Wednesday, 30 August 2017

မပျင်းသော်လည်း တောပြန်ချင်သည် မှတ်တိုင်နှင့် ဆိုင်းဘုတ်

၆-၂-၂၀၀၁ နေ့က တောဘုရားပွဲ တစ်ပွဲသို့ သီဆို ဧည့်ခံရန် သွားရပါသည်။ အကြောင်းရင်း ငွေကြေးကိစ္စ မဟုတ်ပါ။ ညီငယ်လို ဖြစ်နေသော တေးရေးဆရာ ညွန့်လှိုင်လှိုင်က မရ,အရ ဖိတ်သောကြောင့် ဖြစ်ပါသည်။ ရွာဘုရား၏ ဆရာတော်က သူ့ကျောင်းနေဖက် သူငယ်ချင်း (ဟိုရောက်မှ သိရတာက ဘုန်းကြီးသည် ကျွန်တော် နေခဲ့သော စက်မှုလက်မှု ကျောင်းထွက်ပင် ဖြစ်နေ၏။)
“ဒါးပိန်တွင်ပါ အစ်ကိုရာ” ဟု ညွန့်လှိုင်လှိုင်က ပြောသဖြင့် ခေါင်းညိတ် လိုက်ပါသည်။ “ဒါးပိန်” နှင့် “သင်္ဃန်းကျွန်း” ဆိုတာ မော်တော်ကား နာရီပိုင်းသာ မောင်းရသော ခရီး ဖြစ်သည်။
သည်လိုနှင့် ထိုနေ့ညနေ ၃နာရီခန့်တွင် ကျွန်တော့်ကို လာကြိုပါသည်။ ဂီတာဖေဝင်း၊ စန္ဒရား ကိုသန်းဖေနှင့် မေရွက်ဝါတို့လည်း ပါလာကြသည်။ ကားက နောက်ဖွင့်ဟိုင်းလတ်ပါ။ ကျွန်တော့်ကို ရှေ့ခန်းထိုင်ပါဟု ဆိုကြသည်။ ကျွန်တော်က နောက်ခန်းမှာပဲ ပျော်ပျော်ပါးပါး ထိုင်ချင်သည်။
“လမ်းမှာ ဖုန်သိပ်ထူတယ် ကိုသုမောင်” ဟု ပြောလာကြသော အခါ ရှေ့ခန်း ထိုင်ဖို့ထက် “ဖုန်” ကြောက်သော အသံသမားမို့ ရှေ့ခန်းပဲ ထိုင်ရသည်။ တစ်ဆက်တည်းမှာပင် “ဖုန်ထူတယ်” ဆိုသော စကားကို စိတ်ကို ထင့်သွားစေသည်။ လမ်းမကောင်းဟု အဓိပ္ပါယ် ရသောကြောင့်ပင်။
ထင်သည့် အတိုင်းပင် လေးထောင့်ကန်မှ ဒါးပိန်တာဆုံ အတိုင်း လမ်းချိုးလိုက် ကတည်းက ကားကို အရှိန်လျှော့ ရတော့သည်။ ပုံမှန်မောင်းလို့ မရလောက်အောင် ကတ္တရားလမ်းက တော်တော် ပျက်နေပါပြီ။
“ရှေ့ ဒီထက် ဆိုးမယ်ဗျ” ဟု ကားမောင်းသူက ထောမနာ ပြုသဖြင့် စိတ်ညစ်မိသည်။
သူပြောသည့် အတိုင်းပင် နောက်ထပ် လေးငါးမိုင်လောက် ရောက်သော် လှည်းလမ်း ဖြစ်သွားတော့သည်။ ဖုန် တထောင်းထောင်း ထသည်။ ကားအရှိန်က လမ်းဆင်း လျှောက်ချင်စရာ ကောင်းလောက်အောင် တစ်လှိမ့်ချင်း လှိမ့်ရသည်။ ကမူများနှင့် ကားအောက်ပိုင်း တစ်ချက် တစ်ချက် ငြိသည်။ ထိုလမ်းအတိုင်း နောက်ထပ် လေးငါးမိုင် သွားရသည်။
“ဒါးပိန်း” သို့ ရောက်ပါပြီ။ သို့သော် ဒါးပိန်မှာ ကားလမ်းမရှိ၊ လှည်းလမ်းသာ ရှိသည်။ ကျွန်တော် က ဒါးပိန် ရောက်ပြီမို့ အထုပ်အပိုး ပြင်သည်။ ကားက တော်တော်နှင့် မရပ်။ ဒါးပိန်မြို့စွန်။ ပဲခူးမြစ်ဆိပ်ထိ ဆက်မောင်းသည်။ လမ်းဆုံးပေပြီ။
ကားပေါ်က ဆင်းတော့မှ ညွန့်လှိုင်လှိုင်-
“ဟိုဘက်ကမ်း ကူးရမယ် အစ်ကို” ဟု မျက်နှာငယ်ဖြင့် ပြောသည်။ တကယ်တော့ သူ့သူငယ်ချင်း ဘုန်းကြီး ဖိတ်လို့သာ လာရသည်။ သူကိုယ်တိုင်ပင် မရောက်ဖူးသော ခရီးပါ။
တစ်ဖက်ကမ်းမှ လော်စပီကာအသံ ကြားနေရသဖြင့် ဟိုဘက်ကမ်း ကူးလျှင် ရောက်ပြီဟု ထင်သော်လည်း တကယ်တမ်း ပဲ့ထောင် မော်တော်ပေါ် ရောက်လို့ ခရီးဆက်ကြတော့ ပဲခူးမြစ်ကြီးကို ဆန်တက် သွားရတော့သည်။ မိနစ် ၄၀ ကြာမျှ ပဲ့ထောင် စီးရပြန်သည်။
“ရောက်ပြီး” ဆိုသဖြင့် မြစ်ဆိပ်ကမ်း တစ်ခုမှာ ဆင်းရသည်။ ခနော်ခနဲ့ ဆိပ်ကမ်းပေါင်ကလေး ပေါ်မှာ ကဏန်းသွား ဘေးတိုက် တက်ရသည်။ ရွှံ့နွံ ချော်ကျိကျိကြောင့် သတိထားရသည်။
ဟိုက် … ကမ်းပေါ်ရောက်တော့ လယ်ကွင်းပြင်ကျယ် ရိုးပြတ်တောကြီး။ ဘာရွာ ဘာ ဘုန်းကြီးကျောင်းမှ မတွေ့ရ။ အသင့် စောင့်နေသော နွားလှည်းနှစ်စီး ပါလား။
သည်လိုနှင့် နွားလှည်းခရီးကို ရိုးပြတ်တောများ၊ သင်္ချိုင်းကုန်းများ ဖြတ်ပြီး နောက်ထပ် မိနစ် ၄၀ ခန့် စီးရပါသည်။ နေဝင်ရီတရောမို့ ကျေးလက် ပသာဒကိုတော့ ခံစားလိုက်ရသည်။
“အစ်ကို့ကို အားနာလိုက်တာ” ဟု ညွန်လှိုင်လှိုင်က ပြောတော့ “ဟ … ငါတို့ စာရေးဆရာတွေ ဒီထက်ဆိုးတဲ့ ခရီး သွားဖူးပြီးသားပါ” ဟု ဟန်ကိုယ့်ဖို့ စကား ဆိုရသည်။ တကယ်တော့မူ ပင်ပန်းလှပါပြီ။ ရိုးရိုး ပြောရလျှင် အကယ်ဒမီ သုမောင်နှင့် ဤခရီး မအပ်စပ်ဟု စိတ်ထဲ ဖြစ်မိပါရဲ့။
သည်လိုနှင့် ရွာရောက်တော့ မိုးချုပ်နေပါပြီ။ ရောက်ရောက်ချင်း ရွာထမင်း ရွာဟင်းဖြင့် ဧည့်ခံကြရှာသည်။ ထုံးစံအတိုင်း ပရိတ်သတ် အခြေအနေ ကြည့်လိုက်တော့ ကလေး တစ်သိုက်သာ ကျွမ်းထိုးနေတာ တွေ့ရသည်။ (ရွာကြီး အမည်က မကြက်ကြီး ရွာပါ။)
ကျွန်တော် မျက်နှာပျက် သွားတာကို သတိပြုမိဟန် တူသော ဆရာတော်က …
“ကိုသုမောင် အားမငယ်နဲ့၊ ပရိတ်သတ်က ရွာလုံးကျွတ် လာကြမှာပါ။ သူတို့က ခင်ဗျားကို မျှော်နေတာ။ ခုတော့ ပဲရိတ်ပြီး အိမ်ပြန် ချက်ပြုတ်၊ ရေမိုးချိုး နေကြပုံရပါတယ်။ ခဏနေ လူပြည့် သွားမှာပါ” ဟု အားပေးစကား ပြောပါသည်။
ထမင်းစားပြီးတော့ “သိမ်” ထဲကို နေရာ ပြောင်းပေးပါသည်။ အဝတ်အစား လဲရန် ဖြစ်သည်။ ကျွန်တော်တို့ သိမ်ထဲထိုင်ပြီး ရေးနွေးကြမ်းသောက်၊ သီချင်းတိုက် လုပ်နေစဉ်မှာ “သိမ်” ပြတင်းပေါက် တံခါးက ဟစိဟစိ ဖြစ်လိုက် “ဟေး” ခနဲ အော်လိုက်၊ “တို့နိုင်တယ်” အော်လိုက် လုပ်နေသံ ကြားရသည်။
သည်တော့မှ ရွာခံလူကြီး တစ်ယောက်က “အကယ်ဒမီ သုမောင် ဒီရွာကို လာ,မလာ လောင်းနေကြတာဗျ” ဟု ရိုးရိုးကြီး ပြောသည်။ လမ်းမှာ ပင်ပန်းခဲ့သမျှ၊ တကယ် စိတ်ညစ်ခဲ့သမျှ တစ်ဝက်သက်သာ သွားသလိုပင်။
* * *
ညကိုးနာရီလောက်တွင် “ကိုသုမောင်” တို့ ပွဲကြည့်စင်ကို သွားလို့ ရပါပြီဟု လာပြောသဖြင့် စင်ရှိရာသို့ သွားသောအခါ တကယ်ပင် ရွာလုံးကျွတ် ပရိတ်သတ်တွေ ပြည့်နှက်နေတာ တွေ့ရသဖြင့် အားတက်မိသည်။ ပရိတ်သတ် ကြားမှ လက်အုပ်ချီပြီး ဖြတ်သောအခါ လက်ခုပ် ဩဘာသံတွေ ညံသွားသည်။ “ချောလိုက်တာ”၊ “အပြင်မှာ ပိုပြီးနုတယ်”၊ “ဘဝင် မမြင့်ဘူးနော်” စသည့် လိုအပ်တာထက် ပိုသော ချီးမွမ်းသော စကားသံများကို ဟိုတစ်စ၊ သည်တစ်စ ကြားရသည်။ သူတို့ကို ပြုံးပြ နှုတ်ဆက်ရင်း သတိထား ကြည့်လိုက်တော့ ပီဘိတောသူ၊ တောင်သားတွေပါ။ ရှိသမျှနှင့် အလှဆုံး ဖြစ်အောင် ပြင်ဆင် လာကြပါကလား။
ကျွန်တော်က စတင် ဧည့်ခံသီဆို ရပါသည်။ “ဂုဏ်ကြီးရှင် ဆိုပါဗျို့”၊ “ဗိုလ်အောင်ဒင်လို လွမ်းပြမယ် ဆိုပါဗျို့” ဟူသော ကာလသား တစ်သိုက်၏ တောင်းဆိုချက်များမှ အပ ဘာသီချင်းဆိုဆို လက်ခုပ်ဩဘာ ပေးကြသည်။ “နောက်တစ်ပုဒ်”၊ “နောက်တစ်ပုဒ်” ဟု အော်ဟစ် ကြသဖြင့် တေးသီချင်း ရှစ်ပုဒ်လောက် ဆိုဖြစ်သွားခဲ့သည်။ ရှားရှားပါးပါး ဆုတော်ငွေ ငါးရာ ချသဖြင့် ဘုရားသို့ ပြန်လှူရသေးသည်။ ကျွန်တော်ပြီးတော့ ညွန့်လှိုင်လှိုင်၊ ပြီးတော့ ဂီတာဖေဝင်း၊ နောက်ဆုံးမှ မေရွက်ဝါ။ ရွာခံ တစ်ခြမ်းပဲ့ဆိုင်းက ကူညီသည်။ စန္ဒရား ကိုသန်းဖေက အော်ဂင်တီးသည်။ တီးဝိုင်းနှင့် တေးသီချင်းများ သိပ်ပြီး မကိုက်လှသော်လည်း ပရိတ်သတ်ကတော့ သဘောကျ နေကြပါသည်။
တစ်ခုပဲ မေရွက်ဝါဆိုလို့ နှစ်ပုဒ်၊ သုံးပုဒ်လည်း ကျရော (ညဆယ့်နာရီခွဲ) ပရိတ်သတ် တစ်ဝတ်လောက် ထပြန်ကုန်ကြသည်။ မေရွက်ဝါ ခမျာမှာလည်း မျက်စိမျက်နှာ ပျက်လို့။ ကျွန်တော့်မှာလည်း အားနာပါးနာ ဖြစ်လို့။ သည်အဖြစ်ကို ရွာခံအဒေါ်ကြီး တစ်ယောက် ဝင်ရှင်းပြသည်။
“သူရို့တွေက ခုလောက် အိမ်ပြန်မှ တစ်ရေး အိပ်ရမှာ။ မနက်စောစော နှစ်နှာရီလောက်မှာ ဒီရွာကနေ လမ်းလျှောက်၊ မြစ်ကို လှေနဲ့ကူး၊ ဒါပိန်းကနေ လေးထောင့်ကန်ထိ လမ်းပြန်လျှောက်၊ အဲဒီကမှ ကုန်စိမ်းကားနဲ့ သင်္ဃန်းကျွန်း ဈေးမှာ မနက်စောစော ဈေးသွားရောင်း ကြရတာ”
ကျွန်တော်က ပင်ပန်းလှပြီ ထင်သော ကားခရီး၊ လှည်းခရီးကို သူတို့တွေ နေ့စဉ် လမ်းလျှောက်သွားပြီး ဈေးရောင်းကြမှန်း သိတော့ စိတ်မကောင်း ဖြစ်မိသည်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။
ညဆယ့်နှစ်နာရီတွင် ပွဲသိမ်းပါသည်။ ဆယ့်နှစ်နာရီခွဲတွင် လာလမ်းအတိုင်း ပြန်ကြရပါသည်။
မြူတွေက ဆိုင်းနေသည်။ လပြည့်ရန် တစ်ရက်သာ လိုသဖြင့် လသာ နေသော်လည်း မြူခိုးတွေကြောင့် ရှေ့လှည်း၊ နောက်လှည်း မမြင်ရပါ။ ချမ်းကလည်း ချမ်းပါသည်။ သင်္ချိုင်းကုန်းတွေ ဖြတ်ရသောအခါ ကျောစိမ့်အောင် ချမ်းလှပါသည်။
လှေဆိပ်ရောက်လို့ ပဲ့ထောင် မော်တော်ကလေးပေါ် မမြင်မစမ်းတက်၊ နေရာ ယူပြီးကြခါမှ မော်တော်ဆရာ ရွာမှာ ကျန်ခဲ့သည် ဆိုသဖြင့် စိတ်ညစ်ရ ပြန်သည်။ လှည်းလမ်းဖြင့် နာရီဝက်လောက် မောင်းရသော ခရီးကို ရွာခံလူငယ်လေး တစ်ယောက်က ခြေလျင် ပြန်သွားရ ပြန်သည်။ ကျွန်တော်တို့ကို လိုက်ပို့သော လှည်းတွေက ချက်ချင်း ပြန်သွားကြပြီ။ သူ့အနေနှင့်မူ ဘာမျှ ထူးခြားဟန်မတူ။ ဧည့်သည်တွေကို အားနာ နေပုံသာ ရသည်။
လှေဆိပ်တွင် လသာသာ၊ မြူဆိုင်းဆိုင်းဖြင့် ပေါင်းမိုးအောက်မှာ ဂီတာဖေဝင်း၏ မယ်ဒလင် လက်သံကို နားခံရင်း တစ်နာရီသာသာ စောင့်ခဲ့ရသည်။ ညနှစ်ချက် တီးလေပြီ။
ပဲ့ထောင်ဆရာ ရောက်လာတော့ “လှေဆရာရေ မြစ်ကမ်းနားက ကပ်ပြီး ဖြည်းဖြည်းသာ မောင်းပါ” ဆိုသော မေရွက်ဝါ အသံကို ကြားရသည်။ ဟုတ်ပ ငြိမ်သက်နေသော ပဲခူးမြစ်ကြီးက အိပ်ပျော်နေသော နဂါးကြီးပမာ။ ဒါးပိန်ဆိပ်ကမ်း ပြန်ရောက်မှ သက်ပြင်းချ နိုင်တော့သည်။ ဟိုင်းလပ်ကားက အသင့်စောင့် နေပြီမို့ ဘုရားစာရွတ်ခဲ့မှု အရှိန်လည်း လျော့ကျ သွားတော့သည်။
ဘာပဲဖြစ်ဖြစ် အပြန်ခရီးသည် ညဥ့်နက်ပိုင်း ဆိုပေမယ့် အလာခရီးလောက် ကျွန်တော့်ကို သိပ်မပင်ပန်းစေပါ။ နားထဲမှာလည်း “အကယ်ဒမီသုမောင် ဒီလိုရွာမျိုး တကယ် လာ,မလာ လောင်းနေကြတာ”၊ “ချောလိုက်တာတော်”၊ “အပြင်မှာ ပိုနုတယ်”၊ “ကိုယ့်ရွာလို သဘောထားပြီ များများ ဆိုပါဗျို့” စသော အသံများကိုသာ ကြားနေမိသည်။ မဟုတ်သော်ရှိ၊ ဟုတ်သော်ရှိ ပီတိတွေ ဝေနေသည်။ “ငါ့မှာ တောပရိတ်သတ်တွေ ရှိနေသေးတာပဲ” ဟူ၍လည်း အားတက်မိသည်။ ဘဝင်ကလေး မြင့်မိသလားတော့ သတိမထားမိ။ ဘာပဲဖြစ်ဖြစ် တောသူတောင်သားတွေ နှစ်နှစ်ကာကာ အားပေးခံရတာ အရသာ ရှိလှသည်။ သူတို့သည် ရိုးသားစွာ အားပေးနေမှန်း သိသာပါသည်။
“အင်း … တစ်ချိန်ကျရင် တောလက် ကျေးရွာတွေဘက် လှည့်ပြီး အနုပညာဖြင့် ဘဝကို အဆုံးသတ်ရဦးမည်” ဟု တကယ်ပင် စိတ်ကူးယဉ်မိသည်။
တစ်ဆက်တည်းမှာပင် တွံတေး(ဦး)သိန်းတန်ကို သတိရလိုက်တာလေ။
(ကလျာ၊ ဧပြီ၊ ၂၀၀၁။)
* * *
မှတ်တိုင်နှင့် ဆိုင်းဘုတ်
--------------------------
“ဟေ့ ဗလကြီး … ဟိုကောင် ငါ့ဆီ လာသွားတယ်။ စိတ်ဓာတ်တွေ ကျနေလို့ ဘာဆေး စားရမလဲ တဲ့။ ငါက တရားထိုင်၊ စိပ်ပုတီးစိပ်လို့ ပြောလိုက်တယ်”
ကျွန်တော့်ကို တူလို သားလို ချစ်သော ပါရဂူ ဆရာဝန်ကြီး တစ်ဦးက ပြန်ပြောခြင်း ဖြစ်ပါသည်။ သူ ညွှန်းလိုသော “ဟိုကောင်” ဆိုသည်မှာ တစ်ချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့ပြီး ခုနှယ်ခါ ကျဆင်းစ ပြုနေပြီ ဖြစ်သော မင်းသားတစ်ယောက်ကို ဖြစ်ပါသည်။ တကယ်တော့ ကျော်ကြားမှု ဒဏ်ကို မခံနိုင်သူတိုင်း ကျဆင်းချိန်တွင် သည်လိုပဲ ခံစားရမှာ ဖြစ်ကြောင်း ကျွန်တော် ကိုယ်ချင်းစာပါသည်။ ဒါက ဓမ္မတာပေပါပဲ။ သို့သော် လောကကြီး အကြောင်း မသိတောင် ကိုယ့်ဘဝကိုယ် အသိကလေး ယှဉ်ပြီး ကြည့်တတ်လျှင် စိတ်သက်သာရာ ရနိုင်ပါသည်။
ကျွန်တော် သတိထားမိသလောက် ထိုကဲ့သို့ သိမ်ငယ်စိတ် ဝင်တတ်ကြ သူများတွင် မင်းသားများက မင်းသမီးများထက် လွန်ကဲပါသည်။ အကြောင်းမှာ စိတ်မာသော ယောက်ျားများသည် ယောနိသော မနသိကာရ နှလုံးသွင်းမှုကို မိန်းမသားတွေလောက် မထားတတ် သောကြောင့်ပင်။ မိန်းမသားတို့ သည်ကား စိတ်နုသလို စိတ်ကို ပြုပြင်ဖို့ လွယ်သည်။ မာသော အရာသည် ကျိုးပဲ့ လွယ်သလောက် ပျော့သော အရာသည် ပုံစံပြောင်းလို့ လွယ်သည့်သဘော ဖြစ်သည်။
ထို့ကြောင့်ပင် စောစောက ပြောသော မင်းသားလတ်ခမျာ ဆရာဝန်ဆီပြေး ဆေးတောင်း ရသည်အထိ ဖြစ်ရခြင်းပါ။ ဒါကြောင့်လည်း ဆရာဝန်က သူ့ကို “ရုပ်ဆေး” မပေးဘဲ “စိတ်ဆေး” ပေးလိုက်ဟန် တူပါသည်။
“အဲဒါ ဒီကောင့်ကို တွေ့ရင် မင်းလည်း ကြည့်ဆုံးမဦး”ဟု ဆရာဝန်ကြီးက ကျွန်တော့်ကို ညွှန်ကြားပါသည်။ ခက်တာက သူ့ကို ဆုံးမရန် ကျွန်တော်ကရော ဘယ်လောက်အထိ လျှမ်းလျှမ်းတောက် (ရုပ်ရှင်မင်းသား) ဘဝကို ရခဲ့လို့ပါနည်း။ ကျွန်တော်သည် အကယ်ဒမီ ရခဲ့သော သရုပ်ဆောင်ကောင်း တစ်ဦးမျှသာ ဖြစ်ပါသည်။ ရိုးရိုး ပြောကြကြေးဆို၊ အဆိုပိုင်းနှင့် စာရေးသည့် အပိုင်းလောက်ပင် ရုပ်ရှင်၌ ကျွန်တော် မအောင်မြင်ခဲ့ပါ။ သို့သော် ဆရာကြီး ကျေနပ်အောင်တော့ဖြင့် ခေါင်းညိတ်ခဲ့ပါသည်။
သည်လို တာဝန်ပေးမှုမျိုးတွေ ကျွန်တော် မကြာခဏ ကြုံဖူးသည်။ သည်အတွက်လည်း ခေါင်းခဲရသည်မှာ အကြိမ်ကြိမ် ဖြစ်သည်။ အထူးသဖြင့် နောက်တက် မင်းသာလေးတွေ အရက်သောက်တာ နည်းနည်း လွန်လာပြီဆိုရင် “ကိုသုမောင် ကြည့်ပြော ပေးပါဦး” ဟု တာဝန် ရှိသူတွေက အကူအညီ တောင်းတတ်သည်။ ထိုအခါ ကျွန်တော် ပြုံးမိတတ်သည်။ ဪ … ငါ့နှယ်နော် ယမကာ တစ်ဖက်ကမ်းခပ် “ပါရဂူ” ကျနေတာပဲ ဟူ၍ ဖြစ်သည်။ နောက်တစ်ခု … အကယ်တည့် ကျွန်တော်က …
“ဟေ့ လျှော့သောက်ကွာ၊ မသောက်ပါနဲ့ကွာ” ဟု လူတတ် ဆရာကြီး လုပ်လိုက်ပြီ ဆိုပါစို့။ ချာတိတ်က “ဟာ အစ်ကိုကြီးတုန်းက ရောဗျာ” ဟု မပြောသည့်တိုင် မျက်လုံးတစ်ချက် ပြန်ကြည့်လိုက်လျှင် ကျွန်တော် ပက်လက် လန်ရမည် မဟုတ်ပါလား။
ထို့ကြောင့် သည်လို အနုပညာ ကိစ္စတွေ ဆိုဆုံးမဖို့ တာဝန်ပေး ခံရလျှင် ကျွန်တော် တော်တော် ခေါင်းခဲရခြင်း ဖြစ်ပါသည်။
* * *
အနုပညာ အောင်မြင်မှု၊ ကျဆုံးခြင်းနှင့် ပတ်သက်၍ ကျွန်တော့်မှာလည်း ကိုယ့်အထွာနှင့် ကိုယ်တော့ သိမ်ငယ်စိတ် ရှိခဲ့ဖူးသည်အမှန်ပင်။ မင်းသားဘဝက ဘာပဲဖြစ်ဖြစ် စူပါ မဟုတ်သည့်တိုင် ခေတ်တစ်ခေတ်တော့ ထူထောင် နိုင်ခဲ့ဖူးသည်ပဲ။ အဆိုကျော် ဘဝက ဆိုလျှင်တော့ စူပါတန်း ဝင်ခဲ့ဖူးသည်ပဲ။ သို့သော် ရိပ်ခနဲ ကျဆုံးချိန်မှာတော့ “ဒိတ်” ခနဲ ခံစားလိုက်ရတာပဲ အမှန်ပင်။
သို့သော် … တစ်နေ့သော အခါက ရုပ်ရှင်မင်းသား မိတ်ဆွေ တစ်ယောက်က အားကျစကား တစ်ခွန်း ပြောလာသောအခါ ကျွန်တော် တော်တော် စိတ်ချမ်းသာ၏။
“ဘိုသုတို့ကတော့ အေးအေးဆေးဆေးပဲနော်။ မင်းသား ဘဝက ကျသွားတော့ သီချင်းကလေး ဆိုနေလို့ ရသေးတယ်။ ဟော 'စာ'ကလေးလည်း ရေးနေသေးတယ်။ အင်း … မင်းသား ဆိုတာက အသက်ကြီးလေ တန်ဖိုးကျလေ စာရေးဆရာ ဆိုတာက အသက်ကြီးလာလေ ဂုဏ်ကြီးလာလေ မဟုတ်လား” တဲ့။ သူက ရိုးသားစွာ အားကျစကား ဆိုသော်လည်း ကျွန်တော့် အဖို့တော့ အမှတ်မထင် အားဆေး တစ်ခွက်ပင်။ ဒါကလည်း ဟိုယခင် ကျဆုံးစကကို ပြောတာပါ။ နောက်တော့လည်း စာပေတွေ၊ ဂီတတွေ၊ ရုပ်ရှင်တွေ ဘာတွေရယ် စိတ်ထဲ သိပ် မထားတော့ပါဘူး။ (အောင်မြင်မှု တန်ဖိုး ပြောပါတယ်) ကိုယ့်စိတ်ကလေးကို အေးချမ်းအောင် ထားပြီး မိမိ ဝါသနာပါရာ အနုပညာ လုပ်ငန်းလေးတွေ လုပ်စားလောက်၊ နေလောက်ရုံကလေးရ အေးတာပဲဟု နှလုံးသွင်းလာ နိုင်ခဲ့ပါတော့သည်။
တစ်ခုတော့ ရှိသည်။ လောကသဘာဝ ဖြစ်ပျက်တတ်သည်ကို သိသော်လည်း နှောင်းလူသစ်တို့ အတွက်ကား အတွေ့အကြုံ ကလေးတွေ၊ နည်းလမ်း ကလေးတွေကို ပေးဝေချင်သည်။ သည်တော့ အောင်မြင်မှုနှင့် ကျဆုံးမှု၊ တည်တံ့မှုနှင့် ယိမ်းယိုင်မှု၊ ပျော်ရွှင်မှုနှင့် သာယာမှု ကွာခြားပုံကလေးကို ကြုံလျှင် ပြောပြတတ်လာသည်။
* * *
ကျွန်တော်တို့ သာဓုခြံနှင့် မလှမ်းမကမ်းတွင် ထင်မြင်သာသော ဆိုင်းဘုတ်ကြီးတစ်ခု အမြဲတမ်း ရှိနေသည်။ တန်ဖိုးလည်း ကြီးပုံရသည်။ ညအခါ မီးရောင်စုံများလည်း ထွန်းညှိထားသည်။ တစ်ခါတစ်ရံ ပန်းချီ၊ တစ်ခါတလေ ဓာတ်ပုံကြီးများ၊ တစ်ရံတချို့တော့ ကြွေရောင် ကြွေပြားဒီဇိုင်း စသည်ဖြင့် မြင်သူတိုင်း ငေးလောက်သည့် ကြော်ငြာ ဆိုင်းဘုတ်ကြီး ဖြစ်သည်။ ဖြတ်သွား ဖြတ်လာများက လှည့်ကြည့်၊ ငဲ့ကြည့်ရသလို ကျွန်တော် ကိုယ်တိုင်လည်း မကြာ မကြာ သတိထား ကြည့်နေမိခဲ့သည်။ ထိုသို့ မကြာ မကြာ ကြည့်နေမိသောအခါ ကျွန်တော် သတိထားမိတာ တစ်ခု သွားတွေ့သည်။ အခြားမဟုတ် ထိုဆိုင်းဘုတ်ကြီး ပေါ်မှ ကြော်ငြာများ ဖြစ်သည်။ ပြီးခဲ့သည့်လက အထိ ဘီယာကြော်ငြာ၊ ဟော ခုလကျတော့ စက်ဘီးကြော်ငြာ ဖြစ်နေသည်။ ဟင် … နောက် သုံးလေးလ နေတော့ မုန့်ကြွပ်ကြော်ငြာ ဖြစ်နေပါပေါ့လား။ သည်လိုပဲ ကြော်ငြာတွေ ခဏခဏ ပြောင်းသွားသလို လူတွေကလည်း ဒါကိုပင် စိတ်ဝင်တစား ငဲ့ကြည့်၊ လှည့်ကြည့် ဝိုင်းအုံကြည့်နှင့်။ သည်လိုပဲ လူတွေ ကြည့်ချင်စရာ ကြော်ငြာတွေ ချိတ်ဆွဲနေသော ထို ဆိုင်းဘုတ်ကြီး၏ အောက်တွင် “၃၉” ဟူ၍ ဖြူ/နီ ဖြင့် ရိုးရိုးကလေး ရေးထားသော “ဘတ်စ်ကားမှတ်တိုင်” ကလေး ရှိသည်။ ကြာပဲ ကြာလှပြီ။ နွမ်းလည်း နွမ်းလှပြီ။ သို့သော် သူကတော့ မပြောင်းလဲပေ။ ခရီးသည်တွေ အတွက် အသင့် အနေအထားမှာပင် ငုတ်တုတ် တာဝန်ထမ်းဆောင် နေမြဲပင်။ ခရီးသည်တွေက သူ့ ရှေ့မှာ ရပ်ပြီး ဆိုင်းဘုတ်ကိုသာ မော့၍ ငေး၍ ကြည့်ကြသော်လည်း သူ့ကိုတော့ ပစ်ပယ်မထား။ သွားလိုရာ ခရီးအတွက် သည် “မှတ်တိုင်” ကလေး ရှေ့မှာသာ စုရပ် လုပ်နေကြလေသည်။ “မှတ်တိုင်” ကလေးကလည်း ဒါကိုပင် ကျေနပ်နေပုံရသည်။
ကျွန်တော် ဆိုလိုတာက ဘယ် အနုပညာရပ်မှာ မဆို ဆိုင်းဘုတ် ထောင်တာထက် မှတ်တိုင်စိုက်ဖို့ အရေးကြီးကြောင်းကိုသာ …။
(ကလျာ၊ ဒီဇင်ဘာ၊ ၂၀၀၀။)
----------
သုမောင်
(ကွမ်းစကား ၂)

No comments:

Post a Comment