နွဲ့မူအနေဖြင့် သည်တစ်ပွဲမှာ ခင်လေးအပေါ် ကောင်းကောင်းကြီး
အနိုင်ရတော့မည်ကို သိလိုက်ပါသည်။ ဪ.... ခင်လေး ... ခင်လေး
သူ့အပေါ် အမြဲ အနိုင်ယူတတ်သည့် ခင်လေး၊ သူတစ်ပါးအပေါ် နှုတ်ဖြင့်
ဖြစ်စေ၊ ကိုယ်အမူအရာဖြင့် ဖြစ်စေ စီးပိုးအနိုင်ယူ လိုက်ရမှ
ကျေနပ်တတ်သည့် ခင်လေး၊ စကားတစ်ခွန်းကို ဘယ်လိုပြောလျှင်
ဘယ်လိုသဘော သက်ရောက်သည်ကို သိနားလည်ပါလျက် လက်လွတ်စပယ်
ပြောတတ်ဆိုတတ်သည့် ခင်လေး။
ခင်လေးက သူ၏ အပြုအမူ၊
အပြောအဆိုထက် တစ်ဖက်သား မည်သို့ ခံစားရမည်ကို အမှုထားတတ်သူ
မဟုတ်ပေ။ ဟိုတစ်နေ့ကပဲ ကြည့်၊ ချစ်ချစ်က သူ့အိမ်က ပို့လိုက်သော
ချဉ်ပေါင်ကြော် ပုလင်းကို ဖွင့်သည်။ ထမင်းစားခန်းက သယ်ထားသော
ထမင်း တစ်ပန်းကန်၊ ကြက်ဥပြုတ်၊ ချဉ်ပေါင်ကြော်နှင့်
ညစာတစ်ထပ် စားကြဖို့ ဝိုင်းဖွဲ့ခြင်း ဖြစ်သည်။ ချဉ်ပေါင်ကြော်က
ခါးပေမယ့် ချဉ်ပေါင်ကို ခြောက်အောင်လှမ်းပြီး
ပုစွန်ခြောက်များများ ဆီများများနှင့် ကြော်ထားသည်မှာ
စားချင်စဖွယ်။
"မေမေတို့ကလေ ချဉ်ပေါင်ရွက်၊
ကန်စွန်းရွက်ဆို ဗိုက်နာမှာစိုးလို့ ဆိုပြီး ဘယ်တော့မှ မပို့ဘူး။
အရင်တစ်ပတ်က ဝက်သားကို အမျှင်ဖဲ့ပြီး ကြော်ပေးလိုက်တာ ကုန်သွားတာ
နာတယ်ကွာ ..."
ခင်လေး စကားကြောင့် ချစ်ချစ် မျက်နှာ
ညိုသွားသည်။ ခင်လေးက ဘာရည်ရွယ်ချက်နှင့် ပြောသနည်း။ ချစ်ချစ်က
နွမ်းပါးတာ၊ ကျောင်းကို ဦးလေး စားရိတ်နှင့် တက်ရတာ၊ လုံချည်
ငါးထည်လောက်ကို အလျဉ်မီအောင် လျှော်ဖွပ်ရတာ၊ အားလုံးအသိ။
သို့သော် မည်သူမျှ တစ်စွန်းတစ်စ သိဟန် မပြကြ။
"တို့တော့ စားမယ်ဟေ့၊ ချဉ်ပေါင်ကြော် ကြိုက်တယ်"
နွဲ့မူက ပြောပြီး ချဉ်ပေါင်ကြော် ပုလင်းကို ဦးစွာနှိုက်သည်။
သူတို့တတွေမှာ မိဘတွေက ပို့ပေးလိုက်သော စားစရာတွေ မှန်သမျှကို
ဝိုင်းဖွဲ့၍ ဖလှယ်၍ စားကြစမြဲ။ ခင်လေးဆီ ရောက်လာသော စားစရာ
မှန်သမျှသည် ဝိုင်းထဲ ရောက်မလာတတ်။ သူတစ်ယောက်တည်း ဗီရိုထဲ
ထည့်ဝှက်ကာ ကြိတ်စားတတ်တာ အားလုံးအသိ။ ဒါနှင့်များ စကားစီးပိုးကာ
ပြောဖြစ်အောင် ပြောလိုက်သေးသည်။ အားလုံး ပျော်ပျော်ရွှင်ရွှင်
နှိုက်စားကြတော့ တခဏချင်းမှာပင် ချဉ်ပေါင်ကြော် ပုလင်းက
တစ်ဝက်ကျိုး လေသည်။ ချစ်ချစ် မျက်နှာကလည်း လန်းရွှင်၍ နေသည်။
ခင်လေးသည် ဗိုက်နာမှာ စိုးတယ် ဆိုကာ နေရာမှ ထသွားပြီး ကော်ဖီ
သွားဖျော်သောက်သည်။
"ခင်လေး ဆာရင် ဘီစကစ်မုန့် ယူစား" ဟု သဘောထားကြီးသော မမလွင်က သူ့ဘီစကစ် မုန့်ထုပ်ကို လှမ်းပေးသည်။
"ခင်လေးက ဘီစကစ်ဆို သံဘူးနဲ့မှ ကြိုက်တယ်"
မမလွင်က ကုန်ပဒေသာဆိုင်က ဝယ်လာသော အကျိုးအကျေ များသည့် ဘီစကစ်
မုန့်ထုပ်ကို မျက်နှာမပျက် ပြန်သိမ်းလိုက် နိုင်သော်လည်း
နွဲ့မူတို့ လူသိုက်မှာ အံတကြိတ်ကြိတ် ဖြစ်ကြရလေသည်။
ကျောင်းသူလေးယောက် စုနေရသော အခန်းထဲမှာ စရိုက် အမျိုးမျိုးတော့
ရှိသည်ပင်။ တစ်ခါတရံ ကလေးများလို ရန်ဖြစ်ကြ ငြူစူကြသည့် အခါလည်း
ရှိသည်။ စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါး နေသည့်အခါ နေသည်။
များသောအားဖြင့်တော့ မိသားစုနှင့် ဝေးရာမှာ တစ်ယောက်နှင့်
တစ်ယောက် ခင်မင်တွယ်တာစွာ နေတတ်ကြမြဲ။
ခင်လေးသည်
သူတစ်ဖက်သားအပေါ် စကားကြီး စကားကျယ်ဖြင့် စီးပိုးအနိုင်ယူ တတ်သည်က
လွှဲလျှင်တော့ ခင်မင်စရာ ကောင်းတာလေးတွေလည်း ရှိပါသေးသည်။
ခင်လေးက စာတော်သည်။ သူတော်သည့်အတိုင်း သူတစ်ပါးကိုလည်း
တော်စေချင်သည်။ သူတတ်သမျှ မှတ်သမျှကို စိတ်ရှည်လက်ရှည်
ပြန်သင်ပြပေး တတ်သည်။ တစ်စုံတစ်ယောက် နေထိုင်မကောင်းလျှင်
ကိုယ်ဖိရင်ဖိ ပြုစုပေးတတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အနယ်နယ်
အရပ်ရပ်မှ လာရောက်စုဝေး နေထိုင်ရသည်မို့ တစ်ယောက်နှင့်
တစ်ယောက် အကောင်းအဆိုး ဟူသမျှကို သည်းခံကာ ပေါင်းသင်း
နေကြရသည်ပင်။
* * *
"ခင်လေးမှာ သူသာ ပြည့်စုံတယ်၊
သူသာ အကောင်းသုံးတယ်၊ သူ့မိသားစုဟာ အဆင့်အတန်း မြင့်တယ်လို့
ဂုဏ်ယူကြွားဝါ တတ်တာ ခက်တယ်ကွာ၊ ဒီအကျင့်ကို ပြင်လိုက်ရင်
ပေါင်းလို့သင်းလို့ ကောင်းမယ်"
သူငယ်ချင်းများက ကွယ်ရာမှာ
ဝေဖန်ကြသည်။ ခင်လေးကတော့ သူ့အမှားကိုလည်း သူမြင်ဟန် မတူ။
မှားသည်ဟုလည်း ယူဆပုံ မရ။ အပြောက အမြဲတမ်း ပိုစမြဲ။ တစ်ပါးသူကို
နာသာခံခက်စေမြဲ။ တစ်ခါတစ်ခါတော့လည်း သူ့ကို ခွင့်လွှတ် ထားရသည်။
တစ်ခါတစ်ရံတော့လည်း ဒေါသ ဖြစ်ကြရသည်။
တစ်ခါက အတန်းထဲတွင်
သူငယ်ချင်း ဝင်းဝင်းဆီသို့ သူ့အမေ လာလည်သည်။ အညာရပ်မှ လာသူများမို့
အဆင်အပြင်၊ အပြောအဆို၊ အနေအထိုင်က အညာဆန်သည်။ ရုပ်ရည်က
ကြမ်းတမ်းသည်။ ပွင့်လင်း ရိုးသားမှု၊ မသိ နားမလည်မှုကလည်း တက္ကသိုလ်
ကျောင်းတော်သူတွေ ကြားမှာ ရယ်စရာ ဖြစ်နေသည်။ သို့သော်
သူငယ်ချင်း တစ်ယောက်၏ အိမ်မှ လာလည်သည် ဆိုလျှင်ပင်
ကျန်လူများကလည်း ကိုယ့်မိဘဆွေမျိုး လာသလိုပင် ဝမ်းသာပျော်ရွှင်စွာ
ဝိုင်းအုံကြမြဲ။ ခင်လေးကတော့ ဘေးဖဲ့၍ ထွက်နေသည်။
ဝင်းဝင်းက သူ့အမေကို အခန်းဖော် သူငယ်ချင်းတွေနှင့် တစ်ယောက်ချင်း
မိတ်ဆက်ပေးသည်။ ခင်လေးသည် သူ့အလှည့် မရောက်ခင် နေရာမှ
ထသွားလေသည်။ ပြီးတော့ တစ်ဖက်ခန်းမှာ အတင်း သွားပြောသည်တဲ့။
"ဘယ်လို ပုံတွေမှန်းလဲ မသိပါဘူးကွာ၊ တောပုံတွေ၊ ကြည့်လို့ကို မရဘူး"
ဝင်းဝင်းက ပြန်ကြားတော့ မကျေမနပ် ဖြစ်ရသည်။
"အားလုံး နယ်ကလာတဲ့ သူတွေချည်းပဲ၊ သူကတော့ ဘာမို့လို့လဲ။ ဒီလောက်တောင် ကြီးကျယ်ဖို့ မလိုပါဘူး"
ဝင်းဝင်းသည် ထိုအချိန်မှစ၍ ခင်လေးကို စကားမပြောတော့။ မိဘနှင့်
ပတ်သက်၍ အစော်ကားခံရတော့ ဝင်းဝင်း နာကျည်း၍ မဆုံး။ အသက်အကြီးဆုံး
မမလွင်ကတော့ တစ်ယောက်နှင့် တစ်ယောက် ခွင့်လွှတ်သည်းခံဖို့
အမြဲပဲ ဆုံးမလေသည်။
"သူ့ကို တစ်နည်းနည်းနဲ့ ဆုံးမမှပဲ ရမယ်
မမလွင်၊ သူငယ်ချင်းလို စိတ်ထားလို့ကို မရဘူး။ မနေ့က နွဲ့မူမှာ
ကော်ဖီမှုန့် ကုန်နေလို့ ကော်ဖီတစ်ဇွန်းလောက် ချေးပါ၊ မနက်
ပြန်ဝယ်ပြီး ပြန်ပေးမယ် ပြောတော့ အချေးအငှါး ဝါသနာ မပါလို့
ယူလိုက်ပါတဲ့။ တကယ်ဆို သူငယ်ချင်းချင်းပဲကွာ၊ ချေးမနေနဲ့၊
ယူသောက်ပါလို့ ပြောရင် ဘယ်လောက် နားဝင်ချိုမလဲ"
"အပြောမတတ်တာပါ နွဲ့မူရယ်"
"လွန်တယ် မမလွင်၊ နွဲ့မူရဲ့ နီလာကျောက်ကိုလဲ သေသေချာချာ ကြည့်ပြီး
ရိုင်းလိုက်တာတဲ့။ သူတို့ကတော့ လက်ဝတ်တန်ဆာ ဆိုရင် စိန်နဲ့
ရွှေပဲ ဝတ်တတ်တယ်တဲ့။ သူ့မှာဖြင့် စိန်နားကပ် သေးသေးလေး တစ်ရံတည်း
ရှိတာများ ..."
မမလွင်က ပြုံးနေသည်။ မမလွင်သည် နွဲ့မူတို့ထက်
အလွန်ဆုံး ကြီးလှမှ သုံးနှစ်လောက်သာ ရှိမည်။ သို့သော်
တည်ငြိမ်ရင့်ကျက် လွန်းသည်။ ဘာမဆို သည်းခံသည်။
"ခင်လေးဟာ
တစ်ချိန်ကတော့ ချမ်းသာတဲ့ မိဘက ပေါက်ဖွားခဲ့တယ်နဲ့ တူပါတယ်
နွဲ့မူရယ်။ ခုချိန်မှာတော့ သူ့မိဘတွေလဲ စီးပွားပျက်နေပုံပါ။
အထည်ကြီးပျက် ဆိုတာမျိုးပေါ့။ သူ့လိုလူမျိုးက အမှန်အတိုင်း
ရင်ဆိုင်ရမှာ ဝန်အလေးတတ်ဆုံးပဲ။ အမှန်ကို ဖုံးကွယ်ဖို့
ကြိုးစားရင်း အဲဒီလို ဖြစ်လာတာ"
နွဲ့မူကတော့ မမလွင်စကားကို
နားမလည်လှပေ။ မမလွင်က မက်ထရစ်ကို အခါခါကျပြီးမှ တက္ကသိုလ်
ရောက်လာရသဖြစ်သဖြင့် အသက်ကြီး နေရခြင်း ဖြစ်သည်။ မမလွင်သည်
သိုသိုသိပ်သိပ် နေတတ်သည်။ တစ်ခန်းလုံးကို ညီညွတ်မျှတအောင်
ထိန်းသိမ်းပေးသည်။
သည်လိုနှင့်ပဲ နွဲ့မူတို့တစ်တွေ
တက္ကသိုလ် နယ်မြေမှာ တစ်နှစ်တာ ခရီးကို ဖြတ်သန်းခဲ့ကြ၏။
စာမေးပွဲတွေလည်း ဖြေရတော့မည်။ ကျောင်းပိတ်တော့မည်။
နွဲ့မူတို့လည်း စာမေးပွဲအတွက် ပြင်ဆင်ကြသည်။ ထိုအချိန်မှာပင်
စာတစ်စောင်ကို နွဲ့မူ ရရှိခဲ့သည်။ နွဲ့မူအမေထံမှ ဖြစ်၏။ နွဲ့မူတို့က
ဖြူးမှာ နေသည်။ ခင်လေးတို့က ဇေယျဝတီမှာ နေသည်။ တစ်ရပ်တည်းက
လာသူများဟုလည်း ဆိုနိုင်သည်။
သမီးနွဲ့မူ
သမီးသိအောင် ရေးလိုက်ရတာ။ ယခင်လက သမီးသူငယ်ချင်း ခင်လေးရဲ့အမေ
ဇေယျဝတီက လူကြုံနဲ့ စာတစ်စောင် ပေးလိုက်တယ်။ အင်မတန် အကျပ်အတည်း
ဖြစ်နေလို့ လူကြုံနဲ့ ကူညီတဲ့ အနေနဲ့ ငွေတစ်ရာ ချေးလိုက်ပါတဲ့။
သမီးသူငယ်ချင်း ခင်လေးရဲ့အမေ ပါတဲ့။ အမေကလဲ လူချင်း
မမြင်ဖူးပေမယ့် သမီးတို့ချင်း သူငယ်ချင်းဆိုလို့ အခင်မင်
မပျက်အောင် ချေးလိုက်တယ်။ ယခုလ တစ်ခါလာတယ်။ အလွန်အခက်ခဲ
တွေ့နေလို့ပါတဲ့။ တစ်ရာ ထပ်ချေးပါဦးတဲ့။ ယခင်တစ်ရာတော့
ဆုံးချင်ဆုံးပစေ ဆိုပြီး ပေးလိုက်တာ ယခုတစ်ခေါက်တော့
မပေးလိုက်ဘူး။ သမီးတို့ လူငယ် အချင်းချင်း အပေါင်းအသင်း
ပျက်သွားမလား မေမေ စိုးရိမ်တယ်။ သမီးသိအောင် ပြောထားတာပါ။
အမေ့စာက တခြားအကြောင်းတွေကို ဆက်ရေးသည်။ နွဲ့မူကတော့
သည်စာပိုဒ်ကိုပဲ ထပ်တလဲလဲ ဖတ်နေမိသည်။ ဪ ... ခင်လေး ...၊
သူတပါးအပေါ် စီးပိုးအနိုင်ယူ တတ်သည့် ခင်လေး၊ ခင်လေးကို သင်ခန်းစာ
ကောင်းကာင်း ပေးချင်သည်။ သည်စာကို ခင်လေးကို ပြလိုက်လျှင်
ဘယ်လိုနေမလဲ။ ထောင်လွှားသမျှ မာနတရားတွေ ဦးကျိုးသွားလေမည်လား။
* * *
"လာ နွဲ့မူ၊ မမလွင် စောင့်နေတာ၊ မြန်မြန်လာ၊ နောက်ကျနေမယ်"
မမလွင် အဆွယ်ကောင်းသဖြင့် နွဲ့မူသည် ဘုရားတရားကို ဝတ်မပျက်
ကြည်ညိုတတ်လာသည်။ မမလွင်က "တို့များ အဆောင်မှာ အတူနေကြတာ
ခရစ်ယာန်တွေက တနင်္ဂနွေနေ့တိုင်း ချာ့ခ်ျ မှန်မှန်သွားတယ်။
မွတ်ဆလင်တွေလည်း ဝါတွင်း ဥပုသ်စောင့်ကြတယ်။ တို့ဗုဒ္ဓဘာသာ
မိန်းကလေးတွေကတော့ ဘာမှမလုပ်ဘူး။ ရှက်စရာ ကောင်းတယ်။
ဘုရားဝတ်တက် မပျက်စေနဲ့" ဟု သတိပေးသည်။ စနေနေ့တိုင်း အဆောင်မှာ
ဓမ္မစကြာ ရွတ်ရသည်။ မမလွင်ကတော့ ဥပုသ်နေ့တိုင်း တက္ကသိုလ် ဓမ္မာရုံသို့
သွားသည်။ နွဲ့မူက မမလွင် အဖော်ရအောင် လိုက်ပါ သွားရသည်။
နံနက်စောစောမို့ နှင်းတွေက တဖွဲဖွဲကျဆဲ။ အဓိပတိလမ်းသည်
တိတ်ဆိတ်ငြိမ်သက် နေသည်။ ကံ့ကော်ရိပ်သည် အေးချမ်းသာယာလှသည်။
ကျောင်းသူအချို့ ဓမ္မာရုံသို့ ရှေးရှု လာနေကြသည်။ သည်လိုတော့လည်း
ကြည်နူးချမ်းမြေ့ခြင်း တစ်မျိုးကို ခံစားရသည်။ ဓမ္မာရုံကို
ဝင်မိတော့ ရင်မှာ ပိုပြီး အေးချမ်းသွားသည်။
ကျောင်းရိပ်ကန်ရိပ်သည် လူ့လောက၏ သောက၊ မောဟ၊ အပူမီးကို တဒင်္ဂ
ငြိမ်းအေးစေသည်မှာ အမှန်။ ဘုရား ဝတ်တက်သံ၊ ဓမ္မာစကြာ ရွတ်သံသည်
အာရုံဦးမှာ လွင့်ပျံနေသည်။ နေရောင်ခြည်ပျို့စမှာ နွဲ့မူတို့
လမ်းလျှောက် ပြန်ခဲ့ကြသည်။
"နွဲ့မူ ..."
နှင်းရည်စွတ်သော သစ်ရွက်ခြောက်တွေပေါ် ဖွနင်းရင်း မမလွင်က တိုးတိုးခေါ်သည်။
"ဘာလဲ မမလွင်၊ ဘာပြောမလို့လဲ .."
"မနေ့က နွဲ့မူအိမ်က ရေးလိုက်တဲ့စာကို ခင်လေးကို မပြလိုက်ပါနဲ့ကွယ် ..."
နွဲ့မူ ငိုင်သွားသည်။ မနေ့က စာဖတ်ပြီးပြီးချင်း ထိုစာကို မမလွင်ကို
ပြခဲ့သည်။ သည်မနက် တခြား သူငယ်ချင်းတွေကိုလည်း ပြမည်။ ပြီး ...
အလွန် အပြောကြီးပြီး သူတပါးကိုလည်း နှိမ်ချတတ်သော ခင်လေးကို
ပြလျှင် ဘယ်လိုနေမလဲ စောင့်ကြည့်ချင်သည်။
"မပြနဲ့နော်၊
မမလွင်တို့ ဗုဒ္ဓဘာသာတရားဟာ အင်မတန် သိမ်မွေ့နူးညံ့ပါတယ်၊ ပျော့ညံ့တာ
မဟုတ်ဘူးနော်၊ နူးညံ့ခြင်းနဲ့ အခက်ခဲဆုံးသော ခိုင်မာမှုကို
ရယူနိုင်စွမ်း ရှိတာ ...။ နွဲ့မူ စဉ်းစားကြည့်၊ ခင်လေးဟာ
မရင့်ကျက်သေးဘူး ...။ သူ့မိသားစုရဲ့ ယိုင်နဲ့နေတဲ့ အခြေအနေကို
ဖုံးကွယ်ရင်း ဟန်ဆောင်နေတာ၊ သူ့ကိုပြိုင်ပြီး အနိုင်ယူဖို့ ဆိုတာ
မခဲယဉ်းပါဘူး ..."
နွဲ့မူ စဉ်းစားနေသည်။ မမလွင်သည်
သည်စကားကိုပြောချင်လို့ သည်အချိန်ထိ စောင့်ခဲ့လေသလား၊ တရားဓမ္မ၏
အရိပ်မှာ အေးမြခိုက် အချိန်ကို တမင် ရွေးခဲ့လေသလား။
"သူ့ကို
ပြန်ပြီး လက်စားချေဖို့၊ သူ နာသာခံခက်အောင် လုပ်ဖို့ဆိုတာ
နွဲ့မူအတွက် လွယ်ပါတယ်။ ခွင့်လွှတ်ဖို့သာ ခက်တယ် မဟုတ်လား။
ခက်ခဲတာကို လုပ်နိုင်တာ သတ္တိပါ။ ပြီးတော့ အကျိုးမရှိတာကို
မလုပ်တာဟာလည်း မွန်မြတ်ပါတယ်။ ခုတလော ခင်လေး ငြိမ်နေတာ
သတိထားမိလား ..."
မမလွင်ပြောမှ နွဲ့မူ စဉ်းစားမိသည်။ ယခုတလော
ခင်လေး သိပ်စကားမပြောပေ။ စာပဲ ကြိုးစား ကြည့်နေသည်။ နွဲ့မူတို့က
စိတ်ချဉ်ပေါက်၍ မပြောဘဲ နေခြင်းကြောင့် သူမပြောခြင်းဟု
မှတ်ထင်ခဲ့သည်။
"ဟုတ်တယ် ...။ သူ စိတ်ညစ်နေတယ်။ အိမ်က
ငွေမလာလို့ ကျောင်းလခလည်း မသွင်းရသေးဘူး ...။ ဒီစာကို မြင်ရရင် သူ
ပိုစိတ်ဆင်းရဲမှာပဲ ...။ စာမေးပွဲ မဖြေနိုင်ဘဲ နေမယ်။ သူတပါး
အကျိုးယုတ်မယ့် အလုပ်ကို ဘာလို့လုပ်မလဲညီမရယ် ..."
နွဲ့မူ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"နွဲ့မူ သဘောပေါက်ပါတယ်။ နွဲ့မူ သူ့ကိုလဲ မပြဘူး။ ဘယ်သူ့ကိုမှလဲ မပြတော့ပါဘူး"
"ဝမ်းသာလိုက်တာ နွဲ့မူရယ် ...၊ ခင်လေးလဲ အရင်ကလောက်
မဆိုးတော့ပါဘူး။ မမလွင်ကို အခြေနေမှန်တွေ ပြောပြတယ်လေ၊
မမလွင်ကလည်း တဖြည်းဖြည်း တဖြည်းဖြည်း လူတွေအပေါ် သူ ပြုမူဆက်ဆံပုံ
ပြောင်းလဲလာအောင် မသိမသာ လမ်းကြောင်း ပေးနေတာပါ။ တို့တတွေ
ကျောင်းမှာ ဆုံရတာ တဒင်္ဂပါကွယ်၊ လူ့ဘဝသက်တမ်းနဲ့ စာရင် ခဏလေးပါ ..."
"ဟုတ်ကဲ့၊ နွဲ့မူ နားလည်ပါပြီ"
နွဲ့မူ၏ စိတ်ထဲမှာလည်း ပေါ့ပါးရှင်းလင်း သွားသည်။ ညကတော့ သည်စာကို
ပြလိုက်လျှင် ခင်လေးမျက်နှာ ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာ
သိချင်စိတ်တွေ လျှံတက်နေခဲ့သည်။ တကယ်တော့ ထိုစိတ်သည်
မလိုလားအပ်သော စိတ်ပါတကား။ အလွန်ယုတ်ညံ့လှပါကလား။
* * *
ဆယ့်ငါးနှစ်မျှ ကြာခဲ့ပြီ။ နွဲ့မူ သားကြီးကို ကျောင်းအပ်ဖို့
ကိစ္စနှင့် ဆရာမကို ဝင်တွေ့တော့ ခင်လေး ဖစ်နေသည်ကို အံ့ဩစွာ
တွေ့ရသည်။ နွဲ့မူကို လှိုက်လှဲပျူငှါစွာ ဆီးကြိုပြီး လိုအပ်တာ မှန်သမျှ
စိတ်ပါလက်ပါ လုပ်ပေးသည်။ အပြောကလည်း ချိုပါဘိ။
"အခုမှပဲ ရင်ထဲ ပေါ့သွားတယ် သူငယ်ချင်းရယ်။ ကိုယ်ဖြင့် အဆင်မှ ပြေပါ့မလားလို့၊ သူငယ်ချင်းကို ကျေးဇူးတင်လိုက်တာ ..."
"မလိုပါဘူး သူငယ်ချင်းရယ်၊ ကိုယ်လည်း မင်းကို တွေ့ချင်နေတာ၊
ဘယ်မှာနေမှန်း မသိလို့၊ အခုလို ကူညီခွင့်ရတာ သိပ်ဝမ်းသာတာပဲ။
ဒီထက်မက ကိုယ် လုပ်ပေးချင်ပါတယ်။ မင်းကျေးဇူးတွေ ကိုယ့်မှာ
ရှိပါတယ်"
ရုတ်တရက်တော့ နွဲ့မူ ငိုင်သွားသည်။ ခင်လေး
မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးများက တစ်စုံတစ်ခုကို
ရည်ညွှန်းနေ သယောင်ပင်။ ခင်လေးက သူ့အိမ်ထောင်အကြောင်း
အကျဉ်းရုံး၍ ပြောပြသည်။ ခင်လေးမှာ အလုပ်တာဝန်တွေ
ဝိုင်းဝိုင်းလည်ခိုက်မို့ စကားကြာကြာ မပြောဘဲ ပြန်ခဲ့ရသည်။
နွဲ့မူမှာလည်း အလွန်ခက်ခဲမည် ထင်သော အလုပ်တစ်ခု အောင်မြင်ခဲ့၍
စိတ်လက် ပေါ့ပါးသွားသည်။ ပြီးတော့ တည်ငြိမ်ရင့်ကျက်သော
ခင်လေးကို မြင်ယောင်သည်။ သူပြောသော စကားကိုလည်း ကြားယောင်သည်။
"မင်း ကိုယ့်အပေါ် ညှာခဲ့တာတွေ ကိုယ် သိပါတယ်" တဲ့။
နွဲ့မူ၏ စိတ်ကို တဒင်္ဂမျှ ထိန်းချုပ်ထားရှိခဲ့ရသော စေတနာသည်
လူတစ်ယောက်အပေါ် သည်မျှ အကျိုးသက်ရောက် စေခဲ့ပါကလားဟု ယခုမှပင်
သိရလေတော့သည်။
---------------------
မိုးမိုး (အင်းလျား)
No comments:
Post a Comment