လရောင်လင်းပါစေ … နှင်းဆီသင်းပါစေ
=============================
ကိုလွင်ဦးသည် ချွေးပြန်စပြု၏။ လူသူ အဝင်အထွက်များသော စားသောက်ဆိုင်
တစ်ဆိုင်မှာ စားပွဲတစ်လုံးနှင့် တစ်ယောက်တည်း ထိုင်နေရတာလောက်
ကြောင်တောင်တောင် ငေါင်းစင်းစင်း ဖြစ်တာ မရှိ။
‘နေခြည်
ရက်စ်တောရင့်’ ဟု ဖုန်းထဲက အသေအချာ ပြောပြလိုက်သည်ကို သည်မိန်းကလေး
နားကြားတော့ မလွဲတန်ရာ။ သူ ဖုန်းဆက်နေသည် ဆိုသော နေရာနှင့် အနီးဆုံး
စားသောက်ဆိုင်ကို တမင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သန့်ပြန့် လွတ်လပ်ရုံမက
မိန်းကလေး တစ်ယောက်အတွက် သိက္ခာရှိရှိ ထိုင်လို့ ကောင်းမည့်နေရာ။
ကိုယ်ကတော့ ခုအထိ အမွန်အမြတ် ရှိဆဲပါ မြနှင်းဆီ။ အဲ … ဆောရီး မြရယ်။
စိတ်ကူးထဲမှာပင် အဆောတလျင် တောင်းပန်လိုက်မိသည်။ မြ မနှစ်မြို့တာ မှန်လျှင် စိတ်ထဲကပင် မမှောက်မှားချင်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က မြ ပြောလေ့ရှိသည့် စကားတွေကို ခုပင် နားနားကပ်ပြောနေသလို အပီအပြင် ကြားနေရ၏။
“မြလို့ပဲ ခေါ်စမ်းပါ မောင်ရာ၊ အဲဒီ နှင်းဆီဆိုတာကြီး မုန်းလွန်းလို့၊
ပန်းတကာ့ ပန်းထဲမှာ အင်မတန် ကိန်းကြီးခန်းကြီးနိုင်တဲ့ ပန်း၊ အဖေအမေ
မှည့်ထားတဲ့ နာမည်မို့သာ မကောင်းတတ်လို့ ယူထားရတာ၊ မြတော့ မြ တစ်လုံးတည်းပဲ
ကြိုက်ပါတယ်၊ မြ ဆိုတာက ထက်မြက်တဲ့ သဘော၊ မာကျောတဲ့ သဘော”
စကားကြွယ်၍ ဖွယ်ဖွယ်ရာရာ ပြောတတ် ဆိုတတ်သော မြ။ သူနှင့် ရွယ်တူတန်းတူ
မိန်းကလေးများက ‘သိပ်စကားများတာပဲ’ ဟု နှုတ်ခမ်းတွန့်မယောင် ပြုကြတာတွေ
သတိရသည်။ မြကလည်း ဘဝတူ မိန်းကလေးချင်း သိပ်အစေးမကပ်လှ။ ယောက်ျားသားတွေနှင့်
အပေါင်းအသင်း များသည်။
“မိန်းမဆန်လွန်းတဲ့ မိန်းမတွေကို မြ
ကြည့်လို့မရဘူး၊ အင်းလေ … သူတို့ကလည်း မြကို ကြည့်လို့ရမှာ မဟုတ်ပါဘူး၊
တစ်ယောက်နဲ့တစ်ယောက် ကြည့်လို့ရမှာ မဟုတ်တဲ့အတူတူတော့ မကြည့်ဘဲ နေလိုက်ကြတာ
အကောင်းဆုံးပေါ့”
သည် လက်သုံးစကား တစ်ခွန်းကို အမြဲအမြံ ဆုပ်ပြီး
ယောက်ျားကလေး အပေါင်းအသင်းတွေနှင့် လက်ဖက်ရည်ဆိုင် ထိုင်ရခြင်းကို မြ
မွေ့လျော်သည်။ စိတ်လိုလျှင် ယောက်ျားတစ်အုပ်နှင့် ရုပ်ရှင်ကြည့်ဖို့လည်း
ဝန်မလေး။ ၃၂ လမ်း၊ ၃၃ လမ်း တစ်ဝိုက်က စာအုပ်ဈေးကွက်မှာ၊ ပန်းချီပြပွဲ
ခန်းမတွေမှာ၊ ပွဲကြီးလမ်းကြီးတွေမှာ ယောက်ျားသားတွေထဲ ထိုးထိုးထောင်ထောင်
ပါလာတတ်သည်ကို နေမထိ၊ ထိုင်မထိ ကြည့်နေရသည်မှာ ဆယ်နှစ်ကျော်မျှမကပြီ။
‘မုတ်သုံ မဂ္ဂဇင်း’ ၏ လက်ထောက်အယ်ဒီတာ ဘဝမှာ ကိုလွင်ဦးသည် မိန်းကလေး
ကိစ္စနှင့် နာမည် မငြိစွန်းရအောင် အထူးသဖြင့် ဆင်ခြင်လာခဲ့၏။
မိန်းကလေးတွေကို အထင်မသေးချင်သော်လည်း မိမိအယ်ဒီတာဘဝ အတွေ့အကြုံအရ
မိန်းမဆိုတာ နည်းနည်း သတိတော့ထားမှ ဖြစ်မည်ဟု နားလည်နေသည်။
ထင်ရှားကျော်ကြားမှုကို တပ်မက်သည့် ပုထုဇဉ်တွေထဲမှာ ယောက်ျားထက်
မိန်းမသားတွေက ပိုပြီး ဖျပ်ဖျပ်လူးနေသည်ဟု မြင်နေလေသည်။ ထို့ကြောင့်
မဂ္ဂဇင်းတိုက်မှာ ဆက်ဆံလာသမျှ အမျိုးသမီးတွေကို တိုက် တံစက်မြိတ် လွန်လျှင်
စေ့စေ့မကြည့်မိအောင် အတတ်နိုင်ဆုံး ရှောင်သည်။
သို့သော်
သည်တစ်ယောက်ကိုတော့ …၊ မြကိုတော့ တစ်နေရာမှာ ချိန်းမိချေပြီ။
စောင့်စည်းလာခဲ့သမျှ အယ်ဒီတာသိက္ခာ လျော့ပြေခဲ့ပြီလား။ ကိုလွင်ဦးသည်
လိပ်ပြာ မလုံခြုံစွာ ခေါင်းကို ဆတ်၍ အတွေးစကို ဖြတ်ပစ်လိုက်သည်။
စားသောက်ခန်းမ၏ ထောင့်ကျကျစားပွဲတွင် နေရာယူ ထိုင်နေခဲ့သည်မှာ
နာရီဝက်နီးပါး ရှိရော့မည်။ မျက်မှန်းတန်း မိနေကြပြီ ဖြစ်သော ဧည့်ကြိုလုလင်
ကလေးတွေကို “မိတ်ဆွေတစ်ယောက် စောင့်လိုက်ဦးမယ်ကွာ” ဟု သတင်းပို့ရင်း
ရေခဲရေတစ်ချိုင့် တောင်းထားလိုက်သည်။ ကောင်တာမှာ ထိုင်နေသည့် မရွှေရည်ကလည်း
သူ့အလုပ်နှင့်သူ ရှုပ်နေသည်မို့ မိမိထံ လာပြီး ဧည့်ထောက်မခံနိုင်။
ခါတိုင်းဆိုလျှင် ဘယ်သူမှ မအားလျှင် သူငယ်ချင်း ကိုချစ်ချမ်းအေးက ခဏဖြစ်စေ
နှုတ်ဆက်စကားလောက် လာပြောတတ်မြဲ။ နေခြည်ရက်စ်တောရင့် ပိုင်ရှင်
ကိုချစ်ချမ်းအေးမှာ ဂီတသမားမို့ စကားပြောရတာ နွေးနွေးထွေးထွေး ရှိသည်။
ဘာသာစကားချင်း တူသည်ဆိုတာ ဒါပဲ ဖြစ်မည်။
တစ်ယောက်တည်း ကြောင်နေရာက
သူငယ်ချင်းကို သတိရပြီး ကောင်တာဆီသို့ ထလျှောက်လာခဲ့သည်။ မရွှေရည်က
ငွေစက္ကူချပ်များကို တဖျပ်ဖျပ် ရေတွက်ရင်း အပြုံးများကို သူ့ဆီ ပို့လွှတ်၍
ကြိုသည်။
“ကိုချစ်ချမ်းအေးတစ်ယောက် ဘယ်ပျော်နေသလဲဗျ”
“ဪ … ဒီကို မလာတာ နှစ်ပတ် ရှိပြီလေ၊ စီးရီးထွက်တော့မယ် မဟုတ်လား၊ အလုပ်ရှုပ်နေမှာပေါ့”
မရွှေရည် ခေါင်းဆတ်ပြလိုက်သော နံရံကပ် ပိုစတာကို အမှတ်မထင်
လှမ်းကြည့်မိသည်။ ခိုင်ဝါ၊ နေခြည်၊ ဗစ်တာခင်ညို ဆိုသော စာလုံးကြီးတွေကို
‘လှမ်း’ ဖတ်လိုက်ကာ တစ်ချက်တည်း သဘောပေါက်သွားလေသည်။ ထိုစီးရီးကို
စီစဉ်ထုတ်လုပ်နေသည့်အကြောင်း သူ ပြောပြထားဖူးသည်။
စိတ်ခပ်ပျက်ပျက်နှင့် လက်မှနာရီကို ငုံ့ကြည့်သည်။ အိုး … လေးနာရီခွဲဖို့
မိနစ်နှစ်ဆယ်တောင် လိုသေးတာပါလား။ မိမိ စိတ်စောနေသည့်အဖြစ်ကို ခုမှ
သတိထားမိသည်။
ဟုတ်ပါရဲ့။ မြက အမြဲ တိကျတတ်သူပါ။ ဘယ်တော့မှ နောက်မကျတတ်သလို ဘယ်တော့မှလည်း စောလေ့မရှိပါဘူး။
မြက သွေးအေးသည်။ မိမိသာ ဆန္ဒစောတတ်သူ၊ စိတ်လှုပ်ရှားလွယ်ကူသူ ဖြစ်လေသည်။
ကိုလွင်ဦးသည် မလုံမလဲ ပြုံးလိုက်ကာ မိမိစားပွဲသို့ ပြန်လျှောက်လာခဲ့၏။
ဝိတ်တာကို လက်ပြခေါ်လိုက်ပြီး ဘီယာတစ်လုံး မှာသည်။ မိနစ်နှစ်ဆယ်လောက်
စောင့်ရဦးမှာ ဆိုတော့ ဘီယာတစ်လုံးလောက် ဆွဲသောက်နေလိုက်မည်။
“အစားအသောက်ကို ကြိုမှာထားရင် ပိုအဆင်ပြေမယ် ဆရာ”
“နေပါဦးကွာ၊ အချိန်နည်းနည်း စောနေသေးလို့၊ ငါက အများကြီး
စောရောက်နေတယ်ကွ၊ ငါ့ဧည့်သည်က အင်မတန် တိကျတာ၊ သူက ဘိုလို လာမှာ၊ ငါက
မြန်မာစံတော်ချိန်နဲ့ မြန်မာလို လာမိလို့”
မပြုံးမရယ် ခပ်တည်တည် ပြောလိုက်သော ပြက်လုံးကို ဝိတ်တာကလေးက အသံထွက်အောင် ရယ်ရင်း သဘောကျ၏။
“ဒါဖြင့် ဆရာ့အတွက် အမြည်း”
“အေး … ငါးမုန့်ကြော် တစ်ပွဲပဲ ယူခဲ့ဦးကွာ”
အိတ်ကပ်ကို အမှတ်မထင် ဖိရင်း မှာလိုက်သည်။ အမှန်တော့
ငါးရှဥ့်ခြောက်ကြော်လေး တစ်ပွဲလောက် မှာချင်သေး၏။ အင်မတန် ကြိုက်သည့်
ငါးရှဥ့်ခြောက်ကြော်မှာ ဈေးကြီးလှ၏။ ငါးမုန့်နှင့်ပဲ အာသာဖြေရတော့မည်။
မြကို ညစာကျွေးမည်ဟု ပိုင်းဖြတ်ထားသည်မို့ အိတ်ကပ်ထဲက ရာတန်ကလေး တစ်ရွက်ကို
စိတ်တွက်နှင့် ဖျက်သုံးနေရသည်။
မနက်က အိတ်ထဲမှာ ငွေ တစ်ရာ့ငါးဆယ်လောက် ပါခဲ့သည်။ မိန်းမ မှာလိုက်သော မီးနေခန်းသုံး ပစ္စည်းပစ္စယ အတိုအထွာတွေ ဝယ်ဖို့ ဖြစ်လေသည်။
အေးမူ မျက်နှာကို ကွက်ခနဲ မြင်၏။ ရင်ထဲမှာ လှုပ်သွားပြီး လက်ထဲက ဖန်ခွက်
လွတ်ကျမတတ် ဖြစ်သွားသည်။ ဖိတ်စင်သွားသော ဘီယာ တစ်စက်၊ နှစ်စက်ကို
မသိကျိုးကျွန်ပြုကာ ကိုယ့်ကိုယ်ကိုယ် ဟန်မပျက်အောင် ထိန်းရင်း
ဆက်သောက်နေသည်။
သို့သော် အေးမူမျက်နှာက ဘီယာမြှုပ်တွေကြားမှာ မြုပ်ချည်ပေါ်ချည်။
* * *
နေ့စေ့လစေ့ ကိုယ်ဝန်နှင့် လေးလံပန်းလျကာ နားထင်တွေ ကျနေပြီ ဖြစ်သော မယားသည် အေးမူရဲ့ မျက်နှာ။
ကိုယ်ဝန်ကို တအင့်အင့် သယ်ပိုးရင်း နှင်းဆီခင်းတွေကြားမှာ ပေါင်းသင်မြက်နုတ် တကုပ်ကုပ်နေမည့် အသွင်အလျာ။
“ဟိုတစ်နှစ်ကလို ပိုးမကျအောင် ဂရုစိုက်ရမယ် အစ်ကိုရေ့၊ ပိုးသာ
မကိုက်ဘူးဆိုရင် တအားပဲ၊ အပင်တွေလည်း သန်မှသန်၊ ဖူးတံတွေကလည်း ထွက်မှထွက်၊
ဒီနှစ် တအားကို ပွင့်မှာ သိလား၊ ဒါမှလည်း ဖြစ်မှာ အစ်ကို၊ အေးမူက
ပုစုခရုကလေး နှစ်ကောင်နဲ့ ဂျင်ခြေလည်ဦးမှာ၊ ဈေးဆိုင်ကို ဟုတ်တိပတ်တိ
ကြည့်နိုင်ဦးမှာ မဟုတ်ဘူး၊ ဒီအတောအတွင်း ပန်းခင်းလေးပဲ အားကိုး စားရမှာ”
ထက်သန် တက်ကြွလွန်းသော အေးမူအသံ လွင်လွင်ကလေး ရင်ထဲမှာ ရိုက်ခတ်လာသည်။
ပန်းခင်းလေးပဲ အားကိုး စားရမှာ ဆိုသော စကားကို စောဒက မတက်ဝံ့။ မိမိ၏
မဂ္ဂဇင်းက ခုတလော သိပ်အခြေအနေ မကောင်းလှ။ ခုတလော ဆိုသည်မှာ မိမိ
အယ်ဒီတာတစ်သက်၊ ဆယ်စုနှစ်ဝက်မက ကျော်ပြီလေ။ မဂ္ဂဇင်းက ချည့်နဲ့နဲ့မို့ မိမိ
အယ်ဒီတာလစာ ဆိုတာလည်း ထုတ်မပြောရဲအောင် ရှိသည်။ ကလေးနှစ်ယောက် ရှိသော
အိမ်ထောင့်ဝန်ကို အေးမူက အိမ်ဆိုင်ကလေး တည်ကာ၊ ပန်းခင်းကလေး စိုက်ကာဖြင့်
တစ်တပ်တစ်အား ဖြည့်ဆည်းရှာ၍ တော်တော့သည်။
ဘယ်တော့ ဖျက်ပြေးရမလဲဟု
ရင်တမမ နေနေရသော ဂွတ္တလစ်နှင့် အနောက်ရန်ကင်း ကြားက ကျူးကျော်မြေကွက်
ကျယ်ကြီးထဲမှာ ကိုလွင်ဦးတို့ လင်မယားက ဝါးအိမ်ကလေးတစ်လုံးနှင့် ဧကဝက်ခန့်
နှင်းဆီခြံကို ပိုင်ဆိုင်ကြလေသည်။ သက်ဆိုင်ရာက မနှင်သေးသရွေ့တော့
အိမ်ပိုင်ရှင်၊ ခြံကြီးရှင်အဖြစ် ရင်တထိတ်ထိတ် လက်မ ထောင်နိုင်သည်။
အေးမူကတော့ ပိုက်ဆံကို ချွေနိုင်သမျှ ချွေပြီး စုနိုင်သလောက် စုနေသည်။
သည်နေရာက ပြေးရလျှင် ကလေး လူမမည်တွေနှင့် ခွေးတိုးဝက်ဝင် ဖြစ်မည်
စိုးရှာသည်။ ရပ်ကွက်နုပ်နုပ်မှာ တဲစုတ်ကလေး တစ်ခြမ်းလောက် ငှားနေဖို့ပင်
ထောင်ဂဏန်းလောက် အနည်းဆုံး စပေါ်တင်ရမည် မဟုတ်လား။
ခုတလောတော့ အေးမူ ပိုက်ဆံအသုံး တော်တော် ရက်ရောနေလေသည်။
သည်လိုချည်းပါပဲ။
သည်မိန်းမ ကလေးတစ်ခါမွေးမည် ကြံတိုင်း နည်းနည်းတော့ ပုံကြီးချဲ့ချင်လေ့
ရှိသည်။ မမွေးခင်ကတည်းက စိတ်ကူးတွေ တယဉ်ယဉ်နှင့် မွေးလာမည့် ကလေးအတွက်
ကြိုတင် ပြင်ဆင်မှုတွေ အသေးစိတ် လုပ်မြဲ။ ဆေးရုံတက် မီးဖွားလျှင် တစ်ပါတည်း
ယူသွားဖို့ ပစ္စည်းတွေမှာ ကြိမ်ခြင်း တစ်လုံးနှင့် ကိုယ်ဝန် ခြောက်လကျော်
လောက်ကတည်းက အသင့်ပြင်ပြီးသား။ ထိုခြင်းထဲမှာ သူ့အဝတ်အစား သုံးစုံလောက်၊
ကလေးအနှီး၊ ကလေးအင်္ကျီ၊ ပလတ်စတစ် အိပ်ရာခင်း စသည့် အသုံးအဆောင်တွေကို
ပလတ်စတစ်အိတ် အသီးသီးမှာ ပရုတ်လုံး တစ်ပါတည်းထည့်၍ မီးဖြင့်
အသေပိတ်ထားပြီးသား။ အေးမူက အင်မတန် စေ့စပ်သေချာ တာတော့ အမှန်ပင်။
ဆေးရုံမီးဖွားချိန်မှာ အရေးပေါ်သုံးရမည့် ‘ချုပ်ကြိုး’ တို့၊ ‘ဆီ’ တို့ကအစ
ပြည့်စုံအောင် ထည့်သွားလေ့ရှိသည်။
“ဒါတွေ ကိုယ့်မှာ မပြည့်စုံရင်
မျက်နှာငယ်တယ် အစ်ကိုရေ့၊ မရှိ ရှိတာနဲ့ အဖြစ် လုပ်ပေးလိုက်ရင်လည်း ကိုယ်ပဲ
ခံရမှာ၊ အဲဒီတော့ ပိုပိုသာသာလေး ယူသွားရင် မျက်နှာရတယ်၊ ကလေး ရေချိုးဖို့
‘ဆီ’ ဆိုရင် ကုန်လှ ငါးကျပ်သားပေါ့၊ ဒါပေမဲ့ အေးမူက တစ်ဆယ်သားလောက်
ထည့်သွားတာ၊ ပိုတော့ လှူပါတယ်ပေါ့ အစ်ကိုရာ၊ ချုပ်ကြိုးလည်း ဒီအတိုင်းပဲ၊
အေးမူက ဖာ့စပ် တုန်းကတောင် တစ်ထုပ်ပဲ ကုန်တာ၊ ဒါပေမဲ့ နှစ်ထုပ် ဝယ်ရမယ်၊
ပိုတဲ့ တစ်ထုပ် လှူတယ်ပေါ့၊ ဒါဆို အဆင်ပြေတာပဲ”
ဆယ်တန်းကို ဘီနှင့်
အောင်ခဲ့ဖူးသော အေးမူက သည်လိုပင် အင်္ဂလိပ်စကားလေး တစ်လုံးတလေ
ကြားညှပ်ပြောလေ့ရှိတာကို ကရုဏာ တစ်ဝက်တပျက်နှင့် ပြုံးရသေး၏။
မနက်ကတော့ ချုပ်ကြိုးကို လေးထုပ်ကြီးများတောင် ဝယ်ခဲ့ဖို့ မှာသည်။
“သေချာပါတယ် အစ်ကိုရာ အမြွှာမှ အမြွှာပါ၊ အိုဂျီက မတင်မကျ ပြောပေမဲ့ အေးမူ
တပ်အပ်သိပါတယ်၊ ဗိုက်က တစ်ခါတစ်ခါ နှစ်ခြမ်းကွဲသလို ဖြစ်နေပြီး ဘယ်ရောညာရော
နှစ်ဖက်စလုံးက အမြဲလို လှုပ်နေတာ အစ်ကိုရဲ့၊ အို … လွယ်ထားရတာကိုက
အသိသာကြီး၊ နှစ်ယောက်ပါ၊ ဗိုက်ခွဲချင် ခွဲရမှာ၊ အနည်းဆုံး ချုပ်ရိုးကတော့
များမှာပဲ”
အေးမူက သွေးအေးအေးနှင့် အသေးစိတ် ပြောနိုင်သလောက် ကိုလွင်ဦးမှာ တွန့်၍ တွန့်၍ သွားသည်။
“ဘာဖြစ်ဖြစ် အေးမူတော့ သိပ်အားရတာပဲ၊ ခု သားတစ်ယောက်၊ သမီးတစ်ယောက် ရထားတာ
နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက် လိုချင်နေတာ၊ အမြွှာမောင်နှမ
မွေးလိုက်ရင် တစ်ကြိမ်တည်း ပြည့်စုံသွားပြီပေါ့”
ကိုလွင်ဦးသည်
အနည်းငယ် စိတ်ရှုပ်သယောင်ရှိကာ အေးမူနှင့်အတူ ရောပြီး မတက်ကြွနိုင်။ လက်ရှိ
ကလေးနှစ်ယောက်နဲ့တောင် ဗြောင်းဆန်နေတာ နောက်နှစ်ကောင်သာ တစ်ပြိုင်နက်တည်း
ပူးလာရင်တော့ ထိပ်မွေးမှ ကျန်ပါတော့မလားဟု တစ်ခြမ်းလိုက်၍ ပြောင်စပြုနေသော
နဖူးပြင်ကို ယောင်ပွတ်မိသည်။
သို့သော် မိုးလင်းလျှင် အိမ်က
ထွက်ဖို့သာ စိတ်စောနေတတ်ပြီး နေဝင်မှ အိမ်ပြန်ကပ်လေ့ရှိသော စာပေလောကသား
ကိုလွင်ဦးမှာ သားသမီးတွေနှင့် နေချိန်ရယ်လို့ တယ်မရှိလှ။ ကလေးထိန်းရသည်
ရယ်လို့ မကြုံဖူးသလောက်ပင်။ သာမန် ချီရုံပိုးရုံ စတိလောက်မို့
ကလေးနှစ်ယောက် အဖေရယ်လို့ အမည်ခံနိုင်ရုံမျှသော မိမိ အနေအထားကို ရုပ်ခြည်း
သတိရကာ နဖူးပြင် အရေးအကြောင်းတွေ ချက်ချင်း လျော့ပြေသွားသည်။
မြက်နုတ် ပေါင်းသင်ရင်း၊ နှင်းဆီဆူးတွေ တဖောက်ဖောက် အစူးခံရင်း
အိမ်ဆိုင်ကလေး တစ်ဖက်နှင့် ယောက်ယက်ခတ်နေ ရှာသော မယားသည် အေးမူကို သနားလည်း
သနား၊ ကျေးဇူးလည်း တင်ချင်လာကာ-
“ဒီတစ်ခါ မွေးရင် အေးမူ ပင်ပန်းဦးတော့မှာပဲ၊ အိုဂျီကို ပြောပြပါလား၊ မွေးရင်း ဖွားရင်း တစ်ခါတည်း အပြီးသတ်လိုက်ရအောင်”
“ဟင် … အစ်ကိုကလည်း မွေးမှာက ဘာကလေးတွေ ထွက်လာမှန်းမှ မသိသေးဘဲနဲ့၊
ကျားကလေးတွေချည်း ဆိုရင် သမီးကြီးအတွက် အဖော်လိုဦးမှာ၊ မ ကလေးတွေချည်း
လာရင်လည်း အနည်းဆုံး သားတစ်ယောက်တော့ ထပ်ပြီး ယူကို ယူဦးမှ၊ ပြီးတော့
အေးမူ အသက်ကလည်း ၂၆ နှစ်ပဲ ရှိသေးတာကို၊ ဘယ်လိုလုပ်ပြီး တရားဝင်ပါ့မလဲလို့၊
ဘာလဲ အစ်ကိုက ကလေး‘တောက်’ နေပြီလား၊ ဒါဆိုရင်လည်း အေးမူ နေ့တိုင်း
စားရတယ်ဆိုတဲ့ ဆေးကို စုံစမ်းပြီး ရှာဝယ်စားပါ့မယ်လေ၊ သိပ်ဈေးမကြီးဘူးတဲ့၊
ဒါပေမဲ့ အားနည်းတတ်တယ်၊ လူကို ထိခိုက်တယ် ဆိုသလားလို့၊ အင်းလေ … ထိချင်လည်း
ထိပလေစေတော့၊ စတယ်ရယ်လိုက်ဇေးရှင်းတော့ မလုပ်ချင်သေးဘူး၊ အေးမူပဲ ဆေးတွေ
ရှာစားပါ့မယ်”
တစ်သက်နှင့်တစ်ကိုယ် အေးမူရှေ့မှာ မနေတတ်၊ မထိုင်တတ်
ရှက်တက်တက်ကြီး ဖြစ်ခဲ့ရသည်။ ရိုးရိုးစင်းစင်းကြီး တွေး၍ တွေးရသလောက်
ပြောချနေသော မယားသည်ကို မိမိသမာဓိက အမီမလိုက်နိုင် ပါကလား။
မိန်းမတို့သည် သားမွေးခြင်းကို မတင်းတိမ်နိုင်ဟု စကားဟောင်းတစ်ခု
တွင်ရစ်ခြင်းမှာ အေးမူတစ်ယောက် အတွက်ပဲ ဖြစ်လိမ့်မည်။ ခုလည်း အမြွှာ
မွေးရမည်ကို နှင်းဆီပွင့်တွေ ကတ်ကြေးနှင့် ညှပ်ရသလို အားရတက်ကြွနေ၏။
ချုပ်ကြိုးတွေ၊ ဆေးဝါးသာမက ဖလန်နယ်စ အနီတစ်ကိုက်၊ အပြာတစ်ကိုက် မှာသေး၏။
သားနှင့်သမီးအတွက် နိမိတ်ယူသည့်သဘော။
“ဘလူး ဖော် ဘွိုင်းလေ
အစ်ကိုရဲ့၊ အနီက သမီးအတွက်၊ ဆေးရုံကအဆင်းမှာ ထွေးဖို့၊ ဆောင်းဦးပေါက်ပြီ
ဆိုတော့ ချမ်းပြီလေ၊ အရောင် ရအောင်သာ ရှာခဲ့နော် အစ်ကို၊ ဈေးများချင်
များပါစေ”
သို့ဖြင့် အေးမူ ထည့်ပေးလိုက်သော ဈေးဖိုးငွေ ၁၅၀ ကြီးများတောင် အိတ်ကပ်ထဲမှာ ပါခဲ့သည်။
ခုတော့ … မနက်က မြနှင်းဆီထံမှ ဖုန်းရသည်။
ဆယ်နှစ်တာအတွင်း၊ ပထမဆုံးအကြိမ် ဖုန်းခေါ်ခြင်း။
“စကားပြောချင်လို့ပါ မောင်၊ မြအဖို့ရာ ဘက်တူရည်တူ ဘာသာစကား တူတဲ့
လူရယ်လို့ အနီးစပ်ဆုံး မောင် တစ်ယောက်ပဲ ရှိလို့ပါ၊ နာရီပိုင်းလောက် မောင့်
သားမယားတွေဆီက တရားသဖြင့် အခွင့်အရေး ယူပါရစေ”
လမ်းခွဲခဲ့ကြပြီ
ဆိုကတည်းက အဝေးမြင်၊ အဝေးကြည့်၊ အဝေးသိဖြင့် ခပ်ခွာခွာ နေလာခဲ့သော
အချစ်ဟောင်း။ မြနှင်းဆီနှင့် ပတ်သက်၍ မျက်စိထဲ၊ နားထဲ ဝင်လာသမျှ
အမြင်အကြားတွေကို ရင်တွင်း တစ်နေရာမှာပဲ သိုသိပ် သိမ်းဆည်းခဲ့သည်။
ညှိနှိုင်း စေ့စပ်၍ မရလောက်အောင် ဘဝချင်း အဟပ်ကွာခဲ့ပြီကို နားလည်ခဲ့ပြီမို့
ကိုလွင်ဦး အဖို့တော့ ဘာတစ်ခုမှ စကားဆိုစရာ မရှိတော့ပါ။
* * *
ဟိုတုန်းကတော့ ကိုလွင်ဦးလောက် မြနှင်းဆီကို စကားပြောနိုင်သူ မရှိဟု
ထင်သည်။ ငယ်ငယ်ရွယ်ရွယ် အယ်ဒီတာပေါက်စ ဘဝမှာ မိန်းကလေး များစွာနှင့်
တရင်းတနှီး ဆက်ဆံရဖူးသည်။ သို့သော် မိန်းကလေးတွေကို ပန်းနှင့် ဥပမာ
တင်စားရမည် ဆိုလျှင် မြနှင်းဆီသာ ပန်းများတကာ့ တရာ့ဖျား။
တစ်ခု
ထူးခြားသည်မှာ မြနှင်းဆီ ဆိုသော ပန်းကလေးကို လမ်းဘေးက သေးနုပ်စုတ်ချာသော
လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စတင် တွေ့ခဲ့ရခြင်း ဖြစ်လေသည်။ တစ်စားပွဲတည်း
အတူတူ ထိုင်နေသော သူငယ်ချင်းတွေက မိမိကို လှမ်းခေါ်ပြီး မိတ်ဆက်ပေးသည်။
“မြောက်ပြန်လေစာအုပ်မှာ ကဗျာခံစားခြင်း ဆောင်းပါး ရေးတဲ့ မြနှင်းဆီလေ”
သည်တုန်းက ‘မြောက်ပြန်လေ’ ကြော့ကြမ်းသော့သွမ်းဆဲ ကာလ။ စာပေအနုပညာ ဝေဖန်ရေး
ဆောင်းပါးများ စုပေါင်းထုတ်ဝေသော ထို ‘မြောက်ပြန်လေ’ကို စာပေ လောကသားပီပီ
စိတ်ဝင်စားနေသည်။
ထို စာအုပ်ထဲမှာ မြနှင်းဆီ၏ ရှတသော ကဗျာခံစားချက်
ဆောင်းပါးက ထူးထူးခြားခြား လှုပ်ခတ်သည်။ သဘောကျ ကြိုဆိုသူတွေ ရှိသလို
ကန့်ကွက်ငြိုငြင်သော အသံများ ညိုးညိုးညံညံ ကြားရသည်။ ဘာပဲဖြစ်ဖြစ်
သမားရိုးကျထဲက ခွဲထွက်ပြီး ထွင်းဖောက် ခံစားတတ်သော ‘မိန်းကလေးမို့’
မြနှင်းဆီ ဆိုတာ ဘယ်လိုများပါလိမ့်လို့ သိချင်စိတ် ပေါ်ဖူးသည်တော့ အမှန်ပင်။
စားပွဲတစ်ဝိုင်းတည်းမှာ အတူထိုင်ကြရင်း မြနှင်းဆီကို တိတ်ဆိတ်စွာ
လေ့လာနေမိ၏။ တစ်နည်းအားဖြင့် မြနှင်းဆီတည်းဟူသော ‘သက်ရှိစာအုပ်’ ကို
စိတ်ဝင်တစား ဖတ်ရှုနေခြင်းဟုလည်း ဆိုနိုင်သည်။
ကျန်းမာခြင်း
အရင်းခံကြောင့် တစ်မူထားခြား ကြည်စင်လတ်ဆတ် နေသော အသွင်အလျာကို ရုတ်ခြည်း
မြင်သာသည်။ ကျယ်ပြန့်သော မဟာနဖူး၊ စူးလက်သော မျက်လုံး၊ သာမန်ထက် ပေါ်လွင်သော
နှာတံ၊ ကြော့ရှင်း ရှည်သွယ်သော လည်တိုင်တို့က မြနှင်းဆီ၏ အတွင်းသဘော
မာကျော ခိုင်မြဲမှုနှင့် ပွင့်လင်း လွတ်လပ်မှုတို့ကို ပြသနေသည် ထင်၏။
သဘာဝ မျက်နှာကို ဆံနွယ်နက်မှောင်တွေက ဘောင်ကြက်ထားသဖြင့် အသက်ထက်
ပိုမိုပျိုမျစ်နေသော မြနှင်းဆီက လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက် ထပ်မှာပြီး
သောက်သည်။ သူ့ရှေ့မှာလည်း သောက်ပြီးသား ပန်းကန်နှစ်စုံ မသိမ်းရသေး။
တခြား အပေါင်းအသင်းတွေကတော့ ဘာမှ မဆန်းသလို ‘နှင်းဆီ ဆေးပေါ့လိပ်’ကိုယ်စီ
ခဲနေကြသည်။ မြနှင်းဆီနှင့် အနီးဆုံး ယှဉ်လျက် ထိုင်နေသော ဖြူဖြူပုပုကလေး
မျက်နှာပိုင်ရှင် ဝေလုက ကြည်အေး၏ ဆရာဝန်ဘဝ အတွေ့အကြုံ ခံစားချက် ကဗျာရှည်
တစ်ပုဒ်ကို ရွတ်ပြနေသည်။
လူနာ့ပစ္စည်း၊ သိမ်းရဆည်းရ
နောက်မြီးပါးရှပ်၊ ခုံဖိနပ်တစ်ရန်
လက်ပြတ်စွပ်ကျယ်၊ လည်ပြဲတစ်ထည်
ချည်ကြမ်းလုံချည်၊ နီညိုတစ်ကွင်း
ပြာစင်းတဘက်၊ မျက်နှာသုတ်ပဝါ
ခေါင်းပေါင်းလာသည်၊ လက်မှာဆုပ်ကျစ်
ဝတ်ညစ်ထုပ်ပတ်၊ ကျပ်တန်နှစ်ရွက်
အကြွေဖျက်ထား၊ ဆယ်ပြားစေ့ ‘လေး’
ဆေးပေါ့လိပ် ‘နှစ်’၊ မီးခြစ် ‘တစ်’။
နားထဲ ဖိတ်တစ်ဝက် စင်တစ်ဝက် ဝင်လာနေသော ကဗျာဆရာ ဝေလု အသံကို တဝီဝီ
ဖြတ်သန်း ပြေးလွှားနေသည့် ကားသံတွေ ကြားက နားစွင့်နေဆဲ မျက်လုံးမှေးမှေး၊
နားရွက်သေးသေး၊ နှုတ်ခမ်းတွဲတွဲ ကျော်ခိုင်က မျက်စိတစ်ဖက် မှိတ်ပြလေသည်။
ပြီး ကိုလွင်ဦး နားနားကပ်ကာ …
“ဒါလေးက အဲသလို စိတ်ကတော့ ရှည်ရတာပေါ့ဗျာ”
အမှတ်မထင် ထောင်းခနဲ ထွက်သွားသော ဒေါသကို မနည်းကြီး ပြန်ထိန်းလိုက်ရသည်။
မြနှင်းဆီ ဆိုသော မိန်းကလေးကိုသာမက ဝေလုကိုရော မိမိတို့ တစ်ဝိုင်းလုံးပါ
ထိခိုက်စေသော စကား။ ဒီကောင် ဝိုင်းထဲ ပါနေတာကိုက ကျက်သရေ ယုတ်လှသည်။ စရိုက်
မတူသူကို လူရာသွင်းမိ သည်ကိုက မိမိတို့အမှား။ စာသမား မဟုတ်သော်လည်း
ဒီကောင်လို ရူးကြောင်ကြောင် စာပေပွဲစားတွေက ခုလို ဝိုင်းတွေထဲ စုန်းပြူး
ပါတတ်သည်။
ထို့အတူ ရှဲဒိုး ရေးပေးနေရ သလိုလို၊ ဒီလူ့စာအုပ်
ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်ပေးနေရ သလိုလို၊ ဟို စာအုပ်တိုက်အတွက် စာမူ
လိုက်စုပေးနေရ သလိုလို၊ ဒီ စာရေးဆရာ၏ ကိုယ်ရေးလက်ထောက် လိုလို။
ပြီးတော့ ဘယ်မိန်းကလေးကိုမှ လေးစားထိုက်တယ် မထင်။ မိန်းမမြင်လျှင် ရုန့်ရင်းရိုင်းစိုင်းသော စိတ်ကူးသာ ပေါ်လေ့ရှိသူ။
မြနှင်းဆီကို ပိုပြီး ကရုဏာသက်မိသည်။ ကိုယ့်နှမလေးသာ ဖြစ်လျှင်
သည်လိုကောင်စားတွေ ပါလာတတ်သည့် လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ မထိုင်စေရပါဘူး။
မြနှင်းဆီကတော့ မသိသား ဆိုးရွားစွာ၊ သို့မဟုတ် ယုံကြည်စိတ်ချစွာ
ချိုပေါ့ကျ လက်ဖက်ရည်ကို အေးဆေးစွာ တစ်ခွက်ပြီးတစ်ခွက် မှာသောက်ရင်း
‘ကဗျာလေ’ ကို လွတ်လပ်စွာ ရှူရှိုက်နေသည်။
“ကြည်အေးကို ကျွန်တော်
ရိုသေမြတ်နိုးတာ အဲဒါမျိုးတွေအတွက်ပါပဲ မြနှင်းဆီ၊ ခင်ဗျားတို့က
တစ်ခါလာလည်း ညကြီးမင်းကြီး ထပြီး ထိုင်နေ တစ္ဆေ၊ တစ်ခါလည်း မီ …”
ကိုလွင်ဦးလည်း မွေးညင်းနုများ ထောင်ထမတတ် ခေါင်းနပန်း ကြီးသွား၏။ ဝေလုသည်လ
ည်းကောင်း၊ မြနှင်းဆီသည် လည်းကောင်း တစ်စုံတစ်ရာအတွက် ပဋိပက္ခ ပြင်းထန်နေကာ
သူတို့မျက်လုံးတွေ စူးစူးလက်နေသည်။ အရိုင်းစိတ်၊ မိစ္ဆာစိတ်တွေ ဘယ်လို
ကပ်ငြိနိုင်ပါမလဲ။ ကျော်ခိုင်နှင့် ခွေးခြေခုံချင်း ခွာလိုက်ကာ ဝေလုအနား
တိုးထိုင်ပြီး ရေနွေးကြမ်းတွေ လိုက်ငှဲ့ပေးနေလိုက်သည်။
မြနှင်းဆီက မိမိဘက် တစ်ချက် ဝေ့ကြည့်ကာ-
“ဒီဆောင်းပါး တစ်ပုဒ်တည်းနဲ့ မြနှင်းဆီရဲ့ ခံစားချက်တွေ
ကုန်ခန်းသွားပြီလို့ ကိုဝေလု ထင်သလား၊ ပြောဦးမှာပါ၊ ဆက်ရေးဦးမှာပါ၊
မြနှင်းဆီက ဒီတစ်ပုဒ်ပဲ ရေးပြီး မနက်ဖြန် သေသွားတာမှ မဟုတ်ဘဲ၊ တစ်ခုတော့
ရှိတယ်၊ ‘တစ္ဆေ’ နဲ့ မြနှင်းဆီ နှလုံးခုန်နေတာ အမှန်ပဲ၊ ‘နွမ်းလျအိမ်ပြန်’
နဲ့ ‘မီ’ နဲ့ အသက်ရှူ မြန်နေတာလည်း အမှန်ပဲ၊ အဲဒီအတွက်တော့ ရှင်နဲ့
ကွဲလွဲနေမှာပဲလေ၊ ဒါဟာ မြနှင်းဆီပဲကိုး ကိုဝေလုရဲ့၊ ဝေလု မဟုတ်တဲ့
မြနှင်းဆီကိုး”
မြနှင်းဆီ … မြနှင်းဆီ ဟု ရင်ထဲက မြည်တမ်းရင်း
သဘောပေါက်စ ပြုသည်။ သူ့ကိုယ်သူ ယုံကြည်မြဲမြံသော၊ သူ့ကိုယ်သူ တာဝန်ယူတတ်သော
မိန်းကလေးမို့ ပိုပြီး စိတ်ဝင်တစား လေးစားမိသည်။ သို့သော် ကျော်ခိုင်လို
ကောင်စားတွေက အများကြီး။
ရှပ်လက်ရှည်ဖားလျားနှင့် ကချင်လွယ်အိတ်ကို
စလွယ်သိုင်း လွယ်ထားသော ထိုမိန်းကလေးကို သည့်ထက်ပိုပြီး နားလည်အောင်
ကြိုးစားကြည့်ချင်စိတ် တဖွားဖွား ပေါ်သည်။ သို့ဖြင့် မြနှင်းဆီ ရှိတတ်သော
နေရာတွေကို အရောက်အပေါက် များလာရာက တစစ ရင်းနှီးခဲ့ရလေသည်။
တစ်ခါတစ်ရံ တစ်ကျပ်ခွဲတန်းက တစ်ယောက်တည်း ရုပ်ရှင်ကြည့်တတ်သော မြနှင်းဆီကို
စိတ်ပူပန်စွာ ရုံပေါက်ဝက စောင့်ဖူးသည်။ လက်ဖက်ရည်ဆိုင်မှာ ကျော်ခိုင်လို
ကောင်စားတွေနှင့် ဝိုင်းဖွဲ့နေတာ တွေ့ပြန်တော့ ကြံကြံဖန်ဖန် ရမယ်ရှာပြီး
ခွဲထုတ်မိသည်။ မြနှင်းဆီ လွပ်လပ်ပွင့်လင်းပုံကို သဘောကျသော်လည်း
အတင့်မရဲသင့်ဟု ဝေဖန်မိသည်။
“မြ မအပါဘူး ကိုလွင်ဦးရဲ့၊ မြ
သူတို့အားလုံးကို သဘောပေါက်ပါတယ်၊ တချို့ကသာ မြကို သဘောမပေါက်ကြတာပါ၊ ဥပမာ
တွေ့ကရာကောင်တွေနဲ့ လျှောက်မသွားဘဲ ဘာလို့ မနေနိုင်ရမလဲ၊ လက်ဖက်ရည်ဆိုင်
မထိုင်ဘဲ ဘာလို့ မနေနိုင်ရမလဲ”
ပိုင်စိုးသော လေသံဖြင့် ဆူပူမိသလို ရှိသည်ကို မြနှင်းဆီက မကန့်ကွက်ချေ။ ကလေးလို ပွင့်လင်းစွာ ရယ်မောရင်း-
“မြက လက်ဖက်ရည် ကြိုက်တာကိုး ကိုလွင်ဦးရဲ့၊ အိမ်က ပို့တဲ့ ပိုက်ဆံ
မလောက်ရင် ထမင်းမစားဘဲ လက်ဖက်ရည်ပဲ လနဲ့ချီ သောက်နေတာ ဘယ်သူမှ မသိကြလို့”
“အို … ဟုတ်လား” ဟု မြ၏ အထက်တန်းကျကျ ဝတ်စားဆင်ယင် ထားသော အသွင်အလျာကို ခြေဆုံးခေါင်းဖျား အကဲခတ်ရင်း မယုံသလို မေးသည်။
“စာမေးပွဲကို တစ်တန်း နှစ်နှစ်နှုန်းနဲ့ အောင်နေတော့ အိမ်ကလည်း
မကြည်ဖြူလှဘူး ကိုလွင်ဦးရဲ့၊ တစ်လ ငါးရာထက် ပိုတောင်းလို့ မရဘူး၊
အပြင်ဆောင် နေရတော့လည်း စရိတ်စက ပိုများတယ်လေ၊ ဝတ္ထု၊ မဂ္ဂဇင်းလေးတွေကလည်း
ဝယ်ချင်သေးတော့ ပိုက်ဆံ လောက်အောင် ထမင်းနပ်ကျော် စားပြီး လက်ဖက်ရည်
ဖိသောက်ရင်း စွဲသွားတာ၊ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်းတွေနဲ့
စကားပြောလို့လည်း ကောင်းတယ် မဟုတ်လား၊ ယုံကြည်ချက်ချင်း၊ ပန်းတိုင်ချင်း
ကွဲလွဲတောင် အနုပညာ ဘာသာစကား တူနေတာကိုး”
“မဟုတ်သေးပါဘူး မြရာ၊ တကယ်တော့ မြက မိန်းကလေးပဲဟာ၊ ဟိုတွေ့ ဒီတွေ့ သိပ်တွေ့နေရတော့ မဟုတ်သေးပါဘူး”
“ဘာလဲ ကိုလွင်ဦးက မြကို မိန်းကလေးလို့ပဲ မြင်တယ်ပေါ့၊ ဟုတ်လား”
သူ ဒေါပွလေသည်။ မိန်းကလေး အမူအရာ အပြည့်ဖြင့် နှုတ်လှန်ထိုးဟန်ကို ချစ်စနိုး ပြုံးကြည့်ရင်း -
“မမြင်ပါဘူး၊ မြဟာ စာပေသမားပါ၊ လေးစားလောက်တဲ့ စာဖတ်သူ၊ တစ်ခါတစ်ရံ
စူးရှထက်မြက်တဲ့ စာပေခံစားမှုဆောင်းပါး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးလေ့ရှိသူ၊
ကျွန်တော် နားလည်တာပေါ့ မြရယ်၊ ဘာဖြစ်ဖြစ် မြကကော မိန်းကလေး ဆိုတဲ့
အဖြစ်ကို ဖျောက်ပစ်လို့ ရမယ် ထင်လို့လား၊ ပြီးတော့ ဟိုဟိုဒီဒီ လမ်းမသလားတဲ့
စာသမား မိန်းကလေးတွေ အများကြီး ရှိတာပဲ၊ ကျစ်လျစ်သိုသိပ်တယ် ဆိုတာ
မိန်းကလေးတွေအတွက် …”
“နိုး … နိုး … မြကို တရားဟောဖို့
မကြိုးစားနဲ့နော်၊ မြ ကိုလွင်ဦးဆီက လေးစားမှုကို မမျှော်လင့်ချင်ပါဘူး၊
ဘယ်သူ့ဆီက လေးစားမှု၊ နားလည်မှုကိုမှလည်း ကြိုးစားမယူချင်ဘူး၊ တစ်ခု
ပြောနိုင်တာက မြ မလိမ်တတ်ဘူး၊ စိတ်ထဲရှိသလို နေတယ်၊ ဟန်ပန်မူရာတွေကို
မုန်းတယ်၊ စိတ်ထဲ ရှိသလို မနေရဲတဲ့၊ ဟန်ပန်မူရာတွေ များတတ်တဲ့၊ လူအထင်ကြီး
ခံချင်ကြတဲ့ မိန်းကလေး ဆိုတဲ့ အမျိုးအစားကိုလည်း မုန်းတယ်၊ တကယ် …
ကိုလွင်ဦးရဲ့၊ မိန်းမ ဖြစ်ရတာ မြကိုယ်မြ သိပ်မုန်းတာပဲ၊ ဒါကြောင့်
မိန်းမဆန်မိမှာ မြ သိပ်စိုးရိမ်တာပဲ”
“မြက မိန်းကလေး ဖြစ်ပြီး
မိန်းမချင်းအပေါ် သိပ်လျှော့တွက်နေပြီ ထင်တယ်၊ ကောင်းတယ်၊ ဆိုးတယ်၊ ယုတ်တယ်၊
မြတ်တယ် ဆိုတာ မိန်းမပဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ် ရှိချင်သလို
ရှိကြတာပဲ မြရဲ့၊ ကိုယ် သတိပေးချင်တာက ယောက်ျား ဆိုတိုင်းလည်း
အထင်မကြီးဖို့ပါ”
“အို … မြကလည်း လူတွေကို သိပ် အထင်မကြီးလှပါဘူး၊ အထင်ကြီးစရာ ရယ်လို့လည်း သိပ်မရှိလှပါဘူး”
ခင်ကြီးတစ္ဆေပဲဟု ကိုလွင်ဦးက မှတ်ချက်ချမိသည်။ လူတွေကို အထင်မကြီး
ချင်လှသော မြက ကိုလွင်ဦး တစ်ယောက်ကိုတော့ အထိုက်အလျောက်
လိုက်လိုက်လျောလျော ရှိပေသည်။ မြရဲ့ စံရိပ်ငြိမ်ဘော်ဒါ ဧည့်ခန်းဆောင်မှာ
ဝင်ခွင့်ထွက်ခွင့် ပြုသည်အထိ ကိုလွင်ဦးကို နေရာပေးလာသည်။
အရင်က
မြနှင်းဆီ နံဘေးမှာ အုပ်သင်းဖွဲ့နေ တတ်သည့် ပုဂ္ဂိုလ်လေးတွေလည်း အလိုလို
ရှဲမှန်းမသိ ရှဲကုန်ကာ ကိုလွင်ဦးကို ကရုဏာသက်သော မျက်လုံးတွေနှင့်
သမင်လည်ပြန် ကြည့်ကြသည်။
ကဗျာဆရာဝေလု တစ်ယောက်ကတော့ ပွင့်လင်းလေသည်။
“မြနှင်းဆီက လက်ဖက်ရည်ဆိုင် အတူထိုင်ပြီး ဆွေးနွေးငြင်းခုံဖို့ ကောင်းတဲ့
စကားပြောဖက်သာ ဖြစ်တယ်ဗျ၊ သူ့အဆောင် ဧည့်ခန်းအထိ လိုက်လည်ပြီး ရည်းစားစကား
ပြောဖို့ ကြံစည်အပ်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး၊ ဘယ် … မိန်းကလေးနဲ့မှ
မတူဘဲဗျာ၊ သူကကော လင်ယူသားမွေး ကိစ္စကို အလွယ်တကူ စဉ်းစားမယ်လို့ ခင်ဗျား
ထင်သလား”
ကိုလွင်ဦးက ပင်ကို အေးဆေးသော အမူအရာဖြင့် ရဲရင့်စွာ ပြုံးသည်။
“ဒါက သူ့ကိစ္စပဲလေ”
“အင်း … ခင်ဗျားကိစ္စကတော့ ဘာဖြစ်ဖြစ် ဆက်လုပ်တော့မယ် ဆိုပါတော့၊ ဒီမှာ
ကိုလွင်ဦး၊ ခင်ဗျား မြနှင်းဆီကို လက်ထပ်ဖို့အထိ ဆုံးဖြတ်ရဲပြီဆိုရင်
ခင်ဗျား ရူးလို့ပဲဗျာ၊ ဒါမှမဟုတ် လူစွမ်းကောင်းပဲ”
ဝေလုပြောသလို
လူစွမ်းကောင်းကြီး မဟုတ်သည့်တိုင် မရူးတာတော့ သေချာသည် ထင်၏။ မြနှင်းဆီလို
အကိုင်အတွယ် ခက်လှသည့် ဆတ်တောက်တောက် မိန်းကလေးမျိုးကို ချစ်နှစ်လိုမိတာပဲ
သူ သိသည်။ ပြီးတော့ သဘောထားချင်း မတိုက်ဆိုင်သည့်တိုင် မြနှင်းဆီနှင့်
စကားပြောလို့ ကောင်းလှသည်။ အကြောင်းအရာ များစွာကို တန်းတူရည်တူ
ဆွေးနွေးနိုင်သည့် မိန်းကလေး။
တစ်နေ့တော့ စကားပြောရင်း မြရဲ့
ကိုယ်ရေးကိုယ်တာ ကလေးတွေဆီ ရောက်သွားသည်။ သည်တော့မှ မြနှင်းဆီကို
တစ်ခိုင်လုံးရွှေ ရုပ်ရှင်ကုမ္ပဏီ ပိုင်ရှင် ဦးမြမောင်၏ သမီးမှန်း တအံ့တဩ
သိလိုက်ရလေသည်။
“မြ မာမီ ဆုံးတော့ မြ ဆယ်နှစ်သမီးလေ၊ မြ ၁၅ နှစ်
ဆယ်တန်း ဖြေတဲ့နှစ်မှာ ဒက်ဒီ နောက်အိမ်ထောင်ပြုတယ်၊ မြ မိထွေးက မြထက်
သုံးနှစ်ပဲ ကြီးတယ် ကိုလွင်ဦးရဲ့၊ ဆိုးတော့ မဆိုးပါဘူး၊ ဒါပေမဲ့ မြနဲ့
မတိမ်းမယိမ်း ရှိတဲ့ မိန်းမတစ်ယောက်ကို ဖအေနဲ့ တန်းတူထားပြီး ဘယ်လို
ဆက်ဆံလို့ ရပါ့မလဲ၊ ဒါ့ကြောင့် မြ အိမ်မပြန်ဘဲ နေတာ၊ ကျောင်းပြီးတဲ့အထိ
စာမေးပွဲကို အချိန်ဆွဲနိုင်သလောက် ဆွဲပြီး ဖြေနေရမှာပဲ၊ အိမ် မပြန်ရ
ပြီးရော”
ဒါကြောင့် လောကကို ဒေါင်လိုက် မြင်နေတာကိုးဟု သဘောပေါက်စ ပြုသည်။ အရာရာကို ထီမထင် စိတ်ကလေး ဖွံ့ဖြိုးလာရခြင်း၏ နိဒါန်းအစ။
“ဟိုတစ်လောက ခရေဦး မဂ္ဂဇင်းတိုက်မှာ လက်ထောက်အယ်ဒီတာ ဝင်လုပ်မလားလို့
စဉ်းစားသေးတယ်၊ ဒါပေမဲ့ အယ်ဒီတာချုပ် ဆိုတဲ့လူနဲ့ တာဝန်ခံအယ်ဒီတာ ဆိုတဲ့
လူက မြ လေးစားလို့ မရတဲ့ လူတွေ ဖြစ်နေတယ်၊ အခွံမှန်း၊ ဖွဲမှန်း
သိလျက်နဲ့တော့ အကျောမခံနိုင်ဘူးလေ”
အယ်ဒီတာ ကိုလွင်ဦး ကျောထဲ
စိမ့်တိမ့်တိမ့်ပင် ဖြစ်မိ၏။ “အထင်မကြီးပါဘူး” ဆိုသော မြ လက်သုံးစကားတွေ
သိပ်အသုံးများလွန်း နေသလားဟု စဉ်းစားရင်း ချက်ချင်း ခွင့်လွှတ်ပစ်လိုက်သည်။
“မြ အိမ်ပြန်ချင်ရင် ခုလို အဆောင်မှာ တေပေနေမယ့်အစား ကိုယ့်အိုး
ကိုယ့်အိမ်ကလေးနဲ့ နေကြည့်ပါလား၊ ကိုယ်လည်း အဲသလိုပဲ နေချင်စိတ်
ပေါက်နေပြီ၊ တကယ်ပဲ မြရယ်၊ မြကို တစ်ယောက်တည်း လွှတ်မထားချင်တော့ဘူး၊
ကိုယ့်မျက်စိ အောက်မှာ ထားပြီး အမြဲတမ်း မြင်ချင်၊ ကြားချင်နေတယ်”
ဒါလောက် ရင်းနှီးမှု ရှိနေမှတော့ ရည်းစားစကား ပြောဖို့ သိပ်မခက်လှတော့ပါ။
စကားလုံး အသုံးအနှုန်း အနည်းငယ် ကွဲလွဲတာသာ ရှိမည်။ ကိုလွင်ဦးသည်
စိတ်လိုက်မာန်ပါ ပြောရင်း ပိုမိုရဲတင်းလာကာ လေသံ အနည်းငယ် နှိမ့်၍
သုံးခွန်းသော အစဉ်အလာ စကားကို တစ်ဆက်တည်း ပြောချလိုက်သည်။
“ချစ်တယ် မြ”
အများမိန်းကလေး တကာလိုပင် ပါးပြင်တွေ နှင်းဆီဖူးလာသည်ကို ချစ်စနိုးဖွယ် မြင်ရ၏။ သို့သော် မြက ပွင့်လင်းစွာ ဆိုသည်။
“အဲဒါ မြ သိပါတယ်” ဟု တိုးညှင်းစွာ ဆိုသည်။
အတူနေဖို့၊ လက်ထပ်ဖို့ကို အကြောင်းပြချက် မဲ့စွာ မြက ငြင်းဆန်မြဲ ရှိလေသည်။
“မောင့်ကို မြ ချစ်ပါတယ်၊ ဒါဆိုရင် လုံလောက်ရောပေါ့ကွယ်”
မြကို နားလည်တစ်ချက် နားမလည်တစ်ချက် ဖြစ်ရသည်။ ကိုလွင်ဦး တစ်ကိုယ်တည်း
ငှားနေသော ဂွတ္တလစ် မင်းလမ်းထဲက အိမ်ခန်းကျဉ်းကလေးမှာ နေကုန်နေခန်း လာရောက်
လည်ပတ်လေ့ ရှိသော မြကို ဇွတ်တရွတ် အကြပ်ကိုင်ရမည်လားဟု မိစ္ဆာစိတ်
ဝင်ဖူးသည်။ သို့သော် မြ၏ စင်ကြယ်ပွင့်လင်း ဟန်ကလေးက နှလုံးသားမှာ ခိုက်နေကာ
မြရှေ့မှောက် ရောက်လျှင် စိတ်ရိုင်းတွေ လွင့်ပျောက်ရမြဲ။
တစ်ခါတော့ တောမှာ ကျန်ရစ်သည့် ကိုလွင်ဦး၏အမေ နာရေးကိစ္စကြောင့် တစ်ပတ်ကျော်မျှ မြနှင့် ခွဲခွာလိုက်ရသည်။
ရန်ကုန် ပြန်လာတော့ မြကို မမျှော်လင့်ဘဲ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ
ကျော်ခိုင်နှင့် စကားလက်ဆုံ ကျလျက်သား တွေ့ရလေသည်။ ပေါက်ကွဲလုဆဲဆဲ စိတ်ကို
ဘရိတ်ထိန်းရင်း မြနံဘေးမှာ မျက်နှာမပျက် ဝင်ထိုင်လိုက်ရသည်။ ကျော်ခိုင်ကသာ
အလိုက်သိစွာ စကားဖြတ်ပြီး နှုတ်ဆက်မထသေးဘူး ဆိုလျှင် မြကို သူ
အော်ဟစ်မိလိမ့်မည်။ မြကတော့ သဘောပေါက်လွယ်သည်။
“မောင် ကျွဲမြီးတိုလာသလား”
“မဟုတ်ပါဘူး၊ မြ နေပုံ ထိုင်ပုံကတော့ ကျေနပ်ဖို့ ကောင်းလို့လား”
မြက ပြုံးမြဲပြုံးလည်း မျက်တောင်တွေ စွတ်စိုစ ပြုသည်။
“အဲဒါကြောင့် မောင့်ကို မြ ချစ်ရုံပဲ ချစ်ဝံ့တာ၊ လက်မထပ်ဝံ့တာပဲ မောင်”
ကိုလွင်ဦး ခေါင်းခါပစ်လိုက်သည်။
“မောင်တစ်ယောက် ကျေနပ်အောင် နေဖို့ မြနှင်းဆီ ဖြစ်လာတာတော့ မဟုတ်ဘူး မောင်၊ အဲဒါအတွက်တော့ ခွင့်လွှတ်ပါ မြကို”
ကိုလွင်ဦးသည် အားလျော့ရုံမက စိတ်အပျက်ကြီး ပျက်လာ၏။
“ကိုယ်ကချည်း ကျေနပ်ချင်နေတာ မဟုတ်ဘူး မြရယ်၊ မင်းအတွက် ကြည့်ပြီး ပြောနေရတာ၊ မင်း လူတွေ အကြောင်းလည်း မသိဘူး”
“မြကိုယ်မြ သိပါတယ်၊ မြအတွက် လုံလောက်နေတာပဲ”
ထုံပေပေ အေးစက်စက် အမူအရာကို သည်တစ်ခါတော့ ကိုလွင်ဦး ထောင်းခနဲ ဒေါပွသွားသည်။
“မြကိုယ်မြ သိရုံနဲ့ ဘယ်လုံလောက်မလဲ၊ လူတွေအကြောင်း မင်းသိဖို့ လိုတာပေါ့၊
မင်းကိုလည်း လူတွေက နားလည်ဖို့ လိုတာပေါ့၊ ခုတော့ ငါတောင် မင်းကို
နားမလည်နိုင်သေးဘူး မြ သိလား၊ မင်းဟာ သိပ်အသိရခက်တဲ့ မိန်းကလေး”
“ဒါတော့ မြ မတတ်နိုင်ဘူး၊ ဒါတွေဟာ မြကိစ္စ လုံးဝမဟုတ်ဘူး မောင်၊ မောင်သာ
အသိရ ခက်တဲ့ မိန်းကလေး တစ်ယောက်ကို ဘာကြောင့် ချစ်ခဲ့သလဲ၊ အဲဒါ
ပြန်စဉ်းစား၊ အဲဒါသာ မောင့်ကိစ္စ”
ကိုလွင်ဦး ဗီဇက မိန်းကလေး
တစ်ယောက်နှင့် အချေအတင် အငြင်းပွားရမည်ကို ဝန်လေးလှသည်။ အောက်တန်းကျသည်
ထင်၏။ သည်မှာတော့ ကိုယ့် ချစ်သူမို့၊ မြမို့ ပိုပြီး ရန်မဖြစ်ချင်။
“မောင့်ကို မြ လက်မထပ်နိုင်ဘူး ဆိုတာ သေချာသလောက် ရှိပြီ မောင်၊ ဒါပေမဲ့ မောင့်ကို မြ ချစ်ပါတယ်”
ကိုလွင်ဦး၏ နှလုံးသွေးများ ငယ်ထိပ် တက်ဆောင့်သည်။
“ဘာစကားလဲ မြ၊ ကိုယ့်ကို ကြိုးရှည်ရှည်နဲ့ လှန်တာလား”
မြက အသံထွက်အောင် ရယ်သည်။
“ဒီလောက် ဟောင်းမြင်း ဆွေးမြည့်နေတဲ့ စကားကြီး သုံးနေရသေးသလား မောင်ရာ၊ အယ်ဒီတာ တစ်ယောက် လုပ်နေပြီး …”
ကိုလွင်ဦး ပိုပြီး ရှူရှူရှားရှား ဖြစ်လာသည်။
“ဝေ့လည်ကြောင်ပတ် လုပ်မပစ်နဲ့ မြ၊ ကိုယ့်ကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးစမ်းပါ”
“ပြောနေပြီပဲ မောင်၊ မောင့်ကို မြ လက်ထပ်နိုင်ဖို့ ခဲယဉ်းသွားပြီ၊
ဘာ့ကြောင့်လဲ ဆိုရင် တစ်စုံတစ်ယောက်ရဲ့ လက်မောင်းကို မှီနွဲ့လို့ချည်း မြ
မနေနိုင်ဘူး၊ လောက အလုံးမှာ မြ သွားချင်ရာ သွားပြီး နေချင်သလို နေမှာ၊
လမ်းကြိုလမ်းကြား ဖြစ်ချင်ဖြစ်မယ်၊ လက်ဖက်ရည်ဆိုင် ဖြစ်ချင်ဖြစ်မယ်၊
ရုပ်ရှင်ရုံထဲက နှစ်ကျပ်ခွဲတန်း ထိုင်ခုံပေါ် ရောက်ချင်ရောက်မယ်၊ စိတ်ထဲ
ရှိသလို နေမယ်၊ ဒါပေမဲ့ မောင့်ကို မြ ချစ်ပါတယ်”
“တော်တော့ မြရယ်”
“ဒီထက်လည်း ပိုပြီး ပြောစရာ မရှိတော့ပါဘူး မောင်”
“အလကား ဟစ်ပီပဲ” ဟု ဒေါပွပွနှင့် ရေရွတ်မိသည်ကို မြက ကြားမိအောင် ကြားလိုက်သည်။
“ဒါတော့ မောင် မြကို ဆဲတာပဲ၊ တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံး သည်းခံလိုက်မယ် မောင်၊ ချစ်တဲ့စိတ်နဲ့ သည်းခံလိုက်ပါ့မယ်”
ကချင်လွယ်အိတ်ကို ထုံးစံအတိုင်း စလွယ်သိုင်းလွယ်ကာ ရှပ်အင်္ကျီကို
တင်ပါးပေါ်မှာ ဆွဲဆန့်ချရင်း ထိုင်ရာမှ ထသည်။ ကိုလွင်ဦးက မချိတရိ
ပြုံးရင်း-
“သွားတော့မယ်လား၊ ကောင်းပါတယ်၊ ဒါနဲ့များ ချစ်တယ် ဆိုတဲ့စကား ပြောတတ်တယ်နော် မင်း”
“မောင့်ကို မြ ချစ်တယ် ဆိုတာ မောင်က မမေးဘဲတောင် မြဘာသာ မြ ပြောပိုင်ခွင့် ရှိတာပဲ၊ ဒါကို ယုံပါလို့ မြ အသနားမခံပါဘူး မောင်”
လေတိုက်သလို ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်လေး လွင့်ပျောက် သွားသည်အထိ ငေးငိုင်ကျန်ရစ်သည်။
နှမြောနမဲနှင့် လမ်းခွဲခဲ့ရသော ချစ်သူ။
တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်း မဆိုင်မိအောင် နေရာက ဝေးသည်ထက်
ဝေးသွားကြသည်။ မြကို အရင်ကလို ဟိုတွေ့သည်တွေ့ တွေ့လည်း ခေါင်းထဲက အမြန်ဆုံး
ရှင်းထုတ်ပစ်ဖို့ ကြိုးစားရလေသည်။
မိမိကိုယ်ကိုယ် ဆောက်တည်ဖို့
ကြိုးစားရင်း အမေ သဘောတူသည့် အေးမူနှင့် ဗြုန်းစားကြီး လက်ထပ် ပစ်လိုက်သည်။
လေထဲမှာ တိုက်ဆောက်ချင်မိသော ကိုလွင်ဦးသည် ဘဝကို ခြေလှမ်းမှန်မှန်
ခရီးစဖြစ်ခဲ့၏။
ရပ်ကွက် မူလတန်း ကျောင်းမှာ ဆရာမိဘအသင်း
ထောက်ပံ့ကြေးရ လုပ်အားပေး ဆရာမကလေး လုပ်နေသော အေးမူသည် သားဦး ကိုယ်ဝန်
ရစမှာ အလုပ်မှ ထွက်ပြီး သူ့ ရွှေဆွဲကြိုးကလေး ရောင်းကာ ကျူးကျော်မြေကွက်ထဲ
တဲတစ်လုံး ဆောက်သည်။ ဦးသူ ယူ အစဉ်အလာအတိုင်း မြေကွက်ကျယ်ကျယ် ခြံခတ်ကာ
ပန်းစိုက်စ ပြုသည်။ အိမ်မှာ တောက်တိုမည်ရ အိမ်ဆိုင်ကလေး တည်သည်။
ရောက်လာမည့် သားသမီး ရတနာအတွက် ကြိုတင် ပြင်ဆင်သည့် သဘော။ ရှေ့ရေး
လာဘ်မြင်သော အေးမူကြောင့် အိမ်ထောင်ဦးစီး ကိုလွင်ဦးမှာ တာဝန်
သိပ်မကြီးလေးလှခြင်း ဖြစ်လေသည်။
သားတစ်ယောက်၊ သမီးတစ်ယောက် နှစ်နှစ်စီ ခြား၍ ပုံမှန် ဖွားမြင်ပြီးကတည်းက အေးမူမှာ ထူးထူးခြားခြား ‘အမြွှာ’ စိတ္တဇ စွဲကပ်လာသည် ထင်၏။
“နောက်ထပ် သားတစ်ယောက်၊ သမီးတစ်ယောက် လိုချင်သေးတယ် အစ်ကိုရယ်၊ ဒါမှ
ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အဖော်သဟဲ ရမှာ၊ တစ်ဖက်ကလည်း အေးမူ အလုပ်ပျက်
မခံနိုင်သေးတော့ တစ်ကြိမ်တည်း အမြွှာ မွေးပစ်လိုက်ချင်တယ်၊ သားတစ်ယောက်
သမီးတစ်ယောက် အမြွှာမွေးပြီးရင် လုံလောက်ပြီ၊ တော်ပြီ”
ဇမ္ဗူဒီပါ
လက်ယာတောင်ကျွန်းမို့ နိမိတ်ထွန်းသည်ပဲလား၊ စိတ်စွဲကပ်လွန်း၍ပဲလား၊
တိုက်ဆိုင်သွား၍ ပေပဲလား မဆိုနိုင်။ အေးမူ၏ ယခု တတိယ ကိုယ်ဝန်ကို
သားဖွားမီးယပ်ပါရဂူ ဆရာဝန်မကြီးက အမြွှာဟု အတိအကျ ဆိုချေပြီ။ နှလုံးခုန်သံ
နှစ်ခု ကြားရသည်တဲ့။ ဆေးပညာထက် အလောင်းအစားဘက်တွင် ပိုမိုမွေ့လျော်နေသည့်
ဆရာဝန်ပေါက်စန ရေးဖော်တစ်ဦးက မယုံရင် ဓာတ်မှန် ရိုက်ကြည့်ချင်သလားဟု
အပိုင် စိန်ခေါ်သည်ကို ကိုလွင်ဦး ခေါင်းခါငြင်းရသည်။ သိပ္ပံဆောင်းပါး
တိုထွာတွေ ဖတ်ဖူးထားသူပီပီ သန္ဓေသားကို ဓာတ်မှန်ရောင်ခြည် မထိစေချင်။
အေးမူကိုတော့ ကြောက်ရှာမည် စိုး၍ မယုတ်မလွန် ပြောထားကြသည်။ ဆရာဝန်မကြီးက-
“နှစ်ယောက် ဖြစ်ချင် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ မစိုးရိမ်နဲ့နော် သမီး၊
ဗိုက်ခွဲမွေးရင်လည်း စိတ်ချရတာပါပဲ၊ တချို့မိန်းမတွေများ ရိုးရိုးမွေးရတာ
ခေတ်နောက်ကျတယ် ထင်ပြီး ဗိုက်ခွဲမွေးနိုင်မှ ဂုဏ်ရှိတယ် ထင်နေကြတယ်”
အမှန်တော့ အေးမူ အင်မတန် သတ္တိကောင်းသည်။ အခြေအနေ အရပ်ရပ်ကို ရင်ဆိုင်ဖို့
အမြဲ အဆင်သင့် ရှိသလို ကြိုတင်မြော်မြင် ပြင်ဆင်တတ်သူလည်း ဖြစ်သည်။ ယခုလည်း
သူ့ကိုယ်သူ အမြွှမွေးမည်ရယ်လို့ တပ်အပ် ဆိုကာ ဗိုက်ခွဲဖို့ ချုပ်ကြိုးက အစ
စုဆောင်းပြင်ဆင်နေပေပြီ။
သို့သော် သည်နေ့တော့ အေးမူ မှာတာတွေ
ကိုလွင်ဦး မဝယ်ဖြစ်။ အေးမူ စုဘူးဖွင့်ပြီး ထည့်ပေးလိုက်သည့် ငွေ ၁၅၀ အနက်
၅၀ က စာမူခ ပေးသည့်အထဲ စိုက်လိုက်ရသည်။ မနက်က စာရေးဆရာကြီး ဦးကျော်စွာ
ဝတ္ထုတို စာမူခ လာထုတ်သည်။ အယ်ဒီတာချုပ်ထံမှ ကျလာသော စာမူခမှာ ကျပ် ၁၀၀
တိတိ။
ဒါကို ကြားက ကိုလွင်ဦး မပေးဝံ့ဝံ့ ဖြစ်နေသည်။ ယနေ့ ဝတ္ထုတို စာမူခကို တန်းခွဲလိုက်လျှင် ကျပ် ၁၀၀ ဆိုသည်မှာ ဒုတိယ အလယ်အလတ်တန်း။
ဆရာဦးကျော်စွာ၏ စာပေအစဉ်အလာ အရ ၁၅၀ တန်းတော့ ပေးသင့်သည်ဟု ကိုလွင်ဦး
နားလည်သည်။ သို့သော် ပိုင်ရှင် အယ်ဒီတာချုပ်၏ အဆုံးအဖြတ်မို့ စောဒက
တက်၍လည်း မသင့်လေတော့ ရံဖန်ရံခါသာ ဝတ္ထုတိုကလေး ရေးပို့နိုင်၍ ဆယ်ခါ့တစ်ခါသာ
မဂ္ဂဇင်းမှာ သုံးပေးလေ့ ရှိသော ဆရာဦးကျော်စွာ၏ စာမူအတွက် တစ်ခါတစ်ရံ
သဘောပိုက်ပြီး အိတ်ထဲက ၅၀ စိုက်ပေးလိုက် မိလေသည်။ ခေတ်လူငယ်များ
မသိလေတော့သော၊ ကုလားထိုင်လည်း မရှိတော့သော ကလောင်အို တစ်ချောင်းပေမည့်
အနုပညာ ဂါရဝ အရ ဒါလောက်တော့ နေရာထားသင့်သည် ထင်၏။
အိပ်ကပ်ထဲ
ကျန်သည့် ငွေ ၁၀၀ နှင့် ဘာတွေ ဦးစားပေး ဝယ်ရမည်လဲဟု တွက်ဆ စဉ်းစားဆဲ မြထံက
ဖုန်းလာသည်။ တွေ့ချင်သည်တဲ့၊ စကားပြောချင်သည်တဲ့။
သို့ဖြင့် အိမ်က မိန်းမအတွက် ဈေးဝယ်ဖို့ အစီအစဉ်ကို ဖျက်ကာ ‘နေခြည်ရက်စ်တောရင့်’ သို့ ရောက်လာခြင်း ဖြစ်သည်။
ခုတော့ ငါးမုန့်ကြော် ဝါး၍ ဘီယာခါးခါးကို မြုံ့ရင်း ကိုလွင်ဦး စိတ်တွေ တည်ငြိမ်စ ပြုပေပြီ။
လိမ္မော်ရောင်တိမ်မျှင်လေး လွင့်လာသည်လားဟု ဝိုးတဝါး မြင်သည်။ လွှာဖိနပ်သံ တဖျပ်ဖျပ်သည် ဒစ္စကိုစည်းချက်လို မြန်ဆန်စွာ နီးကပ်လာ၏။
လိမ္မောရောင်တွေထဲမှာ ဝါရော်ဖျော့တော့နေသော အပြုံးကို မနည်းရှာကြည့်ရသည်။
“မောင် …”
နောက်ဆုံးပေါ် လည်ကတုံး ရှပ်ပုံစံဆန်ဆန် ဘလောက်စ်ပွပွကြီး ဝတ်ထား၍လား မသိ၊ မြ၏ မျက်နှာကလေးမှာ ချောင်ကျနေသည်ဟု ထင်ရလေသည်။
လွန်ခဲ့သော ဆယ်နှစ်တုန်းက လိုပါကလား မြရယ်။ စလင်းဘက် အဖြူကို
ပခုံးသိုင်းလွယ်လျက် ရှည်သွယ်သေးမျှင်သော သိုင်းကြိုးကို
ညာလက်ညှိုးကလေးနှင့် ချိတ်ရင်း ဆော့ကစားလာသည်။ မြဟာ
မကြီးရင့်နိုင်တော့ပြီလား။ ခုလောက်ဆို မြအသက် ၃၀ ကျော်လောက် ရောပေါ့။
သို့သော် ‘မောင်’ ဟူ၍ပင် ပိုင်ပိုင်ကြီး ခေါ်ဆဲ ဖြစ်သည်။
“မောင် ရောက်နေတာ ကြာပြီလား၊ မြ လာတာ နောက်မကျပါဘူးနော်၊ မောင် ချိန်းတဲ့အချိန်ပဲ”
“တစ်မိနစ် မစွန်းသေးပါဘူး မြရယ်၊ ကဲ … ထိုင်စမ်းပါ၊ ပြောစရာရှိတာ မပြောခင်
ဘာစားမလဲ မှာစမ်းပါဦး၊ ပြီးတော့ မြ တစ်ခုခု သောက်လေ၊ စပါကလင်လား၊
လိမ္မော်ရည်လား၊ အစားအသောက် မှာထားတုန်း စောင့်ရင်း ဘာသောက်မလဲ”
ဘီယာတစ်လုံးပင် မကုန်ချင်သေးဘဲ ကိုလွင်ဦး လျှာတွေ သွက်နေသည်။ မြက
ကိုလွင်ဦးနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ငြိမ့်ခနဲ
ထိုင်ချလိုက်ပြီး မီနူးကတ်ကို ကောက်ယူကာ …
“အမှန်တော့ မြ ဘီယာ
သောက်ချင်တယ်၊ ဒါပေမဲ့ မောင့်အတွက် မတော်ပါဘူးလေ၊ စိတ်ထဲ ရှိသလို
မနေဖြစ်အောင် ကြိုးစားပါ့မယ်၊ စပါကလင် တစ်လုံးပဲ မှာပါ”
‘အမယ်လေး၊
ကျေးဇူးတင်ပါတယ် မြ ရာ’ ဟု ကိုလွင်ဦးစိတ်ထဲ တကယ်ပဲ သိမှတ်နေသည်။ မြ အတော်
ပျော့ပျောင်းလာပြီပဲ၊ မြူစွမ်ကြော်၊ ကြက်ကြွပ်ကြော်နှင့် ယိုးဒယားဟင်းချို
မှာသည်။ ပြီးတော့ နံရံကပ် မှန်ဗီရိုထဲက တိုင်းတစ်ပါးလုပ် စည်သွတ်ဘူးများကို
တစ်ချက် ကဲကြည့်ကာ-
“ပြောင်းဖူး ရှိတယ် မဟုတ်လား၊ ပြောင်းဖူးကြော်တစ်ပွဲ ပေးပါ”
စည်သွတ်ဘူးတွေမှာ ဈေးကြီးလှ၍ ပိုက်ဆံ မလောက်တာတော့ သေချာလေပြီ။ အကြွေး
မှတ်ရတော့မှာပဲ။ မြက အသားစုံကြော်တစ်ပွဲ ထပ်မှာပြီးမှ မီနူးကတ်ကို
ချထားလိုက်သည်။
“မောင့်ကို မြ နှုတ်ဆက်ချင်လို့ပါ၊ မြ လက်ထပ်တော့မလို့”
ခေါင်းထဲ ရီတီတီ အရသာလေး ပျောက်သွားကာ မြကို စေ့စေ့ကြည့်ဖြစ်သည်။
“ကောင်းပါတယ်၊ ဒီလို ဖြစ်သင့်တာ ကြာပြီပဲ၊ ခုမှပဲ ချစ်သူတွေ ဘာတွေ တွေ့တော့တယ်လား”
“မောင့်ကိုပဲ မြ ချစ်တယ် ဆိုတာ မယုံသေးဘူးလား မောင်၊ ခုဟာက လက်ထပ်ချင်စိတ် ပေါ်လို့ပါ”
မြသည် ခုအထိ စိတ်ကူးဆန်းကြယ်ဆဲ ရှိသေး၏။
“ဒါလည်း ဖြစ်နိုင်တာပဲလေ၊ သတို့သားက ကိုယ်တို့ အသိအကျွမ်းထဲကများလား”
“ဟင့်အင်း မောင်၊ ဟင်း ဟင်း … တတိယတန်း ဖတ်စာသစ်ထဲက စကားလုံး
အသုံးအနှုန်းနဲ့ ပြောရရင် တိုင်းတစ်ပါးသား ဆိုပါတော့၊ မြန်မာပြည်ပေါက်
တိုင်းတစ်ပါးသားလေ၊ ရှေ့အပတ်ထဲမှာ ဧည့်ခံပွဲလုပ်မယ်၊ ပြီးရင် ငပလီ
တစ်လှည့်၊ ကလော တစ်လှည့် လျှောက်လည်နေမှာပဲ၊ အခွင့်သင့်ရင်
တိုင်းတစ်ပါးတောင် ရောက်ချင် ရောက်သွားမှာ၊ ဒါပေမဲ့ အရှေ့တောင်အာရှထဲ
လည်နေမှာ မောင်ရဲ့၊ မြက ဩစတြေးလျတို့၊ ဥရောပတို့ လွင့်ချင်တာ”
လွင့်ချင်တာ ဆိုသော အသုံးအနှုန်းကို နားခါးလှသော်လည်း ကိုယ်နှင့်
မဆိုင်တော့ပါလားဟု သတိထားလိုက်ရသည်။ တစ်ပွဲပြီးတစ်ပွဲ လာချသော အငွေ့တလူလူ
အစားအသောက်တွေကို မြည်းရင်း သူ ပြောသမျှ နားထောင်နေလိုက်၏။
“ချစ်တာနဲ့ လက်ထပ်တာကတော့ အရှေ့နဲ့ အနောက်ပဲ မောင်၊ ဘာမှမဆိုင်ဘူး၊
သတ်သတ်စီ၊ ပြီးတော့ မြက အချစ်ကို နေရောင်အောက်မှာ ရှာခဲ့တာ၊ မထင်ရှားတဲ့
ကဗျာဆရာမ တစ်ယောက် ရေးဖူးတဲ့ ကဗျာလေးတစ်ပုဒ် မြရင်ထဲ ထွင်းထည့်ထားတယ်၊
ပန်းချုံရိပ်မှာ၊ လသာသာတွင်
ကိုယ်က မတွေ့ချင်ဘူး မောင်။
ချွေးပြိုက်ပြိုက်ဆူ၊ နေပူပူမှာ
အတူလက်တွဲ လျှောက်ရအောင်တဲ့”
“ဟား ဟား … အဲဒါ စိတ်ကူးယဉ်တာ ခေါ်တယ် မြရဲ့၊ အဲဒီကဗျာဆရာမ ခုလောက်ဆိုရင်
ငါ ငယ်ငယ်က အတော်ကြောင်ပါလား ဆိုပြီး ရှက်နေလောက်ရောပေါ့၊ ဘယ့်နှယ် နေပူထဲ
လက်တွဲလျှောက်လို့ချည်း နေရင် မောမှာပေါ့၊ ဘဝအမောတွေ နားဖြေရအောင် လသာသာ
ပန်းချုံရိပ် လိုအပ်တာပေါ့ မြရဲ့၊ ပြီးတော့ အိမ်ထောင်ရေး တစ်ခုကို
လက်ဖက်ရည်ဆိုင်မှာ ဆွေးနွေးငြင်းခုံရင်း တည်ဆောက်လို့ ရပါ့မလား”
“မြက
အချစ်ကို ပြောတာပါ၊ အိမ်ထောင်ရေးကို မြ လက်ဖက်ရည်ဆိုင်မှာ မတည်ဆောက်ပါဘူး၊
အင်းလျားလိတ်မှာ တည်ဆောက်မယ်လေ၊ ဒါပေမဲ့ အချစ်မပါဘူး၊ ခု မြမှာ ပရက်(က်)
ရှိနေပြီ၊ မလိုချင်ပါဘူး၊ ယူလည်း မယူချင်ဘူး၊ ရှင်းပစ်လိုက်မယ်”
နားထင်တွေ ကြွတက်သွားသည်ဟု ထင်ရ၏။ နားနှင့်ဆတ်ဆတ် ကြားလိုက်၍သာ ယုံရသည်။
မင်္ဂလာဧည့်ခံပွဲ မကျင်းပမီ ကိုယ်ဝန် ရှိသည် ဆိုတော့ အရုပ်ဆိုးလှပေမဲ့
ဖြစ်တန်ရာသည်။
“တွေ့ရာတွေ မပြောနဲ့ မြရယ်၊ မဖြစ်နိုင်တာတွေ”
မြက ကြက်ကြော်ကို တကြွပ်ကြွပ် ဝါးရင်း ပလုံးပထွေး ရယ်နေသေး၏။
“မဖြစ်နိုင်တာရယ်လို့ မရှိလှပါဘူး မောင်၊ မောင်နဲ့ ဝေးရတာ တစ်ခုကလွဲရင် မြ
ဖြစ်ချင်သလို အားလုံး ဖြစ်ရတာချည်းပဲ၊ ဖြစ်အောင်လည်း လုပ်မှာပဲ၊
တစိမ်းယောက်ျား တစ်ယောက်ရဲ့ အနှောင်အဖွဲ့ မြ မလိုချင်ဘူး”
သည်အကြောင်းတွေ ရပ်သင့်ပြီဟု နားလည်လိုက်သည်။ သူ့ဝန် သူထမ်း၊ သူ့လမ်း
သူသွားတာ မှန်ပေမဲ့ ထို ထင်ရာစိုင်းဝါဒသည် ပတ်ဝန်းကျင်ကို တစ်နည်းမဟုတ်
တစ်နည်း အနှောင့်အယှက် ဖြစ်စေပါကလား။
ပြောင်းဖူးကြော်တွေ
အငွေ့တဝေဝေနှင့် ရောက်လာ၏။ လက်ညှိုးလက်သန်းလောက် ရှိသော စည်သွတ်
ပြောင်းဖူးကလေး တွေကို ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ကြော်ချက်သဘောမျိုး
လုပ်ထားသော ဟင်းပွဲ ဖြစ်သည်။ မစားစဖူးမို့ အရင်ဆုံး ခက်ရင်းနှင့် ထိုးပြီး
ကိုက်မြည်းကြည့်လိုက်သည်။ ချိုတော့ ချိုသားပဲ။ အင်္ဂါစုံသော်လည်း
ပြောင်းစေ့ကလေးတွေက မအောင်၊ မမာ။ မွေးကတည်းက ပြောင်းဖူးဖွံ့ဖွံ့
နုထွားကြီးတွေကို အရသာခံလာသော ကိုလွင်ဦး လျှာပေါ်မှာ ‘အလားမမြောက်သည့်
ပြောင်းဖူး’ ကို သိပ်ခံတွင်း မတွေ့ချင်တော့။ ဘူးသွင်းပစ္စည်းမို့ ဈေးကြီးတာ၊
ရှားပါးတာ မှန်လည်း အင်းစိန်မီးခွက်ဈေးက ‘ပုတီးကုန်းပြောင်း’ ကို
စားရတာလောက် ဘယ်မှာ အရသာ လေးပင်နိုင်ပါ့မလဲ။
“မြက ဟောဒီ ပြောင်းဖူးလေးလိုပါပဲ”
“ဟင်” ဟု မြက နားမလည်စွာ မော့ကြည့်သည်။
“ဪ ခုထိ အရွယ်မရောက် နိုင်သေးလို့ပါ၊ ခေါင်းအေးအေးထား၊ စဉ်းစဉ်းစားစားလုပ်၊ စိတ်ထဲ ရှိသလို မနေချင်ပါနဲ့တော့ မြ၊ အဲ … မြနှင်းဆီရယ်”
“နှင်းဆီကြီး ထည့်ခေါ်ပြန်ပြီလား မောင်”
“ဘာဖြစ်လဲ၊ မြနာမည် မြနှင်းဆီပဲ၊ နှင်းဆီ ဆိုတာ မောင်တော့ သဘောကျတယ်၊
လှတယ်၊ လန်းတယ်၊ သင်းပျံ့တယ်၊ သူ့အတွက် အရံအတား ဆူးကလေးတွေ
ဝန်းရံလို့နေတယ်၊ မြကို နှင်းဆီလို လှစေ၊ လန်းစေ၊ သင်းပျံ့စေချင်တယ်၊
ပြီးတော့ အရံအတား စည်းကလေးတွေ ရှိထားစေချင်တယ်၊ ကိုယ့်ရဲ့ နှုတ်ဆက်စကားလို့
မှတ်ချင်လည်း မှတ်သွားပါ မြ”
နားမလည်နိုင်သော အပြုံးတစ်မျိုး သူ
ပြုံးရင်း ငြိမ်သက်စွာ စားသောက်နေသည်။ နှစ်ယောက်ကြားမှာ တိတ်ဆိတ်ခြင်းက
နှောင့်ယှက်လာတော့သည်။ မခံနိုင်သူ ကိုလွင်ဦးကပဲ စကားစ ရှာရပြန်၏။
“ကိုယ့်မိန်းမကတော့ နှင်းဆီဆို သိပ်ကြိုက်တာပဲ၊ နှင်းဆီခင်းကလေးတွေ
စိုက်ထားတယ်လေ၊ အဲဒီတော့ နှင်းဆီလှိုင်လှိုင် ပွင့်ပါစေပဲ ဆုတောင်းနေတယ်၊
ဒါမှ ပိုက်ဆံရမှာ မဟုတ်လား၊ ပိုက်ဆံကလည်း ရှာရပြီ မြရဲ့၊ ကိုယ်တို့မှာ ကလေး
နှစ်ယောက် ရှိတယ်၊ နောက်ထပ် နှစ်ယောက်လည်း ရဦးမယ်၊ ခု ကိုယ့်မိန်းမ
ပရက်(က်)က အမြွာတဲ့၊ နေ့လား ညလားပဲ”
“ဟုတ်လား” ဟု သွေ့ခြောက်စွာ မေးသည်။ မြူစွမ်တွေကို ခက်ရင်းနှင့် အကြာကြီး ထိုးဆွ မွှေနေပြီးမှ-
“ကလေး လေးယောက်ဆို များလှပြီနော်၊ ပြီးတော့ အမြွှာမွေးတယ် ဆိုရင် သိပ်ဒုက္ခရောက်မှာ”
အမြွှာမောင်နှမ မျှော်လင့်ချက်ဖြင့် ဖျပ်ဖျပ်လူးမတတ် ထက်သန်နေသော
အေးမူအကြောင်းတွေ ပြောမည် ကြံပြီးမှ မပြောဖြစ်တော့ချေ။ ဒါက ကိုယ့်ကိစ္စသာ
ဖြစ်သည်။ အေးမူကို ကျေးဇူးတင်စိတ်တွေ တဖွားဖွား ပေါ်လာပြီး
ကိုယ့်မိန်းမနှင့် ကိုယ် ခုမှ နီးစပ်လာသလို ခံစားရ၏။
ပါရမီရိပ်သာ လမ်းမတစ်နေရာမှာ မြ တက္ကစီပေါ်က ဆင်းသည်။
“ဒီအထိ လိုက်လာတာ ကျေးဇူးပဲ မောင်၊ ဂွတ်(ဒ်) နိုက်”
“မြအိမ်က ဘယ်မှာလဲ”
“ဝေးသေးတယ်၊ ဒါပေမဲ့ မြ လမ်းလျှောက်ချင်လို့ပါ၊ တစ်ယောက်တည်း လျှောက်သွားချင်တယ်၊ သွားမယ် မောင်”
လိုက်ပို့မယ် ဟု ပြောအံ့ဆဲဆဲ ရုတ်ခြည်း နှုတ်ဆွံ့သွားသည်။ မြက လမ်းသွယ်တစ်ခုထဲ ချိုးဝင်သွားလေပြီ။
ကားဘီးလိမ့်စမှာ မြ ချိုးဝင်သွားရာ လမ်းသွယ်ထဲသို့ တစ်ဆုံးကြည့်မိသည်။
လမ်းမီးတိုင် အလျဉ်းမရှိ။ အလင်းရောင် ဆို၍ ပျပျပင် မမြင်ရ။
သစ်ရိပ်စည်းရိုးကြားမှာ ပိန်းပိတ်အောင် မှောင်နေသည်။ လသာလျှင် ကောင်းမည်။
မြနှင်းဆီတစ်ယောက် ခလုတ်မထိ ဆူးမငြိပါစေနှင့်။
---------
စမ်းစမ်းနွဲ့ (သာယာဝတီ)
No comments:
Post a Comment