တစ်ထစ်ပြီ တစ်ထစ် နိမ့်ဆင်းသွားသော လှေကား မဟုတ်သည့် တောလမ်းကလေး
အတိုင်း စကား တပြောပြောနှင့် လျှောက်လှမ်း နေသူတို့ နောက်သို့ မီလုမီခင် …။
ရွှံ့ဗွက်တွေကို ကျော်ပြီး ကုန်းကလေးများကို ပြန်တက်စပြုလျှင် ကိုမြက
စီးကရက် မီးညှိရင်း ခဏ စောင့်သည်။ ကျွန်မ၏ အသက်ရှူသံမှာ နည်းနည်းတော့
မြန်နေလိမ့်မလား။
ကမ်းလိုက်သော ကောက်ညှင်းအရက် နှစ်ပုလင်းကို
လှမ်းယူသော ကိုအောင်မော်၏ လက်အစုံတို့ ခပ်တုန်တုန် ဖြစ်နေသည်ကို
ခါတိုင်းလို ဗျစ်တောက် ဗျစ်တောက် မပြောဖြစ်တော့ဘဲ မသိကျိုးကျွံ
နေဖြစ်လိုက်သည်။ ကျောင်းပိတ်ရက်ပင် ဖြစ်သော်လည်း ကျွန်မတို့နှင့် အတူတူ
နံနက်စာ စားခဲ့ပြီမို့ ယနေ့အဖို့ သူတို့ တန်းမပြန်ရသေးကြောင်း ကျွန်မ
သိပြီးပင်။
အရက်ပုလင်းများကို ချည်လွယ်အိတ်နီထဲ နေသားတကျ
ထည့်လိုက်ပြီးမှ ဆက်လျှောက်ဖြစ်ကြ လေသည်။ ဒေသထုံးစံအရ မင်္ဂလာပွဲ၊
အိမ်သစ်တက်ပွဲနှင့် အသုဘပွဲ စသဖြင့် ဆုတောင်းပွဲ မှန်သမျှ အရက်နှင့်
မကင်းချေ။ ဆွေမျိုး ဆက်စပ်မှုနှင့် မိတ်ဆွေဖွဲ့မှုတို့၌ အရက်သည် မပါမဖြစ်သော
ထုံးတမ်းစဉ်လာ တစ်ခု။
သို့သော်လည်း စုံဂဏန်း ဖြစ်လျှင်
ပို၍မွန်မြတ်ကာ ထုပ်ပိုးမပေးက အပမှီတတ်သည်ဟု အယူရှိကြသည်။ သည်ဒေသတွင်
သူတို့ထက် ကျောင်းဆရာသက် ရင့်ခဲ့ပြီမို့ ဒေသထုံးစံများကို သူတို့ထက်
ကျွန်မက နောကြေ နေသည်။ လက်ရှိကျောင်းအုပ် ဖြစ်သော ကိုမြပင်လျှင် ကျွန်မထက်
နှစ်နှစ်ခန့် နောက်ကျသေး၏။ ကိုအောင်မော်နှင့် ကိုတင်ဌေးအောင်တို့သည်
ဆရာလက်သစ်များ …။
ခုတော့လည်း အလင်း ဝေငှသူတွေ များခဲ့ပြီလေ။
တောလမ်းကလေး တဖြည်းဖြည်းနှင့် ဦးမော့ကာ မြင့်တက် လာနေတော့သည်။
လမ်းတစ်ဖက်ရှိ ချိုင့်ဝှမ်းရင်ခွင်ထဲသို့ ထင်းရှူးပင်ပေါက်နှင့်
တောင်ဇလပ်ပျိုတွေ။ စွေးစွေးနီအောင် ပွင့်သည့် တောင်ဇလပ်နီတို့ကို
မြင်ချင်၍ပင် မမြင်ရတော့။ တောင်ဇလပ် အဖြူတို့တောင် တုံးလုပြီပဲလေ။
ရှားရှားပါးပါး ပွင့်ကျန်အချို့အား တောလမ်းကြောင်းလေး ပေါ်မှ
လှမ်းမြင်ရသည့်အခိုက် ယိန်းနန်၏ မျက်နှာကလေးကို ကွက်ခနဲ …။
ရေ၌ ဆုံးပါးခဲ့ရသော ကျွန်မတို့၏ တပည့်မလေး။
ဃ,ကို ဂဟကြီးဟု အသံထွက် မှားသဖြင့် စာတစ်လုံးကို ဈေးတစ်ပတ်ခန့် သင်ခဲ့ရသော
လာချိုဒ်မလေး ယိန်းနန်။ ကျွန်မ၏ ဆံပင်ထက်မှ ကျောက်နှင်းဆီ ပန်းခိုင်လေးကို
လက်ညှိုးထိုးရင်း ဘာဖြစ်လို့ ချိတ်ထားတာလဲဟင် ဆရာမလို့ မေးတတ်သေးသည်ကော။
သည်ဒေသ၌ ပန်းပန်သည်မှာ အဆန်း။ အထူးသဖြင့် ကလေးများက တအံ့တဩ။
ကျွန်မက ပြည်မမှ အမျိုးသမီးများ ပန်းပန်လေ့ ရှိပုံ၊ ပန်းပန်သည်မှာ
အလှဆင်ခြင်း တစ်ရပ်ဖြစ်ကြောင်း တဖွဲ့တနွဲ့ ရှင်းပြပြီး နောက်ပိုင်းဝယ်
တောထဲ တောင်ထဲမှ ရှားရှားပါးပါး ပန်းတို့သည် ကျွန်မ၏ စားပွဲထက် စုပုံလျက်။
“ကျောင်းကိုယ်စား ဆရာ၊ ဆရာမတွေ အနေနဲ့ ပန်းခွေတစ်ခု၊ သူ့အတန်းပိုင်
ကိုအောင်မော်နဲ့ အတန်းသားတွေက ပန်းခွေတစ်ခု၊ သူ့အတွက်ပေါ့ မအိရယ် …”
တောင်ဇလပ်ဖြူတို့ကို ရှာဖွေကြည့်နေမိသော ကျွန်မသည် ကိုမြ၏ စကားကို
ကြားရလျှင် လမ်းကို ပြန်လည်ရှေးရှုပြီး သက်ပြင်းတစ်ချက်ကို
ရှိုက်လိုက်မိပြန်သလား။ ကြာတော့လည်း ကြာခဲ့ပါပြီလေ။
ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူများ ကောင်းမှု။
အဖူးအငုံ
ပွင့်ရုံပွင့်ချပ်၊ ပွင့်ဖတ်ညှိုးယော်
သော်က, ဇီဇဝါ, စကြ်ာ, ပုဏ္ဍုရိပ်
သွယ်ချိတ် ကုံးယှက်၊
မျက်ရည်စက်တွေနဲ့ဲ့
သူ့ … အတွက်လေ။
တိုက်ဆိုင်မှုများသည် ဆယ်စုတစ်စုကျော် ကြာသည့် ကာလတိုင်အောင် သည်တောင်ပေါ်
အထိပင် လိုက်လံကာ ကျွန်မအား ဘယ့်အတွက်ကြောင့် နှိပ်စက်နေအားပါလိမ့်။
ကလေးရယ် မင်း ပေးခဲ့တဲ့ ပန်းတွေဟာ ခုချိန်ခါမှာ ဆရာမအတွက် အလွမ်းတွေ ဖြစ်ခဲ့ရပြီပေါ့။
“ဆရာခင်မောင်လေးကို ဝင်ခေါ်ရအောင်”
မည်သူမျှ တုံ့ပြန်မပြောဖြစ် သော်လည်း ထင်းရှူးမြိုင် အိမ်စုကို
ပြိုင်တူလိုပင် လှမ်းကြည့်မိကြလေသည်။ လျှောက်လှမ်းနေဆဲ တောလမ်းလေးပေါ်မှ
စီးမြင်နေ၏။ မိုးကောင်းကင်ကြီး အောက်ဝယ် တောတောင် ချိုင့်ဝှမ်းနှင့်
အနည်းအကျဉ်းသာ ရှိသော မြေပြန့်တွင် အိမ်ခြေသည် ခပ်ကျဲကျဲ။ အိမ်ခြေစိပ်သည့်
နေရာတို့၌ အုတ်ကြွပ်မိုး တိုက်အိမ်များ ရှေ့မျက်နှာစာမှ ကျွဲချို
ကားကားကြီးသည် မျိုးနွယ်တစ်ခု၏ ဂုဏ်သိက္ခာကို ပြောပြနေတော့သယောင်။
မြန်မာပြည် မြေပုံဝယ် ပန်းဝါတောင်ကြားဟု တွေ့မြင်ရသော ဒေသ။
ပေတစ်သောင်းခန့် မြင့်သော ရေခဲတောင်တို့ ထူထပ်ရာ ကျွန်မတို့ ဒေသလေး၌
ရာသီဥတု နှစ်မျိုးသာ ရှိမြဲဖြစ်ရာ သည်နှစ်မှာတော့ အခါလွန်ရွာသော
မိုးကြောင့် မထင်မှတ်ဖွယ် ဖြစ်ရပ်ဆိုးသည် …။ တောင်ပေါ်မှာမှ ရေနစ်
သေဆုံးရသတဲ့လား … တပည့်ရယ်။
ခရီးလွန်နေသဖြင့် အသုဘပွဲ ကျွန်မ
မမီခဲ့ရပေ။ သည်ကနေ့သည် ခြောက်ရက် ပြည့်၍ ရက်လည်ပွဲ ကျင်းပမည့်နေ့။
ဒေသထုံးစံအရ အမျိုးသား သေဆုံးလျှင် ၅ ရက်မှာ ရက်လည်ပြီး၊ အမျိုးသမီး
ဖြစ်ပါက ၆ ရက်မှာ။ ခန့်မှန်း ကြည့်ရသည်ကား နွားပျောက် ရှာရင်း ချောင်းထဲ
ပြုတ်ကျသည့် သမီးကို မိခင်က လှမ်းဆွဲလိုက်သလား၊ ချောင်းထဲ ဆင်းကာ
ဆယ်ယူသည်လား မသိတတ်ပေ။ နွားပျောက်ရှာသူ သားအမိနှစ်ယောက် အနက်
နှစ်ဦးစလုံးပင် ပျောက်ရှခဲ့ရာ အဖြစ်အပျက်ကို ခန့်မှန်း ကြည့်ရုံမှတစ်ပါး။
လွတ်လပ်သန်စွမ်းသော ချေဖွေချောင်း၏ ရေစီးသံသည် ကြိမ်ဖန်များစွာ ကျွန်မအား
မမြင်နိုင်စွမ်းသော သတ္တိတို့ကို ပေးခဲ့ဖူးပေသည်။ ရေထဲ တစ်ဝက်မြုပ်သော
ကျောက်တုံးပေါ် ထိုင်လျက် ချောင်းရေစီးသံအပေါ် ယစ်မူးရင်း ပြည်မ,ရှိ ဥဩငှက်၏
တေးသံကို တမ်းတကြားယောင်ကာ အလွမ်းကြီး လွမ်းဖူးသေး၏။
ခုတော့
ကလေးရယ်၊ သည် ချောင်းရေစီးသံကို ကြားရသည့် အခါတိုင်း အဆွေးကြီး ဆွေးစေအောင်
ထိတ်လန့် နာကြည်းဖွယ် ပုံပြင်တစ်ပုဒ်ကို ထားရစ်ခဲ့ပြီတဲ့လား။
ထင်းရှူးမြိုင်မှ လွန်လျှင် ပန်းဝါအပြင်ဘက် ရောက်ခဲ့ပြီ။ မြေလမ်းသည် ကမူ၊
ချိုင့်ဝှမ်းတို့ မရှိတော့။ ကွင်းထဲတွင် ထင်သလို ဆော့ကစားနေသော လေရိုင်းသည်
အနားသတ် တောင်တွေဆီမှ ခေါက်တုံ့ပြန်ကာ ကျွန်မတို့အား လာနှုတ်ဆက်၏။
ကားလမ်းမအတိုင်း လျှောက်လာရင်း ရင်ကွဲတောင်လေးကို လွန်လာကြ၏။ မြေပြန့်တွင်
မမြင်ဖူးသော ခရမ်းရောင်ပန်းနှင့် ငုဝါရောင် ပန်းကလေးများကား ကားလမ်းနံဘေး၌
ကျပ်ညပ်လို့၊ ပန်းဝါနှင့် ကျီကျားရွာသည် နှစ်နာရီခန့် ဝေးလေမည်။
သည်လမ်းအတိုင်း သူ လာမှာပဲ။ အလေ့ကျသည့် ပန်းကလေးတွေကိုရော မခူးဘဲ
နေမှာတဲ့လား။
ကျောက်နှင်းဆီနှင့် တောင်ဇလပ်တို့ တုံးချိန်၌
ကျောင်းတက်ခေါင်းလောင်း မထိုးမီ ကျောင်း၏ အုတ်တံတိုင်းကို မှီလျက်
အလံတိုင်ကို မျက်နှာမူကာ လာခေါတို့ မောင်နှမနှင့် စကားပြောတတ်သော
ယိန်းနန်း၏ လက်ထဲမှာ …။
ထိုပန်းကလေးများကို ချက်ချင်းပင် ကျွန်မ
ပြန်လည် မှတ်မိလာ၏။ လာခေါတို့ မောင်နှမကား ကျိကျားရွာ၏ ဟိုဘက် ဆော့ဇမ်ရွာမှ
ကျောင်း လာတက်ရသူတွေ၊ သည်ပန်းတွေနှင့် ကျောင်းသွားဖော်တို့အား
ချက်ချင်းပင် ဖြတ်တောက် စွန့်ခွာ သွားရလောက်အောင် ဘာကြောင့်များ
အရေးတကြီးနှင့် မင်း ထွက်ခွာ သွားရပါလိမ့်။ ကျွဲ၊ နွား၊ မောင်းနှင့်
မခုတ်ဓား စသည်တို့မှာ ကချင်လူမျိုးများအတွက် ရိုးရာယဉ်ကျေးမှု ဖြစ်သည့်အပြင်
မျိုးနွယ်တော်စပ်မှု၏ အသက်သွေးကြောများ ဖြစ်ကြောင်း ကျွန်မ မသိသည်မှ
မဟုတ်ဘဲ။
ဒါပေမဲ့လည်း တပည့်ရယ်။
“အင်္ဂလိပ်စာတော့ တော်တယ်ဗျာ”
ဆရာခင်မောင်လေး၏ စကားကို ဆရာအောင်မော်က ခေါင်းတစ်ချက် ညိတ်သည်။
ကျွန်မနှင့် ကိုမြကမူ အထူးအထွေ ပြောမနေချင်တော့။ ဝလုံး သည်လိုရေးဟု လက်ကို
ထပ်ကိုင်ကာ သင်ပေးခဲ့ရသူတွေ၊ နောက်ကြောင်းကို တွေးဖြစ်လျှင် ၁၉၈၈
ခုနှစ်ဦးပိုင်းကတည်းက ကျွန်မသည် လာချိုဒ်၊ လော်ပေါ်၊ လီရှောကလေးများ၏
ဆရာမလေးလေ။ တောင်ပေါ် နယ်စွန်နယ်ဖျား ဖြစ်သဖြင့် နှင်းတို့ အုံ့ဆိုင်း
မှုန်မှိုင်းနေသော ကာလ။ ကျောင်းအုပ်ဆရာကြီး ဦးလီယော်ဟောင်းခေါင်၊
ကိုခင်မောင်သန်း၊ ဒေါင်နော်တို့နှင့်အတူ ဆီမီးထွန်းညှိခဲ့သည့် ကျွန်မ၏
အတိတ်အား မည်သို့သောဘဝ၌ ဖြစ်စေ ဂုဏ်ယူနေမည်သာ ဖြစ်လေသည်။
“ဆရာမ … ငါတို့ အရွယ်မှာ ဘယ်နှတန်း ရောက်ပြီလဲ”
“ခြောက်တန်းပေါ့ …” လို့ ဖြေလျှင် မျက်နှာကို လက်ဝါးနှစ်ဖက် အုပ်ကာ
ရှက်သွားလေသော တစ်ဆယ့်နှစ်နှစ် သမီးလေး ယိန်းနန်။ သမီးတို့ အပြစ်မှ
မဟုတ်ဘဲကွယ် ဆိုတဲ့ စကားနောက်မှာ ဦးကျည်ပွေ့ ပုံပြင်ကို ဆက်လက် ပြောပြရင်း
လေးတန်းလောက်ကျမှ ရှင်းပြလို့ နားလည်မှာပဲလို့ တွေးခဲ့ဖူးသည်မှာ
ယခုအချိန်ဝယ် အရာမထင်တော့။ ငြိမ်းချမ်းသာယာလာပြီ ဖြစ်သော အရုဏ်ဆည်းဆာ၏
နေခြည်နုကိုသာ ထိတွေ့သွားရရှာသော … အငုံလေး။ နေအပွင့်မှာ ကမ္ဘာလောကကြီး၏
တောက်ပ လာနိုင်မှုနှင့် တောငှက်ကလေးတို့၏ သီချင်းသံ၊ ပန်းမျိုးစုံ
ရယူပိုင်ဆိုင်နိုင်မည့် အရောင်အသွေးများကို အငုံလေးခမျာ မြင်မသွားရရှာတော့။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ
ဝတ္ထုငွေငါးကျပ် နှံအပ်
သရဏဂုံဆည်းကပ်လေ
ကောင်းရာဘုံဘဝ ရောက်ပါစေ …။
ရွာအား လှမ်းမြင်နေရလေသည်။ အိမ်စုစုကား ဆယ်အိမ်ထက် မပိုချေ။ ဟိုး
ခပ်ဝေးဝေး၌ နှစ်အိမ် သုံးအိမ်။ အိမ်အဝင်ဝ၌ ဖူးငုံဝေသော ဒေလီယာပင်သည်
မိုးသည်းဒဏ်ကြောင့် ခွေညွတ်နေသည်။ သစ္စာပန်းပင်လေးတွေတောင်
စိုက်ထားလေသေးရဲ့။ အိမ်ထဲ ဝင်လျှင်ဝင်ချင်း၊ မီးဖိုက ဧည့်ခန်းမှာ။
တောင်ပေါ်အိမ်တို့ ဓလေ့ထုံးစံအတိုင်း မီးဖိုနံဘေးဝယ် ဝိုင်းထိုင်မိကြသည်။
ယိန်းနန်၏ အဖေကို ကလေးအငယ်လေးအား ပိုးလျက် တွေ့ရသည်။ ကိုမြက ဒါ
ဦးခေါယိန်းဟု မိတ်ဆက်ပေးသဖြင့် ကချင်ထုံးစံအရ လက်ဆွဲနှုတ်ဆက်ပြီးလျှင်
ကိုအောင်မော် လှမ်းပေးသော ကောက်ညှင်းအရက် နှစ်ပုလင်းကို လက်ဆောင်ပါးဖြစ်၏။
သည်နောက်တွင်တော့ ပဆစ် အရက်ခွက်လေးများကို ကိုယ်စီကိုင်ရင်း …။ ဒေသခံ
လေးငါးဦးနှင့် ကျွန်မတို့တစ်တွေ၏ ကြေကွဲဝမ်းနည်းမှုများသည် မီးခိုးမှိုင်း
စွဲလျက်ရှိသော အိမ်လေးအား ပိုရင့်ရော် နေစေတော့သလို။
အိပ်မက်ယောင်သူပမာ ကြောင်တောင်တောင် ဖြစ်နေရှာသော ဦးခေါယိန်း၏ မျက်နှာကို
မကြည့်ရက်သဖြင့် ဘယ်လိုပင် လွှဲဖယ် နေဖြစ်သော်လည်း သူ့ကျောပေါ်ရှိ
ပိုးတဘက်ထဲမှ “အ…ရေ” ဟူသော အမေအား တမ်းတသံသည် …။ ယိန်းနန်တို့ သားအမိ၏
အသက်ဝိညာဉ်ကို နုတ်ယူသွားသည့် ကြမ္မာဆိုးသည် ကျွန်မတို့၏ အသည်းနှလုံးများအား
သူ့လက်ကြမ်းကြီးဖြင့် ဖျစ်ညှစ်လို့ပါလား။
အရက်ခွက်လေးကို
ကျစ်ကျစ်ပါအောင် ကိုင်ရင်း မီးဖိုသို့ အကြည့်စိုက်မိ လေသည်။ မည်သည့်
စကားတို့ဖြင့် နှစ်သိမ့်ရမည်ကို စဉ်းစား၍ မရ။ မီးကျီးခဲများသည် ရဲလို့။
တောင်ဇလပ်သားမို့ မီးအား ကောင်းလှလေသည်။ ကချင်အိမ်များ၌ တွေ့ရတတ်သော
သံဖိုခနောင့်ကြီးပေါ်ရှိ ရေနွေးအိုးသည် ပွက်ပွက်ထလျက်သား။ မီးဖိုနံဘေး
မလှမ်းမကမ်းဝယ် သစ်သားယောက်မ တန်းလန်းနှင့် ဝက်စာအိုး။ ကျန်ကလေးများ
ဘယ်ရောက် နေကြသလဲ။ အိပ်ခန်း၏ အဝင်အထွက် နေရာရှိ သံချောင်းမှ
ဂျပ်ခုတ်လွယ်အိတ် ခပ်နွမ်းနွမ်းသည် ယိန်းနန်၏ လွယ်အိတ်ဖြစ်ဖို့
သေချာလွန်းလှလေသည်။ လွယ်အိတ် အထက်၌ သိုးမွေးချည်ရောင်စုံ ပန်းပွားများနှင့်
အလှဆင်ထားသော ရိုးရာပလိုင်းအလှလေး။
မနှစ်က မနောပွဲတွင် မနောကခဲ့သော
ပလိုင်းလေးနှင့် ယိန်းနန်။ တစ်ဆယ့်ခြောက်နှစ်ဆိုတာ ကြွေရမယ့်
အရွယ်တဲ့လားကွယ်။ အိမ်တွင်းရှိ လူအားလုံးသည် ကြောင်စီစီဖြင့်
ငြိမ်သက်နေကြပြီး သက်မဲ့ အရာဝတ္ထုများ၏ လှုပ်ရှားညည်းညူသံကိုမူ ကျွန်မသည်
မနည်းပင် သည်းခံနေရ၏။ ဦးခေါယိန်းထံမှ လွှဲဖယ်ထားသော အကြည့်သည် ဝင်ပေါက်
တစ်ပေါက်သာ ရှိသော အိမ်၏ တစ်ဖက်ခန်း၌ တောဟင်းနှင့် ဝက်စာရှာသော
ပလိုင်းကြီးနှစ်လုံး လဲပြိုနေသည်ကို ထောင့်ဖြတ် အနေအထားအတိုင်း
မြင်ဖြစ်အောင် မြင်မိပြန်သည်။
သည်တော သည်တောင်တွေပေါ် တစ်တောင်တက်
တစ်တောင်ဆင်းရင်း တောဟင်းနှင့် ဝက်စာ ရှာနေကျ သားအမိ။ ကြမ္မာဝင်သည့်
နေ့မှာမှ နွားပျောက်ရှာ ထွက်ကြခြင်းပဲပေါ့။ ပလိုင်း နှစ်လုံးမှ ပြောပြနေသော
စကားကို ဘာကြောင့်များ နားထောင် နေဖြစ်တာလဲ။ လူတွေ သည်မျှ ငြိမ်သက်
တိတ်ဆိတ်နေဖို့ မသင့်ဘူး။ ဒါ ပျော်ပွဲရွှင်ပွဲ မဟုတ်ဘူး ဆိုတာတော့ ကျွန်မ
အသိသားပေါ့။ နံဘေးမှာ အရက်ကျိုက်ချသံနှင့် ခွက်ထဲသို့ နောက်ထပ်
အရက်ငှဲ့ထည့်သံကို ကြားလိုက်ရပြန်၏။ ဒါ အသံလားဟေ့။ ငါ လုံးဝကို ငြင်းတယ်။
“ဟော … နတ်ဆရာ ရောက်လာပြီ”
မည်သူ့ထံမှ မသိသော တီးတိုးပြောသံသည် အိမ်ကလေးကို ခဏတာတော့ လှုပ်လှုပ်ရွရွ
ဖြစ်သွား စေသလိုပင်။ အို … ကျွန်မ သိလိုက်ပြီ။ မိခင်မဲ့ အသုဘအိမ်
ပီသလွန်းစွ။ ထူးခြားသော ကြောက်မက်ဖွယ် တိတ်ဆိတ်မှုအောက်ဝယ် ရင်ထဲ
တိုးတိတ်စွာ ကဗျာရွတ်နေမိသည်မှာ နတ်ဆရာ ချောင်းမဟန့်မီမှာပဲ။
သေတ္တာဖုံး ရိုက်ပိတ်…
လျှာအဆိပ်သင့်၊ ရင်နင့်နေခိုက်
ရှိုက်သံတစ်ချက်… တစ်ချက်…
သံစူးသတဲ့ တော်တို့ရေ…
အကြော်သည်အမေ၊
မြေလူးလေရဲ့။
တမ်းတဖွဲ့နွဲ့ ငိုကြွေးနေရှာမည့် မိခင်ကား ယိန်းနန်နှင့်အတူ တစ်နေ့
တစ်ချိန်တည်း ပျောက်ပျက်ခဲ့ရလေပြီ။ ကျွန်မ၏ ကဗျာအပိုင်းအစသည်
မိခင်တစ်ယောက်၏ မေတ္တာနှင့် ဆုံးရှုံးမှုကို အပြည့်အဝ ပုံမဖော်
နိုင်သော်လည်းပဲ၊ ငိုသံမဲ့သော အိမ်လေးထဲမှာတော့ နတ်ဆရာ၏ စတင် ရွတ်ဖတ်သံသည်
ကီး မကိုက်သော တေးတစ်ပုဒ်နှယ်။ လိပ်ပြာနှင်ပွဲတဲ့ ကိုမြရေ။
လာချိုဒ်စကားကို ပီပြင်စွာ မပြောတတ်သည့်တိုင် ပီပြင်စွာ
နားလည်နေခြင်းပင်လျှင် သည်အချိန်၌ အရက်တူးတူး တစ်ခွက်ကို ကြိတ်မှိတ်
မျိုချနေရသည့် အလား …။ တစ်စက်ကလေးမျှ မလျော့သေးသော ဝါးဆစ်အရက်ခွက်ကို
ကိုမြအား လူသူ မမြင်အောင် လှမ်းပေးပြီးပါမှ မျက်စိအစုံ မှိတ်ထားပြီး
နားစွင့် နေမိသည်။ ကိုမြကတော့ ကိုအောင်မောင်နှင့် ကိုတင်ဌေးအောင်တို့အား
တိုးတိုးတိတ်တိတ် ဘာသာပြန်ပြနေရင်း …။
“ယိန်းနန်၊ မင်း ဖခင်နဲ့ မောင် ညီမလေးများကို သံယောဇဉ် ဖြတ်ပါ”
“ယိန်းနန်၊ မင်း စိုက်ခဲ့တဲ့ သစ္စာပန်းပင်နဲ့ ဒေလီယာပန်းပင်တို့ကို သံယောဇဉ် ဖြတ်ပါ”
“ယိန်းနန်၊ မွေးလက်စ ဝက်လေး နှစ်ကောင်နဲ့ အိမ်စောင့်ခွေးလေးကို သံယောဇဉ် ဖြတ်ပါ”
“ယိန်းနန်၊ မင်းရဲ့ အပျိုဖော်ဝင်စ ခန္ဓာကိုယ်နဲ့ လှပမှုအားလုံးကို သံယောဇဉ် ဖြတ်ပါ”
“ယိန်းနန်၊ နွားပျောက်ကို မရှာဖွေနဲ့တော့၊ သည်လိပ်ပြာနှင်ပွဲမှာ ငါ ပြောသမျှကို နားထောင် လိုက်နာရမယ်”
“ယိန်းနန်၊ သည်အိမ်ရဲ့ သမီးအကြီးဆုံး အဖြစ်နဲ့ အရေးပါမှုအားလုံးကို စွန့်လွှတ်လိုက်တော့”
“ယိန်းနန်၊ နောက်ဆုံးကတော့ကွာ သည်အိမ်ထဲက မင်း အပြီးအပိုင် ထွက်သွားတော့”
အမှတ်မထင် မျက်စိအစုံကို ဖွင့်ကြည့်မိလျှင် နတ်ဆရာသည် မြေကို ဖနောင့်နှင့်
ဆောင့်လိုက်၊ ဆန်စေ့များကို ကြဲပက်လိုက်နှင့်။ သူ့အသွင် သူ့ဟန်သည်
ဌာန်နှင့် မာန်နှင့် လိုက်ဖက်လွန်းပါဘိ။ ရှမ်းဘောင်းဘီနှယ် ပွသော
ဘောင်းဘီသည် အနက်မပီတော့သော်လည်း ရိုးရာမို့ ကြည့်ကောင်း နေလေသည်။ ဂျပ်ခုတ်
လာချိုဒ်အင်္ကျီမှာ ဒူးဆစ်ကျော်လုလု။ ဆန်စေ့များကို ကြဲပက်ရင်း
မန်းမှုတ်လိုက်စဉ် သူ့ခါးမှ ဆောင်ဓား၏ ဓားအိမ်ဝါးခြင်းသည် ဘယ်ညာယမ်းလျက်။
ကျွန်မအတွက်တော့ ကဗျာအသစ်တစ်ပုဒ်ပါပဲ။
ယိန်းနန်တို့ သားအမိ၏ လိပ်ပြာများနှင့် နတ်ဆရာ၏ ရိုးရာအယူအဆတို့
စစ်ပြုမည့် … ကဗျာ။ သည်ပွဲမှာ ဆရာမ ဘယ်သူ့ဘက် ရပ်တည်ရမလဲ … တပည့်ရယ်။
ရင်တွင်းမှ တဆတ်ဆတ် တုန်လာနေသည်ကို ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံး။ ကိုမြ၏
မျက်နှာဆီ အကြည့်ရွှေ့မိတော့ မျှော်လင့်ထားသည့် အတိုင်း သူ့ပါးပြင်ပေါ်
ဖြတ်ကျနေသော မျက်ရည်စီးကြောင်းများအား ရင်းနှီးပြီးသားလို အေးဆေးစွာ ကြည့်
ဖြစ်လိုက်သေးသည်။ သူကတော့ ခံစားမှုများကို အမြဲလိုလို ဖွင့်ထုတ်ဖော်ပြ
ခံစားတတ်သူလေ။ ငါဖြင့် မနာလိုတောင် ဖြစ်မိသေးရဲ့ ကိုမြရေ။
နတ်ဆရာ၏ အသံကား တိုးညင်း သိမ်မွေ့ သွားပြန်လေသည်။
"မိဘနဲ့ ဒိုးတူပေါင်ဖက် ရုန်းကန်ခဲ့တဲ့ သမီးလေး” တဲ့လား။
“အငယ်တွေအတွက် အစ်မကြီး အမိရာ ပီသသူ” တဲ့လား။
“ရပ်ရေးရွာရေး တက်ကြွကာ ဆွေမျိုးစုရဲ့ ကျက်သရေဆောင်လေး” တဲ့လား။
… တော်ပါတော့ … ရှင်။ တော်ပါတော့ …။
ကောင်းကင်ဘုံသို့ သွားမည့်သူအား ဘာကြောင့် သံယောဇဉ်ကြိုးတွေ
ရေတွက်ပြနေရင်း အချိန်ဖင့်စေရတာလဲ။ ဦးခေါယိန်းအား တစ်ဦးစီ
လက်ဆွဲနှုတ်ဆက်ပြီး ကျွန်မတို့ ပြန်ခဲ့ကြသည်။ ရိုးရာအယူအဆများ
မွှန်းထုံထားသော ဝါးရွက်မိုး၍ သစ်ခေါက်ကာ အိမ်ကလေးသည် ကျန်ရစ်ခဲ့ပြီ
ဖြစ်သော်လည်း "အ… ရေ" ဆိုသော အသံသည် …။
အပြန်လမ်းခရီး၌
ကောင်းကင်ပြာပြာသည် လည်းကောင်း၊ ထင်းရှူး တောအုပ်တို့၏ သခင်ဖြစ်သော
တောင်များသည် လည်းကောင်း၊ တောပန်းနှင့် တောငှက်ကလေးများသည် လည်းကောင်း၊
တိမ်တို့၏ အရောင်နှင့် ညနေဆည်းဆာ အလှသည် လည်းကောင်း … ကျွန်မအား
ဖြားယောင်းခြင်း မပြုနိုင်တော့ချေ။ ပန်းဝါသို့ အဝင် ရင်ကွဲတောင်လေး အနီး၌
ခဏနားဖြစ်ကြလေသည်။ ၁၃ နှစ်ကြာ ပေါင်းခဲ့သော အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ
ကိုမြသို့ ကြည့်ရင်း ကျွန်မ၏ ရင်ထဲ၌ အသံတိတ် စကားများစွာ ပြောဖြစ်သေး၏။
ကရင်သွေးစပ်သော သူ့မျက်နှာသည် အရက်ဝင်လျှင် တွတ်တွတ်နီမြန်း နေတော့ပြီ။
ငါ့စကားတွေကို ကြားရလျှင် နင် ငိုဦးမှာပဲ မဟုတ်လား။
“တို့ ပထမဆုံး
စာသင်ကြားခဲ့ရတဲ့ နောင်ခမ်းရွာက ရှမ်းတပည့်လေးတွေကို မလွမ်းဘူးလား …
ကိုမြရယ်၊ ခုလည်း ငါက အဝေးကြီးကို ပြောင်းသွားမယ့်သူ ဆိုတော့ သည်ကျောင်းက
ကလေးတွေကိုလည်း …။ နင်ကတော့ ကျောင်းဆရာဘဝကို နှစ်သက် သတ့၊ဲ
ဆီမီးမငြိမ်းပါစေနဲ့ သူငယ်ချင်းရယ်၊ ငါ … အရမ်းလေးစားပါတယ်၊ ယိန်းနန်ရယ်၊
ငါ့ကဗျာလေးရယ်၊ ငါရယ်ကို တွဲလျက် နင် အမှတ်ရနေမယ် ဆိုတာလည်း ငါ
သတိရနေပါ့မယ်”
ကိုအောင်မော်၏ ကဗျာရွတ်သံကို ကျွန်မတို့အားလုံး နားစိုက်မိပြန်သည်။
အမိကို… ကူ
အဖကို… ကူ
အပူမျှယူ
ခဲတံမဲ့သူ…
စာအုပ်မဲ့သူ…
မုန့်ဖိုးမဲ့သူ…
အလှူငွေ မထည့်နိုင်သူ…
အပူ အားလုံးငြိမ်းပေါ့…။
“သည်ကဗျာကို မမ ဘယ်မှာပဲ ရောက်နေနေ၊ ကျွန်တော်တို့ ကျောင်းရဲ့
နံရံကပ်စာစောင်မှာ အမြဲသုံးသွားဖို့ အားလုံး သဘောတူ ရည်ရွယ်ထားတယ် ဆိုတာ
ပြောလိုက်ပါရစေ”
ကျွန်မအား စပ်ပြီး ခေါင်ရည်နှင့် နောက်ဆုံး
နှုတ်ဆက်ပွဲ လုပ်စဉ်က ကိုအောင်မော် ပြောခဲ့သော စကား တစ်ခွန်းကြောင့်
မျက်ရည်ကျရန် ခက်ခဲပင်ပန်းတတ်သော ကျွန်မ၏ ရှားရှားပါးပါး မျက်ရည်ဥအချို့
ကြွေခဲ့ရသည်ကို ကျွန်မ ဘယ်ပုံမေ့ပစ်နိုင်မှာလဲ။
--------
မအိ
မဟေသီ၊ ၁၉၉၇။
No comments:
Post a Comment