Wednesday, 30 August 2017

မိုးကြယ်မို့လား

[ “မိုးကြယ်မို့လား” ဝတ္ထုတိုသည် အင်္ဂလိပ်ဘာသာပြန် ဖြစ်သော A Dangerous Wooing မှ မြန်မာပြန်ထားသော ဝတ္ထုတို ဖြစ်သည်။ ထိုဝတ္ထုတိုတွင် ကျောက်တောင် ထူထပ်သော နော်ဝေ ပင်လယ်ကမ်းခြေ၌ နေထိုင်ကြသည့် နော်ဝေ ကျေးတောသား တို့၏ သဘောတရပ်ကို ဖွဲ့ထားသည်။ ဖွဲ့ရာတွင် နော်ဝေ ကျေးတောသားတို့၏ လူကြမ်းစိတ်ကြမ်း သဘောကို၎င်း၊ လူရိုးလူဖြောင့် သဘောကို၎င်း၊ မရမနေ အားခဲတတ်သော ဇွဲသတ္တိ သဘောကို၎င်း၊ ချီးကျူးထားသည်ကို အကဲခတ်နိုင်သည်။ ]
အာစလောက်သည် ယခုအခါတွင် အပျိုဖြန်းကလေး ဖြစ်လာပြီ။
ထို့ကြောင့် အဖဖြစ်သူ နွတ်သည် အိမ်၌ အေးအေးဆေးဆေး နေရသည် ဟူ၍ မရှိ။ ညတိုင်းလိုလိုပင် မိမိ၏ အိမ်သို့ လူပျိုအလှည့် လာကြသော ရွာရှိ ကာလသား အချင်းချင်း ထိုးသံကြိတ်သံ ရန် ဖြစ်သံတို့ကို မကြာခဏ ကြားနေရသည်။ စနေနေ့ ညများတွင် ခါတိုင်းထက် ပို၍ ဆိုးသည်။ ထိုအခါ နွတ်သည် သမီးအပျိုဖြန်း အတွက် စိုးရိမ်မကင်း ဖြစ်သဖြင့် အနှစ်အသား ကောင်းသော တုတ်တချောင်းကို မိမိ၏ အိပ်ရာနားတွင် ထား၍ အိပ်ရသည်။
ရွာတွင် ထော်ရီဟု ခေါ်ကြသော လူပျိုပေါက် တဦးရှိသည်။ ထော်ရီသည် အာစလောက် ထံသို့ မကြာခဏ လူပျိုအလှည့် သွားလေ့ရှိကြောင်း၊ အာစလောက်ကလည်း ထော်ရီကိုသာ လက်ခံ စကားပြောလေ့ ရှိကြောင်း ရွာထဲ၌ သတင်းစကား ဖြစ်လေရာ အဖ ဖြစ်သူ နွတ်သည် သဘောမကျ ဖြစ်သည်။ “မင်းတို့က ဘာပြောပြော၊ ငါ မယုံဘူး။ ထော်ရီနဲ့ ငါ့သမီး စကားပြောတာကို ငါ တခါမှ မမြင်ဘူးဘူး” ဟု နွတ်က ပြန်ချေလေ့ ရှိသည်။ ထိုအခါ ရွာသားတို့သည် အချင်းချင်း လက်ကုတ်ကာ တိုးတိုးတိတ်တိတ် ကျိတ်၍ ရယ်ကြသည်။ “အဖိုးကြီးက ကောက်ရိုး တင်းကုတ်ထဲ ကိုမှ ဝင်မကြည့်ဘဲကိုကွ။ ဘာမြင်မှာလဲ” ဟု ဆိုကြလေသည်။
ဆောင်းကုန်၍ နွေပေါက်လာသော အခါ အာစလောက်တို့ မိသားစုသည် မိမိတို့၏ နွားအုပ်ကို မကာ၊ ရွာအနီးရှိ တောင်ခါးပန်း တနေရာသို့ ပြောင်း၍ ထိုနေရာတွင် အိမ်ငယ် ဆောက်၍ နေကြလေသည်။ တောင်ခါးပန်း တဖက်တွင် ဧရာမ ချောက်ကြီး ရှိသည်။ ချောက်ဖက်တွင် ကျောက်ထရံသည် အလွန် မြင့်မား မတ်စောက်လှသည်။
အာစလောက်တို့၏ အိမ်ငယ်မှ တောင်ခြေရှိ ရွာသို့ ၄င်း၊ တောင်ခြေရှိ ရွာမှ အာစလောက် တို့၏ အိမ်ငယ်သို့ ၄င်း တက်ရန် ဆင်းရန် လမ်းတလမ်းသာ ရှိသည်။ ထိုလမ်းသည် ရွာဘက်သို့ လျှောဆင်းသွား၍ ရွာစပ်သို့ ရောက်မှ ပြေသွားသည်။
နေ့လယ်နေ့ခင်း အချိန်များတွင် အပျိုဖြန်း အာစလောက်သည် အိမ်အနီးအနား၌ နွားကျောင်းရင်း သီးချင်း တကြော်ကြော် ဆိုတတ်သည် ဖြစ်ရာ မသံပေးနေ ဘိသကဲ့သို့ ဖြစ်သည်။ ထိုအခါ တောင်ခြေရင်းရှိ တောင်ယာ ပဲခင်းများ၌ အလုပ် လုပ်နေကြသော အကို ကာလသားများသည် ထို မသံကြောင့်၊ နေမထိ ထိုင်မထိ ဖြစ်ကြရရှာသည်။ ထို့ကြောင့် မိုးချုပ်၍ အလုပ်သိမ်းပြီး ကြသောအခါ ထို ကာလသားများသည် တောင်ခါးပန်းဆီသို့ သူ့ထက်ငါ အလုအယက် လူပျိုလှည့်တတ် ကြသည်။ သို့ရာတွင် အလုအယက်ပင် ပြေးဆင်းလာကြ ရတတ်သည်။ လူငယ်တဦးသည် အာစလောက်တို့၏ အိမ်အဝင်ဝ ဝင်းတံခါးမှ နေ၍ လူပျို အလှည့် လာသူတိုင်းကို နားရင်း တချက်စီ အုပ်လွှတ် တတ်သောကြောင့် ဖြစ်သည်။ ထိုမျှသာ မကသေး။ ထိုလူငယ်ကပင် “ရဲလျှင် တက်လာခဲ့ကြအုံးကွာ။ နောက်တခါ နှစ်ချက်စီ အုပ်လွှတ်မကွ” ဟုလည်း ကြိမ်းလွှတ် တတ်သေးသည်။
နားရင်း အအုပ်ခံရသော အကို ကာလသားတို့၏ အဆိုမှာ ဤရွာတွင် ဤမျှလောက် လက်သီးပြင်းသူ တယောက်သာ ရှိသည်။ ထိုသူသည် ထော်ရီသာ ဖြစ်ရမည်။ ထိုသို့လျှင် အကို ကာလသားတို့က ဆိုကြသည်။ ထို့ပြင် ထိုသူတို့သည် လယ်ရှင်များ၏ သားများ ဖြစ်ကြသဖြင့် သူရင်းငှား၏သား ထော်ရီက သူတို့ကို နှံလွှတ်သည်ကို ကျိတ်၍ ရှက်နေကြသည်။ ဤအကြောင်းကို အာစလောက်၏ အဖဖြစ်သူ နွတ် သိသောအခါ နွတ်ကလည်း “အင်း ... မင်းတို့ ရှက်မယ် ဆိုလျှင်လည်း ရှက်စရာပေါ့ကွာ ” ဟု နွတ်က ထုတ်မပြောသော်လည်း ထိုသို့ပင် တွေးမိလေသည်။ ကောင်းပြီ။ မင်းတို့က ထော်ရီကို မနှိမ်နိုင်လျှင် နွတ်နှင့် သူ့သားများ က ထော်ရီကို နှိမ်ပေးကြ လိမ့်မည်။ နွတ်သည် အသက်အရွယ် အိုမင်းပြီ ဖြစ်သော်လည်း တခါတရံ သူ့သား အကြီးဆုံးနှင့် နပန်းလုံး၍ ကစားလေ့ ရှိသည်။
နွတ်၏ အိမ်ဆီသို့ ရွာမှ တက်လာနိုင်သော လမ်းတလမ်းသာ ရှိသည်။ ထိုလမ်းသည် နွတ်၏အိမ် အဝင်ဝ ဝင်းတံခါး၌ ဆုံးသည်။ စနေနေ့ ညတညတွင် သူရင်းငှားသား ထော်ရီသည် အပျိုဖြန်း အာစလောက်နှင့် တွေ့ရန် နွတ်၏အိမ် အဝင်ဝ ဝင်းတံခါးသို့ ရောက်လာ၍ ခြေဖျားထောက်ကာ အိမ်ဝင်း အတွင်းသို့ မျှော်၍ ကြည့်သည်။ ထိုအခိုက် လူတယောက်သည် ရုတ်တရက် ပေါ်လာ၍ ထော်ရီ၏ မျက်နှာတူရူတွင် မားမားမတ်မတ် ရပ်လိုက်သည်။
“မင်းက ငါ့ကို ဘာလုပ်ချင်လို့လဲကွ” ဟု ဆိုကာ ထော်ရီသည် မားမားရပ်လာသူကို လက်သီးဖြင့် နှံလိုက်သည်။ မားမားရပ်လာသူ မြေ၌ လဲလေ၏။
“သိလိမ့်မပေါ့ကွာ” ဟုဆိုကာ နောက်တယောက် မားမားပေါ်လာ၍ ထော်ရီ၏ ဇက်ကို နောက်ကနေ၍ တချက် အုပ်လိုက်သည်။ ထိုသူသည် အခြားမဟုတ်။ မြေ၌ လဲနေသူ၏ အကို ဖြစ်သည်။
“ဟေ့ ... ငါပါ အုပ်မကွ” ဟု ဆိုကာ နောက်တယောက် ပေါ်လာ ပြန်သည်။ ထိုသူသည် အာစလောက်၏ ဖခင် နွတ် ဖြစ်၍ အခြားသူ နှစ်ယောက်သည် အာစလောက်၏ အကိုများ ဖြစ်ကြသည်။
ထော်ရီသည် နှစ်ယောက်နှင့် တယောက် ရင်ဆိုင် နေရလေပြီ။ သို့ရာတွင် ထော်ရီသည် မကြောက်၊ မရွံ့၊ မတွန့်၊ ပို၍ ရဲဝံ့လာသည်။ ထော်ရီသည် မိမိထံသို့ ပစ်သွင်းလိုက်သော လက်သီးများကို ဘယ်တိမ်း ညာယိမ်းကာ ရှောင်နိုင်သည်။ ထိုမျှသာ မကသေး၊ မိမိ၏ လက်သီးများကလည်း နွတ်တို့ သားအဖ၏ နားရင်းသို့ ဇယ်စက်သကဲ့သို့ တချက်ပြီး တချက် ရောက်ကြသည်။ နွတ်တို့ သားအဖ၏ လက်သီးများ သည်ကား ထော်ရီဆီသို့ ရောက်သွားကြပါ၏။ သို့ရာတွင် ရောက်သွားကြသော အခါတိုင်း လက်သီးကျရာ၌ ထော်ရီ မရှိသည်က များသည်။ ထော်ရီ၏ လက်သီးများကသာ နွတ်တို့ သားအဖ မထင်သော အရပ်မှ၊ ရုတ်ခြည်း ရောက်လာတတ်၍ နွတ်တို့ သားအဖ၏ နားရင်းကို နှံပြီးလျက်သား ဖြစ်ကြသည်။ သို့ရာတွင် နှစ်ယောက်နှင့် တယောက် ဖြစ်သဖြင့်၊ ကြာသော် ထော်ရီ မခံနိုင် ရှိလာသည်။ သွေးများပင် ယိုစီးလာသည်။
ထိုအခါ နွတ်က “တော်- တော်- တော်ပြီ။ ကောင်ကလေး နာလှပြီ” ဟု ပြော၍ သူ့သားကို တားသည်။ တဖန် ထော်ရီအား “ဟေ့ ကောင်လေး ... မင်း ... နောက် စနေနေ့ ညမှာ ငါ့အိမ်ကို လာရဲလျှင် လာခဲ့အုံး။ သိရဲ့လား။ မင်း လာရဲလို့ လာနိုင်လျှင် အာစလောက်ကို မင်း ယူတော့၊ ငါ ပေးစားမယ်။ သိရဲ့လား။ လာရဲလျှင် လာသေးတာပေါ့ကွာ” ဟု ပြောလွှတ်လိုက်သည်။
ထော်ရီသည် အတော် နာသွားသည်။ မိမိကိုယ်ကို မိမိ အနိုင်နိုင် သယ်ကာ မြေ၌ တွား၍ အိမ်ပြန်ရသည့် အထိ နာသွားသည်။ အိမ်သို့ ရောက်သည်နှင့် တပြိုင်နက်၊ အိပ်ရာသို့ ဝင်ရလေသည်။ နောက်တနေ့တွင် ညက သတ်ပွဲ အကြောင်းကို ရွာထဲ၌ တယောက် တပေါက် ပြောကြသည်။ “ဒါလောက်တောင် ဖြစ်လှတာ၊ ဒီကောင်ကလေးက ဘာဖြစ်လို့ သွားရတာလဲကွ” ဟု ကရုဏာဒေါသော ပြောကြသည်။ လူတိုင်းကပင် ပြောသည်။ မပြောသူ တယောက်တည်းသာ ရှိသည်။ ထိုသူသည် အပျိုဖြန်း အာစလောက် ဖြစ်သည်။ ထိုနေ့ညက အာစလောက်သည် ထော်ရီကို မျှော်သည်။ သို့ရာတွင် ဝင်းတံခါးဆီမှ ထိုးသံ ကြိတ်သံတို့ကို ကြားရသော အခါ ချုံးချ၍ ငိုရှာလေသည်။ ထော်ရီကို သူ မရလျှင် သူ သေရပါတော့မည်။ ထော်ရီ မရှိလျှင် သူ မနေလိုပါပြီ။
ထော်ရီသည် တနင်္ဂနွေနေ့ တနေ့လုံး အိပ်ရာမှ မထနိုင် ဖြစ်သည်။ တနင်္လာနေ့ ၌လည်း မထနိုင် ဖြစ်သည်။ အင်္ဂါနေ့ ရောက်လာသည်။ ကောင်းကင် တခွင်လုံး ကြည်လင်လှသည်။ ညက မိုးရွာထားသဖြင့် မိုးလင်းလာသော အခါ မြင်မြင်သမျှသည် စိမ်းလန်း စိုပြေလျက် ရှိသည်။ သစ်ရွက်စိမ်းနံ့ သင်းနေသည်။ သစ်ရွက်စိမ်းနံ့သည် ထော်ရီ၏ အိမ်ပြတင်းသို့ ရောက်သည်။ တဖန် အပျိုဖြန်း အာစလောက် နေသော တောင်ခါးပန်းဆီမှ နွားချူသံကို ကြားရပြန်သည်။ နွားချူသံနှင့်အတူ သီချင်းသံကိုလည်း ကြားရသည်။ ထော်ရီ အဆွေးကြီး ဆွေးလေသည်။ သူ့အမေကသာ ချော့မထားလျှင် ထော်ရီ ငိုမိမည် ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ ရောက်လာသည်။ ထော်ရီသည် အိပ်ရာထဲ၌ပင် နေရသေးသည်။ ကြာသပတေးနေ့ ရောက်လာသော အခါ၌လည်း သူထမှ ထနိုင်ပါ့မလားဟု ထော်ရီ ဒွိဟ ဖြစ်နေသေးသည်။ သို့ရာတွင် သောကြာနေ့တွင် ထော်ရီ ထနိုင်ပြီ။
“ဟေ့ ကောင်လေး ...၊ နောက် စနေနေ့မှာ လာရဲလျှင် လာခဲ့အုံး။ သိရဲ့လား။ မင်း လာရဲလို့ လာနိုင်လျှင် အာစလောက်ကို မင်း ယူတော့။ ငါ ပေးစားမယ် သိရဲ့လား။ လာရဲလျှင် လာသေးတာပေါ့ကွာ”
ထိုစကားတို့ကို ထော်ရီ မှတ်မိသည်။ ထော်ရီသည် မိမိ၏ အိမ်ပြတင်းမှ အာစလောက်၏ အိမ်ဆီသို့ မျှော်ကြည့်သည်။ “ ဒီတခါ သွားလျှင်တော့ ငါ အမှန် သေမှာဘဲ” ဟု ထော်ရီ တွေး၍၊ တွေနေသည်။ ဟုတ်သည်။ အာစလောက်တို့၏ အိမ်သို့ သွားသော လမ်းတလမ်းသာ ရှိသည်။ ထိုလမ်းအတိုင်း သွားလျှင် ထော်ရီသည် နွတ်တို့ သားအဖနှင့် ရင်ဆိုင်ရဦးမည် မုချ ဖြစ်သည်။ ထို့ကြောင့် ထော်ရီ တွေမည်ဆိုက တွေထိုက်လှပေသည်။
သို့ရာတွင် အစွမ်းအစ ရှိသူအဖို့မှာ လမ်းကို လမ်းအို လမ်းရိုးကို မလိုက်ဘဲ လမ်းသစ်ကို မရအရ ရှာမည် ဖြစ်သည်။ တောင်ခြေသို့ ဆင်း။ တောင်ခြေ ရောက်လျှင် ပင်လယ်ကမ်းသို့ ရောက်။ ထိုမှ လှေငယ် တစင်းဖြင့် ချောက်ဖက်ကို ကူး။ ချောက်ဖက်ကို ရောက်လျှင် ကျောက်ထရံကို တွယ်တက်၍ ချစ်သူ အပျိုဖြန်း အာစလောက် ဆီသို့ အရောက် သွားနိုင်သည်။ ဤနည်းအတိုင်း ကြိုးကြံလျှင် ထော်ရီသည် အာစလောက်နှင့် တွေ့ရမည် ဖြစ်သည်။
သို့ရာတွင် ကျောက်ထရံသည် မြင့်လှ၏။ စောက်လှ၏။ ထော်ရီ တွယ်တက် နိုင်ပါမည်လော။ တွယ်တက်ရင်း လက်ချော် ခြေချော် ဖြစ်လျှင် ထော်ရီသည် ချောက်ထဲသို့ ကျ၍ ထော်ရီ၏ အရိုးအသား ကျေမွသွား နိုင်သည်။
စနေနေ့ ရောက်လာပြီ။ ထော်ရီသည် ယာခင်း၌ တနေ့လုံး အလုပ် လုပ်လျက်နေသည်။ နေရောင်ခြည်သည် သစ်ရွက်စိမ်းများ ပေါ်တွင် အရောင် ကစားလျက် ရှိသည်။ အပျိုဖြန်း အာစလောက်၏ အိမ်ဆီမှ သာသာယာယာ ဖွဲ့ဖွဲ့နွဲ့နွဲ့ သီဆိုသော သီချင်းသံကို တခါတရံ ကြားရသည်။ ဤသို့ ဖြင့် နေစောင်းလာသည်။ မြူဆိုင်းလာသည်။ ထော်ရီသည် ယာခင်းမှ နေ၍ အာစလောက် ရှိရာသို့ မျှော်ကြည့်၏။ ထို့နောက် တွေနေ၏။ တွေနေရာမှ တောင်ခြေ ပင်လယ်ကမ်းဆီသို့ အပြေး ဆင်းသွား၏။ ပင်လယ်ကမ်းခြေ ရေဆိပ်တွင် လှေတစင်းကို ဖြုတ်၏။ ထို့နောက် ချောက်ဖက်ရှိ ကျောက်ထရံဆီသို့ လှော်သွားသည်။
နွားကျောင်းသမ အပျိုဖြန်း အာစလောက်သည် တောင်ခါးပန်း ဝန်းကျင်က နွားတို့ကို ပြန်သိမ်း၍ ခြံသွင်းပြီး ဖြစ်သဖြင့် အလုပ် လုပ်စရာ မရှိတော့ပြီ။ အာစလောက်လည်း ထော်ရီ ကဲ့သို့ပင် တွေနေ၏။ ညနေ နေစောင်းလျှင် သူ့ထံသို့ ထော်ရီ လာပါတော့မည်လော။ ထော်ရီ မလာလျှင် အခြား ကောင်ကလေးတွေ လာကြဦးမည် ဖြစ်သည်။ ထို့ကြောင့် အာစလောက်သည် မိမိ၏ ခွေးကို ခေါ်၍ အိမ်ပြင်သို့ ထွက်သွားသည်။ သူ ထွက်သွားသည်ကို သူ့အဖေ၊ သူ့အကိုများ မသိလိုက်ကြချေ။ အာစလောက်သည် ချောက်ဖက်က ကျောက်ထရံ ထိပ်ဆီသို့ သွား၍ ချောက်ကြီးကို ကြည့်ချင်လေသည်။ သို့ရာတွင် မြူဆိုင်းလျက် ရှိသော ချောက်ကြီးကို သူ မကြည့်ရဲလေ။ မတ်စောက် လွန်းသဖြင့် ခေါင်းနောက်၍ ရင်တုန်လှသည်။ ထို့ကြောင့် ပင်လယ်ပြင်ဆီသို့ လှမ်း၍ မျှော်ကြည့်နေသည်။ ပင်လယ်ပြင်သည် ငြိမ်သက်သည်။ မျက်စိတဆုံး ကျယ်ပြန့်လျက် ရှိသည်။ လွမ်းစရာ ကောင်းသည်။
အပျိုဖြန်း အာစလောက်သည် သီချင်း ဆိုချင်လာလေသည်။ ထို့ကြောင့် တိုးတိုးသက်သာ ဆိုကြည့်သည်။ ဆွဲဆွဲငင်ငင် ဆိုရသော သီချင်းကိုရွေး၍ လေးလေးတွဲ့တွဲ့ ဆိုသည်။ ထိုအခါ စိတ်သက်သာ သလိုလို ရှိသည်။ ထို့ကြောင့် နောက်တပုဒ် ထပ်၍ ဆိုပြန်သည်။ ထိုအကြိမ်တွင် ချောက်ထဲမှ လူ တယောက်ယောက်က အတုံ့အပြန် သီချင်းသံ ပေးနေသည်ဟု သူ့စိတ်ထဲမှာ ထင်လာသည်။ ထို့ကြောင့် အနီးရှိ သစ်ပင်ကို လှမ်းကိုင်၍ ချောက်ဆီသို့ ငုံ့ကြည့်သည်။ သို့ရာတွင် ဘာကိုမျှ မမြင်။ ထို့ကြောင့် ပြန်ထိုင်၍ သီချင်းဆိုမြဲ ဆိုနေပြန်သည်။
ဤတကြိမ်တွင် ချောက်ထဲက သီချင်းသံလိုလို အသံသည် ပိုမိုကျယ်လောင် လာသည်ဟု ထင်ရသည်။ ဧကန္တ၊ သီချင်းသံ ဖြစ်သည်။ လူ တယောက်ယောက် ချောက်ထဲတွင် ရှိနေရမည်။ အာစလောက်သည် ထိုသို့ တွေး၍ သစ်ပင်ကို လှမ်းကိုင်၍ ချောက်ဆီသို့ ငုံ့ကြည့်ပြန်သည်။
မြင်ရပြီ။ ကမ်းစပ်တွင် လှေတစင်း ဆိုက်ထားသည်ကို မြင်ရသည်။ မိမိ၏ နေရာ ကျောက်ထရံ ထိပ်မှနေ၍ ကြည့်သော် လှေကလေးသည် သေးတာလှသည်။ ခရုသာသာ လောက်သာ မြင်ရသည်။ တဖန် အာစလောက်သည် ချောက်ကို ငုံ့ကြည့်ပြန်သည်။ မြင်ရပြန်ပြီ။ ဦးထုပ်နီကလေးကို မြင်ရသည်။ ဦးထုပ်ရှင်သည် မတ်စောက်လှသော ကျောက်ထရံတွင် တွယ်ကာ၊ ကပ်ကာ တက်လာသည်ကို မြင်ရသည်။ မည်သူပေနည်း။ အာစလောက်သည် တွေ၍ ကြည့်နေသည်။ တဖန် ကိုင်ထားသော သစ်ပင်ကို လွှတ်ပြီးလျှင် နောက်ဆုတ်၍ တွေနေပြန်သည်။
ဘုရား ... ဘုရား ... မည်သူပေနည်း။ ထော်ရီလား။ အာစလောက် မတွေးဝံ့အောင် စိတ်ခြောက်ခြား လာသည်။ ကျောက်ထရံသည် မတ်စောက်လှ၏ တကား။ မြင့်မားလှ၏ တကား။ တဖန် အာစလောက်သည် ဝမ်းလျားမှောက်၍ ချောက်ဆီသို့ ငုံ့ကြည့်ပြန်သည်။ ငုံ့ကြည့်ရင်း ဆွဲမိဆွဲရာ ဆွဲလိုက်ရာ အနီးရှိ မြက်ဖုတ်တခုကို ဆွဲမိလျက်သား ဖြစ်လေသည်။ ထို့နောက် သူ့လက်မှ မြက်ဖုတ် လွတ်သွားမည်ကို စိုးရိမ်နေဘိသကဲ့သို့ ကျပ်ကျပ်တင်းတင်း ဆုပ်ထားမိလျက်သား ဖြစ်နေပြန်သည်။ ချောက်ကို ငုံ့ကြည့်ရင်း၊ လက်လွတ် မသွားပါစေနှင့်။ ခြေလွတ် မသွားပါစေနှင့်။ လက်ချော် မသွားပါစေနှင့်။ ခြေချော် မသွားပါစေနှင့်။ လက်မြဲပါစေ။ ခြေမြဲပါစေ။ အပျိုဖြန်း အာစလောက်သည် ထိုသို့လျှင် စိုးရိမ်လျက်၊ ဆုတောင်းလျက်၊ သောကဗျာပါ ကြီးလျက် ရှိရှာလေသည်။ ကြာသော် အာစလောက် ဆုပ်ထားသော မြက်ဖုတ်သည် မြေမှ ကျွတ်၍ အမြစ်ပါ ပြုတ်ထွက်သွားသည်။ ထို့ကြောင့် ထထိုင်ကာ မိမိ၏ လက်မှ ခွေးကလေးကို ဖက်ထားမိပြန်သည်။ မိမိ၏ လက်မှ ခွေးကလေး လွတ်သွားမည်ကို စိုးရိမ်နေဘိသကဲ့သို့ ဖက်ထားလေသည်။ ဘုရား ... ဘုရား ...၊ ကြာလှချေတကား။ တက်မှ တက်နိုင်ပါ့မလား။
ခွေးကလေးသည် အာစလောက်၏ လက်တွင်း၌ အငြိမ်မနေနိုင်။ အတင်းရုန်းကန်၍ ထွက်သည်။ ထို့နောက် ကျောက်ထရံထိပ်၌ စုံရပ်ကာ ချောက်ကို ငုံ့ကြည့်သည်။ ငုံ့ကြည့်ရင်း တဝုတ်ဝုတ် ဟောင်သည်။ ဟောင်ရင်း အမြီးကို နန့်သည်။ တဖန် အာစလောက် ဆီသို့ ပြေးလာ၍ တဝုတ်ဝုတ် ဟောင်ပြန်သည်။ လက်ဖြင့်လည်း အာစလောက်၏ ပေါင်ကို ပုတ်သည်။ တဖန် ကျောက်ထရံ ထိပ်ဆီသို့ ပြန်ပြေး၍ ချောက်ကို ငုံ့ကြည့်ပြန်သည်။ ကြည့်ရင်း တဝုတ်ဝုတ် ဟောင်သည်။ အမြီးကိုလည်း နန့်သည်။ ကျောက်ထရံထိပ်မှ ဦးထုပ်နီ ပေါ်လာပြီ။ ဟော ... သူ ပေါ်လာပြီ။ ပေါ်လာသည်နှင့် တပြိုင်နက် ထော်ရီသည် အာစလောက်၏ ရင်ခွင်သို့ ရောက်သွားသည်။
နွတ်သည် ထိုအကြောင်းကို သိသောအခါ “ဒီကောင်ကလေး တော်တယ်။ လူစွမ်းလူစ ရှိတယ်။ အာစလောက်ကို ရထိုက်တယ်။ ယူပါလေ” ဟု ဆိုလိုက်သတည်း။
(A Dangerous Wooing by B .Bjornson)
------
ဇော်ဂျီ

No comments:

Post a Comment