ယောက္ခမနှင့် ချွေးမတို့ ဖြစ်မြဲ ဓမ္မတာတရားကို ဖောက်ဖျက်
ကျူးလွန်ပြီးလျှင် ကျွန်တော့် အမေနှင့် ကျွန်တော့်
မိန်းမတို့“ညွန့်ပေါင်းအစိုးရ” ဖွဲ့လိုက်ခြင်းကြောင့် ကျွန်တော်
ခံလိုက်ရပုံကို ပြောပါဦးမည်။ ဤနေရာတွင် အမည်နာမများသည် အရေး မပါသဖြင့်
ကျွန်တော့် အမေနှင့် ကျွန်တော့် မိန်းမတို့ကို“အမေ”“မိန်းမ” ဟူ၍သာ
သုံးနှုန်းသွားမည် ဖြစ်ပေသည်။
အမေ မကြာခဏ ပြောဖူးသည်။
“ငါ့သားတွေ မိန်းမ ယူတဲ့အခါ အမေပြောသမျှ ခေါင်းငုံ့ခံမယ့် ချွေးမမျိုးတော့
မလိုချင်ဘူး၊ အမေ့ကို ပြန်ပြီး ဩဇာ ပေးနိုင်လောက်တဲ့ အရည်အချင်း ရှိတဲ့
ချွေးမမျိုးပဲ လိုချင်တယ်၊ ဒါမှ ငါ့သားတွေ အမေ့ ထက်တော်တဲ့ မိန်းမမျိုး
ရမှာ”
ကျွန်တော်တို့ ညီအစ်ကို တစ်တွေ မိန်းမ ယူကြသော အခါ အမေ့
ဩဝါဒကို ကိုက်ညီအောင် တမင် ရွေးချယ်ပြီး ယူခဲ့ကြခြင်း မဟုတ်ချေ။ အမေ့
ဩဝါဒကို သတိလည်း မရ။ ကျွန်တော်တို့ ဘာသာ ကိုယ်ကြိုက်တာ ယူခဲ့ခြင်း ဖြစ်သည်။
အမေက ပြောတုန်းကသာ ပြောခဲ့ပြီး ချွေးမတွေ တကယ် ရသောအခါ သူ့
စည်းကမ်းချက်တွေ မေ့သွားကာ ကြည်ကြည်ဖြူဖြူ လက်ခံခဲ့လေသည်။ အဖေကတော့
ရှင်းသည်။
“ငါ့သားနဲ့ ညားရင် ငါ့ချွေးမ”
ဒါပဲ။
ကျွန်တော်တို့၏ မိန်းမများသည် အမေ့ကို ဩဇာ ပြန်မပေးကြချေ။ ထို့အတူ အမေကလည်း
သူတို့ကို ဩဇာ ဝင်မပေး။ ဤသို့ဖြင့် အမေ့ စည်းကမ်းမှာ အလိုလို
ပျက်ပြယ်သွားကာ အမေနှင့် ချွေးမများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်ခဲ့ကြလေ၏။ တစ်ခုတော့ ရှိသည်။ အမေ့ ချွေးမများ၌ အမေနှင့် တူသော
အချက်တွေ ရှိနေကြခြင်းပင်။
အမေသည် ကျောင်းဆရာမ ဖြစ်သည်။ ကျွန်တော့်
အစ်ကို သုံးယောက်တို့၏ မိန်းမများသည်လည်း ကျောင်းဆရာမများ ဖြစ်ကြ၏။
ကျွန်တော့် မိန်းမကတော့ ကျောင်းဆရာမ မဟုတ်ချေ။ သို့ရာတွင် သူ့အဖေက
ကျောင်းဆရာကြီး ဖြစ်သည်။
ထို့အပြင် အမေနှင့် ကျွန်တော့် မိန်းမတို့
တူသောအချက် နောက်တစ်ချက် ရှိသေးသည်။ အမေသည် မြန်မာ သမားတော်ကြီး တစ်ဦး၏ တူမ
ဖြစ်ပြီး ကျွန်တော့် မိန်းမကား ဆရာဝန်မ တစ်ယောက်နှင့် သူနာပြုဆရာမ
တစ်ယောက်တို့၏ ညီမ ဖြစ်ခြင်းပင်တည်း။
ဤသည်ပင် ကျွန်တော် ခံလိုက်ရသည်
ဆိုသော အကြောင်း ဖြစ်ပါသည်။ ကျောင်းဆရာမလည်း ဖြစ်၊ သမားတော်ကြီး၏ တူမလည်း
ဖြစ်သော အမေသည် လူနာပြုစုခြင်း၊ ဆေးဖော်ခြင်း၊ ဆေးတိုက်ခြင်း များကို ဝါသနာ
ထုံလေသည်။ မြန်မာဆေး အမျိုးမျိုးကို ကိုယ်တိုင်လည်း ဖော်သည်။ ဦးလေး၏
ဆေးတိုက်မှလည်း တောင်းသည်။ အခြား ဆေးတိုက်များမှလည်း ဝယ်သည်။ ထိုဆေးများကို
ပုလင်းကြီး၊ ပုလင်းငယ်များနှင့် ထည့်ထားတတ်သည်။
အမေ့ လူနာများကား
အမေ့ သူငယ်ချင်းများ၊ အိမ်နီးနားချင်းများ ဖြစ်သည်။ ကျွန်တော့်အိမ်မှာ အဝတ်
လာလျှော်သည့် ဆော်လီမားတို့ မိသားစု ဆိုလျှင် အမေ့ကို သူတို့ မိသားစု
ဆရာဝန်သဖွယ် အားကိုးလေသည်။
အမေသည် ဆေးပေးရုံမျှ မဟုတ်။
အိမ်နီးချင်း တစ်ယောက်ယောက် နေမကောင်းလျှင် သူကိုယ်တိုင် သွားကြည့်
တတ်သေးသည်။ အမေ့ ဆေးစွမ်းကို ယုံကြည်ကြသော အမေ့ သူငယ်ချင်း တချို့က
ဆိုလျှင် သူတို့ တစ်ခုခု ဖြစ်လျှင် အမေ့ဆီ ဖုန်းဆက်ပြီး ...
“သူငယ်ချင်းရေ ... ငါကွယ် ... မူးသလိုလို မောသလိုလိုနဲ့၊ ညညလည်း အိပ်မပျော်ဘူး၊ ရင်တွေ သိပ်တုန်တာပဲ”
ဆိုလျှင် အမေက ...
“ဟဲ့ ... ငါ ဟိုတစ်ခါ ပေးထားတဲ့ သွေးဆေးကို ကြံရည်နဲ့ ဖြစ်ဖြစ်၊ သကြားနဲ့ ဖြစ်ဖြစ် ဖျော်သောက်လိုက်”
ဟု ညွှန်ကြားတတ်၏။
တချို့ ရပ်ဝေးမှ ဓမ္မမိတ်ဆွေများ ဆိုလျှင် စာလှမ်းရေးပြီး မေးမြန်း
တတ်သဖြင့် အမေက ဆရာဝန် တင်ရွှေတို့၊ ဒေါက်တာ မောင်မောင်ညိုတို့လိုပင်
အကြံဥာဏ်ပေး ပြန်ကြားရသည်ပင် ရှိ၏။
ဤသို့ဆိုလျှင်
ရပ်ဝေးထိတိုင်အောင် ကျော်ကြားသူ ဖြစ်လေရာ အိမ်ကလူများ အဖို့တော့ ပြောစရာပင်
မလိုတော့ချေ။ ကျွန်တော်သည် အမေနှင့် အမြဲနေခဲ့သူ ဖြစ်သဖြင့် အမေ့ဆေးတွေ
အများဆုံး သောက်ခဲ့ရသူ ဖြစ်နိုင်လောက်ပါသည်။
ကျွန်တော်တို့ ငယ်ငယ်က
တော်ရုံတန်ရုံ ဖျားတာလောက် ဆိုလျှင် ဆရာဝန်ဆီ သွားစရာ မလို။ အမေ့ဘကြီး
ဆရာမောင်၏ ဆေးနီလုံး၊ ဆေးနီမှုန့် သောက်၊ စောင်ခြုံပြီး ချွေးထုတ်လိုက်လျှင်
ပျောက်သွား တတ်သည်ပင် ဖြစ်သည်။ အသက်ကလေး နည်းနည်းကြီး၊ ပညာကလေး နည်းနည်း
တတ်လာသောအခါ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကို အရာ ထားတတ်လာခြင်း
ဖြစ်ချင်ဖြစ်မည်။ အမေက အိုလာသောကြောင့် ခေတ်လွန်ပြီဟု ထင်လာခြင်းလည်း
ဖြစ်ချင်ဖြစ်မည်။ အမေ့ ဆေးများအပေါ် စောဒက တက်ချင်လာသည်။
ကျွန်တော်
ဖျားသလိုလို ဖြစ်လို့ အမေက“ဟဲ့ ... နေမကောင်းဘူးလား၊ ဒါဆို” ဟု
ပြောရုံရှိသေး၊“အေပီစီ သောက်ထားတယ်”။ တစ်ခါတလေ အမေက ငန်းဆေး ပုလင်းလေးကို
ကိုင်ပြီး အခန်းထဲ ဝင်လာလျှင်“ကိုးတက်ဘလက် သောက်မလို့” ဟု အလျင်ဦးအောင်
ဆီးပြီး ပြောတတ်လာ၏။
အသိသာဆုံးမှာ အမေ၏ ပြုစုမှုများကို တစ်စတစ်စ
ငြင်းပယ်လိုသော အရိပ်အယောင်များ ပြလာခြင်းပင် ဖြစ်သည်။ အမေက အနွေးထည်တွေ
ဝတ်ပေး၊ စောင်ခြုံပေး၊ ပြတင်းပေါက်တွေ လျှောက်ပိတ် လုပ်သောအခါ“ဒီလောက်
လှောင်ပိတ် နေရင် လေကောင်းလေသန့်တွေ ဘယ်ရတော့မလဲ၊ အပူငွေ့တွေနဲ့ လုံပြီး
အဖျားကျတော့မှာ မဟုတ်ဘူး” ဟု ဆင်ခြေ ပေးတတ်လာသည်။
ငယ်ငယ်က
ဖျားလျှင် စောင်ခြုံပြီး အမေ့ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်ကလေး နေရသည်ကို
သဘောကျ ခဲ့သည်။ ထိုအခါမျိုးတွင် အမေက ခေါင်းကို အုန်းဆီထည့်ပေး၊
ချွေးစို့နေသော နဖူးကလေးကို လက်ဖြင့် အသာသပ်ပြီး ဘုရားစာ ရွတ်သောအခါ
ချက်ချင်းလို ကိုယ်ပူ ကျသွားသည်ဟု ထင်ခဲ့သည်။ ကြီးသောအခါ ကျွန်တော့်ကို
ကလေး တစ်ယောက်လို ပြုစုတာမျိုး လက်မခံချင်တော့ချေ။ ပြီးတော့ ကျွန်တော်
နေမကောင်း ဖြစ်ပြီ ဆိုလျှင် နားအေးပါးအေး တစ်ယောက်တည်း နေချင်သည်။
ကျောင်းသား ဘဝက ဖျားလျှင် ကျောင်း မတက်ရသဖြင့် ပျော်သည်။ ကြီးလာတော့
အလုပ်မှာ ဇောကပ် နေသဖြင့် တော်ရုံတန်ရုံ အနားမယူဖြစ်။ ဖျားပြီ ဆိုတော့မှ
ကိုယ့်စိတ်ကို ကိုယ့်ဘာသာ ဖျောင်းဖျပြီး နားနားနေနေ နေရသည်။ ထိုအခါတွင်
အိပ်ရာထဲ လှဲပြီး စာဖတ်ချင် ဖတ်၊ ဝတ္ထု ဇာတ်လမ်းလေးတွေ စဉ်းစား၊ ကဗျာလေးတွေ
စိတ်ထဲက စပ်ရင်း မှိန်းချင်မှိန်းနေ၊ တစ်ခါတစ်ရံ နေမကောင်း ဖြစ်နေရင်းက
အလွန်ကောင်းသော ဝတ္ထု တစ်ပုဒ်၊ ကဗျာ တစ်ပုဒ် ရတတ်သည်ကို ကြုံခဲ့ဖူး၏။
ထို့ကြောင့် ဖျားလျှင် အနားယူ ရသည်ကို ပျော်သလိုတောင် ဖြစ်မိတတ်သည်။ ထိုအခါမျိုးမှာ အမေ ရောက်ရှိလာပြီး ...
“ဟဲ့ ... နေမကောင်းဘူးလား၊ ဘာ ဆေးသောက်လဲ၊ အင်္ဂလိပ်ဆေး သောက်ချင်လည်းသောက်၊
အမေ့ စပ်ဆေးလေးလည်း ကောင်းတာပဲ၊ ထမင်း မစားနဲ့၊ ဆန်ပြုတ် သောက်ပါလား၊
လောလောဆယ် ကော်ဖီ သောက်ထားရင် ကောင်းမယ် ထင်တယ်” ဟူ၍ လာလာ ပြောသဖြင့်
အတွေးပျက် ရလေသည်။
အဆိုးဆုံးက နဖူးကို မကြာခဏ လာလာစမ်းခြင်းပင်
ဖြစ်၏။ ဖျားနေသူမှာ ကိုယ်ပူရှိန် မြင့်တက် နေသဖြင့် နေကောင်းသူတို့၏ သာမန်
အပူရှိန် ရှိသော အသားနှင့်ထိလျှင် အေးသည်ဟု ထင်ရသည်။ အမေ့ လက်များကား
မီးဖိုထဲမှာ ရေကိုင် ဘာကိုင်နှင့် ဆိုတော့ ပို၍ပင် အေးနေ၏။
ဤသို့လျှင် လက်အေးကြီးနှင့် နဖူးကို မကြာခဏ အစမ်းခံရလျှင် ဘယ်လောက်
အခံရခက်ကြောင်း ဖျားဖူးသူတိုင်း သိကြပါလိမ့်မည်။ ပြီးတော့ ချက်ရင်း
ပြုတ်ရင်းက လာရသောကြောင့် အမေ့လက်က ကြက်သွန်နံ့၊ သားငါးနံ့ ကပ်ပါလာ
တတ်သေးသည်။ ဒီကြားထဲ အမေ့ သူငယ်ချင်း အဘွားကြီးတွေက လမ်းကြုံရင်း
ဝင်ဝင်စမ်းသွား တတ်သေးသည်။
ထို့ကြောင့် တော်ရုံတန်ရုံ ဖျားလျှင်
အမေ့ကို အသိ မပေးတော့ပါ။ သို့တိုင်အောင် အမေက သိသိ သွားတတ်သည်။ ထိုအခါ
လက်အေးကြီးနှင့် တွေ့ရပြန်၏။ ထို့ကြောင့်“ကျွန်တော့်ဘာသာ အေးအေး ဆေးဆေး
နေစမ်းပါရစေ အမေရယ်” ဟု ပြောလွှတ်ရတော့သည်။ ဒီတော့မှ အမေလည်း အခန်းထဲ
ဝင်မလာတော့ချေ။
သို့ရာတွင် အမေသည် ညကျတော့ အခန်းထဲ ခြေသံ မကြားအောင်
တိတ်တိတ်ကလေး ဝင်လာ တတ်ပြန်သည်။ အတန်ကြာ အကဲခတ်ပြီးမှ ကျွန်တော်
အိပ်ပျော်နေပြီ အထင်ဖြင့် နဖူးကို ဖွဖွကလေး လာစမ်းသည်။ ရင်ဘတ်ကို ချွေးရွဲ
နေမနေ စမ်းကြည့်ပြီး စောင်အသာ ပြန်ခြုံပေးသည်။ ထိုအခါ ကျတော့လည်း ကျွန်တော်
ဘာမျှ မပြောရက်တော့။ အသာငြိမ်ပြီး အိပ်ချင်ယောင် ဆောင်နေ လိုက်ရသည်။
မိန်းမ ကျတော့ အမေ့တုန်းကလို အော်ငေါက် မရတော့ချေ။
“ငါ့ဘာသာ အေးအေး နေစမ်းပါစေ” ဆိုလျှင် သူက ...
“ဘာလဲ ... အင်္ကျီမှာ ချွေးတွေ ရွှဲနေတာ မလဲလို့ ဘယ်ဖြစ်မလဲ၊ ချွေးအေး ပတ်သွားရင် နမိုးရီးယား ဝင်တတ်တယ်” ဟု ပညာ ပြန်ပေးတတ်လေ၏။
ကျွန်တော် မိန်းမ ရသောအခါ အမေ၏ စမ်းသပ်ခြင်းမှ အတော်အတန် လွတ်လပ်ခွင့်
ရသွားပါသည်။ မိန်းမ တစ်ယောက် အနေဖြင့် ကိုယ့်ယောက်ျားကို လွတ်လွတ်လပ်လပ်
ပြုစုချင်လိမ့်မည်ဟု အမေ နားလည်သည်။ ထို့ကြောင့် တော်ရုံ ကိစ္စတွင် ဝင်ရောက်
စွက်ဖက်ခြင်း မပြုတော့။
ဒါတောင်မှ ကျွန်တော် ဖျားပြီဆိုလျှင် အမေ
မနေနိုင်။ ကိုယ်ထိလက်ရောက် ဝင်မပြုစု ရတော့သော်လည်း အကြံဥာဏ်
ပေးတာမျိုးတော့ မသိမသာ လုပ်သေးသည်။ ကျွန်တော်တို့၏ အခန်း အပြင်မှာ မသိမသာ
လာရပ်ရင်း ...
“သမီးရေ ... ဘာဆေး တိုက်ထားသလဲ”
“ပါရာစီတမော တိုက်ထားတယ် အမေ”
“ပါရာစီတမော တိုက်ထားတယ် အမေ”
“အေး ... အေး၊ ကောင်းပါတယ်၊ ရေကျက်အေး ယူဦးမလား၊ ဪ... အေး အေး၊ များများသာ
တိုက်ကွယ်၊ တော်ရုံတန်ရုံကတော့ ဆီးများများ သွားလိုက်ရင်
ကောင်းသွားတာပါပဲ”
ဟူ၍လည်းကောင်း၊ တစ်ခါတစ်ရံ ကျတော့ ...
“အင်္ဂလိပ် ဆေးလည်း ကောင်းပါတယ်၊ ကွမ်းရွက်ပြုတ်ရည် တိုက်တာတော့ မမှားနိုင်ဘူး”
ဟု သူ့ကိုယ်သူ ပြောသလို ပြောတတ်၏။
ကျွန်တော့် မိန်းမသည် အစ်မများ ဖြစ်သော သူနာပြု ဆရာမနှင့် ဆရာဝန်တို့နှင့်
နေခဲ့ရသဖြင့် နိုင်ငံခြားဆေးများ အကြောင်းကို အတန်အသင့် ကျွမ်းကျင်
နားလည်နေသည်။ သူ့အစ်မတွေ ဆီက တောင်းထားတာရော၊ ဝယ်ထားတာရော အိမ်မှာ
ဘီပီအိုင်ဆေး အတော်စုံစုံ ရှိလေ၏။ တော်ရုံ ဖျားတာ နာတာလောက် ဆိုရင်
ဆေးတိုက် သွားစရာ မလို၊ သူ့ဘာသာ ကုနိုင်သည်။
ထို့အပြင် သူသည်လည်း
အမေ့လိုပင် လူနာပြုစုရာတွင် ဝါသနာ ပါလေ၏။ သူက အမေ့ထက်ပင် အခွင့်အရေး တစ်ခု
ပိုရထားသေးသည်။ အမေသည် ကျွန်တော် ချွေးတွေ ရွှဲနေသလား၊ စောင်လွတ်နေလား
ကြည့်ရှုလိုလျှင် ကျွန်တော့် အခန်းသို့ တကူးတက လာရသည်။ မိန်းမကျတော့
တစ်အိပ်ရာတည်း အတူတူ အိပ်ကြရသောကြောင့် အချိန်မရွေး ထစမ်းခွင့် ရလေသည်။
နဖူးကို။
ထို့ကြောင့် ကျွန်တော်သည် အမေ့လက်မှ လွတ်ခဲ့သော်လည်း သူ့လက်တွင်းသို့ သက်ဆင်းခဲ့ရ ရှာပေတော့သည်။
ကျွန်တော့် မိန်းမသည် ကျွန်တော့်လို ဘုဆတ်ဆတ် မလုပ်တတ်ဘဲ ဘီပီအိုင်
ဆေးများ၏ အာနိသင်များ၊ နောက်ဆုံးပေါ် ကုသနည်းများ အကြောင်းကို အမေ့အား
စိတ်ရှည် လက်ရှည်နှင့် ရှင်းပြတတ်သည်။ အမေကလည်း တိုင်းရင်းဆေးများ
ထက်မြက်ပုံ၊ ပွဲတွေ့ ကုထုံးများ အကြောင်း ပြန်လည် ပြောပြတတ်သည်။
သို့ဖြင့် သူတို့ နှစ်ယောက် ပူးပေါင်း မိကြလေ၏။
အမေသည် ဘာမီတွန်၏ အစွမ်းသတ္တိကို ယုံကြည် လာသလို သူကလည်း
ကွမ်းရွက်ပြုတ်ရည်၏ အာနိသင်ကို လက်ခံ၏။ သူသည် “အေးအေးဆေး” ဟု ခေါ်သော မြန်မာ
တိုင်းရင်းဆေး နှစ်မျိုး သုံးမျိုး ကိုပင် အသင့် ဝယ်ဆောင်ထား လာခဲ့သည်။
အမေနှင့်သူ သဘောတူညီမှု တစ်ခုကိုလည်း ရရှိခဲ့ဟန် တူသည်။
အနောက်တိုင်း
နည်းနှင့် တိုင်းရင်း ကုထုံးတို့ ပူးပေါင်း၍ စမ်းသပ်ကြည့်ရန် ဖြစ်လေသည်။
သူတို့ဘက် ကတော့ အဆင်သင့် ဖြစ်ပြီး လူနာသာ လိုတော့သည်။
ထို့ကြောင့် ကျွန်တော်သည် ဖျားပေးရလေ တော့၏။
တစ်နေ့တွင် နေပူထဲမှာ တစ်နေ့လုံး လျှောက်သွားနေတုန်း ဗြုန်းဆို
မိုးရွာချသဖြင့် မိုးမိပြီး အပူရှပ် သွားသည်။ အဖျား သိပ်မရှိသော်လည်း
ချောင်းဆိုးပြီး ရင်က တော်တော် ကျပ်နေသည်။
ကျွန်တော့် မိန်းမက အဖျားအတွက် ပါရာစီတမော၊ ဆာလ်ဖာနှင့် ဘာမီတွန် တိုက်ပြီး ချောင်းဆိုးရင်ကျပ် အတွက် “အေးအေးဆေး” တိုက်သည်။
သူရုံးသွားသောအခါ တစ်ယောက်တည်း အေးအေး နေရပြီး တွေးချင်ရာ တွေးရပြီ
မှတ်တုန်း အမေ အခန်းထဲသို့ ဝင်လာပြီး နဖူးကို စမ်းလေတော့၏။ သူတို့နှစ်ယောက်
နားလည်မှု ယူထားသည့် အတိုင်း မိန်းမက သူ မရှိတုန်း ဂျူတီ လွှဲပေးသွားခြင်း
ဖြစ်ပါသည်။ နေ့လည်တွင် အမေက ကွမ်းရွက်၊ ဇီယာ၊ ခွေးသေးပန်းရွက် တို့ကို ရော၍
ပြုတ်ပြီး မဒဲမြစ်မို ဆိုသည့်ဆေးနှင့် တိုက်သည်။ မိန်းမ ရုံးက ပြန်လာပြီး
“ညဂျူတီ” ပြန်ဝင်သည်။ သူ့ဆေးတွေ တိုက်ပြန်သည်။ လည်ချောင်းယား လာလျှင် အမေ၏
မဒဲကို လျက်ရ၏။ ညအိပ်ခါနီးတော့ ကော်မက်သာဇင် သောက်ရသည်။
ဘယ်ဆေး၏
အစွမ်းကြောင့်လည်း မသိ။ နောက်တစ်နေ့ မနက် အိပ်ရာမှ နိုးသောအခါ အဖျား
မရှိတော့ချေ။ ချောင်းသုံးလေးကြိမ် ဆိုးပြီး သလိပ်တွေက အခဲလိုက် ထွက်လာကာ
ရင်ထဲက ချောင်ပြီး သက်သာသွား၏။ အမေနှင့် သူလည်း ဘယ်ဆေးကို ဘယ်လို
တိုက်လိုက်လို့ ခုလို သက်သာသွားတာ ဆိုပြီး ဝမ်းသာအားရ အပြန်အလှန်
ပြောနေကြလေသည်။
သို့ရာတွင် သူတို့ တိုက်ခဲ့သည်မှာ ဆေးပူတွေချည်း
ဖြစ်သဖြင့် အပူတွေ ကန်ပြီး လည်ချောင်းတွေနာ၊ လျှာတွေကွဲ၊ သွားဖုံးမှာ
အဖုတွေ ပေါက်လာလေ၏။ ကျွန်တော်လည်း စိတ်ပေါက်ပေါက် ရှိလာသဖြင့် ...
“အမေတို့ နှစ်ယောက်ဟာ လိုက်လည်း လိုက်တယ်၊ လူမမာ ပြုစုရတာကို တော်တော်
ဝါသနာ ထုံပုံ ရတယ်၊ ကျွန်တော်များ ဖျားပြီဆိုရင် ငါတို့ စိတ်ကြိုက်
ပြုစုခွင့်ရပဟဲ့ ဆိုပြီး ဝမ်းသာ နေကြသလား မသိဘူး”
ဟု ငေါ့တော့တော့ ပြောလိုက်၏။
ကျွန်တော်သည် ခုလိုပင် ခွကျကျ ပြောတတ်ကြောင်း သိသဖြင့် အမေက ဘာမျှ ပြန်မပြောဘဲ ရယ်နေသည်။ မိန်းမကတော့ ...
“အံမယ် ... အဲဒီလို အမေနဲ့ ကိုယ်ဖိရင်ဖိ ပြုစုခဲ့လို့ တစ်ရက်တည်းနဲ့ နေကောင်းသွားတာ မဟုတ်လား” ဟု ပြောပြန်သည်။
“အေး ... နေတော့ ကောင်းသွားပြီ၊ ဒါပေမယ့် ဆေးပူတွေ သောက်ရလွန်းလို့
လည်ချောင်းတွေနာ၊ လျှာတွေကွဲ၊ သွားဖုံးတွေမှာ အဖုတွေ ပေါက်ကုန်ပြီ”
“ဟင် ... ဟုတ်လား၊ ဒါဆို ဂရိတ်ဆော့ သောက်ပြီး ဝမ်းနုတ်လိုက်ရင် ကောင်းမယ်” ဟု မိန်းမက ပြောသည်။ အမေကလည်း ...
“အံမယ်လေး သားရယ် ... အပူကန်တာ လောက်တော့ အမေ့ ဒေဝစက္ခုလေးသာ သောက်လိုက်၊ သုံးလေးခါလောက် ဝမ်းသွား လိုက်ရင် ကောင်းသွားမှာပဲ”
နှစ်ယောက် တစ်ယောက် ဖြစ်နေသောကြောင့် ဆက်ပြောနေလျှင် ကျွန်တော်ပဲ
ရှုံးမည်ကို သိ၍ ဘာမျှ ထပ်မပြောတော့ဘဲ အသာ လှည့်ထွက် လာခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် သူတို့ပြောသော ဆေးနှစ်မျိုး အနက် တစ်မျိုးကိုတော့ ထပ်သောက်ရ
ပေဦးမည်။ သူတို့ သမီးယောက္ခမ နှစ်ယောက်ကတော့ ဂရိတ်ဆော့နှင့် ဒေဝစက္ခု
မည်သည့်ဆေးက ပို၍ သင့်လျော်မည့် အကြောင်းကို ဆွေးနွေးညှိနှိုင်း နေကြဆဲ။
--------
မင်းလူ
ပေဖူးလွှာ၊ ဒီဇင်ဘာ၊ ၁၉၈၃။
No comments:
Post a Comment