“မမ မြစန်းကြည်၊ အုပ်ကြီးက သူ့အိမ် ခဏလာခဲ့ပါဦးတဲ့ဗျို့”
ကလေး
တစ်ယောက်က အပျိုကြီး မြစန်းကြည် အပ်ချုပ်ဆိုင် နှစ်ထပ်အိမ်
မည်းမည်းကြီးရှေ့မှ ပြေးပြေးအော်အော် အော်သွားသည်။ ဆွမ်းခံကိုယ်တော်
ကြွနေသဖြင့် ဆွမ်းလောင်းနေသော မြစန်းကြည်က ဆွမ်းလောင်းရင်း တန်းလန်းမို့
အေးအေးလို့သာ ပြန်ပြောပြီး ဆွမ်းဆက်လောင်းနေသည်။ ဆယ့်ငါးမိနစ်၊ မိနစ်
နှစ်ဆယ်လောက်ပဲ ကြာမည်ထင်သည်။ မြစန်းကြည် ဆီမှာ စက်ချုပ်လာသင်နေသော
နီနီထွန်း ခြင်းတောင်းလေးဆွဲ၍ အိမ်ထဲ ဝင်လာရင်း -
“မမမြစန်းကြည်၊ ဦးကြံတိုင်းအောင်က မှာလိုက်တယ်။ သူ့အိမ် ခဏလာခဲ့ဦးတဲ့”
“သွားလိုက်ပါ သမီးရယ်။ ဆွမ်းခံကိုယ်တော်တွေ ကျန်တာ အမေ ဆက်လောင်း
ထားလိုက်ပါ့မယ်။ စောစောကတည်းက ခေါ်နေတာ၊ လူကြီးဆိုတော့ မကောင်းဘူး။
အားနာစရာ၊ သမီးကိုလည်း ဆူနေဦးမယ်”
“ဆူရဲ ဆူကြည့်ပါလား၊ သမီးက ဆူစရာ ဘာလုပ်လို့တုံး”
“ဟဲ့ သမီး၊ ဒီလို မပြောရဘူး။ သူက ရပ်ကွက်လူကြီး၊ သာရေး နာရေး အသင်းမှာ
ဥက္ကဌ လုပ်လာတာဖြင့် နှစ်ရှည်လှပြီ။ တစ်ရပ်ကွက်လုံးရဲ့ ဦးလေးသားချင်းလို
ဖြစ်နေတာ။ ဆူလည်း ပြန်မပြောနဲ့၊ ခံလာခဲ့”
မြစန်းကြည် အမေ့ကိုတော့
ဘာမျှ မပြောခဲ့ပါ။ စိတ်ထဲကတော့ ပွစိ၊ ပွစိ။ ဆူရဲဆူကြည့် ဆိုပြီး ပေါက်ဆတ်
ပေါက်ဆတ် လျှောက်လာခဲ့သည်။။ ရပ်ကွက် အလယ်ကောင်က ဥက္ကဌကြီး ဦးကြံတိုင်းအောင်၏
နှစ်ထပ်တိုက်ကို ရောက်တော့ ဥက္ကဌကြီးကို ကြိမ် ပက်လက် ကုလားထိုင်ကြီး
ပေါ်တွင် အဆင်သင့် တွေ့လိုက်ရသည်။ ထုံးစံအတိုင်း ဝဖြိုးစူထွက်နေသော
ခန္ဓာကိုယ်ပေါ်တွင် ဟာဝေယံရှပ်နှင့် ကုလားပုဆိုး အပြာ အကွက်ကျဲကြီးနင့်။
ခေါင်းလေးငုံ့၍ ဝင်လာသော မြစန်းကြည်ကို တွေ့တော့ လာဟေ့ဟု လှမ်းခေါ်ပြီး
နောက်ဖေးဘက် လှည့်၍ ကော်ဖီ "ယူလာခဲ့ဟေ့" ဟု လှမ်းအော်လိုက်သည်။ မြစန်းကြည်က
ခုံတန်းလျားမှာ ဝင်ထိုင်လိုက်သည်။
“အုပ်ကြီး ဘာပြောမလို့လဲ။ အစောကြီး ရှိသေးတယ်။ ဒီနေ့ အဖိတ်နေ့လည်း မဟုတ်ပါဘူး”
မြစန်းကြည် စကားကို မဖြေသေးဘဲ အုပ်ကြီးကတော် ဒေါမြတင်လာချသည့်
ကော်ဖီခွက်ကို လက်ညှိုးထိုးပြီး “သောက်လိုက်ဦး၊ ငါ့တူမ” ဟု ပြောသည်။
မြစန်းကြည် ကော်ဖီ ငုံ့သောက်နေစဉ် အိမ်ထဲကို လူတစ်ယောက် ပျာယာပျာယာ
ဝင်လာသည်။ ဝင်လာသူက ဥက္ကဌကြီး၏ သမက် ကိုဝင်းမောင် ဖြစ်သည်။
“အဖေ ဒီနေ့ မီတာခ ဆောင်ရမှာလေ”
“အေး၊ စာရွက်ပြစမ်း”
“ဒီလ များတယ် အဖေ။ နှစ်သောင်းခွဲ ကျော်လိမ့်မယ်”
“ဟကောင်ရ များလှချည့်လားဟ၊ မြတင်ရေ နှစ်သောင်းခွဲတောင်တဲ့”
“အမယ်လေးတော်၊ ဒုက္ခပါပဲ၊ များလှချည့်လား”
မြစန်းကြည် လည်ချောင်းထဲမှ ကော်ဖီက မျိုမကျတော့ဘဲ သီးတော့မလို ဖြစ်သွား၍
မနည်း သတိထား လိုက်ရသည်။ လွန်ခဲ့သော နှစ်နှစ်လောက် ကတည်းက သီးပင် စားပင်၊
စိုက်ပင် ပျိုးပင်တွေနှင့် အိမ်ဆက် ကျဲလှသော စံပယ်ခြံ ရပ်ကွက်သို့ မြို့ထဲက
မြေတွေရောင်းပြီး ပြောင်းလာသော လူတွေ များလာပြီး စံပယ်ခြံသားတွေက
မြေကွက်တွေ ခွဲခွဲပြီး ရောင်းကြသည်။ အိမ်တွေသာ တိုးလာပြီး လျှောက်ထားရ
ခက်ခဲသော မီတာက မတိုးပေ။ ဒီတော့ အကွက်မြင်သည့် အုပ်ကြီးက သူ့လက်သူ့ခြေ
ဖြစ်နေသည့် ဓမ္မာရုံမှ ရှေးအင်္ဂလိပ်ခေတ် ခေတ်ဟောင်း မီတာကြီးကို
သူ့နှစ်ထပ်တိုက်သို့ ရွှေ့လိုက်သည်။ ထိုနောက် မြို့ထဲက ပြောင်းလာကြသူတွေ
အိမ်တွေကို တရားမဝင် မီးကြိုးသွယ်ပြီး ပေးနေတာ ကြာလှပါပကော။ မီးရတဲ့
သူတွေကလည်း အုပ်ကြီးကို ကျေးဇူးလည်း တင်ရ၊ ဝမ်းလည်း သာကြသည်။
“မင်းတို့နော်၊ ဒါက ဓမ္မရုံ ရန်ပုံငွေ သိလား။ တစ်အိမ်တစ်လ ငါးထောင်နဲ့ မီတာ
မသွယ်ဘဲ ရတာ ကျေးဇူးတင်ဦး။ ဒီငွေငါးထောင်က မင်းတို့ ကုသိုလ်၊ ငါ
စားတယ်လို့များ နည်းနည်းလေးမှ မထင်လိုက်လေနဲ့၊ ဓမ္မာရုံ ရန်ပုံငွေ သိလား”
ဒီလို ဥက္ကဌကြီး တစ်ရပ်ကွက်လုံး သိအောင် ပြတ်ပြတ်သားသား ပြောထားတော့
ရပ်ကွက်သားတွေ ကလည်း သဘောကျ ကြည်ညိုကြသည်။ ဦးကြံတိုင်းအောင်က ဥပဓိကလည်းခံ့၊
အပြောအဆိုကလည်း အမိန့်သံပါပါ ပြောတတ်တော့ အားလုံးက လေးစားကြောက်ရွံ့
ကြသည်လေ။ ဥက္ကဌကြီး မိသားစုက ဓမ္မာရုံမှာ ပန်းညှိုးတိုင်း လဲတော့
မြစန်းကြည်တို့ ကိုယ်တိုင်ပင် မီတာခနှင့် ပန်းဖိုး မျှသည် ထင်ခဲ့တာပါ။
ကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် တစ်လကုန်တဲ့ မီတာခကို သိလိုက်ရသည်။
“ဦးသိန်းဝင်းတို့ ခြံထဲက လေးငါးအိမ်၊ ဦးကျော်ခြံက အကွက်ရိုက်
ရောင်းတာဆိုတော့ ဆယ်အိမ်၊ လမ်းမတန်းက အိမ်နှစ်ဆယ်လောက် ရှိတယ်။ စုစုပေါင်း
သုံးဆယ်ပဲ။ လျှော့လျှော့ပေါ့ပေါ့ တွက်ပါဦး။ တစ်သိန်းခွဲ။ မီတာခက
နှစ်သောင်းကျော်ကို များတယ် ပြောနေတော့ အရင်တုန်းက တစ်သောင်းကျော်ပဲ
ကျတာနေမှာ။ အဲဒါဆို တစ်လ တစ်သိန်းကျော် ငွေတွေ ရနေတာပါလား၊ တစ်လလုံး
ပန်းဖိုးက တစ်သောင်း ထားပါဦး၊ အမယ်လေးလေး”
“ဟဲ့ … မြစန်းကြည်”
“ရှင် … ဗုဒ္ဓေါ”
အုပ်ကြီးက ငေါက်ခေါ်လိုက်၍ စိတ်ထဲမှာ စာရင်း တွက်နေသော မြစန်းကြည်
လန့်ဖျပ်သွားလေသည်။ အုပ်ကြီးကို ကြောက်ကြောက်လန့်လန့် ကြည့်မိနေစဉ် ရပ်ကွက်
သာရေးနာရေး အသင်း ငွေထိန်းကလည်း ကိုဝင်းမောင်ပဲလေ။ အဲဒီတော့ စိတ်ကြိုက်
လုပ်နိုင်တာပေါ့တော်၊ လုပ်ကြပေါ့တော်လို့ တဒင်္ဂလေးအတွင်း တွေးမိအောင်
တွေးလိုက်မိသေးသည်။
“ရှင် … ဘဘ ဘာပြောမလို့လဲ”
“ညနေ နင် အားလား”
“ကျွန်မ အမြဲတမ်း မအားဘူး။ အပ်ထည်တွေ ရှိနေတာ”
“ညနေတော့ အားပါဟယ်။ ညည်းအဒေါ်က မကျန်းမမာ ဖြစ်နေလို့ ပရိတ်လေး
ရွတ်ချင်တာတဲ့။ ညည်းက ရပ်ကွက် ဓမ္မစကြာအသင်း ခေါင်းဆောင် မဟုတ်လား။ အဲဒါ
ကြက်သား ကြာဆံကြော် ကျွေးမယ်အေ။ အအေးတိုက်မယ်အေ။ အသင်းသူတွေ
လိုက်ဖိတ်ပေးပါဦး”
“ဘဘရယ်၊ အဖိတ်နေ့ကလည်း နှစ်ရက် လိုတော့တာ။ ရပ်ကွက်သူတွေ ကလည်း အားကြတာ မဟုတ်ဘူး။ အဖိတ်နေ့မှ ရွတ်ပါလား”
“အဖိတ်နေ့ ကတော့ ပုံမှန်ပွဲပေါ့အေ။ ဒါက ကြားဖြတ်ပေါ့။ ငါတို့
အိမ်အပေါ်ထပ်မှာ ရွတ်ရမှာပါအေ။ ရွတ်တဲ့လူတွေ ညည်းအဒေါ်က မှန်မိတ်ကပ် တစ်ဘူးစီ
ပေးဦးမှတဲ့။ ဝယ်ထားတယ်”
မြစန်းကြည် ဟင်ခနဲ ဖြစ်သွားပြီး
စဉ်းစားသည်။ မှန်မိတ်ကပ် ဆိုသည့် ကရင်ပတ်ဖ်က အနည်းဆုံး တစ်ဘူး
ငါးရာကျော်သည်။ ဒီလောက် ငွေကုန်ခံ ရွတ်မယ့်ပွဲ။ ဘာလုပ်ဖို့လဲ ဆိုသည့်
အတွေးက ခေါင်းထဲ ဝင်လာသည်။ သိချင်လျှင်တော့ ရွတ်မှဖြစ်မည်။
“ရပ်ကွက်သူတွေ လိုက်ပြောကြည့် လိုက်ဦးမယ်”
လို့ မယုတ်မလွန် ပြောပြီး ဦးကြံတိုင်းအောင် အိမ်မှ ပြန်လာသည်။ အမေ့ကို
အသင်းသူတွေ လိုက်ဖိတ်ဦးမယ် ပြောခဲ့ပြီး ရပ်ကွက်ထဲ ထွက်ခဲ့ရာ ပထမဆုံး
ဝင်သည့် တင်တင်မာတို့ အကြော်ဆိုင်မှာပင် အကြောင်းစုံလောက် နီးနီး
သိလိုက်ရလေသည်။
“မြစန်းကြည်က အိမ်ထဲမှာ တကုပ်ကုပ် အင်္ကျီချုပ်နေလို့ မသိတာ။ ငါတို့က လူစုံတယ်လေ။ တစ်ယောက်ပြော၊ တစ်ယောက်ပြောနဲ့”
“ကဲပါအေ၊ သိတာလေးပဲ ပြောစမ်းပါဦး”
“ဒီလိုလေ ကောင်မရဲ့။ ဘုရား ရန်ပုံငွေတွေကို အုပ်ကြီးသမက် ကိုဝင်းမောင်က
ဖဲရှုံးပစ်လိုက် ကြတယ်လေ။ အဲဒီတော့ ကိုဝင်းမောင်မိန်းမ မရီလေးက သူ့ဆုကြေးကို
အုပ်ကြီးတို့နဲ့ မျက်နှာချင်းဆိုင် အိမ်က အုပ်ကြီးတူ ကိုညွန့်ဝင်းကို
ရောင်းတယ်။ ကိုညွန့်ဝင်း ကလည်း ရပ်ကွက်ငွေမို့ အရှက်ကွဲ နေပါမယ်လေ ဆိုပြီး
ဝယ်ပေးလိုက်တယ်။ ပြေလည်သွားတယ် ဆိုပါတော့။ ဒါပေမဲ့ ဆုကြေးပေါက်တဲ့
ရက်ရောက်တော့ မရီလေးက မပေးတော့ဘဲ ဆုကြေးခေါင်းဆီက မရသေးသလိုနဲ့ ဟိုလိုလို
ဒီလိုလို လုပ်နေလို့ ကိုညွန့်ဝင်းမိန်းမ မညိုနဲ့ မရီလေးနဲ့ ရန်ဖြစ်ကြတယ် ”
“အမယ်လေးတော် အများပိုင် ငွေတွေကို …”
“အခုရက်ပိုင်း ဖိနပ်ထောင် နှစ်ယောက် ကိုညွန့်ဝင်းနဲ့ ကိုစန်းလွင်
ပေါင်းပြီး ဥပုသ်နေ့တိုင်း ဘုံဆွမ်းလောင်းမယ်လို့ သဒ္ဓါပေါက်တာနဲ့ လောင်းတာ
နှစ်ပတ်ရှိပြီ။ ဒီဆွမ်းတန်းက တစ်ရပ်ကွက်လုံး တတ်နိုင်သမျှ ထွက်လောင်းကြတာ
မဟုတ်လား။ ဒီတော့ သူတို့ နှစ်ယောက်က လမ်းမတန်းက အိမ်တွေကို
ပိုက်ဆံစုကောက်ပြီး ကိုညွန့်ဝင်းတို့ ဖိနပ်ရုံမှာ စုချက်ပြီး လောင်းမယ်။
ဆွမ်းလောင်း အသင်းလေး ဖွဲ့မယ်လို့ စဉ်းစားကြတယ်။ အဲဒီ အသံကလည်း ကြားရော
အုပ်ကြီးက ဒေါသူပုန် ထတော့တာပဲ”
“ဟောတော့် … ဘာဖြစ်လို့တုံး၊ ကောင်းတာကို”
“အဓိကကတော့ ဆွမ်းလောင်း အသင်းမှာ သူ့ကို ဥက္ကဌ မတင်လို့”
“ဟော့တော့်”
“ရပ်ကွက်ထဲမှာ မိန်းဖြစ်တဲ့ သာရေးနာရေး အသင်း ရှိတယ်။ ဘာအသင်း ထပ်ဖွဲ့ဖွဲ့
ဒီအသင်း လက်အောက်က ဖြစ်ရမယ်။ သူပဲ ဥက္ကဌ ဖြစ်ရမယ်။ ရတဲ့ငွေတွေ သူ့လက်
အပ်ရမယ် သူ့စီမံခန့်ခွဲမှု …”
“နေပါဦးအေ၊ နေပါဦးအေ။ တစ်မိုးလုံးဖျောက်ဆိတ် ဖြစ်ချင်တာပေါ့ ဟုတ်လား”
“ဟုတ်တယ်၊ ဒါပေမဲ့ အဓိကက ငွေ၊ ငွေကိုင်ချင်တာ”
“အဲဒါ မြစန်းကြည်ရယ်။ ဒီညနေ ခြောက်နာရီ ကိုဝင်းညွန့်တို့က
ဆွမ်းလောင်းအသင်း ဖွဲ့ကြမယ်။ ကိုညွန့်ဝင်းကို အုပ်ကြီးက မျက်နှာချင်းဆိုင်
တိုက်ပေါ်ကနေ လော်စပီကာကြီးနဲ့ မြစန်းကြည်တို့ကို ပရိတ်တွေ ရွတ်ခိုင်းပြီး
အသံနဲ့ နှောင့်ယှက်မှာ ကောင်မရေ၊ ကြည့်သာ လုပ်ပေတော့။ ငါတော့ မလာဘူး”
“ဘာ”
မြစန်းကြည် တစ်ချီတည်း ငိုင်သွားလေသည်။ ဒုက္ခပါပဲ။ ဒါဆိုရင် တင်တင်မာနဲ့
တစ်တန်းတည်းအရွယ် သူငယ်ချင်း ရပ်ကွက်သူတွေ ဘယ်သူ့မှ ခေါ်ရမည် မထင်။ ဘာမှ
မသိသေးသည့် ဆယ်ကျော်သက် ကောင်မလေးတွေ။ ဇာဇာတို့၊ သီတာတို့၊ မိုးမိုးတို့၊
အေးအေးတို့ကိုသာ ရအောင် ခေါ်ရတော့မှာပဲဟု တွေးရင်း လေးကန်စွာ ထိုင်ရာက
ထလိုက်ရသည်။ အဲဒီ ညနေ ခြောက်နာရီမှာ ပရိတ်ရွတ်ပြီး ဘယ်လို နှောင့်ယှက်၊
နှောင့်ယှက် ကိုညွန့်ဝင်း ဥက္ကဌအဖြစ် တာဝန်ယူသည့် ဥပုသ်ဆွမ်းလောင်း အသင်းက
အောင်မြင်စွာ ဖွဲ့စည်းလိုက် လေသည်။
“ဘယ့်နှယ်ဗျာ ၊ အဓိပ္ပါယ်မှ
မရှိတာ။ ရပ်ကွက်ထဲမှာ ဘာလုပ်လုပ် သူချည်း ငွေကိုင်ချင်လို့ ဖြစ်ပါ့မလား။
ဆွမ်းချက်နေတုန်း ထင်းတစ်ချောင်း လာထိုးတာ မဟုတ်ဘူး။ သူ့သမီး၊
သူ့မိန်းမကလည်း ကြက်သွန်တစ်ဥ လာမှ မသင်တာ၊ နေရာတကာဗျာ”
မြစန်းကြည်
ဆွမ်းလောင်းအသင်း အတွက် ဆန်ရွေးနေရင်းက ဥက္ကဌ ကိုညွန့်ဝင်းကို
လှမ်းကြည့်မိသည်။ လူလတ်ပိုင်းအရွယ် ဥက္ကဌ ကိုညွန့်ဝင်းက တက်ကြွသည်။
ကိုယ်တိုင် ရပ်ကွက်အတွင်း လှည့်အလှူခံ၊ ကိုယ်တိုင် အပင်ပန်းခံချက်၊
ကိုယ်တိုင်လောင်းလှူ ဆိုတော့ အရပ်က အရိပ်အကဲ ကြည့်ပြီး ချီးမွမ်းကြသည်။
တကယ်လုပ်တော့ ရပ်ကွက်ကလည်း တကယ် ပါဝင် ကူညီကြသည့်မို့ ပုံမှန် လည်ပတ်လျက်
ရှိသည်။
“ဟောဒီမှာ ဒါက ဆွမ်းလောင်းပြီး ဒီအပတ် ပိုတဲ့ငွေ တစ်သောင်း
ရှစ်ထောင်၊ ရက်စွဲရေးပြီး သားရေကွင်းလေးနဲ့ ပတ်လို့ ဒီမုန့်ပုံးထဲ
ထည့်ထားလိုက်ပြီ။ ကျွန်တော့် ဗီရိုထဲမှာ အမြဲရှိတယ်နော်။
ခင်ဗျားတို့အားလုံး ကြိုက်တဲ့ အချိန် စစ်နိုင်တယ်”
အဲ့သလို ဥက္ကဌ
ကိုညွန့်ဝင်းက အပြတ် ပြောထားသည်ကို ရပ်ကွက်သားတိုင်း ဘဝင်ကျကြသည်။ ဒါမှ
ငါတို့ အုပ်ကြီးကွ၊ ဒါမှ ငါတို့ ဥက္ကဌကွဟု တပြုံးပြုံး ရှိကြသည်။
လက်ဖက်ရည်ဆိုင်တွင် ကိုညွန့်ဝင်း၊ ကိုစန်းလွင်၊ စိုးကြီး၊ မိုးခိုင်တို့
တတွဲတွဲ၊ တဝါးဝါး၊ တဟားဟား ရှိသည့်အခါ ဦးကြံတိုင်းအောင်က
မျက်နှာကြီးမဲ့ပြီး ထသွားလေ့ ရှိသည်ကို ရပ်ကွက်သူတွေအတွက် ပြောစရာသတင်း
ဖြစ်နေလေသည်။ သည်လိုနှင့် နွေ၊ မိုး၊ ဆောင်း လည်ပတ်ပြီး တစ်ရက် မြစန်းကြည်
စိတ်အေးလက်အေး အင်္ကျီညှပ်နေစဉ် အိမ်ပေါ်သို့ လူတစ်ယောက်က သုတ်ခနဲ တက်လာ၍
လှမ်းကြည့်မိလိုက်သည်။
“လာ … တင်တင်မာ၊ ဘယ်က လှည့်လာတုံး”
“ကိုညွန့်ဝင်းမိန်းမ မညို လာတယ်ဆို”
“လာတယ်လေအေ။ သူ့သမီးလေးအတွက် စကပ် လာအပ်တာ။ ပြန်သွားပြီလေ။ ဆီပုံးကြီးနဲ့ အသင်းအတွက် ဆီသွားဝယ်မယ် ဆိုလားပဲ”
တင်တင်မာက သက်ပြင်းတစ်ချက် ချပြီး ခုံတန်းရှည်တွင် ဝင်ထိုင်သည်။
“ဒုက္ခပါပဲအေ။ ဒီမှာ အကြော်ကြော်ဖို့ အရေးကြီးနေတာ”
“ငွေဆွဲမလို့လား၊ မညို နေ့ပြန်တိုး ပေးတယ်လို့လည်း မကြားမိပါဘူး”
တင်တင်မာက ဟိုဟိုဒီဒီ ကြည့်ပြီး အသံကို နှိမ့်၍ -
“နေ့ပြန်တိုး မဟုတ်ဘူး ဟဲ့ ကောင်မရဲ့။ နေ့ပြန်ဆို နှစ်ဆယ်တိုး ပေးရမှာ။
အခုဟာက မုန့်ပုံးထဲ ထည့်ထားတဲ့ ဆွမ်လောင်းအသင်း ပိုတဲ့ ပိုက်ဆံတွေလေ။ နင်
သိတယ် မဟုတ်လား”
“အေး … သိတယ်”
“အဲဒါတွေ များသထက် များလာတော့
ကိုညွန့်ဝင်းက မတုန်မလှုပ် နေနိုင်ပေမယ့် မညိုက အကွက်မြင်တဲ့သူ ဆိုတော့
အူယား လာတာပေါ့။ အဲဒါနဲ့ စိတ်ချရတဲ့ လူတွေကို တိုးတိုးတိတ်တိတ်
တစ်ဆယ်တိုးနဲ့ ချေးတာ။ တိုးတိုးတိတ်တိတ် ဆိုပေမယ့် တစ်ရပ်လုံးပါပဲအေ”
“ဟင် … ဒုက္ခပါပဲ၊ အဲဒါ ကိုညွန့်ဝင်းလည်း မသိဘူးလား”
“သိချင်လည်း သိမှာပေါ့။ မသိချင်လည်း မသိဘူးပေါ့။ မသိချင်ယောင် ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
တင်တင်မာ့ ပြောစကားက ရှင်းလှပါသည်။ မြစန်းကြည်မှာ အင်္ကျီ ဆက်ညှပ်နေလျှင်
မှားကုန်တော့မှာမို့ ကတ်ကြေး ပြန်ချလိုက်ရသည်။ ခဏနေမှ သတိရလာပြီး
ကမန်းကတန်း မေးမိသည်။
“ဟဲ့ … တင်တင်မာရဲ့၊ အတိုးတွေကကော မုန့်ပုံးထဲ ပြန်ထည့်လား”
တင်တင်မာက အ, ရန်ကော ဆိုသည့် အကြည့်နှင့် ကြည့်ရင်း -
“နင့်နှယ်ဟယ်၊ ပိုက်ဆံတွေ ချေးဖို့ မုန်ပုံးထဲမှာ တစ်ပြားမှတောင်
မရှိတော့ဘူး။ အတိုးဆိုတော့ ဝေးရောပေါ့။ သဘောပေါက်။ ကဲ ငါလည်း မညိုကို
လိုက်ရှာလိုက်ဦးမယ်။ အကြော် ကြော်ရမှာတောင် နောက်ကျနေပြီ”
အိမ်ပေါ်မှ
တင်တင်မာ ဆင်းသွားပြီးနောက်မှ မြစန်းကြည် ခေါင်းတွေ မူးလာ၍ ပက်လက်
ကုလားထိုင်ပေါ် ခဏလှဲနေ လိုက်ရသည်။ အမေက တလှုပ်လှုပ် အိမ်ခန်းထဲက ထွက်လာပြီး
“သမီး ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား၊ အိပ်ပျော် နေတာလား။ ရပ်ကွက်ထဲမှာ ဆူညံနေတာပဲ။ ဘာဖြစ်နေတာလဲ”
စက်ချုပ်သင်သည့် နီနီထွန်းက ဝင်၍ -
“မမ မြစန်းကြည် အိပ်ပျော်နေတာ။ အခုမှတော့ ထွက်ကြည့် မနေနဲ့တော့၊ ရန်ပွဲက
ပြီးသွားပြီ။ ရန်ဖြစ်တာ မဟုတ်ဘူး။ ဦးကြံတိုင်းအောင်က ဝရန်တာကနေ စိန်ခေါ်ပြီး
ဆဲနေတာ။ ငါ့ကို ဥက္ကဌ မတင်ချင်တဲ့ ရပ်ကွက် ဘာထင်တယ်၊ ညာထင်တယ်၊ ကောင်းတယ်၊
ဆွမ်းလောင်းဖို့ ဆိုပြီး ငွေတိုး ချေးစားတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်း
သိတယ်လို့ အော်နေတာ မမရဲ့၊ ခုနကမှ ငြိမ်သွားတာ။ ကောင်းတယ် ကိုညွန့်ဝင်းတို့
၊ မညိုတို့ လှုပ်တောင် မလှုပ်ရဲဘူး။ အသံမထွက်ရဲဘူး”
“ဟင်… နီနီထွန်း နင်ကော သိလား”
“အို … မမ မြစန်းကြည် ကလည်း တစ်ရပ်ကွက်လုံးလိုလို သိနေတာ ဥစ္စာ။
မမမြစန်းကြည်က ဘယ်သွား အိပ်ပျော် နေတာတုံး။ ဪ … ဆွမ်းလောင်းအသင်း ဖွဲ့တဲ့ညက
ဆူညံနေအောင် ပရိတ်ရွတ်တဲ့ အထဲမှာ မမက ခေါင်းဆောင်မို့ ကိုညွန့်ဝင်းတို့
အုပ်စုက ကွယ်ရာမှာ မမကို အုပ်ကြီး ဦးကြံတိုင်းအောင်လူလို့ ပြောနေကြတာ။
ဒါကြောင့် အပျိုတွေက မမကို အတွင်းရေး မတိုင်ပင်တော့ဘဲ လက်ရှောင် နေကြတာ
ထင်တယ်”
“ဘာ … နီနီထွန်း ပြန်ပြောစမ်း။ ငါက ဦးကြံတိုင်းအောင်ရဲ့လူ
ဟုတ်လား။ အမယ်လေး … ဝေးသေးတယ်။ ငါက အရပ်ထဲမှာ မဖွချင်လို့။
ဦးကြံတိုင်းအောင် အကြောင်း ငါတစ်ယောက်တည်း သိထားတာ အများကြီး”
မြစန်းကြည် ဆွေ့ဆွေ့ခုန်မတတ် ဖြစ်သွားပြီး နီနီထွန်းကို မျက်လုံးပြူး
ကြည့်၍ ကုန်းအော်တော့သည်။ အမေက “ဟဲ့ … သမီး ဘာဖြစ်နေတာလဲ” ဟု
ပူပင်သောကနှင့် မေးပြီး နီနီထွန်းကတော့ မျက်လုံးများ အရောင်တလက်လက်
တောက်ပအောင် စိတ်ဝင်စားမှု အပြည့်နှင့် အနားသို့ တိုးဝင်လာသည်။
“ဟုတ်လား မမ၊ ပြောစမ်းပါ အုပ်ကြီး အကြောင်း”
“ဟယ် … နင်ကလည်း၊ ငါ မပြောချင်ပါဘူး ဆိုမှ”
“အဲဒါကြောင့် မမကို အုပ်ကြီးလူလို့ ပြောကြတာပေါ့၊ ဆန်းသလား”
နီနီထွန်းက နှုတ်ခမ်းစူပြီး ပြောသဖြင့် မြစန်းကြည် ဆဲမိတော့မလို စိတ်ဆိုးသွားစဉ် အမေက လေအေးလေးနဲ့ ဝင်ပြီး -
“ကွယ်၊ လူဆိုတာ ဘယ်သူ ပြည့်ဝတာကျလို့၊ အကုန်လုံး ချို့ယွင်းချက်
ရှိကြတာပဲ။ သူ့အပြစ် ကိုယ်ပြော၊ ကိုယ့်အပြစ် သူပြော လုပ်နေကြရင်
တစ်ရပ်ကွက်တည်းသားတွေ ညီညွတ်မှု ပြိုကွဲတာကလွဲလို့ ဘာရှိမှာလဲ။ ပြောမနေပါနဲ့
သမီးရယ်။ နီနီထွန်းကလည်း နားထောင်ချင် မနေနဲ့။ ကိုယ့်အလုပ် ကိုယ်လုပ်၊
သွား … သွား”
နီနီထွန်းက ခေါင်းငုံ့ပြီး စက်ခုံဆီကို ထွက်သွားတော့မှ
မြစန်းကြည် အားအင်ကုန်ခန်းစွာ ပက်လက် ကုလားထိုင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
ရင်တွေ တဒိန်းဒိန်းတုန်ပြီး ဒေါသကတော့ ဖြစ်နေဆဲ။ ဘယ့်နှယ်တော်၊
ရပ်ကွက်ကလေး ဆီမီးခွက်လောက်ထဲမှာ ဥက္ကဌက နှစ်ယောက်။ လက်သစ် တစ်ယောက်၊
လက်ဟောင်း တစ်ယောက်။ ကိုယ်က ရပ်ကွက် ဓမ္မာစကြာအသင်း ခေါင်းဆောင်မို့
သူခေါ်လို့ သွားရွတ်ရတာနဲ့ သူ့လူ ဖြစ်ရတော့မှာလား။ တစ်ရပ်ကွက်လုံး
ရွတ်ပေးပါဦး မြစန်းကြည်ရယ် ဆိုရင် ရွတ်ပေးနေရတာ။ ဒါဖြင့် ငါက
တစ်ရပ်ကွက်လုံးက လူတွေရဲ့ သူ့လူ၊ ကိုယ့်လူ အပြောခံ နေရတာပေါ့။
တွေးရင်း တွေးရင်း မြစန်းကြည် ဒေါသတွေက ထိန်းချုပ်မရ ဖြစ်လာသည်။ ပက်လက်
ကုလားထိုင်ပေါ်က ဝုန်းခနဲထပြီး အိမ်ထဲက ဖျတ်ခနဲ ထွက်ခဲ့သည်။ “ဘယ်တုံးဟဲ့” ဟု
အမေက အော်တာတောင် ပြန်မပြောခဲ့။ ဒေါသနှင့် လျှောက်လာလို့ ကိုညွန့်ဝင်းတို့
အိမ်ရှေ့ ဘယ်လိုရောက်မှန်း မသိ ရောက်လာသည်။ အိမ်ထဲကို လှမ်းဝင်လိုက်တော့
ဧည့်ခန်း ဆက်တီမှာ ထိုင်နေသည့် ကိုညွန့်ဝင်းတို့ လင်မယားအပြင်
ကိုစန်းလွင်ကိုပါ တွေ့လိုက်ရသည်။ မြစန်းကြည်က တုံဆိုင်းမနေဘဲ
ကိုညွန့်ဝင်းနား တိုးကပ်သွားပြီး -
“ဒီမယ် ကိုညွန့်ဝင်း၊ ရှင်တို့
ဥက္ကဌချင်း အာဏာ လုကြတာနဲ့ ကျွန်မကို မဆိုင်ဘဲ ဆွဲမထည့်ပါနဲ့။ ရှင်တို့
ပရိတ်ခေါ်ရွတ်ခိုင်းလည်း ကျွန်မက ရွတ်ရမှာပဲ။ အုပ်ကြီး ရွတ်ခိုင်းလည်း
ရွတ်ရမှာပဲ။ ကျွန်မက ဒီရပ်ကွက်မှာ ဓမ္မာစကြာအသင်း ခေါင်းဆောင်၊ ဘယ်သူခေါ်ခေါ်
ရွတ်ပေးရမှာပဲ”
“နေစမ်းပါဦး၊ မြစန်းကြည်ရဲ့ ထိုင်ပါဦး၊ ဘာဖြစ်လာတာလဲ”
“မထိုင်ပါဘူး။ ရှင်းမလို့ လာတာ။ ရှင်တို့ ဆွမ်းလောင်းအသင်း ဖွဲ့တဲ့ ညက
အုပ်ကြီးအိမ်မှာ ပရိတ်ရွတ်တာနဲ့ ကျွန်မက အုပ်ကြီးလူ ဖြစ်ရရောလား။ စကားကို
ဆင်ခြင်ပြော၊ ကျွန်မ ကိုယ့်ထမင်း ကိုယ်စားတာ။ ကျွန်မ ဘယ်သူ့လူမှ မဟုတ်ဘူး။
ဒါ လာပြောတာ။ သွားမယ်”
မြစန်းကြည် ပြောလိုက်ရမှ ရင်ချောင်သွားပြီး
စိတ်အေးလက်အေး အိမ်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ အေးအေးဆေးဆေး အိမ်ထဲကို
ဝင်လိုက်တော့ အိမ်ဝမှာ အမေက ပျာပျာသလဲ ဆီးကြိုပြီး “လာ လာ … မောင်စန်းလွင်”
ဆို၍ လှည့်ကြည့်လိုက်တော့ နောက်မှာ ရပ်နေသည့် ကိုစန်းလွင်ကို တအံ့တဩ
တွေ့လိုက်ရသည်။ ကြည့်ရတာ မြစန်းကြည် နောက်က ကပ်လိုက်လာပုံ ရသည်။ အစွမ်းကုန်
ပြုံးနေသည့် စန်းလွင်က ထိုင်ထိုင်ချင်း -
“ကောင်းတယ်ဗျာ၊
သိပ်ကောင်းတယ်။ ဒီရပ်ကွက်မှာ မြစန်းကြည်တို့လို ပွင့်ပွင့်လင်းလင်း
ဒိုးဒိုးဒေါက်ဒေါက် ပြောတတ်တဲ့လူတွေ လိုအပ်တယ်။ မြစန်းကြည်က ဖြောင့်လည်း
ဖြောင့်မတ်တယ်။ ထက်လည်း ထက်မြက်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ
သိပ်လိုတယ်။ အားလုံးက မြုံစိစိ မလှုပ်တလှုပ် တေမိတွေချည်းပဲ”
“ဟုတ်တယ်ရှင်၊ ကျွန်မလည်း ပြောခံရတော့ မကျေနပ်လို့”
“ဒါပေါ့၊ ကျုပ်တို့ ဆွမ်းလောင်းသင်း ဥက္ကဌကလည်း နာမည် ပျက်နေပြီ။ အင်း …
ဘယ်သူမှ မကောင်းကြပါဘူးဗျာ။ လူငယ်တွေက မကျေနပ် ကြတော့ဘူး။ အဲဒါ ကျွန်တော်က
ဆွမ်းလောင်းအသင်း လက်လွှဲ ယူရမလို ဖြစ်နေတယ် မြစန်းကြည်ရဲ့”
မြစန်းကြည် တစ်ချီတည်း ငြိမ်သွားသည်။ ပါးစပ်ကို နာနာ ပိတ်ထားရသည်။ မဖြစ်၊
မဖြစ်။ သူတို့က ကြောက်ရသည်။ မတော်တဆ အင်းလိုက်မိရင် သူ့လူ ဖြစ်သွားဦးမယ်၊
ဒုက္ခ။ အမေက မျက်လုံးပြူးနေပြီး နီနီထွန်းက စိတ်ဝင်စားစွာ အနားရောက်လာသည်။
“အဲဒါ လာမယ့် ဥပုသ်ပတ်က စပြီး ကျွန်တော် လွှဲယူတော့မယ်။ ကျွန်တော့်
ဖိနပ်ရုံက ဆွမ်းချက်ဖို့လည်း ကျယ်တယ်။ သားသမီး၊ တူ၊ တူမ ၊
တပည့်လက်သားများတော့ ဝိုင်းလုပ်ဝိုင်းစား အများကြီး ရှိတယ်။ အရေးကြီးတာက
ငွေကောက်ခံမယ့် နေရာမှာ ထက်ထက်မြက်မြက်၊ တက်တက်ကြွကြွ၊ ဖြောင့်မတ်
မှန်ကန်မှုရှိတဲ့ မြစန်းကြည်တို့လို လူမျိုး ဦးဆောင်ဖို့ လိုတယ်။
ကျွန်တော့်အသင်းကို မြစန်းကြည် ကူညီစေချင်တယ်”
“ရှင်”
“လုပ်ပါ
မြစန်းကြည်ရယ်။ လူတွေက ဘယ်သူမှ မယုံရလို့ပါ။ မြစန်းကြည်ရဲ့
အသင်းသူတွေကိုလည်း စည်းရုံးပေးပါဦး။ အလှူခံထွက်ရင် ဦးထုပ်၊ ရင်ထိုးတံဆိပ်၊
လုံချည်၊ အင်္ကျီ၊ ဂျာကင်၊ တီရှပ် အားလုံး ဆင်တူ ဝတ်ရအောင် စီစဉ်မှာ။ စနစ်တကျ
ဖွဲ့စည်းရမှာ။ သူများ အပြောအဆို မခံရအောင် အထင်မသေးအောင်လေ”
သည်လိုနှင့် ရပ်ကွက်သူ နာမည်ကြီးပေမို့ မြစန်းကြည်လည်း မရှောင်နိုင်
မလွှဲနိုင်ဖြင့် ဘဏ္ဍာငွေရှာကြံရေး အဖွဲ့ဝင် ဖြစ်ရပြန်လေသည်။ ကိုစန်းလွင်က
သူ့ပြောသည့်အတိုင်း အတိအကျ စီစဉ်ညွှန်ကြားပြီး သူတို့၏ အဖွဲ့သူ၊
အဖွဲ့သားများကို မျက်နှာမငယ်ရန် ဆောင်ရွက်ပေးသည်။ အုပ်စုဖွဲ့များဖြင့်
စုပေါင်းပြီး ကောင်းမြတ်သော အကျိုးဖြစ်အောင် ဆောင်ရွက်ရသည်ကို မြစန်းကြည်
တဖြည်းဖြည်း ပျော်လာသည်။ ပိုက်ဆံ အလှူခံထွက်သည့် နေ့တွင် ဟစ်မခေါ်ရဘဲ ကာလသား၊
ကာလသမီး လူစုံတက်စုံ ဖလား ပိုက်သူက ပိုက်၊ ဆန်တောင်း ထမ်းသူက ထမ်းဖြင့်
ရပ်ကွက်တကာ လှည့်ပြီး အလှူခံ ထွက်ကြသည်။ ဖလားထဲမှာ ငွေတွေ ဖွေးနေအောင်
မြင်ရလျှင် အသင်းသူ၊ အသင်းသားတွေ ပျော်ကြသည်။
ဆွမ်းလောင်း
အကြိုရက်တွင် ဆန်ရွေးကြ၊ ကြက်သွန်လှီးကြဖြင့် မိန်းမတွေက စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ် အလုပ် လုပ်ကြရာသို့ အမေ ကိုယ်တိုင်ပင် အိမ်က ကြက်သွန်လှီး
ဓားကိုင်ပြီး တက်တက်ကြွကြွ လှုပ်ရှားနေတာ မြင်ရလို့ မြစန်းကြည် အလွန်ပင်
စိတ်ချမ်းသာ ရလေသည်။ ဒီလိုနေ့မျိုးတွင် နီနီထွန်းကိုလည်း အနားပေး
ထားရလေ့ရှိသည်။ နောက်တစ်နေ့ နံနက် ဆွမ်းလောင်းချိန်တွင် သံဃာတော်အပါး
ငါးရာခန့် သပိတ်ပိုက် ကြွလာကြသည်ကို ဝေလီဝေလင်းမှ စ၍ အမေတို့ကဲ့သို့
သက်ကြီးရွယ်အိုများကို ခေါ်ကာ ဆွမ်းလောင်းစေပြီး ကိုစန်းလွင်တို့က
နောက်ဆုတ်နေလေ့ ရှိသည်။
“ကျွန်တော်တို့က ငွေခံတဲ့ နေရာ၊
ချက်တဲ့ပြုတ်တဲ့ နေရာ ခန္ဓာကိုယ်နဲ့ ရင်းပြီး ကုသိုလ်ရပြီးပြီ မဟုတ်လား
မြစန်းကြည်ရဲ့။ ဆွမ်းလောင်းတဲ့ နေရာမှာတော့ သက်ကြီးရွယ်အိုတွေ ကုသိုလ်
ယူကြပါစေဗျာ။ လောင်းလှူတဲ့ နေရာမှာ လှူရင်း ပီတိပွားရင် အရှိန်အဟုန်
သိပ်ကြီးတာလေဗျာ”
မြစန်းကြည် ကိုယ်တိုင် ကိုစန်းလွင်စကားကို
ကြည်ညိုစွာ နားထောင်မိရင်း ကိုညွန့်ဝင်းနှင့် ကွာလေစွဟု စဉ်းစားမိလေသည်။
အမေတို့ လူကြီးပိုင်းကလည်း ချီးမွမ်းသံတွေ လျှံနေသည်။ သာရေး၊ နာရေး
ဆိုလျှင်လည်း တူညီဝတ်စုံတွေနှင့် အသင်းသား၊ အသင်းသူတွေက အိုးခွက်ပန်းကန်
ဆေးသည့် နေရာ၊ ဧည့်ခံသည့် နေရာ၊ ကျွေးမွေးသည့် နေရာတွေကို
ဝင်ရောက်တာဝန်ယူကြတော့ အုပ်ကြီး ဦးကြံတိုင်းအောင်၏ သာရေးနာရေး အသင်းက လုံးဝ
ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်ကို ဦးကြံတိုင်းအောင်က မကျေနပ်တာ
တစ်ရပ်ကွက်လုံး သိကြသည်။
“မကျေနပ်လည်း မတတ်နိုင်ဘူး။ မြစန်းကြည်ရယ်။
ရိုသေလေးစား ခံရမှုဆိုတာ အလုပ်လုပ်တဲ့ လူပေါ်မှာ မူတည်တာ။ ကိုစန်းလွင်က
အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တယ်။ လူ လေးစားအောင် နေတယ်။ အသင်းသားတွေကို
အထင်မသေးအောင် ဝတ်စုံကစပြီး စဉ်းစား စိစဉ်ပေးတယ်။ ကဲ … ဘာလိုသေးလဲ”
“ဟုတ်တယ် တင်တင်မာရဲ့။ ညည်းတို့ပဲ စဉ်းစားကြည့်အေ၊ ချက်တဲ့ ပြုတ်တဲ့နေ့
ဆိုရင် လက်ဖက်ရည် ဆိုတာ မသောက်ချင်မှ အဆုံး။ ပိုလျှံတောင် နေတယ်။
ညအိပ်ချက်တဲ့ လူတွေကို ဘယ်နှယောက် ချက်ချက် ညလယ်စာ ကျွေးသေးတယ်”
“သူလို အုပ်ကြီးမျိုးတော့ ရှားပါတယ်အေ။ သူ တစ်ယောက်ရှိမယ် ထင်ပါရဲ့”
မြစန်းကြည်နှင့် တင်တင်မာတို့ စကားကောင်း နေကြသည်ကို အကြော်ဝယ် လာသည့်
မိန်းမတွေက တပြုံးပြုံးဖြင့် နားထောင် နေကြသည်။ တဖြည်းဖြည်းနှင့်
ဥပုသ်ဆွမ်းလောင်း အသင်း နာမည် ရလာသလို အုပ်ကြီး ကိုစန်းလွင်လည်း
ဟိုဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်များတွင် လူရိုသေ၊ ရှင်ရိုသေ နာမည်ကြီးသည်ထက်
ကြီးလာသည်။
“ကျွန်တော်က ဘယ်တော့မှ နောက်မတွန့်တဲ့ တိဟိတ်သမားဗျ။
ပရဟိတ အကျိုးနဲ့ အတ္တဟိတ အကျိုး ယှဉ်လာရင် ပရဟိတကိုပဲ ဦးစားပေးမယ့် သူပါ။
ကြည့်ဦး။ ဆွမ်းလောင်း အသင်းကို ဦးစားပေးပြီး လုပ်နေရတာ
စိတ်ကြည်နူးလွန်းလို့ ကျွန်တော်ရဲ့ ပင်ကိုလုပ်ငန်း ဖြစ်တဲ့ ဖိနပ်ရုံတောင်
လှည့်မကြည့်နိုင်တာ ကြာပေါ့။ ကျွန်တော့်မိန်းမကလည်း ပါရမီဖြည့်ဖက်ကောင်းဗျ။
ကိုစန်းလွင် လုပ်သာလုပ်၊ ရှင်ရော ကျွန်မရော ကုသိုလ်ရေး လုပ်ဖို့သာ အဓိက၊
ဖိနပ်ရုံ ပိတ်ရတော့ကော ဘာဖြစ်လဲ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးက
ကျွေးလိမ့်လို့ ပြောတာဗျ”
လူကြီးစုံရာ ရပ်ကွက်ပိုင်းတွေမှာ
ကိုစန်းလွင်က အဲဒီလိုပြောရင် အားလုံးက ခေါင်းတညိတ်ညိတ်နှင့် သာဓုခေါ်ကြ
ရလေသည်။ ဆွမ်းလောင်းအသင်း အလှူခံသည့် အချိန်နှင့် အလှူခံသည့် ရက်ကို
တိုးမြှင့်ပြီး မြို့ထဲ ရပ်ကွက်တွေအထိ လှည့်လည်အလှူခံ ကြသလို ဆွမ်းချက်သည့်
ဆန်၊ ဝက်သားပိဿတွေ တိုးမြှင့်လာပြီး သံဃာတော်တွေပါ တိုးလောင်းကြရတော့
ရပ်ကွက်သားတွေ ပိုပြီး ပီတီဖြာကြ ရလေတယ်။
“မမ မြစန်းကြည်၊ တယ်လီဖုန်း လာတယ်”
ရပ်ကွက်ထိပ်က ပီစီအိုဆိုင်က လာပြော၍ မြစန်းကြည် အပြေးအလွှား
သွားနားထောင်ပြီး ချက်ချင်း ဆိုသလို အိမ်ဘက်ကို ပြန်ပြေးလာသည်။
အကြော်ဆိုင်က တင်တင်မာက မြစန်းကြည် သုတ်သီးသုတ်ပျာ ဖြစ်နေတာကို မြင်တော့
နောက်က လိုက်လာသည်။
“အမေ ရွာမှာ အဘွား နေမကောင်းလို့တဲ့၊ အမေ
အမြန်သွားမှ ဖြစ်မှာ၊ အို … အမေ တစ်ယောက်တည်းလည်း သွားလို့ဖြစ်မှာ
မဟုတ်ပါဘူး။ ကျွန်မပါ လိုက်ခဲ့မှာ ဖြစ်မှာပါ”
“သွားသာသွား မမ၊ အပ်ထည်တွေ ကျွန်မ တာဝန်ထား၊ အိမ်လည်း စောင့်ပေးမယ်”
ဟု နီနီထွန်းက ဝင်ပြောသည်။
“မြစန်းကြည်ရယ်၊ နင်ပြေးသွားလို့ ဘာများ အရေးကြီးလို့လဲလို့ နောက်က
လိုက်လာတာ။ မသွားမှ မဖြစ်ဘဲ သွားပေါ့လို့အေ။ ဒီလိုပေါ့။ ငါတော့ အားလျော့
ပါသေးတယ်အေ။ အခုအပတ်မှ စပြီး အုပ်ကြီးက ဈေးချို တစ်ရက်၊ ကိုင်းတန်းဈေး
တစ်ရက် အလှူခံ တိုးထွက်ရမယ်လို့ ပြောနေတာ။ ညည်းမပါတော့ ပျင်းပါသေးတယ်အေ”
ဘယ်လောက်ပဲ ပရဟိတ လုပ်ချင်လုပ်ချင် ကိုယ့်အဘွား ကျန်းမာရေး ဆိုတော့ အကုန်
ပစ်ထားခဲ့ရသည်။ မြစန်းကြည်နှင့် အမေတို့ အဝေးပြေးကားဖြင့် ရွာသို့
ပြန်လာခဲ့ရသည်။ ဟိုရောက်တော့ အဘွားကို စိတ်ရောကိုယ်ပါ ပြုစုပေမယ့် ရောဂါက
မသက်သာဘဲ တိုးလာ၍ မြို့နယ် ဆေးရုံသို့ တင်လိုက်ရသည်။ ရွာက သားသမီးတွေက
လယ်လုပ်၊ ပဲနှမ်းတောင်သူ အလုပ်တွေနဲ့မို့ မြစန်းကြည်တို့ သားအမိပဲ ဒိုင်ခံ
ဆေးရုံစောင့်ရသည်။ ဆေးရုံက ဆင်းပြန်တော့ နာလန်ထစ အဘွားကို အသက်ကြီးပြီမို့
ကလေးလို ပြန်ပြီး ပြုစုတတ်တာ ငါ့တူမ မြစန်းကြည်ပဲ ရှိတာအေ၊ မြို့သံယောဇဉ်
တွယ်မနေပါနဲ့တော့၊ ရွာသာ ရွှေ့ခဲ့ပါတော့။ ညည်းတို့ သားအမိ နှစ်ယောက်တည်းများ
ငါတို့ ကျွေးထားနိုင်ပါတယ်အေ ဆိုသည့် ဆွေမျိုးတစ်စုက ဝိုင်းတား
ကြတာကြောင့် မြစန်းကြည်တို့ ပြန်ရက် နှောင့်နှေးရပြန်သည်။
“အမေရေ၊
အပြီး ရွာမှာ နေလို့တော့ မဖြစ်ဘူးတော့။ တစ်ခေါက် တစ်ကျင်းတော့
ပြန်ချေရဦးမယ်။ ကျွန်မ စက်ဆိုင်လည်း ဘယ်အခြေအနေ ဆိုက်နေလဲ မသိဘူး။
ဖောက်သည်တွေနဲ့ နီနီထွန်းကော အဆင်ပြေပါ့မလား မသိ”
တစ်ရက် မြစန်းကြည်
အမေ့ကို ပွင့်ပွင့်လင်းလင်း ပြောပြမိသည်။ ဘယ့်နှယ် နှစ်လကျော် သုံးလထဲ
ရောက်နေပြီ။ မြစန်းကြည် မြို့ကို ပြန်ချင်နေသည်။ အမေကတော့ ရွာကအမျိုးတွေ
ဝိုင်းဝိုင်းလည်နှင့် နေရတာ ပျော်နေသလား မသိ၊ မလှုပ်တလှုပ်သာ ရှိပြီး
ပြန်မည်လို့ စကားတစ်ခွန်း မဟပေ၊ အမေ့ကို မြစန်းကြည် စိတ်တိုလာသည်။
“ကဲ ... အမေ အမျိုးတွေနဲ့ ပျော်နေရင် မလိုက်ချင်ရင် နေခဲ့ဦး။ ကျွန်မကတော့
အခုလို သီတင်းကျွတ်၊ တန်ဆောင်မုန်းဆို အပ်ထည်တွေ မတရား ချုပ်ရတာ ၊
ရပ်ကွက်ထဲမှာ စက်ဆိုင်တွေ အပြိုင် ဆိုတာလည်း အမေ အသိ၊ တော်ကြာ
ကိုယ့်ဖောက်သည်တွေ သူများလက် ပါဦးမယ်။ ကျွန်မကို ကားလက်မှတ်သာ ဖြတ်ပေးတော့၊
ကိုယ့်ဟာကိုယ် ပြန်မယ်”
“ညည်း တစ်ယောက်တည်း ပြန်လို့တော့ ဖြစ်ပါ့မလားအေ”
“အမေက မပြန်ချင်သေးဘူး မဟုတ်လား။ နေခဲ့ပေါ့”
“ဟုတ်တယ်။ ကြီးကြီးက ရွာမှာနေခဲ့၊ မမ မြစန်းကြည်ကို သား လိုက်ပို့လိုက်မယ်။ သားလည်း မြို့ကို အလည်ရောက်ရော”
“ဟဲ့ … အောင်မင်းစိန်၊ နင် တကယ် ပြောတာလား”
“တကယ်ပေါ့ဗျ”
မြစန်းကြည်ဖြင့် အမေနှင့်သူ မပြေမလည်ကြားထဲမှာ ဝင်ပြောလိုက်သည့် ဦးလေး၏သား
အောင်မင်းစိန်ကို ကျေးဇူးတင်လိုက်တာ၊ အောင်မင်းစိန်ကလည်း အဝေးသင်နှင့်
ဘွဲ့ယူပြီး လယ်ထဲချောင်းထဲ မဆင်းရသေးမီ မြစန်းကြည်နှင့် မြို့ကို
လိုက်လည်ရမည် ဖြစ်၍ အရမ်း ပျော်နေသည်။ မြစန်းကြည်ကလည်း လောက်လောက်လေးလေး
တစ်ဝမ်းကွဲ မောင်တစ်ယောက် လိုက်ပို့ မည် ဖြစ်၍ စိတ်ချလက်ချ အမေ့ကို
ထားခဲ့ပြီး မောင်နှမ နှစ်ယောက် အဝေးပြေးကားနှင့် မြို့သို့ ပြန်လာခဲ့ကြသည်။
အထုပ်တွေကို ထမ်းပြီး အရပ်ထဲ အဝင် -
“မမတို့ အရပ်က အပျံစားပါလား။ RC တိုက်တွေချည်းပဲ တယ်ဟုတ်ပါလား။ အိမ်မှ တစ်အိမ် နှစ်အိမ် ရှိတာ။ ဟင်း … ဟင်း … မမအိမ်က အိမ်မည်းကြီး”
စကားတွေ တဖောင်ဖောင် ပြောနေသည့် မောင်ကို ပြန်မပြောနိုင်ဘူး။ အိမ်ထဲကိုသာ
မြန်မြန်ဝင်မိသည်။ အိမ်ထဲမှာ နီနီထွန်းက စက်ချုပ်နေပြီး တင်တင်မာကို
ထူးထူးဆန်းဆန်း နီနီထွန်းနားမှာ ထိုင်နေတာ တွေ့ရလို့ မြစန်းကြည်
အံ့ဩသွားသည်။
“ဟော … မမ ပြန်လာပြီ”
ဟု နီနီထွန်းက အော်သည်။
“ဟဲ့ … ထူးထူးဆန်းဆန်း တင်တင်မာက အင်္ကျီ အပ်နေတာလား။ အတော်ပဲ ၊ အတော်ပဲ၊
ရွာက ထန်းလျက်တွေ၊ ပေါက်ပေါက်ဆုပ်တွေ၊ ပဲလှော်ကြော်တွေ ပါလာတယ်။ ဟဲ့ …
အောင်မင်းစိန်၊ တောင်းထဲက အထုပ်တွေ ဖြေစမ်း၊ လက်ဆောင်တွေ ပေးရအောင်။
အုပ်ကြီး ကိုစန်းလွင်တို့ဖို့လည်း ပါတယ်။ ငါ အများကြီး ထည့်ခဲ့တာ။ ဒါနဲ့
နေစမ်းပါဦး။ ဒီနေ့ အဝေးဖိတ် မဟုတ်လား။ ညည်းတို့က ဆွမ်းဆန်ခံ မထွက်ဘဲ ဘာလုပ်
နေကြတာတုံး”
မြစန်းကြည် အမေးကို ဘယ်သူမှ မဖြေကြပေ။ လက်ဆောင်တောင်း နားကို ဝိုင်းအုံ လာကြပြီး အထုပ်တွေကို နှိုက်ကြသည်။
“ရော့ … ဒါက တင်တင်မာဖို့၊ နီနီထွန်းက ဒါယူ၊ အထုပ်ကြီးကတော့ အုပ်ကြီးတို့
အိမ်ဖို့အေ။ သူကတော့ ကိုယ့်အုပ်ကြီးလည်းဖြစ် ကုသိုလ် လုပ်နေတဲ့သူ ဆိုတော့
ကြီးကြီးပေးရမှာပေါ့။ တင်တင်မာ၊ နင်ပြန်ရင် အဲဒီ လက်ဆောင်ထုပ် အုပ်ကြီး
ဝင်ပေးလိုက်အေ”
“နင့်ဘာသာ နင်သာ သွားပေးလိုက်စမ်းပါ၊ ငါ မသွားချင်ဘူး”
“ဟဲ့”
တင်တင်မာက ဆတ်ခနဲ ငြင်းလိုက်လို့ မြစန်းကြည် ဟဲ့ခနဲ အော်လိုက်မိသည်။
ပျက်တက်တက် ဖြစ်နေသော မျက်နှာတွေကို စူးစူးစမ်းစမ်း စပ်စုကြည့်မိရင်းက
တစ်စုံတစ်ခုကို သဘောပေါက်သလို ဖြစ်လာပြီး လက်ထဲက အထုပ်တွေကို
လွှတ်ချလိုက်ရင်း -
“ဟဲ့ … ငါ သွားနေတုန်း နင်တို့ …”
“အေး လာ … ခရီးရောက်မဆိုက်ဘဲ နင့်ကို ပြောရဦးမယ်”
ဆိုပြီး တင်တင်မာက ခုံတန်းလျားပေါ် သွားထိုင်လိုက်သဖြင့် မြစန်းကြည် အူကြောင်ကြောင်နှင့် ထိုင်လိုက်ရသည်။
“အစကတော့ ငါတို့အုပ်ကြီး အရမ်းတော်တာ၊ တကယ်ကောင်းတဲ့ လူတစ်ယောက်
ငါတို့ရပ်ကွက်က ရလိုက်ပြီလို့ ငါတို့လည်း အောက်မေ့ ခဲ့ကြတာ။ ကိုစန်းလွင်က
သူပြောတဲ့အတိုင်း တကယ် လုပ်တဲ့လူဟ”
“ဟင် … ဟင် … နင် ဘာပြောတာလဲ”
မြစန်းကြည် နားမျက်စိ လည်သွားသည်။
“သူပြောတဲ့အတိုင်း လုပ်တာဆိုရင် အပြောနဲ့ အလုပ်နဲ့ ညီတဲ့လူပေါ့။ ဒါဆိုရင် ဘာဖြစ်ကြတာလဲ”
တင်တင်မာက တခစ်ခစ် ရယ်နေသည်။
“နင်လည်း မှတ်မိမှာပါ၊ ကိုစန်းလွင်က လူထူထူဆိုရင် ခဏခဏ ပြောတယ်လေ၊
သူ့ကိုယ့်ကျိုးစီးပွား မလုပ်တော့ဘူး။ ဖိနပ်ရုံ လှည့်မကြည့်တော့ဘူး။ ဘုရား၊
တရား၊ သံဃာ ရတနာသုံးပါးက သူ့ကို ကျွေးလိမ့်မယ် ဆိုတာလေ”
“ဟင် … အဲ့ဒါ ဘာဖြစ်လို့တုံး”
“အဲ့ဒါပေါ့ဟ၊ သူတို့မိသားစုတွေနဲ့ ဖိနပ်ရုံ အလုပ်သမား ဆယ်ယောက်လောက်က
ဘာအလုပ်မှ မလုပ်တော့ဘဲ ရတနာသုံးပါး ကျွေးတာ စားနေကြတာလေ။ တစ်ပတ်ကို ငါးရက်
အလှူခံတယ်။ တစ်ရက်က ဆွမ်းချက်တယ်၊ ဥပုသ်နေ့ ဆွမ်းလောင်းတယ်၊ ငါတို့လည်း
ပထမတော့ သတိမထား မိသေးဘူး။ ငါးရက်ကြီး ဆိုတော့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက
ကိုယ့်အလုပ်နဲ့ကိုယ် အလှူခံ မလိုက်နိုင်ကြဘူး။ အုပ်ကြီးက ရပါတယ်၊ ရပါတယ်၊
ရပ်ကွက်က မလိုက်နိုင်ရင်လည်း ကျွန်တော့်လူနဲ့ ကျွန်တော် ရအောင် လုပ်ပါ့မယ်
ဆိုပြီး လုပ်တာ။ တဖြည်းဖြည်းနဲ့ ရပ်ကွက် ဆွမ်းလောင်းသင်းက သူ့ကိုယ်ပိုင်
ဆွမ်းလောင်းအသင်း ဖြစ်သွားရောဟ။ အလှူခံ ရတာတွေနဲ့ လူနှစ်ဆယ်လောက် နေ့တိုင်း
စားတယ်။ သုံးတယ်။ ရွှေတွေ ငွေတွေ ပိုတယ်၊ ရပ်ကွက်က မြင်နေရတာပဲ။ ဒါပေမဲ့ သူက
နပ်တယ်။ ဆွမ်းကို ဆွမ်းဟင်းခွက်တွေ တိုးလောင်းတယ်။ ကိုယ့်စီးပွားရေး
ကိုယ်တောင် မလုပ်နိုင်ဘူး။ ဖိနပ်ရုံ ပိတ်ရမလောက် ဖြစ်တဲ့အထိ
ကိုယ်ကျိုးစွန့်ပြီး လုပ်ရတာ ။ မပူပါဘူး၊ မပူပါဘူး၊ ရတနာသုံးပါးက
ကျွေးပါလိမ့်မယ်လို့ နာနာပြောတော့ လူကြီးတွေလည်း ဆွမ်းလောင်းအသင်း မပျက်ရင်
ပြီးတာပါပဲလေ ဆိုပြီး နှာစေးနေကြတာ နေမှာပေါ့ဟာ။ ငါတို့လည်း
မသွားကြတော့ဘူး။ သူတို့ကလည်း အဝင်မခံတော့ဘူး။ သူ့လူနဲ့သူ ပြည့်နေတာပါပဲဟာ”
မြစန်းကြည် ခုံတန်းလျားကို ကျောမှီချလိုက်ရင်း စိတ်ပျက်လက်ပျက်
ဖြစ်သွားရလေသည်။ ငါတို့ရပ်ကွက်မှာ အများအကျိုးကို မှန်မှန်ကန်ကန်
ဆောင်ရွက်ချင်သည့်သူ မရှိတော့ဘူးလား။ ငွေနှင့်ထိလိုက်လျှင် လူတိုင်းက ဒီလို
ဖြစ်သွားကြတာပဲလေ ဆိုသည့် အတွေးနှင့် ငေးနေမိသည်။ တင်တင်မာ ပြန်သွားတော့
ခုံတန်းလျားလေးပေါ်မှာလှဲ၍ တစ်မှေး မှေးမိသည်။ မိုးကြီး သည်းထန်စွာ
ရွာချသည်ကိုပင် မသိတော့။ ဘယ်လောက် အိပ်ပျော်သွားသည် မသိ။ မြစန်းကြည်
နိုးလာတော့ မိုးလည်း စဲသွားပြီ။ ရေပါသော မိုးကြောင့် မြောင်းတွေပိတ်၍
ရပ်ကွက်လည်း ရေလျှံနေပြီ။ ဒီရှုခင်းကို ခါးထောက် ကြည့်နေသော အောင်မင်းစိန်က -
“မမ မြစန်းကြည် ပေါက်တူးရှိလား၊ ပေးစမ်းပါ၊ ဘယ်သူမှလည်း ထွက်မလုပ်ကြဘူး။
ရွာမှာ ရေလျှံရင် အခင်းထဲ ကတွတ်ပေါက် ဖောက်ပေးမှ ရေကုန်တာ။ အဲဒီလို
လုပ်ပေးလိုက်ဦးမယ်”
မြစန်းကြည် သူ့မောင်ကို ချီးမွမ်းအံ့ဩရင်း
ပေါက်တူး ထုတ်ပေးလိုက်သည်။ အောင်မင်းစိန်က မိုးတဖွဲဖွဲထဲ ထွက်သွားပြီး
မြောင်းဖုံးတွေ လိုက်လှန်သည်။ မြောင်းထဲမှာ ပိတ်နေသည့် နွံတွေ၊ သဲတွေ၊
ခဲတွေ၊ ပလတ်စတစ် အမှိုက်တွေကို မြောင်းပေါင်ပေါ် တင်ပြီး ရေစီးရေလာ
ကောင်းအောင် လုပ်နေတော့ ဟိုအိမ် ဒီအိမ်က ယောက်ျားသားတွေ၊ လူငယ်တွေ
ထွက်လာပြီး ဝိုင်းလုပ်နေကြတာ မြစန်းကြည် တွေ့ရသည်။ ခါတိုင်း မိုးရွာလျှင်
တစ်ရက်လောက် ရေဝပ်နေသည့် ရပ်ကွက်က နာရီပိုင်းနှင့် ရေကျသွား၍ အားလုံး
ပျော်နေကြသည်။ အောင်မင်းစိန်တို့ စည်းရုံးရေး ကောင်းလိုက်ပုံက
ညနေစောင်းတွင် အရပ်ထဲက လူငယ်တွေက အောင်မင်းစိန်ကို လက်ဖက်ရည်ဆိုင်
သွားမယ်လို့ လာခေါ်ကြသည်။
“တယ်ဟုတ်ပါလားဟေ့၊ မမကလည်း အပ်ထည်တွေ
ပုံနေလို့ ခေါင်းမဖော်တမ်း ချုပ်နေရတာနဲ့ အောင်မင်းစိန် ပျင်းနေမယ်
ထင်နေတာ၊ အခုတော့ မင်းက အဖော်တွေ ရလို့”
“မမတို့ အရပ်ထဲက လူငယ်တွေက ကျွန်တော့်ကို သိပ်ခင်ကြတာဗျ။ သဘောလည်း ကောင်းကြတယ်”
သုံးလေးရက် မြစန်းကြည် သူ့မောင်ကို လှည့်မကြည့်နိင်။ အပ်ထည်တွေကိုသာ
ပွဲတော်အမီ ပေးဖို့ အတင်း ချုပ်နေရသည်။ အောင်မင်းစိန်ကိုလည်း
မိုးလင်းသည်နှင့် လူငယ်တွေ လာခေါ်သွားကြသည်။
“မမ မြစန်းကြည် တစ်ထောင်ထည့်ပါ။ တစ်အိမ်တစ်ထောင် ငွေကောက်ရမှာမို့၊ ကျွန်တော်တို့ ရန်ပုံငွေ …”
“ဟင် ... ဘာလုပ်မလို့လဲ”
“ဟာ ... မမတို့ ရပ်ကွက်က ရေဆိုးထဲ ဝပ်နေတယ်။ အမှိုက်တွေလည်း ပွလို့၊
ကိုင်းတောတွေက ရှိသေး။ ဒါတွေကို ရှင်းဖို့၊ လင်းဖို့ ရပ်ကွက်
သန့်ရှင်းရေးအသင်း ဖွဲ့လိုက်တယ်လေ။ ကျွန်တော်လည်း ရွာကို တော်တော်နဲ့
ပြန်ဖြစ်မှာ မဟုတ်လို့ အကြံပေးလိုက်တာနဲ့ ဖွဲ့လိုက်ကြတာ၊ အဖွဲ့ဆိုတော့
ရန်ပုံငွေ လိုတယ်လေ”
မြစန်းကြည် သူ့မောင်ကို မျက်လုံးပြူး ကြည့်မိသည်။
“နင်က အဲဒီ အဖွဲ့မှာ …”
“ဟုတ်တယ်။ ကျွန်တော်က ဥက္ကဌလေ၊ အခုဆိုရင် လူငယ်တွေက ကျွန်တော့်ကို အုပ်လေးလို့ ခေါ်နေကြပြီ မမရဲ့။ နာမည် မခေါ်ကြတော့ဘူးဗျ”
မြစန်းကြည် တုန်တုန်ယင်ယင် ထုတ်ပေးလိုက်သည့် တစ်ထောင်တန်ကို ယူပြီး
အောင်မင်းစိန်က လေလေး တချွန်ချွန်နဲ့ ထွက်သွားလေသည်။ အိတ်ကပ်ထဲက
တစ်ထောင်တန် အထပ်လိုက်ကို ကြည့်ရင်း -
“ဪ ... ဒီရပ်ကွက် သေးသေးလေးလေး ထဲမှာ ဥက္ကဌ တစ်ယောက် တိုးလာပြန်ပါပေါ့လား”
ဟု မြစန်းကြည် တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။
-----------------------
ယဉ်ယဉ်နု (မန္တလေး)
ရွှေအမြုတေ၊ အောက်တိုဘာ၊၂၀၁၃။
No comments:
Post a Comment