(၁)
အစတုန်းကတော့ သည်နေရာကလေးမှာ လမ်းကျဉ်းကလေး မရှိခဲ့ဖူးပါ။
* * *
(၂)
အရင်က သည်နေရာလေးကို အာရ်အီးတီ ဂိတ်လို့ ခေါ်ခဲ့ကြဖူးသည်။ ‘ရန်ကုန်
လျှပ်စစ်ဓာတ်ရထား ကုမ္ပဏီ လီမိတက်’ ဟု အဓိပ္ပါယ် ရလိမ့်မည် ထင်ပါသည်။
သို့သော် ဘယ်သူမှ အဲသလို ရှည်ရှည်ဝေးဝေး တခမ်းတနား မခေါ်ခဲ့ကြ။
အာရ်အီးတီလို့ ပီပီသသ ခေါ်ချင်ခေါ်မည်၊ အားဒီးတီလို့ ပေါ့ပေါ့ပါးပါး
ခေါ်ချင်ခေါ်မည်။ သည်လိုနှင့် သည်နေရာကို အာရ်အီးတီဂိတ် ရယ်လို့
တွင်လာခဲ့သည်။
တကယ်ကတော့ အရင်က သည်နေရာမှာ ဓာတ်ရထား ရောက်ခဲ့သည် မဟုတ်။ အာရ်အီးတီ ကုမ္ပဏီပိုင် ဘတ်စ်ကားတွေ ပြေးဆွဲလို့ ခေါ်ကြတာပဲ ဖြစ်သည်။
သည့်နောက်တော့ ပုစွန်တံဆိပ် တို့၊ နဂါးတံဆိပ် တို့လို အကောင်ဗလောင်တွေကို
ဂုဏ်ပြုခေါ်ဝေါ်ခဲ့သည့် ဘတ်စ်ကားတွေ ပေါ်လာသည်။ အခုတော့ ဟီးနိုးကြီး၊
ဟီးနိုးလတ်၊ နှစ်စီးတွဲ ဟီးနိုး၊ ရေးနိုး(တချို့က တစ်နေရးနိုးလို့ ခေါ်သည်)
စသည့် ခေတ်မီကားတွေ ပြေးဆွဲသည်။ ဒတ်ဆန်း၊ ဟိုင်းလတ် စသည့် သင်္ဘောသား ကားကလေး
တွေလည်း ဆွဲသည်။ ဒါပေမဲ့ သည်ဂိတ်၊ သည်လမ်းဆုံက နာမည်တော့
ပြောင်းသွားခဲ့သည်။ အရင်က အာရ်အီးတီဂိတ်၊ အခု ဟီးနိုးဂိတ်။ အရင်က အင်္ဂလိပ်၊
အခု ဂျပန်။
* * *
(၃)
လမ်းဆုံ ဆိုမှတော့ အနည်းဆုံးက လမ်းနှစ်မြွှာ ရှိရတော့မည်။ သည်လမ်းဆုံမှာက လမ်းလေးမြွှာ ရှိသည်။
တစ်လမ်းက အနောက်ဘက်သို့ ခွဲထွက်သည်။ အင်းစိန်ဈေးကို ဖြတ်၍ အင်းစိန်
ကမ်းနားကို သွားသည့်လမ်း ဖြစ်သည်။ လှိုင်မြစ် ကမ်းပါးမှာ လမ်းဆုံးသည်။
တစ်လမ်းကျတော့ အင်းစိန် ဘူတာရုံ ဘက်ကို ကွေ့ချိုး ဝင်ရောက်သွားကာ
တစ်နေရာမှာ ပြည်လမ်းမကြီးနှင့် သွားဆုံသည်။ မြောက်ဘက်စူးစူးကို
ခွဲထွက်သွားသော လမ်းကတော့ ပြည်၊ မန္တလေး စသည့် မြန်မာပြည် တစ်နံတစ်လျားကို
သွားရာလမ်း ဖြစ်သည်။ နောက်တစ်လမ်း ကတော့ ရန်ကုန်ဘက်ကို။
သည်လမ်းဆုံက
နယ်ကလာသည့်ညကားများအဖို့ ရန်ကုန်မြို့ဝင် ဖြစ်၍ အမြဲတမ်း စည်ကား နေတတ်သည်။
နောက်တစ်ခုက အင်းစိန်ဈေး ဘက်သို့ ကွေ့ချိုးသော (ကမ်းနားမှ ဆုံးသော) လမ်း
အဝင်မှာ မီးရထားလမ်းကူး ရှိနေခြင်းကြောင့် ဖြစ်သည်။ တစ်ခါတစ်ခါ ရထားက
ဘယ်ဆီနေမှန်း မသိသေး၊ ရထားတံခါးက ကြာမြင့်စွာ ပိတ်ထားတတ်သည်။ ဒါကိုလည်း
အပြစ်ဆို၍ မရ။ ကြီးမားသော ထိခိုက်မှုမျိုး မဖြစ်အောင် သည်လို လုပ်ရတာ
ဖြစ်မည်။
သို့သော် ရထားတံခါး ပိတ်လိုက်တာနှင့် စက္ကန့်မလပ် တိုးဝှေ့
မောင်းနှင်တတ်သော ကားတွေက အတောင့်လိုက် ပိတ်ဆို့ နေတတ်ကာ ကားတွေ လူတွေ
ယောက်ယက်ခတ် သွားတတ်သည်။ စိတ်မရှည် နိုင်သူတွေက ကားပေါ်မှ ဆင်းကာ ဈေးကို
လမ်းလျှောက်ကြသည်။ ထိုရထားလမ်း ပိတ်ဆို့မှုကြောင့် ကျန်လမ်းသုံးသွယ်ကို
အသုံးပြုရသည့် ကားတွေကပါ အထိုက်အသင့် ပိတ်ဆို့ ကျပ်ညပ်ကာ ဟွန်းသံ တညံညံ၊
စက်သံ တဒီးဒီး၊ မီးခိုးတွေ တလုံးလုံး ဖြစ်လာရတော့သည်။
ပြီးတော့
အင်းစိန် မြောက်ပိုင်းမှာ စက်ရုံတွေ တော်တော်များများ ရှိသည်။ ကျောင်းတွေ
ရှိသည်။ ရွာပေါင်းများစွာ ရှိသည်။ သည်လူတွေကလည်း သည်လမ်းဆုံကိုပဲ ဖြတ်ရသည်။
ဘူတာရုံနှင့် နီးသဖြင့်လည်း ရထားဆင်းသူတွေ ရှိသည်။ ဘူတာဈေး (ကုန်စိမ်းဈေး)
နှင့် အင်းစိန်ဈေးကြီးက ဈေးပြန်တွေ ရှိသည်။
ဆိုလိုရင်းက
သည်လမ်းဆုံမှာ လူတွေ အမြဲတမ်း ပျားတူအုံတုတ်ထိုး ဖြစ်နေတတ်တာပဲ ဖြစ်သည်။
ထို့ကြောင့်လည်း သည်နေရာကလေးမှာ ကက်ဆက်သီချင်းသံ တညံညံဖြင့် ဧည့်ကြိုတတ်သော
ဈေးဆိုင်ကလေးတွေ လိုအပ်စွာ ပေါ်လာရခြင်း ဖြစ်သည်။
* * *
(၄)
လူစည်ကား လာရခြင်းကို မှီ၍ နှစ် ခပ်ဝေးဝေးတုန်းက သည်နေရာမှာ ဈေးသစ်တစ်ခု
ပေါ်လာခဲ့ရသည်။ ‘ဟီးနိုးဂိတ် လေဟာပြင် ဈေးသစ်’ (ဈေးထိပ်က ဆိုင်းဘုတ်အရ) ဟု
ခေါ်သည်။ သည်ဈေးကိုလည်း အဲသည်လို တဖွဲ့တနွဲ့ မခေါ်ကြပြန်။ ‘ဟီးနိုးဂိတ်ဈေး’
လို့ပဲ လွယ်လွယ် ခေါ်ကြသည်။
ဈေး ဆိုလို့ ဈေးအင်္ဂါရပ်နှင့် လျော်ညီစွာ
ကုန်ပစ္စည်း မျိုးစုံ၊ အထည်အလိပ်၊ ရွှေငွေရတနာ၊ မီးဖိုချောင်သုံး ပစ္စည်းများ
ရနိုင်သည့် ဈေးမျိုးတော့ မဟုတ်။ အဓိကက စားကုန်တွေသာ များသည်။
လက်ဖက်ရည်ဆိုင် လေးငါးဆိုင်၊ စာအုပ်ဟောင်းဆိုင် နှစ်ဆိုင်၊ စာအုပ်သစ်ဆိုင်
တစ်ဆိုင်၊ အိမ်ဆောက်ပစ္စည်း ဆိုင်ကလေး တချို့၊ ပြီးတော့ ထမင်းဆိုင်၊
ခေါက်ဆွဲဆိုင်၊ မိတ္တူကူးဆိုင်၊ မျက်နှာစာ တန်းမှာတော့ ကွမ်းယာဆိုင်၊
ဆေးမျိုးစုံဆိုင်၊ မုန့်မျိုးစုံဆိုင်တွေ ရှိသည်။
ရန်ကုန်ဘက်က
ပြန်လာသူတွေရော၊ ရန်ကုန်ဘက်ကို သွားမည့်သူတွေပါ သည်ဈေးရုံထဲက
ဆိုင်တစ်ဆိုင်မှာ ခေတ္တလောက်တော့ နားနေနိုင်သည်။ ဝါသနာ ပါသူတွေက
တစ်ခွက်တစ်ဖလား ဝင်မော့နိုင်သည်။ စာအုပ်ဝါသနာ ပါသူတို့ကမူ စာအုပ်သစ်တွေကို
တငေးတမော ကြည့်နိုင်သည်။ စာအုပ်ဟောင်း ဆိုင်တွေမှာ နှစ်သက်ရာ
ရှာဖွေနိုင်သည်။ စကားပြော ဝါသနာ ပါသူတွေကလည်း သည်နေရာကလေးမှာ ဆုံကြ၊
ပြောကြ၊ ငြင်းကြ ခုံကြ၊ တိုးသဲ့ကြ၊ ကျယ်လောင်ကြ။
သည်ဈေးရုံ ကလေးမှာ စိတ်ညစ်စရာ သုံးခု ရှိသည်။
တစ်ခုက ကျယ်လောင်လွန်းသော ဂီတသံ ဖြစ်သည်။ တစ်ဆိုင်နှင့်တစ်ဆိုင်
အပြိုင်အဆိုင် ဖွင့်ကြတုန်းက ပိုဆိုးသည်။ ဗီရိုသေးသေး တစ်လုံးစာလောက်
ရှိတတ်သော Sound Box လေးငါးလုံး တစ်ပြိုင်နက် ဖွင့်တတ်ကြခြင်း ဖြစ်သည်။
နောက်တစ်ခု … ဈေးကို ပတ်ပတ်လည် ပိတ်ဆို့ကာရံ ထားသဖြင့် မွန်းကျပ်ပူလောင် နေတတ်ခြင်း ဖြစ်သည်။
အတန်ငယ် ညစ်ပတ်သော ရေအိမ် တစ်တွဲကလည်း မနီးမဝေးမှာ ရှိနေသေးသည်။
စိတ်နှလုံး အပန်းဖြေဖို့ ဝင်လာသူတိုင်း သည်သုံးမျိုးကို ရရှိနေတတ်သည်။
ကျွန်တော်ကတော့ ဈေးရုံထဲက ကိုတင်ဝင်း၏ စာအုပ်ဟောင်း ဆိုင်ကလေးကို ရောက်နေကျ ဖြစ်ရာ သည်အကြောင်း သုံးပါးနှင့် သဟဇာတ ဖြစ်နေရပြီ။
ကိုတင်ဝင်း ဆိုင်ကလေးနှင့် ကပ်လျက်က လက်ဖက်ရည် ဆိုင်ကလေးမှာ ထိုင်ရင်း၊
လမ်းသွား လမ်းလာတွေကို ငေးမောရင်း၊ တိုင်ကီ တစ်ခွက်ကို လူသုံးယောက် မျှဝေ
မျှသောက်ရင်း၊ အစီခံ မပါသော ဒူးယားကို တစ်လိပ်ပြီး တစ်လိပ် ဖွာရင်း
သည်နေရာကလေးမှာ မိုးကြီးချုပ်မျှ ထိုင်နေမိတတ်သည်။
တစ်ခါ တစ်ခါတော့ လူဆုံမိတတ်သည်။ တစ်ခါ တစ်ခါတော့လည်း လူမရှိ။ ကျွန်တော်နဲ့ ကိုတင်ဝင်း နှစ်ယောက်တည်းပဲ ရှိသည်။
“ဒီနေ့ စာအုပ် ရောင်းရတယ်ဗျ။ လက်ဖက်ရည် သောက်ရအောင် …”
တစ်ခါတစ်ခါ ကိုတင်ဝင်းက အဲသည်လို စိတ်လိုလက်ရ ပြောတတ်သည်။ တစ်ခါတစ်ခါတော့လည်း …
“လက်ဖက်ရည်ဆိုင် သွားဖို့ အစီအစဉ် ရှိရဲ့လား”
ဟု မေးနေတတ်သည်။
“စာအုပ် ရောင်းရတာ အဆင်ပြေရဲ့လား”
“မရောင်းရဘူးဗျ။ အင်းလေ … လူတွေက စာအုပ်နောက်ကို မလိုက်နိုင် ကြတော့ဘူးနဲ့
တူပါရဲ့ဗျာ။ စာအုပ်ထက် ဦးစားပေးရတာတွေ ရှိသေးတယ်လေ။ တစ်ခါတစ်ခါ
ရောင်းရနိုးနဲ့ ထည့်လာတဲ့ ထမင်းတောင် သိုးတယ်ဗျ။ မောင်ခိုင်မာ
ကဗျာထဲကလိုပေါ့၊ ဘာတဲ့ … ‘ထိလုမိလု၊ သတိပြုရင်း၊ ပစ်ကွင်းကိုချောင်း၊
ချက်ကောင်းကိုရွေး၊ လေးညှို့ပြင်ချိန်၊ နေလုံးမှိန်ပြီ၊ စားမြိန်တစ်ထုပ်၊
နံဟောင်ပုပ်ပြီ၊ တောအုပ်ဟေဝန်၊ ရေတံခွန်၌၊ တွံ … သင် မုဆိုး၊
မိုးကြီးချုပ်ခဲ့ပြီကော’ … ဆိုတာလေ”
တစ်ခါတစ်ခါတော့
အရွှန်းအပြက်လိုလို အလေးအနက်လိုလို သူ ပြောတတ်သည်။ စာအုပ်သည်ပီပီ စာတိုပေစ
ပုံတိုပတ်စ အကိုးအထောက်တွေနှင့် သူ ပြောတတ်သည်။ ဘာပဲဖြစ်ဖြစ်
သည်နေရာကလေးကို စိတ်ရတိုင်း လာထိုင်ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။
* * *
(၅)
အခုတော့ သည်လမ်းဆုံကို ဖြတ်ကာ မီးရထားလမ်းကူး ခုံးကျော်တံတားသစ် တစ်စင်း
တည်ဆောက်နေသည်။ မီးရထားလမ်းကူးကို ခွ၍ ခေတ်မီ လှပသော တံတားသစ်ကြီး တစ်စင်း
တည်ဆောက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သည်လမ်းဆုံ၏ လမ်းမြွှာတွေ အားလုံးကို
တံတား တည်ဆောက်ရေး ကာလအတွင်း ဖြတ်ပိတ်ထားသည်။
ဝါးကပ်တွေစီကာ လမ်းမကြီးတစ်လျှောက် ဖြတ်ပိတ်လိုက်သဖြင့် ထိုလမ်းဆုံကို ဖြတ်သန်းရသော ကားတွေက တခြားလမ်းခွဲတွေက သွားရသည်။
အင်းစိန်-ရန်ကုန် ပြေးဆွဲသော ၄၅၊ ၄၈၊ ၈၊ ၄၄၊ နှစ်စီးတွဲ ဟီးနိုး၊ ဒတ်ဆန်း
စသည့် ကားဂိတ်တွေလည်း သည်နေရာက ဝေးရာကို ပြောင်းရွှေ့ ကြရသည်။
ကားတွေက တခြားက လှည့်သွားလို့ ရသော်လည်း (သွားကြသော်လည်း) လူတွေက တစ်ကွေ့
တစ်ပတ်ကြီး သွားနေလို့ မဖြစ်၊ ရသလောက် နေရာကလေးက တိုးကာ ဝှေ့ကာ
ဖြတ်သန်းတော့သည်။
ထိုအခါ ဟီးနိုးဂိတ် မျက်နှာစာတန်းနှင့် ဝါးကပ်ထရံတွေ ကြားမှာ လမ်းကျဉ်းကလေး တစ်ကြောင်း ပေါ်လာရတော့သည်။
* * *
(၆)
အရင်က လမ်းမကြီးပေါ်က သွားချင်သလို သွား၊ ဖြတ်ချင်သလို ဖြတ်၊
လျှောက်ချင်သလို လျှောက်ခဲ့ကြသော လူတွေအားလုံး အခု ထိုလမ်းကျဉ်းကို
မဖြစ်မနေ ဖြတ်ရတော့သည်။
လမ်းကျဉ်းကလေး အဝမှာ ဆိုက်ကားဂိတ်နှင့်
လက်ဖက်ရည် ဆိုင်တန်းတွေ ရှိသည်။ မိုးတွေ သဲသဲမဲမဲ ရွာလျှင် လမ်းကျဉ်းကလေး
အဝမှာ ရေအိုင် နေတတ်သည်။ ထိုအခါ ဘောင်းဘီရှည်၊ တက်ချီကေ့စ် ကိုင်ထားသူ
ဖြစ်စေ၊ ပုဆိုး-တိုက်ပုံနှင့် ဖြစ်စေ၊ ရောင်စုံ ခြေသည်းများဖြင့်
ဝင်းစက်လှပ နေတတ်သော ခြေထောက်ပိုင်ရှင် မိန်းမလှလေးတွေပင် ဖြစ်စေ
ထိုရေအိုင်ထဲကို နင်းချလိုက်ရမည်သာ ဖြစ်သည်။
ဆယ့်လေးငါးလှမ်း
ဆက်သွားလျှင်တော့ ကန့်လန့်ခံနေသော အုတ်ခုံဟောင်း နှစ်ခုကို တွေ့မည်။
အစတုန်းကတော့ သည်အုတ်ခုံဟောင်းတွေကို ဘယ်သူမှ ဂရုတစိုက် မရှိခဲ့။ အခုတော့
လမ်းကျဉ်းကလေးထဲမှာ ထိုးထိုးထောင်ထောင် ရှိလာသဖြင့် သူတို့ကို
ဂရုမစိုက်လို့ မရတော့။ ကျော်ချင်လည်း ကျော်သွား၊ မကျော်ချင်လည်း
ဝါးကပ်ထရံနှင့် အုတ်ခုံကြားက လူတစ်ကိုယ်စာ နေရာကလေးက ပွတ်ကာသီကာ
သွားချင်သွား။
လမ်းကျဉ်းကလေး၏ တစ်ဆစ်ချိုးကွေ့ နားမှာ ကြီးမားသော
သစ်ငုတ်တိုဟောင်း တစ်ခု ရှိသည်။ ကွေ့ချိုး လိုက်သည်နှင့် စတင်တွေ့ရသော
ဈေးဆိုင်ကလေးတွေက ဓာတ်တိုင် နှစ်တိုင်စာလောက် ရှည်သော လမ်းကျဉ်းကလေး၏
အခြားဘက်အထိ စီကာစဉ်ကာ ရှိနေတော့သည်။
လမ်းက ကျဉ်းရသည့်အထဲ ဈေးဆိုင်တွေက တစ်ဖက်တစ်ချက် ဆိုတော့ လူသွားစရာ နေရာ နည်းနည်းကလေးပဲ ကျန်သည်။ လမ်းက ပိုမို ကျဉ်းမြောင်းသွားသည်။
အဲသည် အထဲမှာမှ သွားသူတွေ ရှိသည်၊ ပြန်သူတွေ ရှိသည်၊ ရပ်ရင်း
ဈေးဆစ်-ဈေးဝယ်သူတွေ ရှိသည်၊ ငေးမောတွေဝေ နေသူတွေ ရှိသည်၊ စဉ်းစားနေသူတွေ
ရှိသည်။ နှစ်ပေါင်းများစွာက အကြောင်း၊ မနေ့တစ်နေ့က အကြောင်း၊
မုန်းသူ့အကြောင်း၊ ချစ်သူ့အကြောင်း ပြောလက်စ မဆုံးနိုင်သူတွေ ရှိသည်။
နည်းနည်း ဆက်လျှောက်လျှင် စာအုပ်သစ် ဆိုင်ကလေး ရှေ့ကို ရောက်မည်။ ရောင်စုံ စာအုပ်တွေကို ဖျိုးခနဲ ဖျတ်ခနဲ ကြည့်နိုင်၊ ဝယ်နိုင်သည်။
ရှေ့မှာတော့ ဝက်သားတုတ်ထိုး ဆိုင်၊ လက်ဖက်-မြေပဲ ဆိုင်၊ စာကလေးခွေ ဆိုင်၊
ဝက်ဆီဖတ် ဆိုင်၊ ဓာတ်ငွေ့မီးခြစ် ဆိုင်၊ ပလတ်စတစ်လောင်း ဆိုင်၊
ပုစွန်ခွက်ကြော် ဆိုင်၊ တိုဟူး ဆိုင်၊ မုန့်ပေါက်စီ ဆိုင်၊ ပေါင်မုန့်
ဆိုင်၊ အမွှေးတိုင် ဆိုင်၊ တရုတ်အရက် ဆိုင်၊ သံပရာသီး-မာလကာသီး ဆိုင် စသည်
စသည်ဖြင့် ဆိုင်တန်းကလေးတွေ ရှိသည်။
စာအုပ်ဆိုင်က ကျော်လျှင်တော့
လမ်းက ပိုမိုကျဉ်းမြောင်း ဆိုးရွားလာသည်။ ထိုနေရာကလေးမှာ ရေစီးစရာ
မရှိတော့။ ရေတွေ ခြေမျက်စိမြုပ်လောက် အမြဲတမ်း ရှိနေတတ်သည်။ ထွက်ပေါက်မဲ့
ရေတွေက လူတွေ နင်းပါများတော့ နောက်ကျိပျစ်ချွဲ နေသည်။
ပြီးတော့
ပိုပြီးဆိုးတာက ဝါးထရံတွေကို ထောက်ကန်ထားသော သင်ပေါင်းသား တိုင်တွေက
လမ်းပေါ်က ထောက်ထားသဖြင့် လမ်းကျဉ်းကလေးကို ကန့်လန့် ခံထားသလို ဖြစ်နေတာပဲ
ဖြစ်သည်။
နောက်ကျိပျစ်ချွဲ နေသော ရေထဲမှာ လိပ်သဲကျောက် ခပ်ကြီးကြီးတွေ ရှိသည်။ စီကာရီကာ မဟုတ်၊ တောင်တစ်လုံး မြောက်တစ်လုံး။
လူတစ်ယောက်စ နှစ်ယောက်စ သွားဖို့အတွက် သိပ်အကြောင်း မဟုတ်သော်လည်း လူတွေ
ရာပေါင်းများစွာ ဖြတ်သန်း နေတော့လည်း သည်ကျောက်တုံးတွေကို စောင့်နင်းဖို့
မဖြစ်နိုင်။ သည်တော့ ရေထဲကို နင်းရတော့သည်။
အဆိုးဆုံးက ကိုယ်ရေပြား
ရောဂါသည် တချို့ လမ်းကျဉ်းကလေးထဲမှာ ရှိနေခြင်းပင် ဖြစ်သည်။ သူတို့
ခြေထောက်တွေ ကလည်း သည်ရေထဲမှာ တစ်ချိန်လုံး နစ်မြုပ်နေတတ်သည်။ ရေစပ်စပ်
မြေမာမာပေါ်မှာ ဟောင်းနွမ်း ပိန်ချိုင့်နေသော ဒန်ခွက်ဟောင်း ကလေးတွေ
ချထားတတ်ကာ မိုးသည်းသည်း မှာရော၊ နေကျဲကျဲမှာပါ မထတမ်း တောင်းရမ်း
နေတတ်သည်။
တစ်ခါတုန်းကတော့ ကျွန်တော့်ရှေ့မှာပင် မိန်းကလေး တစ်ယောက်
လမ်းကျဉ်းထဲမှာ လဲကျသွားဖူးသည်။ သူမက လူးလူးလှုပ်လှုပ် ကျောက်တုံးတွေပေါ်ကို
ကျွန်တော့်အလျင် ဦးအောင်လုပြီး နင်းသည်။ လုတက်လိုက်သော အရှိန်ကြောင့်
ဒုတိယ ကျောက်တုံး တစ်တုံးပေါ်ကို နောက်ခြေတစ်ဖက်က ဟန်ချက်မဲ့စွာ
နင်းမိသွားသည်။ ကျောက်တုံးက တစ်ဖက်ကို လိမ့်စောင်းသွားတော့ သူမပါ
လဲကျသွားသည်။ ရွှံ့ရေထဲကို ရုပ်ပျက်ဆင်းပျက် လဲကျသွားခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လမ်းကျဉ်းကလေးကို ဖြတ်သန်းရသူချင်း ခဏကလေး ဖြတ်ရတုန်းမှာ
တစ်ဦးနှင့်တစ်ဦး နားလည်ဖို့ပဲ လိုသည်။ တစ်ဦးကို တစ်ဦး ညှာဖို့ပဲ
လိုသည်။ ဒါပေမဲ့ တချို့က နားမလည်ကြ။ စက်ဘီးတွေက ပိုဆိုးသည်။ လမ်းက
ကျဉ်းရသည့်အထဲ စက်ဘီးတွေ တွန်းဝင်လာတာ ရှိသေးသည်။ တွန်းလာရင်းက
လမ်းကျဉ်းကလေး ထဲမှာပဲ ရပ် စကားပြော နေကြတာ ရှိသေးသည်။ နောက် အမူးသမားတွေ …
သူတို့ကိုလည်း ရှောင်ရတိမ်းရ တတ်သည်။
တစ်ကိုယ်ကောင်း ဆန်သော
ဈေးသည်တချို့ ရှိသည်။ ရာဘာဖိနပ်တွေ တစ်ဖက်နှင့်တစ်ဖက် တဖန်းဖန်း ရိုက်ကာ
ဖိနပ် ကောင်းကြောင်းကို လူတွေကြားမှာ မလွတ်မလပ် လုပ်ပြနေသူတွေ ရှိသည်။
လမ်းကျဉ်းကလေး ထဲမှာပဲ ဆိုင်ကြီး ခုံကြီး ခင်းကာ ရောင်းတတ်သော
စားမြိန်ဆိုင် တချို့ ရှိသေးသည်။ လိုချင်မှန်းမသိ မလိုချင်မှန်းမသိ
တွန်းထိုး ရောင်းတတ်သော စီးကရက်သည်တွေ ရှိသည်။
ညနေစောင်းမှာတော့
လမ်းကျဉ်းကလေး တစ်ခုလုံး ပြည့်သွားတတ်သည်။ ကျောင်းဆင်းချိန်မှာ အစိမ်းရောင်
မြွေနဂါး တစ်ကောင်လို လမ်းကျဉ်းကလေးက တလွန့်လွန့် ရှိနေတတ်သည်။
အလုပ်သမားတွေ လွှတ်ချိန်မှာတော့ ပြာမှိုင်းရောင် ရေစီးချောင်းကလေးနှင့်
တူနေတတ် ပြန်သည်။
ကိုယ့်ကိစ္စနှင့်ကိုယ် ဆိုတော့လည်း လမ်းကျယ်ကိုရောက်ဖို့ အလုအယက် ရှိရသည်သာ။
* * *
(၇)
မိုးသားတွေ တက်လာပြန်ပြီ။ ဈေးရုံထဲမှာ မှောင်မည်းနေသည်။ မီးပျက်နေတော့
လိုတာထက် ပိုပြီး ညို့ရီ မှိုင်းအုံ့နေသည်။ ကိုတင်ဝင်း ဆိုင်ကလေးထဲက
လှမ်းမြင်နေရသော လမ်းကျဉ်းကလေး၏ တစ်စိတ်တစ်ပိုင်းကို ကျွန်တော်
ငေးနေမိလေသည်။ မီးပျက်နေသဖြင့် ကက်ဆက် သီချင်းသံတွေ မရှိ။ ကိုတင်ဝင်းက
လက်ဖက်ရည် တစ်ခွက် မှာသည်။ စီးကရက် တစ်ပွဲ မှာသည်။
“ဘာငေး နေတာလဲ”
“ဘာရယ် မဟုတ်ပါဘူး”
“ဘာလဲ … ဝတ္ထု ရေးချင်လို့လား။ ရေးရင် ‘လူ့ခရီး’ ဆိုပြီး ခေါင်းစဉ်တပ်
ရေးစမ်းပါဗျာ။ ဒီလမ်းကျဉ်းကလေးက ဘဝကို ထင်ဟပ်တယ်ဗျ။ ဒါမှမဟုတ်
ကျဉ်းမြောင်းခြင်းနဲ့ ကျယ်ပြော လွတ်လပ်ခြင်း ရသကို ပီအောင်ဖွဲ့ဗျာ”
ကျွန်တော်က ကိုတင်ဝင်း၏ စကားတွေကို မကြားတစ်ချက် ကြားတစ်ချက် …
အိပ်တန်းပြန်ချိန် …
လမ်းကျဉ်းကလေးထဲမှာ တွန်းတွန်းထိုးထိုး သွားနေသော လူတွေက မိုးရိပ်ကြောင့်
ပိုမိုမြန်ဆန် သွက်လက်နေသည်။ ထိုစဉ်မှာပင် မိုးတွေ ဝေါခနဲ သွန်ကျလာသည်။
ပိုမို မည်းမှောင်သွားသည်။ အိုက်စပ် ပူလောင်နေရာမှ မိုးသက်လေကြောင့်
အေးမြသလို ခံစားနေရသည်။ မိုးက သည်းသထက် သည်းလာသည်။
ကြည့်စမ်း … ထီးတွေ … ထီးတွေ …
လမ်းကျဉ်းကလေး တစ်ခုလုံး ထီးတွေနှင့် ပြည့်နှက်သွားသည်။ ပန်းချီပြပွဲ
တစ်ခုမှာ ပြသခဲ့ဖူးသော မိတ်ဆွေ ပန်းချီဆရာ၏ ‘ထီးများ’ ပန်းချီကားကို
ဖျတ်ခနဲ သတိရမိ ပြန်သည်။
ထီးတွေက ရောင်စုံ။
အနက်တွေကတော့
များသည်။ ခရမ်း၊ အပြာ၊ အဝါ၊ အနီ၊ အစိမ်း၊ အညို၊ အကျားအကျား။
ဘေးနှစ်ဖက်နှစ်ချက်က ဈေးဆိုင်တန်းတွေက အမိုးတွေ ထုတ်လိုက်တော့ ထီးတွေနှင့်
မလွတ်ချင်။ ပြီးတော့ လူပေါင်း များစွာတို့၏ ထီး ရာပေါင်း များစွာတို့က
လမ်းကျဉ်းကလေးထဲမှာ ထိစပ်နေသည်။
လွတ်လွတ်လပ်လပ် သွားလို့ မရတော့။
တိမ်းကာယိမ်းကာ ငဲ့ကာစောင်းကာ သွားနေကြရသည်။ ငယ်ငယ်က ရေစီးမြောင်းထဲကို
ဗျောက်ပွင့်တွေ မျှောတာနှင့် တူနေသည်။
အထက်စီးက
ကြည့်ခွင့်ရလျှင်တော့ ထီးတန်းကို တလှုပ်လှုပ် ရွေ့မျောနေတာ တွေ့ရမည် ထင်သည်။
ဝါးထရံတွင်း တံတား အလုပ်သမားတွေဆီက ဟေးလား … ဟေးလား … ငြာသံပေးသံတွေ
မိုးရေထဲကို တိုးဖြတ်လာသည်။ မိုးထဲ ရေထဲမှာ လေးလံသော အရာဝတ္ထု တစ်ခုခု ရွှေ့မ
နေကြဟန် တူသည်။ ခေတ်မီ လှပသော တံတားသစ် တစ်စင်းကို ထုဆစ် နေသူများ …
အခုတော့ မိုးရေပြည့် လမ်းကျဉ်းကလေးထဲမှာ ထီးရောင်စုံတွေ တရွေ့ရွေ့ …
တိမ်းကာငဲ့ကာ တရွေ့ရွေ့ … ဒါကိုပဲ ကျွန်တော် ငေးနေမိခြင်း ဖြစ်လေသည်။
------------
နေဝင်းမြင့်
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း။
No comments:
Post a Comment