ဇာတ်ဝင်ခန်း (မင်းလူ)
-----------------------
ဝပ်နှစ်ထောင်နှင့် ဝပ်ငါးထောင်အား ရှိသော မီးမောင်းကြီးများ၏ အလင်းရောင်မှာ
အလေ့အကျင့် မရှိသူ ဆိုလျှင် မျက်စိတွေ ပြာပြီး ကျိန်းစပ်ကုန် လိမ့်မည်။
မင်းသားတွေ ကတော့ မီးထိုးလိုက်ခါမှပင် မျက်လုံးတွေ ပိုပြီး အရောင် တောက်လာ
သေးသည်။
“ရိုက်မယ်.. အားလုံးငြိမ်ပါ၊ စတတ်”
အသံဖမ်းဆရာက
အချက်ပေး လိုက်သည်။ ကင်မရာဆရာက ခလုတ်ဖွင့်ပြီး “ကလက်” ဟု အော်သည်။
ဂျပ်ရိုက်သမားသည် “ကတ်ဆဲဗင်း” ဟု အော်ပြီး ရိုက်ကူးမည့် အခန်းစဉ်နံပါတ်
ပြသော “ကလက်” ခေါ် သစ်သားပြား၏ အပေါ်မှ လျှာကလေးကို ဒေါက်ခနဲ မြည်အောင်
ရိုက်လိုက်သည်။ သူ ထွက်သွားသော အခါ မင်းသား အမူအရာ စလုပ်သည်။
သရော်တော်တော် မခိုးမခန့် ရယ်လိုက်ပြီး...
“အနီးကပ်ဆုံးလူဟာ နောက်ဆုံးမှ သတင်းကြားရတယ် ဆိုတာ သိပ်မှန်ပါလား ခင်သူဇာ”
“ကတ်”
ဒါရိုက်တာက အော်လိုက်သည်။ တစ်ခန်း ပြီးသွားပြီ။ မီးမောင်းတွေ မှိတ်သွားသည်။
“ဘယ်လိုလဲ ဆရာ... ကြိုက်ရဲ့လား”
မင်းသားက မေး၏။ ဒါရိုက်တာက “အိုကေ” ဟု ပြောသည်။ သူ့လက်ထောက်ဆီမှ ဇာတ်ညွှန်းစာအုပ်ကို ဆွဲယူပြီး...
“ကတ်ကျော်ရိုက်မယ် ကိုစိုးရေ၊ ကင်မရာ ရှေ့နည်းနည်း တိုးမယ်၊ ဘတ်စ်ယူမယ်နော်”
ဓာတ်ပုံအဖွဲ့သားများက ကင်မရာကြီးကို ရွှေ့ကြသည်။ ဒါရိုက်တာက မင်းသားကို ပြောရမည့် စကားများနှင့် အမူအရာကို ပြနေသည်။
ရုပ်ရှင်ရိုက်ရာတွင် ဇာတ်လမ်း အစဉ်အဆက်အတိုင်း မင်းသားတစ်လှည့်၊
မင်းသမီးတစ်လှည့် ရိုက်နေလျှင် ကင်မရာကို ဟိုဘက်လှည့် ရွှေ့လိုက်၊
ဒီဘက်လှည့် ရွှေ့လိုက် လုပ်ရမည်။ အချိန်ကုန် လူပင်ပန်း ဖြစ်မည်။ ထို့ကြောင့်
မင်းသားအခန်းတွေချည်း ဆက်တိုက် ရိုက်သည်။ ပြီးမှ မင်းသမီးအလှည့်။
နှစ်ယောက်တွဲခန်း ပါလျှင် အလျဉ်းသင့်သလို ရိုက်သွားသည်။ ဒါ “ကတ်” ကျော်
ရိုက်သည်ဟု ခေါ်၏။ ကားဆက်သည့် အခါကျမှ ဖလင်ကို ဖြတ်ပြီး အစီအစဉ်အတိုင်း
ပြန်ဆက်ယူခြင်း ဖြစ်၏။ တစ်ခါတလေ နောက်ဆုံးမှ ပြရမည့် အခန်းကို
အရင်ရိုက်ချင် ရိုက်တတ်သည်။
ရုပ်ရှင်ရိုက်တာ မမြင်ဖူး၍
လာကြည့်သူများမှာ မင်းသား၊ မင်းသမီး ကြည့်ရတာလောက်သာ အရသာ ရှိသည်။
ရုပ်ရှင်ပြသည့်အခါ ငါးစက္ကန့်လောက်သာ ကြည့်ရမည့် အခန်းကို ဆယ့်ငါးမိနစ်၊
မိနစ်နှစ်ဆယ်လောက် ပြင်ဆင်နေရတာ မြင်ပြီး ပျင်းရိ ငြီးငွေ့သွားတတ်သည်။
ရိုက်သည့် အခန်းတွေကလည်း ဟိုကျော်ဒီကျော်နှင့် ဘယ်လို ခံစားရမည်မှန်း မသိ။
တချို့ဆိုလျှင် ထိုင်ရတာ ကြာတော့ ညောင်းညာပြီး တသမ်းသမ်း တဝေဝေ
ဖြစ်စပြုလာသည်။
ခုရိုက်နေသည့် အခန်းမှာ မင်းသမီးကို မင်းသားက
သစ္စာမရှိကြောင်း စွပ်စွဲနေသည့်အခန်း ဖြစ်၏။ စကားလုံးတွေ ပိုကြမ်းလာသလို
တစ်ခန်းပြီးတစ်ခန်း ကင်မရာ ရှေ့တိုးတိုးပြီး ရိုက်သွားသည်။
တတိယအခန်း ရိုက်ပြီးချိန်တွင် မင်းသမီး ရောက်လာသည်။
“နောက်ကျလှချည်လား”
ဟု မင်းသားက ဆီး၍ နှုတ်ဆက်သည်။
“မင်းသမီးရှင့်... ပြင်ရ ဆင်ရသေးတယ်၊ အစ်ကို့လို ဟိုတယ် ဘားကောင်တာကနေ တန်းလာပြီး ရိုက်လို့ရတာ မဟုတ်ဘူး”
ဟု ပြန်ပက်သည်။
“ပြင်ရဆင်ရတယ် ဆိုပြီး ဘာမှလည်း မလုပ်ရသေးပါလား”
မင်းသမီးက ပြန်ပြောမနေတော့ဘဲ ဒါရိုက်တာဘက် လှည့်၍...
“ဆံပင်ပုံစံ ဒီအတိုင်းကောင်းတယ် မဟုတ်လား”
ဒါရိုက်တာက အသံတိမ်တိမ်ဖြင့်...
“ရိုးရိုးလေးပဲ ကောင်းပါတယ်”
“ဘီးဆံပတ် လုပ်ရမလား”
ဟု မင်းသမီးက ရိသည်။ ဒါမျိုး ကြုံဖူးပေါင်းများ၍ အရေထူနေပြီ ဖြစ်သော ဒါရိုက်တာက...
“အလိမ်အတွန့်လေးတွေ နည်းနည်း ဖြုတ်လိုက်ရင် ရပါပြီ”
“သေလိုက်ပါတော့... ဒီအလိမ်လေးတွေ လုပ်ဖို့ တစ်နာရီလောက် ဒုက္ခခံခဲ့ရတာ”
“ပလေးဘက်ကျတော့ လုပ်တာပေါ့ကွာ”
ဒါရိုက်တာက ချော့လိုက်၏။ မင်းသမီးက မိတ်ကပ် လုပ်ဦးမယ် ဆိုပြီး လှည့်အထွက်
ဒါရိုက်တာက “အင်္ကျီလက်ရှည်နော်” ဟု လှမ်းသတိပေးသည်။ မင်းသမီးက “ရက်စ်” ဟု
ပြောင်စပ်စပ် ပြောသွား၏။
မင်းသားအခန်းတွေ ဆက်ရိုက်သည်။ ပြီးသွားတော့ ဒါရိုက်တာက...
“မင်းသား... မပြန်နဲ့ဦးနော်၊ မင်းသမီးနဲ့ အဆုံကလေး ရိုက်စရာ ရှိသေးတယ်”
မင်းသားက မျက်ခုံး နည်းနည်း တွန့်သွားပြီး သူ့တပည့်လက်မှ နာရီကို
ကြည့်လိုက်၏။ ထိုစဉ်မှာ ဇာတ်ကား ထုတ်လုပ်သူ မိန်းမကြီး အနား ရောက်လာပြီး...
“ငါ့မောင် မောသွားပြီ ထင်တယ်၊ ဟိုဘက်နား သွားနားပါလား၊ ဒရင်းဘက် ခင်းထားတယ်၊ ရေခဲဘူးလည်း အဆင်သင့်ပဲ”
ဟု ပြောလိုက်၏။ ထိုအခါကျမှ မင်းသား မျက်နှာ ကြည်သွားသည်။ ဒရင်းဘက်၏ ဘေးမှာ
စားပွဲပုပုလေး တစ်လုံး၊ ရေခဲဘူးကြီး တစ်လုံးနှင့်အတူ ဂဏန်း လက်မကြော်၊
ပြည်ကြီးငါးသုပ်၊ အာလူးကြော် ပန်းကန်များပါ တွေ့ရ၏။ မင်းသားက ရေခဲဘူးကို
ဖွင့်ပြီး ဘီယာတစ်ဘူး ထုတ်ယူလိုက်သည်။ သူ့အကြိုက် အဆာဟိ ဘီယာပင် ဖြစ်၏။
* * *
“ဒီလောက်ဆို ရတယ် မဟုတ်လား ဆရာ”
ဟု မင်းသမီးက ပြောရင်း အနားလာရပ်သည်။ မင်းသမီး ပြင်ဆင်လာပုံမှာ မဆိုးလှ။
ဆံပင်ပုံစံကတော့ နည်းနည်း လွန်နေသည်။ ဒီလောက်တော့ အလိုလိုက်ရမှာပေါ့ဟု
ဒါရိုက်တာက တွေးသည်။ ဘာပဲဖြစ်ဖြစ် ဒီမင်းသား မင်းသမီးတွေနှင့် အလုပ်လုပ်ရတာ
မဆိုးလှ။ စူပါတွေပီပီ နည်းနည်း အထွန့်တက်ချင်သော်လည်း အလုပ်ကျတော့
ပီပြင်အောင် လုပ်တတ်၏။
“ကဲ... ရိုက်ရအောင်”
ဟု ပြောပြီးမှ ဒါရိုက်တာ မျက်မှောင် ကုပ်သွား၏။
“မင်းသမီး... ဆွဲကြိုး မပါဘူးလား၊ အသည်းပုံ လော့ကက်နဲ့ဟာ”
“အဲဒါ ကျွန်မဟာ မဟုတ်ဘူးလေ၊ ကုမ္ပဏီက ထုတ်ပေးတာ၊ သူတို့ဆီမှာ ရှိမှာပေါ့”
ရိုက်ကွင်း မန်နေဂျာကို မေးသည်။
“ပါမလာဘူး”
ဟု မျက်နှာပျက်ပျက်နှင့် ဖြေသည်။
“မပါလို့ ရမလား၊ ဒီနေ့အခန်းက အဲဒီဆွဲကြိုး ပြန်ပေးရမယ့် အခန်း၊ ဒါမပါရင် ဘယ်လိုလုပ် ရိုက်မလဲ”
ဇာတ်ကား ထုတ်လုပ်သူ မိန်းမကြီး ရောက်လာပြီး “ဘာဖြစ်တာလဲ” ပြူးပြူးပျာပျာ မေးသည်။ ပြီးတော့ ရိုက်ကွင်း မန်နေဂျာကို ကြိမ်းလေတော့သည်။
“မင်းတို့ ဒီအလုပ် လုပ်တာပဲ အိုသေတော့မယ်၊ လိုတဲ့ပစ္စည်း အကုန်လုံး
အဆင်သင့်ဖြစ်အောင် လုပ်ထားမှပေါ့၊ ဒီမှာ အချိန်ကို ငွေနဲ့စက်ဝယ်ပြီး
လုပ်နေရတာ”
ရိုက်ကွင်းပေါ်မှာ လိုအပ်သည့် ပစ္စည်းမှန်သမျှ ရိုက်ကွင်း
မန်နေဂျာ၏ တာဝန်ဖြစ်၏။ သို့ရာတွင် သူကလည်း သူနိုင်သောသူကို လှည့်ဟောက်သည်။
ဇာတ်လမ်း မှတ်တမ်းတင်သော ကောင်လေးကို...
“မင်းကို ငါ သေသေချာချာ ပြောတယ်၊ ဒီနေ့ရိုက်မယ့် အခန်းအတွက် လိုတဲ့စာရင်း အပြည့်အစုံ လုပ်ထားပါလို့”
ဇာတ်လမ်း မှတ်တမ်းတင်သည့် ကောင်ကလေးကတော့ လှည့်ဟောက်စရာ လူမရှိ။ သူ့နောက်မှာ နံရံပဲ ရှိတော့သည်။
* * *
ဆွဲကြိုးနှင့် လော့ကက်ကို သွားယူရသည်။ ဘယ်လောက် မြန်အောင် သွားသွား နာရီဝက်လောက်တော့ အချိန်ပုပ်သွား၏။
ဒီနေ့အခန်းက အရေးကြီးသည်။ ဇာတ်ဝင်ခန်းအရ အရေးကြီးသလို အချိန်ကလည်း
အရေးကြီးသည်။ ဒီအခန်းကို ဒီနေ့ပြတ်အောင် ရိုက်ရမည်။ ဒီအခန်းပြီးလျှင်
ဇာတ်ကား တစ်ခုလုံး ပြီးပြတ်ပြီး အမြန်ဆုံး ကူး၊ ဆေး၊ အသံသွင်း၊
တည်းဖြတ်ပြီး ဆင်ဆာတင်ဖို့သာ ရှိ၏။ ဒီနေ့ မပြတ်လျှင်တော့ အကုန်လုံး ကလီသင်တ
ဖြစ်ရတော့မည်။
အကြောင်းမှာ မနက်ဖြန် ဆိုလျှင် မင်းသားရော
မင်းသမီးပါ တခြား ဇာတ်ကားတွေ ရိုက်ဖို့ နယ်ထွက်ရမည်။ ပြန်လာတော့လည်း တခြား
ရက်ချိန်းတွေ အပြည့်။ လုပ်ငန်း တစ်လလောက် ဖင့်နှေးသွားနိုင်၏။ ထို့ကြောင့်
ဒီနေ့ မပြီးပြီးအောင် ရိုက်ရမည်။
မင်းသားမင်းသမီး
နှစ်ယောက်တွဲခန်းတွေ ရိုက်သည်။ အားလုံး အဆင်ပြေပြေ ပြီးသွား၏။
နှစ်ယောက်စလုံး ကြိုးကြိုးစားစား သရုပ်ဆောင်ကြသဖြင့် ကျေနပ်အားရစရာ
ကောင်းသည်။ မင်းသားသည် ဘီယာတစ်ဘူး လက်ကကိုင်ရင်း တာ့တာလုပ်ပြီး
ပြန်သွားသည်။
မင်းသမီးခန်းတွေ ကျန်သေးသည်။ ပထမတစ်ခန်း ရိုက်ရာမှာပင်
ကင်မရာ ပျက်သွားသည်။ “ကလော့ပင်နီယံ” ဆိုတာ ကြွေသွားခြင်း ဖြစ်၏။
အပိုပစ္စည်း အဆင်သင့်ပါလို့ တော်သေးသည်။ ရိုက်ကွင်း မန်နေဂျာ ပျာယာခတ်လာပြီ။
ညဥ့်နက်စ ပြုလာပြီ။
ကင်မရာပြင်ပြီးတော့ ဆက်တိုက်ရိုက်ဖို့
ပြင်ဆင်သည်။ ထိုအခန်းက အရေးကြီးသည်။ မင်းသမီး အကယ်ဒမီ ရနိုင်သည့်
အခန်းဖြစ်၏။ စကားလုံး အရှည်ကြီး ဆက်တိုက် ပြောရမည်။ ထို့နောက်
ဆွဲကြိုးလေးကို ဖြုတ်ပေးရမည်။
မင်းသမီးသည် ဈာန်ဝင်စားအောင် အတော်
ကြိုးစားနေသည်။ ချောင်တစ်ချောင်မှာ တစ်ယောက်တည်း ထိုင်ပြီး ပြောရမည့်
စကားလုံးတွေ တတွတ်တွတ် ရွတ်ရင်း လေ့ကျင့်နေ၏။
အတော်ကြာတော့ “ရပြီ” ဆိုပြီး ရိုက်ကွင်းပေါ် တက်လာသည်။ မင်းသမီး၏ အခြေအနေကို ကြည့်ပြီး ဒါရိုက်တာ ကျေနပ်သွားသည်။ တကယ်လုပ်တော့မည်။
မီးမောင်းကြီးတွေ ထိုးလိုက်သည်။ အသံဖမ်းဆရာ အချက်ပေးသည်။ ကင်မရာမောင်းသည်။ ကလက်။
ပြီးတော့...
“ဒီမှာ ကိုကို... ကိုကို့ကို လူကြီးတွေ သဘောတူလို့ ယူခဲ့ရတယ် ဆိုပေမယ့်
သူဇာ တစ်သက်လုံး ကိုကို့ အပေါ်မှာ သစ္စာရှိခဲ့ပါတယ်၊ ဒါကို မယုံဘူး
မဟုတ်လားဟင်”
ကင်မရာက တဖြည်းဖြည်း အနီးကပ် ဆွဲယူနေသည်။ မင်းသမီး၏
နှုတ်ခမ်းလေးများ တဆတ်ဆတ် တုန်လာသည်။ မျက်ရည်ဝဲလာ၏။ ကျလုလုခင်မှာ ခေါင်းကို
တစ်ချက်မော့ပြီး ထိန်းသည်။ ချက်ချင်း မျက်နှာထားကို တင်း၍...
“အခုတော့... သူဇာ့ရဲ့ အချစ်၊ သူဇာ့ရဲ့ သစ္စာတရားတွေဟာ...”
ထိုစဉ်မှာပင် အောက်အီးအီးအွတ် ဟူ၍ ကြက်တွန်သံ ပေါ်လာသည်။
“ဟိုး”
တစ်ယောက်တစ်မျိုး ရေရွတ်လိုက်သည့် အသံတွေထဲက ဒါရိုက်တာ၏ အသံ အကျယ်ဆုံး ထွက်လာသည်။
“ဘယ်က ကြက်လဲဟေ့”
“ဦးစံပရဲ့ ကြက် ဆရာ”
“ခေါ်စမ်း... ဦးစံပ”
ဦးစံပ ရောက်လာသော အခါ ဒါရိုက်တာ ဘာမှ မပြောနိုင်ခင် ထုတ်လုပ်သူ မိန်းမကြီးက ဦးအောင် ဟောက်လိုက်သည်။
“ဒီကြက်က ဘယ်က ရောက်လာသလဲ”
ဦးစံပက မျက်နှာငယ်လေးနှင့်...
“ကျွန်တော် တောကအပြန် ယူလာတာပါ”
“ရှင်ဟာ ရုပ်ရှင်ခြံထဲ နေပြီး ဒီလောက်မှ နားမလည်ဘူးလား”
“ကဲ ကဲ... ပြန်ရိုက်မယ်”
ဒါရိုက်တာက ဝင်ပြော၏။
မင်းသမီးက...
“မုဒ်ဝင်အောင် လုပ်ရတာ လွယ်တာ မဟုတ်ဘူး”
ဟု သုန်မှုန်စွာ ပြောသည်။
မီးမောင်းတွေ ပြန်ဖွင့်။ ရယ်ဒီ မောင်း။ ကလက်။ မင်းသမီး စကားစပြော...။
“အောက်အီးအီးအွတ်”
“ဟာ”
“လုပ်ပြန်ပြီ”
“သွားပါပြီ”
“ကိုစံပ”
အသံတွေ တစ်ပြိုင်တည်း ထွက်လာသည်။ ထုတ်လုပ်သူ မိန်းမကြီးသည် ဦးစံပကို ဝင်းဝင်းတောက်သော မျက်လုံးများနှင့် ကြည့်ပြီး...
“ရှင့်ကြက်ကို သွားရှင်းပစ်လိုက်”
“ဟုတ်... ဟုတ်ကဲ့”
ကိုစံပသည် ရုပ်ရှင်ခြံ၏ အစောင့်ကြီး ဖြစ်၏။ သူဌေး၏ အမိန့်ကို နာခံရန်မှ
လွဲ၍ တခြားမရှိ။ ခဏကြာတော့ သူပြန်ရောက်လာသည်။ လက်ကလေး နောက်ပစ်၍
ယို့ယို့လေး ရပ်ရင်း...
“ပြီးပါပြီ”
ဟု ပြောသည်။
“အိုကေ... စမယ်”
မီးမောင်းတွေ ပြန်ဖွင့်ပြီး ရိုက်လက်စ အခန်းကို ဆက်ရိုက်သည်။ “ကတ်” ဆိုသော
ဒါရိုက်တာ၏ အသံနှင့် “အကယ်ဒမီ ရှော့ပဲ” ဆိုသော ထုတ်လုပ်သူ၏ အသံတို့
ရှေ့ဆင့်နောက်ဆင့် ပေါ်လာသည်။ မင်းသမီးသည် မျက်ရည်တွေ သုတ်ရင်း ပြုံးနေ၏။
* * *
ကိုစံပကတော့ လည်လိမ် ဇက်ကျိုးပြီး မရှုမလှ သေဆုံးခဲ့ရရှာသော သူ့ကြက်ကလေးကိုသာ မြင်ယောင်နေလေသည်။
ကြက်ဖကလေးမှာ မန်ကျည်းစေ့ရောင် ဖြစ်၏။ ခွပ်လက်ချပြီးခါစ မျိုးကောင်း
တိုက်ကြက်ကလေး။ “နှုတ်သီး ရေတံလျှောက်၊ အမြီး တံစဉ်ကောက်၊ အသည်း
ပုဆိန်ပေါက်” ဆိုသော စာဆိုနှင့် ညီသည့် ကြက်ပျိုကလေး။
တကယ်တော့
ကြက်ဖကလေးမှာ ရုပ်ရှင်ရိုက်တာကို အနှောင့်အယှက် ပေးလို၍ မဟုတ်ပါ။ သူ့မှာ
လက်ပတ်နာရီ မရှိသည့်တိုင် အချိန်ကျလာလျှင် မတွန်ဘဲ မနေနိုင်သော ဗီဇက
သွေးထဲသားထဲက ပါလာခြင်း ဖြစ်၏။ ထို့အပြင် ကြက်ဖကလေးသည် ရုပ်ရှင်ကိုလည်း
တစ်ခါမျှ ကြည့်ဖူးရှာသူ မဟုတ်ပါ။
---------
မင်းလူ
ရင်ခုန်ပွင့်၊ ဧပြီ၊ ၁၉၉၀။
No comments:
Post a Comment