ကျွန်မတို့ ငယ်စဉ်က ဘဝနေ့ရက်များကို ယနေ့တိုင် သတိရနေဆဲ ဖြစ်ပါသည်။
ကျွန်မမှာ ညီမလေး တစ်ယောက်နှင့် မောင်လေး နှစ်ယောက် ရှိသည်။ ကျွန်မတို့
မောင်နှမတွေ ငယ်စဉ်က မပြည့်စုံမှုများနှင့် ကြီးပြင်းခဲ့ရ၏။ ထို
မပြည့်စုံမှုများကပင် ကျွန်မတို့ မောင်နှမတွေကို ပိုလို့ ချစ်ခင်စေခဲ့သည်။
ကျွန်မတို့ အနှစ် နှစ်ဆယ်ကျော် နေခဲ့ရသည့် ပေ ၁၀၀၀ ပတ်လည် ခြံကြီးထဲတွင်
ကျွန်မ၏ မောင်အကြီးဆုံး 'ဗညားဇင်' ကို မွေးခဲ့သည်။ သူ့ကို မွေးစဉ်က
ဖေဖေ့မှာ နာမည်ရွေးလို့ မရနိုင်။ သမီးနှစ်ယောက် မွေးပြီးမှ သား ရခဲ့သည်မို့
အလွန် ပျော်ရွှင်ခဲ့သည်။ အင်္ဂါသား မောင်လေးအတွက် ဖေဖေ့မှာ နာမည်
တစ်မျိုးပြီး တစ်မျိုး စိတ်တိုင်း မကျနိုင်အောင် ရှိလှသည်။
'စန်းယုနိုင်' လို့ ပေးပြီးမှ ဖေဖေတို့ ထင်ထားသည့် လုပ်ငန်းတစ်ခု
ဆုံးရှုံးသွားသည်မို့ ထိုနာမည်ကို 'ဇင်မော်သန်း' ဟု နာမည် ပြောင်းပြန်သည်။
ထို 'ဇင်မော်သန်း' မှ နောက်ဆုံး နေ့နံမသင့်ဘဲ 'ဗညားဇင်' ဟု အတည်ပြုလိုက်၏။
ကျွန်မတို့က သူ့ကို 'ဗညား' ဟု ခေါ်သည်။ သူကတော့ ကျွန်မကို 'မမ' ဟုခေါ်ပြီး
ညီမလေးကို 'မမ' မခေါ်ဘဲ 'အိဇင်' ဟု နာမည်ပဲ ခေါ်သည်။ ညီမလေးနှင့် သူက
နှစ်နှစ်ကြီး နှစ်နှစ်ငယ်။ ကျွန်မနှင့် သူက ဆယ်နှစ် ကွာသည်။ ဖေဖေ ခရီးဝေးက
ပြန်လာမှ ညီမလေးနှင့် သူ့ကိုမွေးတာမို့ ကျွန်မနှင့် အတော် အသက် ကွာသွားသည်။
ထို့ကြောင့် သူ့ကို ကျွန်မ ထိန်းရသည်။
ဆံပင် ကြမ်းကြမ်း ထူထူနှင့်
မောင်လေးသည် အကျည်းတန်၏။ သို့သော် စိတ်ထားလှသည်။ မောင်လေး၏ ထူးခြားချက်မှာ
ငယ်ငယ်ကတည်းက အလွန် အေးသည်။ ကလေးထိန်းရသည့် ကျွန်မကို စိတ်ညစ်အောင်
တစ်ခါမျှ မလုပ်ခဲ့။
သူမွေးပြီး လသား အရွယ်မှာ မေမေပါ ဖေဖေ့
အလုပ်ကို ကူရသည်မို့ နေ့ခင်းဘက် နို့ဘူးနှင့် နေရပြီး ညနေ မေမေ အလုပ်က
ပြန်မှ သူ နို့စို့ရသည်။ မေမေ့ကို မြင်မြင်ချင်း နို့စို့ချင်လို့ အတင်း
တွယ်တက်သည့်အခါ မေမေက “သားရယ်၊ မေမေ မောလာလို့ ခဏ နားပါရစေဦး” ဟု ပြောလျှင်
ဘာမှ မပြောတော့ဘဲ ဘေးမှာ ငုတ်တုတ်လေး ထိုင်နေတတ်သည်။ ထိုအရွယ်တည်းက သူသည်
မေမေ့ကို ညှာတာခဲ့သည်။
လေးတန်းကျောင်းသူ ကျွန်မက ကျောင်းသွားခါနီး
အနှီး လျှော်ရသည်။ မောင်လေးကို နို့ဘူးတိုက်၊ ပုခက်လွှဲပြီး သိပ်ရသည်။ သူ
အိပ်ပျော်သွားမှ ဘွားဘွားကို အပ်ပြီး ကျောင်းသွားရသည်။
ညီမလေးက
သူနှင့် ဆော့ဖို့လောက်ပဲ အဖော်ရသည်။ တစ်ခါတရံ ကျွန်မ ကျောင်းက
ပြန်လာခါနီးမှ သူနိုးတတ်သည်။ ကျွန်မ ကျောမှာ ခါးမှာ အမြဲ ရှိနေတတ်သည့်
မောင်လေး သူငယ်တန်း တက်မှ ညီမလေးနှင့် အဖော် ဖြစ်တော့သည်။
မူလတန်းကျောင်းမှာ အိမ်နှင့် နီးသည်မို့ ကျောင်းသွား ကျောင်းပြန်တွင်
ညီမလေးက သူ့ကို ကျောပိုးပြီး သွားတတ်သည်။ ကျွန်မတို့ ညီအစ်မ တစ်ဝမ်းကွဲ
တော်သည့် မိနီမ-မိသင်းတို့ကလည်း တစ်လှည့်စီ ကျောပိုးပြီး ပြန်တတ်သည်။
ကျောင်းမှာ အနေအေးသည့် မောင်လေးကို တခြား သူများက အနိုင်ကျင့်ကြသည်။
သူ့ကို အနိုင်ကျင့်သူများအား ဘာမှ ပြန်မလုပ်ဘဲ ကျောင်းဆင်းမှ
သူ့အစ်မများကို တိုင်တတ်သည်။
ထိုအခါ ညီအစ်မတွေက သူ့မောင်ကို
အနိုင်ကျင့်ရ ပါ့မလားဟု ရန်တွေ့သည်။ တစ်ခါတရံ မြောင်းထဲမှာ နပန်းလုံးကြသည်။
အိဇင်ကတော့ တစ်ဖက်လူကို မှတ်သွားအောင် ကိုက်ဆွဲတတ်သည်။ မိသင်းက
ကျောကုန်းကို ထုသည့် နေရာမှာ လက်သံ ပြောင်သည်။ မိနီမက ဥာဏ်ရည် သိပ်မမီပေမဲ့
သူ့မောင်လေးကို ကျောပိုးထားပြီး “ချဟဲ့ နှက်ဟဲ့” ဟု အားပေးတတ်သည်။
ထိုသို့သော မိနီမကပင် မောင်လေးကို ငယ်စဉ်ကတည်းက ကာကွယ် ပေးခဲ့သည်။
* * *
ကျွန်မတို့သည် ကျောင်းတက်ရင်းဖြင့် အိမ်မှုကိစ္စ ကူညီရပါသည်။ မူလတန်း
တက်သည့် အရွယ် ကတည်းက ကျွန်မတို့ ထမင်းချက်ရသည်။ ရေခပ်ရသည်။
ထိုအလုပ်များကို မောင်လေးရော ညီမလေးပါ တွဲလုပ်ရသည်။ သူတို့က အထက်အောက်မို့
တပူးတွဲတွဲ။
ညီမလေးက ခပ်စွာစွာ စိတ်မြန် လက်မြန်မို့ အမြင်
မတော်လျှင်၊ သဘောမကျလျှင် မောင်လေးကို ရိုက်သည်။ တွေ့ရာနှင့် ပစ်ပေါက်သည်။
ထိုသို့ လုပ်ပေမဲ့ ဘယ်တော့မျှ ခံမပြော ပြန်မလုပ်တာ ခုချိန်ထိပင် ဖြစ်၏။
ဖေဖေက အိမ်မှာ မွေးမြူရေးလုပ်ငန်း လုပ်သည်။ ငုံးမွေးသည်။ ဝက်မွေးသည်။
ထိုလုပ်ငန်းမှာ မောင်လေးက အခရာ။ ဝက်စာ စုသည်။ ဝက်စာက ကျွန်မတို့ရပ်ကွက်
လမ်း ၃ လမ်းမှာ ထမင်းရည် ထည့်ဖို့ ဟင်းကြွင်း ဟင်းကျန်အိုးတွေ ပေးထားသည်။
ထိုထမင်းရည်တွေကို မောင်လေးက လိုက်စုရသည်။ ဝက်ခြံ သန့်ရှင်းရေး၊ ငုံးခြံ
သန့်ရှင်းရေးကို သူလုပ်ရသည်။ ငုံးချေးက နေ့တိုင်း မကျုံးလျှင် အတော်ရွံစရာ
ကောင်းသည်။ ထို အလုပ်ကို တစ်ယောက်တည်း လုပ်ရသည့် မောင်လေးက ဘယ်တော့မှ
မညည်းညူဘဲ မခိုမကပ် လုပ်သည်။
သူများ နောက်ဖေးမှာ ထမင်းရည် စုရသည့်
မောင်လေးအဖို့ ရွှံ့ထဲဗွက်ထဲ ရေဆိုးမြောင်းထဲ - အမြဲ ဖြတ်ရသည် ထို့ကြောင့်
ခြေချောင်း ကြားတွေမှာ ရေဝဲ အမြဲစားနေသည်။ ညတိုင်း ကျွန်မတို့က သူ့ကို
ဆေးလိမ်း ပေးရသည်။ ကျောကုန်းလှန်ပြီး အဖုထိုးပေးပါဦး၊ ကုတ်ပေးပါဦးဟု
ပြောပြီး ဇိမ်လည်း ခံတတ်သည်။
ကျွန်မတို့ မောင်နှမ သုံးယောက်
အတူအိပ်သည်။ မောင် အငယ်ဆုံးက မေမေတို့နှင့် အိပ်သည်။ ကျွန်မတို့ ငယ်ငယ်က
ခြုံရသည့် တင်းတိမ်စောင်ကြီးက အေးလွန်းသည့်အခါ သူ့ဘက် ရောက်လိုက်၊ ငါ့ဘက်
ရောက်လိုက်။ မောင်နှမတွေ အမြဲ လုကြသည်။ မအိပ်ခင်သာ အနိုင်လုပေမဲ့ အိပ်ပျော်
သွားသည့်အခါ မောင်လေးနှင့် ညီမလေးကိုသာ ကျွန်မ ခြုံပေးသည် ။
ပုဆိုးစိမ်းလေးနှင့် ကွေးနေအောင် အိပ်နေသည့် မောင်လေးကို ကျွန်မ
ဘောင်းဘီသစ်၊ အင်္ကျီသစ် ဝယ်ပေးချင်ပါသည်။
မောင်လေးမှာ အင်္ကျီ
ဘောင်းဘီဟူ၍ နှစ်စုံ သုံးစုံသာ ရှိသည်။ အဖြူအစိမ်းက ကျောင်းသွားလည်း
ဒီဝတ်စုံ၊ ပွဲလမ်းသဘင် သွားလည်း ဒီဝတ်စုံပဲမို့ ကလေးပီပီ အဝတ်အစားသစ်
ဝတ်ချင်ရှာသည်။
ကျွန်မတို့ မိဘများ ဝင်ငွေသည် စားဖို့သာ
အနိုင်နိုင်မို့ မောင်လေးက စာအုပ်ဖိုး၊ မုန့်ဖိုးရအောင် ကျောင်းပိတ်ရက်တွင်
ဆေးဆိုးပန်းရိုက်မှာ အထည်လှန်း အထည်ရုပ် လုပ်ရသည်။
နေပူထဲမှာ အထည်
စောင့်နေသည့် မောင်လေးက အလုပ်ရုံရှေ့မှ ကျွန်မတို့ ဖြတ်သွားသည့်အခါ ခုမှ
တွေ့ဖူးသည့်အလား ပြုံးပြသည်။ အဲဒီအပြုံးက ဘာရယ်မသိ ကျွန်မရင်ကို
ထိခိုက်စေသည်။ ထိုအပြုံးကို ခုထိ ကျွန်မ မှတ်မိနေ၏။
လောက၏
အထုအထောင်း၊ အရိုက်အပုတ် ဒဏ်ကို ကျွန်မတို့ အများဆုံး ခံရ၏။ ထို့ကြောင့်
လောက အကြောင်း၊ လူတွေ အကြောင်းကို ပိုသိခဲ့သည်။ ပိုသိ ပိုခံစားရတော့
ကျွန်မတို့ မိသားစု အတွင်းမှာ တစ်ဦးအတွက် တစ်ဦးက အနစ်နာ ခံခဲ့သည်။
ကိုယ့်တစ်ဦးချင်း ကိစ္စကို မစဉ်းစားဘဲ တစ်မိသားစုလုံး အတွက်သာ
စဉ်းစားခဲ့ကြ၏။
အားမာန် သတ္တိတွေ၊ ရည်မှန်းချက်တွေ၊
အတွေးအမြင်သစ်တွေနှင့် လူသား ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်သည် ဆိုတာကို
ငယ်ငယ်ရွယ်ရွယ်နှင့် မောင်လေး သိမြင်ခဲ့သည်။ ထို မြတ်နိုးဖွယ်ရာတွေကို
လုပ်ဆောင်ရင်းဖြင့် ၁၉၈၉ ခုနှစ်မှာ ကိုးတန်းကျောင်းသား ဘဝနှင့် ရာသက်ပန်
ကျောင်းထွက် လိုက်ရ၏။
မောင်လေးသည် အချိန်မတန်ဘဲ လုပ်ငန်းခွင်ကို
ဝင်ခဲ့ရ၏။ အသက်မွေးရသည့် လုပ်ငန်းက ခွန်အားကို အားပြုရသည်မို့ ကျွန်မ
ရင်ထဲမချိ။ သက်သောင့်သက်သာ ပညာနှင့် အသက်မွေးဖို့ ရည်ရွယ်ထားပေမယ့် လောကဓံက
ခွင့်မပြုခဲ့ပေ။
* * *
အသက် သုံးဆယ်ကျော် မောင်လေးကို
ကျွန်မတို့က ကလေးလို သဘောထားခဲ့သည်။ မောင်အငယ်ဆုံးက ဆယ်တန်းအောင်သည့်
နှစ်မှာ မိန်းမ ယူသွား၏။ ပညာမစုံခင် ကြင်ယာစုံသွားသည့် မောင်အငယ်ဆုံးကို
ကျွန်မတို့ ̧ညီအစ်မက ထောက်ပံ့ရသည်။ မောင်အငယ်ဆုံးကိုရော ကောင်မလေးကိုပါ
အဝေးသင် တက္ကသိုလ် တက်နိုင်ဖို့ ကျွန်မတို့ ကြိုးစားရသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင့်တာဝန်ကို ယူရသည့် မောင်အငယ်ဆုံးနှင့်
ယောက်မလေးတို့သည် အိမ်ထောင် သာယာရေးကို မစွမ်းဆောင်နိုင်ပေ။ ယနေ့ လက်ရှိ
လူမှုဒုက္ခတွေကို ခေါင်းပေါ် ရွက်ထားရသည်မို့ တကျက်ကျက်နှင့် ရန် ခဏခဏ ဖြစ်၏။
သူ့ညီ အိမ်ထောင်ရေးကို ကြည့်ပြီး စိတ်ပျက်စွာ သူ ပြောသည်။
“ဒီကောင့်ကို ကြည့်ပြီး ငါ တရားကျတယ်။ မိန်းမ မယူတော့ဘူး”
ငယ်ငယ်ကတည်းက ပင်ပန်းခဲ့သူမို့ ပင်ပန်းမှုကို ကြောက်နေသူ။ နောက်ပြီး
စိတ်ညစ်လည်း သူ မခံနိုင်ပေ။ ထို့ကြောင့် သူ့ကို “အိမ်ထောင် မပြုဘဲ
နေနိုင်ရင်တော့ အကောင်းဆုံးပဲ” ဟု စေတနာဖြင့် ကျွန်မတို့ တားသည်။
“ဒါကတော့ ကံစီမံရာပေါ့” ဟု သူက မတင်မကျ ပြောသည်။
မေမေကတော့ လူလွတ်အဖြစ် သူတစ်ယောက်သာ ရှိတော့သည်မို့ အစွမ်းကုန်
အလိုလိုက်သည်။ မေမေသည် တတ်နိုင်သည့် ခွန်အားဖြင့် သူ့သားကို ကူညီခဲ့သည်။
အသက် သုံးဆယ်ကျော် သားကို ရင်ခွင်ပိုက် ကလေးလို ယုယခဲ့သည်။ ငယ်ငယ်က
မိခင်ရင်ခွင်နှင့် ဝေးခဲ့ရသည့် သားမို့ အတိုးချပြီး ဂရုစိုက်ခဲ့တာလည်း
ပါမည်။
တစ်နေ့ အလုပ်ပင်ပန်းပြီး အဖျားဝင်သည်မှ စလိုက်ရာ
တိုက်ဖွိုက်နှင့် ငှက်ဖျား ရောထွေး သွားသည်။ မနက်တစ်ခါ ညတစ်ခါ အဖျားတက်သည်။
အဖျားတက်သည့် အချိန်က နှစ်နာရီလောက် ကြာသည်။
ဖျားသည့် အချိန်မှစ၍ ဖေဖေ၊ မေမေနှင့်အတူ သူ အိပ်သည်။ အဖျား မကျမချင်း မေမေရော ဖေဖေပါ စိုးရိမ်တကြီးနှင့် သူ့ကို ပြုစုရသည်။
တက်ဖျား ကျဖျားနှင့် တစ်လလောက် နေမကောင်းသည့် အခါ တစ်ကိုယ်လုံး
ချုံးချုံးကျပြီး အရိုးပေါ် အရေတင် သွားသည်။ ထိုင်လျှင်တောင် တင်ပါးအောက်
စောင်ခုပြီး ထိုင်ရသည်။ သူ့ကိုကြည့်ပြီး ကျွန်မတို့ အားလုံး စိတ်ထိခိုက်
ရသည်။
နောက်တစ်ရက် အပြင်းအထန် အဖျားတက် ပြီးသည့်နောက် သူ့ကိုယ်သူ ပိုင်းဖြတ်ပြီး ဟန်ဖြင့် ကျွန်မကို ပြောသည်။
“မမ ငါ နေရတော့မယ် မထင်ဘူး၊ အိဇင်ကို မှာပေးပါ”
သူ့စကား ဆုံးတော့ မေမေ မျက်ရည် ကျသည်။ ငယ်ငယ်က အကြောင်းကို လွမ်းလွမ်း ဆွေးဆွေးနှင့် မချိတင်ကဲ သူပြောတာကို မေမေက တားယူရသည်။
“မမ ငါတို့ ငယ်ငယ်က တော်တော် ဆင်းရဲခဲ့တာပဲ။ ဖေဖေနဲ့ မြို့ထဲသွားရင်
ဘောင်းဘီအသစ် ဝယ်ချင်တော့ မိနီမဆီမှာ ငါးမူးပေးပြီး ဘောင်းဘီ ငှားဝတ်ရတယ်။
ခုကြီးတော့ အဝတ်အစားပဲ ဝယ်ပြီး စုတာကို ဟိုကောင် ကိုထွေးက မင်း စိတ်ဝေဒနာ
ဖြစ်နေတာတဲ့”
“ဥက္ကလာက ဒေါ်လေးဆီ သွားရင် ဒေါ်လေးက ငါ့ကို
မုန့်ဖိုးတစ်ကျပ် ပေးတယ်။ တစ်ကျပ်ရရင် ငါ့မှာ ထားစရာ မရှိဘူး ပျော်နေတာ။
ဒေါ်ကြီးလှမေ ကလည်း ငါသွားရင် သူလုပ်တဲ့ အိုးလေး ဘိန်းမုန့်တွေ ငါ့ကို
ကျွေးတယ်။ ဒေါ်ကြီးတွေလည်း ကျေးဇူး ရှိပါတယ် ...”
“အိဇင်နဲ့ ငါ
မီးမွှေးတုန်းကလေ ထင်းကို ဓာတ်ဆီလောင်း မီးမွှေးတာ။ မီးဟပ်တော့ အိဇင်ရယ်
လန့်ပြီး လုံချည်ကို လက်နဲ့ သုတ်လိုက်တာ မီးတွေလောင်လို့ အရေပြားကို
ငှက်ပျောညွန့်နဲ့ ကပ်ရတယ်။ ငါ့မှာ စိုးရိမ်လိုက်ရတာ၊ အရင်လို ပြန်ကောင်းပါ့
မလားလို့။”
“ငါ့တို့ ငယ်ငယ်က ထမင်းဝိုင်းမှာ ဟိုကောင် လဂွန်းလေ၊
ဘယ်တော့မှ ထမင်း မခူးဘူး။ မမက ထမင်း မရှိတော့ဘူးလို့ ပြောရင် သူ့ပန်းကန်ထဲ
အကုန် ထည့်တော့တာ။ ဖေဖေသုပ်တဲ့ သခွားသီးသုပ်က အရမ်း စားလို့ ကောင်းတာပဲ။
ငါးပိရည် ဖျော်တာတော့ မေမေ့ကို ဘယ်သူမှ မမီဘူး။ တို့မိသားစု ထမင်းဝိုင်းကို
ကျော်ကြီးတို့က အားကျလို့တဲ့”
ငယ်ငယ်က ကျွန်မတို့ မောင်နှမတွေ
အခက်အခဲ ဟူသမျှကို လက်တွဲ ဖြေရှင်းခဲ့ကြသည်။ ဘယ်လောက် ပင်ပန်းပင်ပန်း
အိမ်အတွက် ဆိုသည့် စိတ်က ကျွန်မတို့ကို အမောပြေစေသည်။
မောင်လေး သတင်းကို ကြားသည့် ညီမလေးက နယ်မြို့လေးကနေ သူ့ခင်ပွန်းနှင့်အတူ အပြေးအလွှား ရောက်လာခဲ့သည်။
“မမ ... ဗညား အခြေအနေ အတော်ဆိုးလား၊ ငါ မကြည့်ရက်ဘူးဟယ်”
“အဖျားကြီးရင် စိုးရိမ်ရတယ်။ သူ အပေါ်ထပ်မှာ သွားကြည့်”
ကျွန်မက မောင်လေးဆီ သွားပြီး သတင်းပို့ရသည်။
“ဗညား၊ အိဇင် အောက်မှာ ရောက်နေပြီ”
ကျွန်မ စကားသံကြောင့် မောင်လေး မျက်လုံးထဲက မျက်ရည်တွေ ခေါင်းအုံးပေါ် ကျကုန်သည်။ ထိုနေ့ကစ၍ မောင်လေး အဖျားကျပြီး နေကောင်းသွားသည်။
* * *
မိန်းမ မယူဘဲ ဖေဖေနှင့် မေမေကို လုပ်ကျွေးမယ် ဆိုသော ဗညားဇင် တစ်ယောက် မိန်းမယူမယ့် အကြောင်း ဖေဖေ့ကို အရင်ဆုံး ဖွင့်ပြောသည်။
ဖေဖေနှင့် ကျွန်မက မကန့်ကွက်ပေမယ့် သူ့ကို ဝေဖန် အကြံပြုကြသည်။ အသက်
သုံးဆယ်ကျော် အထိ ကျွန်မတို့နှင့် နေလာသည့် သူ့အတွက် အိမ်ကိစ္စ အထွေးအခင်
ပူစရာ မလို။
ကိုယ့်အိမ်ထောင်နှင့်ကိုယ် နေရလျှင် ယနေ့
ရင်ဆိုင်နေရသည့် လူမှုဒုက္ခအပြင် ကိုယ်နှင့် ပေါင်းသင်းမည့်သူ၏
စိတ်နေစိတ်ထား၊ အပြန်အလှန် လေးစားမှု၊ ၊ ချစ်ကြင်နာမှုတို့ မရှိမှာကို
ကျွန်မတို့ စိုးရိမ်ကြီးစွာ ထောက်ပြမိသည်။
သူကတော့ သူ့ထက် အသက် ဆယ်နှစ်ကျော် ငယ်သည့် မိန်းကလေးကို “ပြုပြင် ယူရမှာပေါ့” ဟု ပြောသည်။
လူတစ်ယောက်ကို ပြုပြင်ဖို့ မလွယ်ဘူး ဆိုတာကို သူ သိသွားသည့် အချိန်က
သူတို့ အိမ်ထောင်သက် တစ်နှစ်ကျော်မှာ ဖြစ်သည်။ အဆင်အပြေဆုံး အသာယာဆုံး
အိမ်ထောင် တစ်ခုကို ထူထောင်မယ်လို့ ကြွေးကြော်ခဲ့သည့် သူသည် သူ့
အိမ်ထောင်ရေးကို အရှုံးပေးစ ပြုလာသည်။ သူ့ ဩဇာသည် လျော့ရဲသည်ထက်
လျော့ရဲလာသည်။
သူ့မိန်းကလေးက သူ့အပေါ် နိုင်စားခြင်းအတွက်
ကျွန်မတို့ရင်ထဲ မချိ။ သူ့ကို ထုနှက်ထားသည့် ဒဏ်ရာ ဒဏ်ချက်တွေကို
မြင်ရတိုင်း ကျွန်မတို့မှာ ဒေါမနဿ ဖြစ်ရသည်။
ငယ်ငယ်က သူ့ကို
စော်ကားသည့်၊ ရန်မူသည့်သူ မှန်သမျှကို ကျွန်မတို့ ကာကွယ် နိုင်ခဲ့သည်။
ကိုယ်ဖြင့်၊ နှုတ်ဖြင့် ဖြေရှင်း နိုင်ခဲ့ကြသည်။
ခုတော့ဖြင့် သူ့
အိမ်ထောင်ရေးကို ကျွန်မတို့ ဝိုင်းဝန်း မဖြေရှင်း နိုင်တော့ပေ။
ကြားသုံးကြား ဆိုသည့်အထဲက လင်ကြား မယားကြားကိုတော့ ကျွန်မတို့
ဝင်ရောက်ပေးဖို့ မလွယ်ကူတော့ပါ။
သည်းခံတတ်သော၊ ရှက်တတ်သော မောင်လေးကို ကျွန်မတို့ ဥပေက္ခာ ပြုနိုင်အောင် ကြိုးစားရပေတော့မည်။
-------------
နှင်းပန်းအိမ်
နွယ်နီ၊ နိုဝင်ဘာ၊ ၂၀၀၆။
No comments:
Post a Comment