လွတ်လပ်ရေးရပြီးစကာလ။
တင့်တယ် ... တင့်တယ်နှင့် စာရေးဆရာတင့်တယ်တစ်ယောက် လျှမ်းလျှမ်းတောက်နာမည်ကြီးနေစဉ်ကာလ။
သာဓုကမူ ဖေသန်းဘဝနှင့်ပင် ပူတူတူးပုံနှိပ်စက်ကလေး
တစ်ချောက်ချက်ချက်နှင့် အလုပ်သွက်နေရသည်။
လကုန်ခါနီးရက်ဖြစ်သည့်အတိုင်း ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထု စသည်တို့
အချိန်မီထွက်နိုင်ရန် သာဓုတို့က ရောင်စုံမျက်နှာဖုံး
ရိုက်ပေးရသည်။
တပည့်သုံးယောက်နှင့် တစ်ဦးကမောလျှင်
တစ်ဦးက ဝင်ရိုက်၊ သာဓုလည်း မသက်သာ၊ ပုံနှိပ်မင်ပြေးဝယ်လိုက်၊
စက္ကူသွားဝယ်လိုက်ဖြင့် ကတိုက်ကရိုက် ဝင်ရိုက်ရသည်ကလည်း
နေ့စဉ်နှင့်အမျှ။ ထိုည၌ ညဦးပိုင်းမှ ဆယ့်နှစ်နာရီအထိ
မောင်ချစ်အောင် (ယခု လုပ်အားပုံနှိပ်တိုက်၊ နှလုံးလှစာပေ)က
ရိုက်ပြီး ကျန်အချိန်များတွင် သာဓုက တာဝန်ယူရသော်လည်း
ပင်ပင်ပန်းပန်း မလုပ်လိုက်ရ။ နံနက်လေးနာရီလောက်တွင်
ဓာတ်မီးပြတ်သွားသောကြောင့် စောစောပင် အိပ်ခွင့်ရလိုက်ချေ၏။
အိပ်မောကျ အိပ်၍ကောင်းနေဆဲ မောင်ဝဏ္ဏတို့အမေက လာနှိုးသည်။
"
မအော်နဲ့ဦးနော်။ အရေးကြီးလို့ လာနှိုးတာ။ ဟို ... အိမ်ရှေ့မှာ
မော်တော်ယာဉ်ရဲတွေ ရောက်နေတယ်။ နှိုးပေးပါ .. ဆိုလို့ ... "
သာဓုတွင် ဖြစ်လေ့တစ်ခုရှိနေသည်။ အိပ်နေစဉ် လာနှိုးက တစ်နေ့လုံး
ခေါင်းကိုက်တတ်သည်ဖြစ်သောကြောင့် သာဓုအိပ်နေပြီဆိုလျှင်
ရေဒီယိုကျယ်ကျယ်မဖွင့်ရ၊ ခုတင်ကို မထိရ၊ စကားကျယ်ကျယ် မပြောရ။
နားလေးသောသာဓုမှာ အိပ်ပျော်နေလျှင် အဘယ့်ကြောင့် ထိုထိုအသံများ
နားထဲဝင်လာ ကြားလာရသည်ကို ယခုထိ မတွေးတတ်။ အရေးကြီး၍
နှိုးသောအခါ၌လည်း ဦးခေါင်းမှလွဲ၍ ကိုယ်အစိတ်အပိုင်းတစ်ခုခုကို
လက်ဖျားနှင့် အသာပွတ်လိုက်လျှင် ချက်ချင်းနိုးတတ်သည်။
ယခု ဒေါ်ခင်ညိုက သို့လျှင်စကားပလ္လင်ခံ၍ လာနှိုးသည်၌ သာဓုလည်း
အိပ်ချင်မူးတူးနှင့် အလူးအလဲထသွားရာတွင် ယာဉ်ထိန်းရဲ လေးဦး၊
မော်တော်ဆိုင်ကယ်နှစ်စီးဖြင့်
သာဓု၏ပူတူတူးပေါင်ဒါကြော်ငြာအရောင်းကားအနီး ရပ်နေကြသည်ကို
တွေ့ရပြီး တစ်ယောက်သောရဲက သာဓုကိုမြင်သည်နှင့် " ဒီကားကို
ဘာဖြစ်လို့ ပလက်ဖောင်းပေါ် ရပ်ထားရသလဲ ...."
" ဩော် ... ကတ္တရာလမ်းပေါ်ရပ်ရင် အိမ်နဲ့ဝေးနေတော့ ပစ္စည်းဖြုတ်ခိုးမှာစိုးလို့ပါ ... "
" မော်တော်ကားကို အခုလို ပလက်ဖောင်းပေါ်မရပ်ရဘူးဆိုတာ မသိဘူးလား။ လိုင်စင်ပေး ... "
အချိန်မှာ နံနက်ခုနစ်နာရီခန့်သာရှိသေးသည်။ အဘယ်အကြောင်းကြောင့်
သူတို့ ဤမျှ ဝီရိယကောင်းနေကြသည်မသိ၊ စောစောစီးစီး လူကိုနှိုး၍
လိုင်စင်တောင်းနေတော့ရာ " ဘာအတွက်လဲဗျာ။ အမှုက .. ဘာ ... "
"
ဖော်တီဝမ်း ... ၊ လမ်းပိတ်ဆို့မှုခေါ်တယ်။ လူသွားပလက်ဖောင်းပေါ်
ကားမရပ်ရဘူး။ ကားလမ်းပေါ်လည်း လူသွားအတွက် အနှောင်အယှက်ဖြစ်အောင်
မရပ်ရဘူး။ ကားမောင်းနေပြီးတော့ နားမလည်ဘူလား ... "
" ဩော် ... အခါတိုင်းလည်း ညအိပ်တဲ့အခါ ဒီလိုပဲ အိမ်နဲ့နီးနီး .... "
" လိုင်စင်ပေးမှာ ပေးပါ။ အချိန်မရဘူး "
သာဓု နောက်ထပ်မပြောတော့ဘဲ ကားမောင်းလိုင်စင်
ဝင်ယူပေးလိုက်သည်တွင် နှစ်ရက်ခြားရက်ချိန်းဖြင့်
မော်တော်ယာဉ်ရုံးသို့လာရန် အမိန့်ပေးသွား၏။ သာဓုလည်း ကားကို
ခပ်သုတ်သုတ်မောင်း၍ ကတ္တရာလမ်းပေါ်ချလိုက်ရင်းက ယနေ့မှစ၍
စောစောစီးစီးနှင့် ထူးထူးခြားခြား လာဖမ်းသည့်အကြောင်းအရင်းကို မရအရ
စဉ်းစားနေမိသည်။ ကားပေါ်မှ မဆင်းသေးသဖြင့် မောင်ဝဏ္ဏတို့အမေက
သွားတိုက်ဆေး၊ ရေခွက်နှင့် မျက်နှာသုတ်ပုဝါလာပေးသည်။
သွားတိုက်ရင်းလည်း စဉ်းစားသည်။ မျက်နှာသစ်ရင်းလည်း တွေးသည်။
တရေးရေးပေါ်လာသည်က ဤနေ့မတိုင်မီ တစ်လလောက်က မော်တော်ယာဉ်ဌာနက
ကြော်ငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ မော်တော်ကားများ
လမ်းပေါ်တွင် ညမအိပ်ရ။ မထားရ။ ဂိုထောင်တွင် သိမ်းရမည်။
အချိန်နှင့်အခါမှာ လွတ်လပ်ရေးမရသေး။ စစ်ဘေးစစ်ဒဏ်ကြောင့်
မီးလောင်၍ ဗုံးထိ၍ စိစိညက်ညက်ကြေမတတ်ဖြစ်နေသော
ရန်ကုန်အဆောက်အအုံများ ပြန်လည်ထူထောင်ရေးအတွက် အစစ
ပစ္စည်းများအခက်အခဲရှိနေချိန်၊
အနယ်နယ်အရပ်ရပ်မှပြေးဝင်ခိုအောင်းလာကြသော
လူဦးရေထူထပ်နေချိန်၊ လူနေအိမ်ပင်မလုံလောက်၍ ထိုရပ်ကွက်
ဤရပ်ကွက်စသည်ဖြင့် ဝါးဓနိတဲရပ်ကွက်များ
ဖန်တီးနေထိုင်ကြရသောခေတ်တွင် မော်တော်ကားတစ်စီးလုံးထားရန်
ကားဂိုထောင်ကို အဘယ်မှာရှာ၍
ငှါးရမ်းကြမည်နည်း။
ယင်းအစိုးရသည် အမိန့်ကြေငြာချက်တစ်ခု (ဝါ) ဥပဒေတစ်ရပ်မချမှတ်မီ
ဖြစ်နိုင်၏ မဖြစ်နိုင်၏ မစဉ်းစားသလော။ မတွေးသလော။
နောက်ပိုင်း၌ကား မည်သည့်ကားရှင်မျှ ဂိုထောင်မငှား။ ငှားလိုကလည်း
ငှားမည့်အဆောက်အအုံမရှိ။ သို့နှင့် ပုံမှန်အတိုင်းကားများ
လမ်းပေါ်တွင်ပင် သိပ်ကြရသည်။ ပလက်ဖောင်းတွင် အိပ်ကြရသည်။
ယင်းကြော်ငြာချက်ကား ကြော်ငြာချက်အဖြစ်သာ သတင်းစာပိဿာချိန်ထဲ
ပါသွားချေတော့သည်။
သာဓုလည်း မျက်နှာသစ်၊
လက်ဖက်ရည်သောက်ပြီးသည်နှင့် ၂၄ကျပ်တန် ကင်မရာသေတ္တာဆွဲ၍
မြို့ထဲအနှံ့ ဓာတ်ပုံလျှောက်ရိုက်သည်။
၁။ သတင်းစာတိုက်များရှေ့ ပလက်ဖောင်းပေါ်တွင်ရပ်ထားသော သတင်းစာပို့ကားများ
၂။ ရန်ကုန်မြို့လယ် လမ်းကျယ်ကျယ်များမှ တရုတ်၊ ကုလား၊ မြန်မာကုန်သည် ကုန်တိုက်တို့ရှေ့ ပလက်ဖောင်းပေါ်မှကားများ
၃။ ရွှေဘုံသာမဂိုလမ်းရှိ ရဲအရာရှိကြီးများနေထိုင်သည့် မဂိုပတ်ခ်ခေါ်
အဆောက်အအုံကြီးဘေးတလျှောက် ပလက်ဖောင်းပေါ်တွင်ရပ်ထားသော
ရဲကားများ
ရုံးချိန်းနေ့သို့ ရောက်ပေပြီ။ ရုံးရှေ့တွင်
၉နာရီလောက်ကစ၍ သွားစောင့်သည်။ တစ်မှုပြီးတစ်မှု ခေါ်သည်။
သာဓုအလှည့်သည် ၁၁နာရီခွဲသည်အထိ မရောက်သေး။ ဆာဆာရှိသည်နှင့်
မုန့်ဟင်းခါးထိုင်စားနေဆဲတွင်မှ " ဖေသန်း ... ဖေသန်း ... "
စားလက်စပန်းကန်ချပြီး သာဓုပြေးရသည်။ အမှုစစ်သူမှာ မြန်မာတိုင်းရင်းသား အင်္ဂလိပ်ကပြား။
" ပလက်ဖောင်းပေါ်မှာ ဘာဖြစ်လို့ ကားရပ်ရသလဲ။ ဒါ ... အပြစ်ရှိတယ်။ ဒဏ်ရိုက်ရမယ်။ မင်း ... ဘာပြောချင်သလဲ "
သာဓုက ဘာမှပြန်မပြောဘဲ ဓာတ်ပုံများကို လှမ်းပေးလိုက်သည်တွင်
အမှုစစ်အရာရှိလည်း ပလက်ဖောင်းပေါ်ရပ်ထားသည့် ကားများ၏ဓာတ်ပုံကို
ဂရုတစိုက် တစ်ခုချင်း ကြည့်သည်။
လေးငါးခြောက်ပုံကြည့်ရှုပြီးနောက် ခုနစ်ပုံမြောက်မှာ
မဂိုပတ်ခ်(ရွှေဘုံသာရဲရိပ်သာ) အဆောက်အအုံဘေးမှ
ရဲအရာရှိကြီးတို့၏ကားများ ပလက်ဖောင်းပေါ်ရပ်ထားသည့်ပုံ
ဖြစ်နေသည်တွင် သူက သာဓုအား မော့ကြည့်လိုက်ပြီးမှ
ပုံထဲမှကားတစ်စီးကို ထောက်ပြရင်း " ဒါ ... ငါ့ကားကွ ... "ဟု
ရယ်မောပြောဆိုပြီး ဓာတ်ပုံများနှင့်အတူ သာဓုလိုင်စင်စာအုပ်ပါထပ်၍
ပြန်ပေးကာ " သွားပါတော့ကွာ ... "တဲ့။
--------------------------
(သာဓု)
No comments:
Post a Comment