(၁)
မြစမ်းကြည် ပေးစမ်း ဆေးလိပ်မီးတစ်တို့ ဆေးလိပ်တွေလဲ
အရင်လို သောက်မကောင်းပါဘူးဟယ် ... လျှာတွေ ကွဲလိုက်တာလဲ မပြောပါနဲ့တော့
သည်ကြားထဲ ဆေးလိပ်ခေါင်းတွေချည်း ရေဆွတ်ထားသယ်လေ ... ဘယ်သူရှိမှာတုံး ...
မသာကောင်ပေါ့ စိန်နဘော်ဆိုတဲ့ ကောင်ပေါ့ ... မနေ့ကလည်း အမေ အိပ် ... ကျုပ်
နင်းပေးမယ်တဲ့ အဟုတ်မှတ်လို့သာ နေပါတော် ဆိုကာရှိသေး ပါးနမ်းပြေးလို့ အနားက
ခုံဖိနပ်နဲ့ လှမ်းပေါက်လိုက်သယ် မကောင်းဘူး ငါ့များ နောက်စရာကို ဖြစ်လို့
... ဟဲ့ ... အသက် ခုနစ်ဆယ် ကျော်ပြီဟဲ့ ... ဒို့ဗုဒ္ဓဘာသာလူမျိုး ဗမာအိုတော့
ကျောင်းကြိုကျောင်းကြားတဲ့ ... ဥပုသ်လေး စောင့်လို့ သတင်းလေး စောင့်လို့
နေရမှာ ငါ သိသား ... ပိုးကမှ မနေနိုင်သာ ... ဇာတ်နားတဲ့ရက်ဆို ငါ့မယ်
နေလို့ ထိုင်လို့ကို မရတာ ရည်းစားထားကာစ အပျိုလိုကို ရွနေသာ ... ထပဲ
ကရတော့မလိုလို အိမ်သာပဲ တက်ရတော့ မလိုလိုကိုး ... ခုတော့ ဇာတ်ထဲ
ပျင်းလို့သာ မနေတတ်လို့သာ လိုက်နေရသာ ငါ့တာဝန်က ဘာမှရှိသာ မဟုတ်တော့
တစ်ခါတစ်ခါတော့လည်း ညကြေး ယူရသာ အားနာသယ် ... ဒါ တကယ်ပြောသာ ကိုယ်မှ
မလုပ်နိုင်တာ မယူချင်ဘူး ... ဒါပေမယ့် ပြောပါပကော ကိုယ်ကလဲ မနေနိုင်တာလဲ
ပါရဲ့ ... စိန်မောင်က “ခင်ဗျား မပါလို့ ဘယ်ရမလဲ လိုက်ပါ ခင်ဗျား ညကြေး
ပေးလို့ ဘယ်သူက ဘာပြောရမှာတုံး” ဆိုလို့ လိုက်လာသာ ကျေးဇူးလဲ တင်ပါသယ် တကယ်
တကယ် ... စိန်မောင့်ကိုရော အားလုံးကိုရောပေါ့ ... ဘယ်သူက ၏မှ မငြိုငြင်
ကြပါဘူး ... အမေ အမေနဲ့ ကိုယ့် ချစ်နေကြသာ တွေ့တော့ မျက်ရည်တောင် ကျသယ်
ဘုရားစူး ... တို့လဲ သည်လို ကြီးလာရသာ ... ဟဲ့ ... ယိမ်းသမ ဘဝက စခဲ့သာ ...
အောက်သက်က တက်လာသာ ... ကြီးမှ ဇာတ်မင်းသားနဲ့ ညားလို့ ကယောင်ကတမ်း
ဇာတ်ခုံပေါ် တက်လာသာ မဟုတ်ဖူး ... အောက်သက်ကို ကျေလိုက်သမှ ဆယ့်နှစ်နှစ်
သမီးက ခါးပြတ်ဝိုင်းနဲ့ ကလာသာ ရှိတဲ့ ထဘီလေးတစ်ထည် နွမ်းကျေနေလို့
နောက်တစ်ထည် အမေက ဝယ်ပေးသာ မဟုတ်ဘူး ခါးပြတ်ဝိုင်းလေး ထွက်လို့ ပိုက်ဆံ
ရသာကိုပဲ စားနေသာ အဲသည်တုံးက ဘာရမှာတုံး တစ်ပွဲ လိုက်ကရင် ဘောက်ဆူးလေး
ဘာလေးနဲ့မှ ခုနစ်ကျပ်လောက် ရသာ ဟိုတုံးက ခုနစ်ကျပ်ကလဲ နောက်ပြောသာ ပြောရတာ
နည်းမှတ်လို့ ... စူလတီထဘီ တစ်ထည်မှ ဘာပေးရသာ မှတ်လို့ စူလတီငွေနားနဲ့
ရွှေပါးနုနံ့သာချယ် လှပါပေ့တယ် ... ယဉ်ပါပေ့လှမျက်ခြယ်ရယ် ... ဆိုသာ
သီချင်းတောင် ရှိသေးဟာကော ... စူလတီ ငွေနားဆိုတာ တကယ်အေ့ ခုခေတ်က
မြင်ဘူးမှာ မဟုတ်ဖူး ... ငွေနားက တဖိတ်ဖိတ် ငွေသား ကုလားထဘီ ထင်ပါရဲ့အေ ...
လှလိုက်သာ ဘာပေးရလို့တုံး ... အဖေက ငါ ကလို့ ရသာလေးထဲက ဖဲရိုက်သေးတာ
အမေနဲ့ တဂျိန်းဂျိန်း ... အဖေက ခါးပြတ်ဝိုင်းလေးမှာ ပထမတော့ ကြေးတီးသာ ...
ကြေးဆိုသာ ကြေးနောင်ကို ခေါ်သာ အပြည့်တော့ မဟုတ်ပါဘူး ... တီးဖြစ်ရုံပါ ...
အဖေ့ဆရာက ကိုကြီးငွေတဲ့ သရက်နယ်က အဖေက ကြေးလေး တီးတတ်တာက လွဲရင် ဘာမှ
လုပ်တတ်တာ မဟုတ်ဘူး တောမှာက ဘာရှိမှာတုံး ... အလှူပွဲ တစ်ပွဲနဲ့ တစ်ပွဲက
ဝီခေါ်နေသာ ... မရှိတော့ ထိုင်စား နေရသာပဲ အမေက ရွာရိုးကိုးပေါက်
လျှောက်ပြီး မျက်နှာချေ ရောင်းသယ် ... ကသယ်မုန့် ကတိုးမုန့် ရောင်းသယ် ...
အမေက တရုတ်သွေး နည်းနည်းပါသယ် ... အမေ့ အဖေက ကိုယောင်ငါးတဲ့ ...
မတွေ့ဖူးလိုက်ဘူး အမေ ပြောဖူးသာ ... အမေက ပါးပါးလေးရယ် နှုတ်ခမ်းလေးက
ဆေးရေးထားသာ ကြည့်တော့ ... စကားပြောရင် ပုံတိုလေး ပတ်စလေးနဲ့ ပြောသာ ...
အဖေက တုတ်ထိုးအိုးပေါက် ... ပေးစမ်းအေ ... ညည်းဆေးလိပ် တစ်ဖွာလောက် ...
ငါ့ဆေးလိပ်က ဖွာလို့ကို မရသာ ... ကိုင်းဟယ် ကိုင်းဟယ် ... မသာ သေချင်းဆိုး
မပွေးကိုက်မယ့်ကောင် စိန်နဘော် လာပေ့စီ ... ခေါင်းကို ထဘီနဲ့
အုပ်လိုက်ဦးမယ်
(၂)
ယိမ်းသမ ဆိုလို့ ငါတို့ငယ်ငယ်က
ကိုယ့်ပါရမီလေးနဲ့ ကိုယ့်အခံလေးနဲ့ကိုယ် ကရသာ ... သူများဇာတ်ကို တညလုံး
လိုက်ကြည့်ပြီး တစ်ခါထဲမှတ် တစ်ခါထဲ ကတတ်အောင် အိမ်ရောက်တော့
မအိပ်နိုင်သေးဘူး သရက်ပင်အောက် အမေတို့ မသိအောင် ပြေးပြီး ဟန်နဲ့ ပန်နဲ့
ကကြည့်ရသေးသာ ... အမေတို့ မငြိုငြင်အောင် မနက်စာ ချက်ပြုတ်ပြီးမှ အိပ်ရသာ
... အခု တို့ဇာတ်ထဲ လိုက်ကနေတဲ့ ဟိုကောင်မလေးတွေ ဘယ်သူ ... ပန်တျာကျောင်းက
ဆင်းလာသာလေ ... အတောင်ကို ကျိုးလို့ ကတတ်လိုက်ကြသာ ဟန်ကလေးတွေ ...
အယူအသိမ်းလေးတွေလဲ ကောင်းပါ့ ... မင်တော့ မပါဘူးအေ့ ... အကမှာက ကြာတို့
ဗျပါတို့က ထား မင်လေးရှိမှ ကြည့်ကောင်းသာ ... သူတို့ ကသာက စိမ်းနေသယ် ...
ဒါလဲ နောက်တော့ ဖြစ်သွားမှာပါ ... ဒါပေမယ့်အေ ... သည်ပညာက စမ်းသားကလား ...
တစ်သက်လုံး ယိမ်းက မတတ်သာများ အပုံ ... ယိမ်းက မတတ်တော့ ညကြေးက
ဘယ်တက်မှာတုံး ... ဇာတ်နားတော့ ဟိုဟာဒီဟာ လုပ်စားတော့ ဟော ဇာတ်ထွက်ကာနီး
အချုပ်ထဲက အာမခံနဲ့ ထုတ်ရတာတွေလဲ တို့ငယ်ငယ်က ရှိသာပဲဟဲ့ ... ထဘီ အင်္ကျီ
ပေါင်စားရသာက ထမင်းငတ်တော့ စားမှာပဲ လူကိုးအေ့ ထမင်းတော့ အငတ်
ဘယ်ခံနိုင်မလဲ ... ဒါကြောင့် ငါအမြဲပြောသာ ထဘီ အင်္ကျီပဲ ရွေးရသာ ကောင်းသာ ...
လူရွေးရသာ မဖြစ်စေနဲ့လို့ ... ရှိသယ် ... ဇာတ်ထွက်ကာနီးမှ လူရွေးရသာ
တကယ်ရှိသယ် ... သီချင်းဆိုတော့လဲ မာဆတ်ဆတ်နဲ့ လုပ်ဆိုတွေက သည်ခေတ် များသယ်
... လည်ချောင်းထဲက အသံထွက်ကတည်းက ငါတို့က သိသာ ... တချို့များ
ဆိုင်းဝိုင်းက အသံပြနေတာ မသိဘူး ကိုယ်တည်ထားတဲ့ အသံ မချတော့ဘူး ...
ဒါမျိုးက ဆိုရင်းနဲ့ စကားဖန်လေး ပြန်ထိုးပြီး အသံကို ပြန်ညှိယူရသာ ...
ဇာတ်သာ ကနေတာ ဘာသီချင်းမှ ဟုတ်တိပတ်ပိ မရသာ ရှိသေး ... လဝန်းလေးနဲ့ တူသယ်
မေ့ကိုလားကွယ် ... တပုဒ်နဲ့ လုပ်စားချင်လို့ကတော့ နတ်သာ ကတော့ ...
ဇာတ်ခုံပေါ် မတက်နဲ့ ... တို့တုံးက ကျက်ရသာ ... စာကလဲ တတ်သာ မဟုတ်ဖူး ...
ကကြီး ပုတ်လောက် ရေးပြသာ သိသာ မဟုတ်ဖူး ... သည်တော့ ဓာတ်ပြားထဲက သီချင်းတွေ
ကျက်ရသာ ... ဘယ်သူကမှ ရိုက်နှက်ခိုင်းသာ မဟုတ်ပေမယ့် ကိုယ်လုပ်တော့မယ်
ဆုံးဖြတ်ထားတဲ့ အလုပ် ကောင်းအောင် ဖြည့်နေရသာပဲ ... ခုခေတ် ဟန်ကျပါသယ်အေ
... ဘယ်ငိုချင်း ဘယ်သီချင်း နားထောင်ချင်သလဲ ကက်ဆက်ခွေလေး သေတ္တာထဲ
ထည့်လိုက်ရုံပဲ ... တို့တုံးက ဓာတ်ပြားကြီးတွေ ဖွင့်မှ နားထောင်ပြီး
ကျက်ရသာ ... ငယ်ငယ်က ရတဲ့ သီချင်း ခုထိ မမေ့တော့ဘူး ... အောင်ဗလနဲ့
စိန်ကတုံးကြီး နှစ်ပါးသွားထဲ ဆိုသာ ...
မှန်အိမ် မှန်အိမ်
စက်မီးရောင်လို ... သတင်းကြားဘို့ ဂယက်လျှံ ... ဟန်တိန် ဟန်တိန်
လက်ကဒီးဆောင်လို့ မင်းသားမို့ မရှက်ပြန် ... ဘင်္ဂလားက မျက်မှန် ...
ပြေတွင်းပမူယာယာ ခြေနင်းနဲ့လူဟာ သုံးလော ... စားလော ... အကြွားပြော ...
နားကလောပြန် ... ကိုစိန်ကတုံး အကြွားပြော တောသားကြီး တွေ့ရပြန် ...
ဘလွန်းကလေးစကားအိုး ရွှေကြိုးလေး ခြောက်ပြားတန် ... တိုင်းပြည်ပေါ်တွင်
လင်အမြောက်အမြား တင်မြှောက်လို့ ထားခဲ့ပါရဲ့ ... ဘုရားကိုစူးရစိ အမှန် ...
ရွှေပြည်နိုင်ငံ မေးသာမေးပါ မောင်ရဲ့ လင်နှစ်ယောက်အမှန် ... တင်မြှောက်ပြန်
... ပြောမရပြန် ဒေါသထန် ...
နေဦးဟဲ့ ... ရသယ်သာ ပြောသာ
မေ့တေ့တေ့တော့ ဖြစ်ပြီ ... အော် ကာလကလဲ ကြာခဲ့ကိုး တို့ငယ်ငယ်ကဆိုတော့ ...
စဉ်းစားသာ ကြည့်တော့ ... ပြီးတော့ သည်သီချင်းတွေက စင်ပေါ် ဆိုခဲ့ရသာ
မဟုတ်ဖူး ... ဝါသနာပါလို့ ကျက်ထားရသာကိုး ... နေပါဦးအေ ...
မျက်စိနောက်စရာ ဟန်က ကြီးလိုက်တာက သံပုရာသီးကဲ့သို့ ချဉ်ပေါ့အမှန်
ဇန်နဝါရီလမှာ တနင်္ဂနွေတစ်ပတ်ကယ်နဲ့ ... ဟံသာဝတီတိုက်မှာ သတင်းစာ ဖတ်ပြီးတော့
အင်္ဂလိပ်စာတတ်သလို ... လူတကာအများ ... ကြားပြီးတော့ ဘူတာနားမှာတဲ့
ကုလားတွေနဲ့ တညံညံ ...
ဆိုသာတွေလဲ ပါရဲ့ ... ဟိုတုံးက
သီချင်းတွေကတော့ ကောင်းပါ့အေ ... ခုကတော့ နောက်ပိုင်းလဲ ကောင်းကောင်း
ကတဲ့ခေတ် မဟုတ်တော့ ဖြစ်သလို လုပ်နေကြသာလေ ... အရပ်ထဲ စကားပြောသလို
ပြောနေကြသာ ရှင်ဘုရင်ကလဲ ဘုရင်စကား မပြောတတ်ဘူး ... ဝန်ကလဲ ဝန်စကား
မပြောတတ်ဘူး ... မရှိလို့ ခဏသုံးရတဲ့ ကောင်က ဝန်တက်လုပ်တော့ ဝန်စကား
ဘယ်တတ်မှာတုံး ... သူတို့ခေတ်နဲ့ သူတို့ပရိသတ် လက်ခံပေမယ့် နားထဲ မဝင်ဘူး
စပေါင် မပဲ့ဘူး ... တို့များတော့ စကားပြောလွန်းလို့ ဇာတ်နားလို့
အိမ်ရောက်ရင် အရပ်က အမေကြိုးကြာတဲ့ ... ဒါကြောင့် တစ်ခါတော့
အုပ်ထည့်လိုက်တယ် ... ဟဲ့ ... ငါက ဘယ်နား သွားဂျိုးလို့ ဘယ်နား
သွားဂျာနေသလဲဟဲ့ ... ဂျိုးဂျာက နင်တို့ ... လို့ လားဟဲ့ ... လို့
တုပ်တော့မှ ငြိမ်သွားသာ ... ဟုတ်သယ်လေ ... ဥဩခင်မေက ဘယ့်နှယ် ကြိုးကြာ
ဖြစ်ရမှာတုံး ... စကားများလို့ပေါ့အေ ... နာမည်ပေးသာ ...။
ဒါကြောင့်
သမီးအကြီးမကို ပြောရသယ် ... အကြီးမက မြို့တော်ခင်ရွှေထဲမှာ ခု
လက်ထောက်လုပ်လို့ ... အဲသာ ပြောရသယ် ... စကားကြွယ်ပေ့စီ ... ကျရာအရုပ်
ကောက်ကိုင်နိုင်ပေ့စီ ... လို့ သင်ရသယ် ... ပြောသာ ပြောရသာ ငါ့ခြေဖျား
တစ်ကောင်မှ မမီဘူး ... ငါ့ပိုး ပါသာလဲ ဒီကောင်မ ပါသာပါ ဖအေက မင်းသားကိုး
... ငါ ပြဇာတ်ကတုံးက ဥဩခင်မေ မဟုတ်သေးဘူး ... ခင်မေရီတဲ့ ... တစ်ည မင်းသားက
ဇာတ်ရုံကို ဂျစ်ကားနဲ့ လာခေါ်သယ် ... သီချင်းရေးဆရာ ရွှေတိုင်ညိုလဲ ပါသယ်
... မြို့အုပ်က ဧည့်ခံဘို့ ခေါ်ခိုင်းလို့ ဆိုတော့ ကဗျာကသီ ဖီးလိမ်းပြီး
ထလိုက်ရသာ ... ညနေစောင်းကြီး ... အပြန်တော့ သီချင်းရေးဆရာ မပါတော့ဘူး ...
မင်းသား အောင်မင်းရွှေက ခင်မေရီ နင့်ကို ငါခိုးလာသာတဲ့ ... ဂျစ်ကား ပုတ်ပြတ်
ငှားလာသာတဲ့ ... ဇာတ်ရုံ ပြန်မပို့တော့ဘူး ... သည်တော့လဲ ကိုယ့်အားကိုး
ရှိသာလဲ မဟုတ်တော့ ညားပေါ့ ... ဘယ့်နှယ် တတ်နိုင်မှာတုံး ... နောက်တော့လဲ
သည်ကောင်နဲ့ ကွဲသာပါပဲ ဒါကြောင့် ဖိုးစိန်ကြီး ဇာတ်ထဲ ပြောသလို ... ဟဲ့ ...
နှစ်ယောက်ချင်းမျှလို့ ... စောက်ကမြင်းထဖို့ တော်ယူတာလား ... အားဟား ...
ဆိုတာလေ ... အဲသလိုကို ဖြစ်သာ ... အကြီးမက အောင်မင်းရွှေနဲ့ ရသာ ...
ဖအေ့သွေးတော့ ပါသားကလား အဲသာ ပြောရသယ် လင်မများပါနဲ့အေ ကိုယ့်ပညာလေး
တိုးတက်အောင် လုပ်စားစမ်းပါ ပြောရသယ် ... ပြောသာ ပြောရသာ သည်ကောင်မလဲ
လင်သုံးဆက် ရှိပြီ ညည်းအေ ကိုယ့်ဟာကိုယ် သာယာဝတီဈေးထဲ မုန့်စိမ်းပေါင်း
ရောင်းလက်စ ရောင်းပါပြောသာ မရဘူး ... ပိုးကိုး ... ဟော အခု
မြို့တော်ခင်ရွှေထဲက ကောင်နဲ့ ညားနေသတဲ့ ... အရင်လင်က ရောဂါနဲ့ သေသာ ...
ပန်းနာနဲ့ သေသာ ... အဲသည် အကြီးမက ပန်းနာကောင်နဲ့ ညားလို့ရတဲ့ သမီးက
ကုလားမတဲ့ ... မနေ့တစ်နေ့က လူကြုံလာလို့ မှာလိုက်သတဲ့ ... အမေရေ အမေ့မြေးမ
ကုလားမကလဲ ကချင်ခုန်ချင်လိုက်တာ ရွလို့တဲ့ ... ငါကတော့ မှာလိုက်ပါတယ် ...
ကတော့ ကခိုင်းပါအေ မခုန်ပါစေနဲ့လို့လေ ...
အသစ်တစ်လိပ်
ညှိပေးစမ်းအေ အမေ့ကို ... ရောက်တဲ့မြို့က ဆေးလိပ် သောက်ရတာကိုက တို့ပါးစပ်
အကျင့်ပျက်နေသာ ... တံဆိပ်စွဲသောက်လို့ ရမလားအေ့ မြို့တကာ သွားနေရသာ ...
လင်လဲ သည်လိုပါပဲ ... ဆေးလိပ်လိုပဲ ဖန်လဲသောက် ... ပြင်းလဲသောက် ...
ချိုပြင်းလဲသောက် ... ချောင်းမဆိုး တော်ကျပြီ မှတ်ရသာ ...
(၃)
အော် ... တစ်ခါ တစ်ခါတော့ စိန်မောင်ကို ပြောရသယ် ... သားရေ သဘင်ပညာ
မတိမ်ကောစေနဲ့ဟဲ့လို့ ... ပြောသာ ပြောရသာ ... သည်ကောင်လဲ ကျေးဇူးရှိသာ
ရှိသာပဲ မကြိုးစားဘူး ... အမေတို့က ရိုးပြတ်နင်း ကလာသာ ... နောက်ချီးရေပေါ်
ကလာသာ သဘင်ပညာ အရည်ကျို သောက်ခဲ့ပြီသာ ပြောရသာ ရိုးပြတ်နင်းဆိုသာ
ညည်းတို့သိမှာ မဟုတ်တော့ဘူး ... အမေတို့ ငယ်ငယ်က ဗလာ ကရသာ လယ်လေးယာလေး
ပြီးသွားချိန် ပွဲငှားကြတော့ ရိုးပြတ်ကွင်းထဲ စင်ထိုးကခဲ့ရသာကို ပြောသာ ...
အခါလွန်လို့ မိုးသံလေသံ ကြားတော့မှ လယ်ကွင်းထဲက နောက်ချေး မိုးရေနဲ့
ပေါလောပေါ်တော့မှ ပွဲခွင်ရပ်သာ ဇာတ်သမားက ပွဲရပ်ရင် ဒုက္ခရောက်သာပါပဲ ...
ညည်းတို့လဲ အသိပဲ ... ပွဲရပ်ရင် ... ထမင်းဘယ်က ရပါ့မလဲ ... ဘာအာမခံချက်မှ
မရှိတာ ... သည်တော့လဲ မကြိုးစားကြတော့တာ ဘာဆန်းမတုံး ... တို့ခေတ်ကတော့
ကြိုးစားကြသာ ... ဟိုတုံးက မင်းသမီးတွေ ခုထိ ဘယ်သူ မေ့ကြလို့တုံး
ပြည်ဆံတောက် စောမေတဲ့ ... ငွေဥတဲ့ ကြင်ဥတဲ့ ရင်နုတဲ့ ဆီကြော် စိန်တင်တဲ့
ပလိုတီယာ သိန်းညွန့်တဲ့ ကုလားမ မညွန့်တဲ့ နဂါးမမြနှစ်တဲ့ အများကြီး
ဒိတ်ဆိုတဲ့ မင်းသားတွေနဲ့ကို တွဲသာတွေ ... အဆိုကောင်း အငိုကောင်းသယ် ...
တို့တုံးက အပူခန်း နှပ်ညှစ်သာတောင် ခေါင်းအခေါက်ခံ သင်ရသာ ...
နှပ်မညှစ်တတ်လို့ မရယ်နဲ့ အကောင်းပြောသာ ... ပြောတော့ ပိုတယ်ထင်သာ ...
ဇာတ်ကသယ်ဆိုသာ သဏ္ဌာန်လုပ် သရုပ်တူရသာ အပြောနဲ့ ပရိသတ် ဖမ်းစားရသာ ... သည်
ဇာတ်သေတ္တာကြီးကိုပဲ ဘုရင့်ပလ္လင် ဖြစ်လိုက် ... ရသေ့ထိုင်တဲ့ ကမူ ဖြစ်လိုက်
... မင်းသမီးထိုင်တော့ သလွန်ညောင်စောင်း ဖြစ်လိုက် ဒါကို ပရိသတ်က မမြင်ဘူး
... တကယ့် ပလ္လင် ထင်သာ ... တကယ့် ကမူ ထင်သာ ... တကယ့် သလွန်ညောင်စောင်း
ထင်သာ ... ဇာတ်သေတ္တာလို့ မြင်သာ မဟုတ်ဖူး ... စကားက ဖမ်းစားထားသာကိုး
ခုခေတ်က တကယ့်ကို ပလ္လင်လုပ်ထားသာတောင် ပရိသတ်က စွဲသာ မဟုတ်ဖူး ...
ကွာကုန်ပြီ ... ဝေးကုန်ပြီ ... ဒါကြောင့်ပြောသာ သံယောဇဉ်နဲ့ ဇာတ်ထဲ
လိုက်ထိုင်နေသာ ညည်းတို့ ကလို့ ခါးမကျိုးရင် ဇာတ်ခုံရှေ့ ထွက်ပြီး
ခါးချိုးပစ်လိုက်ချင်သာ ... ညည်းတို့ ငိုလို့ ပရိသတ်က မငိုရင် ငါ
ထွက်ငိုလိုက်ချင်သာ အသက်ကလဲ ကြီးလို့ လေကလဲ ဖြတ်လို့သာ နို့မို့တော့လား
ဥဩခင်မေ တပွဲ နွှဲလိုက်ချင်သေးသာ ...
ကိုယ့်ဟာကိုယ် အိမ်မှာနေ
ရရဲ့သားနဲ့ အမေရယ် နားပါလား မပြောနဲ့ နေလို့ရသားပဲ ... မနေချင်သာ ...
လင်လဲသေပြီ ... ဘာသံယောဇဉ်မှလဲ မရှိတော့ဘူး ... သမီးသုံးယောက်နဲ့
သားတစ်ယောက် ရှိသယ် အားမကိုးပါဘူး သမီးအလတ်က သောင်သာသယ် လင်က
စက်ရုံမှာလုပ်သာ အောက်စိုက်လဲ ဘာလဲ ရသတဲ့ ဆီဂိုဒေါင် ကိုင်ရသာကိုး ...
မယားက လက်ကောက် တံတောင် ထိတော့မယ် သူ့မအေလဲ မပေးဘူး ယောက္ခမဖြစ်တဲ့ ငါ့လဲ
မသထာဘူး သူ့မယားမှ သူ့မယား ... ဝမ်းသာပါသယ် သူတို့ ပြေလည်ရင် ပြီးရော
နို့မို့ စိတ်ဆင်းရဲသယ် မရှိစကား နားနဲ့တောင် မကြားချင်သာ ... သမီးကတော့
တစ်ခါတစ်ခါ ခေါ်ပါသယ် အမေ သမီးတို့နဲ့ လာနေပါတဲ့ ... မနေချင်ပေါင်တော်လို့
ပြောလိုက်သယ် သမီးအလတ်နဲ့ အယင်က ကိုတင်အောင်နဲ့ ရသာ အမေ့ ပထမလင်က ရဲဘော်ဖြူ
နောက်တော့ ပြန်လည်ထူထောင်ရေးမှာ လုပ်သယ် သူက အမေ့ကို ဇာတ်မကရဘူးတဲ့ အမေက
နင့်ပဲ ကွာမယ်ဟယ် ဇာတ်တော့ မကွာနိုင်ဘူး ပြောလိုက်သယ် ... ရဲဘော်ဖြူနဲ့
ကွဲတော့ ငယ်ငယ်ရှိသေးသာ ခင်မေရီ နာမည်နဲ့ ပြဇာတ်ကလိုက်တာ အကြာကြီး ...
အဲသည်မှာ အောင်မင်းရွှေနဲ့ ညားသာ ရဲဘော်ဖြူနဲ့က ကလေးရဘူး ...
အောင်မင်းရွှေနဲ့က အကြီးမ ရသယ် အောင်မင်းရွှေနဲ့ ကွဲတော့ ကိုတင်အောင်နဲ့
ညားသယ် ကိုတင်အောင်က ရွှေတိဂုံစောင်းတန်းမှာ ဘုရားထုသာ ဘုရားသာ ထုသာပါ
အရက်ကလေးကလဲ ကြိုက်ရဲ့ ဒါ့ကြောင့် သူ့အလုပ်ရှင်က တင်အောင် ဘုရားထုပြီးရင်
ဘုရားဆင်းတု ရေနာနာဆေးရသတဲ့ ပြောသာ ... ဘုရားအနံ့ကူးလို့ ... နောက်သာလေ ...
အမေနဲ့ ညားတော့ မခင်မေရယ် ငါ ... ဘုရား မထုချင်တော့ဘူးတဲ့ ... နေပေါ့ ...
ကျုပ်ဇာတ်ကသာလေးနဲ့ စားနိုင်ရင် မလုပ်နဲ့တော့လို့ ပြောရသယ် ... ဒင်းက
ဇာတ်နောက်လဲ လိုက်သာ မဟုတ်ဘူး အမေဇာတ်ကတာတော့ မပြောပါဘူး ကိုတင်အောင်နဲ့က
အလတ်မရယ် အငယ်မရယ် နှစ်ယောက်ရသယ် ... အငယ်မကလဲ မကောင်းပါဘူး ... အိမ်မှာ
နေချင်သာ မဟုတ်ဖူး ... အလုပ်သွားလုပ်တော့ သူ့အလုပ်ထဲက
ရေစက်မောင်းတဲ့ကောင်နဲ့ ညားသယ် ... ဘယ်ပြေလည်မှာတုံး ...
ညစ်ပတ်စုတ်ပြတ်နေသာ ... တစ်ဖက်ရပ်တဲကလေးနဲ့ နေရသာ ဒါ့ကြောင့် ပြောရသယ် ...
ငှက်မရယ် ငါစိတ်ညစ်လိုက်သာလို့ ... အငယ်မ နာမည်က သန်းသန်းပါ ငယ်ငယ်က
ငှက်မလို့ ခေါ်တော့ ငှက်မလို့ တွင်နေသာ ဟော ခုတော့ ရေစက်မောင်းတဲ့ကောင်နဲ့
ကွာလိုက်ပတဲ့ ... ဘယ်အချိန်က ကွာလို့ ကွာမှန်းလဲ မသိပါဘူးအေ ... ခုကာလက
ဖြစ်တာလဲ မြန်သယ် ပျက်တာလဲ မြန်သယ် ... ခုက ရခိုင်တစ်ယောက်နဲ့ ညားနေသယ် ...
အဲသည် ရခိုင်ကိုလဲ နိုင်လိုက်သာတဲ့ ... ကြားသယ် ... မညားခင်ကတော့
ဇာတ်နားချိန် အိမ်ရောက်လာသေးသယ် ... အမေတဲ့ ... သမီး မောင်ညိုနဲ့
ယူတော့မလို့တဲ့ ... ဟဲ့ အရင်လင်ကကော ဆိုတော့မှ ကွဲသွားတာ ကြာလှပေါ့တဲ့ ...
ကောင်းအေ ... လွယ်လိုက်တာ ... အခုကော ယူပြီးပလားဆိုတော့ မယူရသေးဘူးတဲ့ ...
ရေစက်မောင်းတဲ့ကောင်နဲ့ ညားလို့ရတဲ့ ကလေးကကော ဆိုတော့ သေပြီတဲ့ ... ဖောပြီး
သေတာတဲ့ ... ရွှံ့ထဲ ဗွက်ထဲ နေရတော့ ကလေးက ရောဂါစုံ ရနေမှာပေါ့အေ ...
စားရတာလဲ ဘယ်မှာ အာဟာရ ဖြစ်မှာတုံး ... သေသာလဲ ကောင်းပါတသယ် ဝဋ်ကျွတ်သာပေါ့
ဘယ့်နှယ် တတ်နိုင်မှာတုံး ... သူ့ကံကိုး ... ဝင်စားကထဲက ငှက်မဝမ်းထဲ
လာဝင်စားသာ ကုသိုလ်ဆိုးလွန်းလို့ပေါ့ ငှက်မက သူကိုယ်တိုင်တောင် သွားတိုက်သာ
မဟုတ်ဘူး ရေရယ်လို့ ချိုးသာ မဟုတ်ဘူး ဒါနဲ့ မေးရသယ် အခု ညည်းတွဲနေတဲ့
ရခိုင်လေးက ဘယ်ကတုံးဆိုတော့ မသိဘူးတဲ့ သည်လို တွေ့သာတဲ့ ဒါပေမယ့် ကောင်လေးက
သည်းညည်းများ ခံရှာပါသယ် ငှက်မလုပ်သမျှ ခံနေသာပဲ အမေ့ရှေ့ပဲမို့လား
ဆိုတော့ မဟုတ်ဖူးတဲ့ သမီးကို တော်တော် ချစ်ရှာသာတဲ့ ပြောသာပဲ
ချစ်ပြီးသားပဲအေလို့ ပြောလိုက်သယ် ... ကောင်လေးက ဘယ်မှာ လုပ်တာလဲဆိုတော့
ပွဲရုံမှာ လုပ်သာတဲ့ ... ပိုက်ဆံတော့ ရသတဲ့ ပြောရဦးမယ် ရယ်လဲ ရယ်ရရဲ့
ကိုတင်အောင် သေတော့ အလောင်း မြေကျဖို့ ခက်နေရောအေ့ ငါ့အမေလဲ ပိုက်ဆံ
ဘယ်ရှိမှာတုံး ... အလတ်မက ပြေလည်တယ် ဆိုပေမယ့် သူ့လင်က တပြားထွက်သာ
မဟုတ်ဖူး ... ငွေလေးနှစ်ရာလား ဖြစ်ဖြစ်မြည် ထုတ်ပေးသာ ... ဒါကြောင့် အမေက
ငှက်မကို ပြောရသယ် ... ငါ့လင် ကိုတင်အောင် ဘယ်ကဘယ်လို ရောက်လာမှန်း မသိတာ
သေတော့ ညည်းလင် ဘယ်ကဘယ်လို ရောက်လာမှန်း မသိတဲ့ကောင်က သင်္ဂြိုဟ် ပါရောလားအေ
... လို့ ကိုင်း ... မထူးဆန်းဘူးလား မရယ်ရဘူးလား ... လူ့ဘဝများ ပြောပါသယ်
... လူ့ဘဝက တို့ဇာတ်ထုပ်ဇာတ်လမ်း လုပ်ကြံထားတာထက်တောင် ဆန်းသေးဟဲ့ ...
ဟိုကောင်မ လာစမ်း ဇက်ကြောလေး တစ်ချက်ဖိစမ်း ...
ကိုတင်အောင် သေလို့
ကိုမှန်ပြောင်းနဲ့ ညားတော့ ဘယ် ... အမေပဲ ကြီးလှပြီ ... ဏှာထပြီးယူသာ
မဟုတ်ပါဘူးအေ ... အားကိုးရမလားလို့ ယူသာပါ ... ခွက်ကျန် လက်ကျန်
သားအငယ်ကောင် ရသယ် ... ကျော်အောင်တဲ့ အမေကြိုက်တဲ့ မင်းသား
ရွှေမန်းကျော်အောင်ကြီး နာမည် ယူမှည့်ထားသာ ... ကိုမှန်ပြောင်းကလဲ သေခါနီး
ပိုက်ဆံပေး အလောင်းဝယ်လိုက် ရသလိုပါပဲအေ ... အမေ့အမေ ပြောသလို ညည်းက
လင်ကံကောင်းမှာ မဟုတ်ဖူးတဲ့ မျက်ရည်ခံမှည့် ပါလို့တဲ့ ဟုတ်များတောင် နေသလား
မသိပေါင်အေ ကျော်အောင်လေး မွေးပြီးလို့ ဘာကြာသေးတုံး သေသာ ... သည်ကောင်လဲ
မိန်းမရပြီ ... ဆင်းဆင်းရဲရဲထဲက ပါပဲ ... ယောက္ခမတွေနဲ့ နေသယ် တိုက်တွေ
ထုံးလိုက် သုတ်ရသာကလား အမြင့်တက်ရလို့ သားရယ် သားမယား ရှာကျွေးသာ
သက်စွန့်ဆံဖျားတော့ လုပ်မကျွေးပါနဲ့ ပြောထားရသယ် ... မရပါဘူး ...
သူ့မိန်းမကလဲ ငယ်သေးမို့လား ... ကျော်အောင်နဲ့ မညားခင်ကသာ ထမင်းနပ်မမှန်သာ
အခု ထုံးလေးသုတ်လို့ အဆင်ပြေကြတော့ ပိုက်ဆံအိပ် ချိုင်းကြားညှပ်ပြီး
ကတော်ပုံ ဖမ်းနေသေးကိုး ... မွေးထားတာက သမီးနှစ်ယောက် ဇာတ်ပိုးတော့
မပါဘူးထင်ပါရဲ့ ကောင်းပါတယ် မပါသာ ... ဇာတ်များတော့ သည်ဘဝ သည်မျှနဲ့
တော်ပါပြီ ဆိုသလိုပဲ ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်ခဲ့ပြီ ...
လင်တွေလဲ ရခဲ့ပြီ ... လင်ဆီကလဲ ဘာမှ မစားရပါဘူးအေ ... ရဲဘော်ဖြူနဲ့ ညားသယ်
အောင်မင်းရွှေနဲ့ ညားသယ် ကိုတင်အောင်နဲ့ ညားသယ် ဘာကျန်တုံး ဘာမှ မကျန်ဘူး
... ‘---’ ကျန်သယ် ... အဲသလို ပြောလိုက်ချင်သယ် ...
မြေဝိုင်းဇာတ်တွေ ကတုံးက သီချင်း ရှိသတဲ့ ... အမေတို့ ဆရာများ ဆိုပြဘူးသာ ...
“မင်းသမီး ထဘီပေါက် ...
တုတ်ကောက်ကြီးနဲ့ ချိတ်ကာဆွဲတော့ ...
ပွဲလုံးဆူလို့ ... ပွဲလုံးညံလို့ တဲ့...”
ယောက်ျားများက တို့မင်းသမီးတွေများ ထဘီပေါက်နေရင် တုတ်ကောက်ကြီးနဲ့
လှမ်းချိတ်ချင်သာ လှမ်းဆွဲချင်သာ ... သူတို့ကပြီးရင်ပြီးရော ... ငါတို့
မိန်းမတွေမှာသာ ပွဲလုံးဆူကျန်ရစ်သာ ... ပွဲလုံးညံကျန်ရစ်သာ မဟုတ်လား
အဲသာပြောချင်သာ ညည်းတို့ ထဘီမပေါက်စေနဲ့ တုတ်ကောက်က ချောင်းနေသာ ...
တုတ်ကောက်က ချောင်းနေသာ ... ဟဲ့ ... ဘယ်သူ ခါးတို့နေသာတုံး ယားတတ်တယ်ဟဲ့
... ဟဲ့ စိန်နဘော်လား ... ဟဲ့ သေချင်းဆိုး ... ဟဲ့ သေချင်းဆိုး... ဟဲ့
သေချင်းဆိုး ... ဟဲ့ သေချင်းဆိုး
-----------
နေဝင်းမြင့်
ချယ်ရီ၊ နိုဝင်ဘာ၊ ၁၉၉၅။
No comments:
Post a Comment