Monday, 18 July 2016

တောင်တန်းကြီးများ၏ ဟိုမှာဘက်ဆီ

တောင်တန်းကြီးများ၏ ဟိုမှာဘက်ဆီ (ငွေဇင်ယော်ဦး (မိုးကုတ်))
------------------------------------------------------------
ဖုန်တချို့ ပေကျံနေသော ဗင်န်ကားဖြူလေး တစ်စီးသည် ချယ်ရီပင်တွေ တန်း၍ ချယ်ရီပွင့်တွေ ဝေနေသော တောင်ပတ် မြေနီလမ်းလေး အတိုင်း ကွေ့ပတ် တက်လာ နေသည်။
သီးခြား လမ်းသွယ်လေး တစ်လျှောက်ရှိ အိမ်တန်းများမှ တချို့ လူများသည် ဘယ်သူများ ပြန်လာပါလိမ့် ဟူသော စူးစမ်း အကြည့်များနှင့် အဆိုပါ ခရီးသည်တင် ကားလေးဆီ မျှော်ငေးကြည့် ကြသည်။ သူစိမ်း မဟုတ်ကြောင်း သိသွားသည့် အခါ “ဟေး ပြန်လာပြီလား” ဟု ဝမ်းသာအားရ ဟစ်အော် နှုတ်ဆက်ကြသည်။ “ဘာလက်ဆောင်ပါလဲ” ဟု ရင်းနှီး ချစ်ခင်စွာ လှမ်းကျီစယ် ကြသူတွေလည်း ရှိသည်။ အိမ်နီးချင်းများကို အလိုက်သင့် ပြန်ပြုံးရယ် နှုတ်ဆက်နေသည့်တိုင်သူ့ ရင်မှာဖြင့် နှလုံးခုန်သံက တဒိတ်ဒိတ် မြန်ဆန် နေခဲ့ပြီ။
သမီး အတွက်တော့ ဤခံစားမှုသည် သူစိမ်း တစ်ရံဆံဖြင့် မဟုတ်ပါချေ။ သို့ပေမယ့် ဤခံစားချက်က သမီးအတွက် ဘယ်နှခါ ကြုံကြုံ အသစ်အသစ် ဖြစ်စွာ နွေးထွေးဆဲ။ ရင်ခုန် စိတ်လှုပ်ရှား မိမြဲ။ မြတ်လေးပန်းရုံ နွယ်တက်လျက် ရှိနေသော ခြံအဝင် တံခါးပေါက် ခုံးခုံးလေးကို သဲကွဲ ပီသစွာ လှမ်းမြင်ရချိန် မှာတော့ သမီး၏ ကြည်လင် ထက်သန်သော မျက်ဝန်းအစုံမှာ မျက်ရည်ကြည်တို့ ခိုတွယ်စ ပြုနေလေပြီ။ သမီး လှမ်းပြောလိုက် သဖြင့် ကားဆရာက ထိုခြံရှေ့ တည့်တည့်၌ ကားကို တုံ့ခနဲ ရပ်ပေးသည်။ တစ်နေကုန် လှန်းထားသည့် တိုဟူးခြောက် ဗန်းတွေ သိမ်းရင်း အလုပ်များ နေသော အမေသည် ကပိုကရို ကျနေသော တဘက် ခေါင်းပေါင်းကို ကပျာကယာ ပြင်ပေါင်းရင်း ခြံဝဆီသို့ အပြေးတစ်ပိုင်း လျှောက်လာ လေသည်။
ရုပ်ရှင် ဇာတ်ကားတွေထဲ မှလို အမေက “သမီး” ဟု ငိုသံပါ ကြီးဖြင့် လှမ်းမခေါ်သလို သမီးကလည်း “အမေ” ဟု ဝမ်းသာအားရ ပြေးမဖက်ပါ။ သို့ရာတွင် အပြေးတစ်ပိုင်း လျှောက်လာ ဆီးကြိုသူနှင့် ခပ်သွက်သွက် ဆင်းလာသူတို့ မျက်နှာချင်းဆိုင် ဆုံကြသောအခါ တူညီသည့် ဝမ်းသာ ကြည်နူးမှုများ ပြည့်လျှံသွားပုံက နံဘေးမှ ကားဆရာထံပင် ကူးစက် ရောက်ရှိ သွားစေတာ အမှန်။ တစ်ယောက်မျက်နှာ တစ်ယောက် ခေတ္တမျှ ငေးစိုက် ကြည့်နေမိ ကြပြီးမှ အမေသည် ဝဲလုလု မျက်ရည်စတွေကို မျက်တောင်တွေနှင့် မသိမသာ ပုတ်ခတ် သိမ်းဆည်းလိုက်ကာ သူ့ပင်ကို ထုံးစံ အတိုင်း စကားတိုးတိုး စတင် ပြောလေသည်။
ခါတိုင်း ညနေ သုံးနာရီဝန်းကျင်လောက် ကားဝင် နေကျမို့ အမေက ဤနေ့အဖို့ သမီး ပြန်မလာတော့ဘူး ထင်နေသည်တဲ့။ သမီးကလည်း ဟိုက ထွက်လာကတည်းက ကား အခက်အခဲ ရှိ၍ နောက်ကျသည့် ကားကို စီးခဲ့ရကြောင်း ပြန်ပြောပြသည်။ အထုပ်တွေ ချပေးပြီး သူတို့သားအမိကို နှုတ်ဆက်ကာ ကားဆရာ ထွက်ခွာသွားတော့ အမေက သမီး၏ ခရီးဆောင် အိတ်ကို ဆွဲမ၏။ သမီးက “အမေ လေးနေပါ့မယ်” ဟု ညင်ညင်သာသာ ဆိုရင်း အိတ်ကို ပြန် ဆွဲယူသည်။ အမေကလည်း အလျှော့ မပေးသော အပြုံးဖြင့် “သမီးက ခရီးပန်း လာတာ။ အမေ ဆွဲပါ့မယ်” တဲ့။ နောက်ဆုံးတော့ သမီးနှင့် အမေသည် အိတ်ကို တစ်ဖက်စီ ဆွဲကာ ပြုံးရယ်လျက် အိမ်လေးထဲသို့ အတူတကွ ဝင်ရောက် သွားကြလေသည်။ အမေ့အိမ် ပြန်ရောက် လာရ၍ ပျော်ရွှင်နေသော သမီး၏ အသံလေးက အမေ့ နားတွင်းမှာ ဆည်းလည်းသံမျှ ချိုလွန်းနေသည်။
သမီး ခြေလက် ဆေးနေခိုက်မှာ အမေက လုပ်လက်စ တိုဟူးခြောက်တွေကို ခပ်သွက်သွက် သိမ်းလျက် လက်စဖြတ်သည်။ ခေါက်သိမ်း ထားခဲ့တာ နှစ်ပေါက်ပြီ ဖြစ်၍ ပရုတ်လုံးနံ့ပင် သင်းနေပြီဖြစ်သော အနွေးထည် ထူထဲထဲကို ဝတ်ဆင်ကာ မီးဖိုခန်းထဲ သမီး ဝင်လာချိန်မှာ အမေက ထမင်းပွဲ ပြင်နေခဲ့ပြီ။ “အမေကော စားပြီးပြီလား” ဟုမေးတော့ အမေက ပြုံးလျက် “သမီးလာချင် လာမှာ ဆိုပြီး မစားသေးဘဲ စောင့်နေတာ” ဟု ဖြေလေသည်။ တိုတောင်း ရိုးစင်းလှသော အမေ့ အဖြေက သမီး၏ နှလုံးအိမ်ကိုဖြင့် ထိခတ် လှုပ်ရှား သွားစေတာ အမှန်။ ဖွင့်မပြော သော်ငြား သမီးအကြိုက် တမင် ချက်ထားပေးမှန်း သိသာနေသည့် ဟင်းခွက်များကို ကြည့်ပြီး သမီးရင်ထဲ ကြည်နူး ချမ်းမြေ့ ရပါ၏။ ဝက်ရိုးနှင့် ရောချက်ထား၍ နူးအိကာ အရသာ ရှိလှသော မုန်ညင်းစောကို တူနှင့် ညှပ်လျက် သမီးက အမေ့ ပန်းကန်ထဲ ဦးချပေးသည်။ အမေက မုန်ညင်းစော ပန်းကန်ထဲမှ အသားဖတ်လေးကို ဆယ်ယူပြီး သမီးပန်းကန်ထဲ ပြန်ခပ် ထည့်ပေးသည်။
အိမ်အပြင်ဘက် ဆီမှာတော့ လိမ္မော်ရောင် နေလုံးကြီးသည် မှိုင်းညို့ညို့ အနောက်ဘက် တောင်တန်းကြီးများ၏ နောက်ကျောဘက်သို့ တအိအိ တိုးဝင် ပုန်းကွယ်လျက် ရှိနေခဲ့ပြီ။
ညရောက်တော့ မီးဖိုလေးကို အလယ်၌ ချ၍ အမေနှင့် သမီး စကားလက်ဆုံ ပြောမကုန်။
အမေ တစ်နိုင်တစ်ပိုင် ပြုလုပ်ထားသော ခေါပုတ်ကို မီးကင် စားကြသည်။ သမီးက ခေါပုတ်ဆိုလျှင် ကောက်ညှင်းဆန်ဖြင့် ပြုလုပ်ထားသည့် ခေါပုတ် အဖြူကော၊ ငချိပ်နှင့် ပြုလုပ်ထားသည့် ခေါပုတ်ကိုပါ မက်မက်စက်စက် ကြိုက်သည်။ လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသည့်အတိုင်း အချို့က ထိုခေါပုတ်ကင်ကို သကြားနှင့် တွဲဖက် စားကြသည်။ တချို့ကျတော့ ဆားနှင့် နှမ်းထောင်းဖြူး စားသည်။ တချို့ကျတော့ ထန်းလျက် အမှုန့်ကို ခေါပုတ် အပြားတွင် ထည့်လိပ်ပြီး စားသည်။
သမီး ကြိုက်သည် ကတော့ ဆီတိုဟူး ဖြစ်သည်။ ခိုက်ခိုက်တုန်အောင် ချမ်းအေး လှပါသည့် ဆောင်းနံနက်ခင်း၊ သို့မဟုတ် ဆောင်းညချမ်း အခါနှင့် မီးဖို နံဘေးထိုင်ကာ ခေါပုတ်ကင် ပူပူလေးကို ဆီတိုဟူးနှင့် တွဲဖက်စားရသည့် အရသာလောက် လိုက်ဖက် ဟန်ကျတာ သမီး မကြုံဖူး သေးချေ။ ကင်ပြီးပြီးချင်း ခေါပုတ် ပူလောင်လောင်ကို ဖက်နှင့် အုပ်ကိုင်ကာ တဖူးဖူးမှုတ် စားရသည်က ဝမ်းထဲနွေးလှသည်။ မြို့ပြ ရင်ခွင်ရောက်ခိုက် သမီး မကြာခဏ လွမ်းဆွတ် အောက်မေ့ မိနေကျ အမေ့ မီးဖိုချောင်ထဲမှ စားစရာ တစ်မျိုးပေါ့။ ခေါပုတ်ကင်မှ အစပြု၍ မြို့ပြရောက် အမေ့သမီး၏ အစားအသောက် ကသီလင်တ ဖြစ်ပုံတွေ ကြားရသောအခါ အမေသည် များစွာ စိတ်မသက်သာ လှသော မျက်နှာဖြင့် နားထောင် ရှာလေသည်။
တာဝန်ယူ ကျွေးမွေး နေရသည့် ဝန်ထမ်းအင်အား အရ သမီးတို့ အလုပ်ရှင် သူဌေး၏ ချင့်ချိန်စိစစ်မှု၊ ဝတ္တရား ကျေရုံ စားဖိုမှူးများ၏ အချက်အပြုတ် လက်ရာ၊ အလုပ်သဘောအရမှ အပ စေတနာ ချို့တဲ့လှသော အဖြစ်ဟင်း၊ အဖြစ်ထမင်းများကို စားကြရသည့် အဝေးရောက် သမီးတို့ တစ်တွေသည် အမေ့အိမ်နှင့် အမေ့လက်ရာကို မျှဝေ ရင်ဖွင့်ရင်း ကိုယ်စီ လွမ်းကြရသည် ဆိုပါသည်။
အမေ့အိမ်ဆိုတာ ဘယ်လို အရာမျိုးနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင် နွေးထွေး လုံခြုံသည့် တန်ဖိုးကြီး ရိပ်မြုံ တစ်ခုဟု သမီးက လှိုက်လှိုက် လှဲလှဲပင် ဆိုသည်။ အမေ့ထံ သတိတရ ဖုန်းလှမ်းဆက်စဉ်က “အမေဖြင့် ဒီနေ့ မုန်ညင်းစော ချက်ပြီး ငါ့သမီးကို သတိရနေ သေးတယ်” ဟူသည့် စကားကြားရတော့ သမီးမှာ မျက်ရည်ပင် လည်မိခဲ့ရပါတယ်တဲ့။ “အဲ့ဒီ စကား ပြောတုန်းက အမေလည်း မျက်ရည် လည်နေခဲ့ရတာပဲ သမီးရယ်” ဟူသော စကားကိုတော့ ခုနေခါမှာ အမေက မပြောဖြစ် လိုက်ပါ။ ရှားရှားပါးပါး ရောက်လာသော သမီးနှင့် ပျော်ရွှင် ကြည်နူးစရာ စကားတွေကိုပဲ အမေ ပြောချင်သည်။ စိတ်ချမ်းသာစရာ ရယ်မောသံ များသာ အမေ ကြားလိုသည်။ သမီး မရှိခိုက် ဒီအိမ်လေးမှာ ယောင်ချာချာနှင့် အထီးကျန် အဖော်မဲ့ရချိန်တွေ အကြောင်း အမေ ကိုယ်၌က အသိဆုံး မဟုတ်လား။
နေပူသည့်အခါ၊ မိုးရွာသည့် အခါ၊ နှင်းတွေ တဖွဲဖွဲကျသည့် အခါ အမေ့ရင်ခွင်၌ တစ်လျှောက်လုံး ရှိလာခဲ့သော သမီးနှင့် မိုင်ပေါင်းများစွာ ဝေးကွာ နေရသည့် အဖြစ်သည် အမေ့ကို ဝမ်းနည်း ချောက်ချားစေ ပါသည်။ လောကဓံ ဆိုသည့် တရားကြီးကို ရင်ချင်းအပ် သို့မဟုတ် ကျောချင်းကပ်၍ ရင်ဆိုင်ဖော် ဆိုလို့ တစ်လောကလုံးမှာ သမီးနှင့် အမေ နှစ်ယောက်တည်း ရှိသည် မဟုတ်လား။
သို့ပေမယ့် အတောင်အလက် စုံ၍ ပျံသန်းချိန် ရောက်လာသည့် သမီး၏ ဆန္ဒကို အမေသည် ဆံချည်တစ်မျှင်စာ မျှပင် မတားဆီးရက် ခဲ့ပါချေ။ အမေကိုယ်၌က ပညာတတ်ကြီး တစ်ယောက် မဟုတ်ခဲ့ပေမယ့် သမီးကိုတော့ဖြင့် ပညာတတ် တစ်ယောက် ဖြစ်လာအောင် အမေ့ ရှိသမျှ အားမာန် အပြည့်နှင့် ပြုစု ပျိုးထောင်ပေးခဲ့သည်။ သားသမီး များစွာ၏ အလယ်၌ ဖတဆိုး သမီးလေးရယ်လို့ အမေ့သမီး ဘယ်အခါကမှ မျက်နှာ မငယ်ခဲ့ရပါ။ သမီးပင် မမှတ်မိလိုက်သည့် သွားလေသူ သမီးအဖေ၏ ကိုယ်စားကော၊ အမေ့ မေတ္တာပါ ပေါင်းစပ်ကာ သားသမီး တစ်ယောက် အနေနှင့် သမီး ပိုင်ဆိုင်ခွင့် ရခဲ့သည့် မေတ္တာသည် အခြား သားသမီးတွေထက် မသာလျှင်တောင် တစ်ရွေးသားမျှ မလျော့ကြောင်းကိုဖြင့် အမေ တပ်အပ်သေချာ ပြောနိုင် ပါသည်။
မြင့်မြင့် ပျံစေချင်သူ အမေ့ရင်ခွင်ဆီမှ အချိန်တန်၍ သမီး ပျံသန်းသွားသည်ကို ဝမ်းနည်းဝမ်းသာစွာ အမေ ငေးမော ကျန်ရစ်ခဲ့သည်။ “သမီးသွားလို့ ဖြစ်ပါ့မလား” ဟု သမီး နောက်ဆံ တင်းနေသည်ကို အမေက စိတ်ပူစရာ မလိုကြောင်း နှစ်သိမ့်တိုက် တွန်းခဲ့သေးသည်။ သမီးနှင့် မခွဲလိုသော်လည်း သမီးဟာ အမေ့လို ခြံအလုပ်နှင့် တကုပ်ကုပ် အချိန်ကုန် ခံရမည့် ပညာမဲ့ တစ်ယောက် မဟုတ်ပေဘူး။ အမေတို့ အိမ်ကလေးမှ အနောက်ဘက် တောင်ယံ တစ်ကြောဆီ လှမ်းမျှော်ကြည့် လိုက်သည့် အခါ နေခြည်အောက်၌ ရွှေရည်ရောင် တောက်ပနေသော တောင်နေကြာဝါဝါ တို့ကို သမီးတွေ့ဖူးသည် မဟုတ်လား။ သမီး၏ အနာဂတ်ပန်း ပွင့်လန်းဖို့ရာမှာ နေရောင်ခြည် လုံလုံလောက်လောက် ရနိုင်မည့် နေရာဆီသို့ သွားရပေမည်။
ထိုမှ သမီးနှင့် ရှေ့နောက် မရှေးမနှောင်းပင် သမီးနှင့် ရွယ်တူ အဖော်တွေပါ တစ်နေရာစီ ရောက်ရှိကုန်သော အခါ သမီးသည် အဝေးတစ်နေရာ၌ အမေ့အတွက် စိတ်ချဖွယ်၊ မိမိကိုယ်ကို သင့်တင့်သော ယုံကြည်မှုဖြင့် မတ်မတ်ရပ်နိုင်ခဲ့ပြီ ဖြစ်သော မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဟိုဆီမှာ ရာသီဥတုကဖြင့် အတော်ပူသတဲ့။ လေအေးစက်၏ အရသာသည် သမီးတို့ တစ်သက် ခိုလှုံ လာခဲ့သော မြို့ကလေး၏ သဘာဝ အအေးဓာတ်နှင့် အရသာချင်း ကွာလှသတဲ့။ ပြီးလျှင် လုပ်ငန်းခွင်၌ တစ်ဦးနှင့် တစ်ဦး “နေရာ” မပေးချင်သော ရောင်စုံ စိတ်ဓာတ်များ၊ အံ့ဖွယ် လောကဓံ၏ အဖြစ်သနစ်တွေ အကြောင်း အမေ့ကို တိုင်တည် ဖွင့်ဟချင်၊ အမေ ပူပန် စိတ်ညစ်မှာလည်း စိုးရှာသူ သမီးက နောက်ဆုံး စာကြောင်းအဖြစ် “ဒါပေမယ့် စိတ်မပူပါနဲ့ အမေရယ်။ သမီးက အားလုံးနှင့် အဆင်ပြေအောင် နေတတ်ပါတယ်” ဟု အဆုံးသတ် တတ်သည်။
အမေကတော့ “မေတ္တာ” နှင့် ဆက်ဆံလျှင် ဘဝ၌ တိမ်းစောင်းဖွယ် မရှိကြောင်း သမီးကို တဖွဖွ အားပေးခဲ့သည်။ ထိုမှ တစ်နှစ် ပြည့်၍ သမီး ပြန်လာချိန်မှာ ခွင့်ရက်စေ့လျှင် အလုပ်ခွင် ပြန်ဝင်ဖို့ရာ အသင့် ဖြစ်နေသော ရင့်ကျက်သူ တစ်ယောက် အဖြစ် အမေ မြင်ခွင့် ရခဲ့ပါသည်။ အလုပ်ခွင်၌ နေရာရသော “ကြီးကြပ်သူ” ပီပီ အရွယ်နှင့်မမျှ ရင့်ကျက် တည်ငြိမ်ပါသည် ဆိုသော သမီးသည် အမေ့ ရင်ခွင်ဆီ ပြန်ရောက် လာလျှင်ဖြင့် ပီဘိ ကလေးငယ် သဖွယ်ပင်။ အမေချက်ကျွေးတာ စားသည်။ အမေ ဆင်ပေးတာ ဝတ်သည်။ အမေ့ အပြုအစု အယုယကို ခံယူသည်။ ထိုကာလ၌ “ဘယ်တော့ ပြန်သွားမလဲ” ဟု မေးသူ ရှိလာလျှင် သမီးက မကြိုက်တော့ချေ။
“တစ်နှစ်မှ တစ်ခေါက်လေး ပြန်လာရတာ။ ဒီအချိန်လေးမှာ အမေ့ရင်ခွင်ထဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပူပင်ကင်းကင်း နေချင်ပါတယ် ဆိုမှနော်။ လူတွေက သိပ်ခက်တာပဲ အမေရယ်”
မေ့ထားသည် ဆိုသော်လည်း သမီး ပြောလေရာ စကားတိုင်း၌ ခေတ္တခဏ ချန်ထားရစ်ခဲ့ရသည့် အလုပ် တာဝန်များ၏ အငွေ့အသက်က ပါလာတတ်စမြဲ။ တစ်နှစ်တာလုံး ရင်တွင်းသိုလှောင် သိမ်းစုထားရသမျှ ပျော်စရာ၊ စိတ်ညစ်စရာ၊ အဆင်ပြေမှု၊ အဆင်မပြေမှုတွေ ...။ သမီး မျက်နှာကို မျက်တောင်မခတ် ကြည့်ကာ နားထောင်နေသူ အမေကတော့ သမီးရယ်လျှင် သူလည်း လိုက်ရယ်၊ သမီး မျက်နှာညိုလျှင် သူလည်း မျက်နှာနွမ်းရင်း ခံစားချက် တွေက ထပ်တူထပ်မျှ။ သမီးက “နှယ်နှယ်ရရ မှတ်လို့ နော်။ သမီးက အမေ့ သမီးပဲ ဥစ္စာ” ဟု ပိုပိုသာသာ အမူအရာဖြင့် အရွှန်းဖောက်လျှင်တော့ အမေက မျက်စိပေါက်များ ပိတ်အောင် ပြုံးရယ် သဘောကျနေ တတ်လေသည်။ အမေ့မှာတော့ သမီးသိလို သည့် အကြောင်းအရာတွေကို ဖြေပေးရန်မှ အပ ပြောစရာ အထွေအထူး မရှိလှပါချေ။ သမီးသိသည့် ဘယ်သူ ဘယ်ဝါကဖြင့် ဆုံးပါးသွားခဲ့ပြီ။ ဘယ်သူကဖြင့် အိမ်ထောင်ရက်သား ကျသွားပြီလေ။ သူတို့ကတော့ ပြီးခဲ့သည့်နှစ် ကပဲ ရှိသည့် အိမ်ဝိုင်းလေးကို လာရောင်းပြီး အပြီးအပိုင် ပြောင်းရွှေ့ သွားခဲ့ကြပြီ။ စကားတွေ အလျဉ်မပြတ် ဆိုနေရာမှ သမီး နှာတစ်ချက် နှစ်ချက် ချီပြီ ဆိုလျှင်တော့ အမေ့မှာ စိုးရိမ်ပူပန် စိတ်နှင့် အိပ်ရာဝင်ရန် စကားဖြတ်ရပြီလေ။ အပူကို မကြိုက်ပေမယ့် အပူတော၌ နေသားကျနေပြီ ဖြစ်သော သမီးသည် မြို့ကလေး၏ အအေးဓာတ်ကို ခံနိုင်ရည် မရှိတော့ချေ။
ပြီးတော့ အချိန်လု၍ ပြန်လာရခိုက် ရက်တိုတိုလေး အတွင်းမှာ သမီးဖျားနာ၍ မဖြစ်သေး။ သမီးလုပ်ချင်သည့် ဆန္ဒတွေက သမီးရထားသည့် ခွင့်ရက်လေးများနှင့် မလောက်ငလောက်အောင် ပြည့်ကျပ်၍ နေသည်။ တစ်ရက်လောက် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ ကွယ်လွန်သူ အဖေ့အတွက် ရည်စူးပြီး ဘုန်းကြီး ငါးပါးလောက် ပင့်၍ ဆွမ်းကပ်ချင်သေးသည်။ သမီးတို့ သားအမိသွားနေကျ စိုက်ပျိုးရေးခြံတွေ ဘက်လည်း အမေနှင့် ပျော်ပွဲစား သွားချင် သေးသတဲ့။ အားလပ်သည့် အခါ ဟိုမှာ သမီး သင်လာသည့် စားသောက်ဖွယ်ရာ အချို့ကိုလည်း အမေ့ကို ပြန်လုပ်ကျွေး သွားဦးမည်တဲ့။ အမေ့ကို “ဟော့ပေါ့” တစ်အိုးလောက် ချက်ခိုင်းကာ သမီး သူငယ်ချင်းတွေကို တစ်ရက်လောက် ခေါ်ကျွေး ချင်သေးသတဲ့။ ဘယ်သူဘယ်ဝါတွေကဖြင့် မြို့ကလေးမှာ ရှိနေသည်၊ ဘယ်သူကဖြင့် မရှိ။ ဒီလို လက်ချိုး ရေတွက် ကြည့်ပြန်တော့ သမီးမျက်နှာ ညှိုးနေ သည်။ “အမေတို့ သူငယ်ချင်းတွေများဖြင့် ခုထိ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေနိုင်ကြတုန်းနော်” ဟု အားကျသံဖြင့် ဆိုသည်။ အမေက ပြုံးလျက် နှစ်သိမ့်ရပါသည်။
ခေတ်တွေကလည်း ကွာဟခဲ့ပြီ ကိုးလေ။ အမေတို့တုန်းက သမီးတို့ အရွယ်ရောက် လာလျှင် မိဘ မျက်စိအောက်တင် လုပ်ကိုင် စားသောက်စရာ ဒေသလုပ်ငန်းက မြို့ကလေးမှာ အဆင်သင့်။ ဒီတုန်းကများ အမေတို့မြို့မှာ သမီးတို့လို တစ်နယ်ရပ်ခြား စီးပွားထွက်ရှာသူ ရှားပါးလှ၍ တခြား တစ်ကမ္ဘာမှ ဂြိုဟ်သားပမာ အကြည့်ခံရသတဲ့။ တစ်မြို့ တစ်ရွာသားတွေ ပင်လျှင် အမေတို့ မြို့ကလေးဆီ ရေကြည်ရာ မြက်နုရာ အဖြစ် တခုတ်တရ လာရောက် လုပ်ကိုင်စားသောက် ကြရပါသတဲ့။ ခုတော့ဖြင့် ခေတ်ကာလ အရွေ့အပြောင်းမှာ အခြေအနေတွေ ကလည်း ပြောင်းလဲ ခဲ့ကြပြီ။ သားသမီးများနှင့် အမေများကြား တောင်တန်းကြီးတွေလည်း ခြား။ “ဒါပေမယ့် အအေးဓာတ်ကတော့ အရင်အတိုင်းပဲ နေမှာပါ အမေရယ်” ဟု သမီးက အမေ့ကို ပြန်လည် နှစ်သိမ့်လေသည်။
ခေါင်မိုးပေါ်မှာဖြင့် နှင်းစက်တွေ တဖြောက်ဖြောက် ကျနေသံ ကြားရသည်။ ရှိသမျှ ဂွမ်းစောင်ထူတွေ အထပ်ထပ် ခြုံထားတာတောင် နွေးသည် မထင်ရသော အိပ်ရာလေးထဲမှာ သမီးနှင့် အမေကတော့ မေတ္တာဓာတ်ဖြင့် နွေးထွေးလျက် ရှိနေခဲ့ကြပြီ။ နောက်ကျောမှ နေ၍ သမီး၏ ခါးကို သိုင်းဖက်ထားသော အမေ့ လက်များ၏ ကြမ်းရှပိန်လှီသော အထိအတွေ့ကို သမီးက သနားကြင်နာ စိတ်ဖြင့် ထွေးဆုပ် ခံစား မိနေခဲ့ ပါသည်။ ဪ တစ်ချိန်တုန်း ကတော့ အဖိုးတန် ကျောက်ကလေး တွေကို ဖွဖွညင်သာ ကိုင်တွယ်ခဲ့သည့် လက်။ ခုတော့ သီးပင် စိုက်၊ အားနှင့်မာန်နှင့် တိုဟူး ကျိုသည့် လက်။ မှတ်မိပါ သေးသည်။ အမေ မကြာခဏ ပြောနေကျ စကား။ လေနာရောဂါ ပါလာသော သမီးသည် မွေးစမှ ငါးလအရွယ် အထိ နေ့နေ့ညည အအိပ်အနေ နည်းပါးကာ အမြဲငိုနေပါ သတဲ့။
အကြမ်းပါသည် ထင်၍ ဆရာတွေကို သွားမေးရ၊ လိပ်ပြာ ခေါ်ပေးရ၊ အင်္ဂလိပ်ဆေး၊ ဗမာဆေး စသဖြင့် လက်လှမ်းမီရာ နည်းပေါင်းစုံနှင့် အမေသည် သမီး အငိုရပ်အောင် ကြိုးစားသော်လည်း သမီးကတော့ ကူညီ ထိန်းကျောင်း ပေးလိုသူတွေ မှန်သမျှ လက်လန်ကုန်အောင် အငိုသန်နေဆဲ ဖြစ်ခဲ့သည်။ ဘာလုပ်ရမှန်း မသိတော့သော အမေသည် သမီးနှင့်အပြိုင် ရောငိုရင်း ကြံရာမရစွာ ဘုရားစင်ရှေ့ ပုဆစ်တုပ်ထိုင်ရင်း “ဖြစ်နိုင်ရင် သမီးလေး၏ ဝေဒနာကို တပည့်တော်မသာ ရွှေ့ပြောင်း ခံယူပေး ပါရစေ ဘုရား” ဟုပင် ဆုတောင်းမိတော့ သည်တဲ့။ ပြုစုပေးရသည့် အပေါ် ပြစ်တင်ငြူစူခြင်း မရှိသည့်အပြင် သမီး၏ ဝေဒနာကိုပါ လွှဲယူခံစားပေး လိုက်ချင်သည့် အမေ့ မေတ္တာက သိတတ်လာချိန် သမီးအတွက် ကြက်သီးမြမြ ထရလောက်အောင် ကြည်နူးဖွယ်ရာ။
သို့ပေမယ့် ခုနေခါမှာ အရွယ်ရောက်လာသည့် သမီးက အရွယ်ကျလာပြီ ဖြစ်သည့် အမေ့အပါး၌ ရှိမနေနိုင်ခဲ့။ ရှိမနေနိုင်သေး ဘူးလေ။ အမေ မသိသော သမီး၏ တိတ်တခိုး မျက်ရည်ပူ တစ်စက်သည် ခေါင်းအုံးပေါ် ညင်သာစွာ လိမ့်ဆင်း ကျသွားခဲ့ပါသည်။
ရှည်ကြာ ပြည့်စုံလှသော အမေ့ဆုပေးစကား ဆုံးသွားသည့်တိုင် ကြမ်းပေါ် ပုဆစ်တုပ် ထိုင်လျက် လက်အုပ် ချီထားသော သမီး၏ ဦးခေါင်းကဖြင့် မော့လာခြင်း မရှိသေးပါ။ ပင့်သက်ကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက် နေကြသော မိန်းမသား နှစ်ဦး၏ ပစ္စက္ခ အခြေအနေကို အိမ်ရှေ့ဆီမှ ကားဟွန်းသံက ထိုး ဖောက် ဖြိုခွင်း ပစ်လိုက်ပါသည်။ သမီးသည် အိမ်ကလေးကို ခဏကြာမျှ မျက်လုံးဝေ့ ကြည့်လိုက်ပြီး အဝတ်အိတ် ဆွဲကာ အိမ်ထဲမှ ခပ်ဖြည်းဖြည်း ထွက်လာသည်။ သမီးနှင့် ဘဝတူအဖော်များ အတူတကွ စားသောက်ရန် တကူးတက ကြော်လှော် ထည့်ပေးလိုက်သော အစားအသောက် ခြင်းကို ဆွဲလျက် အမေက နောက်မှ လိုက်ပါလာသည်။ တစ်ညလုံး တဖြောက်ဖြောက် ကျသံ ကြားနေခဲ့ရသော ခေါင် မိုးပေါ်မှ နှင်းတချို့ အငွေ့ပြန်လျက် ရှိနေသည်။
အပြင်မှာတော့ သမီးကို နှုတ်ဆက်ရန်နှင့် သမီးလို အဝေးရောက် သားသမီးတွေထံ ပစ္စည်း လူကြုံထည့်ရန်၊ အမှာစကား ပါးရန် အမေ တချို့သည် ကားနံဘေး၌ ရပ်စောင့်နေကြ လေသည်။ “ပြောလိုက်ပါဦး။ အိမ်ကိုလည်း ဖုန်းဆက်ပါဦး။ ပြန်လာပါဦးလို့” ဟု မှာသူက မှာနေကြချိန်မှာ လူကြုံပါးရန် လက်လှမ်းမမီသည့် ဝေးသီခေါင်ဖျားဆီ ရောက်နေကြ သူတို့၏ အမေများကဖြင့် ငေး၍သာ ကြည့်နေနိုင်ရှာ ကြသည်။ ကားပေါ် တက်ခါနီးမှာ သမီးက အမေ့လက်ကို ဆုပ်ကိုင်လိုက်သော အခါ အမေကလည်း တင်းတင်းကျပ်ကျပ် ပြန်လည်ဆုပ်ကိုင် ဖျစ်ညှစ် မိလေသည်။ သမီးက အမေ့ကို အားပေး လိုက်တာလား။ အမေက သမီးကို အားပေး လိုက်တာလား။
ထိုခဏမှာဖြင့် နှစ်ယောက်သား အကြား အထွေထွေ အပြားပြား။ အဖြူဘက် လုနေပြီ ဖြစ်သော အမေ့ နားသယ်စပ်မှ ဆံစတွေဆီ ငေးရီ ကြည့်မိခိုက်မှာ သမီးရင်ထဲ လှိုက်ခနဲ။ ဒါဟာ အခိုက်အတန့်ပါ အမေ။ ဘဝ ဘဝတွေထဲက လွန်ဆန် မရနိုင်စွာ ဖြတ်သန်း ကျော်လွှား ကြရတဲ့ အခိုက်အတန့်လေး တစ်ခုပါ။ တစ်နေ့ ကျရင်တော့ အမေ့အိမ်လေးဆီ ပြန်လာပြီး သမီးနဲ့ အမေ အတူတူ ပြန်နေကြမယ်။ အဲဒီ တစ်နေ့ဟာ မနက်ဖြန်လား။ သန်ဘက်ခါလား။ သူ့ထက် ပိုဝေးတဲ့ ဖိန်းနွှဲခါမှ လေလား၊ သမီးမသိပါ။
လှမ်းမျှော်ကြည့်မိရာ အဝေး တစ်နေရာ ဆီမှာတော့ နေရောင် မကျရောက် သေးသော အေးစက်စက် နှင်းထု ကြားမှ တောင်တန်းကြီးများသည် သမီးတို့တွေကို ခပ်စိမ်းစိမ်းပင် ငုံ့မိုး ကြည့်နေခဲ့ပါသည်။
--------------
ငွေဇင်ယော်ဦး (မိုးကုတ်)

No comments:

Post a Comment