Friday, 15 July 2016

ပြန်ပေး

ပြန်ပေး
---------------------------
ကျွန်တော်မှာ မွေးသန္ဓေကပင် တစ်စုံတစ်ယောက်၏ နောက်လိုက် ဩဇာခံ မဖြစ်လိုဘဲ မိမိကသာ ခေါင်းဆောင် ‘ဟီးရိုး’ လုပ်ချင်သော ‘ညဉ်’ ပါလာသူ ဖြစ်၍ ကျောင်းသား အရွယ်ကပင်လျှင် မိမိထက် လူရည်လူချင်း၊ လူရုပ်လူရည် သာသူများကို မဆိုထားဘိ။ တန်းတူ လူများကိုပင် ရှောင်ရှားကာ ကိုယ်က ဆရာလုပ်ရမည့် သူကိုသာ ရွေးချယ်ပေါင်းဖော် တတ်သည့် အတိုင်း၊ ယခု လူရွယ်ပိုင်းသို့ ရောက်လာသော ကာလ၌လည်း ကျွန်တော် ဝါသနာပါသော လုပ်ငန်းတွင် ကျွန်တော်၏ ဩဇာကို တစ်သဝေမတိမ်း လိုက်နာမည့်သူကိုမှ ရွေးချယ်ထားပေးရာ ယခုအခါ၌ ကျွန်တော့်ထက် အသက် (၅)နှစ်မျှကြီးသော ‘ကိုကွက်ကြီး’ သည် ကျွန်တော်၏ ရောင်းရင်းဘက်ကြီး ဖြစ်နေပါသည်။
ကိုကွက်ကြီးမှာ ကျွန်တော်တို့ရွာထက် မြို့နှင့်ဝေးသော ‘ဘုဒလက်ကုန်းရွာ’ မှ ဖြစ်၍ စာဖတ်နိုင်ရုံသာ တတ်ကာ ဘုန်းကြီးကျောင်းထွက် ဖြစ်ပါသည်။ ထူပျစ်သော နှုတ်ခမ်း၊ ပြားသော နှာခေါင်း၊ မျက်ရစ်မပေါ်သော မျက်ခွံ၊ ထက်ပိုင်းပြတ် မျက်ခုံးမွေး၊ လေးထောင့်ကျသော မျက်နှာတို့နှင့် ကာယဗလ ထွားကျိုင်းသော တောသားကြီး ဖြစ်ပေရာ မိတ်ဆွေသည် သူ၏ လူကဲကို ခတ်ကြည့်ပါလျှင် မည်မျှလောက် ထူအ, မိုက်မဲမည်ကို သိရှိနိုင်ပါသည်။ သို့သော် သူသည် ညံ့ဖျင်းသိမ်နုပ်သူ မဟုတ်ချေ။ တောသား ‘လူပွေ’ တို့ တတ်အပ်သော ထန်းရည်သောက်ခြင်း၊ ကြက်တိုက်၊ ဖဲရိုက်ခြင်း၊ မင်္ဂလာဆောင် ကြိုးတားခြင်း၊ အဆင်သင့်လျှင် နွားခိုးခြင်း၊ အဖော်ကောင်းလျှင် ဓားပြတိုက်ခြင်း၊ ဘုန်းကြီးပျံ ပဉ္စင်းခံပွဲတို့တွင် ပျော်ပျော်ပါးပါး ကခုန်ခြင်း စသည်တို့ကို အခါအားလျော်စွာ ပြုလုပ်တတ်သူ ဖြစ်ပါသည်။
ဤနေရာ၌ ကျွန်တော်သည် ဤကဲ့သို့ လူစားမျိုးအား တပည့်အဖြစ် ရွေးချယ်ထားသည်ကို ထောက်ချင့်ခြင်းအားဖြင့် ကျွန်တော်၏ အရည်အချင်းနှင့် အကျင့်စာရိတ္တကို မိတ်ဆွေ အတော်အတန် ရိပ်မိပါလိမ့်မည်။
ကျွန်တော်၏ ရုပ်ဆင်းသဏ္ဌာန်မှာကား အထူးဖော်ပြစရာ လိုမည်မထင်ပါ။ မြို့ကျောင်းတွင် နေဖူးသူ ဖြစ်၍ နွဲ့နှောင်း ပြေပြစ်သော ကိုယ်မူကိုယ်ဟန်ဖြင့် ...
ကိုကွက်ကြီးနှင့် နှစ်ယောက် ယှဉ်၍နေပါက မည်သူက ဆရာ၊ မည်သူက နောက်လိုက် ဆိုသည်ကို လည်ပင်း စာဆွဲထားသကဲ့သို့ပင် ထင်ရှားလှပါသည်။ ပြောရေးဆိုတာမှာလည်း တစ်ယောက်နှင့် တစ်ယောက် မည်မျှလောက် အပြတ်အသတ် ကွာသည်ကို မိတ်ဆွေ နားထောင်ပါဦးတော့။
“ကို ... ကို ... ကိုတောင် ... ဒီ ... ဒီနှစ်လဲ ... မြို့ ... မြို့တက်ပြီး ကြဲ ... ကြဲ ... ကြဲလိုက်ကြဦးစို့။ ကျုပ် ... ကျုပ်မှာ ငွေ ... ငွေနှစ်ရာတော့ ရှိတယ်”
ကိုကွက်ကြီးမှာ စကားထစ်သူဖြစ်၍ ကျွန်တော့်နာမည် ‘ကိုတင်အောင်’ ခေါ်သည်ကို ‘ကိုတောင်’ ဖြစ်နေပါသည်။ သူဆိုလိုရင်း အဓိပ္ပါယ်မှာ ယခု သူ့၌ ငွေ (၂၀၀) ရှိ၍ ဒီနှစ်လည်း မနှစ်ကလို မြို့တက်ပြီး ကော်ပေါက် တစ်ခုလောက် ကြံလိုက်ကြဦးစို့ဟု ပြောခြင်းဖြစ်ပါသည်။ အကြောင်းမှာ ယမန်နှစ်က သူနှင့် ကျွန်တော်သည် ဆင်စွယ် ပိဿာချိန် (၅၀) မျှ ဝယ်၍ မြို့သို့ ယူသွားကာ လောဘကြီးသော ကုန်သည်တစ်ဦးအား မြို့ပေါက်ဈေး တစ်ဝက်မျှနှင့် အရှုံးခံ ရောင်းပြီး ချောင်ကျကျ တစ်ရွာကို ညွှန်ပြ၍ ဤဆင်စွယ်မျိုးကို ဈေးချောင်ချောင်နှင့် လိုချင်သလောက် ရနိုင်ကြောင်း ယုံကြည်လောက်အောင် ဖြီးလိုက်သောကြောင့် ထိုကုန်သည်က ကိုကွက်ကြီးကို လမ်းပြအဖြစ်နှင့် ခေါ်လာသည်တွင် ကျွန်တော်က ကိုဖိုးထိုက်တို့ လူစုကို လက်တို့၍ ဆီးလုစေခြင်းဖြင့် မြို့သား၏ ငွေ (၂၀၀) ကို ကျွန်တော်တို့ တောသား (၅)ယောက်က အပိုင်စီးလိုက်ရပါသည်။
ထို့ကြောင့် ကိုကွက်ကြီးသည် ယခုနှစ် တစ်ဖန် မြို့သို့တက်၍ ကြံရန် ပြောခြင်း ဖြစ်ပါသည်။ ကျွန်တော်မှာလည်း စိတ်ကူးထည့်ပြီးသား အကြံအစည်တစ်ခု ရှိနေသောကြောင့် ...
“ကိုကွက်ကြီး ဒီနှစ်တော့ လူများကို ဝေစုခွဲရမယ့် ကိစ္စမျိုးတော့ မလုပ်ချင်တော့ဘူးဗျာ။ မနှစ်က ကိုဖိုးထိုက်တို့ လူစုကို တစ်ဝက် ခွဲပေးလိုက်ရတာ။ အတော်နာတာဗျ။ ကိုယ်တို့ နှစ်ယောက်တည်းနဲ့ ပြီးတဲ့ အလုပ်ပဲ ကြံတော့တယ်ဗျာ”
“ဟာ ... ဟာ ... သိပ်... သိပ်ကောင်းတာပေါ့ ကိုတောင်ရာ။ ဘာ ... ဘာလဲ ... ဗျောက် ... ဗျောက်ငှားပြီး အနုကြမ်း စီးရအောင်လား”
“ဟာ ... ဒီလို လက်နက်နဲ့ တိုက်လား၊ ခိုက်လား မလုပ်ချင်ပါဘူး။ ယဉ်ယဉ်ကလေးနဲ့ ငွေရတဲ့နည်းကို ကျွန်တော် ကြံထားပါတယ်”
“ဟာ ... ဟန် ... ဟန်လိုက်တာဗျာ။ ပြောစမ်းပါဦး”
“အခု ... ခင်ဗျားမှာ ငွေ (၂၀၀) ရှိတယ် မဟုတ်လား”
“ဟုတ်... ဟုတ်တယ်။ လယ် ... လယ်ခကို မပေးရအောင်၊ ဟို ... ဟိုအဖွဲ့ကလူ ... နည်း... နည်း... ပေးပြီး ဘုံးထားလိုက်တာ”
“အဲဒီ... ခင်ဗျာ့ငွေ (၂၀၀) ဟာ၊ ငွေ (၂၀၀၀) ဖြစ်ရမယ်ဗျ။ သိပ်လည်း အရင်း မလိုပါဘူးလေ။ ကျုပ်မှာလည်း ဟို ... ဖိုးတေ ကြက်နိုင်ထား လိုက်တာ ငွေ (၈၀) ရှိသေးတယ်”
ဤတွင် ကိုကွက်ကြီး၏ မျက်နှာမှာ တစ်ခုခုကို တွေ့မိဟန်နှင့် ရွှင်လန်းသွားကာ ...
“အာ ... ဒီ ... ဒီနှစ် ... ကို ... ကိုတောင်၊ ကံ ... ကံကောင်းနေတာပဲ။ ဖိုး ... ဖိုးတေ ခရမ်းကြီးကို ... ကို ... ကိုတောင် ဇိန်းကလေးက မ ... မနိုင်ဘူး အောက်မေ့နေတာ။ ကို... ကိုဖိုးထိုက်တို့ကတောင် တင် ... တင်အောင် မိုက်ပြီလို့ ပြောနေကြတာ”
“ဘယ် ... ကျုပ်မိုက်မလဲဗျာ။ ကျုပ်က ဖိုးခရမ်းကြီးကို မတိုက်ခင် တစ်နေ့ကတည်းက ကြိုပြီး ခန့်ခွဲထားတာပဲဗျ”
ကိုကွက်ကြီးက အံ့ဩသလို ဖြစ်သွားကာ ...
“အား ... အား ... ဒါကြောင့်ကိုး။ ဖိုး ... ဖိုးတေ ကြက်ကြီးဟာ ရေလယ်ကျ၊ မ ... မခုန်နိုင် ဖြစ်နေတာ။ ကို ... ကိုတောင်က သိပ်တော်တာပဲ။ ဒါ ... ဒါကြောင့် ကိုယ့်ဆရာ ဖြစ်နေတာ။ အ ... အခု အကြံလည်း ပြောစမ်းပါဦး”
ကိုကွက်ကြီးက ချီးကျူးလိုက်ပါသည်။
ကျွန်တော်က ဆရာပီပီ ဣနြေ္ဒရှိစွာနှင့် ...
“အခု အကြံကတော့ ပထမ ဒိုက်ကြီးကုန်း အရှေ့ဘက်က ရှင်ပြန်တောင် တောထဲမှာ လိုဏ်ခေါင်းတစ်ခု ရှာပြီး လူဝှက်ဖို့ နေရာထိုင်ခင်း လုပ်ထားရမယ်။ ဒုတိယ မြို့တော်သွားပြီး ကိုအောင်ဘတို့ဆီမှာ တည်းခိုရင်းနဲ့ ငွေထွက်ပုံပေါ်တဲ့ လူရဲ့ ကလေးတစ်ယောက်ကို မပါ၊ ပါတဲ့နည်းနဲ့ ခေါ်ပြီး ထောင်ထား၊ နောက် ငွေတောင်းရုံပေါ့”
ကိုကွက်ကြီးက အကြီးအကျယ် သဘောကျသွားကာ ...
“ဟာ ... ဟန် ... ဟန် ... လိုက်လေ။ ကို ... ကိုတောင်ရာ။ ဝှက် ... ဝှက်ဖို့ နေ ... နေရာလည်း အဆင်သင့်ပါပဲ”
“ကဲ ... ဒါဖြင့် နက်ဖြန်ကစပြီး စီစဉ်ကြတာပေါ့”
ကျွန်တော်တို့နှစ်ယောက်သည် တောတန်းထဲတွင် ကလေးဝှက်ထားရန် နေရာထိုင်ခင်းကို စီမံပြီးနောက် မြို့သို့ တက်သွားကြကာ ငွေထွက်ပုံပေါ်သော မိဘနှင့် ကျွန်တော်တို့ လွယ်ကူစွာ ခေါ်နိုင်မည့် ကလေးကို ရှာဖွေ စုံစမ်းကြပါသည်။
သိပ်ပြီး မကြာလှပါ။ ကိုအောင်ဘတို့ဆီ တည်းခိုရင်း (၅)ရက် အတောအတွင်းမှာပင် ဘုရားလူကြီး ဦးထွန်းမြတ်၏ သားကလေး ဂျော်နီ ခေါ် နီတွတ်ကို မျက်စိတန်းမိကြပါသည်။ နီတွတ်မှာ အသက် ခြောက်နှစ်သားခန့်မျှ ဖြစ်၍ မိခင်လည်း ကွယ်လွန်ပြီ ဖြစ်သဖြင့် မုဆိုးဖိုကြီး ဦးထွန်းမြတ်မှာ ထို မိတဆိုးကလေးကို အလွန်ပင် ချစ်ခင်ဟန် ရှိပါသည်။ ထို့အပြင် ဦးထွန်းမြတ်မှာ ပစ္စည်းချမ်းသာသဖြင့် ငွေထိန်း ဘုရားလူကြီးပင် ဖြစ်နေသောကြောင့် ကျွန်တော်တို့ တောင်းမည့်ငွေ နှစ်ထောင်၊ သုံးထောင်မျှကို ခဲယဉ်းလိမ့်မည် မဟုတ်ပါ။ နီတွတ်ကလေးမှာလည်း ဂွလေးတစ်ချောင်းနှင့် သူတို့အိမ်နီးပါးနား ခြံစောင့်ရင်းများတွင် လည်ပတ်နေသူဖြစ်၍ ကျွန်တော်တို့ လက်တွင်းသို့ ရောက်ရန် လွယ်ကူပါသည်။
ကျွန်တော်သည် နီတွတ်အား နေ့လယ်နေ့ခင်း လူကြီးများ မျက်စိလစ်ချိန်တွင် သူ၏ ပုတ်သင်ညို၊ နှံပြီစုတ် ပစ်သော လုပ်ငန်းကို ကူညီရင်း မိတ်ဖွဲ့ကာ မြို့ပြင်ဘက်က တောတန်းထဲတွင် ချိုပေါက်နေသော ပုတ်သင်ညိုများ၊ အတောင်မရှိသော နှံပြီစုတ်များ၊ စကားပြောတတ်သော ပန်းရည်စုတ်ငှက်များ၊ နေ့ခင်းကြောင်တောင်ကြီး ၌ပင် အအိပ်ကြီးသော စာကလေးများ ရှိကြောင်း ပြောပြလျက် သူလိုက်ကြည့်ချင်အောင် ဆွယ်ရပါသည်။
နှစ်ရက်၊ သုံးရက် အတွင်း၌ပင် နီတွတ်သည် ကျွန်တော့် ပြောစကား ယုံကြည်၍ လိုက်ကြည့်ရန် သဘောတူပြီး နေ့လယ်ကြီးတွင် လူကြီးများ အလစ်၌ ကျွန်တော် သူ့ကို ခေါ်ခဲ့ပါသည်။ မြို့အပြင်ဘက်တွင် ကိုကွက်ကြီးသည် ကောက်ရိုးတင်ထားသော လှည်းနှင့် စောင့်နေ၍ နီတွတ်က မလိုက်ဘူး ငြင်းဆန်လျှင် ကြိုးချည် ပါးစပ်ပိတ်ပြီး ကောက်ရိုးထဲသိပ်၍ ခေါ်သွားရန် ဖြစ်ပါသည်။
သို့သော် နီတွတ်မှာ ဆီး၍ ချီပွေ့သော ကိုကွက်ကြီး၏ ကြင်နာမှု၊ မြင့်မားသော ကောက်ရိုးလှည်းကြီး၊ ကျယ်ပြန့်သော လယ်ကွင်းပြင်၊ မနီးမဝေး၌ စိမ်းညိုသော တောတန်းတို့ကို မြင်ရလေရာ ပျော်ရွှင်စွာပင် ကျွန်တော်တို့နှင့် လိုက်ရန် သဘောတူညီလေ၏။
ကျွန်တော်တို့ နေထိုင်ရန် ပြုပြင်စီမံထားသော နေရာသို့ ရောက်သောအခါ နီတွတ်အား ကျွန်တော်တို့သည် လျှို့ဝှက်စွာ တောခိုနေသော ရဲဘော်များဖြစ်ကြောင်း၊ ဤလိုဏ်ဂူသည် ကျွန်တော်တို့ နေအိမ်ဖြစ်ကြောင်း၊ ကိုကွက်ကြီးမှာ နီတွတ်ကို မြင်လျှင်မြင်ချင်း သေသွားသော သူ့သားကလေးနှင့်တူ၍ ချစ်ခင်သောကြောင့် မရအရ ခေါ်ခဲ့ကြောင်း၊ နီတွတ်အား စားချင်တာကျွေး၍ ပျော်ရွှင်အောင် ထားမည့်အကြောင်းတို့ကို ပြောကြား နှစ်သိမ့်စေပါသည်။ ကိုကွက်ကြီးမှာလည်း ကျွန်တော်ထွင်ထားသော ဇာတ်ကွက်အတိုင်းပင် နီတွတ်အား သားကလေးကဲ့သို့ ချီပိုးယုယကာ ဟိုအကြောင်း၊ ဒီအကြောင်းတို့ကို အအ ထစ်ထစ်နှင့် ပြောရှာပါသည်။
ကျွန်တော်သည် လှည်းပြန်ပို့ရန် ရွာသို့ သွားကာ အနီး၌ ကိုကွက်ကြီးအား ညမှောင်လျှင် နီတွတ် အိမ်ပြန်ချင်စိတ် မပေါက်အောင် တတ်နိုင်သော နည်းနှင့် ချော့ရန် မှာထားခဲ့ရာ ကျွန်တော် လှည်းပို့ပြီး ပြန်လာသောအခါ ကိုကွက်ကြီးကို များစွာပင် ချီးမွမ်းမိပါတော့သည်။ အကြောင်းသော်ကား ... ကိုကွက်ကြီးသည် ကိုယ်တုံးလုံးနှင့် ခါးတောင်းကို မြှောင်နေအောင် ကျိုက်၍ တစ်ကိုယ်လုံးပင် နနွင်းနှင့် ထုံးရောနေသော အနီစင်း၊ အိုးမည်းကို ရေဖျော်၍ သုတ်ထားသော အနက်စင်း၊ အဝတ်ကို လိမ်၍ ကျစ်ထားသော အမြီးတို့နှင့် လေးဘက် ထောင်နေလျက် လူစင်စစ်မှ ကျားဖြစ်နေသည်ကို တွေ့ရပါသည်။ နီတွတ်မူကား အဝတ်နီတစ်ခုကို ခေါင်း၌စီးကာ ထမင်းချက်သော ယောက်မကို သံလျက်အဖြစ်နှင့်ကိုင်၍ မင်းကလေးနတ် လုပ်ပြီး ကိုကွက်ကြီးကို စီးနေပါသည်။
ကျွန်တော်သည် သူတို့ကို မြင်ရသည်နှင့် ရုတ်တရက် အံ့ဩဝမ်းသာခြင်း ဖြစ်သွားကာ ...
“ဟာ ... အရှင်တော်မြတ်၊ မင်းကလေးနတ်ပါလား။ ဘယ်များ ကြွချီတော်မူမလို့လဲ” ဟု ခပ်ရွှင်ရွှင်ကလေး မေးလိုက်ရာ ကိုကွက်ကြီးမှာ ပြုံးစိစိကြီး လုပ်နေ၍ နီတွတ်မူကား သွက်လက်လှစွာနှင့် ...
“ဟား ... မယ်ဥကို သွားကိုက်ခိုင်း မလို့လေ။ အို ... ညီထွေးလက်က တရုတ်အမဲတွေ ပါကလား။ ငါကိုယ်တော်မြတ် မကြိုက်ဘူးလေ”
ဤတွင်မှ ကျွန်တော် သတိရ၍ ပြုံးမိပါသည်။ အကြောင်းသော်ကား ... ကျွန်တော်သည် ဝက်အူချောင်းတို့ကို ဝယ်လာသည်ဖြစ်၍ နောက်ကွယ်၌ ဝှက်လိုက်ကာ ...
“အား ... ကျွန်တော်မျိုး မသိလို့ပါ။ သည်းခံတော်မူပါ ဘုရား” ဟု ရိုသေစွာ လျှောက်လိုက်ရာ ချာတိတ်ငယ်မှာ အတော်ပင် ကျေနပ်၍ သွားပါသည်။ ဤနည်းအားဖြင့် ကျွန်တော်တို့သည် နီတွတ်၏ အလိုကို လိုက်၍ သူ့အကြိုက်ကို လုပ်နေရာ ချာတိတ်ငယ်မှာ သူ့အား ကျွန်တော်တို့က ဖမ်းဆီးထားခြင်းကို မရိပ်မိရုံမက သူ့အိမ်သို့ပင် မပြန်တော့လိုကြောင်း ပြောပါသည်။
ညစာ ထမင်းစားကြသော အခါ၌ သူ့မှာ မင်းကလေးစိတ် ပေါက်နေ၍ တရုတ်အမဲကို မစားဟု ဆိုသောကြောင့် ကြက်သားဟင်းနှင့် ကျွေးရပါသည်။
“ဟင် ... ဦးလေးတောင် ပါးက ပိန်ပိန်ကလေးရယ်၊ ဦးလေးကွက်ကြီး ပါးကဖြင့် ကျွန်တော်တို့ ကျောင်းက ဆရာမ တင်ပါးကြီးလိုပဲ ဖောင်းလှုပ်၊ ဖောင်းလှုပ်နဲ့” ဟု ကျွန်တော့်တို့ ပါးစောင်တို့ကို ကြည့်၍ ပြောရာမှ ...
“အဲ့ဒီဆရာမက သိပ်ရိုက်တာပဲ ဦးလေးရဲ့။ ဖေဖေကတောင် အိမ်ကို ခေါ်ခဲ့ပါလားတဲ့။ ကျွန်တော်တို့ ဖေဖေက သိပ်ပိုက်ဆံရှိတာပဲ။ ဘုရားကဘဏ္ဍာငွေဟာ သူ့ငွေချည်းပေါ့တဲ့။ ဒေါ်လေးကို ဟိုနေ့က ပြောနေတယ်။ ကျွန်တော်ဖြင့် ဖင်ကြီးတဲ့ မိန်းမတွေကို သိပ်မုန်းတယ်။ သူတို့က သူများထက် ပိုပြီး လူပါးဝတယ်။ ဖေဖေကဖြင့် သိပ်ကြည့်တာပဲ။ ကျွန်တော့် ဒေါ်လေး ကျွန်တော့်ကို ခဏခဏ ရိုက်တယ်။ ဖေဖေကို ပြောတော့ ဘာမှမပြောဘူး။ ဒေါ်လေး တင်ပါးကိုသာ ကြည့်နေတာပဲ။ ဖေဖေက ငါကြီးပေမယ့် ဖွဲတစ်တင်းကို နိုင်ပါသေးတယ်တဲ့။ ဟို ... ကျွန်တော်တို့ ကျောင်းက တင်တင်ထွေးမြင့် သိပ်သန်တာပဲ။ သူကြီးရင် မယ်မြန်မာ လုပ်မလို့တဲ့။ ဟင် ... ဦးလေးက ခရမ်းသီးကို သိပ်ကြိုက်တာပဲလား။ ကျွန်တော်တို့ အစ်မလေး ကြည်ကြည်ကဖြင့် ခရမ်းသီးဟာ စားဖို့မကောင်းဘူးတဲ့။ ဖောင်တိန်ကို ပါးစပ်နဲ့ မကိုက်ရဘူးတဲ့။ နေကပူပေမယ့် လေက အေးတာပဲနော်။ ပွဲထဲက ဝန်ကြီးတွေဟာ မီးခွက်မှုတ်တာ၊ ငွေဘုံးတာ မရှိဘူးနော်။ နို့ ... ပြီး သူတို့က တိုင်းပြည်ကို ချစ်တယ်လို့လည်း မပြောဘူး”
ဤကား နီတွတ် ထင်ရာမြင်ရာ လျှောက်ပြော နေသည်တို့ကို ကျွန်တော် မှတ်မိသလောက် ဖော်ပြခြင်း ဖြစ်ပါသည်။ ညအိပ်သောအခါ၌ ကျွန်တော်တို့ နှစ်ယောက်ကြားတွင် အိပ်ရာ၌ ကျွန်တော့်ကို ပုံပြောခိုင်းပါသည်။ ကျွန်တော်လည်း ပြီးလွယ်စေကြောင်း ‘ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွား’ သော ပုံကို ပြောပြရာ ...
“ဟာ ... ဦးလေးတောင် ပုံပြင်၊ ကျွန်တော်တောင် ပြောတတ်သေးတယ်။ တော်စမ်းပါဗျာ ... နားမထောင်ချင်ပါဘူး။ ကျွန်တော်တို့ ဆရာမလို အင်္ဂလိပ်ဝတ္ထု ပြောပြပါဗျ” ဟု ဆိုလေသဖြင့် ကျွန်တော်လည်း အင်္ဂလိပ်စာကို အတော်အတန် သင်ဖူးသောကြောင့် သူ အိပ်လွယ်အောင် ဒေးဗစ်(David) နှင့် ဂေါ်လီယက်သ် (Goliath) ပုံကို ပြောပြလိုက်ပါသည်။
ဤဝတ္ထုမှာ ချာတိတ်ငယ် ဒေးဗစ်က အလွန်ကြီးမားသော ဂေါ်လီယက်သ်ကြီးအား လောက်စာလုံးနှင့် ပစ်၍ နိုင်သောအကြောင်း ဖြစ်သောကြောင့် နီတွတ် အကြီးအကျယ် သဘောကျသွားပါ၏။ နောက်တစ်နေ့နံနက်၌ ကျွန်တော်သည် နီတွတ်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းရန် အပြင်သို့ ထွက်ရမည် ဖြစ်သောကြောင့် သွားခါနီးတွင် ကိုကွက်ကြီးအား ကလေး ပျော်ရွှင်ကျေနပ်နေအောင် သူ့အလိုကို အောက်ခြေသိမ်း သည်းခံ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ကျွန်တော် စိုးရိမ်နေသည်ကား ဦးထွန်းမြတ်ကြီး ဂါတ်ကို တိုင်ကာ ရဲများနှင့် အနည်းပါးနားရှိ ရွာများ၊ တောအုပ်များတွင် လိုက်လံ စုံစမ်းနေလိမ့်မည်ဟု အောက်မေ့မိပါသည်။ သို့ရာတွင် ကျွန်တော်တို့၏ ကုသိုလ်ကံ ကောင်း၍ပင်လား မသိ။ တွေးထင်သကဲ့သို့ မဟုတ်ပေဘဲ၊ ကျွန်တော်တို့ နေရာ၏ အပြင်အပ အနီးပတ်ဝန်းကျင်မှာ ဘာမှ လှုပ်ရှားခြင်း မရှိ။ ခါတိုင်းကဲ့သို့ပင် ယာသမား၊ နွားကျောင်းသားများနှင့် အေးချမ်းစွာ ရှိနေပေ၏။
ကျွန်တော်သည် နေ့ဝက်မျှကုန်အောင် ပြင်ပ အရိပ်အခြည်ကို ကြည့်ပြီးနောက် ဘာမှ မထူးခြားသဖြင့် စိတ်အေးသက်သာ ပြန်ခဲ့ရာ ကျွန်တော့်စကားကို တစ်သဝေမတိမ်း လိုက်နာသဖြင့် အကြီးအကျယ် မသက်မသာ ဖြစ်နေသော ကိုကွက်ကြီးကို တွေ့ရပါသည်။ အကြောင်းသော်ကား ... နီတွတ်သည် ညက ကျွန်တော်ပြောသော ဒေးဗစ်နှင့် ဂေါ်လီယက်သ်တို့ ဝတ္ထုအတိုင်း သူက ဒေးဗစ်လုပ်၍ ကိုကွက်ကြီးအား ဂေါ်လီယက်သ် သဘောထားကာ ဂွလေးနှင့် အကြီးအကျယ် ဘေထားသဖြင့် ကိုကွက်ကြီး၏ မျက်နှာမှာ
ဖူးဖူးရောင် ဖောင်ဖောင်ရူး နေသည်ကို တွေ့ရပါသည်။
ကိုကွက်ကြီးသည် ရှုံ့ရှုံ့မဲ့မဲ့ မျက်နှာနှင့် “တယ် ... တယ်ဆိုးတဲ့ ကောင်လေးပဲ။ ကို ... ကိုတောင်ရာ ပြော ... ပြောလို့ကို မရဘူး။ ကျုပ် ... ကျုပ်ကလည်း ကို ... ကိုတောင် မှာထားတဲ့အတိုင်း သူ့ ... သူ့အလို လိုက်နေရတာပါပဲ။ ရွှံ့ ... ရွှံ့ပျော့ လောက်စလုံးတွေနဲ့မို့ တော်ပါသေးရဲ့”
ကျွန်တော်သည် ကိုကွက်ကြီး၏ မျက်နှာကို ကြင်နာစွာနှင့် ကြည့်ကာ ...
“ခဏတစ်ဖြုတ် သည်းခံနေပေါ့။ ကိုကွက်ကြီးရာ၊ ကိုယ် ငွေရဖို့ အလုပ်ပဲ”
“ဒါ... ဒါ ... ဒါကြောင့်ပေါ့ ကိုတောင်ရာ”
ဤစဉ်တွင် ချာတိတ်ငယ်သည် ရွှင်လန်းနေသော မျက်နှာနှင့် ဂွလေးကို ကိုင်၍ ရောက်လာသဖြင့် ကျွန်တော်က ...
“အလို ... ကိုဒေးဗစ်ပါလား။ ဂေါ်လီယက်သ်ကြီးကို သိပ်နှံထားတာကိုး”
“ဟာ.. ဘုရားသခင် အလိုတော်အတိုင်း နှံထားတာပဲ ဦးလေးတောင်ရဲ့”
“မင့် ... ဦးလေးတို့နဲ့ နေရတာ ပျော်ရဲ့လား။ အိမ်ကို မပြန်ချင်ဘူးလား”
နီတွတ်မှာ အကြီးအကျယ် ကျေနပ်နေပုံပေါ်သဖြင့် ကျွန်တော်က သွေးတိုးစမ်း၍ မေးလိုက်ရာ ...
“အား ... အိမ်ကို၊ ဘာလို့ ပြန်ရမှာလဲ ဦးလေးရဲ့။ ဦးလေးတို့နဲ့ နေရတာ သိပ်ပျော်တာပဲ။ အိမ်မှာဆိုရင် ဒေါ်လေးက ရိုက်တယ်။ ဖေဖေက ကျောင်းကို အတင်းသွားခိုင်းတယ်။ ဒီမှာတော့ ဟော့ဒီ ဦးလေးကွက်ကြီးနဲ့ ကစားရတာ သိပ်ကောင်းတာပဲ”
ကိုကွက်ကြီး၏ အမူအရာမှာ အတော် အောင့်သက်သက် နေဟန်ရှိပါသည်။
ယခုအတိုင်း ဆိုလျှင်မူကား ကျွန်တော်တို့သည် ကောင်ကလေးကို အထူးသဖြင့် ထိန်းသိမ်းနေစရာ မလိုတော့ပါ။ သူနှင့် အလိုက်သင့် နေရန်သာ ရှိပါတော့သည်။
ကျွန်တော်က ပြင်ပကိစ္စကို ဆောင်ရွက်ရန် ကိုကွက်ကြီးက နီတွတ်ကို ပျော်ရွှင်စွာ ထားရန် တာဝန်ယူပါသည်။ သို့သော် ထိုည အိပ်ရာဝင်၌ နီတွတ်က ပုံပြောခိုင်းသောအခါ ကိုကွက်ကြီးက မနေ့ညက ဒေးဗစ်နှင့် ဂေါ်လီယက်သ်တို့ ဝတ္ထုကဲ့သို့ ချာတိတ်ငယ်က လူကြီးကို ဆော်သော အကြောင်းမျိုးကို မပြောရန် တီးတိုး တားဆီးထားသဖြင့် ကျွန်တော်သည် ထိုည၌ သူရဲကောင်းကြီး ရတ်စတမ်(Rustum) နှင့် ဇိုရပ်(Zorab) တို့ သားအဖ၏ ပုံပြင်ကို မှတ်မိသမျှ ပြောပြပါသည်။
ဤဝတ္ထုမှာ သူရဲကောင်ကြီး ရတ်စတမ်သည် သားဖြစ်သူ ဇိုရပ်အား သားမှန်း မသိသဖြင့် သတ်လိုက်မိသော ကြေကွဲဝမ်းနည်းဖွယ်ရာ အကြောင်းဖြစ်၍ နီတွတ်က ကိုကွက်ကြီးအား မည်သည့်နည်းနှင့်မျှ ညှဉ်းပန်းရန် အကြောင်းရှိမည် မထင်ပါ။ အကယ်တန်တိ ကိုကွက်ကြီးကသာ အဖေလုပ်၍ နီတွတ်ကို သတ်ဟန်ပြုရန် ရှိပါသည်။
သို့ရာတွင် ညနေခင်း၌ ကျွန်တော် အပြင်ဘက်မှ ပြန်လာသောအခါ ကိုကွက်ကြီး၏ မျက်နှာနှင့် ရင်ဘတ်တို့မှာ အရှိုးအစင်းတွေ ဗလပွေ ထနေလျက် ကျွန်တော့်ကို ဆီး၍ တိုင်တန်းပါတော့သည်။
“ဟာ ... ကို ... ကိုတောင့်နှယ် သိပ် ... သိပ်ဆိုးတဲ့ ကောင်ကလေးပဲ။ ညက ... ကိုတောင်ပြောတဲ့ ဝတ္ထုအတိုင်း သူ ... သူက ကစားချင်တယ်ဆိုလို့ သစ် ... သစ်သားဓား နှစ်ချောင်း လုပ်ရတယ်။ နောက် ကစားတော့ ... ကျုပ်... ကျုပ်က အဖေကြီး ရတ် ... ရတ်စတမ် လုပ်ရတယ်။ စစ် ... စစ်တိုက်ရင်း ကျုပ် လဲကျသွားတော့ သူ ... သူက မခုတ်ဘဲ နေရမှာကို ... ဟာ ... ကျွန် ... ကျွန်တော်က ဟိုကောင်လေးလို မအ,ဘူးဗျဆိုပြီး ခုတ်လိုက် ထစ်လိုက်တာ လူ ... လူကို သေလုပါရော ကျုပ် ... ကျုပ်တော့ စိတ်တောင် ပျက်လာပြီ”
ကိုကွက်ကြီးကဲ့သို့ သူတစ်ယောက်က စိတ်ပျက်လာပြီဟု ပြောရသည် လောက်အောင် ဖြစ်ရကား ကောင်ကလေးသည် အင်မတန်ပင် ဆိုးဟန်တူပါသည်။ အမှန်မှာ ကိုကွက်ကြီး၏ စိတ်ထဲတွင် နီတွတ်အပေါ်၌ အတော်ပင် ခံပြင်းနေပါသည်။ စင်စစ်ကား ညက ကျွန်တော်ပြောသော ဝတ္ထုအကြောင်းနှင့် ပတ်သက်၍ နီတွတ်က သူ့ကိုနှံရန် အကွက်မရှိပါ။ ကျွန်တော် ပြောထားသော ဝတ္ထုအတိုချုပ်မှာ နာမည်ကျော် ပါရှားသူရဲကောင်းကြီး ရတ်စတမ်သည် စစ်ထွက်နေခိုက်၌ သူ့ဇနီးသည် သားယောက်ျားကလေး ဇိုရပ်ကို မွေးဖွားသည်။ သို့သော် မိခင်မှာ တိုက်ခိုက်ခြင်းကို မလိုလားသူ ဖြစ်၍ သားကလေးသည် ဖခင်ကဲ့သို့ စစ်သား ဖြစ်သွားမည် စိုးသောကြောင့် ရတ်စတမ်ထံသို့ သမီးကလေး မွေးဖွားကြောင်း သတင်းပို့လိုက်သည်။ ဇိုရပ် အရွယ်ရောက်လာသော အခါ ဖခင်ကဲ့သို့ပင် အတိုက်အခိုက်တွင် နာမည်ကြီးလာကာ သူ့ဖခင်သည် နာမည်ကျော် သူရဲကောင်းကြီး ရတ်စတမ်မှန်း သိလျှင် အားရဝမ်းသာလှစွာ တွေ့ချင်လွန်းလှ၍ ဘုရင်တစ်ပါး၏ ဩဇာခံအဖြစ်နှင့် စစ်ထွက်ခဲ့သည်။ စစ်မြေပြင် အပွဲပွဲတွင် ဇိုရပ်မှာ နာမည်ကြီးလာ၍ နောက်ဆုံး၌ သူ့ကို တိုက်ဝံ့မည့်သူ မရှိသလောက်ပင် ဖြစ်လေသည်။ ရတ်စတမ်ဘက်က ဘုရင်သည် ရက်စတမ်အား ဇိုရပ်ကို ထွက်၍ တိုက်ရန် တိုက်တွန်းသည်။ ပထမ၌ အသက်အရွယ်ကြီးပြီဟု ဆို၍ အကြိမ်ကြိမ် ငြင်းဆိုနေသေးသည်။ နောက်ဆုံး၌ကား ဇိုရပ်၏ အကြိမ်ကြိမ် စိန်ခေါ်မှုကြောင့် မနေသာတော့ဘဲ စစ်မြေပြင်သို့ ထွက်ခဲ့ရတော့သည်။
သို့သော် ဇိုရပ်ကဲ့သို့ လူငယ်ကလေးက ရှုံးရှုံးနိုင်နိုင် ရတ်စတမ်ကြီးနှင့် တွေ့ရသည်မှာ ဂုဏ်ယူမှာကို စိုးသောကြောင့် သူ့ကိုယ်သူ ရတ်စတမ်ဟု မပြောဘဲ အခြားသူရဲကောင်း တစ်ယောက်အနေနှင့် ထွက်ခဲ့လေသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်မိသည်တွင် ဖခင်ကိုတွေ့လိုနေသော ဇိုရပ်သည် ရတ်စတမ် ဖြစ်ပါသလောဟု မေးသောအခါ “ရတ်စတမ်က မင့်လိုကောင်မျိုးကို ထွက်ပြီး မတိုက်” ဟု ခါးခါးသီးသီး ငြင်းလိုက်၏။ ဤတွင် ဇိုရပ်က “ရတ်စတမ်မဟုတ်လျှင် သေပေတော့” ဟု ဆိုကာ အပြင်းအထန် တိုက်လေသည်။
တိုက်ပွဲအလယ်လောက်တွင် အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သော ရတ်စတမ်သည် ခြေချော်၍ လဲလေ၏။ သို့သော် ဇိုရပ်မှာ တရားပြည့်ဝသော သူရဲကောင်းပီပီ လဲနေသူကို မသတ်လိုသောကြောင့် ထပြီး တစ်ဖန် တိုက်ရန် အခွင့်အရေး ပေးလိုက်သည်။ ဤတွင် ရတ်စတမ်ကြီးမှာ အလွန် ရှက်လေရကား စိတ်ကြီးမာန်ကြီးနှင့် ပိုမိုပြင်းထန်စွာ တိုက်လေသည်။ ဇိုရပ်လည်း ရဲရင့်စွာ တိုက်ခိုက်ကာ နောက်ဆုံးချက်ကောင်းကို ရ၍ ရတ်စတမ်ကြီး၏ ဦးခေါင်းကို ဓားနှင့် တအားကုန် ခုတ်ခွဲလိုက်သည်။ သို့သော် ရတ်စတမ်ကြီး၏ သံခမောက်မှာ မာလွန်းသောကြောင့် ရုတ်တရက် ဓားကျိုး၍ သွားလေသည်။
ဤတွင် ရတ်စတမ်သည် အပြီးသတ် တိုက်တော့မည် ဖြစ်သောကြောင့် “ရတ်စတမ်ကွ” ဟု သူ၏ နာမည်ကို ထုတ်ဖော်ကြိမ်းဝါးလိုက်ရာ ဖခင်၏ နာမည်ကို ကြားလိုက်ရသော ဇိုရပ်မှာ ရုတ်တရက် အံ့အားသင့်သွားသည်တွင် ရတ်စတမ်ကြီးသည် ချက်ကောင်းရ၍ သူ့ဓားမှာ ဇိုရပ်၏ ရင်ဘတ်ကို စူးဝင်သွားလေ၏။
ဤနည်းဖြင့် လက်လွန်သွားခါမှ သားအဖမှန်း သိကြ၍ ကြေကွဲဖွယ်ရာ ဇာတ်သိမ်း လိုက်လေသည်။
သို့သော် ယခု ကျွန်တော်၏ သူရဲကောင်းများ ဖြစ်သော နီတွတ် ဇိုရပ်နှင့် ရတ်စတမ် ကိုကွက်ကြီးတို့မှာ မည်ကဲ့သို့ ဇာတ်ကြောင်းလွဲသည်မသိ၊ သားက ဖအေကို နှံထားသည်ကို တွေ့နေရပါသည်။
ထို့ကြောင့် ကျွန်တော်သည် အကြီးအကျယ် မနောခွေ့နေသော မျက်နှာနှင့် သစ်သားဓားကို ကိုင်၍ သူရဲကောင်းပီပီ ရင်ချီ ခါးကော့ကာ ကျွန်တော့်ဆီသို့ လာနေသော ဇိုရပ် နီတွတ်အား ...
“ဟေ့ သူရဲကောင်း ညက ဦးလေးပြောတဲ့ ဝတ္ထုထဲမှာ ဇိုရပ်က ရတ်စတမ်ကြီး လဲသွားတော့ အင်မတန် စိတ်သဘောထား ပြည့်ဝတဲ့ သူရဲကောင်းကြီးပီပီ သတ်မပစ်ဘဲနဲ့ ထပြီး ပြန်တိုက်ဖို့ အခွင့်အရေး ပေးတာကို မင်းက ဘာဖြစ်လို့ ကိုကွက်ကြီး သူဝတ္ထုအတိုင်း လဲကျတာကို ဖိဆော်ပစ်လိုက် ရတာလဲ”
နီတွတ်သည် သူ့အလုပ်သူ ကျေနပ်သော မျက်နှာထားနှင့် ...
“ဟာ ... ဒီနေရာမျိုး သဘောထား ပြည့်ဝနေလို့ အပိုပေါ့ ဦးလေးတောင်ရ။ ဇိုရပ်က အ,လို့ သေရတာ။ နို့မို့ သူက နိုင်မှာ” ဟု ဆိုကာ ဝမ်းသာအားရ ရယ်မောနေပါသည်။
ကျွန်တော်သည် စိတ်ထဲ၌ အာဂကောင်လေးပဲဟု မှတ်ချက်ချကာ မျက်နှာထား ခပ်တည်တည် ပြင်လိုက်ပြီး ...
“အေး ... မင့်အဖေ မင်းမုန်းတာက အရေးမကြီးဘူး။ ကိုကွက်ကြီးကို မင်းဆော်ထားတာက ခက်တယ်။ အခု ကိုကွက်ကြီးက စိတ်ဆိုးနေတယ် သိရဲ့လား။ နောက် ... မင်းနဲ့ မကစားဘဲ နေလိမ့်မယ်။ မင်း အဲဒီလို သူ့ကို အရမ်းလုပ်ရင် မင့်ကို မင့်အဖေဆီ ပြန်ပို့လိုက်မယ် သိရဲ့လား”
ကောင်ကလေးသည် သူ့အဖေကို မုန်းနေမှန်းသိ၍ ပြောလိုက်ရာ ချာတိတ်ငယ်သည် သူ့အိမ်သို့ ပြန်ရန် လွန်စွာ စိုးရိမ်ကာဖြင့် မျက်နှာကလေး ညှိုးငယ်သွမ်းလျက် ...
“ဟာ ... အိမ်တော့ ပြန်မပို့ပါနဲ့ ဦးလေးတောင်ရယ်။ ကျွန်တော် နောက်ကို ဒီလို မလုပ်တော့ပါဘူး”
“အေး ... ဒါဖြင့် မင့်ဦးလေး ကွက်ကြီးကို ကျေနပ်အောင် တောင်းပန်လိုက်”
ကောင်ကလေးသည် လူလည် လူပါးကလေး ဖြစ်သည့်အတိုင်း ကိုကွက်ကြီးထံ သွား၍ ပွတ်သီးပွတ်သပ် လုပ်ကာ မျက်နှာချို သွေးပါသည်။
သို့သော် ကိုကွက်ကြီးသည် တယ်ပြီး ကျေနပ်ဟန် မရှိဘဲ၊ ည ကောင်ကလေး အိပ်ချိန်၌ ...
“ကို ... ကိုတောင်ရာ ဒီကောင်ကလေး သိပ်ဆိုးတာပဲ။ မြန် ... မြန်မြန်ပြီးအောင် လုပ်စမ်းပါ။ ကျုပ် ... ကျုပ်အိမ်က သားတောင် ဒီလောက် သည်းမခံဘူး”
“နောက် ... ကြာလှ တစ်ရက်၊ နှစ်ရက်ပေါ့ ကိုကွက်ကြီးရာ။ ကိုယ်ငွေရဖို့ အလုပ်ပဲ သည်းခံစမ်းပါဦး။ ကျုပ် ခုညပဲ စာရေးတော့မှာပဲ”
“စာ ... စာ ဘယ်လိုရေးမှာလဲ”
“ငွေ (၂၀၀၀) နဲ့ လာရွေးဖို့ပေါ့။ ခင်ဗျား တစ်ထောင်၊ ကျွန်တော် တစ်ထောင်လေ”
ကိုကွက်ကြီးသည် စိတ်မရှည်နိုင်ဟန်ဖြင့် ...
“အာ ... အာ ... ကျုပ်ဖို့ တစ်ထောင် လုပ်မနေပါနဲ့ ငါး ... ငါးရာပဲ တော်ပါပြီ။ ကိစ္စ ... ကိစ္စပြီးလွယ်အောင် ထောင့် ထောင့်ငါးရာပဲ တောင်းပါတော့။ နို့ ... နို့မို့ ငွေများပြီး ရက်တွေ သိပ်ကြာနေဦးမယ်”
ကျွန်တော်သည် ကိုကွက်ကြီး၏ စိတ်ပျက်နေပုံကို ကြည့်ပြီး ...
“ကဲ ... အေးဗျာ။ ပြီးလွယ်အောင် ခင်ဗျားပြောတဲ့ ထောင့်ငါးရာပဲ တောင်းပါတော့မယ်။ ကျုပ်ဝေစု တစ်ထောင် မထားပါဘူး။ တစ်ယောက်တစ်ဝက်ပေါ့”
“အို ... ကိုတောင် ကျုပ် ... ကျုပ်အတွက် အရေးမကြီးပါဘူး။ ကို ... ကိုတောင်သာ ယူပါ။ ကျုပ် ... ကျုပ်ကတော့ ဒီကောင်ကလေး ဝဋ်က ကျွတ် ... ကျွတ်ချင်တာပါပဲ”
ကျွန်တော်သည် ကိုကွက်ကြီး၏ ဖြစ်နေပုံကို ကရုဏာသက်သလို ကြည့်ပြီး ...
“ကဲဗျာ၊ မြန်မြန် ပြီးလွယ်အောင်ပဲ လုပ်ပါ့မယ်။ သိပ်လည်း စိတ်ပျက်မနေပါနဲ့။ ကဲ ... စာရွက်နဲ့ ဖောင်တိန် ယူလိုက်။ အခု ရေးပြီး နက်ဖြန် မနက်စောစော ရအောင် သွားပို့မယ်။ ညနေ အကျိုးအကြောင်း သိရောပေါ့”
ကျွန်တော်သည် အဆက်အသွယ်လုပ်ရန် နေရာဌာနကို ရှာဖွေ စီမံပြီးဖြစ်၍ အောက်ပါအတိုင်း ခေတ်မီသော ဟိတ်လုံး ဟန်လုံး စကားသုံးများနှင့် ရေးသားလိုက်ပါ၏။
ဘုရားလူကြီး ဦးထွန်းမြတ်
သင်၏ သား၊ ဂျော်နီခေါ် နီတွတ်ကို ငါတို့ဖမ်းထားသည်။ ငွေ (၁၅၀၀) (တစ်ထောင့် ငါးရာကျပ် တိတိ) နှင့် ရွေးယူမှ အသက်နှင့် ပြန်ရမည်။ ငါတို့ကား တောခိုနေသော နောက်ဆုံးပေါ် ‘အင်တီကပ္ပလီနစ်ပါတီ’ များ ဖြစ်သည်။ ငါတို့အဖွဲ့သည် အသစ်စက်စက်များ ဖြစ်နေ၍ သင် ကြားဖူးလိမ့်ဦးမည် မဟုတ်။ ငါတို့သည် အာဖရိကတိုက် ကပ္ပလီနိုင်ငံကြီး တစ်ခုမှ ဝါဒကို လက်ကိုင်ပြု၍ ဖွဲ့စည်းထားသော ပါတီမဟုတ်။ မျက်နှာကြီးများကို ဖော်လန်ဖားကာ ကပ်၍ ပလီနေသော စားဖားများကို ချေမှုန်းရန် တည်ထောင်ထားသော ပါတီဖြစ်သည်။ နို့ ... ပြီး ကိုယ်ကျိုးလုံးဝ ဖက်သူများလည်း မဟုတ်။ တိုင်းပြည် လူထုအတွက်သာ ‘ဘုရားစူး ဒီမိုကရေစီ’ အခွင့်အရေးကို ရအောင် ဦးလည်မသုန် လည်ကုပ်ကျိုးကျိုး၊ ပုဆိုးပြဲပြဲ ရဲရဲကြီး ဆောင်ရွက်နေသည်။ ငါတို့အဖွဲ့ အစိုးရ ဖြစ်သောအခါ၌ မီးခွက်မှုတ်ခြင်း၊ သူများမယားကို အလစ်သုတ်ခြင်း၊ နိုင်ငံတော်၏ ငွေအပျောက်ရှင်းခြင်း စသည်တို့ကို လူသိနတ်ကြား သတင်းစာများထဲ၌ ပါအောင်လုပ်ခြင်းဖြင့် တိုင်းပြည်၏မျက်နှာကို ကတ္တရာစီး မသုတ်၊ လူထုအားလုံး ချမ်းသာအောင် ပြုလုပ်မည့်သူ၊ သာသနာတော်ကြီး ထွန်းကားအောင် သည်ပိုးမည့်သူ အစစ်အမှန်ကား ငါတို့သာလျှင် ဖြစ်သတည်း။
သို့သော် ယခုအခါ၌ ငါတို့ကိုယ်တိုင်မှာ ဘိုင်ကျနေ၍ သင့်သားကို ထောက်ပြီး ငွေတောင်းရခြင်း ဖြစ်သည်။ တိုင်းပြည်ကို ချစ်လျှင် ဘုရားလူကြီးပီပီ သာသနာတော်ကို တကယ်တမ်း ကြည်ညိုလျှင် တိုင်ကျိုးပြည်ကျိုး သည်ပိုးနေသည့် ငါတို့ အ-က-န-တ တပ်ဖွဲ့ကြီးအတွက် ရံပုံငွေအဖြစ် ငါတို့တောင်းသော ငွေကို ဦးလည်မသုန် ပေးလော့။ ဆစ်မယ်မကြံနဲ့ မလျှော့ဘူး။ ငါတို့အဖွဲ့မှာ ပြောင်းတော့မည်ဖြစ်၍ အချိန်သိပ်ပြီး မစောင့်နိုင်ပါ။ ယနေ့ ညသန်းခေါင် (၁၂နာရီ တိတိ) သည် နောက်ဆုံးအချိန် ဖြစ်သည်။ ဤအချိန်အတွင်းမှ ငါတို့ တောင်းသောငွေ ငါတို့လက်ထဲသို့ မရောက်လျှင် ငါတို့၏ လုပ်ငန်းစဉ် စည်းမျဉ်းတစ် (ဃ) (ဠ) အရ သင့်သား မာလကီးယားပြီ မှတ်ပေတော့။
ငွေပို့ရန်ဌာနမှာ မြို့မှ အုတ်တွင်း ကုန်းလမ်းမကြီးအတိုင်းလာခဲ့၍ တစ်မိုင်ခန့် ရောက်လျှင် လက်ယာဘက် လမ်းနံဘေး၌ မြှုံးစုတ်တစ်ခုကို တွေ့ရမည်။ ထိုနေရာမှ အနောက်စူးစူးသို့ ချိုးဆင်းခဲ့ပါ။ ဖိုခုံလောက်ဆိုင်နေသော ပျဉ်းမပင်ကြီး သုံးပင်အောက်သို့ ရောက်သောအခါ တောင်ဘက်က အပင်ကြီးအောက်တွင် ငါးထောင်သော ပုံးနှုတ်ခမ်းပြုတ်ကို တွေ့ရမည်။ ထိုပုံးထဲ၌ ငွေကို ထည့်ခဲ့ပါ။ နက်ဖြန် သင့်သား သင့်အိမ်သို့ ပြန်ရောက်ရမည်။
ရဲကို လက်တို့လျှင် လည်းကောင်း၊ သို့မဟုတ် တစ်နည်းနည်းနှင့် ရီးတီးယားတား လုပ်ရန် ကြံစည်လျှင် လည်းကောင်း သင့်သားနှင့် သင် အိုးစားကွဲရုံမက သင့်ကိုပါ ငါတို့ လာ၍ သတ်ပစ်မည်။ အထူး သတိချပ်ရန်မှာ ငွေကို တစ်ပြားတစ်ချပ်မျှ အလျော့မခံ၊ မှန်ကန်သော ငွေစက္ကူ အသစ်စက်စက်များ ဖြစ်ရမည်။
နောက်ဆက်တွဲ သတိ - ထောင့်ငါးရာနော် (၁၅၀၀) တိတိ။
(ပုံ) ဗိုလ်ကွက်တောင်
အ-က-န-တ
ကျွန်တော်၏ လက်မှတ်မှာ ကိုကွက်ကြီးက ကျွန်တော့်ကို ခေါ်သောနာမည်နှင့် သူ့နာမည်ကို တွဲ၍ ထိုးလိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော်ရေးသော စာကို မိတ်ဆွေ သဘောကျ၊ မကျ မသိရသော်လည်း ကိုကွက်ကြီးကမူကား ...
“စာ ... စာ ... စာရေးတာ။ အဲ ... အဲဒီလို နိုင်ငံရေး ခြောက်လုံး လှန့်လုံးတွေနဲ့မှပေါ့” ဟု ချီးမွမ်းဩဘာ ထောမနာပြုပါသည်။
သို့သော် ကျွန်တော့်စာကို ဖတ်၍ အဆုံးသို့ ရောက်သောအခါ၌ အနည်းငယ် စိတ်လေးဟန်ဖြင့် ...
“ကို ... ကိုတောင် ... ထောင့် ... ထောင့်ငါးရာက များလို့ လျှော့ ... လျှော့ပါဆိုရင် လျှော့လိုက်ပါဗျာ။ နို့ ... နို့မို့ အချိန်ကြာနေပါဦးမယ်။ ဒီ ... ဒီကောင်လေးကို ...”
ကျွန်တော်သည် သူ့စကားကို ဆုံးအောင် နားမထောင်ဘဲ ...
“အို... ကိုကွက်ကြီးကလည်း စိတ်ပျက် လွယ်လိုက်တာဗျာ။ ဒီစာ မနက်ရောက်အောင် သွားပေး။ သန်းခေါင်မကျော်ခင် ငွေရ။ နောက်တစ်နေ့ ပြန်ပို့လိုက်။ ကိစ္စပြီးရောပေါ့ဗျ။
နက်ဖြန်တစ်နေ့တည်း ကျန်တော့တာ သည်းခံပါဦးဗျာ”
“ခံ ... ခံပါတယ်ဗျာ။ နက်... နက်ဖြန်ကျရင် သူ... သူက မင်းကလေးနတ် လုပ်မယ်။ ကျုပ် ... ကျုပ်ကို ကျားလုပ်ရမယ် ပြောထားတယ်ဗျ”
“ဒါတော့ ခင်ဗျာ့ဟာ ခင်ဗျား အစက ထွင်ထားတာပဲဗျာ။ သူကျေနပ်အောင် လုပ်လိုက်ပါဦး။ ဒီကနေ့ ကျန်တော့တာပဲ ဆင်ပြောင်ကြီး အမြီးကျမှ မတစ်ပါနဲ့”
“ဒီ ... ဒီတစ်နေ့တော့ ကောင်းပါပြီဗျာ”
ကိုကွက်ကြီးမှာ နီတွတ်ကို အကြီးအကျယ် စိတ်ပျက်ဟန် ရှိပါသည်။ ထို့နောက်၌ ကျွန်တော်တို့ အိပ်ရာဝင်ကြပါသည်။
* * *
နံနက်မလင်းမီ လေးနာရီခန့်တွင် ကျွန်တော်သည် အိပ်ရာမှ ထ၍ ညက ရေးထားသော စာကို ယူကာ မြို့သို့ ထွက်ခဲ့ပါသည်။ ဝေလီဝေလင်း အချိန်၌ ဦးထွန်းမြတ်၏ နေအိမ်ဆီသို့ ရောက်၍ သတင်းစာ တစ်စောင်ကို ဝယ်ကာ စာကို သတင်းစာထဲ ညှပ်ပြီး သတင်းစာရောင်းသူကဲ့သို့ သံတံခါးကြားမှ ပစ်သွင်းခဲ့ပါသည်။
ထို့နောက် ကျွန်တော်သည် ဈေးဖွင့်ချိန်ကို စောင့်၍ ဝယ်ခြမ်းစရာ ရှိသည်တို့ကို ဝယ်ပြီး ကျွန်တော်၏ စခန်းသို့ ပြန်ခဲ့ပါသည်။
(၁၀) နာရီခန့်တွင် လိုဏ်ဂူသို့ ပြန်ရောက်ခဲ့ရာ ကိုကွက်ကြီးနှင့် နီတွတ် နှစ်ယောက်စလုံးကို မတွေ့ရဘဲ ထမင်းအိုး ချက်ပြီးသားဖြင့် ထုံးနနွင်း ရေဖျော်ထားသော ခွက်ကို မြင်ရသဖြင့် ထမင်းချက်ပြီးမှ သူတို့နှစ်ယောက် မင်းကလေးနတ်နှင့် ကျားလုပ်၍ ကစားနေကြသည်ကို တွေးမိကာ အေးဆေးစွာပင် ဆေးတံသောက်ရင်း အစုစု ကုန်ကျသော စာရင်းကိုတွက်နေပါသည်။
သို့သော် ကျွန်တော် စာရင်းတွက်ပြီးသည့် တိုင်အောင်မှ သူတို့ပေါ်မလာသဖြင့် ထမင်းလည်း ဆာလှပြီ ဖြစ်သောကြောင့် အပြင်ဘက်သို့ ထွက်၍ မျှော်ရာ၊ ခေတ္တမျှအကြာတွင် ကျွန်တော့်ရှေ့ တည့်တည့်၌ ရှိသော ချုံပုတ်မှာ လှုပ်ရှားလာပြီး လူစင်စစ်မှ ကျားဖြစ်နေသော ကိုကွက်ကြီးသည် စိတ်မချမ်းသာသော မျက်နှာကြီးနှင့် ပေါ်ထွက်လာပါသည်။ သူ့နောက် မလှမ်းမကမ်း၌ကား ရှာပန်းထည် ခေါင်းစည်းနှင့် ကျောက်တုံးပေါ်တွင် ငုံ့စုံ့ပစ်ကြီး ထိုင်ချလိုက်သောအခါ နီတွတ်သည် ပြုံးစိစိမျက်နှာနှင့် ကိုကွက်ကြီး၏ နောက်တည့်တည့် မလှမ်းမကမ်းတွင် ရပ်၍ နေပါသည်။
ကိုကွက်ကြီးသည် ကျားရောင် ကျားသွေးနှင့် ကျောက်တုံးပေါ် ငုတ်တုတ်ကြီး ထိုင်ပြီး မသက်မသာမျက်နှာ တစ်ဆို့ဆို့ အသံကြီးနှင့် သူ့ဟာသူ လုပ်ထားသော ကျားမြီးကို ရှက်သယောင် လက်ဖြင့်ကိုင်ကာ ...
“ကို ... ကိုတောင်။ ဆင် ... ဆင်ပြောင်ကြီး အမြီးကျမှ တစ်ဆိုတာ ဖြစ်သွားပြီ ...”
ကျွန်တော်က ဖြတ်၍ ...
“ဘာ ... ဆင် ... ဆင်ပြောင်ကြီး အမြီးကျမှ တစ်တာလဲဗျ။ အခု ခင်ဗျားကိုင်နေတာ ကျားမြီးပါလား”
“မ ... မ ... မဟုတ်ဘူးဗျာ။ လွန် ... လွန် ... လွန်းတော့ ကျုပ် သည်းမခံနိုင်ဘူး။ ဒီ ... ဒီငွေ မရချင် နေပါစေတော့။ ဒီ ... ဒီမှာ ကြည့်ပါဦးဗျာ။ ကျုပ်လက်ဖဝါးတွေ၊ ဒူးတွေ သွေးချင်းချင်းနီနေပြီ”
ဟု ဆိုပြီး ပွန်းပဲ့နေသော သူ့ဒူးများနှင့် လက်ဖဝါးကို ပြပါသည်။
ကျွန်တော်က ကြည့်ပြီး ...
“နေပါဦး ကိုကွက်ကြီးရဲ့။ ဒါလောက်တောင် ဘာဖြစ်လာကြတာလဲ”
“ဟာ ... မပြောပါနဲ့တော့။ ကျုပ် ... ကျုပ်ကို ကျားလုပ်ခိုင်းပြီး စီးတာ ... ခ ... ခဏလည်း မဟုတ်၊ မယ် ... မယ်ဥကို မတွေ့ တွေ့အောင် ရှာ ... ရှာရမယ်တဲ့။ ကျုပ် ... ကျုပ်က ကြာတော့ လေးဖက် မသွားနိုင်တော့ဘူး ပြောတော့ ... အ ... အ ... မယ် ကျား... ကျားဆိုတာ ကိုးကုန်း ကိုးကုန်း နှံ့အောင် သွားရမယ်။ ဒီ ... ဒီလိုမသွားရင် သူ ... သူက ငိုမယ်။ ကျုပ် ... ကျုပ်လည်း လူတွေ ကြားကုန်မှာစိုးလို့ တတ်နိုင်သလောက် ကြိုးစားပါသေးတယ်။ နောက် ... နောက်ဆုံးကျတော့ မ ... မတတ်နိုင်တော့တာနဲ့ ... နင် ... နင်တို့ငွေ မရလည်းနေရော ... သွားလေရော့ဟယ်ဆိုပြီး ခြေ ... ခြေနဲ့ ကန်လွှတ်လိုက်တယ်”
“နို့ ... ဒီကောင်ကလေး အခု ဘယ်ရောက်သွားလဲ”
“ဒါ ... ကျုပ်အပြစ်ပါပဲ၊ ကိုတောင်ရယ်။ သူ ... သူ အိမ်ပြန်ပြေးပြီ”
ကျွန်တော်သည် ခပ်တည်တည်အသံနှင့် ...
“အင်း ... ဒီမှာ ကိုကွက်ကြီး ခင်ဗျားတို့ အမျိုးထဲမှာ နှလုံးရောဂါ ဖြစ်တတ်ကြသလား”
“ကဲ ... ဒါဖြင့် ခင်ဗျာ့နောက်ကို ပြန်လှည့်ကြည့်လိုက်စမ်း”
ကိုကွက်ကြီးသည် ကျွန်တော်ခိုင်းသည့်အတိုင်း လှည့်ကြည့်လိုက်ရာ သူ့နောက်၌ ပြုံးစိစိနှင့် ရပ်နေသော နီတွတ်ကို မြင်သောအခါတွင် ရှက်အမ်းအမ်းကြီး ဖြစ်သွားပြီးမှ ...
“ဟေ့ ... ဟေ့ ... မင်း မပြန်မပြေးဘူးလားကွ”
နီတွတ်သည် ဣနြေ္ဒရရနှင့် သွက်လက်စွာပင် ...
“ဘယ်ကို ပြန်ရမှာလဲဗျ”
“မင်းတို့ အိမ်ကိုလေ”
“အိမ်ကို ဘာလို့ ပြန်ရမှာလဲဗျ။ ဖေဖေကလည်း မကောင်းဘူး။ ဒေါ်လေးကိုလည်း မုန်းတယ်။ ဦးလေးတို့နဲ့ နေတာ ပျော်တယ်ဗျ”
ဤတွင် ကျွန်တော်က ...
“ကဲ ... တို့နဲ့ပျော်ရင် ကောင်းကောင်းနေကွာ။ ဦးလေးကွက်ကြီးကို သိပ်မညှဉ်းနဲ့ကွာ”
“ကျွန်တော့်ကို သူက ခြေနဲ့ကန်တာ ဦးလေးတောင်ရဲ့”
“အေး ... သူလည်း စိတ်တိုလာလို့ လုပ်မိတာ။ တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးကြနဲ့ကွာ”
“ကျွန်တော်ကတော့ ဆိုးပါဘူးဗျာ။ သူကသာ ကျားမြီးတိုတာပါ အဟစ် ... ဟိ”
ဤအချိန်တွင် ကိုကွက်ကြီးသည် သူ့ကျားမြီးကို သူ ကိုင်နေတုန်း ဖြစ်ပါသည်။
“အေး ... အေး ... ကိုကွက်ကြီးကလည်း ကျားမြီးမတိုအောင် ကဲ ... ဖြုတ်ပစ်လိုက်။ ရေချိုးပြီး ထမင်းစားကြရအောင်”
ကျွန်တော်သည် မလှမ်းမကမ်း၌ ရှိသော စမ်းချောင်းကလေးသို့ သွား၍ ရေမိုးချိုးပြီး နံနက်စာ စားကြပါသည်။ ထမင်းစားပြီးကြသော အခါ၌ နီတွတ်မှာ တစ်မနက်လုံး မင်းကလေးနတ် လုပ်၍ ကမြင်းရသဖြင့် မောပန်းကာ အိပ်ပျော်သွားပါသည်။ ဤအခိုက်တွင် ကျွန်တော်နှင့် ကိုကွက်ကြီးသည် လုပ်ငန်းပြီးသလောက် ဖြစ်၍ ငွေရဖို့သာ ရှိတော့သည် ဖြစ်သောကြောင့် နှစ်ယောက်အား ဝေစုခွဲကြရန် စိုက်ထုတ် ကုန်ကျထားသော စာရင်းအရပ်ရပ်ကို ရှင်းကြပါသည်။
ကျွန်တော်တို့ နှစ်ယောက်ရှိ ရင်းငွေမှာ ကိုကွက်ကြီးတွင် ဘိုပါတီကပ်၍ လက်ဝဲနည်းနှင့် လယ်ရှင်ကို အပျောက်ရှင်းထားသော ငွေ (၂၀၀) ကျွန်တော့်မှာ သမဓမ္မနည်းနှင့် ဖိုးတေ၏ ကြက်ကို ခဲခွံ့တိုက်၍ နိုင်ထားသော ငွေ (၈၀)၊ ပေါင်း (၂၈၀) မျှသာ လက်ကျန် ရှိပါတော့သည်။
ယခု ရတော့မည့် ငွေ (၁၅၀၀) ကို ဆရာစားနှင့် တပည့်တို့ မည်သို့မည်ပုံ ခွဲဝေမည်ဟု စီမံပြီးနောက် ကျွန်တော်သည် ချိန်းဆိုထားသော နေရာကို စောင့်မျှော်ရန် ထွက်ခဲ့ကာ ပို့လာသူသည် ကျွန်တော့်ကို မမြင်ရန် ထို ပျဉ်းမပင်ကြီး သုံးပင်မှ တစ်ခေါ်လောက် ဝေးသော မန်ကျည်းငုတ်တိုပေါ် တက်၍ ပုန်းအောင်းနေလိုက်ပါသည်။
တစ်နာရီမျှ အကြာတွင် မြင်းစီးလူရွယ် တစ်ယောက်သည် မြင်းကို ကဆုန်စိုင်း၍ ရောက်လာကာ ကျွန်တော် ညွှန်ကြားထားသော ပုံးနှုတ်ခမ်းပြုတ်ထဲသို့ သူ့အိတ်ထဲမှ ထုတ်လိုက်သော အရာတစ်ခုကို ထည့်ပြီးနောက် အလျင်အမြန် ပြန်ပြေးပါတော့သည်။
ကျွန်တော်သည် ရုတ်တရက် မသွားသေးဘဲ နာရီဝက်မျှ ကြာအောင် အရိပ်အခြည်ကို ကြည့်နေပြီးမှ မန်ကျည်းပင်ပေါ်မှ ဆင်း၍ ထိုဆီသို့ သွားပါသည်။ အားရဝမ်းသာစွာနှင့် ပုံးစုတ်ထဲသို့ နှိုက်၍ ယူလိုက်သောအခါတွင် ကျွန်တော်တို့ မျှော်လင့်နေသော ငွေထုပ်မဟုတ်ဘဲ ‘ဗိုလ်ကွက်တောင် အ-က-န-တ’ ဟု လိပ်စာတပ်ထားသော စာအိတ်ကို တွေ့ရသဖြင့် မည်ကဲ့သို့ အကြောင်းပြန်စာ ပေနည်းဟု စိတ်ထဲ၌ ချောက်ချားကာ ထိုနေရာတွင် မဖတ်ဝံ့သေးဘဲ ကျွန်တော်တို့ တည်းဂူဌာနသို့ သုတ်ခြေတင်ခဲ့ပါသည်။ အဆင်သင့်ပင် ကိုကွက်ကြီးကို တွေ့ရ၍ ...
“ကိုကွက်ကြီးရေ ငွေတော့ မရသေးဘူးဗျို့။ အကြောင်းပြန်စာ လာတယ်။ ဈေးဆစ်တာပဲလား။ ဒါမှမဟုတ်ရင် ငွေမလွယ်သေးလို့ စောင့်ခိုင်းတာလား မသိဘူး”
ကိုကွက်ကြီးသည် သူ့ ဒူးနှင့် လက်တို့တွင် စီးတော်ကျား လုပ်ရသော ဒဏ်ရာတို့ကို ပရုတ်ဆီသုတ်ရင်း စိတ်မရှည်နိုင်ဟန်ဖြင့် ...
“ဟာ ... ဆိုင်း ... ဆိုင်းတော့ မဆိုင်းနိုင်ဘူး ကိုတောင်ရာ။ လျှော့ ... လျှော့ဆိုရင်တော့ ဆစ် ... ဆစ်သလောက်သာ လျှော့မှာပဲ”
သို့သော် ကျွန်တော်တို့ နှစ်ယောက် စာအိတ်ကို ဖောက်ကြည့်လိုက်သော အခါတွင် ...

ဗိုလ်ကွက်တောင်။
အင်တီ ---- ကပ္ပလီနစ်ပါတီ
ပေးပို့သော စာချွန်တော်ကို ရရှိ၍ ကျွန်တော်မျိုးကြီး ငထွန်းမြတ်က ရိုသေစွာ သနားတော်မြတ် ခံပါသည် ဗိုလ်မင်းခင်ဗျား။
ဗိုလ်မင်း ကြီးမှူးသော အင်တီ-ကပ္ပလီနစ် ပါတီကြီးသည် တိုင်းကျိုး ပြည်ကျိုးကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရန် ကျွန်တော်မျိုး၏သား ငနီတွတ်ခေါ် ဂျော်နီကို ထောင်၍ ရိက္ခာတော်အတွက် ငွေတောင်းခြင်းကို အထူးတလည် ချီးကျူးရုံမက ကျွန်တော်မျိုးကပင် အင်မတန် ကျေးဇူးတင်လှပါသည် ခင်ဗျား။ အကြောင်းမှာ (ဗိုလ်မင်းတို့အတွက် ဝမ်းသာစရာကြီး ဖြစ်နေ၍ မအောင့်နိုင် မအည်းနိုင် ဖော်ပြပါရစေ) ယခုအိမ်၌ ရှိနေသော နီတွတ်တို့အမေ မွေးစားခဲ့သည့် ခင်ခင်ကို ကျွန်တော်မျိုးကြီး ကြံနေသည်မှာ ကြာမြင့်လှပါပြီ။ သို့သော် ခင်မှာ ကျွန်တော်မျိုးကြီးကို ကြိုက်ပါလျက် သားဖြစ်သူ နီတွတ်ကို သောက်မြင်ကပ်သဖြင့် ‘ဒီကလေးကို တခြား ပို့ပစ်လိုက်မှ ဘဘကြီးကို ကျွန်မ ချစ်နိုင်မည်’ ဟု ‘ဂေါ်ရ်မာန်’ ပေးနေခဲ့ပါသည်။
ကျွန်တော်မျိုးကြီးလည်း အသက်အရွယ် အလျောက် ဗဟုသုတ ပြည့်စုံနေပြီဖြစ်၍ မယားရှိလျှင် သားသမီး တစ်ဒါဇင်မက ရနိုင်သည်ကို သိရှိပြီးဖြစ်သောကြောင့် ဒီသားကို မခင်တွယ်နိုင်ဘဲ ခင်၏ အလိုအတိုင်း ကောင်လေးကို အိမ်မှ ‘အောက်’ ပစ်လိုက်ရန် အကြိမ်ကြိမ် ကြံစည်ကြိုးစားခဲ့သည်။ သို့သော် ဒီသတ္တဝါကလေးမှာ အရွယ်နှင့် မလိုက်အောင် အကျင့် ဆိုးလှသဖြင့် ဘယ်ဆွေမျိုး ဘယ်ဘုန်းကြီးကျောင်း ကမှ လက်မခံဖြစ်နေရာ ကျွန်တော်မျိုးကြီးမှာ ‘သီးရက်နှင့် မစားရ၊ နီးရက်နှင့် မညားရ’ ဖြစ်နေသော ခင်ခင်၏ တစ်နေ့တခြား ရေတက်ငါးလို ကြီးထွားနေသော ကိုယ်လုံးကြီးကို ကြည့်ကာ နေ့စဉ်နှင့်အမျှ စိတ်ဒုက္ခ ရောက်နေခဲ့ပါသည်။
ယခုမှပင် ကျွန်တော်မျိုးကြီးမှာ ပရံပရ ဘဝကျိုးပေး ကံဇာတာပေါ်၍ ဗိုလ်မင်းတို့၏ အကြံမဟာတော်နှင့် နီတွတ်ကို ခေါ်သွားကြရာ ထိုည၌ပင် ကျွန်တော်မျိုးကြီးက ခင့်အား ‘ငါ နီတွတ်ကို တခြားပို့လိုက်ပြီ’ ဟု ပြောကာ အိုကေလိုက်ရပါသည်။ ဗိုလ်မင်း၏ ကျေးဇူးကား၊ ကျွန်တော်မျိုးအပေါ် ကြီးမားလှပေစွ။ ဗိုလ်မင်းတို့ ပါတီသည် ဤကိစ္စနှင့် တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ရာ မရောက်စေကာမူ တိုင်းပြည်လူထုတွင် တစ်ယောက် အပါအဝင်ဖြစ်သော ကျွန်တော်မျိုး၏ ကောင်းကျိုးကို ဆောင်ရွက်လိုက်တာ အမှန် ဖြစ်နေပါပြီ။ သာဓု ... သာဓု။
ဤနေရာတွင် သာဓုတစ်ခု ကျန်နေပါသည်။ အကြောင်းမှာ ဗိုလ်မင်း၏စာ ရောက်လာသောအခါ၌ ကျွန်တော်မျိုးကြီးမှာ ရင်သွေးဟူက ချစ်မဝဖြစ်၍ ငနဲမကလေးကိုလည်း အိုကေရထားပြီး ဖြစ်သောကြောင့် ဗိုလ်မင်း၏ စာကို သူ့အားပြကာ နီတွတ်ကို ပြန်ခေါ်လိုကြောင်း ပြောပါသည်။ အမှန်မှာ ဗိုလ်မင်း တောင်းထားသော ထောင့်ငါးရာ မများပါ။ အင်မတန် လျော်ကန်ပါသည်။ ကျွန်တော်မျိုးကြီးလည်း ခင့်ထံမှ ဤမျှ အရေအတွက်ရှိသော မေတ္တာကို ရထားပြီးဖြစ်၍ ထိုမျှမကသော ငွေကို ဗိုလ်မင်းတို့၏ ရန်ပုံငွေအတွက် အလွန်ပင် လှူဒါန်းချင်လှ ပါသည်။ သို့ရာတွင် ခင်ခင့်ကို တိုင်ပင်ကြည့်သော အခါ၌ ယခုအချိန်တွင် ကျွန်တော်မျိုးကြီးမှာ တောက လယ်ထောက်ခများလည်း မရ၊ ထိန်းသိမ်းထားသော ဘုရားဘဏ္ဍာတော် ငွေများကိုလည်း သော့ကိုင်နှစ်ယောက် သဘောတူ မြင်းလောင်းပစ်၍ ခါလီကျနေသဖြင့် (ရိုးသားစွာ ဟုတ်တိုင်း မှန်ရာ အစီအရင်ခံခြင်း ဖြစ်ပါသည်) ခင့်အား ဟိုပထမညက ကတိပေးထားသော ရွှေခြေချင်း (၈၀၀) ကျပ်တန်ကို ဝယ်ရန်ပင် ငွေမလောက်ဖြစ်၍ ဆူဆူအောင့်အောင့်နှင့် ဆိုင်းငံ့နေရပါသောကြောင့် ‘ခင်က ရှင့်သားကို ချစ်လို့ ပြန်ခေါ်ချင်ရင် ကောင်ကလေးချည်းတော့ လက်မခံနိုင်ဘူး။ ကျွန်မအတွက် ရွှေခြေချင်း ဝယ်ဖို့ လိုနေတဲ့ ငွေ
(၂၅၀) အဆစ်ပါမှ လက်ခံမည်’ ဟု ပြောပါသည်။
ထို့ကြောင့် ကျွန်တော်မျိုးကြီးမှာ ရင်သွေးကိုလည်း မပစ်ရက်၊ မယားကလေးကလည်း အသစ်စက်စက်နှင့် အခက်တွေ့ နေပါသောကြောင့် ခင်ပြောသည့်အတိုင်း နီတွတ်ကို ငွေ(၂၅၀) နှင့်အတူ ပြန်ပို့တော်မူရန် ဗိုလ်မင်းထံ ရိုသေထိပ်မိုး ဦးညွှတ်ကျိုး၍ ရှိခိုး အသနားတော်မြတ် ခံပါသည်။ ကျေးဇူးရှင် ဗိုလ်မင်းခင်ဗျား ...
ဗိုလ်မင်းတို့၏ အင်တီကပ္ပလီနစ် ပါတီကြီးမှာ တိုင်းပြည်ကို အကြီးအကျယ် ချစ်ခင်လျက် လူထုကောင်းစားရေးကို ဘုရားစူး ဒီမိုကရေစီ စနစ်အရ အထူးတလည် ဦးလည်မသုန် ဆောင်ရွက်နေကြောင်း ယုံကြည်သည့် အားလျော်စွာ လူထုထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သော ကျွန်တော်မျိုးကြီး၏ ကောင်းကျိုးဆန္ဒကို မဖြစ်ဖြစ်အောင် တတ်နိုင်သောနည်းနှင့် ဆောင်ရွက်လိမ့်မည်ဟု အားထားပါကြောင်း ...
အထူး သတိပြုတော်မူရန်မှာ ခင့်အတွက် ရွှေခြေချင်းဝယ်ရန် လိုငွေမှာ ၂၅၀ိ (နှစ်ရာ့ငါးဆယ်ကျပ် တိတိ) ဖြစ်ပါသည် ခင်ဗျား။ ထိုငွေမပါလျှင် နီတွတ်ကို အိမ်နားမသီရဟု ခင်ခင်က ပြောပါသည်ခင်ဗျား။ ကျွန်တော်မျိုးကြီးမှာ ဗိုလ်မင်းမှတစ်ပါး အခြားအားထားရန် မရှိပါခင်ဗျား။ ကျန် သာဓုတစ်ခုကို ခေါ်လိုက်ပါရစေ ခင်ဗျား။ တိုင်းကျိုး ပြည်ကျိုး သည်ပိုး ရွက်ဆောင်နိုင်ပါစေ။ သက်တော် ရာကျော် ရှည်ပါစေ ...
(ပုံ)
ငထွန်းမြတ်
နောက်ဆက်တွဲ သတိပြုတော်မူပါဦးခင်ဗျား။
ကျွန်တော်မျိုးကြီး မယားကလေးက ငွေ (၂၅၀) ကို တစ်ပဲလျော့လျှင် လည်းကောင်း၊ စက္ကူခေါက်ရိုးနွမ်းလျှင်သော် လည်းကောင်း၊ လုံးဝ လက်မခံနိုင်ဟု ထပ်မံ ပြောပြန်ပါသည် ခင်ဗျား။
(အမိုက်ကလေးကို သည်းခံတော်မူပါခင်ဗျား)
နို့ ... ပြီး သူဝယ်မည့် ခြေချင်းမှာ ဝယ်သူနှစ်ယောက် ဆိုင်နေ၍ ငွေကို ယနေ့ညသန်းခေါင် မတိုင်မီ ရမှ ဖြစ်မယ်လို့ နှုတ်ခမ်းစူပြန်ပါသည် ခင်ဗျား ...။
ဪ ... ဒုက္ခ ... ဒုက္ခ။
(ပုံ) ငထွန်းမြတ်
သားနှင့်မယားအတွက် အခက်တွေ့နေသူ
လူထုထဲက တစ်ယောက်
ကျွန်တော်နှင့် ကိုကွက်ကြီးသည် ဤစာကို ဖတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြောင်တက်တက်ကြီး ကြည့်နေကြပါသည်။
ဤစဉ်တွင် ကျွန်တော်တို့၏ လိုဏ်ဂူကလေးထဲမှ မီးခိုးလုံးများ ထွက်လာသဖြင့် နှစ်ယောက်သား လန့်ဖျပ်ကာ “ဟာ ... မီးတွေဟ ... မီးတွေ” ဟု အော်ပြီး အထဲသို့ ပြေးဝင်ကြပါသည်။
တကယ့်ကို ဆိုးကိုဆိုးတဲ့ ဂြိုဟ်ကောင်ကလေး။ အကြောင်းသော်ကား ကျွန်တော်တို့၏ အိပ်ရာ၊ စောင်၊ အဝတ်အစားတို့ကို မီးလောင်နေလျက် လူလွန်ထီးကြီး၏ သားကလေးမူ ဂူနံရံရှိ ကျောက်ကမူစွန်းကလေးပေါ်မှ နေကာ ကျွန်တော်တို့ ပြေးဝင်လာသည်ကို ...
“ဟယ် ... သိင်္ဃိုပြည်သား ဘီလူးနွားတို့” ဟု သူ့ကိုယ်သူ ဟာနုမာန်မျောက် လုပ်၍ အော်နေသဖြင့် ကျွန်တော်လည်း စိတ်ပေါက်ပါက်နှင့် အောက်သို့ဆွဲချကာ အပြင်ဘက်သို့ ကန်ထုတ်လိုက်ပါတော့သည်။
ကိုကွက်ကြီးနှင့် ကျွန်တော်သည် အပြင်းအထန် မီးကို သတ်ကြရာ ငါးမိနစ်အတွင်း၌ မီးငြိမ်း၍ သွားပါသော်လည်း အထဲတွင် အတော်လောင်ပြီးမှ အပြင်သို့ မီးခိုးထွက်သည် ဖြစ်သောကြောင့် ကျွန်တော်တို့၏ ရှိစုမဲ့စု အဝတ်အစားတို့မှာ အကောင်းတစ်ခုမျှ မကျန်တော့ပါ။ မီးငြိမ်းပြီးကြသောအခါ၌ ကိုကွက်ကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်ကာ ...
“ဟာ ... ကို ... ကိုတောင် ... ဒီ... ဒီကောင်လေး ... သတ် ... သတ်ပစ်မယ်ဗျာ”
“သတ်ပစ်လို့ အပိုပဲဗျ။ ကိုကွက်ကြီးရ။ သူ့အဖေကလည်း မပူတဲ့ပြင် ဝမ်းတောင် သာဦးမယ်။ ကျွန်တော်တို့သာ တော်ကြာ လူသတ်မှုနဲ့ ဒုက္ခရောက်ကြမှာ”
“ဒါ ... ဒါဖြင့် ... ပြန် ... ပြန်ပို့ပစ်လိုက်ဗျာ”
“ပို့တော့ကော ဟိုလူကြီး ရေးလိုက်တဲ့စာထဲမှာက သူ့ချည်း လက်မခံဘူး။ ငွေ (၂၅၀) ပါမှ ဆိုတယ် မဟုတ်လား”
“ကိစ္စ ... ကိစ္စအေးအောင် ငွေရောဘာရော ပေးလိုက်ပါ ကိုတောင်ရာ”
“နို့ ... အခု ကျုပ်တို့မှာ ရှိတာက ဘယ် (၂၅၀) ပြည့်တော့မလဲ (၂၀၅)ထဲ ရှိတော့တာ”
“လို ... လိုတာ ... ဟော့ဒီလက်စွပ် ရောင်းပေးလိုက်ဗျာ” ဟု ဆိုပြီး ကိုကွက်ကြီးသည် သူ့လက်မှ ရွှေငါးမူးသားခန့် ရှိသော ဂနိုင်လက်စွပ်ကြီးကို ပြပါသည်။
ဤနေရာ၌ မိတ်ဆွေသည် ကျွန်တော်၏ ကိုယ်စား ဖြစ်ဘိမူ မည်သို့ လုပ်မည် မသိသော်လည်း ကျွန်တော့်သဘော၌ ဤကိစ္စကို ဤသို့ပြုမှ အေးတော့မည်ဟု ယူဆမိသဖြင့် ...
“ကဲ ... ကိုကွက်ကြီး၊ ဒါဖြင့် ဆိုင်တွေ မပိတ်ခင် မြို့သွားပြီး ခင်ဗျားလက်စွပ် ခင်ဗျားပဲ ရောင်းထားနှင့်ပေတော့။ ကျွန်တော်နဲ့ ကောင်လေးတော့ ညမှောင်မှ လာခဲ့တော့မယ်။ ခင်ဗျား အလျောင်တို့ဆိုင်က စောင့်နေတာပေါ့ဗျာ”
ကိုကွက်ကြီး ထွက်သွားပါသည်။
ညမှောင်၍ ကျွန်တော်က ကောင်ကလေးကို မြို့သို့ သွားရန် ခေါ်သောအခါ သတ္တဝါကလေးသည် ကျွီကျွီမည်အောင် ငိုလျက် သူ နောက်မပြုမူတော့ပါ ကြောင်းနှင့်၊ ကျွန်တော်တို့စကားကို နားထောင်ပါမည့်အကြောင်း သူ့အဖေကြီးနှင့် ဒေါ်လေးထံ မပြန်လိုကြောင်း၊ ငြင်းဆန်နေသဖြင့် ကျွန်တော်ပင် အခက်တွေ့ကာ နောက်ဆုံးမှ အကြံရ၍ သူ့ကို ချော့မော့ပြီး ...
“ဟာ ... နီတွတ်ရ မင့်ကို ပြန်ပို့မလို မဟုတ်ဘူးကွ။ တို့က မင့်အဖေဆီက အပြီး တောင်းပြီးသား။ အခုသွားရမှာက တို့ အဝတ်အစားတွေ မီးလောင်ကုန်လို့ အသစ်ဝယ်ရအောင်နဲ့ မင်းတို့အိမ်ကလည်း မင့်အဝတ်အစားတွေ ယူရအောင်ကွ” ဟု လှည့်ပတ်ပြောမှ ကောင်ကလေးသည် ရှောရှောရှူရှူနှင့် ကျွန်တော့်ကျောကို ပိုး၍ လိုက်တော်မူပါသည်။ အင်း ... ဒုက္ခနှယ်များဗျာ။
အဆင်သင့်ပင် လက်စွပ်ရောင်းပြီး အလျောင်ဆိုင်၌ စောင့်နေသော ကိုကွက်ကြီးကို တွေ့ရ၍ ထမင်းဆာလှသည်နှင့် ညစာစားပြီးမှ သွားကြပါသည်။
သူကောင်းဖြစ်ရပ် ဦးထွန်းမြတ်အိမ်သို့ ည (၁၀) နာရီခန့်တွင် ရောက်၍ စောစောစီးစီး ဇနီးချွတ်ကရီကလေးနှင့် စက်တော်ခေါ်နေသော သူတော်ကောင်းကြီးကို တံခါးခေါက်၍ နှိုးလိုက်ပါသည်။
“ဘယ်သူလဲ”
“ကျုပ်တို့ပါ”
“ဘာ ... ကျုပ်တွေလဲ”
စားမာန်ခုတ်သံနှင့် ဟောက်လိုက်ပါသည်။
“မဟုတ်ဘူး။ နီတွတ်ကို ပို့ရအောင် လာတာပါ”
“ဪ ... ဗိုလ်မင်းတို့ပါလား။ ဒါထက် ခင့်အတွက် ငွေ(၂၅၀) ကော ပါရဲ့လား”
“ပါ ... ပါတယ်ဗျာ။ တံခါးသာ ဖွင့်စမ်းပါ”
“ဪ ... ကြွပါ ... ကြွပါ”
သူ့အသံမှာ သားရေပြား ဆီဆွတ်သလို ပျော့ပျောင်းသွားပါသည်။
ကျွန်တော် ပထမ လုပ်ငန်းစ,စဉ်က ချိန်းဆိုထားသော ပျဉ်းမပင်ကြီးအောက်ရှိ မှိုတွင်းက ငါးထောင်သည့် ပုံးနှုတ်ခမ်းပြုတ်ထဲမှ ဦးထွန်းမြတ်၏ ငွေ (၂၀၀၀) တိတိကို ထုတ်ယူရန် အကြံကြီးခဲ့ပါသည်။ ယခုမူ အသက်(၆၀) ကျော် နှုတ်ခမ်းမွေး ကားကားနှင့် မွတ်တားကြီး ဦးထွန်းမြတ်၏ မျက်မှောက်တွင် အသက် (၁၈) နှစ်ခန့်ရှိ သူ့ဇနီး လတ်လတ်ဆတ်ဆတ်ကလေး ခင်ခင်သည် ကျွန်တော်တို့၏ မရှိမဲ့ ရှိမဲ့ ငွေ (၂၅၀) ကို သေချာစွာ ရေတွက်ယူနေပါသည်။
ခင်ခင် ကျေနပ်၍ နီတွတ်ကို လက်ခံရန် သဘောတူပြီ ဖြစ်သောကြောင့် ကျွန်တော်တို့ နှစ်ယောက်သည် စိတ်အေးသက်သာစွာ လစ်တော့မည်အပြုတွင် နီတွတ်သည် ကိုကွက်ကြီး၏ ခြေထောက်ကို ဖက်ကာ သူ့ကို မထားခဲ့ပါရန် အော်ကြီးဟစ်ကျယ် ငိုပါတော့သည်။
ကိုကွက်ကြီးမှာ အကြံရကျပ်ကာ ‘ဘယ့်နှယ်တုန်း’ ဟူသော အမူအရာနှင့် ဦးထွန်းမြတ်ကို ကြည့်လိုက်မှ အဘိုးကြီးသည် အလိုက်သိစွာပင် မျှော့တွယ် တွယ်နေသော သူ့သား နီတွတ်ကို ဖျတ်ခနဲ ဆွဲယူလိုက်ပါသည်။
သူ့ခြေထောက်က လွတ်သွားသည့်တိုင်အောင်မှ ကိုကွက်ကြီးသည် စိတ်မချနိုင်သေးဘဲ ...
“ခင် ... ခင်ဗျား ... ဘယ်လောက်ကြာအောင် ဆွဲထားနိုင်မှာလဲ”
အဘိုးကြီးသည် ကြိုးစားပမ်းစား ချုပ်ကိုင်ဟန်ဖြင့် ...
“ကျုပ် ... ငယ်ငယ်တုန်းကလို မသန်တော့လို့ သိပ်ကြာကြာကြီး ဆွဲမထားနိုင်ပေမယ့် (၁၀)မိနစ်လောက်တော့ ...”
“အို ... ဒီလောက်ဆို တော်လောက်ပါပြီ”
မွေးကတည်းက စကားထစ်ခဲ့သော ကိုကွက်ကြီးသည် ဤ နောက်ဆုံးစကား၌ မထစ်တော့ရုံမက နှုတ်သွက်လှသော ဦးထွန်းမြတ်ကြီး၏ စကားကိုပင် စကားကြောဖြတ်၍ ထားပြီး၊ မိုးပြိုပဟေ့ ဆိုသော ယုန်ကလေးကဲ့သို့ တစ်ဟုန်တည်း လစ်လေရာ ...
ထိုညသည် ကြယ်တာရာ မရှိ။ ပကတိမှောင်၍ နေပါသည်။ ကိုကွက်ကြီးသည် ဗိုက်ရွှဲကြီးနှင့် ဘုတ်ထိုင်းကြီး ဖြစ်ပါသည်။ ကျွန်တော်သည် ကျောင်းသားဘဝက ဒုန်းပွဲမှန်သမျှ ပထမချည်း ဆွဲခဲ့ပါသည်။
သို့သော် ဤပြေးပွဲ၌ကား နီတွတ်တို့ အိမ်ပေါ်မှ ကျွန်တော်နှင့်အတူ ခုန်ချလိုက်သော ကိုကွက်ကြီးသည် မြို့ပြင်ဘက်သို့ ရောက်လာသောအခါ ကိုက်တစ်ရာမျှ ကျွန်တော့်ရှေ့က ကြောနေပါသတည်း။
-------
သော်တာဆွေ

No comments:

Post a Comment