Friday, 15 July 2016

ဗာလာနံ ဆိုသော်လည်း

ဗာလာနံ ဆိုသော်လည်း
-----------------------------------
ညတိုင် အိပ်မပျော်သည်မှာ ကြာချေပြီ။
အိပ်မပျော်သော ညများကို ကျော်လွှားဖြတ်သန်း ရသည်မှာလည်း ပင်ပန်းလှသည်။
မြေး ဖြစ်သူ တိုးမောင်၏ အသက်ရှူသံ၊ သွားကြိတ်သံ၊ ကင်းသမားတို့၏ သံချောင်းခေါက်သံ၊ မျက်စောင်းထိုးအိမ်မှ နို့စို့ကလေး ငိုသံ၊ ဘုန်းကြီးကျောင်းမှ တုံးခေါက်သံ၊ လင်းကြက် တွန်သံများကို အာရုံစူးစိုက် နားထောင်ရင်း အဘွား ဒေါ်ဝိုင်း၏ စိတ်အတွေးမျှင်များက ဟိုရောက်လိုက်၊ ဒီရောက်လိုက်နှင့် လေထဲတွင် လွင့်ဝဲနေတတ်သည်။ တစ်ခါတစ်ရံလည်း တွေးလက်စ အတွေးမဆုံးမီ မှေးခနဲ မှိတ်ခနဲ အိပ်ပျော်သွား သယောင်ယောင် ရှိသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်တော့ မဟုတ်ချေ၊ ဖြတ်ခနဲ ပြန်နိုးလာတတ်သည်။
မနေ့ညတုန်းကတော့ တိုးမောင်က 'အဘွား ဒီညတော့ ဗေလီယမ် သောက်ပြီး အိပ်ကြည့်စမ်းပါဦး' ဟု ဆိုကာ ဆေးဖြူပြားလေး တစ်ပြားတိုက်သည်။ သောက်ပြီး ခဏနေတော့ မျက်ခွံတွေ လေးကျလာကာ မှိတ်ခနဲ အိပ်ပျော်သွားသည်။
ထိုနောက် သမီး ဖြစ်သူ ပြုံးဝေကို အိပ်မက်ထဲတွင် တွေ့ရလေသည်။ သူ့ကို အဘွားကိုယ်တိုင် ဝတ်ဆင်ပေးလိုက်သော ဂျော်ဂျက် အင်္ကျီအဝါလေးနှင့် အချိတ်လုံချည် အဝါလေးကိုပင် ဝတ်ထားသည်။ လေထဲတွင် လျှပ်တိုက်ပြီး ပြေးလာသလို အဘွားဒေါ်ဝိုင်း၏ အိပ်ရာဘေးသို့ ရုတ်ခနဲ ရောက်လာသည်။ 'အဝေးကြီးကလာရတာ မောလိုက်တာ အမေရယ်' ဟု ပန်းလျစွာပြောသည်။
''သမီးက ဘယ်က လာခဲ့တာမို့တုံး''
''ဪ၊ အမေကလည်း၊ အမေပဲ ကျွန်မကို သင်္ချိုင်းကုန်း ပို့ထားပြီးတော့ သင်္ချိုင်းကုန်းကပဲ လာခဲ့ရတာ ပေါ့လို့''
''ဟော... တော့''
သမီး ဖြစ်သူ သေဆုံးပြီး ဖြစ်သည်ကို ခုမှ သတိရသော အဘွားက အိပ်ရာမှ လူးလဲထကာ သမီး၏ လက်ကို လှမ်းဆွဲသည်။ သို့သော် လေကို ဖမ်းရသလို ဘာကိုမျှမမိ။
''ကျွန်မသားလေးရော နေကောင်းရဲ့လား အမေ''
''မြေးကလေးကို အမေ ကောင်းကောင်း မွေးခဲ့ပါတယ် သမီးရယ်၊ ငယ်ငယ်တုန်းကလည်း စာတော်တယ်။ ဆယ်တန်းကိုလည်း တစ်နှစ်တည်းနဲ့ အောင်တယ်။ နောက်ပြီး အလုပ်လုပ်ရင်း စာပေးစာယူဆိုလား ဆက်တက်တာ ဘွဲ့တောင်ရပြီ၊ ဟောဟိုမှာ ကြည့်စမ်း၊ ညည်းရဲ့ သားလေး တိုးမောင် ဘွဲ့ဝတ်စုံကြီးနဲ့ ရိုက်ထားတဲ့ပုံ ကျက်သရေ မရှိလား''
နံရံတွင် သံလေးတစ်ချောင်း ရိုက်ကာ ချိတ်ထားသော ဓာတ်ပုံကို လှည့်ကြည့်ရင်း သမီး၏ မျက်နှာတွင် အပြုံးပန်းတွေ ဝေလာသည်။ ထို့နောက် 'သားက သူ့အဖေနဲ့ တူတယ်နော်' ဟု တမ်းတလွမ်းမောစွာ ပြောလေသည်။
ကရုဏာစိတ်တွေ ဝေနေသော ဒေါ်ဝိုင်းသည် ရုတ်တရက် ဒေါသ ဖြစ်လာကာ 'မိပြုံးဝေ နင်က ဒီအကောင်ကို ခုထက်ထိ စိတ်မနာနိုင်သေးဘူးလား' ဟု ခပ်ဆတ်ဆတ် ပြောမိစဉ် အိပ်မက်မှ ဖြတ်ခနဲ လန့်နိုးလာသည်။
ဘုရားစင်မှ ဖြာကျလာသော ဖယောင်းတိုင် ငါးတိုင်အား မီးရောင် ဝါကြန့်ကြန့်ကလေး အောက်ဝယ် အရာရာသည် ငြိမ်သက် တိတ်ဆိတ် နေလေသည်။ အိပ်မက်ပါလားဟု သိလိုက်ရသည့် ခဏ၌ ဒေါ်ဝိုင်းသည် မောဟိုက် ရီဝေသွားလေသည်။ နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံကလေးကို ငေး ကြည့်နေမိစဉ် ဓာတ်ပုံလေးက အတန်ငယ် လှုပ်ခါသွားသည်ဟု ထင်လိုက်မိသည်။ လေတိုက်သောကြောင့်လော၊ အိမ်မြှောင် တိုးသောကြောင့်လော၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် လှုပ်ခါခြင်း ဖြစ်မည်ဟု တွေးမိသော်လည်း 'သမီးရေ အမျှ၊ အမျှ၊ အမျှ' ဟု တီးတိုး အမျှဝေလိုက်သည်။ အင်္ကျီဝါဝါ၊ အချိတ်ထဘီ ဝါဝါလေးကို ဝတ်ပြီး လေထဲတွင် လျှပ်တိုက်ပြေးနေသော သမီးသည် ခေါင်းရင်းဘက် ပြတင်းပေါက်ဆီမှ လျှောခနဲ လွင့်ထွက်သွားသည်ဟု ထင်လိုက်မိသည်။
''မောလိုက်တာဟယ်''
အိပ်ရာဘေးတွင် တိုးမောင် ချပေးထားသော ရေခွက်ကို လှမ်းဆွဲပြီး တစ်ကျိုက် သောက်သည်။ ရေက မအေးသောကြောင့်လား မသိ၊ အမော မပြေ၊ ဘယ်အချိန်လောက်များ ရှိပြီလဲ မသိဘူးဟု တွေးမိစဉ် သံချောင်းခေါက်သံ သုံးချက်ကို ကြားရသည်။
''အင်း မနက် သုံးနာရီတောင် ထိုးနေပြီ၊ ဒီအချိန်အထိ ငါဆက်တိုက်ကြီး အိပ်ပျော်သွားတာပါလား''
အဘွားဒေါ်ဝိုင်းသည် ရေနည်းနည်း ထပ်သောက်ပြီး အိပ်ရာထဲတွင် ပြန်၍ အိပ်လိုက်သည်။ ခြေရင်းဘက်မှ ချည်စောင်ပါးကို ခြေထောက်နှင့် စမ်းကာ ဆွဲလိုက်ပြီး ပခုံးအထိ ခြုံသည်။ ခပ်အိုင့်အိုင့်ကျပြီး အိတွဲနေသော ခြင်ထောင်အမိုးကို စူးစိုက်ကြည့်နေမိစဉ် အတိတ်ဆီမှ အရိပ်များသည် တစ်ခုပြီးတစ်ခု ထင်ဟပ်လာသည်။
''အို ဒါတွေ တွေးနေလို့ အပိုပဲ''
ဒေါ်ဝိုင်း ကယောက်ကယက် လှုပ်ရှားနေသော စိတ်အစဉ်ကို နှာသီးဖျား ဆီသို့ ပို့သည်။ အဆုတ်အတွင်းသို့ ရှူသွင်းလိုက်သော လေနှင့် ရှူထုတ်လိုက်သော လေများက နှာသီးဖျားကို ပွတ်၍ ဖြတ်သွားသည်ကို သတိနှင့် လိုက်မှတ်သည်။ သို့သော် အစိုးမရသော စိတ်အစဉ်က ပို့ထားသောဆီမှာ ကြာကြာ မနေပေ။ တစ်ခဏလေး အတောအတွင်း၌ပင် ဘုရားပန်းအိုးတစ်လုံး ကျကွဲ ထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သော်လည်း အစားပြန်မဝယ်ရသေးသည်ကို လည်းကောင်း၊ ဘုရားပန်းများ ညှိုးရော်နေပြီကို လည်းကောင်း၊ ကြိုးဆွေးကာ ပြတ်သွားသော စိပ်ပုတီးလေးကို ပြန်သီရမည်ကို လည်းကောင်း ဆက်တိုက် သတိရမိပြီး ဖြစ်လေသည်။
'ဟဲ့ ဒါတွေ မတွေးနဲ့'
ဒေါ်ဝိုင်းက သူ့စိတ်ကို သူပြန်ဖမ်းကာ နှာသီးဖျားဆီသို့ ပို့လိုက်ပြန်သည်။ ထွက်သက် ဝင်သက်ကို ရှုမှတ်ရင်း ခေတ္တတော့ ငြိမ်သက်သယောင်ယောင် ရှိသည်။ သို့သော် သူ သတိမထားမိခင်မှာပင် ခုနတုန်းက အိပ်မက်ကို တွေးမိပြန်သည်။
'မိပြုံးဝေ အမိုက်မ၊ သူ ပေါင်းတဲ့သူကလည်း မိုက်၊ သူကိုယ်တိုင်လည်း မိုက်၊ ဒီတော့ စောစောစီးစီး အမိုက်ဇာတ် သိမ်းခဲ့တော့တာပေါ့'
သည်တစ်ခါတော့ ဖျတ်ခနဲ ထွက်ပြေးသွားသော စိတ်အစဉ်နောက်သို့ အဘွား၏ အတွေးက ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။ သည် ဇာတ်အကြောင်းကို ပြန်မပြောချင်သော်လည်း အခါခါပြောမိသည်။ ပြန် မတွေးချင်သော်လည်း အခါခါတွေးမိလေသည်။
* * *
မဝိုင်းက စာမတတ်ပေ။
ကကြီးကို ပုတ်လောက်ကြီး ရေး ပြလျှင်ပင် ဘာမှန်းမသိခဲ့ချေ။ ထိုသို့ ကိုယ်တိုင်က စာမတတ်ခဲ့လေတော့လည်း သူများ တတ်သော ပညာကို အထင်ကြီးလှသည်။ ပညာကို တန်ဖိုးထားလှသည်။
ငယ်ငယ်တုန်းကတော့ စာကို အရူးအမူး တတ်ချင်ခဲ့သည်။ စာတတ်လျှင် ချမ်းသာမည်ဟု တထစ်ချ ယုံကြည်သည်။ သို့သော် စာကို သင်ခွင့် မရခဲ့ပေ။ 'အမေရယ်၊ ကျွန်မ ကျောင်းနေချင်လိုက်တာ' ဟု အမေ့ကို ပူဆာတော့ အမေက ဆေးလိပ် တငေါ့ငေါ့ဖွာရင်း မျက်စောင်းခဲလေသည်။ ''ကြံကြံစည်စည်တော် ၊ ကျောင်းနေတယ်ဆိုတာ လွယ်တာမှတ်လို့၊ အခမဲ့ ဆိုပေမယ့် ကျောင်းလခသာ မပေးရတာ ညည်းကို ဘယ်သူက စာအုပ်တွေ၊ ခဲတံတွေ ဝယ်ပေးနိုင်မှာလဲ၊ အလကား ပိုက်ဆံကုန်လို့၊ အချိန်ကုန်ခံလို့၊ စာမရေးတတ် မဖတ်တတ်တော့ရော ဘာဖြစ်သေးလဲ၊ အချိန်တန်တော့ ထမင်းတစ်နပ်တော့ စားရတာပဲ၊ ငါလည်း စာမတတ်ပေါင်၊ ငါ့အမေလည်း စာမတတ်ပေါင်'' ဟု ပြောခဲ့လေသည်။ ထို့ကြောင့် သူ၏ အသက် ခုနစ်နှစ်ခန့်တွင် သူတို့အိမ်နှင့် သုံးလေးလမ်းကျော်ရှိ မူလတန်း ကျောင်းကလေးသို့ ရောက်ခဲ့ရသည်။ စာသင်ရန် လွယ်အိတ်ကလေး လွယ်ပြီး ရောက်ရသည်တော့ မဟုတ်၊ ကန်စွန်းဥပြုတ် ရောင်းရန် ဗန်းကလေးရွက်ပြီး ရောက်ခဲ့ရခြင်း ဖြစ်လေသည်။ သို့နှင့်ပင် သူသည် မူလတန်း ကျောင်းကလေးများတွင် လှည့်ပြီး ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ ကျွဲကောသီး၊ ဆီးသီားစသော ရာသီစာကလေးများကို ရောင်းရင်း ကျောင်းနေခွင့်၊ စာသင်ခွင့်ရသော ကလေးများကို ငေးမောအားကျရင်း ကြီးပြင်းခဲ့ရသည်၊ အပျိုဖော် ဝင်ခဲ့ရသည်။
''ငါ စာမတတ်ပေမယ့် ငါယူရင်တော့ ပညာတတ်တဲ့သူကိုမှ ယူမယ်''
မဝိုင်းက ထိုသို့ပင် ဆုံးဖြတ်ခဲ့သည်။ သူ့အမေတွေ သူ့အဘွားတွေလိုပင် နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်၊ ကျောင်းနေချင်ပါသည်ဟု ပြောသော မိမိ၏ ရင်သွေးကို ''ကျောင်းနေတယ်ဆိုတာ လွယ်တာမှတ်လို့၊ ဒီမှာ တစ်နေ့စာ တစ်နေ့စားဖို့တောင်အနိုင်နိုင်၊ နင်လိုတဲ့ စာအုပ်တွေ ၊ ခဲတံတွေ ဝယ်ဖို့ ဘယ်က ပိုက်ဆံရမှာတုံး''ဟု ပြောမလွှတ်ချင်။ ထို့ကြောင့် မာလာကာသီး ရောင်းသော အောင်စိန်ကိုလည်း အရေးမလုပ်၊ ရေခဲချောင်းရောင်းသော ဘဇံကိုလည်း လှည့်စောင်း၍ပင် မကြည့်၊ ''မဝိုင်းရယ်၊ အလှတွေ ဝိုင်းနေလို့ မာန ကြီးတာလား''ဟု မကြားတကြား ပြောတတ်သော စက်ပြင်အလုပ်သမား ခင်မောင်လေးကိုကား ဖုတ်လေသည့်ငါးပိ ရှိသည်ပင် မထင်။ နောက်ဆုံးတော့ သမီးတို့အဖေ 'ဆရာဦးခင်မောင်' နှင့် တွေ့သည်။ အသက် လေးဆယ်ကျော် မုဆိုးဖိုကြီး ဖြစ်သော်လည်း သူ့မှာ သားသမီး မကျန်ခဲ့တော့ နောက်ပိုင်း ရှင်းလေသည်။ ကျောင်းဆရာဆိုတော့ ပညာမတတ်မှာ ပူစရာမလို၊ ကိုယ့်သား ကိုယ့်သမီးကိုလည်း သူများ ကျောင်းတွင်ပင် ထားစရာမလို၊ အဖေ့ ကျောင်းတွင်ပင် ထားကာ အဖေကိုယ်တိုင် ကြပ်မတ်သင်နိုင်သည် ဟူသော အချက် တစ်ချက်တည်းနှင့်ပင် အသက်ကြီးသည်ရော၊ ရုပ်မချောသည်ရော ပပျောက် သွားကာ ခေါင်းညိတ်လက်ခံခဲ့သည်။
သို့သော် မဝိုင်းက ကံကြမ္မာအလှည့်အပြောင်းကို စောစောက ထည့်မတွက်မိခဲ့ချေ။ အိမ်ထောင်သက် ငါးနှစ် ၊ သမီးလေး ပြုံးဝေ လေးနှစ်သမီးတွင် ဆရာကြီး ခမျာ အပြင်းဖျားပြီး ရုတ်တရက် သေဆုံးသွားသည်။ သူ၏ စိတ်ကူးအိပ်မက်ထဲတွင် အသက် တစ်ရာ့နှစ်ဆယ် တိုင်အောင် ရှည်လေသော ခင်ပွန်းသည်က ရုတ်တရက် သေဆုံးသွားတော့ မဝိုင်းသည် လူမမည် သမီးကလေးကို ပွေ့ပိုက်ကာ ''အံမယ်လေး အဖေကြီးရယ် သမီးကို ကျောင်းတောင် မထားရသေးဘူး၊ ကျွန်မတို့ ခွဲသွားပြီလား''ဟု အော်ငိုခဲ့ရသည်။
ဆရာကြီးကလည်း သုံးပင် နှစ်ခန်း ပျဉ်ထောင်အိမ် ဟောင်းဟောင်းကလေး တစ်လုံးမှအပ ဘာကိုမှ မထားနိုင်ခဲ့ချေ။ အိမ်ကလေးကို ရောင်းလိုက်ပြန်လည်း အခြေပျက်ရုံပင်။ ငွေက များများစားစား ရလာစရာ အကြောင်းမရှိချေ။ အိမ်ရှေ့ခန်းတွင် ဆိုင်ကလေးခင်းပြီး ကြက်သွန်အစ၊ ငရုတ်သီးအစ ရောင်းပြန်တော့လည်း အထားအသို မတတ်သည်ရော အတွက်အချက် မလျင်မြန်သည်ရော၊ အားနာ၍ အကြွေးပေးတတ်သည်ရော အကြောင်းသုံးမျိုး ဆုံကာ အရင်းပြုတ်ခဲ့ရလေသည်။ နောက်ဆုံးတော့ ''ကိုယ်ကျွမ်းကျင်တာ ကိုယ်လုပ်တာပဲ ကောင်းပါတယ် မိဝိုင်းရယ်၊ ဆရာကတော် မုဆိုးမ ဈေးဗန်းရွက်တော့လည်း ဘာဖြစ်သေးလဲ။ သမ္မာအာဇီဝ လုပ်ကိုင်စားတာပဲ'' ဟု ကိုယ့်ကိုယ်ကိုယ် အားပေးကာ ကောက်ညှင်းပေါင်း ရောင်းခဲ့သည်။ အမြတ် မများလှသော်လည်း တစ်နေ့နှင့်တစ်နေ့ အလျဉ်မီအောင်တော့ စားရ၍ ကျေနပ်ခဲ့သည်။
''ကဲ၊ ငါ့သမီးလေးက ပညာတော်အောင် ကြိုးစားစမ်း၊ ငါ့သမီး ဝန်ထောက်မကြီး ဖြစ်မှ အမေ့ခေါင်းပေါ်က ကောက်ညှင်းပေါင်း တောင်းကြီးကို အောက်ချမယ်''
အားအပြည့် မာန်အပြည့်တင်းကာ သမီးကို ကျောင်းပို့ခဲ့သည်။ သို့သော်လည်း သမီးက ပညာပါရမီ နည်းရှာသည်။ တတိယတန်းတွင် တစ်ခါ၊ စတုတ္ထတန်းတွင် နှစ်ခါ၊ ပဉ္စမတန်းတွင် တစ်ခါ ကျခဲ့သည်။
'ဪ သူ့အဖေရှိရင်တော့ အိမ်ကနေလိုက်ပြီး အဖေကိုယ်တိုင် သင်ပြုပေးနိုင်မှာ ၊ ခုတော့ ငါကလည်း နကန်းတစ်လုံးမှ မတတ်' ဟု စဉ်းစားပြီး အားငယ်ရ၊ မျက်ရည်ကျရလေသည်။ ''သမီး ကျောင်းမနေချင်တော့ဘူး အမေရယ်၊ အတန်းထဲမှာ သမီးအရပ်ကြီးက အရှည်ဆုံးပဲ၊ စာမရလို့ မတ်တတ်ရပ် ရပ်ပြီး ဒဏ်ပေးခံရတာ ရှက်စရာကြီး'' ဟု ပြောသော သမီးကို ''ဘာလဲ၊ ညည်းက ငါ့လို ကောက်ညှင်းပေါင်း ရောင်းချင်လို့လား'' ဟု မာန်မဲပြီး အတင်းတက်ခိုင်းရသည်။ တစ်ခါအောင်၊ နှစ်ခါကျနှုန်းနှင့် မှန်မှန်ကြီး ချီတက်လာသော သမီးခမျာလည်း ခြောက်တန်းအောင်တော့ အပျိုကြီး ဖြစ်နေချေပြီ။
အပျို ဖြစ်လာပြီဆိုတော့လည်း အပျိုတို့ဘာဝ ထွေလီကာလီ စိတ်ကူး လာသည်ကို သိသော်လည်း တား၍ မရခဲ့ပေ။
ထိုအချိန်တွင် ခြေရင်းတစ်အိမ်ကျော်က မသန်းနှင့် ပေါင်းမိသည်။ မသန်းက ဈေးထဲတွင် ငါးရောင်းသည်။ စိတ်ကောင်းရှိသော်လည်း ပါးစပ်ကြမ်းသည်။ တစ်မနက်ခင်းလုံး ဈေးထဲတွင် ပင်ပန်းခဲ့သော်လည်း နေ့လယ် နေ့ခင်း တရေးတမော မအိပ်တတ်ချေ၊ နို့စို့ကလေးငယ်ကို ရင်ခွင်ထဲ ထည့်ကာ ရင်သားနှစ်ဖက်လုံးလှန်ကာ နို့တိုက်ရင်း လင်ကြောင်း သားကြောင်းများကို မြိန်ရေရှက်ရေ ပျစ်ပျစ်နှစ်နှစ် ပြောရင်း အပန်းဖြေတတ်သည်။ ရည်းစားသနံရှိသော မိန်းကလေးများကို မြင်လျှင်လည်း စကားလုံး ကြမ်းကြမ်းနှင့် စတတ်သည်။ တော်ရုံတန်ရုံ ယောက်ျားလေးသည်ပင်လျှင် မသန်းနှင့် ပြိုင်ပြီး ပါးစပ်မကြမ်းရဲချေ။
''ဒီ မသန်းကြီးဟာလေ တွေ့ကရာတွေ လျှောက်ပြောနေတာပဲ၊ အပျိုကလေးတွေ ကြားသွားရင် နားရှက်စရာ''
''အံမာလေးတော် ၊ ရှင့်အပျိုလေးတွေက နားသာ ရှက်တာ၊ လူက ရှက်တာ မဟုတ်ဘူး''
မသန်းက ထိုသို့ပင် ပြောတတ်သည်။ ဟုတ်တော့လည်း ဟုတ်လေမလား မသိ၊ လမ်းထဲမှ အပျိုပေါက် အပျိုလတ်များက မသန်းပြောသမျှ စကားကို တစ်ဦးကိုတစ်ဦး တွန်းရင်း၊ ထိုးရင်း၊ ဆွဲဆိတ်ကြရင်း ခိုးခိုးခစ်ခစ် ရယ်ကာ ရှက်ရိပ်ရှက်ယောင်နှင့် စိတ်ဝင်တစား နားထောင်တတ်ကြသည်။ သူတို့တစ်တွေ စိတ်ဝင်စားသည်က ကိစ္စမရှိ၊ သမီး ဖြစ်သူ ပြုံးဝေကပါ မျက်လုံး အဝိုင်းသား၊ ရင်တဖိုဖိုနှင့် ထိုစကားဝိုင်းသို့ ရောက်ရောက် နေတတ်သည်ကတော့ ကိစ္စရှိသည်။
သူက သမီး ဖြစ်သူ၏ ပေါင်တွင်းကြောကို လိမ်ရင်း ''အဲဒီ ကောင်မ ပြောတာတွေ ဘာလို့ သွားသွားပြီး နားထောင်နေရသလဲ၊ အားရင် စာကျက်ပါလား'' ဟု ဆူရသည်။ တစ်နေ့တစ်ခြား လှလာနေသော သမီးကို ကြည့်ကာ ရင်ပူရသည်။
သူ မည်မျှပင် ရင်ပူပူ၊ သူ မည်မျှပင် ဆူဆူ၊ ကံတရားကတော့ သူ့ဘက်မှ မကူခဲ့ပေ။ ဆဋ္ဌမတန်းတွင် ဒုတိယအကြိမ် ကျပြီးသော အခါတွင်ကား သမီးသည် အမေထက်ပိုပြီး ချစ်ရသူနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြေးလေတော့သည်။
သမီးလိုက်ပြေးသော သမီး၏ ချစ်သူကလည်း ခုနစ်တန်းပင် မအောင်သေးသော သူ၊ သမီးနှင့်အပြိုင် စာမေးပွဲကို တဖုန်းဖုန်း တဗိုင်းဗိုင်း ကျနေသူ ဟူ၍ သိရတော့ မျက်ရည်ပေါက်ပေါက် ကျခဲ့ရသည်။ လူက အသုံးမကျ၍ မိဘက ချမ်းသာလျှင် အတန်ငယ် သက်သာဦးမည် ဖြစ်သော်လည်း မိဘကလည်း ချမ်းချမ်းသာသာ မဟုတ်၊ သူ့ဖခင်က ''မင်း ဒီနှစ်မှ စာမေးပွဲ မအောင်ရင် ကျောင်းထွက်တော့၊ ဆိုက်ကားနင်းတော့၊ ငါ့မှာ မင်းတစ်ယောက်တည်း တာဝန်ထမ်းနေတာ မဟုတ်ဘူး၊ အငယ်သုံးယောက် ရှိသေးတယ်'' ဟူသော သတိပေးစကားကို အထပ်ထပ် အခါခါ ပြောထားပြီး ဖြစ်သော ဆိုက်ကားသမား အလောင်းအလျာကလေး ဖြစ်လေသည်။ သည်တော့လည်း ကိုရွှေသကောင့်သားက ဆိုက်ကားနင်းရလျှင် သည်အတိုင်းတော့ မနင်း၊ မိန်းမယူပြီးမှ နင်းမည် ဟု စိတ်ကူးမိပုံရသည်။ သို့တည်းမဟုတ် မိန်းမယူလိုက်လျှင် ဆိုက်ကားနင်းရတော့မည် မဟုတ်ဟု ထင်လေသလားမသိ။ သူလိုလူကို ယူမည့် မိန်းမတစ်ယောက်ကို အပြေးအလွှားရှာစဉ် သမီးလေး ပြုံးဝေနှင့် တွေ့ကြလေသည်။
မသန်းဟောသမျှ တရားတွေကို အနုလုံ ပဋိလုံ နားထောင်ပြီး ဟိုလိုလို၊ ဒီလိုလို ရင်တဖိုဖို ဖြစ်နေသော သမီးကလည်း 'ဟင့်အင်း ဟင့်အင်း' နှင့် ခေါင်းညိတ်ပြလိုက်ပုံရသည်။
သို့နှင့်ပင် ကြွပ်ဆတ်ဆတ်နှင့် မနူးမနပ်တို့ နှစ်ဦးပေါင်းကာ တူနှစ်ကိုယ် တိုင်းပြည်တစ်ပြည် ထူထောင်မိကြလေသည်။
သို့သော် သူတို့ စိတ်ကူးအိပ်မက်ထဲက တိုင်းပြည်တွင် ထမင်းစားမည့် ကဏ္ဍကို ထည့်ခဲ့ကြပုံမရ၊ ထို့ကြောင့် လက်တွေ့ တိုင်းပြည်တွင် ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်လာလေတော့သည်။ ဟိုဘက်ကလည်း မကြည်ဖြူ၊ ဒီဘက်ကလည်း မကျေနပ်၊ ကိုယ်တိုင်လည်း ပိုက်ဆံတစ်ပြား ရအောင် မရှာတတ်လေတော့ တူနှစ်ကိုယ် တိုင်းပြည်တွင် ဆန်ပြုတ် သောက်နေကြရသည်ဟု ကြားသော်လည်း မဝိုင်းက လှည့်မကြည့်ခဲ့ပေ။ 'ဒီလောက်တောင် လင်လိုချင်တဲ့ ကောင်မ၊ ငတ်မှ ကောင်းတယ်' ဟု အသည်းနာနာ အသည်းမာမာနှင့် ပစ်ထား လိုက်သည်။
သို့သော် ထိုမှတစ်ဆင့် ရောဂန္တရကပ် ဆိုက်ရောက်လာသော အခါတွင်ကား မနေနိုင်တော့ပေ။ အသားဝါရောဂါ ဖြစ်နေသော သမီးနှင့် ချောင်း တဟွတ်ဟွတ် ဆိုးနေသော သမက်တို့အား အိမ်ပေါ်သို့ တင်ခဲ့ရသည်။
သမီး ကောလိပ်ရောက်မှ ခွဲမည်ဟု ရည်မှန်းချက် ကြီးကြီးနှင့် စုထားသော ဝါးဆစ် စုဘူးကြီးကို ခွဲကာ ဆေးကုခဲ့ရသည်။ ထိုမျှနှင့် မလောက် သေးသောကြောင့် ဆရာကြီး မဆုံးမီကလေးကမှ ဆင်ပေးခဲ့သော ကျောက်နီ လက်စွပ်ကလေးကိုပါ ချွတ်ပြီး ရောင်းခဲ့ရလေသည်။
''တပည့်တော်မရဲ့ သမီးက စာမတော်ပေမယ့် အရင်ကတော့ တကယ့်ကို ကလေးစိတ်ပါ ဘုရား၊ အဲဒီ မိန်းမနဲ့ ပေါင်းမိမှ စိတ်ပြောင်းလာတာပါ ဘုရား''
''အင်း ဒါ့ကြောင့်လည်း မြတ်စွာဘုရားက သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားမှာ 'အသေဝနာစ၊ ဗာလာနံ' ဆိုတာကို အလျင်ဦးဆုံး ဟောခဲ့တာပေါ့ ဒကာမကြီးရယ်၊ ဗာလာနံ လူမိုက်တို့ကို ယာအသေဝနာစ အကြင်မမှီဝဲ၊ မဆည်းကပ်ရခြင်းသည် မင်္ဂလာမည်၏ တဲ့''
အိမ်တွင် ဆွမ်းခံကြွသော ဦးပဉ္စင်းက အမိန့်ရှိသည်။ မဝိုင်းက ခေါင်း တဆတ်ဆတ်ညိတ်ရင်း မျက်ရည်သုတ်ခဲ့ရသည်။ ထိုနောက် ကောက်ညှင်းပေါင်း တောင်းကြီး ခေါင်းပေါ်ရွက်ကာ ထွက်ခဲ့ရင်း 'ဟောဒီက ဗာလာနံ၊ အဲတော့ ဟုတ်ပေါင် ကောက်ညှင်းပေါင်း ပူပူနွေးနွေး' ဟု အယောင်ယောင် အမှားမှား အော်လေသည်။
အလျင်တုန်းက ဗာလာနံ၊ အဲ ကောက်ညှင်းပေါင်းကို နေ့ခင်းတစ်ချိန်သာ ရောင်းသော်လည်း သမီးပြုံးဝေ အိမ်ထောင်ကျကာမှ မနက်တစ်ချိန်ပါ တိုးပြီး ကြိုးကြိုးစားစား ရောင်းခဲ့ရသည်။ ရွှေသမက်ကလည်း ချောင်းကလေး တဟွတ်ဟွတ် ဆိုးပြရင်း သူ ပင်ပင်ပန်းပန်း ရှာလာသမျှကို အမြိုင့်သား ထိုင်စား နေလေသည်။
''သူ့သမီးကို ငါ့ခမျာ ပင်ပင်ပန်းပန်း ယူထားရတာ ၊ ငါ့ကို ကျွေးဖို့ရာ သူ့တာဝန်" ဟု သဘောထား လေသည်လားတော့ မသိ၊ သမက် ဖြစ်သူက အားနာရိပ် အားနာယောင် ဟန်ပင် မပြသော်လည်း သမီးလေးက 'ကျွန်မ နေကောင်းရင် ဈေးကူရောင်းပါ့မယ် အမေရယ်' ဟု အသံ ပျော့ပျော့လေးနှင့် ပြောတတ်သည်။ ဒီတော့လည်း သမီးလေးကို သနားကာ ညှာတာ ထောက်ထားရသည်။ ထမင်းပွဲတွင် ပါးဖြဲနားဖြဲစားသော သမက်ကိုကြည့်ကာ မသထာသော စိတ်၊ ပစ်ပစ်ခါခါ ပြောပစ်ချင်သော စိတ်တို့ကို ချုပ်ထိန်းထားရသည် ကတော့ အတော် ပင်ပန်းလေသည်။
တစ်နေ့တော့ ကောက်ညှင်းပေါင်းရောင်းပြီး မောမောပန်းပန်း ပြန်အလာတွင် အိမ်၌ ရန်ဖြစ်နေကြသော သမီးနှင့် သမက်ကို တွေ့ရလေသည်။
''ကျွန်မအမေက အိုကြီးအိုမနဲ့ ဈေးရောင်း ကျွေးနေရတာ ရှင်က မြိန်ရည်ရှက်ရည် စားကောင်းနေသလား၊ တစ်နေ့ တစ်နေ့ ဆေးလိပ်ကလေး သောက်လိုက်၊ ကာတွန်းစာအုပ် ဖတ်လိုက်နဲ့ လင်သားတာဝန် တယ်ပြီး ကျေပွန် နေတယ်။ ဒီမှာ ကိုစိန်မောင်ရဲ့ ရှင့်မှာ မယားသာ မကဘူး၊ သားပါ ရှိလာတော့မယ်။ ဒါတွေ ကို ကျွေးဖို့ ရှင့်မှာ တာဝန်ရှိတယ် ဆိုတာ ရှင်သိရဲ့လား''
မဝိုင်းက ပုဏ္ဏားကွယ်တွင် ရပ်နေသောကြောင့် သမီးနှင့် သမက်က သူ့ကို မမြင်၊ 'ဪ သမီးလေး ကိုယ်ဝန်တောင် ရှိနေရှာပြီကိုး' ဟူသော အတွေးက နှလုံးသားကို ရိုက်ခတ်ပြီး ရင်ထဲတွင် နာကျင်လာသည်။ မျက်ရည်များ စိမ့်ဝဲလာသည်။
''နင့်ဟာနင် ငါ့နောက် လိုက်လာတာ၊ ငါက ထမင်းကျွေးပါ့မယ်လို့ ပြောပြီး ခေါ်တာမှ မဟုတ်ပဲ''
''မပြော ပြောပြော၊ ရှင့်နောက် လိုက်လာတာ ရှင်ကျွေးရမှာပဲ''
''ဟား ဟား၊ ဒီလိုမှန်း သိရင် နင့်ကို ယူမယ့်အစား နင့်အမေကို ယူလိုက်ပါရဲ့၊ အဲဒါဆို အခုလို မသထာရေစာ ဖြစ်နေမှာ မဟုတ်ဘူး''
''ရှင်နော်၊ ကျုပ်အမေကို ဒီလိုမပြောနဲ့''
''ပြောတော့ ဘာဖြစ်လဲ''
''မမိုက်ရိုင်းနဲ့ဆို''
''မိုက်ရိုင်းတော့ ဘာဖြစ်သလဲကွ''
သမက်က ဆဲသည်။ မဝိုင်းသည် အံကို တင်းတင်းကြိတ်ကာ အိမ်ရှေ့ ဖိနပ်ချွတ်တွင် ခေတ္တချထားသော ဓားသွေးကျောက်ကို ကောက်ကိုင်မိစဉ် သမီးက သူ့လက်ထဲမှ ပရုတ်ဆီပုလင်းနှင့် သမက်ကို ပေါက်သည်။ သမက်ကို တော့ မထိ၊ ဘုရားစင်ပေါ်မှ ဘုရားပန်းအိုးကို သွားထိကာ ပန်းအိုးသည် ဦးစိုက် ကျွမ်းပြန်နှင့် ကြမ်းပေါ်ကျလာသည်။ သမီးက 'ကန်တော့ပါ ဘုရား၊ ကန်တော့ပါ' အထိတ်ထိတ် အပျာပျာ ရွတ်ကာ ကပျာကယာ ပြေးကောက်စဉ် ဓားသွေးကျောက်ကြီး ကိုင်ထားသော သူ့ကို သမက်က မြင်သွားသည်။ သူ့မျက်လုံးက ဒေါသအခိုးအလျှံတွေ လျှံထွက်နေလေ သလားတော့ မသိ။ သမက်သည် ချက်ချင်း အဆဲရပ်သွားလေသည်။ အမေနှင့် သမီးပေါင်းကာ တီးကြလျှင် သူနာတော့မည် ကို ချက်ချင်း သဘောပေါက်သွားဟန် ရှိသည်။
ခါးထောက်ပြီး မောက်မောက်ကြွားကြွား ရပ်နေရာမှ 'အဟွတ် အဟွတ်' နှင့် ချောင်းဆိုးကာ ကုပ်ချောင်းချောင်း ဖြစ်သွားသည်။ ထိုနောက် ပုဆိုးကို ပြင်ဝတ်တော့မလိုလို၊ ပရုတ်ဆီပုလင်း ကုန်းကောက်တော့ မလိုလို၊ ခေါင်းကုတ်တော့ မလိုလို၊ ဖင်ကုတ်တော့ မလိုလို၊ ဘာလိုလို ညာလိုလိုနှင့် 'လက်ဖက်ရည်ဆိုင် ခဏသွားလိုက်ဦးမယ်' ဟု ပြောကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။ ဆင်းမသွားပဲ ဆက်နေလျှင်လည်း သူက လက်ထဲမှ ဓားသွေးကျောက်နှင့် ထုမိတော့မည် ထင်သည်။ အထင်သေးစိတ်၊ မုန်းတီးစိတ်များက တစ်ကိုယ်လုံး လှည့်ပတ်နေသော သွေးထဲတွင် စီးဝင်ပြီး ရောနှောလည်ပတ်ကာ ကတုန်ကယင်ပင် ဖြစ်နေသည်။
နောက်တစ်နေ့ကျတော့ ကိုရွှေသမက်က ဆိုက်ကားစပြီး နင်းလေသည်။ သမီးက အမေကို အားနာ သနား၍သာ ပြောပြောဆိုဆိုနှင့် ရန်ဖြစ် ရသော်လည်း သူ့ယောက်ျား ဆိုက်ကား တကယ်နင်းတော့လည်း ယောက်ျားကို သနားပြန်လေသည်။
''တစ်ခါမှ အကျင့်မရှိဘဲ နင်းရတာ အမေရဲ့၊ သားစာမယားစာ မို့လို့သာ ပင်ပင်ပန်းပန်း လုပ်တာ'' ဟု ပြောသည်။
''ယောက်ျားဆိုတာ လှေကားသုံးထစ် ဆင်းရင် လူပျိုပြန်ဖြစ်တာပဲ အမေရဲ့ သူက သူ့မိဘအိမ် ပြန်သွားရင် ကျွန်မမှာသာ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့မှာ'' ဟု လေချိုသွေးသည်။
တစ်ဖက်ကလည်း လင်သား၊ တစ်ဖက်ကလည်း မိခင်မို့ ဘယ်ဘက်ကိုမှ မပြတ်နိုင်ဘဲ ပြေရာပြေကြောင်း ပြောနေသော သမီးကို သနား၍ ဘာမှ ပြန်မပြောပဲ သက်ပြင်းချခဲ့ရသည်။
တကယ့်တကယ်တော့ သူ့မိဘအိမ်ပြန်လည်း ထမင်းတော့ အလကား စားရမည် မဟုတ်။ သူ့အဖေက ရရာအလုပ် ဝင်လုပ်ဖို့ ရာဇသံ ပေးထားပြီး ဖြစ်ကြောင်း မဝိုင်း အသိပင်။ သူ့မိဘကသာ သူ့ကို ကြည်ကြည်ဖြူဖြူ လက်ခံပြီး ပြန်တင်ကျွေးထားလျှင် ပျော်ပျော်ကြီး ပြန်သွားမည် ဖြစ်ကြောင်း ဗေဒင်မေးစရာပင် မလိုချေ။ သမီးကလည်း သိတော့ သိမည်ပင်။ နောက် မဆုတ်သာသော ဘဝမို့သာ ဖြေပြောလေး ပြောရှာခြင်း ဖြစ်ပေလိမ့်မည်ဟု စဉ်းစားမိသည်။ သမက်ကို နှိမ်နှိမ်ချချ၊ ပစ်ပစ်ခါခါ ပြောတော့မည့် စကားလုံးများကို သမီးမျက်နှာ ထောက်ထားပြီး အလုံးလိုက်ပြန်ပြီး မျိုချရသည်မှာ ဒုက္ခကြီးလှသည်။ ပင်ပန်းလှသည်။
သမက် ဖြစ်သူ ဆိုက်ကားနင်းပြီး မကြာမီပင် အရက်သောက်တတ် လာသည်။ အေးဆောင်နှင့် ပေါင်းမိသောကြောင့် ဖြစ်လေသည်။
အေးဆောင်က သူတို့ ဆိုက်ကားဂိတ်မှ သူ့လိုပင် ဆိုက်ကားနင်းသူ ဖြစ်သည်။ အသားမည်းမည်း၊ မျက်နှာပြဲပြဲ၊ သွားကျဲကျဲနှင့် အတော်ပင် အဆင်မပြေသော ရုပ်ကို ပိုင်ဆိုင်သော်လည်း မိန်းမက နှစ်ယောက်ရှိသည်။ နံပါတ်တစ်က အင်္ကျီချုပ်ကာ နံပါတ်နှစ်က ဆီးသီးထုပ် ထုပ်သည်။ အင်္ကျီက အသင့်အတင့်သာ ချုပ်ရကာ ဆီးသီးထုပ်ကလည်း အသင့်အတင့်သာ ရောင်းရသည်။ သို့သော် သူတို့၏ ဝင်ငွေသည် အေးဆောင်၏ ဝင်ငွေထက်တော့ သာလေသည်။ ဒီတော့ အရက်ကြိုက်သော အေးဆောင်အတွက် ကိုယ့်လုပ်စာ ကိုယ်အရည်ဖျော်နိုင်သော အခွင့်အရေးက ရာနှုန်းပြည့် လမ်းပွင့်နေသည်။
''ငါရလာတဲ့ ငွေလေး အကြီးမကို ပေးတော့ အငယ်မက စိတ်ကောက်တယ်၊ အငယ်မကို ပေးပြန်တော့ အကြီးမက စိတ်ဆိုးတယ်၊ တစ်ဝက်စီ ခွဲပြီးပေးတော့ ဒီလောက်ငွေလေးများ ဘာမှ မဖြစ်လောက်ဘူးတဲ့၊ ဟားဟား၊ ဒီတော့ ဘယ်သူ့ကိုမှ မပေးတော့ဘူး၊ ဘယ်သူ့ကိုမှ မပေးတော့ ဘယ်သူက ဘာမှမပြောဘူး။ ဟန်ကိုကျလို့၊ ဟား ဟား၊ ဒီနေ့ အကြီးမ ထမင်းနဲ့ အငယ်မ ဟင်းကို စားမယ်။ နက်ဖြန်ခါ အငယ်မ ထမင်းနဲ့ အကြီးမ ဟင်းကို စားမယ်။ ဟား ဟား ဟား''
အေးဆောင်က မူးမူးနှင့် ပြောကာ ရယ်တတ်သည်။ ကိုရွှေသမက်က အေးဆောင်နှင့် အတူတူ အရက်လိုက်သောက်ရင်း အေးဆောင်၏ စည်းစိမ်ကို သိကြားမင်း စည်းစိမ်ဟု အောက်မေ့ပြီး အကြီးအကျယ် အားကျနေလေသည်။ သူ့လို မိန်းမနှစ်ယောက် မယူနိုင်သေးသော်လည်း သူ့လိုပင် မူးပြီး သူ့လိုပင် ရမ်းချင်သည်။ အိမ်ဝမှ ဆီးကြိုသော မိန်းမကို အပြစ်ရှာကာ ရန်လုပ်ချင် လာသည်။
သူတို့ ဆိုက်ကားဂိတ်တွင်ပင် ဆိုက်ကားနင်းသော ဝင်းမောင်နှင့် လှဘော်တို့ နှစ်ဦးက အလုပ်အားချိန်တွင် စာကျက်ပြီး အလွတ်ဝင်ဖြေကာ ဆယ်တန်း အောင်သွားကြသည်။ ကိုရွှေသမက်က ဒီလို လူတွေကို မပေါင်းဘဲ၊ အားမကျဘဲနှင့် အေးဆောင်ကိုမှ ပေါင်းကာ၊ အေးဆောင်ကိုမှ အားကျနေသည်ကိုတော့ ဘာပြောရမည်မှန်းပင် မသိတော့၊ နောက်ဆုံးတော့ ဗာလာနံရှိရာသို့ ဗာလာနံသွားခြင်းပင် ဖြစ်သည်။ 'ဇ'ချင်း တူကြသူများမို့လည်း ပေါင်း၍ ဖြစ်ခြင်း ဖြစ်မည် ထင်သည်။
တစ်ချိန်တွင် တိုးမောင် ဖြစ်လာမည့် သန္ဓေသားလေးက သမီး၏ ဝမ်းထဲတွင် တစ်နေ့တခြား ကြီးထွားလာသော်လည်း သမက်၏ မေတ္တာက သမီးအပေါ်တွင် တစ်နေ့တခြား ယုတ်လျော့လာနေသည်ကို မဝိုင်းသိနေသည်။ သို့ သော်လည်း ဘာမျှ မလုပ်နိုင်ခဲ့ချေ၊ ဘာမျှလည်း မတတ်နိုင်ခဲ့ချေ။
သမီးလေး ပြုံးဝေ ကလေးမျက်နှာ မြင်သော ညကမူ သမက်သည် တစ်ညလုံး ပြန်မလာချေ။ ဆိုက်ကားဂိတ် လိုက်မေးတော့ ဆိုက်ကား သွားအပ်ပြီး အေးဆောင်နှင့်အတူ အရက်သွားသောက်သည်ဟု သိရသည်။ အေးဆောင်ဆီ ရောက်ပြန်တော့ မူးမူးရူးရူးနှင့် စကားပင် မပ်ီချင်။ ဘာမှမေး၍ မရခဲ့။ သမီးလေးကလည်း သူ့ယောက်ျားကိုသာ တမေးတည်း မေးနေသည်။ မိမိကိုယ်တိုင် မချိမဆံ့ ဝေဒနာခံနေရသည့် ကြားထဲမှ ''ခါတိုင်း နောက်ကျလှရင် ဆယ့်နှစ်နာရီပေါ့ အမေရယ်၊ အခုလို တစ်ညလုံး ပြန်မလာတာ မရှိပါဘူး။ ဘာများ ဖြစ်နေပါလိမ့်'' ဟု လှမ်းပြီး ပူပင်နေသေးသည်။ ''ဘာမှ မဖြစ်ဘူးဟေ့၊ အန်ဖတ်ဆို့ပြီး သေနေတာပဲ ဖြစ်မှာပေါ့'' ဟု သူက စိတ်ပေါက် ပေါက်နှင့် ပြောမိသော်လည်း တကယ်တော့ မထင်မိချေ။
သို့ သော် သူ နိမိတ်ဖတ်သည့် အတိုင်းပင် သူ့သမက်သည် လမ်းဘေးက ရေနုတ်မြောင်းထဲတွင် ကိုယ်တစ်ပိုင်းကျကာ တကယ်ပင် အန်ဖတ်ဆို့ပြီး သေနေခဲ့လေသည်။ နံနက်စောစော ပဲပြုတ်ရောင်းထွက်သော ဒေါ်ကျော့က တွေ့၍ စူးစူးဝါးဝါး ထအော်ကာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။
''သမီး မသိပါစေနဲ့၊ မသိပါစေနဲ့'' ဟု အိမ်ပေါက်ဝမှ ဆီးပိတ်နေသောကြောင့် မျက်နှာမြင်ပြီးစ သွေးနုသားနုနှင့် ပြုံးဝေသည် ချက်ချင်း မသိခဲ့။ သို့သော် မဝိုင်းက လူကြီးများ ၏ ပါးစပ်ကိုသာ ပိတ်နိုင်ပြီး ကလေးများ၏ ပါးစပ်ကိုတော့ မပိတ်နိုင်ခဲ့ပေ။ ကျောင်းနေ့တစ်ဝက် ပြန်လာသော အိမ်ရှေ့အိမ်မှ ဖိုးတာတီးက ''အမေရေ၊ အမေရေ၊ အစ်မပြုံးဝေယောက်ျား ကိုစိန်မောင်ကြီးလေ မြောင်းထဲ လိမ့်ကျပြီး သေနေတယ်တဲ့ဗျ''ဟု အော်၍ ပြောသည်ကို သမီးက ကြားဖြစ်အောင် ကြားသွားသည်။
''အမယ်လေး သေပြီတဲ့'' ဟု ခပ်တိုးတိုးအော်ကာ ကြောင်ငေးငေး ဖြစ်သွားသည်။ မဝိုင်းက သူ့သမီး အလန့်တကြား ထငိုမည် ထင်သော်လည်း မငိုပေ။ မွေးကင်းစ ကလေးနီတာရဲလေးကို အတန်ကြာအောင် ငေးကြည့်နေပြီးမှ ''ခေါင်းမူးလိုက်တာ အမေရယ်'' ဟု ပြောသည်။ ခဏနေတော့ ခေါင်းငိုက်စိုက်ချကာ သတိလစ်သွားလေသည်။ နားလည်သူတွေက ''သွေးတက်တာတဲ့ဟဲ့၊ သွေးတက်တာ'' ဟု အထိတ်ထိတ်အပျာပျာ ပြောကာ နနွင်းမှိုင်းတိုက်ကြ၊ မီးကင်ကြ၊ နှိပ်ကြ၊ နင်းကြနှင့် ကြိုးစားကြသော်လည်း သတိ ပြန်မလည်လာတော့ပေ။
နောက်ဆုံးတော့ မဝိုင်းသည် သမီးနှင့် သမက်ကို နှစ်လောင်းပြိုင် သင်္ဂြိုဟ်ခဲ့ရသည်။ ရက်သားမျှသာ ရှိသေးသော မြေးငယ် နီတာရဲကလေးကို ပွေ့ပိုက်ရင်း ချုံးပွဲချ၍ ငိုခဲ့ရသည်။ အင်္ကျီဝါ၊ လုံချည်ဝါကလေး ဝတ်ကာ သေတော့မှ ပိုလှနေသော သမီးကို မချိတင်ကဲကြည့်ရင်း ''အမေ့ မြေးကလေးကို အမေ ကောင်းကောင်း မွေးပါ့မယ် သမီးရယ်၊ ငါ့မြေးလေး ပညာတတ်ကြီး ဖြစ်မှ အမေ့ခေါင်းပေါ်က ကောက်ညှင်းပေါင်း တောင်းကြီးကို အောက်ချပါ့မယ်'' ဟု တီးတိုးပြောမိခဲ့လေသည်။
* * *
မိုးစက်မိုးမှုန်များ တဖွဲဖွဲကျနေသော ကောင်းကင်ကို မျှော်ကြည့်ရင်း တိုးမောင် သက်ပြင်းချမိသည်။
အနားစုတ်သော ဖဲထီးကို ပြန်ပိတ်ကာ အိမ်ထဲသို့ ပြန်လှည့်ဝင်လာသည်။ ပက်လက်ကုလားထိုင် နဲ့နဲ့လေးကို ညှာတာသောအားဖြင့် ခပ်ဖြည်းဖြည်း ထိုင်လိုက်သော်လည်း ကုလားထိုင်အိုကလေးက ကျွီခနဲ မြည်ဖြစ်အောင် မြည်သေးသည်။
''ငတိုးလား''
ဘုရားစင်အောက်ရှိ ကွပ်ပျစ်ပေါ် လှဲနေသော အဘွားဒေါ်ဝိုင်း ခပ်တိုးတိုး မေးသည်။
''ဟုတ်ကဲ့ အဘွား''
''အလုပ် မသွားသေးဘူးလား''
''မိုးတွေ ရွာနေလို့ အဘွားရဲ့၊ နည်းနည်းလည်း စောပါသေးတယ်''
''တော်ကြာ နောက်ကျရင် ကားတွေ ဘာတွေ ကျပ်ပြုနေပါဦးမယ် လူလေးရယ်''
''စောလည်း ကျပ်တာပါပဲ အဘွားရာ၊ မထူးပါဘူး''
တိုးမောင်က အားလျှော့ပြီး ငြီးငွေ့နေသော အသံနှင့် ပြောမိသည်။ အနားဖွာချင်နေပြီ ဖြစ်သော တိုက်ပုံအင်္ကျီလေးကို ဝတ်၊ ဖဲထီး မစုတ်တစုတ်ကို လက်က ကိုင်ရင်း ရုံးဆင်းရုံးတက် ပြုရသည်ကို ငြီးငွေ့ချင်လာချေပြီ။
''ညနေကျရင် အဘွားကို ဟိုဆေးလေး တိုက်ပါဦး၊ အဲဒီ ဆေးက အိပ်ပျော်တယ်''
''အမြဲတမ်းသောက်လို့ မကောင်းဘူး အဘွားရဲ့''
''ဟုတ်လား၊ ဘာဖြစ်လို့လဲ''
''စွဲသွားမှာ စိုးလို့ပါ''
ငွေမင်ရောင်ဖုံးနေသော အဘွား၏ ခေါင်းကလေးက လဲမှို့ ခေါင်းအုံး ပျော့ပျော့ကလေးထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေသည်။ ကောက်ညှင်းပေါင်း တောင်းကြီးကို နေ့စဉ်နေ့တိုင်း ညပြန် မနက်ပြန် အားနှင့် မာန်နှင့် ရွက်ခဲ့ရသော ထိုဦးခေါင်းလေးခမျာ ပန်းလှချေပြီ။
''ညနေကျရင် ဆီချက်ခေါက်ဆွဲ ဝယ်ခဲ့မယ်လေ၊ အဘွား စားမယ် မဟုတ်လား''
''အလကား ပိုက်ဆံ ကုန်ပါတယ်ကွယ်၊ ဆန်ပြုတ်ရှိသားပဲ၊ ဆန်ပြုတ်ပဲ သောက်မယ်''
''အဘွား နေ့ခင်းကျရင် တံမြက်စည်းတွေ ဘာတွေ ထလှည်းမနေနဲ့ဦးနော်၊ ရေချိုးရင်လည်း ခင်မာ လာမှ ချိုးပါ''
''ခင်မာ လာမှာလား''
''မနေ့တုန်းကတွေ့တော့ လာမယ်တဲ့၊ အဘွားအတွက် ဆန်ပြုတ်နဲ့ သောက်ရအောင် ငါးကြင်းကြော်လေး လာပို့ဦးမယ်လို့ ပြောတယ်''
''သာဓုကွယ်၊ သာဓု၊ သာဓု''
ခင်မာ့ကို အဘွားက ချစ်သည့်အတွက် တိုးမောင် ဝမ်းသာရသည်။ တစ်ကိုယ်ကောင်းဆန်သည် ပြောပြော၊ မတရားဘူး ပြောပြော၊ အဘွားမချစ်သည့် မိန်းကလေးဆိုလျှင် တိုးမောင်က လက်ထပ်ဖို့ရာ စဉ်းစားမိမည် မဟုတ်ပေ။ သူ့အပေါ်တွင် အဘွား၏ ကျေးဇူးတွေက ထုနှင့်ထည်နှင့် ပုံနေသည်။
ဆပ်၍ လည်း ကုန်နိုင်ဖွယ်ရာ မရှိ။
''လူလေးတို့ကရော ဘယ်တော့ လက်ထပ်ကြမှာလဲ''
''လိုပါသေးတယ် အဘွားရယ်၊ သူကလည်း မောင်တွေ ၊ ညီမတွေ ၊ ပုစုခရုတွေကို ထောက်ပံ့ရတုန်း၊ ကျွန်တော်ကလည်း ပိုက်ဆံစုရတုန်း''
ပိုက်ဆံစုတုန်းဟု ပြောရင်း တိုးမောင် ပြုံးမိသည်။ စာရေး တစ်ယောက်၏ လစာသည် လူနှစ်ယောက် စားရန်ပင် ချွေတာရသည်မို့ အဘွားအတွက် ဆေးဖိုးလိုလျှင် ငွေစုငွေချေး အသင်းမှ ချေးရသေးသည်။ ထို့ကြောင့် ခင်မာက ''အစ်ကို ဘယ်လောက် စုမိပြီလဲ ဟင်'' ဟု မေးတိုင်း မျက်နှာပူရသည်။ သက်ပြင်းချရသည်။
''လူလေး၊ ဒီတစ်ခါ လခထုတ်ရင် အဘွားကို ရွှေတိဂုံဘုရား ပို့ပေးပါဦး''
''ဟုတ်ကဲ့ အဘွား''
''ပန်းလေး ရေချမ်းလေး ကပ်ရအောင်လေ၊ နောက်ပြီး အမျှအတန်းလေး ဝေရအောင်''
အဘွားက တိုးတိုးပြောသည်။ တိုးမောင်က ရွှေတိဂုံဘုရားသို့ အသွားအပြန် ကုန်ကျမည့် သုံးဘီးခကို စိတ်တွက်နှင့် တွက်ရင်း ''ဟုတ်ကဲ့ အဘွား'' ဟု ခပ်ပျော့ပျော့ ပြောသည်။
''အင်း အဘွားလည်း အိပ်မက် ရာမက်တွေ မကောင်းပြန်ဘူး ထင်တယ်'' ဟု စိတ်ထဲမှတွေးရင်း ပက်လက်ကုလားထိုင်လေးမှ ပြန်ထသည်။ အထိုင်တုန်းက ကျွီခနဲ မြည်သော အသံကို အထတွင်လည်း ကြားရသည်။
''လူလေး၊ လမ်းကြည့်ကူးနော်''
အဝင်တံခါးချက်ကို လက်လျှိုပြီး ချလိုက်စဉ် အဘွားက လှမ်းမှာသည်။ သူက ထုံးစံအတိုင်း ''ဟုတ်ကဲ့ အဘွား'' ဟု ပြောကာ မိုးဖွဲဖွဲတွင် ထီးမဆောင်းဘဲ လျှောက်ခဲ့သည်။
အကျင့်ပါနေသော ခြေထောက်များ က ဘတ်စ်ကားဆိပ်ဆီသို့ သူ့ခန္ဓာကိုယ်အား ဦးတည်ခေါ်ဆောင်သွားစဉ် အကျင့်ပါနေသော စိတ်ကလည်း ကုန်လွန်ခဲ့ပြီး ဖြစ်သော အချိန်များဆီသို့ ဝဲပျံသွားလေသည်။
* * *
တိုးမောင် ငယ်ငယ်တုန်းက စာတော်သော်လည်း နည်းနည်းတော့ စာကျက် ပျင်းလေသည်။
''ပညာဟူသည် မြတ်ရွှေအိုး၊ ပညာရွှေအိုး လူမခိုးဘူးတဲ့ လူလေးရဲ့''
စာအုပ်ကို ရှေ့ချကာ ငိုက်နေသော အခါများတွင် အဘွားက ပခုံးကို ပုတ်ကာ နှိုးတတ်သည်။ သူ မသင်ခဲ့သော ၊ မတတ်ခဲ့ရသော ပညာ၏ တန်ဖိုးကို ပြောပြကာ ဆုံးမတတ်သည်။
''ပညာတတ်မှ ချမ်းသာမှာ လူလေးရဲ့၊ အဘွားကို ကြည့်စမ်း၊ ပညာ မတတ်တော့ ဒီအသက်၊ ဒီအရွယ်အထိ ဈေးရောင်းနေရတာ လူလေး မြင်တယ်မဟုတ်လား၊ ဘယ်လောက် မျက်နှာငယ်သလဲ၊ ဘယ်လောက် ပင်ပန်းသလဲ''
အဘွား မျက်နှာငယ်ခြင်း၊ ပင်ပန်းခြင်းများကို နေ့စဉ် မြင်တွေ့နေရသည်မို့ တိုးမောင် ကောင်းကောင်းသိသည်။ အဘွားသာမက အဘွား၏ အရိပ်ကို ခိုနေရသော သူပါ မျက်နှာက ခပ်ငယ်ငယ်ပင်။ လမ်းထိပ်ဆေးလိပ်ခုံက ဆေးလိပ်သမတွေ ဆိုလျှင် သူ့နာမည် တိုးမောင်ဆိုသည်ကိုပင် သိပုံမရ။ အသိအမှတ်ပြုပုံ မရ။ တိုးမောင်အတွက် သူတို့ အသုံးပြုသည် နာမ်စားက ကောက်ညှင်းပေါင်းသည် အဘွားကြီးမြေးတဲ့။
''နောက်ပြီး လူမိုက်နဲ့လည်း ဘယ်တော့မှ မပေါင်းနဲ့ သိလား၊ လူလေး''
''တင်အောင်သန်းက လူမိုက်လား အဘွား''
''ဘာဖြစ်လို့လဲ''
''ဆရာမကပြောတယ် လူမိုက်တဲ့''
''ဘာဖြစ်လို့လဲ''
''ဆရာမက စာသင်ရင် ဘယ်တော့မှ ကောင်းကောင်း နားမထောင်ဘူး၊ သင်္ချာချိန်ကျတော့လည်း သူများဆီက ခိုးချတယ်။ စာမေးရင်လည်း ဘယ်တော့မှ မရဘူး။ သူက ပြောတယ်၊ စာကျက်ရမှာ သိပ်ပျင်းတာပဲတဲ့၊ ကျောင်းပြေးပြီး ရေပဲကူးချင်တယ်၊ ရုပ်ရှင်ပဲ ကြည့်ချင်တယ်တဲ့''
''တော်တော် မိုက်တဲ့ ကောင်လေး''
အဘွားက အလွယ်တကူ မှတ်ချက်ချလေသည်။ သူ၏ စိတ်ထဲတွင် ပညာကို သင်ခွင့်ရလျက်နှင့် ကောင်းကောင်း မသင်သူလောက် မိုက်သော သူသည် ဤလောကတွင် ရှိမည် မထင်ချေ။
''လူလေးကရော ကျောင်းပြေးဖူးလား''
''ဟာ မပြေးပါဘူး အဘွားကလည်း၊ ကျောင်းပြေးလို့ ပညာ မတတ်ရင် ကြီးလာတော့ ဆင်းရဲနေမှာ ပေါ့လို့''
''အေး၊ ဟုတ်တယ်၊ အဲဒီ ကောင်ကလေးတွေ နဲ့လည်း မပေါင်းနဲ့နော်''
အဘွားက တိုးမောင်၏ မျက်နှာကို အကဲခတ်ကာ စိုးရိမ်တကြီး ပြောသည်။
''မပေါင်းပါဘူး အဘွားရဲ့၊ ကျွန်တော့်ကို ကျောင်းပြေးဖို့ ခေါ်လည်း ကျွန်တော်က မလိုက်ပါဘူး။ ဟိုတစ်နေ့က တင်အောင်သန်းရယ်၊ မြမင်းရယ် သက်မောင်ရယ် စာမရလို့ သူတို့ နားရွက်တွေကိုတောင် ကျွန်တော်က ဆွဲရ သေးတယ်။ ဆရာမကတောင် သူတို့ကို ပြောတယ်။ မင်းတို့တစ်တွေ တိုးမောင်လို စာတော်အောင် ကြိုးစားကြတဲ့''
တိုးမောင်၏ စကားကို ကြားတော့ အဘွားက နှစ်နှစ် ခြိုက်ခြိုက် ပြုံးလေသည်။ တိုးမောင် စာတော်သည်ဟု ဆရာမက ချီးကျူးလိုက်လျှင် တိုးမောင် ပျော်သည်ထက် အဘွားက ပိုပျော်သည်။ ထိုနေ့ တစ်နေ့လုံးအဖို့ ခြေထောက်နှင့် မြေကြီး မထိလောက်အောင်ပင် မြူးသွားတတ်သည်။ တိုးမောင်၏ စာကျက်သံသည် သူ့ဘဝအတွက် ဂလူးကို့စ်နှင့် ဟောလစ် ဖြစ်လေသည်။
''ကျွန်တော့်ကိုလည်း ဆရာမက ပြောတယ်။ သူတို့ မရလို့၊ မတတ်လို့ မေးရင် ပြောပြပေးပါတဲ့''
''လူလေးက ပြောပြတယ် မဟုတ်လား''
''ပြောပါတယ်၊ ဒါပေမဲ့ အောင်လွင်ကတော့ သိပ်ဘဝင်ကိုင်တာပဲ အဘွားရ၊ သူ့ကို စာမေးရင် မုန့်ကျွေးမှ ပြောပြတယ်''
''ဒါတော့ ဘယ်ကောင်းပါ့မလဲ လူလေးရယ်''
မြေဆေးလိပ်ခွက် အပဲ့ထဲမှ ဆေးလိပ်တိုကို ကောက်ဖွာရင်း အဘွားက ငေးနေသည်။ ဖြူတစ်ဝက်၊ နက်တစ်ဝက် ကျားနေသော အဘွား၏ ဆံပင်၊ အရေးအကြောင်း၊ အတွန့်အလိမ်များ အရစ်ရစ် ထင်နေသော အဘွား၏ ပါးပြင်၊ အကြောပြိုင်းပြိုင်း ထကာ မည်းပိန်နေသော အဘွား၏ လက်ခုံများကို တစ်ခုချင်းကြည့်ရင်း တိုးမောင်သည် အဘွားကို သနားနေမိလေသည်။
''ဟိုတစ်နေ့ကလေ သန့်ဇင်ရဲ့ ဖောင်တိန်ကို ထွန်းအံ့က ခိုးတယ် အဘွား သိလား''
''ဘယ်လိုလုပ်ပြီး သိလို့တုံး''
''ဖောင်တိန်ပျောက်တာ ဆရာမ သိတော့ တစ်တန်းလုံး ရှာတာပေါ့၊ ထွန်းအံ့ရဲ့ လွယ်အိတ်ထဲမှာ တွေ့တာ''
''သူက ဆင်းရဲလို့ ဖောင်တိန် မဝယ်နိုင်လို့များလား လူလေးရယ်''
''မဟုတ်ဘူး အဘွားရဲ့၊ မဆင်းရဲဘူး၊ သူ့မှာလည်း ဖောင်တိန် ရှိသားပဲ၊ သန့်ဇင်ရဲ့ ဖောင်တိန်က အရောင် အကျားအကျားလေးနဲ့မို့ လှလို့ ယူတာတဲ့''
''ဪ ကွယ်၊ ဒီကလေးကလည်း ဒုက္ခပဲ''
''နီနီခင်ပျောက်သွားတဲ့ ပေတံရော၊ ထွေးမောင်ပျောက်သွားတဲ့ ချွန်စက်ရော သူ့လွယ်အိတ်ထဲ ရောက်နေတာ၊ သူ ခဏခဏ အဲဒီလို လုပ်တတ်တယ်တဲ့''
''လူလေး သူနဲ့ မပေါင်းနဲ့နော်၊ သူ့အကျင့်တွေကိုလည်း အတုမယူနဲ့၊ အားမကျနဲ့''
အဘွားက စိုးရိမ်တကြီး ပြောပြန်လေသည်။
''သူလည်း လူမိုက်ပဲ''
''ဘယ်လို လူတွေကို လူမိုက်လို့ ခေါ်လဲဟင် အဘွား၊ ဆိုးတာနဲ့ မိုက်တာရော အတူတူပဲလား ဟင်''
တိုးမောင်က မေးတော့ အဘွားခမျာ ရုတ်တရက် မဖြေနိုင်ရှာပေ။ မျက်မှောင်ကြီးကြုတ်ကာ စဉ်းစားနေပြီးမှ ခပ်ထစ်ထစ် ဖြေလေသည်။
''လူမိုက်နဲ့ လူဆိုးဆိုတာ အတူတူပဲ ထင်ပါရဲ့ ကလေးရယ်၊ မိုက်လို့ ဆိုးတာပေါ့ ဟုတ်ဘူးလား၊ သူများပစ္စည်း ခိုးတဲ့ သူတွေ ၊ သူများ သားမယား ပြစ်မှားတဲ့ သူတွေ ၊ သူများ အသက်သတ်တဲ့ သူတွေ ၊ အရက်သောက် ဖဲရိုက်တဲ့ သူတွေ အကုန်လုံး လူမိုက်ပေါ့၊ အဲ နောက်ပြီး စာသင်ချိန်မှာ စာကောင်းကောင်း မသင်တဲ့ သူတွေဟာလည်း လူမိုက်ပေါ့၊ ပညာမတတ်ရင် အမှားအမှန်ကို ဝေဖန်ဆုံးဖြတ်နိုင်တဲ့ ဉာဏ်က နည်းတယ်ကွယ့်၊ လူလေး အမေသာ ကောလိပ်ရောက်ခဲ့ရင် နှစ်ပြားမတန်တဲ့ လူမျိုးကို ယူဖို့ စဉ်းစားမှာ မဟုတ်ဘူး။ ပညာအခြေခံက နည်းတော့ မိုက်လုံးကြီးခဲ့တာပေါ့''
အဘွားက သူ့ခံစားချက်နှင့် သူပြောကာ မျက်ရည်လည်လာသည်။ တိုးမောင်က ကျောင်းစာကို စိုက်ကြည့်ရင်း ဤကမ္ဘာ ဤလောကတွင် လူမိုက်ဦးရေ မည်မျှရှိသနည်း စဉ်းစားနေမိစဉ် အဘွားက သူ့ပခုံးကို ဆုပ်ကိုင်ကာ ချော့ချော့မော့မော့ ပြောသည်။
''ခုနတုန်းက လူလေးပြောတဲ့ သူငယ်ချင်းတွေနဲ့ သိပ်မပေါင်းနဲ့ လူလေးရယ်၊ မတတ်သာလို့ ပေါင်းရရင်လည်း ကိုယ်ပေါင်း စိတ်ခွာပေါ့၊ ဟုတ်ဘူး လား၊ မြတ်စွာဘုရားကလည်း ဟောခဲ့တယ်၊ 'အသေဝနာစ ဗာလာနံ' တဲ့''
* * *
''ပွမ် ပွမ်''
''အား''
တိုးမောင်သည် ကမန်းကတန်း ခုန်ကာ လမ်းဘေးသို့ ကပ်၍ ရှောင်လိုက်သည်။ ကားမောင်းသူက ကားထဲမှ ခေါင်းထွက်ကာ ''ညစာ မစားချင်ဘူးလား''ဟု အော်သည်။ ထို့နောက်မှ ကားကို ကျွီခနဲ ထိုးရပ်ကာ ''ဟာ တိုးမောင် မဟုတ်လား'' ဟု နှုတ်ဆက်လေသည်။
''မင်း မမှတ်မိဘူးလား၊ ငါ တင်အောင်သန်းလေ''
''ဟာ''
အသားတွေ တအားမည်းပြီး တအားဝနေသော တင်အောင်သန်းကို သူ မပြောလျှင် ဘယ်လိုမှ မှတ်မိမည် မဟုတ်ပေ။
''မင်းကွာ ဝလိုက်တာ''
''အေး၊ မြန်မာပြည် ပြန်ရောက်တော့ ငါလည်း စားကောင်းကောင်းနဲ့ နင်းတွယ်ပစ်တာ၊ နဂိုကတော့ ဘီယာဖောတော့ ဖောတာပေါ့လေ''
''ဒါနဲ့ မင်းက''
''ငါလား သင်္ဘောလိုက်နေတာ သုံးလေးငါးခေါက် ရှိနေပြီ''
တင်အောင်သန်းက ''လာကွာ၊ ငါ လိုက်ပို့ပေးမယ်'' ဟု ပြောသောကြောင့် သင်္ဘောသားကား ပြာပြာကလေး၏ ရှေ့ခန်းသို့ ဝင်ထိုင်ရသည်။ အောက်ဘက် ဆိုဖာက အိအိ၊ ထိုင်ရသည်မှာလည်း ချောင်ချောင်ချိချိ ဆိုတော့ စိတ်ထဲမှနေပြီး ''သာဓုဗျာ သာဓု မောင်မင်းကြီးသား ကျန်းမာပါစေ'' ဟု ဆုတောင်းလိုက်မိသည်။
''ငါတို့ မတွေ့တာ ကြာလှပြီနော်၊ မင်းရော အရင်ရုံးမှာ ပဲလား''
''အေး အရင်ရုံးက အရင်စားပွဲလေးမှာပဲ၊ မင်းအားရင် လာလည်ဦးလေ''
''အေး လာ ဖြစ်အောင်တော့ လာခဲ့ဦးမယ်၊ ဖိတ်စာ လာပို့ရဦးမယ်ကွ''
တင်အောင်သန်းက တဟဲဟဲ ရယ်သည်။
''ကောင်မလေးက ဘွဲ့ရပညာတတ်ကွ၊ ချောလည်းချောတယ်၊ ငါက ကိုးတန်းတောင် မအောင်တော့ ယူရတာ အားတော့ အနာသား''
''ပညာတတ်တာနဲ့ ငွေရတာမှ မဟုတ်ဘဲ သူငယ်ချင်းရာ၊ ငွေရှိရင်သာ ပညာတတ်ကို ရတာ ''
''ဟား ဟား ဟား၊ ဟုတ်တယ်ဟေ့''
တင်အောင်သန်းက အားရပါးရ ရယ်သည်။ သူကလည်း လိုက်ရယ်မိသည်။
''မင်းရော ဘွဲ့ရပြီ မဟုတ်လား''
''အင်း''
''ရာထူးရော တိုးပြီလား''
''ဟင့်အင်း''
''လုပ်သက်လည်း ကြာလှပြီ မဟုတ်လားကွာ''
''ရှစ်နှစ် ''
''မင်း အနေအထိုင်ကလည်း ရိုးတယ် ထင်ပါရဲ့ကွာ၊ ဒီမှာ သူငယ်ချင်း၊ ရိုးလွန်းတော့ အ,တယ်တဲ့၊ အ, တယ်ဆိုတာ ဂုဏ်ယူစရာ အရည်အချင်း မဟုတ်တော့ဘူးနော်''
တင်အောင်သန်းက တိုးမောင် ဝတ်ထားသော တိုက်ပုံအင်္ကျီ ခပ်မွဲမွဲ၊ ဖဲထီး ခပ်စုတ်စုတ်၊ ပုဆိုး ခပ်နွမ်းနွမ်းတို့၏ အခြေအနေကို အကဲခတ်ရင်း ခပ်ဘွင်းဘွင်း၊ ခပ်ရှင်းရှင်း ပြောလေသည်။ သူ့စကားကို လက်မခံချင်သော်လည်း စေတနာဆိုးနှင့် ပြောခြင်း မဟုတ်မှန်းသိ၍ တိုးမောင် ငြိမ်နေလိုက်သည်။
ရိုးခြင်း အခြင်းကို ဂုဏ်ယူဖွယ် မဟုတ်ဟု ဆိုသူက ဆိုသော်လည်း တိုးမောင် ခုအချိန်အထိ ရိုးသားခဲ့သည်။ ချမ်းသာသည်ဆိုလျှင်လည်း ရိုးသားခြင်းနှင့် ကြိုးစားခြင်းကိုသာ အရင်းတည်ပြီး ချမ်းသာလိုသည်။
''မင်း အောင်လွင်ကို မှတ်မိတယ် မဟုတ်လား၊ မင်းလိုပဲ စာတော်တယ်လေ''
''အင်း''
''ဒါပေမဲ့ သူ့ကို စာမေးရင် မုန့်ကျွေးမှ ပြောပြတဲ့ အကောင်လေ၊ ဟိုး တစ်ခါ ငါသူ့ဆီက သင်္ချာကူးချဖို့ တောင်းတော့ မုန့်မပါတော့ ချွန်စက်အသစ်လေး ပေးလိုက်ရပါရော''
''အေးပါကွာ၊ သိပါတယ်''
''သူက ... ဌာနမှာ ကွ၊ သိလား၊ တစ်နေ့တုန်းက အိမ်ဆောက်မလို့တဲ့၊ ဘိလပ်မြေ ဝယ်နေတာ တွေ့ခဲ့တယ်''
''သူက အိမ်ဆောက်နိုင်ပြီလား၊ ဘယ်က အမွေရလို့တုံး''
တိုးမောင်က ခပ်ကြောင်ကြောင် ပြောမိတော့ တင်အောင်သန်းက ရယ်လေသည်။
''ဘယ်ကမှ အမွေမရဘူး၊ လခလည်း မင်းထက်များမှာ မဟုတ်ဘူး၊ သူက မင်းထက်သာတာ တစ်ခုပဲရှိတယ်။ မင်းလို မရိုးသားဘူး။ ကိုယ့်အလုပ် ကိုယ့်တာဝန်ပေါ်မှာ မင်းလို စေတနာမထားဘူး၊ သစ္စာမရှိဘူး၊ ဒါပဲ''
ကားရှေ့ခန်းတွင် စည်းစိမ်ရှိရှိ ထိုင်နေရသော်လည်း တိုးမောင် ချွေးပြန်ပြီး မောသွားလေသည်။
''ဒါကတော့ သူက ချောင်ပြီး လွတ်နေတာကို၊ မြမင်းတော့ ရုံးကိစ္စမှာ ငွေအတောင်းကောင်းတာ မိလို့ ထောင်ကျသွားပါရော''
''ဘယ် မြမင်းလဲ၊ နဂါးမြမင်းလား''
''အေးလေ၊ မင်းတို့ ကျောင်းပြေးဖက်တွေ မဟုတ်လား''
မြမင်း၊ တင်အောင်သန်းနှင့် သက်မောင်တို့ သုံးဦးသား ပေါင်းပြီး ကျောင်းပြေးတတ်သည်ကို သတိရသည်။ သူတို့တွေကို အဘွားက လူမိုက်ကလေးတွေ ဟု ပြောခဲ့သည်ကိုလည်း ဆက်၍ တွေးမိသည်။
''အဲဒီ အကြောင်း ငါ မသိသေးဘူး၊ သက်မောင်ကတော့ ဆင်းရဲနေရှာတယ်၊ တစ်နေ့တုန်းက လမ်းမှာ တွေ့တော့ ဒီလိုပဲ ပျံကျ လုပ်ကိုင်စားနေတယ်လို့ ပြောတယ်''
''အေး ငါလည်း တစ်ခါတွေ့တယ်၊ ရထားပေါ်မှာ ဓားလှီးရေခဲချောင်း ရောင်းနေတယ်''
သက်မောင်နှင့် တင်အောင်သန်းသည် စာမကြိုးစားကြတာချင်း၊ မတော်တာချင်း အတူတူပင် ဖြစ်သော်လည်း အခြေအနေချင်းကတော့ လုံးဝ မတူတော့ပေ။
''ထွန်းအံ့ကြီးကတော့ ချမ်းသာနေလိုက်တာ''
''သူက တကယ့်နေရာ ရောက်နေတာကိုး၊ မင်း သိတယ်မဟုတ်လား၊ ... ဌာနမှာ လေ''
''ဒါကြောင့်လည်း ချမ်းသာတာကိုး''
''ဒီလိုလူ၊ ဒီလိုနေရာရောက်လို့ ဒီလိုချမ်းသာနေတာ အံ့ဩစရာ မဟုတ်ပါဘူးကွာ၊ အားကျစရာလည်း မဟုတ်ပါဘူး''
တိုးမောင်က ခပ်ပြတ်ပြတ် ပြောမိသည်။ အားကျစရာ မဟုတ်သော်လည်း မခံချင်စရာ ကောင်းနေသည်ကိုတော့ ဆက်၍ မပြောမိတော့ပေ။
''အေး၊ မင်း အားမကျမှန်း ငါသိပါတယ်၊ ဒါကြောင့်မို့လည်း ရှပ်အင်္ကျီ ကုပ်ပြဲ ဝတ်နေရတာပေါ့၊ ဟား ဟား''
တိုးမောင်၏ မျက်နှာသည် ရှိန်းခနဲပူသွားသည်။ မိမိကိုယ်မိမိ မပြည့်စုံ မကုံလုံမှန်း သိသော်လည်း ဒါကို မည်သူကမျှ လက်ညှိုထိုးပြစရာ၊ ထောက်ပြစရာ မလို။ နှိမ်စရာ မလို၊ နှိမ်လိုသော ဆန္ဒနှင့် ပြောခြင်းမဟုတ်မှန်း သိသော်လည်း မခံချင်။
''ဆောရီး သူငယ်ချင်း၊ မင်းကို ငါနှိမ်တာ မဟုတ်ပါဘူး''
တင်အောင်သန်းက ချက်ချင်း တောင်းပန်သည်။ ထို့နောက် ကရုဏာဒေါသော ဆက်ပြောသည်။
''မင်းကတော့ တကုပ်ကုပ်နဲ့ ရုံးတက်၊ တကုပ်ကုပ်နဲ့ အလုပ်လုပ်၊ အကြံအဖန် အတိုအလျှို လုပ်နေကြတဲ့သူတွေကို ကြည့်ပြီး စိတ်ပျက်၊ ဒါပဲ လုပ်နေတာ မဟုတ်လား''
''အေး၊ ဒါပဲ မလုပ်လို့ရော ဘာလုပ်ရဦးမှာလဲ''
တိုးမောင်က ခပ်ဆတ်ဆတ်ပြောသည်။
''တော်ပြီကွာ၊ မင်းကား ဒီမှာပဲ ရပ်တော့၊ ငါ့ဟာငါ လမ်းလျှောက်သွားတော့မယ်'' ဟု ပြောရကောင်းမလား၊ စဉ်းစားနေဆဲမှာပင် ရုံးရှေ့သို့ ရောက်လာသည်။
ရုံးအပေါက်ဝ တည့်တည့်တွင် ကားရပ်ပေးပြီး တင်အောင်သန်းက တိုးမောင်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ကာ တိုးတိုးပြောလေသည်။
''တစ်ချိန်တုန်းက မင်းက တော်တဲ့သူ ငါက ညံ့တဲ့သူပါ တိုးမောင်ရာ၊ မင်းက ငါ့နားရွက်ဆွဲရတိုင်း ငါနာမှာစိုးလို့ ဖွဖွလေး ဆွဲခဲ့တာ ငါ မမေ့ပါဘူး၊ ခုနတုန်းက ငါပြောတာတွေ ဟာ မင်းကို ခင်လို့ပါ''
* * *
ဘုရားပန်းအိုးတစ်လုံး အစားမဝယ်ရသေးသောကြောင့် ဘုရားစင်တွင် မြေပန်းအိုးတစ်လုံးသာ ရှိသည်။ ပန်းအိုးထဲမှ ဇော်စိမ်းပင်သုံးပင်က အညွန့်၊အတက်တွေ ဝေဝေဆာဆာနှင့် စိမ်းစိုလန်းဆန်းနေသည်။ ထိုသုံးပင်အကြားရှိ ဒေါနပန်းခက်ကလေး တစ်ခက်ကတော့ ခြောက်သွေ့ ညှိုရော်နေလေသည်။ တစ်ချိန်တုန်းက မွှေးရနံ့လေး တကြိုင်ကြိုင်နှင့် စိမ်းစိုလတ်ဆတ်နေခဲ့သော ပန်းခက်ကလေး၏ အဆင်းသည် လည်းကောင်း၊ အချင်းသည် လည်းကောင်း လွင့်ပြယ် သွားချေပြီ။
''လူလေး ဘာတွေ စဉ်းစားနေတုံး''
အဘွားက မေးသည်။
''ဪ သူငယ်ချင်းတွေ အကြောင်းပါ အဘွားရယ်၊ တချို့တွေကလည်း ချမ်းသာလို့၊ တချို့ကလည်း ဆင်းရဲလို့''
''အေးကွယ်၊ ဟို နို့အေးချောင်း ရောင်းနေရတဲ့ ကလေးဆိုရင် သနားစရာ၊ သားကိုတွေ့တော့ သူ အားကျရှာမှာပေါ့''
သက်မောင် အကြောင်းကို ပြန်ပြောဖူး၍ အဘွားက သိထားလေသည်။ ကောက်ညှင်းပေါင်း တောင်းကြီးရွက်ကာ ခြေတိုအောင် လျှောက်ရောင်းခဲ့ ရှာသော အဘွားအဖို့တော့ တိုးမောင်၏ ဘဝသည် ပြည့်စုံလုံလောက် နေပေပြီ။နေရိပ်ထဲတွင် ထိုင်ပြီး စားပွဲနှင့် ကုလားထိုင်နှင့် အလုပ်လုပ်ရသည်မှာ နည်းနည်းနောနော ကုသိုလ်မဟုတ်ပေ။ ပညာ တတ်ခဲ့သောကြောင့်သာ ဒီလို အခြေအနေကို ရောက်ခဲ့ရခြင်း ဖြစ်သည်ဟု အခါခါ ကျေနပ်မိလေသည်။
''ဒါကြောင့်မို့လို့ လူလေးကို အဘွားပြောခဲ့တာပေါ့၊ 'အသေဝနာစ ဗာလာနံ' လို့လေ၊ သူတို့နဲ့ပေါင်းပြီး သူတို့လို ကျောင်းပြေးရင် သူတို့လိုပဲ ဖြစ်နေမှာပေါ့၊ ဟုတ်ဘူးလား''
အဘွားက သက်မောင်ကို ရည်ရွယ်ပြီး ပြောသော်လည်း တိုးမောင်သည် တင်အောင်သန်းကို သတိရလေသည်။
''ကျောင်းပြေးပေမယ့် ချမ်းသာတဲ့ သူကတော့ ချမ်းသာပါတယ် အဘွားရယ်'' ဟု ပြောလျှင် အဘွားကို အတိုက်အခံ လုပ်ရာရောက်မည်မို့ ဘာမှ မပြောမိတော့ပေ။
''နောက်ပြီးတော့ ရှိသေးတယ်။ လူလေး ခဏခဏ ပြောဖူးတာ၊ ဟို ဟို ထွန်းအံ့ဆိုတဲ့ ကလေးကရော၊ အခု ဘာဖြစ်နေသလဲ''
အဘွားက အမှတ်တရ မေးသည်။
''နောက်ပြီးတော့ ဟိုတစ်ယောက်ကရော၊ စာမေးရင် မုန့်ပေးမှ ပြောတယ်ဆိုတဲ့ ကလေးလေ''
''အဘွားက ကျွန်တော့်ကို အဲဒီ ဗလာနံတွေရဲ့ အတုကို မယူရဘူးလို့ ခဏခဏ ဆုံးမခဲ့တာ မဟုတ်လား''
''အေး အေး အခု သူတို့ရော''
တိုးမောင် သက်ပြင်းချမိသည်။ သူဘယ်လို ပြန်ဖြေရမည်နည်း။
''မကောင်းတဲ့ သူဆိုတော့ မကောင်းသူတို့ လမ်းစဉ်အတိုင်း သွားမှာပေါ့ အဘွားရယ်''
တိုးမောင်က သူ့အဓိပ္ပါယ်နှင့်သူ ဖြေသော်လည်း အဘွားက သူ့အဓိပ္ပါယ်နှင့် သူတွေးကာ ကျေနပ်သွားသည်။ ကွမ်းသီးစိတ်ကလေးကို တမြုံ့မြုံ့ဝါးရင်း ပြုံးနေသည်။
တိုးမောင်ကတော့ ညှိုးနွမ်းနေသော ဒေါနပန်းခက်ကလေးကို ကြည့်ရင်း မချိပြုံးပြုံးမိလေသည်။
-------
မစန္ဒာ
ချယ်ရီ၊ အောက်တိုဘာ၊ ၁၉၈၄။

No comments:

Post a Comment