ငယ်ငယ်ရေ …
ဒီစာကို မင်းက ထုံးစံအတိုင်း မျက်ခုံးကို
အတွန့်ချိုးလို့ မကျေနပ်တဲ့ အမူအရာ ဖြစ်လာမယ်။ ပြီးရင် နှုတ်ခမ်းနှစ်ခုကို
စုပြီး ကျွတ်ခနဲ စုတ်သပ်လိုက်မယ်။ ငြိမ်းတို့ကတော့ ရိုမန်တစ်တွေ
လုပ်နေပြန်ပြီလို့ မကျေမနပ် ပြောမယ်။ ဒါတွေကို ငါ သိနေတယ်။ ဒါပေမယ့်
ငါဟာလည်း မင်းပြော ပြောစရာပဲ၊ အချစ်ကို လက်တွေ့ကျကျ မစဉ်းစားဘဲ စိတ်ကူးနဲ့
တည့်မယ့် ကိစ္စလေးတွေဆို လုပ်ချင်တာ လုပ်တတ်တာ။ တစ်ခါတလေ စိတ်ကူးယဉ်တဲ့ဘက်
လွန်ကဲသွားတာ မရှိမဟုတ် ရှိတယ်ဆိုတာ ဝန်ခံရတယ်။
အခုကိုပဲ ကြည့်လေ။
ဈေးကွက်စီးပွားရေး စနစ်ရဲ့ ဝင်ရိုးတစ်ခု ဖြစ်တဲ့ မန်နေဂျာ တာဝန်နဲ့ မင်း
ရှမ်းပြည်နယ် အရှေ့ပိုင်းကို ဆေးပစ္စည်းတွေ ပို့ရအောင် သွားတာ နှစ်ရက်
တစ်မွန်းတည့် ရှိသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ လွမ်းနေပြီ။
အဲဒီတော့ ငယ်လေးကို အနားမှာ ရှိနေသလိုလို စကားက တအား ပြောချင်လာတယ်။
ပြောမရတော့ ထုံးစံအတိုင်း စာရေးတယ်ပေါ့။ ငယ်ငယ်ကတည်းက ခင်ဗျားက အသက်ကလေး
ခြောက်လ ပိုကြီးတာနဲ့ သိပ်ပြီး လူကြီး လုပ်ချင်တာ၊ ပြီးတော့ …
“အိမ်ချင်း ကပ်နေတဲ့ ကစားဖော်တွေ ဖြစ်ရက်နဲ့ ဘာလို့ ကျွန်တော့်ကို
စာရေးရေးပြီး ပြောရတာလဲ၊ စာကျက်ချိန် ပျက်တယ်ဗျာ” လို့ မလိုတမာ
ပြောခဲ့တာကိုလည်း ငါ ခွင့်လွှတ်ခဲ့တာပဲ။ ပြောသာပြောတာ ငါ ရေးတဲ့ စာတွေကို
ရောင်စုံ ပိုးကြိုးလေးတွေနဲ့ စည်းပြီး မင်း အမှတ်တရ သိမ်းထားတယ် ဆိုတာ ငါက
သိနေတာကိုး။
“ဘ၀မှာ ရည်မှန်းချက်ချင်း တူကြပေမယ့် ခင်ဗျားက
မကြိုးစားဘူးဗျာ” လို့ မင်း ဆယ်တန်းအောင်တဲ့ အချိန်မှာ ငါ့ကို မှတ်ချက်
ပေးခဲ့တယ်နော်။ ဆယ်တန်း တစ်နှစ်လုံး စာဆိုမှ စာတစ်ခုတည်း၊
တစ်ကြောင်းစွဲတည်း စိုက်လိုက်မတ်တတ် မင်းက ကြိုးစားခဲ့တယ်။ လက်တွေ့ဆန်တယ်။
အာရုံတစ်ခုက လွဲလို့ ဘာမှမရှိဘူး။ စာမှစာ၊ တိဟိတ်စိတ်နဲ့ လုပ်တတ်တဲ့
စိတ်ကို ငါ သိထားပါတယ်။ ဘဝ တစ်လျှောက်လုံးလည်း ဒီလိုပဲ သွားမှာလို့
အဲဒီတုန်းက ခပ်ဝါးဝါး တွေးခဲ့တယ်။ ငါကတော့ မင်းလို မဟုတ်ဘူး။ ရုပ်ရှင်လေး
ကြည့်လိုက်၊ ကာရာအိုကေလေး ဆိုလိုက်၊ နေကြာစေ့လှော်ကလေး ဝါးလိုက်နဲ့
ရည်မှန်းချက်နဲ့ မဆိုင်တဲ့ ဘေးလုပ်ငန်းတွေကို စိတ်ဝင်စားတာ မင်းနဲ့
တကျက်ကျက် ရန်ဖြစ်စရာ အကြောင်းတွေပေါ့။
ဒါတွေက မင်း သိပြီးသားပါ။ ငါ
ဘာလို့ ပြန်ပြော နေရတာလည်း ဆိုတော့ ငါက မင်းထက် ပတ်ဝန်းကျင်ကို
စိတ်ဝင်စားတတ်တယ်။ ဘေးဘီကို ကြည့်တတ်တယ်။ တစ်ခါတလေ အဲဒီက တွေ့လာတဲ့
အကြောင်းအရာကို အတွေးအိမ်ထဲထိ သယ်ဆောင် လာတတ်တယ်။ ပြီးတော့ အတွေးက ရလာတဲ့
အသိအမြင်တွေကို အနီးစပ်ဆုံးလူ ဖြစ်တဲ့ မင်းကို မနေနိုင်၊ မထိုင်နိုင်
ပြောမိရော။ အဲဒီတော့ မင်းရဲ့ “မဆိုင်တာတွေ လာပြောနေတယ်” ဆိုတဲ့ မှတ်ချက်ကို
ရပြန်ရော။
ဟိုတစ်နေ့က ကြည့်လေ၊ နှစ်ယောက်သား လက်ချင်းတွဲပြီး
မုန့်တီဆိုင်ကို မုန့်တီစားမယ် ဆိုပြီး သွားကြတုန်းက အဟုတ်သား။
ရယ်ရယ်မောမော၊ ပျော်ပျော်ပါးပါးနဲ့ မုန့်တီဆိုင် ရှေ့လည်း ရောက်ရော
ဖြုန်းခနဲ လမ်းပေါ်မှာ ခွေးကလေးက ဒယီးဒယိုင်နဲ့ မျက်စိကောင်းကောင်း
မဖွင့်သေးတဲ့ မွေးစပေါက်ကလေး။ အဲဒီ အချိန်မှာ ဆန်အိတ်တွေ အပြည့်တင်ထားတဲ့
ဒိုင်နာကား တစ်စီးကလည်း လာနေတယ်။ ဒီခွေးကလေး ကားရှေ့ ရောက်နေတာ မင်းလည်း
မြင်တာပဲ။ မုန့်တီဆိုင်ထဲက လူတွေလည်း အကုန်မြင်တယ်။ ဒါပေမယ့် ငါက
အားလုံးထက် အရင်ပြေးသွားပြီး ကားအောက် ရောက်တော့မယ့် ခွေးကလေးကို
ပွေ့ယူလိုက်တယ်။ ဒီအချိန်မှာ ငါ သတိထားလိုက် မိတာက ခပ်နှေးနှေး မောင်းပြီး
ဘရိတ်အုပ် ရပ်လိုက်တဲ့ ကားဒရိုင်ဘာကြီးက ငါ့ကို လှည့်ကြည့်ပြီး
ပြုံးပြသွားတဲ့ အပြုံးပဲ။
ငယ်လေးရေ၊ ငါက သိပ်ခံစား တတ်လို့လားတော့
မသိဘူး။ အဲဒီ အပြုံးကို မြင်တော့ ပီတိ ဖြစ်လိုက်တာလေ။ သူ့အပြုံးထဲမှာ
ငါ့ကို ကျေးဇူး တင်တာတွေ ပါနေတယ်။ အားနည်းသူကို စာနာတတ်တဲ့ လူအချင်းချင်း
ညီညွတ်ခြင်းတွေ ပါနေတယ်။ သေချာပါတယ်။ ငါက ခွေးကလေးကို ဖယ်မပေးရင်တောင်
ဒီဒရိုင်ဘာကြီးဟာ ခွေးကလေးကို နင်းသတ် သွားနိုင်တဲ့ အသည်းနှလုံး ရှိမှာ
မဟုတ်ဘူး။ သူ ရှောင်မှာပဲ။ သူ မရှောင်နိုင်ရင်တောင် ကားကိုရပ်ပြီး ဆင်းလာ၊
သူ့ခရီးကို အနှောင့်နှေးခံပြီး ခွေးကလေးကို လွတ်ရာလွတ်ကြောင်း ပို့ပြီးမှ
ခရီးဆက်မယ့် သူပဲ။ ငါ စဉ်းစားနေတာ ဘယ်လောက် ကြာသွားလဲ မသိဘူး။
“ခွေးကို အောက်ချ လိုက်တော့လေ၊ ပြီးတော့ ခင်ဗျားလက်တွေကို တစ်သျှူးပေပါနဲ့
ပြောင်နေအောင် သုတ်ပစ်လိုက်” ဆိုတဲ့ မိုးချုန်းသံလို ငေါက်ငမ်းသံကြီးကို
အနီးကပ် ကြားလိုက်ရလို့ အလန့်တကြား မော့ကြည့်လိုက်တော့ နီရဲစိတ်တိုနေတဲ့
မင်းမျက်နှာကို တွေ့လိုက်ရပါတယ်။
“တကယ်တမ်း မုန့်တီစားမယ်ဆို
မုန့်တီစားဖို့ စဉ်းစားတာ မဟုတ်ဘူး၊ ဟိုပါ ဒီပါနဲ့။ ခွေးကလေးမှာ
ရောဂါပိုးတွေ ဘယ်လောက် ရှိနေမယ် ဆိုတာ မသိဘူး”
အဖေကြီးလို မြည်တွန်
တောက်တီးနေတာ စကားနည်း ရန်စဲ ကိုယ် ဘာမှမပြောခဲ့ဘူး မဟုတ်လား။ ဘာလို့
ဒီအဖြစ်အပျက်ကို ပြောရတာလဲ ဆိုတော့ ပတ်ဝန်းကျင်မှာ ဖြစ်တာတွေ လျှောက်ကြည့်၊
ဆက်စဉ်းစားတွေး၊ ဒီကိစ္စတွေမှာ မင်းနဲ့ငါ လုံးလုံးကြီး ဆန့်ကျင်နေတာ
သိလျက်နဲ့ ငါကလည်း မင်းကိုပဲ မပြောရ မနေနိုင် ဖြစ်နေလို့ပါ၊ အခုမှ
ငါပြောမယ့် ကိစ္စက စတော့မှာ။
ဒီလို ငယ်လေးရေ၊ မင်းသွားပြီး
နှစ်ရက်လောက်လည်း ကြာရော၊ ကိုယ့်အထက်က တစ်ယောက်ခြား အစ်မယောက်ျားရဲ့
ကြီးတော်ကြီး တစ်ယောက် ဆုံးတယ်။ အဲဒီတော့ အစ်မရော၊ ခဲအိုအစ်ကိုရော၊ ငါရော၊
ကလေးတွေရော၊ အသုဘအိမ်ကို သွားကြတာပေါ့၊ ဆုံးတဲ့အချိန်က ပြင်ဆင်နေတဲ့ လူနဲ့
ငိုယို တက်ချက်နေတဲ့ လူတွေနဲ့ အိမ်ရှေ့ ဧည့်ခန်းဟာ ရှုပ်ပွနေတယ်။ ငါက
အစ်မရဲ့ ယောက္ခမအိမ် ဆိုတာ ခင်မင်ရင်းစွဲလည်းရှိ၊ မိန်းကလေးလည်း ဖြစ်ပြန်
ဆိုတော့ မီးဖိုချောင်ထဲက အချက်ပိုင်း၊ အပြုတ်ပိုင်းမှာပဲ ကူညီရတော့တာပေါ့။
သူတို့က ဝက်သား၊ သားပြွမ်းချက်ဖို့ စီစဉ်ကြတယ်။ အမျိုးတွေက များများဆိုတော့
ဝက်သား သုံးလေးပိဿာ ဝယ်၊ ဘူးသီးကြီးကြီး သုံးလေးလုံးနဲ့ ရော၊
မိုးပြဲဒယ်ကြီးနဲ့ ချက်ကြတယ်။ ဘူးသီး လှီးတာတို့၊ ကြက်သွန် လှီးတာတို့
ငါလည်း ဝိုင်းကူ ရတာပေါ့။ ငိုယိုနေကြတဲ့ အိမ်ရှေ့ခန်းလည်း မထွက်ချင်တော့။
မီးဖိုထဲမှာပဲ ဆက်ထိုင် နေမိတယ်။
အိုးကြီး ကျက်သွားတော့
မွှေးပျံ့ပြီး ကောင်းလိုက်တာဟယ်၊ ငါ့ကို ထမင်းဆာ လာတာပဲ။ ဒါပေမယ့်
အသုဘအိမ်လေ။ အသုဘရှင်တောင် ထမင်းစားဖို့ မေ့နေတာ။ ငါက အရင်ခူးစားဖို့
ကောင်းပါ့မလား ဆိုပြီး စောင့်နေရတုန်း။ အိမ်ရှင်ရဲ့ ညီမ အငယ်ဆုံးက
အရင်လာပြီး ခပ်တည်တည်နဲ့ အိုးတစ်လုံးထဲကို ဟင်းတွေ ခပ်ထည့်တယ်။ ပြီးတော့
သူတို့ အိပ်ခန်းထဲ သယ်သွားပါလေရော၊ သေတဲ့လူရဲ့ သမီးလေး အလတ်ကလည်း
ငိုယိုထားလို့ မို့အစ်နေတဲ့ မျက်နှာကြီးနဲ့ နောက်ဖေးကို အပြေးအလွှား
ဝင်လာပြီး အသားတုံးတွေ ရွေးပြီး ဇလုံကြီးနဲ့ တစ်လုံး ခပ်သွားပြန်ပါရော၊
ငါဖြင့် အံ့ဩတယ်။ ငိုနေတဲ့ ကြားကတောင် ဟင်းလာခပ်ဖို့ သတိရ နေသေးတယ်။ အဲဒီ
အချိန်မှာ ငါနဲ့အတူ ဒီရှုခင်းကို မျက်စိအောက် မြင်နေရတဲ့ ငါ့အစ်မ တစ်စခန်း
ထတော့တာပဲဟေ့။
“ဒီ အခြေအနေကတော့ မကောင်းဘူးဟေ့၊ ထမင်းစားထားမှ
ဖြစ်လိမ့်မယ်နဲ့ တူတယ်” ဆိုပြီး သူ့ယောက်ျားနဲ့ သူ့သားသမီးတွေ စုခေါ်လို့
အကုန် ထမင်းခူးစား ကြတော့တာပဲ။ သူတို့ရဲ့ ထမင်းပန်းကန်ထဲမှာ ဝက်သား
ဟင်းတုံးတွေ ဆိုတာ အိမ်မှာ စားသလို တစ်တုံး၊ နှစ်တုံး မဟုတ်ဘူး။
တောင်ပုံရာပုံပဲ၊ မြင်မကောင်းအောင်ကို ထည့်စားကြတာဟေ့။ အိမ်ရှေ့မှာ အသုဘ
ပြင်နေကြတဲ့ လူတွေနဲ့ အိမ်ရှင် အဘိုးကြီး ထမင်းစားတဲ့ အချိန် ရောက်တော့
အဆီတုံးလေး ငါးတုံးပဲ ကျန်တော့တာ။ ငါတော့ ကြည့်ပြီး စိတ်ဆင်းရဲတာရော၊
ရှက်တာရော ပေါင်းပြီး အဲဒီနေ့က ထမင်းမစားခဲ့ဘူး။ ဒီအကြောင်းကို ဖတ်ရတဲ့
မင်းက ဒီနေရာမှာ မှတ်ချက် ချလိုက်မယ် ထင်မယ်။
“အမယ်လေးဗျာ။
ဘာမဟုတ်တဲ့ အကြောင်းကို သူမို့ တခုတ်တရ ပြောနေတယ်။ ပြီးတော့
ပြောလိုက်ရင်လည်း အတင်းချည်းပဲ။ ကိုယ့်အမျိုး အကြောင်း ကိုယ်ပြောလို့၊
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသူမို့ တတ်နိုင်တယ်ဗျာ”
ဒီလို
ပြောလိမ့်မယ်လို့ ငါ ထင်တယ် ငယ်လေးရေ။ စကားပုံကတော့ မယဉ်ကျေးဘူးပေါ့။
ဒါပေမယ့် သူများ ထောင်းမယ့်အစား ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့
သိပ်မနာဘူးပေါ့။ ပြောချင်းပြော သူများအပြော မခံဘူး။ ကိုယ့်ဘသာသာ
ကိုယ်အချင်းချင်း အမြင်မတော်တာကို ပြောရလိမ့်မယ်။ ကိုယ့်ပေါင်လည်း
ထောင်းသင့်ရင် ထောင်းရမှာပေါ့။ ဒါပေမယ့် ငယ်လေးရေ၊ ဒီကိစ္စတစ်ခုတည်း ဆိုရင်
မင်းကို တကူးတက အခုလို စာတစ်တန်၊ ပေတစ်တန် ရေးပြီး ပြောဖြစ်ချင်မှ
ပြောမိမယ်။ အဲဒီနေ့က အကြောင်း ငါ့ဦးနှောက်ထဲမှာ မေ့ပျောက်ချင် မေ့ပျောက်
သွားလိမ့်မယ်။ ဒါပေမယ့် နောက်ထပ် အဲဒီလို အလားတူ ကိစ္စတစ်ခုက ပတ်ဝန်းကျင်ကို
သိပ်စိတ်ဝင်စား တတ်တဲ့ ကိုယ့်ရှေ့ကို တည့်တည့်ကြီး ကျရောက်လို့ လာပြန်တယ်။
ရက် သိပ်မကြာလိုက်ဘဲ နောက်ထပ် အသုဘတစ်ခုနဲ့ ဆုံပြန်တယ်။ ရတနာပုံဈေးမှာ
ပါတိတ်ဆိုင် ဖွင့်ထားတဲ့ ငါ့သူငယ်ချင်းရဲ့ အဘိုး ဆုံးပြန်တယ်။
ထုံးစံအတိုင်း ငါ သွားရတော့တာပေါ့။ သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိ အတူတူ
တွဲခဲ့ကြတဲ့ မေဦး လေ။ မင်းလည်း သိပါတယ်။ အသုဘချမှာက နေ့လယ် တစ်နာရီဆိုတော့
ငါလည်း ဆယ်နာရီလောက် ကတည်းက ရောက်သွားတယ်။ ရောက်ရောက်ချင်း မေဦးက
နောက်ဖေးမှာ ဆိုတော့ ငါလည်း ခါတိုင်းလည်း စားအိမ် သောက်အိမ်ပီပီ
နောက်ဖေးချောင်ကို ဝင်သွား ရတာပေါ့။ အိမ်ရှေ့မှလည်း လူရှုပ်လွန်းလို့
ငါထိုင်နေတဲ့ နေရာလေးမှာပဲ စွဲစွဲမြဲမြဲ ဆက်ထိုင်ဖြစ်တယ်။ ငါ့ရှေ့မှာ
ထမင်းစား စားပွဲအဝိုင်းကြီး ရှိတယ်။ အဲဒီ အပေါ်မှာ မြန်မာအိမ်တို့ရဲ့
ထုံးစံအတိုင်း ဝက်သားပေါ့။ ဝက်သား နှစ်ပိဿာချက် လောက်ကို ဆီပြန်ချက်ပြီး
စတီးဇလုံကြီးနဲ့ ခပ်ထားတယ်။ ဘေးမှာ မုန်လာချဉ်သုပ် ဇလုံကြီးနဲ့ သုပ်ထားတယ်။
မြေပဲဆန်ကြော် တစ်ပန်းကန်လည်း ရှိတယ်။
အဲဒီ အိမ်မှာ မောင်နှမတွေ
အများကြီး စုနေကြတာနော်။ နှစ်မိပေါက်၊ သုံးမိပေါက်လောက် ရှိတယ်။ မေဦးတို့
အားလုံးနေတာ လူနှစ်ဆယ်ကျော်၊ အစိတ်လောက် ရှိတာ။ အဲဒီနေ့က ငါ ထိုင်နေတဲ့
ဆယ်နာရီ လောက်ကနေ အသုဘချခါနီး တစ်နာရီလောက် အထိ တစ်ယောက်ပြီး တစ်ယောက်
စားပွဲမှာလာပြီး ထမင်းစားကြတယ်။ ကိုယ့်မျက်စိအောက်မှာ ဆိုတော့
မြင်နေရတာပေါ့။ တစ်ယောက်လာလိုက် ပန်းကန်စင်ပေါ်က ပန်းကန်ပြားလေးယူ
ထမင်းထည့်၊ ဝက်သားဟင်း နှစ်တုံး သုံးတုံး ထည့်၊ အချဉ် နည်းနည်းထည့်၊
စားပွဲပေါ်မှာ ထိုင်ပြီး စား၊ ဣနြေ္ဒရရ ပန်းကန်ဆေး၊ ပြန်ထွက်၊
နောက်တစ်ယောက်လည်း ဒီလိုပဲ စည်းကမ်းရှိရှိ ဣနြေ္ဒရရ စားလိုက်ကြတာ
အိမ်ရှိလူကုန် စားပြီးတာတောင် ဝက်သားဇလုံက တစ်ဝက် မကျိုးသေးဘူး။
ငယ်လေးရေ၊ ကိုယ့်ပစ္စည်း ကိုယ်စားတာပဲ ဒီလိုပဲ ဖြစ်ရမှာပေါ့။
ကိုယ့်အခွင့်အရေးနဲ့ တန်တဲ့ အကျိုးအမြတ်ကိုပဲ ကိုယ် ယူသင့်တာလေ။ ငါ့အစ်မရဲ့
ယောက္ခမ အိမ်မှာတော့ ကိုယ့်ပစ္စည်း ကိုယ်စားဖို့ထဲကကို သူများထက် အခွင့်အရေး
ပိုလိုချင်တော့ မတန်မရာ ခိုးဝှက်ယူနေ ကြရတာ။ ဇလုံကြီးနဲ့
လူမြင်မကောင်းဘူး။ သူတို့ ရတော့ သူများထက် ပိုရကြပါတယ်။ ဒါပေမယ့် လိပ်ပြာ
လုံကြတယ်။ အံ့ဩလို့ မကုန်ဘူး။
ငယ်လေးရေ၊ နင်ကတော့ ငါဘာတွေ
ရေးနေပါလိမ့်လို့ ထင်လိမ့်မယ်။ ငါ တကယ် ပြောချင်တဲ့၊ မေးချင်တဲ့ အကြောင်းက
အခုမှ စမှာ။ နင်ပြောဖူးတဲ့ အတိုင်း ငါက စိတ်ကူးယဉ်တယ်။ ဟိုဒီ တစ်ခုခုကို
ခေါင်တွေးတတ်တဲ့ လူ။ တိုးတက် ကြီးပွားရေးကို ဂရုမစိုက်တဲ့လူ။
နင်က
ရည်မှန်းချက်ကလည်း ကြီးကြီး၊ အရာရာ သူများတကာထက် သွက်လက် ထက်မြက်ဖို့
လေ့ကျင့်ထားခြင်း ခံရတဲ့ ဈေးကွက်စီးပွားရေး စနစ်ရဲ့ ဝင်ရိုးတစ်ချောင်း။
တကယ်လို့များ ငါတို့ တူနှစ်ကိုယ် တိုင်းပြည် ထူထောင်ပြီးကြမှ “အခွင့်အရေး”
ဆိုတဲ့ ခေါင်းစဉ်နဲ့ တို့ မျက်နှာချင်းဆိုင် ဆွေးနွေးမိကြရင် မင်းဟာ
သူများ ပခုံးပေါ်ကို ကျော်နင်းတက်ချင် သူလား၊ အရာရာကို တစ်ကိုယ်တည်း
လက်ဝါးကြီးအုပ်ပြီး အိုးထဲက ဟာလည်း ငါ့ဟာ၊ ပန်းကန်ထဲက ဟာလည်း ငါ့ဟာလို့
သဘောထားမယ့် သူလား၊ အခွင့်အရေးအတွက် အရှက်မဲ့ သိက္ခာမဲ့တတ်တဲ့ သူလား၊
ဒါမှမဟုတ် သူနဲ့ ကိုယ်နဲ့ မျှမျှတတ တရားနည်းလမ်းကျကျ အခွင့်အရေး ဆိုတဲ့
အသီးအပွင့်ကို ခွဲဝေခံစား တတ်မယ့်သူလား မှန်မှန်ဖြေနော်၊ မညာနဲ့၊ စိတ်ထဲ
ရှိတဲ့အတိုင်း ဖြေ၊ ပါးစပ်နဲ့ ဖြေစရာ မလိုဘူး၊ စာနဲ့ရေးဖြေ၊ မင်းစာကို
မျှော်နေမယ်။
ငယ်လေးရဲ့ ငြိမ်း …။
------------------------
ယဉ်ယဉ်နု (မန္တလေး)
မြိုင် မဂ္ဂဇင်း။
No comments:
Post a Comment