စတိုးဆိုင်မှာ
------------------------------
ဧရာဝတီ မြစ်လယ်မှာ ပြေးနေတဲ့ ပဲ့ထောင်ဟာ ဧပြီနွေနေ့လယ်ရဲ့ အပူရှိန်ကို
အန်တုပြီး ကျွန်မတို့ ခရီးသည်တွေကို ညောင်တုန်းမြို့ဆီ တင်ဆောင် လာပါတယ်။
စက်တပ် ပဲ့ထောင်ကြီးက ဧရာဝတီ မြစ်ရေတွေကို တဖွားဖွား ထိုးခွဲအော်ဟစ်
မောင်းနှင်နေသလို ကျွန်မဘေးက ညီမအရွယ် ကောင်မလေးရဲ့ စကားတွေဟာလည်း
ဧရာဝတီကို အရသာခံပြီး လိုက်ပါဖို့ ကြိုးစားနေတဲ့ ကျွန်မ ရင်ထဲကို
တိုက်ရိုက် ထိုးခွဲဝင်ရောက်နေပါတယ်။
အဲဒီ ကောင်မလေးက ကျွန်မ
အမျိုးသားနဲ့ ရပ်ဆွေရပ်မျိုးပါ။ သူမကို မြို့ကအပြန် ကားပေါ် စတက်ကတည်းက
သတိထားမိခဲ့တာပါ။ ကားပေါ် တက်တက်ချင်း ကျွန်မ အမျိုးသားကို နှုတ်ဆက်၊
ကျွန်မကို နှုတ်ဆက်၊ နေရာရွှေ့ပေး၊ အဝေးပြေး ကားဂိတ် သွားမယ့် တစ်ဆင့်ခံ
ဧည့်ကြို ကားငယ်လေး ပေါ်မှာ ရွှန်းရွှန်းဝေ စကားတွေ ပြောလာတဲ့ သူမကို
တစ်ကားလုံးနဲ့အတူ ကျွန်မ သတိထားမိတာ မဆန်းပါဘူး။
"ဟာ ဒါ
တိုးတိုးနံပါတ် ဆယ့်တစ်လေ။ ဘာလို့ ခုံနံပါတ် တူနေရတာလဲ။ လာပါဦး ကားဆရာ၊
သူပဲ နေရောင်ကွယ်တဲ့ ဘက်မှာ စီစဉ်ပေးမယ် ဆိုပြီး ဒီနံပါတ် ပေးလိုက်တာ။ အခု
လူရှိနေတယ်။ ဘယ့်နှယ် လုပ်မလဲ။ မရဘူး။ တိုးကတော့ ကိုယ့်နေရာကိုယ် ရအောင်
ထိုင်မှာပဲ"
ကျွန်မတို့ နေရာမှာ ဝင်ထိုင်ရုံ ရှိသေး။ အရှေ့
တစ်ခုံကျော် ထိုင်ခုံရှေ့မှာ ဆူညံပူညံ လုပ်နေတဲ့ ကောင်မလေးကြောင့် ကားပေါ်က
လူ တော်တော်များများရဲ့ အာရုံတွေ သူမဆီ ကျရောက်သွားပါတယ်။ ချက်ချင်း
ဆိုသလိုပဲ ကားသမား ရောက်လာပြီး ခုံနံပါတ် နေရာတွေ ပြန်စစ်ကြည့်တော့ သူမ
ခုံနေရာက ဆယ့်သုံး နံပါတ်။ နေကွယ်သည့် နေရာ။ သည်တော့မှ ရယ်ပြုံးပြုံးနဲ့
ကျွန်မတို့ ရှိရာဘက် လှည့်ပြီး-
"နံပါတ် မှားသွားလို့ ကိုကြီးရေ။ တိုးက တစ်အောက်က တုတ်ချောင်းလေး ပျက်နေတာ သတိမထားမိဘူး။ အိုကေ သွားပြီ"
ပြောပြောဆိုဆိုပဲ သူမ နေရာမှာ စွေ့ခနဲ ဝင်ထိုင်ပြီး မုန့်စားပါဦးလား။
ဘာလားနဲ့ ကျွန်မတို့ ရှိရာဘက် တစောင်း လှည့်လှည့်ပြီး ဧည့်ခံလိုက်သေးရဲ့။
သွက်လိုက်တာနော်။ ကျွန်မကိုယ်ကျွန်မ သွက်လှပြီ အောက်မေ့တာ သူ့ဘယ်မီပါ့မလဲ။ ကျွန်မ အမျိုးသားကတော့ သူမ မကြားအောင် ကျွန်မနား ကပ်ပြီး-
"တိုးတိုးက ဒီလိုပဲ။ ငယ်ငယ်ကတည်းက အသွက်ကလေး။ အခုလည်း သူတစ်ယောက်တည်း စကားများနေတယ်"
လို့ ပြောရင်း ရယ်နေတယ်။ အကြောင်းသိ ဓာတ်သိတွေမို့ ကျွန်မကို အားနာနေပုံရတဲ့ အမျိုးသားကို ပြန်ပြုံးရင်း ဘာမှတော့ မပြောမိပါဘူး။
ခရီးသည်တွေ စုံလို့ အဝေးပြေးကားကြီး စမောင်းလာချိန်က စပြီး ကျွန်မက
လမ်းခရီး တစ်လျှောက်ကို ငေးမောလိုက်ပါရင်း မြို့တွေကို လိုက်မှတ်လိုက်၊
လယ်ကွင်းတွေထဲက မီးခိုးလုံးကြီးတွေဆီ မျောပါသွားလိုက်နဲ့ ခရီးဝေးရဲ့
အရသာကို နေရောင် တောက်တောက် ကြားကနေ လိုက်ကာမပိတ်ဘဲ ကြည့်လာတာမို့
ပတ်ဝန်းကျင်ကို မေ့နေပါတယ်။
ခရီးသွားကျင့် ရနေလို့ ဘာမှ မထူးဆန်းပေမယ့် အခု ခရီးဟာ ကျွန်မအတွက် ဆွေပြမျိုးပြ ခရီးမို့ နည်းနည်းမက ရင်ခုန်စရာ ဖြစ်ခဲ့ပါတယ်။
ဟော- အပြန်ခရီးလည်း ကျရော ကားပေါ်မှာ ဖွင့်လာတဲ့ သီချင်းခွေက အမေ
သီချင်းခွေ ဖြစ်နေပြီ။ ထူးအိမ်သင်ရဲ့ အဆွဲအငင် အဖြတ်အတောက်တွေ ကြားက
အမေတမ်းချင်း တေးစာသားတွေက ရန်ကုန်က အမေ့ဆီ ဦးတည်ပြန်နေတဲ့ ကျွန်မရဲ့
ခရီးကို ပိုလွမ်းတမ်းတစေသလို ကြည်နူးကျေနပ် သလိုလည်း ခံစားရ ပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာ ကျွန်မ အမျိုးသားကတော့ အမေ့ကိုခွဲပြီး ဘဝခရီး
ထွက်လာတဲ့ သားတစ်ယောက်ရဲ့ ကြေကွဲမှုတွေကို လက်ထပ်ပြီးစ ဇနီးသည်
ကျွန်မရှေ့မှာ မျိုသိပ်ဟန်ဆောင် လာပုံပါပဲ။
ကြည့်စမ်းပါဦး။
ဒီတေးစာသားတွေကို ကျွန်မတို့လိုပဲ ခံစားနေရမယ့် သူတွေ ဒီခရီးမှာ ပါမှာပါ။
တိုးတိုးကော၊ တိုးတိုးလည်း ခံစားလို့ နေမှာပါပဲ။ သူမကလည်း အမေ့အိမ်ကို
ကျောခိုင်းပြီး သူမဘဝ တက်လမ်းအတွက် အလုပ်ခွင် ရှိရာကို သွားနေရသူပဲ
မဟုတ်လား။ လမ်းမှာ ကျွန်မ အမျိုးသားက တိုးတိုးနဲ့ စကား တစ်ခွန်းတလေ
လှမ်းပြောတဲ့ အထဲမှာ သူမ ရန်ကုန် အလုပ်က ခွင့်ရလို့ မြို့ပြန်လာတာ ဆိုတာ
သိလိုက်ရတယ်လေ။
မကြာခင်ပဲ စက္ကော့ဆိပ်ကမ်းဆီ ရောက်တော့မယ် ဆိုမှ
တစ်ကားလုံး လှုပ်လှုပ်ရွရွနဲ့ တစ်နိုင်တစ်ပိုင် ပစ္စည်းတွေ သယ်ကြပိုးကြ
ပါတော့တယ်။ သီချင်းသံလည်း တိတ်၊ ကားစက်လည်း တိတ်ချိန်မှာ
ငြိမ်သက်မျောလွင့်ရင်း လိုက်ပါလာတဲ့ ခရီးသည်တွေရဲ့ အသံတွေက စက္ကော့ဆိပ်ကမ်း
သောင်ပြင် နေပူပူကြီး အောက်မှာ လှုပ်ရှားသက်ဝင် မြိုင်ဆိုင်နေပါတယ်။
ခဏနားလို့ ရတယ်ဆိုတဲ့ စားသောက်ဆိုင်တွေဆီ သွားမနေဘဲ ကျွန်မတို့က
သောင်ပြင်တစ်လျှောက် မြစ်ဆိပ်မှာ ကမ်းကူးဖို့ အဆင်သင့် ရပ်ပေးထားမယ့်
ပဲ့ထောင်ဆီ ခပ်သုတ်သုတ် လျှောက်နေမိပါတယ်။ အမျိုးသားက ကျွန်မကို
တိုးတိုးနဲ့ ထည့်လွှတ်လိုက် ပါတယ်။ သူ ပစ္စည်းတွေ စစ်ယူလာမယ်တဲ့။ တိုတိုးက
ဘာမှမသယ်ဘဲ မုန့်ထုပ်ကို ခပ်တင်းတင်း ဆုပ်ပြီး "လာ မမ"လို့ ပြောရင်း ကျွန်မ
လက်မောင်းကို ဆွဲပြီးသား။ သောင်ပြင်တစ်လျှောက် နေရိပ်ခိုလို့ မရဘဲ
မြစ်ဆိပ်ဆီ အသွား တိုးတိုးက ကျွန်မကို စကားတွေနဲ့ ဧည့်ခံလာပါတယ်။
အရပ်ရှည်ရှည် ပိန်ပိန်နဲ့ မျက်နှာဝိုင်းဝိုင်း ရှိတဲ့ တိုးတိုးဟာ စကားသံ
ချိုလှပါတယ်။
"မြို့မှာတုန်းက လာလည်မလို့ပဲ။ ချောင်းသာ
ပါသွားလို့လေ။ အခုလည်း နေလို့တောင် မဝသေးဘူး။ ပြန်လာရတယ်။ အလုပ်ရှိတယ်
မဟုတ်လား။ ခွင့်က စေ့နေပြီလေ။ မနက်ဖြန် အလုပ်ပြန်ဝင်ရမှာ။ မဟုတ်ရင် လစာထဲက
ဖြတ်တယ် မမရဲ့။ တိုးတိုးက ပေကတ်ပြီး တစ်ရက်ရ တစ်ရက်နေလို့သာ။ မမတို့ကော
ဘယ်တွေ သွားဖြစ်လဲ။ သွားဖြစ်မယ် မထင်ပါဘူး။ မြို့ထဲ တွေ့မှမတွေ့ဘဲ"
တရစပ် တစ်ယောက်တည်း မေး၊ တစ်ယောက်တည်း ဖြေရင်း လျှောက်လာရာက မြစ်ဆိပ်က
မတ်စောက်တဲ့ သောင်စပ်ကနေ ပဲ့ထောင်မော်တော်ပေါ် တက်လို့မရခင် နေရိပ်ရှာပြီး
ရပ်နေကြပါ သေးတယ်။ သည်တော့မှ ကျွန်မက သူမကို ရန်ကုန်က အလုပ်လုပ်တဲ့
စတိုးဆိုင်မှာ လုပ်တာ ကြာပြီလားလို့ ဧည့်ထောက်စကား ဆိုမိပါတယ်။
"သုံးလေးလလောက်ပဲ ရှိသေးတယ် မမရဲ့။ တိုးတိုးက အခုတောင် မြို့မှာ ကျန်ခဲ့တဲ့
တိုးရဲ့ ကွန်ပျူတာ ဆာတီဖိကိတ် ယူလာခဲ့သေးတယ်။ လိုရမည်ရ မမ
အမျိုးသားကိုလည်း ပြောထားတယ်လေ။ ဒီထက်ကောင်းတဲ့ လစာနဲ့ အချိန်ကိုက်တဲ့
အလုပ်ရရင် ပြောပါလို့။ တိုး အခုလုပ်ရတဲ့ စတိုးဆိုင်က ကောင်းပါတယ်။ ဒါပေမဲ့
တစ်နေကုန်မှ မနက် ရှစ်နာရီက ည ကိုးနာရီထိ ဖြစ်နေတယ်။ နောက် အလုပ်တစ်ခု
လုပ်ဖို့ အချိန်မရဘူးပေါ့"
ဪ သူမက အလုပ်တစ်လုပ် လုပ်နေရတာတောင်
အားမရသေးဘဲကိုး။ ကျွန်မ သူမကို ပိုစိတ်ဝင်စား လာပါတယ်။ အရွယ်က ငယ်ငယ်၊ လူက
သွက်သွက်၊ မိဝေးဖဝေး အရပ်မှာ ရုန်းကန်လှုပ်ရှား နေရတဲ့ မိန်းမငယ် တစ်ယောက်။
သူမ အလုပ်ခွင်အကြောင်း မမေးဘဲ ပြောနေလိုက်တာ တရင်းတနှီးပါပဲ။ နောက်
အလုပ်တောင် ထပ်လုပ်ချင်သေးသတဲ့။ ဒါ ဒီကနေ့ ခေတ်ရဲ့ လူငယ်တွေအပေါ်
တောင်းဆိုမှုပင်လား မဆိုနိုင်ပါ။
မော်တော်လေးပေါ် တက်ခါနီး
မြို့ကလူတွေနဲ့ သူမ နှုတ်ဆက်ကြ၊ ရယ်ကြနဲ့။ မော်တော်ပေါ် တက်တော့လည်း
ပေါ့ပါးသွက်လက် လိုက်တာ။ ကျွန်မဖြင့် မရဲတရဲနဲ့ သူ့နောက်မှာ
တွန့်ဆုတ်တွန့်ဆုတ်။ နေရာ ရတော့လည်း သူမက အရင်။ ထိုင်ထိုင်ချင်း ဘဲဥသည်
ကောင်လေးဆီမှာ ဘဲဥပြုတ်နှစ်လုံး ဝယ်စားလိုက်တယ်။ ကျွန်မတို့ဘက် လှည့်ပြီး
စားပါဦးလား မေးပါတယ်။
"မစားတော့ပါဘူး။ တိုးတိုး ရေသောက်ချင်ရင် ပြောနော်"
လို့ ကျွန်မ လှမ်းပေးတော့ ရပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူမ ရေဆာနေပုံပါ။ ထပ်မေးပြီး ပေးတော့ လှမ်းယူတယ်။
"ရေသောက်ချင်တာ ကြာပြီ။ အားနာလို့။ တိုးတိုးတော့ မနက်ကတည်းက
ထမင်းမစားရသေးလို့ ဘဲဥပြုတ် နှစ်လုံး တီးလိုက်ပြီ။ ဘဲဥက ဆားမပါဘူး။ ဟဲ့
ချာတိတ် မင်းနောက်ဆို ဘဲဥပြုတ်ရောင်းရင် ဆားထုပ်ကလေးတွေပါ ဆောင်ထား သိလား။
ဒါမှ ပိုရောင်းကောင်းမှာ"
ဖျတ်ခနဲ ဘဲဥသည် ကောင်လေးဘက်
စကားလှမ်းပြောတော့ ဟိုကလေးက ယောင်တိယောင်ကန်းနဲ့ ခေါင်းညိတ်ရှာတယ်။
တိုးတိုး စကားကို သူသဘောပေါက်ပုံ ပါပဲ။ ကျွန်မတို့ ရယ်နေတုန်း
အထုပ်သယ်သူတွေက ပိုင်ရှင်တွေဆီ အထုပ်တွေ လှမ်းပေးတယ်။ အားလုံး လူစုံတက်စုံ၊
ပစ္စည်းစုံပြီးမှ မော်တော်က ဒီဘက်ကမ်းကို စထွက်တယ်။ တိုးတိုးလည်း
ဒီအချိန်မှာ ရေသောက်ပြီး ဘဲဥပြုတ် စားအပြီး ဖြစ်သွားပါတယ်။
"ဘဲဥကလေး
နေ့တိုင်း စားနေရလို့ ငြီးငွေ့လာတယ် သိလား ကိုကြီး။ တိုးတိုးလေ အခု
အမျိုးတွေ အိမ်နေတော့ ကိုယ့်ဘာသာကိုယ် ချက်စားတယ်။ ဘယ်ရမလဲ မနက် ကြက်ဥ၊ ည
ဘဲဥပဲ။ ခပ်မြန်မြန်နဲ့ ဈေးပေါတာ ဒါပဲ ရှိတာလေ။ ဒါတောင် အလုပ်နဲ့အိမ်က
နီးပေလို့ သိလား။ အံမယ် တစ်ခါတလေ ဘဲတောင် မဥနိုင်ဘူး။ အချိန်မီ
အလုပ်ပြေးရတယ်။ ရတဲ့လစာက အခြေခံလစာ နှစ်ထောင့် ခြောက်ရာပေါ့။ ခွင့်မယူရင်
တစ်ရက် နှစ်ရာ ရတယ်။ ခွင့်က တစ်လ နှစ်ရက် ရတယ်လေ။ ကိုကြီးနဲ့ မမ
မင်္ဂလာပွဲတုန်းက လာမလို့ပဲ။ သူငယ်ချင်းက သူ့အမေ နယ်က ရောက်နေတယ် ဆိုတာနဲ့
သူ့ဦးစားပေးပြီး ခွင့်ပေးလိုက်ရတာ။ တိုးတို့ဆီမှာ အမေခွဲနေရတဲ့သူ
များတယ်ဆိုတော့ ကိုယ်ချင်းစာ ရတာပေါ့"
ကိုယ်ချင်းစာ ရမယ်တဲ့လား။
သူမ စကားကြောင့် ကျွန်မတောင် ရင်ထဲ ဒိတ်ခနဲ ခုန်သွားပါတယ်။ ကြည့်စမ်း။
အရွယ်ငယ်ငယ်လေးနဲ့ သိတတ်လိုက်တာ။ အဲဒီ အချိန်က စပြီး ကျွန်မ သူပြောသမျှ
ပိုစိတ်ဝင်စား နားထောင်လာခဲ့ မိပါတယ်။ စကားပြောလည်း အင်မတန် ကောင်းတဲ့
တိုးတိုးဟာ ကြင်စဦး ကျွန်မတို့ မောင်နှံကို မျက်လုံးချင်းတောင်
ကြည်နူးမဆုံး စေတော့ဘဲ သူမထံမှာ ဆွဲဆောင်ထားနိုင်ပါတယ်။ ကျွန်မ
အမျိုးသားခမျာလည်း ကျွန်မကို ဂရုတစိုက်နဲ့ ရေသောက်လေ၊ မုန့်စားမလား၊
ခေါင်းမူးလားနဲ့ မေးနေပေမယ့် ကျွန်မက ဟင့်အင်း၊ အင်း အပြင် တိုးတိုးဆီမှာပဲ
အာရုံ ရောက်နေပါတယ်။
"မမ စဉ်းစားကြည့်လေ၊ တိုးဆို ဆယ်တန်းပဲ
ရှိသေးတာ။ စတိုးဆိုင်မှာ အရောင်းဝင်လုပ်ဖို့ အလုပ်လျှောက်ရတာ ဘယ်လောက်
ခက်မလဲလို့။ အိမ်ကလည်း မှာလိုက်တယ်။ ရန်ကုန်တက်ပြီး အလုပ်လုပ်ချင်တာ အလုပ်
စိတ်ဝင်စားတဲ့၊ ဘာဘာ ညာညာဆို အသေတဲ့။ တိုးတိုး အလုပ်လျှောက်ကတည်းက
ဆိုင်ရှင်မမနဲ့ တန်းတိုးတာ။ သူက အစမ်းခန့်ကြည့်မယ်တဲ့။ တိုးက အစမ်းခန့်
တစ်ပတ်နဲ့တော့ တိုး မလုပ်တော့ဘူးလို့။ သူက မေးတယ်။ ဘာဖြစ်လို့လဲတဲ့။ တိုးက
ပြောလိုက်တယ် တစ်ပတ်ခန့်ပြီးမှ မကြိုက်လို့ ထွက်ဆိုရင် တိုး ဦးလေးက
အသုံးမကျဘူး ပြောမှာပေါ့လို့။ ခန့်မယ်ဆို တစ်ခါတည်းခန့်မှ လုပ်ချင်တယ်လို့
ပြောတော့ ဆိုင်ရှင်မမက ရယ်တယ်လေ။ ကဲ ကဲ လုပ်ကြည့်ပါဦး ဆိုပြီး နောက်နေ့ကစ
အလုပ်ဆင်း ကတည်းက တစ်ပတ်ပြည့်သွားပြီး ဘာမှ လာမပြောတော့မှ တိုးကို
အပြီးခန့်မှန်း သိတာ"
ဆံပင် ကုပ်ထောက်လေးကို နဖူးပေါ်ပင့်လိုက်၊
ခါလိုက်၊ ရယ်လိုက် မောလိုက်နဲ့ သူမရဲ့အလုပ်အကြောင်း ပြောနေတာ
ရဲရင့်နေလေရဲ့။ ကျွန်မကတော့ သူပြောသမျှ ငေးနားထောင်လို့ပါပဲ။
"အခုဆို တိုးလစာ သုံးထောင် ပြည့်တော့မယ်။ သုံးထောင် ရပေမယ့် တကယ်တမ်း
တစ်နေ့တစ်ရာက ဘာမှ သုံးလို့ရတာ မဟုတ်ဘူး။ လောက်ငအောင် မနည်း သုံးနေရတယ်။
တိုးဆို ဘာမှ သိပ်မဝယ်ဘူး။ ကိုယ်က စတိုးဆိုင်မှာသာ လုပ်တာ။ တိုးထိုင်ရတဲ့
ဖိနပ်ကောင်တာက ဖိနပ်တောင် ဝယ်မစီးနိုင်ဘူး။ ဖိနပ်တွေက နိုင်ငံခြားဖြစ်တွေ
ထောင်ကျော်တွေချည်း။ ဝယ်တဲ့သူတွေက ဝယ်လိုက်ကြတာ ပိုးခနဲ ပက်ခနဲ သိလား။
သင်္ကြန်မတိုင်ခင်က မိန်းမတစ်ယောက် လာဝယ်တာများ ဆိုင်ထဲက အထည်တွေ ကြမ်းပေါ်
ဟောတစ်ထည်၊ ဟောတစ်ထည် ပုံချသွားတာ။ စကတ်တွေ ဆိုရင်လည်း ဆွဲချပဲ။
ဖိနပ်တွေရော အားလုံးပေါင်း ခုနစ်သောင်းဖိုးလောက် ဝယ်သွားတာ အေးအေးဆေးဆေးပဲ။
ဘယ် မင်းသား မင်းသမီးတွေ ဝယ်တာလောက်တော့ သူတို့က ရယ်မှာပေါ့။ တိုးဖြင့်
တိုးတို့ ဖိနပ်ကောင်တာက ဖိနပ်အကောင်းစား နှစ်ထောင်နီးပါးကို များလှပြီ
မှတ်တာ ဝယ်တဲ့ မိန်းကလေးတွေက သုံးထောင်ကျော်တန် မရှိဘူးလားတဲ့။ ကဲ မှတ်ရော"
မှတ်သားလောက်ပါတယ် တိုးတိုးရေ။ တိုးပြောတဲ့ သုံးထောင်ကျော်မှ ဖိနပ်ထင်တဲ့
လူတန်းစားလေးတွေက ကျွန်မတို့အတွက် အားကျစရာ မဟုတ်တာ မှတ်သားလောက်ပါတယ်။
တိုးလည်း အားကျပုံ မပေါ်ပါဘူး။ ခေါင်းကို ဆတ်ခနဲတောင် မော့ပြောလိုက်သေး။
"အလုပ်က ဝယ်သူလာမှ များတယ် ဆိုပေမယ့် ပစ္စည်းဝင်တဲ့နေ့ဆို သိပ်
ပင်ပန်းတာပဲ။ ဖိနပ်တွေ ရေရတာ၊ စစ်ရတာ၊ အပေါ်ထပ်နဲ့ အောက်ထပ် ပြေးလိုက်
ဆင်းလိုက်နဲ့ ခြေကို ခေါက်မတတ်ပဲ။ ဖိနပ်မှားမှာ၊ ဆိုဒ်စစ်ရတာ၊ ဈေးနှုန်း
စစ်ရတာ၊ အမျိုးအစား စစ်ရတာကအစ တိုးတို့ တာဝန်ပဲ။ တစ်နေ့တစ်နေ့ လယ်ဂျာရေး၊
စာရင်းတွက် ငွေအပ်တာတောင် လချုပ်ကျရင် စာရင်းမှာ လိုတိုးပိုလျှော့တွေ
ဖြစ်တတ်သေးတာ။ တစ်ခါမှာ တိုးရောင်းတဲ့ ဖိနပ်တန်ဖိုးက တခြားမှာ
ဈေးမြင့်နေလို့ လန့်သွားတာပဲ။ ဒါပေမဲ့ တိုးတို့ကို ပေးထားတဲ့ စာရင်းမှာ
အတိအကျဆိုတော့ ကွန်ပျူတာ စာရင်းမှတ်တဲ့ အစ်မဆီမှာ လချုပ်ပြန်စစ်တော့
သွားကိုက်နေတယ်။
"တော်သေးတာပေါ့ နို့မို့ဆို တိုး လစာထဲက လျော်ရမှာ၊
ဒါမျိုး မလျော်ချင်ဘူး။ တိုး အမှားမဟုတ်ဘဲ လျော်ရမှာ သိပ်နှမြောတာပဲ။
နာမည်ပျက်မှာလည်း သိပ်ကြောက်တာပဲ မမရယ်"
ကျွန်မဆိုလည်း တိုးလိုပဲ
နှမြောမှာ အမှန်ပါ။ ကိုယ့်ချွေးနှဲစာထဲက အသားလွတ် အလျော်အစား လုပ်ရမှာကိုး။
အရောင်းတာဝန်ခံ တစ်ယောက်ရဲ့ အနေအထားက ပစ္စည်းလေးတွေ ထုတ်ပြ။
ငွေသိမ်းရုံလောက်၊ ဝတ်စုံလှလှလေးတွေ ဝတ်ရုံလောက်နဲ့ ဘယ်ရပါ့မလဲနော်။
"တချို့က စတိုးဆိုင် အရောင်းစာရေးမ ဆေးလ်ဂဲလေးတွေ ဆိုပြီး ပညာ စမ်းချင်တာ။
ဘယ်ရမှာလဲ။ တိုးတို့က ရိုးရိုးသားသားပဲ ဥစ္စာ။ ဆိုင်ရှင်က လှလှပပနဲ့
မိတ်ကပ် နှုတ်ခမ်းနီ ဆိုးစေချင်တောင် တစ်ခါတလေ သနပ်ခါး ပါးကွက်ကျား
ရိုက်သွားမိတာ။ ဒါလည်း ဆိုင်ရှင်က နားလည် ခွင့်လွှတ်တော့ နေရတာ ပျော်တာပေါ့။
တခြား ကောင်တာတွေဆို တိုးတို့ထက် ပိုအလုပ်ရှုပ်တယ်။ လျော်တဲ့အခါ လျော်ရတယ်။
တိုးတော့ သုံးလလုံးလုံး အမှားကင်းလို့ ဆုကြေးတောင် ရသေးတယ်လေ။
တစ်မြို့တစ်ရွာက လာအလုပ် လုပ်ရတော့ ကိုယ်ကျင့်တရားကို ပိုတောင်
သတိထားရသေးတာ မမရဲ့။ တိုးတို့လိုပဲ တခြားဆိုင်တစ်ဆိုင်မှာ နာမည်ပျက်ချင်တဲ့
မိန်းကလေးတွေ ပါလို့ ဆိုင်ရှင်က အလုပ်ဖြုတ် ပစ်တယ်လေ။ တော်ကြာ တစ်ယောက်
မကောင်းတာနဲ့ တစ်ဆိုင်လုံး ထိခိုက်မှာပေါ့။ ဒါမျိုးတော့ တိုးတို့က ပြတ်တယ်။
ပြီတီတီ ပြောင်ချော်ချော်နဲ့ ဈေးလာဝယ်ရင် မရောင်းရချင်နေ မရောင်းဘူး။
အရောင်းသွက် ဘောက်ဆူး လိုချင်ပေမယ့် သိက္ခာကျခံပြီးတော့ ဘောက်ဆူး ရအောင်
မရောင်းနိုင်ဘူး။ ခံနိုင်ရည် ရှိအောင်တော့ ကြိုးစား ရတာပေါ့နော်။ ဆိုင်က
ဝတ်စုံသုံးစုံ ထုတ်ပေးထားတော့ အဝတ်အစားဖိုး သိပ်သက်သာ လာတာပဲ။
တိုးတက်မှုကတော့ သိပ်မရှိဘူးပေါ့လေ။ ဒါကြောင့် တိုးက တခြားမှာ ဒီထက်
ဝင်ငွေကောင်းပြီး အချိန်လည်း ပုံမှန်ချိန်လောက်ပဲ ပေးရမယ့် အလုပ်ဆို
လုပ်ချင်တာ။ ခုထိတော့ လစာ သုံးထောင်ထဲက အမေ့ကို နည်းနည်းပဲ ပြန်ကန်တော့
နိုင်သေးတာပေါ့"
သည်အချိန်မှာ ပဲ့ထောင်ကြီးက ညောင်တုန်း တစ်ဖက်ကမ်းကို ရောက်နေပါပြီ။ ကျွန်မတို့ စကား ပြတ်သွားသလောက် ရှိချိန်မှာမို့ တော်ပါသေးတယ်။
ကျွန်မ အမျိုးသားက-
"ရော့- မောနေပြီ ရေသောက်"
လို့ တိုးဘက် ရေဘူး လှမ်းပေးတော့ ရယ်ပြီး တဂွပ်ဂွပ် မော့သောက်တယ်လေ။
ကျွန်မတို့အားလုံး သောင်ပြင်ပေါ်တက်၊ ကမ်းနဖူးကတစ်ဆင့် ပြန်စီးရမယ့်
ကားပေါ်လည်း ရောက်ရော နေပြင်းပြင်းပျပျ အပူချိန် ရောက်နေပါတယ်။ ထွေလီကာလီ
ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ ပူပူလောင်လောင်နဲ့ပဲ ညောင်တုန်း -
ရန်ကုန်ခရီးကို လိုက်ပါလာခဲ့မိပါတယ်။
တိုးတိုးလည်း သူ့နေရာမှာ
အိပ်ငိုက်လို့လေ။ ကျွန်မ အတွေးထဲမှာတော့ တိုးတိုးရဲ့စကားတွေ၊ တိုးတိုးရဲ့
ဖြတ်သန်းမှုတွေ၊ တိုးတိုးရဲ့ ရယ်မောသံတွေ။
ရန်ကုန်၊ ကြည့်မြင်တိုင်
အဝေးပြေးဂိတ်လည်း ရောက်ရော အမေ့လွမ်းတဲ့ စိတ်က ပြန်ပေါ်လာပါတယ်။
အိမ်ရောက်မယ် ဆိုမှလေ။ အမျိုးသားကတော့ ကားငှားဖို့ သွားနေလေရဲ့။ မိဘနဲ့
ခွဲခဲ့ရသူတွေရဲ့ ခံနိုင်ရည်ကို ကျွန်မ ဆန်းစစ်ဖို့ မစွမ်းသာပေမယ့်
တိုးတိုးရဲ့ သတ္တိကိုတော့ ကျွန်မ အသိအမှတ် ပြုရပါလိမ့်မယ်။
ကြည့်လေ။
တစ်ခရီးတည်း လာတာချင်း အတူတူ ကျွန်မစိတ်ထဲ မောနေချိန်မှာ သူမက
ခရီးဆောင်အိတ်ကို လွယ်လို့ သောက်လက်စ ရေသန့်ဘူးနဲ့ သူမ တည်းခိုရာ အိမ်ဆီ
လိုက်ပါဖို့ လိုင်းကားဂိတ်ဆီ သွားနေပြီလေ။
---------
နှင်းဝေငြိမ်း
ရွှေအမြုတေ၊ ဇူလိုင်လ၊ ၁၉၉၈။
No comments:
Post a Comment