(၁)
သည်ရက်ထဲ မိုးတွေ တစ်မပြီးတစ်မ ရွာလွန်းလို့
ထင်ပါရဲ့။ ရွာအနောက်၊ ရွာမြောက် စပါးခင်းတွေမှာ ရေတွေဖွေးလို့။
ပျိုးခင်းတွေမှာတော့ ကောက်ပင် စိမ်းစိမ်းလေးတွေ တစ်မိုက်သာသာ
တစ်တောင်လျော့လျော့ နုရေဖတ်ရေ စိမ်းလန်းလိုက်ပုံက
တစ်ပြင်တစ်ခွင်ကြီး။
တချို့စိုက်ကွက် လယ်ကွက်တွေမှာတော့
ပျိုးစည်းတွေ ချထားကြပြီ။ တချို့ လယ်တွေမှာတော့ ပျိုးစည်းတွေ
မရောက်သေးဘူး။ `သာကွန်း´ က ကွမ်းရည်တွေ ဖွမ်းခနဲ ထွေးလိုက်ပြီး
ခါးဆန့်တယ်။ တစ်မနက်လုံး လိုလို နုတ်လိုက်ရတဲ့ ပျိုး။
ပါးစပ်ထဲက လက်ကျန် ကွမ်းဖတ်ကို ကြိတ်ဝါးရင်း ခါးကလေး ဆန့်မိတုန်း
ဘေးဘီကို လှမ်းကြည့်လိုက်တယ်။ လယ်ပြင်ကြီးထဲမှာ ယောက်ျားမိန်းမ
မနည်းပေါင်။ လူတွေကို ပျိုးကြဲသလို ကြဲထားပုံမျိုး။ ဒီလူတွေထဲမှာ
`ခင်ရိပ်´ ပါမှန်းသိတော့ သာကွန်း မမောနိုင်ဘူး။
"ဟောဒီရွာ တစ်ရွာလုံး ဒီသူငယ်မ အလှဆုံး ဖြစ်ပေမယ် ...
လှပါတယ်ဆိုနေမှ ရှက်ပြုံးလေးနဲ့ ကြည့်လို့နေပြန်တယ် ...
ယုံပါကွယ် ... မြှောက်ကာပင့်ကာ မပြောတတ်တယ် ...
လျှိုမြောင်စိမ့်စမ်းနဲ့ အေးချမ်းတဲ့ ဟောဒီ ရွာမှာကွယ် ...
ယဉ်နေလိုက်တာ လှပုံများ ... ရေမြေလိုက်ကာ ချောနေတာလားကွယ် ..."
သာကွန်းက ရေဒိယို သီချင်း တစ်ပုဒ်ကို ခပ်ကျယ်ကျယ် ဟစ်တယ်။
တော်ရုံတန်ရုံ အော်ဆိုရုံနဲ့ ကြားနိုင်မှန်း သိသားပဲ။
ပိုသေချာအောင် ဟစ်ဆို လိုက်တာပါ။
ခင်ရိပ် ကြားဖို့
လိုတာလေ။ ခင်ရိပ်ကလည်း သာကွန်း သီချင်းက သူ့ကို
စောင်းမှန်းသိတယ်။ သိလို့လည်း မကြည့်မိအောင် နေတဲ့ကြားက မြရီက
ခါးလှမ်းတို့တယ်။ မြရီ မျက်နှာက ချဉ်ဖြုံးဖြုံးနဲ့။ လူမှ
မောရတဲ့ကြားထဲတော် ... ဆိုတဲ့ မျက်နှာနဲ့ မြရီကို မျက်စောင်း
ထိုးလိုက်တယ်။
"ဘာတုန်း ... ဘာတုန်း ... ညည်း မျှော့များ တွယ်ရော့လား"
အမှန်တော့ ခင်ရိပ်တို့ ရွာလယ်တွေမှာ မျှော့ မပေါပါဘူး။
ကျွဲမျှော့ ဆိုတာကြီးတွေတော့ ရှိတယ်။ ဟိုးအောက်လယ်တွေ ဘက်မှာတော့
မျှော့ပေါတယ် ကြားဖူးပါရဲ့။
မြရီ မျက်နှာ မချိုမချဉ်ကို မကြိုက်လို့ အငေါ့တူး လိုက်တာပါ။ မြရီက သာကွန်းဘက် လှမ်းကြည့်ပြီးမှ ပြန်ပြောတယ်။
"မျှော့ထက် ဆိုးသာပေါ့အေ ... သာကွန်းက တွယ်မိရင် ဆေးရွက်ကြီး
ရေဖျော် တို့လို့တောင် ကွာကျမယ့်ဟာ မဟုတ်ဘူး၊ တစ်မနက်လုံး
ပျိုးနုတ် ပျိုးစည်း ပျိုးတွေ ထမ်းပိုလျှို ထမ်းရသာ မမောသဲ့
အတိုင်းပဲ၊ သီချင်းတောင် ဟစ်လိုက်သေး"
"သာကွန်းကို ညည်း သနားနေရင်လည်း ယူလိုက်ပါလား ဟဲ့ ... ဘာလို့ ငါ့ လာပြောနေတုန်း"
"ငါ့ မကြိုက်လို့ပေါ့အေ ... နို့မို့လား သာကွန်း ရင်အုပ်ကြီးတောင် ထုလိုက်ချင်သေး"
"သွားထုချေပါလား၊ ဟိုမယ် တို့ဘက်ကို ကြည့်နေသာ ...သာကွန်းများတော့
မျက်နှာပိုး မသေသာကို မကြိုက်သာတော် ...ဘယ်လို ရေစက်မှန်း မသိဘူး"
မြရီကတော့ မချိုမချဉ်ပါပဲ။ ခင်ရိပ်က ပါးစပ်က တတွတ်တွတ်
ပြောဆိုနေတုန်း။ အသံတိတ်သွားလို့ မသိမသာ လှမ်းကြည့်တော့
ပျိုးစည်းကြီး ထမ်းပိုးလျှို ထမ်းသွားလို့ လယ်နှစ်ကွက်
ကျော်ကျော်တောင် ရောက်နေပါပြီ။ သာကွန်းက ခင်ရိပ်ကို သရိုးသရီ
လုပ်တယ် ဆိုတာကလည်း အဲသလောက်ပါ။ တစ်ရွာတည်းသူ တစ်ရွာတည်းသားချင်း
သည်ထက်လည်း ပိုမကွန့်ဝံ့ဘူး။
သာကွန်းနဲ့ ခင်ရိပ်က
ကုန်းရိုးမွေး၊ ကုန်းရိုးကြီးတွေ။ အသက်ချင်းကလည်း
မတိမ်းမယိမ်းရယ်။ ရွာကျောင်းမှာ တုန်းက ကျောင်းတက်ဖက်တွေ။
ကုန်းရိုးရွာမှာ ရွာဘေးက ကပ်စီးနေတဲ့ ဆည်တော်ချောင်းကြီး
ရှိတယ်။ သည်ချောင်းမကြီးနဲ့ ကုန်းရိုးရွာကြားမှာ ရေကန်ကြီး
တစ်ကန်လည်း ရှိတယ်။
လူသုံးတဲ့ ရေကန်တာ့ မဟုတ်ပါဘူး။
ချောင်းရေလျှံတဲ့ အခါမှာ ကုန်းကျင်း ကုန်းချိုင့်ထဲ ရေဝင်ရာက ကန်
ဖြစ်နေတာပါ။ နွားရေသောက်ကန်၊ ကျွဲရေစိမ်ကန်ပါ။
ကြာတွေကတော့ အပြည့်ရှိတယ်။ သာကွန်းက ကျောင်းကတည်းက ကြာပန်းတွေ
ဆင်းဆင်းခူးပြီး ခင်ရိပ်ကို ပေးနေကျ။ ကလေးတွေ ဆိုတော့
ခူးလာတဲ့ကြာပန်း ကြုံရာ မိန်းကလေး ပေးကြတာ သဘာဝပေမယ့် သာကွန်းက
တခြားလူ မပေဘူး။ ခင်ရိပ်ကိုပဲ ပေးတယ်။
ခင်ရိပ်ကလည်း
ကြာပန်းများတော့ ကြိုက်သကိုး။ ကန်ထဲ ကိုယ်တိုင်ဆင်း ခူးဝံ့တာ
မဟုတ်တော့ သာကွန်းပေးတာ ဝမ်းသာအားရ ယူတာပါပဲ။
"သာကွန်း ... ကန်ကြီးထဲမှာ ကြာတွေ ပွင့်နေပြီဟ ... နင်မခူးဘူးလား"
"ငါ့ဟာ ငါတော့ ဘာခူးစရာ လိုတုန်း ၊ နင်လိုချင်ရင် ခူးဖို့ ရှိသာပဲ"
"လိုချင်သယ်"
တစ်ခါတော့ သာကွန်း ကြာကန်ထဲမှာ ကြာခူးရင်း ရေနစ်ဖူးတယ်။ ကံသီလို့
မသေခဲ့တာပါ။ လယ်ထွန် ပြန်လာတဲ့ ရွာသား တစ်ယောက်က
ကယ်လိုက်လို့သာပေါ့။ ဒါပေမယ့် သာကွန်း မမှတ်ဘူး။ ခူးတာပါပဲ။
သည်လို ကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေ ပေမယ့် လေးတန်းနှစ်
ရောက်တော့ ခင်ရိပ်မိဘတွေက ကျောင်းနုတ် လိုက်ကြတယ်။ ဒါကလည်း
ရွာထုံးစံလို ဖြစ်နေတာ မဟုတ်လား။ သမီးမိန်းကလေး သေစာ ရှင်စာ တတ်ပြီ
ဆိုတာနဲ့ ကျောင်းက နုတ်ကြတာ များတယ်။ လေးတန်းအောင်လို့
ကျောင်းဆက် တက်ရအောင်ကလည်း ဆည်တော်ချောင်း တာရိုးပေါင်ကြီး
အတိုင်း အလယ်တန်းကျောင်း ရှိတဲ့ ရွာကိုရောက်အောင် တော်တော်
သွားရတာ ဆိုတော့ တော်ရုံ မိန်းကလေးက လေးတန်းမှာ အနားလုံး ကြတာပဲ။
လေးတန်းကထွက်၊ မအေ့ မီးဖိုးချောင်ဝင်၊ လယ်ထဲ ထမင်းပို့ပေါ့။
ကောက်စိုက် လိုက်နိုင်တဲ့ အရွယ် ရောက်တော့ ကောက်စိုက်။
လယ်သမား သားသမီး ဆိုတော့ ရေခပ် မောင်းထောင်း၊ စပါးရိတ်၊
နှမ်းရိတ်ကလည်း မလွတ်ဘူး။
သည်လိုနဲ့ လုပ်ရင်းကိုင်ရင်း
သွားရင်းလာရင်း ထန်းပင်များလို ကျေးမြီးလက်မျှော် ဆင်ခြေပေါ်
အရွယ်က ရည်ရ ပင်ထွက် ဖြစ်လာတာပါပဲ။ ရွာမိန်းကလေး တစ်ယောက် ရွာထဲ
ရပ်ထဲ သည်လိုပဲ လူမသိ သူမသိ ကြီးပြင်းကြရတာ သူသူကိုယ်ကိုယ်
ဘာမှဆန်းလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် သာကွန်း အဖို့ရာတော့ ဆန်းတယ်။
သာကွန်းမှာ ခင်ရိပ်ကို မမြင်ရတဲ့နေ့ မရှိဘူးလို့တောင်
ပြောမယ်ဆိုရင် ပြောနိုင်ပါရဲ့။
ပြောရရင် ခင်ရိပ်မိဘများက
သာကွန်းမိဘများထက် သောင်သာကြတယ်။ ခင်ရိပ်မိဘများ အလုပ်
မလုပ်နိုင်ရင် သာကွန်းကို အလုပ်ကူ ခေါ်ကြတာလည်း ရှိတယ်။ သူရင်းငှါး
ရယ်လို့တော့ မဟုတ်ပါဘူး။ အလုပ်ကူ ဆိုတာက နိုင်သလောက်
ဝင်ရုန်းပေးတာ လောက်ပါ။
ကောက်ရိုးစဉ်းရင်း
မြက်စဉ်းရင်း လာခဲ့ပါဦး ဆိုရင် ထ, သွားလိုက်တာပါပဲ။ တစ်ခါတစ်ခါ
ခင်ရိပ်က လာခေါ်တာ ဆိုတော့ သာကွန်းက သွားဖြီးကြီးနဲ့ "အေး ... အေး
လာခဲ့မယ် ခင်ရိပ်ရေ'' လို့ အာမဘန္တေ ခံလိုက်တာချည်းပဲ။
ရောက်လည်း ရောက်တယ်။ လုပ်လည်း ပေးတယ်။ တစ်ခါတလေ
ခင်ရိပ်တို့အိမ်မှာ ထမင်းစားတာတောင် ရှိသေးတော့ ခင်ရိပ်ကပဲ
ခူးခပ် ကျွေးရတာ များတယ်။
သာကွန်းက လူရိပ်ကလေး မမြင်ရင် စကားထည့်တော့တာပါ။
"သည် ဟင်းချက်မျိုး တစ်သက်လုံး စားရလို့ကတော့ အသက်ကလေးရယ်
ရှည်စေလို မန်းတောင်ရိပ် ခိုစရာတောင် လိုအံ့ ထင်ပေါင်ဗျာ ...
ရှည်လိုက်မဲ့အသက် ... ခံတွင်းများ မတင်းတိမ်နိုင်ဘူး"
"အဲ့ဒါဆို ဒွေးလေးစိန်တို့ အိမ်သာ လိုက်နေတော့ ဟင်းတွေက ဒွေးလေးစိန် လာချက်ပေးသွားသာ"
"နင် ချက်တာ မဟုတ်ဘူးပေါ့"
"ဟုတ်ပေါင်"
"ငါ ထင်တော့ ထင်သား၊ ဟင်းတွေက မနူးမနပ်နဲ့ တစ်ပွက်ဆူ ထင်ပါရဲ့လို့"
သည်လို ဆိုတော့လည်း ခင်ရိပ်က ရယ်နေတတ်တယ်။ ဒွေးလေးစိန် ဆိုတာက
ခင်ရိပ်တို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းဘူး။ ခင်ရိပ်တို့
အိမ်မှာပဲ လုပ်လုပ်စားစား လုပ်ကိုင်ပေးတတ်တယ်။ တစ်ခါတလေ
သာကွန်းကို လာခေါ်ရင် သာကွန်းက ခင်ရိပ်ရေ ... ကန်ထဲမှာ ကြာတွေ
ပွင့်နေလိုက်တာ မြင်မကောင်းဘူးလို့ စကားခေါ်တတ်တယ်။
နင်လိုချင်သလားပေါ့။
"လိုချင်ပေါင် ... ငါ ကလေး မဟုတ်တော့ဘူး"
"ကလေး မဟုတ်တော့လို့ ခူးပေးချင်တာပေါ့ဟ၊ ခက်ပါ့ဟာ"
သာကွန်းကတော့ သည်ထက်လည်း မပိုဝံ့ဘူး။ တောသူတောင်သား ဆိုတော့
တစ်ဖက်မိန်းကလေး ထိခိုက်မယ့်စကား ရှောင်တာလည်း ပါသလို
ခင်ရိပ်ကို လန့်တာလည်း ပါတယ်။ ကျောင်းတုန်းကတော့ ထိပ်ပုတ်၊
ခေါင်းပုတ်၊ ဖန်ခုန်၊ တွတ်ထိုး၊ ရှပ်ထိုး၊ ဇယ်ခုပ် ကလေး သဘာဝ
ကစားခဲ့ကြတာပါ။
ခင်ရိပ်က သီးသီး စားချင်လှဆို သီးသီး ၊
ခင်ရိပ်က ရီးလှဲ့တို့ စည်းရိုးက ခတ္တာပန်း လိုချင်တယ်ဆို
ခတ္တာပန်းကိုး။ သာကွန်းက ခင်ရိပ် အပေါ်မှာ ငယ်ငယ်ကတည်းက
ကောင်းရှာတာလည်း မှန်ပါရဲ့။ အနွံတာခံ အစီးပိုးခံခဲ့တာလည်း မှန်ပါရဲ့။
ဒါပေမယ့် ခင်ရိပ်က သည်ညောင်ကိုင်း ချိုးလို့
ရွှေအိုးရမယ် ဆိုဦးတော့ သာကွန်းကို မျက်နှာသာ မပေးခဲ့ဖူးဘူး။
ချည်လို့လည်း မမြဲ၊ ဆွဲလို့လည်း မပါ စဉ်းစားလို့ကို မရခဲ့တာ မဟုတ်လား။
(၂)
"မိုးဖြောက်ဖြောက် ကယ်နှင့်လေ၊ ရွာမြောက်က လယ်မှာ၊
ထမင်းရယ် ဆာ၊ ပေါ်လာပါပဲ လာပါပဲ။
လာပြန်သောခါ၊ ဟင်းဗလာ ၊ ကျီးအာရွက်ပြုတ်၊ ငါးပိ မီးမှာဖုတ်၊
ငရုတ်မပါ၊ မစပ်တာ၊ ဘာမှ မသိသလေ၊
လယ်သူကြီး မောင်တို့ရေ ..."
ကန်သင်းဘေး ထမင်းစားရတဲ့ အရသာက အိမ်မှာ စားရတာနှင့် မတူ။
မောကလည်းမော ဆာကလည်းဆာ ဆိုတော့ အင်မတန် ခံတွင်း မြိန်ရတာမျိုးပါ။
မိုးကလေး ဖြောက်ဖြောက်မှာ ထမင်းတောင်း ဟင်းတောင်းထဲက
ခူးစထမင်းက အငွေ့တွေ ထောင်းထောင်း ဆိုတော့ ဝမ်းကိုလှိုက်ပြီး
ဟာလာအောင် ဆာလာတတ်တယ်။
လယ်ရှင်က တည်ဟင်းတစ်ခွက်
အိုးကြီးနဲ့ ရွက်လာ ပို့ထားတာတော့ ရှိပါရဲ့။ အငန်ဖက်
အစပ်ဖက်ကလေးတော့ အိမ်က ထုပ်ခဲ့ကြတာ များပါတယ်။
သံကြွေရည်သုတ် ပန်းကန် ပါပေမယ့် သည်ပန်းကန်နဲ့ စားကြတာ
မဟုတ်ဘူး။ အဲ့ဒါက ခပ်ပန်းကန်ပါ။ ထမင်းတောင်းထဲကို သံကြွေရည်သုတ်
ပန်းကန်နဲ့ ဇောင်းထိုး နှစ်လိုက်ပြီး ပါလာသမျှ ထမင်း လက်ထိုး
ခံကြတဲ့ ဇောက်ဇလုံကြီးတွေထဲ ထည့်ပေးလိုက်တာပဲ။
တော်ရုံမြို့သား ဘယ်ကုန်မှာတုန်း။ တောသူတောင်သားများတော့ ထမင်းစား
မကောင်းဘူး ဆိုတာတောင် တစ်စလယ်ချက်တော့ နံမကပ်ဘူး။
"ခင်ရိပ် ... ညည်းတို့အိမ်က ငါးဇင်ရိုင်းချက်ကလေး
ကောင်းလိုက်သာအေ ... မွှေးချက်တော့ ... ငါတို့ဟင်းလည်း စားပါအေ ...
ရော့, ပဲငါးပိချက်"
ကန်သင်းဘေးမှာ ထမင်းစားနေကြတဲ့
ကောက်စိုက်သမတွေ ကချည်း နှစ်ဆယ် အစိတ်လောက် ရှိမယ်။ လေး,
ငါးယောက် တစ်အုပ် ခေါင်းမဖော်တမ်း စားနေကြတာများ ငှက် ထမင်းလုံး
ကောက်စရာ မကျန်ဘူး။ ဟင်းတွေကတော့ စုံပါ့။ တောထမင်း တောဟင်းမှ
တောသူဘတောင်သားတွေ တင်းတိမ်ကြတာ မဟုတ်လား။
"သုတ်သုတ်
စားကြဟဲ့ ... ငါဖြင့် ဟောဒီ တိမ်ခဲကြီး ရွာလိမ့်မယ် ထင်သာပဲ ...
သည်နှစ် မိုးကောင်းချက်အေ ... ငါ့တစ်သက် ကြုံဖူးဘူး"
မသေးသွယ်က ကောင်းကင်ကို မော့ကြည့်ရင်း လောဆော်လိုက်တော့
အားလုံးက လိုက်ကြည့်ကြတယ်။ ဟုတ်ပါရဲ့။ တိမ်ပုပ်တွေ မည်းလို့။
သည်နှစ် မိုးကောင်းတော့ ရွာက ဝမ်းသာကြတယ်။ အညာရွာ
ဆည်တော်ချောင်း ရေသောက်လယ် ဆိုပေသိ မိုးတော့ မျှော်ကြရတာပဲ။
လယ်ရေရော မိုးရေရော ရလိုက်တော့ သကာပေါ် သကြားဖြူးပေါ့လေ။
"ညည်းတို့ အပျိုတွေ သည်နှစ် လယ်ရေကောင်းရင် လင်ယူကြ ... တစ်နှစ်ဆို တစ်နှစ်အေ့ ... နောက်မကျစေကြနဲ့"
ကလေးမအေ မအေးလှက အပျိုတွေ ထမင်းစားတဲ့ဘက် လှည့်အော်တော့
အပျိုတွေ ပွဲကျ သွားကြတယ်။ မြရီက ပြုံးတယ်။ ခင်ရိပ်က ထမင်းစားရင်း
တန်းလန်းဆိုတော့ စကားထဲ စိတ်မရောက်နိုင်သေးဘူး။
"မအေးလှရယ် ... လင်ယူ လင်ယူ နဲ့ လွယ်မှတ်လို့ ... နော့အေ ခင်ရိပ်"
"ငါ ဘယ်သိပါ့မလဲ ... ငါမှ လင် မယူဖူးသာ"
"သဘော ပြောသာပါအေ ... ညည်းနှယ် လင်ယူသယ် ဆိုသာ သမုန်းဥ
ကြေးဥများလို တူးလို့ရသာမှ မဟုတ်သာ ... ကိုယ့်ကြိုက်သူ ရှိလို့ကတော့
အကြောင်းလား"
မြရီက သာကွန်းနဲ့ စချင်လို့ စကားဖန် နေတာပါ။
ဒါကို တခြား လယ်သူမတွေကလည်း သိကြတယ်။ သာကွန်းနဲ့ စရင် ခင်ရိပ်
မကြိုက်မှန်း သိတော့ စကားအဝင် စောင့်နေကြတာ။ တစ်ကွင်းလုံး
ထမင်းစားနေကြပေမယ့် သာကွန်းက မစားနိုင်သေးဘူး။ ပျိုးစည်းတွေနဲ့
အလုပ်ရှုပ်နေတုန်း။ တစ်ခါတစ်ခါ ဆိုလိုက်တဲ့ သီချင်းသံတောင်
ထမင်းဝိုင်းဆီ ရောက်လာတတ်သေးကိုး။
"သာကွန်း ရတဲ့ မိန်းမတော့
စိတ်ချမ်းသာမှာပဲ ... ကြည့်ပါလား ခုထိ မနားသေးဘူး ... အလုပ်များတော့
လက်ကြော တင်းပါ့တော် ... ခက်သာက မိန်းမတွေက သာကွန်းလိုလူတော့
မကြိုက်ကြဘူးအေရဲ့ ... တစ်မြို့သားမှ အဟုတ်ထင်ကြသာ"
သည်စကားက
ခင်ရိပ်နား ရောက်သွားတယ်။ တစ်မြို့သားဆိုတာ ရွာကြီးမှာနေတဲ့
ကျန်းမာရေးမှူး ဆရာလေးကို ပြောတာ မဟုတ်လား။ ခင်ရိပ်တို့ ရွာမှာတော့
ကျန်းမာရေးမှူးလည်း ဆရာဝန်ဆိုတော့ ရွာမိန်းကလေးတွေက
အထင်ကြီးကြတယ်။ ဆရာလေးနဲ့ ခင်ရတာ၊ အရေးတယူ ရှိရတာကလည်း
တစ်ဂုဏ်ကိုး။ ခင်ရိပ်တို့ အိမ်ကိုလည်း ရောက်လာတတ်သားပဲ။
ကျန်းမာရေးမှူးကလေးက ကိုမြဖေတဲ့။ ရွာကတော့ ဆရာလေး ခေါ်ကြတာပါပဲ။ လူက
ရှိုးကျကျ နေတတ်တာရော၊ စကား အပြောအဆို ညင်သာတာရော၊ ဘယ်သူ့အိမ်မှာပဲ
ဖြစ်ဖြစ် ဝင်ဟယ် ထွက်ဟယ် စားဟယ် သောက်ဟယ် ရှိတာရောညဆိုတော့
ရွာက ခင်ကြတယ်။ တခြားရွာက အပျိုတွေလိုပါပဲ။ ခင်ရိပ်လည်း ဆရာလေးကို
ခင်ချင် မင်ချင် အရောဝင်ချင်တာပေါ့။ မနေ့ကတောင် မြို့က
ပြန်လာလို့တဲ့ ကော်နှင်းဆီ ရင်ထိုးကလေးတွေ ရွာထဲ ဝေသေးတာ
မဟုတ်လား။ ခင်ရိပ်တောင် တစ်ခု ရလိုက်သေးတယ်။
"အဖိုးတော့
မတန်ပါဘူး မခင်ရိပ်ရယ် ... မြို့ရောက်တုန်း ရွာက နှမများအတွက်
ဝယ်လာတာ ... ဟိုဘက် ရွာတွေလည်း ပေးခဲ့သေးတယ် ... ဆရာမ မသီတာကိုလည်း
ပေးရဦးမယ်"
မသီတာ ဆိုတာ ခင်ရိပ်တို့ ရွာကျောင်းက
ကျောင်းဆရာမလေးပါ။ ဆရာလေးက ဆရာမ မသီတာဆီကိုလည်း မကြာခဏ ဝင်လည်တတ်တာ
ခင်ရိပ် သိတယ်။ ဆရာမ မသီတာကိုလည်း ခင်ရိပ်တို့ တစ်ရွာလုံးက
ချစ်ခင်ကြတာပါပဲ။ ဆရာလေးက ဒီနားက ရွာတွေ အကုန် ဆေးလည်ကုတာ ဆိုတော့
ခင်ရိပ်ထက် ချောတဲ့ မိန်းကလေးတွေ ဝိုင်းနေမှာပါလေ လို့လည်း
တွေးမိတယ်။
"ခင်ရိပ် ဘာချက်သတုန်းဟ ငါ့ဖို့များ ချန်ပါဦး"
ထိုင်နေတဲ့ မိန်းမတွေပေါ် မိုးကြည့်နေတဲ့ သာကွန်းက ခင်ရိပ်ကို
မေးလိုက်တာပါ။ ခင်ရိပ်တောင် အတွေးဝင်နေရာက သာကွန်း
အသံကြီးကြောင့် လန့်သွားမိသေးတာ။
ခင်ရိပ်တို့အားလုံး
ထမင်းစား ပြီးကြပါပြီ။ မြေစိုစို ဗွက်စိုစိုမှာ ထိုင်ကြရင်း
တစ်ယောက်ခေါင်း တစ်ယောက် သန်းရှာသူက ရှာကြလို့။ ရေနွေးကြမ်း
ပူလောင်လောင်ကို ရေဆာပြေအောင် တဖူးဖူး မှုတ်သောက်သူက
သောက်ကြလို့။
"ခင်ရိပ် ... ရော်ဗျာ ... ခေါ်နေသာကို"
"ဘာတုန်း ... ဘာတုန်း ... ပြောစရာရှိသာ ပြောလေ ...
ဘယ့်နှယ့်ကြောင့်များ တွန်းခေါ် နေရသာပါလိမ့် ... ကိုင်း, ပြော
ဘာတုန်း"
"ဘာချက်တုန်း မေးသာပါဟ ... ငါဖြင့် ထမင်းမစားရ သေးပေါင်ဟာ"
"လယ်ရှင် မျက်နှာလုပ် နေသာကိုး ဘယ်စားရပါ့မလဲ ... လယ်ရှင့်သမီး
ခင်တုတ် မျက်နှာနဲ့ ပိုးကြေးပန်းကြေး လုပ်သာ မစားရ ငတ်ပေါ့ "
"ဟာ ... ခင်ရိပ် မကြားသာ ကြားသာဟာ ပေါက်ကရ"
ခင်ရိပ်နဲ့ သာကွန်းက အဲသလိုတွေ့တိုင်း တကျက်ကျက် အော်နေကျ။
သာကွန်းကလည်း မထိတထိ စ,တယ်။ ခင်ရိပ်ကလည်း မခံဘူး။ ရွာကတော့
ခင်ရိပ်ကို သာကွန်း ကြိုက်နေမှန်း သိကြပါတယ်။ သဘောလည်း တူကြတယ်။
ကိုယ့် တောသူ တောင်သားချင်း ဆိုတော့ သာတယ် နာတယ်၊ စီးတယ်
ပိုးတယ် မရှိကြပါဘူး။ မိဘချင်း သဘောတူလို့ လူငယ်ချင်း မေတ္တာမျှ
ကြလို့ကတော့ ပေးစားကြတာ များတယ်။ ယူကြတာ များတယ်။ အခုက ခင်ရိပ်
ကိုယ်တိုင်က သာကွန်းကို မေတ္တာမရှိတာ ဆိုတော့ မလှော်ဝံ့ကြဘူး။
သာကွန်းက မိန်းမအုပ်ဘေးမှာ ငုတ်တုတ် ဝင်ထိုင်တယ်။
လက်ဖက်ရည်အကြမ်း တစ်ခွက်ကို ယူသောက်တယ်။ လက်မှာက ရွှံ့တွေနဲ့။
မအေးလှက ထမင်းတောင်းထဲက ထမင်းခူးပြီး သာကွန်းကို ပေးတယ်။
ဟင်းတွေကတော့ ပုံထည့် ပေးလိုက်တာပါ။ တကယ်က သာကွန်းအတွက်
လယ်ရှင်က ထမင်းပို့ပါတယ်။ သာကွန်းက မစားသေးပဲ ခင်ရိပ်ကို လာစ,ရင်း
ကြုံရာ ဝင်စားလိုက်တဲ့ သဘောပါ။ မအေးလှက မေးတယ်။
"လယ်ရှင်က ဘာချက်သတုန်း"
"က,ကတစ် ငါးပိကောင် ထင်ပါရဲ့ ... ကန်သင်းဘေးမှာ သည်အတိုင်းပဲ ... တစ်ယောက်တည်း စားရသာ ထမင်းမမြိန်ပေါင်ဗျာ"
"မမြိန်ရင် တို့နဲ့ လာစားပေါ့ဟဲ့ ... ခင်ရိပ်လည်း ရှိသားပဲ"
ခင်ရိပ်က သည်စကားကြားတော့ ဇတ်ဇတ်ပါအောင် ဝင်ငေါက်တယ်။
"အမယ်လေး လေး ... ခင်ရိပ်နဲ့ မဆိုင်လိုက်သာမှ ... မဆီလေး
ရယ်တဲ့မှ အိုမဆိုင် ... နွေခေါင်ခေါင်ကြီး ဘူးပင်မှာ
ခရမ်းဝင်လို့သီး"
"ခင်ရိပ်ရယ် ... ထူပါရုံ ထီးတော်ဖျား
နှံပြည်စုတ် ဝင်လို့နား ဆိုသာလို ငါ့နှမများနဲ့ စားရတော့ ထမင်း
ပိုဝင်သယ် ပြောသာပါဟာ ... ဒါထက် ခင်ရိပ် နင်တို့အိမ်က
ဇော်နီကွမ်းသွေးကြီး နေကောင်း သွားပလား "
ဇော်နီးကွမ်းသွေး ဆိုတာ ခင်ရိပ်တို့အိမ်က နွားကြီးကို ပြောတာပါ။
အရောင်နဲ့ ပြောလိုက်ရင် သိကြတာကိုး။ ခင်ရိပ်က မဖြေဘူး။ သာကွန်းက
အမြဲတမ်း ပါလေရာ ဆိုတာ သူအသိ။ ငယ်ငယ်က လူကောင်ကြီး ထွားလွန်းလို့
ကျောင်းမှာ ဆရာက အတန်းအပ်ရင် အင်မတန် ပါဝါပြတာ ခင်ရိပ်
မှတ်မိတယ်။
ဆရာက မြို့သွားစရာ ရှိရင် သာကွန်း အတန်း
ထိန်းထားစမ်း အပ်ထားခဲ့ရင် သာကွန်းက ချက်ချင်း ကျောင်းဆရာဂိုက်
ဖမ်းတော့တာ မဟုတ်လား။ ပေတံတစ်ချောင်း ကိုင်ပြီး တစ်တန်းလုံး
လိုက်ကြည့်တော့တာပဲ။ စကားပြော ပြောလို့၊ ကစားတော့ ကစားလို့။
အခုလည်း ဒါမျိုးပဲ။ နွား နေကောင်းသလား မေးတာ အကောင်း မဟုတ်ဘူး။
မကောင်းဘူး ပြောရင် သူ အိမ်ရောက်လာမယ်။ အဖေ့ကို ပြောပြီး
သူကုပေးမယ် ဆိုမယ်။ နေ့တိုင်း နွားဆေးတွေနဲ့ ရောက်လာမယ်။
ဒါမျိုးတွေ ရိုးနေပေါ့။
"ဆရာလေး သွားပင့်ထားသယ် ... ဆရာလေးလောက် ဘယ်သူက စွမ်းမှာတဲ့တုန်း"
သာကွန်းက ထမင်းလုတ်ကြီး ပါးစပ်ထဲ သွင်းခါနီး ခင်ရိပ်ကို ကြည့်တယ်။
"ဆရာလေးက လူကုသာပါဟာ ... နွား အကြောင်းတော့ မသိလောက်ပါဘူး ...
ဆရာလေး ကိုယ်တိုင်ကလည်း ပြောဖူးသား ဟာကို ... နင်တို့တွေ အဲ့ဒါ
ခက်သာ ... ကိုယ့်ရိုးရာ ဆေးကျတော့ အထင်သေး သလိုလို ... ဆေးပဲ
မစွမ်းသလိုလို ..."
"အို ... ဆရာလေးက လူတောင် ကုနိုင်သေးသာ ...ားလောက်တော့ စပျော့ပေါ့"
"အေး တော်ကြာ စပျော့က စမျော့ဖြစ်မှာ စိုးသာဗျာ ... ကျွဲနဲ့ နွားနဲ့
လုပ်ကိုင်စားနေ ကြမှတော့ ကျွဲအကြောင်း နွားအကြောင်း အကဲခတ်
တတ်ရမှာပေါ့ ... တို့ရွာက လူတွေ အသိ အရင်လိုသာဗျား"
လယ်သူမတွေကတော့ သာကွန်းနဲ့ ခင်ရိပ် တစ်ယောက်တစ်ခွန်း စကားများ နေကြတာကိုပဲ သဘောကျ နေကြတာပါ။
မိုးတွေ ညို့လာပြန်ပြီ။ လယ်ဆင်းချိန် ပြန်ရောက်တော့ သုတ်ခနဲ
ထ,ရပ်ကြရ ပြန်တယ်။ ခင်ရိပ်တို့တွေ ထ,သွားပေမယ့် သာကွန်း
မထသေးဘူး။ ခင်ရိပ် နောက်ကျောကို ကြည့်ရင် ပြုံးကျန်ရစ်တယ်။
မအေးလှက သူတို့ နှစ်ယောက်ကို သီချင်းစောင်း ဆိုလိုက်တယ်။
ကွင်းလုံးကြား ဆိုလိုက်တာပါ။
"အမေရယ် ... ဟိုလူကြီးက နမ်းတယ် နမ်းတယ်
နမ်းတာများ နာလို့လားဟယ် ဗိုင်းတာမရယ်။
နမ်းတာတော့ မနာဘူးပေါ့ ...
နှုတ်ခမ်းမွေးက စူးသတော့်
မုတ်ဆိတ်မွေးက ယားသတော့် ...
အာလာလာ ... အို အမေ့ ... ပလို့ ဂျိ"
ခင်ရိပ်က သူ့စောင်းဆိုမှန်း သိတော့ မအေးလှ ကျောကို အုန်းခနဲ
ထုတယ်။ လယ်သူမတွေ ရယ်သံကြောင့် ရွာတော့မယ့် မိုးတောင်
တန့်သွားလေရဲ့ ...။
(၃)
ခင်ရိပ်ထင်တဲ့ အတိုင်းပဲ။ ညနေဘက် လယ်ပြန်ချိန်လောက် သာကွန်း ရောက်လာပါကောလား။
ခင်ရိပ်အဖေကတော့ သာကွန်း ရောက်လာတာကို ဘုရင်ခံ ရောက်လာတဲ့
အတိုင်းပဲ။ သာကွန်းက အသုံးတည့်တယ် လို့လည်း ပြောနေကျကိုး။ သာကွန်းက
ဖင်ပေါ့တော့ နှီးကလေး တုပ်ခဲ့ပါဦး။ နွားချေးကလေး သိမ်းခဲ့ပါဦး။
နွားစာကလေး ကျွေးခဲ့ပါဦး။ သည်နားက ပစ္စည်း ဟိုနား ရွှေ့ခဲ့ပါဦးက အစ
အားကိုးရတာကိုး။ သွက်လိုက်တာလည်း မပြောနဲ့ ဖျိုးဖျိုးဖျတ်ဖျတ်
သိပ်ရှိတာ။ မောင်ရို့လေး ဆိုတာနဲ့ `ဝိတ်´ ဆိုတဲ့ လူမျိုး။
"ဘကြီးတင့် နွား ဘယ်လို ဖြစ်သာတုန်း ... ခင်ရိပ် မေးတော့လည်း
စကားအကောင်း မပြောဘူး ... ဆရာလေးနဲ့ ကုမလိုလို ပြောနေလို့ ...
ကျုပ်တို့ရိုးရာ နွားဆေးတွေ ကောင်းချက်ဗျာ"
"ခင်ရိပ်ကို
ဗွေမယူပါနဲ့ သာကွန်းရာ ... မင်းနှမက ကလေးစိတ် မကုန်သေးဘူးရယ် ...
ဆရာလေး ပြမှ ရမယ် ဘာရယ် ဟုတ်ပေါင်ကွာ ... မင်းကြည့်စမ်း
ဘာဖြစ်သာတုန်းလို့"
သာကွန်းက ဇော်နီကွမ်းသွေးကြီး
ချည်ထားတဲ့ နွားချည်တိုင်ဆီ သွားပြီး ငုတ်တုတ် ထိုင်ကြည့်တယ်။
တောသူတောင်သားများ ထုံးစံ နွားတစ်ကောင်ကို ရေဆုံး ရေဖျား
ကြည့်တော့တာပါ။ အမွေးအရောင် ကြည့်တယ်။ ဗွေအင်္ဂါ ကြည့်တယ်။
ချိုလက္ခဏာကို ကြည့်တယ်။ မျက်စိ၊ အသားအရေ၊ အမြီး၊ ခွာ၊ သွားကအစ အကျင့်
လက္ခဏာတွေ ကုန်အောင် ကြည့်ကြတာ သဘာဝပါ။
နွားကြီးက
နွားမျိုးကောင်း။ လည်မှာ ဗွေထိုးနေတဲ့နွား မကောင်း ရှိပါ့မလား။
ကြာလည်း ရှေ့ရောက်တယ်။ ကျောဗွေနုကလည်း ကောင်းလှသလို
နွားရွက်တို ခွာရှည်ထဲက နွားမျိုး။ လည်ပင်းကလေး ရှည်ချင်တာတော့
သာကွန်း မကြိုက်ဘူး။ မွေးကြမ်းမြီးရှည်၊ ခေါင်းတိုနံကျပ်၊
မျက်ကွင်းလည်ကြား၊ သွားကြားရေယိုဆိုတဲ့ ကြန်အင်ဆိုးတွေ ကင်းတာတော့
ရိုးရိုးရိပ်ရိပ်တောင် မပါဘူး။
"ဘကြီးတင် နွားက
ချိုနှစ်ဖက်ကြား ထိပ်ကွင်းကြီး ကျယ်လိုက်သာ ... ခြစ်ခုံလည်း
ကျယ်သားပဲ ... ရင်ဆုံကလေး ယောင်ယောင် ကျဉ်းလို့သာ ... နို့မို့
လက်ခမောင်းသာ ခတ်တော့"
ခြစ်ခုံကျယ်တယ် ဆိုတာ တင်ပါးဆုံ
ကျယ်တာကို ပြောတာပါ။ သာကွန်းက နွား ဆိုလို့ကတော့ ဝါသနာ ပါပြီးသား။
နွားကလေး မွေးပါပြီ။ `ဖွားကျ´ ဘဝကတည်းက လိုက်ကြည့်တတ်တယ်။ ဖွားကျ
အရွယ်ကမှ အင်ပဲ့၊ နွားဖျန်း၊ နွားပေါက်၊ နွားမတန်း၊ နဖားထိုး၊
သင်းခြင်း၊ နွားသိုး၊ နွားပိုက်အထိ သာကွန်းမှန်းရင် လွဲခဲတယ်။
"သင်းပြီးသား နွား အခါလည် ပြည့်ရင် ညှပ်ခေါ်ကြသာ ... တချို့က နွား
နို့ခွဲခါစ နွားပေါက်ကို နှစ်နှစ်မပြည့်ခင် ပိုက်ကျတော့ လှီသာပေါ့
... သည့်ထက်လွန်မှ ပိုက်ပြန်တော့`ရှူး´ သွားတတ်သယ် ...
ဖင်ရှူး၊ ခေါင်းရှူး ဗိုက်အိုးကြီး ကားကရော ... ဘကြီးတင်
ဇော်နီကွမ်းသွေးလို ကောင်များ လှည်းတပ်ရ လိုက်လို့ကတော့
သေအောင် ပြေးပေါ့ဗျာ"
ဒါမျိုးများဆို ခင်ရိပ်အဖေက သဘောကျလို့ မဆုံးတော့ဘူး။
"သာကွန်း ကြည့်စမ်းပါဦးကွ ... ဝယ်တာ မကြာသေးပေါင်ကွာ ... မတ္တရာ ဘက်က ငဆောင် နွားလာပြလို့ ယူထားလိုက်သာ"
"နွားလာပြတိုင်း မယူနဲ့ ဘကြီးတင်ရ ... နွားပွဲစားများ နွားဆိုး
နွားကောင်း လုပ်ပြောကြသာ ... နွားကောင်းများဟာ ခေါင်းမော့
လည်မော့ ရှိရသယ် ... လဘို့ မြောက်ရသယ်၊ မြီးရင်း မောက်ရသယ်၊
လှည်တင်မဲ့ နွားများ သွားရင်းနဲ့ ထိုင်ချသာတောင် ရှိသေးသာ ...
နွားဘီလူး ခေါ်တယ် ... ဟောသည်မယ် ကြည့်"
သာကွန်းက နွားမြီးကို သွား မ,တယ်။ အမြီးကို ထုံးပြတယ်။
"အမြီးမှာ မြီးသွယ်တဲ့ ... သံကွင်းစွပ်တဲ့ ... ကြက်ဆူးတဲ့ ...
သိုးမြီးထိုးတဲ့ ... တံမြက်လှည်းတဲ့ ... သရက်ကင်းတဲ့ ... ဟောသလို
မြီးလုံး သေးသေးသွယ်သွယ် ဆင်းသွားရင် ကောင်းပြီ မှတ်တော့ ...
သည်ကောင် တစ်ချက် ညံ့သာက နွားမြီးကို ပေါင်နှစ်လုံးကြား တစ်ခါတစ်ခါ
ထိုးချင်သယ်၊ သိုးမြီးထိုးသယ် ခေါ်သာပေါ့ ... သည်တစ်ချက်
မကြိုက်သာ"
ခင်ရိပ်ကတော့ သူ့အဖေနဲ့ သာကွန်း ဒီလိုများ နွားစကား
ပြောနေရရင် နေကုန်တတ်မှန်းလည်း သိပါရဲ့။ သာကွန်းက နွားအကြောင်း
နားလည်သူ ဆိုတော့ သာကွန်းရှိရင် နွားအဝယ် မမှားနိုင်ဘူးလို့လည်း
တွက်နေပုံရတယ်။ နွားဆိုတာက အဝယ်မှားရင် နွားတစ်သက် အိမ်မှာ
အဖတ်တင် နေတတ်တာ မဟုတ်လား။
"အခု ဘကြီးတင်နွားက မှင်နေသာပါ၊
အခိုးငုတ်နေတာ ထင်ပါရဲ့ ... နေပူထဲ အခိုင်းနာမိ သွားရော့လားဗျာ ...
လွယ်ပါ့ ... ဒါမျိုးတော့ ကျုပ်တို့ ရိုးရာဆေး ကောင်းလွန်းလို့မှ
လူတွေ ရိုးရာဆေး အထင်သေး တတ်လွန်းလို့"
သည်စကားက
ခင်ရိပ်ကို စောင်းပြောနေတာ ခင်ရိပ် သိသားပဲ။ သာကွန်းကို
မျက်စောင်းတစ်ချက် လှမ်းထိုး လိုက်တယ်။ ဒါမျိုးကို မကြိုက်တာ။
သာကွန်းက ခင်ရိပ်ကို လှမ်းခေါ်လိုက်တယ်။ ငရုတ်ကောင်း တစ်ဆုပ်၊
ချင်း တစ်တက်၊ ဆား တစ်ဆုပ်နဲ့ ကျွန်းသားမီးသွေး ရောအထောင်း
ခိုင်းတယ်။
သာကွန်း မျက်နှာက တကယ့် ဆေးဆရာကြီးပုံ။ မျက်နှာကြီး ချီလိုက်လို့။ အမြင်ကပ် လိုက်ပုံများတော့။
ခင်ရိပ် ထောင်းပြီးသား သတ္တုရည်ကို ပုဆိုးစုတ်နဲ့ အရည်စစ်ပြီး
ခွက်နဲ့ ခံတယ်။ လက်ခလယ်နဲ့ တို့ တို့ပြီး နွားကို
မျက်စဉ်းခပ်တော့တာပဲ။ နွားက စပ်လွန်းလို့ `ဘူး´ခနဲ အော်လိုက်တော့
ခင်ရိပ် အဖေက နွားကျောကို သပ်ပေးတယ်။
"ခင်ရိပ်
သည်နားတော့ ရှိမယ် မထင်ဘူး ... လယ်စပ်မှာ ပေါက်တဲ့
ကျွဲနပေါင်းရွက်နဲ့ နမြေရင်း (နွားမြေရင်း) ရွက် ရသလောက်
ခူးချေစမ်း ... ညက်အောင်ထောင်း တိုက်လိုက်ရင် ငါ့ကောင်
ရန်ထောင် ထ,တွေ့လိုက်ဦးမယ်"
ခင်ရိပ်က အောင့်သက်သက်
ဖြစ်သွားတယ်။ ရန်တောင် ထ,တွေ့နိုင်တယ်ဆိုတာ သူ့ကို စောင်းပြောတာ
မဟုတ်လား။ မိုးကလေး ချုပ်စဆိုတော့ အိမ်က မောင်အလတ်ကောင်ကို
ပြေးခူးခိုင်းရတယ်။ ဆေးရွက် ရလာတော့ ခင်ရိပ်ကပဲ ထောင်းရသာပါ။
သာကွန်းက နွားပါးစပ်ထဲ ဆေးဝင်အောင် တိုက်ပြီး ခဏ
စောင့်ကြည့်တယ်။ နွားက ဆေးနဲ့ တွေ့သွားလို့ ထင်ပါရဲ့။
မျက်စိအောက်တင် လန်းလာတယ်။
ဘကြီးတင်က မုန့်လက်ကောက်တွေ
ချခိုင်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံတယ်။ လက်တွေ ဆေးတော့
ခင်ရိပ်ကပဲ ရေလောင်း ပေးရတာ ဆိုတော့ သာကွန်းက လက်
နမ်းကြည့်လိုက်၊ ရေလောင်းခိုင်းလိုက် လုပ်နေတာ အကြာကြီး။
ကြာတော့ ခင်ရိပ်က အမြင်ကပ် လာတာနဲ့ ရေတစ်ဖလား ခပ်ပြီး သာကွန်းကို
ခေါင်းကနေ လောင်းချ လိုက်ကရော။
"ခင်ရိပ်ရယ် ... ငါ ဆရာ ဟ ... မရိုမသေနဲ့ဟာ"
"ဘာဆရာလဲ၊ မသိရင်ခက်မယ် ဟွန်း"
ဘကြီးတင်က သမီးအကြောင်း သိတော့ ရယ်နေတာပါပဲ။
တစ်ရွာတည်းသားတွေလည်း ဖြစ်ပြန်၊ သာကွန်းကိုလည်း
ချစ်ခင်ကြလေတော့ ဘယ့်နှယ့်မှလည်း မထင်ပါဘူး။ မောင်နှမလို့ ဒီလို
စ,နေကြတာ မဟုတ်လား။
သာကွန်းက မုန့်လက်ကောက်ကြော်တွေ
ပလုတ်ပလောင်း စားနေတော့ ခင်ရိပ်က "ဘယ်အချိန်ကများ သရောကြီး
ခိုင်းနေသယ် မသိဘူး" လို့ လှမ်းဆိုလိုက်သေးတာ။ သာကွန်းကတော့
တဟားဟားရယ်ရင်း တစ်ခုပြီး တစ်ခု စားနေတော့တာပါ။
အဲ့ဒီညက သာကွန်းနဲ့ ဘကြီးတင် နွားအကြောင်းတွေ ပြောလိုက်ကြတာ ညကြီးကို ရင့်ကရောပဲ။
(၄)
"ကျန်းမာရေးမှူး ဆရာလေး ကိုမြဖေနဲ့ ဆရာမ မသီတာတို့ ယူကြတော့မတဲ့တော်"
ဆောင်းပေါက်ပြီ လယ်စပါးတွေလည်း မှည့်ကြပြီ။ တစ်ရွာလုံး လယ်တွေ
ရိတ်ကြဖို့ ပြင်ကြရပြီ။ သူ့လယ် ကိုယ့်လယ် မောင်းမညိုခင်
ရိတ်ကြရမှာ ဆိုတော့ ရင့်နှင့်တဲ့လယ် လယ်စား လိုက်ကြရတယ်။ သည်ကနေ့
ဖွားလေးသီတို့ လယ်တွေ ရိတ်ကြရမှာလေ။
"ဆရာမ မသီတာနဲ့
ယူမှာပေါ့အေ့ ... သူတို့ချင်း ဖြစ်နေသာပဲ ကြာလှပေါ့ ...
ကောင်းပါသယ်အေ စာတတ် စာတတ်ချင်း ယူကြတော့မပေါ့ "
ခင်ရိပ်
ဝမ်းနည်း သလိုလိုတော့ ဖြစ်မိသား။ ဒါပေမယ့် သည်လိုပဲ
ဖြစ်ရမှာပေါ့လေ။ ရွာအပျိုတွေကလည်း ဆရာလေးကို ချစ်လှချည့်
ကြိုက်လှချည့်ရယ် မဟုတ်ကြပါဘူး။ မြို့သား ပညာတတ် ကျန်းမာရေးမှူး
ဆိုတော့ အထင်ကြီး ကြတာတော့ ရှိတာပေါ့။ မိန်းကလေး သဘာဝ စိတ်ကူးလေး
ယဉ်ကြတာတော့ ရှိကြမပေါ့။
"ခင်ရိပ်ရေ ... အေ ခင်ရိပ်"
လယ်စည်းခေါင်း မကြီးတင်ရဲ့အသံ။ အောင်လိုက်တဲ့ အသံနှယ်တော်။
"လာပြီ တော်ရေ ... လာပြီ ... လာပြီ"
ရွာလမ်းပေါ်မှာ ကောက်ရိတ်မယ့် ယောကျာ်းမိန်းမ ပလုံထိုးကြလို့။
တံစဉ်ရိုးရှည်၊ ရိုးတိုတွေ ကိုင်ကြလို့။ ခေါင်းပေါင်းကြီးတွေ
ခမောက်ကြီးတွေနဲ့။ သနပ်ခါးတွေက ပိန်းကြမ်း။ ဖျင်လက်ရှည်
ထူထူကြီးတွေ ဝတ်ထားကြတော့ အိုင့်တိုင့်တိုင့်ကြီးတွေ။
"ရော် ... ခင်ရိပ် နင်ပါ ပါသကိုး ... ဝမ်းသာသဟာ"
သာကွန်းက ဝေလီဝေလင်း အလင်းရောင်ထဲ မြင်လိုက်ရတဲ့ ခင်ရိပ်ကို
နှုတ်ဆက်တယ်။ ခင်ရိပ်က မဖြေဘဲ တစ်ဖက်ကို လှည့်နေလေရဲ့။ သာကွန်းက
သူ့ထုံးစံ အပြုံးမပျက်ဘူး။ ခင်ရိပ်အကြောင်း သိနေတာ မဟုတ်လား။
ပုဆိုးပို တစ်ထည်ကို ခေါင်းခြုံပြီး လက်တွေပါ ပုဆိုးထဲ ထည့်ထားတယ်။
အေးလိုက်တာ စက်လို့ကိုး။
"ငါက နင့်ကို ဒွေးဖော့တို့ လယ်ဘက် လိုက်သွားသယ် မှတ်သာ"
"ငါ့ဟာငါ ဘယ်ကွင်းလိုက်လိုက် နင့်အပူလား"
"ငါ့ အပူပေါ့ဟ ငါဖြင့် အိပ်တောင်မပျော်ဘူး ... ဒွေးဖော့တို့ လယ်ဘက် ပါသွားမှာ စိုးလို့"
"သေလိုက်ပါလား"
"မသေနိုင်သေးပေါင်ဗျာ ... မိန်းမတောင် ရသေးသာ မဟုတ်ဘူး"
"နင့် ဘယ်သူက ကြိုက်မှာတုန်း"
"နင် ရှိသားပဲဟာ ... ဘယ်သူ ရှိရဦးမှာတုန်း"
ခင်ရိပ်က တံစဉ်နဲ့လိုက်တော့ သာကွန်း ပြေးတယ်။
ကောက်ရိတ်ထွက်မယ့် ရွာသားတွေက တဟေးဟေး။ စည်းခေါင်း မကြီးတင်
အသံက အကျယ်ဆုံး။ ရွာလမ်းပင် တုန်သွားတော့တယ်။
"ခင်ရိပ်ရေ ... မိတာနဲ့ တံစဉ်နဲ့ တိခနဲ ဖြတ်လိုက်ဟေ့"
"ဝါး ... ဟား ... ဟား ..."
တာပေါင်ပေါ်မှာ လူတွေ အုံးအုံးထလို့။ ခင်ရိပ်မှာတော့ ဆောင်းတွင်း
ချမ်းချမ်းစီးစီးကြီးထဲ ချွေးများတောင် ပြန်လို့လေ။
မျက်နှာကတော့ ပြုံးလို့ပါလား။
"ကျောကုန်းကြီး ဝအောင် ထုခဲ့တာလေ"
မြရီက သီချင်းတစ်ပုဒ် ကောက်ဆိုလိုက်ကရော။
"ပျိုစိုက်တဲ့ လယ်ထိပ်က
လည်ညိတ်ကာကူ ချိုးဖြူ၊ ချိုးဖြူ
အသံတူကူ ကူရရိုးလား
သည်းအူကျ ချိုး
ချိုးလဟဲ့ ..."
ကောက်စိုက်သမတွေ `ဝါး´ ခနဲ ရယ်ကြတော့လည်း ခင်ရိပ် အရှက်သား။
ရွာအနောက်က လယ်တွေက တမျှော်တခေါ်ကြီး။
စပါးရိတ်ကြမယ့် လူတွေဆိုတာ ရွစိထိုးလို့။ တံစဉ်ရိုးရှည်၊
တံစဉ်ရိုးတို၊ ကျွဲချိုတံစဉ်ကြီးတွေ ကိုင်ကြရင်း လယ်တွေဘက်
သွားကြပြီ။ ခင်ရိပ်တို့ အပျိုတွေကလည်း သနပ်ခါး
ပိန်းကြမ်းကြီးတွေနဲ့၊ ရွာသူတွေ ဆိုတော့ နဖူးစာက တစ်ခြားရွာ
သွားလည်စရာတောင် မလိုတော့ဘူး။ ကိုယ့်ရွာ ကိုယ့်အပျို ကိုယ့်လူပျို
လယ်ခင်း စပါးခင်းထဲ လည်ကြပါလေ့။
သာကွန်းက
ကျွဲချိုတံစဉ်ကြီးနဲ့ ရှေ့က ဒီးလွှားဒီလွှား သွားနေတော့ ခင်ရိပ်တို့မှာ
နောက်က မီအောင် လိုက်ကြရတယ်။ သာကွန်းက စပါးရိတ်တော့ အဖြစ်။
လူမနောကောင်း ဆိုတော့ လူတိုင်းကလည်း ချစ်ကြပါရဲ့။ ခင်ရိပ်က
အဖေပြောတဲ့ စကား နားထဲ ကြားမိတယ်။
"သာကွန်းက လယ်ကိစ္စ
နွားကိစ္စများတော့ ဗုံတောင် တောင် ခေါက်နိုင်သေးဗျာ ...
တို့အိမ်က ဇော်နီကွမ်းသွေးကြီးနဲ့များ ဖက်လိုက်ရင်
တစ်ရှဉ်းဖြစ်မယ့် ကောင်"
ခင်ရိပ်က သာကွန်းကို စ,ချင်လို့
နောက်က ပြေးလိုက်တယ်။ သာကွန်း ဝတ်ထားတဲ့ နေပူခံ ကျောစုတ် အင်္ကျီကို
နောက်ကနေ ဖြဲချလိုက်တော့ ကျောလုံး လန်သွားလိုက်တာ ဖတ်လတ်ကြီး။
လယ်ကွင်းထဲက ရယ်သံတွေကြောင့် လက်ပံပင်ပေါ်က ဆက်ရက်တွေတောင် ဝေါခနဲ ထ,ပျံ ကြပါရောလား။
----------
ခင်ခင်ထူး
(ရက်ကန်းလွန်း ဝတ္ထုတိုများ)
No comments:
Post a Comment