မြက်ခင်းစိမ်းစိမ်းများ ဖုံးလွှမ်းနေသည့်
မနိမ့်မမြင့် တောင်ကုန်းလေး
(၁)
အနေကဇာဘိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗသံ။
ဂဟဏာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။
ဥာဏ်တော် ကြီးမြတ်တော်မူလှပေသော အရှင်သည်၊ တစ်ခုတည်းသော သံသရာ ပုစ္ဆာ၏
အဖြေကို တွေ့သိတော်မူပေသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်၊
“ခန္ဓာအိမ်ကို အကြိမ်ကြိမ် ဆောက်တတ်သော တဏှာယောက်ျား၊ ဟယ် ... ပဲခွပ်သမား“
ဟု ဥဒါန်းကျူးရင့်တော် မူနိုင်ခဲ့သည်။ ပါရမီ မရင့်သန်သူမို့ ခန္ဓာအိမ်ကို
အဖန်ဖန် အကြိမ်ကြိမ် ဆောက်မိပါသည် ဘုရား။ အတ္တဘောတည်း ဟူသော ခန္ဓာအိမ်ကို
ရသောဘဝမှာ၊ ထိုအိမ်ကလေးအား ထားရန်၊ အိမ်ကြီးကို ရှာရပြန်လေသည်။
(၂)
သူ အိမ်တစ်လုံး ဆောက်ခဲ့ဖူးပါသည်။ မြက်ခင်းစိမ်းစိမ်းများ ဖုံးလွှမ်းနေသည့်
မနိမ့်မမြင့် တောင်ကုန်းလေး တစ်ကုန်းပေါ်မှာ ပင်လယ်ပြာပြာကို
မျက်နှာပြုထားသော မိသားစု လေးယောက် နေနိုင်ရုံ တစ်ထပ် သစ်သားအိမ်ကလေး
တစ်လုံး ဖြစ်သည်။ နေရာလပ် မရှိအောင် ဆေးဖြူ သုတ်ထားသော ထိုအိမ်ကလေးတွင်
အလင်းရောင် ကောင်းကောင်း ရရန်နှင့် လေကောင်းကောင်း ရရန် မှန်တံခါးချပ်များ
တပ်ဆင်၍ ပြတင်းပေါက် ကျယ်ကျယ်များ ဖောက်လုပ်ထားသည်။ အိမ်ဝရန်တာတွင်
ခရမ်းနုရောင် အပွင့်သေးသေး ကလေးများ ပွင့်သည့် နွယ်ပင်များ တွယ်ကက်
နေကြသည်။ ခြံထဲမှာတော့ ပင်လယ်ကဗွီးပင်နှင့် ယူကလစ်ပင်များ ခပ်ကျဲကျဲ
ပေါက်နေ၏။
ထိုအိမ်ကလေးတွင် အသားဖြူဖြူ ပါးချိုင့်ကလေးနှင့် ချစ်စရာ
ကောင်းလောက်အောင် အရုပ်ဆိုးသော သူနှင့် အတူနေသည့် မိန်းကလေး တစ်ယောက်လည်း
ရှိသည်။ (သူတို့ ဘယ်တုန်းကမှ လက်မထပ်ခဲ့) ပြီးတော့ သူ တစ်ခါတလေ ရေးသည့်
ဆီဆေး ပန်းချီကားပေါ်၌ သူ့အလစ်တွင် စုတ်တံဖြင့် ကြက်ခြေခတ်ရာ ဖြစ်အောင်
ခြစ်တတ်သော မျက်လုံးပြူးပြူး သမီးကလေး တစ်ယောက်နှင့် တစ်ခါတစ်ရံ
မှန်ပြတင်းပေါက်များ ကွဲအောင် ဘောလုံးဖြင့် ကန်တတ်သော ဆံပင်ရှည်ရှည်နှင့်
သားကလေး တစ်ယောက်လည်း ရှိသည်။ (နှစ်ခုလုံးမှာ ပျော်စရာ ကိစ္စများ
ဖြစ်ခဲ့သည်။) ချစ်စရာ ကောင်းလောက်အောင် အရုပ်ဆိုးသော မိန်းကလေး ဈေးကအပြန်
ဆံပင်ကောက်လာသော နေ့တွင် သူနှင့် ရန်ဖြစ်ကြသည်။ ထိုလို ခဏမှာတော့ ဆေးဖြူ
သုတ်ထားသော အိမ်ကလေး အတွင်းမှာ အနည်းငယ် မှိုင်းညို့ နေချင် နေပေမည်။
စာဖတ်ခန်းထဲ ဝင်ကာ စာဖတ်ချင်ယောင် ဆောင်နေဖို့ သူ ကောက်ကိုင်လိုက်သော
စာအုပ်မှာ ပီ၊ ဂျီ၊ ဝုဒ်ဟောက် စာအုပ် ဖြစ်နေတတ်၏။ သားနှင့် သမီးကတော့
သူတို့ ကြိုက်သော မက်ဒိုနာ၏ ဗီဒီယို အခွေကို ဖွင့်ကာ ငြိမ်ငြိမ်ကုပ်ကုပ်
ခြေထောက်ဖြူဖြူ ကလေးများနှင့် စည်းချက်လိုက် နေကြမည်။ ဆံပင်ကောက်ကောက်
အသစ်နှင့် စိတ်အသစ် ကောက်နေသော မိန်းကလေး မီးဖိုထဲမှ နေ၍ သူ ကြိုက်တတ်သော
ဝက်ပေါင်ခြောက်ကို တမင်ဘသူ ညှော်နံ့ရအောင် ကြော်နေသည်။
ဆေးဖြူ
သုတ်ထားသော အိမ်ကလေး အတွင်းမှ မှိုင်းညို့မှုမှာ တာရှည်ခံလေ့ မရှိပါ။
တစ်ယောက်ယောက်က (သူသာ ဖြစ်ဖို့ များသည်) ပြတင်းပေါက် ကျယ်ကျယ် တစ်ချပ်ကို
တွန်းဖွင့်လိုက်လျှင် အပြာနုရောင် ပင်လယ်ဆီမှ လပ်လပ်ဆတ်ဆတ် လေအေးအေးက
အိမ်ထဲကို တိုးဝင်လာကာ အထဲမှ မှိုင်းညို့မှုများကို အပြင်သို့ တိုက်ခတ် သယ်ယူ
သွားတတ်သည်။ ထိုခဏ၌ ရုတ်တရက် ဝင်လာသော အလင်းရောင်ကြောင့် အိမ်အတွင်းမှာ
ပို၍လည်း ဖြူလက် သွားတတ်၏။
(၃)
ထိုသို့ သူ ဆောက်ခဲ့ဖူးသော အိမ်ကလေးမှာ သူ့စိတ်ကူး အတွင်းမှာသာ ဖြစ်လေသည်။ “ခင်ဗျား ဒီနေ့ ဘယ်မှာအိပ်မှာလဲ”
လက်ဖက်ရည်ဆိုင်မှ အထတွင် အကြောင်းသိသော မိတ်ဆွေက မေးလိုက်သော စကားကို
ချက်ချင်း ပြန်မဖြေနိုင်။ “ရှိပါတယ်” ဟုသာ ပြီးစလွယ် ပြောရင်း ထွက်ခဲ့၏။
မိုးတဖွဲဖွဲ ကျလာပြန်သဖြင့် ပန်းခြံ အနီးမှ အဆောက်အအုံ တစ်ခု၏
ဆင်ဝင်အောက်တွင် ခိုကပ်လိုက်ရ ပြန်သည်။ သူလိုပင် ခရီးသွားသူ တချို့
မိုးခိုနေကြ၏။ လှေကားထစ်အောက် အုတ်ခုံပေါ်မှာ အိပ်ပျော်စ ဖြစ်ဟန်တူသော
အိန္ဒိယလူမျိုး အဘိုးအို တစ်ဦးကို တွေ့ရ၏။ သည်ညအဖို့ ကျောခင်းစရာ တစ်နေရာ
ပြေလည် သွားရှာသော လူသား တစ်ယောက်ကို သူ ဝမ်းမြောက်ဝမ်းသာ ကြည့်နေမိသည်။
နေဝင်တိုင်း ထိုကိစ္စအတွက် ပူပန်ရသော ဘဝမှ သူကော ဘယ်တော့ လွတ်မြောက်
နိုင်ပါမည်နည်း။
ကိုယ်ယုံကြည်ရာမှာ ဘဝကို နောင်တမဲ့ စိုက်နစ်
စွဲမက်တော့မည်ဟု မိဘအရိပ်ကို စွန့်ခွာလာ ကတည်းက နွေးထွေးသော၊ လုံခြုံသော၊
ငြိမ်းအေးသော၊ သက်သောင့်သက်သာ ဖြစ်သော “အိမ်” ဆိုသော အရာသည် အဝေးတွင်
မှုန်ဝါးလွင့်စဉ် ကျန်ရစ်ခဲ့လေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်
ကာလကတော့ ရန်ကုန် မြို့ကြီးသည် အိပ်စရာ နေစရာ မရှားလှသေး။ ရန်ကုန်
ဘူတာကြီးမှာ၊ သင်္ဘောဆိပ်မှာ ခရီးသွားမည့် သူများနှင့် ရောနှော၍ ဟန်ဆောင်ကာ
အိပ်နိုင်သည်။ ဒါမှမဟုတ် မိုးလင်းဖွင့်သော လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ
ညလုံးပေါက် ထိုင်နိုင်သည်။ (သည်အလုပ် ကတော့ လက်ဖက်ရည် တစ်ခွက်ဖိုးနှင့်
ဆေးပေါ့လိပ်ဖိုး ငွေ တစ်ကျပ်တော့ အိတ်ထဲမှာ ရှိရသည်။) မိုးလင်းတော့မှ
အမျိုးသား စာကြည့်တိုက် ဖြစ်ဖြစ်၊ ပြန်ကြားရေး စာကြည့်တိုက် ဖြစ်ဖြစ်
တစ်ခုခုဆီ သွားပြီး စာအုပ် တစ်အုပ်ကိုရှေ့တွင် ဖြန့်ခင်းကာ ထိုင်လျက်
ခိုးအိပ်နိုင်သည်။ သဘောကောင်းသော အလှည့်ကျ စာကြည့်တိုက်မှူးနှင့် ကြုံလျှင်
စားပွဲပေါ် မှောက်အိပ်နိုင်သော အခွင့်အရေးပင် ရတတ်၏။ အခုတော့ ရန်ကုန်
ဘူတာကြီးတွင် ခရီးသည်များ ညအိပ်နေရန် အခွင့်မပြုတော့။ မိုးအလင်းဖွင့်သော
လက်ဖက်ရည်ဆိုင်များလည်း မရှိတော့။ သက်ဆိုင်ရာက ၁၁ နာရီ ထိုးသည်နှင့်
ဆိုင်တိုင်း သိမ်းစေသည်။ စာကြည့်တိုက်များ ကလည်း နေ့ခင်းဘက်
လာအိပ်သူများကို (စာဖတ်ခန်းထဲတွင် အိပ်စက်ခြင်း မပြုရ) ဟူသော စာတန်းများ
ချိတ်ဆွဲကာ ကန့်ကွက် တားမြစ်ကြသည်။ အိပ်စရာ ခက်ခဲသော တစ်ညက မရောက်တာ
ကြာပြီဖြစ်သော ကမ်းနားလမ်း ဗော့တံတား တစ်ခုမှာ သွားအိပ်ခဲ့ မိသေး၏။
မိုးလင်းတော့ ဘယ်သူ ဖြုတ်သွားမှန်း မသိ၊ သူ့မျက်မှန် မရှိတော့။ မျက်မှန်က
ဟောင်ကောင် ကော်ကိုင်း အနက်မို့ တန်ဖိုး မရှိလှ။ အဝေးကြည့် မျက်မှန်မို့သာ
သူ စာရေးစာဖတ် မထိခိုက်သည်။ သူလည်း ကမ်းနားလမ်းကို လန့်သွားသည်။
တစ်ညနေကလည်း သူ ဗော့တံတားပေါ်မှာ ထိုင်ပြီး ဆေးလိပ် သောက်နေစဉ်
အင်္ကျီကျွတ်နှင့် ဗလကောင်းကောင်း လူတစ်ယောက် အနား ရောက်လာကာ “ပေးစမ်း” ဟု
တစ်ခွန်းတည်း ပြောရင်း လက်ထဲက သောက်လက်စ ဆေးလိပ်ကို လုယူသွားတာ ခံရဖူး၏။
ကိုယ်ကလည်း တွေတွေငေးငေး သမားမို့ ရုတ်တရက် ဘာဖြစ်သွားမှန်း နားမလည်။
ပထမတော့ ဆေးလိပ် မီးညှိရအောင် တောင်းသည်ဟုပင် ထင်သေး၏။ နောက်မှ သူ
အနိုင်ကျင့် ခံရတာပဲဟု သဘောပေါက်ပြီး ပြုံးရယ်မိ၏။ လောကမှာ အတိတ်ဘဝ
ကုသိုလ်ကြောင့် ငွေရတဲ့ ရူကရ၊ ဥာဏ်ရတဲ့ လူကရ၊ ဗလရတဲ့ လူကရပေမယ့်
ကိုယ်အစွမ်းအစ ရှိတာပေါ်မှာ အားကိုးပြီး တခုခု ချို့တဲ့သူကို အနိုင်မကျင့်
သင့်ပါဘူး။ အမှန်တော့ ကမ်းနားလို နေရာမျိုးက သူတို့လို အေးအေးဆေးဆေး
သမားတွေနှင့် မသင့်တော်။ သူ့ထက် ဗလကောင်းသော အင်္ကျီကျွတ်နှင့် လူက သူ့ကို
ဘဝတူ ကလေကချေ တစ်ယောက်လို့ပဲ မှတ်ပေလိမ့်မည်။
သူဟာ ကလေကချေ
တော့လည်း မဟုတ်ပါဘူး။ မျိုးရိုးကောင်း မိဘက ဆင်းသက် လာသူပါ။ လူတွေ
အထင်ကြီးတယ် ဆိုတဲ့ အတန်းပညာကိုလည်း ကောင်းကောင်း သင်ခဲ့ဖူးတဲ့ သူပါ။
ပြီးတော့ သူ့ခေါင်းထဲမှာလည်း အတန်းပညာထက် အဆပေါင်းများစွာ တန်ဖိုး
ရှိတယ်လို့ သူယူဆတဲ့ ပညာတွေနဲ့ ပြည့်တင်းနေတဲ့ သူပါ။ အသည်းနှလုံး ထဲမှာလည်း
သူနေထိုင်တဲ့ ကမ္ဘာကြီးကို သူတတ်တဲ့ အနုပညာနဲ့ ကောင်းမြတ် ပြည့်စုံအောင်
သွန်းလုပ် ဖန်တီးချင်တဲ့ စေတနာတွေနဲ့ ဖိတ်လျှံနေတဲ့ သူပါ။ အဲဒီလူကို နေစရာ
အိမ်ကလေးမျှ မရှိတာနဲ့ ကလေကချေလို့တော့ မခေါ်သင့်ဘူးပေါ့။
သို့သော်
ဘာပဲဖြစ်ဖြစ် လူတစ်ယောက် ဆိုတာကတော့၊ လူဆိုတဲ့ ဂုဏ်သိက္ခာကို လုံခြုံအောင်
ထိန်းသိမ်း နိုင်လောက်ရုံ အိမ်ကလေး တစ်လုံး (သူ့ စိတ်ကူးထဲက အိမ်မျိုး
ဖြစ်ရမည်) နှင့် ငွေသုံးသိန်း လောက်တော့ ရှိသင့်သည်ဟု ဝန်ခံပါသည်။ သူ့လို
နေ့တိုင်း ကျောခင်းစရာ တစ်နေရာ ကိစ္စအတွက်၊ နေဝင်မှာ စိုးရွံ့ ပူပန်နေသော
ဘဝကတော့ မကောင်းလှဘူးပေါ့။
အနည်းဆုံး တစ်လ ငါးဆယ်လောက် ပေးရတဲ့
ဘော်ဒါဆောင်က တစ်ယောက်ခန်းကလေး တစ်ခုကိုတော့ ပိုင်ဆိုင် သင့်ပါသည်။
လွန်ခဲ့သော အနည်းငယ် အဆင်ပြေသည့် နှစ်များကတော့ (စိတ်ဆင်းရဲ အမြဲခံနေရသော
ဘဝတွင်) ကိုယ်ဆင်းရဲ မခံချင်သဖြင့် ကမာရွတ် သို့မဟုတ် သမိုင်း၊ အင်းစိန်
တစ်နေရာရာရှိ ဘော်ဒါဆောင် တစ်ခုခုမှာ အခန်းတစ်ခန်းတော့ ရအောင် ငှားနေတတ်
ခဲ့သည်။
ကြိုတင်ငွေ နှစ်လခလောက် ပေးနိုင်လျှင် အခန်းတစ်ခန်း
ရနိုင်သည်။ ပြီးတော့လည်း ထမင်း နပ်မှန်ရန် ခက်ခဲသော ဘဝမှာ၊ နောက်လ
နောက်လအတွက် အခန်းခများ သူ မရှင်းပေးနိုင်တော့။ သို့ဖြင့် ဘော်ဒါဆောင်
တစ်ခုတွင် တတ်နိုင်သမျှ တွယ်ကပ် နေသော်လည်း လေးငါးလခန့်သာ လက်ခံကာ သူ
ဆင်းပေးရလေ့ ရှိ၏။ တချို့ဘော်ဒါဆောင် ပိုင်ရှင်များက ဆင်းမပေးလျှင် ရဲ
တိုင်မည်၊ ကောင်စီ တိုင်မည်ဟု ခြိမ်းခြောက်၏။ တချို့ကတော့ သူ့ပစ္စည်းများကို
အခန်းပြင် ထုတ်၍ ပုံထားပြီး အခန်းတံခါးကို သော့အသစ် လဲခတ်ကာ ပိတ်ထားလိုက်
တတ်၏။
(၄)
မိုးတိတ်သွား၏။ ညဥ့်လည်း ရင့်ရော်စ ပြုပြီ။
မိုးခိုသူများမှာ လိုရာသို့ အလျှိုလျှို ထွက်သွားကြသည်။ ဒီည သူ ဘယ်မှာ
အိပ်ရမည်နည်း။ သူ့အိတ်ထဲမှာ ငွေနှစ်ကျပ်လောက် ရှိရင်တော့ ကြည့်မြင်တိုင်
ဘူတာဘက် သွားအိပ်မည်ဟု စိတ်ကူးသေး၏။ အိတ်ထဲမှာက ငွေနှစ်ကျပ် ပြည့်အောင်
မရှိ။
ကြည့်မြင်တိုင် ဘူတာအနီးမှ အိမ်များသည် ထိုသို့ ညအိပ်မည့်
သူများအတွက် ဖျာငှားတတ်သည်။ ဖျာတစ်ချပ်ကို နှစ်ကျပ် ပေးရ၏။ စောစောသွားလျှင်
ထို ဖျာငှားသော အိမ်များ၏ ဝရန်တာ၊ ဖိနပ်ချွတ်မှာ နေရာ တစ်နေရာလောက်
ရတတ်သည်။ ခုချိန်မှ သွားလျှင်တော့ ဖျာကိုယူကာ ဘူတာ စင်္ကြံပေါ် လွတ်ရာခင်း၍
အိပ်ရုံသာ ရှိသည်။ ညအိပ် ခရီးသည်များကို ရည်ရွယ် ငှားသော်လည်း ထိုနေရာတွင်
တစ်ဝိုက်တွင် ညအိပ်သူများမှာ ခရီးသွားများထက် ပျံကျများက များနေတတ်၏။
ရန်ကုန်မြို့ တိုက်ကြို တိုက်ကြား လှေကားထစ်များ အောက်မှာကလည်း အရင်လို
အိပ်ရတာ မလွတ်လပ်တော့။ တိုက်ရှင်က နှင်ချင်နှင်၏။ ရုံးတစ်ရုံး
ဖြစ်လျှင်လည်း ညစောင့်က နှင်၏။ ညစောင့်ကို ပိုက်ဆံပေး အိပ်လျှင်လည်း
ဖြစ်ပြန်သည်။ သူ အခြေအနေ သိပ်ဆိုးစဉ်က သူလည်း အိပ်ခဲ့ဖူး၏။ သို့သော်
အခုအိပ်ဖို့ မစဉ်းစားရဲတော့။ သက်ဆိုင်ရာက တွေ့၍ မှောင်ရိပ်ခိုမှုနှင့်
အရေးယူ ခံရလျှင် မလွယ်။ တကယ်တော့ တိုက်လှေကားထစ် အောက်မှာ အိပ်ဖို့
ကိစ္စကပင် ခက်ခဲသေး၏။ နေရာလွတ် မှန်သမျှ ငါးနာရီ ခြောက်နာရီလောက် ကတည်းက
နေရာဦးထားနှင့် သူတွေ ရှိနေတတ်၏။ ယောင်လည်လည်နှင့် ထိုအနီးတစ်ဝိုက်တွင်
ထိုင်နေတတ်သည်။ တချို့ကတော့ လူကိုယ်တိုင်ပင် မဟုတ်ဘဲ အုတ်နီခဲပင် ချကာ
ဦးထားတတ်၏။ ပြီးတော့ သူတို့ ဦးထားရသော နေရာကို ပြန်ရောင်းစားကြသည်။
မိုးကွယ်လေကွယ်၊ သက်ဆိုင်ရာကလည်း ဗြုန်းခနဲ လမ်းပေါ်က လှမ်းကြည့်ရုံနှင့်
မတွေ့နိုင်သော နေရာမျိုး ဆိုလျှင် နေရာကောင်းဟု ခေါ်ကာ သုံးကျပ်အထိ
ပေးရတတ်၏။
လမ်းလျှောက်ရင်း ဒီတစ်ည သူ သွားရောက် အိပ်စက်နိုင်မည့်
မိတ်ဆွေ သူငယ်ချင်းများ၏ အမည်ကို ခေါင်းထဲမှ တန်းစီကြည့် နေမိသည်။ အိပ်၍
မဖြစ်နိုင်သော သူများကို သူ့ခေါင်းထဲက စာရင်းမှ ပယ်ဖျက်ပစ်၏။ သူတို့မှာလည်း
အကြောင်း ပြစရာ ကိုယ်စီနှင့် ဖြစ်သည်။
“ကျွန်တော့် သမီးတွေ ကြီးပြီဗျာ၊ လူစိမ်း ယောက်ျား တစ်ယောက် အိမ်မှာ အိပ်တာကို လက်ခံဖို့ မသင့်လျော်တော့ဘူး”
ဟု သူငယ်ချင်း တစ်ယောက်က ထူးထူးခြားခြား ငြင်းဖူး၏။ ဒီတော့မှ
သူကိုယ်တိုင်၏ အသက်လည်း လေးဆယ်ထဲ ရောက်နေပြီကို သတိထားမိ၏။ သူငယ်ချင်း၏
သမီးကလေးများမှာ သူ ဂရုမပြုမိခိုက်မှာပင် အပျိုကလေးတွေ ဖြစ်နေသည်ကို
အံဩစွာ တွေ့ရ၏။ သူ အချိန်ပြည့် ထိုအိမ်တွင် အိပ်စား နေစဉ်က သူတို့လေးတွေမှာ
သူ ခေါ်၍ နှပ်ညှစ်ပေးရသော ပီဘိ ကလေးငယ်များသာ ဖြစ်ခဲ့ကြသည်။
နောက်ဆုံးတော့ မြို့သစ်မှာ နေထိုင်သော မိတ်ဆွေ တစ်ယောက်၏ နာမည်ကို သူ
သွားအမှတ်ရသည်။ ထိုမိတ်ဆွေသည် ဆင်းရဲသော်လည်း သဒ္ဓါတရား ကောင်းကာ
သူ့အပေါ်မှာလည်း အလေးအမြတ် ရှိသူ ဖြစ်၏။ အလှမ်းဝေးသည်မို့ သူကသာ
အရောက်အပေါက် နည်းနေခဲ့သည်။
မြို့သစ်သွား ဘတ်စ်ကားအိုကြီး
တစ်စီးပေါ်တွင် ထိုင်လိုက်လာရင်း နွေကာလ တစ်လျှောက်က ကားတစ်စီးထဲမှာ သူ
လနှင့်ချီကာ အိပ်ခဲ့ဖူးတာ အမှတ်ရလာ ပြန်သည်။ ဆင်ခြေဖုံးက သူငယ်ချင်း
တစ်ယောက်သည် ဓာတ်ဆီ ထုတ်ရောင်းစားရန် ဟူသော ရည်ရွယ်ချက်ဖြင့်
ရှစ်ထောင်ကျော် ပေးရသော ဘီးလှိမ့်နိုင်ရုံ ကားစုတ်ကလေး တစ်စီးကို
ဝယ်ထားဖူး၏။ သူ့မှာက ထိုကားကို ထားရန် ဂိုဒေါင် မရှိ။ သူတို့ မိသားစု
ခုနစ်ယောက်ပင် ကားဂိုဒေါင်လောက် ရှိသည့် အိမ်ကလေးထဲတွင် နေထိုင်ကြသူများ
ဖြစ်၏။ သည်တော့ ကားကို ဓာတ်ဆီ ထုတ်ချိန်မှ လွဲ၍ လမ်းဘေးတွင် အမြဲ
ရပ်ထားရသည်။
“မင်း အိပ်စရာ အခက်အခဲ ရှိရင် ငါ့ကားထဲ လာအိပ်လေ” ဟု
သူငယ်ချင်းက ဖိတ်ခေါ်၏။ သူလည်း ညဘက် ကျောခင်းစရာ တစ်နေရာ ပြေလည်သွား၏။
ကားရှင် သူငယ်ချင်း အဖို့လည်း ညဘက် သူ့ကားကို စောင့်ပေးမည့် သူအား ပိုက်ဆံ
တစ်ပြားမှ မကုန်ဘဲ အလကား ရလိုက်၏။ တစ်ခုတော့ ရှိသည်။ ကားထဲမှာ အိပ်ရတာ
နွေမို့ လှောင်အိုက်လှသည်။ ကားတံခါးများကို ဖွင့်အိပ်တော့လည်း ခြင်က မတန်တဆ
ကိုက်ခဲလာ၏။ ဆောင်းတွင်း ကျလျှင်တော့ ကားထဲမှာ အိပ်ရတာ အဆင်ပြေ
လိမ့်မည်ဟုသည်းခံနေဆဲ။ နှစ်လွန်ကားများ ဖျက်သိမ်းမည့် သတင်းက ထွက်လာ၏။
သူ့သူငယ်ချင်းလည်း ကားကို ရရာဈေးနှင့် နယ်မှ ဆင်းဝယ်သူ တစ်ယောက်ကို
ရောင်းလိုက်လေသည်။
သို့သော် မိုးဖြိုင်ဖြိုင် ကျမလာမီ ကာလ အထိတော့ သူ့ အိပ်ရာထိုင်ခင်း
ကိစ္စမှာ အခက်အခဲ သိပ်မရှိလှ။ ဤအချိန်များက ရန်ကုန်တွင် ပွဲလမ်းသဘင်
ပြတ်သည်မရှိ။ ဘုရားပွဲ၊ ဇာတ်ပွဲ၊ မိုးအလင်း ရုပ်ရှင်ရုံ စသဖြင့်
တစ်နေရာမှာ တစ်မျိုး ရှိနေတတ်သည်။ သူ့အနေဖြင့် ဆိုင်းသံ
ဗုံသံနှင့် အသံချဲ့ စက်သံကိုသာ နားစွင့်နေဖို့ ရှိသည်။ ပြီးတော့ ပွဲခင်းထဲ
သွားကာ ပွဲဈေးတန်းမှ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လက်ဖက်ရည် တစ်ခွက်
ဆေးပေါ့လိပ် တစ်လိပ်နှင့် ညဥ့်အတော် နက်သည်အထိ ထိုင်နေမည်။ များသောအားဖြင့်
၁၂- နာရီကျော်လျှင် ရုံဖွင့် တတ်၏။ ရုံဖွင့်လျှင် ရုံထဲဝင်ကာ နောက်ဆုံးမှ
လွတ်ရာ ဖျာတစ်ချပ် အပေါ် ခွေခွေကလေး လှဲအိပ်လိုက်ရုံပင်။ ခွေခွေ မအိပ်၍တော့
မဖြစ်။ သိပ်မကျယ်သော ပွဲခင်းထဲမှာ ခြေဆန့်လက်ဆန့် လွတ်လွတ်လပ်လပ် အိပ်၍
မဖြစ်နိုင်။ အဲသလို ခွေခွေကွေးရင်း ဖိနပ်ကိုလည်း ချွတ်ကာ ရင်ခွင်ထဲ
ရင်ခွင်ထဲ ပိုက်အိပ်ရ၏။ သို့မဟုတ်လျှင် မိုးလင်းကျ ဖိနပ်ပျောက် နေတတ်သည်။
သူ့ကိုတွေ့သည့် လူတချို့က ဇာတ်ရုံထဲ အသားလွတ် လာအိပ်သည်ဟု မထင်ကြ၊ ဇာတ်
လာကြည့်ရင်း အိပ်ချင်စိတ်ကို မထိန်းနိုင်သူ တစ် ယောက်ဟုသာ ယူဆကြသည်။
ဆိုင်းသံ တခြိမ်းခြိမ်းကို နားထောင်ရင်း အိပ်ရတာ တစ်မျိုးကောင်းသည်။
သုံးကားပေါင်း မိုးလင်း ရုပ်ရှင်ရုံထဲ ဝင်အိပ်လည်း ရသည်။ အကြောင်း မသိသော
မိတ်ဆွေ တစ်ဦးက ပွဲခင်း တစ်နေရာဝယ် ဆုံခိုက် “ဘယ်နေရာမှာ ဇာတ်ကက
ခင်ဗျားကို အမြဲ တွေ့တယ်၊ တော်တော် ဇာတ်ဝါသနာ ပါတယ် ထင်တယ်” ဟု မှတ်ချက်
ချဖူး၏။ သည်လိုနှင့် မိုးကျလာသည်။
ရန်ကုန်တွင် ပွဲလမ်းသဘင်
မရှိတော့။ ဇာတ်များလည်း နယ်တက် သွားကြသည်။ သူလည်း အိပ်စက် နားနေရန် အခက်အခဲ
ကြုံလာပြန်သည်။ သူ ဖြတ်သန်း သွားလာတတ်သော လမ်းတစ်နေရာရှိ ညောင်ပင်ကြီး
တစ်ပင်အောက် အမြဲထိုင်နေသည့် အရူးတစ်ယောက် ရှိ၏။ မိုးကောင်းကင်နှင့်
မြေကြီးအား အိမ်ပြု နေနိုင်သော ထိုအရူးဘဝကို အားကျချင်သလို ရှိမိဆဲ။
မိုးတွေ သည်းထန်စွာ ရွာသည့် မိုးဦးကျ တစ်ည၏ နောက်နေ့ နံနက်ခင်းဝယ် ထိုသူ၏
တစ်ကိုယ်လုံး မိုးရေများ နစ်ရွှဲလျက် မြက်ခင်းပေါ်၌ အေးစက် တောင့်တင်းစွာ
အသက်ပျောက်နေ ရှာသည်ကို တွေ့ပြီး အကြီးအကျယ် တုန်လှုပ်ခဲ့ရ၏။
“မဖြစ်လို့ ပြောနေတာပါဗျာ” ဆိုသော သူ အားကိုးတကြီး လာခဲ့သည့် မိတ်ဆွေ၏ စကားက သူ့ အသည်းနှလုံးကို အေးစက် တောင့်တင်းစေသည်။
“ကျွန်တော်တို့ ရပ်ကွက်တွေမှာ ခဏခဏ သန်းခေါင်စာရင်း စစ်တယ်ဗျ၊ ဧည့်စာရင်း
တိုင်ဖို့ အချိန်ကလဲ လွန်နေပြီ၊ တိုင်မယ်ဆိုဦး ခင်ဗျားမှာက မှတ်ပုံတင်
မရှိဘူး”
သူ မှတ်ပုံတင် ပျောက်နေတာ ကြာခဲ့ပါပြီ။
“ဒီလိုလုပ်ဗျာ၊ ညဥ့် သိပ်နက်နေတော့ တခြား သွားလို့လဲ မဖြစ်တော့ဘူး။
ကျွန်တော် ခင်ဗျားအိမ်မှာ ညမအိပ်ဘူး၊ တစ်ညလုံး ပက်လက် ကုလားထိုင်
တစ်လုံးနဲ့ ထိုင်စာဖတ်နေမယ်။ ကျွန်တော့်ကို မီးခွက် တစ်ခွက်သာ
ထွန်းပေးထား“
“ဘာထူးမှာလဲဗျာ ... ကျွန်တော် တကယ် မဖြစ်လို့ ပြောနေတာပါ။
ဈေးလမ်းဆုံမှာ ကုန်စိမ်း ကြိုတဲ့ကားတွေ စထွက်နေပြီ၊ ခင်ဗျား လိုက်သွားရင်
ရပါတယ်”
သူ့အိတ်ထဲကို ကျပ်တန် နွမ်းနွမ်းလေး သုံးလေးရွက် လုံးထွေး ထည့်ပေးရင်း မိတ်ဆွေ လုပ်သူက ယဉ်ယဉ်ကျေးကျေး နှင်နေသည်။
“ကျွန်တော် လိုက်ပို့ရဦးမလား”
“နေပါစေဗျာ”
သူ့ အိမ်ပေါ်မှ ဆင်းကာ လမ်းမပေါ် ပြန်ရောက်ခဲ့သည်။ လမ်းဓာတ်မီးတိုင်များ၏
ဝါကျင့်ကျင့် မီးရောင် ဖျော့ဖျော့က ညဥ့်အမှောင်ထုကို မထိုးဖောက်နိုင်။
မည်းမှောင် တိတ်ဆိတ်သော အိမ်တွေ ထဲမှာတော့ သူ့လို လူသားများ အိပ်စက်
နေကြပေသည်။
သံသရာတွင် ခန္ဓာဆိုသော အိမ်ကလေး ရနေသရွေ့ ထိုအိမ်ကလေးကို
ထားရန် အိမ်တစ်လုံးတော့ လိုပြန်သည်။ လူ့ဘုံ ဆိုတာကလည်း (တချို့ကြီးတဲ့၊
တချို့သေးတဲ့၊ တချို့ခမ်းနားတဲ့၊ တချို့နုံချာတဲ့) အဲသလို အိမ်တွေ
စုဝေးနေသည့် အိမ်အကြီးကြီး တစ်လုံးမျှသာ ဖြစ်သည်။ ကျွန်တော်တို့ဟာ
တစ်အိမ်တည်း နေတဲ့ သူတွေပါ။
ဘယ်ဆီကမှန်း မသိ၊ ပျံ့လွင့်လာသည့်
ဆည်းလည်းသံ သဲ့သဲ့ကို တိုးမျှင်း ညင်သာစွာ ကြားရသည်။ အသံကြားရာ အရပ်သို့
မျက်နှာမူလှည့်ကာ သူ လမ်းမပေါ်မှာပင် လက်အုပ်ချီ ကန်တော့မိ၏။
ဘုရား
ရဟန္တာ အရှင်သူမြတ်များလို ပါရမီဥာဏ် မရင့်သန်ဘဲ၊ ခန္ဓာအိမ်ကို အဖန်ဖန်
အကြိမ်ကြိမ် ဆောက်မိနေဆဲ ဘဝများမှာ သူ့ အသည်းနှလုံးကို ဖြူစင်အောင်
အားထုတ်ရမည်။ သံသရာ တစ်နေရာရာမှာတော့ ဤအသည်းနှလုံးနှင့် လျော်ညီသော
ဖြူစင်သည့် အိမ်ကလေး တစ်လုံးကို တစ်ချိန်ချိန် သူ ရနိုင်ကောင်း ပါပေသည်ဟု
မျှော်လင့်ယုံကြည် ရပေသည်။
--------
သစ္စာနီ
ဒဂုန်၊ စက်တင်ဘာ၊ ၁၉၈၆။
No comments:
Post a Comment