ကျွန်တော့်ကို သူတို့က ခေတ်နောက်ကျ သတဲ့။ ရှေးဆန် သတဲ့။ အောက် သတဲ့။
ထားပါ၊ ထားပါ၊ ကျွန်တော် သိပ်အငြင်းအခုံ လုပ်မနေချင်ပါဘူး။ အသက်ကလဲ ၆၀ နား
ကပ်နေပြီ မဟုတ်လား။ နောက် နှစ်နှစ် သုံးနှစ်လောက် ဆိုရင်ပဲ
ပင်စင်ယူရတော့မှာ။ သည်တော့ ကိုယ့်စိတ်က ဘယ်လောက်ပဲ ဖျတ်လတ်သေးတယ် ပြောပြော၊
အသက်က စကားပြောလာပြီ ဆိုတော့ ကျွန်တော် သူတို့ ကို ဘာမှ ပြန်လှန် ငြင်းခုံ
မနေတော့ပါဘူး။ လူကတော့ ကျန်းကျန်းမာမာ တောင့်တောင့်တင်းတင်း ပါပဲ။
တစ်ခါတလေ သွေးကလေး ဘာလေး နည်းနည်းပါးပါး တက်တာလောက်က လွဲလို့ ဘာမှ
မဖြစ်ပါဘူး။ အဲ သွေးတိုးတာကတော့ မတတ်နိုင်ဘူး။ ခေတ်ပေါ်ရောဂါ ပေကိုး။
အစားအသောက်ကလေး ဘာလေး နည်းနည်းပါးပါး ဆင်ခြင်ရတာပေါ့။
ကျွန်တော်
ကျောင်းသား ဘဝတုန်းက တင်းနစ်ရိုက်တယ်။ အလုပ်ရလို့ နယ်တွေကို အလုပ်နဲ့
ပြောင်းရတော့ ဂေါက်သီးရိုက်တယ်။ ရန်ကုန်ရုံးချုပ်ကို ရောက်တော့လဲ
ဂေါက်သီးကလေး ဘာလေး နည်းနည်းပါးပါး ရိုက်ဖြစ်တယ်။ ရုံးကားကလေး ဘာလေး ရတော့
ဂေါက်ကွင်းကို သွားနိုင်တယ်။ နောက် လခ ရှစ်ရာသမားတွေကို ကားထုတ်ရောင်းလို့
မာဇဒါ ဖင်မလီယာကလေး တစ်စင်း ရလိုက်တော့ ကိုယ့်ကားနဲ့ကိုယ် သွားရိုက်တယ်။
တနင်္ဂနွေနေ့ မနက်စာ စောစောစားပြီး တစ်နေ့လုံး သွားရိုက်၊ အပြန် ဘီယာကလေး
ဘာလေး နည်းနည်းပါးပါး စုပ်။ အိမ်ပြန် ထမင်းစား၊ သီချင်းကလေး ဘာလေး
နားထောင်။ အစည်းအဝေးတို့ ဘာတို့ မရှိတဲ့ ရက်၊ ဌာနဆိုင်ရာမှာ ကျွန်တော့်
အချိန်ဇယားက ပုံမှန်ပါပဲ။ အလုပ်များတဲ့ ရက်တွေမှာတော့ အချိန်ဇယားကို
ဖျက်ရသပေါ့။
ဒါပေမယ့် ကိုယ့်ကားနဲ့ကိုယ် ကြာကြာ မနေနိုင်ပါဘူး။
ရန်ကုန်လို မြို့ကြီးမှာ လခ ရှစ်ရာကျော်ကလေး ရတဲ့ ကျွန်တော့်လို
ကောင်မျိုးမှာ ဘယ်မှာ ကိုယ်ပိုင်ကားနဲ့ နေနိုင်ပါ့မလဲ။ သုံးနှစ်ကျော်တော့
ကျွန်တော့်ကားကို ရောင်းပစ်လိုက်တယ်။ ဂေါက်ကွင်းကို သိပ်မသွား
နိုင်တော့ဘူးပေါ့။ ဂေါက်ရိုက်တဲ့ တုတ်ကိုလဲ အိမ်မှာ ရှိုးနဲ့ ချိတ်မထား
နိုင်တော့ဘူးပေါ့။ ရောင်းပစ်လိုက် ရတာပေါ့။ သူတို့ စကားနဲ့ ပြောရရင်
ရှောဘရားသား လုပ်ရတာပေါ့။
မနက်ကျရင် ကျွန်တော် လမ်းလျှောက်တယ်။
အပြန် သတင်းစာ ဖတ်တယ်။ ရေမိုးချိုး ထမင်းစားတယ်။ ရုံးသွားတယ်။ တစ်ခါတလေမှာ
အပေါင်းအသင်းများ လုပ်ဖော်ကိုင်ဖက်များနဲ့ အပြင်ကို ထွက်ပြီး ထမင်းစားတယ်။
တနင်္ဂနွေနေ့ မနက်မှာ အိမ်က မိန်းမနဲ့ ရွှေတိဂုံကို သွားတယ်။ အသက်နည်းနည်း
ရလာလို့လား မသိဘူး။ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံး ဘာသာရေး
ကိုင်းရှိုင်း လာကြတယ်။ နေ့လယ်ကျရင် အိမ်မှာ မိသားစု စားစရာကလေး ဘာလေး
တစ်ခုခု လုပ်စားကြတယ်။ ဆွေမျိုး မိတ်သင်္ဂဟဆီတွေကို အလည်အပတ် သွားကြတယ်။
သုဝဏ္ဏမှာ ရှိတဲ့ ကျွန်တော့် အစ်ကိုတစ်ယောက် ဆီကိုရင်လဲ သွားတတ်တယ်။
တစ်ခါတလေမှာလဲ စမ်းချောင်းမှာ ရှိတဲ့ သူ့အဒေါ်များဆီ၊ တောင်ဥက္ကလာမှာ ရှိတဲ့
သူ့ အစ်မ ဝမ်းကွဲများဆီကို သွားတယ်။ သူတို့ကလဲ လာတတ်ကြပါတယ်။ မဆိုးပါဘူး။
ခုခေတ်မှာ မိဘနဲ့ သားသမီး၊ မောင်နဲ့ နှမသားချင်းနဲ့ ဆွေမျိုးတွေ အနေဝေး
အထိုင်ဝေးကြတော့ စိမ်းတတ်ကြလို့ မစိမ်းအောင် ကြင်ကြင်နာနာ ရှိအောင်
သွားလည်တဲ့ အကျင့်ကို တမင် လုပ်ထားရတယ်။ ဒါတောင် မှန်မှန် မသွားဖြစ်၊
မလာဖြစ် ကြပါဘူး။ နှစ်လမှ တစ်ခေါက်၊ သုံးလ တစ်ခေါက်လောက်ပဲ ရောက်ပါတယ်။
ရုံးအား ကျောင်းအားတဲ့ ရက်တွေမှာ လျှော်ရဖွပ်ရ၊ မီးပူတိုက်ရ ဗာဟီရတွေ လုပ်ရတယ် ဆိုတော့ တယ်ပြီး မအားကြပါဘူး။
ကျွန်တော့်အိမ်က ရန်ကင်းမှာ၊ တိုက်ခန်းကလေးက ခပ်ကျဉ်းကျဉ်း၊ အိပ်ခန်း
သုံးခန်းပါတဲ့ တိုက်ခန်းကို ရလိုက်တာ ကံကောင်းတယ်လို့ ဆိုရမှာပဲ။
တစ်အိမ်လုံးမှာ သားအမိ သားအဖ ခုနစ်ယောက် ရှိတယ်။ ကျွန်တော်တို့က တစ်ခန်း၊
သားသုံးယောက်က တစ်ခန်း၊ သမီးနှစ်ယောက်က တစ်ခန်း။ တော်ပါသေးရဲ့။
အကြီးဆုံးသားက ဘီအီး (ပက်ထရိုလီယန်) နဲ့ အောင်ပြီး အသစ်ဖွင့်တဲ့ ရေနံမြေ
တစ်ခုမှာ အလုပ်ရ သွားတယ်။ သူက ပြန်မထောက် နိုင်သေးပေမဲ့ လက်လွတ်သွားတော့
တော်သေးတာပေါ့။ သူ့အတွက် စရိတ် သက်သာသွားတယ်။ အိမ်မှာလဲ နေရာတော်တော်
ချောင်သွားတယ်။ သည်လောက် သက်သာရင် တော်ပါပြီ။ သူတို့ဆီက ဟာကို
မလိုချင်ပါဘူး။ အိုဗာဒိတ် ဖြစ်နေတဲ့ မော်တော်ကားများ လိုပေါ့။ ဝန်တစ်ခု
လျော့သွားတယ်ဆိုရင် မောင်းရတာ ပိုမြန်လာတာပေါ့။ အင်ဂျင် သက်သာတာပေါ့။
အိမ်မှာ လက်မလွှတ်ရတာ လေးယောက်ပဲ ကျန်တော့တာပေါ့။
ကျန်တဲ့
လေးယောက်ကလဲ အင်း အဆိုးကြီးတော့ မဟုတ်ဘူး။ သမီးနှစ်ယောက်နဲ့ သားနှစ်ယောက်
ကျန်တယ်။ သမီးအကြီးက အမ်စီဝမ်းမှာ၊ အဲ ခုတော့ အိုင်အမ်ဝမ်းလို့ ခေါ်တာပေါ့။
ဆေး (၁) ပေါ့။ သားအလတ်က တိမွေးကုမှာ။ သမီးအငယ်က ဇူးမှာ။ သူလဲ အမ်စီတို့
ဘာတို့ မရပေမယ့် မဆိုးပါဘူး။ ဂရိတ်ဖိုးလေး ဘာလေး ဝင်နိုင်ပါတယ်။ ဂရိတ်ဖိုး
ဝင်ရင် မာစတာလေး ဘာလေး တက်နိုင်တယ်။ ကံကောင်းရင် မွေးမြူရေး သင်တန်းလေး
ဘာလေး တက်ပြီး အလုပ်ကလေး ဘာလေး ရနိုင်ပါတယ်။
အဲ ခက်တာက
အငယ်ဆုံးကောင် ဇော်မော်ရယ်။ သည်ကောင် အခြေခံ ပညာရေး အထက်တန်းမှာ ကျတာ
သုံးခါရှိပြီ။ အငယ်ဆုံး ဆိုတော့ မအေက ချစ်လဲ ချစ်တယ်၊ အလိုလဲ လိုက်တယ်။
မအေတွင် မကပါဘူးလေ၊ အဖေလုပ်တဲ့ ကျွန်တော် ကိုယ်တိုင်ကလဲ
အလိုလိုက်တာပါပဲ။ချစ်တာကတော့ ဘယ်သားသမီးကိုမှ မပိုပါဘူး။ တစ်ခါတလေမှာ
တစ်ယောက်ယောက်ကို ပိုချစ်တဲ့စိတ် ပေါ်လာပေမယ့် တစ်ယောက် အပေါ်မှာ
အချစ်ပိုတာဟာ ဘယ်တရားမလဲလို့ ကိုယ့်ကိုယ်ကို ဆုံးမပြီး သားသမီးတွေ
ကြားထဲမှာ အချစ်ကို ညီတူမျှတူ ခွဲဝေပေးနိုင်အောင် အမြဲ ကြိုးစားပါတယ်။
သည်လို အတွေးနဲ့ အငယ်ကောင် ဇော်မော်ကို အကြီးတွေထက် ပိုပြီး
မချစ်ခဲ့သည့်တိုင် အလိုလိုက်ခဲ့တဲ့ အထဲမှာ ကျွန်တော်လဲ ပါတယ်။ အချစ်သာ
မပိုနိုင်ပေမယ့် အလိုလိုက်တာကတော့ ပိုတယ်။မတတ်နိုင်ဘူးလေ၊ အကြီးတွေတုန်းက
သူတို့ကို ချစ်မယ့် အဘိုးတွေ၊ အဘွားတွေ ရှိတယ်။ သူတို့ကို ယုယကြတယ်။
သူတို့ကို အလိုလိုက်မယ့် အဒေါ်တွေ ဦးလေးတွေ ရှိခဲ့တယ်။ သူတို့ လက်က
မချခဲ့ကြဘူး။ အခုတော့ နှစ်ဖက်စလုံးက အဘိုး အဘွားတွေလဲ မရှိတော့ဘူး။ အဒေါ်တွေ
ဦးလေးတွေ ဆိုတာလဲ အိမ်ထောင်တွေနဲ့ ဖြစ်ကုန်ကြလို့ သူများ သားသမီးကို
အလိုလိုက်ဖို့ မပြောနဲ့၊ ကိုယ့်သားသမီးတောင် အနိုင်နိုင်ရယ်။ ဒါကြောင့်
အငယ်ကောင် ဇော်မော်ကို ဖအေရော မအေရော ပိုပြီး အလိုလိုက် ခဲ့ကြတယ်။
သည်အကြောင်းကို အကြီးတွေကိုလဲ နားလည်အောင် ပြောပြရတယ်။ ဇော်မော်
ရှစ်တန်းရောက်တဲ့ နှစ်မှာ ကျွန်တော် ရာထူးတိုးပြီး ရန်ကုန် ပြောင်းရတယ်။
နယ်မှာ ကျယ်ကျယ်လွင့်လွင့် နေခဲ့ရတော့ ရန်ကင်းက တိုက်ခန်းကလေးတွေမှာ
နေရတာကို အားမရဘူး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ ကိုယ်က နယ်က၊ မိန်းမကလဲ နယ်က၊
ရန်ကုန်မှာ အခြေ မရှိဘူး၊ တိုက်ခန်းကျဉ်းပဲပေါ့။ သည်လောက် ရတာတောင်
ကံကောင်းလို့ ရတာ။
ရန်ကုန်ရောက်တော့ ဇော်မော်ကို ရန်ကုန်မှာ ရှိတဲ့
အကောင်းဆုံး ဆိုတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှ ထားတယ်။ ကျူရှင် ဆိုရင်လဲ
အရေးကြီးတဲ့ ဘာသာတွေ မှန်သမျှ ကျူရှင် ထားခဲ့တယ်။ အကြီးကောင်တွေ တုန်းက
ဘယ်မှာ ဒီလို ထားနိုင်လိမ့်မတုံး။ နယ်တွေမှာ ပြောင်းနေရတော့
နယ်ကျောင်းတွေမှာပဲ ထားခဲ့ရတယ်။ နယ်မှာ ဆိုတော့ ကျူရှင်တို့ ဘာတို့လဲ
ကောင်းကောင်း မရှိပါဘူး။ သူတို့ အထဲက ရန်ကုန် အထက်တန်း ကျောင်းကောင်းကို
မီတဲ့လူက မီလိုက်ပါရဲ့။ ဒါပေမယ့် တစ်နှစ် တစ်တန်းပဲ အောင်သွားကြတော့
သိပ်ပြီး ကိစ္စ မရှိလှဘူးပေါ့။
ရန်ကုန်ရောက်တော့ ဇော်မော် ရှိလှရင် ဆယ့်လေးနှစ် ကျော်ကျော်ပဲ ရှိဦးမယ်။
အကြီးကောင်တွေက ဘတ်စ်ကားနဲ့ ကျောင်းတက်တယ်။ တစ်ယောက်က ဆေးတစ်၊ တစ်ယောက်က ရာဇူး၊ တစ်ယောက်က တိမွေးကု။
သည်တွင် အငယ်ဆုံးကောင် ဇော်မော်ကို ဘယ်လို ကျောင်းပို့မလဲ ဆိုတဲ့ ပြဿနာ
ပေါ်လာတယ်။ အကြီးတွေက အထက်တန်း ပညာရေး ဆိုတော့ တစ်ခါတလေ တစ်နေ့လုံး
တစ်ချိန်မှ မရှိတဲ့ ရက်တွေ ရှိတယ်။ တစ်ခါတလေ တစ်နေကုန်လောက် တက်ရတယ်။
သည်တော့ သူတို့က အချိန်မမှန်ဘူး။ ဇော်မော်ရဲ့ ကျောင်းက အထက်တန်းကျောင်း။
နေ့ကျောင်း။ အချိန်မှန်ရမယ်။ မနက် ကိုးနာရီခွဲ တက်ပြီး ညနေ သုံးနာရီခွဲမှာ
ဆင်းတယ်။ ဒါကြောင့် သူ့ကို လမ်းကြုံသည့်တိုင် အစ်ကိုတွေ အစ်မတွေနဲ့
ထည့်လို့ မရဘူး။ ကျွန်တော်က ဘတ်စ်ကားနဲ့ပဲ တက်စေချင်တယ်။ ဒါပေမယ့် သူ့အမေက
သူ့သား အငယ်ဆုံးကလေးကို စိတ်မချဘူးတဲ့လေ။ ဘတ်စ်ကားတွေ ကလဲ သိပ်ကျပ်၊
ပြီးတော့ ခုခေတ် ကောင်လေးတွေကလဲ ဘတ်စ်ကားစီးရင် အပေါ်ရောက်အောင် မတက်ဘဲ
အပေါက်ဝမှာ ခြေတစ်ဖက် တွဲလောင်းနဲ့ စတန့်လုပ်ပြီး လိုက်ကြလွန်းလို့ သူ့သား
အငယ်ဆုံးကလေးကို ဘတ်စ်ကားနဲ့ မတက်စေချင်ဘူးတဲ့။ စိတ်မချဘူးတဲ့။ ပြီးတော့
ဘတ်စ်ကား စီးမယ်ဆိုရင် ကျောင်းရောက်အောင် ကားနှစ်ဆင့် စီးရမယ်တဲ့။
အချိန်လဲကုန်၊ ပိုက်ဆံလဲကုန်၊ လူလဲ ပင်ပန်းတယ်တဲ့။ ဒါကြောင့် ဖယ်ရီနဲ့
တက်တာ ကောင်းတယ်လို့ မိန်းမက ပြောတယ်။
ဟုတ်ပါတယ်။ ယုတ္တိ ရှိပါတယ်။
ဒါကြောင့် ကျွန်တော် သူ့အဆိုကို လက်ခံလိုက်တယ်။ သူ့အဆိုလို့ ပြောတာထက်
သူ့အစီအမံကို လက်ခံလိုက်တယ်လို့ ဆိုနိုင်ပါတယ်လေ။ ကျွန်တော် လက်မခံရင်လဲ
သူက သည်အတိုင်းပဲ လုပ်တော့မှာကိုး။
မဆိုးပါဘူး။ ကောင်းပါတယ်။
ဒါပေမယ့် ထမင်းဘူး ထည့်ရတယ်။ ကျောင်းကားက သူ့အလှည့်နဲ့ သူ၊ ကျွန်တော်တို့
အပိုင်းကို စောစောတစ်လှည့် နောက်ကျတစ်လှည့် ရောက်တယ်။ ပြန်ရင်လဲ
ကျွန်တော်တို့ ဘက်ကို စောစောတစ်လှည့် နောက်ကျတစ်လှည့် ပြန်တယ်။
တစ်ပတ်ကြီးကို လှည့်ခေါ်ရတော့ အသွားမှာ အမြဲစောတဲ့ လူကလဲ မကြိုက်ဘူး။
အပြန်မှာ အမြဲနောက်ကျ နေပြန်ရင်လဲ မကြိုက်ဘူး။ ဒါကြောင့် တစ်လှည့်စီ
လုပ်တာတဲ့။ သည်တော့ ကျွန်တော်တို့ တိုက်ရှေ့ကိုလဲ စောစော တစ်လှည့်
နောက်ကျတစ်လှည့် ရောက်တယ်။ နောက်ကျတဲ့နေ့ ဆိုရင် ကိစ္စမရှိဘူး။ စောစော
လာတဲ့နေ့ ဆိုရင် မအေကြီးမှာ စောစော ထမင်းထချက်ပြီး ထမင်းဘူး ထည့်ပေးရတယ်။
ဟင်းကိုတော့ မနေ့ညနေက ချက်ပြီးသားဖြစ်လို့ နွှေးလိုက်ရုံပါပဲ။ အင်း
ချက်ရမှာပေါ့။ ထမင်းဘူးလဲ ထည့်ပေး ရမှာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ သူ့ကြောင့်
ကျွန်တော်တို့ အိမ်က တချို့ အချိန်ဇယားကို ပြောင်းလိုက်ရတယ်။
မအေကြီးခမျာ ညနေကျရင် ဈေးပြေး၊ ပြန်လာ၊ ချက်ထား။ မနက်ကျတော့
ထမင်းလေးတစ်အိုး ထတည်ပြီး ထည့်ပေးလိုက်၊ ပင်တော့ ပင်ပန်းတယ်။ ဒါပေမယ့်
ကြာတော့လဲ အကျင့် ဖြစ်သွားတာပါပဲ။
သည်မှာ ထမင်းဘူးက နေပြီး
ပြဿနာတစ်ခု တက်လာတယ်။ ကျွန်တော့် အိမ်ထောင်က ဝမ်းအင်ကမ်း ဖင်မလီလို့ ခေါ်တဲ့
ဝင်ငွေ တစ်မျိုးတည်း ရှိတဲ့ အိမ်ထောင်။ လကုန်ခါနီးကျရင် နည်းနည်း
ရှားပါးလာတယ်။ ခန်းလာတယ်ပေါ့။ လကုန်ခါနီးလို့သာ ပြောရတာပါ။ ဆယ့်ငါးရက်
နောက်ပိုင်း ဆိုရင် နည်းနည်းခန်းစ ပြုလာပါပြီး ဟင်းညံ့လာတယ်။ ထမင်းဘူးထဲကို
ဆီပြန်ဟင်း မထည့်နိုင်တော့ဘူး။ ခက်တာက အငယ်ဆုံးကောင် ဇော်မော်ကလဲ အညာမှာ
မွေးခဲ့လို့လား မသိဘူး၊ ဆီဆိုရင် အလွန်ကြိုက်တယ်။ လဝက် ကျော်လာရင်
သူ့ထမင်းဘူးထဲကို ပဲပြုတ်ကြော်ကလေး တစ်လှည့်၊ ဘဲဥ ဟင်းကလေး တစ်လှည့်၊ အသား
ခပ်ပြောက်ပြောက်နဲ့ ကြော်ထားတဲ့ ဟင်းသီးဟင်းရွက် ကြော်ကလေး တစ်လှည့်၊
တစ်ခါတလေလဲ ပေါပေါလောလော ရတဲ့ ပင်လယ်ငါးကို မညှီအောင် မဆလာ များများနဲ့
ကုလားချက် ချက်ပြီး ထည့်ပေးတယ်။ သည်တော့ ကိုယ်တော်ချော ဇော်မော်ဆီက
ကွန်ပလိန်း တက်လာတယ်။
ကျောင်းမှာ သူငယ်ချင်းတွေ ထမင်းဘူး အတူတူ
ဖွင့်ပြီး ဝိုင်းထိုင် စားကြရင်၊ ဟင်းဆုံပြီး စားကြရင် သူ့ဟင်းက မျက်နှာငယ်
နေတယ်တဲ့။ ရယ်တယ်တဲ့။ ဒါကြောင့် ထမင်းဘူး မယူချင်တော့ဘူး ဆိုပြီး
ငြင်းလာတယ်။ ကျွန်တော် တတ်နိုင်သမျှ သူ့ကိုဆုံးမ အဲ ဆွေးနွေးပါတယ်။
ဒါပေမယ့် မရပါဘူး။ မနက်ခင်း အိမ်မှာတွင် ကျက်သမျှ၊ ရှိသမျှနဲ့ စားသွားတယ်။
နေ့လယ်ကျမှ သွားရည်စာကလေး ဘာလေး စားသတဲ့။ ဆာမှာပေါ့ကွာလို့ ကျွန်တော်က
ပြောတော့ ရပါတယ်တဲ့။ မဆာပါဘူးတဲ့။ မတတ်နိုင်ဘူးလေ။ သူ့ဆုံးဖြတ်ချက်နဲ့
သူကိုး။ အဲ ကျောင်းက ပြန်ရောက် လာရင်တော့ ရောက်ရောက်ချင်း ထမင်းကို
ဇလုံကြီးနဲ့ တစ်လုံး ကုန်အောင် စားပစ်လိုက်တာပဲ။ စားပြီး ဟိုနား သည် နား
လျှောက်လည်၊ ည ခုနစ်နာရီ ရှစ်နာရီလောက် ကျတော့ ဆာတယ်ဆိုပြီး တစ်ထပ်
ပြန်စားသေးတယ်။ သည်တော့ သူ တစ်နပ် ပိုစားသွားတာပေါ့။ ထားပါ။ ဒါလဲ ကျွန်တော်
မပြောပါဘူး။ မိဘဆိုတာ သားသမီးကို မကြည်ဖြူတဲ့ မိဘရယ်လို့ ဘယ်ရှိပါ့မလဲ။
စားပါစေ။
ကိုးတန်းရောက်တဲ့ နှစ်အစမှာ ဒီကောင် ဇော်မော် သူ့အမေကို
လွယ်အိတ် ဝယ်ပေးလို့ ပူဆာတယ်။ သူ့လွယ်အိတ်က အကောင်းကြီး ရှိသေးတယ်။
ကျွန်တော် ကချင်ပြည်နယ်က အပြန်မှာ ဝယ်လာတာ။ မနှစ်က သူ့ကို ထုတ်ပေးတယ်။
မနှစ်က ဆိုတာတောင် နှစ်ဦးက မဟုတ်ဘူး။ နှစ်ကုန် လို့ ဒီဇင်ဘာ
ကျောင်းပိတ်ခါနီးမှ ထုတ်ပေးထားတာ။ ခု ရှစ်တန်းအောင်လို့ ကိုးတန်းရောက်ပြီ၊
ဘာကြာလိုက်သလဲ။ ခြောက်လလောက်ပဲ ကိုင်လိုက်ရတယ်။ ဒီအထဲမှာ ကျောင်းပိတ်မှာ
မကိုင်တဲ့ ရက်တွေ နုတ်လိုက်ရင် သူ တကယ်ကိုင်တာ သုံးလလောက်ပဲ ရှိမယ်။
ဒါပေမယ့် ခု သည်ကချင် လွယ်အိတ်ကို မကိုင်ချင်ဘူးတဲ့။ ဂျင်း လွယ်အိတ်မှတဲ့။
ကျွန်တော်လဲ သူတို့ ပြောတဲ့ ဂျင်းလွယ်အိတ် ဆိုတာကို ဘာမှန်း မသိပါဘူး။
တစ်နေ့မှာ ကျွန်တော်တို့ တိုက်အောက်ထပ်က တစ်ခန်းခြားက ကောင်မလေး နှစ်ယောက်
ကိုင်သွားတာကို မြင်မှ သူ့အမေက ပြလို့ ဂျင်းလွယ်အိတ် ဆိုတာကို သိတာ။
လွယ်အိတ်ကလေးက လှပါရဲ့။ ကောင်မလေးတွေ နုနုရွရွကလေး ကိုင်ရင်တော့
အကိုင်ခံမှာပေါ့။ ဒါပေမယ့် ဒီကောင်တွေ ကိုင်လို့ကတော့ သည်ဂျင်းလွယ်အိတ်
ဘယ်လောက် ခံမှာတုံး၊ ဒါပေမယ့် ကျွန်တော် ဝယ်ပေးလိုက်ပါတယ်။ ကျွန်တော့်ဘက်က
ကျွန်တော် တစ်ယောက်တည်း ရှိတာကိုး။ သူ့ အမေက စပြီး အစ်မတွေရော၊ အစ်ကိုကပါ
သူ့ဘက်က ဆိုတော့ ကျွန်တော့်မှာ တစ်မဲတည်း ရှိတာကိုး။
သူ့အမေနဲ့
သူ့အစ်မတွေက “အဖေကြီးဟာ တော်တော် ခေတ်နောက်ကျတယ်၊ ခုခေတ် ကလေးတွေက ရှင်တို့
ခေတ်တုန်းကလို လွယ်အိတ် ထူလပျစ်ကြီးတွေ မကိုင်ချင်ဘူးရှင့်၊
ပေါ့ပေါ့ပါးပါး လှလှကလေးတွေ ကိုင်ချင်တာ” လို့ ပြောတယ်။
“ဖေဖေတို့ ကိုင်တဲ့ ကချင် လွယ်အိတ်တို့ ဘာတို့ ဆိုတာက ဘိုးတော်ဘုရား လက်ထက်က ကိုင်တာ” လို့ ပြောတယ်။
ကျွန်တော် ဘာမှ မပြောပါဘူး၊ အသာပဲ နေလိုက်ပါတယ်။
မကြာပါဘူး။
နောက် အဲသည်နှစ် သီတင်းကျွတ် ကျောင်းပြန်ဖွင့်ခါစ တစ်ရက်မှာ ကျွန်တော်
ရုံးက ပြန်လာတော့ ဧည့်ခန်းထဲမှာ အစ်မ နှစ်ယောက်ရယ်၊ မောင်အငယ် ဇော်မော်ရယ်
စကားများ နေကြသံကို လှေကားက တက်လာ ကတည်းက ကြားရတယ်။ ခါတိုင်းဆိုရင်
အမေကြီးရော၊ သမီးနှစ်ယောက်ကရော ကျွန်တော် ရုံးက ပြန်လာချိန် ဆိုရင်
အိမ်ရှေ့ ဝရန်တာကလေး ကနေ ထွက်ပြီး မျှော်နေကျ။ ကျွန်တော့်ကို
လှမ်းမြင်လိုက်တယ် ဆိုရင် အိမ်ရှေ့တံခါးကို ဖွင့်နေကျ။ သည်နေ့တော့ အိမ်ရှေ့
ဝရန်တာမှာ အမေကြီးကိုရော၊ သမီးတွေကိုရော မမြင်ရဘူး။ သမီးတွေက ကျောင်းက
ပြန်မလာကြသေးဘူး ထင်ရဲ့။ အမေကြီးကတော့ သား မနက်စာ စောစော စားသွားနိုင်အောင်
မီးဖိုထဲမှာ အလုပ်များနေဟန် တူပါရဲ့ လို့ ကျွန်တော် ထင်လိုက်မိတယ်။
ကျွန်တော့် အခန်းက နှစ်ထပ်မှာ။ ဒါနဲ့ ကျွန်တော် လှေကားကို ကွေ့တက်လာတယ်။
ကိုယ့်အခန်းရှေ့ ရောက်တော့ အခန်းထဲက ဆူဆူညံညံနဲ့ ပြောနေတဲ့ အသံတွေ
ကြားရတယ်။ ဇော်မော် အသံရယ်၊ အစ်မကြီး နှစ်ယောက်ရဲ့ အသံရယ်၊ အမေကြီး အသံရယ်။
ဘာတွေ ပြောနေကြမှန်းတော့ မသိဘူး။ အစ်မ နှစ်ယောက်က ဆူတယ်။ ဇော်မော်က
ပြန်အော်တယ်။ အမေကြီးကတော့ စိတ်မရှည်နိုင်တဲ့ အသံနဲ့ ညည်းတယ်။
ကျွန်တော် အော်ခေါ်တော့မှ တံခါးကို ဖွင့်ပေးလိုက်တယ်။ အထဲမှာ သူတို့ သားအမိ
လေးယောက် ဘာတွေ ဖြစ်နေကြမှန်းတော့ မသိဘူး။ ကျွန်တော်လဲ ရောက်လာရော အမေကြီးက
စောသားပဲ ဘာပဲနဲ့ လေပြေထိုးပြီး သမီး နှစ်ယောက်နဲ့ ဇော်မော်ကတော့ သူတို့
အခန်းကို သူတို့ ပြန်ဝင်သွားကြတယ်။ သူတို့ မျက်နှာတွေ ကြည့်လိုက်တော့
သိပ်မကောင်းလှဘူး။ ကျွန်တော်လဲ ဘာမှ မမေးပါဘူး။ သူတို့ကလဲ ကျွန်တော့်ကို
ဘာမှ မပြောဘူး။
နောက် တစ်ပတ်လောက် ကြာသွားတယ်။
တစ်ရက်မှာ
ကျွန်တော် ရုံးသွားခါနီး အိမ်ရှေ့မှာ အင်္ဂလိပ်ပိုင်း သတင်းကို
နားထောင်နေတယ်။ ဇော်မော်က ကျောင်းသွားမယ် ဆိုပြီး သူ့အခန်းက ထွက်လာတယ်။
သူ့ကို လှမ်းကြည့်လိုက်တော့ သူ့ပခုံးပေါ်မှာ ဂျင်းလွယ်အိတ်ကို
မတွေ့ရတော့ဘူး။ အဲသည်နေရာမှာ ဂျင်းလွယ်အိတ် လှလှကလေး အစား စစ်လွယ်အိတ်
ရောက်နေတယ်။
“ဟေ့ ဇော်မော် မင်း လွယ်အိတ်ကော”
“ရှိပါတယ်”
ကျောင်းကား လာနေလို့ သူနဲ့ ကျွန်တော် အမေးအဖြေ သိပ်လုပ်ချိန် မရလိုက်ဘူး။
ကျွန်တော်လဲ ရုံးကို ထွက်လာခဲ့တယ်။ ရုံးက ပြန်လာတော့မှ သူ့အမေက သူ့သား
ပူဆာလို့တဲ့၊ သံဈေးကို လိုက်ပြီး စစ်လွယ်အိတ် ဝယ်ပေးရတယ်တဲ့။ လေပြေကလေးနဲ့
ပြောတယ်။
တစ်အချက် ဂျင်းလွယ်အိတ် အကောင်းကြီး ရှိရဲ့သားနဲ့
စစ်လွယ်အိတ် ဝယ်ပေးတာ ကျွန်တော် မကြိုက်ဘူး။ ပိုက်ဆံ အပိုကုန်တယ်။
နှစ်အချက်က ခဏခဏ ပြောင်းတာကို ကျွန်တော် မကြိုက်ဘူး။ စောစောတုန်းက
ဂျင်းလွယ်အိတ်ကို လိုချင်လှချည့်ရဲ့ ဆိုပြီး ပူဆာလို့ ဝယ်ပေးတယ်။
ဝယ်ပေးတော့ ဟောင်းအောင်တောင် မကိုင်ဘူး။ ကျောင်းဖွင့်စက ဝယ်ပေးတယ်။
သီတင်းကျွတ် ကျောင်းပြန်ဖွင့်တော့ စစ်လွယ်အိတ် ပူဆာတယ်။
“အဖေကြီးကလဲ
ခက်တာပဲ။ ခုခေတ် ဂျင်းလွယ်အိတ် မဟုတ်တော့ဘူးရှင့်။ စစ်လွယ်အိတ်တွေ
ကိုင်ကြတယ်၊ ကြည့်ပါလား၊ ကောင်လေးတွေ ကောင်မလေးတွေ အားလုံး စစ်လွယ်အိတ်
ချည်းပဲ ကိုင်ကြတာ။ သူများ ကိုင်တော့လဲ ကိုင်ချင်တာပေါ့” တဲ့။
ကျွန်တော် သိပ် အငြင်းအခုံ မလုပ်တော့ပါဘူး။ လုပ်လို့လဲ ဘာထူးမှာလဲ။ လွယ်အိတ်က ဝယ်ပြီးနေပြီ။ ခါတိုင်းလိုပဲ အလျှော့ပေး လိုက်ပါတယ်။
တစ်ယောက်က ဂျင်းလွယ်အိတ် ဆိုရင် သူတို့ လိုက်ကိုင်ကြတယ်။ တစ်ယောက်က စစ်လွယ်အိတ် ဆိုရင် စစ်လွယ်အိတ် လိုက်ကိုင်ကြ ပြန်ရော။
ခု နောက်ဆုံး ကြည့်၊ စစ်လွယ်အိတ် မဟုတ်ပြန်ဘူး။ ကမ္ဘောဇတို့၊ ရာမညတို့ကို
ကိုင်ကြပြန်ပြီ။ စစ်လွယ်အိတ်ကတော့ ဗီရိုကြားထဲမှာ ပင်စင်ယူ သွားပြီ။
ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ ပြောရင် သူတို့က ကျွန်တော့်ကို ရှေးဆန်သလေး ခေတ်နောက်ကျသလေးနဲ့ ပြောကြဦးမှာ။
* * *
ဆယ်တန်းကို နှစ်နှစ် ကျပြီးတဲ့ အချိန်မှာ သည်ကောင် ဂစ်တာ တီးတယ်။
ဂစ်တာကို ကျွန်တော်လဲ ဝါသနာ ပါပါတယ်။ ကျွန်တော် ကျောင်းသားတုန်းက အခု
ဒဂုန်လို့ ခေါ်တဲ့ ဝယ်လင်တန် ကျောင်းဆောင်မှာ နေခဲ့တယ်။ ခု ရွှေဘိုလို့
ခေါ်တဲ့ နော့သ်ဟောမှာ နေခဲ့တယ်။ အများအားဖြင့် ကပြားတွေ၊ ကရင်တွေ နေကြတဲ့
ကျောင်းဆောင်တွေ၊ စပင်းနစ်ဂစ်တာလို့ ခေါ်တဲ့ ဂစ်တာကို အဲသည်တုန်း ကတည်းက
သူတို့တစ်တွေ တီးကြတယ်။ ကျွန်တော်လဲ ဝါသနာပါလို့ တီးတယ်။ တီးတော့
အင်္ဂလိပ်သီချင်း၊ အိုရို့စ်မာရီတို့၊ လာဖ့်မီတင်းဒါးတို့၊ မဟာရာဂျာတို့၊
ဘလူးစကိုင်းတို့၊ သရီးကွိုင်း အင်သဖောင်တင်တို့၊ ဂျူဒီတို့၊
ဒေါင်းအာဂျင်းတိုင်းဝေးတို့ စတဲ့ အဲသည်ခေတ်တုန်းက ခေတ်စားခဲ့တဲ့
အင်္ဂလိပ်သီချင်းတွေ။
အခန်းထဲတွင် မကပါဘူး။ ညလသာသာမှာ သီရိလို့ အခု
ခေါ်နေကြတဲ့ ဗင်တန်ဟော ရှေ့နား အုတ်တံတား လက်ရန်းပေါ်မှာ၊ ရေတမာပင်ရိပ်
အောက်မှာ၊ ယုဒသန် ဘုရားရှိခိုးကျောင်း အရိပ်မှာ၊ ဒါပေမယ့် ကျွန်တော်တို့
ဂစတာတီးတယ် ဆိုတာ ညမှာ၊ အမှောင်ရိပ်မှာ၊ လူရှင်းရာမှာ။
ဒါပေမယ့် ခု
ဇော်မော်တို့ ကျတော့ သည်လို မဟုတ်ဘူး။ နေ့လယ် ကြောင်တောင်ကြီး
လှေကားရင်းမှာ၊ သူများတိုက်ခန်း ခေါင်းရင်း ပြတင်းပေါက်နားမှာ
ပြောင်ပြောင်ပဲ။ တစ်ခါတလေမှာ လှေကားဝနား စုပြုံ ထိုင်တီးနေကြလို့
မောင်မင်းကြီးသားများကို မနည်း တောင်းပန် တိုးဝှေ့ပြီး အပေါ်ထပ်
တက်လာခဲ့ရတယ်။
သည်ကောင် ပူဆာလွန်းလို့တဲ့။ အမေက ပင်းမန်းနီးလို့
ခေါ်တဲ့ သူ့ဖို့ လိုလိုမယ်မယ် စုထားတဲ့ ငွေကလေးထဲက ဂစ်တာတစ်လက် ဝယ်ပေးတယ်။
တီးလိုက်တဲ့ ဂစ်တာ။ ကိုယ့်အိမ် လှေကားရင်းမှာလဲ မနေရ။ သူများတိုက်တန်း
လှေကားရင်းမှာလဲ နေ့ခင်း ကြောင်တောင်ကြီး တဒေါင်ဒေါင်နဲ့။
ကျွန်တော် ဇော်မော်ကို ဆုံးမ၊ အဲ ဆွေးနွေးပါတယ်။ ဂီတဟာ သူများကို
အနှောင့်အယှက် မဖြစ်ရဘူး။ နေ့ခင်း ကြောင်တောင်ကြီး သူများတိုက်
လှေကားရင်းမှာ တီးလို့ မကောင်းဘူး။ အင်္ဂလိပ်သီချင်း တီးရင် အင်္ဂလိပ်သီချင်း
ပီပီသသ တီးရမယ်။ ခု မင်းတို့ဟာ မြန်မာလဲ မဟုတ်၊ အင်္ဂလိပ်လဲ မဟုတ်တော့
မကောင်းဘူးလို့ ကျွန်တော် ပြောတယ်။ ဒါတင် မကဘူး။ ခေတ်ဟောင်းလို့ ခေါ်ကြတဲ့
စစ်မဖြစ်မီက အေဝမ်းက သီချင်းမျိုးတွေဟာ အင်္ဂလိပ်သံတွေ ပါတယ်။ သူတို့ကို
ကောင်းကောင်း ခေတ်မီမီ တီးကွက်တွေနဲ့ တီးရင် ကောင်းတယ်လို့ ပြောတော့
သူတို့က လက်မခံကြဘူး။
အဘိုးကြီးက သိပ်အောက်တာပဲတဲ့။ ကျွန်တော့် ကွယ်ရာမှာ ပြောတတ်တယ်။
အိမ်မှာ ကက်ဆက်ကလေး တစ်လုံး ဝယ်ထားတယ်။ ကျွန်တော်က သူတို့ စုံအောင်
နားထောင်ပါစေတော့ ဆိုပြီး သီချင်းကြီး အခွေတွေကို ဝယ်ပေးတယ်။ သူတို့
ကြိုက်တဲ့ စတီရီယိုတွေကိုလဲ ကောင်းနိုးရာ ရွေးပြီး ဝယ်ပေးတယ်။ ဒါတင်မကဘူး၊
မြန်မာစိတ် မပျောက်အောင်၊ မြန်မာ့ အနုပညာကို (ကြိုက်တာ မကြိုက်တာ အပထား)
အထိုက်အလျောက် နားလည်အောင် သိအောင် သူများပြောရင် ပါးစပ်ကြီး အဟောင်းသားနဲ့
နားထောင်ရတဲ့ အဖြစ်မျိုးကို မရောက်အောင် ဆိုင်းတို့၊ စန္ဒရားတို့နဲ့ တွဲတဲ့
ခေတ်ဟောင်းသီချင်း အခွေတွေ ဝယ်ပေးတယ်။ ဥပမာ နန်းတော်ရှေ့ရဲ့ သီချင်းမျိုး၊
ရွှေတိုင်ညွှန့်ရဲ့ သီချင်းမျိုး၊ အေဝမ်းဆရာညှာရဲ့ သီချင်းမျိုးတွေကို
ဝယ်ပေးတယ်။ ခေတ်ဟောင်းက အနောက်တိုင်း တေးသံပါတဲ့ သီချင်းမျိုးတွေကိုလဲ
ခုခေတ် ဆင်သီဆိုက်ဇာတို့ အော်ဂင်တို့၊ ဂစ်တာတို့နဲ့ ပြန်သွင်းထားတဲ့
တစ်သစ်ဆန်း အခွေမျိုးတွေကိုလဲ ကျွန်တော် ဝယ်ပေးတယ်။ ခု ခေတ်စားနေတဲ့
အနောက်တိုင်းက အက်ဘာတို့၊ ဒွန်နာဆန်းမားတို့၊ တီနာချားလ်တို့၊
ထရေစီဟွန်းတို့ စတဲ့ အင်္ဂလိပ် အခွေတွေကိုလဲ ကူးပေးတယ်။
ဒါပေမယ့် သူတို့ နားမထောင်ဘူး။
သူတို့ ကြိုက်တဲ့ စတီရီယို ဗိုလ်မကျ၊ မြန်မာလဲ မကတဲ့ စတီရီယိုကိုပဲ
နားထောင်တယ်။ ကျွန်တော်က အဲဒါတွေကို နားမထောင်ရဘူးလို့ မဆိုပါဘူး။
အဲဒါတွေကိုလဲ နားထောင်ပါ။ ကျွန်တော်တို့ မြန်မာသံတွေ၊ ခေတ်ဟောင်းတေးတွေ
ကိုလဲ နားထောင်ပါ။ ဒါမှ အားလုံးကို သိပြီးမှ ကြိုက်ရာကို ရွေးချယ်ပါ။အခု
သူတို့ဟာ မဟုတ်ဘူး၊ အားလုံးကို မသိဘဲနဲ့ တစ်ခုတည်း သိပြီး အဲသည်
တစ်ခုသာလျှင် ကောင်းပြီး ကျန်တာတွေက အလကားလို့ ထင်နေတယ်။
ကျွန်တော်က
မောင်ကိုကိုနဲ့ တင်တင်မြတို့ ရဲ့ ပန်းမြိုင်လယ်ကို ဖွင့်ပြပြီး တတ်သမျှ
မှတ်သမျှ အရသာ ခံပြတယ်။ လျှာထွက်လုမတတ် အဓိပ္ပါယ် ရှင်းပြတယ်။
သည်
တော့ ကျွန်တော့်သား ဇော်မော်က ဘာပြောတယ် ထင်သလဲ။ 'ဘာကြီးမှန်းလဲ မသိဘူး'
တဲ့။ ‘ပန်းမြိုင်လယ်၊ သာနယ်ဘွေ၊ မျှော်လေတိုင်း ပြာခြေဆိုင်း
ဝေမှိုင်းမြူမှုန်ခြယ်’ ဆိုတာ ဘာအဓိပ္ပါယ်လဲတဲ့။ မြန်မာစာတော့ မြန်မာစာပဲတဲ့။
ဒါပေမယ့် ဘာတွေမှန်း မသိဘူးတဲ့။ အမယ်လေး မောလိုက်တာ။
ကောင်းပြီ။
သည်လိုဆိုရင် ကျွန်တော် တစ်နည်း စမ်းကြည့်မယ် ဆိုပြီး ဘင်းကရော့စဘီ
ဆိုသွားတဲ့ ဘလူးစကိုင်းတို့၊ ဖရင့်ဆီနားထရာ ဆိုသွားတဲ့ သရီးလစ်တဲဝါ့စ်တို့၊
နတ်ကင်းကိုး ဆိုသွားတဲ့ ဘနားနား ဘုတ်ဆောင်းတို့၊ ကျွန်တော်တို့ ငယ်ငယ်က
တီးခဲ့ ဆိုခဲ့ကြတဲ့ အညည်းသီချင်းများ ဖြစ်တဲ့ စလိုးဘုတ်တူချိုင်းနားတို့ကို
ဖွင့်ပြတယ်။ သည်တော့ ကျွန်တော့် သားတော်မောင်က 'အဖေ့ သီချင်းတွေက ဝိတိုရိယ
ဘုရင်မကြီး ခေတ်က သီချင်းတွေဗျ၊ ခုခေတ်က ဒစ္စကိုခေတ်' တဲ့။
ကျွန်တော် မကြိုးစားတော့ပါဘူး။ အသာပဲ ကြည့်နေ လိုက်တော့တယ်။
ကျွန်တော့်သား ဇော်မော်ကတော့ သူတစ်ပါးအိမ် လှေကား ခြေရင်းမှာ နေ့ခင်းကြောင်တောင် ဂစ်တာတီးပြီး ဒစ္စကိုတွေကို သဘောကျမြဲပါပဲ။
* * *
ဆယ်တန်းကို တတိယ အကြိမ်မြောက် ကျပြီးတဲ့ နှစ်မှာ ဇော်မော်က ကျောင်း
မနေချင်တော့ဘူးလို့ ပြောလာတယ်။ ကျွန်တော့်ကိုတော့ တိုက်ရိုက်ပြောတာ
မဟုတ်ပါဘူး။ သူ့အမေကို ပြောတာပါ။ ကျွန်တော်ကတော့ နှစ်ခါ ကျပြီးကတည်းက
သူ့ကို ခပ်မှန်မှန် ခပ်တန်းတန်း နေပြလိုက်တယ်။
“နို့ သူက ကျောင်းမနေတော့ ဘာလုပ်မှာတဲ့လဲ”
“သင်္ဘော လိုက်ချင်တယ်လို့ ပြောနေတယ်၊ အဖေ လိုက်ပြော ပေးပါတဲ့”
“နေပါဦး၊ ကျုပ်က ဘယ်ကို လိုက်ပြော ပေးရမှာတုံး”
“သိဘူးလေ၊ ဆိုင်ရာကို နေမှာပေါ့”
ကျွန်တော့်မှာ ပြောချင်သည့် တိုင်အောင်လဲ သည်ကောင်ကို သင်္ဘောသား မလုပ်စေချင်ဘူး။
နိုင်ငံရပ်ခြားကို စွန့်စွန့်စားစား ထွက်လုပ်တယ် ဆိုတာ ကောင်းပါတယ်။
ဒေသန္တရ၊ ဘာသန္တရာ ဗဟုသုတတွေ ရပါတယ်။ ငွေနဲ့ ဝယ်ယူလို့ မရနိုင်တဲ့
အတွေ့အကြုံတွေလဲ ရပါတယ်။ သည်ထက် ကြီးကြီးကျယ်ကျယ် ပြောရရင် အပြင်ထွက်
အလုပ်လုပ်တဲ့ အတွက် ကိုယ့်တိုင်းပြည်မှာ နိုင်ငံခြားငွေ တိုးပါတယ်။
ကောင်းပါတယ်။
ဒါပေမယ့် သင်္ဘောသား ဖြစ်ပါပြီတဲ့။ တစ်ခေါက်
ထွက်ရပါပြီတဲ့။ ကားတစ်စီး ဝယ်ပြန်လာ ပါပြီတဲ့။ ပြီးတော့ ဘာလုပ်မလဲ။
နောက်တစ်ခါ သင်္ဘောသား ပြန်လိုက်ဦးမှာလား။ လိုက်တိုင်းကော ရမှာတဲ့လား။ မရရင်
ဘယ့်နှယ်လုပ်မလဲ။ ပညာက စကောစက၊ တချို့ လူငယ်တွေဟာ သူတို့ဘဝ အခြေအနေနဲ့
သူတို့ သင်္ဘော လိုက်သွားကြပေမဲ့ ကိုယ်က ကိုယ့်ဘဝ အခြေအနေနဲ့ကိုယ် လိုက်သင့်
မလိုက်သင့် မစဉ်းစားထိုက် ပေဘူးလား။ သူများ ဂစ်တာတီးလို့ လိုက်တီးတာ၊
သူများက ဂျင်းလွယ်အိတ် ကိုင်တာနဲ့ ကိုယ်က လိုက်ကိုင်တာ၊ သူများက
စစ်လွယ်အိတ် ကိုင်တာနဲ့ လိုက်ကိုင်တာက ကိစ္စ မရှိဘူး။ လွယ်အိတ်တစ်လုံး
ဆုံးရုံရယ်၊ သူများက ကိုယ့်အကြောင်းနဲ့ကိုယ် သင်္ဘောလိုက် သွားတာကို ကိုယ်က
ဖက်ရှင်လုပ်ပြီး လိုက်သွားလို့ ကောင်းပါ့မလား။
“မဖြစ်ပါဘူးကွာ၊ ငါ ခွင့်မပြုနိုင်ဘူး”
ကျွန်တော်က မအေကြီးကို ပြောလိုက်တယ်။
“စဉ်းစားပါဦးလေ၊ ခုလဲ လိုက်မှာမှ မဟုတ်သေးတာ၊ နောင်အခါ အခွင့်သင့်တော့မှ လိုက်မှာပါ”
“ဟင့်အင်း၊ မစဉ်းစားနိုင်ဘူး၊ ငါကတော့ ဆုံးဖြတ်ပြီးသားပဲ၊ ခွင့်မပြုနိုင်ဘူး၊ ပြောင်ပြောင်ပဲ ပြောလိုက်”
“အဖေကြီးကလဲ တယ်ပြီး ရှေးဆန်တာကိုး၊ သူများ သားသမီးတွေ၊ လူကုံထံ
သားသမီးတွေ လိုက် လိုက်နေတာပဲ၊ သူလဲ လိုက်ချင်မှာပေါ့၊ ပြီးတော့ ပြန်လာရင်
နိုင်ငံခြား ပစ္စည်းနဲ့၊ မော်တော်ကားနဲ့၊ ကိုယ့်လက်ထက် မစီးနိုင်ပေမယ့်
သားလက်ထက်ကျတော့ ကားစီး နိုင်တာပေါ့၊ ဇွတ်မလုပ်ပါနဲ့၊ တော်တော်ကြာ
စိတ်ဖောက်ပြီး ထင်ရာ လုပ်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ သားသမီးတွေ ပညာသင်ရတော့
ဒီကလဲ စီးရကောင်းစေ မအောက်မေ့ပါဘူး၊ သားတွေ သမီးတွေကလဲ ဒီလောက်
မတောင့်တပါဘူး၊ ခုတော့ သူတို့လို ငယ်ငယ်ရွယ်ရွယ်နဲ့ ရှာနိုင်တုန်းမှာ
သူတို့ဘာသာ ရတဲ့ အခွင့်အရေးကောင်းလေးကို သုံးပြီး ရှာချင်ကြတာပေါ့၊
ကိုယ့်လက်ထက်မှာ မစီးနိုင်လို့ ကိုယ့်သားသမီး လက်ထက်မှာ သူတို့နည်းနဲ့
သူတို့ စီးအောင် လုပ်နိုင်ရင် ခွင့်ပြု သင့်တာပေါ့”
သည်တစ်ခါတော့
ကျွန်တော် ချက်ကောင်းကို ထိသွားတယ်။ သူပြောချင်တာကို ဘာသာပြန် လိုက်ရင်
ရှင့်လက်ထက်မှာ စီးအောင် လုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ခု သားသမီးတွေက
သူတို့ အရည်အချင်းနဲ့ ကားစီးအောင် လုပ်နိုင်တယ် ဆိုရင် မပိတ်ပင်ပါနဲ့
ဆိုတဲ့ သဘောပေါ့။
ချက်ကောင်း ထိသွားတော့ ကျွန်တော် နည်းနည်း
အောင့်သွားတယ်။ ဒါပေမယ့် မအေကြီးက ပါးတယ်၊ ကျွန်တော့် ပျော့ကွက်ကို အသာကလေး
နင်းထားပြီးမှ ကျွန်တော် ခံသာအောင် စေ့စပ်ရေး လုပ်တယ်။
“ဪ ဒီကတော့
သားလေးကလဲ လိုက်ချင်၊ အဖေကြီးလဲ ပင်စင် ယူပြီးတော့ သက်သောင့်သက်သာ
နေစေချင်လို့ ပြောတာပါ၊ တစ်သက်လုံး ဒီက သားမယားကို ရုန်းကန်ရှာဖွေ
ကျွေးလာရပြီး ပင်စင် ယူတော့လဲ ဇိမ်ကလေးနဲ့ မှ မနေရဘူး ဆိုတော့ သနားလို့ပါ၊
ဒီကလဲ ဝင်ငွေ တစ်ပြားမှ ရအောင် မရှာတတ်၊ ပြီးတော့ သားလေး သင်္ဘောလိုက်မယ်
ပြောတာကလဲ ခု လောလောဆယ် ပြောတာ မဟုတ်သေးပါဘူး၊ ဆယ်တန်း အောင်ပြီးမှပါ၊
စာမေးပွဲက လိုပါသေးတယ်၊ လုပ်စရာရှိရင် လုပ်ထားနိုင်အောင်သာ ကြိုကြိုတင်တင်
ပြောထားတာပါ”
ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ အသာ ငြိမ်နေလိုက်ပါတယ်။ ကျွန်တော် တစ်ယောက်တည်းရယ်။ သူတို့က အများစုကိုး။
* * *
ဆယ်တန်း ဒုတိယအကြိမ် ဖြေပြီးတဲ့ နှစ်မှာ ဇော်မော် အပြင်က ကျူရှင်ကို
တက်တယ်။ ကျောင်းကြီးမှာ မရတော့ဘူးလေ။ သင်္ချာရယ်၊ ရူပရယ်၊ ဓာတုရယ်၊
အင်္ဂလိပ်စာရယ်။ ကျောင်းလေးကျောင်း ဆိုတော့ ကျောင်းလခ ချည်းပဲ တစ်လကို
ခြောက်ဆယ် ကျတယ်။ ကားခတို့၊ သွားရည်စာဖိုးတို့ နဲ့ ပေါင်းလိုက်ရင်
သူ့အတွက်ချည်း တစ်ရာ့ငါးဆယ်နဲ့ နှစ်ရာကြားမှာ ရှိတယ်။ တက်လိုက်ရတဲ့
ကျောင်းကလဲ အချိန် အမျိုးမျိုး။ မနက် အစောကြီး တက်ရတဲ့ကျောင်း၊ နေ့လယ်
တက်ရတဲ့ကျောင်း၊ ည တက်ရတဲ့ကျောင်း အမျိုးမျိုးပဲ။ မနက် ကျွန်တော်
လမ်းလျှောက်က ပြန်လာရင် သည်ကောင် မရှိတော့ဘူး။ ကျောင်းသွားပြီ။ တနင်္ဂနွေတို့
ဘာတို့ မှာ သားသမီးနဲ့ နေမယ် ကြံတယ်။ သည်ကောင် မရှိဘူး။ သွားရပြန်ပြီ
တစ်ကျောင်း။ ညနေ ကျွန်တော် ရုံးက ပြန်လာတယ်။ သည်ကောင်ကို မတွေ့ရဘူး၊
သွားရပြန်ပြီ နောက်တစ်ကျောင်း။
ကျောင်းက ပြန်လာရင်လဲ စားစရာရှိတာ
ခပ်သုတ်သုတ် စားပြီး ဂစ်တာလေးဆွဲ ဆင်းသွားတယ်။ အများအားဖြင့် ကျွန်တော်
အိပ်ချိန်လောက်မှ ပြန်လာတယ်။ ကျွန်တော်ကလဲ မနက်စောစော လမ်းလျှောက်တဲ့လူ
ဆိုတော့ ညဆယ်နာရီ ဒေါင်ခနဲ ထိုးရင် အိပ်တာပဲ။ ပြောလို့သာ ပြောရတယ်။
တစ်ပတ်နေလို့ သူနဲ့ ကျွန်တော် ဆယ်မိနစ် ပြည့်အောင် မျက်နှာချင်း
မဆိုင်ဖြစ်ဘူး။
ကျောင်းသွား ကျောင်းပြန် ကြည့်လိုက်ရင်လဲ ထီးတို့
ဘာတို့ မယူဘူး။ ကျွန်တော်က ကျွန်တော်ဆောင်းတဲ့ အကောင်းစား ဖဲထီးကို ပေးတယ်။
ထီးအရိုးရှည်ကြီးနဲ့ မို့လို့ မကိုင်ချင်ဘူးတဲ့။ အောက်တယ်တဲ့။ ပြီးတော့
ဘတ်စ်ကားပေါ်မှာ သည်ထီးကြီး ကန့်လန့် ကန့်လန့်နဲ့ ဟိုလူ ထိုးမိ၊
သည်လူထိုးမိနဲ့တဲ့။ ထီးကောက်ကြီးကို ပေးရပါမို့လား ဆိုပြီး ကျွန်တော့်ကို
သားကရော၊ သမီးတွေကရော၊ မိန်းမကရော ဝိုင်းရယ်ကြတယ်။ ဇော်မော်တို့ စကားနဲ့
ပြောရင် ဟားတယ်ပေါ့။
ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ ကျွန်တော်ကလဲ
ကျွန်တော်ပဲ။ သည်ခေတ်မှာ သည်လို ထီးကောက်ကို ဘယ်သူ ဆောင်းလို့လဲ။
ဆယ့်ကိုးရာစုနှစ် အကုန်လောက်က မွေးလာတဲ့ အဘိုးကြီး အဘွားကြီးတွေပဲ
ဆောင်းကြတော့တယ်။ ခု နှစ်ဆယ့်တစ်ရာစု ရောက်တော့မယ်။ ဟုတ်သားပဲ။
ဒါနဲ့ မောင်မင်းကြီးသားကို အော်တိုမက်တစ် ခေါက်ထီးတစ်လက် ဝယ်ပေး လိုက်ရတယ်။
သူက အော်တိုမက်တစ် ခေါက်ထီးနဲ့။ ကျွန်တော်က ထီးကောက်ကြီးနဲ့။
ဆယ်ရက် ဆယ့်ငါးရက်လောက်တော့ သည်ကောင် ထီးဆောင်းသေးတယ်။ ကျောင်းသွား
ကျောင်းပြန် အော်တိုမက်တစ် ခေါက်ထီးကလေး ကိုင်လို့။ လွယ်အိတ်ကလေးနဲ့။
ရန်ကုန် ကျောင်းသားဂိုက် အပြည့်။
ဒါပေမယ့် နောက်ရက်တွေကျတော့ သည်ကောင် ထီးဆောင်းတာ မတွေ့ရဘူး။ ဒါနဲ့ ကျွန်တော်က ထီးပျောက်သလား၊ ရှိသေးရဲ့လားလို့ မေးကြည့်တယ်။
“ရှိပါတယ်”
“ဒါဖြင့်ရင်လဲကွာ ဘာဖြစ်လို့ မဆောင်းသလဲ၊ မိုးနဲ့ လေနဲ့ နေထိုင်မကောင်း ဖြစ်မှဖြင့်”
“မဖြစ်ပါဘူး၊ ထီးကြီး ကိုင်ရတာ ရှုပ်လွန်းလို့ ”
“မရှုပ်ပါဘူးကွာ၊ ခေါက်ထီးပဲ၊ လက်မှာ ကိုင်ရင်ကိုင်၊ မကိုင်ချင်ရင်
လွယ်အိတ်ထဲ ထိုးထည့်ထားရုံပေါ့၊ မိုးရွာရင် ဘယ့်နှယ်လုပ်မလဲ၊ ရန်ကုန်မိုး
ဆိုတာ ရွာချင်တဲ့ အချိန် ရွာတာ”
“ရွာရင် တိုက်ဘေး တစ်နေရာရာ ခိုနေလိုက်ရုံပေါ့ အဖေရ၊ မိုးတိတ်တော့ ထွက်လာတာပေါ့”
“မိုးတိတ်အောင် ရပ်စောင့်နေရတော့ အချိန် ကုန်တာပေါ့ကွာ”
“ဟာ အဖေကလဲ ရန်ကုန်မိုး ဆိုတာ ရပ်ချင်တဲ့အချိန် ရပ်တာပဲဥစ္စာ”
အစတုန်းက ထီးကောက်ကြီး မဆောင်းချင်ဘူး ဆိုလို့ အော်တိုမက်တစ် ခေါက်ထီးကို
ဝယ်ပေးတယ်။ ဝယ်ပေးတော့လဲ လေးငါးဆယ်ရက်ပဲ ဆောင်းတယ်။ နောက်ကျတော့ မဆောင်း
ဘူး။ ရန်ကုန်မိုး ဆိုတာ သူ တိတ်ချင်တဲ့ အချိန် တိတ်တာပဲတဲ့။ ခုခေတ်
လူငယ်တွေက ထီးတို့ ဘာတို့ မဆောင်းကြဘူးတဲ့။ ကဲ သည်တော့ ကျွန်တော်
ဘာတတ်နိုင်ဦးမှာလဲ။ သူ့ကို ထီးဆောင်းရမယ် ဆိုပြီး အတင်း ရိုက်ခိုင်းလို့
ရတာမှတ်လို့။ ဒါပေမယ့် ကျွန်တော့်ကို အားနာလို့ ထင်ပါရဲ့၊
ကျွန်တော့်ရှေ့တွင် အိမ်ကထွက်ရင် ထီးယူတယ်။ ဒါပေမယ့် ကျွန်တော် မရှိရင်တော့
မိုးရွာထဲကို သည်အတိုင်းပဲ သွားတာပါပဲ။ ကျွန်တော်လဲ ဘာမှ မပြောတော့ပါဘူး။
* * *
သည် အတောအတွင်းမှာ ပြဿနာတစ်ရပ် နောက်ထပ် ပေါ်လာတယ်။ ကိစ္စက ဂျင်းဘောင်းဘီ ကိစ္စ။
သည်ကောင်မှာ လုံချည်တွေ ရှိတယ်။ ဟိုတုန်းက သူ့အမေက သူ့သား အငယ်ဆုံးလေးကို
ဖြူဖြူစင်စင် ရှိပါစေတော့ ဆိုပြီး လုံချည်အရောင် လှလှကလေးတွေ၊ အောက်ခံ
အဖြူပေါ်မှာ ခိုရောင်၊ အပြာရောင် အကွက်ကလေးတွေနဲ့ လုံချည် လှလှကလေးတွေကို
ဆင်တယ်။ ကိုယ်တော်ချောက မကြိုက်ဘူးတဲ့။ အောက်တယ်တဲ့။ ဒါနဲ့ သူ့ကို အနက်တွေ
ဝယ်ပေးရတယ်။ ကျွန်တော်ဖြင့် သည်အနက်ရောင်တွေကို ကြည့်လို့ မရဘူး။ ဒါပေမယ့်
သူကတော့ ကချင်လုံချည် အနက်တို့၊ ယောလုံချည် အနက်တို့ကို ကြိုက်တယ်။
ဒါတွေကမှ ခေတ်ဆန်တာတဲ့။ လူငယ်တွေ ခု ဒီလိုပဲ ဝတ်ကြတယ်တဲ့။ ဟုတ်ပါတယ်၊
ကျွန်တော်လဲ တွေ့နေသားပဲ။ ကျွန်တော်က သူ သည်လောက်တောင် အနက်တွေ ဘာတွေ
အရောင်မှိုင်းမှိုင်းတွေကို ကြိုက်လှတဲ့ကောင် ဆိုပြီး ကျွန်တော် မဝတ်ရသေးတဲ့
မြောက်ပြင်နှစ်နံစပ် ပိုးလုံချည် အပြာရင့်တို့၊ ကြေးနီရောင်တို့၊
ခိုပြာရောင်တို့ ကို ချပေးတယ်။ သည်တော့ သူက ဒါတွေကို မဝယ်ချင်ဘူးတဲ့၊
သည်ခေတ်မှာ ပိုးလုံချည်ကို မဝတ်ကြတော့ဘူးတဲ့။ ပိုးလုံချည် ဝတ်တဲ့လူဟာ
‘တိုက်ဂေါ’ ဆန်တယ်တဲ့။ အင်း ဒါလဲ ဟုတ်ပါတယ်။ ခုခေတ်ကို ကြည့်လိုက်ရင်
အင်းလျားလိပ် မင်္ဂလာဧည့်ခံပွဲ တွေမှာတောင် သတို့သားနဲ့ သတို့သမီးက လွဲရင်
လူငယ်တွေက ပိုးလုံချည်တို့ ဘာတို့ကို သိပ် မဝတ်ကြတော့ဘူး။
သည်တော့
ကျွန်တော်လဲ မပြောသာတော့ဘူးပေါ့။ သူ့ခေတ်နဲ့ သူကိုး၊ နောက်တော့ သည်ကောင်
ဘောင်းဘီ ပူဆာတယ်။ သူဝတ်ချင်တာက ပထမ ခေါင်းလောင်းဘောင်းဘီ၊ မအေကတော့
ချုပ်ပေးတာပေါ့။ ခေါင်းလောင်း ဘောင်းဘီကိုလဲ သူ ကြာကြာ မဝတ်လိုက်ပါဘူး၊
ခြောက်လလောက်ပါပဲ၊ ခါးပေါ်တင်တာ မြင်လိုက်တယ်။ နောက်တော့ ပူဆာလာ ပြန်တယ်။
ဂျင်းဘောင်းဘီတဲ့။ သူပြောမှ ကျွန်တော် ကြည့်မိတယ်။ ဟုတ်သားပဲ။ လူငယ်တွေ
ကြည့်လိုက်ရင် အပြာရောင် ဂျင်းဘောင်းဘီတွေနဲ့၊ ဒါပေမယ့် သူတို့ အပြာရောင်က
အရောင်လွင့် နေပြီ။ ဂျင်းဘောင်းဘီက အကြမ်းခံသတဲ့။ ဘယ်လိုပဲ ဝတ်ဝတ်
တော်တော်နဲ့ မစုတ်ဘူးတဲ့။ ဘယ်နေရာ သွားသွား ပွဲဝင်သတဲ့။ ကျောင်းသွားရင်လဲ
ရတယ်။ မြို့ထဲ သွားရင်လဲ ရတယ်။ နေရာ မရွေးဘူးတဲ့။ တကျည်ကျည် ပူဆာလွန်းတာနဲ့
နောက်ဆုံးတော့ ဂျင်းဘောင်းဘီ ဝယ်ပေးလိုက်တယ်။ ကျွန်တော့် မိတ်ဆွေတစ်ယောက်
ကျိုင်းတုံ သွားတာနဲ့ မှာလိုက်တာ။ အမျိုးက ဝမ်းနိုင်း တဲ့။
ဒါပေမယ့် ကိုယ်တော်ချောက သည်ဂျင်းဘောင်းဘီကို မကြိုက်ဘူးတဲ့။ ဒါက အညံ့စားကြီးတဲ့၊ ခဏလောက် ဝတ်လိုက်ရင် စုတ်ပြဲ သွားမှာတဲ့။
“
ဒါဖြင့် မင်းက ဘယ်လို ဂျင်းဘောင်းဘီမျိုးကို ကြိုက်သလဲ”
“ဟို ဟို လီဗီဂျင်းတို့၊ လီဗီ မရရင်လဲ ဂျီကျူတို့ ဘာတို့ပေါ့”
ဂျင်းဘောင်းဘီ တစ်ထည်ဟာ နည်းတဲ့တန်ဖိုး မဟုတ်ဘူး။ အညံ့စား ဆိုရင်
တစ်ရာ့ငါးဆယ်နဲ့ နှစ်ရာကြားမှာ ရှိတယ်။ အကောင်းစား သူပြောတဲ့ လီဗီတို့
ဘာတို့ဆိုရင် နှစ်ရာ့ငါးဆယ်နဲ့ သုံးရာကြားမှာ ရှိတယ်။
“ဂျင်းဘောင်းဘီပဲကွာ အကြမ်း ဝတ်တာပဲ၊ ဒီလောက်ဆိုရင် တော်လောက်ရောပေါ့”
“မဟုတ်ဘူး အဖေရ၊ ဒါက မြန်မာပြည်မှာ ချုပ်တာတွေ”
"မြန်မာပြည်မှာ ချုပ်တာမှန်း မင်း ဘယ်လိုလုပ်ပြီး သိသလဲ"
“ချုပ်ရိုးတို့ ဘာတို့ ချုပ်ပုံတို့ကို ကြည့်လိုက်ရင် သိတယ်။ လီဗီတို့ ဘာတို့ကမှ နိုင်ငံခြားက ချုပ်တာ”
“သည်မှာ ဇော်မော်၊ လီဗီဂျင်း ဆိုတာ အီတလီက ချုပ်တာ၊ ငါလဲ မမြင်ဖူးဘူး၊
အော်ရီဂျင်နယ်လို့ ပြောပြီး ယိုးဒယားတို့၊ ထိုင်ဝမ်တို့၊ ဟောင်ကောင်တို့မှာ
ချုပ်တာတွေ ပြည့်လို့ကွ၊ ဂျင်းဘောင်းဘီလို ဟာမျိုး မပြောနဲ့၊
ရိုးလက်စ်တို့၊ အိုမီဂါတို့ ဆိုတဲ့ နာရီတွေတောင် ဟောင်ကောင်နဲ့ ထိုင်ဝမ်က
အတုတွေ လုပ်ပြီး ထုတ်နေတာ၊ အော်ရီဂျင်နယ်ကို မင်းတို့လဲ မြင်ဖူးတာ
မဟုတ်ဘူး။ နိုင်ငံခြားက လာတဲ့ အတုတွေကို မင်းတို့က အော်ရီဂျင်နယ်
ထင်နေကြတာ။ နိုင်ငံခြားက လာရင် မင်းတို့ က အော်ရီဂျင်နယ်လို့ မင်းတို့ က
ထင်နေကြတာ။ နိုင်ငံခြားကလာရင် အစစ်လို့ ထင်နေကြတယ်။ နိုင်ငံခြားကလဲ အတု
လုပ်တာပဲကွ။ ငါတော့ မရွေးတတ်ဘူး။ မင်းဘာသာ မင်းရွေးတတ်ရင် မင်းအမေ လိုက်ဝယ်
ပေးလိမ့်မယ်”
ကျွန်တော် စိတ်တိုတို ရှိတာနဲ့ အော်ပစ်လိုက်တယ်။ သည်ကောင် ဘာမှ မပြောတော့ဘူး။
မကြာပါဘူး၊ သည်ကောင် ဂျင်းဘောင်းဘီ ဝယ်လာတယ်။ သူပြောတဲ့ လီဗီဂျင်း ပါပဲ။
မဆိုးပါဘူး၊ လှပါတယ်။ အပြာရောင်ကို လွင်လို့၊ အိတ်တွေ ဘာတွေမှာလဲ
ကြေးကြယ်သီးတွေ ဘာတွေနဲ့။ ကျွန်တော်လဲ ဘာမှ မပြောပါဘူး။ မေးကြည့်တော့
နှစ်ရာ့ရှစ်ဆယ်တဲ့။ ဒါတောင် သင်္ဘောသား တစ်ယောက်ဆီက တိုက်ရိုက် ဝယ်လာခဲ့လို့
ရတာတဲ့။ ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ သူကြိုက်ရင် ဝတ်ပေါ့။
ဒါပေမယ့် သည်ကောင် ဂျင်းဘောင်းဘီ ဝတ်တာက ခြေသလုံးကို လိပ်လိပ်ပြီး
တင်ထားတယ်။ ဒါကို ကျွန်တော် မကြိုက်ဘူး။ ဂျင်းဘောင်းဘီကို ခြေသလုံးမှာ
ဘာဖြစ်လို့ လိပ်ပြီး ဝတ်ရမှာလဲ။ ရန်ကုန် မြို့လယ်ကောင်ကြီးမှာ နေတာပဲ၊
ရွှံ့တော ဗွက်တောမှာ နေတာလဲ မဟုတ်၊ တောထဲ တောင်ထဲမှာ သွားနေရတာလဲ မဟုတ်။
ကတ္တရာစေး လမ်းမကြီးပေါ်မှာ လျှောက်သွားနေတာ။ ဘာဖြစ်လို့ ခြေသလုံးကို လိပ်တင်
ထားရတာလဲ။ လူမြင်လို့ မတော်ဘူး။
“မဟုတ်ဘူး အဖေရဲ့၊ ခုခေတ်
ကောင်လေးတွေက ဟိုဇာတ်ကားထဲက မင်းသားလို ဒီလိုပဲ ဂျင်းဘောင်းဘီကို
ခြေသလုံးမှာ လိပ်လိပ် ဝတ်ကြတယ်” လို့ သမီးအကြီးက ဝင်ပြောတယ်။
“ဘာဆိုင်သလဲ။ အဲဒီ ရုပ်ရှင်ကားမှာ အဲဒီ ဇာတ်လိုက် မင်းသားက
သူ့ဇာတ်လမ်းနဲ့သူ၊ သူ့စရိုက်နဲ့သူ လိုက်အောင် ဝတ်ထားတာ၊ အဲဒီ ဇာတ်ကားထဲမှာ
ဝတ်တာနဲ့ သူတို့ တစ်တွေက ဘာဖြစ်လို့ ဝတ်ရမှာလဲ။ ကြည့်လို့လဲ မကောင်းပါဘူး”
သမီး နှစ်ယောက်က မသိမသာ မျက်နှာကို မဲ့သွားကြတယ်။ မအေကြီးကတော့
“အဖေကြီးကလဲရှင်၊ နေရာတကာ လိုက်ပြော နေတာပဲ။ သူတို့ခေတ်နဲ့ သူတို့
ဘယ်လိုပဲ ဝတ်ဝတ် ဝတ်စမ်းပါစေ၊ ယောက်ျားကလေးတွေ ဒီလိုပဲ ဝတ်နေကြတာပဲဟာ၊
သူ့ခေတ်နဲ့သူ ကျတော့လဲ ကြည့်လို့ ဒီလောက် မဆိုးလှပါဘူး”
ကျွန်တော်
ဘာမှ မပြောတော့ပါဘူး။ အသာပဲ နေလိုက်တယ်။ ဆက်ပြီး ငြင်းခုံနေရင် ကျွန်တော်ဟာ
ရှေးဆန်တယ်၊ ခေတ်မမီဘူး၊ အောက်တယ်၊ ဘာညာနဲ့ ပြောကြဦးမှာကိုး။
တစ်လလောက် ကြာလို့ စနေနေ့ တစ်နေ့မှာ ကျွန်တော်က ရုံးက ပြန်လာတော့
ကျွန်တော်တို့ နေတဲ့ တိုက်ရှေ့ လှေကားရင်း ပန်းခြံကလေးနားမှာ ဇော်မော်ရယ်၊
သူငယ်ချင်း နှစ်ယောက် သုံးယောက်ရယ်၊ ဂျင်းဘောင်းဘီကလေးတွေ ကိုယ်စီကိုင်ပြီး
သဲတွေ ရွှံ့တွေနဲ့ ပွတ်နေကြတယ်။ အစတုန်းကတော့ ရုတ်တရက်တော့ လျှော်နေတယ်လို့
အောက်မေ့လိုက်မိတယ်။ မဟုတ်ဘူး ခင်ဗျ။ သည်နေရာက အဝတ်လျှော်တဲ့ နေရာလဲ
မဟုတ်ဘူး။ ပြီးတော့ ဂျင်းဘောင်းဘီကို အုတ်ခဲကျိုးကြီးတွေနဲ့ ပွတ်နေကြတယ်။
ကျွန်တော်လာတာ မြင်တော့ သည်ကောင်တွေ ရပ်သွားကြတယ်။ ကျွန်တော်လဲ သူတို့ကို
ဘာမှ မမေးပါဘူး။ အပေါ်ထပ်ကို တက်လာခဲ့တယ်။
“အမေကြီးရေ၊ မင်းသားတော့
အောက်ထပ်မှာ ဂျင်းဘောင်းဘီကို အုတ်ခဲတွေ၊ ရွှံ့တွေ၊ သဲတွေနဲ့ ပွတ်နေတယ်၊
ဘာလုပ်နေသလဲ မသိဘူး” လို့ ကျွန်တော်က ပြောတယ်။
“သူတို့ဘာသာ ဘာတွေ လုပ်ကြမှန်း မသိပါဘူး၊ လျှော်တာ နေမှာပေါ့”
“လျှော်တာ အုတ်ခဲတွေနဲ့ ပွတ်ရသလားကွ၊ ခုတော့ အုတ်ခဲတွေကို ချိုးပြီး အုတ်ခဲကျိုးက စောင်းတွေနဲ့ ဘောင်းဘီကို ပွတ်နေကြတယ်”
သည်တော့ အလတ်မက
“ဖိတ်ဒက်ဂျင်း ဖြစ်အောင် လုပ်တာတဲ့ ဖေဖေရေ့၊ ဂျင်းဘောင်းဘီကို
အသစ်စက်စက်ကြီး ဝတ်ရတာ တုံးသတဲ့၊ ဂျင်းဘောင်းဘီတို့၊ ဂျင်းဂျက်ကင်တို့
ဆိုတာ အရောင်လွင့်ပြီး နွမ်းနေမှ ကောင်းသတဲ့၊ ဒါမှ သဘာဝကျသတဲ့”
ဖြစ်မှ ဖြစ်ရလေ ဆိုပြီး ကိုယ့်ရင်ဘတ်ကို ဘုန်းခနဲ မထုမိအောင် မနည်း
ချုပ်တည်း လိုက်ရတယ်။ ကြည့်ပါဦးဗျာ။ သုံးရာနီးပါး ပေးရတဲ့ ဂျင်းဘောင်းဘီ
အသစ်စက်စက်ကြီးကို အရောင်လွင့်အောင် လုပ်သတဲ့။ ဟောင်းအောင် လုပ်သတဲ့။
ဒါပေမယ့် ကျွန်တော် ဘာမှ မပြောတော့ပါဘူး။ သွေးကလဲ နည်းနည်းတိုးတယ်
ထင်ပါရဲ့။ နေလို့ သိပ်မကောင်းဘူး။ စိတ်တိုတို ရှိတာနဲ့ အဲသည်နေ့ပိုင်းမှာ
ရွှေတိဂုံဘုရားသွား၊ အထက်ပစ္စယာ တက်ပြီး ပုတီးစိပ်နေတယ်။ ညဆယ်နာရီ ထိုးတော့မှ
ဘုရားပေါ်က ပြန်ဆင်းလာခဲ့တယ်။
* * *
သည်နှစ်လဲ ဇော်မော်
ဆယ်တန်းကျတယ်။ သူကတော့ ပျော်ပျော်ပါပဲ။ သင်္ဘော လိုက်တော့မယ်တဲ့။ လုပ်ပေါ့။
သူမှ ကျောင်းမနေချင်ဘူး ဆိုတော့ ကျွန်တော် ဘာတတ်နိုင်ဦးမှာလဲ။ သုံးခါ
ကျပြီးပြီ။ ကျူရှင်တွေ အလီလီပေးပြီး စာကြိုးစား ပါစေတော့ ဆိုပြီး
သူ့အကြိုက်ကို လိုက်ခဲ့တယ်။ ဂျင်းလွယ်အိတ်ဆို ဂျင်းလွယ်အိတ်၊
စစ်လွယ်အိတ်ဆို စစ်လွယ်အိတ်၊ အော်တိုမက်တစ် ခေါက်ထီးဆို ခေါက်ထီး၊
ဂျင်းဘောင်းဘီဆို ဂျင်းဘောင်းဘီ၊ စာကြိုးစားချင်စိတ် ရှိအောင်
လျှော့ပေးခဲ့တယ်။ သည်လောက် လျှော့ပေး နေပါလျက်နဲ့တောင် မအောင်တာ။ ဒီနှစ်
ဘယ့်နှယ်လုပ်ပြီး အောင်နိုင်တော့မှာလဲ။
ကျွန်တော့် မိတ်ဆွေတွေ
အဆင့်ဆင့်ကို ပြောပြီး ဆိုပြီးလို့ တော်တော် စိတ်အေး သွားရပြီ။
တစ်နည်းတော့လဲ ကောင်းပါတယ်လေ။ စာမသင်ချင်ဘဲ သည်လောက် သင်္ဘော
လိုက်ချင်တဲ့ကောင်၊ လိုက်ရမှ အေးမှာပါ။ လိုက်သွားရင် သူ့အတွက် ကျွန်တော်
တစ်ပူ အေးရပြီပေါ့။
သူ့ကိစ္စတွေ စီစဉ်ပြီး ကျွန်တော် နယ်ထွက်သွားတယ်။
နယ်မှာ ဆယ့်ငါးရက်လောက် ကြာပြီး ပြန်လာတယ်။ ခါတိုင်း ကျွန်တော် ပြန်လာတယ်
ဆိုရင် ကျွန်တော့် မိန်းမနဲ့ သမီးတွေက ကြိုနေကျ၊ ဝရန်တာက လှမ်းမြင်လိုက်တယ်
ဆိုရင် အောက်ကို ပြေးဆင်း လာကြပြီး အထုပ်ဆွဲတဲ့ လူက ဆွဲနဲ့ ကြိုနေကျ။
ကားက ကျွန်တော်တို့ တိုက်ခန်းရှေ့မှာ ထိုးရပ်လိုက်တယ်။ ဝရန်တာမှာ ဘယ်သူမှ
မတွေ့ရဘူး။ တံခါးတွေ ဖွင့်ထားပုံ ထောက်ရင်တော့ အိမ်မှာ လူရှိတာ သေချာတယ်။
အပြင်တို့ ဘာတို့ကို သွားကြဟန် မတူဘူး။ ကျွန်တော်လဲ ကိုယ့်လက်ဆွဲအိတ်ကလေး
ကိုယ်ဆွဲပြီး လှေကားကို တက်လာတယ်။ အခန်းရှေ့ ရောက်တော့လဲ အခန်းက ပိတ်လို့။
အထဲက ဆူဆူညံညံ ရယ်ရယ်မောမော စကားပြောနေတဲ့ အသံတွေကို ကြားလိုက်တယ်။
တံခါးကို ခေါက်ပြီး အော်ခေါ်တော့မှ မအေကြီးရော သမီးတွေရော ဝမ်းသာအားရ
ထွက်လာပြီး လက်ဆွဲအိတ်ကို ဆီးယူတဲ့ လူက ယူ၊ ဓာတ်ဘူးတို့ ဘာတို့၊
ထမင်းဘူးတို့ ထည့်လာတဲ့ ပလတ်စတစ်ခြင်းကို ဆွဲယူသူက ဆွဲယူ။ အားရဝမ်းသာ
အော်သူက အော်နဲ့ ဆူညံသွားတယ်။
အိမ်မှာ လူစုံတက်စုံပါပဲ။ မအေကြီးရယ်၊ သားအလတ်ရယ်၊ သားအငယ် ဇော်မော်ရယ်၊ သမီးနှစ်ယောက်ရယ် ထမင်းစားနေကြတယ်။
ဪ နေဦး။ သူတို့တွင် မကဘူး။ သေသေချာချာ ကြည့်တော့ ဧည့်သည် တစ်ယောက်လဲ
ပါသေးတယ်။ ဧည့်သည်ကို မြင်တော့မှ ကျွန်တော်လဲ ကိုယ်ရှိန်သတ်ပြီး
ကုလားထိုင်မှာ ဝင်ထိုင်လိုက်တယ်။
ဧည့်သည်က ကျွန်တော့် သမီးတွေရဲ့
သူငယ်ချင်း ထင်တာပဲ။ ကောင်မလေး အသက်က နှစ်ဆယ်လောက် ရှိပြီ။ သရီးစတက်နဲ့။
ယောက်ျားဝတ်လေ့ ရှိတဲ့ ရှပ်အင်္ကျီ လှလှကလေးကို အပြင် ထုတ်ဝတ်လို့။ အရပ်က
မြင့်မြင့်၊ ကိုယ်လုံးကိုယ်ပေါက် သွယ်သွယ်၊ အသားက ဝါဝါ၊ ချောချောကလေးရယ်။
ကျွန်တော်က ကောင်မလေးကို လှမ်းကြည့်လိုက်တယ်။ ကောင်မလေးကလဲ ကျွန်တော့်ကို
မော့ကြည့်လိုက်တယ်။ မျက်လုံးချင်း ဆုံလိုက်တဲ့ အခါကျတော့ သူ့မျက်နှာ
နုနုကလေး ပေါ်မှာ ပန်းနုရောင် လွှမ်းသွားပြီး မျက်လွှာကို ချလိုက်ရင်း
ခေါင်းငုံ့ပစ် လိုက်တယ်။
ဪ လူကြီးကို မြင်တော့ အနေရ ခက်ရှာတယ်
ထင်ပါရဲ့လို့ ကျွန်တော် ထင်လိုက်မိတယ်။ ကျွန်တော့် သမီးရဲ့ သူငယ်ချင်းတွေ
လာရင် ကျွန်တော်နဲ့ သိပ်မတွေ့ဖြစ်ကြပဲကိုး။
ခဏနေတော့ ခပ်သုတ်သုတ်
စားပြီး ဇော်မော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ အခန်းထဲကို ဝင်သွားတယ်။
မကြာပါဘူး၊ ဇော်မော်လဲ ယောင်တောင် ပေါင်တောင် လုပ်ပြီး အခန်းထဲကို
ဝင်သွားတယ်။ ကျွန်တော်နဲ့ သိပ်ပြီး မျက်နှာချင်း မဆိုင်ဘူး။
ဘယ့်နှယ်လဲ၊ ကျွန်တော့် သမီးတွေရဲ့ သူငယ်ချင်းဆိုရင် သမီးတွေ အခန်းထဲကို
ဝင်ရမယ်။ ခုတော့ မဟုတ်ဘူး။ ဇော်မော်တို့ အခန်းထဲကို ဝင်သွားတယ်။
သားအလတ်ကောင်က ကျွန်တော့်ကို ပြုံးစိပြုံးစိနဲ့ ကြည့်ပြီး
“အိမ်မှာ လူသစ်တိုးနေပြီ အဖေရေ၊ ကျွန်တော်တောင် မာလာတို့၊ သူဇာတို့ အခန်းထဲမှာ အိပ်နေရတယ်” လို့ အော်တယ်။
အမေကြီးက သားအလတ်ကောင်ကို မျက်စောင်းထိုး ကြည့်လိုက်တယ်။ ကျွန်တော် သိလိုက်ပါပြီ။
“ဘယ်ကလဲ”
မအေကြီးက လေသံကို အချိုနိုင်ဆုံး ချိုပြီးတော့
“အေးအေးဆေးဆေး ကျမှ ပြောမလို့ပါပဲ။ အဖေကြီး သွားတဲ့နေ့မှာ ကောင်မလေးက
အိမ်မပြန်ဘူး ဆိုပြီး လိုက်လာတာ၊ ဘိုင်စကုတ် ကြည့်တာ မှောင်သွားလို့တဲ့၊
မပြန်ရဲတော့ဘူးတဲ့၊ အိမ်ကို ဆယ့်တစ်နာရီ လောက်မှ ရောက်လာကြတယ်၊ ကိုယ့်မှာလဲ
သမီးတွေနဲ့ ဆိုတော့ သူများ သားသမီးကို သားချင်း သမီးချင်း စာနာမှ ဖြစ်မှာ
မဟုတ်လား၊ ကောင်မလေးက မဆိုးပါဘူး။ ဒေသနှစ်မှာ ဒုတိယနှစ်တဲ့။ အဖေက ( ) ဌာနက
ညွှန်မှူးတဲ့၊ ခုနှစ်မိုင်က၊ ကောင်မလေးနာမည်က ဂျူလိုင်တဲ့၊ ကဲ အဖေကြီး၊
ရေမိုးချိုးပြီး နားဦး၊ ခရီးပန်းဗလာမှာပေါ့။ ဪ ဝမ်းသာစရာ တစ်ခုလဲ
ပြောရဦးမယ်။ သင်္ဘောဆင်းဖို့ လက်မှတ်ရပြီ၊ (ဟိုက လေယာဉ်လက်မှတ်
ပို့လိုက်တယ်။) အဲဒါ သားက အခုမှ ချစ်စခင်စ ကြင်နာစ ဆိုတော့
နောက်တစ်ခေါက်ကျမှ လိုက်ပါရစေ မေမေရယ်၊ ဂျူလိုင်တို့ မိဘတွေနဲ့လဲ ဘာမှ
မပြောရသေးဘူး ဆိုလို့ ဖျက်ပစ်လိုက်တယ်၊ ဟုတ်သားပဲ၊ ကလေးမလေးကိုလဲ
ပြန်အပ်ရဦးမယ်၊ သူတို့ ကိစ္စကိုလဲ ပြီးအောင် စီစဉ်လိုက်ရဦးမယ်။ ဂျူလိုင့်
အဖေကလဲ ညွှန်မှူးပဲ အဖေကြီးရယ်၊ ကိစ္စပြီးသွားရင် သူ့သမက်ကို ဒီအတိုင်း
ကြည့်နေ မှာ မဟုတ်ပါဘူး၊ သူလဲ ကူလုပ်ပေးမှာပေါ့။ မဟုတ်ဘူးလား၊ ဟဲ့ သားနဲ့
ဂျူလိုင် လာဦး”
ဪ နာမည်က ဂျူလိုင် တဲ့လား။ ကျွန်တော် ဘာမှ
မပြောတော့ပါဘူး။ သက်ပြင်းကြီး တစ်ခုကို ရှိုက်ထုတ် ပစ်လိုက်တယ်။
ယောက်ျားလေးရှင် ဖြစ်တဲ့ ကျွန်တော်တောင် သည်လောက်ဖြစ်ရင် မိန်းကလေးရှင်
အနေနဲ့ ဘယ်လိုများ နေမလဲ။ ကျွန်တော် ကိုယ်ချင်းစာပါတယ်။
အပြင်ကို လှမ်းကြည့်လိုက်တယ်။ အိမ်ရှေ့ ဝရန်တာမှာ ဇော်မော် ဝတ်နေကျ အရောင်လွင့်နေတဲ့ လီဗီဂျင်းဘောင်းဘီကို မြင်ရတယ်။
လွယ်ပါတယ်။ ဘောင်းဘီဟောင်းရင် လွှင့်ပစ်လိုက်ရုံပေါ့။ ဒါပေမယ့်
ဘဝညစ်နွမ်းရင် လွှင့်ပစ်လို့ မရဘူး။ ကိုယ့်ယဉ်ကျေးမှုကို ညစ်ထေးအောင်
လုပ်မိရင် လွှင့်ပစ်လို့ မရဘူး။
ကျွန်တော့် မျက်လုံးတွေဟာ ဝရန်တာမှာ လှန်းထားတဲ့ ဂျင်းဘောင်းဘီဆီကို အလိုလို ရောက်သွားကြ ပြန်တယ်။
ဘောင်းဘီဟာ တော်တော် အရောင်လွင့်နေပြီ။ အနားတွေက ဖွာလို့။
------------
မြသန်းတင့်
စန္ဒာ၊ ဩဂုတ်၊ ၁၉၈၂။
No comments:
Post a Comment