ် ... စိန်မောင့်ကိုရော အားလုံးကိုရောပေါ့ ... ဘယ်သူက ၏မှ မငြိုငြင် ကြပါဘူး ... အမေ အမေနဲ့ ကိုယ့် ချစ်နေကြသာ တွေ့တော့ မျက်ရည်တောင် ကျသယ် ဘုရားစူး ... တို့လဲ သည်လို ကြီးလာရသာ ... ဟဲ့ ... ယိမ်းသမ ဘဝက စခဲ့သာ ... အောက်သက်က တက်လာသာ ... ကြီးမှ ဇာတ်မင်းသားနဲ့ ညားလို့ ကယောင်ကတမ်း ဇာတ်ခုံပေါ် တက်လာသာ မဟုတ်ဖူး ... အောက်သက်ကို ကျေလိုက်သမှ ဆယ့်နှစ်နှစ် သမီးက ခါးပြတ်ဝိုင်းနဲ့ ကလာသာ ရှိတဲ့ ထဘီလေးတစ်ထည် နွမ်းကျေနေလို့ နောက်တစ်ထည် အမေက ဝယ်ပေးသာ မဟုတ်ဘူး ခါးပြတ်ဝိုင်းလေး ထွက်လို့ ပိုက်ဆံ ရသာကိုပဲ စားနေသာ အဲသည်တုံးက ဘာရမှာတုံး တစ်ပွဲ လိုက်ကရင် ဘောက်ဆူးလေး ဘာလေးနဲ့မှ ခုနစ်ကျပ်လောက် ရသာ ဟိုတုံးက ခုနစ်ကျပ်ကလဲ နောက်ပြောသာ ပြောရတာ နည်းမှတ်လို့ ... စူလတီထဘီ တစ်ထည်မှ ဘာပေးရသာ မှတ်လို့ စူလတီငွေနားနဲ့ ရွှေပါးနုနံ့သာချယ် လှပါပေ့တယ် ... ယဉ်ပါပေ့လှမျက်ခြယ်ရယ် ... ဆိုသာ သီချင်းတောင် ရှိသေးဟာကော ... စူလတီ ငွေနားဆိုတာ တကယ်အေ့ ခုခေတ်က မြင်ဘူးမှာ မဟုတ်ဖူး ... ငွေနားက တဖိတ်ဖိတ် ငွေသား ကုလားထဘီ ထင်ပါရဲ့အေ ... လှလိုက်သာ ဘာပေးရလို့တုံး ... အဖေက ငါ ကလို့ ရသာလေးထဲက ဖဲရိုက်သေးတာ အမေနဲ့ တဂျိန်းဂျိန်း ... အဖေက ခါးပြတ်ဝိုင်းလေးမှာ ပထမတော့ ကြေးတီးသာ ... ကြေးဆိုသာ ကြေးနောင်ကို ခေါ်သာ အပြည့်တော့ မဟုတ်ပါဘူး ... တီးဖြစ်ရုံပါ ... အဖေ့ဆရာက ကိုကြီးငွေတဲ့ သရက်နယ်က အဖေက ကြေးလေး တီးတတ်တာက လွဲရင် ဘာမှ လုပ်တတ်တာ မဟုတ်ဘူး တောမှာက ဘာရှိမှာတုံး ... အလှူပွဲ တစ်ပွဲနဲ့ တစ်ပွဲက ဝီခေါ်နေသာ ... မရှိတော့ ထိုင်စား နေရသာပဲ အမေက ရွာရိုးကိုးပေါက် လျှောက်ပြီး မျက်နှာချေ ရောင်းသယ် ... ကသယ်မုန့် ကတိုးမုန့် ရောင်းသယ် ... အမေက တရုတ်သွေး နည်းနည်းပါသယ် ... အမေ့ အဖေက ကိုယောင်ငါးတဲ့ ... မတွေ့ဖူးလိုက်ဘူး အမေ ပြောဖူးသာ ... အမေက ပါးပါးလေးရယ် နှုတ်ခမ်းလေးက ဆေးရေးထားသာ ကြည့်တော့ ... စကားပြောရင် ပုံတိုလေး ပတ်စလေးနဲ့ ပြောသာ ... အဖေက တုတ်ထိုးအိုးပေါက် ... ပေးစမ်းအေ ... ညည်းဆေးလိပ် တစ်ဖွာလောက် ... ငါ့ဆေးလိပ်က ဖွာလို့ကို မရသာ ... ကိုင်းဟယ် ကိုင်းဟယ် ... မသာ သေချင်းဆိုး မပွေးကိုက်မယ့်ကောင် စိန်နဘော် လာပေ့စီ ... ခေါင်းကို ထဘီနဲ့ အုပ်လိုက်ဦးမယ်
(၂)
ယိမ်းသမ ဆိုလို့ ငါတို့ငယ်ငယ်က ကိုယ့်ပါရမီလေးနဲ့ ကိုယ့်အခံလေးနဲ့ကိုယ် ကရသာ ... သူများဇာတ်ကို တညလုံး လိုက်ကြည့်ပြီး တစ်ခါထဲမှတ် တစ်ခါထဲ ကတတ်အောင် အိမ်ရောက်တော့ မအိပ်နိုင်သေးဘူး သရက်ပင်အောက် အမေတို့ မသိအောင် ပြေးပြီး ဟန်နဲ့ ပန်နဲ့ ကကြည့်ရသေးသာ ... အမေတို့ မငြိုငြင်အောင် မနက်စာ ချက်ပြုတ်ပြီးမှ အိပ်ရသာ ... အခု တို့ဇာတ်ထဲ လိုက်ကနေတဲ့ ဟိုကောင်မလေးတွေ ဘယ်သူ ... ပန်တျာကျောင်းက ဆင်းလာသာလေ ... အတောင်ကို ကျိုးလို့ ကတတ်လိုက်ကြသာ ဟန်ကလေးတွေ ... အယူအသိမ်းလေးတွေလဲ ကောင်းပါ့ ... မင်တော့ မပါဘူးအေ့ ... အကမှာက ကြာတို့ ဗျပါတို့က ထား မင်လေးရှိမှ ကြည့်ကောင်းသာ ... သူတို့ ကသာက စိမ်းနေသယ် ... ဒါလဲ နောက်တော့ ဖြစ်သွားမှာပါ ... ဒါပေမယ့်အေ ... သည်ပညာက စမ်းသားကလား ... တစ်သက်လုံး ယိမ်းက မတတ်သာများ အပုံ ... ယိမ်းက မတတ်တော့ ညကြေးက ဘယ်တက်မှာတုံး ... ဇာတ်နားတော့ ဟိုဟာဒီဟာ လုပ်စားတော့ ဟော ဇာတ်ထွက်ကာနီး အချုပ်ထဲက အာမခံနဲ့ ထုတ်ရတာတွေလဲ တို့ငယ်ငယ်က ရှိသာပဲဟဲ့ ... ထဘီ အင်္ကျီ ပေါင်စားရသာက ထမင်းငတ်တော့ စားမှာပဲ လူကိုးအေ့ ထမင်းတော့ အငတ် ဘယ်ခံနိုင်မလဲ ... ဒါကြောင့် ငါအမြဲပြောသာ ထဘီ အင်္ကျီပဲ ရွေးရသာ ကောင်းသာ ... လူရွေးရသာ မဖြစ်စေနဲ့လို့ ... ရှိသယ် ... ဇာတ်ထွက်ကာနီးမှ လူရွေးရသာ တကယ်ရှိသယ် ... သီချင်းဆိုတော့လဲ မာဆတ်ဆတ်နဲ့ လုပ်ဆိုတွေက သည်ခေတ် များသယ် ... လည်ချောင်းထဲက အသံထွက်ကတည်းက ငါတို့က သိသာ ... တချို့များ ဆိုင်းဝိုင်းက အသံပြနေတာ မသိဘူး ကိုယ်တည်ထားတဲ့ အသံ မချတော့ဘူး ... ဒါမျိုးက ဆိုရင်းနဲ့ စကားဖန်လေး ပြန်ထိုးပြီး အသံကို ပြန်ညှိယူရသာ ... ဇာတ်သာ ကနေတာ ဘာသီချင်းမှ ဟုတ်တိပတ်ပိ မရသာ ရှိသေး ... လဝန်းလေးနဲ့ တူသယ် မေ့ကိုလားကွယ် ... တပုဒ်နဲ့ လုပ်စားချင်လို့ကတော့ နတ်သာ ကတော့ ... ဇာတ်ခုံပေါ် မတက်နဲ့ ... တို့တုံးက ကျက်ရသာ ... စာကလဲ တတ်သာ မဟုတ်ဖူး ... ကကြီး ပုတ်လောက် ရေးပြသာ သိသာ မဟုတ်ဖူး ... သည်တော့ ဓာတ်ပြားထဲက သီချင်းတွေ ကျက်ရသာ ... ဘယ်သူကမှ ရိုက်နှက်ခိုင်းသာ မဟုတ်ပေမယ့် ကိုယ်လုပ်တော့မယ် ဆုံးဖြတ်ထားတဲ့ အလုပ် ကောင်းအောင် ဖြည့်နေရသာပဲ ... ခုခေတ် ဟန်ကျပါသယ်အေ ... ဘယ်ငိုချင်း ဘယ်သီချင်း နားထောင်ချင်သလဲ ကက်ဆက်ခွေလေး သေတ္တာထဲ ထည့်လိုက်ရုံပဲ ... တို့တုံးက ဓာတ်ပြားကြီးတွေ ဖွင့်မှ နားထောင်ပြီး ကျက်ရသာ ... ငယ်ငယ်က ရတဲ့ သီချင်း ခုထိ မမေ့တော့ဘူး ... အောင်ဗလနဲ့ စိန်ကတုံးကြီး နှစ်ပါးသွားထဲ ဆိုသာ ...
မှန်အိမ် မှန်အိမ် စက်မီးရောင်လို ... သတင်းကြားဘို့ ဂယက်လျှံ ... ဟန်တိန် ဟန်တိန် လက်ကဒီးဆောင်လို့ မင်းသားမို့ မရှက်ပြန် ... ဘင်္ဂလားက မျက်မှန် ... ပြေတွင်းပမူယာယာ ခြေနင်းနဲ့လူဟာ သုံးလော ... စားလော ... အကြွားပြော ... နားကလောပြန် ... ကိုစိန်ကတုံး အကြွားပြော တောသားကြီး တွေ့ရပြန် ... ဘလွန်းကလေးစကားအိုး ရွှေကြိုးလေး ခြောက်ပြားတန် ... တိုင်းပြည်ပေါ်တွင် လင်အမြောက်အမြား တင်မြှောက်လို့ ထားခဲ့ပါရဲ့ ... ဘုရားကိုစူးရစိ အမှန် ... ရွှေပြည်နိုင်ငံ မေးသာမေးပါ မောင်ရဲ့ လင်နှစ်ယောက်အမှန် ... တင်မြှောက်ပြန် ... ပြောမရပြန် ဒေါသထန် ...
နေဦးဟဲ့ ... ရသယ်သာ ပြောသာ မေ့တေ့တေ့တော့ ဖြစ်ပြီ ... အော် ကာလကလဲ ကြာခဲ့ကိုး တို့ငယ်ငယ်ကဆိုတော့ ... စဉ်းစားသာ ကြည့်တော့ ... ပြီးတော့ သည်သီချင်းတွေက စင်ပေါ် ဆိုခဲ့ရသာ မဟုတ်ဖူး ... ဝါသနာပါလို့ ကျက်ထားရသာကိုး ... နေပါဦးအေ ...
မျက်စိနောက်စရာ ဟန်က ကြီးလိုက်တာက သံပုရာသီးကဲ့သို့ ချဉ်ပေါ့အမှန် ဇန်နဝါရီလမှာ တနင်္ဂနွေတစ်ပတ်ကယ်နဲ့ ... ဟံသာဝတီတိုက်မှာ သတင်းစာ ဖတ်ပြီးတော့ အင်္ဂလိပ်စာတတ်သလို ... လူတကာအများ ... ကြားပြီးတော့ ဘူတာနားမှာတဲ့ ကုလားတွေနဲ့ တညံညံ ...
ဆိုသာတွေလဲ ပါရဲ့ ... ဟိုတုံးက သီချင်းတွေကတော့ ကောင်းပါ့အေ ... ခုကတော့ နောက်ပိုင်းလဲ ကောင်းကောင်း ကတဲ့ခေတ် မဟုတ်တော့ ဖြစ်သလို လုပ်နေကြသာလေ ... အရပ်ထဲ စကားပြောသလို ပြောနေကြသာ ရှင်ဘုရင်ကလဲ ဘုရင်စကား မပြောတတ်ဘူး ... ဝန်ကလဲ ဝန်စကား မပြောတတ်ဘူး ... မရှိလို့ ခဏသုံးရတဲ့ ကောင်က ဝန်တက်လုပ်တော့ ဝန်စကား ဘယ်တတ်မှာတုံး ... သူတို့ခေတ်နဲ့ သူတို့ပရိသတ် လက်ခံပေမယ့် နားထဲ မဝင်ဘူး စပေါင် မပဲ့ဘူး ... တို့များတော့ စကားပြောလွန်းလို့ ဇာတ်နားလို့ အိမ်ရောက်ရင် အရပ်က အမေကြိုးကြာတဲ့ ... ဒါကြောင့် တစ်ခါတော့ အုပ်ထည့်လိုက်တယ် ... ဟဲ့ ... ငါက ဘယ်နား သွားဂျိုးလို့ ဘယ်နား သွားဂျာနေသလဲဟဲ့ ... ဂျိုးဂျာက နင်တို့ ... လို့ လားဟဲ့ ... လို့ တုပ်တော့မှ ငြိမ်သွားသာ ... ဟုတ်သယ်လေ ... ဥဩခင်မေက ဘယ့်နှယ် ကြိုးကြာ ဖြစ်ရမှာတုံး ... စကားများလို့ပေါ့အေ ... နာမည်ပေးသာ ...။
ဒါကြောင့် သမီးအကြီးမကို ပြောရသယ် ... အကြီးမက မြို့တော်ခင်ရွှေထဲမှာ ခု လက်ထောက်လုပ်လို့ ... အဲသာ ပြောရသယ် ... စကားကြွယ်ပေ့စီ ... ကျရာအရုပ် ကောက်ကိုင်နိုင်ပေ့စီ ... လို့ သင်ရသယ် ... ပြောသာ ပြောရသာ ငါ့ခြေဖျား တစ်ကောင်မှ မမီဘူး ... ငါ့ပိုး ပါသာလဲ ဒီကောင်မ ပါသာပါ ဖအေက မင်းသားကိုး ... ငါ ပြဇာတ်ကတုံးက ဥဩခင်မေ မဟုတ်သေးဘူး ... ခင်မေရီတဲ့ ... တစ်ည မင်းသားက ဇာတ်ရုံကို ဂျစ်ကားနဲ့ လာခေါ်သယ် ... သီချင်းရေးဆရာ ရွှေတိုင်ညိုလဲ ပါသယ် ... မြို့အုပ်က ဧည့်ခံဘို့ ခေါ်ခိုင်းလို့ ဆိုတော့ ကဗျာကသီ ဖီးလိမ်းပြီး ထလိုက်ရသာ ... ညနေစောင်းကြီး ... အပြန်တော့ သီချင်းရေးဆရာ မပါတော့ဘူး ... မင်းသား အောင်မင်းရွှေက ခင်မေရီ နင့်ကို ငါခိုးလာသာတဲ့ ... ဂျစ်ကား ပုတ်ပြတ် ငှားလာသာတဲ့ ... ဇာတ်ရုံ ပြန်မပို့တော့ဘူး ... သည်တော့လဲ ကိုယ့်အားကိုး ရှိသာလဲ မဟုတ်တော့ ညားပေါ့ ... ဘယ့်နှယ် တတ်နိုင်မှာတုံး ... နောက်တော့လဲ သည်ကောင်နဲ့ ကွဲသာပါပဲ ဒါကြောင့် ဖိုးစိန်ကြီး ဇာတ်ထဲ ပြောသလို ... ဟဲ့ ... နှစ်ယောက်ချင်းမျှလို့ ... စောက်ကမြင်းထဖို့ တော်ယူတာလား ... အားဟား ... ဆိုတာလေ ... အဲသလိုကို ဖြစ်သာ ... အကြီးမက အောင်မင်းရွှေနဲ့ ရသာ ... ဖအေ့သွေးတော့ ပါသားကလား အဲသာ ပြောရသယ် လင်မများပါနဲ့အေ ကိုယ့်ပညာလေး တိုးတက်အောင် လုပ်စားစမ်းပါ ပြောရသယ် ... ပြောသာ ပြောရသာ သည်ကောင်မလဲ လင်သုံးဆက် ရှိပြီ ညည်းအေ ကိုယ့်ဟာကိုယ် သာယာဝတီဈေးထဲ မုန့်စိမ်းပေါင်း ရောင်းလက်စ ရောင်းပါပြောသာ မရဘူး ... ပိုးကိုး ... ဟော အခု မြို့တော်ခင်ရွှေထဲက ကောင်နဲ့ ညားနေသတဲ့ ... အရင်လင်က ရောဂါနဲ့ သေသာ ... ပန်းနာနဲ့ သေသာ ... အဲသည် အကြီးမက ပန်းနာကောင်နဲ့ ညားလို့ရတဲ့ သမီးက ကုလားမတဲ့ ... မနေ့တစ်နေ့က လူကြုံလာလို့ မှာလိုက်သတဲ့ ... အမေရေ အမေ့မြေးမ ကုလားမကလဲ ကချင်ခုန်ချင်လိုက်တာ ရွလို့တဲ့ ... ငါကတော့ မှာလိုက်ပါတယ် ... ကတော့ ကခိုင်းပါအေ မခုန်ပါစေနဲ့လို့လေ ...
အသစ်တစ်လိပ် ညှိပေးစမ်းအေ အမေ့ကို ... ရောက်တဲ့မြို့က ဆေးလိပ် သောက်ရတာကိုက တို့ပါးစပ် အကျင့်ပျက်နေသာ ... တံဆိပ်စွဲသောက်လို့ ရမလားအေ့ မြို့တကာ သွားနေရသာ ... လင်လဲ သည်လိုပါပဲ ... ဆေးလိပ်လိုပဲ ဖန်လဲသောက် ... ပြင်းလဲသောက် ... ချိုပြင်းလဲသောက် ... ချောင်းမဆိုး တော်ကျပြီ မှတ်ရသာ ...
(၃)
အော် ... တစ်ခါ တစ်ခါတော့ စိန်မောင်ကို ပြောရသယ် ... သားရေ သဘင်ပညာ မတိမ်ကောစေနဲ့ဟဲ့လို့ ... ပြောသာ ပြောရသာ ... သည်ကောင်လဲ ကျေးဇူးရှိသာ ရှိသာပဲ မကြိုးစားဘူး ... အမေတို့က ရိုးပြတ်နင်း ကလာသာ ... နောက်ချီးရေပေါ် ကလာသာ သဘင်ပညာ အရည်ကျို သောက်ခဲ့ပြီသာ ပြောရသာ ရိုးပြတ်နင်းဆိုသာ ညည်းတို့သိမှာ မဟုတ်တော့ဘူး ... အမေတို့ ငယ်ငယ်က ဗလာ ကရသာ လယ်လေးယာလေး ပြီးသွားချိန် ပွဲငှားကြတော့ ရိုးပြတ်ကွင်းထဲ စင်ထိုးကခဲ့ရသာကို ပြောသာ ... အခါလွန်လို့ မိုးသံလေသံ ကြားတော့မှ လယ်ကွင်းထဲက နောက်ချေး မိုးရေနဲ့ ပေါလောပေါ်တော့မှ ပွဲခွင်ရပ်သာ ဇာတ်သမားက ပွဲရပ်ရင် ဒုက္ခရောက်သာပါပဲ ... ညည်းတို့လဲ အသိပဲ ... ပွဲရပ်ရင် ... ထမင်းဘယ်က ရပါ့မလဲ ... ဘာအာမခံချက်မှ မရှိတာ ... သည်တော့လဲ မကြိုးစားကြတော့တာ ဘာဆန်းမတုံး ... တို့ခေတ်ကတော့ ကြိုးစားကြသာ ... ဟိုတုံးက မင်းသမီးတွေ ခုထိ ဘယ်သူ မေ့ကြလို့တုံး ပြည်ဆံတောက် စောမေတဲ့ ... ငွေဥတဲ့ ကြင်ဥတဲ့ ရင်နုတဲ့ ဆီကြော် စိန်တင်တဲ့ ပလိုတီယာ သိန်းညွန့်တဲ့ ကုလားမ မညွန့်တဲ့ နဂါးမမြနှစ်တဲ့ အများကြီး ဒိတ်ဆိုတဲ့ မင်းသားတွေနဲ့ကို တွဲသာတွေ ... အဆိုကောင်း အငိုကောင်းသယ် ...
တို့တုံးက အပူခန်း နှပ်ညှစ်သာတောင် ခေါင်းအခေါက်ခံ သင်ရသာ ... နှပ်မညှစ်တတ်လို့ မရယ်နဲ့ အကောင်းပြောသာ ... ပြောတော့ ပိုတယ်ထင်သာ ...
ဇာတ်ကသယ်ဆိုသာ သဏ္ဌာန်လုပ် သရုပ်တူရသာ အပြောနဲ့ ပရိသတ် ဖမ်းစားရသာ ... သည် ဇာတ်သေတ္တာကြီးကိုပဲ ဘုရင့်ပလ္လင် ဖြစ်လိုက် ... ရသေ့ထိုင်တဲ့ ကမူ ဖြစ်လိုက် ... မင်းသမီးထိုင်တော့ သလွန်ညောင်စောင်း ဖြစ်လိုက် ဒါကို ပရိသတ်က မမြင်ဘူး ... တကယ့် ပလ္လင် ထင်သာ ... တကယ့် ကမူ ထင်သာ ... တကယ့် သလွန်ညောင်စောင်း ထင်သာ ... ဇာတ်သေတ္တာလို့ မြင်သာ မဟုတ်ဖူး ... စကားက ဖမ်းစားထားသာကိုး ခုခေတ်က တကယ့်ကို ပလ္လင်လုပ်ထားသာတောင် ပရိသတ်က စွဲသာ မဟုတ်ဖူး ... ကွာကုန်ပြီ ... ဝေးကုန်ပြီ ... ဒါကြောင့်ပြောသာ သံယောဇဉ်နဲ့ ဇာတ်ထဲ လိုက်ထိုင်နေသာ ညည်းတို့ ကလို့ ခါးမကျိုးရင် ဇာတ်ခုံရှေ့ ထွက်ပြီး ခါးချိုးပစ်လိုက်ချင်သာ ... ညည်းတို့ ငိုလို့ ပရိသတ်က မငိုရင် ငါ ထွက်ငိုလိုက်ချင်သာ အသက်ကလဲ ကြီးလို့ လေကလဲ ဖြတ်လို့သာ နို့မို့တော့လား ဥဩခင်မေ တပွဲ နွှဲလိုက်ချင်သေးသာ ...
ကိုယ့်ဟာကိုယ် အိမ်မှာနေ ရရဲ့သားနဲ့ အမေရယ် နားပါလား မပြောနဲ့ နေလို့ရသားပဲ ... မနေချင်သာ ... လင်လဲသေပြီ ... ဘာသံယောဇဉ်မှလဲ မရှိတော့ဘူး ... သမီးသုံးယောက်နဲ့ သားတစ်ယောက် ရှိသယ် အားမကိုးပါဘူး သမီးအလတ်က သောင်သာသယ် လင်က စက်ရုံမှာလုပ်သာ အောက်စိုက်လဲ ဘာလဲ ရသတဲ့ ဆီဂိုဒေါင် ကိုင်ရသာကိုး ... မယားက လက်ကောက် တံတောင် ထိတော့မယ် သူ့မအေလဲ မပေးဘူး ယောက္ခမဖြစ်တဲ့ ငါ့လဲ မသထာဘူး သူ့မယားမှ သူ့မယား ... ဝမ်းသာပါသယ် သူတို့ ပြေလည်ရင် ပြီးရော နို့မို့ စိတ်ဆင်းရဲသယ် မရှိစကား နားနဲ့တောင် မကြားချင်သာ ... သမီးကတော့ တစ်ခါတစ်ခါ ခေါ်ပါသယ် အမေ သမီးတို့နဲ့ လာနေပါတဲ့ ... မနေချင်ပေါင်တော်လို့ ပြောလိုက်သယ် သမီးအလတ်နဲ့ အယင်က ကိုတင်အောင်နဲ့ ရသာ အမေ့ ပထမလင်က ရဲဘော်ဖြူ နောက်တော့ ပြန်လည်ထူထောင်ရေးမှာ လုပ်သယ် သူက အမေ့ကို ဇာတ်မကရဘူးတဲ့ အမေက နင့်ပဲ ကွာမယ်ဟယ် ဇာတ်တော့ မကွာနိုင်ဘူး ပြောလိုက်သယ် ... ရဲဘော်ဖြူနဲ့ ကွဲတော့ ငယ်ငယ်ရှိသေးသာ ခင်မေရီ နာမည်နဲ့ ပြဇာတ်ကလိုက်တာ အကြာကြီး ... အဲသည်မှာ အောင်မင်းရွှေနဲ့ ညားသာ ရဲဘော်ဖြူနဲ့က ကလေးရဘူး ... အောင်မင်းရွှေနဲ့က အကြီးမ ရသယ် အောင်မင်းရွှေနဲ့ ကွဲတော့ ကိုတင်အောင်နဲ့ ညားသယ် ကိုတင်အောင်က ရွှေတိဂုံစောင်းတန်းမှာ ဘုရားထုသာ ဘုရားသာ ထုသာပါ အရက်ကလေးကလဲ ကြိုက်ရဲ့ ဒါ့ကြောင့် သူ့အလုပ်ရှင်က တင်အောင် ဘုရားထုပြီးရင် ဘုရားဆင်းတု ရေနာနာဆေးရသတဲ့ ပြောသာ ... ဘုရားအနံ့ကူးလို့ ... နောက်သာလေ ... အမေနဲ့ ညားတော့ မခင်မေရယ် ငါ ... ဘုရား မထုချင်တော့ဘူးတဲ့ ... နေပေါ့ ... ကျုပ်ဇာတ်ကသာလေးနဲ့ စားနိုင်ရင် မလုပ်နဲ့တော့လို့ ပြောရသယ် ... ဒင်းက ဇာတ်နောက်လဲ လိုက်သာ မဟုတ်ဘူး အမေဇာတ်ကတာတော့ မပြောပါဘူး ကိုတင်အောင်နဲ့က အလတ်မရယ် အငယ်မရယ် နှစ်ယောက်ရသယ် ... အငယ်မကလဲ မကောင်းပါဘူး ... အိမ်မှာ နေချင်သာ မဟုတ်ဖူး ... အလုပ်သွားလုပ်တော့ သူ့အလုပ်ထဲက ရေစက်မောင်းတဲ့ကောင်နဲ့ ညားသယ် ... ဘယ်ပြေလည်မှာတုံး ... ညစ်ပတ်စုတ်ပြတ်နေသာ ... တစ်ဖက်ရပ်တဲကလေးနဲ့ နေရသာ ဒါ့ကြောင့် ပြောရသယ် ... ငှက်မရယ် ငါစိတ်ညစ်လိုက်သာလို့ ... အငယ်မ နာမည်က သန်းသန်းပါ ငယ်ငယ်က ငှက်မလို့ ခေါ်တော့ ငှက်မလို့ တွင်နေသာ ဟော ခုတော့ ရေစက်မောင်းတဲ့ကောင်နဲ့ ကွာလိုက်ပတဲ့ ... ဘယ်အချိန်က ကွာလို့ ကွာမှန်းလဲ မသိပါဘူးအေ ... ခုကာလက ဖြစ်တာလဲ မြန်သယ် ပျက်တာလဲ မြန်သယ် ... ခုက ရခိုင်တစ်ယောက်နဲ့ ညားနေသယ် ... အဲသည် ရခိုင်ကိုလဲ နိုင်လိုက်သာတဲ့ ... ကြားသယ် ... မညားခင်ကတော့ ဇာတ်နားချိန် အိမ်ရောက်လာသေးသယ် ... အမေတဲ့ ... သမီး မောင်ညိုနဲ့ ယူတော့မလို့တဲ့ ... ဟဲ့ အရင်လင်ကကော ဆိုတော့မှ ကွဲသွားတာ ကြာလှပေါ့တဲ့ ... ကောင်းအေ ... လွယ်လိုက်တာ ... အခုကော ယူပြီးပလားဆိုတော့ မယူရသေးဘူးတဲ့ ... ရေစက်မောင်းတဲ့ကောင်နဲ့ ညားလို့ရတဲ့ ကလေးကကော ဆိုတော့ သေပြီတဲ့ ... ဖောပြီး သေတာတဲ့ ... ရွှံ့ထဲ ဗွက်ထဲ နေရတော့ ကလေးက ရောဂါစုံ ရနေမှာပေါ့အေ ... စားရတာလဲ ဘယ်မှာ အာဟာရ ဖြစ်မှာတုံး ... သေသာလဲ ကောင်းပါတသယ် ဝဋ်ကျွတ်သာပေါ့ ဘယ့်နှယ် တတ်နိုင်မှာတုံး ... သူ့ကံကိုး ... ဝင်စားကထဲက ငှက်မဝမ်းထဲ လာဝင်စားသာ ကုသိုလ်ဆိုးလွန်းလို့ပေါ့ ငှက်မက သူကိုယ်တိုင်တောင် သွားတိုက်သာ မဟုတ်ဘူး ရေရယ်လို့ ချိုးသာ မဟုတ်ဘူး ဒါနဲ့ မေးရသယ် အခု ညည်းတွဲနေတဲ့ ရခိုင်လေးက ဘယ်ကတုံးဆိုတော့ မသိဘူးတဲ့ သည်လို တွေ့သာတဲ့ ဒါပေမယ့် ကောင်လေးက သည်းညည်းများ ခံရှာပါသယ် ငှက်မလုပ်သမျှ ခံနေသာပဲ အမေ့ရှေ့ပဲမို့လား ဆိုတော့ မဟုတ်ဖူးတဲ့ သမီးကို တော်တော် ချစ်ရှာသာတဲ့ ပြောသာပဲ ချစ်ပြီးသားပဲအေလို့ ပြောလိုက်သယ် ... ကောင်လေးက ဘယ်မှာ လုပ်တာလဲဆိုတော့ ပွဲရုံမှာ လုပ်သာတဲ့ ... ပိုက်ဆံတော့ ရသတဲ့ ပြောရဦးမယ် ရယ်လဲ ရယ်ရရဲ့ ကိုတင်အောင် သေတော့ အလောင်း မြေကျဖို့ ခက်နေရောအေ့ ငါ့အမေလဲ ပိုက်ဆံ ဘယ်ရှိမှာတုံး ... အလတ်မက ပြေလည်တယ် ဆိုပေမယ့် သူ့လင်က တပြားထွက်သာ မဟုတ်ဖူး ... ငွေလေးနှစ်ရာလား ဖြစ်ဖြစ်မြည် ထုတ်ပေးသာ ... ဒါကြောင့် အမေက ငှက်မကို ပြောရသယ် ... ငါ့လင် ကိုတင်အောင် ဘယ်ကဘယ်လို ရောက်လာမှန်း မသိတာ သေတော့ ညည်းလင် ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့ကောင်က သင်္ဂြိုဟ် ပါရောလားအေ ... လို့ ကိုင်း ... မထူးဆန်းဘူးလား မရယ်ရဘူးလား ... လူ့ဘဝများ ပြောပါသယ် ... လူ့ဘဝက တို့ဇာတ်ထုပ်ဇာတ်လမ်း လုပ်ကြံထားတာထက်တောင် ဆန်းသေးဟဲ့ ... ဟိုကောင်မ လာစမ်း ဇက်ကြောလေး တစ်ချက်ဖိစမ်း ...
ကိုတင်အောင် သေလို့ ကိုမှန်ပြောင်းနဲ့ ညားတော့ ဘယ် ... အမေပဲ ကြီးလှပြီ ... ဏှာထပြီးယူသာ မဟုတ်ပါဘူးအေ ... အားကိုးရမလားလို့ ယူသာပါ ... ခွက်ကျန် လက်ကျန် သားအငယ်ကောင် ရသယ် ... ကျော်အောင်တဲ့ အမေကြိုက်တဲ့ မင်းသား ရွှေမန်းကျော်အောင်ကြီး နာမည် ယူမှည့်ထားသာ ... ကိုမှန်ပြောင်းကလဲ သေခါနီး ပိုက်ဆံပေး အလောင်းဝယ်လိုက် ရသလိုပါပဲအေ ... အမေ့အမေ ပြောသလို ညည်းက လင်ကံကောင်းမှာ မဟုတ်ဖူးတဲ့ မျက်ရည်ခံမှည့် ပါလို့တဲ့ ဟုတ်များတောင် နေသလား မသိပေါင်အေ ကျော်အောင်လေး မွေးပြီးလို့ ဘာကြာသေးတုံး သေသာ ... သည်ကောင်လဲ မိန်းမရပြီ ... ဆင်းဆင်းရဲရဲထဲက ပါပဲ ... ယောက္ခမတွေနဲ့ နေသယ် တိုက်တွေ ထုံးလိုက် သုတ်ရသာကလား အမြင့်တက်ရလို့ သားရယ် သားမယား ရှာကျွေးသာ သက်စွန့်ဆံဖျားတော့ လုပ်မကျွေးပါနဲ့ ပြောထားရသယ် ... မရပါဘူး ... သူ့မိန်းမကလဲ ငယ်သေးမို့လား ... ကျော်အောင်နဲ့ မညားခင်ကသာ ထမင်းနပ်မမှန်သာ အခု ထုံးလေးသုတ်လို့ အဆင်ပြေကြတော့ ပိုက်ဆံအိပ် ချိုင်းကြားညှပ်ပြီး ကတော်ပုံ ဖမ်းနေသေးကိုး ... မွေးထားတာက သမီးနှစ်ယောက် ဇာတ်ပိုးတော့ မပါဘူးထင်ပါရဲ့ ကောင်းပါတယ် မပါသာ ... ဇာတ်များတော့ သည်ဘဝ သည်မျှနဲ့ တော်ပါပြီ ဆိုသလိုပဲ ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ခဲ့ပြီ ... လင်တွေလဲ ရခဲ့ပြီ ... လင်ဆီကလဲ ဘာမှ မစားရပါဘူးအေ ... ရဲဘော်ဖြူနဲ့ ညားသယ် အောင်မင်းရွှေနဲ့ ညားသယ် ကိုတင်အောင်နဲ့ ညားသယ် ဘာကျန်တုံး ဘာမှ မကျန်ဘူး ... ‘---’ ကျန်သယ် ... အဲသလို ပြောလိုက်ချင်သယ် ...
မြေဝိုင်းဇာတ်တွေ ကတုံးက သီချင်း ရှိသတဲ့ ... အမေတို့ ဆရာများ ဆိုပြဘူးသာ ...
“မင်းသမီး ထဘီပေါက် ...
တုတ်ကောက်ကြီးနဲ့ ချိတ်ကာဆွဲတော့ ...
ပွဲလုံးဆူလို့ ... ပွဲလုံးညံလို့ တဲ့...”
ယောက်ျားများက တို့မင်းသမီးတွေများ ထဘီပေါက်နေရင် တုတ်ကောက်ကြီးနဲ့ လှမ်းချိတ်ချင်သာ လှမ်းဆွဲချင်သာ ... သူတို့ကပြီးရင်ပြီးရော ... ငါတို့ မိန်းမတွေမှာသာ ပွဲလုံးဆူကျန်ရစ်သာ ... ပွဲလုံးညံကျန်ရစ်သာ မဟုတ်လား အဲသာပြောချင်သာ ညည်းတို့ ထဘီမပေါက်စေနဲ့ တုတ်ကောက်က ချောင်းနေသာ ... တုတ်ကောက်က ချောင်းနေသာ ... ဟဲ့ ... ဘယ်သူ ခါးတို့နေသာတုံး ယားတတ်တယ်ဟဲ့ ... ဟဲ့ စိန်နဘော်လား ... ဟဲ့ သေချင်းဆိုး ... ဟဲ့ သေချင်းဆိုး... ဟဲ့ သေချင်းဆိုး ... ဟဲ့ သေချင်းဆိုး
-----------
နေဝင်းမြင့်
ချယ်ရီ၊ နိုဝင်ဘာ၊ ၁၉၉၅။

အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ
တောလမ်း ကလေးသည် မညီမညာ ကွေ့ကောက်လျက် ရှိလေသည်။ လမ်းသည် မြေသား ပြောင်ပြောင်ပင် မဟုတ်။
လူသွားဖန် များသည့်အတွက် မြက်ပင်၊ နွယ်ပင်တို့ ပိပြားလျက် ဖြစ်လာရသော တောလမ်းကလေး မျှသာပင်။ နံဘေး တစ်ဖက် တစ်ချက်တွင်တော့ ချုံနွယ်နှင့် သစ်ပင်များ ဝန်းရံလျက် အချို့သော နေရာများတွင် လမ်းပေါ်အထိ ရောက်နေသော နွယ်ပင်နှင့် သစ်ကိုင်းတို့ကို ဖယ်ရှားကာ သွားရသေးသည်။
ဖိုးနီသည် လမ်းကလေး ပေါ်တွင် တစ်ယောက်တည်း ယိုင်နဲ့နဲ့ လျှောက်လာသည်။ တစ်ညလုံး သူတောတိုး ခဲ့ရသည်။ ယခု နံနက်တွင်မှ သည်လမ်းကလေးကို တွေ့ပေသည်။ တောမှာမွေးသော ကလေးငယ် တို့၏ သိတတ်ခြင်းဖြင့် သည်လမ်းသည် ကားလမ်းမကြီး သို့မဟုတ် လူတို့ နေထိုင်ရာ ရွာများဆီ ရောက်မည်ဟု သူအလိုလို သိနေသည်။ သည့်အတွက် ကြောင့်ပင် ဝမ်းသာ လှိုက်လှဲခြင်းသည် သူ့ခြေလှမ်း များကို သွက်စေသည်။ သို့သော် ပုံမှန် ခြေလှမ်းတော့ မဟုတ်။ တရွတ်ဆွဲ ရတော့မလို အားအင်ကုန်ခန်း နေသော ခြေလှမ်းများ ထက်တော့ နည်းနည်းသာသည် ဆိုရမည်။ သူအားရှိ လာသည်ဟု ခံစားရ၏။ သို့သော် မောလှပြီ။ တစ်နေရာရာတွင် ပစ်လှဲလိုက်ချင် စိတ်သည် သူ့ရင်ထဲ ကြီးစိုးကာ နေသည်။ ထို တစ်နေရာသည် သူ့အိမ်က ဝါးကြမ်းခင်း ကလေးများ ဖြစ်လျှင် ဘယ်လောက်များ ကောင်းလိုက်မည်နည်း။
ငိုက်စိုက်စိုက် လျှောက်လာသော ခြေလှမ်းများကို ရပ်ကာ ဖိုးနီနောက်သို့ လှည့်ကြည့်မိသည်။ သူဘယ်ရောက် နေသည်လဲ မသိ။ အိမ်နှင့် အလွန့်အလွန် ဝေးလံသော နေရာသို့ ရောက်နေပြီ ဟုသာထင်သည်။ မိုင်အားဖြင့် သူမသိ။ ခြေထောက်များ ညောင်းညာခြင်း ဖြင့်သာ ခရီး ဝေးသည်ကို မှန်းတတ်သည်။ သူ့အိမ် ကလေးသည် နောက်ကျောဘက် မိုင်များစွာ ကွာဝေးသော နေရာတွင် ကျန်ခဲ့သည်လား။ လက်ဝဲဘက်၊ လက်ယာဘက် ကနေ ဦးတိုက်သွားလျှင် ရောက်နိုင်သည်လား သူမသိပေ။
သူ နားလည်သည် မှာတော့ သူသည်အိမ်နှင့် မိုင်များစွာ ဝေးခဲ့ပြီ။ မိဘတို့နှင့် တကွဲစီ ဖြစ်ခဲ့ပြီ။ အိမ်ပြန်ရန်လည်း မဖြစ်နိုင်သေး။ အိမ်ကို ထားခဲ့ရ ပြီတည်း။
ဖိုးနီတို့ ရွာကလေးသည် တောင်တန်းများ ရိပ်မိုးထားသော နေရာမှာ ရှိလေသည်။ ရွာကို ချောင်းငယ် တစ်ခုက ဖြတ်စီးသွားသည်။ ရွာတွင် အိမ်ခြေများစွာ ရှိသည်မဟုတ်။ မူလတန်း ကျောင်းမျှသာ ရှိသော ရွာတစ်ရွာပင်။ ထိုရွာ ကလေးတွင် ဖိုးနီ မွေးဖွား ကြီးပြင်းခဲ့သည်။
ကောက်ပင်တို့ လယ်ယာမြေတွင် စတင်စိမ်းလန်း ကြသော မိုးရာသီ၌ ဖိုးနီကို မွေးဖွား ခဲ့လေသည်။ များစွာသော လယ်သမား သားသမီးများ လိုပင် အမေ့ ကျောပေါ်မှာ ကတည်းက လယ်ကို ကျွမ်းဝင်ရသည်။ အမေက ဖိုးနီကို ကျောပိုးကာ ကောက်ရိတ်သိမ်း ခဲ့သည်။ အဖေနှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင် ခဲ့ကြသည်။ လယ်ကတော့ ဧကများစွာ ရှိသည် မဟုတ်ပေ။ ဝမ်းစာအပြင် နည်းနည်းမျှသာ ပိုလျှံသည်။ ကြွေးမတင် ရုံသာ ရှိခဲ့သည်တဲ့။ သူနားလည် တတ်ချိန်မှာ အမေက ပြန်ပြောင်းပြောပြ တတ်လေသည်။
ဖိုးနီသည် လယ်ထဲတွင် အဖေ ပင်ပန်းလှ သည်ကို သတိရ၏။ အဖေက အလုပ်ကို အပင်ပန်း ခံလုပ်တတ်သည်။ စပါးစိုက်ချိန် ဆိုလည်း အပတ်တကုတ် လုပ်သည်။ အဖေ့ဘက်က တူတစ်ယောက်နှင့် ထွန်ချကြ၊ စိုက်ကြ၊ ပျိုးကြသည်။ ခြံထဲတွင်လည်း စားပင်သီးပင် စိုက်ရသေးသည်။ တောထဲတက်ကာ ထင်းရှာသေးသည်။ ငါးရှာ တတ်သေးသည်။ အဖေသည် ကြွက်သား အပြိုင်းပြိုင်းနှင့် အလွန် သန်စွမ်းသည်။ အဖေ့ ပခုံးကို ခိုတွဲ ထားရလျှင် ဖိုးနီ အလွန်ပျော်သည်။ သို့သော် အဖေ့ကို သူအချိန် ကြာမြင့်စွာ တွယ်ကပ်ခွင့် ရခဲ့သည်တော့ မဟုတ်ပါပေ။ သူ့အောက်က ညီမလေး ရလာချိန် မှာတော့ ဖိုးနီသည် အမေ့ ရင်ခွင်ထဲက ညီမလေးအား အဖေ မြှူသည်ကိုသာ တွေ့လာရသည်။ ညီမလေးကို ပွေ့ချီကျီစယ် သည်ကို မြင်လာရသည်။ ဖိုးနီကို အဖေ မမြင်တော့ပြီ။
သို့သော် သူသည် မနာလိုလည်း မဖြစ်တတ် ပါပေ။ ကောင်းစွာပြေးလွှား ဆော့ကစား တတ်ပြီမို့ အိမ်နီးချင်း ကလေး တစ်သိုက်ကို ပြောင်းလဲခင်တွယ် တတ်ခဲ့သည်။
သူကောင်းစွာ သိတတ်ပြီ ဖြစ်သော အသက် ခြောက်နှစ်ခန့်တွင် ညီမလေးက သုံးနှစ်ရှိပြီ။ ထိုစဉ်က သူကျောင်းနေ ရသည်။ ရွာထဲက မူလတန်း ကျောင်းကလေး မှာပင် နေရသည်။ ဖိုးနီအတွက် အမေက လွယ်အိတ်အသစ် ဝယ်ပေးသည်။ ကွန်ပါဘူးလေး ဝယ်ပေးသည်။ သူသည် စာသင် ရသည်ကို အလွန်ပျော်ရွှင် ခဲ့လေသည်။ ဉာဏ်လည်း ကောင်း၏။ တစ်နှစ်တစ်တန်း အောင်ခဲ့သည်။ ဖိုးနီ အတွက်တော့ ကလေးပီပီ ပျော်ရွှင်ခဲ့သော၊ အပူအပင် ကင်းခဲ့သော ကာလများ။ မြို့ကလာသော ဆရာမလေး ကတော့-
“ဖိုးနီဟာ ပညာရေး ဖြစ်ထွန်းမယ့် ကလေး”ဟု အမေ့ကို တစ်ကြိမ်မှာ ပြောတာ ကြားဖူးသည်။
သို့ပေမဲ့ ကျောင်းမှာ နောက်ဆုံးနေခဲ့ ရသည်ကတော့ ဖိုးနီ ဒုတိယတန်း အောင်သည် အထိပါပဲ။ သူဒုတိယတန်း ရောက်သည့်နှစ်တွင် ညီမလေးက သူငယ်တန်း တက်ပြီ။ အမေသည် နောက်ထပ် ညီလေး တစ်ယောက်ကို မွေးဖွား၏။ သူသည် အလိုလိုပင် ညီမလေးကို ထိန်းရသည်။ ညီလေးကို ထိန်းရသည်။ အမေတို့ လယ်ထဲဆင်းသည့် အခါ ထမင်း ချက်ရသည်။ ရေသယ်ရသည်။ ရှစ်နှစ်မျှသာ ရှိသေးသော်လည်း လူကြီးလေး ပမာ အိမ်မှာ အသုံးတည့် နေသည်။
အိမ်အလုပ်နှင့် ကျောင်းစာများ အကြား ဖိုးနီက အသားတကျ ရှိဆဲ။ သည်မှာပင် အမေတို့က သူ့ကို ကျောင်းထုတ်ရန် ကြံလေသည်။ ဖိုးနီသည် တစ်ခဏ မျှတော့ ဝမ်းနည်းခြင်း ဖြစ်လိုက်သေးသည်။ သို့သော်လည်း အမေ၏ ညှိုးနွမ်းသော၊ ပင်ပန်းသော မျက်နှာကို ငယ်ရွယ်သော်လည်း သိတတ်ခဲ့သည်။ ကျောင်းပြန်ဖွင့်တော့ မိုးရာသီ အစ ပြုချိန်။ အမေတို့က လယ်ထဲ ဆင်းကြပြီမို့ ဖိုးနီသည် ညီလေးထိန်းကာ၊ ထမင်းချက်ကာနှင့် ညီမလေး ကျောင်းသွားသည်ကို ထမင်းစောင့် ကျွေးရသည်။ ညနေခင်း များမှာ ကျွဲသိမ်းရသည်။ သူ့လွယ်အိတ် ကတော့ စုတ်ခဲ့ပြီ ဖြစ်လေရာ လက်နှီးသာ ဖြစ်သွားလေသည်။
အတန်းဖော်များ ခြံရှေ့က ဖြတ်လျှင် ဖိုးနီသည် ကလေးပိုးကာ ချော့မြှူရင်း ပြုံးပြနှုတ်ဆက် ရသည်။ သူတို့တွေ ကျောင်းဆင်းချိန်ကို စောင့်ကာ ဆော့ကစား ရသည်။ ဆရာမလေးက မျက်ရည်ဝဲချင် သည်ကို ဘာကြောင့်မှန်း မသိ၊ မစဉ်းစားနိုင်။ ကိုယ့်ဘဝကိုယ် ကျေနပ်ကာ နေခဲ့သည်။
သို့သော် ရံဖန် ရံခါတော့ ဖိုးနီမှာလည်း မကျေနပ်ချက် ကလေးများ ရှိရသည်ပင်။ အဖေသည် သူနှင့် ခုနောက်ပိုင်း စိမ်းလာသည်။ သူ့ကိုတော့ ဖိုးနီဟု တုံးတိတိ ခေါ်တတ်သည်။ ညီမလေးနှင့် ညီလေးကိုတော့ သမီးရေ၊ သားငယ်ရေဟု ခေါ်သည်။ ညီလေးကို ချီပိုးကာ နေပြန်သည်။ ညီလေးကို မြှူလျှင် ပြုံးရွှင်နေသည်။ ညီမလေး စာကျက် နေလျှင်လည်း ပြုံးနေပြန်သည်။ ဖိုးနီကိုကား ဆူပူစရာ များသာ ရှာတွေ့ နေသည်လား မသိ။ မျက်ထောင့်နီနှင့်သာ ဆူပူသည်ကို နေ့စဉ်လို ကြုံရသည်။
တစ်ရက်မှာတော့ ညီလေးကို အိမ်ရှေ့ခန်းတွင် သိပ်ထားတုန်း သူသည် မီးဖိုထဲမှာ ညနေစာ ထမင်းအိုး တည်နေခဲ့သည်။ အိမ်ရှေ့က ဒုန်းခနဲ အသံကြား၍ ပြေးကြည့်လျှင် ညီလေးသည် ပုခက်ထဲ ကနေ ကြမ်းပြင်ပေါ် ကျပြီး စူးစူးဝါးဝါး ငိုလျက်ရှိသည်။ အိမ်မှာလည်း မိဘများရှိသည် မဟုတ်။ တတ်သလောက်၊ မှတ်သလောက် ချော့ရသည်။ နဖူး ယောင်သွားသည် ကိုတော့ ဘာလုပ်ရမှန်း မသိ။
ညနေ ရောက်သည့်အခါ အဖေတို့ ပြန်လာလျှင်တော့ ဖိုးနီ အရိုက် ခံရသည်။ အဖေက ဖိုးနီကို ရိုက်သည်။ အဖေရိုက်တာ နာလှ၍ မဟုတ်သော်လည်း ဖိုးနီသည် ဝမ်းပန်းတနည်းပင် ငိုခဲ့သည်။
“အဖေက သားကို မချစ်ပါဘူး အမေရာ”
သူသည် မီးဖိုထဲတွင် အမေ့နား ကပ်နေရင်း တီးတိုး ပြောမိသည်။ အိမ်ရှေ့တွင်တော့ အဖေသည် ညီလေးကို ချော့မြှူလျက်။ ညီမလေးကား စာကျက်လျက်။ သူသည် အဖေ့ လက်မောင်းများကို ဝမ်းနည်းစွာ ငေးနေခဲ့၏။
“မဟုတ်ပါဘူး ဖိုးနီရဲ့။ အဖေပဲ၊ မချစ်ဘဲ ဘယ်မှာ ရှိပါ့မလဲ။ နင့်ကို ချစ်လိုက်တာများ အားကိုးတာပါ ပါတာပဲ။ အမေ အသိဆုံးပေါ့”
ဖိုးနီသည် အမေ့ မျက်နှာကို တအံ့တဩ ငေးနေခဲ့သည်။ သူ ဘယ်သို့ နားလည်ရမည်နည်း။ အဖေဟာ ဖိုးနီကို ဘာကြောင့် အမြဲတမ်း ဆူပူချင် ရတာလဲ။ အမေ့ စကားကို ယုံလှသည် မဟုတ်သော်လည်း ဖိုးနီက ငြိမ်နေခဲ့သည်။ ထမင်းဝိုင်း ကျတော့လည်း အဖေသည် သူမဟုတ် သလိုပင် ဖိုးနီကို စကား ဆိုပြန်သည်။ သို့ပေမဲ့ တုံးတုံး တိတိသာ။ မနက်ဖြန် တောထဲ လိုက်ခဲ့ဦးတဲ့။
သို့နှင့် ဖိုးနီသည် အဖေ လှည်းတစ်စီးနှင့် တောထဲ ဝင်ရာမှာ လိုက်ရပြန်သည်။ သားအဖ တစ်တွေ ထင်းတိုက်ကြသည်။ အိမ်အောက်ဘက်မှာ ထင်းသိုလှောင် ကြသည်။ ဖိုးနီတို့ အိမ်သည် သည်အရပ်က ရှမ်းဗမာ ရွာများတွင် တွေ့ရတတ်သော ခြေတံရှည် အိမ်ငယ်လေးသာ ဖြစ်သည်။ အိမ်အောက်ထပ်မှာ ကြက်ခြံရှိသည်။ ထင်းစင်ရှိသည်။ အိမ်ကတော့ သက်ငယ်မိုး၊ ဝါးကြမ်းခင်း၊ ထရံကာသာ။ သာမန် လယ်သမား အိမ်မျှပင်။
သည်အိမ်မှသာ မဟုတ်ပါ။ တစ်ရွာလုံး မှာတော့ အိမ်ငယ်လေး များသာ အများစု နေကြသည်။ ကချင်များလည်း ရှိသည်။ တောင်သူ အလုပ်ကိုသာ အဓိက လုပ်ကြလေသည်။ ဖိုးနီတို့ အရွယ် ကလေးများ ကတော့ မိဘကို ကူညီတတ် ကြသည်။ အိမ်အလုပ်၊ လယ်ထဲက အလုပ်များကို တတ်နိုင်သလောက် လုပ်ကြရသည်။ ကျောင်းတက်သူများ ကလည်း ကျောင်းချိန် ပြင်ပမှာ အလုပ်ကူ ကြရသည်။ များသော အားဖြင့်တော့ သူတို့သည် လေးတန်းမျှ အောင်လျှင် ပညာရေး ဆုံးခန်းတိုင် ကြမြဲ။ ဖိုးနီလို လေးတန်းပင် မရောက် သူများလည်း မရှား။ သို့သော် ရွာမှာတော့ ဒါသည် အဆန်းလည်း မဟုတ်ပါပေ။
သူတို့ ကျေးရွာ ကလေးသည် မြို့နှင့်တော်တော် အလှမ်းကွာသည်။ ကချင်ပြည်နယ် ထဲက သာမန် ကျေးရွာလေး တစ်ရွာသာပင်။ မြို့ပေါ်သို့ ဖိုးနီတို့ သိပ်မရောက် ဖူးပေ။ အဖေတို့ ကတော့ စပါးလေး၊ ပဲလေး ရောင်းဖို့၊ ဈေးဝယ်ဖို့ ရောက်တတ်သေးသည်။ ဖိုးနီကတော့ အဖေနှင့် တစ်ခါ နှစ်ခါသာ လိုက်သွားဖူးသည်။ မြို့သေးသေးလေး ပေမဲ့ သူ့အတွက် ကြီးကျယ်ခမ်းနား နေခဲ့သည်။
“ငါတော့ မြို့မှာ မနေချင် ပါဘူးဟေ့” ဟုတော့ ရွာက သူငယ်ချင်း များကို ပြောပြတတ်သည်။ တကယ်လည်း ဖိုးနီသည် ရွာကလေးမှာ ပျော်ခဲ့သည်။ အဖေက သူ့ကို မချစ်ဘူးဟု ထင်မြဲ ဖြစ်သော်လည်း အိမ်တွင် သူပျော်ခဲ့သည်။ ပင်ပန်းသော်လည်း အိမ်အလုပ် များကို မညည်းညူ။ အချိန်တန်၍ လယ်ထဲ ဆင်းရလျှင်လည်း သူသည် အဖေ့လို လယ်သမား စစ်စစ်သာ ဖြစ်လာဦးမည်။ ကောက်နှံပင် များကို မြင်လျှင် သူလည်း ပျော်တတ်သည်ပင်။ ကောက်နှံများ ရိတ်သိမ်းချိန် တွင်တော့ သူတို့ ရွာကလေး များသည် ပွဲလမ်းများနှင့် ပျော်မွေ့ဖွယ် ဖြစ်လာမြဲ။ သည်လိုသာ မပြောင်းမလဲ ရှိဦးမည်ဟု ဖိုးနီက ကလေးပီပီ တွေးထင်ခဲ့သည်။
သို့သော် မမြင်ရသော ကံကြမ္မာသည် ဖိုးနီတို့ဆီ ဆိုက်ရောက် လာခဲ့သည်။ ဖိုးနီတို့ ရှမ်းဗမာ ရွာကလေးများ သာမက အနီးဝန်းကျင် တစ်ဝိုက်က ကချင်ရွာကလေး များကိုလည်း ဆိုက်ရောက် ခဲ့သည်ပင်။ ပထမတော့ လူကြီးများ ကျိတ်ကျိတ် ကျိတ်ကျိတ် စကားပြောတတ် ကြသည်ကို သူတို့ ဆန်းသည် မထင်သေး။ နောက်တော့ ညဘက်ဆို အသံ တချို့ကို အဆန်းတကြယ် ကြားလာရသည်။ မိုးလင်းလျှင်တော့ ညက ဟိုရွာမှာ ဘာဖြစ်လို့တဲ့ ဆိုသော အသံများ ညံစီ နေပြန်သည်။ လယ်ယာ ထဲသို့တော့ ပုံမုန် ဆင်းနိုင်ဆဲ။ ဖိုးနီတို့ ရွာလေးက အေးချမ်းဆဲ။
ဆောင်းရာသီ စဝင်လျှင်တော့ ကောက်နှံများ ရင့်မှည့်ပြီ။ မကြာခင် ရိတ်သိမ်း ရတော့မည်။ အဖေနှင့် အမေတို့က စိတ်ကူးနှင့် မျှော်မှန်းဆဲ။ တစ်ညမှာတော့ မုန်တိုင်း မွှေသလို အသံများက သူတို့နှင့် သိပ်မဝေး တော့ပြီ ဆိုသည်ကို သိရသည်။ ရွာက ဗီဒီယို ရုံများတွင် ကြည့်ရတတ်သော ဇာတ်ကား ထဲကလို အသံများသည် ကလေးများကို အထိတ်တလန့် ငိုကြွေးစေသည်။ လူကြီးများ ကလည်း ထိတ်လန့်ကြသည်။ အသံများသည် တဖြည်းဖြည်းနှင့် သည်းထန်လာသည်။
“ဖိုးနီရေ ဒီအထုပ်လေး ဆွဲ” ဟု အမေက ပြောသည်။ အမေသည် ညီလေးကို ချီလျက်။ အဖေကတော့ ညီမလေးကို ပွေ့ဖက်လျက်၊ ဖိုးနီသည် အမေ လှမ်းပေးသော အထုပ်ကို ပိုက်ကာ အိမ်ပေါ်က အမြန် ဆင်းရသည်။ တစ်ရွာလုံးသည် အသက်ဝင် ဆူညံ နေပေသည်။ ဖိုးနီတို့သည် ရွာနှင့် အနီးဆုံး တောထဲကို တိုးလာကြသည်။ တောသည် အမှောင်ကြားထဲတွင် ပို၍နက်ရှိုင်း မည်းမှောင်နေသည်။ လူသံများသည် ဟိုမှ သည်မှ ပေါ်ထွက် လာနေသည်။ ပေါက်ကွဲ သံများသည် သူတို့ ရှေ့တွင်ပင် ရောက်လာသလို အသံများက နှိပ်စက်ဆဲ။ အော်ဟစ်သံ၊ ငိုကြွေးသံနှင့် ပြေးလွှားသံများ၊ ခြေသံများ။
သူတို့ ပြေးကြသည်။ ဖိုးနီပြေးသည်။ တစ်ယောက်တည်း အားသွန်ပြေးသည်။ အသံများ ကပ်ပါလာသည် ထင်လေလေ တိုးကာ ပြေးလေလေ ဖြစ်သည်။ သူ့နားထဲတွင် အသံများသာ ဆူညံနေသည်။ အပြေး ပြိုင်ပွဲတိုင်း ဗိုလ်စွဲနေကျ ဖိုးနီ၏ ခြေထောက်များက ရှေ့သို့သာ အရှိန်နှင့် တိုးနေသည်။ သူဘာကိုမှ မသိတော့။ ကြောက်ခြင်း တစ်ခုကိုသာ သိသည်။
နောက်ဆုံးတော့ ဖိုးနီ မောပန်း၍ နားသည့် အခါတွင် သူ့အနီးတွင် ဘယ်သူမျှ မရှိတော့။ သူ ဆွဲလာသော အထုပ်ကလေး သည်လည်း ဘယ်မှာ ကျကျန်ခဲ့ပြီလဲ မသိတော့ ပါပေ။ တောသည် မှောင်နေ၏။ အသံတို့က တိတ်ဆိတ် နေသည်ဟု ထင်ရသော်လည်း တကယ့် တကယ်မှာတော့ ချောက်ချားစဖွယ်။ ဖိုးနီသည် သစ်ပင် တစ်ပင်၏ ခြေရင်း၌ တိုးကပ်ကာ ရှိုက်ငင်လိုက်သည်။ သူငိုသည်။ အဖေ သူ့ကို ရိုက်စဉ်ကထက် ဝမ်းနည်းစွာ ငိုကြွေးလေသည်။
တောလမ်းလေး ပေါ်တွင် ယိုင်နဲ့နဲ့ လျှောက်လာသော ဖိုးနီသည် အသံတစ်ခုကြောင့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ ဘာသံပါလိမ့်။ အသေအချာ နားစွင့်မိ လျှင်တော့ ဖိုးနီ၏ မျက်နှာသည် မျှော်လင့်ခြင်းဖြင့် ဝင်းပလာသည်။ ဆိုင်ကယ်သံ။ လမ်းမကြီးနှင့် မဝေးတော့ ပြီလား။ သို့တည်း မဟုတ် ဆိုင်ကယ်သည် သူရှိရာ လမ်းကလေးဆီ လာနေသည်လား။ လမ်းကလေးက ကွေ့ကောက် နေသည်မို့ ရှေ့ကို မမြင်သာသေး။ သို့သော် အသံသည် ပို၍ပင် နီးကပ် လာသည်ကို ကြားရသည်။ ဖိုးနီသည် တစ်စုံ တစ်ရာကို စောင့်နေသူလို ခြေလှမ်းများကို ရပ်တန့်ထားသည်။
ကလေးများကို ဖမ်းတတ်သည်ဟု လူကြီးများက ခြောက်လှန့်တတ်သော လူဆိုးများပင် ဖြစ်စေဦး။ ယခုနေတော့ ဖိုးနီ ဘာကိုမျှ မကြောက် နိုင်ပါပေ။ သူသည် တစ်ညလုံး ကြောက်လန့်ခြင်းနှင့် အသားကျ ခဲ့သည်။ သည့်ထက်လည်း ထူး၍ လန့်မကြောက် နိုင်တော့ပြီ ထင်သည်။ ညက ဝမ်းပန်းတနည်း ငိုရှိုက် နေခဲ့သော ဖိုးနီသည် မိုးစင်စင် လင်းချိန်မှာတော့ ငိုရန်ပင် မောနေပြီ။ ထပ်၍လည်း မငိုနိုင်တော့။
ဖိုးနီ ငေးမော နေစဉ်မှာပင် လမ်းချိုးကွေ့တွင် ဆိုင်ကယ်တစ်စီး ပေါ်လာသည်ကို တွေ့ရသည်။ လူနှစ်ဦး ပါလာသည်။ သူတို့သည် ဖိုးနီကို မြင်လျှင် ဆိုင်ကယ်ကို စက်သတ် လိုက်ကြသည်။ စကားတချို့ မေးမြန်းကြသည်။ သူ့လို ရှမ်းဗမာ တစ်ယောက် မဟုတ်ဘဲ ကချင်များ ဖြစ်သည်ကို ဖိုးနီ သိလာသည်။ ဖိုးနီသည် ဖြစ်ကြောင်း ကုန်စင်ကို ပြောပြရ၏။ သူဘယ်ရွာက လာသည့်အကြောင်း၊ မိဘများနှင့် ကွဲသွားရသည့် အကြောင်း။ သူတို့သည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်ပြီးနောက် တီးတိုးတိုင်ပင် ကြ၏။ ထို့နောက် ဖိုးနီကို ဆိုင်ကယ်ပေါ် တင်ကာ ခရီးဆက်ခဲ့ ကြသည်။ ဆိုင်ကယ် မောင်းသူနှင့် နောက်ကလိုက်သူ နှစ်ဦးအကြား ဖိုးနီ ထိုင်ရသည်။
သူတို့ ဘယ်သွားမည်နည်း။ ဖိုးနီ မသိပါ။ သို့သော် သူ့ကို ထွေးပိုက်ထားသော လက်များတွင် စာနာမှုများ ပါသည်ဟုတော့ ခံစားရသည်။ ကလေး ဖမ်းသူများ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ တစ်ညလုံး ချမ်းတုန် ခဲ့ရသော ဖိုးနီသည် နွေးထွေးသော ခန္ဓာကိုယ်ငွေ့များ ကြားတွင် နွေးကာနေသည်။ အချိန်တော့ ဘယ်လောက် ကြာသည်လည်း မသိ။ တောလမ်းထဲ ကွေ့ကွေ့ကောက်ကောက် သွားရသည်။ ကုန်းကလေး များကို တက်ရသည်။ တစ်နေရာ တွင်တော့ ဆိုင်ကယ်ကို စက်သတ်ကာ ရပ်လိုက်ကြသည်။ သူတို့အားလုံး ဆိုင်ကယ်ပေါ်က ဆင်းကြသည်။ ဦးတည်လိုသော နေရာသို့ ရောက်ခဲ့ပြီဟု ဖိုးနီ ထင်ပါသည်။
ပတ်ဝန်းကျင်ကို စူးစမ်းရန် လှည့်ကြည့်လိုက်တော့ ဖိုးနီသည် မြင်ကွင်းကို တအံ့တဩ ငေးမော နေရသည်။ သူရောက်နေသော နေရာသည် သစ်ပင်များ အုပ်မိုးလျက်။ အလယ်တွင် ရှင်းလင်းကာ တဲများ ဆောက်ထားသည်ကို တွေ့ရသည်။ တာလပတ်များ မိုးထားသော ဖက်များ ကာရံထားသော တဲကြီးများထဲ၌ လူများစွာ တွေ့ရသည်။ သူတို့ အရွယ် ကလေးငယ်များ၊ သူ့ထက် ငယ်သော ကလေးများသည် မြေပြင်တွင် ဆော့ကစားနေသည်။ ရွာလား။ ဟင့်အင်း မဟုတ်ပါဘူး။ ဒါ ရွာနှင့် မတူပါ။ လယ်စောင့်တဲများ ထက်ပင် အနေစုတ်ချင် နေသော တဲကြီးများ နေရာ ကွက်ကွက်လေးမှာ စုစည်း နေတာသည် ရွာနှင့် မတူပါ။ ဒါဆို ဘာများပါလိမ့်။
ဖိုးနီသည် ကြာကြာ မတွေးနိုင်။ သူ့ကို ခေါ်လာသူ နှစ်ဦးက ခြေလှမ်း ပြင်ပြီမို့ သူတို့နောက် လိုက်ရသည်။ ဖိုးနီက ကစားနေသော ကလေးတို့ အနီးမှ ဖြတ်လျှင် ညီမလေးနှင့် ညီလေးကို ပြင်းစွာ အောက်မေ့လေ၏။ သူတို့ ဘယ်ရောက် နေပြီနည်း။ အမေ၊ အဖေတို့ ကရော ဘယ်မှာပါနည်း။ သည်တဲများတွင် ရှိနေလေ မည်လား။ ဖိုးနီသည် မျှော်လင့်ခြင်းဖြင့် မျက်နှာလေး ရွှင်လာပြန်သည်။
“ဟေ့ နင် ဖိုးနီ မဟုတ်လား”
ကလေးတစ်သိုက် ထဲက အသံထွက် လာလျှင် ဖိုးနီက ငဲ့ကြည့်လိုက် ပါသည်။ မျက်ဝန်း ကျဉ်းကျဉ်းလေးများ ပိတ်သည်အထိ ပြုံးရယ်ပြ နေသူကို ဖိုးနီ ကောင်းစွာ မှတ်မိသည်။ ဒုတိယတန်းမှာ တစ်တန်းတည်း နေခဲ့ရသော ဖိုးနီ၏ သူငယ်ချင်း ပါပေ။
“အားဘူ ... အေး ... နင်တို့ ဒီမှာ ဘယ်လိုလုပ် ရောက်နေတာလဲ”
“ငါတို့လည်း ပြေးလာတာ ပဲကော။ နင့် အဖေတို့ရော”
“မပါဘူးဟ။ ငါတစ်ယောက်တည်း လမ်းကွဲသွားတာ။ ဒီမှာ ရောက်နေမလား မသိဘူး။ နင် တွေ့သေး သလားဟင်”
“မရောက် ပါဘူးဟယ်။ ငါမြင်ရင် သိပါတယ်”
ဖိုးနီသည် သက်ပြင်းလေး ချလိုက်မိသည်။ သူ့ မျှော်လင့်ချက် လေးသည် ဟုတ်ခနဲ ငြိမ်းသွားသော မီးညွန့် ကလေးလိုပင်။ ရှေ့တွင်တော့ သူ့ကို ခေါ်လာ သူတို့သည် ဆရာမလေးတို့ အရွယ် အစ်မကြီး တစ်ယောက်နှင့် စကားပြောကာ နေသည်။ ကချင် စကားများနှင့်သာ ပြောသည်ဖြစ်၍ ဖိုးနီ နားမလည်ပေ။ သို့သော် သူ့အကြောင်း ပြောနေမှန်းတော့ ဖိုးနီ သိပါသည်။ ထို့နောက် သူ့ကို လာခေါ်သည်ကို ကြုံရသည်။ သည်မှာပင် ဖိုးနီ နေရဦး မည်တဲ့။ အားဘူကတော့ သူတို့တဲသို့ ခေါ်သွားလိုသည်။ သို့သော် အားဘူတို့ နေသည့်တဲတွင် လူက များလှပြီ။ မျက်နှာချင်းဆိုင်က တဲတွင် ဖိုးနီ နေရပါသည်။ လူကြီးများ အကြားတွင် ဖိုးနီကို နေရာ ပေးထားသည်။ သူတို့ချင်း ပြောကြသော ကချင်စကားကို ဖိုးနီ နားလည်သည် မဟုတ်။ မျက်နှာများက နွေးထွေးမှု ကိုတော့ ကလေးပေမဲ့ ဖိုးနီ သိပါသည်။
တစ်ညလုံး ပြေးလွှား ခဲ့ရသော ဖိုးနီ အတွက်တော့ အားဘူတို့ ကလေး တစ်သိုက်နှင့် အတူ စားရသော ထမင်းမှာ မြိန်လှသည်။ တကယ်တော့ ဟင်းက ဘာမျှ ပါသည်မဟုတ်။ ပဲပြုတ်တစ်ခွက် မျှသာ။ သို့ပေမဲ့ ဆာလောင် နေသည်မို့ ထမင်းကုန်အောင် စားပစ်လိုက်သည်။
သည်ကြားထဲ အမေချက်ပေး တတ်သော စွန်တန် ဟင်းရည်နှင့် ငါးကြော်လေးများ ကိုပင် သတိရ သေးသည်။ ညီမလေးနှင့် ဟင်းလုစားရ သည်ကို အမှတ်ရသည်။ သူတို့သည် ဘယ်နေရာမှာ ရှိနေသနည်း။ ဖိုးနီလို တဲတို့၊ ထမင်းတို့ ရှာတွေ့ရဲ့လား။ ပူပင် သောကနှင့် ခေတ္တမျှ ငေးငိုင်ရ သော်လည်း ကလေး ပီပီပင် တစ်အောင့်မျှ ကြာလျှင် မေ့သလို ရှိလာပြန်သည်။ အားဘူတို့နှင့် ကုန်းကလေး ထက်တွင် ပြေးတမ်းလိုက်တမ်း ကစား နေပြန်သည်။ သူတို့သည် လူကြီးများလို သောက များတတ်သေးသည် မဟုတ်။ ကောက်မရိတ်ရ သေးသည်ကို မပူပင်တတ်။ နောက်နှစ်အတွက် ဆန်မရှိ မည်ကို မတွေးတတ်။ မနက်ဖြန်တွင် ဘာဖြစ် လာဦးမည်ကို မကြောက်တတ်။ ဘာမျှ မသိတတ် သေးသော စိတ်နှလုံးများနှင့် သူတို့ ရယ်မော နိုင်ကြသေးသည်။
နေဝင် မိုးချုပ်တော့ ညစာ စားပြီးသည်နှင့် သူတို့ အိပ်ရာ ဝင်ကြသည်။ တဲများသည် ခဏမျှ ကြာလျှင် အမှောင်ကြားတွင် တိတ်ဆိတ်ကာ နေသည်။ လေသည် ဖက်ရွက်များ ကြားက တိုးဝင်လာသည်။ ချမ်းမြသော လေကြောင့် ဖိုးနီ တုန်စ ပြုလာသည်။ သို့သော် သူ့တွင် စောင်မရှိ။ တစ်ဖက်မှာ အိပ်သော အဘိုး တစ်ယောက်က ခြုံစောင်ကို လွှမ်းပေးသေးသည်။ သို့သော် သူ လူးလိမ့် နေရင်းမှာပင် စောင်လျှော ကျရသည်။ နှစ်ယောက် ခြုံနိုင်သော စောင်မဟုတ် သည်မို့ ဆွဲယူရန် ရွံ့ရ၊ အားနာရ သေးသည်။ ကွေးကွေးလေး နေရင်တော့ အချမ်း ပြေမှာပဲ။ ဖိုးနီသည် မျက်လုံးကို စေ့ပိတ်ထားသည့် ကြားက အမေ့ ရင်ခွင်ကို လွမ်းစ ပြုလာသည်။ အိမ်မှာတော့ ဆင်းရဲသည် မှန်သော်လည်း နွေးထွေးသေးသည်။ အမေ့နား တိုးကပ်နိုင်သည်။ ညီမလေးနှင့် စောင်လု ခြုံနိုင်သည်။ အဖေ့ကိုယ်ငွေ့ ကိုလည်း ငယ်တုန်းက ခိုလှုံ ခဲ့သည်ကို သတိရ လာသည်။ နောင်တော့ ဘယ်လိုပင် မိဘများက ဆူသည်ဖြစ်စေ စိတ်မကွက် တော့ပါဘူးဟု တစ်ဆက်တည်းပင် စဉ်းစား နေပြန်သည်။ သည်လိုနှင့် ချမ်းချမ်းနှင့် ကွေးရင်းက သူ အိပ်ပျော် သွားခဲ့သည်။
နောက်တစ်နေ့ မိုးလင်းလာလျှင် ချမ်းအေးလှဆဲ ဖြစ်သည်ကို တွေ့ရလေသည်။ ဖိုးနီသည် တခြား ကလေးများနှင့် အတူ မီးလှုံရ၏။ သူတို့တွင် အင်္ကျီ အနွေးထည် မရှိပါပေ။
အချိန်တန်လျှင် လူကြီးများက ချက်ပြုတ်ကြသည်။ ဆန်က နည်းခဲ့ပြီဟု ပြောသံ ကြားရသည်။ အေးလေ အိမ်ပြန် ရတော့မှာပဲ။ ဖိုးနီက ကလေး ပီပီပင် တွေးနေသည်။ သူအိမ်ပြန် ချင်ပြီ။ မိဘ မောင်နှမ များကို တွေ့ချင်လှပြီ။ မကြာခင် ပြန်ရတော့ မည်ဟုပင် သူထင်နေသည်။ ထို့ကြောင့်ပင် ပူစရာဟု ဘယ်အရာကိုမျှ မမြင်။ သူ့လိုပင် တခြား ကလေးများ သည်လည်း မကြာခင် အိမ်ပြန် ရမည်ဟု တွေးလေသလား မသိ။ သူတို့ တစ်တွေသည် ဆော့ကစားကာ စကားဆိုကာ ရှိနေပြန်သည်။ သူ့ရွာအကြောင်း၊ ကိုယ့်ရွာအကြောင်း ပြောကြသည်။ ကျောင်းတက်သူ တို့က ကျောင်းအကြောင်း ပြောကြသည်။ ဆရာမ အကြောင်း ပြောကြသည်။ ကောက်သစ် စားပွဲများ အကြောင်း ပြောကြသည်။ လယ်ထဲမှာ မိဘ ကူရသည့် အကြောင်းများလည်း ပါသည်။
“အားဘူ နင်တို့ ဘယ်တော့ ပြန်ကြမလဲ”ဟု ဖိုးနီက မေးသေးသည်။
“အေး ဖိုးနီရဲ့။ အနူးက ပြောတာတော့ ရွာဘက်မှာ အေးရင် ပြန်ချင်တယ်တဲ့။ စပါးလည်း ရိတ်ရ ဦးမယ်လေ။ ငါလည်း ကျောင်းမတက် ရဘူး မဟုတ်လား”
“နင် ပြန်ချင်ပြီလား။ ငါလည်း ပြန်ချင်ပြီ ဝေး”
“ပြန်ချင်တာ ပေါ့ဟယ်။ ဒီအချိန်ဆို တို့ရွာမှာ ခရစ္စမတ် နီးလို့ ပျော်စရာပေါ့။ နင်တို့ ဆီမှာလည်း ဘုရားပွဲတွေ နီးပြီပေါ့"
“အေးပေါ့ဟ”
ဖိုးနီတို့သည် သစ်ပင်ရိပ်များတွင် တစ်နေကုန် နေကြသည်။ စာသင်စရာလည်း မရှိ။ ကျောင်းများသည် အဝေးတွင် ကျန်ခဲ့ကြ လေပြီ။ ဖိုးနီ တစ်ယောက်တည်း အတွက် ဆိုလျှင်ကား သူနားပူ တတ်သော အဖေ့ ဆူသံများ ကိုလည်း ကြားစရာ မလိုတော့။ အိမ်အလုပ်များ ကိုလည်း လုပ်ရန် မလိုတော့။ ညီမလေး နှင့်လည်း ငြင်းခုံရန် မလိုတော့ပေ။ သို့သော် ဘာကြောင့် မပျော်ပါ သနည်း။
အားဘူကတော့ ရွာကိုလွမ်းကြောင်း ခဏခဏ ပြောသည်။ ဖိုးနီကလည်း စဉ်းစား၏။ သူ လွမ်းသလား။ ရွာကို လွမ်းသလား။ တကယ့်တကယ် စဉ်းစားတော့လည်း သစ်ပင်စိမ်းများ ရိပ်မိုးထားသည် ဖြစ်သော ရွာကလေးကို မြင်ယောင်လာသည်။ သူငယ်ချင်းများနှင့် ပြေးလွှား ဆော့ကစား ခဲ့ရသော ရွာလမ်းကို သတိရသည်။ ရွာဦး စေတီက ဆည်းလည်းသံကို ပြန်လည် ကြားယောင်သည်။ လယ်ကွက်များ ကိုပင် သတိရစရာ ဖြစ်ရသည်။
နောက်ဆုံးတော့လည်း သူ့စိတ်သည် သူ့မိသားစု နှင့်အတူ နေထိုင်ခဲ့ရာ အိမ်ကလေးတွင် ရပ်တန့်တော့၏။ အိမ်ကလေး ထဲက ရယ်သံများ။ ညီလေး၊ ညီမလေး တို့နှင့် အဖေ ရယ်မောနေလျှင် သူပါ ပျော်ရွှင်ခဲ့သည်။ အဖေသည် သူ့ကို ချစ်ခင် ရင်းနှီးစွာ မနေတတ် သော်လည်း အားကိုး တတ်သည်ဟု အမေ ပြောဖူးသည်ကို သတိရ လာ၏။ ဟုတ်မှာပဲ ဟုလည်း အဖေ့ကို မြင်ယောင်ကာ တွေးစပြုလာ ပြန်သည်။
“ငါလည်း အိမ်ကို လွမ်းတယ်ဟ” ဟု ဖိုးနီသည် အားဘူ၏ စကားကို ထောက်ခံလာသည်။
“အေးဟယ် အိမ်ပြန်ရရင် ကောင်းမှာပဲ နော့”
ခဏ ကြာတော့လည်း သူတို့သည် ကလေးတို့၏ စိတ်ပြောင်းလဲ လွယ်ခြင်းနှင့် အသားကျ လာပြန်သည်။ ရယ်ကာမောကာ ရှိလာပြန်သည်။ အားဘူကတော့ စခန်းသို့ စောစီးစွာ ရောက်လာခဲ့သူ ဖြစ်လေရာ သူ့တွင် ပြောစရာ များစွာ ရှိလေသည်။
“နင့်လိုပဲ စခန်းမှာ အဖေ၊ အမေ မပါဘဲ ရောက်လာတဲ့ ကလေးတွေ ရှိသေးတယ် သိလား။ တချို့ လူတွေလည်း ကွဲကုန်တာ ပဲဟယ်။ ငါတို့တောင် ကံကောင်းလို့ မကွဲတာ။ တို့တော့ ညပြေးတာ မဟုတ်ဘူး။ နေ့ခင်းဘက် ပြေးလာတာ။ အစကတော့ အနူးတို့က မပြောင်းဘူး လို့ပဲ။ ဒါပေမဲ့ နောက်တော့ မရတော့ ဘူးလေ။ တိုက်ပွဲတွေက တဖြည်းဖြည်း နီးလာတာကိုး”
“ဒီမှာ ဆန်ကုန်ရင် ငါတို့တော့ ဒုက္ခပဲတဲ့။ လူကြီးတွေ ပြောတာ ကြားခဲ့တယ်” ဟု ဘောက်ဂျာ ဆိုသော ကောင်မလေး တစ်ယောက်က ဝင်ပြောသေးသည်။ ဖိုးနီကတော့ ထုံးစံအတိုင်း တွေးပြန်သည်မှာ အိမ်ပြန်မှာပေါ့ ဟုပင်။ သို့ပေမဲ့ ရွာကို ဘယ်လမ်းက သွားရမည်နည်း။ ဒါက သိပ်တော့လည်း ပူစရာ ရှိမည်မဟုတ်။ လူကြီးများက လမ်းပြ ပေးမှာပါ။ ပူပန်စရာ မှာတော့ ဘယ်သူမှ မရှိသော အိမ်သို့ မပြန်လို ခြင်းတည်း။
အတွေးများနှင့် ငေးငိုင်နေသော ဖိုးနီသည် လူသံများ အုတ်အုတ်ကျက်ကျက် ကြားရတော့ နားစွင့်မိ၏။ တစ်ချက်တစ်ချက် ပျံ့လွင့် လာသည်မှာ ကချင် စကားများသာ ဖြစ်၍ ဖိုးနီ နားမလည်။ အားဘူက တစ်ချက်ခုန် ထကာ လူသစ်တွေ ရောက်လာတယ်ဟေ့ဟု ဖိုးနီကို ပြောသည်။ ပြီးတော့ ရှေ့က ပြေးသွားသည်။ ဖိုးနီလည်း သူ့နောက်က ပြေးလိုက်လာ၏။
“ဖိုးနီ နင့်အမေ မဟုတ်လား”
အားဘူ၏ ဝမ်းသာအားရ အသံကြောင့် ဖိုးနီသည် လူအုပ်ကြားထဲ တိုးကြည့်လိုက်သည်။ စခန်းက လူကြီးများနှင့် စကားပြော နေသည်မှာ အမေပါ တကား။ အမေသည် ညီလေးကို ပွေ့ဖက်လျက်သား။ တခြားသူ များလည်း ပါသေးသည်။ စခန်းတွင် နေရာချကာ အလုပ်ရှုပ်စ ပြုနေသည် ကိုလည်း မြင်ရ၏။ အမေသည် သူ့အနား တိုးကပ်လာသော ဖိုးနီကို မြင်လျှင် ဝမ်းသာ လှိုက်လှဲခြင်းနှင့် ပြုံးလာသည်။ ရုပ်ရှင်ကားများ ထဲကလိုတော့ ပြေးမဖက်။ ငိုလည်း မငို။ ငိုရန်ပင် မျက်ရည်များ ကုန်ခဲ့ပြီလား မသိ။
“အမေ၊ အဖေတို့ရော”
“ကွဲသွားတယ် ဖိုးနီရဲ့။ ဘယ်ရောက်သွား မှန်းတောင် မသိဘူး”
အမေသည် ခုမှပင် မျက်ရည်ဝဲစ ပြုလာသည်။ ဖိုးနီကို ထွေးဖက်ထားသည်။ နောက်ထပ် ပျောက်သွားဦးမှာ ကြောက်နေတော့ သလိုပင်။ ဖိုးနီသည်လည်း အမေ့ခါးကို တိုးဖက် ထားမိသည်။ ညီလေးကိုပင် ပိုချစ်ခင် လာမိ၏။
သည်လိုနှင့် ညမှာတော့ သားအမိများ အတူနေခွင့် ရကြလေသည်။ စခန်းမှာတော့ ရှိသည့် တဲအကျယ်နှင့် လူဦးရေက မမျှခဲ့ပြီ ဖြစ်ရာ လူများမှာ လူးသာ လှည့်သာပင် မရှိပေ။ ဆောင်းရာသီ ဖြစ်၍ လူငွေ့နှင့် နွေးထွေးသည် ကိုပင် ကျေးဇူးတင်ရ မလိုတည်း။
ဖိုးနီနှင့် အမေသည် ညီလေး အိပ်စက်နေသည့် အနီးမှာ တိုးကပ်ထိုင်နေ ကြသည်။ အမေသည် အပြင်ဘက် မြင်ကွင်းကို ငေးနေ၏။ အပြင်တွင် မြင်ကွင်းသည် အမှောင်သာ။ မီးဖိုက မီးတို့ ငြိမ်းခဲ့ပြီ။ လကွယ်ညမို့ ပိန်းပိတ်အောင် မှောင်လျက်။ သည်ပြင်ပ ကိုပင် အမေသည် ဘာကြောင့်မှန်း မသိ ငေးကာနေသည်။
ဖိုးနီသည် အမေနှင့် ပြန်တွေ့ရသည့် အတွက် အခါများစွာကထက် အားတက် လာရသည်။ မကြာခင် သူတို့အိမ်ပြန် နိုင်တော့မည်လား မသိ။ အဖေတို့လည်း ပြန်ရောက်ရင် ရောက်လာမှာပေါ့။ သူသည် အတွေးနှင့် ရွှင်လန်းစွာ ပြုံးလိုက်သည်။ အခုတော့ ရွာအပြန် လမ်းကို မမှတ်မိလည်း ရပါပြီ။ အမေ ရောက်လာပြီ မဟုတ်လား။ အမေနှင့် အတူ ပြန်ရလျှင် အိမ်ကို ချောမောစွာ ပြန်ရောက် နိုင်မည်ဟု သူထင်ပါသည်။
“အမေ သားတို့ ဘယ်တော့ အိမ်ပြန်ရ မလဲဟင်”
အမေသည် သူ့အမေးကို မကြားဘူးလား မသိ။ မမြင်ရသော အမှောင်ကိုပင် ငေးမြဲငေး နေလေသည်။
-----------
စံပယ်ဖြူနု
Teen မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ၊ ၂၀၁၂။

Subscribe to:
Posts (Atom)