Wednesday, 30 August 2017

ကြက်သမား ဟစ်တလုံး

ကက်သားကို အလွန်ကြိုက်လှစွာသော ကျွန်တော်၏သား ဟစ်တလုံးသည် ယခု ကြက်သမား ဖြစ်ချေပြီ။
* * *
မြန်မာသက္ကရာဇ် (၁၉၄၇) ရွှေဘိုဒိစကြိတ် ဝက်လက်မြို့တွင် ဆေးရုံဆောက်လုပ်ရန်ဟု အကြောင်းပြ၍ သီတင်းကျွတ်ဘုရားပွဲတော်နှင့် ပူးတွဲကျင်းပသော အာဝါဒေးကစားပွဲ၌ ကျွန်တော့်အိတ်ထဲပါတာလေး တက်တက်ပြောင်သည်မှ အစပြု၍ ကျွန်တော့်ဦးနှောက်အတွင်းဝယ် သားတော်မောင် ဟစ်သလုံးသည် သန္ဓေတည်လေသည်။
ဤစဉ်ကာလ၌ ကျွန်တော်သည် မန္တလေးတွင် နေသည်ဖြစ်၍ ဆရာကြီး ရွှေဥဒေါင်းနှင့် ဒေါ်ကြီးစိုးအား ဝက်လက်မြို့ရှိ သူတို့ဆွေမျိုးများက ဖိတ်ခေါ်ရာ၌ ကျွန်တော်ပါ ရောနှောလိုက်ပါသွားခြင်း ဖြစ်လေသည်။
ကစားဝိုင်းတွေက စည်လှပေသည်။ အစိမ်း၊ အနီ၊ ဂျောက်ဂျက်၊ လေးကောင်ဂျင်တို့မှာ နေ့ညမစဲ လူတွေ ကြိတ်ကြိတ်ခဲနေသည်။
ကျွန်တော်တို့ အောက်ပြည်ဒေသမှာပင် ကစားသမားတို့နှုတ်ဖျားမှ ရွှေဘိုဒိုင်ကွဟု ကြိမ်းဝါးလေ့ရှိသည်ကို ထောက်ချင့်ပါတော့။
ရွှေဘိုနယ်ကား ကစားသမားပေါလှသည်။ အလောင်းအစား ရက်ရောကြသည်။ လေးကောင်ဂျင်ဝိုင်းတွင် ကြိုက်ပင်မှာ ထောင်ချီ၍ပင် အောတိုက်ကြသည်။ ရွှေဘိုနယ်ဝင် မန်ကျည်းတုံသား ဆရာကြီးရွှေဥဒေါင်းကား လေးလေးမှန်မှန် စိတ်ကူးဥာဏ်နှင့် ကစားတတ်၍ ရှုံးခဲလေသည်။
ကျွန်တော်ကား သွေးဆူသော မြေလတ်သား စိတ်မြန်ကိုယ်မြန် လောဘသန်သည်။
ထို့ကြောင့် မကြာမီအတွင်းမှာပင် ကစားဝိုင်းအပြင်သို့ ထွက်ခဲ့ရလေသည်။ မိုးတစိမ့်စိမ့် ရွာနေသည်။ ပတ်ဝန်းကျင်မှာ ရွှံ့စိစွက်နှင့် ရေစက်လက်၊ ကစားဝိုင်းမှတပါး အခြားနေရာတွင် လူမအုံ။ ကျွန်တော်သည် ဆရာကြီး၏ဆွေမျိုးကိုသာမြတ် လက်ဖက်ရည်ဆိုင်၏ အခြားဘက်ရှိ တဲလွတ်တစ်ခုတည်း၌ ဂုန်နီခင်းသည့် ပက်လက်ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်း ထိုင်ကာ မှိုင်ပုံတော်ချသည်။
"ငါနောက်ဆုံးအောတိုက်တုန်းက ကြက်များထိုးလိုက်ရ ဇိမ်ပေါ့ကွာ။ အခုတော့ ဘာမဟုတ် ညာမဟုတ် ဖားကြီးသွားကစားမိတယ်"
ဟု မိမိ၏စိတ်ကူးဥာဏ်လွဲခဲ့ပုံကို တသသနေမိသည်။
ယင်းသည့်အကြိုက်ဝယ် ကျယ်လောင်လှစွာသော ကလေးငိုသံကို ကြားရသည်နှင့် မျက်လွှာဖွင့်၍ ကြည့်လိုက်ရာ... လား... လား... နှစ်ခါလည်ကျော် ကလေးတစ်ယောက်နှင့် အသက်နှစ်ဆယ်ခန့်မိခင် ကျွန်တော်နေသော တဲထဲသို့ မိုးခိုဝင်လာသည်။
ငိုပါပေ့ဗျား... ကျယ်ကျယ်လောင်လောင်၊ အသံကလည်း အောင်မြင်ပါပေ့။ လည်ချောင်းထဲများ လော်စပီကာ ထည့်ထားလေသလား။
"အမေ... ကြက်သားဟင်းနဲ့ အမင်းချားဂျင်ဒယ်"
ငိုရာမှ စကားဖန်ထိုးလိုက်သည်။ သူ့ဆန္ဒကို ဖွင့်ဟလိုက်သည်။ ကျွန်တော့်စိတ်ထဲတွင်မူ...
"အင်း ကြက်ခိုးဖို့ ငါ့ကို အခုတောင် လာနိမိတ်ပြနေတာ၊ ဟိုတုန်းကလဲ စိတ်ထဲတော့ အထင်လိုက်သား"
ဟု ကစားသမားဆန်ဆန် တွေးပြီး ကလေးကို စေ့စေ့ ကြည့်လိုက်သည်။ ဂျာရစ်ပုတ်ကလေးနှင့် ဆံပင်နီကြောင်ကြောင် အသားရောင်က ညိုတူတာ၊ မြေမှာမွေးသည့် မြေဆီမြေသွေး၊ လေးလုံးလေးဖက်၊ ငယ်ပေမယ့် မျက်မှောင်ကြုတ်တတ်သည်။ ရုပ်မလှသော်လည်း ကျီစားစရာကောင်းသော အမူအရာကို ဆောင်သည်။ သူသည် ငိုရာမှ တစ်ချက်တစ်ချက် ကျွန်တော့်ဘက် လှည့်ကာ ပါးစပ်ကလေးမဲ့ကာ မျက်မှောင်ကလေး ကြုတ်ကာ ကျွန်တော့်ကို ကြည့်သည်။
သူ့မိခင်သည် ကျွန်တော့်ကို အားနာဟန်နှင့် အမျိုးမျိုး ချော့သည်။ သို့သော် မတိတ်။
"ကြားတားဟင်းနဲ့ အမင်းဝယ်ပေး... အမေ့"
သူ့မိခင်ကို ခဏခဏပူဆာသည်။ ကလေးများ အငိုသန်လျှင် နေထိုင်မကောင်း၍သော်လည်းကောင်း၊ ဇွဲနပဲကြီး၍သော်လည်းကောင်း ဖြစ်တတ်ပေရာ ၎င်းကလေးမှာ ကျန်းမာသော အင်္ဂါရုပ်ရှိလေရကား ဧကန္တ သူ့အလိုကို မရမချင်း ပြင်းပြင်းထန်ထန် ဆန္ဒပြနေသည်သာ ဖြစ်ရမည်ဟု ကျွန်တော် အကဲခတ်လိုက်၏။ ပိုမို၍ သေချာအောင် သူ့အမေကို ရင်းနှီးသော အပြုံးနှင့်ကြည့်၍...
"ခင်ဗျားသားက ထမင်းသိပ်ဆာနေ ထင်ပါရဲ့ဗျာ"
"မဟုတ်ဘူးရှင့် သူ အခုပဲ မုန့်ဟင်းခါးစားပြီးတာ၊ ကြက်သားနဲ့ အုန်းထမင်းဆိုတဲ့အသံ ကြားတာနဲ့ ကြက်သားနဲ့ ထမင်းစားချင်ပြန်တယ် ဖြစ်လာတာရှင့်"
သို့ပြောရင်း သူ့အင်္ကျီကို မ ကာ...
"ရော့... လူကလေး ချိုချို စို့ပါကွယ်"
"ရှို့ဘူး ရှို့ဘူး... ကြက်တားဟင်း ကြက်တားဟင်း ချားချင်ပါဒယ်ဆို၊ ချိုချို ဘာရုတ်ဘို့ရဲ"
ဟု အော်ကာ တစ်ဆင့်တက်၍ သံကုန်လွှင့်လိုက်ပြန်လေသည်။
ကျွန်တော်သည် ထပ်မံ၍ ပြုံးကာ...
"ခင်ဗျားသားက ကြက်သားဟင်း အင်မတန် ကြိုက်တယ် ထင်ပါရဲ့"
"ကြိုက်တာတော့ မပြောနဲ့၊ ဖအေက အိမ်မှာ ကြက်မွေးပြီး စားချင်တယ်ဆိုတိုင်း ရိုက်ကျွေးနေတာပဲ။ အိမ်မှာမရှိတောင် တခြားသွားခိုးပေးတဲ့ ဖအေရှင့်"
သူ့လင်၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်ရှာသည်။
ဤတွင် သားတော်မောင်က...
"ဟင့် အမေ ကျောရဘူး ကျောရဘူး"
ဟုဆိုကာ သူ့မိခင် ရင်ဘတ်ကို ထုသည်။ ခြေထောက်ကို ခါ၍ခါ၍ သူ့အား ခါးထစ်ခွင်ထားသော မိခင်၏ပေါင်ကို ဆောင့်သည်။
"အင်း ကိုယ့်လူက ရှက် ထင်ပါရဲ့"
ကျွန်တော့်နှုတ်မှ တီးတိုး ရေရွတ်လိုက်ပြီး တယ် အစားအသောက် သရဲမယ့် ကလေးပဲဟု စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။
ဤတွင် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ဆင်ခြင်မိသည်နှင့် တစ်ယောက်တည်း ပြုံးမိလေသည်။ အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ငယ်စဉ်က အစားအသောက် သရဲခဲ့သူ ဖြစ်ခဲ့၏။ အသားဟင်းတစ်ခုခုမပါလျှင် မစားနိုင်။
"ခင်ဗျားတို့ သွပ်မိုးအိမ်ကြီး ဆောက်ထားပြီးတော့ ဝက်သားဟင်းကလေးမှာ ဝယ်မချက်နိုင်ကြဘူးလားဗျ"
ဖအေနှင့် မအေကို စကားဖန်ထိုးကာ ခြေဆောင့်ငိုတတ်သည်။
(ကျွန်တော်ငယ်ငယ်က တောရွာတွင် သွပ်မိုးအိမ်နှင့်ဆိုလျှင် တော်တော်ဂုဏ်မောက်ခဲ့သကိုးဗျ)
မှတ်မိပါသေးသည်။ ကျွန်တော် ရှစ်နှစ်သားအရွယ် တစ်နေ့ ညစာထမင်းစားရာဝယ် ငါးပိရည် တို့စရာနှင့် ချဉ်ရည်ဟင်းတစ်ခွက်တည်းမို့ ကျွန်တော် မစားနိုင်။ အိမ်က ကြက်တစ်ကောင်ကို မရိုက်ရပါကောင်းလားဟု သူရင်းငှားဖြစ်သူကို ဆူပူလျက်နေသည်။ သူ ထမင်းစားနေသည်ကို နှောက်ယှက်လျက် နေသည်။ ဤတွင် ဖခင်ဖြစ်သူက နားကြားပြင်း ကတ်လာသည်နှင့်...
"ဟဲ့... သရဲလေး နင်စားချင်တာ နင့်ဟာနင် သွားရိုက်ပါလား။ သူများခိုင်းနေရသလား"
ဟု မာန်မဲသည်၌ ကျွန်တော်သည် ထမင်းပွဲမှ လက်မဆေးဘဲ ထသွားပြီး နွားတင်းကုပ် သင်္ဘောကြမ်းပေါ်တွင် အိပ်တန်းတက်နေသော ကြက်ဖကြီးကို ခြေနှစ်ချောင်းမှ ဆွဲချသည်။
ကြက်ဖကြီးမှာ ခပ်ယဉ်ယဉ်ဖြစ်၍ ကရွတ် ကရို... ကရွတ်... ကရိုဟု မြည်လေသည်။ သူဆိုလိုသော အဓိပ္ပာယ်မှာ ဟဲ့... ဒီသူငယ်၊ ငါ့ကို ဘာလုပ်မလို့ပါလိမ့်ဟု ရေရွတ်ဟန်တူသည်။
ကျွန်တော်ကား သူ့ခြေနှစ်ချောင်းကိုင်ကာ တင်းကုပ်တိုင်နှင့် တဖြန်းဖြန်း ရိုက်လေသည်။ မကြာမီအတွင်း၌ ကြက်ဖကြီးမှာ လည်ဆံတွေစင်း၍ လည်ပင်းကြီးဆန့်ကာ တောင်ပံဖြန့်လျက် စန့်စန့်ကြီးနေလေပြီ။
ဤအခါ၌ ကျွန်တော် အမွေးနုတ်လေသည်။ အမြီးနှင့် အတောင်တို့ကိုကား ကျွန်တော် အစိမ်းမနုတ်နိုင်ပါ။ ကျွန်တော့်အစ်မလေးကို ရေနွေးအိုး တည်ခိုင်းလိုက်သည်။ သို့သော် လည်ဆံနှင့် ကိုယ်လုံးအမွေးတွေ ကွက်ကျား ပြောသည်၌ ကြက်ဖကြီးသည် ရုတ်တရက် ကျွန်တော့်လက်ထဲမှ ခုန်ထ ထွက်ပြေးလေသည်။
အကြောင်းမှာ ကြက်ဖကြီးသည် ကျွန်တော့်လက်အားနှင့် အသက်ထွက်သည်မဟုတ်။ ခေါင်းကို ရိုက်မိ၍ မူးမေ့နေခြင်းမျှသာ ဖြစ်၏။ ကျွန်တော်နောက်မှ ဆဲရေးကာ အတင်းလိုက်လေသည်။
စပါးကျီအောက် ဝင်ပြေးသည်။ ထို့နောက် ရှာမတွေ့တော့ချေ။ မှောင်လည်း မှောင်လေပြီ။ ဤည၌ ကျွန်တော် ထမင်းမစားနိုင်တော့ပါ။
ဟင်းအိုးနား နီးခါမှ လွတ်ပြေးရပါမည်လားဟု စိတ်ထဲတွင် အခဲမကျေ သွားရည်တကျကျနှင့် တသသ နေမိတော့သည်။ ထိုည ကောင်းစွာ အိပ်မပျော်။ မပျော်တစ်ဝက် ပျော်တစ်ဝက်မှာလည်း အိပ်မက်ထဲ၌ ကြက်ကြီးနှင့် ကျွန်တော် အမျိုးမျိုးဖြစ်လျက်နေသည်။ ကျွန်တော်က သူ့ကို အတင်းခုတ်ထစ်ပြီး ဟင်းအိုးထဲ ထည့်သည်။ မီးဖိုပေါ်ရောက်မှ ထွက်ပြေးပြန်သည်။ ကျွန်တော်က အတင်းလိုက်ဖမ်း၍ နင်ကျက်ပြီးသားဟုဆိုပြီး ကိုက်စားသည်။ စားရင်းတန်းလန်းက လွတ်ပြေးပြန်သည်။
ဤအကြောင်းကို နောင် ကျွန်တော်ကြီးပြင်းလာ၍ သင်္ဂြိုလ် စေတသိက်ပိုင်းကို သင်ရသောအခါ၌ ပြန်လည် သတိရမိသည်တွင် ကြက်သီးမွေးညင်းထအောင် ကြောက်ရွံ့လာမိလေတော့သည်။ အကြောင်းမှာ အကုသိုလ် ဒုစရိုက်တို့မည်သည် အစွဲအလမ်းကြီးလေ ပိုမိုအပြစ်ကျလေဟု ပြသည်။ ပြန်လည်သတိရတိုင်း ထပ်မံအပြစ်ဖြစ်သည်ဟုလည်း ဆိုသည်။ ကုသိုလ်တရားအကျိုးခံစားမှုတွင်လည်း ဤနှုန်းအတိုင်းပင် ညွှန်ကြားလေသည်။
ထို့ကြောင့် သမ္မပ္ပဓာန်လေးပါးတွင် ပြဆိုသည်။
(၁) ဖြစ်ပြီးသော အကုသိုလ် ဒုစရိုက်ဟောင်းတို့ကို ပယ်ဖျောက်ရသော မနေမနား အားထုတ်မှု ဝီရိယတစ်ပါး။
(၂) မဖြစ်သေးသော ဒုစရိုက်သစ်တို့ကို မဖြစ်ရအောင် မနေမနား အားထုတ်မှု ဝီရိယတစ်ပါး။
(၃) ဖြစ်ပြီးရသော ကုသိုလ်ဟောင်းတို့ကို မပျက်စေဘဲ မြဲမြံတည်ရှိလေအောင် မနေမနား အားထုတ်မှု ဝီရိယတစ်ပါး။
(၄) မဖြစ်သေးသော ကုသိုလ်သစ်ကို ဖြစ်ပွားရရှိအောင် မနေမနား ကြိုးစားအားထုတ်မှု ဝီရိယတစ်ပါး။
ယခု ကျွန်တော့်မှာ ရှစ်နှစ်သားအရွယ် လူမမည်က ပြုခဲ့သော အကုသိုလ် ဒုစရိုက်ကို ပြန်လည်သတိရနေသဖြင့် တရားတော်အရ ယခုပင် ထပ်မံအပြစ် ဖြစ်နေလေပြီ။
ထို့ကြောင့် သမ္မပ္ပဓာန်လေးပါး၏ နံပါတ် (၁)အရ ၎င်းကုက္ကုစ္စကို ပျောက်သွားအောင် ကြိုးစားလိုက်သည်။ ပက်လက်ကုလားထိုင်ပေါ်တွင် ကိုယ်ကို မတ်မတ်စူ၍ ထိုသားအမိကို သေသေချာချာ ကြည့်လိုက်သည်။ မိခင်အခြေအနေကို အကဲခတ်လိုက်သည်။ ကျွန်တော်ယခု သူတို့သားအမိထံတွင် ပြန်လည် စိတ်ဝင်စားသွားလေပြီ။
ကျွန်တော့်အသိဥာဏ်၌ ထင်မြင်လာသည်။ မိခင်သည် သားငယ်ကို ချစ်လှပါ၏။ အလိုလိုက်ချင်ပါ၏။ သို့သော် အုန်းထမင်းနှင့် ကြက်သားဟင်း ဝယ်ကျွေးနိုင်ဟန် မရှိ။
ထို့ကြောင့် ကျွန်တော်က စေတနာ ထက်သန်စွာနှင့် အင်္ကျီအိတ်ထဲ နှိုက်ကာ တစ်ကျပ်တစ်ပြား ပေးလိုက်မည် စိတ်ကူးပါသည်။
သို့ရာတွင် ကျွန်တော့်မှာ ကစားဝိုင်းမှ ထွက်ခွာခဲ့သူပီပီ ပဲစေ့ကလေး တစ်စေ့မျှ မရှိ။ အကယ်တန္တိ ရှိ၍ လွယ်လင့်တကူ ပေးလိုက်နိုင်ခဲ့ပါသော် မိခင်သည် သားငယ်နှစ်သိမ့်စိမ့်ငှာ အုန်းထမင်းဆိုင်ရှိရာသို့ ထွက်ခွာသွားတော့မည် ဖြစ်သောကြောင့် အောက်ပါအကြောင်းနှင့် တိုက်ဆိုင်တော့မည် မဟုတ်တော့ချေ။
ဟစ်တလုံးဝတ္ထုသည် ကျွန်တော့်ခေါင်းထဲသို့ ရောက်လာတော့မည် မဟုတ်ချေ။
အကြောင်းသော်ကား ဝတ္ထုဇာတ်ကွက်တစ်ခု ဖန်တီးနိုင်ရန်အတွက် မကြာမီ၌ ကြက်ထမ်းကုလားတစ်ယောက်သည် ကြက်နှစ်ခြင်းအပြည့်နှင့် ကျွန်တော်တို့ တဲထဲသို့ မိုးခိုဝင်လာခြင်းပင် ဖြစ်လေသည်။ ဤတွင် ကလေးငယ်သည် ကရိ ကရောက် အော်နေသော ကြက်အရှင်တွေကို လက်ညှိုးငေါက်ငေါက်ထိုးကာ...
"မေမေး... ကြက်ရိုက်ချက်ပေး ကြက်ရိုက်ချက်ပေး"
ဟု အတွန့်တက်၍ ငိုပြန်လေသည်။ ကျွန်တော်မှာ အသံထွက်အောင်ပင် ရယ်မိလေတော့သည်။
ကလေးထဲတွင် အစားသရဲဘုရင်ဟု ခေါ်ထိုက်ပေသည်။
မိုးသည် ရွာလျက်ပင် ရှိလေသည်။ သူ့အငိုသည် မိုးသံနှင့်ပြိုင်လျက်နေသည်။ ကျွန်တော်သည် သူ့ကိုမူတည်ကာ အတွေးထုတ်လေသည်။ သူ့မိခင်ပြောပြသည်နှင့် သူ့ဖခင်၏ သဘာဝကိုလည်း မှန်းဆထင်မြင်ယူလိုက်သည်။ သူ့သားအတွက် အိမ်မှာ ကြက်မရှိတောင် တခြား သွားခိုးကျွေးတဲ့ လူတဲ့။ ယင်းသည့်အကြိုက်ဝယ် ကြက်ခြင်းထဲ၌ ထူးဆန်းသော ကြက်တစ်ကောင်ကို မြင်ရလေသည်။ ၎င်းကား အခြားမဟုတ်၊ ကြက်အဖြူကို အပြာဖြစ်အောင် ဆေးဆိုးထားခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်သည် ရှုမဝမဂ္ဂဇင်းအမှတ် (၆)၌ 'ဖြူပြာ မူလကျီ' ဝတ္ထုကို ရေးလိုက်နိုင်လေသည်။ ကလေးနာမည်က ဟစ်တလုံးဟု ကင်ပွန်းတပ်လိုက်၍ ကျွန်တော်က တက်ပုဟု နာမည်ကို ခံယူလိုက်သည်။
ဤဝတ္ထုကို လူကြိုက်များ၍ အချို့ထံမှ ကြက်သူခိုးသော်တာဆွေ ဟူသော ဘွဲ့ထူးနှင့် ချီးကျူးစာများ လာကြသည်။
၎င်းဝတ္ထုကို သဘောကျသောသူများထဲတွင် အစ်မကြီး ခင်မျိုးချစ်တစ်ယောက်လည်း အပါအဝင် ဖြစ်ခဲ့၏။ ထိုစဉ်၌ သူနှင့် ကျွန်တော်သည် ယခုလို အစ်မကြီးနှင့် မောင်ကလေးကဲ့သို့ မရင်းနှီးသေးချေ။ သို့သော် ကျွန်တော့်အား ဤဝတ္ထုကား ဇာတ်ကွက်ဇာတ်လမ်းခင်းပုံနှင့် တောရွာသဘာဝပြပုံ ကောင်းလှပေသည်။ ဒါပေမဲ့ အချို့စကားသုံးများ ညစ်ညမ်းသည်။ နောက်နောင်ရေးလျှင် ဆင်ခြင်ပါဟု စေတနာနှင့် သတိပေးခဲ့သည်။
ကျေးဇူးအထူးတင်ပါ၏။
အမှန်လည်း ဤကာလတွင် ကျွန်တော့်မှာ ကလောင်ကိုင်စ မလိမ်မိုး မလိမ္မာ အချိန်၊ အကယ်ပင် ရုန့်ရင်းသော စကားလုံးများ ပါသွားပေသည်။ ယခုကား တတ်နိုင်သလောက် ဆင်ခြင်ပါပြီ။
(၁၉၄၈)ခုနှစ်တွင် ကျွန်တော်တို့ ပဒေသာ မဂ္ဂဇင်းကို ထုတ်ဝေသောအခါဝယ် တင့်တယ်လည်း ဤဝတ္ထုကို အလွန်သဘောကျသူဖြစ်၍ ပဒေသာအတွက် ဟစ်တလုံးဝတ္ထုကို ဆက်လက်ရေးရန် အတင်းခိုင်းစေလေသည်။
ကျွန်တော့်မှာ အိပ်မက်များ မက်အောင်ပင် စဉ်းစားရသည်။ ထို့ကြောင့် 'ချိုချို ချို့ချင်ရို့' ဝတ္ထုထွက်ခဲ့၏။ နောက်တစ်ဖန် တောရွာများ၌ နတ်အယူသီးပုံကို အခြေခံ၍ ပဒေသာ အမှတ်(၁၂)၌ 'ဦးကြီးမူ' ဟူသော တတိယ 'ဟစ်တလုံး' ဝတ္ထုတစ်ပုဒ်ကို ရေးနိုင်ပြန်လေသည်။
ယခုကား လွန်ခဲ့သော တပို့တွဲလက ရန်ကုန်သတင်းစာထဲ၌ ပေါင်းတည်မြို့ ကြို့ပင်ရွာ ကြက်ဝိုင်းကြီးဟု စာလုံးမည်းကြီးနှင့်တွေ့ရသောကြောင့် ကြက်သမား ဟစ်တလုံးဟု နာမည်ပေးလိုက်နိုင်ပြန်ခြင်း ဖြစ်ပါသည်။
ဤသတင်းပါ ကြက်ဝိုင်းအဖမ်းခံရသည်ဆိုသော ကြို့ပင်ရွာကား ကျွန်တော်၏ ချက်မြှုပ်ဇာတိ ဖြစ်ပါသည်။ ကောက်လှိုင်းဝင်မှ နွေလယ်ယွန်းအထိ ကျေးတောရွာ ကာလသားတို့ ကြက်ကစားလေ့ ရှိကြပါသည်။
(၁) တပို့တွဲ ကြက်ပွဲတွေက စည်လေပြီ။
(၂) ကျွန်တော်တို့ဆီ ရွာလယ်ပိုင်းမှာ ဝိုင်းဆင်တော့သည်။
(၃) တိုက်ဘက်ကယ့် ညီမညီ၊ ပိုက်ချီလို့ယှဉ်နှိုင်း။
(၄) သဘောမျှခါမှ ဒေါထကာ လည်ဆံထောင်တဲ့ ကြက်နှစ်ကောင် ဝိုင်းလယ်လွှတ်ပါလို့ ခွပ်ကြစေခိုင်း။
ကျွန်တော်ရှေးယခင်က ရေးစပ်ခဲ့သော လေးဆစ်ကလေးကို ရေရွတ်မိကာ ကျွန်တော့်ရွာ သဘာဝကို မြင်ယောင်လာတော့သည်။ လွမ်းဆွတ်အောက်မေ့သလို ရှိလာတော့သည်။
ထို့ကြောင့် ကျွန်တော် ဆိုလိုက်ပါသည်။
* * *
ကြက်သားအင်မတန် ကြိုက်လှစွာသော ကျွန်တော့်သား ဟစ်တလုံးသည် ယခု ကြက်သမား ဖြစ်လေပြီ။
ငှက်ပျောပင်စိုက် မိလိုက်ဖပါ။
ရှေ့ဆောင်နွားလား
ဖြောင့်ဖြောင့်သွားသော်
နောက်နွားစိုက်စိုက်
ဖြောင့်ဖြောင့်လိုက်။
မိခင်ကဏန်းကမှ လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်တော့ သားကျတော့လည်း ကောက်သတဲ့ဆိုလား။ အဲသည် စကားပုံတွေကို ကျွန်တော် ကြားဖူးပါသည်။ ဘယ်ပုံခိုင်းနဲ့ ကျွန်တော်တို့သားအဖကို နှိုင်းရမလဲတော့ ကျွန်တော် မသိပါ။
ငှက်ပျောပင်နဲ့လား၊ နွားနဲ့လား၊ ကဏန်းနဲ့လား။ ဤသုံးခုမှာ အဓိပ္ပာယ်ချင်း တူ၊ မတူလည်း ကျွန်တော် ကျေးတောသား မောင်တက်ပု မဝေခွဲနိုင်ပါ။ သို့သော် ကျွန်တော် ကြက်သမားဖြစ်၍ ကျွန်တော့်သား ကြက်သမား ဖြစ်တာတော့ အမှန်ဖြစ်ပါသည်။
ကျွန်တော့်ကြက် နာမည်မှာ ကြယ်ပျံ။ ကျွန်တော်တို့ရွာတွင် နာမည်ကျော်။ ယခုနှစ်တွင် သုံးပွဲနိုင်ပြီးလေပြီ။ နောက်ဆုံးပွဲမှာ မနေ့ကပင် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့၌ ကျွန်တော်တို့ သားအဖနှစ်ယောက်သည် ဝမ်းနုတ်ထားသော ကြက်ကို အရိပ်တကြည့်ကြည့်နှင့် နေကြပါသည်။
တိုက်ကြက်တို့မည်သည် တိုက်ပြီး နောက်တစ်နေ့၌ အကြောအခြင်တွေ ပြေအောင် ဝမ်းနုတ်ပေးရသည်။ ကြက်ဝမ်းနုတ်သည်မှာ မခဲယဉ်းချေ။ သင်္ဘောရွက် လက်တစ်ဝါးခန့်ကို လုံးခြေ၍ ခွံ့လိုက်ခြင်းပင် ဖြစ်လေသည်။ တစ်နာရီအတွင်း၌ ဝမ်းစိမ်းတွေ ပါလာလိမ့်မည်။
"လူလေးရေ ဒီနေ့ ကြက်ခြံထဲမှာ ကြယ်ပျံ ဝမ်းဘယ်နှခါသွားသလဲဟေ့"
ယခုအချိန်မှာ ညနေ ကြယ်ပျံကို အပြင်ထုတ်၍ လမ်းလျှောက်နေစဉ်၌ ကျွန်တော်က မေးလိုက်ပါသည်။
"သူ့ချေးပုံ ကျနော် ရေတာ ဆယ့်တုံးခု အဖေ"
ကျွန်တော့်သားမှာ ယခု ငါးနှစ်အရွယ် ကျောင်းထားရပြီဖြစ်၍ ကကြီး၊ ခခွေးနှင့် တစ်၊ နှစ်၊ သုံး၊ လေး ရေတတ်နေပါပြီ။
ဘမျိုးဘိုးတူ သူ ကြက်ဝါသနာပါသည်။ ကြက်ပွဲကို ချစ်သည်။ အင်မတန် ဂရုစိုက်သည်။ ကြက်ဖကို ထိန်းကျောင်းရာ၌ သူ့ကိုပင် ကျွန်တော် လွှဲအပ်ရလေသည်။
အကြောင်းမှာ တိုက်ကြက်ဖတို့မည်သည် တိုက်ခါနီး၌ အလွန်အရေးကြီးလေသည်။ အခြားကြက်ဖတွေနှင့် သွားခွပ်မှာ စိုးရသည်။
ကြက်မတွေရှိရာ လျှောက်မလည်အောင် တားဆီးရသည်။ မနာလိုသူက ဆေးခတ်မှာကို ကြောက်ရသည်။ အချို့မူ ရွာရိုးနတ်ကိုးခြင်းပင် ပြုကြလေသည်။ ဤမှာဘက်၌ ကျွန်တော့်သားက စိတ်ချရ၏။
သြော်... မိတ်ဆွေ သူ့ကို မတွေ့ရတာ ကြာလေပြီ။ ယခု ကျွန်တော့်သားမှာ ဆံရစ်နှင့် သျှောင်ထုံးကလေးနှင့် တောသားကလေးပေါ့ဗျာ။
ကျွန်တော့်သဘောမှာ မိတ်ဆွေတို့ကလေးတွေလိုပင် ရွာသို့ ဆတ္တာသည်အလာ၌ ဗိုလ်ကေညှပ်ပေးချင်ပါသည်။
သို့ရာတွင် ကျွန်တော့်ယောက္ခမကြီးက...
"ဟေ့ မောင်တက်ပု မရှည်နဲ့၊ ငါ့မြေး ရှင်ပြုတော့ သျှောင်ထုံးနဲ့မှ ပန်းပန်လို့ ပါးကွက်ကြီးနဲ့ သားတော်ရုပ်လို လှမှာ၊ နို့ပြီး သား သင်္ကန်းကို ဆီးတော့ အမေက သားဆံပင်ကို အမြတ်တနိုး ဆံစုလုပ်ပန်ရတာဟာ ဘယ်လောက် ကြည်နူးစရာ ကောင်းသလဲ"
တဲ့။
ကျွန်တော့်ယောက္ခမကြီးကို စကားရှည်ပါတယ်ဗျာ။ သူ့အကြောင်း မပြောချင်ပါဘူး။
ကျွန်တော်နဲ့လည်း ခဏခဏ ဘုကျလေ့ရှိပါတယ်။ ဒါကြောင့် ဟိုဆရာတော်ဘုရားကြီးက ရေးခဲ့တာ။
ယောက္ခမဟူသည့် ထိုဣတ္ထိတို့
မရှိလဲခက် ရှိလဲခက် တဲ့။
တယ် ပညာရှိများ စကား မှန်ပေတာ။
နို့ပြီး ကလေး ကျောင်းထားတာကိုလည်း မိတ်ဆွေ ကြည့်ပါဦးတော့။ ကျွန်တော့်သဘောက တစ်ခါတည်း အင်္ဂလိပ်စာတွေ ရွတ်ရှ်စာတွေ ဘာတွေသင်တဲ့ လောကဓာတ်ကျောင်းကို ထားလိုက်ချင်တာ။ သူက မဟုတ်ပေါင်ဗျာ။ ငယ်ငယ်က ကိုယ့်ဘာသာရေး အခြေခံကလေးမှ သင်မထားရင် နောင် ကြီးတော့ လောကီအလုပ်နဲ့ လောကုတ္တရာ တာဝန် မခွဲခြားနိုင်တဲ့ လူစားမျိုး ဖြစ်နေမှာ စိုးရတယ်ဆိုပြီး ဘုန်းကြီးကျောင်းကို သူကိုယ်တိုင် ငှက်ပျောနှစ်ဖီးနဲ့ သွားအပ်တယ်ဗျ။ တော်တော်လေးကြီးမှ လောကဓာတ်ကျောင်း ထားမတဲ့။
အလကား စနေမကြီးဗျာ။ ကျွန်တော်က ယောက်ျားကောင်းပီပီ တင်းတင်းမာမာနဲ့ သူ့ကို ဆန့်ကျင်ဘက် တော်လှန်လိုက်မယ် စိတ်ကူးပါသေးရဲ့။ ဒါပေမဲ့ သူ့သမီး ကျွန်တော့်မိန်းမကပါ သူ့ဘက်ပါနေတော့ အခက်ဗျ။
ကြည့်ပါဦးလေ... ကျွန်တော် ကြက်တိုက်တာကိုလည်း ဟိုတုန်းကဆိုရင် သူတို့သားအမိ နှစ်ယောက်စလုံးကပဲ မျက်စောင်းတခဲခဲ နေကြတယ်။ အခုတော့ ကြည်ဖြူလို့။ ကြည်ဖြူပေမပေါ့။ ဒီနှစ် ကျွန်တော့်ကြက် ကြယ်ပျံက အကျိုးပေးသကိုးဗျ။ နတ်တော်လတုန်းက (၃၃)ကျပ်ကြေး တစ်ပွဲ၊ ပြာသိုလမှာ (၅၅)ကျပ်ကြေး တစ်ပွဲ၊ အခု တပို့တွဲလမှာ ဝိုင်းကြီးချလို့ (၂၂၀)ကျပ်ကြေး တစ်ပွဲ စုစုပေါင်း သုံးပွဲနိုင်ပြီ။
ဒီငွေတွေ ကျွန်တော် အကုန်ရတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေမျိုးမိတ်ဆွေ ဦးကြီးဖြိုးတို့၊ ကိုကြွက်သိုးကြီးတို့လည်း နိုင်ကြသပေါ့။ အခုနှယ် ကြယ်ပျံရောင်းမယ်ဆိုရင် တစ်ရာကျော်ရတယ်။ ဘယ်ရောင်းလိမ့်မတုံးဗျာ။
နောက်ဆိုရင် ကျွန်တော့်ကြက်က အနည်းဆုံး (၅၅၀)ကြေးလောက်မှ တိုက်တော့မှာ။ တစ်မိုးတွင်း လုပ်စာတော့ ကြက်တစ်ပွဲနဲ့ ယူလိုက်မပေါ့။ ကြယ်ပျံလို ကြက်ကောင်းမျိုးကလည်း ရှားဘိခြင်း။ အားလုံး ကြက်သမားတို့က ကြက်ဘုရား ခေါ်ကြသော ကြက်ဆရာကြီး ဦးရန်အောင်ကပင် ပြောပါသည်။
"ဟေ့ တက်ကလေးရေ"
ကျွန်တော့်ကို သူက ဤသို့ ခေါ်ပါသည်။
"မင့်ကြက်ကို ဘယ်လောက်ပေးပေး လက်မလွှတ်နဲ့ဟေ့... ဒီလောက်ကောင်းတဲ့ ကြက်ကို နောက်ရှစ်နှစ်လောက်တုန်းက ရွာသာကုန်း ကိုပုကြီး ကြက်တစ်ကောင်နဲ့ ဒီနှစ်ကောင်ပဲ ငါမြင်ဖူးသေးတယ်"
ဤအထိပင် ချီးကျူးပါသည်။
ယခုနှစ်တွင် ကျွန်တော့်မှာ ကြက်ကောင်းရသူပီပီ မျက်နှာပွင့်လင်း၍ အစစအရာရာ၌ သူကူညီပါသည်။
"ဟေ့ တက်ကလေးရေ"
ဟော ဒီလူကြီး အသက်ရှည်ဦးမည်။ သူ့အကြောင်း ပြောတုန်းဆိုတုန်းပင် ရောက်လာသည်။
"လာ... ဦးလေးရန်"
ကျွန်တော်က ခေါ်လိုက်ပါသည်။
"ဘယ့်နှယ် ကြယ်ပျံလန်းရဲ့လားဟေ့"
"အတွန်မပျက်ပါဘူး ဦးလေး"
"ကြက်မတံ ကြားရင်တောင် ပြေး ပြေးတွားချင်တေးဒယ်"
ဟစ်တလုံးက ဖြည့်စွက်လိုက်ပါသည်။
ဦးရန်အောင်က သူ့ပခုံးကလေးကို ကိုင်ကာ...
"အဲ ဟစ်တလုံးလဲ နားလည်နေပဟေ့။ မင်းလဲ ကြီးရင် ကြက်တိုက်မယ်လား"
"မကြီးခင် မတိုက်ရဘူးလား"
"အဲ ဟုတ်သဟေ့၊ ငါ့အမေး မှားသကွာ။ တိုက်ရပါတယ်။ တိုက်နိုင်ပါတယ်"
"အခု ကျွန်တော် အဖေနဲ့အတူတူ တိုက်နေတာပေါ့ဂျ"
"ဒါနဲ့ မင်းအခု မငိုတော့ဘူးလားကွ"
"အလကားနေရင်း ငိုရမလားဂျာ"
ဦးရန်အောင်သည် ကျွန်တော့်ကို ပြန်ကြည့်ကာ...
"တက်ကလေး မင့်သားက တယ်စကားတတ်သကွာ"
"ခညားကြီး မညှောက်ပါနဲ့ဂျာ"
ဟစ်တလုံးက ပြန်ကာကွန့်နေပြန်သဖြင့် ကျွန်တော်က...
"လူလေး လူကြီးကို ဒီလိုပြန်မပြောရဘူးကွယ့်"
"လူကြီးကကော လူလေးကို ဒီလိုပြောလား"
ကောက်ကာ ငင်ကာ ပြန်နှံနေရာ ကျွန်တော့်မှာ စကားဖြတ်မှ သင့်လျော်တော့မည် ဖြစ်သောကြောင့်...
"ကဲ လူလေး မင်းအမေဆီ သွားကွာ။ ဦးလေးရန် လာတယ်လို့ ပြောလိုက်"
အကြောင်းမှာ ယခု ဦးရန်အောင်နှင့် ကျွန်တော်တို့တွင် မနေ့က ကြက်နိုင်သည်နှင့် ပတ်သက်၍ ကိစ္စတစ်ခု ရှိနေပါသည်။
ဟစ်တလုံး အိမ်ပေါ်တက်သွားသောအခါ ဦးရန်အောင်သည် ကြယ်ပျံကို ဖမ်း၍ ကြည့်ကာ...
"ဘာမှ သိပ်မနာပါဘူးကွာ။ ခွပ်လမ်းကလဲ တယ်တွေ့လိုက်တာပဲ။ ငါကလဲ ဒါကြောင့် ဒီကြက်နဲ့မှ တိုက်ဖြစ်အောင် ဆွယ်လိုက်တာပဲ။ နို့မို့ မင့်ကြက်က သုံးဖကူးမှာ စိုးရိမ်နေရတာကွာ"
ဤနေရာတွင် ကြက်သမားကြီး ဦးရန်အောင်၏စကားကို မိတ်ဆွေ နားလည်ကောင်းမှ လည်ပေလိမ့်မည်။ ထို့ကြောင့် သူ့အကြောင်းကို ကျွန်တော် ပြောပြပါရစေ။
* * *
ဦးရန်အောင်ကား ဤသို့ သပ်သပ်ရပ်ရပ် ဝတ်ဆင်နေနိုင်လင့်ကစား အိုးအိမ်ထောင်မရှိ။ တစ်ကိုယ်တည်း လူပျိုကြီးဘဝနှင့် ဘာအလုပ်မျှ မလုပ်။ တစ်နှစ်ပတ်လုံး ကြက်ကိစ္စနှင့်သာ အချိန်ကုန်လေသည်။ တောရွာဒေသ၌ ကြက်တိုက်ချိန်မှာ လယ်သမားတို့ စပါးပေါ် နတ်တော်လဆန်းမှ တပေါင်းလလယ်လောက်အထိသာ ဖြစ်ပါ၏။
သို့သော် ဦးရန်အောင်သည် ကျန်သော လများတွင်လည်း ကြက်မွေးခြင်း၊ သားစပ်ခြင်းဖြင့် အလုပ်မအားအောင် ရှိလေသည်။ ဤသို့ဟူမူ တိုက်ကြက်တို့မည်သည်မှာ ကြက်ထောင်၊ ကြက်ဝင်၊ ကြက်စောင့်၊ ကြက်လိုက်၊ ကြက်ပစ်၊ ကြက်ဆိုင်၊ ကြက်လူး၊ ကြက်လှဲ၊ အပူးကောင်း အခွာကောင်း စသည်ဖြင့် ခွပ်လမ်းကောင်း တစ်မျိုးစီ တစ်မျိုးစီ ရှိကြလေရာ ဦးရန်အောင်သည် အဘယ်ကြက်မျိုးနှင့် အဘယ်ကြက်မျိုး စပ်လိုက်ရလျှင် အဘယ်ကဲ့သို့ ခွပ်လမ်း အဆန်း ထွက်လာမည်၊ တိုးလာမည်ဟု တပ်အပ်မပ်ကျ သိသောကြောင့် ရွာတကာလည်ကာ ကြက်သမားတို့၏ ဂေဟာများသို့ ဟိုက ကြက်မ ဒီပို့၊ ဒီက ကြက်မ ဟိုပို့ဖြင့် ကြက်အိမ်ထောင်ရေးကို စီမံလေသည်။
သူ၏ စားအိမ်သောက်အိမ်မှာ ဤကြက်သမားတို့ ဂေဟာသာ ဖြစ်လေသည်။
အဘယ်ကြက်သမားမဆို သူ့ကို လက်ခံကျွေးမွေးရန်နှင့် သူ၏ကြက်သြဝါဒကို နာခံရန် ဝမ်းသာကြကုန်သည်။ ကြက်အရောင်းအဝယ် ပြုရာ၌လည်း သူသာ အရေးပါ အရာရောက်လေသည်။ ကြက်ဝယ်လိုသူသည်လည်းကောင်း၊ ရောင်းလိုသူသည်လည်းကောင်း သူနှင့်ဆွေးနွေးရလေသည်။ ကြက်အဖိုးမှာ သူဖြတ်ရာကို နာခံရ၏။ ကြက်သမား တိုးတက်မှုနှင့် ကြက်ဝါဒ ပျံ့နှံ့မှုကိုလည်း သူပင် ဆောင်ရွက်လေသည်။
ကြက်ဝါသနာ ဝင်စပြုသည့် လူငယ်များကို သူ အကဲခတ်တတ်သည်။ ကြက်ကလေးများ ယူလာကာ မေးစေသည်။ ကြက်ကလေး ကြီးသောအခါ တိုက်ကြက်ပြုစုနည်းကို သူပင် လာ၍ သင်ပေးသည်။ မကြာမီ၌ ထိုသူငယ်နှင့် ထိုကြက်ဖသည် ကြက်ဝိုင်းသို့ ရောက်လာလေ၏။
ဦးရန်အောင်သည် ဤအလုပ်တာဝန်များနှင့် ကြက်မတိုက်သော အချိန်များ၌ နေထိုင်ခဲ့ကာ ကြက်ဝိုင်းများ လှိုင်ပြီဆိုသောအခါ၌ကား သူမရှိလျှင် ကြက်သမားလောကကြီးတစ်ခုလုံး ပျက်စီးတော့မလောက် အရေးပါ အရာရောက်လှလေတော့သည်။
ရွာကြီးရပ်ကြီးများမှာ ကြက်ဒိုင်ခံလိုသူတို့သည် ချိန်းဝိုင်းရက် နီးသောအခါ၌ သူ့ကို ကြိုတင်ဖိတ်မန္တက ပြုလိုက်ရသည်။
အကြောင်းမှာ သူသည် မြင်းတစ်စီးနှင့် ရွာတော်တကာကို လိုက်၍ ဆော်သြမည်။ ကြက်ဝိုင်း၌ သူဆွယ်ပေးမှ တိုက်ပွဲမြန်မြန်ဖြစ်သည်။
အသို့ဟူမူ ကြက်တို့သည် တစ်ခါတရံ၌ အလုံးချင်းလည်းကောင်း၊ ဒေါက်ချင်းလည်းကောင်း၊ အလျားချင်းလည်းကောင်း၊ အသားအရေချင်းလည်းကောင်း ကွာခြားနေတတ်လေရာ ဤအခါမျိုး၌ ဦးရန်အောင်က မရွံ့မရဲဖြစ်နေသော ကြက်ရှင်အား...
"ဟေ့ မောင်အဝှာ... မင့်ကြက်က တိုက်ရအောင် ဝိုင်းဆင်းလာတာလား။ အလှပိုက်လာတာလား"
"တိုက်ရအောင်ပေါ့ ဦးလေးရန်ရ"
"ဒါဖြင့် ဒီကြက်နဲ့ ဒီကြက် ဘာလို့ ရှောင်နေရမှာတုံး၊ မင်းကြက်က အရပ်နိမ့်တာ မှန်တယ်။ ဒါပေမဲ့ ဟိုကြက်က မင်းကြက်လောက် အောက်မတောင့်ဘူး။ အသားအရေချင်းမှာ မင့်ကြက်က ခွပ်သားရှိတယ်။ ဒါတွေလဲ ကြည့်ဦးမှပေါ့ကွ။ ဟေ့ ဒီမှာ မောင်အဝှာ ကြည့်စမ်း (လက်မနှင့် လက်ညှိုးကို ယှဉ်ပြကာ) ဒါနှစ်ခု ဘယ်သင်းက မြင့်နေသလဲကွ။ ဒါပေမဲ့ သန်တော့ ဘယ်သူ သန်သလဲ။ အဟဲ... ဟဲ ဒီလိုလဲ တွက်ဦးမှပေါ့"
အကယ်၍ အရပ်မြင့်ပြီး အလုံးအထည်ပါးလျားသော ကြက်ရှင်က ကြောက်နေပြီဆိုပါအံ့။ ဦးရန်အောင်သည် လေသံတစ်မျိုး ပြောနိုင်လေသည်။
"ဒီမှာ မောင်အဝှာရာ ကိုယ့်ကြက် ခေါင်းတစ်လုံး စီးနေပြီကပဲ။ သူ့ကြက်အောက်က ဘယ်လောက်ပဲ တောင့်နေနေ မင်းကြက်ကို ဘယ့်နှယ်လုပ် လှန်ခွပ်မှာလဲကွ။ ကြက်ဆိုတာ ခေါင်းခွပ်နိုင်မှ နိုင်တကွ။ ငါ့လခွီး ဒီလောက်ပြောနေရ မကောင်းဘူး။ သူ့ကြက်က အသားရင့်ကော ကြက်ဆိုတာ အတက်နဲ့ ထိုးတာကွ။ ဆင်အသားတောင် လှံနဲ့ ထိုးရင် ပေါက်သေးတာကွ"
ဤသို့ဖြင့် ထိုကြက်မျိုးနှစ်ကောင် တိုက်ဖြစ်ရလေတော့သည်။ နောက်ပိုင်း၌ ရှုံးချင်သော ကြက် ရှုံး၊ နိုင်ချင်သောကြက် နိုင်လေ၊ သူနှင့် မဆိုင်တော့ပြီ။ ကြက်များကို သူဆွယ်နေစဉ်အခါမှာလည်း ကြက်လောင်းလိုသူက...
"ဦးလေးရန်... ဒီကြက်နဲ့ ဒီကြက် ဘယ့်နှယ်နေမလဲ။ နိုင်ပါ့မလား"
ဟူသော အဓိပ္ပာယ်နှင့်မေး၊ သူသည် နှုတ်မှ မပြောဘဲ ဘယ်ဘက်မျက်စိကို ပါးကြောကလေးတွန်း၍ မှိတ်ကာ မှိတ်ကာ မေးတစောင်း ဆတ်၍ ပြေပေလိမ့်မည်။ လောင်းချင်လျှင်လောင်း၊ မလောင်းချင်လျှင်နေ။ လောင်း၍ နိုင်ခဲ့သော်...
"မင့် ငါ ဒါ မျက်ရိပ်ပြနေတာပေါ့ကွာ"
ဟု သူအသားယူချေမည်။ အကယ်၍ ရှုံးခဲ့သော်...
"မင့် ငါ မျက်စိမှိတ်ပြနေရက်သားနဲ့ကွာ"
ဦးရန်အောင် မျက်ရိပ်ကား ဤသို့တည်း။
မည်သို့ပင် ဖြစ်လင့်ကစား သူ ကြက်ကို နားလည်သည်မှာကား နှစ်ယောက် မရှိကြောင်း လူတိုင်းပင် ဝန်ခံရပေမည်။ ယခု ကျွန်တော့်ကြက် ကြယ်ပျံမှာ သူရှာကြံ၍ ဝယ်ပေးထားသော ကြက်ဖြစ်ပါသည်။ သုံးပွဲနိုင်လေပြီ။
ယခု ပြီးခဲ့သော တတိယပွဲမှာ ကျွန်တော့်ကြက် ပွဲတက်ရန် သူအတော်ပင် ကြံဆောင်၍ ပေးပါသည်။ အကြောင်းမှာ ကျွန်တော်တို့ဆီတွင် အတွေ့အကြုံများထဲမှ ဖြစ်ပေါ်လာသော အယူအဆမှာ ဖဲရိုက်ရာတွင် နှစ်ပင်နိုင်ပြီး သုံးပင်အကူး၌လည်းကောင်း၊ ကြက်တိုက်ရာတွင် နှစ်ပွဲနိုင်ပြီး သုံးပွဲအကူး၌လည်းကောင်း အင်မတန် အရေးကြီးလေသည်။ ဤသုံးကြိမ်အကူး၌ အများအားဖြင့် တိမ်းချော်တတ်လေသည်။
ဤတတိယမြောက်ကို ကျော်လွန်ပြီးသောအခါ၌ကား စတုတ္ထ၊ ပဉ္စမတို့မှာ စိတ်ချလေတော့သည်ဟု ဆိုကြလေသည်။ ထို့ကြောင့် ဦးရန်အောင်သည် သူဝယ်ပေးထားသော ကျွန်တော့်ကြက်ကလေးကို ဤသုံးပွဲကူး၌ ကျွန်တော့်ကြက်က ခွပ်လမ်းမိလှမည့် ကြက်မျိုးကို သူ တမင်တကာ ရှာကြံ၍ ဆွယ်ပေးပါသည်။ ထို့ကြောင့်လည်း ရှောရှောရှူရှူ လွယ်လင့်တကူ နိုင်ခဲ့၏။
ကျွန်တော်ယုံကြည်သည်။ သို့အတွက် ကျွန်တော် သူ့ကို ကျေးဇူးပြန်ရပေမည်။ ကျွန်တော့်မိန်းမလည်း သိ၏။ ထို့ကြောင့် ယခု ကျွန်တော့်သားကို ဦးရန်အောင်လာကြောင်း သူ့အမေဆီ ပြောရန်လွှတ်လိုက်ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော့်မိန်းမသည် ကျွန်တော်တို့ဆီသို့ ဆင်းမလာဘဲ နောက်ဖေးကြမ်းပြင်မှ ထွက်၍...
"ကိုတက်ပု"
ကျွန်တော့်ကို လှမ်းခေါ်လိုက်သည်။
"ဟေ ဘာလဲဟ"
သူ့ဆီသို့လာရန် ကျွန်တော့်ကို လက်ရိပ်ပြလိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ဦးရန်အောင်နှင့် ကြယ်ပျံကို ထားခဲ့ကာ အိမ်ပေါ်သို့ တက်ခဲ့ပါသည်။
"ရှင့် ဒီလူကြီး ဘယ်လောက်ပေးရဦးမှာလဲတော့်"
"မင်း ငါ... မနေ့က ပြောသားပဲ၊ အစိတ်လောက်တော့ ပေးမှ ကောင်းမယ်"
"ကိုယ်နိုင်တာမှ ငွေလေး တစ်ရာလောက်ရတာ၊ သူ့အစိတ် ဘယ်ပေးနိုင်မှာလဲရှင့်"
"ငါ မနေ့က အစိတ်ပေးမယ်လို့ ပြောခဲ့မိတယ်ကွာ"
"တော် မူးမူးရူးရူးနဲ့ ပြောခဲ့တိုင်း ကျုပ် မပေးနိုင်ဘူး။ တစ်ဆယ်ဆို တော်ရောပေါ့"
"ဟယ် မလုပ်ပါနဲ့ဟယ်။ သူက တို့အပေါ်မှာ စေတနာ ထားပါတယ်ဟယ်"
"ဘာစေတနာလဲ၊ နိုင်ရင် သူ့အတွက်ရမယ်။ ရှုံးတော့ သူက ခံမှာတဲ့လား။ ရော့... ရော့ တစ်ဆယ်ပဲ"
တယ်... မိန်းမများ ခက်တာ။
ကျွန်တော်မှာ သူပေးသော ငွေတစ်ဆယ်ကို အိတ်ထဲထည့်ကာ ဟစ်တလုံးနှင့်အတူ ဦးရန်အောင်ဆီသို့ ပြန်ခဲ့ရပါတော့သည်။
"လာဗျို့ ဦးလေးရန် ဘိုခိုထန်းတော သွားကြရအောင်"
အကြောင်းမှာ မနေ့က ထန်းရည်မူးမူးနှင့် ပြောခဲ့သော စကားကို ယခု ထန်းရည်မူးမှ ပြန်ဖျက်၍ ကျွန်တော့်မိန်းမအမိန့်အတိုင်း ငွေတစ်ဆယ်နှင့် ကိစ္စပြီးသွားအောင် ပြုရပါတော့မည်။
ကျွန်တော်ကား မူးလျှင် မမူးခင်က မဝံ့သည်များကို ပြုရဲပါသည်။ မိန်းမနှင့် ယောက္ခမကိုပင် အာခံဝံ့သော သတ္တိရှိသူ ဖြစ်ပါသည်။
တကယ့်ယောက်ျားကောင်းပေါ့။
* * *
တစ်နေ့ညနေ၌ ဟစ်တလုံးသည် ကျောင်းကပြန်အလာတွင် လွယ်အိတ်နှင့် ကျောက်သင်ပုန်းကို ဒုန်းခနဲ ပစ်ချကာ ကျယ်ကျယ်လောင်လောင်နှင့် ခြေဆောင့်၍ ငိုပါတော့သည်။
သူသည် ယခု အသက်ကလေး နည်းနည်းကြီးပြီဖြစ်၍ နို့စို့တုန်းကကဲ့သို့ ခဏခဏ မငိုသည်မှာ အတော်ကလေး ကြာခဲ့လေပြီ။ ယခုတစ်ဖန် ပစ်ထားသော အလုပ်ကို ပြန်ဆက်ခြင်း ဖြစ်ပေရကား ကြားရသူတို့အဖို့မှာလည်း ရုတ်တရက်ဖြင့် လန့်ဖျပ်အံ့သြသွားပေမည်။
သူ့အသံမှာလည်း ရက်နားကြောင့်ရော၊ အသက်အားကြောင့်ရော ထင်သည်။ ပိုမို၍ ကျယ်လောင်လှပေသည်။ ယခင့်ယခင် စံချိန်တွေကို ချိုးလေသည်။
ပတ်ဝန်းကျင်က သောတရှင်တို့သည် ယွန်းခဲ့မိုးနှောင်းမှ ဆိတ်သုဉ်းခဲ့သော မိုးချုန်းသံကို ယခုတစ်ဖန် မိုးဦးကျမှ ပထမဆုံးအကြိမ် ကြားရဘိသကဲ့သို့ စိတ်ထဲတွင် တစ်မျိုးတစ်ဖုံ ချောက်ချားသွားကြပေလိမ့်မည်။ အချို့သည် လုပ်ခင်းဆောင်တာကို ပစ်ချကာ သတင်းမေးလာကြကုန်သည်။
သူတို့မဆိုထားနှင့် ကျွန်တော့်သား ငိုသည့်အကြောင်းကို ကျွန်တော်လည်း မသိသေးပါ။
ထို့ကြောင့် အနီးသို့ ချဉ်းကပ်သွားပြီး...
"ဟေ့ လူကလေး ဘာလုပ်ငိုနေတာလဲကွ"
"တွား... လာမမေးနဲ့"
ချပ်... ဂျလောင်း... ဂွမ်...
အမယ်လေး... ဘုရား... ဘုရား...
ကံကောင်းလို့ ကျွန်တော့်နားသယ်မထိ။
သူ့ကျောက်သင်ပုန်းနှင့် လှမ်းပေါက်လိုက်ပါသည်။
"ဟေ့ မနော် လာပါဦးကွ"
ရေတွင်းမှ ပြန်လာသော သူ့အမေကို ဆီးခေါ်၍ အကူအညီ တောင်းလိုက်ရသည်။ သူ့အမေသည် ရေအိုးကို ချခဲ့၍ ခေါင်းခုကို ဖြန့်ကာ မျက်နှာချွေးသုတ်ရင်း...
"လူကလေး ဘာဖြစ်လို့လဲကွယ်"
"တွား... အမေလဲ အတူတူဖြစ်မှာပဲ"
အနီးရှိ တံခါးခုတုံးနှင့် ရွယ်လိုက်ပြန်သဖြင့် သူ့အမေ ဆုတ်ခဲ့ရပါသည်။
ဤတွင် သူ့အဘွား ကျွန်တော့်ယောက္ခမရောက်လာကာ...
"ငါ့မြေး ဘာဖြစ်တာလဲကွယ်။ အမေကြီးကို ပြောပါ"
"ဟို လင်မယားက..."
ကျွန်တော်တို့ ဇနီးမောင်နှံ ရာသက်ပန်ကို ညွှန်ပြကာ...
"ကြယ်ပျံလေးကို ရောင်းပစ်တယ်ဗျ၊ ရောင်းပစ်တယ်"
ကျွန်တော် အံ့အားသင့်ကာ...
"ဟေ ဘယ်မှာ ရောင်းရလို့လဲကွာ"
"ဘာ ဝါဦးမလို့လား။ ကျုပ် ကိုစံခကြီး အိမ်မှာ တွေ့ခဲ့ပြီဗျ။ တစ်ရာနဲ့ ဝယ်ထားတာတဲ့။ ကိုစံခကြီးက ပြောလိုက်တယ်"
"မင်း ကျီစားတာ ဖြစ်ပါလိမ့်မယ် လူကလေးရယ်"
"ဒါချင့် ကြယ်ပျံက ဘာလို့ ကိုစံခကြီးအိမ် ရောက်နေလဲဗျ။ ဟိုမှာ ကြိုးနဲ့ချည်လို့ ဦးရန်အောင်ကြီးလဲ ရှိတယ်။ သူကလဲ ပြောလိုက်တယ်။ မင်းတို့ကြက်ကို ဝယ်ထားပြီတဲ့"
"မဟုတ်နိုင်တာကွယ်... ကြယ်ပျံ အိမ်မှာ ရှိသားပဲ။ ငါ ခုနတောင် အစာကျွေးထားလိုက်သေးတယ်"
"ရှိရင် သွားဖမ်းပြလိုက်စမ်းတော်"
ကျွန်တော့်မိန်းမက ကောက်အော်လိုက်တော့မှ ကျွန်တော် လန့်ဖျပ်သွားကာ အိမ်ပေါ်မှ ဆင်းခဲ့ပြီး အိမ်အောက်၌ အသင့်ရှိသော ကြယ်ပျံကို ဖမ်းခဲ့ပါသည်။ ဟစ်တလုံး ပါးစပ်အဟောင်းသားနှင့် မျက်စိကြောင်တောင် ဖြစ်သွားသည်။
ဤတွင် ဦးရန်အောင် ရောက်လာကာ...
"ဟေ့... တက်ကလေးရေ..."
"လာစမ်းပါဦးဗျာ။ ကိစ္စ ရှင်းစမ်းပါဦး"
"မင်းသားငိုတာ ငါ စံခအိမ်ကနေ ကြားပါတယ်ကွာ"
ကိုစံခအိမ်မှာ ကျွန်တော့်အိမ်နှင့် (၆)အိမ် ခြားပါသည်။
"ဒီလိုကွ စံခရယ် မင့်ကြက်နဲ့ တိုက်ဖို့တဲ့။ ကြက်တစ်ကောင် ဝယ်လာတယ်။ ဟာ မင်းကြက်နဲ့ တူလိုက်တာကွာ။ အမွေးရောင်ရော အဆက်အပေါက်ချင်းရော၊ ကိုယ်လုံးကိုယ်ထည်ချင်းရော၊ နှစ်ကောင်ယှဉ်ထားရင် ဘယ်လိုမှ ရွေးရမှာ မဟုတ်ဘူးကွ။ မျက်နှာချင်း နေပုံထိုင်ပုံချင်းလဲ တစ်ပုံစံတည်းပဲ။ အသံချင်းတောင် ခွဲမရဘူးကွာ။ အဲ့လောက်တူတယ်။ ငါဖြင့် အံ့သြရော။ အဲဒါနဲ့ မင့်သားကို ခေါ်နောက်လိုက်ကြတာကွ"
"ဟင် ဒါလောက်တောင် တူသလား"
"တူတယ် အဖေ။ ကျနော်က အတေအချာ ကိုင်ကြည့်ခဲ့တာ။ ဟော့ဒီ နှုတ်တီးကလေးလဲ တူတယ်။ အမောက်ကလေးလဲ တူတယ်"
ယခု ကြယ်ပျံကို ကိုင်လျက်နေသော ဟစ်တလုံးကပါ ထောက်ခံပါသည်။
"သူ ဘယ်က ဝယ်ခဲ့တာတဲ့လဲ"
"ဆင်မနိုင် မန်ကျည်းတုံး ရွာကတဲ့ကွ။ သူ့ကြက်တောင် သူ နာမည်ပေးထားတယ်။ ဆင်မနိုင် မန်ကျည်းတုံးတဲ့"
"အမယ်လေး နာမည်ကလဲ"
ကျွန်တော် အနည်းငယ် ပြုံးလိုက်ပြီး...
"ဘယ်လောက် ပေးခဲ့ရသတဲ့လဲ"
"နှစ်ရာလို့ ပြောတာပဲကွ"
"အမယ် မနည်းပါလား။ တော်တော် ကောင်းလို့တဲ့လား"
"ဒီရွာက ကြယ်ပျံကို မနိုင်ရင် (၄၀၀) ပြန်ပေးမယ်လို့ ပြောလိုက်သတဲ့ကွ။ ဒါနဲ့ သူ ဝယ်ခဲ့တာတဲ့"
"အမယ် တယ်စာတဲ့ ဆိုပါလား။ ဘယ်သူက ပြောလိုက်တာတဲ့လဲ"
"အဲဒီရွာက ကြက်ပွဲစား ကိုသာဂဒိုးကတဲ့"
"ကိုသာဂဒိုးက ကြယ်ပျံ ခွပ်တာ... မြင်ဖူးလို့လား"
"ကြယ်ပျံ စံခကြက်နဲ့ ဒုတိယပွဲ တိုက်တုန်းက သူလာတယ်လေကွာ"
"အင်း..."
ကျွန်တော် သက်ပြင်းချလိုက်မိသည်။
ကိုစံခနှင့် ကျွန်တော်မှာ ကြက်ရန်သူ ဖြစ်ပါသည်။ အများအားဖြင့်ဆိုလျှင် ရွာထဲ၌ ကြက်ကောင်းတစ်ကောင် ရှိပါက ရွာကြက်ဟုဆိုပြီး တစ်ရွာလုံး အားကိုးလေ့ရှိကြသည်။ မိမိတို့ရွာ ကြက်တိုက်လျှင် စုပုံ၍ အားပေးအားမြှောက် လောင်းကြသည်။ ဟိုရွာဒီရွာ အပြိုင်တိုက်ရာ၌ ဤကြက်ပွဲမျိုးတို့တွင် ရွာလုံးကျွတ် ရှုံးတတ်ကြသည်။ နိုင်တတ်ကြသည်။
ကိုစံခနှင့် ကျွန်တော်မှာ တစ်ရွာတည်းသား (၆)အိမ်ပင်ခြားသော်လည်း သူ ကျွန်တော့်ကို မနာလို ဖြစ်သည်။ ကျွန်တော်နှင့် အပြိုင်ဖြစ်သည်။ အကြောင်းမှာ သူ့ကြက်နှစ်ကောင်ကို ကျွန်တော့်ကြက်က နိုင်ထားသောကြောင့် ဖြစ်ပါသည်။
ကြက်ပွဲစခါက နတ်တော်လတွင် သူ့ခြံပေါက်ကြက် မိုက်ခဲကို ကျွန်တော့် ကြယ်ပျံက (၃၃)ကျပ်ကြေး နိုင်လိုက်သည်။ ဒုတိယတစ်ဖန် ပြာသိုလထဲ၌ သူ ကြက်တစ်ကောင် ရှာလာပြန်ကာ စိန်မြားဟု နာမည်ပေးလျက် (၅၅)ကျပ်ကြေး တိုက်ကြပြန်သည်။ ကျွန်တော်ကပင် နိုင်လိုက်၏။
ထို့ကြောင့် ယခု နာမည်ကြီး ဆင်မနိုင် မန်ကျည်းတုံးကား သူ၏ တတိယမြောက် ကြိုးပမ်းမှု ဖြစ်လေသည်။ အမှန်စင်စစ်လည်း ဤကဲ့သို့ ကြက်တစ်ကောင်ကို အငြိုးထားကာ တိုက်ဖက်ရှာနေသူကို ကြောက်ရလေသည်။
အကြောင်းမှာ တိုက်ကြက်တို့မည်သည် မည်မျှလောက်ပင် ကောင်းသည်ဟု ဆိုစေကာမူ ကြက်တို့တွင် ခွပ်လမ်းအမျိုးမျိုး ရှိသည့်အနက် တစ်မျိုးမျိုး၌ ချို့ယွင်းလေရာ ဤချို့ယွင်းချက်ကို ပိုင်ပိုင်နိုင်နိုင် ခွပ်တတ်သော ကြက်မျိုးနှင့် တွေ့ပါက တစ်ဖက်ကြက်၏ တစ်ခုကောင်းကြောင့်ပင် ရှုံးတတ်လေသည်။ ကြက်သမားတို့၏ မျက်စိနှင့် ဤအခွင့်အလမ်းမျိုးကို ရှာရန်လည်း မခဲယဉ်းချေ။
ဥပမာဆိုအံ့... ကြက်ထောင်၊ ကြက်ပစ်၊ ကြက်လိုက်သာမက အစောင့်၊ အဆိုင်း၊ အရော၊ အအုပ်၊ အခုတ်၊ နှုတ်ကိုက်ပါ ကောင်းသော ကြက်မျိုးကို ခွပ်လမ်းစုံသော ကြက်ကောင်းဟု ခေါ်ရမည်။ ဤကြက်မျိုးသည် ရှာမှရှားလည်း ဖြစ်၏။ သို့သော် ၎င်းကို ဘာမဟုတ်သော ကြက်လှည့်ခေါ် ကြက်မျိုးက နိုင်တတ်လေသည်။
ကြက်လှည့်ဆိုသည်မှာ ပထမကြက်၏ နည်းကောင်းများကို သူ ဘာတစ်ခုမျှ မတတ်ချေ။ သူတတ်သည်မှာ ပထမကြက်မျိုး၏ ခွပ်နည်းများကို သုံး၍ မဖြစ်အောင် တစ်ဖက်ကြက်ကို ပတ်ပတ်လှည့်နေမည်။ ဤကဲ့သို့ ပတ်ပတ်လှည့်နေ၍ အခြားကြက် ဘာမှ မလုပ်တတ်၊ မကိုင်တတ်နှင့် ကြောင်လည်လည် ဖြစ်နေသောအခါ၌ သူ့နံဘေးမှလည်းကောင်း၊ နောက်မှလည်းကောင်း မိရာကို ဆွဲ၍ ခွပ်မည်တည်း။ ဤကြက်လှည့်ကို နိုင်မည့် ကြက်ကား ကြက်လိမ်ခေါ် တစ်ခုကောင်း ကြက်မျိုး ဖြစ်ပြန်လေသည်။ ဤကြက်လိမ်မှာ ကြက်ချင်းပူးရလျှင် လည်လိမ်သန်သည်။ နှုတ်ကိုက်မြဲသည်။ နှုတ်ကိုက်မိလျှင် တစ်ဖက်ကြက်ကို ခွပ်မပြီးမချင်း မလွှတ်။ ဤကြက်မျိုးနှင့် တွေ့သောအခါ၌ ကြက်လှည့်မှာ မလှည့်နိုင်တော့ပြီ။
ကြက်ဖနှင့် ကြက်မလို ကြက်လိမ်သည် ကြက်လှည့်၏ လည်ကို နှိမ်ကာ ခွပ်နေတော့သည်။
တစ်ဖန် ဤကြက်လိမ်ကို နိုင်သောကြက်မှာ ကြက်ဝင် ဖြစ်ပြန်လေသည်။ ကြက်ဝင်သည် ကြက်နှစ်ကောင် ရင်ဆိုင်မိလျှင် တစ်ဖက်ကြက်၏ ပေါင်နှစ်လုံးကြားကို ခေါင်းလျှိုကာ ဘေးမှ နောက်မှထွက်၍လည်းကောင်း၊ အောက်မှ ပင့်တင်၍လည်းကောင်း ခွပ်တတ်လေသည်။
ထိုအခါမျိုး၌ ကြက်လိမ်မှာ လိမ်ရန် ကြက်ဝင်၏ လည်ပင်းသည် သူ့ရင်ဘတ်အောက် ရောက်နေသောကြောင့် ဘယ်လိုမှ မခွပ်နိုင်ဘဲ ခံရတတ်လေသည်။
ထိုမှတစ်ဆင့် ကြက်ဝင်ကို တစ်နည်းကောင်းနှင့် နိုင်ရန်ကား ကြက်လူး ရှိပြန်လေသည်။ ကြက်လူးသည် နှစ်ကောင်ပူးမိလျှင် သူ့ကိုယ်သူ မထိန်းနိုင် မသယ်နိုင်သကဲ့သို့ တုံးလုံးပက်လက် လူးနေသည်။ သူ့အနေအထားကြောင့် တစ်ဖက်ကြက် ဘယ်လို ခွပ်ရမှန်း မသိ ဖြစ်နေသောအခါတွင် သူသည် လဲရာမှထကာ တွယ်လေသည်။
ဤကြက်လူးနှင့်ကား ကြက်ဝင်မှာ တုံးလုံးပက်လက်နေသော အကောင်ကို ဝင်ရန်အပေါက်ရှာမတွေ့သောကြောင့် ခွပ်လမ်းပျက်ကာ ခံရလေတော့သည်။
သို့သော် ၎င်း ကြက်လိမ်၊ ကြက်ဝင်၊ ကြက်လူးတို့ကား ပထမဦးဆုံး ဖော်ပြခဲ့သော ကြက်ထောင်၊ ကြက်ပစ်၊ ကြက်လိုက် အအုပ်အစုပ် နှုတ်ကိုက်ကောင်းသော ကြက်မျိုးကို ယှဉ်ပြိုင်ပြီး မခွပ်နိုင်ကြချေ။
၎င်းကြက်မျိုးသည် အဝေးမှ လှမ်းပြီးပစ်တတ်သောကြောင့် ကြက်လိမ်နှင့် ကြက်လူးမှာ ပူးရန် အခွင့်အရေး မရချေ။ ကြက်ဝင်မှာလည်း အအုပ်အစုပ်က ကောင်းနေသဖြင့် ဦးခေါင်းသန်းရင်း ခံရရင်း ဖြစ်ရလေသည်။
(ဤကား အကြမ်းအားဖြင့် ဖော်ပြခြင်းမျှ ဖြစ်ပါသည်။ အချို့ကြက်မှာ ခွပ်ရင်းတန်းလန်းပင် အခြေအနေအရ ခွပ်လမ်းပြောင်းတတ်၍ ကြက်မာစတာကြီးတွေပင် တစ်ခါတစ်ရံ အံ့အားသင့်ရသည့် ဖြစ်ရပ်များ ရှိတတ်သေးလေသည်။)
တိုက်ကြက်တို့၏ ခွပ်ရေးကား ဤမျှထိ ရှုပ်ထွေးလှလေသည်။ ထို့ကြောင့် ကျွန်တော်သည် ကြယ်ပျံ၏ ခွပ်လမ်းကို သေသေချာချာ ကြည့်ထားပြီးမှ ဆင်မနိုင်မန်ကျည်းတုံးကို ဝယ်လာသော ကိုစံခအား သတိထားရမည် ဖြစ်ပေ၏။
သို့အတွက် ကျွန်တော်က သက်ပြင်းချပြီး စကားဆက်သည်။
"ဦးလေးရန်က ဘယ့်နှယ် သဘောရသလဲ"
"ဒါတော့ မစိုးရိမ်ပါနဲ့ တက်ကလေးရာ။ ငါတစ်ယောက်လုံး ရှိပါသေးတယ်။ သူတို့ပြောတိုင်း ယုံရမှာလား။ သူ့ကြက် ခွပ်လက်ပေးတာကို ကြည့်သေးတာပေါ့။ ကြည့်လို့ သူတို့ပြောတဲ့အတိုင်း ဟုတ်နေမယ်ဆိုလဲ မတိုက်ဘဲ နေလိုက်တာပေါ့ကွာ"
"ကဲ သူတို့ကြက် ခွပ်လက်ပေးတာမှာ... ဦးလေးရန်ပါ မကြည့်ရအောင် လုပ်ရင်ကော"
"ဒါတော့ ငါ့နာမည် ရန်အောင်ပါကွာ။ မင်းသား ဟစ်တလုံး အရွယ်ကတည်းကစပြီး ကြက်ဝိုင်းတွေထဲ ကြီးလာခဲ့တာ။ အခုအသက် (၅၀)ကျော်ပါပြီ"
* * *
တကယ်ဆိုတော့လည်း ကျွန်တော့်ကြက် ကြယ်ပျံလို ခွပ်လမ်းစုံသော ကြက်မျိုးကို တစ်ခုကောင်းနှင့် နိုင်ရန် ကြက် ရှားလှပေသည်။ အကယ်တွေ့၍ တိုက်ရပါလည်း ၎င်းတစ်ခုကောင်း ကြက်ရှင်မှာ ဆယ်ရေးတစ်ရေးနှင့် စွန့်စားရခြင်းမျှသာ ဖြစ်လေသည်။
ထို့ကြောင့် ကျွန်တော် ကိုစံခ၏ ကြက်ကို တိုက်ရန် စိတ်မပျက်ဘဲ နေ့စဉ် မှန်မှန်သာ မိမိကြက်မိမိ ပြုပြင်ရင်း ဦးရန်အောင်၏ စကားအလာကို စောင့်မျှော်လျက် နေပါသည်။
တိုက်ကြက်တို့မည်သည်မှာ တစ်ပွဲအပြီး၌ နောက်တစ်ပွဲတိုက်ရန် တစ်လခန့် စောင့်ဆိုင်းရလေသည်။ တစ်ပွဲအပြီး (၁၀)ရက်ခန့်ကို ဒဏ်ရာဒဏ်ချက်များ ပျောက်အောင် ကုသစောင့်ရှောက်ရသည်။ ခွပ်ဖေးများကွာ၍ အသားအရေ သန့်ရှင်းသွားမှ ရေကိုင်ရသည်။ နံနက်စောစော အမောလုံရန်အတွက် စလုတ်ထဲ ရေအပြည့်ခွံ့ရသည်။
အသားအရေမာရန် လည်ပင်း ရင်ဘတ်နှင့် ပေါင်တို့ကို ရေနှင့်ပွတ်ကာသပ်ကာ စိစိမြည်အောင် ဖျစ်ညှစ်ရလေသည်။ ညနေခင်း၌ ဤသို့ တစ်ကြိမ်ပြုရသည်။ ရေကား မနက်ကလောက် မခွံ့ရချေ။ စလုတ်ထဲ အစာရှိနေ၍ အသင့်အတင့်မျှသာ။
ကြက်တစ်ကောင်ကို ရေတစ်ခါကိုင်လျှင် နာရီတစ်မတ်မှ တစ်ကျပ်အထိ လူစိတ်ရှည် ရှည်သလောက် ကြာတတ်လေသည်။ အချို့မှာ နေ့လယ်နေ့ခင်း၌ပင် အားအားရှိလျှင် ကြက်ပေါင်ကို ရေနှင့် ဖျစ်နေတတ်လေသည်။ ဤသို့ တိုက်ကြက်ဖကို သ နေစဉ်၌ ကြက်မနှင့် မထားရမဟူလို။
သို့သော် ကြက်အိုမကြီးများနှင့် မသင့်လျော်ချေ။ ကြက်မတမ်းမ အရွယ်ရောက်စ ကလေးများကို အသုံးပြုရလေသည်။ ၎င်းကြက်မကလေးတို့သည် ကြက်ဖလိုက်လျှင် နောက်ဆုံးအချိန်အထိ ပြေးတတ်၍ ကြက်ဖမှာ အညောင်းပြေသည်။ စိတ်အာရုံလည်း ပိုမိုတက်ကြွသည်။ ၎င်းအပြင် သျှတ္တရကျမ်းအရ မနုဿအတိုင်းပင်။
ဤအတွင်း ကြက်ဖကို အိပ်တန်းမှန်ရန် အရေးကြီးသည်။ ညအချိန် ခါတိုင်းကဲ့သို့ မှန်မှန်တွန်ပါရဲ့လား ဂရုစိုက်ရသည်။ ပိုတွန်လျှင်လည်းကောင်း၊ လိုတွန်လျှင်လည်းကောင်း မကောင်းချေ။ တိုက်ကြက်တို့မှာ အခြားညောင်ကန်၊ စစ်တကောင်းကြက်တို့ကဲ့သို့ သူငယ်အိပ်ဆိတ် သက်ကြီးခေါင်းချ သန်းခေါင်းယံ ဟူ၍ အချိန်တိုင်း မတွန်တတ်ချေ။ တွန်လေ့မရှိချေ။ အများအားဖြင့် နံနက်လင်းအားကြီး၌သာ သုံးလေးခွန်းမျှ ကြက်ဦးတွန် တတ်သည်။ နံနက်မိုးသောက်ရောက်မှ လှိုင်လှိုင်တွန်သည်။ နေ့လယ်နေ့ခင်း အချိန်တို့တွင်ကား အခြားက တွန်သံကြားတိုင်း ပြန်၍ တွန်သံပေးလေတော့သည်။
တစ်လနီးသောအခါ၌ ကျွန်တော့်ကြက်မှာ အင်မတန် ကျန်းမာသန့်ပြန့်လျက် နေလေပြီ။ ပေါင်နှင့် ရင်အုံသားတွေ တွတ်တွတ်ရဲကာမျက်လုံးများ ကြည်လင်လှလေသည်။ ကြက်တူရွေးမျက်လုံးကဲ့သို့ စိမ်း၍ နေလေသည်။ လူကိုမြင်လျှင် နှုတ်မှ တတုပ်တုပ် မြည်ကာ ယင်း လျက်နေတတ်သည်။ အဓိပ္ပာယ်ကား ငါကျန်းမာသန်စွမ်း၍ စိတ်အား တက်ကြွလှပြီဟု ဆိုလေသည်။ တိုက်ရန် အဆင်သင့် ဖြစ်ကပြီ။
ကိုစံခ၏ ဆင်မနိုင်မန်ကျည်းတုံး ဘက်ကလည်း (၅၅၀)ကျပ်ထက်နည်းလျှင် မတိုက်ဟု အသံလွှင့်လေသည်။ ကျွန်တော့်ကြက်ကို ယုံသော ကျွန်တော့် ဆွေမျိုးမိတ်ဆွေတို့ကလည်း လက်ရင်း (၁၀၀၀)ကြေး ဖြစ်ပစေကွဟု ပြန်၍ ကြိမ်းကြလေသည်။ သို့သော် ကျွန်တော့်မှာ နိုင်လျှင် ကျေးဇူးမတင်ကြသည့်တိုင်အောင် ရှုံးပါက ဆဲရေးခံရမည့် ကြက်ရှင်ဖြစ်နေ၍ မာစတာ ဦးရန်အောင်၏ စကားကို စောင့်ဆိုင်းလျက် နေရလေသည်။
ဆင်မနိုင် မန်ကျည်းတုံးကို မနေ့ကပဲ ကိုစံခအိမ်ထဲမှာ သူ့ဘက်တော်သားတွေနဲ့ ခွပ်လက်ပြပြီးပြီဟု သတင်းထွက်သောနေ့၌ ဦးရန်အောင် ကျွန်တော့်ဆီသို့ ရောက်လာပါတော့သည်။
ကျွန်တော်သည် စိတ်ဇောကြီးစွာနှင့်...
"ဘယ့်နှယ်... ဘယ့်နှယ်လဲ ဦးလေးရန်"
ဦးရန်အောင်သည်လည်း စိတ်ပျက်ဟန်နှင့် ပါးစပ်မှ ဆေးပြင်းလိပ်ကို နှေးကွေးစွာ ချွတ်လိုက်ပြီး...
"မတိုက်နဲ့တော့ တက်ကလေး"
ကျွန်တော် မျက်လုံးပြူးကာ...
"ဗျာ"
"သူ့ ဆင်မနိုင် မန်ကျည်းတုံးကို အလျှော့ပေးလိုက်တော့ကွာ"
"ဟင် ဘာလို့တုန်း"
"သူတို့ပြောတဲ့အတိုင်း ဟုတ်တယ်။ မင်းကြက်ကို ခွပ်လမ်းမိနေပြီကွ"
"ဦးလေးရန် သေသေချာချာကော ကြည့်ခဲ့ရသလား"
"ငါ့ရှေ့မှာပဲ ခွပ်လက်ပေးတာပဲ"
"ဘယ်လိုတွေများ ခွပ်တတ်လို့လဲ"
"ကြက်ဝင်၊ ကြက်ကပ်၊ ကြက်လှည့် စုံတယ်ကွာ။ နို့ပြီး အပူးအခွာလဲ ကောင်းတယ်ကွ"
"ဘယ်သူ့ကြက်နဲ့ ခွပ်လက်ပြတာလဲ"
"သူ့အစ်ကို စံမြ ဇိမ်းကြီးနဲ့ကွ။ ဇိမ်းကြီးက မင်းသိတဲ့အတိုင်းပဲ။ ကိုယ်ကြီးနဲ့ သူ့ထက် လက်နှစ်သစ်လောက်မြင့်တာ၊ ဒါတောင် မခံနိုင်ဘူးကွာ။ နှစ်ရေသုံးရေနဲ့ ယိုင်သွားတာပဲ"
"အောင်မယ် ဒါလောက်ပဲလားဗျာ"
"ဟုတ်တယ် ဒါကြောင့် မင့် ငါပြောတာ"
ကျွန်တော့်မှာ ကြီးစွာသော မခံချင်စိတ်ဖြစ်ကာ...
"တယ် ကြက်ရွယ်တူချင်း မတိုက်ဝံ့ဘူးဆိုတော့ ရှက်စရာ၊ ဘာပဲဖြစ်ဖြစ် နှံပြန်ရော့မယ်ဗျာ"
ဤအချိန်တွင် ကျွန်တော့်မဟဝှာသည် အနီးတွင် ရှိသည်ဖြစ်၍...
"တော့်ဟာတော် ရှက်ရင် တော့်ကြက်နဲ့ တော် သွားတိုက်လေ၊ ကျုပ်အိမ်က ငွေတော့ မထိနဲ့"
ဟု အမိန့်ထုတ်ပါသည်။
ဦးရန်အောင်က ဆက်လက်၍...
"မမိုက်ချင်ပါနဲ့ တက်ကလေး၊ ရှက်တယ်ဆိုတာ အသားပဲ့ မကုန်ပါဘူးကွာ။ သည်းခံစမ်းပါ။ ဟုတ်တော့ ဟုတ်တယ်ဟေ့။ ငါ မင်းတို့အရွယ်တုန်းကဆို ဒါမျိုး ဘယ်ခံချင်လိမ့်မလဲကွာ။ ဇွတ်မှိတ်ကြဲ လိုက်တော့တာပဲ။ အမှန်တော့ ဒါ မိုက်တာကွ... မိုက်တာ။ အမယ် လူငယ်ဆိုတော့ ဒါမျိုးမှပဲ ကောင်းတယ် အောက်မေ့သဟေ့"
ကျွန်တော် မျက်စိပိတ်၍ အံကြိတ်လိုက်မိပါသည်။
* * *
တက်ပုကြယ်ပျံက စံခရဲ့ ဆင်မနိုင်မန်ကျည်းတုံးကို မတိုက်ဝံ့ဘူးတဲ့ဟေ့"
ဤသတင်းမှာ နှစ်ရက်သုံးရက်အတွင်း၌ ကျွန်တော်တို့ရွာတွင်သာမက ပတ်ဝန်းကျင် ရွာနီးချုပ်စပ်ကိုပါ ပျံ့နှံ့သွားလေပြီ။
ဥသျှစ်ပင်ရွာမှ ကျွန်တော့်မိတ်ဆွေ ကိုထင်လင်းပင် ရောက်လာကာ ကြယ်ပျံလိုကြက်ကမှ မတိုက်ဝံ့ရအောင် သူတို့ကြက်က ဘယ်လောက်များ ကောင်းလို့လဲဟု အကျိုးအကြောင်းကို မေးသဖြင့် ဦးရန်အောင် ပြောသည့်အတိုင်း ရှင်းပြလိုက်ရပါသည်။
ဤတွင် ကိုထင်လင်းမှာ စိတ်အေးလက်အေးနှင့် သွေးအေးသူဖြစ်၍...
"ဒီလိုဆိုရင်ဖြင့်လဲ မလုပ်နဲ့ပေါ့ ကိုတက်ရာ။ ဦးရန်အောင်ကြီးစကားဆိုရင်တော့ လွဲခဲတယ်။ သူက ကြက်ဘုရားပဲ။ နို့ပြီး ဆင်မနိုင် မန်ကျည်းတုံးရွာကလဲ နာမည်ကြီး ကြက်ကောင်းထွက်တဲ့ အရပ်ပဲ။ ကျုပ်တောင် သန်ဘက်ခါ အဲဒီရွာကို သွားမလို့"
"ဘာကိစ္စလဲ"
"ဒီက ဆားနဲ့ မန်ကျည်းသီးတင်သွားပြီး ဟိုက ငါးပိရရ သက်ငယ်ရရ ဖလှယ်ခဲ့မလို့။ ခင်ဗျား အစ်မကြီး မခင်မြလဲ လိုက်လိမ့်မယ်"
"သူ့ယောက်ျားကော ပါဦးမလား"
"ဒီလူက ရှူနာရှိုက်ကုန်း၊ ဒီလောက်ခရီးဝေးဝေး လှည်းကြမ်း မစီးနိုင်ဘူးတဲ့ဗျာ။ အိမ်မှာ ဝက်စာကျွေးရုံပဲ တတ်နိုင်တယ်"
"သြော် ဒီမှာ ကိုထင်လင်း၊ အဲဒီရွာရောက်ရင် သူတို့ကြက်အကြောင်း စုံစမ်းပြီး အဲဒီကြက်ကို နိုင်မယ့် ကြက်များ ရှိသလား မေးခဲ့စမ်းဗျာ။ ရှိရင် ဘယ်လောက်ပေးရ ပေးရ ဝယ်ချမယ်ဗျာ"
"ကောင်းပြီ စိတ်ချ"
ကိုထင်လင်း သွားလေပြီ။ ကျွန်တော်တို့ရွာ၌ကား ကျွက်စီကျွက်စီ ရှိလေသည်။ ကိုစံခဘက်က လူများသည် တက်ပုနှင့် ကြယ်ပျံကို လှောင်ကြပြောင်ကြ သရော်ကြသည်။
ကျွန်တော့်ဘက်က ဆွေမျိုးတို့မှာ အံကြိတ်ခြင်း၊ မျက်မှောင်ကြုတ်ခြင်း၊ တက်ခေါက်ခြင်း ပြုကြကုန်သည်။ ကြယ်ပျံတိုက်သမျှ သုံးပွဲစလုံး အနိုင်ရလိုက်သော ကိုကြွက်သိုးကြီးကမူ ထန်းရည်သောက်ရင်း တွေ့ရ၍...
"ဟေ့ တက်ပု၊ ဒါလောက်တော့ အောက်ကျ ခံမနေနဲ့ကွာ။ ရှိတဲ့ စည်းစိမ် ကုန်ပစေ။ ချသာချလကွာ"
ကိုကြွက်သိုးမှာ မခံချင်စိတ်နှင့် မိုက်တတ်သူဖြစ်ပါသည်။
"ဦးလေးကြွက်ပြောတာ... ဟုတ်တယ်။ ကျွန်တော့်သဘောလဲ ဦးလေးကြွက် စိတ်အတိုင်းပဲ။ ဒါပေမဲ့ မိန်းမက အိမ်ကငွေ မထိနဲ့ လုပ်နေတယ်ဗျ"
"အို ဒီမိန်းမတွေက ဘာနားလည်လို့တဲ့လဲကွာ။ သူတို့နားလည်တာက လင်ငယ်ပေါ်မှ ဖအေမရှိဘဲနဲ့ ကလေးမွေးမှ ရှက်စရာကောင်းတယ် အောက်မေ့ကြတာ။ ယောက်ျားချင်း ဒီလိုအပြောခံရတာ ဘယ်လောက်အထိ ဆိုးသလဲဆိုတာတော့ မသိကြဘူး"
"အင်း ဦးလေးကြွက်ပြောတာ ဟုတ်တယ်ဗျ"
ကျွန်တော် မျက်မှောင်ကြုတ်၍ စဉ်းစားပါသည်။
"ဟေ့ ဒီမှာ တက်ပု၊ မင်းမိန်းမကို အမျိုးမျိုးပြောပြကွာ။ ပြောလို့မှမရရင် လင်မယားချင်း ကွာပစ်။ ရှိပစ္စည်း တစ်ယောက်တစ်ဝက်ခွဲ၊ ဟော ကိုယ့်ဟာနဲ့ ကိုယ်ဆိုတော့ မင်းသဘောရှိ လုပ်၊ ဘယ့်နှယ်လဲ ငါပြောတာ မကောင်းဘူးလား။ ရှီးတဲ့မှပဲ ကိုယ်လုပ်ကျွေးရတဲ့ မိန်းမက လင့်စကားနားမထောင်တာကော မင်းပေါင်းနေဦးမှာလားကွာ။ လောကမှာ မိန်းမရှားလွန်လွန်းလို့၊ ငါ့မိန်းမ ပုတင်တို့များ ငါးပိဟေ့ဆို ဖုတ်ပြီးသား၊ ငါးခြောက်ဟဲ့ဆို ဆီဆမ်းပြီးနေပြီ။ ဒီလိုမှပေါ့ကွ။ ကြည့် မင်းကြက်များ အခုတိုက်ဖြစ်ရင်လေ ငါ ဝက်ပြပွဲမှာ ဆုရတဲ့ ငွေတစ်ရာကို အကုန်လုံး လောင်းမယ်ကွ"
ကိုကြွက်သိုးမှာ လွန်ခဲ့သော ပွဲတော်က ဝက်ရွေးပွဲလုပ်ရာတွင် သူတမင်တကာ သည်ရည်ရွယ်ချက်သက်သက်နှင့် အကဲဖြတ်လူကြီးများ၏ စိတ်ကြိုက်ဖြစ်အောင် ဝက်ကြီးတစ်ကောင် မွေးထားလေရာ အကဲဖြတ်လူကြီးများလည်း...
"အင်း ဒီဝက်ကြီးတော့ ကြည့်ရတဲ့လူတွေ မြင်ရရုံနဲ့ အီပြီးတော့ အိပ်ချင်တန်ရဲ့"
ဟု ဆုံးဖြတ်ရွေးချယ်လိုက်သဖြင့် သူ ငွေတစ်ရာ ပွလေသည်။
မြင်ရုံနဲ့ အိပ်ချင်တဲ့ ဝက်မျိုး မွေးနိုင်တာ ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လားဟု သူ လက်မထောင်လေသည်။ ကိုကြွက်သိုးသည် သူ့ထန်းရည်ခွက်ကို သောက်ချလိုက်ပြီး ကျွန်တော့်ဖို့ ငှဲ့ပေးကာ...
"ဟေ့ ဒီမှာ တက်ပုရ၊ နို့ပြီး မင်းဦးရန်အောင်ကြီးက ကြက်ဘုရားဆိုတိုင်း သူ့စကားယုံရမှာလားကွ။ ကြယ်ပျံက နိုင်ဖို့ မျှော်လင့်ချက်ကော မရှိဘူးတဲ့လား။ အလကား သူ့စကားနဲ့ ခက်နေတာပါကွာ။ ဒီမှာ တက်ပုရ၊ စံခတို့လိုလူတွေ အပြောတော့ ခံမနေစမ်းပါနဲ့။ မင်းမိန်းမကို ကောင်းကောင်းပြော ရရင်ရ၊ မရရင် ကွာရှင်းပြီး ပစ္စည်းသာ ခွဲတိုက်ပစ်လိုက်စမ်းပါ။ ရှုံးချင်ရှုံး နိုင်ချင်နိုင် အေးရော။ ဟေ့ ဒီမှာ တက်ပုရ..."
သူသည် ထန်းရည်မူးမူး မျက်ထောင့်နီနီကြီးနှင့် ကျွန်တော့်ပခုံးကို ကိုင်ကာ...
"လောကမှာ မင်း အရှက်နဲ့လူလုပ်တာလား၊ ငွေနဲ့ လူလုပ်တာလား။ ငွေဆိုတာ အလကား၊ လူမသေ ငွေမရှားပါဘူးကွာ။ လူက ငွေလုပ်တာ၊ ငွေက လူလုပ်တာ မဟုတ်ပါဘူးကွာ"
ကျွန်တော်သည် ထိုနေ့ညနေ၌ ထန်းရည်မူးမူးနှင့် အိမ်သို့ ပြန်လာကာ ကိုကြွက်သိုးကြီး ပြောလိုက်သော စကားတွေကို အပြန်ပြန် အလှန်လှန် သုံးသပ်ခဲ့ပါသည်။
ကျွန်တော်တို့ လင်မယား၌ ယခုရှိပစ္စည်းမှာ ဝမ်းစာစပါး (၇၅)တင်း၊ နွားတစ်ရှဉ်း၊ လှည်းတစ်စီး၊ မန်းကျည်းမှည့် အချိန်တစ်ရာ၊ မပစ်ရသေးသော သက်ငယ်အဆုပ် (၁၅၀)၊ မှို့သုံးစိတ်နှင့် ငွေ (၃၀၀)ခန့် ဖြစ်ပါသည်။ သူ့အမေက လုပ်ပေးလိုက်သော နားတောင်းနှင့် ဆွဲကြိုးလက်ကောက်တော့ ကျွန်တော်နှင့် ဆိုင်မည်မဟုတ်ချေ။ ဆိုင်သောပစ္စည်းများကို လင်မယား ရန်ဖြစ်၍ တစ်ယောက်တစ်ဝက် ခွဲလိုက်ကြလျှင်။ ဤအတွေးနှင့် ကျွန်တော် အိမ်ထဲသို့ ရောက်သောအခါတွင် ဟစ်တလုံးနှင့် ကြယ်ပျံကစားနေသည်ကို တွေ့ရပါသည်။
ဟစ်တလုံးက လာ ကြယ်ပျံ... လာ လာဟု ခေါ်ပြေးလျှင် ကြယ်ပျံက နောက်မှ ပြေး၍ လိုက်တတ်သည်။ ကြယ်ပျံမှာ သားခွဲအရွယ်ကတည်းက ကျွန်တော် မွေးသော ကြက် ဖြစ်၏။
ကျွန်တော်သည် ထန်းရည်မူးမူးနှင့် ကြယ်ပျံကို ကြည့်ကာ...
"ငါ့ကြက်တော့ တိုက်မှ၊ မတိုက်မဖြစ်ဘူး။ အိမ်က ဟာမတော့ ငါအကောင်းပြောဦးမယ်။ ပြောမရရင်တော့ ရန်ဖြစ်ပြီးကွာမှပဲ။ ဟင်း လင့်စကား နားမထောင်ချင်တဲ့ ကောင်မတော့ သိရောပေါ့"
ဤကဲ့သို့ စိတ်ကူးနေဆဲဝယ် မချမ်းမြသား အင်ဖူးသည် ခပ်မူးမူးနှင့် ရောက်လာကာ...
"ဒီမှာ ကိုလေးတက်ပု၊ ခင်ဗျား ကိုစံခကြီးကြက်ကို ဘာကြောင့် မတိုက်ဝံ့တာလဲ ပြောစမ်းဗျာ"
မူးမူးနှင့် ရိတိတိလုပ်သည်နှင့် ကျွန်တော် သူ့ကိုတွန်းကာ...
"ဟေ့ အင်ဖူး၊ သွားစမ်းကွာ၊ ငါစိတ်ရှုပ်ရတဲ့ အထဲကို"
"အေးပါ ကိုလေးတက်ပု စိတ်ရှုပ်နေတာကို ကျွန်တော် သိပါတယ်။ အခုပဲ ဦးလေးကြွက်သိုးကြီးနဲ့ တွေ့ခဲ့လို့ ပြောလိုက်တယ်။ ဒီမှာ ကိုလေးတက်ပု၊ ကိုလေးတက်ပုတို့ လင်မယားလဲ ရန်မဖြစ်ရဘူး။ ကြက်ချင်းလဲ တိုက်ရမယ်။ နို့ပြီး နိုင်လဲ နိုင်ရမယ်။ ကဲ ကျွန်တော် ပေးတဲ့အကြံ နားထောင်မလား"
"ဘာလဲ မင်းအကြံက..."
"ဒီမှာ ကိုလေးတက်ပုကြက်က မတိုက်ဝံ့တာက ကိုစံခကြက်ကို မနိုင်ဘူးဆိုတာ အသေအချာ သိနေလို့ မဟုတ်လား။ ဒီတော့ ဘာခဲယဉ်းလဲဗျာ"
"ဘာ... မခဲယဉ်းတာလဲကွ"
"ဒီမှာ ကိုလေးတက်ပု၊ ရှုံးမယ့်ကြက်နဲ့ နိုင်မယ့်ကြက် အသေအချာ သိနေတာပဲ။ ကြက်ချင်းလဲပြီး တိုက်လိုက်တာပေါ့ဗျာ"
ဤတွင် ဟစ်တလုံးနှင့် ကြယ်ပျံလည်း အနီး၌ ရှိနေသဖြင့် ဟစ်တလုံးက...
"ဟင့် ချုံးချုံးနိုင်နိုင် ကြယ်ပျံလေးကို လဲရဘူး... လဲရဘူး"
ဟု ဆိုရင်း ငိုမည်ပြုလေရာ ကျွန်တော်က...
"နေပါဦး မငိုစမ်းပါနဲ့ဦး လူကလေးရ၊ ဒီကောင်ပြောတိုင်း လဲချင်လို့ကော ဖြစ်ပါ့မလား။ ဟိုက ကြက်ရှင်က လဲမှာတဲ့လားလို့။ အင်ဖူး မူးမူးရူးရူးနဲ့ တွေ့ကရာ လျှောက်ပြောတာပါကွာ"
ထိုအခါ၌ အင်ဖူးသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ...
"အမယ်လေး ကိုလေးတက်ပုရယ်၊ တယ်အတွေးလျှော်သေးတာပဲဗျာ။ ဒီမှာ ကိုလေးတက်ပုရ တစ်ကောင်နဲ့တစ်ကောင် ရွေးမရအောင် တူနေတဲ့ ကြက်ချင်းကို ကိုစံခကြီး သဘောတူမှပဲ လဲရတော့မှာတဲ့လားဗျ။ အဟက်... ဟက် ဟား ကိုလေးတက်ပုလဲ ကြက်ခိုးတတ်သားနဲ့ကို အဟီး... ဟီး ဟီး"
ယင်းသည်တွင် ကျွန်တော် အင်ဖူး၏အကြံကို သိရှိကာ သဘောကျမိ၍ ဟစ်တလုံး မသိစေရန် မျက်လုံးမှိတ်ပြပြီး...
"ဟာ ငါ့ကြက်နဲ့ သူများကြက် မလဲနိုင်ပါဘူးကွာ"
ဟု ဆိုရင်း အင်ဖူးကို လက်တို့ခေါ်ခဲ့ပါသည်။ ဝင်းပြင်ရောက်သောအခါ...
"ဟေ့ အင်ဖူး၊ မင်းပြောတဲ့အကြံ ဖြစ်နိုင်တယ်ကွ"
"ဟာ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ ကိုလေးတက်ပုရ"
"ဟေ့ တိုးတိုးကွ တိုးတိုး၊ ဘယ်အချိန်သွားလဲရင် ကောင်းမလဲ"
"ကိုစံခကြီးအိမ် ခုတလော... သူ့မိန်းမနဲ့ ကလေးတွေ ခရီးထွက်နေလို့ သူတစ်ယောက်တည်း ရှိတာဗျာ။ နေ့လဲလဲ၊ ညလဲလဲ ဖြစ်တာပေါ့ဗျ။ အချိန်မရွေး အကူအညီပေးဖို့ ကျွန်တော့်တာဝန်ထားလိုက်ပါ"
"ဟေ့ ဒါထက် ကြက်ဆိုတာ အမွေးအရောင်ချင်း ဘယ်လိုတူတူ ကိုင်နေကျလူက ကိုယ့်ကြက် ဟုတ်မဟုတ် သိတယ်ကွ"
"အို ကိုစံခကြီးက ဒါလောက် မသိတတ်ပါဘူးဗျာ။ ဒီကြက် သူ့လက်ထဲ ရောက်တာကော ဘယ်လောက်ကြာသေးလို့လဲ"
"နို့ပြီး ငါ့ကြက်က သူ့အိမ်ရောက်တော့ မနေဘဲ ပြန်လာတော့ ရိပ်မိကြမှာ စိုးရသေးတယ်ကွ"
"အို ဒါတော့ ကိုလေးတက်ပုရာ၊ သူ့ကြက် ကိုယ့်လက်ထဲ ရောက်ကတည်းက ဘယ်နေ့တိုက်မယ်လို့ ကြေညာလိုက်၊ သူ့ကြက် လွှတ်ဦးတော့မှာတဲ့လား။ ကြိုးသတ်ပြီး ရေကိုင်တော့မှာပေါ့ဗျ"
"ကဲ ဟုတ်ပဟေ့။ ဒါဖြင့် အခုညပဲ လုပ်ကြစို့ကွာ။ မင်းပါ လိုက်ခဲ့မယ် မဟုတ်လား"
"လိုက်ရုံမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင် ဝင်လဲပေးပါ့မယ်။ စိတ်ချစမ်းပါ။ နောက်တော့သာ ကျေးဇူးမမေ့ပါနဲ့"
အင်ဖူးမှာ ရွာတွင် ကြက်သူခိုး နာမည်ကြီး ဖြစ်ပါသည်။
* * *
နောက်တစ်နေ့၌ ကျွန်တော့်ကြက်က ကိုစံခကြီးကြက်ကို ကြေးမရှောင် တိုက်တော့မည်ဟု ကြေညာလိုက်လေသည်။ ဦးရန်အောင်ကြီး ပြူးပြူးပျာပျာနှင့် ရောက်လာကာ...
"ဟေ့ တက်ကလေး... မင်း ငါ့စကားကို နားမထောင်ဘူးလား"
ကျွန်တော်မှာ အကြံပိုင်ပြီးသားသူပီပီ ခပ်တည်တည်နှင့် သူ့အား တစ်စုံတစ်ရာ ဖွင့်မပြောသေးဘဲ...
"ဘာလို့လဲ ဦးလေးရန်ရ၊ ကျွန်တော်က ကိုစံခကိုနိုင်ရင် ပြီးတာပဲ မဟုတ်လား"
"မင်း သူ့ကို မနိုင်နိုင်ဘူးလို့ ပြောနေ၊ ငါ နားလည်လို့ ပြောတာကွ"
"ဦးလေးရန် နားလည်တာက သူ့ကြက် ဆင်မနိုင် မန်ကျည်းတုံးက ကျွန်တော့်ကြက် ကြယ်ပျံကို မလှန်နိုင်အောင် ခွပ်လမ်း သာနေတယ် ပြောတာမဟုတ်လား"
"အေး အေး ဟုတ်တယ်။ ငါ ကြက်သမား လုပ်လာတာ အသက် ငါးဆယ်ကျော်ပါပြီကွာ။ ငါ့စကား နားထောင်စမ်းပါ"
"ကိုင်း ဒါဖြင့် ဦးလေးရန် အေးအေးသာ နေပေတော့။ ကျွန်တော် တိုက်တော့မှာပဲ။ ဘာမှ မပြောနဲ့တော့"
ကျွန်တော် သူ့ကို စကားပိတ်လိုက်ပါသည်။
သူစိတ်ဆိုးကာ...
"ကဲ ဒါဖြင့် တက်ပုရေ၊ မင်း ငါဘာမှ မပြောတော့ဘူး။ မင့်ကြက်ဝိုင်းလဲ ငါလာမကြည့်ဘူး။ နောက်တော့မှသာ ငါ့ ဘာမှ မပြောနဲ့။ ငါနောက်ဆုံး တစ်ခွန်းတည်း ပြောခဲ့မယ်။ မင်းရှုံးမှာ အမှန်ပဲကွ"
ဆိုပြီး ထသွားပါတော့သည်။ ကျွန်တော့်စိတ်ထဲက ပြုံးလိုက်မိပါသည်။ သြော် ကြက်ဘုရားကြီး သူ့အမြင်နဲ့သူတော့ ဟုတ်ပေမပ။
ကျွန်တော့်သဘောမှာလည်း ယခုအချိန်၌ သူစိတ်ကောက်ချင်သလောက် ကောက်နေပါစေ။ ကြက်ပွဲပြီး၍ နိုင်ခါမှ ယခင်က အစိတ်ပေးမယ်ဆိုပြီး (၁၅)ကျပ် လျှော့ပေးခဲ့သည်ကိုသာမက ယခု (၅၀)ကျပ်မျှပေးလျက် အဖြစ်မှန်ပြော၍ ကျွန်တော့်ဥာဏ် လွှာသုံးလိုက်ပုံကို အသားယူမည်။ ကြက်ဘုရားကြီး ကိုယ်တိုင် အံ့သြသွားရပေမည်။
ဤကြက်ချင်းလဲထားသည့် အကြောင်းကို ဖုံးဖိထားသည်မှာ ယခု ဦးရန်အောင်နှင့် ကြယ်ပျံကို တမ်းတမ်းစွဲ ချစ်ခင်သော ဟစ်တလုံးကိုသာ ဖြစ်ပါသည်။ အခြား ကျွန်တော့်ဘက်က လောင်းမည့် ဆွေမျိုးမိတ်ဆွေတို့ကိုကား တိုးတိုးကျိတ် ဖွင့်ပြောထားလိုက်ပါသည်။
သူတို့သည် အများနည်းတူ ကြက်ဘုရားဘွဲ့ရ ဦးရန်အောင် စကားကို ယုံကြည်ကြသည်ဖြစ်သောကြောင့် ကျွန်တော့်လုပ်ရည်ကြံရည်ကို သဘောကျကာ ချီးမွမ်းကြကုန်သည်။
ကျွန်တော်ကလည်း ဤအကြံမှာ အင်ဖူးထံမှဟု ဖွင့်မပြောဘဲ ကျွန်တော့်ကိုယ်ပိုင် ဦးနှောက်ဟူဘိသို့ ကျိတ်ကာမှိတ်ကာ အသားယူနေပါသည်။ ကျွန်တော့်ဘက်က လောင်းမည့်သူတွေမှာည ခပ်ကြွားကြွားကလေး ပြောပါရစေ။
အနမတဂ္ဂ စပါးရောင်းကြသူတွေနဲ့ ပစ္စည်းဖလှယ်ကြသူတွေနဲ့၊ စပါးပေး ယူကြတဲ့သူတွေနဲ့၊ ကောက်စိုက်ပေး ကြိုတောင်းသူတွေနဲ့၊ ဝမ်းစာပုတ်ပြ၍ ချေးငှားသူတွေနဲ့ ရွှေပွဲတော်ကြီးတော့ မြိုင်ပေတော့မည်။
ကျွန်တော့်မိန်းမကလည်း ကျွန်တော့်ကို လောင်းစေ၊ ရှိပစ္စည်း ကုန်ချင်ကုန်ပါစေ၊ အမိန့်တော်။ သိပ်ပြီး မကြာပါ။ ပဉ္စမမြောက်သောနေ့တွင် ဝိုင်းဆင်လေပြီ။
ကိုစံခဘက်ကလည်း မြိုင်၊ ကျွန်တော်တို့ဘက်ကလည်း အပိုင်နှင့် ဝိုင်းစည်လှလေသည်။
လက်ရင်း (၇၇၀) ကျပ်။
ကျွန်တော်က (၃၃၀)ကျပ် ပါသည်။
ကိုကြွက်သိုးကြီးက သူ့စကားအတိုင်းပင် ဝက်ဆု တစ်ရာကို အကောက်တွက် တစ်ဆယ်ဖြည့်ကာ (၁၁၀)ကျပ် ထည့်သည်။ ကျန်သော (၃၃၀)ကျပ်ကား ကျွန်တော့်ဘက်က ဆွေမျိုးမိတ်ဆွေတို့၏ သုံးကျပ် မတ်တင်း၊ ငါးကျပ်ခွဲ၊ ဆယ့်တစ်ကျပ်၊ နှစ်ဆယ့်နှစ်ကျပ်၊ ငါးဆယ့်ငါးကျပ် စသော ရှယ်ယာပေါင်းများ။
ကြက်ပွဲအကောက်မှာ (၁၀၀)လျှင် (၁၀)ကျပ်နှုန်း။ ခင်ဗျားတို့ဆီက အစိုးရပွဲခွန်တော်နှင့် အဘယ်က သက်သာပါသနည်း။ ကြေးထပ်၍ ဒိုင်ဆီတွင် ငွေအပ်ပြီးလေပြီ။
ကြက်ဒိုင် ဦးထွန်းစိန်သည် ရေဖျန်းထားသော တလင်းပြန့်မြေတွင် ဆယ့်နှစ်တောင်ခန့်အချင်းရှိသော စက်ဝိုင်းကြီးကို ဆွဲလိုက်သည်။
ကြက်နှစ်ကောင် ခွပ်နေချိန်တွင် ကြက်ဆွဲနှစ်ယောက်မှတစ်ပါး အခြားလူမဝင်ရ။ (ကြက်ဝိုင်း ဥပဒေ) ထို့နောက် စည်းဝိုင်းအလယ်တည့်တည့်တွင် ယခု တပို့တွဲလတွင် နဂါးခေါင်း တောင်ဘက်လှည့်သောကြောင့် နဂါးလွတ်ရန် အရှေ့နှင့် အနောက် မျဉ်းကြောင်းကလေး နှစ်တောင်ခန့် ခြစ်လိုက်သည်။ ကြက်နှစ်ကောင်သည် အရှေ့မှတစ်ဖက်၊ အနောက်မှ တစ်ဖက် လွှတ်ရမည်တည်း။ (ကြက်သမားတို့ ထုံးစံ) ပြီး အရှေ့အနောက် နေရာရွေးရန် ခေါင်းပန်း မြှောက်ရဦးမည်။
ယခု ကြက်ပွဲတွင်ကား ကြက်နှစ်ကောင်မှာ ရွေးမရအောင် တူနေသောကြောင့် ကြက်ဆွဲတို့ မှတ်မိကြဖို့အတွက် တစ်ကောင်ကို အမြီးဖျား အနည်းငယ် ဖြတ်ရန် ခေါင်းပန်း မြှောက်ရသေးသည်။ ကိုစံခကြက်ကို ဖြတ်ရန် မဲကျ၏။
"ကဲ လွှတ်ကြစို့လား"
ပရိသတ်တို့ ကြွေးကြော်ကြလေပြီ။
တစ်ဖက်နှင့်တစ်ဖက် အငြိုးနှင့်နှက်သော ကြက်ပွဲဖြစ်၍ ရွာလုံးကျွတ်ဆိုသလို ကလေးလူကြီး မိန်းမတွေ ကြိတ်ကြိတ်ခဲနေသည်။
ငယ်စဉ်က သရဲခဲ့ပြီး ကြီးမှ ပုတီးဆွဲသည့် ဘုရားလူကြီး ကျောင်းဒကာကြီးတို့ပါ အရိပ်အခြည် ကြည့်ရအောင် လာကြသည်။ သူကြီးမင်းလည်း ယောင်လည်လည်နှင့် ရောက်လာကာ...
"ဟေ့ မောင်ထွန်းစိန်"
ပြူးပြူးပျာပျာနှင့်...
"ခင်ဗျာ..."
"ရဲ အရိပ်အခြည် ကြည့်ဖို့ ထားရဲ့လားဟေ့၊ တော်ကြာ ငါ့တာဝန်ကျနေပါဦးမယ်"
"စိတ်ချပါခင်ဗျာ ထားပါတယ်။ ရွာတောင်ဖျားတစ်ယောက်၊ မြောက်ဖျားတစ်ယောက်"
သူကြီးမင်းသည် ရွာထဲ၌ နွားသတ်လျှင် အသည်းနှလုံး တစ်တွဲပေးလျှင်လည်းကောင်း၊ ကြက်ဝိုင်းဖြစ်လျှင် အကောက်ထဲမှ အသင့်အတင့် ပေး၍လည်းကောင်း သဘောကောင်းတတ်လေသည်။ သို့နှင့် လူစုလူအုပ်ကြားမှ ကြက်နှစ်ကောင် ဝိုင်းလယ်သွင်းလေပြီ။
"ကြယ်ပျံတဲ့ဟေ့... နားသယ်နှံလိုက်ရင် မင်းတို့ ကြက်ကြီး... ဒယ်လျှံသွားမယ် မှတ်ထား။ ဆီများများ ဝယ်ထား"
"အမယ် ဟေ့၊ ဒီကလဲ ဆင်မနိုင်မန်ကျည်းတုံးကွ။ မင်းတို့ ကြက်ကလေး ဖင်ထိုင်ပြီး အမြီးကုန်းသွားမယ်ကွ"
တစ်ဖက်နှင့်တစ်ဖက် စကားရေးပြိုင်ကြလေသည်။ ကျွန်တော်သည် ဆင်မနိုင် မန်ကျည်းတုံးကို ကြယ်ပျံအဖြစ်နှင့် ပိုက်ထားရာမှ ကိုစံခလက်ထဲမှ ကြယ်ပျံအစစ်ကို လှမ်းကြည့်ကာ...
"ကြယ်ပျံရေ မင့်ငါချစ်ပေမယ့် ငွေအရေးကြောင့် တစ်မျိုးတစ်ဖုံ လုပ်နေရတာပဲကွ"
ဟုစိတ်ထဲမှ ရေရွတ်လိုက်မိပါသည်။ မိမိငယ်ငယ်က မွေးခဲ့၍ သုံးပွဲတောင် အနိုင်ပေးသွားသော ကြက်ကလေးကို သံယောဇဉ်မကင်းနိုင်ပါ။ ဤပွဲပြီးလျှင် ပြန်လဲယူသင့် ယူရပါမည်။ ထို့နောက် ကျွန်တော့်လက်ထဲက ကြက်ကို ငုံ့ကြည့်ကာ...
"ငါ့သားကြီး နိုင်အောင် ခွပ်လိုက်စမ်းကွယ့်"
ဟု စိတ်ထဲမှ ပြောလိုက်ပါသည်။
ယင်းသည်တွင် ထိုကြက်၏ နှုတ်မှ တုပ်တုပ် တုပ်တုပ်နှင့် မြည်လိုက်ပုံမှာ ပွဲဆင်းခါနီးတိုင်း၌ ကြယ်ပျံကလေး၏ နှုတ်သံနှင့် တထေရာတည်း တူလှပါပေ၏။
ဧကန္တ ဤပွဲမှာလည်း ကျွန်တော် နိုင်ရဦးတော့မည်ဟု စိတ်နှလုံး တုံးတုံးချကာ ကြက်ကို ကြက်ဆွဲလက်ထဲသို့ အပ်မည့်ဆဲဆဲဝယ် အပြင်မှ တခွပ်ခွပ်လာသော မြင်းခွာသံ ကြားသည်နှင့် တစ်ဝိုင်းလုံး ဆိုသလို လှည့်ကြည့်လိုက်ကြရာ ကိုထင်လင်းသည် မြင်းကို ဇက်သတ်လျက် ကျွန်တော့်ဆီသို့ ပြုံးပြုံးကြီး ကြည့်၍...
"ကိုတက် ချသာချဗျ၊ ချသာချ၊ စိတ်ချလက်ချသာ နှံပေတော့"
သူက ဝမ်းသာအားရနှင့် ပြောကြားလိုက်ပါသည်။ ကျွန်တော့်စိတ်ထဲတွင် မဝေခွဲနိုင် ဖြစ်သွားပါသည်။ သူသည် ဆင်မနိုင် မန်ကျည်းတုံးရွာကို ရောက်ခဲ့သူဖြစ်၍ ကိုစံခတို့ ဝယ်ခဲ့သည့် ကြက်အကြောင်းကို မည်ကဲ့သို့ နားလည်ခဲ့ပါသနည်း။
ကျွန်တော်သည် ကြက်ကို ပိုက်ကာပင် ဇဝေဇဝါ မျက်လုံးနှင့် သူ့ဆီသို့ ထွက်ခဲ့ပါသည်။ သူသည် မြင်းပေါ်မှ ခုန်ဆင်းပြီး ကျွန်တော့်ပခုံးကို ကိုင်ကာ...
"ဟိုကြက် အလကား ကြက်ပြေးကြီးဆိုပဲဗျ"
ကျွန်တော့်မှာ သူ့စကားကို မစောင့်နိုင်တော့ဘဲ မျက်လုံးပြူးကာ...
"ဟာ..."
ကိုထင်လင်းသည် ကျွန်တော့်အမူအရာကို ရုတ်တရက် အံ့အားသင့်သွားလျက်...
"ဟင် ကိုတက်၊ ဘာဖြစ်တာလဲ"
ကျွန်တော်သည် မရှူနိုင် မကယ်နိုင် အသံနှင့် သူ့လက်ကို ကိုင်၍...
"ခင်ဗျား ဘယ်လို ကြားခဲ့လို့လဲဗျ။ သေသေချာချာ ပြောစမ်းပါဦး"
ယင်းသည့်အခိုက်ဝယ် ကျွန်တော်တို့နှစ်ယောက်၏ ထူးခြားလှသော အမူအရာကြောင့် ကျွန်တော့်ဘက်တော်သားတွေ စုအုံလာကြသည်။
"အဲဒီကြက်က အလကား ကြက်ပြေးကြီးဆိုပဲဗျ"
ကိုထင်လင်းက ပြောပြပါသည်။
"ခွပ်လမ်းလဲ နည်းနည်းမှ မကောင်းဘူးတဲ့။ ကြက်အင်္ဂါရုပ်သာ ကောင်းတာ။ အဲဒါကို ကိုစံခနဲ့ ဦးရန်အောင်ကလာပြီး (၂၀)နဲ့ ဝယ်သွားတာတဲ့"
"ဟင် ဦးရန်အောင်လဲ ပါသတဲ့လား"
ကျွန်တော်က ဖြတ်မေးလိုက်ပါသည်။
"ပါသတဲ့။ သူတို့နှစ်ယောက် တိုင်ပင်ပြီး ဝယ်သွားကြတာတဲ့။ နို့ပြီး ဒီကြက်အကြောင်းကို စုံစမ်းတဲ့လူရှိရင်လဲ အင်မတန် ကောင်းတဲ့ကြက် နှစ်ရာနဲ့ ရောင်းလိုက်တာလို့ ပြောဖို့မှာခဲ့သတဲ့။ ကျွန်တော့်လူယုံတစ်ယောက်က ပြောပြတာ။ ဦးရန်အောင်တို့ ဘယ်လိုအကြံနဲ့လဲတော့ မသိဘူး"
ကိုထင်လင်းက ဆိုပါသည်။
သို့သော်...
ကျွန်တော်သိပါပြီ။
ဦးရန်အောင်အကြံကို ကျွန်တော်သိပါပြီ။
လွန်ခဲ့သည့် ကြက်ပွဲတုန်းက သူ့ကို အစိတ်ပေးမည်ဟု ပြောခဲ့ပြီး တစ်ဆယ်ပဲ ပေးသောကြောင့် သူ ကျွန်တော့်ကို စိတ်ဆိုးရမည်။
ထို့ကြောင့် သူ ကျွန်တော့်ကို အသေသတ်လိုက်သည်။ ငွေကြေးသာမက ကျွန်တော့်ကြက်ကောင်းကိုပါ ဆုံးရှုံးအောင် သူ စီမံလိုက်သည်။
ရွှေဥာဏ်တော်ကြီးပါပေ့ အသက်ငါးဆယ်ကျော် ကြက်သမားကြီးရယ်။ အင်ဖူးက သူတို့၏ အလံရှူး ဖြစ်ရမည်။ ယခု အင်ဖူးရော ဦးရန်အောင်ပါ ကြက်ဝိုင်းသို့ မလာချေ။
သူတို့အကြံကား အောင်လေပြီ။
ကျွန်တော့်ကြက်ကောင်းကလေးမှာ သူတို့ဆီမှာ။ သူတို့ ကြက်ပြေးကြီးက ကျွန်တော့်လက်ထဲမှာ ဒိုင်ဆီတွင် ငွေချင်းလည်း ကြေးထပ်ပြီးနေပြီ။
ကျွန်တော် ဘာတတ်နိုင်တော့သနည်း။ ကျွန်တော်တို့ လူသိုက် ခေါင်းချင်းရိုက်ကြသည်။
တစ်ယောက်က ဆိုသည်။
"ဟေ့ ကြက်ဒိုင် ကိုထွန်းစိန်ဆီ တိုးတိုးကျိတ်သွားပြောကွာ။ တို့က အကောက်တွက်ခံပြီး ကြေးပြန်ခွာဖို့"
"အို အရူးဖြစ်မှာပေါ့ဗျ။ ဟိုဘက်က ခံမတဲ့လား"
တစ်ဦးက ပြန်ပြောသည်။
ဤတွင် ဝက်ဆုရာ ကိုကြွက်သိုးကြီးက စိတ်တိုတိုနှင့် ဒေါသကြီးသူပီပီ ကျွန်တော့်လက်ထဲ၌ ပိုက်ထားသော ကြက်ကို လှမ်းကိုင်ကာ...
"အို ဘာထူးတော့လဲကွာ။ ဒီကြက်ကိုသာ ကိုင်ပေါက်ပစ်လိုက်တော့"
ပြောပြောဆိုဆိုနှင့် ကြက်ကို ယူလေရာ...
ယင်းသည့်အခိုက်ဝယ်...
လူကြီးတွေအောက်မှ မော့ကာ နားထောင်နေသော ဟစ်တလုံးက ကျယ်လောင်အောင်မြင်သောအသံနှင့်...
"ဘကြီးကြွက် ကြယ်ပျံကို မလုပ်ပါနဲ့ဗျ"
"ဒါ မင်းကြယ်ပျံမဟုတ်ဘူးကွ။ နားလည်ရဲ့လား"
ကိုကြွက်သိုးက အံကြိတ်ကာ ပြောပါသည်။
ဟစ်တလုံးက အလျှော့မပေးဘဲ...
"ဟုတ်ပါတယ်ဗျ။ နားလည်ပါတယ်"
"တယ် ဒီကောင်လေး၊ ခက်တဲ့ကောင်လေးပဲ"
ကိုကြွက်သိုးက ကြိတ်မနိုင်ခဲမရ ဆိုသည်။
ဤတွင် ကျွန်တော်က ဟစ်တလုံးအား ကျွန်တော်နှင့် အင်ဖူး ကြက်ချင်းသွားလဲထားမိကြောင်း ဝမ်းနည်းစွာ ပြောလိုက်ရပါသည်။
သို့သော် ဟစ်တလုံးသည် သူ့သွားကျိုးဟောင်းလောင်းပေါ်အောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...
"ဒါကို ကျွန်တော်သိပါတယ် အဖေရ။ နို့ပြီး ကျနော်က ပြန်လဲထားလိုက်တယ်"
ကျွန်တော့်မှာ ရုတ်တရက် ဝမ်းသာရမလို ပြောင်းလဲမှု ဖြစ်ကာ...
"ဟေ ဟုတ်လား၊ မင်း ဘယ်လိုသိလို့ ဘယ်လိုပြန်လဲတာလဲ"
"ဟိုနေ့ကပေါ့၊ ကျနော်က ကြယ်ပျံ လာလာလို့ခေါ်တာ သူ မလာဘူး။ နားမလည်ဘူး။ ဒါနဲ့ အဖေနဲ့ ကိုအင်ဖူးပြောတဲ့စကား တွေးမိပြီး သူတို့ ဆင်မနိုင် မချီးတုံးဆိုတဲ့ ကြက်ကြီးနဲ့ သွားလဲထားတာ ဖြစ်ရမှာပဲဆိုပြီး ကျနော်က တစ်ခါ ပြန်လဲလိုက်တာဗျ"
"ဟေ ကိုစံခကြီး မသိဘူးလား"
"ဘယ်တိမတုံး။ သူနွားလိုက်သွားနေတုန်း ကျနော်က တိတ်တိတ်ကလေး လဲခဲ့တာ"
"ဟေ့ ဒါဖြင့် ဒါ ကြယ်ပျံအစစ်ပေါ့"
ကိုကြွက်သိုးကြီးက လက်ထဲက ကြက်ကို မကာ ဆိုလိုက်သည်။
ဟစ်တလုံးက...
"ဟုတ်ပါတယ်ဗျ။ ခညားကြီး မယုံရင် ဟိုဝေးဝေးသွားလွှတ်ချည်လေ။ ကျနော် ခေါ်ပြမယ်"
ကိုကြွက်သိုးကြီးသည် ကလေးပြောစကားအတိုင်းပင် ဝမ်းသာအားရနှင့် ဝက်ကြီးလို ကုန်းကုန်း ကုန်းကုန်းနှင့် ပြေးကာ တော်တော်ဝေးဝေး ရောက်မှ ကြက်ကို လွှတ်လိုက်သည်။
"ကြယ်ပျံ လာ လာ"
ဟစ်တလုံးက လက်ဖျစ်တီးကာ ခေါ်လိုက်သည်။ မဆိုင်းခဏပင် ကြယ်ပျံသည် လည်ဆံကလေး ဖားလျား တောင်ပံကလေး ကားရားနှင့် သူ့ချစ်ဆွေကလေးဆီသို့ ပြေး၍လာသည်။
ဟစ်တလုံးက ဆီးပွေ့လိုက်သည်။
ကျွန်တော်က ဟစ်တလုံးကို မြှောက်ချီလိုက်ကာ...
"ဒါမှ အဖေ့သားကွ"
ကြွေးကြော်လိုက်ပါသည်။
သို့သော် အားလုံးပရိသတ်က...
"ဟေ့ မင်းသားလို့ မပြောပါနဲ့ကွာ။ မင်းနဲ့တူရင် ငါတို့အားလုံး ဝက်ဝက်ကွဲအောင် ရှုံးမှာ"
မည်သို့ပင် ဖြစ်လင့်ကစား ငါးနှစ်သားအရွယ် ဟစ်တလုံး၏ ရိုးသားမှန်ကန်သော အချစ်သည် ငါးဆယ်ကျော် ဦးရန်အောင်၏ ဆန်းပြား ကောက်ကျစ်သော မုန်းတီးမှုကို အောင်နိုင်လိုက်လေသတည်း။
-------------
သော်တာဆွေ

No comments:

Post a Comment