ဟိုတုန်းကလောက်တော့ မရှက်တတ်တော့ပါဘူး။
စောက ပြောလျှင် သူငယ်ချင်း မာမာဝေက ရယ်လေသည်။
စောတစ်ယောက် ဘယ်လောက် အရှက်အကြောက် ကြီးကြောင်း သူတို့ အသိဆုံးပဲ
မဟုတ်လား။ စော အရှက်လွန်ပြီး စောချစ်ခဲ့သော ကိုတင်စိုးနှင့် လွဲခဲ့ရတာလည်း
ဝေ အသိပင်။
စော စိတ်ထဲမှာ ကိုတင်စိုးကို ကျိတ်ပြီး
ချစ်နေလိမ့်မည်လို့ သူငယ်ချင်း အားလုံးက ယူဆပြီး သူတို့ နှစ်ယောက်စလုံးကို
ရှေ့မှာထားကာ စောမျက်နှာ မထားရဲအောင် နောက်ပြောင်ခဲ့ကြတာကြောင့်
အရှက်သည်းသော စော ကိုတင်စိုးကို ဘယ်လိုမှ လက်မခံနိုင်ဟု ဆိုခဲ့တာ ဝေ
ခုထိမမေ့သေး။
ခုတော့ စောသည် ကိုတင်စိုးနှင့် လွဲခဲ့ပြီးနောက် ဘယ်လို
ဖူးစာ ဆုံသွားသည်ဟု သူငယ်ချင်းများပင် တိတိပပ မသိလိုက်ရဘဲ အိမ်ထောင်ကျကာ
သမီး တစ်ယောက်ပင် ရနေလေပြီ။ စော၏ ရှက်သွေးလွှမ်းသော ပါးမို့ရဲရဲများကို မဝေက
အောက်မေ့ရင်း …
“မိစောရယ်၊ နင် မရှက်တတ်တော့တာ ငါသိပါတယ်”
“အိုး”
မဝေ သည်လို ပြောလိုက်မှ စောက ရှက်သွားရပြန်သည်။ စော မျက်လုံးကလေးများတွင် ငယ်မူငယ်သွေး အရိပ်တွေ ထင်လာပြီး …
“ကိုတင်စိုးကြီး တစ်ယောက်လည်း မိန်းမ ရသွားပြီတဲ့ ခင်ဗျာ”
မဝေက ဆက်လို့ စပြန်လျှင် စောသည် နှုတ်ခမ်း စူလိုက်ပြီး …
“သူ့ဘာသာသူ ရတာ ငါနဲ့ ဘာဆိုင်လဲ”
“ဆိုင်မဆိုင်တော့ မသိဘူးကွယ်၊ တို့ပစ်ကနစ်မှာ ရိုက်တဲ့ ပုံတွေတော့
ကိုတင်စိုးဆီမှာ တွေ့ခဲ့တာပဲ၊ နင်နဲ့ သူနဲ့ အနီးဆုံးလေ။ အဲဒီတုန်းကတောင်
မိန်းမက ငါးရှဥ့်ပြုံး ပြုံးနေတာပဲ”
စောသည် မခံချင်စိတ်ဖြင့်
ပြောလိုက်သော်လည်း ကိုတင်စိုးတစ်ယောက် ဘယ်လို မိန်းမမျိုးနှင့် ဖူးစာ
ဆုံသွားရသည် ဆိုတာကို သိတော့ သိချင်သားပင်။ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်မှာ
သူငယ်ချင်းတွေကြား၊ ပြန်ဆုံခဲ့ကြသော နေ့ကလေးကို ပြန်သတိရသည်။ ဘယ်ရောက်
နေတာလဲ၊ ဘာလဲထက် ပိုလို့ မပြောဖြစ်ခဲ့ကြ။ သည်တုန်းက စောလည်း
အိမ်ထောင်မကျသေး။ စောခင်ပွန်း ဖြစ်လာမည့် ကိုနှင်းအောင်နှင့်တောင် ဆုံစပဲ
ရှိသေးတယ်။
သည်တုန်းက ဘာပဲဖြစ်ဖြစ် စော ဝမ်းနည်းမိသည်။
သူငယ်ချင်းတွေက အရင်လို မစမနောက် ကြတော့ပါ။ ဣနြေ္ဒတွေ ကိုယ်စီနှင့် အလုပ်
အကြောင်းတွေပဲ ပြောနေကြသည်။ သူနှင့် ကိုတင်စိုး နှစ်ယောက်စလုံး
သူငယ်ချင်းကောင်း အဖြစ်၊ မိတ်ဆွေအဖြစ်ပါ ဆုံးရှုံးရသည်လို့ သူက ထင်သည်။
ချစ်သူလည်း ဖြစ်မလာ မိတ်ဆွေလည်း မဖြစ်နိုင်ကြပြီ။ သာမန် အသိအကျွမ်း ဘဝနှင့်
လမ်းခွဲကြရုံပဲလား၊ တစ်ယောက်ကို တစ်ယောက် နားလည်ဖို့ အခွင့်အရေးတွေ
ဆုံးပါးသွားတာက စော အရှက်တရားကြောင့်ပင်။
ကိုတင်စိုးက စောကို
ရင်ဖွင့်ပါ၏။ စောပန်ဖူးသည့် ကံ့ကော်ပန်းခြောက် ကလေးကို ( သူ ဘယ်လို
ရမှန်းမသိ ) သိမ်းဆည်းထားခဲ့တာ။ စောနောက်ကို အရိပ်လိုလိုက်တိုင်း
စောဒေါသဖြင့် တုံ့ပြန်ခြင်း ခံခဲ့ရတာ။ သူငယ်ချင်းတွေက ရှက်လို့
မူနေတာပါလို့ အပြောခံရမှာကြောက်တိုင်း ပိုမို အရှက်သည်းစွာဖြင့် သူ့အပေါ်
ခွင့်မလွှတ် နိုင်တတ်ခဲ့တာတွေ။ ခုမှ ဒါတွေကို ပြန်သတိရနေမိ ပြန်သည်။
လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတော့ စောလက်ဖျား ခြေဖျားလေးတွေ အေးစက်လို့ နေသည်။
စောက သူ့ကို တည့်တည့် မကြည့်ရဲ။ စောက မျက်လုံးချင်း ရင်မဆိုင်ရဲသေးပေမယ့်
ကိုတင်စိုးက ပကတိ သန့်စင်သော အကြည့်ဖြင့် ကြည့်နိုင်လေပြီ။ သည်အကြည့်ကို
စောနားလည်မိတော့ တစ်စုံတစ်ရာ ဆုံးရှုံးသွားသလို ခံစားခဲ့ရသည်။
“ခုတော့ သူ မိန်းမတောင် ရသွားလေပြီ”
ဘယ်လို မိန်းမမျိုးပါလိမ့်။
မဝေက စပ်စပ်စုစု ဘယ်အချိန် သူ့အိမ် ရောက်သွားပါလိမ့်။ မဝေကတော့
ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း။ သူတကာကို ကသိကအောက် ဖြစ်အောင်
လုပ်ရမှ ကျေနပ်လေ့ ရှိသူ။ ယောက်ျားလေး သူငယ်ချင်းတွေနဲ့လည်း စောလို မဟုတ်ဘဲ
ရင်းနှီးပွင့်လင်းသည်။ တစ်ခါတလေ သည်ကောင်တွေနှင့် နောက်ပြောင်ပြီး
သားပြောမယားပြော ပြောနေကြလျှင် နားထောင်ရသည့် စောတောင် နားရှက်ခဲ့ရသည်။
ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်လာကတည်းက သူ့အိမ်ကို မနေနိုင် မထိုင်နိုင်
ရောက်လာပြီး သတင်းပို့လေ့ ရှိသည့် မဝေကလွဲလို့ ဘယ်သူနှင့်မှ မဆုံဖြစ်။
စောသည် ယောက္ခမအိမ်မှာ နေရသူဖြစ်ရာ မဝေက အော်ကျယ်ဟစ်ကျယ် နောက်တိုင်း
အနားမှာ မယောင်မလည် လုပ်လေ့ရှိသည့် ယောက်မလေးတွေကို တွေ့ပြီး မျက်နှာမှာ
ပူရှိန်းသွားတတ်မြဲ။ မဝေကတော့ သူပြောချင်ရာ ပြောပြီးလျှင် “ဘာရှက်စရာ
ရှိလဲ၊ သဘာဝတရားတွေချည်းပဲဟာ” ဟု ပြောတတ်ပြန်သည်။
ရုံးပိတ်ရက်များမှာ သမီးနှင့် နေရသော စောသည် အိမ်မှုကိစ္စ တစ်ဖက်နှင့်
လူရောစိတ်ပါ ပင်ပန်းတတ်မြဲ။ သည်လို အခါမျိုးမှာတော့ သူငယ်ချင်း
မဝေကြောင့်ပင် စိတ်အနည်းငယ် ပေါ့ပါးသွားရတတ်သည်။
သမီးသည်
စာကျက်နေသော ယောက်မများအနား သွားရှုပ်မှာ၊ ချက်ပြုတ်နေသော ယောက္ခမနား
သွားရှုပ်မှာစိုး၍ အမြဲတဟဲ့ဟဲ့ လုပ်နေရမြဲ။ အိုးခွဲ ချက်ပြုတ်သဖြင့်
ထမင်းဟင်းချက်သည့် အလုပ်ကို ကိုနှင်းအောင်သာ မကူညီလျှင် ပြီးနိုင်မှာ
မဟုတ်ပေ။ လူပျိုဘဝက အမေ့မီးဖိုချောင်ကို ထမင်းစားဖို့ပင် မနည်းခေါ်မှ
ရောက်လာတတ်သော သားအတွက် ခုမှ အချိုးပြေနေပုံကိုကြည့်ကာ အမေက မျက်နှာ
ညိုချင်သည်။ ကိုနှင်းအောင် မရှိသည့် အခါမျိုးတွင် အိမ်ခန်းကျဉ်းကလေး ထဲမှာ
စောသည် သမီးကို တံခါးပိတ် ထားရတတ်မြဲ။ သမီးက အပြင်ထွက်ချင်၍ “ဘွားရေ …
ဘွားကြီးရေ …” နှင့် တတငိုတိုင်း စော စိတ်မောရမြဲ။ မဝေကတော့ သည်အပူတွေကို
သိပ်မသိပေ။
ဘာပဲဖြစ်ဖြစ် စိတ်ရှည်၍ သည်းခံတတ်သော ကိုနှင်းအောင်
တစ်ယောက်သာ သူ့အတွက်အဖော် ဖြစ်ကြောင်း စော နားလည်ပါ၏။ သူစိမ်းတစ်ရံဆံ
ဆန်လွန်းသော ယောက္ခမနှင့် ယောက်မတို့ အလယ်တွင် ကိုနှင်းအောင်သည်သာ သူ၏ ကန္တာရ
ရေကြည်အိုင်ကလေးပင်။ ကိုနှင်းအောင် ခရီးထွက်ရသော နေ့ရက်များသည် စောအတွက်
ခြောက်သွေ့လျက်။ အိမ်ခွဲဖို့လည်း မတတ်နိုင်သေးရာ သူ စိတ်ကျဉ်းကျပ်သော
သည်အိမ်မှာပင် တစ်မိုးပြီး တစ်မိုးခိုလျက် သမီးပင် သုံးနှစ်ကျော်လို့
မူကြို ရောက်ခဲ့ပြီ။
ကလေးကို သူတို့ စိတ်ဖျော်ဖြေမှု အတွက်သာ ခဏပန်း
ချစ်ပြတတ်သော သည်မိသားစု အလယ်တွင် စော၏ သမီးငယ်သည် လူဆိုးစာရင်း ဝင်ခဲ့သည်။
သမီးလေး၏ ကလေးဆန်ဆန် တီတီတာတာ ဆိုးနွဲ့ဟန်ကလေးများ ကိုပင် သည်းမခံချင်ကြ။
နားငြီးသည် ဆိုကာ ပုံကြီးချဲ့ ဆူကြပြန်တော့ စောနှင့် မကျေမလည်
ဖြစ်ရပြန်သည်။ ဧည့်ခန်းမှ ပစ္စည်းတွေ သမီးကြောင့် အနေအထား မတော်တဆ ပျက်သွားရ
ပြန်လျှင်လည်း မြည်တွန်တောက်တီး၍ မဆုံး။ စောသည် မဝေနှင့် တစ်လတစ်ခါ
ဈေးဝယ်လိုက်လျှင် ထိုအကြောင်းတွေကို မဝေအား ရင်ဖွင့်မိသည်။
“ကိုနှင်းအောင်ကို ဘာဖြစ်လို့ ယူခဲ့တာလဲ”
မဝေက အပြစ်တင်သလို ပြောစမြဲ။ တစ်ရုံးတည်းသားချင်း ဖြစ်ပြီး ဌာနခွဲချင်း
မတူသော ကိုနှင်းအောင်က သူ့ကို စိတ်ဝင်စားခဲ့တာတွေ ပြန်လည် မြင်ယောင်လာ၏။
စောအတွက် အမှတ်တရ ရှိခဲ့တာတွေ၊ စောကို အလိုလိုက်ခဲ့တာတွေ၊ ထားပါတော့။
သည်တုန်းက စော ဘာလို့ သည်အသိုင်းအဝိုင်းထဲ ဝင်ရမှာ မကြောက်ခဲ့ပါလိမ့်။
ကိုတင်စိုးကို ဆုံးရှုံးခဲ့လို့ပဲ ကိုနှင်းအောင် အချစ်ကို လက်ခံမိခဲ့
လေသလား။ မဟုတ်။ အစားထိုးသည့် သဘောမျိုး မဟုတ်။ တကယ် လှိုက်လှဲစွာ
ချစ်လာခဲ့တာ ဖြစ်ပြီး ဆုံးရှုံးရမှာ ကြောက်သည့် အချစ်မျိုးလည်း ဖြစ်သည်။
စော၏ ဘဝကို မဝေက စာနာနိုင်ပါ၏။ သို့သော် သူ့စိတ်ထဲမှာ သိပ်ကြီးတော့
လေးလေးနက်နက် မရှိလှ။ ဘာကြောင့်လည်း ဆိုတော့ ဒါတွေ အားလုံးသည် စော၏
ရွေးချယ်မှုပဲ မဟုတ်လား။ မဝေက စော၏ မျက်နှာစာပိုင်းကိုသာ နားလည်နိုင်လေသည်။
အိမ်ကလေး တစ်ဆောင်နှင့် ကိုယ့်မိသားစုလေး အေးအေးချမ်းချမ်း နေချင်သော
စောသည် ငယ်ငယ်ကလို အရှက်မသည်းတော့သလို ပိုပြီး သွက်သွက်လက်လက် ဖြစ်လာသည့်
ဘဝတစ်ပိုင်းကိုတော့ မဝေ မမြင်နိုင်။
စောသည် မြင်တတ်လာ၏။ လောဘ
ရှိလာ၏။ သူများအိတ် ဖောင်းလျှင် ကိုယ့်အိတ်ထဲလည်း ဝင်လာရမည် ဆိုသော
သူ့အပေါင်းအသင်းများ၏ ဩဝါဒကို ခံယူသူ ဖြစ်လို့နေ၏။ ထိုအခါမျိုးတွင် ရှက်သော
စောသည် မရှက်တော့ပြန်။ သူ့အတွက် ဝေစုမရသဖြင့် ဒေါသကြီးတတ်သော စော၊ နယ်မှ
ရောက်လာသူတွေဆီက ဘာလက်ဆောင် ရမလဲ မျှော်လင့်တတ်သော စော ဖြစ်လာပြီ။ စော
လိပ်ပြာက စောကို ရှက်စေသည့် အခါမျိုး။ ဒါကလည်း စိတ်ငြိမ်ရာ ညချမ်းမျိုး
(ဖြစ်တောင့်ဖြစ်ခဲ) သည်အချိန်မျိုးက လွဲလို့ စောသည် ဝိညာဉ်သစ်
လိပ်ပြာသစ်နှင့်စော ဖြစ်လို့နေ၏။
စောသည် မျှော်လင့်ချက် တစ်စုံတစ်ရာ
မရှိဘဲနှင့်ဆိုလျှင် လက်ကလေး တစ်ချောင်းပင် မလှုပ်တတ်သူ ဖြစ်လို့လာသည်။
ကူညီမှုသည် နားလည်မှု အတိုင်းအတာနှင့် ညီမျှ၏ ဆိုသည့် ဂါထာကို စော မကြာမကြာ
စိတ်ထဲ ရွတ်တတ်လာ၏။ လာဘ်ရွှင်စေသည် ဆိုသော ဆုတောင်းစာများကိုလည်း စော
စားပွဲမှာ ကပ်ထားတတ်လာပြီ။
မိုးခါးရည်ကိုချိုဆဲ စောသည်
ပါးမို့မို့တွင် ရှက်သွေးရှက်ရိပ် သန်းအောင် အရှက်သည်းသည့် မိန်းမငယ်လေး
မဟုတ်တော့။ ကိုတင်စိုးပင် အလုပ်ကိစ္စဖြင့် စောထံ ရောက်လာလျှင် ရိုးသားစွာပင်
တစ်စုံတစ်ရာ မမျှော်လင့်ဘဲ စော ကူညီဖြစ်ပါ့မလား မသိ။
စော၏ အရောင်
တလက်လက် လက်စွပ်များကို ယောက်မလေး နှစ်ယောက်က အားကျစွာ
ငဲ့စောင်းကြည့်သည်ကို စော ဂုဏ်ယူတတ်ခဲ့ပြီ။ ကန္တာရအလယ် ရောက်သွားလို့ပဲ
စောလည်း ဆူးရိုင်းပင် တစ်ပင် ဖြစ်လာခဲ့ လေသလားတော့ မသိပေ။ စော၏ အပင်မှ
ဆူးများသည် စောနှလုံးတိုင် ထိုးဖောက် နစ်စူးခဲ့ပြီကို စော မသိ။
ကိုနှင်းအောင်ကတော့ အရာအားလုံးကို ရေလိုက်၊ ငါးလိုက်ပင်။ စောသည်
တောရိုင်းသစ်ပင် ဖြစ်လို့သွားပြီလား၊ သူ ရေရာစွာ နားမလည်နိုင်။ စော၏
လက်စွပ်များ၊ စော၏ လက်ကောက်များကို သူဖန်တီး မပေးရဘဲ ရတာကိုပဲ
ကျေနပ်နှစ်သိမ့်လို့ နေ၏။
တစ်ခါက စောတို့ မိသားစုသည်
ကိုတင်စိုးတို့နှင့် ဘတ်စ်ကား မှတ်တိုင်မှာ ဆုံဖြစ်လိုက် ကြသေး၏။
ကားမှတ်တိုင်မှာ ဆိုပေမယ့် စောတို့က အငှားကားတစ်စီး ငှားဖို့ စောင့်နေခိုက်
ကိုတင်စိုးတို့က မြောက်ဥက္ကလာပကို ပြန်ဖို့ ကားမှတ်တိုင်ဆီ အလာမှာ
ဆုံဖြစ်ကြခြင်းပင်။ စော အလွန် တွေ့ဖူးချင်သော ကိုတင်စိုး၏ ဇနီးသည်ကိုလည်း
မြင်ဖူးလိုက်ရလေသည်။ နှစ်နှစ်သားအရွယ် ကလေးငယ်ကို ပွေ့ချီထားသော
ပိန်ပိန်သွယ်သွယ် အသားဖြူဖြူ တရုတ်ပိတ်ဝမ်းဆက် တစ်ပတ်ရစ်နှင့်
မိန်းမတစ်ယောက်၊ လှတော့ လှသားပင်။ ပါးရိုးနားရိုး ကျနေပုံနှင့်
မျက်ဝန်းအိမ်မှ အရိပ်များက အိမ်ထောင်မှု ဒုက္ခတွေ ခံစားနေရပုံကို
ဖော်ပြနေသည်။ သူ့ဘေးမှာ ရှပ်အင်္ကျီ ဖြူဝါဝါ၊ ပုဆိုးနွမ်းနွမ်းနှင့်
ကိုတင်စိုး။
ခပ်လှမ်းလှမ်းမှ လှမ်းတွေ့လိုက်ရစဉ် ရုတ်တရက်
စောစိတ်ထဲမှာ ထိတ်ခနဲ ဖြစ်သွားရသေးသည်။ သားသားနားနား သပ်သပ်ရပ်ရပ်
ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကိုနှင်းအောင်၊ ဂျင်းစကတ်၊ ဂျင်းဂျက်ကက်နှင့်
သမီးငယ်၊ ခန့်ထည်သော ပိုက်ဆံအိတ်နှင့် တောက်ပသော အရောင်အသွေးများနှင့် စော။
စောက အရင်ဦးစွာပင် ကိုတင်စိုးကို ပြုံးပြလိုက်ဖြစ်သည်။
“ဟာ … စောတို့ပါလား”
သိမ်ငယ်ရှက်ရွံ့ခြင်း ကင်းစွာ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်သံနှင့်အတူ
မိသားစုချင်း မိတ်ဆက်ပေးနေသည့် ကိုတင်စိုးကို စောက ပြုံးကြည့်နေသည်။
စောတစ်ယောက် ယောက်ျားရ ကံကောင်းတယ်လို့ တွေးနေဆဲ စောမျက်လုံးတို့၏
တောက်တောက်ပပ ဂုဏ်ယူပြုံးကို တွေ့လိုက်ရသော ကိုတင်စိုးမှာ ဘာရယ်မသိ တစ်ခါက
စော၏ ရှက်ရွံ့ရွံ့ မျက်လုံးများကို ဖျက်ခနဲ သတိရမိသည်။
--------
ခင်မြဇင်
ကလျာ မဂ္ဂဇင်း၊ ၁၉၉၄။
No comments:
Post a Comment